Showing posts with label articles. Show all posts
Showing posts with label articles. Show all posts

မြင်သမျှ … ကြားသမျှ



ဖြစ်တတ်တဲ့အကြောင်းတရားဆိုလည်း

ကျွန်တော်ပြောပြမယ်ဗျာ။ ဒါဟာ ကျွန်တော့် အမြင်သာဖြစ်လို့ သဘော ထား တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့် မယ်။ ဒါပေမဲ့ ပြောရမယ့်ကိစ္စမို့ လို့ ပြောရ တာပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီး သွားတဲ့ မြန်မာနဲ့ထိုင်း ရိုးရာလက်ဝှေ့ ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခမဲ့ပြသခဲ့လို့ လူတိုင်းလောက်နီးနီး ကြည့်လိုက်ရမှာပါ။ ပွဲစဉ်ေ တွရော၊ လက်ဝှေ့သမားတွေပါ စွဲမက်စရာချည်းပါပဲ။ ကိုယ်တိုင်လည်း အားကစား သမားဖြစ်ခဲ့တာမို့ ဒီကစားပွဲကို အလွန်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော့်အဖေ ကိုယ်တိုင် လက်ဝှေ့ဝါသနာအိုးမို့ လက်ဝှေ့ပွဲကို ကျွန်တော်တို့ စွဲလန်းတာသိပ်တော့ ပြောစရာမရှိပါဘူး။

လက်ဝှေ့ပွဲဆိုတာ ရန်သူနှစ် ယောက်က စိန်ခေါ်တိုက်ခိုက်ကြတာ မဟုတ်ပါဘူး။  ပညာရှင်နှစ်ဦးက ပန်းချီကားတစ်ချပ်ကို အတူရေးဆွဲကြသလို အနုပညာဆန်လှပါတယ်။ ဒါကြောင့် ဒေါသမောဟပါတဲ့သူဟာ ရှုံးနိုင်ခြေများလေ့ရှိပါတယ်။ အဲဒီနေ့မှာ ထိုးသွားတဲ့ စိုးလင်းဦးရဲ့ လက်ဝှေ့ပွဲအကြောင်းပြောချင်တာပါ။ စိုးလင်းဦးဟာ ကျွန်တော် သာ မက တစ်နိုင်ငံလုံး အသည်းကျော်လက်ဝှေ့ သမားပါ။ ဘာလို့လဲဆိုတော့ စိုးလင်းဦး ဟာ ကြောက်စိတ်ကင်းတယ်။ မာရည် မြင့်တယ်။ ဘယ်လောက်ပဲ လူကောင် ကွာပါစေ။ နောက်မဆုတ်တမ်း ထိုးတတ်တဲ့အပြင် ထိုးသတ်ပုံ အင်မတန်မှကို သန့်ရှင်းရိုးသားပါတယ်။

အဲဒီနေ့မှာ သူဟာ ထိုင်းလက်ဝှေ့ ကျော် ‘ပါဝိ’ နဲ့ ထိုးသတ်ရပါတယ်။ ပါဝိဆိုတာကလည်း သိကြတဲ့အတိုင်း မြန်မာအကြိုက်ဆုံး နိုင်ငံခြားသား လက်ဝှေ့ သမား ပါ။ မြန် မာနိုင် ငံက နာမည်ကြီးလက်ဝှေ့သမား အတော်များများ နဲ့ လာရောက်ယှဉ်ပြိုင်ပြီး မြန်မာအကြိုက်ဆုံး နိုင်ငံခြားသား လက်ဝှေ့ သမားအဖြစ် သတ်မှတ်ထားကြတာပါ။ သူတို့ နှစ်ယောက်ပွဲက ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ လူတိုင်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဲဒီပွဲဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

ကျွန်တော် ပြောပြပါ့မယ်။ အဲဒီပွဲမှာ စိုးလင်းဦးဟာ ပါဝိကိုသုံးချီမှာနှစ်ကြိမ် အမှတ်စဉ်ရေတွက်ရသည်အထိ ထိုးလှဲထားပြီးပါပြီ။ အဲဒီအချိန်မှာပဲ ခုံဒိုင်ဆိုတဲ့သူက တားပြီး ”စိုးလင်းဦးက ပါဝိကို အလဲထိုးအနိုင်ယူရင် ဆယ့်ငါးသိန်းထပ်မံ ဆုချမယ်” ဆိုပြီးကြေညာလိုက်ပါတယ်။ အဲဒီကစပြီး ပွဲကပရမ်းပတာ ဖြစ်တော့ တာပါပဲ။ ပထမအကြိမ် စိုး လင်းဦးလက်နဲ့ ပါဝိမျက်လုံးခိုက်မိတယ်။ ဟုတ်တယ်။ တကယ်လည်း ခိုက်မိသွားတယ်။ ဒါကို ပရိသတ်က ပါဝိအမူပိုတာလို့ မြင်တယ်။ ထားပါ။ မမြင်ရတဲ့ အနေအထားကိုး။

နောက်တစ်ကြိမ် စိုးလင်းဦးက ပါဝိရဲ့မတော်ရာကို ဒူးနဲ့ တိုက်ပြီး တစ်ချက်ထပ်ကန်ထည့်လိုက်တယ်။ ဒါလည်းထားဦး မတော်တဆပေါ့။ အရှိန်လွန်သွားတာပေါ့။ ဒါ့ အပြင် လေးချီအပြီး ခေါင်းလောင်းသံကြားပြီးမှ စိုးလင်းဦးဟာ ပါဝိကို နှစ်ချက်ဆက်ထိုးပါသေးတယ်။ ဒါကတော့ များပြီပေါ့ဗျာ။ ကဲ..ဒါလည်းထားဦး။ ငါးချီရောက်တော့ စိုး လင်းဦးဟာ နိုင်ချင်စိတ်များပြီး ဘာလုပ်လို့ လုပ်ရမှန်းတောင် သိပုံမပေါ်တော့ဘူး။ အကွက်တွေ ပျောက်ပြီး ဘာလုပ်လို့လုပ်ရမှန်း တောင် မသိအောင်ပါပဲ။ တစ်ဖက်ပြိုင် ဘက် ဘယ်လိုနည်းနဲ့ပဲလဲလဲ။ မလဲလဲအောင်လုပ်ဖို့ အဆင်သင့် ရှိနေတဲ့ပုံပါပဲ။ ဒီလိုနဲ့ ငါးချီအပြီး ဒိုင်အတားမှာမှ ခြေနဲ့နှစ်ချက်ဆင့်ခတ်ပြီး ခေါင်းနဲ့ပါ တစ်ချက် တိုက် ချ လိုက်ပါတော့တယ်။

ဆိုပါတော့ဗျာ။ သုံးချီမှာ နှစ်ခါကျအောင် ထိုးလှဲထားတဲ့ လက်ဝှေ့သမားဟာ နောက်တစ်ခါကျအောင် ထိုးဖို့ဆိုတာ ဘယ်လောက်မှ မခဲယဉ်းတော့ပါဘူးဗျာ။ ဒါပေမဲ့ အဲဒီ အချိန်မှာ အလဲထိုးရင် ဆုတော်ငွေ ဆယ့်ငါးသိန်းဆိုတာက သူ့စိတ်ကို ပြောင်းလဲသွားစေတော့တာပါပဲ။ သူဟာ ပြိုင်ဘက်ကို ဘယ်လိုနည်းနဲ့ နိုင်နိုင်၊ နိုင်ဖို့သာ အဓိက ဖြ စ်ပေါ်သွားတာပါပဲ။ ဒီတော့ သူဟာပြိုင်ဘက်ကို ရန်သူလိုသဘောထား မိသွားပါပြီ။ ဒီတော့ပြိုင်ပွဲဟာ အဲဒီဆုကြေးငွေပေါ်လာတာနဲ့ ပရမ်းပတာစ ဖြစ်ပါပြီ။

ဆုပေးသူ(ကုမ္ပဏီနာမည် မပြောတော့ပါဘူး။) ကလည်း မြန်မာကို နိုင်စေချင်လို့ ဆုပေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မက်လုံးတစ်ခုက အားကစား သမားရဲ့ စိတ်အခြေအနေကို ရုတ်ချည်းပြောင်းလဲ သွားစေပါတယ်။ ဆိုလိုတာကဗျာ။ ဆုပေးချင်ရင် ပွဲစမှာပေး။ ဒါမှမဟုတ် ပွဲပြီးမှပေး။ ပေးချင်ရင်မရဘူးလား ခင်ဗျာ။ အခု သူပေးလိုက်တဲ့ မက်လုံးတစ်ခုက အားကစားသမားရဲ့ စိတ်ကို ချက်ချင်း ပျက်စီးသွားစေပြီ မဟုတ်လား။ ခါတိုင်းပွဲတွေမှာ ကိုယ်နဲ့ယှဉ်ပြိုင်သူက ကိုယ့်ထက် အ သက်ကြီး ခဲ့ရင် ဂါရဝတရားနဲ့ ထိုင်ကန်တော့တတ်တဲ့ လက်ဝှေ့သမားရဲ့ စိတ်ကို အရိုင်းစိတ်ဝင်သွားစေတာပါပဲ။ တစ်သက်လုံး ရိုးသားခဲ့သမျှ မိနစ်ပိုင်းအ တွင်း မှာ ပြောင်း လဲသွားတော့တာပါပဲ။

ဆိုလိုတာက ဆုပေးဒဏ်ပေးစနစ်က မကောင်းဘူး မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ နေရာကျဖို့လည်း လိုပါသေးတယ်။ မြန်မာဘောလုံးအသင်းပဲ ကြည့်ပါလား။ ဂိုး သွင်းသူကို ငါးသိန်းဆုချမယ်ဆိုတာနဲ့ ဘောလုံးသမားတွေက ဘယ်သူ့မှ မပေးတော့ဘူး။ ကိုယ်တိုင် ဂိုးသွင်းပြီး ငါးသိန်းရဖို့သာ ကြိုးစားနေကြတော့ ဘာဖြစ်လဲ ရှုံး တာပေါ့။ အခုလည်း ဒီလိုပေါ့။ ပွဲနိုင်တယ်။ ဂုဏ်သိက္ခာရှုံးတာပေါ့ဗျာ။ ဒါပါပဲ။ နောက်ပြီး လက်ဝှေ့ပွဲတွေမှာ နိုင်ငံတကာနဲ့ခြားနားစွာ ကြိုးဝိုင်းဒိုင်က ဘာသြဇာမှမရှိဘဲ လက်ဝှေ့သမားတွေကို အတင်းထိုးပဲ ထိုးခိုင်းနေတာပါပဲ။ မလုပ်ရဘူးလေဗျာ။ ပထမတန်း လက်ဝှေ့သမားတွေရဲ့ အင်အားဟာ သေတတ်တဲ့ ကိစ္စတွေ။

ဆယ်နှစ်၊ ဆယ်နှစ်

မကြာသေးခင်မှာပဲ ဂျာနယ်တစ်စောင်ရဲ့ သတင်းဖော်ပြမှုအတွက် သတင်းထောက်နဲ့ အယ်ဒီတာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်လိုက်တယ်ဆိုတာ စိတ် မကောင်းစွာ ကြားရပါတယ်။ ရတဲ့လခက သိန်းဂဏန်းမပြည့်၊ ဆောင်းပါးရေးခ ထောင်ဂဏန်းလောက် ကလေးရပြီး အဲဒီဆောင်းပါးရဲ့ရလဒ် က ဆယ်နှစ်ဆိုတော့ ”တန်ရဲ့ လား” ဆိုတဲ့အတွေးမျိုး ဖြစ်မိပါတယ်။ အခု ပြစ်ဒဏ်က ပြစ်ဒဏ်တွေထဲက အမြင့်ဆုံး ပြစ်ဒဏ်စာရင်းထဲ ပါဝင်နေတာမို့ တုန်လှုပ်ရပါတယ်။ မဟုတ်တာတွေ လုပ်၊ မဟုတ် တာတွေ ပြောပြီး ဘာမှ မဟုတ်တဲ့ ပြစ်ဒဏ်ကျခံနေရသူနဲ့ နှိုင်းယှဉ်ရင် တနင့်တပိုးပါပဲ။

ဒီလိုသာ ပြစ်ဒဏ်တွေ ဆက်တိုက် ကျခံရရင် နိုင်ငံတော်တည်ဆောက် ရေးမှာ အဓိကပါဝင်နေတဲ့စတုတ္ထမဏ္ဍိုင်ဆိုတာ အရင်ဆုံး ပြိုလဲသွားမှာပါပဲ။ တချို့ကလည်း ဒီ လိုဖြ စ်နေရင် ဒီမှာ မရေးတော့ဘူး။ နိုင်ငံတကာပဲ ပို့တော့မယ်လို့ ဆိုသူလည်း ဆိုနေကြပါပြီ။ နိုင်ငံတကာပို့တာက ပိုလုံခြုံတယ်ဆိုတဲ့သဘော ဖြစ်မနေဘူးလားခင်ဗျာ။ ဘယ် လိုပဲဖြစ်ဖြစ်၊ အပြစ်ရှိရင်တောင် မျှတတဲ့ပြစ်ဒဏ်ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီလိုဆိုပြန်တော့လည်း အယောင်ဆောင် သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ လူကြီး ဘယ် လို ပြစ် ဒဏ်မျိုးကျမယ်ဆိုတာ သိချင်ပြန်တယ်။

အိမ်ဖော်ဆို မြန်မာမှ…

အခုတလော ကျယ်ကျယ်လွင့်လွင့်  ကြားနေရတာကတော့ မြန်မာအိမ်ဖော်ဇာတ်လမ်းပါပဲ။ အရှေ့တောင်အာရှရဲ့ အိမ်ဖော်တင်ပို့မှု အများဆုံးနိုင်ငံဆိုတာ ကလည်း နိုင်ငံရဲ့ စီးပွားရေးအခြေ အနေကို ဖော်ပြနေတော့တာပါပဲ။ တချို့နိုင်ငံရဲ့ ဈေးတွေအရှေ့မှာတောင် အိမ်ဖော်တွေဟာ ကလေးထိန်းပြခြင်း၊ အိမ်ရှင်းလင်းခြင်းများကို သရုပ်ပြလုပ်ပြီး ကြိုက်တာ ရွေးယူကြပါဆိုတဲ့ ဈေးခေါ်စနစ်နဲ့ အိမ်ဖော်ကို ရောင်းချနေပါသတဲ့။

အမှန် ပြန်စဉ်းစားကြည့်ပါ။ ဒါဟာ ကျွန်စနစ်ကို ပိုမိုထိရောက်ပေါ်လွင်အောင် ဖော်ပြလိုက်တာပါပဲ။ အဲဒီကျွန်တွေက ဘယ်ကသွားကြတာလဲ။ ဒါဆိုရင် အဲဒီလိုနိုင်ငံက ဘယ်လိုနိုင်ငံမျိုးပါလဲ။ ပြည်တွင်းမှာလည်း ပြဿနာပေါင်းစုံမို့ လုပ်စားလို့မရ။ ပြည်ပ ထွက်သွားတော့လည်း ကျွန်တွေလို သဘောထားခံရမို့ ပြောပြစရာတောင် မရှိတော့ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထုတ်စရာပဲ ရှိပါတော့တယ်။

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

popular journal


အပြည့်အစုံသို့ »

ဘယာနက ဟင်းတခွက် – အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)



အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ် ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခ ဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိပါမယ်၊ ရေတစ်မျိုးတည်းနဲ့ ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံး နိုင်းခြင်းနဲ့ ထမင်း မာဂလောက်လည်းပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက် စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက်စားတာကိုများ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့မေးရင် ဟင်းတစ်အိုးအတွက် ဒေါက်နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့် ဘေးကနေ စွန့်စွန့်စားစား လုပ်ရတဲ့ ကိစ္စမဟုတ်လား။ ဒါကြောင့် ဟင်းချက်ရတဲ့ ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလို ဒုက္ခတွေနဲ့ ရင်းရတိုင်း အတူစား အတူသွားနေခဲ့ရတဲ့ ထောင်ပြင်ပက ရက်တွေကို ပြောမဆုံးဘူး။ သတိတရ ပြန်ပြော အဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။ ထောင်ဝင်စာ ပုံမှန်မလာတဲ့ သူတွေကတော့ ထောင်ကပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ်ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန် ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန် ရတာပါပဲ။

ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတစ်ခန်းမှာ ဟာသ ပြောတတ်တဲ့သူ တစ်ယောက်များ ရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။

“ဟိုငါးမန်းတောင် ဟင်းချို အလယ်ချ ဆိတ်သားခါးပတ်နှင့် ငါးသလောက်ပေါင်းက ချန်ထားလို့ မရတော့ဘူး။ ကုန်အောင်စားပစ်” ဟင်းတစ်ခွက်ရဖို့ စီမံရတဲ့ အတားအဆီးတွေက များလှတယ်။ အပြင်လောကမှာတော့ ဟင်းတစ်ခွက် စီမံရတာကို အနုပညာ မြောက်တဲ့ ကိစ္စလို့ ပြောကြတယ်။ အလှအပ အပြင်အဆင် အထိ မရောက်ခင် ဟင်းတစ်ပွဲတည်း ပါဝင်ရမယ့် ရသမြောက် ဟင်းလျာထဲက အငန်အပေါ့၊ အချို၊ အဆိမ့်၊ အချဉ်၊ အစပ် ညီညွတ် မျှတမှုကို အနုပညာလို့ ပြောကြတာကိုး။ ကိုယ်ကလည်း အားကျမခံ ပြောလိုက်ချင်တယ်။ ထောင်ထဲက ဟင်းတစ်ခွက်မှာ ဘယာနက ရသ၊ ၀ီရ ရသတွေ ရောပြွမ်းထားတဲ့ စိတ်ခံစားမှုကနေ ပေါက်ဖွားလာတာမို့ ထောင်ထဲက ဟင်းတစ်ခွက်မှာလည်း အနုပညာတွေပါ ပါတယ်လို့ ပြောလိုက်ချင်တယ်။

ထောင်ထဲ စရောက်ခါစကတော့ ချက်ဟင်း ပူပူနွေးနွေးလေးတွေကို တစ်ခါစ်တခါ စားရတတ်တယ်။ ကိုယ်ကလည်း ရောက်စဆိုတော့ ဘယ်လို ပြုလုပ်ဖန်တီးလာခဲ့ကြတယ်ဆိုတာ သဘောမပေါက်ဘူး။ မသိဘူးလေ။ တကယ်က သူတို့တွေရဲ့ ကြိုးစားထားချက်မှာ ဟင်းတခွက်အတွက် သတ္တိတွေ မွေးပြီး ချက်ခဲ့ရတယ်ဆိုတာ နောက်မှ တဖြည်းဖြည်း သိလာရတယ်။

ဟင်းချက်နေတုန်း မိခဲ့ရင် ဒေါက်အခတ်ခံရနိုင်တယ်။ တိုက်အပိတ်ခံရနိုင်တယ်။ အဆင်မသင့်ရင် အရိုက်ခံရနိုင်သေးတယ်။ ပလပ်စတစ် တစ်ထပ် အ၀တ်စုတ် တစ်ထပ် ပတ်ထားတဲ့ လောင်စာနဲ့ သူတို့ချက်ခဲ့ကြမှန်း နောက်မှ သိရတယ်။ တစ်ယောက်က ချက်နေတုန်း နောက်တစ်ယောက်က ကင်းစောင့်ပေါ့။ များသောအားဖြင့်တော့ ထောင်ဝင်စာ ပုံမှန် မလာနိုင်သူတွေက ဒီလို စွန့်စားခန်းကို နေ့စဉ် ပြုလုပ်ကြရတာ။ ဦးဇင်းတို့ ထောင်ထဲ ရောက်ခါစ ရက်တွေမှာ 10-Dလို့ ခေါ်ကြတဲ့ ကျောင်းသားတွေက အများစု။ ဒီကျောင်းသားတွေက လူသစ်ဖြစ်တဲ့ ဦးဇင်းတို့ကို ဂရုတစိုက် ကူညီကြတယ်။ ဦးဇင်းတို့က ချစ်စနိုးနဲ့ အရှည်လေးလို့ခေါ်တဲ့ အောင်မျိုးကျော်ကို ဦးဇင်းတို့ တစ်ဖွဲ့လုံး ကျေးဇူးတင်ကြတယ်။ သူကနေ့စဉ် ဒိုင်ခံ ဟင်းတခွက် ဖန်တီးပေးတယ်။ သူ့အိမ်က အလျှံအပယ် ပုံမှန်လာနေပေမယ့် ထောင်ဝင်စာ မလာသူတွေရယ် လူသစ်တွေရယ်ကို ထောင်စကားနဲ့ ပြောရရင် ဒေါက်နဲ့ရင်း တိုက်နဲ့ရင်းပြီး သူချက်ကျွေးတယ်။

ဦးဇင်းတို့ သာယာဝတီထောင်ရောက်တော့ လူသစ်တွေကို အထူး တင်းကြပ်ထားတယ်။ ထောင်ပြောင်းခါစဆိုတော့ အိမ်တွေကလဲ မသိကြသေးဘူး။ စားရေး အခက်အခဲကို ပထမဦးဆုံး ကြိုးစား ဖြေရှင်းကြည့်သူက ဒေါက်တာထွန်းသူ ဆရာက အင်းစိန်ထောင်မှာလဲ အနေကြာခဲ့သူ ဆိုတော့ လျှို့ဝှက် ဟင်းချက်နည်းတွေကို တတ်ထားပြီးသား။ ဒီတော့ နေ့လည် ထောင်ပိတ်ချိန်မှာ သူစွန့်စားမှု တစ်ခုကို ပြုလုပ်တယ်။ ပေးထားတဲ့ ထောင်ပုံစံ ဒန်ပုဂံပြားက ဟင်းချက်ဖို့ ဒယ်အိုးပေါ့။ ထောင်တွေမှာ နေ့လည် ၁၂နာရီထိုးကနေ ၂ နာရီအထိ ထောင်ပိတ်ထားတယ်။ ၀န်ထမ်းတွေက အပြင်ထွက်သွားတယ်။ အကျဉ်းသားတွေကို တိုက်ခန်းတွေထဲ ထည့်ပြီး သော့ပြန်ခတ်ထားတယ်။ အင်းစိန်ထောင်မှာ အမြဲဆင်းလို့ ခေါ်ပြီး၊ သာယာဝတီထောင်မှာတော့ ဘာယာလို့ခေါ်တဲ့ အကျဉ်းသားတွေသာ အခန်းထဲ ထည့်မပိတ်ဘဲ အပြင်မှာ ၁၂-၂ နာရီအတွင်း နေခွင့်ရတယ်။ သူတို့က သန့်ရှင်းရေး လုပ်ရတယ်။ ၅(ည)တွေ အတွက် ဝေယျာဝစ္စ လုပ်ပေးရတယ်။ တကယ်က သူတို့ကို အဲဒီအလုပ်တွေ အပြင် နိုင်ငံရေး အကျဉ်းသားတွေ လုပ်သမျှ သတင်းပို့ဖို့ သူတို့ကို ထားတာ။ တခြားထောင်တွေထက် သာယာဝတီထောင်က ချွန်တွန်း လုပ်သူ ပိုပေါတယ်။ ထောင် အခေါ် “အပ်”တွေတဲ့။ ငချွန်တွေပေါ့။ သူတို့ထဲက တစ်ယောက်က ကိုထွန်းသူ ဟင်းချက်တာကို ချက်ခြင်း သတင်းပို့တယ်။ တာဝန်ကျ ၀န်ထမ်းက ရုံးတင်မယ် ဘာညာပြောတော့ အားလုံးက ၀ိုင်းပြီး ရုံးမတင်ဖို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို ရုံးမတင် ဖြစ်လိုက်ဘူး။ မီးဖိုဖို့ ကိစ္စက ငချွန်တွေကို မတွေ့အောင် လုပ်ဖို့ မလွယ်ဘူး။ ဒီတော့ ချက်ဟင်း မစားရတော့ဘူး။ လူဆိုတာ လိုအပ်ချက်တွေကို ကြံဖန် ကျော်ဖြတ်တတ်ခဲ့ကြတာ မဟုတ်လား။ အခုနည်းလမ်း အသစ် တစ်ခုရတယ်။ အဲဒါကတော့ တိုက်ရှေ့မှာ ရှိနေတဲ့ ချဉ်ပေါင်ရွက်တွေကို ခူးတယ်။ ပလတ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကိုထည့်၊ သံစည်ပိုင်းပြတ်ထဲ ထည့်ယူလာတဲ့ တာလပေါ ဟင်းရည်ပူထဲကို ခုန ချဉ်ပေါင်ရွက်အိတ် ထည့်လိုက်တော့  ချဉ်ပေါင်ရွက်တွေ အကုန်လုံး ပြုတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ ချဉ်ပေါင်ရွက်တွေကို ဇွန်းနဲ့ချေတယ်။ လိုအပ်တဲ့ ငပိထည့်တယ်။ အချိုမှုန့်ခပ်တယ်။ ငါးခြောက်ကြော်၊ ငပိကြော်လေးကို ချဉ်ပေါင်ရွက်မွှေထဲ လိုသလောက် ထည့်လိုက်ပြီး တာလပေါ ဟင်းရည်နဲ့ ရောလိုက်တော့ စားကောင်းတဲ့ ချဉ်ပေါင်ရွက် ချဉ်ဟင်းတစ်ခွက် ရသွားတယ်။

ဒီလိုနဲ့ ပြုတ်စားခဲ့ရတဲ့ ရက်တွေ မနည်းဘူး။ အဆာကောင်းကောင်းနဲ့ ရောလိုက်တော့လည်း စားဖြစ်တဲ့ ဟင်းတစ်ခွက်တော့ ဖြစ်သွားတာပဲ။ ၀န်ထမ်းတွေ ဘာယာတွေဆိုတာကလည်း စားရေး၊ သောက်ရေး ပြည့်စုံကြတာ မဟုတ်ဘူး။ ထောင်ပိုင်၊ ထောင်မှူးတွေက ခိုင်းလို့သာ အစပထမက တင်းကျပ်ထားပေမဲ့ နောက်ပိုင်းရှိတဲ့ ဟင်းတွေ ကျွေးမွေး၊ ပါလာတဲ့ မုန့်တွေ ဝေငှရင်း ရင်းနှီးသွားကြတယ်။ ဟမ်းကောချိုင့်ထဲ ဟင်းချက်စရာ အစုံထည့် ဖိုကြီးက ပြာပူထဲ နှစ်နာရီ၊ သုံးနာရီ သွားမြှုပ်ထားရင် ဟင်းတစ်ခွက်တော့ ဖြစ်လာတယ်။ ဒါတွေ ဘာယာတွေကို စည်းရုံးပြီး လုပ်ခိုင်းရတာပေါ့။ ပါလာတဲ့ ပစ္စည်းတွေကို ဟင်းချက်စရာ ပစ္စည်း ဖြစ်အောင် ကြံဖန်ကြရတယ်။ သကြားတို့၊ ထန်းလျက်တို့ဆိုရင် အချိုမှုန့် အစားသုံးဖို့ စီစဉ်ရတယ်။ မာရီ ဘီစကွတ်တို့၊ ရွှေကျီး မုန့်ကြွပ်တို့လို ဟာမျိုးကိုတောင် ဟင်းချက်စရာထဲ ထည့်လို့ရတဲ့ အထိ လုပ်ဖြစ်လာတယ်။ အန္တရာယ် ပေးမယ့် အနီးကပ်က လူတွေကို စည်းရုံး လိုက်နိုင်တော့ ကိုယ့်အခန်းထဲမှာ ကိုယ်ချက်လို့ရတဲ့ အထိ ဖြစ်လာတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ အရာရှိ တစ်ဦးဦးတွေ့ရင် ပြစ်ဒဏ်ကျခံရနိုင်တယ်။ အပြင်က မုန့်ဟင်းခါးခြောက်တွေကို သွင်းတယ်။ ဟင်းကိုတော့ ပါလာတဲ့ ငါးကြော် ဒါမှမဟုတ် ငပိကြော် တမျိုးမျိုးနဲ့ မုန့်ဟင်းခါးဟင်း ဖြစ်အောင် ဖန်တီးတယ်။ ထောင်ဝင်းထဲမှာ စပါးလင်တွေက ပေါများတယ်။ စပါးလင်ကို ပါးပါးလှီး၊ ထောင်း။ ငါးကြော်ကို ထောင်းပြီးတော့ မာရီဘီစကွတ် ဒါမှ မဟုတ် ရွှေကျီးမုန့်ကြွပ် တစ်ခုခုကို အမှုန့်ဖြစ်အောင် လုပ်ထားတာကို ရေနဲ့ဖျော်ပြီးရော ကျိုလိုက်တော့ မုန့်ဟင်းခါးဟင်းက ရွှေခြည်နံ့လေးကို မွှေးလို့ ဟင်းချခါနီး ထန်းလျက်ခဲလေး တစ်ခဲနှစ်ခဲလောက်များ ထည့်လိုက်ရင် ဖျာပုံ တင်တင်အေးတို့၊ ခင်ထွေးရီတို့တောင် အရှုံးပေးသွားရမယ့် ဟင်းတစ်ခွက် ရတယ်။

ထောင်ထဲမှာ ခိုးပြီး ချက်စားရပေမယ့် အကောင်းဆုံးဖြစ်အောင် ကြံဖန်ပြီး ဖန်တီးကြတယ်။ တောင်ယာတွေ ကိုယ့်ဖာသာကိုယ် စိုက်ခွင့်ရတော့ သီးနှံမျိုးစုံကို စိုက်ကြတယ်။ အလျှံအပယ်ကို စားရတယ်။ ကိုက်လန်တို့ နိုကိုဥတို့ဆိုတာ အပြင်လောကမှာ ရှားပါး ပစ္စည်းဖြစ်ပေမယ့် ထောင်ထဲမှာတော့ ပေါများတယ်။ တစ်နေ့တာ ပုံစံထဲက ပိုနေတဲ့ ပန်းဂေါ်ဖီလို ဟာမျိုးကို ရှမ်းချဉ်လို ထည့်တယ်။ အမှုန့်ဖြစ်အောင် ထောင်းထားတဲ့ ထန်းလျက်နဲ့ သမအောင်မွှေပြီး ကော်ဘူးထဲမှာထည့် နေလှန်းထားလိုက်ရင် သုံးရက်လေးရက်လောက်ဆို စားကောင်းတဲ့ ရှမ်းချဉ်ကိုရတယ်။ ဒါကို အစိမ်းမစားချင်ရင် ကြော်ပြီးတော့ ဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ်လုပ်ရင် အပြင် ဟော်တယ်တွေမှာ ဈေးကြီးပေး စားရတဲ့ ကြံမဆိုင် ဟင်းချို၊ ကြံမဆိုင်ကြော် စားရတယ်။ မစားနိုင်တော့တဲ့ ချဉ်ဖတ်တွေကို အခြောက်လှမ်းထားလိုက်ရင် စွန်တန်ခြောက်ကို ရတယ်။ ဒီစွန်တန်ခြောက်တွေကို သေချာ သိမ်းထားပြီး လိုအပ်တဲ့အခါ ရေနွေးနဲ့ရော ကျိုပြီး စွန်တန်ဟင်းချို တစ်ခွက်ကို ရပြန်တယ်။ အချိန်ကာလနဲ့ အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။ အခက်အခဲဆိုတာ ဘယ်လောက် ရှိနေပါစေ ကျော်ဖြတ်ရမယ့် နည်းလမ်းတွေကတော့ တစ်ခုမဟုတ် တစ်ခုရှိပြီးသားပါ။ ထောင်လို အန္တရာယ်တွေနဲ့ လက်တစ်လုံးလောက် နီးတဲ့ နေရာမှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောကက အခက်အခဲ ဆိုတာကို ဖြတ်ကျော် နည်းတွေက အမြောက်အမြား ရှိမှာပါ။ အပြင်လောကက လောကဓံနဲ့ အခက်အခဲ တစ်ခုခု ကြုံတိုင်း ထောင်ထဲက အန္တရာယ်တွေနဲ့ ကြောက်ကြောက် လန့်လန့် ကြားထဲက မဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ ဟင်းတစ်ခွက်ကို သတိရနေတုန်းပဲ။

အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

Tomorrow Jouranl

အပြည့်အစုံသို့ »

မြေဝယ်မကျ- ကျော်သူ





၁၉ ဂျူလိုင်မမေ့နိုင်” ဆိုသည့်စကား “အာဇာနည်နေ့ ဒို့မမေ့” ဆိုသည့်စကားများအရ ယနေ့ ဂျူလိုင်လ (၁၉) ရက်နေ့သည် ကျွန်တော်တို့ တိုင်းပြည်ဖခင် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ အာဇာနည် ကြီးများ ကျဆုံးခဲ့ရသည့် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ ဖြစ် ပေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ၊ ပြည်နယ်၊ မြို့နယ်အသီးသီး တို့တွင် အာဇာနည်ကြီးများအား ဝမ်းနည်းဂုဏ်ပြု လွမ်းဆွတ်သောအနေဖြင့် မြို့အသီး သီးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှိရာနေရာ၊ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက် တိုင် ရှိရာနေရာ၊ မြို့နယ်ရုံး အခြေစိုက်ရာနေရာများနှင့် စာသင်ကျောင်းများတွင် လွမ်း ဆွတ်ပန်းခွေများ၊ ပန်းခြင်းများချ၍ အာဇာနည်ကြီးများအား အလေးပြုကြသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း အာဇာနည်ကြီးများ ကျဆုံး သည့်အချိန် နံနက် (၁ဝး၃၇) နာရီအချိန်တွင် အသင်းရှိ မော်တော်ယာဉ်များ ဟွန်းတီး ခြင်း၊ ဥသြဆွဲခြင်းများကို အာဇာ နည်ကြီးများအား အမှတ်ရသည့်အနေဖြင့် ပြုလုပ်ခဲ့ သည်။ ထို့အပြင် နံနက် (၉းဝဝ) နာရီ အချိန်မှစ၍ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများအား သုခခန်းမအတွင်း၌ အသင်းဝင်းတစ်ခုလုံး ကြားသိနိုင်ရန် ဖွင့်လှစ် ထားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသော အလှူရှင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ကုသကြ သော လူနာများ၊ လူနာရှင်များပါ မကျန် နားထောင်နိုင်ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ဖ.ဆ.ပ.လ ညီလာခံတွင် ဟောကြားခဲ့သော "တိုင်းပြည်တစ်ပြည်ဟာ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေတယ် ဆိုရင် အဲဒီတိုင်းပြည်ဟာ ကပ်ဘေးအမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပဲ" "တိုင်းပြည်လွတ်လပ်ရေးရပြီဆိုပြီး လမ်းမထွက်ပြီး ဆေးရိုးတွေလှန်း နေလို့ မဖြစ်ဘူး" "ခင်ဗျားတို့ရဲ့ အကျင့်ဆိုး အကျင့်ပျက်တွေကို ပြင်ဖို့လိုပြီ၊ ခပ်ရိုင်းရိုင်း ပြောရရင် ခင်ဗျားတို့ရဲ့ စောက်ကျင့်တွေကို ပြင်ဖို့လိုပြီ" ဟူသော မှတ်သားဖွယ်ရာ လိုက်နာကျင့်သုံးဖွယ်ရာ ထိမိသော မိန့်ခွန်းများအား ကျွန် တော်တို့အနေဖြင့် လိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည်ကြီးများအား ယနေ့ ဂျူလိုင်လ (၁၉) ရက်နေ့တွင် လွမ်းဆွတ်နေရုံနှင့်မပြီး၊ အလေးပြုနေရုံနှင့်မပြီးချေ။ ဗိုလ်ချုပ် မှာကြားထားသည့် မိန့်မှာချက်များအား ကျွန်တော်တို့ ပြည် သူပြည်သားအားလုံး လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရန် အရေးကြီးလှသည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဗိုလ်ချုပ် မှာကြားထားသည့် မိန့်မှာချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရန်အတွက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် အသင်း သူ/သားများ၊ ဝန်ထမ်းများ နှင့် သုခအလင်း ပညာဒါနသို့ လာရောက်ပြီး ပညာသင် ကြားနေကြသော ကျောင်းသူ/ သားများ၊ ကွန်ပျူတာသင်တန်း၊ ဟိုတယ်သင်တန်း များမှ သင်တန်းသူ/သားများ၊ ဆရာများပါမကျန် ကန်တော်ကြီးရှိ ဗိုလ်ချုပ် ကြေးရုပ်တု ရှိရာသို့ သွားကြပြီး မိုးထဲလေထဲ၌ "ကျွန်ုပ်တို့သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြား ခဲ့သော ဗြဟ္မစိုရ်တရားလေးပါးအား ရိုးမြေကျသည်အထိ လက်ကိုင်ပြု ကျင့်သုံးသွားပါ မည်" ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှေ့တွင် ကတိသစ္စာဆိုခဲ့ကြကာ အာဇာနည် ကုန်းမြေရှိ လာရောက်၍ အလေးပြု ဂါရဝပြုခဲ့ကြသော သူတစ်ချို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခဲ့သော အမှိုက်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကောက်ယူခဲ့ကြပြီး အာဇာနည်ကြီးများအား ဦးညွှတ်ဂါရဝပြုခဲ့ကြ သည်။

မိမိတို့ ချစ်ခင်ခဲ့သောလူ၊ မိမိတို့ လေးစားခဲ့သောသူ၊ မိမိတို့ ဂုဏ်ယူခဲ့သောသူရဲ ကောင်း၊ မိမိတို့ ကြည်ညိုခဲ့ကြသော ပုဂ္ဂိုလ်တို့အား လွမ်းဆွတ်သတိရနေရုံ၊ လွမ်း ဆွတ်ပန်းခွေ/ပန်းခြင်းချနေရုံ၊ ဟောပြောပွဲ၊ ကဗျာရွတ်ပွဲများ ကျင်းပနေရုံနှင့် မိမိတို့၏ တာဝန်များ မကျေပွန်နိုင်ချေ။ သူတို့ချမှတ်ခဲ့သော၊ သူတို့ လမ်းညွှန်ခဲ့သော၊ သူတို့ ဟောကြားခဲ့သော မှန်ကန်သည့် မွန်မြတ်သည့်လုပ်ငန်းရပ်များအား ကျွန်တော်တို့ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြဖို့ အရေးကြီးလှပေသည်။ သို့မှသာ ကျွန်တော်တို့ ချစ်ခင်လေးစား ဂုဏ်ယူကြည်ညိုရာ ရောက်ပေလိမ့်မည်။ ကျွန်တော်တို့ တာဝန်ကျေပွန်ရာ ရောက်ပေတော့မည် ဖြစ်တော့သည်။

(ကျော်သူ)
Dawnmanhon( ဒေါင်းမာန်ဟုန်)

အပြည့်အစုံသို့ »

လူဦးရေ ၈ သန်း၊ ပျော်တော်ဆက်မယ် တစ်သိန်းနှင့် မြို့တော်ရန်ကုန် - သံဖနောင့်



သန်းခေါင်စာရင်း ကောက်ယူအပြီး သိလိုက်ရသည်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ဟု ဖြစ်သည်။ ထိုနေထိုင်သူများသည် စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စားဝတ်နေရေးကို ဖြေရှင်းလျက်ရှိရာ လုပ်ငန်းရှင်၊ အစိုးရ အမှုထမ်း၊ စာရေးစာချီ၊ ကုမ္ပဏီဝန်ထမ်း၊ စတိုးဆိုင် ပိုင်ရှင်၊ စားသောက်ဆိုင် ပိုင်ရှင်၊ စားပွဲထိုး၊ လမ်းဘေးဈေးသည်၊ ကြုံရာကျပန်း အလုပ်သမား၊ ဆိုက်ကားနှင့် အငှားယာဉ်မောင်း စသဖြင့် မျိုးမည်စုံလှသော လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

ထိုအထဲတွင် လူတကာ နှာခေါင်းရှုံ့ သော်လည်း ထိုနှာခေါင်းရှုံ့သူများလည်း မကင်းလွတ်သော ပျော်တော်ဆက်မယ်များကလည်း ရန်ကုန်တွင် တစ်နေ့တစ်ခြား ပေါများလာသည်။ တိုက်ရိုက်(CSW)နှင့် သွယ်ဝိုက်လုပ်ကိုင်နေသူ (ICSW) ပျော်တော်ဆက်မယ် အရေအတွက်မှာ လူဦးရေ တစ်သိန်းခန့်အထိ ရှိနေပြီဟု လူမှုရေး အဖွဲ့အစည်း တစ်ခုထံမှ သိရသည်။ ထိုနှုန်းအရ ရန်ကုန်တွင် လူ၈၀ရှိတိုင်း တစ်ဦးမှာ ပျော်တော်ဆက်မယ် အလုပ်လုပ်ကိုင်နေသည့် သဘောဖြစ်သည်။ အင်တာနက်ပေါ်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြည့်တန်ဆာ လုပ်ငန်းအတွက် လူအရင်းအမြစ်ပေးသည့် နိုင်ငံဟုပင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ HIV ရောဂါကူးစက်နှုန်းမှာ အာရှတွင် တတိယဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံနောက်တွင် တည်ရှိကာ ပျော်တော်ဆက်မယ် အားလုံး၏ ၃၂ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်ခံထားရသူများဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပျော်တော်ဆက်မယ် လုပ်သူများ၏ ၂၅ ရာခိုင်နှုန်းသာ ရောဂါ ရှိမရှိ စစ်ဆေးခံထားကြသူများ ဖြစ်သည်။

၂၀၁၂-၂၀၁၃ခုနှစ် ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် HIV ဆေးသောက်သုံးရန် လိုအပ်သူ နှစ်သိန်းလေးသောင်းကျော် ရှိသော်လည်း လူရှစ်သောင်းကိုသာ ဆေးပေးနိုင်သေးသည်ဟု သိရသည်။ အစိုးရနှင့် ပြည်ပအဖွဲ့အစည်းများ ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ အလုပ်လုပ်သူ Commercial Sex Workers (CSW)မှာ ခြောက်သောင်းကျော်ရှိပြီး Indirect Commercial Sex Workers (ICSW)မှာ ထို့ထက် အဆများစွာ ရှိနိုင်သည်ဟု သိရသည်။ အဆိုပါ စာရင်းမှာလည်း အမှန်စာရင်းထက် များစွာလျော့နည်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည့်တန်ဆာ စာရင်း ကောက်ရသည်မှာ သန်းခေါင်စာရင်း ကောက်ရသကဲ့သို့ မဟုတ်သောကြောင့်ဟု အဆိုပါ စာရင်းကောက်ယူရာတွင် ပါဝင်သော ဆရာဝန်တစ်ဦးက ပြောသည်။

ထိုပျော်တော်ဆက်မယ်များတွင်လည်း လမ်းဘေးတွင် မတ်တပ်ရပ်ပြီး ကိုယ့်ခန္ဓာကိုယ် ဈေးဖြတ် ရောင်းသူများမှသည် တယ်လီဖုန်းဆက်ခေါ်က ကိုယ်ပိုင် ကားမောင်းပြီးလာသော တစ်ကိုယ်တော် ပျော်တော်ဆက်မယ်များ အထိ အတန်းတန်း အစားစား ရှိနေပြီ ဖြစ်သည်။ ထိုပျော်တော်ဆက်မယ်လေးများကို တွေ့ဆုံ အင်တာဗျူးခဲ့ရာတွင် (၁)မိသားစု စားဝတ်နေရေးကြောင့် မိဘကိုယ်တိုင်က သိလျက်ဖြင့် ထိုအလုပ်လုပ်ရန် ခိုင်းစေခံရသူ (၂) ကာရာအိုကေ၊ အနှိပ်ခန်းနှင့် စင်တင်ဂီတ ကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်ရင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာမှ ဖြစ်စေ၊ ဆိုင်ရှင်၏ ငွေကြေးရှာဖွေရန် သတ်မှတ်ချက် အရဖြစ်စေ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၃) ရည်းစားက လိင်ဆက်ဆံမှုပြုပြီး ပစ်သွားချိန်တွင် မထူးဇာတ်ခင်းသူ (၄) မသိနားမလည်ဘဲ လူကုန်ကူးခံရပြီး ငြင်းဆန်ခွင့် မရှိဖြစ်ကာ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၅) စားဝတ်နေရေး အတွက် ဖြစ်စေ၊ ပညာရေး အတွက် ဖြစ်စေ ရန်ကုန် တက်လာပြီး ရသည့်အလုပ်ဖြင့် အဆင်မပြေသောကြောင့် လူမသိသူမသိ ပျော်တော်ဆက် အလုပ်လုပ်သူ (၆) ငွေကြေး ချမ်းသာသူများ၏ စပွန်ဆာကို ရယူပြီး တစ်ဦးတည်း အတွက်သာ ပျော်တော်ဆက်သူ (၇) ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပျက်ပြီး ပျော်တော်ဆက်မယ်ဘ၀ ရောက်လာသူ (၈) လိင်ဆက်ဆံဖက် တစ်ဦးတည်းဖြင့် မတင်းတိမ်သဖြင့် လိင်ဆက်ဆံဖက် များများထားရာမှ ပျော်တော်ဆက်မယ် ဘ၀ ကူးပြောင်းလိုက်သူဟု ရှစ်မျိုးခွဲခြားနိုင်သည်။

အချို့မှာ လုပ်ငန်း သဘော သဘာဝအရ ပျော်တော်ဆက်မယ် ဘ၀သို့ သူတို့ကိုယ်သူတို့ မသိပဲ ရောက်သွားသူများရှိသည်။ ဥပမာ စင်တင်ဂီတ စားသောက်ဆိုင်တွင် အဆိုတော်လေးများ၏ လစာမှာ ကျပ်လေးသောင်းခန့်သာ ဖြစ်သည်။ ပိုင်ရှင်က ဧည့်သည်ရရန်၊ ပန်းကုံး မည်မျှရရန် သတ်မှတ်ပြီး ထိုသတ်မှတ်ချက် မပြည့်ပါက တစ်လအကြာ အလုပ်ဖြုတ်မည်ဆိုသောအခါ တွေ့သည့် ဧည့်သည်ကို မိမိ၏ ခန္ဓာကိုယ် ထိုးကျွေးပြီး အလုပ်မပြုတ်ရန် ဆွဲဆောင်ရင်း ဧည့်သည် တဖြည်းဖြည်းများလာကာ သူမ ကိုယ်တိုင် ပျော်တော်ဆက်မယ် ဘ၀သို့ ရောက်မှန်းမသိ ရောက်သွားတော့သည်။ နောက်ဆုံးတွင် အဆိုပါ စင်တင်ဂီတမယ် အများစုသည် အေအိုင်ဒီအက်စ် ရောဂါသည် ဘ၀ဖြင့် ဇာတ်သိမ်းရလေ့ရှိသည်။ စင်တင်ဂီတ လောကတွင် တစ်ကြိမ်တည်း ပန်းကုံး ၁၄၅သိန်းဖိုးရသော အဆိုတော်မလေးများ အထိပင် ရှိခဲ့သည်။ ထိုရသော ပန်းကုံးမှာ ဆိုင်ရှင်တစ်ဝက်၊ ကာယကံရှင် တစ်ဝက် ခွဲဝေယူသဖြင့် အဆိုပါ အဆိုတော်များကို ဆိုင်ရှင်များက အထူး အခွင့်အရေး ပေးလေ့ရှိသည်။ ကန်တော်ကြီး ပတ်လမ်းပေါ်မှ စင်တင်စားသောက်ဆိုင်ဆိုလျှင် အသက် ၁၇နှစ်၊ ၁၈ အရွယ် အဆိုတော်လေးများ မွေးမြူပြီး ပန်းကုံးရှာလေ့ရှိသည်။ ဆိုင်၏ အစားအသောက် ရောင်းရငွေနှင့် တစ်ညတာ ပန်းကုံးရကြေး ယှဉ်လျှင် ပန်းကုံးကြေးက ပိုများကြောင်းလည်း သိရသည်။

အသက်အရွယ်အားဖြင့် ပျော်တော်ဆက်မယ်လေးများသည် အငယ်ဆုံး ၁၄နှစ်မှ အကြီးဆုံး အသက် ၄၀ကျော် အထိရှိသည်။ အဆက်အသွယ် မရှိသော ပျော်တော်ဆက်မယ်များ အနေဖြင့် လမ်းမကြီးများပေါ်တွင် ရပ်ပြီး ဖောက်သည်ရှာရလေ့ရှိသည်။ အထူးသဖြင့် ပြည်လမ်းမကြီးပေါ်တွင် ကိုးမိုင်မှသည် လှည်းတန်း ယခင် မာလာဆောင်(ယခု အမျိုးသား အင်္ဂလိပ်စာဌာန)ရှေ့အထိ နေ့လယ်ပိုင်းမှ ညပိုင်းအထိ ဖောက်သည်ရှာနေသော ပျော်တော်ဆက်မယ်လေးများကို နေ့စဉ် မြင်တွေ့ရသည်။ ယခုအခါ ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမကြီးပေါ်တွင်ပါ တွေ့လာရပြီ ဖြစ်သည်။ အလားတူ နေစောင်းသည်နှင့် ကန်တော်ကြီး ပတ်လမ်းတွင် အလျှိုအလျှို ထွက်လာသော ပျော်တော်ဆက်မယ်များနှင့် လိင်တူရှာသော ဂေးများကို တွေ့မြင်နိုင်သည်။ မြို့ထဲတွင်လည်း ပန်းဆိုးတန်း တစ်ဝိုက်နှင့် လမ်း၄၀ ကားမှတ်တိုင်များတွင် တွေ့ရသည်။ ဝေဇယန္တာ လမ်းမကြီးပေါ် တစ်လျှောက်လည်း နေ့စဉ်နံနက် ၁၀မှ ညနေစောင်းအထိ ပျော်တော်ဆက်မယ်များကို လမ်းပေါ်တွင် တွေ့နိုင်သည်။ သူတို့၏ကြေးမှာ တစ်ညတာ ပျော်ပါးခ ကျပ်သုံးသောင်းမှ ငါးသောင်းအထိဖြစ်ပြီး တစ်ကြိမ်သာ ပျော်ပါးမည် ဆိုပါက ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကြား ရှိသည်။ ထိုကဲ့သို့ မဟုတ်ဘဲ တယ်လီဖုန်းဆက်ခေါ်မှလာသော ပျော်တော်ဆက်မယ်လေးများလည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရှိသေးသည်။ ထိုသူများ၏ ကြေးများမှာ တစ်ကြိမ် ပျော်ပါးလျှင် ကျပ်ငါးသောင်းမှ ကျပ်လေးသိန်းအထိ ရှိတတ်သည်။ ခေါ်သည့်နေရာသို့ မိန်းမထိန်းလုပ်သူက ကားဖြင့်လာပို့ပြီး အပြန်တွင်လည်း ကားဖြင့် လာကြိုလေ့ရှိသည်။ နောက်ပိုင်းတွင် ပျော်တော်ဆက်မယ် အများစုသည် တယ်လီဖုန်းဖြင့် အဆက်အသွယ် လုပ်ပြီးမှ ဖောက်သည်ရှိရာ နေရာသို့ လာလေ့ရှိသည်။

Yangonunderground.blogspot.comတွင် ရန်ကုန်ရှိ ကလပ်နှင့် ဘား၁၀ခု အမည်နှင့် လိပ်စာများ သာမက တစ်ခုချင်းစီတွင် ရနိုင်သော ပျော်တော်ဆက် မိန်းကလေးများ ဈေးနှုန်းကိုပါ တင်ပေးထားသည်ကို တွေ့ရသလို အနှိပ်ခန်းနှင့် ကာရာအိုကေခန်းများမှ ပျော်တော်ဆက်လေးများ၏ ဈေးနှုန်းများပါ ရေးထားသည်ကို တွေ့ရသည်။

ယခင်က အနုပညာ လောကသားထဲမှလည်း ထိုသို့လုပ်ကိုင်သူ စုန်းပြုး အနည်းငယ်ရှိခဲ့သည်။ သို့သော် ယခုအခါ ပျော်တော်ဆက်မယ်လေးများက အနုပညာလောက အတွင်း ၀င်ရောက်ပြီး သူတို့ ကိုယ်သူတို့ မော်ဒယ် အမည်တပ်ကာ လုပ်စားလာကြသည်။ သူတို့ကို ထိန်းထားသူများမှာ အလှဖန်တီးရှင်များ ဖြစ်ပြီး လိင်ဆက်ဆံကြေးမှာလည်း ကျပ်နှစ်သိန်းနှင့်အထက် ဖြစ်သည်။ နာမည်ကျော် သူဌေးကြီး များ၊ စီးပွားရေး လုပ်ငန်းရှင်များက နိုင်ငံခြားမှလာသော ဧည့်သည်များကို ဖျော်ဖြေရန် ဆက်သွယ်နိုင်သည့် ထိပ်သီး မိန်းမထိန်း သုံးဦးရှိသည်။ နှစ်ဦးမှာ အမျိုးသားများ ဖြစ်ပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ ထိုသူများထံမှ ခေါ်ပါက အနိမ့်ဆုံး တစ်ညတာ ပျော်တော်ဆက်ခ ကျပ်၁၀သိန်းမှ ကျပ်သိန်း၅၀ကြားရှိပြီး ပျော်တော်ဆက်နှင့် မိန်းမထိန်းတို့ တစ်ဝက်စီ ခွဲဝေယူ ကြသည်ဟု သိရသည်။

အချို့သော မော်ဒယ် အေဂျင်စီများကလည်း ပျော်တော်ဆက် အလုပ်ကို တရားဝင်သဖွယ် လုပ်ကိုင် နေကြသည်။ အေဂျင်စီမှ မော်ဒယ် အသစ်လေးများ( အထူးသဖြင့် သင်တန်းသူလေးများ)ကို သူဌေးများထံ ထည့်ပေးလေ့ရှိပြီး ထိုသို့ မငြင်းမဆန် လက်ခံသူကိုသာ ပွဲများတွင် ထည့်သုံးပေးလေ့ ရှိသည်။ အကွက်မြင်လာသော မော်ဒယ်အချို့ကလည်း စိတ်တူကိုယ်တူ စုပြီး ကိုယ်တိုင် ပျော်တော်ဆက် လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ထိုမော်ဒယ်များသည် စနေနှင့် တနင်္ဂနွေဆိုလျှင် အစိုးရ အရာရှိကြီးများကို ဖျော်ဖြေရန် ငွေကြေး အကုန်အကျခံမည့် သူဌေးများ နှင့်အတူ နေပြည်တော်သို့ တက်လေ့ရှိသည်။

အလားတူ ဆိုရှယ် မီဒီယာများ ဖြစ်သည့် ဖေ့စ်ဘွတ်နှင့် ဂျီတော့များတွင် မိမိကိုယ်ကို ကြေညာ ရောင်းချနေသော အမျိုးသမီး များစွာရှိသည်။ တစ်ဦးဆိုလျှင် ၂နာရီ ကျပ်ငါးသောင်းဟု သူ၏ဈေးနှုန်းကို ဗြောင်ရေးထားသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော ပြည့်တန်ဆာ ဆိုသည်မှာ အဆက်အသွယ် မရှိသူ၊ အဆက်အသွယ် မကောင်းသူ၊ တစ်ကိုယ်တော် ပျော်တော်ဆက် လုပ်သူများနှင့် အနှိပ်ခန်း အမည်ခံ ပျော်တော်ဆက် လုပ်ငန်းလုပ်သူများသာ အဖမ်းခံရလေ့ရှိပြီး မျက်နှာကြီး ပျော်တော်ဆက်များမှာ မည်သူ၏ ရန်ရှာမှုမှ မခံရဘဲ စီးပွားရေး အဆင်ပြေလျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် အပြောင်းအလဲတွင် ပျော်တော်ဆက် လုပ်ငန်း တစ်ရှိန်ထိုး ကြီးထွားလာသည်မှာ မငြင်းနိုင်သော ကိစ္စဖြစ်သည်။ ပျော်တော်ဆက် လုပ်ငန်း၏ နောက်ဆက်တွဲ ဖြစ်သော လိင်ဆက်ဆံမှု မှတစ်ဆင့် ကူးစက်သော ရောဂါများကို မည်သို့ ထိန်းချုပ်မည်။ ထိုပျော်တော်ဆက်မယ်လေးများကို မည်သို့ ကျန်းမာရေး အသိပညာပေးမည် ဆိုသည်မှာ အရေးကြီး လှသည်။

မြောက်ဒဂုံမှ အသက် ၁၅နှစ်အရွယ် ပျော်တော်ဆက်မယ်လေး တစ်ဦးက “အိမ်ပေါင်တာကို ရွေးရတော့မယ့် အချိန်မှာ အစ်မက ရည်းစားနဲ့ နေဖူးတော့ ပါကင်ဖွင့်တဲ့ အလုပ် လုပ်လို့ မရတော့ဘူး။ ဒီတော့ အမေက သမီးကို ဒီတစ်ခါတော့ အိမ်အတွက် လုပ်ပေးပါလို့ ပြောတယ်။ တစ်ကြိမ်လုပ်ပေးပြီး ပေမယ့် အမေက ထပ်ထပ်ခိုင်းနေလို့ ကျောင်းပိတ်ရက်တွေမှာ တစ်လကို သုံးခါလောက် ဒီအလုပ်လုပ် ရတယ်။ အခုတော့ အစ်မကလည်း သမီးနဲ့တွဲပြီး ဒီအလုပ်လုပ်နေတယ်”ဟု ပြောပြသည်။ ပျော်တော်ဆက်မယ် လုပ်နေသူ အနုပညာ လောကမှ တစ်ဦးက “သမီးက နယ်ကတက်လာတာ။ ကိုယ့်ရုပ်ရည်နဲ့ဆို အနုပညာ လောကမှာ အောင်မြင်မယ်ထင်လို့။ ဒါပေမဲ့ အိမ်က ပေးတဲ့ငွေနဲ့ ဒီမှာနေထိုင် စားသောက် စရိတ်က မလွယ်ဘူး။ အထူးသဖြင့် ကိုယ်က အနုပညာ လောကကို ၀င်တာဆိုတော့ အ၀တ်အစားက အရမ်းဝယ်ရတယ်။ သမီးရဲ့ မိတ်ကပ် ဆရာက နင်ဒီအတိုင်းဆို ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဒီအလုပ်ကို သူက ဆက်သွယ်ပေးတာ။ သူက ၁၅သိန်းတောင်းပြီး သူတစ်ဝက် သမီးတစ်ဝက် ယူကြတယ်။ တခါတလေတော့ သူဌေးတွေနဲ့ နိုင်ငံခြားအထိ လိုက်ရတယ်။ သူဌေး တစ်ယောက်ဆို မင်းသမီးလေး တစ်ယောက်ကို နိုင်ငံခြားသွားတိုင်း ခေါ်သွားတယ်။ နိုင်ငံခြားမှာ လောင်းကစား လုပ်တိုင်း အဲဒီ့မင်းသမီးပါရင် နိုင်တယ်လို့ သူဌေးက အယူရှိလို့ခေါ်တာ။ ပျော်တော်ဆက်ဖို့က အဓိက မဟုတ်ဘူး”ဟု ပြောပြသည်။ အလှ ဖန်တီးရှင် တစ်ဦးကမူ “သူတို့ အတွက် စားဝတ်နေရေး အဆင်ပြေအောင် ဖောက်သည်ရှာပေးတ ပါ။ ဒါပေမဲ့ ကိုယ်က တစ်ခါပဲ စားရတာ။ သူတို့ချင်း ဖုန်းနဲ့ချိတ်ပြီး နောက်ပိုင်းတွေ့ကြတာမှာ ကိုယ်တွေက ဘာမှရတော့တာ မဟုတ်ဘူး။ သိတောင် မသိရတော့ဘူး။ ကိုယ်က ပိုက်ဆံလိုချင်ရင် နောက်ထပ် ဖောက်သည် အသစ် ထပ်ရှာ ပေးရတာ။ ဖုန်းထဲမှာ သူတို့ပုံတွေနဲ့ နာမည်တွေ ထည့်ထားပြီး စိတ်ချရတဲ့သူဆိုရင် Viberကတစ်ဆင့် ပို့ပေးရတယ်။ ဟိုကကြိုက်တာရွေးပြီး ပြန်ပို့ရင် သူတို့ခေါ်တဲ့ နေရာ လိုက်ပို့ပေးရတာ။ ကိုယ်တွေဆီမှာတော့ အနုပညာလောကထဲ ၀င်ကာစလေးတွေ များပါတယ်။ အမှန်က ဒါလေးတွေက ပစ္စည်းသန့်တာ၊ နာမည်ကြီးချိန်ဆိုရင် ဗတ်လပိုင် လိုက်နေပြီ”ဟု သူ၏ အတွေ့အကြုံနှင့် သူ၏အလုပ်ကို ပြောပြသည်။

ပျော်တော်ဆက် လုပ်ငန်းသည် မည်သည့်နိုင်ငံမှ မကင်းသော လုပ်ငန်းဖြစ်သော်လည်း ရေရှည်တွင် အမျိုးသား ကျန်းမာရေးကို မထိခိုက်စေရန် အတွက် ယခုထက် ပွင့်လင်း မြင်သာသည့် အစီအမံများကို ချမှတ်လုပ်ဆောင်သင့်ပြီ ဖြစ်သည်။ အထူးသဖြင့် ပျော်တော်ဆက်မယ်များကို ကျန်းမာရေး ဗဟုသုတ ပေးရန် အလွန်အရေးကြီးလှသည်။ ပြည်သူ့ကျန်းမာရေး ဆရာဝန် တစ်ဦးက ဘယ်လောက်တောင် ကျန်းမာရေး အသိပညာ နည်းသလဲဆိုရင် အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံရင် အေအိုင်ဒီအက်စ် အပါအ၀င် ရောဂါတွေရမယ်ဆိုတာ မသိကြဘူး။ တွေးကြည့်မယ်ဆိုရင် ကြောက်စရာပေါ့။ ပျော်တော်ဆက် လုပ်ငန်းတွေ တရှိန်ထိုး ကြီးထွားလာချိန်မှာ အစိုးရကလည်း အာဏာရှင် အစိုးရဆိုတော့ ကွန်ဒုံးကြေညာတာ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပေးတာတွေကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခွင့် မပြုခဲ့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ များလာတာလည်း ဖြစ်တယ်”ဟု သူ၏အမြင်ကို ပြောပြခဲ့သည်။ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက “ဘယ်သူမှ မွေးကတည်းက ပျော်တော်ဆက်မယ် လုပ်စားမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက် ထားခဲ့ကြတာ မဟုတ်ဘူး။ အခြေအနေ အမျိုးမျိုးကြောင့် ဒီအလုပ်ကို သူတို့ လုပ်ရတာ ဖြစ်တယ်။ ဒီအလုပ် လုပ်ပြီးမှလည်း တခြားအလုပ်ကို သူတို့ ပြောင်းမလုပ်ချင်ကြတော့ဘူး။ သွေးသား ဆန္ဒကို ဖြေဖျောက်နိုင်ရင်း တစ်ချိန်တည်းမှာ ဒီအတွက် ငွေက ရနေတာကိုး။ ဒီတော့ သူတို့ကို လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ STD အကြောင်းသိအောင် ပညာပေးဖို့လိုတယ်။ အထူးသဖြင့် ဒီပျော်တော်ဆက်မယ် ဘ၀ မရောက်ခင် ရအောင် တားနိုင်ရင်တား၊ မတားနိုင်ရင်တော့ သေတဲ့အထိ ဒီအထဲက ပြန်မထွက်နိုင်တော့ဘူး”ဟု သူ၏ အမြင်ကို ပြောပြ သွားခဲ့သည်။

ဆက်သွယ်ရေးစနစ် တိုးတက်ပြီး လူတိုင်း လက်ကိုင်ဖုန်း ကိုင်နိုင်သည့်အချိန်၊ စီးပွားရေးအတွက် ယခင်ကထက် ငွေရှာရန် ပိုမိုလိုအပ်လာချိန်၊ ပြည်တွင်းသို့ နိုင်ငံခြားသားများ ပိုမိုဝင်ရောက်လာချိန်၊ နည်းပညာကြောင့် အသစ်အဆန်းများ အချိန်နှင့်အမျှ ပေါ်လာချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ပျော်တော်ဆက်မယ် ဘ၀ ရောက်သူ များစွာရှိနေလေရာ ထိုသူများကို ဖမ်းဆီးရန်ထက် ကျန်းမာရေး အသိပညာပေးရန်က နိုင်ငံအတွက် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရသည်။

သံဖနောင့်

Tomorrow

အပြည့်အစုံသို့ »

ဇာတ်ညွှန်းကတစ်ခုတည်း ဇာတ်လမ်းကများစွာ ဇာတ်ဆရာ ဘယ်သူလဲ



အဓိကရုဏ်းများသည် လောင်ကျွမ်းလွယ်သည့်မီးစဆိုသည်ကို သူတို့(အစိုးရ အဖွဲ့)နားလည်ထားပြီး အခြေခံအားဖြင့် ခြုံငုံသုံးသပ်လျှင် အစိုးရအဖွဲ့ထဲတွင် နောက်ကြောင်း ပြန်လှည့်ချင်သူများ၊ အုပ်စုများသည် ရှိနေသည်ဟု ရွှေညဝါဆရာ တော် ဦးပညာသီဟက မိန့်ကြားခဲ့ဖူးသည်။

''အာဏာရှင်စနစ်ရဲ့အနှစ်အရသာကို ဆုံးရှုံးသွားလို့၊ စားမြုံ့ပြန်လိုတဲ့သူ တွေကလဲ သူ့အကန့်နဲ့သူရှိနေတယ်''ဟု ဆရာတော်က သုံးသပ်သည်။

နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ဇာတ်ဆရာကြီး၏ အဓိကရုဏ်းဇာတ်လမ်း များသည် ဇာတ်ညွှန်းတစ်ခုတည်းဖြစ်နေခြင်းကြောင့် လေ့လာစောင့်ကြည့်နေသူ နိုင်ငံရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ပဋိပက္ခဖြစ် ပွားရာ ဒေသခံများကိုယ်တိုင်က အဓိကရုဏ်းများ၏နောက်ကွယ်မှ လှုံ့ဆော်ကြိုး ကိုင်သူ ဇာတ်ဆရာကြီးများကို ပုံဖော်နိုင်နေကြပါပြီ။ သို့သော် နိုင်ငံတော်အစိုးရ ပိုင်းက ဘာကြောင့်မဖော်ထုတ်၊ အရေးမယူသေးသည်ကိုတော့ သူတို့က သံသယ ဝင်နေသည်။

''တခြားဒေသကလူတွေ လာပြီးသွေးထိုးလှုံ့ဆော်တာလို့ပြောကြတာပဲ။ အဲဒီ သတင်းက ဟုတ်ချင်မှဟုတ်မယ်။ မန္တလေးအနီးတစ်ဝိုက်မှာကို အခြေအနေမဲ့ နေတဲ့လူ ၂ဝဝလောက်ကို ဘာသာရေးလှုံ့ဆော်တဲ့နည်းစနစ်တွေကို လေ့ကျင့်ပေး နေတာရှိတယ်လို့လဲ ကြားတယ်။ ဘာသာရေးမှိုင်းတိုက်ထားတဲ့သူတွေပေါ့''ဟု မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း ဒုဥက္ကဋ္ဌ လည်းဖြစ်သူ ဦးသိန်းဝင်းအောင်က သူ ကြားသိရသမျှကို ဖောက်သည်ချသည်။

မန္တလေးမြို့ အဓိကရုဏ်းကိုအခြေခံကာ တခြားသော မြန်မာပြည်၏နေရာ တော်တော်များများတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်များကို ထောက်ရှုပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးလှကောင်းကလည်း ယခုလို ကောက်ချက်ချသည်။

''အဓိကရုဏ်းက မိတ္ထီလာဖြစ်တုန်းကလိုပဲ၊ သဘောချင်းဆင်တယ်။ အစိုးရ က အချိန်မီမထိန်းသိမ်းနိုင်တာတွေ၊ တရားခံမဖမ်းမိသေးတာတွေ၊ ဘယ်ကလာ တဲ့သူတွေမှန်းမသိတဲ့သူတွေ လာရောက်အော်ဟစ်တာတွေက အတူတူပဲ''။
မိတ္ထီလာကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များ ကူညီပံ့ပိုးရေးအကျိုး ဆောင် ဦးဆန်းဝင်းရှိန်ကလည်း ပဋိပက္ခများတွင် နောက်ကွယ်မှ ကြိုးကိုင်လှုံ့ ဆော်သူများရှိနေသည်ဟုယုံကြည်ပြီး ပဋိပက္ခတိုင်းသည် ကြိုတင်ပြင်ဆင်ပြီး အကွက်ချစီမံထားခြင်းဖြစ်သည်ဟု ထောက်ရှုသည်။

''ရုပ်ရှင်ဇာတ်ကားတစ်ကားလိုပဲ။ ဒါပြီးရင် ဘာလာမယ်၊ လူဆိုးလာမယ်၊ လူ ကောင်းနဲ့ ရန်ဖြစ်မယ်၊ ရဲကဝင်လာမယ်ဆိုတဲ့ မြန်မာဇာတ်ကားလိုပဲ။ ဒါမျိုးက ရိုးနေပြီ''ဟု ဦးဆန်းဝင်းရှိန်က ဥပမာပေးသည်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ် လည်း မကတော့သည့် အဓိကရုဏ်းဖြစ်စဉ်များကိုကြည့်လျှင် နိုင်ငံတော်သမ္မတ ကိုယ်တိုင်က အပြောနှင့်အလုပ် မညီသေးဘဲဖြစ်နေသည်ဟု ၄င်းကဆိုသည်။

''ပဋိပက္ခတွေရဲ့တရားခံတွေ၊ သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်လောက်အထိ ဖော်ထုတ်နေပြီလဲဆိုတာသာ ကြည့်တော့။ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်သင့်ပြီ။ အခုထိလဲ တရားခံတွေကို အပြည့်အဝမဖော်ထုတ်နိုင်သေး ဘူး''ဟု ဦးဆန်းဝင်းရှိန်က ထောက်ပြသည်။

ကြိုးကိုင်သူတွေ လွတ်နေသည်
=================

မိတ္ထီလာပဋိပက္ခတွင် ပြည်သူ့ရဲတပ်ဖွဲ့၏ အဓိကရုဏ်းနှိမ်နင်းရေးကို လုံးဝ အားမရဟု မိတ္တီလာခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်သူ ဦးဆန်းဝင်းရှိန်ကဆိုသည်။

''မိတ္ထီလာမှာ ဖြစ်သွားတဲ့အဓိကရုဏ်းဆိုရင် ၂ဝ၊ ၂၁၊ ၂၂ ဒီသုံးရက်စလုံးက လုံးဝမင်းမဲ့စရိုက်လိုဖြစ်ခဲ့တာ။ စစ်မိန့်မထုတ်ခင်အထိပဲ။ လက်နက်ကိုင်ပြီး အထက်မိန့် ကို စောင့်နေတယ်တဲ့။ ပြည်သူ့ရဲတပ်ဖွဲ့က လက်ပိုက်ပြီး တော့ကို ကြည့်နေတာ''ဟု သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသည် ကို ပြန်ပြောပြသည်။ပဋိပက္ခများတွင် တာဝန်အရှိဆုံးကတော့ နိုင်ငံတော်အစိုးရသာဖြစ်သည် ဟု သူကဆိုသည်။ ''အစိုးရကိုယ်တိုင်က တာဝန်မခံရဲတာ။ လောင်စေချင်လို့လွှတ် ထားတဲ့မီးစတွေကို အစိုးရအနေနဲ့ ဘယ်လိုမျိုးတားမှာလဲ''ဟု ဦးသက်ဆွေဝင်းက မေးခွန်းထုတ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပျက်ခဲ့သော မန္တလေးမြို့ပဋိပက္ခတွင်လည်း အော် ဟစ်ဆဲဆိုကြိမ်းမောင်းနေသော လူအုပ်ကြီးကို လူစုမခွဲဘဲ စောင့်ကြည့်နေသော ပြည်သူ့ရဲတပ်ဖွဲ့ကို ဂဠုန်နီဆရာတော်ဦးကာဝီယကလည်း အားမလိုအားမရဖြစ် ခဲ့သည်။

''ရဲတွေကတော့ အထက်ကအမိန့်စောင့်နေတယ်လို့ပဲပြောတယ်။ ပဋိပက္ခ က ဖြစ်နေပြီ၊ အမိန့်စောင့်နေလို့မရတော့ဘူး၊ အမိန့်စောင့်နေရင် သွေးချောင်းစီး သွားလိမ့်မယ်၊ မန္တလေးမြို့ပြာကျသွားလိမ့်မယ်''။

စိတ်ပေါက်ပေါက်နှင့် သေနတ်ကို ထောင်ဖောက်(ပစ်)ပြီး လူစုခွဲဖို့ ဆရာ တော်က ယခုလိုပြောလိုက်သည်ဟုဆိုသည်။ ''ဒီလောက်ဖြစ်နေတာကို ဘာလို့ လက်ပိုက်ကြည့်နေရလဲ၊ ဘာလို့မဖမ်းလဲ၊ သေနတ်တွေပါနေတာပဲ၊ နှစ်ချက်သုံး ချက်လောက် မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲပါလား''။ အကြိမ်ကြိမ်လူစုခွဲပေးဖို့ ရဲတွေကို မိန့်ကြားခဲ့သည့်တိုင် ရဲများက လိုက်မလုပ်သည်ကိုကြည့်လျှင် ဘာကြောင့် လဲဆိုသည်ကို ယခုထိအဖြေမရသေးဟု ဆရာတော်ဦးကာဝီယက ရန်ကုန်တိုင်းမ် သို့ မိန့်သည်။

နောက်ဆုံးတော့လည်း အဓိကရုဏ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်အတိုင်း ရော်ဘာကျည်ဆန်ဖြင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဓိကရုဏ်းဇာတ်လမ်း ဘာကြောင့်ဖြစ်
======================

ဘာမျှမဟုတ်သည့် လူမှုရေးပြဿနာများကိုအခြေခံ မတော်တဆအချင်း များရာက အကြောင်းပြုပြီး နောက်ဆက်တွဲ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာ ယခုလို အဓိကရုဏ်းများဖြစ်ရသည်ဟု ဦးဆန်းဝင်းရှိန်ကဆိုသည်။

''တချို့က နိုင်ငံရေးဗန်းပြတယ်၊ တချို့က ဘာသာရေးဗန်းပြတယ်။ အားလုံး ကတော့ ကိုယ်ကျိုးရှာသမားတွေများတယ်။ အမြတ်ထုတ်ချင်တဲ့လူတစ်စုကြောင့် ပြဿနာကပိုကြီးသွားတာ''ဟု ၄င်းကယူဆသည်။

''ကုလားနဲ့ မြန်မာကိုပဲတိုက်ပေးနေတာ။ အခု နှစ်ဖက်စလုံး မှာ အကာအကွယ်မဲ့နေပြီ''။ ဦးဆန်းဝင်းရှိန်ကတော့ နိုင်ငံ တော်သမ္မတဦးသိန်းစိန်ပြောခဲ့သည့် နောက်ကွယ်ကကြိုး ကိုင်သူများကို ဖော်ထုတ်မည်ဆိုသည့်စကားကို စောင့်ကြည့် ဖို့ရှိတော့သည်ဟု ဆိုပါသည်။

ပဋိပက္ခများဖြစ်ပွားလာရခြင်း၏ အကြောင်းရင်းများ စွာ ရှိနိုင်ပါသည်။ မိမိတို့စုံစမ်းမေးမြန်းခဲ့သော ပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များကို ထောက်ရှုကြည့်လျှင် တူညီသော ထင်မြင်ယူဆချက်တချို့ရှိပါသည်။ ပထမတစ်ချက်အနေ ဖြင့် ဦးသိန်းစိန်အစိုးရသစ်တက်လာပြီးနောက်ပိုင်း တိုင်း ပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင် ရွက်နေခြင်းကို နှောင့်နှေးစေဖို့သို့မဟုတ် နောက်ကြောင်း ပြန်လှည့်စေလိုသည့် တချို့သော အင်အားစုများက တိုင်း ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေး မီးများလောင်ကျွမ်း စေဖို့အတွက် နောက်ကွယ်မှ အကွက်ကျကျကြိုးကိုင်လှုပ် ရှားနေခြင်း ဖြစ်နိုင်သည် ဟုဆိုသည်။

''အစ္စလာမ်တွေထဲမှာ အစွန်းရောက်တွေ တချို့ရှိနေ တယ်။ မြန်မာဗုဒ္ဓဘာသာတွေထဲမှာလဲ အစွန်းရောက်တွေ ပေါ်လာအောင် သူတို့ကလုပ်နေတယ်။ ဒါကြောင့်ဗုဒ္ဓဘာ သာခေါင်းဆောင်တွေကို အစွန်းရောက်တွေလို့ စွပ်စွဲတာ တွေရှိလာတယ်''ဟု ဂဠုန်နီဆရာတော် ဦးကာဝီယကမိန့် သည်။ ''ဆိုတော့ သူတို့စွပ်စွဲသလိုမဖြစ်ရအောင် ကိုယ်တွေ က မညံ့ဖို့လိုတယ်။ တတ်နိုင်သလောက် စောင့်ထိန်းဖို့လိုတယ်''။

နောက်တစ်ကြောင်းကတော့ တိုင်းပြည်အတွင်း မပြေ လည်နိုင်သေးသော နိုင်ငံရေးအကျပ်အတည်းများကို အာရုံ ရောက်နေသည့် ပြည်သူလူထု၏ နား၊ မျက်စိတို့ကို အာရုံ လွှဲရန်အလို့ငှာ အကြောင်းရှာပြီး နောက်ကွယ်မှ အင်အားစု အချို့က လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခ များဖြစ်အောင် လှုံ့ဆော်ဖန်တီးနေသည်ဆိုသည့်ယူချက် ဖြစ်သည်။

''နိုင်ငံရေးလှည့်ကွက်ဆိုတာ ရှင်းနေတာပဲ။ ကုလားနဲ့ ဗမာကို တိုက်ပေးတာပဲ။ အခု၄၃၆ ပြင်ဆင်ရေးတွေ ရှုပ် နေတော့လေ''ဟု အစ္စလာမ်ဘာသာရေးဂိုဏ်းချုပ်ဆရာ တော်ဦးသိန်းဝင်းအောင်က တွက်ဆသည်။

ဇာတ်ဆရာ(ဝါ)ကြိုးကိုင်သူကို ဖော်ထုတ်ပေး
=======================

မည်သို့ဆိုစေ ပဋိပက္ခမဖြစ်ဖြစ်အောင် လှုံ့ဆော်နေသူ တွေရှိနေတယ်ဆိုတာတော့ အသေအချာပဲဟု Center for Youth Harmong မှ ဦးသက်ဆွေဝင်းက ယုံကြည် နေသည်။ တမင်တကာကို ရည်ရွယ်ချက်ရှိရှိလုပ်နေသည် ဟု ကြိုးကိုင်သူများကို ၄င်းကစွပ်စွဲသည်။

''အကုန်လုံးကို ပပျောက်အောင်လုပ်ဖို့က တော်တော် ခက်ပါတယ်။ အစိုးရကိုယ်တိုင်က လုပ်ရမှာ၊ အစိုးမှာ တာ ဝန်ရှိတယ်''ဟု ၄င်းက ဆိုသည်။ ထိုအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေး)မှ ပြန်ကြားရေးတာဝန်ခံဦး လှကောင်းကလည်း လက်ခံသည်။

''အစိုးရမှာ တာဝန်အရှိဆုံးပဲ။ ပြည်သူက ဘာမှကို မသိဘူး။ ကုလားက စတာလဲမဟုတ်ဘူး၊ ဗမာကစတာလဲ မဟုတ်ဘူး။ ဘယ်ကလာတဲ့ သူမှန်းမသိတဲ့သူတွေ လာပြီး လုပ်သွားတာ''ဟု ဦးလှကောင်းက မန္တလေးမြို့ပဋိပက္ခဖြစ် စဉ်ကိုအခြေခံပြီးပြောသည်။

''နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူများ၊ ပဋိပက္ခ တရားခံများကို ဘာကြောင့်မဖော်ထုတ်နိုင်ရသေးတာလဲ'' ဟုဆိုတာ နိုင်ငံတော်အစိုးရကို ဦးလှကောင်းက မေးခွန်း ထုတ်သည်။ ''သာမန်လူသတ်မှုတောင် ချက်ချင်းမိသေးတာ ပဲ။ အစိုးရအဖွဲ့ရဲ့ပဋိပက္ခကြိုတင်ကာကွယ်မှုက တော်တော် ကိုအားနည်းတယ်''ဟု သူက ဝေဖန်သည်။

ယခင်တုန်းကဆိုလျှင် လူနည်းနည်းစုလျှင်တောင် ဖမ်းနိုင်ခဲ့သည့်အစိုးရအနေဖြင့် အခုမှတရားခံကို မဖော် ထုတ်နိုင်သေးခြင်းကို စဉ်းစားလို့ပင်မရဟု ဦးသက်ဆွေ ဝင်းကဆိုသည်။ အမုန်းစကားတွေကို ဖြန့်ဝေပေးနေသူ တွေကို ဘာကြောင့်မတားဆီးနိုင်သေးတာလဲ စသောမေးခွန်း များကိုသာ ဦးသက်ဆွေဝင်းက အဖြေရှာနေတော့သည်။

ဒီပဋိပက္ခ၊ အဓိကရုဏ်းများ၏ နောက်ကွယ်တွင် သွေးထိုးလှုံ့ဆော်သူများသည် အစုအဖွဲ့လိုက်ကို ရှိနေသည် ဟု ဂဠုန်နီဆရာတော်ဦးကာဝီယကလည်း ယူဆသည်။ နိုင်ငံတော်သမ္မတကိုယ်တိုင်က နောက်ကွယ်မှာ ကြိုးကိုင် လှုံ့ဆော်သူများရှိနေသည့်အကြောင်း ပြောထားပြီးသားပေ မို့ ဆရာတော်က ယခုလိုပဲခပ်ပြတ်ပြတ်မိန့်ကြားခဲ့ပါသည်။

******* ''တရားခံကို ဖော်ထုတ်ပေးပါ၊ ပြပေးပါလို့တောင်း ဆိုတယ်'' *******

Yangon Media Group
ရန်ကုန်တိုင်းမ် ဂျာနယ်

အပြည့်အစုံသို့ »

တိုင်းဆွေး ပြည်ဆွေး စနစ်ဆွေးထဲမှာ



ရန်ကုန်မိုးက သဲကြီးမဲကြီး ရွာချလိုက်သည်။ အိမ်ပေါက်ဝမှလမ်းထိပ်ဘက်ကို မျှော်ကြည့်မိပြန်တော့ လမ်းပေါ်မှလူအများသည် ဒူးလောက်ထိရှိသောမိုးရေများထဲမှာ ပုဆိုးကိုမကာ၊ လုံချည်ကိုမကာ သွားလာနေကြသည်။ ဒီ လောက်များတဲ့မိုးရေတွေနဲ့သွား ဖို့မဖြစ်သေးပါဘူး။ မိုးထဲရေထဲ ကူးရင်း၊ သန်းရင်း တော်တော် ကြာ လျှပ်စစ်မီးကြိုးတွေပြုတ်ကျ နေရင် ခက်ရချည်ရဲ့ဟု တွေးမိ ပြန်သည်။ တွေးရင်း၊ တွေးရင်း စိုးရိမ်စိတ်တွေကပိုတိုးလျက်ဝင် လာသည်။
ကျွန်မတို့ မြန်မာပြည်မှာ ယခုတစ်လော လျှပ်စစ်မီးကြိုးတွေမကြာခဏ ပြုတ်ကျသဖြင့် ဓာတ်လိုက်ပြီးသေဆုံးရသူတွေ မနည်း လှတော့ပြီမဟုတ်ပါလား။ မနည်း လှတော့ဆို ၂၀၁၄ ခုနှစ်၏ မေ၊ ဇွန်နှစ်လတာမိုးရာသီကာလ အတွင်း ရန်ကုန်မြို့ကြီးမှာပင် လူ ခြောက်ဦးသေဆုံးခဲ့ပြီ။ တစ်နိုင်ငံ လုံးအတိုင်းအတာနှင့်ဆိုပါလျှင် လူပေါင်းနှစ်ဆယ်မျှ ဓာတ်လိုက် သေခဲ့ပြီဟု သတင်းမီဒီယာများက ဆိုပါပြီကော။

ဟော . . . ယခုစာရေးနေရင်း ပင် သတင်းစာကိုကောက်ကိုင်မိ ရာ ပြည်မြို့မှာ လျှပ်စစ်ဓာတ်အား ကြိုးပြုတ်ကျ၍ နွားနှစ်ကောင် ဓာတ်လိုက်ကာ သေပြန်ပြီဆို သောသတင်း သတင်းစာမှာပါ လာသည်။ ကြောက်စရာကောင်း လှပါသည်။ လွန်ခဲ့သောနှစ် အ နည်းငယ်က ရန်ကုန်မြို့၊ စမ်း ချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်ရှိ ကျွန်မတို့လမ်း၊ ကျွန်မ တို့အိမ်နှင့်မျက်စောင်းထိုးအိမ်မှ အသက်နှစ်ဆယ်အရွယ်လူငယ် လေးတစ်ယောက်လည်း ကိုယ့် မျက်စိရှေ့မှာပင် မိုးကာလ၊မိုးသည်းသည်းမှာ ပြုတ်ကျနေသော လျှပ် စစ်ဝိုင်ယာကြိုးကြောင့် ဓာတ် လိုက်၍သေဆုံးခဲ့ရဖူးပြီ။ ထိုစဉ် က မည်သူမှလည်းမဆွဲရဲ။ မိုးသည်းထဲမှာ ထိုလူငယ်လေးခမျာ ကယ် တင်သူမရှိဘဲ သေခဲ့ရသည်။ မိုး ရေများထဲမှာ လျှပ်စစ်ဓာတ်အားက စီးဝင်နေသည်ဖြစ်၍ မည်သူကကောကယ်တင်ရဲပါမည်နည်း။ သတ်သွားသည်က လျှပ်စစ်ဓာတ်၊လျှပ်စစ်ဓာတ်အားလေ။ ဗို့အား ၂၂၀ ရှိသည်။ သေပြီဟေ့ဆို တုံးခနဲ။ ဘုံးခနဲ။

ကျွန်မတို့ မြန်မာပြည်မှာ လျှပ်စစ်မီး ပုံမှန်လာလျှင်လည်း ကြောက်ရသည်။ လျှပ်စစ်မီးလာ ချိန်မှာ မီးကြိုးပြတ်ကျလျှင်ဓာတ် အားတွေစီးဝင်နေဆဲဖြစ်၍ ဓာတ်လိုက်ပြီးသေနိုင်သည်။ လျှပ်စစ်မီးမလာလိုက်၊ လာလိုက်ဖြစ်နေစဉ်ကလည်း ကျွန်မတို့ရပ်ကွက်မှာပင် လူတစ်ယောက်ဓာတ်လိုက်ကာသေဆုံးဖူးသည်။ လျှပ်စစ်မီးမှာ မလာတစ်ချက်၊ လာတစ်ချက်ဖြစ်၍ လျှပ်စစ်ပစ္စည်းပြုပြင်လုပ်ကိုင်စားသူတစ်ဦးကမီးပျက်သွားစဉ် မီးကတော်တော်နှင့်လာဦးမှာမဟုတ်ပါဘူးဟုထင် မြင်ကာ လျှပ်စစ်မီးခလုပ်ကိုမပိတ်မိဘဲ လျှပ်စစ်မီးဖိုကိုပြင်သည်။ ဖျတ်ခနဲမီးပြန်လာချိန် ဓာတ်လိုက်ပါတော့သည်။ တကယ်တော့ မီးက တစ် မိနစ်တာအချိန်မျှသာ ပြန်လာခဲ့သည်။ ထိုတစ်မိနစ်ကပင် လူ တစ်ယောက်၏ဘဝကို ဇီဝိန်ချုပ် စေခဲ့သည်။

ဆန်းစစ်ကြည့်လျှင် ကျွန်မတို့မြန်မာပြည်မှာ လျှပ်စစ်အန္တရာယ်ပညာပေးမှုလည်းမရှိ။ ကျေးလက်မှာလျှပ်စစ်ဆိုတာကို ကြားဖူးရုံ သာကြားဖူးပြီး အန္တရာယ်ကိုပြည် သူအများသိရှိစေရန် ပညာပေးမှု မရှိ၍ ပေါက်ပြဲနေသောသာမန် မီးစက်ဓာတ်ကြိုးကို တက်နင်းမိ၍ ဓာတ်လိုက်သေဆုံးသူတွေလည်း ရှိဖူးသည်။ ဒီကနေ့မှာပင် မွန်ပြည် နယ်၊ ကျိုက်ထီးဆောင်းစေတီ ရင်ပြင်တွင် ဝိုင်ယာကြိုးပေါက်နှင့် ထိနေသော သံပန်းကိုထိမိရာမှ ဓာတ်လိုက်ပြီး နှစ်ဦးသေဆုံးခဲ့ရ သည်ဟု ကြားသိရပြန်သည်။ စိတ်ထိခိုက်စရာတွေပါ။

ယခု လျှပ်စစ်ဓာတ်အားကြိုး တွေပြုတ်ကျ၊ ပြတ်ကျသဖြင့် ပြည်သူ့အသက်တွေ ချက်ချင်း လက်ငင်းဆိုသလို ဘုံးခနဲ၊ ဘိုင်း ခနဲ သေဆုံးနေကြရခြင်းများ အတွက် မည်သူ့မှာတာဝန်ရှိ သနည်း။ တာဝန်အရှိဆုံးကကော မည်သူနည်း။ နိုင်ငံရပ်ခြားမှာ တော့ လျှပ်စစ်မီးပျက်လျှင်လည်း လျှပ်စစ်မီးပျက်ချိန်ကြောင့် လုပ် ငန်းထိခိုက်နစ်နာလျှင် လျော် ကြေးရရှိရန် တရားစွဲတောင်းဆို နိုင်သည်။ ဓာတ်အားလိုင်းများ ကြောင့် အသက်သေဆုံးလျှင် တော့ လျော်ကြေးပေးရမည်။ အသက်အာမခံ စနစ်လည်းရှိ သည်။ ကျွန်မတို့မြန်မာပြည်မှ လျှပ်စစ်ဝန်ကြီးဌာနမှာမူ အခွန် ကောက်လျှင် မြန်သလောက်ထိ ခိုက်နစ်နာမှုများအတွက် တာဝန် ခံမှုမရှိသလောက်ဖြစ်နေသည်။ လှည်းတန်းဈေးမှာသေဆုံးသွား သူများအတွက် သဂြုင်္ိဟ်စရိတ် ထောက်ပံ့သည်ဟု သိရသည်။ လျော်ကြေးဟုမကြားသိရ။ အမှန် စင်စစ် သင်္ဂြိုဟ်စရိတ်မျှနှင့်မလုံလောက်။ ထိုက်တန်သောလျော် ကြေးလည်းပေးသင့်သလို လျော်ကြေးကို စနစ်တကျပေးသည့် စနစ်လည်းရှိကိုရှိရမည်။ လူတစ်ယောက်သေဆုံးသွား၍ နားလည်မှုနှင့်ကရုဏာကြေးပေးသည့်ငွေမှာ စနစ်တကျဟုမဆိုနိုင်။ အမှန်တကယ်တာဝန်ခံထားသူဝန်ကြီးဆိုသူကိုယ်တိုင်လည်း မိသားစု များကို သွားရောက်ကြည့်ရှု တောင်းပန်သင့်သည်။ ယခုဆို လျှင် နှစ်လတွင်းဆက်တိုက်ဖြစ် နေသောဓာတ်အားကြိုးပြုတ်ကျ ကာ ဓာတ်လိုက်သေဆုံးမှုများ အတွက် လျှပ်စစ်ဝန်ကြီးသည် ကိုယ်တိုင်ကိုယ်ကျ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူကို တောင်းပန်သင့်သည့် အနေအထားကိုပင် ရောက်ရှိနေပါပြီ။ အမှန်တကယ်သာဆိုလျှင် ကျွန်တော့်ညံ့ဖျင်းမှုကြောင့်ဖြစ်ရတာပါဟု တာဝန်ခံကာ တာဝန်မှပင် နုတ်ထွက်သင့်ပြီထင်မိသည်။ နှစ်လအတွင်း လူနှစ်ဆယ်မျှ သေဆုံးခဲ့ပြီမဟုတ်ပါလား။

ပြောလက်စနှင့် ပြောရဦး မည်။ တစ်ခါက အိမ်မှာမီတာသစ် တပ်ဆင်ပေးသော လျှပ်စစ်ဌာန မှဝန်ထမ်းတစ်ဦးကို (မီးဘာ ကြောင့် မကြာခဏပျက်နေသလဲ၊ ထရန်စဖော်မာတွေဘာကြောင့် မကြာခဏ ပေါက်တတ်သလဲ)ဟုမေးမြန်းဖူးခဲ့သည်။ (ကျွန်တော်တို့ဝန်ကြီးဌာနမှာ တကယ်တတ် တဲ့၊ တော်တဲ့ ဆရာသမားကြီး တွေမရှိတော့ဘူး။ စစ်တပ်ကလူ တွေရောက်လာလိုက်။ ဌာနကနေရာကောင်းတွေ ဝင်ယူလိုက်။ တော်တဲ့တတ်တဲ့သူတွေဘေးကိုအဝေးကိုလွင့်သွားလိုက်။ ဝန်ကြီးသစ်ဆိုသူက သူ့လူနဲ့သူလာတာလေ။ နောက်လူလာရင် အရင်လူကနေရာပျောက်။ လူသစ်တွေကစမ်းတဝါးဝါး လုပ်ကြရင်း နည်းနည်းလေးကျွမ်းကျင်တော့မယ်လို့ဟန်ပြင်ကာရှိသေးတယ်။ စစ်တပ်က နောက်ထပ်ဝန်ကြီးသစ်ပြောင်းလာတယ်။ နောက်လူသစ်တွေ နေရာကောင်းရ။ အရင် လူတွေချောင်ထိုး။ အရင်လူက နောက်လူကို အမြင်ကတ်ပုဒ်မနဲ့ သူတို့အတွေ့အကြုံတွေကို မသင်ခဲ့။ မပြခဲ့ကြဘူးဗျ။ နောက်တစ်ခုက ပစ္စည်းတော်တော်များများက တရုတ်ပစ္စည်းတွေသုံးတာ များတယ်။ တရုတ်စက်တစ်ရက်စုတ် ဆိုတော့ ပျက်လွယ်တာလည်း ပါတယ်။ ကျွန်တော်တို့ကတော့ ဌာနမှာ ဘာပါဝါမှရှိတာမှမဟုတ်တာ။ ကိုယ်သိလည်း မပြောရဲပါဘူးဗျာ)ဟုဆိုခဲ့သည်။

ထိုစကားမျိုးကိုကြားသိရ သည်မှာ တကယ်ပင်စိတ်ပျက် စရာ။ တတ်သူတွေကိုချောင်ထိုး၊ မတတ်သူတွေနေရာရဖို့ ပံ့ပိုး စနစ်ကြီးနှင့် ဓာတ်ကြိုးတွေက ပြုတ်ကာ ပြတ်ကာကျနေလေ သလား။ စဉ်းစားစရာဖြစ်နေပြီ။ အမှန်စင်စစ် ကျွန်မတို့ပြည်သူတွေအဖို့မှာ လျှပ်စစ်နှင့်သက်ဆိုင် သောကိစ္စများသည် နားမလည် သောကိစ္စမျှသာဖြစ်သည်။ အထူး သဖြင့်တော့ မြို့ပြလျှပ်စစ်ပေးဝေ ရေးစနစ်အကြောင်းကို လုံးဝမသိ ပါဟုသာပြောရမည်။ အိမ်သုံး လျှပ်စစ်ကိစ္စကိုပင် သတိထား ကိုင်နေရသူများသာဖြစ်သည်။ ကျွန်မတို့ တကယ်သိသည်ရှိကြ သည်မှာ မီးပျက်လျှင် စိတ်ညစ် စရာ။ မီးပြန်လာလျှင် (ဟေး)ခနဲ အော်ကာ ဝမ်းသာရမည်ကိုသာ သိသည်။ တကယ်တမ်းမြို့ပြလျှပ် စစ်ဖြန့်ဖြူးရေး စနစ်ကြီးတစ်ခုလုံး ၏ စိတ်ချလုံခြုံအောင် လုပ်ဆောင်ရန် တာဝန်ခံရမည့်တာဝန်ခံမှာ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိလူကြီးမင်းတို့သာဖြစ်သည်။

ယခုတော့ ကျွန်မတို့ပြည်သူ တွေအဖို့ မိုးထဲရေထဲမှာ လမ်း ထွက်ဖို့ခက်နေပြီ။ လမ်းမပေါ် မထွက်လိုက်နှင့်။ လမ်းမများပေါ်မှာ မော်တော်ကားတွေကကျပ်။ ရေဆိုးမြောင်းများက ရေမစီး။ မိုးရွာချလိုက်သည်နှင့် ရေပင် လယ်။ ထိုမိုးရေတွေထဲမှာလျှပ်စစ် မီးကြိုးအဆွေးတွေက တဖြုတ် ဖြုတ်ပြတ်ကျ။ တကယ်တော့လျှပ် စစ်ဝိုင်ယာကြိုးများသာမကပါ။ ဝိုင်ယာကြိုးပေါင်းများစွာဖြင့် ငှက်သိုက်ကဲ့သို့ ရှုပ်ထွေးလှသော ဓာတ်အားတိုင်များလည်း ဆွေး မြည့်နေပါပြီ။ မဆွေးမြည့်သေးပါ ဘူးဆိုသည့်တိုင် အသစ်လဲလှယ်မှ စိတ်ချလုံခြုံမည့်အနေအထား ဖြစ်နေပြီဟုသာထင်မြင်မိသည်။

သြော် . . . ပြောရတာလည်းမောပါသည်။ နှစ်ပေါင်းငါးဆယ်ကျော်မျှ တိုင်းပြည်ကိုအုပ်ချုပ်စီမံခန့်ခွဲလာသူတွေ မည်သို့မည်ပုံလုပ်ခဲ့ကြသည်မသိ။ ရာထူးကိုယူ၊ ဘဏ္ဍာကိုနှိုက်။ အလှည့်ကျဝေ စား။ တစ်ရစ်ပြီးတစ်ရစ် လူသစ် လူဟောင်းလဲလှယ်ကာ ဝေစားမျှ စား။ နောက်လာသူက ရှေ့ကလူ ထက်ပိုဈေးကောင်း။ ပိုပြီးကိုယ် ကျိုးရှာ။ တကယ်တမ်းလုပ်သင့် လုပ်ထိုက်သည့်တာဝန်ပိုင်းကို မသိ။

ထိုပုံစံအတိုင်း တစ်တိုင်း ပြည်လုံးကို နှစ်ပေါင်းငါးဆယ် ကျော်မျှ ခပ်တည်တည်မှိန်း၍ပစ် ပယ်ထားခဲ့ကြသမျှ ယခုအချိန်မှာ တိုင်းပြည်အတွင်းက စာသင် ကျောင်းများလည်းဆွေး၊ ရေနုတ် မြောင်းများလည်းဆွေး၊ ဓာတ် တိုင်လည်းဆွေး၊ ဝိုင်ယာကြိုး လည်းဆွေးနေကြပြီဟုသာပြော ချင်သည်။ ထိုထက်ပိုပြောရလျှင် စစ်တပ်မှဗိုလ်ချုပ်ကြီးများနေရာ တကာမှာပါလေရာပဲခူးဆားစနစ် ကြီးလည်းဆွေးပြီဟုသာဆိုချင် သည်။ မည်မျှပင် ကျောင်းဆွေး၊ မြောင်းဆွေး၊ ဓာတ်တိုင်ဆွေး ဆွေး၊ ဓာတ်ကြိုးဆွေးဆွေးရှိနေ ပါစေ။ ငါ ငါ ငါတို့အုပ်ချုပ်မှု အာဏာနေရာတိုင်းမှာ မရှိမဖြစ် ပါနေချင်သေးသူတွေရှိနေလေတော့ တိုင်းပြည်၏အနာဂတ်အရေး ရွှေရင်တကယ်လေးမိပါ သည်။

မပြောတတ်တော့ပါဘူး။ မြန်မာပြည်၏နေရာတိုင်း၊ ဌာန တိုင်း၊ ကိစ္စတိုင်းမှာ ပျက်ယွင်း ဆွေးမြည့်လေသမျှကိုထောက်ပြ ရလျှင် မြန်မာပြည်သားတစ် ယောက်မှာ ပါးစပ်ဆယ်ပေါက်ပါ လျှင်ပင် ပြော၍မကုန်ဟု ဆိုသူ တွေလည်းရှိနေပြီ။ တိုင်းဆွေး ဆွေး၊ ပြည်ဆွေးဆွေး၊ ခေတ် စနစ်ဆွေးဆွေးအောက်မှာ နေ ထိုင်နေရသော ပြည်သူဆိုတော့ လည်း ကိုယ်မသေချင်လျှင် ကိုယ့် အသက် ကိုယ်စောင့်ရှောက်ပြီး လမ်းထွက်လျှင် တောင်ကြည့်၊ မြောက်ကြည့်။ ဘယ်ကြည့်၊ ညာ ကြည့်။ မော်တော်ကားတိုက်မည့် အရေး ဝေးဝေးကရှောင်။ ပုဆိုး ကိုမ၊ လုံချည် မချနှင့်။ အောက် မှာမြောင်းပေါက်။ လူတစ်ယောက်စာ အသာကလေးကျနိုင်သည်။ ဟောဟိုးနားက မြောင်းဆွေးကြီး က မြောင်းဖုံးမရှိတော့ဘူး။ ကျိုး ပဲ့ကုန်ပြီ။ မြောင်းကျိုးအပေါက်ထဲ ကားခနဲကျရင် ရေစီးနဲ့ပါသွား နိုင်သည်။ အောက်ကိုချည်းလည်း ကြည့်မနေကြနှင့်။ အထက်က ဓာတ်ကြိုး ဖြုတ်ခနဲပြတ်ကျ။ သုံး မိနစ်နဲ့ဘဝပြောင်းသွားနိုင်တယ်။ သတိထားကွယ်ရို့။


မယ်ငွေဥ

7day daily

အပြည့်အစုံသို့ »

သမီးတော်ရာဇ၀င်(၃) (ရေတွေရေတွေ စိုကုန်ပြီ)



- လက်စောင်းထက်

အရင်ခေတ်က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲဟာ အခုလို ဆောင်းတွင်းမှာ ဆင်းတာမဟုတ်ဘဲ မတ်လ နောက်ဆုံးအပတ် ဒါမှမဟုတ် ဧပြီလ ပထမပတ်ထဲမှာ ဆင်းလေ့ရှိပါတယ်။ အစဉ်အလာ အရလည်း အရင်ခေတ်က သမ္မတတို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ကျောင်းဆင်းပွဲမှာ တက်ရောက် ချီးမြှင့်ကြပါတယ်။ အာဏာရှင်ကြီး လက်ထက်မှာတော့ ကျောင်းဆင်းပွဲကို သမီးတော်တွေ၊ မြေးတော်တွေနဲ့ ကြွချီချီးမြှင့်လေ့ရှိတယ်။ ရန်ကုန်ဆိုတာ အဲဒီ့ကာလမှာ အလွန်ပူလေတော့ အပူရှောင်တာလည်း ပါသပေါ့လေ။ အဲဒီမှာပဲ များသောအားဖြင့် သင်္ကြန် ကျလေ့ရှိတယ်။

သင်္ကြန်ဆိုတော့ ရေလောင်းဖို့၊ ရေပက်ခံဖို့ လိုလာပြီ မဟုတ်လား။ ကာချုပ်ကြီး သမီးတော်တွေက ရေပက်ခံ ထွက်လို့လည်းမဖြစ်၊ မတော် ရေပက်သလိုနဲ့ အက်ဆစ်နဲ့ ပက်သွားရင် ဘယ့်နှယ်လုပ်မလဲ။ အလှတွေ ပျက်ကုန်မှာပေါ့။ ပြီးတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်၊ ကာချုပ်သမီး အက်ဆစ်နဲ့ အပက်ခံရခြင်းဆိုပြီး ဂျာနယ်တွေထဲ ပါလာဦးမယ်။ စာပေစိစစ်ရေးက ဖြုတ်လို့ ဂျာနယ်တွေမှာ မပါသည့်တိုင်အောင် အကောက်ဉာဏ် ခလောက်ဆန်နဲ့ သွေးခွဲနေသည်တို့၊ ဂုံးတိုက်နေသည်တို့စတဲ့ တံဆိပ်များရှင် ပြည်ပရောက် မြန်မာမီဒီယာတွေက ဖွလိုက်ရင် ဘယ့်နှယ်လုပ် မလဲ။ ပြည်သူတွေ ၀မ်းသာစရာ ဖြစ်နေဦးမယ်။ အဲဒီထက် ဆိုးတာက ရေပက်တာနဲ့ရောပြီး နာနတ်သီး လို့ခေါ်တဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းသွားရင် ဒုက္ခများကုန်ကြဦးမယ်။ ဒီတော့ သမီးတော်တွေလည်း ရေပက်လို့ရအောင်၊ အန္တရာယ်လည်း ကင်းအောင် အလိုက်တသိ စီစဉ်ပေးဖို့က အထက် တာဝန်ရှိသူတွေ အပေါ် ကျရောက် လာခဲ့ပြီပေါ့။

ဒါကြောင့် ကာချုပ်ကြီး မိသားစုမလာခင် ပြင်ဦးလွင် တပ်နယ်ထဲမှာ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ အသက်ငယ်ငယ်၊ ရုပ်ချောချော အရာရှိငယ်တွေကို ရွေးထုတ်ရပါတယ်။ သူတို့ကို တပ်မတော် ဧည့်ဂေဟာလို့ခေါ်တဲ့ အိမ်တော်မှာ ကာချုပ်ကြီးရဲ့ မိသားစုကို သင်္ကြန် ကာလ အလုပ်အကျွေးပြုဖို့ တာဝန်ချထားလိုက်ပါတယ်။ တာဝန်ကတော့ သင်္ကြန်တွင်းမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ်၊ စမတ်ကျကျ ၀တ်ထားတဲ့ အရပ်ဝတ် အရပ်စားနဲ့ဖြစ်ဖြစ် သမီးတော်တွေ တည်းနေတဲ့ အဆောင် အောက်ကနေ ဖြတ်လျှောက်ဖို့ ဖြစ်ပါတယ်။

သင်္ကြန်လည်း ကျပါပြီ။ ကာချုပ်ကြီး မိသားစုလည်း ပြင်ဦးလွင်မှာ ကျောင်းဆင်းပွဲတွေပြီးလို့ သင်္ကြန်ကာလ အနားယူချိန်လည်း ရောက်နေပါပြီ။ တပ်မတော် ဧည့်ဂေဟာ အပေါ်ထပ်မှာလည်း သမီးတော်တွေက ရေပုံးတွေနဲ့ အလုပ်ရှုပ်နေပါပြီ။ ဟော…. အရာရှိငယ်လေး တစ်ယောက် အဆောင်ရှေ့ကနေ စမတ်ကျကျ လမ်းလျှောက် လာနေပါပြီ။ လက်ထဲမှာလည်း ဖိုင်တစ်ထပ်ကြီး ကိုင်လို့၊ ဘယ်သူ့ကို ဘာများ သွားသတင်းပို့မလို့ပါလိမ့်။ အဲဒီအချိန်မှာ ဗွမ်းကနဲ အသံနဲ့အတူ အဲဒီ့ အရာရှိလေး အပေါ်ကို ရေတွေကျလာပါတယ်။ မထင်မှတ်ဘဲ ရေလောင်းခံလိုက်ရတဲ့ အရာရှိလေးက လန့်သွားပါတယ်။ ဖိုင်တွေတောင် လက်ထဲက လွတ်ကျလို့ ပြန်ကောက်ရပါတော့တယ်။ လူရော ဖိုင်တွေရော ရွှဲရွှဲစိုကုန်ပါပြီ။ အပေါ်ထပ်မှာတော့ တိုင်ကွယ်ပြီး တခစ်ခစ်ရယ်နေတဲ့ သမီးတော်တွေ ရှိပေမယ့် အဲဒီအရာရှိလေးမှာ မော်ဖူးစေ အမိန့်မရထားတဲ့အတွက် အပေါ်ကို မော့မကြည့်ဝံ့ပါဘူး။ ဒါပေသိ ဘေးဘယ်ညာကိုကြည့်ရင်း သူ့ကို ဘယ်နေရာက ဘယ်သူတွေ ပက်လိုက်ပါလိမ့်လို့ ခေါင်းကုတ်ရင်း ရေတွေကို လက်နဲ့အသာခါချလို့ ဆက်ထွက်သွားပါတော့တယ်။

ရုပ်ရှင်သာ ဆိုရင်တော့ အကယ်ဒမီရမယ့် အခန်းပေါ့ဗျာ။ အဲဒီလိုနဲ့ သင်္ကြန်ကာလမှာ တပ်မတော် ဧည့်ဂေဟာ ရှေ့ကနေ အရာရှိလေးတွေ ဖြတ်သွားလိုက်၊ အပေါ်က ရေတွေလောင်းချလိုက်၊ ရေလောင်းခံရတဲ့ အရာရှိလေးတွေ လန့်သွားလိုက်နဲ့ သင်္ကြန်ကာလကို ကာချုပ်ကြီးရဲ့ သမီးတော်တွေက ပျော်ပျော်ကြီး ဖြတ်သန်းကြပါတော့တယ်။ သူတို့က အဆောင်အပေါ်ကနေ ရေတွေ ပက်လိုက်၊ အောက်က အရာရှိလေးတွေက သူတို့ကို ဘယ်သူပက်မှန်း မသိရှာဘူးဆိုပြီး သဘောတွေ ကျလိုက်နဲ့ပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အရာရှိလေးတွေရဲ့ ညနေခင်း အရက်ဝိုင်းမှာတော့ “မင်းကလည်း အိုဗာအိုက်တင် လုပ်လိုက်တာ၊ လန့်ပြရင် တော်ရောပေါ့။ အောင်မယ်လေးဗျဆိုပြီး ထခုန် ပြနေသေးတယ်တို့၊ ဟဒီလိုမလုပ်ရင် သူတို့ အပေါ်ကနေ ရေပက်မှာကို ကြိုသိနေလို့ မကြောက်တာပါ။ မလန့်တာပါဆိုရင် အမှုက ပိုကြီးဦးမယ်။ ခုတော့ ပြီးကရော၊ သူတို့လည်း သဘောကျ တိုင်ကြားက ချောင်းကြည့်နေတဲ့ တပ်နယ်မှူးကြီးက ငါ့ကို လက်မထောင်ပြပြီး ချီးကျူး သွားသေးတယ်ဆိုတဲ့ အသံတွေ၊ ဟေ့ကောင် ငါ့ဖိုင် ရေစိုသွားပြီနော်။ အသစ်ပြန်ဝယ်ပေးဦးဆိုတဲ့ အသံတွေ၊ တော်ရုံပဲ အိုက်တင်ပေးကြဦး ဟ၊ မတော်လို့ တော်ကောက်ပြီး ပန်းခွေစွပ်သွားရင် ငါတို့ရဲ့ လက်ရှိရည်းစားတွေက သူတို့ကိုယ်သူတို့ သတ်သေသွားဦးမယ်တို့” စတဲ့ အသံတွေ ကြားရမှာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ဆီကနေ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သာဂေါင်ကြီးက အာဏာသိမ်းခဲ့ပါတယ်။ အဲဒီ့အချိန်က အစိုးရ ကက်ဘိနက်မှာ သာဂေါင်ကြီးဟာ တိုင်းပြည်အပေါ် စိတ်သဘောထားကောင်းနဲ့ အုပ်ချုပ်မယ့်သူ ဖြစ်တယ်။ သူ့ကို ပြန်ငြင်းခုံရင်လည်း လက်ခံတယ်ဆိုပြီး ၀န်ကြီးတွေကြားမှာ အမှတ်ရခဲ့ပါတယ်။ အမှန်ကတော့ ထောက်လှမ်းရေး အကူအညီနဲ့ အာဏာသိမ်းထားပြီး အခြေမခိုင်သေးလို့ သူ့ကို ဝေဖန်တာတွေကို သည်းခံနေတာ ဖြစ်တယ်။ တစ်ချိန်တည်းမှာ အဲဒီအချိန်က ၀န်ကြီးတွေကလည်း သူနဲ့ မတိမ်းမယိမ်းတွေ၊ သူ့ထက်နာမည်ပိုကြီးပြီး လက်ရဲဇက်ရဲတွေကလည်း စစ်တိုင်းမှူးတွေဆိုတော့ မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်းဆိုပြီး ဟဲဟဲဟဲဟဲနဲ့ အရူးဇာတ်နင်းခဲ့တာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အခြေကျလာချိန်မှာ သူနဲ့မတိမ်းမယိမ်း တိုင်းမှူးတွေကို စစ်တပ်ကနေ ဆွဲထုတ်ပြီး ၀န်ကြီးတွေ ခန့်လိုက်တယ်။ ပြီးတော့ ထောက်လှမ်းရေးကို မျက်စပစ်ပြီး သူ့ကို လုံးဝ မကြောက်တဲ့ တိုင်းမှူး လူထွက် ၀န်ကြီးတွေကို ဖြုတ်ပစ်လိုက်တယ်။ အနောက်ဖက် ၀က်တဲလို့ လူတွေ လှောင်ခေါ်တဲ့ န၀တ နေရာမှာ နယကဆိုပြီး အမည်ပြောင်းလိုက်တယ်။ မြို့နယ်အဆင့်ကတော့ မယကပေါ့။ အများက မယားကြောက်လို့ ခေါ်ခဲ့ကြတယ်။ သူနဲ့ မတိမ်းမယိမ်း ၀န်ကြီးတွေကို သုတ်သင်အပြီးမှာ သူ့တပည့်တွေ ဖြစ်ခဲ့ပေမယ့် အရင် ဦးစောမောင် ခန့်သွားတဲ့ ၀န်ကြီးတွေကို ရှင်းလင်းလိုက်တယ်။ ဒါတွေနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ သူ့ကို ငယ်နိုင်လို ဖြစ်နေတဲ့ စစ်ထောက်လှမ်းရေး တစ်ခုလုံးကိုလည်း အမြစ်ကနေ လှန်ပစ်လိုက်ပါတယ်။

ထိပ်ဆုံးကနေ အောက်ခြေ ရဲဘော်အထိ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ခဲ့တာဖြစ်တယ်။ အဲဒီလို အဆင့်ဆင့် ရှင်းပြီးတဲ့ အချိန်ကစလို့ သမီးတော်တွေလည်း ထင်တိုင်းကဲလို့ရတဲ့ ဘ၀ကို ရောက်သွားတော့ တာပါပဲဗျာလို့ ခရိုနီ လက်ဟောင်းကြီးက သူ့စကားကို ဒီတစ်ပတ် အတွက် အဆုံးသတ်လိုက် ပြန်ပါတော့တယ်။ ပရိသတ်အတွက် ရှေ့တစ်ပတ် ခင်ဗျား ပြောပြမယ့် ခေါင်းစဉ်လေး ပေးဦးလေဆိုတော့ နောက်တစ်ပတ်လည်း အသောလေးတစ်ခု ဆက်ပြောမယ်ဗျာ။ မချေဖြစ်ခဲ့သော ယတြာနှင့် ညမအိပ် လိုက်ရသော တိုင်းမှူးလို့ ခေါင်းစဉ်ပေးထားလိုက်။ ဒီမှာလည်း ဇာတ်လိုက်တွေ ကတော့ သမီးတော်တွေပဲပေါ့ဗျာတဲ့...။

- လက်စောင်းထက်


Tomorrow

အပြည့်အစုံသို့ »

ဆန်ပြုတ်တစ်ခွက်၊မိုးကာအင်္ကျီတစ်ထည် နှင့် နားမကြားသော လူသုံးယောက် ( ဇာဂနာ )-အာဇာနည်နေ.အကြိုအထူးဆောင်းပါး



မိုးကတဖွဲဖွဲ။ အချိန်က မနက် ၉ နာရီ။ ဖိုဒ်ဆန်ထရပ် ကားတစ်စင်း ဒါလဟိုစီနှင့် ၄၁ လမ်းထောင့်မှာ လာရပ်သည်။ ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ ၃ဦး ဆင်းလာသည်။ နောက်တော့ သူတို့ လမ်းဖြတ်ကူးသွား၏။ အတွင်းဝန်ရုံး၏ အထွက်ဟု ဆိုင်းဘုတ်တပ်ထားသော စပတ်လမ်းဘက်မှ အတွင်းဝန်ရုံးတွင်းသို့ လမ်းလျှောက် ၀င်သွားကြလေသည်။ ကားအနားမှာ မောင်နီ တစ်ယောက်သာ ကျန်ခဲ့၏။ ယူနီဖောင်း ၀တ်ထားသော ခင်မောင်ရင်နှင့် မှုံကြီးက ခပ်သုတ်သုတ် ရှေ့ကို လျှောက် သွားသော်လည်း ဘညွန့်က တုံ့ဆိုင်းဆိုင်း။ တိုင်းပြုပြည်ပြု လွှတ်တော် အဆောက်အဦဖက်ဆီသို့ ဘညွန့် ထွက်သွားခဲ့လေတော့သည်။

မနက် ၁၀ နာရီ ကာကွယ်ရေး ၀န်ကြီး၏ ရုံးခန်းမကြီးထဲမှာ ဦးရွှေဘော် (၀န်ကြီးများ ကောင်စီ၏ အတွင်းဝန်)၊ ဦးတင်အုန်း (လက်ထောက် အတွင်းဝန်)နှင့် ရုံးအုပ်ကြီး ဦးခတို့က စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ နေရာချထားရင်း အလုပ်ရှုပ်နေကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက်ထပ် တည့်တည့်မှာ ရဲမင်းကြီး (DIG) ဦးထွန်းလှအောင်၏ ရုံးခန်းရှိသည်။ ထိုအခန်းထဲသို့ ဗိုလ်မှူးချုပ်နက်ရှ် (Burma command လက်အောက်ခံ တောင်ပိုင်းတိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးချုပ်နိုက်(တ်) (ထောက်လှမ်းရေးမှူးချုပ်)နှင့် ဗိုလ်ချုပ် သောမတ်စ်တို့ ၀င်လာကြသည်။ ဗိုလ်ချုပ် သောမတ်စ်၏ ကိုယ်ရေး အတွင်းဝန် ဗိုလ်သန်းဝင်း ကတော့ အထဲလိုက်မ၀င် အပေါ်ထပ်သို့ ဆက်တက်သွားသည်။
ထိုအချိန်မှာပင် အတွင်းဝန်ရုံး ဗဟိုလှေကားကြီး ခြေရင်းသို့ ၀ူစလီကား အနက်ရောင် (ကားနံပါတ် RC/၂၈၇၄ )တစ်စင်း ထိုးဆိုက်လာသည်။ ဗိုလ်ထွန်းလှက ရှေ့က ဗိုလ်ချုပ်အောင်ဆန်းက နောက်မှ ဆင်းလာပြီး လှေကားအတိုင်း ခပ်သွက်သွက် တက်သွားတော့၏။

ချင်းရေးရာ အတိုင်ပင်ခံ ၀န်ကြီး ဦးဝမ်ကိုဟောက ဗိုလ်ချုပ် အောင်ဆန်းကို စာတစ်အိတ် ပေးဖို့ရောက်လာရာ ဗိုလ်ချုပ်က အစည်းအဝေးခန်းသို့ ၀င်သွားပြီဖြစ်လို့ ဗိုလ်ထွန်းလှ လက်ထဲသို့ ထိုစာအိတ်ကို ပေးလိုက်သည်။ ထိုစဉ် ဗိုလ်ချုပ်လှမ်းခေါ်သဖြင့် ဗိုလ်ထွန်းလှက အစည်းအဝေးခန်းသို့ ၀င်သွားတော့၏။ အလုပ်သမားသမဂ္ဂမှ သခင်ဝတင်ကြီးက ဗိုလ်ထွန်းလှ အခန်းသို့ ၀င်လာခဲ့တော့ အခန်းထဲမှာ တစ်ယောက်မှမရှိ။ သခင်ဝတင်ကြီးက ထိုင်စောင့်ရကောင်း နိုးနိုး၊ ပြန်သွားရ ကောင်းနိုးနိုးဖြင့် ချီတုံချတုံ။ ထိုစဉ် ဗိုလ်သန်းဝင်းက အခန်းထဲ ၀င်လာ၏။ တစ်ယောက် နှင့် တစ်ယောက်က မသိကြတော့ နှုတ်မဆက်မိ။ သခင်ဝတင်က အခန်းထဲမှ ထွက်သွားတော့သည်။

ဗိုလ်ထွန်းလှ ရုံးခန်းထဲ ပြန်ရောက်လာတော့ ဗိုလ်သန်းဝင်း ထိုင်နေတာ တွေ့ရ၏။ ဗိုလ်သန်းဝင်းက ဗိုက်ဆာသည်ဟုဆို၏။ ဗိုလ်ထွန်းလှကလည်း အစာအိမ် အောင့်နေသလိုလို ဖြစ်နေသောကြောင့် တရုတ်ဆိုင်မှ ဆန်ပြုတ် တစ်ခွက်နှင့် ထမင်းတစ်လုံးမှာ လိုက်သည်။ ရုံးခန်းစောင့် ရဲဘော် လှမောင်က တရုတ်ဆိုင်သွားဖို့ လှေကားမှ ဆင်းလာခဲ့တော့၏။

လှေကားရင်းမှာ မယောင်မလည် လုပ်နေသော ခင်မောင်ရင်က သခင်ဝတင် ဆင်းလာတာရော၊ ရဲဘော်လှမောင် ဆင်းလာတာကိုရော တွေ့လိုက်ရသည်။ ရဲဘော်လှမောင် အနားသို့ကပ်ပြီး ခင်မောင်ရင်က မေးလိုက်၏။ “အစည်းအဝေး စပြီလား”

၄၁ လမ်းထိပ်က ကာကာဆိုင်မှာ မောင်နီနှင့် ဘညွန့်တို့ထိုင်ပြီး လက်ဖက်ရည် သေက်နေကြ၏။ ထိုစဉ် ခင်မောင်ရင် ရောက်လာပြီး ဆိုင်မှ လက်လှည့်ဖုန်းဖြင့် တစ်နေရာသို့ ခေါ်လိုက်သည်။ ခင်မောင်ရင်၏ အသံက တိုးတိုးဖွဖွ “ဆရာကြီး ပစ်စတင် ကွင်းတွေ ကျလာပြီ”

အစည်းအဝေးခန်း အ၀ဆီသို့ ရန်ကြီးအောင်၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ ခပ်သွက်သွက် ရောက်လာကြတော့ ရုံးအကူလေးက ထတားသည်။ မောင်စိုးက ရုံးအကူလေးကို တွန်းဖယ်လိုက်ပြီး တံခါးကို ဆောင့်ကန် တွန်းဖွင့်လိုက်၏။ ရန်ကြီးအောင်က ဒူးထောက် ထိုင်ချလိုက်ပြီး စတင် ပစ်ခတ်လိုက်တော့သည်။ အတွင်းဝန်ရုံး တစ်ခုလုံး သေနတ်သံတွေ ဆူညံပွက်လောထ။

ဗိုလ်ချုပ် သောမတ်စ်၊ ဗိုလ်မှူးချုပ် နက်ရှ်၊ ဗိုလ်မှူးချုပ် နိုက်(တ်)တို့က လက်ဖက်ရည်သောက်ရင်း စကားကောင်းနေသည်။ ဒီလောက် ဆူညံနေသော သေနတ်သံတွေကို သူတို့မကြားချေ။ ဗိုလ်သန်းဝင်းက အထိတ်တလန့်ဖြင့် အခန်းထဲသို့ ပြေးဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်သမားတွေ ၀င်ပစ်သွားပြီဟု လာပြောတော့ အင်္ဂလိပ် ဗိုလ်ချုပ်တွေ၏ မျက်နှာတွေက ဘာမှမပြောင်းလဲ။ ဦးထွန်းလှအောင်ကို လက်ဆွဲနှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတော့သည်။ အပေါ်ထပ်သို့ တက်လို့တောင် ကြည့်မသွားခဲ့ချေ။

ဗိုလ်ထွန်းလှက မိုင်းပွန် စော်ဘွားကြီးကို ပြုစုနေရ၏။ သူ့ဆရာ ဗိုလ်ချုပ်အောင်ဆန်းကတော့ စားပွဲထိပ်မှာ သေနတ်ဒဏ်ရာ ၁၃ချက်ဖြင့် ပက်လက်လဲနေပြီ။ သွေးအိုင်ထဲမှာ ၀န်ကြီးတွေ အတုံးအရုံး။ ဦးဗဂျမ်း၊ ပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေတို့ကတော့ အတွင်းဝန် ဦးရွှေဘော်၏ ရုံးခန်းဖက်ဆီသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့လေပြီ။

ရန်ကုန်တစ်မြို့လုံး သတင်းဆိုးကြီး ပျံ့နှံ့သွားတော့ မြို့သူမြို့သားတွေ စကားမှ မပြောနိုင်၊ ဆွံ့ကုန် အကုန်ပြီ။ ဆရာ ဒဂုန်တာရာကတော့ ဘာမှမသိ၊ သတင်းဆိုးကိုလည်း မကြားခဲ့။ အတွင်းဝန်ရုံးထဲသို့ အူလည်လည် ရောက်လာခဲ့သည်။ ဆရာဇော်ဂျီ၏ အခန်းထဲသို့ ရောက်တော့မှ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံလိုက်ရတာ သိသွားတော့၏။

တစ်ချိန်ထဲမှာပဲ ဗိုလ်ချုပ်တို့ ပစ်ခတ်လုပ်ကြတာကို သေသေချာချာ သိသွားသော လူတစ်စုရှိနေသည်။ သူတို့ကား အင်္ဂလိပ် စစ်ဗိုလ်သုံးယောက်၊ ပင်လယ်ဝမှာ ရပ်ထားသော အင်္ဂလိပ် စစ်သင်္ဘောဆီသို့ သူတို့၏ အမြန်ယာဉ် မော်တော်ဘုတ်ကလေးက ဦးတည် သွားလေသည်။

ဆရာဇော်ဂျီကတော့ ကဗျာ တစ်ပုဒ် ချရေးနေလေပြီ။

မိုးကစိုစို ကျီးအုပ်ပြို၍၊
ထိုမှ ဤမှ တို့လမ်းမ၀ယ်
ပျံကြ၀ဲကြ ငရဲထသို့၊
အုံကြွ မြည်အာ မသာယာကို
ငါကြားခဲ့သည် မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ
ကြွေလိုက်ရ၏။


ဗိုလ်ထွန်းလှ၏ အခန်းထဲမှာတော့ တစ်စက်မှ မသောက်ရသေးသော ဆန်ပြုတ် တစ်ခွက်နှင့် ပိုင်ရှင်မဲ့ မိုးကာအင်္ကျီ တစ်ထည်တို့ ကျန်ခဲ့လေသည်။ ပြန်လာယူမည့် သူကား ယနေ့ထက်ထိ ပေါ်မလာ ခဲ့တော့ချေ။ ပိုင်ရှင်မဲ့ မိုးကာကတော့ ယနေ့အချိန်အထိ ပဟေဌိ ဖြစ်နေဆဲပါပဲ။

ဇာဂနာ

http://www.tomorrow.com.mm/

အပြည့်အစုံသို့ »

ဒီမိုးကြောင့်လား၊ လူတွေကြောင့်လား - မြင်သမျှ … ကြားသမျှ




ဒီတစ်နှစ် မိုးတွင်းမှာတော့ အထူးခြားဆုံးကတော့ ဓာတ်ကြိုးပြတ်ကျပြီး လူသေဆုံးမှု စံချိန်တင်လိုက်တာပါပဲ။ ခါတိုင်းနှစ်တွေမှာ မိုးတွင်းမှာ ဓာတ်လိုက်သေဆုံးမှုတွေ ကြီးကြီးမားမား မကြားရပေမယ့် ဒီနှစ်မှာတော့ စံချိန်တင်သေဆုံးမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ် ပိုထူးခြားတာက ဓာတ်လိုက်သေဆုံးမှုများကို နစ် နာကြေး တွေလည်း လိုက်ပေးနေတယ်လို့လည်း သိရပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါဟာ အပြစ်မဲ့ သေဆုံးမှုပါပဲ။ အပြစ်မဲ့ သေဆုံးသူတွေများလာရင် ကြိုတင်ကြံစည်ထားသလို ဖြစ်တဲ့အတွက် လူသတ်မှုလည်း မြောက်လာပါလိမ့်မယ်။ ဒီကာလမှာ ဒါမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်ပြီးပြုပြင်ထားရမှာပါ။ အခုတော့ ပြုပြင်ရမှာကို မပြုပြင်ခဲ့လို့ အပြစ်မဲ့တဲ့ ပြည်သူတွေ အသက် ဆုံးရှုံးနေ ရတော့ တာပါပဲ။

တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်တဲ့အတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဒီလျှပ်စစ်မီးရဖို့ ပြည်သူပြည်သားအားလုံးက အခကြေး ငွေ ပေးထားရပါတယ်။ အခုလူတွေ သေစေခဲ့တဲ့ လျှပ်စစ်မီးကိုဘယ်သူကမှ အလကားရထားတာ မဟုတ်ပါဘူး။ ဒီလို အခကြေးငွေပေးထားရတဲ့အတွက် ပြည်သူတွေကို အာမခံချက်တော့ ပြန်ပေး ရမှာပါ။ အခုတော့ ကိုယ်အခကြေးငွေ ပေးဆောင်ထားရတဲ့အရာနဲ့ ကိုယ့် အသက်ကို ပြန်နုတ်ယူခံနေရတယ် ဆိုတော့ ဘယ်သူ့မှာ တာဝန်ရှိလဲခင်ဗျာ။

ဖြစ်ပြီးသွားမှ လျော်ကြေးပေးတာမျိုးက ဖြစ်သင့်သလားခင်ဗျာ။ ဒါဆိုရင်မေးစရာရှိပါတယ်။ လူဆိုတာ ဘယ်လောက်တန်သလဲခင်ဗျာ။ ဒါမှမဟုတ် ခင်ဗျားတို့ ဘယ်လောက် တန်သလဲသိချင်ရင် အဲဒီဓာတ်ကြိုးလေး ကိုင်လိုက်ပါ။ ဘယ့်နှယ်ဗျာ ကိုယ်အခကြေးငွေ ပေးဆောင်ထားတဲ့ အရာနဲ့ ကိုယ့် အသက် အန္တရာယ် ပြန်အခြိမ်းခြောက် ခံနေရ တယ်လို့။ ဒါလည်း ဘယ်သူ့မှာမှ တာဝန်မရှိဘူးလားဗျာ။ ကဲ…လုပ်ကြပါဦး။

ပဋိပက္ခဘွန်ဆိုင်း

ဘယ်က ဘယ်လိုထုတ်လွှင့်လိုက်တဲ့ သတင်းမှန်းမသိရဘဲ မန္တလေးမှာ မလိုအပ်ဘဲပဋိပက္ခကြီးထွားခဲ့ရပါတယ်။ ဒါဟာ အမြဲတမ်း ဖြစ်နေကျလို့ပဲ ပြောရ တော့မှာပါပဲ။ ဒါပေ မဲ့ အဲဒီလို သွေးထိုး လှုံ့ဆော်သူတွေ  အဓိကပြုလုပ်ကြိုးကိုင် နေသူတွေကို ဘယ်တော့မှ ဖမ်းမမိနိုင်တာပါပဲ။ တစ်ခါကလည်း ကားကြီး ကားငယ်နဲ့ နယ်တကာ လှည့် ပြီး အော်ဟစ်သွေးထိုးကြတာမျိုး ဖြစ်ခဲ့တယ်။ ကား တွေနဲ့ဗျာ။ လမ်းတွေမှာ အော်သွားကြတာ။ ဘယ်သူမှ ဖမ်းမမိကြဘူး။ ကဲ.. စဉ်းစားကြည့်ဗျာ။ လုံခြုံရေး အစောင့် အကြပ်တွေ အများကြီးရှိတဲ့ လမ်းမပေါ် ကားတစ်စီးနဲ့ လိုက်အော်သွားတာ ဘယ်သူမှမမိဘူး။ ဖမ်းမမိဘူးဆိုတော့ဗျာ။ အံ့သြစရာတော့ ကောင်းနေပါပြီ။

ဘယ်ပြဿနာမဆို အမြစ်ကစတင် ရှင်းလင်းရမှာကို၊ အမြစ်ဆိုတာ ဘယ်တုန်းကမှ မမြင်ရဘဲ ကိုင်းဖျားကိုင်းနားတွေလောက်နဲ့ပဲ ကိစ္စပြီးပြီးသွားတာဆိုတော့ ပဋိပက္ခတွေကို ဘွန်ဆိုင်းပင် စိုက်သလို စိုက်နေသလားတောင် ထင်မိရတယ်ဗျာ။ ဘွန်ဆိုင်းပင်ဆိုတာ သိတယ်မဟုတ်လား။ ပုံတူမျိုးပွား အပင်သေးလေးတွေ။ အသေချာဂရုစိုက်မှ ရှင်တာ မျိုးလေ။ နေ့စဉ် ကိုင်းဖျား ကိုင်းနားလေး တွေညှပ်ညှပ်ပေးနေရတယ်။ ဒါမှ အပင်က ကြီးထွားနှုန်းမြန်တာ။

အဲဒီလိုပဲ ဖြစ်နေတာဗျာ။ စဉ်းစားကြည့်။ နေ့စဉ် သစ်ခိုးထုတ်တာ မိနေတယ်။ သစ်သူခိုးကြီးမမိဘူး။ နေ့စဉ်မူးယစ်ဆေးဝါးတွေ မိနေတယ်။ ဒိုင်တွေကို မမိဘူး။ ပဋိပ က္ခ ဖြစ်ကြတယ်ဗျ။ အဓိက ဆူပူမှုဖြစ်အောင် လုပ်နေသူကို မမိဘူး။ ကဲ..ဘွန်ဆိုင်းပင်လိုပဲ စိုက်နေကြသလားတောင် ထင်မိတော့တယ်။

ရှောက်သီးဆေးပြားလှည်း

မကွေးတိုင်းမှာ ခွင့်ပြုချက်မရဘဲ အသံချဲ့စက်သုံးတဲ့အတွက် တာဝန်ရှိသူတချို့ကို ဖမ်းဆီးလိုက်တယ်ဆိုတာ သိရပြန်တယ်။ ထုံးစံအတိုင်း ပိုင်နက် ကျူးလွန်မှုလည်း ပါေ သးပေါ့။ အဲဒီလိုသာ အသံချဲ့စက်အသုံးပြုဖို့ လျှောက်လွှာသာတင်နေရမယ်ဆိုရင် လမ်းပေါ်မှာရှောက်သီးဆေးပြားသည် တောင်ဖြတ်ခွင့်ရမှာ မဟုတ်ဘူး။ စဉ်း စားကြည့်လေ ကျွန်တော်တို့လို ရပ်ကွက်တွေမှာ ကောင်မလေးက ကောင်လေးကို မကြိုက်လို့ အလိမ္မာနဲ့ ငြင်းချင်ရင် ”လော်စပီကာသံ မကြားရတဲ့နေ့ နင့်ကို အဖြေပေးမ ယ်” ဆိုပြီး ပြောလိုက်ရင် အဲဒီကောင်လေး အိုသေဖို့ပဲရှိတယ်။ လော်စပီကာသံ မကြားရတဲ့နေ့တော့ မရှိဘူး။ အဲဒီလိုသာ လော်စပီကာကြောင့် အရေးယူမယ်ဆို အတော် များများဟာလည်း နေ့စဉ် တရားစွဲခံနေရမှာပါပဲ။ထူးခြားတာက တရားခံတွေကတော့ သိရပြီး တရားလိုက ဘယ်သူပြုတယ်ဆိုတာ မရှင်းပြထားသေးပါဘူး။ တကယ်ဆို ဒီလိုကြီးကျယ်တဲ့ တရား စွဲဆိုမှုမျိုးဆိုရင် တရား လိုအနေနဲ့ ဘာကြောင့်တရားစွဲရတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲ လုပ်သင့်ပါတယ်။ ဒါမှလည်း ပြည်သူတွေက အဖြစ်မှန် ကို သိကြရမှာလေ မဟုတ်ဘူးလား။

မြန်မာ အလှမယ်တစ်ယောက် ကမ္ဘာမှာသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်ဆုရခဲ့ပေမယ့် သူ့ရဲ့သရဖူကို ပြန်လည်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေ ကလည်း အံ့သြစရာ ပါပဲ။ ကျွန်တော့် တစ်ယောက်တည်း အမြင်နဲ့ပြောရရင် သူ့ဖာသာသူ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ဆောင်ခဲ့တာပဲဗျာ။ နိုင်ငံ အနေနဲ့ကတော့ ဂုဏ်ယူရမှာပေါ့။ အဲဒီလို မဟုတ်ဘဲ လမ်းမှားရောက်ပြီး သရဖူ ပြန်အသိမ်းခံရရင် တက်နေတဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားဖွယ်သာ ရှိပါတယ်။

အခုခေတ်မှာ ညှိလို့ မရဘူးဆိုတာ မရှိပါဘူး။ ဒါပေမဲ့တစ်ယောက်ကို တစ်ယောက် ခြိမ်းခြောက်နေမယ်၊ အကျပ်ကိုင်နေမယ်၊ ညစ်နေမယ်ဆိုရင်တော့ ဘယ်လို မှ ပြေ လည် စရာ မရှိပါဘူး။အလှမယ်ကိုယ်တိုင်ကလည်း ဘယ်လိုအကျပ်အတည်း ပြဿနာတွေ ကြုံနေရသလဲဆိုတာကိုလည်း မသိရပါဘူး။ ဒါပေမဲ့ ဒါမျိုးတွေဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ပဲထင်ပါတယ်။ ဒါဟာကျွန်တော် တို့နဲ့လည်းသိပ်ဆိုင်လှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းမြောက်မြားစွာမှာမှ ကမ္ဘာ့အသိအမှတ်ပြုဆုတံဆိပ် တစ်ခုကို အခုမှ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရယူပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတစ်ခုကို နှမြောလွန်းလို့ ပြောရတာပါ။

နောက်ဆုံးကတော့ လမ်းတွေဖျက်ပြီး ပြန်မပြင်ပေးသေးတာကတော့ဒီနေ့အထိပေါ့။ ဒါကို အချို့ ရပ်ကွက်တွေမှာ ”ယတြာချေထားတာလေ” ဆိုတဲ့ စကားကိုပါ ကြားနေ ရတော့ ‘တစ်သက်လုံးအထိတော့ ယတြာမချေနိုင်ပါဘူး” လို့ပဲ တွေးမိထားပါတော့တယ်။  ဒါကြောင့် လမ်းသွားရင် သတိနဲ့သွားပါ။ လမ်းမပေါ် ရေကျော်လို့ အပေါက်ကျွံ ကျနိုင်သလို စည်းကမ်းမဲ့ကားများ ပွဲကြမ်းမှုနဲ့လည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။ ဒါမှမဟုတ် အပေါ်က ဓာတ်ကြိုးပြတ်ကျလို့လည်း ဘဝဆုံးနိုင်တာမို့ လမ်းသွားရင် အပေါက်မကျွံကျအောင် ငုံ့ကြည့်ပါ။ ယာဉ်အန္တရာယ် ကြုံ နိုင်တာမို့ ရှေ့နောက်ဝဲယာကြည့်ပါ။ ဓာတ်ကြိုးပြတ်ကျနိုင်လို့ အပေါ်လည်း ကြည့်ပါ။ကျန်းမာကြပါစေ။ ချမ်း သာကြ ပါ စေ။ အန္တရာယ်ကင်းကြပါစေ..

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

popular journal

အပြည့်အစုံသို့ »

ဘာဝယ်ခဲ့လဲ . . . မောင်ရွှေသီး



ရွှေသီးရေ . . . ကိုယ့်အမျိုး မကောင်း ကြောင်းကိုယ်ပြောရ တာလောက် ရှက်စရာကောင်း တာမရှိဘူးကွ။ ဒါပေမဲ့လည်း ကိုယ်ကမကောင်းတာနဲ့ကြုံခဲ့ရလို့ မကောင်းတာပဲပြောရတာကိုး။ ဒါကြောင့်လည်း ရှေးမြန်မာကြီး တွေက ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတယ်ဆိုတဲ့စကားမျိုး ပြောခဲ့ကြတာဖြစ်မယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဈေးကြီး တစ်ဈေးထဲကိုရောက်သွားတယ်။ အိမ်မှာ လိုအပ်တာလေးဝယ်ဖို့ ပေါ့။ အဲဒီဈေးထဲမှာ မီးဖိုရောင်း တဲ့ဆိုင်နှစ်ဆိုင်ကပ်လျက်ရှိတယ် ကွ။ ဆိုင်ရဲ့အခြေအနေကိုကြည့် ပြီး ဆိုင်တစ်ဆိုင်ထဲရွေးဝင်လိုက် တယ်။ သူ့ဆိုင်ရှေ့မှာရှိနေတဲ့ မီး ဖိုတွေထဲမှာ ငါလိုချင်တဲ့မီးဖိုဆိုဒ် မတွေ့ရဘူး။ ဒါနဲ့ ငါကဆိုင်မှာရှိ နေတဲ့မီးဖိုတစ်လုံးကိုလက်ညှိုးထိုးပြပြီး ဒီထက်သေးတဲ့ဆိုဒ်ရှိ လားလို့မေးလိုက်တယ်။ သူကရှိ တယ်ဆိုပြီး  ဆိုင်ထဲကမီးဖိုတစ်လုံး ကို လက်ညှိုးထိုးပြတယ်။ သူပြတဲ့ မီးဖိုက ငါလိုချင်တာထက်ကြီးနေ သေးတယ်။ ဒါနဲ့ ငါက နောက် တစ်ဆိုဒ်ကောရှိလားလို့မေးမိ တယ်။ သူက မျက်နှာခပ်တည် တည်နဲ့ ခင်ဗျားက နံပါတ်ဘယ် လောက်လိုချင်တာလဲတဲ့။

ကဲ. . . မင်းသာစဉ်းစား ကြည့်။ ငါတို့လိုဈေးဝယ်သူတွေ ဟာ အိမ်သုံးပစ္စည်းတွေရဲ့ဆိုဒ် နံပါတ်ကို ဘယ်သူကသေသေချာ ချာသိမှာလဲ။ တချို့ပစ္စည်းတွေက နံပါတ်ကြီးလေ ဆိုဒ်ကြီးလေဆို ပေမယ့် တချို့ကတော့ ပြောင်း ပြန်။ မီးဖိုနံပါတ် ၁၊ ၂၊ ၃၊ ၄ မှာ ဘယ်ဟာကအကြီး၊ အသေးဆို တာမသိနိုင်ဘူးလေ။ ဒါနဲ့ ငါက ရေနွေးအိုးဆိုင်ကပြောတာ ရေ နွေးအိုးဆိုဒ်က 7 တဲ့။ အဲဒါနဲ့ အဆင်ပြေတာလိုချင်လို့ဆိုပြီး အရွယ်အစားကိုတောင် လက်နဲ့ ဝိုင်းပြလိုက်တယ်။ ဒီမှာတင် ဆိုင် ရှင်က မျက်နှာထားတင်းတင်းနဲ့ ခင်ဗျားအိမ်ပြန်ပြီး ရေနွေးအိုးကို တိုင်းလာခဲ့။ ပြီးတော့မှလာဝယ် လို့ပြောပြီး ကုလားထိုင်မှာသွား ပြန်ထိုင်နေတယ်။ ငါ့ကိုလည်း လာရှုပ်တယ်ဆိုတဲ့ပုံမျိုးနဲ့ပေါ့ ကွာ။ ငါလည်း ဒေါသထွက်ထွက် နဲ့ သူနဲ့ကပ်လျက်ဆိုင်ဘက်ကို ကူးခဲ့ရတယ်။

နောက်တစ်ဆိုင် ရောက် တော့ ခုနဆိုင်မှာ ငါပြောခဲ့တဲ့ အတိုင်းပဲပြောတာပါပဲ။ ဆိုင်ရှင် က အစ်ကို ခဏနော်ဆိုပြီး သူ့ဆိုင် ထဲက မီးဖိုတစ်လုံးဆွဲထုတ်လာ တယ်။ ရေနွေးအိုးဆိုဒ် 7 ဆိုရင် ဒီ မီးဖိုနဲ့ကွက်တိပဲ။ မရရင်ပြန်လာ လဲ။ အစ်ကို့ဆိုက်ကားခ ကျွန်တော်ပြန်ပေးမယ်လို့ပြောပြီး မီးဖိုဆို ဘယ်လိုဟာမျိုးကိုသုံး အကြမ်းခံ တယ်။ ဘယ်လိုဟာမျိုးကိုတော့ မသုံးနဲ့ဆိုပြီး စိတ်ရှည်လက်ရှည် ရှင်းပြနေသေးတယ်။ ငါလည်းသူ့ ဆီကမီးဖိုအကြီးတစ်လုံး အသေး တစ်လုံးဝယ်လာခဲ့တယ်။

ငါ နောက်ထပ်ပန်းကန်ဆိုင် ဘက်ကိုကူးတယ်။ အချိုပန်းကန် ပြားအချပ်သုံးဆယ်မှာတယ်။ငါ လိုချင်တဲ့အဆင်လေးရွေးပြီး ဈေးညှိပိုက်ဆံပေးပြီးတခြားပစ္စည်း ဝယ်ဖို့သွားမယ်ဆိုတော့ ပန်းကန် ဆိုင်ရှင်က အိုကေ အစ်ကို။ ကျွန် တော်သေသေချာချာစစ်ပြီးထည့် ထားလိုက်မယ်တဲ့။ ငါဈေးတစ် ပတ်ပတ်ပြီးပြန်လာတော့ ပန်း ကန်တွေထုပ်ပိုးပြီးနေပြီ။ အိမ် ရောက်လို့ အချိုပန်းကန်ပြားတွေ ဖြေကြည့်လိုက်တော့ ငါပြခဲ့တဲ့ အဆင်ဒီဇိုင်းက ငါးချပ်ပဲပါတယ်။ ကျန်တာတွေက တခြားဒီဇိုင်းတွေ ဖြစ်နေတယ်။ ငါ့မှာ ပစ္စည်းတွေ ကလည်းအရေးတကြီးလိုနေချိန်၊ အလုပ်ကလည်းရှုပ်နေချိန်ဆို တော့ ဆိုင်ကိုဘယ်လိုမှသွားပြန် လဲဖို့မလွယ်ဘူး။ ဒါပေမဲ့လည်း ပန်းကန်လုံးက ဆင်တူ။  အောက်ခံ ပန်းကန်ပြားကတကွဲတပြားဖြစ် နေတဲ့အခြေအနေကို မင်းမျက်စိ ထဲမြင်ကြည့်လိုက်လေ။ ဒါနဲ့ ဆိုက်ကားဆရာကိုလွှတ်ပြီး ပန်း ကန်လဲရင်လဲပေး၊ မလဲရင်လည်း ပိုက်ဆံပြန်ပေးပါလို့ခိုင်းရတော့ တယ်။

ရွှေသီးရေ . . . လူမှုကွန်ရက် တွေပေါ်မှာ၊ ကျေးရွာရပ်ကွက် တွေမှာ ဘာသာခြားဆိုင်ကပစ္စည်းတွေမဝယ်ဖို့၊ ဘာသာခြားပစ္စည်းကိုမသုံးဖို့ လှုံ့ဆော်အော်ဟစ် နေသူတွေကို ငါသတိရမိတယ်။ ဆောင့်ကြီးအောင့်ကြီးနဲ့ မချေမငံပြောလိုက်တဲ့မီးဖိုဆိုင်က ဗုဒ္ဓဘာ သာဝင်ရောင်းတဲ့ဆိုင်။ ငါဝယ်ခဲ့တဲ့ဆိုင်က ဘာသာခြားရောင်း တဲ့ဆိုင်ကွ။ ဒီလိုပဲ ပန်ကန်ပြားလဲလိုက်တဲ့ဆိုင်ကလည်းဗမာ ဗုဒ္ဓဘာသာဆိုင်ပဲလေ။ ကိုယ်နဲ့ဘာသာတူ၊ မျိုးနွယ်တူသူတွေက ကိုယ့်ကို လာအားပေးတဲ့ဖောက်သည်ကို ရန်သူသဖွယ်ဆက်ဆံပြီး ဘာသာခြားကနှိမ့်ချရိုကျိုးစွာနဲ့ ပြည့်ဝတဲ့ ဝန်ဆောင်မှုပေးနေ တာကို တို့ကဘာကိုရွေးချယ်မှာ လဲ။ မျက်စိမှိတ်ပြီး တို့ဘာသာ မှတို့ဘာသာ၊ တို့အမျိုးမှ တို့ အမျိုးလို့ အံကြိတ်သည်းခံပြီးအမျိုး ဘာ သာကို ချစ်ပြရမှာလား ရွှေသီး။

တို့ကြည်ညိုကိုးကွယ်တဲ့ ဗုဒ္ဓ က လောကုတ္တရာသံသရာအကျိုး ကိုတင်မဟုတ်ဘူး။ လောကီပစ္စု ပ္ပန်အကျိုးအတွက်လည်း ညွှန်ပြ ခဲ့တာပဲလေ။ ဈေးသည်တွေမှာရှိ အပ်တဲ့အင်္ဂါရပ်တွေကို အဂုင်္တ္တရ နိကာယ်၊ တိကနိပါတ်၊ ပါပဏိက သုတ်မှာဟောကြားခဲ့သတဲ့။ အဲဒါကို မဟာသဒ္ဓမ္မဇောတိကဓဇ သရက်ဆရာတော်ရှင်ပညာဝရ က ကြီးပွားချမ်းသာရေးအတွက် ဈေးသည်ကုန်သည်၏အင်္ဂါရပ် ခြောက်ပါးဆိုပြီး ဆောင်းပါးတစ် ပုဒ်ရေးခဲ့ဖူးတယ်ကွ။ ဈေးသည်ရဲ့ အင်္ဂါရပ်တွေထဲမှာ နံပါတ်(၁)က ပညာမျက်စိတဲ့။ ဘယ်ကုန်ကို ဘယ်ကယူပြီး ဘယ်မှာဘယ်ဈေး နဲ့ရောင်းမယ်ဆိုတာမျိုးပေါ့။ နံပါတ်(၂)က လုံ့လဝီရိယတဲ့။ ဒါကတော့ ရှင်းပါတယ်။ သုံးက ကျတော့ အမှီရှိခြင်းတဲ့။ ဒါကငွေ ကြေးအရင်းအနှီးအဆက်အသွယ်ပံ့ပိုးတဲ့လူပေါ့။ နံပါတ် (၄)က ပုဗ္ဗ ဏှသမယံသက္ကစံ္စကမ္မံအဓိဋ္ဌာတိ လို့ဆိုတယ်။ နံနက်အခါရိုသေစွာ ရောင်းဝယ်ခြင်းအမှုကိုပြုစီရင် ခြင်း၊ နံပါတ် (၅)က နေ့အခါ၊ နံပါတ်(၆)ကညချမ်းချိန်ခါမှာ ရိုသေစွာရောင်းဝယ်ခြင်းအမှုကိုပြုပြင်စီရင်ခြင်းလို့ဟောကြားခဲ့သတဲ့။

ပြောရရင်တော့ ဈေးရောင်း သူတစ်ယောက်ဟာ နံနက်အခါ ဖြစ်စေ၊ နေ့လယ်အခါဖြစ်စေ၊ ည ချမ်းအခါဖြစ်စေ ဈေးရောင်းတဲ့ကိစ္စကို ရိုသေစွာပြုရမယ်ဆိုတာပါပဲ။ ဈေးဝယ်လာသူတွေရဲ့ဈေး ဆစ်တာ၊ စူးစမ်းမေးမြန်းတာနဲ့ပတ်သက်ပြီးဝယ်သူရဲ့အပြော အဆို အယွင်းအမှားချို့ယွင်းချက် တွေ ကို စိတ်မတို၊ အမျက်မပွားဘဲ စိတ်ရှည်ရှည်သဘောထားကြီး ကြီးလိုက်လျောဆက်ဆံရမယ်။ ဈေးဝယ်ဖို့လာတဲ့လူအားလုံးဟာ မိမိကြီးပွားတိုးတက်စေဖို့ လာ ရောက်ချီးမြှောက် အားပေးနေ တယ်ဆိုတာကို အမြဲတစေအမှတ် ရနေရမယ်။ အဲဒါဟာ ရိုသေစွာ ရောင်းဝယ်ခြင်းအမှုကိုပြုတာပဲ ပေါ့။

ရွှေသီးရေ နောက်ထပ်ငါ ကြားဖူးတာလေးတစ်ခုရှိသေး တယ်။ တို့ငယ်ငယ်က တို့ကိုစာ သင်ပေးခဲ့တဲ့ ဘုန်းတော်ကြီးနှုတ် တိုက်ချပေးခဲ့တာကွ။ ဆရာတော် ကတော့ ဘုရားဟောလို့ပြောတာ ပဲ။ ဘယ်ပါဠိမှာပါတယ်တော့ မပြောခဲ့ဘူး။ ဈေးသည်အင်္ဂါ ခြောက်ပါးကို လင်္ကာလေးနဲ့ရွတ် ရတယ်။ ဈေးသည်တွေဆောင်ရန် ကဖိတ်ခေါ်၊ မေးမြန်း၊ စုံစမ်း၊ ရွေး ချယ်၊ မေးဖွယ်အပို၊ ဆိုဖွယ်လော ကွတ်၊ ဈေးသည်ဝတ်တဲ့။ နောက် ရှောင်ရန်ခြောက်ပါးက ရန်လိုညှိုး ရော်၊ ဆိုင်ပေါ်ပွေရှုပ်၊ ကိုယ်နေ မသစ်၊ ပုဆစ်ကြွေအန်၊ မတန် ဝတ်စား ဤခြောက်ပါး ရှောင်ရှား ဈေးသည်ဝတ်တဲ့လေ။

ဗုဒ္ဓဟာ တရားတွေကို ဟောဖော်ညွှန်ပြတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုပြီး ဟောကြားခဲ့တာမဟုတ်ဘူး။ ဗုဒ္ဓဝါဒကို သက် ဝင်သည်ဖြစ်စေ၊ မသက်ဝင်သည် ဖြစ်စေ ဗုဒ္ဓရဲ့အဆုံးအမသြဝါဒနဲ့ ညီနေရင် လောကကောင်းကျိုး ဖြစ်ထွန်းစေတာပဲ။ လူမှုဝန်းကျင် ကိုယ်စိတ်နှစ်ပါးချမ်းသာတာပဲ လေ။ ငါတို့က ဗုဒ္ဓဘာသာကွဆို ပြီး ဗုဒ္ဓရဲ့အဆုံးအမသြဝါဒဆိုတာ ကို နည်းနည်းမှမသိ၊ နည်းနည်းမှ မကျင့်သုံးရင်တော့ လူမှုဝန်းကျင် ရဲ့အန္တရာယ်၊ လောကကိုဆိုးကျိုး သယ်ဆောင်လာသူသာဖြစ်မှာ ပေါ့။ ခုပဲကြည့်လေ ဗုဒ္ဓရုပ်ပွား တော်မြတ်ကို ဆိုင်ပေါ်တင်ကိုး ကွယ်ထားတဲ့ဆိုင်တစ်ဆိုင်က ဗုဒ္ဓ ဟောကြားတဲ့ဈေးသည်ကျင့်ဝတ် နဲ့ဖီလာတဲ့အပြုအမူကိုပြုမူလိုက် ချိန်မှာ ဗုဒ္ဓတရားဆိုတာကို နကန်းတစ်လုံးမှမသိတဲ့ တခြားဘာသာ ဝင်တစ်ဦးက ဗုဒ္ဓသြဝါဒနဲ့ညီတဲ့ ဈေးသည်အင်္ဂါနဲ့ မေးဖွယ်အပို၊ ဆိုဖွယ်လောကွတ်လုပ်လိုက်တဲ့ အခါမှာ ဈေးဝယ်သူတွေဘယ် လောက်စိတ်ချမ်းသာရသလဲ။

ရွှေသီးရေ . . . လူမျိုးကို အကြောင်းပြု၊ ဘာသာကိုရှေ့ တန်းတင်ပြီး ဟိုဆိုင်မှာမဝယ်နဲ့ ဒီဆိုင်ကိုအားမပေးနဲ့၊ ဟိုပစ္စည်း မသုံးနဲ့လို့ မစ္ဆရိယတွေနဲ့ တားဆီး နှောင့်ယှက်နေမယ့်အစား ဗုဒ္ဓ ဟောကြားခဲ့တဲ့ဈေးသည် အင်္ဂါ ရပ် လက္ခဏာတွေကိုသာ မင်း ကျင့်သုံးထိန်းသိမ်းနိုင်ခဲ့ရင် မင်း ဆိုင်မှာဝယ်သူတွေတန်းစီစောင့် ဆိုင်းနေပါလိမ့်မယ်။ မင်းကိုယ် တိုင်လည်း ဈေးဝယ်ချိန်မှာ ဈေး သည်အင်္ဂါရပ်နဲ့ပြည့်စုံတဲ့ဆိုင်ကို သွားမှာမဟုတ်လား။ မင်းဈေးက ပြန်လာတဲ့အခါမှာ လူတွေကမင်း ကိုဘယ်ဘာသာဝင်ဆိုင်ကဝယ်ခဲ့ သလဲလို့ ဘယ်တော့မှ မမေးဘူး။ ဘာဝယ်ခဲ့သလဲလို့ပဲမေးမှာ မောင်ရွှေသီး။ ။

7day daily

အပြည့်အစုံသို့ »

ဘယ်သူတွေက ပိုရိုင်းသလဲ



(တစ်)

နိုင်ငံကျော် စာရေးဆရာကြီး ဦးအောင်သင်းနှင့် မကြာခဏဆိုသလို ခရီးအတူသွားဖြစ်ပါသည်။ နိုင်ငံအနှံ့အပြား၌ ကျင်းပကြရာ စာပေဟောပြောပွဲများ၌လည်း အတူတကွ ပွဲပေါင်းများစွာ တက်ရောက်ဟောပြောဖြစ်ခဲ့ကြပါသည်။ လူသားတို့၏ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်းများနှင့်ပတ်သက်၍ ဆရာဦးအောင်သင်း တစ်ခါတစ်ခါ ထည့်သွင်းပြောဆိုလေ့ရှိသည့် ထေ့လုံးငေါ့လုံးကလေးတစ်ခုကို ကျွန်တော့်စိတ်ထဲ၌ ယခုတိုင်စွဲငြိလျက်ရှိပါသည်။ သည်လိုပါ။

တစ်နေ့သ၌ လူယဉ်ကျေးဟုဆိုသူတစ်စုတို့ လူရိုင်းတို့ ကျက်စားနေထိုင်ကြရာ ကျွန်းကြီးတစ်ကျွန်းရှိရာဆီသို့ အမှတ်မထင်ရောက်ရှိ၍ သွားခဲ့ကြပါသည်။ အဆိုပါလူရိုင်းတို့မှာ မည်ကာမတ္တလူရိုင်းများမဟုတ်ကြဘဲ လူသားစားသည့် တကယ့်လူ့အရိုင်းအစိုင်းများ အဆင့်ဖြစ်ပါသည်။ ဘာဘေးရီးယန်း (Barbarian) မျိုးနွယ်များဟုပဲ ဆိုကြပါစို့။

သို့ဖြင့် အရိုင်းနှင့် အယဉ်တို့ တွေ့ကြလေရာ အယဉ်များက အရိုင်းများကို အထင်သေးစွာဆက်ဆံပါသည်။ လူသတ်သလားဟုမေးရာ အရိုင်းတို့က သတ်ကြောင်းဝန်ခံပါသည်။ သတ်ပြီးတော့ စားသလားဟု ထပ်မေးရာ စားကြောင်း ၀န်ခံပြန်ပါသည်။ ထို့ကြောင့် အယဉ်များက ဒါ့ကြောင့်ရိုင်းတာဟု မှတ်ချက်ပေးပါသည်။

ထို့နောက် အရိုင်းတို့က မေးခွန်းမေးသော အလှည့်ဖြစ်ပါသည်။ မင်းတို့လူတွေရော တစ်ယောက်နဲ့တစ်ယောက် တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြသလားဟုမေးရာ အယဉ်တို့က တိုက်ကြောင်း၊ ခိုက်ကြောင်း၊ သတ်ကြောင်း၊ ဖြတ်ကြောင်း ၀န်ခံပါသည်။ အရိုင်းတို့က သတ်ပြီးလျှင် စားသလားဟုမေးပါသည်။ အယဉ်တို့က မစားပါကြောင်း ခါးခါးသီးသီး ငြင်းဆန်ပါသည်။

ဤ၌ လူရိုင်းတို့က ကောက်ချက်တစ်ခု ဆွဲပါလေတော့သည်။ ငါတို့တွေက စားဖို့အတွက်သတ်တာ။ မင်းတို့တွေက မစားဘဲနဲ့ အကြောင်းမဲ့သက်သက်သတ်တာ။ ဒါ့ကြောင့် မင်းတို့တွေက ပိုပြီးတော့ ရိုင်းတာတဲ့။

ဆရာကြီးဦးအောင်သင်း၏ ဟောပြောမှု အတတ်ပညာအောက်မှာ ပရိသတ်၏ သြဘာပေးသံများက ကျွက်ကျွက်ညံလို့။

ဟုတ်ပါသည်။ ကျွန်တော်တို့ ရိုင်း၊ မရိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့ လိုအပ်လာခဲ့ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက် အကြောင်းမဲ့သက်သက် ရန်ပြုသတ်ဖြတ်နေကြသော ကျွန်တော်တို့ တစ်တွေသည် တကယ့်ကိုယဉ်ကျေးသော ကမ္ဘာသို့ ရောက်ရှိနေခဲ့ကြပြီဆိုသည်မှာ ဟုတ်မှဟုတ်ပါလေစ။

(နှစ်)

လူတစ်ယောက်ကို အဆုံးအဖြတ်ပေးသည်မှာ ထိုသူ၏စရိုက်နှင့်သာ သက်ဆိုင်ပါသည်။ သုစရိုက်သမားလား၊ ဒုစရိုက်သမားလား၊ ဓမ္မ၀ါဒီလား၊ အဓမ္မ၀ါဒီလား။ သုစရိုက်သမားဆိုလာ၊ ဒုစရိုက်သမားဆိုသွား။ ဓမ္မ၀ါဒီဆိုလာ၊ အဓမ္မ၀ါဒီဆိုသွား။ ဒါပဲဖြစ်ပါသည်။

ကျွန်တော်တို့ ဟစ်တလာကို မုန်းကြသည်မှာ ဂျာမနီနိုင်ငံသားဖြစ်နေ၍ မုန်းကြသည်မဟုတ်ပါ။ အိုစမာဘင်လာဒင်ကို ရွံကြသည်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်နေ၍ ရွံကြခြင်းမဟုတ်ပါ။ မူဆိုလိုနီကို စက်ဆုပ်ကြသည်မှာ လူဖြူဖြစ်နေ၍ စက်ဆုပ်ကြခြင်းမဟုတ်ပါ။ သူတို့၏ ရက်စက်သော နှလုံးသားနှင့် ကြမ်းကြုတ်သော လုပ်ရပ်များကို အခြေခံကာ မုန်းကြ၊ ရွံကြ၊ စက်ဆုပ်ကြခြင်း ဖြစ်ပါသည်။

ဒါဆို အစ္စလာမ်ဘာသာဝင်ဖြစ်သည့် အိန္ဒိယသမ္မတဖြစ်ခဲ့သူ အဗ္ဗဒူကလာမ်ကြီးကို ကျွန်တော်တို့ အဘယ့်ကြောင့် လေးစားနေကြပါသလဲ။ ဟိန္ဒူစစ်စစ်ကြီးဖြစ်သည့် မဟတ္တမဂန္ဒီကြီးကိုရော ကျွန်တော်တို့ အဘယ့်ကြောင့် ချစ်နေကြတာပါလိမ့်။ ခရစ်တော်၌ ယုံကြည်သက်ဝင်သူ မာသာထရီဆာကိုရော ကျွန်တော်တို့ အဘယ်ကြောင့် မြတ်နိုးနေကြတာပါလိမ့်။ အိုင်းစတိုင်းဟာ ဂျာမနီမှာ မွေးတဲ့လူကြီးပါဆိုပြီး ကျွန်တော်တို့ မုန်းခဲ့ကြလို့လား။ ရှင်းပါသည်။သူတို့ကို ကျွန်တော်တို့ချစ်တာ၊ လေးစားတာ၊ မြတ်နိုးတာများသည် ကိုးကွယ်သည့်ဘာသာတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေနှင့်မဆိုင်။ သူတို့၏စရိုက်နှင့် သူတို့၏နှလုံးသားများကို ချစ်ခင်လေးစားမြတ်နိုး၍ တန်ဖိုးထားနေခြင်းသာပါ။

(သုံး)

ဆရာကြီးအက်စ်အက်စ်ဂိုအင်ကာကို မြန်မာတို့ အသိအရှိများပါသည်။ နာမည်အတိုကောက်က S.S.Goenka။ အပြည့်အစုံခေါ်တော့ Shyam Sunder Goenka ။ ၁၉၃၂ အောက်တိုဘာ ၁၅ ရက်တွင်မွေးပြီး ၂၀၀၂ အောက်တိုဘာ ၂၁ ရက်၌ အနိစ္စရောက်ရရှာသည့် ၀ိပဿနာဆရာကြီးဂိုအင်ကာ။

ဆရာကြီး၏ စာတစ်အုပ်ကို ဆရာပါရဂူဘာသာပြန်ဆိုဖူးပါသည်။ ‘‘ဓမ္မ၊ ဘ၀တစ်လျှောက် နေသွားနည်း အနုပညာ’’တဲ့။

သည်စာအုပ်ထဲမှာ ဆရာကြီးဂိုအင်ကာက မေးခွန်းတချို့မေးထားခဲ့ပါသည်။ လူသတ်တာ မကောင်းဘူး။ လိမ်တာမကောင်းဘူး။ ခိုးတာမကောင်းဘူး။ သူတစ်ပါးသားမယား ပစ်မှားတာမကောင်းဘူး။ အဂတိတရားလိုက်စားတာ မကောင်းဘူး။ လောဘကြီးတာ မကောင်းဘူး။ ဒေါသကြီးတာ မကောင်းဘူး။ မောဟကြီးတာ မကောင်းဘူး … စသည် စသည်များ ….။

ဆရာကြီးဂိုအင်ကာက ဘယ်သူ့အတွက်မကောင်းတာလဲတဲ့။ ဗုဒ္ဓဘာသာဝင်တွေအတွက် မကောင်းတာလားတဲ့။ ခရစ်ယာန်ဘာသာဝင်တွေအတွက် မကောင်းတာလားတဲ့။ ဟိန္ဒူအတွက်ကရောတဲ့။ အစ္စလာမ်တွေအတွက်ကရောတဲ့။ ဂျာမန်တွေက ကျူးလွန်ရင်ကောင်းသလားတဲ့။ ရုရှတွေက ကျူးလွန်ရင် ကိစ္စမရှိဘူးလား။ အမေရိကန်တွေက ကျူးလွန်ခွင့်ရှိသလား။

ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရသော်လည်း ချောက်ချားစရာကောင်းတဲ့ မေးခွန်းတွေပါ။ ကောင်းမှု၊ မကောင်းမှုဆိုတာ လူမျိုးနဲ့ နိုင်ငံနဲ့ ကိုးကွယ်ရာဘာသာနဲ့ အသားအရောင်နဲ့ သတ်မှတ်လို့ရတဲ့ အရာမျိုးမှ မဟုတ်တာလား။ လုပ်ရပ်နဲ့သာ သတ်မှတ်ကြရတာမျိုးပါ။

(လေး)

ဒုစရိုက်မှုတစ်ခုကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ကျူးလွန်ခဲ့သော် ထိုကျူးလွန်သူ၌ အပြစ်ရှိပါသည်။ ထို့အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ မည်သူမဆို ကျူးလွန်လျှင် ကျူးလွန်သူ၌ အပြစ်ရှိပါသည်။ မကျူးလွန်သူတို့နှင့် ဘာမှမဆိုင်။ ထိုင်းလူမျိုးတစ်ယောက်က ကျူးလွန်ခဲ့လျှင်လည်း ထိုကျူးလွန်သူ ထိုင်းလူမျိုး၌ အပြစ်ရှိပါသည်။ ကျန်ထိုင်းလူမျိုးများနှင့် ဘာမှမဆိုင်။

ယခုအခါ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်၌ မည်သို့သော ပြစ်မှုကိုမှ မကျူးလွန်သည့် လူသားတို့အပေါ် မည်သည့်ဘာသာဝင်ပဲဟု၊ မည်သည့်လူမျိုးပဲဟု၊ မည်သည့် နိုင်ငံသားပဲဟု တံဆိပ်ကပ်ကာ တိုက်ခိုက်သတ်ဖြတ် ညှဉ်းပန်းနေကြသည်များမှာ လူယဉ်ကျေးတို့ကမ္ဘာမှ ဟုတ်ပါလေစဟု မေးရတော့မည့် အနေအထားဖြစ်ပါသည်။

အမုန်းတို့ အချစ်တို့ဆိုသည်မှာ ကိုးကွယ်ရာတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေနှင့်မဆိုင်ပါ။ လုပ်ရပ်နှင့်သာ ဆိုင်ပါသည်။ မျိုးမတူသည့်သတ္တ၀ါကို ရန်ရှာလိုသည်မှာ တိရစ္ဆာန်တို့၏ သင်ရိုးညွှန်းတမ်း ဖြစ်ပါသည်။

ဆရာကြီးဦးအောင်သင်း၏ ထေ့လုံး၊ ငေါ့လုံးကလေး ပြန်ကောက်ပါရစေ။ မစားဘဲနဲ့ မင်းတို့က လူအချင်းချင်း သတ်နေကြတယ်။ ဒါ့ကြောင့် မင်းတို့ကပိုရိုင်းတယ်တဲ့။ အသားစားလူရိုင်းတို့၏ ကောက်ချက်စကား။

 7day daily

အပြည့်အစုံသို့ »

စိတ်ရှိခဲ့မယ်ဆိုရင်လေ...


ကျွန်မအိပ်ရာဝင်တော့ ည(၁၁)နာရီထိုးနေပြီ။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတဖွဲဖွဲကျနေတယ်။ စောင်အောက်ထဲ ကျွန်မတိုးဝင်ရင်း နှိုးစက်ကိုယူလိုက်တယ်။ နှိုးစက်ကရပ်နေတယ်---- ဓာတ်ခဲဝယ်ဖို့ ကျွန်မမေ့သွားပြန်ပြီ။ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အိပ်ရာထက်ကနေကျွန်မ မထချင်တော့ဘူး။ ကြိုးဖုန်းကို ကောက်လှည့်ပြီး အဝေးကအမေကို ကျွန်မလှမ်းဖုန်းဆက်လိုက်တယ်။

"မေမေ.. သမီးနှိုးစက် ဓာတ်ခဲကုန်သွားလို့... မနက်ဖြန်အစောကြီး ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်။ မနက်(၆)နာရီမှာ သမီးကိုဖုန်းဆက်ပြီး နှိုးပါနော်"

"ကောင်းပါပြီ... သမီး" ဖုန်းတစ်ဘက်က အိပ်ချင်မူးတူးနဲ့ အမေအသံကို ကြားရတယ်။

မနက်ဖုန်းမြည်တဲ့အချိန် ကျွန်မ အိပ်မက်လှလှမက်နေတုန်းပဲ။ အပြင်မှာလည်း မှောင်မည်းနေသေးတယ်။

"သမီးငယ်... ထတော့.. အစည်းအဝေးရှိတယ် မဟုတ်လား"

လက်မြှောက်ပြီး နာရီကို ကျွန်မကြည့်လိုက်တယ်။ မနက် ၅နာရီ မိနစ်၎ဝ....

"မေမေကလဲ ၆နာရီမှနှိုးတာ မဟုတ်ဘူး။ သမီး ပိုအိပ်ချင်သေးလို့ပါ... ခုတော့ မေမေကြောင့် သမီးစောစောနှိုးသွားပြီ"

မေမေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအော်မိတယ်။ မေမေဘက်က ဘာအသံမှထွက်မလာခဲ့လို့ ကျွန်မဖုန်းချလိုက်တယ်။

ဖြီးလိမ်းပြင်ဆင်ပြီး အိမ်ကနေ ကျွန်မထွက်ခဲ့တယ်။ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကဖွဲဖွဲကျနေသေးတယ်။ ဘတ်စ်ကားရပ်စောင့်ရင်း ခြေထောက်တွေကို ကျွန်မလှုပ်ရှားနေမိတယ်။ ဝေလီဝေလင်း ပတ်ဝန်းကျင်အောက်မှာ ကျွန်မဘေးရပ်နေတဲ့ ဆံဖြူလူအိုနှစ်ယောက်ကို ကျွန်မ သတိထားလိုက်မိတယ်။ သူတို့ပြောတဲ့စကားကို ကျွန်မနားထောင်နေမိတယ်။

"အဘွားကြီး... တစ်ညလုံး နင်ကောင်းကောင်းမအိပ်ခဲ့ဘူး။ တစ်နာရီစောပြီး ငါ့ကိုလောနေလိုက်တာ.. အခုကြည့်စမ်း အကြာကြီးရပ်စောင့်နေရပြီ"

ဟုတ်ပါတယ်... ဂိတ်ကနေ ဦးဆုံးထွက်မယ့် ဘတ်စ်ကားကို ၅မိနစ်စောင့်ရဦးမယ်။

ဘတ်စ်ကားရောက်လာတာနဲ့ ကားပေါ် ကျွန်မတက်လိုက်တယ်။ ကားမောင်းတဲ့လူက လူငယ်လူရွယ်တစ်ယောက်ပါ။ ကားပေါ်ကျွန်မရောက်တာနဲ့ ကားတံခါးကိုပိတ်ပြီး သူမောင်းထွက်သွားတယ်။

"ဟိုး..ဟိုး.. ကားဆရာ အောက်မှာလူအိုနှစ်ယောက် ကားပေါ်မတက်ရသေးဘူး။ ရာသီဥတု ဒီလောက်အေးတာ.. သူတို့ကားစောင့်နေတာကြာပြီ။ ရှင်ဘာဖြစ်လို့ မစောင့်ဘဲ မောင်းထွက်သွားရတာလဲ"

"အော်.. ကိစ္စမရှိပါဘူး။ အဲတာ ကျွန်တော့်အဖေနဲ့အမေပါ။ ဒီနေ့ ကျွန်တော်ဘတ်စ်ကား စမောင်းတဲ့နေ့မို့ ကျွန်တော့်ကို လာစောင့်ကြည့်ကြတာပါ" လူရွယ်က ခပ်သွက်သွက်ပြန်ဖြေတယ်။

ရုတ်တရက် ကျွန်မမျက်ရည်ကျမိတယ်။ "သမီးရဲ့မေမေက တစ်ညလုံးကောင်းကောင်းမအိပ်ဘဲ နှိုးနေခဲ့တယ်။ သမီးနောက်ကျမှာစိုးလို့တဲ့" ဖုန်းဆက်ပြောလာတဲ့ အဖေရဲ့စကားကို ကျွန်မကြားယောင်ရင်း ဂျုးလူမျိုးတို့ရဲ့ စကားပုံတစ်ခုကို ကျွန်မ သွားသတိရမိတယ်။

အဖေကသားကို ပစ္စည်းပေးတဲ့အချိန် သားရယ်တယ်။
သားကအဖေကို ပစ္စည်းပေးတဲ့အချိန် အဖေငိုတယ်။

သင်ရော မျက်ရည်ကျခဲ့ပြီလား၊ အခုထက်ထိ ကျွန်မမျက်လုံးမှာ မျက်ရည်တွေ စွတ်စိုနေဆဲပါ။ ဆံဖြူဖြူမိဘတွေပေးဆပ်တဲ့ တည်တည်ငြိမ်ငြိမ်မေတ္တာကို ကျွန်မတို့ ဂရုမစိုက်မိတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ! အဲဒီမေတ္တာကို ဝန်တစ်ခုလို့ ကျွန်မတို့ထင်ခဲ့ကြတယ်။ သူတို့ရဲ့ အသေးစိတ်ဂရုစိုက်တဲ့ စကား၊ အမေးတွေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မတို့ငြင်းဆန်အာခံခဲ့တယ်။ သူတို့ရင်ထဲက အချစ်နဲ့ပြည့်နေတဲ့ နှလုံးသားကိုတော့ ကျွန်မတို့ သတိမထားမိခဲ့ကြဘူး။

တကယ်လို့ မိဘတွေရဲ့အချစ်ကို ကျွန်မတို့သည်းခံနားလည်ခဲ့ရင် သူတို့ပိုပြီးပျော်ရွှင် ကျေနပ်လိမ့်မယ်ထင်ပါတယ်။ စိတ်ရှည်ရှည်လေးထားပြီး သူတို့ပြောတာ၊ မေးတာကို ပြန်ပြော၊ ပြန်ဖြေမယ်။ နေကောင်း ကျန်းမာလားဆိုတဲ့ ဖုန်းလေးတစ်ချက်ဆက်မယ်။ သူတို့အနား တစ်ရက် နှစ်ရက်လောက် ချွဲချွဲကပ်ကပ်နေမယ်..... ဒါတွေက ဘာခက်ခဲတဲ့အလုပ်မှ မဟုတ်ပါဘူး... ကျွန်မတို့သာ စိတ်ရှိခဲ့မယ်ဆိုရင်လေ..........

မူရင်း .. http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20100427/142408.html (ဆီလျော်အောင် ဘာသာပြန်ပါတယ်)

နိုင်းနိုင်းစနေ (Friday, July 15, 2011)

အပြည့်အစုံသို့ »

အဖေ့အတွက် မအားလပ်ခဲ့သူ



‘ကျနော် ကလေးဘတုန်းက ကစားကွင်းသွားဖို့ ပူစာတော့ အဖေ့ခမျာ အလုပ်ပျက် ခံပြီး လိုက်ပို့ခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ကျနော် ကျောင်းတက်၊ ကျူရှင် တက်ဖို့ ပိုက်ဆံမလောက်တော့ အဖေ့ခမျာ သူ့အပေါင်းကြား မျက်နှာ အပျက်ခံပြီး ချေးပေး ခဲ့ဖူးတယ်။ ကျနော် အလုပ်မရတော့လည်း သူ့အသိ မိတ်ဆွေ အကူအညီနဲ့ ရအောင် သူကြိုးစားခဲ့ပေး သေးတယ်။ ကျနော်တို့က အဖေ တစ်ခု သားတစ်ခုလေ။

ကျနော် အိမ်ထောင်ကျတော့ အဖေက သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော်ကတော့ အိမ်ခွဲနေတယ်။ အဖေက သူ့မြေးလေးနဲ့ ဆော့ချင်လို့ အိမ်လာတိုင်း ကျနော်ကတော့ မအားဘူးပေါ့။ ‘သွားစရာ ရှိလို့ အဖေရေ’ လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက်လို့ အပြင်သွားလေ့ ရှိတယ်။ အဖေ့ဆီက ဖုန်းလာတော့လည်း ‘အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ’ လို့ ကတိတွေ ပေးပြီး ကျနော် ပြန်မခေါ်ဖြစ်တဲ့ အကြိမ်တွေက ပိုများတယ်။ အကြောင်းတိုက်ဆိုင်လို့ အဖေနဲ့ တွေ့ရင်တောင် သွားစရာ ရှိလို့ လုပ်စရာ ရှိလို့ ဆိုတဲ့ အကြောင်းနဲ့ပဲ ခဏပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။

တစ်နေ့တော့ အဒေါ့်ဆီက ဖုန်းလာပါလေရော။ အဖေ့ကို ဆေးရုံ တင်ထားရလိုပတဲ့။ အဖေ့ကို ဆေးရုံတင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။

‘နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအားတာကိုး’ တဲ့။

စကားပြောခွင့် မရပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်းနဲ့ အဖေ အိပ်ပျော် သွားတယ်။

ကျနော် ပူဆာလို့ အလုပ်ပျက်ခံပြီး ကစားကွင်း ပို့ပေးခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့အတွက် အဖေ့ ခမျာ မျက်နှာ အငယ်ခံ ပိုက်ဆံချေးခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင်လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ ကျနော် တွေးလိုက်တဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအားလပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင်လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။’

.
Ref:inspiraquote

အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ကိုယ့်နိုင်ငံဆင်းရဲခြင်းလွတ်ကင်းအောင်






ကျွန်တော်ငယ်ငယ်က အလွန် အစားကြီးသည်။ စားလျှင်လည်း ပန်းကန်ကိုပြောင်နေအောင်စားတတ်သည်။ အမေက ခဏခဏ ပြောသည်။ ‘‘ဘယ်အငတ်တိုင်းပြည်ကသေပြီးဝင်စားသလဲမသိဘူး’’တဲ့။ တစ်ခါတော့ အမေ့ မောင်ဝမ်းကွဲတော်သည့် ကျောင်း ဆရာတစ်ဦးက အိမ်ကိုအလည် ရောက်နေသည့်အချိန်။ ကျွန် တော်ထမင်းစားတာကိုကြည့်ပြီး အမေက သူ့မောင်ဝမ်းကွဲကိုပြော ၏။ ‘‘နင့်တူ ထမင်းစားတာကြည့်။ ပန်းကန်ကို ပြောင်နေအောင် လျက်မစားရဘူးလို့ဘယ်လောက် ပြောပြောမရဘူး။ ပြောင်နေ အောင်စားတာပဲ’’ဟုဆိုတော့ အမေ့မောင် ကျွန်တော့်ဦးလေး ဝမ်းကွဲက ရယ်ရယ်မောမောဖြင့် ‘‘အစ်မသားက အီသီယိုးပီးယား သားသေလို့ ဝင်စားတာဖြစ်မှာ ပေါ့’’ဟု ဆိုလေသည်။
ကျွန်တော်စိတ်ဝင်စားသွား သည်။ ကျွန်တော်မကြားဖူးသည့် ‘‘အီသီယိုးပီးယားသား’’ဟူသည့် စကားလုံး။ ကျွန်တော်အစားကြီး တာကို အီသီယိုးပီးယားသားသေ လို့ဝင်စားတာဟု ဘာကြောင့်ပြော ရသနည်း။ ထမင်းစားပြီးပြီးချင်း ဦးလေးကို ကျွန်တော်မေးတော့ သည်။ ဦးလေးက နှုတ်နှင့်မဖြေ။ သူဖတ်နေသော မဂ္ဂဇင်းတစ် စောင်ကိုလှန်လျက် ‘‘ရော့၊ ဟော ဒီမှာကြည့်။ အဲဒါအီသီယိုးပီးယား နိုင်ငံက ကလေးတွေပဲ’’ဟုပြလေ ၏။ ဗိုက်ပူနံကား၊ နံရိုးအပြိုင်း ပြိုင်း၊ မျက်တွင်းကဟောက်ပက်၊ မျက်လုံးများက အရောင်မွဲခြောက် ခြောက်။ သူတို့ကိုကြည့်ရသည် မှာ ဘယ်တုန်းကတည်းက အစာ ရေစာဝဝလင်လင်မစားခဲ့ရသည် မသိ။ ဩော်.. ကျွန်တော်အငမ်း မရစားနေတာဟာ အရင်ဘဝက အီသီယိုးပီးယား တိုင်းပြည်မှာ ငတ်ခဲ့လို့။ ယခုအစားအသောက် ပေါသည့် မြန်မာပြည်မှာ လူလာ ဖြစ်ချိန် ဣနြေ္ဒပျက်လောက် အောင် ပန်းကန်ပြောင်သည်အထိ လျက်ပက်ပြီး စားနေခြင်းဟု အမေတို့ကမှတ်ယူကာ ကျွန်တော့်ကို အီသီယိုးပီးယားသား ဝင်စားတာဟု ပြောခြင်းဖြစ်လေသည်။

ယခု ဆယ်စုနှစ်သုံးစုကျော် အကြာတွင် မြန်မာနိုင်ငံသည် မည်သည့်အခြေသို့ ဆိုက်ရောက် နေပြီနည်း။ ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်လိုက်သည့်စာရင်း  အရ ကမ္ဘာ့အဆင်းရဲဆုံးစာရင်း တွင် မြန်မာနိုင်ငံသည် အောက် ဆုံးကပြန်ရေလျှင် အဆင့် ၁၂ ၌ ရပ်တည်နေကြောင်း သတင်းများ တွင် ဖတ်ရသည်။ ဟိုအရင်ကိုယ့် နိုင်ငံပြည်သူများထက် ဆင်းရဲ သည်ဟု သတ်မှတ်ထားသော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ အီသီယိုးပီးယား နိုင်ငံများပင် ကိုယ့်နိုင်ငံထက်ပို၍ ချမ်းသာနေ ကြပြီ။ ဒေသတွင်း အာဆီယံနိုင်ငံ များတွင် အောက်ဆုံးအဆင့် ရောက်နေပြီး အာရှဒေသတွင်း၌ ဒုတိယအဆင်းရဲဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် ကိုယ့်နိုင်ငံနှင့် အဆင့်ငါးဆယ် ကွာခြားနေသည်ဟုဆို၏။ ခုနေများ အီသီယိုးပီးယားကလေးတစ်ယောက်က အငမ်းမရစားနေတာကို သူတို့လူကြီးတစ်ယောက်ကများ တွေ့သွားလျှင် မြန်မာသေပြီး ဝင်စားတာဟု ပြောများပြောလေမလားမသိ။

ဘယ်မှမထွက်ဘဲ ကိုယ့်အိမ် ထဲမှာပဲကိုယ်နေပြီး အစိုးရသတင်း စာလေးဖတ်၊ MRTV တို့၊ မြဝတီ တို့လောက်ပဲ ဖွင့်ကြည့်နေလျှင် တော့ ကိုယ့်နိုင်ငံကို ကမ္ဘာ့အချမ်း သာဆုံးလောက်ထင်ချင်ထင်မိပေ လိမ့်မည်။ ကိုယ့်အိမ်ကခွာလို့ တခြားမြို့ရွာများကို လိုက်မကြည့် နိုင်လျှင်နေပါ။ ကိုယ့်ပတ်ဝန်း ကျင်လောက်ကိုပဲ ဂရုစိုက်သတိ ထားကြည့်ရုံနှင့်ပင် နိုင်ငံ၏ပကတိ အခြေအနေကို မြင်နိုင်ပေသည်။ ကုန်ခဲ့သည့် ဇူလိုင်လဆန်း ၁ ရက် ၂ ရက်လောက်က ညနေ ၆ နာရီ ခွဲသာသာလောက် ကျွန်တော် အလုပ်မှပြန်အလာ အိမ်နားက ဆိုက်ကားဆရာမိသားစုကို လမ်း ထိပ်က ဝက်သားတုတ်ထိုးဆိုင်မှာ ကျကျနနထိုင်စားနေတာတွေ့ရ ၏။ ဆိုက်ကားဆရာလင်မယား နှင့် ကလေးနှစ်ဦး။ သူတို့က ကျွန် တော့်ကိုတောင်လှမ်းပြီး ဆရာ စားသွားပါဦးဟု ဧည့်ဝတ်ပြုလိုက် သေး၏။ ကျွန်တော်က ‘‘ဒီမိသား စုတွေ ဒီနေ့ထောနေပုံရတယ်’’ဟု ဆိုတော့ ‘‘အထင်မကြီးနဲ့ဆရာ ရေ’’တဲ့။ ‘‘အုံနာခရှင်းလိုက်တာ ဆန်ဖိုးတောင်မကျန်လို့ ဆန်ပြုတ် ပြုတ်သောက်ပြီး ကျန်တဲ့ပိုက်ဆံ လေးနဲ့ ဒီမှာ အာသာလာဖြေတာ’’ တဲ့။ ဆိုက်ကားဆရာက ရယ်ရယ် မောမော ပြောလိုက်သော်လည်း ကျွန်တော့်ရင်ထဲမှာတော့ ဆို့ဆို့ နင့်နင့်ခံစားလိုက်ရသည်။ ဒါ ကျွန်တော့်ပတ်ဝန်းကျင်မှာပင် တွေ့လိုက်ရသည့် ဆင်းရဲမွဲတေမှု ပြယုဂ်တစ်ခုဖြစ်၏။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သည်လိုပုံရိပ် ဆိုးတွေ ဘယ်လောက်များနေ မလဲ။ စဉ်းစားကြည့်ရုံနှင့်သိနိုင် လေသည်။

နိုင်ငံတော်သမ္မတ၏ လစဉ် မိန့်ခွန်းများတွင်တော့ နိုင်ငံ၏ GDP မည်မျှတိုးတက်လာကြောင်း တွေ ခဏခဏပြောသံကြားရ သည်။ ဒုတိယသမ္မတဦးဉာဏ် ထွန်းကလည်း လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည်တော်ရှိ သမဝါယမဝန်ကြီးဌာနတွင် ကျင်း ပသော အကြိမ် (၂၀)မြောက်  အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားကြောင်း သတင်း များတွင် ဖတ်ရသည်။ လေထဲ ဆောက်သည့် အိမ်ကလေးများ မဖြစ်ပါနှင့်ဟုသာ ကျွန်တော်တို့ ပြည်သူများက ဆုတောင်းရပါ သည်။

ပြန်တွေးကြည့်လျှင် နိုင်ငံ၏ အခြေအနေ ဤမျှဆိုးရွားသွားကာ ကမ္ဘာ့အဆင်းရဲဆုံးအဆင့် ၁၂ အထိ ရောက်သွားသည်ကတော့ ရင်နာစရာကောင်းလှ၏။ လွတ် လပ်ရေးရပြီးစ ၁၉၅၀ ပြည့်နှစ် ဝန်းကျင်တွင် အာရှမှာဖွံ့ဖြိုးတိုး တက်ဖို့ အလားအလာအကောင်း ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့စီးပွားရေး ပဏ္ဍိတ်ကြီးများက ဟောကိန်း ထုတ်ခဲ့သော မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ အတွင်း စီမံခန့်ခွဲမှု လွဲမှားခြင်း၊ တိုင်းပြည်ကို ဦး ဆောင်ခဲ့သူများ၏ အရာရာကို တည်ငြိမ်အေးချမ်းရေးအမြင်နှင့် သာ ကြည့်ခဲ့ခြင်း၊ နယ်ပယ်အသီး သီးတွင် ကျွမ်းကျင်ပညာရှင်များ ချောင်ထိုးခံရခြင်း၊ တိုင်းပြည်၏ ကဏ္ဍစုံတွင် လက်ညှိုးထောင် ခေါင်းညိတ်များနှင့် မိုးကျရွှေ ကိုယ်များသာ နေရာရလာခြင်း စသော အကြောင်းပေါင်းစုံဖြင့် တိုင်းပြည်၏ အခြေအနေသည် အဘက်ဘက်မှ ယိုယွင်းကာ ၁၉၈၇ ခုနှစ်တွင် LDC နိုင်ငံအဖြစ် ရောက်ခဲ့ရလေသည်။

ထိုကာလများအတွင်း ကျွန် တော်တို့ပြည်သူများ၏ အခြေ အနေကို ပြန်ကြည့်လျှင်လည်း လူချင်းတူတူ သူချင်းမျှမျှမနေခဲ့ ကြရပေ။ လူမည်ကာမတ္တဘဝမျိုး ဖြင့်နေခဲ့ကြရ၏။ နိုင်ငံခြားသွား ခွင့်ရခြင်းကိုပင် ထူးခြားသော အခွင့်အရေးအဖြစ်မှတ်ယူကာ ဆိုဗီယက်ပြန်ဒို့စိန်ကုလား၊ ဆိုဗီ ယက်ပြန်နွဲ့နွဲ့စန်း၊ ယိုးဒယားပြန် အမာစိန် စသဖြင့် ကိုယ်ရောက် ဖူးသည့်နိုင်ငံကို ဂုဏ်ထူး၊ ဘွဲ့ထူး တစ်ခုလိုသဘောထားပြီး အမည် ရှေ့ကတပ်ခဲ့ကြ၏။ ရွှေဝါဆပ် ပြာ၊ သွားတိုက်ဆေး စသည့် ပစ္စည်းများကို ပါတီ၊ ကောင်စီလူ ကြီးတစ်ဦးဦး၏ လက်မှတ်ပါ သော ပါမစ်စာရွက်ဖြင့် သမဆိုင် မှာ သွားဝယ်ရသည်။ ဒါတောင် အရောင်းစာရေးမက ‘‘ကုန်နေ တယ်’’ဟု ငြင်းထုတ်လိုက်လျှင် ကိုယ့်ပါမစ်ကလေး အလဟဿ ဖြစ်သွားမှာစိုး၍ သံပရာသီးဆယ် လုံးလောက်စားထားသလို မျက် နှာကို အစွမ်းကုန်ဖြီးထားပြီးမှ ဝယ်ရသည်။ ယခုအသက် (၅၀) အထက်ရှိသူများအားလုံး ကြုံဖူး ကြပါသည်။

သူများနိုင်ငံမှာ ကျွန်တော် တို့မမွေးခင်ကပေါ်နေသော တီဗီ ကို ဒုတိယနှစ်တက္ကသိုလ်ကျောင်း သားဘဝကျမှ စမြင်ဖူးသည်။ ကျွန်တော်နှင့် သက်တူရွယ်တူ အိုဘားမားက (၉)နှစ်အရွယ်မှာ အင်ဒိုနီးရှားနိုင်ငံက သူ့အဘိုးအိမ် ဧည့်ခန်းထဲမှာ တီဗီထိုင်ကြည့်နေ ချိန်တွင် ကျွန်တော်ကတော့ နေ ရှင်နယ်ရေဒီယိုအဟောင်းကလေး ဖွင့်ပြီး နားထောင်နေရတုန်းရှိသေး ၏။ ရှစ်တန်းကျောင်းသားဘဝ ကျွန်တော်တို့ဆီမှာ တန်တစ်ရာ ဆန်စက်ကြီးလာတည်တော့ ဂျပန်အင်ဂျင်နီယာတွေသောက်သည့် ရေသန့်ကိုအထူးအဆန်း သဖွယ်ငေးကြည့်ခဲ့ရသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ပါတီကြီး၏ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့နိုင်ငံသားတွေ နိုင်ငံတကာနှင့် အဆက်ဖြတ်ခံခဲ့ရသည်။ စီးပွားရေးကဏ္ဍမှစ၍ ပညာရေးကဏ္ဍအဆုံးအားလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် သွားခဲ့ရာ နိုင်ငံတကာနှင့်ယှဉ်လိုက်လျှင် အစစအရာရာ နောက်ကျခဲ့ရလေသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ၊ နအဖ အစိုးရအဆက်ဆက် တွင်လည်း တိုင်းပြည်၏ စီမံခန့်ခွဲ ခွင့်ရှိသည့်နေရာမှန်သမျှ တပ်မတော်အရာရှိများကသာ နေရာ ယူခဲ့ကြပြီး ကြက်ဆူပင်စီမံကိန်း လို လွဲမှားသောစီမံကိန်းများဖြင့် တိုင်းပြည်သည် ဖွတ်သထက်ညစ် ခဲ့ရလေသည်။ အဆိုးရွားဆုံးမှာ တကယ် တတ်ကျွမ်းနားလည် သည့် ပညာရှင်များ၏ အကြံ ဉာဏ်များကိုကျတော့ သူတို့ သဘောထားနှင့်ဆန့်ကျင်လျှင် လက်မခံ။ ကိုယ်ကျိုးရှာ ခရိုနီများနှင့် ကပ်ပါးရပ်ပါးပညာရှင်ဆိုသူ များက မြှောက်ပေးသမျှ အကုန် လိုက်လုပ်သဖြင့် တိုင်းပြည်၏ သယံဇာတမှန်သမျှ တက်တက်ပြောင်သည့်ဘဝရောက်ရတော့သည်။

ယခုအစိုးရသစ်ပြောင်း၍ လုပ်နည်းလုပ်ဟန်တွေပြောင်းပြီ လားဆိုတော့ ဘာမှမပြောင်းလဲ သေးပါ။ စီမံခန့်ခွဲခွင့်ရှိသည့်နေရာ မှန်သမျှ တပ်မတော်အရာရှိ ဟောင်းများသာ နေရာယူထားဆဲ ဖြစ်ပါသည်။ တကယ်တတ်ကျွမ်း နားလည်သည့် ပညာရှင်တွေ ဘေးရောက်နေဆဲဖြစ်သည်။ တချို့ပညာရှင်ဆိုသူများကျတော့ လည်း မိမိတို့ရထားသည့်မဖြစ် စလောက်လုပ်ပိုင်ခွင့်လေး၌ သာ ယာပြီး မင်းလိုလိုက် မင်းကြိုက် ဆောင်နေကြသည်။ စီးပွားရေး စီမံကိန်းတွေအမျိုးမျိုး ရေးဆွဲလုပ် ဆောင်နေသော်လည်း အများစု က ပွင့်လင်းမြင်သာမှုမရှိ။ နီးစပ် ရာလုပ်ငန်းရှင်ကြီးများသာ ရနေ ကြဆဲဖြစ်သည်။

သည်လိုပုံနှင့် ကျွန်တော်တို့ နိုင်ငံဆင်းရဲတွင်းက လွတ်စရာ လမ်းမမြင်ပါ။ တိုင်းပြည်၏ နယ် ပယ်ကဏ္ဍအသီးသီးမှာ တကယ် တတ်ကျွမ်းနားလည်သူတွေ ဦးဆောင်ခွင့်မရသေးသမျှ တစ်နည်းဆိုရလျှင် လူမှန်နေရာမှန် မဖြစ်သေးသမျှ နောင်နှစ်နောင်နှစ်တွေမှာ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၁၂ မှ အောက်သို့သာ ထပ်ကျစရာရှိပါကြောင်း စေတနာ ကောင်းနှင့်သတိပေးလိုက်ပါသည်။



မင်းသန်းထိုက် (ဒေးဒရဲ)

7day daily

အပြည့်အစုံသို့ »

သမီးတော်ရာဇ၀င်(၂) (သုဓမ္မာဇရပ်မှာမှ ဒင်နာစားချင်တယ်)



- လက်စောင်းထက်

အရင်ခေတ်က ဧပြီလဆိုရင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲလုပ်လေ့ရှိတယ်။ ဒီတော့ စစ်အာဏာရှင် ကာချုပ်ကြီးက ကျောင်းဆင်းပွဲတက်ရင် သမီးတော်တွေကလည်း ပြင်ဦးလွင်ကို နွေဦးရာသီ သင်္ကြန် အပန်းဖြေခရီး လိုက်လေ့ရှိကြတယ်။ ဒီတော့ တစ်ထောက်နားရာက မန္တလေးပေါ့ဗျာ။ မန္တလေးက တပ်တွေကလည်း သမီးတော်တွေ လာမယ်ဆိုရင်ကို ကြောက်နေကြတာ။ တစ်ခေါက်တစ်မျိုး မရိုး ရလေအောင် နှိပ်စက်လွန်းလို့လေ။ သမီးတော်ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သူတို့နားထဲမှာ သာယာနေလေတော့ ပြင်ဦးလွင်ခရီးစဉ် တစ်ခုမှာဆိုရင် ကားပေါ်မှာ လက်တိုလက်တောင်း ခိုင်းဖို့လိုက်ရတဲ့ တပ်မှူးကတော် တစ်ယောက်က “ဟုတ်ကဲ့သမီး”လို့ ဖြေမိတာကို သမီးတော်လို့ မခေါ်ရကောင်းလားဆိုပြီး မျက်မာန်တော်ရှ။ ကားကို ချက်ချင်းရပ်ခိုင်းပြီး ကားပေါ်ကနေ မောင်းချဖူး တာတွေကလည်း အားလုံး သိနေလေတော့ အဲဒီ့မိသားစု လာမယ်ဆိုရင်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံး သံဗုဒ္ဓေ ရွတ်နေကြရတာ။

ဒီတစ်ခေါက်တော့ ညနေလည်း စောင်းရော သမီးတော်တွေက အမိန့်တော် ထုတ်ပါတယ်။ မန္တလေး တောင်ခြေက သုဓမ္မာဇရပ်တွေမှာ ညစာဒင်နာ စားချင်ပါသတဲ့။ အဲဒါမှ တကယ့်ပြဿနာ။ အဲဒီ့ကာလက သုဓမ္မာဇရပ်တွေဆိုတာ အခြေအနေမဲ့တွေနဲ့ သူတောင်းစားတွေပဲ နေတဲ့နေရာ။ ဖုန်တသောသောနဲ့ မြက်တွေ အမှိုက်တွေက ဒင်းကြမ်း။ ဒါပေမဲ့ သမီးတော်တွေ မျက်မာန်ရှမှာကို ဘယ်သူမှ မခံရဲလေတော့ စစ်သား စုဆောင်းရေးတပ်က ရဲဘော်တွေနဲ့ တပ်အသီးသီးက ရဲဘော်တွေကို ချက်ချင်း ကားတွေနဲ့တင်ပြီး အဲဒီကို ပို့ရတော့တယ်။ ဂျီအီးတပ်နဲ့ စည်ပင်ကလည်း ရေကားတွေလွှတ်။ ပထမအဆင့် အနေနဲ့ အဲဒီ့မှာ အခြေချနေတဲ့ အခြေအနေမဲ့တွေ၊ သူတောင်းစားတွေကို ချက်ချင်း နှင်ထုတ်ရတာပေါ့။ သမီးတော်တွေရဲ့ နှိပ်စက်ချက်ကတော့ သူတောင်းစားတောင် မကျန်ပါဘူး။ မြက်နုတ်သူက နုတ်၊ အမှိုက်လှဲသူက လှဲနဲ့ တကယ်ဆိုရင် ရဲဘော်တွေခမျာ သူ့အိမ်မှာ ထမင်းချက်ရမယ့်၊ ညစာစားရမယ့် အချိန်ဖြစ်ပေမယ့် သမီးတော်တွေ နှိပ်စက်တာနဲ့ သုဓမ္မာဇရပ်မှာ အလုပ်တွေ ရှုပ်ကြရတော့တယ်။

ပြီးတာနဲ့ ရဲဘော်သစ်တွေနဲ့ စစ်သည်တွေက အဲဒီ့ဇရပ်တွေက အညစ်အကြေးတွေကို ရေပိုက်တွေနဲ့ ထိုးပြီး သန့်ရှင်းရေး လုပ်ရတယ်။ ပြီးတာနဲ့ အောက်က ဖယောင်းပုဆိုးတွေ ချက်ချင်းခင်းပေါ့ဗျာ။ တစ်ချိန်တည်းမှာပဲ ဂျီအီးတပ်က မီးသမားတွေက လျှပ်စစ်ကြိုးတွေ၊ မီးစက်တွေ သယ်လာပြီး အရေးပေါ် မီးဆင်ရတော့တယ်။ ပြီးတော့ ထုံးစံအတိုင်း ကားလမ်းကို ဟိုဘက်၊ဒီဘက် ပိတ်ဆို့ပြီး ဇရပ်ထဲမှာ စားပွဲတွေခင်း၊ ထမင်းဟင်းတွေ ပြင်ဆင်လို့ သမီးတော်တွေကို ညစာသုံးဆောင်ဖို့ အသင့်ဖြစ်ပါကြောင်း သတင်းပို့ကြရတယ်။

သမီးတော်တွေ ကြွချီလာပြီး စားတော့လည်း ဒီလောက် မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ လက်ညှိုးညွှန်ရင် ရေဖြစ်ရမယ်ဆိုတဲ့ စကားအတိုင်း စိတ်ထဲထင်တာတွေ လျှောက်ပြော၊ လျှောက်လုပ် နေကြတာ ဖြစ်တယ်။ သေချာတာကတော့ သူတို့မိသားစုကလွဲရင် ဘယ်သူမှ ပျော်နေတာ မမြင်ချင်ဘူး။ သူများပျော်နေတာမြင်ရင် မရှုစိမ့်ဘူးဆိုတာပဲ။ ဒီမဟုတ်တဲ့ နေရာမှာ ညစာတစ်နပ်စားဖို့ ရဲဘော်လေးတွေရဲ့ လုပ်အားတွေ ဘယ်လောက်သုံးလိုက်ရလဲ။ မီးစက်တွေ၊ မီးကြိုးတွေကို တစ်နာရီလောက် အရူးကြောထဖို့ ဘယ်လောက် သုံးလိုက်ရသလဲ ဆိုတာတွေလည်း တွေးမိပုံ မရပါဘူး။ သူတို့ဖြစ်ချင်တာကို ဖြစ်ရစေမယ်ဆိုတဲ့ စိတ်နဲ့ ထင်ရာ ပြောသမျှကို အောက်က တိုင်းမှူးများကလည်း မိမိတို့ရာထူး တည်မြဲဖို့အတွက် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ခွန်းတုံ့မပြန်ရဲပဲ ဖြစ်အောင် လုပ်ပေးနေကြလေတော့ နေမြင့်လေ အရူးရင့်လေ ဆိုသလိုတွေ ဖြစ်ကုန်တယ်။

မြို့တစ်မြို့ရောက်တာနဲ့ ဆိုင်တကာဝင်ပြီး တွေ့သမျှ ကားပေါ်ဆွဲတင်လွန်းလို့ သမီးတော်တွေ လာမယ်ဆိုရင် လာမယ့်မြို့က စိန်ရွှေရတနာဆိုင်တွေမှာ တန်ဖိုးကြီးတာ တင်မထားရဆိုတဲ့ အမိန့် ထုတ်ခဲ့ရတယ်။ မြို့ငယ်လေး တစ်မြို့မှာတောင် သူတို့ဝယ်တာတွေကို ရှင်းရတာ သိန်း ၄၀၀၊၅၀၀ရှိပြီး မြို့ကြီးတွေမှာဆိုရင် သိန်းထောင်ကျော် ၀ယ်လေ့ရှိတယ်။ အ၀တ်အထည်တွေ ဆိုရင်လည်း အထုပ်လိုက် ကားပေါ်ဆွဲတင်လေ့ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုင်တွေကို ယူချင်တာ မှန်သမျှ ပေးလိုက်၊ ပြီးမှ ဘောင်ချာလိုက် ဖြတ်ပြီး ငွေရှင်းမယ်လို့ ကြိုပြောထားရတယ်။ ပြောရရင် အဲဒီ့သမီးတော် တစ်သိုက် ရောက်တဲ့မြို့မှန်သမျှ ဝေသာလီပြည် ဘီလူးဝင်သလိုပါပဲဗျာလို့ ဘောင်ချာ တစ်အုပ်နဲ့ ငွေလိုက်ရှင်းရတဲ့ အရာရှိကြီး တစ်ဦးက ရင်ဖွင့်ဖူးပါတယ်။

ခက်တာက အာဏာရှင် ကာချုပ်ကြီး ကိုယ်တိုင်က သူ့သမီးတော်တွေ ဘာလုပ်လုပ် အပြစ်မမြင်ရုံမက သူ့သမီးတော်တွေ စိတ်ဆိုးစိတ် ကောက်တာနဲ့ အဲဒီ့သက်ဆိုင်တဲ့ တိုင်းမှူးဖြစ်စေ၊ တပ်မမှူး ဖြစ်စေ သေဖို့သာ ကြံတော့ဆိုတဲ့ စိတ်ကရှိလေတော့ သမီးတော်တွေဆိုရင် ကာချုပ်ကြီးထက် ပိုအရိုအသေ ပေးရတယ်။ ပိုကြောက်ရတယ်။ အခု ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးဌေးဦး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး လုပ် ခဲ့တာပဲ။ အဲဒီ့တိုင်းမှူးတွေဆိုရင် အဆင့်ဆင့် ရာထူးတက် လေ့ရှိပေမယ့် ဦးဌေးဦး ဘာလို့ အရပ်ဖက် ရောက်သွားတာလဲဆိုတာ အတွင်းလူတွေကို မေးကြည့်ရင် သမီးတော် တစ်ယောက်ကြောင့်လို့ ဖြေပါလိမ့်မယ်။ ငွေဆောင်က ဟိုတယ်မှာ သမီးတော်တစ်ပါးက သူထိုင်စရာ ဆက်တီတစ်လုံး လိုနေတဲ့ ကိစ္စနဲ့ မျက်မာန်တော် ရှခဲ့လို့ ပြည်နှင်ဒဏ်သင့်သွားတာ ဖြစ်တယ်။

ဒီလိုပါပဲ။ မြိတ်က ခရီးစဉ် တစ်ခုမှာ သမီးတော် တစ်ပါးက ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကားကို ခပ်တည်တည် တက်စီးလို့ အခုလွှတ်တော် နာယကကြီး ကြုံရာကားပေါ် တက်စီးခဲ့ရဖူးပါတယ်။ အဲဒီ့ဖြစ်စဉ်မှာလည်း လေယာဉ်ပေါ်မှာ ဘယ်သူ့ကို စိတ်ကောက်မှန်းမသိဘဲ စိတ်ကောက်ပြီး သမီးတော်တစ်ပါးက လေယာဉ်ပေါ်ကနေ မဆင်းလို့ ယာဉ်တန်းကြီး တစ်ခုလုံး ရပ်စောင့်နေရတာပါ။ ဆင်းလာတော့လည်း ပထမဆုံးကားက ကာချုပ်ကြီးနဲ့ သူတို့အခေါ် အမေကြိုင်စီးဖို့ ကား၊ ဒုတိယကားက ဒုကာချုပ်ဦးအေး စီးဖို့ကား၊ တတိယကားက ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး အခုလွှတ်တော် နာယကကြီး စီးဖို့ကား။ ပြီးတော့မှ သမီးတော်တစ်ပါးစီ အတွက် ကားတစ်စီးစီ လုပ်ထားတာလေ။ သမီးတော်တွေက ဘယ်မြို့ရောက်ရောက် တစ်ယောက်ကို ကားတစ်စီးပဲ။ ဘယ်တော့မှ အတူတူမစီးဘူး။ စကားကို ပြန်ဆက်ရရင် အဲဒီ့စိတ်ကောက်နေတဲ့ သမီးတော်လည်း လေယာဉ်ပေါ်က ဆင်းလာရော ယာဉ်တန်းကြီးလည်း စထွက်တာပေါ့။ လွှတ်တော် နာယကကြီးက ရှေ့ဆုံးကားနဲ့ ဒုတိယကားကို သွားပြီး အလေးပြုနေချိန်မှာ သူ့ရဲ့ တတိယကားကို စိတ်ကောက်နေတဲ့ သမီးတော်က တက်တယ်။ ကားနားမှာ စောင့်နေတဲ့ တပ်ထိန်းအရာရှိက ကြောက်ကြောက်ရွံ့ရွံ့နဲ့ “သမီးတော် ခင်ဗျား။ ဒါ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအတွက် ကားပါ။ သမီးတော်ကားက နောက်မှာပါ” လို့ပြောတာကို လက်မခံဘဲ အတင်းတက်စီးခဲ့တာ ဖြစ်တယ်။ ဦးရွှေမန်းကတော့ ယာဉ်တန်းထဲက လွတ်နေတဲ့ ကြုံရာကား တစ်စီးကို တက်စီးပြီး ခရီးဆက်ခဲ့ရဖူးပါတယ်။

ပြောရရင် ဦးနေ၀င်းကို အာဏာရှင်လို့ ပြောပေမယ့် ဦးနေ၀င်း သားသမီးတွေ ဒီလောက်မဆိုးခဲ့ပါဘူး။ ဦးစောမောင် သားသမီးတွေဆိုရင် ဘယ်သူဘယ်ဝါဆိုတာ မသိရအောင်ကို အနေအထိုင် ရိုးအေး ခဲ့ပါတယ်။

ဒီလိုရေးတာတွေက ဇာတ်နာအောင်ရေးတယ်လို့ ထင်ရင် စာဖတ်ပရိသတ်ထဲမှာ စစ်တပ်က အသိအကျွမ်းတွေရှိရင် မေးကြည့်ပါ။ ဒီလို ရေးတာတွေက ဟုတ်မှဟုတ်ရဲ့လားလို့။ အဲဒီလိုမေးရင် “ဒါတွေက အပေါ်ယံအကင်းပဲရှိသေးတယ်။ ဒီထက်ဆိုးတာတွေ အများကြီး ရှိသေးတာပေါ့လို့” ပြန်ဖြေကြပါလိမ့်မယ်။ နောက်တစ်ပတ်ကျရင် သမီးတော်တွေနဲ့ ပတ်သက်ပြီး ရီစရာတစ်ခု ပြောပြမယ်။ ရေတွေရေတွေ စိုကုန်ပြီလို့ ခေါင်းစဉ်တပ်လိုက်ဆိုပြီး ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ ခရိုနီကြီးက သူ့စကားကို ဖြတ်လိုက်ပါတော့တယ်။

- လက်စောင်းထက်

http://www.tomorrow.com.mm/?q=articles%2F729


အပြည့်အစုံသို့ »

မြနန္ဒာရဲ့ ကြိုးဆွဲဆရာ - ဇာဂနာ



၂၀၁၅မှာ ဘာဖြစ်မလဲ။ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးကား အဘယ်နည်း။ မေးခွန်းတွေက မြှားလို စူးနစ်သည်။
ကျွန်တော့်မှာ ဖြေစရာ စကားမရှိ။ ဖြေဖို့ခက်နေသည်။ အဖြေကို မသိတာလည်း ဖြစ်၏။ ကျွန်တော့်အာရုံတွေက ၂၀၁၅ ဆီမရောက်။ မန္တလေးသို့သာ ရောက်နေသည်။ အောင်ကျော်လည်း မချမ်းအေးနိုင်ပြီ။ အင်ကြင်းတို့လည်း ကြာအုံနှယ် မပွင့်နိုင်တော့။ ဆရာတင်၏ မြနန္ဒာသီချင်းကို ကြိမ်ကြိမ်ဖန်ဖန် ရွတ်မိနေသည်။

“တကယ် ခေတ်ပြောင်းတော့မယ် အမှန် ဧ၀ကံမှာ တဖန် ရွှေမြနန္ဒာ သမ်းသော မန်းရိပ်ခို” တကယ် ခေတ်ပြောင်းပြီလားတော့ မသိ။ မြနန္ဒာမှာ ဒဏ်ရာတွေနှင့်။ မြနန္ဒာမှာ အမာရွတ်တွေ ထင်ခဲ့ပေါ့။

ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာရေး အကြောင်းပြသည့် ပဋိပက္ခတွေ ဖြစ်ခဲ့တာ နှစ်နှစ် ကျော်ပြီ။ ဆက်တိုက် ဆက်တိုက် ဆိုသလိုပင်။ ဖြစ်တိုင်းလည်း ဘာအရေးမှ မကြီးသည့် ပြဿနာကပင် စနေလေသည်။ လူမှုကွန်ရက်ဟု ခေါ်ဆိုသည့် Facebook ကစသော ပြဿနာချည်း ဖြစ်နေ၏။ ရခိုင် ပြည်နယ် တစ်ခုလုံးကို ဟုန်းဟုန်း တောက်စေခဲ့တာလည်း Facebookက စတာပဲဖြစ်သည်။ Facebookကို အတည်ယူပြီး ပြဿနာတွေကို ကြီးထွားစေခဲ့သူတွေ၏ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေသည်ဟု ပြောသာ ပြောနေသော်လည်း ကြိုးဆွဲဆရာကို ယခုထက်တိုင် မတွေ့ရသေးချေ။ အသက်တွေကတော့ သေကုန်ပြီ။

ဒါဆိုရင် မေးချင်သည်။ ၁၉၈၈ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ န၀တ၊ နအဖ အုပ်စိုးနေစဉ်က ဘာကြောင့် ဒီပြဿနာတွေ မဖြစ်ခဲ့သနည်း။ လူတွေရှိလျှင် ပြဿနာတွေရှိရမည်။ ယောက်ျားရှိလျှင် မိန်းမရှိရမည်။ မုဒိန်းမှုဆိုတာ ရှိခဲ့သည်။ ရှိနေသည်။ ရှိလေဦးမည်။ ဒါပေမဲ့ န၀တခေတ် တစ်လျှောက်၊ နအဖခေတ် တစ်လျှောက် မုဒိန်းမှုက စတင်သော ခုလိုပဋိပက္ခကြီးတွေ မဖြစ်ခဲ့ချေ။ (ဒီအချက်ကို အရေးအကြီးဆုံး နေရာမှာထားကာ သဘောပေါက်ကြပေးဖို့ လိုပါသည်)

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ ဒီလိုပြဿနာတွေ ဆက်တိုက်ဆက်တိုက် ဖြစ်ခဲ့တာကလည်း ဒုတိယ စဉ်းစားစရာ ဖြစ်လာသည်။ လူအုပ်နှင့် ပတ်သက်သည့် အခြေခံ စိတ္တဗေဒကို နားလည်သူတွေက လူအုပ်ကို ကောင်းကောင်း အသုံးချနိုင်တာ မမေ့ကြစေချင်။ ဟောပြောပွဲတွေ၊ ဇာတ်စင်တွေ၊ ဂီတပွဲတွေ ရှေ့က လူအုပ်ကြီး၏ ပေါက်ကွဲလွယ်မှုကို သတိချပ်ကြဖို့ လိုသည်။ တစ်ဦး တစ်ယောက်တည်း ဆိုလျှင် မလုပ်ဝံ့သော အလုပ်ကို လူအုပ်နှင့်ဆို လုပ်လေ့ရှိကြ၏။ ခြင်ကိုတောင် မသတ်ဝံ့သော အမျိုးသမီး တစ်ယောက်ကား သူမ၏ နုနယ် လှပမှုနှင့်မှ မလိုက်ဖက်အောင် လူအုပ်ရှေ့မှာ ခေါင်းဖြတ် ရဲခဲ့ဖူးပြီ။

တကယ်တော့ ကမ္ဘာမှာ လူအုပ်နဲ့ပတ်သက်သည့် စိတ္တဗေဒ သဘောကို ပုံစံလေးမျိုးနှင့် ဖွင့်ဆိုသည်။

၁။ ဝေလေလေ လူအုပ်ပုံစံ
ဘာရယ်မဟုတ်၊ သူများတွေနဲ့ ရောယောင်ဝင်ပါလိုက်သည့် သဘောပင်။ အများယောင်လို့ ယောင်အမောင် တောင်မှန်း မြောက်မှန်း မသိသူတွေပင်။

၂။ ၀တ်ကျေတန်းကျေ လူအုပ် ပုံစံ
မပါလျှင် မကောင်းဘူးဟုဆိုကာ ၀င်ရောသူတွေပင်။ သူတို့မှာ ဘာခံစားချက် ခံယူချက်ရှိလို့မှ မဟုတ်။ မပါလိုက်လျှင် အပြစ်တင် ခံရမှာစိုးတာနှင့် ၀င်ပါသူတွေ ဖြစ်၏။

၃။ ဖော်ထုတ်ဖွင့်ဟချင်သည့် လူအုပ်ပုံစံ
ဒါကတော့ ရှင်းသည်။ မီဒီယာ ဖိနှိပ်မှုတွေ ရပ်ပေးဖို့၊ လယ်မြေယာမြေ သိမ်းတာတွေ ပြန်ပေးဖို့ စသည့်စသည့် ပြဿနာတွေကို ရင်ဆိုင်နေရသော သဘောထားတူသူချင်း ပေါင်းမိပြီး အများရှေ့မှာ ဖွင့်ပြရဲသူများ ဖြစ်သည်။ သို့သော် ထိုလူအုပ်သည်ပင်လျှင် ဆန့်ကျင်ဖက် တစ်ခုခုနှင့် ရင်ဆိုင်လိုက်ရပါက ပေါက်ကွဲလွယ်၊ သွေးဆူလွယ် တတ်သည်။ ဒီအချက်ကို သိသူတွေက လူအုပ်ထဲသို့ အဖျက်သမား ထည့်ပေးလိုက်လေ့ရှိသည်။ ထို (အဖျက်သမားအုပ်စု)က ဘေးတီးလိုက်သည်နှင့် အဖျက်လုပ်ငန်းတွေ စလုပ်တော့၏။ သို့ဆိုလျှင် လုံခြုံရေး အဖွဲ့များက အခြေအနေကို ထိန်းသိမ်းရန်ဆိုသော အကြောင်းပြချက်ဖြင့် ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ၊ အမိန့်ထုတ်တာ၊ ကန့်သတ်တာ အားလုံးလုပ်လို့ ရလေပြီ။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၇၄၊ ၁၉၇၅၊ ဦးသန့်၊ အလုပ်သမား အရေးအခင်းတွေကို ပြန်ကြည့်ပါ။ တော်ဝင်နှင့် ယုဇန ရုပ်ရှင်ရုံနှစ်ရုံ ပြာကျခဲ့ဖူးပြီ။ သည့်နောက် ပစ်တော့ခတ်တော့တာပဲ ဖြစ်၏။ ၁၉၈၈ ခုနှစ်တုန်းကရော ကုန်သွယ်ရေးရုံး လူအုပ်ဝိုင်းခဲ့တာ မမေ့သင့်။ ပြီးတော့ တပ်က အာဏာသိမ်းပါလေတော့သည်။

၎။ သရုပ်ဆောင်ကောင်းသည့် လူအုပ်ပုံစံ
သူတို့ဘာမှမဖြစ်။ နောက်လူတွေပါလာအောင် သွေးဆောင်သူများ ဖြစ်သည်။ လူလိမ်တွေလည်း ဖြစ်သည်။ ဒီလိုလူမျိုး ၁၀၀လောက်က စလိုက်သည်နှင့် လူအုပ်ကြီး ပင်လယ်ဝေသွားတတ်သည်။ ၁၉၈၈ခုနှစ်က ရေကန်ကို အဆိပ်ခတ်တယ်ဆိုပြီး အမူအရာတွေ ကောင်းခဲ့တာကြောင့် လူအုပ် ကြီး သွေးဆူခဲ့ဖူးပြီ။ ခုလည်း ရတနာပုံ ရွှေမြို့တော်မှာ အဲသလို အမူပိုသော ပလီတတ်သောသူတွေ ရှေ့ကထွက်လာပြီးမှ လူအုပ်က ရောပါလာတာကို သတိပြုစေချင်သည်။

ဒီတော့ ဒီလို လူအုပ်ပုံစံတွေ၏ စိတ္တဗေဒသဘောကို သိနေသူတွေက လူထုကို မကောင်းသည့် ဘက်က အသုံးချကြသည်။ သတ္တုချလျှင် နစ်နာရသူတွေကား ပြည်သူတွေသာ ဖြစ်သည်။ လှည့်စားခံရပြီး ဘ၀ပျက်တာလည်း ပြည်သူတွေပဲဖြစ်၏။ ပြဿနာ ဖန်တီးသူတွေကတော့ အမြတ်ထုတ်မှာပဲ ဖြစ်၏။

လူယုံသတ်လို့ သေသည်ဆိုသော မြန်မာစကားကို မမေ့သင့်ပါ။ Facebook ပေါ်ကနေ လူတွေ ယုံကြည်လောက်အောင် ဟိတ်ဟန်ကောင်းသော သတင်းစာမျက်နှာ ဖန်တီးတာ လွယ်ပါတယ်။ ထို့အတူ ထိုသတင်း စာမျက်နှာကနေ ပြည်သူတွေ သွေးစိမ်းရှင်ရှင် ပန်းလို့သေအောင် ယုတ်ညံ့တာမျိုးကို သတိပြုကြစေချင်သည်။ သင်ခန်းစာ ယူကြစေချင်သည်။ စိတ်မကောင်းပါဘူးဆိုသော စကားတစ်ခွန်းထဲ အတွက် မလုံမခြုံ ကျီးလန့်စာ စားနေလိုက်ကြရသော ပြည်သူတို့ဘ၀ ပေးလိုက်ရတာ တန်ပါရဲ့လား။

ထို့ထက်ပိုပြီး တိုးလာနိုင်သော အခြေအနေတွေကို တင်ကြို သတိပေးချင်ပါတယ်။ နိုင်ငံရေးသမားများလည်း သတိပြုပေးစေလိုပါသည်။ ပြည်သူတွေလည်း သတိထားစေချင်ပါသည်။ ဒါတွေသည် ကြုံနေကြပဲလေဆိုပြီး ပေါ့ပေါ့ မထားစေလိုပါ။

၁။ မီဒီယာ အားကောင်းလာမှုကို အသုံးချကာ လူတွေ လွယ်လွယ်ယုံစေနိုင်လောက်သည့် ပြဿနာများကို မွှေးတတ်ပါသည်။

၂။ ကိုးကွယ်ရာ ဘာသာရေးကို (အထူးသဖြင့် ဗုဒ္ဓဘာသာ)ကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်သည်။

၃။ စာသင်ကျောင်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။

၎။ အရပ်ဖက် အဖွဲ့အစည်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။

၅။ အစိုးရ၏ အားနည်းသော အင်စတီကျူးရှင်းများကို အသုံးချကာ ပြဿနာမွှေးတတ်ပါသည်။

သို့ဆိုလျှင် ကျွန်တော်တို့ သတိချပ်စရာတွေ များနေတာကို ဂရုပြုမိမည်ထင်ပါသည်။ ရွေးကောက်ပွဲ နီးလာလျှင်ဖြစ်စေ၊ ဓားစာခံလုပ်စရာကိစ္စ ပေါ်လာလျှင်ဖြစ်စေ ပြည်သူကို အသုံးချတာတွေ၊ မျက်စေ့ လျင်လျင်ထားဖို့ လိုပါပြီ။ ကျွန်တော်တို့ တိုင်းပြည် အေးငြိမ်းစေချင်သည်။ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသူတွေကိုလည်း မေတ္တာရပ်ခံပါသည်။ ကိုယ်မွှေးတဲ့မီး ကိုယ့်ကိုပြန်လောင်တော့မှ ဘုရားတလို့ မရနိုင်ပါ။ ခင်ဗျားတို့လက်ကို မြင်ပါတယ်ဗျာဟု ပြောလိုက်ပါရစေ။

ဇာဂနာ

http://www.tomorrow.com.mm/

အပြည့်အစုံသို့ »