Showing posts with label agriculture. Show all posts
Showing posts with label agriculture. Show all posts

သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဟု မြန်မာသစ်တော ဒုဝန်ကြီးဝန်ခံ


 မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတိုင်းမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က နယ်စပ်ဒေသတွေမှာ သစ်ခိုးထုတ်နေတာတွေကို ဟန့်တားကာကွယ်နိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ ချမှတ်ထားနိုင်တာ ရှိ၊ မရှိ မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"တရားမဝင် သစ်ခိုးထုတ်မှုပေါ်မှာ သစ်တောဦးစီးဌာနက တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သလို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပူပေါင်းပြီး ကာကွယ်တားဆီးခြင်း၊ စစ်ဆေးခြင်း၊ စစ်ကြောင်းများအပြင်နဲ့ နယ်မြေရှင်းလင်းခြင်းများကို ဆောင်းရွက်ပေးလျက်ရှိပါတယ်၊ သို့သော်လည်း နယ်မြေလုံခြုံရေးအရ လမ်းပမ်းဆက်သွယ်ရေး ခတ်ခဲပြီး အုပ်ချုပ်မှုအာဏာ ဥပဒေသက်ရောက်မှုနည်းတဲ့ နယ်စပ်ဒေသတွေမှာတော့ တရားမဝင်သစ်များ စီးဆင်းပြီးတော့မှ ဒီတရားမဝင်သစ်များအပေါ် ကာကွယ်တားဆီဖို့ကိုလည်း ကျနော်တို့ အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်"

ဒါ့အပြင် တည်ဆဲသစ်တောဥပဒေကိုလည်း ခေတ်စနစ်နဲ့ကိုက်ညီပြီး ထိရောက်မှုရှိစေမယ့် ပြစ်ဒဏ်တွေ တိုးမြှင့်ချမှတ်နိုင်အောင် ပြင်ဆင်ရေးဆွဲနေတယ်လို့ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ Global Forest Resources Assessment 2010 က ထုတ်ပြန် တဲ့ ဒေသအလိုက် နိုင်ငံတွေရဲ့ သစ်တောဖုံးလွှမ်းမှု စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံရဲ့ သစ်တော ဖုံးလွှမ်းမှု ဧရိယာဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ၅ဂ ရာခိုင်နှုန်းနီးပါးလောက်ရှိရာကနေ ၂၀၁၀ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းနီးပါးအထိ သစ်တောပြုန်းတီးနေတယ်လို့ သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

အဆိပ်ချ ငါးဖမ်းဆီးမှုများကြောင့် ဆွာချောင်းရိုးတစ်လျှောက် ငါးပြုန်းတီးလာ


ရေတာရှည်၊ ဇွန် ၁၁

သားငါးကဏ္ဍသည် နေ့စဉ်ပြည်သူများ စားသုံးသည့် ဟင်းလျာများတွင် အဓိကပါဝင်လျှက်ရှိပြီး ရေတာရှည်မြို့နယ်တွင် အနောက်မှ အရှေ့သို့စီးဆင်းနေသော ဆွာချောင်းသည် ဒေသတွင်း ငါးရှာသူများအတွက် အားထားရသည့် နေရာလည်းဖြစ်သည်။ ယခုနောက်ပိုင်း ကာလများ၌ ငါးဖမ်းရာတွင် ပိုက်ကွန်ကို အသုံးပြုသူနည်းလာပြီး ရှောခ့်တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချ ငါးဖမ်းဆီးခြင်းတို့ကြောင့် ငါးမျိုးများစွာ ပြုန်းတီးသွားပြီဖြစ်ကြောင်း ဒေသခံများကပြာပြသည်။ " ကွန်ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့လာတာ တစ်ခါလာရင် ငါးယောက်ခြောက်ယောက် လောက်ပါတယ်။ ရှောခ့်တိုက်တဲ့ ပစ္စည်းတွေလည်းပါတယ်၊ နောက်အဆိပ်ပါချတယ်။ ငါးသေတွေဆို မြင်လို့မကောင်းဘူး တစ်ချိုးငါးတွေဆို ပုပ်တောင်နေပြီ"ဟု သိုင်းဝကျေးရွာအုပ်စု၊ သမယ်ဆယ် ကျေးရွာနေ ဦးအေးငွေက ပြောပြသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀ ပိုထုတ်ချေးမည်


အခုနှစ် မိုးရာသီ စပါးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို အခုဘဏ္ဍာနှစ်မှာ ကျပ် ၉၈၃ ဘီလီယံ ထုတ်ချေးမှာဖြစ်လို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် ကျပ်ဘီလီယံ ၅၀ ပိုမိုထုတ်ချေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

အစိုးရက တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ကာမိစေဖို့ နှစ်စဉ်ထုတ်ချေးပေးနေကျ စိုက်ပျိုးစရိတ်ချေးငွေကို အခုလနဲ့ဇွန်လတွေမှာ စတင်ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေကိုလည်း အခုဘဏ္ဍာနှစ်မှာ မိုးစပါးသီးနှံအတွက် ကျပ် ၉၈၃ ဒသမ ၅၇၇ ဘီလီယံ ထုတ်ချေးမှာဖြစ်လို့ ပြီးခဲ့တဲ့နှစ်ကထက် ကျပ်  ဘီလီယံ ၅၀ ပိုမို ထုတ်ချေးသွားမှာ ဖြစ်တဲ့အပြင် ချေးငွေအတိုးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမှာဖြစ်တဲ့အကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“မိုးအတွက်က စပါးအတွက်ဆိုရင် ကျပ် ၉၈၃ ဒသမ ၅၇၇ ဘီလျံ လေ။ မနှစ်က ချေးတာ မိုးစပါးပဲပေါ့။ အခုကလည်း မိုးစပါးပဲ ပြောကြပါစို့။ မနှစ်ကတုန်း ကျပ် ၉၃၃ ဘီလျံ ပဲ ချေးခဲ့တာလေ။ ချေးငွေ နည်းနည်းတိုးလာတာပေါ့။ နောက်တခါ ယခင် တလကို ၇၁ ပြားနှုန်း ချေးရာကနေ ဒီနှစ်ဆိုရင် တနှစ်ကို ၅ ရာခိုင်နှုန်းဆိုတော့ တလဆိုရင် ၄၂ ပြားပေါ့၊ အဲဒီအထိကို လျော့ချထားတယ်။ ဒါကြောင့် တောင်သူတွေအတွက် အင်မတန်ကောင်းပါတယ်။ တောင်သူတွေကလည်း တော်တော်ဝမ်းသာနေကြတယ်။”

ဒါကြောင့် အခုနှစ်မှာ ထုတ်ချေးမယ့်ချေးငွေပမာဏ တိုးတက်လာခြင်းကြောင့် ပြည်တွင်း လယ်ယာကဏ္ဍရဲ့ လိုအပ်ချက်အပေါ် ဘယ်လောက်အတိုင်းအတာအထိ လွှမ်းခြုံနိုင်မှု ရှိလာနိုင်ပါသလဲ။ ဒါနဲ့ပတ်သက်လို့ သူက အခုလို ဆက်လက်ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က ၁၀ ဧက အောက် တောင်သူကိုပဲ ချေးတာဖြစ်တဲ့အတွက် ဧကကြီးသမားတွေက ချေးငွေထဲမှာ မပါတော့ဘူး။ ကျနော်တို့က မိုးစပါး ၁၀ သန်းကျော်အထိ ထုတ်ချေးဖို့ ရာထားပါတယ်။”

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကတော့ ၁ ဧကအတွက် ကုန်ကျစရိတ်က ကျပ် ၁ သိန်းခွဲ ရှိပြီး အစိုးရက ပေးတဲ့ချေးငွေစားရိတ်က ၁ ဧကကို ကျပ် ၁ သိန်းနှုန်းနဲ့ ၁၀ ဧက အထိသာ ပေးတာဖြစ်လို့ တောင်သူတွေအတွက် လုံလောက်မှုမရှိကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

“ခုနက သူတို့ပြောတဲ့ အတိုးနှုန်းလျော့တာထက်စာရင် လျော့ပြီးချေးတဲ့ ငွေအမောင့်က တောင်သူတွေအတွက် အခက်အခဲပိုရှိမယ့်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ချေးငွေပဏာမကို တိုးသင့်တယ်။ နောက်တခုက ၁ ဧကကို အနည်းဆုံး ၁ သိန်းခွဲနဲ့ ဧကရှိသလောက် ချေးသင့်တယ်။ နှစ်ရှည်ချေးငွေပေါ့။ အခုက ၅ လကြာရင် တခါဆပ်ဆိုတော့ အဲဒီအချိန်မှာပဲ အကြွေးက ၀ိုင်းတောင်းတဲ့အခါကျတော့ ဘာဖြစ်လဲဆိုရင် ဆန်ဈေး စပါးဈေး ကျတဲ့ဟာပေါ့ အဲဒါဖြစ်နေတယ်။ နှစ်ရှည် ချေးငွေ ကျနော်တို့လိုချင်တယ်။ ၁ ဧကကို ၁ သိန်းခွဲနဲ့ ရှိသလောက် ဧကကို ချေးချင်တယ်။ အဲဒီတော့မှ တောင်သူတွေအတွက် ပိုအဆင်ပြေမယ်လို့ ယုံကြည်တယ်။ သို့မဟုတ်ရင် သံသရာက လည်နေဦးမယ်။”

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က မိုးရာသီအတွက် ထုတ်ပေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေအတွက် ပြန်လည် ကောက်ခံရရှိမှုက ၈၇ ရာခိုင်နှုန်းအထိ ရရှိထားပြီးတော့ တောင်သူတွေကလည်း ပေးဆပ်ရန် ကျန်ရှိနေတာတွေကို ဘဏ်တွေမှာ အခုအချိန်အထိ လာရောက်ပေးသွင်းမှုတွေ ရှိတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

နွေစပါးစိုက်ခင်းများ ရွက်လိပ်ပိုးနှင့် ရွက်ကကပ်ပိုးများကျရောက်၍ စပါးအထွက်းနှုန်း ကျဆင်းနိုင်


ပွင့်ဖြူ မေ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ပွင့်ဖြူမြို့နယ် တွင် နွေစပါးစိုက်ခင်းများ၌ ရွက်လိပ်ပိုးနှင့် ရွက်ကပ်ပိုးများကျရောက်နေ၍ ယခုနှစ် စပါးအထွက်နှုန်းကျဆင်း နိုင်သည်။

ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ဘိုးကုန်းကျေးရွာ၊ အင်းဒေါင်းကျေးရွာနှင့် သာဂရ ကျေးရွာတို့ ၀န်ကျင်ရှိ နွေစပါး စိုက်ခင်းများတွင် ရာသီဥတု ပူပြင်းလွန်း၍ ရွက်လိပ်ပိုးနှင့်ရွက်ကပ်ပိုးများ ကျရောက်လျက်ရှိရာ စပါးပင်များ၏ အရွက်များသည် အ၀ါရောင်သန်းလာရာမှ ခြောက်သွေ့သွားပြီး ယင်းပိုးများသည် အခြားနီးစပ်ရာ စပါးခင်းများသို့ လျင်မြန်စွာကူးလျက်ရှိသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှလည်း ပိုးများ ကျရောက်ရာ နွေစပါး စိုက်ခင်းများသို့ ကွင်းဆင်း သွားရောက်၍ တောင် သူများနှင့် တွေ့ဆုံကာ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး လုပ်ငန်းများဆောင် ရွက်လျက်ရှိရာ စိုက်ပျိုးရေး တာဝန်ရှိသူတစ်ဦးမှ ယခင်နှစ်များက မကျရောက် ဘူးကြောင်း၊ယခုနှစ် ရာသီ ဥတုပူ ပြင်းလွန်း တာနှင့် စပါးစိုက်တောင်သူများ ကလည်း စပါးခင်းများ အတွင်းမှ ပေါင်းမြက် များ နှိမ်းနင်းမှု အားနည်း ပြီး ဖြစ်ပွား ရခြင်းဖြစ်ကြောင်း၊ ရွက်လိပ်ပိုးနှင့် ရွက်ကပ်ပိုးများကို ပင်လုံးပြန့် အာနိသင်ရှိသော ဆေးများဖြစ်သည့် ဂလိုဆိုဒ်၊ အဆီဖိတ်နှင့် ပါဒန် ဆေးများဖြင့် ကာကွယ် နှိမ်းနင်း၍ ရကြောင်း ယခုနှစ် နွေစပါး အထွက်နှုန်း အနည်းငယ် ကျဆင်းသွားနိုင်ကြောင်း နှင့် စလင်းမြို့နယ် လင်းဇင်း ဆည်ရေသောက်များမှ မကျီးပင်ပု ကွင်းများတွင်း ယင်းပိုးများကျရောက်လျက်ရှိကြောင်း ပြောပြချက်အရ သိရှိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ဘီလီယံ ၁,၀၀၀ ကျော် အချိန်စော၍ ထုတ်ချေးမည်


၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးရှိ လယ်သမားများအတွက် မိုးစပါးစိုက်ပျိုးချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေကျပ် ဘီလီယံတစ်ထောင်ကျော်အား ယမန်နှစ်ထက်စော၍ ထုတ်ချေးပေးသွားမည်ဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက မေလ ၁၅ ရက်တွင် မဇ်္ဈိမကို ပြောသည်။

ထုတ်ချေး ပေးမည့် ရက်အတိအကျကိုမူ ပြောဆိုနိုင် ခြင်းမရှိသေးပါဟုလည်းအထက်ပါ တာဝန်ရှိသူက ပြောသည်။

“ ကျွန်မတို့ဘဏ်က မနှစ်တုန်းကဆို ဇွန်လလယ်လောက်မှ ထုတ်ချေးပေးနိုင်ခဲ့တာပါ။ အရမ်းနောက်ကျသွားတယ်။ ဒီနှစ်တော့စောပြီးထုတ်ပေးသွားမှာပါ။ လယ်သမားတွေက ချေးငွေကို လယ်ဧကများများအတွက် တိုးချေးပေးပါလို့ တင်ပြလာလို့ ဒီနှစ်ချေးငွေကို တိုးပြီးချေးပေးမှာပါ။ မကြာခင်မှာပဲ ထုတ်ချေးပေးတော့မှာပါ ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးရှိလယ်သမားများထံသို့ ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ၉၃၃ ဘီလီယံကျော်အထိ ထုတ်ချေးပေးခဲ့ပြီး၊ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချေးငွေ၏ ၈၇ ရာခိုင်နှုန်း ပြန်လည်ကောက်ခံရရှိထားပြီး ဖြစ်သည်ဟုလည်း အထက်ပါ အရာရှိက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးမောင်မောင်ရင်က “ဗဟိုဘဏ်ရဲ့ခွင့်ပြုမိန့်စောင့်နေတယ်လို့ သိရပါတယ်။ ဗဟိုဘဏ်က ခွင့်ပြုတာနဲ့ ထုတ်ချေးပေးသွားမှာပါ”ဟု မဇ်္ဈိမကို ပြောသည်။

“ကျွန်တော်တို့မြို့နယ်မှာဆိုရင် တစ်နှစ်ကို ဆောင်းချေးငွနဲ့ မိုးစပါးအတွက်ကို နှစ်ခါချေးပေးတယ်။ ပြီးခဲ့တဲ့နှစ်က မိုးစပါးအတွက် ချေးခဲ့တဲ့ငွေတွေ အကုန်အကျေရပြီးပါပြီ။ ဆောင်းချေးငွေအတွက်လည်း အကုန် အကျေရတော့ မှာပါ” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်၌ ကျေးရွာအုပ်စု ပေါင်း ၁၁၀ အုပ်စုမှ ကျေးရွာအုပ်စုပေါင်း ၉၄အုပ်စုကို မိုးစပါးအတွက် စိုက်ပျိုးစရိတ် ချေးငွေ ၂၅၆၁၅ သိန်းနှင့် ဆောင်းသီးနှံအတွက် သိန်း ၂,၅၀၀ ကို ချေးပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ စမ်းကုန်းကျေးရွာမှ တောင်သူတစ်ဦးက “စိုက်စရိတ်ချေးငွေ တစ်သိန်းဆိုတာ လုံလောက်မှု မရှိပါဘူး။ စပါးစိုက်ရင် တစ်ဧကကို ကျပ်နှစ်သိန်းအထက် ကုန်ကျပါတယ်။ နောက်ပြီး အစိုးရချေးငွေ က ၁၀ ဧကရှိရင်လည်း
ကျပ် ၁၀ သိန်းမရပါဘူး။ အများဆုံး သုံးသိန်းလောက်ပဲရတယ်။ စိုက်စရိတ်ချေးငွေထုတ်ပေးတာလည်း နှစ်တိုင်းနောက်ကျနေပါတယ် ”ဟု ပြောသည်။

မိုး၊ ဆောင်းချေးငွေ၊ မိုးကြိုချေးငွေများ ထုတ်ချေးရာတွင် စပါးတစ်ဧကအတွက် ကျပ်တစ်သိန်းနှင့် အခြားသီးနှံ တစ်ဧကအတွက် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရန်ကုန်ရုံးချုပ်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် စပါးစိုက်ဧကသန်း၂၀ အထိရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Mizzima Burmese

အပြည့်အစုံသို့ »

မုတ်သုံမိုး လျော့နည်းနိုင်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေ ခက်ခဲမည်ဟုဆို


ရန်ကုန်၊ မေ ၎

နေ့အပူချိန်များ ဆက်လက် မြင့်တက်နေသည့် မြန်မာနိုင်ငံသည် ဇွန်လမှ စတင်၍ အယ်နီညို ရာသီဥတု ဖြစ်စဉ်သို့ ရောက်ရှိမည် ဖြစ်ပြီး မုတ်သုံမိုး ရရှိမှုမှာလည်း လျော့နည်းနိုင်သည့် အတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရန် ခက်ခဲမည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ပူပြင်းခြောက်သွေ့သည့် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် နေ့အပူချိန်သည် ပုံမှန်ထက် ပို၍ ပူပြင်းနေမည် ဖြစ်ပြီး မုတ်သုံမိုး ရရှိမှုမှာလည်း ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်သည့် အတွက် နိုင်ငံတစ်ဝန်း သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှု အခက်အခဲ ဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“အယ်နီညိုဖြစ်ရင် သောက်သုံးရေ ရှားမယ်၊ စိုက်ပျိုးရေ ရှားမယ်။ စိုက်ပျိုးရေးကို ထိခိုက်မယ်” ဟု ဦးထွန်းလွင်က သတိပေး ပြောဆိုသည်။

လက်ရှိ မိုးကြိုကာလအတွင်း နေ့အပူချိန်များနှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ အန္တရာယ်ရှိ အဆင့်ထက် ကျော်လွန်နေပြီး မိုးခေါင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် အပူဒဏ် အန္တရာယ်တို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံပိုင် သတင်းစာများနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ရာသီဥတု အခြေအနေကြောင့် လက်ရှိ အချိန်အထိ မိုးရွာသွန်းခြင်း မရှိသေးရာ စိုက်ပျိုးရေး လုပ်ငန်းအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်မှ စိမ်းလန်းတောင်သူ လယ်သမားများသမဂ္ဂမှ နာယကဖြစ်သူ ဦးထွန်းစံက သုံးသပ် ပြောဆိုသည်။

The Voice Weekly 

အပြည့်အစုံသို့ »

လယ်မြေပြန်ရရေး လွှတ်တော် အမတ်ကို အကူတောင်း


ဧရာဝတီတိုင်းဒေသကြီး၊  မြို့နယ်ပေါင်း ၂၆မြို့နယ်က လယ်ယာမြေအငြင်းပွားမှုပြဿနာတွေ ရင်ဆိုင်နေရတဲ့   လယ်သမားတွေ တစ်ရာလောက်ဟာ မိုးရာသီစိုက်ပျိုးချိန်အမီ လယ်မြေတွေပြန်လည် ရရှိရေးအတွက် ကူညီပေးဖို့  မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်ဆီမှာ ဒီနေ့ အကူအညီ တောင်းခံခဲ့ကြပါတယ်။

ဒီနေ့ မအူပင်မြို့နယ် တိုးရွှေဝါ ခန်းမမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်နဲ့ လယ်သမားတွေ တွေ့ဆုံကြရာမှာ လယ်ယာမြေပြဿနာတွေကို လွှတ်တော်မှာ ဆွေးနွေးတင်ပြပေးဖို့ တောင်းဆိုခဲ့တယ်လို့ ညောင်တုန်းမြို့နယ် ကညင်ခေါက်ကြီး ကျေးရွာအုပ်စုက လယ်မြေဧက ၂ဝ အသိမ်းခံထားရတဲ့ ဦးစံသိန်းက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်ဟာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို စစ်ဆေးရတဲ့သူ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက သောင်းဂဏန်းလောက်ရှိတဲ့ လယ်မြေတွေကို ပြီးခဲ့တဲ့ ၁၉၈ဝ ခုနှစ်ကျော်ကတည်းက ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက တဖြည်းဖြည်းသိမ်းယူခဲ့ကြပြီး လက်ရှိမှာ ငါးမွေးကန်တွေ တည်ဆောက်ထားကြတယ်လို့ သိရပါတယ်။

လယ်သမားတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ်ကလည်း လယ်ယာမြေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတော်သမ္မတဆီကို စာရေးသားတင်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို မအူပင်၊ ကျိုက်လတ်၊ မြောင်းမြ၊ ညောင်တုန်း၊ မော်ကျွန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ ပန်းတနော် နဲ့ ဓနုဖြူ စတဲ့ မြို့နယ် ၂၆ မြို့နယ်က လယ်သမားတွေ တစ်ထောင်လောက်နဲ့ ဧရာဝတီတိုင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၊ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုယ်စားလှယ်တွေ၊ လယ်သမားအရေးကူညီပေးနေတဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးစိန်ဝင်းဟန် ကို RFA သတင်းထောက် မရတနာဦး မေးမြန်းချက်

ဦးစိန်ဝင်းဟန် နဲ့ မေးမြန်းချက် နားဆင်ရန်

RFA Burmese

အပြည့်အစုံသို့ »

အချိန်အခါမဟုတ် မိုးသီးကြွေကျမှုကြောင့် စပျစ်ခြံစိုက်ဧက ၅၀၀ ကျော် ပျက်စီး


မိတ္ထီလာ၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်တွင် ဧပြီလ ၆ ရက်နှင့် ဧပြီလ ၁၃၊ ၁၄ ရက်တို့က အချိန်အခါမဟုတ် မိုးသီးကြီးများ ကြွေကျသည်အထိ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ရွာတန်း ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၄ ရွာမှ စိုက်ဧက ၅၀၀ ကျော်ရှိ စပျစ်ခြံများ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း အဆိုပါ ရွာများရှိ စပျစ်စိုက် တောင်သူများနှင့် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တို့ရှိ စပျစ်ပွဲရုံ လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့ အစပ်ရှိ ကျေးရွာများတွင် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မိုးသီးကြွေကျခဲ့ရာ အဆိုပါဒေသ ကျေးရွာများရှိ စပျစ်ခြံဧက ၈၀၀ ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်သူများအသင်း စပျစ်စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ထူးက ပြောဆိုသည်။

စပျစ်စိုက်ပျိုးခြင်းသည် ဒေသခံ လူထု၏ အဓိက စီးပွားရေးလုပ်ငန်း ဖြစ်ပြီး Black Queen နှင့် No.3 အမျိုးအစား အညိုရောင် စပျစ်များကို စိုက်ပျိုးလေ့ရှိရာ ယင်းမိုးဒဏ်ကြောင့် ရွာတန်းကျေးရွာ အုပ်စုရှိ ကျေးရွာပေါင်း ၂၄ ရွာအနက် လက်ပံခါးလှ၊ အုတ်ဖို (အရှေ့၊ အနောက်)၊ ကျည်ထိပ်၊ ဆည်ထိပ်၊ ကျည်ထိပ်၊ ရွာတန်းရွာတို့တွင် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကြောင်း ဒေသခံလူထုက ဆိုသည်။

“ဒီဘက်မှာ စပျစ်စိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ၊ ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဧပြီ ၆ ရက် ညနေကစပြီး မိုးရွာတယ်။ မိုးသီးကြီးတွေ ကျလာတယ်။ အကြမ်းပန်ကန်လုံးလောက် အထိရှိတယ်၊ စပျစ်ပင်တွေက အသီးတင်ချိန်မှာ မိုးသီးရိုက်တော့ အကုန်ကွဲပြဲ ပျက်စီးကုန်တယ်၊ နောက်ဧပြီ ၁၃-၁၄ က မိုးထပ်ရွာတယ်၊ အကုန်လုံး ပျက်စီးကုန်တယ်။ ဒီနယ်က လူတွေက သင်္ကြန်ရက်မှာ ဈေးကောင်း ရနေကျဆိုတော့ မခူးကြရသေးတော့ အားလုံးဆုံးရှုံးကုန်တယ်။ ကျွန်မ တစ်ဧကကျော် စိုက်ထားတယ်။ တစ်နှစ်ကို သိန်း ၅၀ လောက် အထွေထွေစရိတ် နှုတ်ပြီး အမြတ်ကျန်တယ်။ ဒါပေမဲ့ အခုတော့ နှစ်သောင်းဖိုးလောက်ဘဲ ရတော့တယ်။ ဒါတောင် ကားဂိတ်မှာ ရောင်းတဲ့ ဗန်းသည်တွေက လာဝယ်လို့ ရောင်းရတာ” ဟု အုတ်ဖိုအရှေ့ ရွာမှ စပျစ်ခြံစိုက်ပျိုးသူ ဒေါ်နုက ဆိုသည်။

အဆိုပါ မိုးသီးမိုးပေါက်များ၏ ရိုက်ခတ်မှုကြောင့် လက်ရှိ အသီးတင်နေသော စပျစ်ပင်များသာမက စပျစ်ခင်း အသစ်များရှိ အပင်ပေါက်များလည်း ပင်စည်ကိုင်းများ ပြတ်ထွက်ကုန်၍ လာမည့် နှစ်အထိ အထွက်နှုံး ကျဆင်းမှုဒဏ်ကို ခံကြရမည် ဖြစ်ကြောင်း လက်ပံခါးရွာမှ စပျစ်တောင်သူ ဦးသန်းမြင့်က ပြောကြားသည်။

“ဒီမှာက ခြံရှင်နဲ့ခြံ အလုပ်သမားဆိုပြီး လူနှစ်မျိုးဘဲ ရှိတယ်။ အားလုံးက ဒီနှစ် အသီးအထွက်ကောင်းလို့ လှူမယ် တန်းမယ်လို့ အားခဲထားတာ၊ အခုလို ဖြစ်သွားတော့ ခြံရှင်တွေလည်း ဒီနှစ်မှာ အစိုးရဆီက ချေးငွေပြန်ဆပ်ဖို့နဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီတွေကို အကြွေးဆပ်ဖို့ မလွယ်တော့ဘူး။ ခြံအလုပ်သမားတွေ ဆိုရင် ဆန်ဖိုးတောင် မရှိတော့တဲ့ဘဝ ရောက်ကုန်တယ်” ဟု နှစ်ပေါင်းများစွာ ခြံလုပ်သားလုပ်ခဲ့သူ ဦးလွင်က ဆိုသည်။

ကိုင်းဖြင့် မျိုးပွားခြင်းစနစ်ဖြင့် စိုက်ပျိုးထားသော စပျစ်ပင်သည် သက်တမ်းတစ်နှစ်လျှင် အသီးစထွက်ပြီး လေးပိဿာ ဝန်းကျင်ထွက်ကြောင်း၊ ဒုတိယနှစ်မှ စတင်ကာ အထွက်နှုန်းများ တိုးလာတတ်ပြီး တစ်ပင်လျှင် ပိဿာ ၄၀ မှ ၆၀ အထိ အသီးထွက်ကြောင်း၊ အသီး ထုတ်ပေးနိုင်သော သက်တမ်းသည် ၁၀ နှစ် ဖြစ်ကြောင်း၊ နှစ်စဉ် ဇန်နဝါရီလ၌ အသီး စထွက်သော်လည်း၊ ရောင်းတန်း ဝင်သည့် အသီးထွက်သည်မှာ ဖေဖော်ဝါရီလမှ ဧပြီလကုန် အထိသာ ဖြစ်ကြောင်း၊ ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင် မိုးမိပါက အသီးပျက်စီးကြောင်း၊ ရမည်းသင်းမြို့နယ်ရှိ ကျေးရွာများတွင် မြေတစ်ဧကတွင် စပျစ်ပင် ၁၅၀၀ ဝန်းကျင် စိုက်ပျိုးကြောင်း၊ စပျစ်တစ်ဧက စိုက်ပျိုးစရိတ်သည် အစမှ အသီးထွက်ချိန်အထိ (မြေတန်ဖိုးမပါ) သိန်း ၇၀ ဝန်းကျင် ရှိကြောင်းစပျစ်စိုက် တောင်သူများထံမှ သိရသည်။

The Voice Weekly 

အပြည့်အစုံသို့ »

ဧရာဝတီတိုင်းဒေသကြီးတွင် ဧကပေါင်း ၂၆၀၀ စံပြကွက်ဖော်မည်


ရန်ကုန်၊ မတ် ၂၃

စပါးအထွက်နှုန်း မြင့်မားကာ လယ်ယာမြေ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်၌ တစ်မြို့နယ် ဧက ၁၀၀ နှုန်းဖြင့် ဧကပေါင်း ၂၆၀၀ ကို စံပြကွက်အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဖော်ထုတ်မည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးမှူး ဦးအေးသန်းက ပြောကြားသည်။

စံပြကွက် ဖော်ထုတ်မည့် လယ်မြေများကို တောင်သူများနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများက ညှိနှိုင်း ရွေးချယ်ရမည် ဖြစ်ပြီး ဆည်ရေသောက် ဧရိယာများတွင် စံပြကွက် ဖော်ထုတ်နိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် စီစဉ်လျက် ရှိကြောင်း၊ ဒေသခံတောင်သူများက ဧရိယာတိုင်းတာ၍ တင်ပြမည်ဆိုပါက အဆင်ပြေနိုင်ဖွယ် ရှိကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။

ဟင်္သာတခရိုင် မြန်အောင်နှင့် ကြံခင်းမြို့နယ်များမှ ကွန်ချောင်းဆည် ဧရိယာတွင် ဧက ၁၅၀၀ စံပြကွက် ဖော်ထုတ်ရေး တောင်းဆိုမှုကို လက်ရှိအချိန်တွင် လုပ်ပေးနိုင်ဖွယ် မရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး စိုက်ဧက ၃၆ သိန်းရှိပြီး စက်မှုလယ်ယာ ဦးစီးဌာနတွင် လယ်ထွန်စက် အစီးရေ ၂၅၀ ဝန်းကျင်သာ ရှိသဖြင့် လယ်ယာသုံး စက်ကိရိယာ မရှိသည့် တောင်သူများကို လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများ ဦးစားပေး ကူညီပေးမည်ဟု ဦးအေးသန်းက ဆက်လက်ပြောဆိုသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် စံပြဧက နှစ်သောင်းကျော် ဖော်ထုတ်ပေးခဲ့ပြီး ဒေသအချို့၌ စံပြကွက် ဧကများ ဖော်ထုတ်ရေးတွင် တောင်သူအချို့က ကန့်ကွက်ပါက ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း၊ စံပြဖော်ထုတ်ကွက် တစ်ကွက်အတွက် ကျပ်ငါးသိန်း သုံးသောင်းဝန်းကျင် ကုန်ကျစရိတ်ရှိပြီး မြို့နယ်ပေါင်း ၃၃၀ ကို ဖော်ထုတ်ပေးနေခြင်း ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

စံပြကွက်များအတွက် နေရာရွေးချယ်ရာတွင် တောင်သူများ သဘောတူ လက်မှတ်ထိုးထားရကြောင်း၊ စံပြကွက်များကို လယ်ထွန်စက်ဖြင့် လုပ်ကိုင်ရမှုကြောင့် မြေမညီမျှမှု အနည်းငယ် ဖြစ်တတ်သည်ကို တောင်သူများ ကြိုတင် သိရှိထားရမည် ဖြစ်ပြီး ကန်သင်းရေလုံအောင် ကိုယ်တိုင်လည်း လုပ်ရန်လိုသည်ဟု ၎င်းကဆိုသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်ချေးငွေ ရရှိရေး၊ အတိုးနှုန်း သက်သာရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ငွေချေးယူပြီး တောင်သူများကို ပြန်ချေးရသည့်အစား ဗဟိုဘဏ်မှ တိုက်ရိုက်ချေးယူပြီး တောင်သူများ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက တောင်သူများနှင့် မတ်လ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

The Voice Weekly Myanmar

အပြည့်အစုံသို့ »

ဖရဲစိုက်ရန် လယ်မြေများ ငှားရမ်းပါက လယ်မြေများပျက်စီးနိုင်သဖြင့် တောင်သူများ ဂရုပြုသင့်


ကျောက်မဲ၊ မတ်လ ၁၅။

ကျောက်မဲမြို့နယ်အတွင်း တရုတ်လုပ်ငန်းရှင်များမှ လယ်ယာမြေများငှားရမ်း၍ ဖရဲစိုက်ပျိုးမှုများ လုပ်ကိုင်လာလျက် ရှိနေရာ မြေသြဇာနှင့်ဓာတ်မြေသြဇာသုံးစွဲမှု များပြားသဖြင့် ရေရှည်တွင် လယ်ယာမြေများ ပျက်စီးနိုင်၍ ငှားရမ်းမည့် တောင်သူများအနေဖြင့် ဂရုပြုသင့်ကြောင်း ကျောက်မဲမြို့ တောင်သူအချို့ထံမှ သတင်းရရှိသည်။

“ပိုးသတ်ဆေး၊ ဟိုမုန်းဆေးတွေကို သူတို့ရဲ့ ဖရဲတစ်ရာသီအတွက် သီးနှံအောင်ဖို့ဆိုပြီး တအားသုံးတယ်၊ ဒီလိုသုံးတဲ့ နေရာမှာ တောင်သူအကျိုးပြုအင်းဆက်တွေဖြစ်တဲ့ တီကောင်၊ မြေထိုးပိုးလိုမျိုး မြေဖွပေးတတ်တဲ့ မြင်နိုင်တဲ့ အင်းဆက်တွေ ရှိသလို မမြင်နိုင်တဲ့ တောင်သူအကျိုးပြု အင်းဆက်တွေလည်း နလန်မထူနိုင်ဘူးဆိုရင် ရေရှည်မှာ
မြေဆီလွှာခမ်းခြောက်ပြီး လယ်မြေတွေပျက်စီးနိုင်ပါတယ်” ဟု ကျောက်မဲမြို့၊ ဗူးခါးကျေးရွာမှ တောင်သူ ဦးခင်မောင်ညွှန့်ကပြောသည်။

လက်ရှိတွင် ကျောက်မဲဒေသအတွင်း တရုတ်လုပ်ငန်းရှင်များက လယ်မြေတစ်ဧကလျှင် ကျပ်သုံးသိန်းကျော် ဈေးပေးငှားရမ်း၍ ဧက (၅၀၀) အထိ ဖရဲစိုက်ပျိုးနေပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှ အလုပ်သမားများအား ခေါ်ယူအသုံးပြုနေကြောင်း ပိုးသတ်ဆေးဖျော်စပ်မှုအတွက် တရုတ်လုပ်ငန်းရှင်များကသာ ဖျော်စပ်ပေးပြီး
ဆေးဖျန်းချိန်တွင် မြန်မာအလုပ်သမားများအား ဆေးဖျန်းရာတွင် အသုံးပြုရမည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုစေရန် ညွှန်ကြားမှုအားနည်းကြောင်း ဖရဲစိုက်ပျိုးပြီးမြေမှာ နောင်အချိန်တွင် မြေဆီဆုံးရှုံးမှု ခံရနိုင်သဖြင့် လယ်ယာမြေများငှားရမ်းပေးမည့် တောင်သူများအနေဖြင့် မငှားရမ်းမီ သေချာစဉ်းစား သုံးသပ်ရန်လိုကြောင်း ကျောက်မဲမြို့တောင်သူအချို့က သုံးသပ်ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

အပြည့်အစုံသို့ »

မြန်မာ သစ်ခွများ တရုတ်နှင့် ထိုင်းသို့ တရားမဝင် တင်ပို့မှုများကို ထိန်းသိမ်းရန်လို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံမှ ရှားပါး သစ်ခွများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တရားမဝင် နည်းလမ်းများဖြင့် အများဆုံး တင်ပို့ ရောင်းချလျက် ရှိခြင်းကြောင့် ပြည်တွင်း၌ မျိုးပွား၍ ထိန်းသိမ်းရန် လိုအပ်ကြောင်း မြန်မာပန်း ဝါသနာရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာစောလွင်က ပြောကြားသည်။

သစ်ခွ မျိုးစိတ်များတွင် ချင်းသစ်ခွ မျိုးရင်းသည် ရှားပါးမှု စာရင်းတွင် ပါဝင်နေပြီး ဆေးဖော်စပ်သည့် လုပ်ငန်းများတွင် အသုံးပြုရန် အတွက် တရုတ်နိုင်ငံသို့ သစ်ခွ ပန်းခြောက်များ ပြုလုပ်၍ တရားမဝင် ရောင်းချနေသည့် အပြင် ထိုင်းနိုင်ငံသို့ပါ အပင်လိုက် တင်ပို့ ရောင်းချမှုများ ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ သစ်ခွ မျိုးစိတ်များ ရှားပါးခြင်း မရှိစေရန် မျိုးပွား စမ်းသပ်နိုင်သည့် သစ်ခွ ဓါတ်ခွဲခန်း တစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့တော်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း Worldview Myanmar Royal Orchid မှ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။

အဆိုပါ ဓာတ်ခွဲခန်းကို နော်ဝေနိုင်ငံ အခြေစိုက် Worldview International Foundation နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သစ်ခွ မျိုးစိတ်များကို လေ့လာကာ မျိုးရင်းများကို ထိန်းသိမ်းခြင်း၊ မျိုးပွားခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သစ်ခွများသည် သဘာဝ အလျောက် အပင်ပေါ်တွင် ပေါက်ရောက်သည့် အပြင် ဓာတ်ခွဲခန်းတွင်လည်း သစ်ခွ အသီးကို ယူ၍ မျိုးပွား စိုက်ပျိုးနိုင်ကြောင်း ဒေါက်တာစောလွင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် သစ်ခွများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး ပေါက်ရောက်လေ့ ရှိပြီး မျိုးရင်းပေါင်း ၈၀၀ မှ ၁၀၀၀ အကြားတွင် ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

The Voice Weekly

အပြည့်အစုံသို့ »

ဒီရေတော ဆုံးရှုံးမှု နိုင်ငံအဆင့် ထိန်းသိမ်းရန်လို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကမ်းရိုးတန်း ဒေသများတွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်ကို လျော့နည်း စေနိုင်သည့် ဒီရေတောပင်များ ပျက်စီး ဆုံးရှုံးနေခြင်းကို နိုင်ငံအဆင့် စီမံခန့်ခွဲမှု ကော်မတီဖွဲ့၍ ထိန်းသိမ်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း မြိတ်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းမြဟန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ဝင်ရောက်ခဲ့သည့် မုန်တိုင်းများ (ဥပမာ- နာဂစ် မုန်တိုင်း) ကြောင့် ဒီရေတောပင် အများအပြား ပျက်စီး ဆုံးရှုံးရသည့် အပြင် ထင်းလောင်စာ အဖြစ် ခုတ်ယူမှု များပြားလာပြီး သစ်တောများ ပြုန်းတီး လာခြင်းတို့ကြောင့်လည်း စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့၍ မူဝါဒများ ရေးဆွဲ ချမှတ်ကာ တိုးမြှင့် စိုက်ပျိုးမှုများ လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ပြောဆိုသည်။

“ဒီရေတောတွေကို ဟိုင်းကြီးကျွန်းဘက်မှာ လေ့လာ ဖြစ်တဲ့အခါ Human impact ကြောင့် ပျက်စီး ဆုံးရှုံးမှုက များတယ်။ အခု သုတေသန လုပ်ငန်းအပြင် ဧက ၅၀ ကျော်လောက်ကို လမုတော ဥယျာဉ် အဖြစ် ထူထောင် ထားတာ ရှိတယ်။ ထပ်ပြီးတော့လည်း မြေနေရာ တောင်းထားတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် တက္ကသိုလ် အဏ္ဏဝါ သိပ္ပံဌာနမှ ပါမောက္ခ ဒေါက်တာ ခင်မောင်ချိုက ဆိုသည်။

လက်ရှိ အချိန်တွင် ကမ်းရိုးတန်း ဒေသ ကျေးရွာများတွင် ဒီရေတောများ အလွန်အကျွံ ခုတ်ယူခြင်း မပြုရန် အသိပညာ ပေးခြင်းနှင့် ပျက်စီး ပြုန်းတီးနေသည့် နေရာများတွင် အစားထိုး စိုက်ပျိုးခြင်း စသည့် လုပ်ငန်းများ အပြင် သုတေသနပြု လေ့လာခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ဒေါ်နန်းမြဟန်က ရှင်းပြသည်။

ဒီရေတောများသည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း ဒေသကြီး၌ ၃၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၄၆ ရာခိုင်နှုန်းနှင့် ရခိုင် ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်း ပေါက်ရောက်လေ့ ရှိပြီး ဟက်တာပေါင်း ငါးသိန်းကျော် ရှိကြောင်း မြိတ်တက္ကသိုလ်၏ သုတေသနပြု လေ့လာ ထားချက်များအရ သိရသည်။

The Voice Weekly

အပြည့်အစုံသို့ »

လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ ကူညီပံ့ပိုးမှု ပိုမိုလိုအပ်


မြန်မာ့လယ်ယာကဏ္ဍဟာ စိန်ခေါ်မှုများစွာနဲ့ တွေ့ကြုံနေရတာဖြစ်လို့  အစိုးရက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ လယ်ယာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို  အာရုံစိုက်ပြီး ပံ့ပိုး ကူညီလုပ်ဆောင်ပေးဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်က   တောင်သူလယ်သမားတွေရဲ့  စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အခက်အခဲနဲ့ အတားအဆီးတွေ ဖယ်လျော့ရေးနဲ့ အရင်းအနှီး လိုအပ်ချက်တွေကို ပိုမိုရရှိလာရေး ဆောင်ရွက်ပေးခဲ့လို့ ၃ နှစ်အတွင်း တိုးတက်သင့်သလောက် တိုးတက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်မှာ  စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကတော့ မြန်မာ့   လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  အစိုးရက လုပ်ဆောင်နေပေမယ့်  လက်တွေ့မှာတော့ မြန်မာ့လယ်ယာကဏ္ဍဟာ စိန်ခေါ်မှု အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေရတယ်လို့   ဒီဗွီဘီကို ပြောပါတယ်။

တောင်သူတွေရဲ့ အကြွေးသံသရာကို လျော့ချဖို့အတွက်  သီးနှံအာမခံစနစ်နဲ့ ချေးငွေဆိုင်ရာ အာမခံစနစ်တွေ ပေါ်ထွက်လာဖို့ အစိုးရအနေနဲ့ အမြန်ဆုံးဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ သီးသန့်ဧရိယာ သတ်မှတ်ပြီး လုပ်ဆောင်တာတွေ ရှိနေပေမယ့် ပြည်တွင်း လယ်ယာကဏ္ဍတခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရရဲ့ ပံ့ပိုးပေးမှုက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကြက်ပြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့ဆိုရင် အစိုးရက တနိုင်ငံလုံးမှာရှိတဲ့ စိုက်ဧက ၁၇ သန်းအပေါ် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော်ရှိတဲ့အနက် လယ်ယာကဏ္ဍအပေါ် မှီခိုနေတဲ့လူဦးရေက စုစုပေါင်းလူဦးရေရဲ့ ၁၀ ပုံ ၇ ပုံ ရှိပြီးတော့ အများစုဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese

အပြည့်အစုံသို့ »

ရွှေဘိုတွင် တရားမဝင် တမလန်းသစ်များ ဖမ်းမိ


ရွှေဘို၊ ဖေဖော်ဝါရီ ၂၂

ရွှေဘိုမြို့ အောင်ဇေယျလမ်းမကြီး နယ်မြေ (၂) မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈နာရီ ၃၀ မိနစ်အချိန်က ISUZU မော်တော်ယာဉ် အမျိုးအစား 4WD အဖြူရောင် မော်တော်ယာဉ်ပေါ်တွင် တမလန်းဓားရွေ့ ၂၁ ချောင်းသစ်တန်ချိန် ၀ ဒသမ ၉၆၃၆ တန်ကို ရွှေဘိုမြို့နယ် သစ်တောဦးစီး အရာရှိဦးရဲလွင် ခေါင်းဆောင်သော အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တော တောအုပ် ဦးသိန်းထွန်းအောင်ထံမှ စုံစမ်းသိရှိရသည်။

ယာဉ်မောင်း/သစ်ပိုင်ရှင် ဦးထွန်းနိုင် (ဘ) ဦးသက်နောင်သည် အဆိုပါသစ်များကို တန့်ဆည်မြို့နယ် ကံထူးမမှ မန္တလေးသို့ တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၅၇၈,၁၆၀ (ငါးသိန်းကျော်) ရှိကြောင်း ဦးသိန်းထွန်းအောင်က ဆက်လက် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ တရားမဝင် တမလန်းသစ် ငါးကြိမ်ဖမ်းဆီး ရရှိမှုတွင် တမလန်းဓားရွေ့ ၆.၆၄၅၆ တန်၊ တမလန်းသစ် ၁ ဒသမ ၉၉၁၈ တန်ရှိပြီး အင်ကြင်း ခွဲသား သစ်တစ်ကြိမ် ဖမ်းဆီးရရှိပြီး တန်ချိန် ၉ ဒသမ ၂၉၁၂ တန် ဖမ်းဆီးမိကြာင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။
“ဒီနှစ်ထဲမှာ တမလန်းသစ်တွေ ဖမ်းမိတာများတယ် တရုတ်က အဝယ်လိုက်နေတော့ ဈေးကောင်းရတော့ မန္တလေးမှတစ်ဆင့် တရုတ်ပြည်အထိ ပို့ကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

The Voice Weekly Myanmar

အပြည့်အစုံသို့ »

ရွှေဘိုခရိုင် တောင်သူများ စပါးပိုး မျိုးတုံးသတ်ရန် အကူအညီလို


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်မှာ မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ စပါးပိုးကျခဲ့တဲ့အတွက် စပါးအထွက်နှုန်း ၅ ပုံတပုံသာ ရရှိခဲ့ပြီး ဒီစပါးပိုး မျိုးတုံးသွားအောင် လုပ်ဆောင်ဖို့ တောင်သူလယ်သမားတွေ အကူအညီလိုအပ်နေပါတယ်။

1ရွှေဘိုခရိုင် ရွှေဘို၊ ကန့်ဘလူ၊ ရေဦး၊ ၀က်လက်၊ ဒီပဲယင်းနဲ့ ခင်ဦးစတဲ့ မြို့နယ် ခြောက် ခုမှာ ၂၀၁၃ မိုးစပါးရာသီမှာ စပါးပိုးကျခဲ့တဲ့အတွက် စပါး ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း တောင်သူလယ်သမားရေးရာ ဥက္ကဋ္ဌ ဦးမြင့်ကြည်က ပြောပါတယ်။

“ပျက်စီးမှုများတာက ရွှေဘိုမြို့နယ်နဲ့ ၀က်လက်မြို့နယ် အစရှိသဖြင့် အများဆုံးက ဘေးကြားစပါးပေါ့။ ရွှေဘိုဘက်ကမ်းဘေးမှာ အများဆုံးကျတယ်။ နောက်တခါ ဒီပဲယင်းမြို့နယ် မှာတော့ ဘေးကြားမှာ အကျနည်းပြီးတော့ ဧရာမင်းစပါးမှာ ပိုကျတယ်။ ရွှေဘိုခရိုင်မှာ မြို့နယ်က ကျွန်းလှနဲ့ တန့်ဆည်ပဲ အဖြစ်နည်းတယ်။ ကျန်တဲ့ ၈ မြို့နယ်ထဲမှာ ၆ မြို့နယ်က ၈၀ ရာခိုင်နှုန်းတောင် မကချင်ဘူး။ တချို့ဆို စပါးကို ရိတ်ယူလို့မရအောင် ကျတယ်။”

အဆစ်လို့ခေါ်တဲ့ စပါးပိုးဟာ တနှစ်မှာ သန်းဂဏန်းပွားနိုင်ပြီး မြေကြီးအောက် ၄ လက်မ လောက်အထိ ခိုအောင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီပိုး မျိုးတုံးဖို့အတွက် ကောက်ရိုးပြတ်တွေကို မီးရှို့ရမှာဖြစ်သလို မြေလှန်ပြီး နေပူလှန်းမှ ပိုးက သေစေနိုင်တယ်လို့ စိုက်ပျိုးရေးဌာနက ရှင်းပြ ကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း တောင်သူလယ်သမားရေးရာ ဦးမြင့်ကြည် က “အဲဒီပိုးကို သုတ်သင်မယ်ဆိုရင် ကာကွယ်မှုနဲ့ပဲ လုပ်ရတာ။ ပိုးကျပြီးတော့ အပင်ကြားရောက်ရင် ပိုးသတ်ဆေး ဖြန်းလို့ မရဘူး။ ဒီပိုးကို မျိုးတုံးသွားအောင် ဆိုလိုရှိရင် ပထမ စပါးရိတ်ပြီးရင် ရိုးပြတ်တွေကို မီးရှို့ရတယ်။ ရိုးပြတ်မီးရှို့ရုံနဲ့လည်း ဒီပိုးက မသေးဘူး။ ရိုးပြတ်ပင်စည်ရဲ့ အမြစ်အောက်မှာ ၄ လက်မလောက် အဲဒီပိုးက မြေကြီးအောင်းနိုင်တယ်။ လယ်ကွက်ကို ထယ်နဲ့ထိုးပြီးမှ နေပူလှန်းလိုက်တော့မှ ဒီပိုးက အမျိုးပြတ်တာလေ။ ဒီပိုးကို ပြတ်ချင်ရင် စပါးခင်းတွေ အားလုံးကို ဒီလိုလုပ်မှရမယ်” လို့ ပြောပါတယ်။

လယ်သမားတွေအနေနဲ့ မြေလှန်နိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။ လယ် ၁ ဧကကို စက်နဲ့ မြေလှန်ဖို့ ကျပ်ငွေ ၂ သောင်းကျော် ပေးဆောင်ရတဲ့အတွက် လယ်သမားတွေအနေနဲ့ အကူအညီ လိုအပ်နေတာလို့ ရွှေဘိုမြို့နယ် လယ်သမား ဦးမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ရိုးပြတ်မီးရှို့ဖို့ဆိုတာလည်း အခုအချိန်မှာ ရိုးပြတ်က အကုန် မလောင်ဘူး။ ရိုးပြတ်က စိုတုန်းရှိသေးတယ်။ လယ်သမားတွေအနေနဲ့ ဒီဟာကို လယ်သမားတိုင်းက မြေလှန်ဖို့က ဒီနှစ်မှာက စပါးအထွက်လျော့တဲ့အတွက် လယ်သမားတွေက အတော်လေး ခက်ခဲတယ်။ လယ် ၁ ဧကကို စက်ထည်တွေနဲ့ ခုတ်နေတာ ၂ သောင်း ၂ ထောင်နဲ့ ခုတ်နေတာ။ အဲဒါမျိုးကို လယ်သမားတိုင်းက မခုတ်နိုင်ဘူး။ နိုင်ငံတော်က စက်အင်အားသုံးပြီး ခုတ်ပေးရင် ပိုကောင်းတာပေါ့။”

စပါးပိုးကျလို့ အချို့လယ်သမားတွေ စပါးရိတ်သိမ်း စရိတ်နဲ့ စပါးအထွက်နှုန်း မကာမိတဲ့အတွက် စိုက်ပျိုးစရိတ် ချေးငွေပြန်ပေးဖို့လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ အောင်သန်းက ရွှေဘိုမြို့နယ် အတွင်းရှိ အဆစ်ပိုးကြောင့် စပါးခင်းများပျက်စီးသဖြင့် စိုက်ပျိုး စရိတ်ချေးငွေ ပေးဆပ်ရမယ့်ကာလကို နောက်ဆုတ်ပေးဖို့နဲ့ နိုင်ငံတော်အစိုးရက ဘယ်လို ကူညီဆောင်ရွက်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

ဒီအပေါ် လယ်/ဆည် ဒု-ဝန်ကြီး ဦးအုန်းသန်းက ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၂ အုပ်စုမှာ အထွက်နှုန်းထိခိုက်တဲ့ ၂၂၅ ဧကအတွက် ၁ ဧကကို ကျပ် ၅၁၀၀၀ နှုန်းနဲ့ ကျပ်သန်း ၁၁ ဒဿမ ၄၇၅ ကို နိုင်ငံတော် သမ္မတရဲ့ သီးသန့် ရန်ပုံငွေကနေ ကျခံထောက်ပံ့ပေးနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနကို သဘောထား မှတ်ချက် တောင်းခံထားကြောင်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်ပေးသွားမယ့် အကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »