Showing posts with label cooking. Show all posts
Showing posts with label cooking. Show all posts

အသဲပုံဒီဇိုင်း ဆွစ်ရိုး




ရိုးရိုး swiss roll ကနေခွဲထွက်ထားတဲ့ အသဲပုံဒီဇိုင်းဖော်ထားတဲ့ swiss roll တစ်မျိုးလုပ်ကြည့်ကြရအောင်။ swiss roll ပေါ်မှာ အသဲပုံလေးများနဲ့ လှပဆန်းသစ်တဲ့ မုန့်လေးပါ။ တကယ်လို့ အသဲပုံမလုပ်ချင်ရင်လည်း တခြားနှစ်သက်တဲ့ ပုံလေးတွေဖော်လို့ရတယ်နော်။ ရိုးရိုးဆွစ်ရိုးချည်းပဲလုပ်ရမှာ ပျင်းတယ်ဆိုတဲ့ သူများသဘောကျကြမှာပါ။ ဒီ့ထက်မကဆန်းသစ်ပြီး ဒီဇိုင်းအမျိုးမျိုးထွင်ပြီး ခင်မင်တဲ့သူတွေကို လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှတယ်လေနော်။

ဒီကိတ်မှာတော့ ဆွစ်ရိုးထဲထည့်လိပ်ဖို့အတွက် မအိက Nutella ယိုကိုသုံးထားပါတယ်။ ချောကလက်အရသာ မကြိုက်ဘူးဆိုရင် စတော်ဘယ်ရီယိုနဲ့လည်း အစားထိုးနိုင်သလို whipping cream ချည်းသက်သက်ပါ အသုံးပြုနိုင်ပါတယ်။ ခရင်မ် အရသာကတော့ ကိုယ့်စိတ်ကြိုက်အဆင်ပြေသလိုစပ်နိုင်လေ ကောင်းလေပါပဲ။ လွယ်ကူမြန်ဆန်ချင်ရင်တော့ Nutella ကိုသုံးတာတော့ အမြန်ဆုံးပဲ။

ပါဝင်ပစ္စည်းများ
ကြက်ဥ  ၃လုံး
သကြား ၇၀ ဂရမ်
ဂျုံ ၈၀ ဂရမ်
ပွဆေး (baking powder)  လက်ဖက်ရည် ဇွန်းထက်ဝက်
ထောပတ် ၂၀ ဂရမ် (အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
ဗနီလာ အနံ့အနည်းငယ်

ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(၁၀လက်မ x ၁၀လက်မဗန်း)
ဂျုံနဲ့ ပွဆေးကို စကာချထားပါ။
ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။
ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
နောက်ဆုံးမှ ဆီကိုရောမွှေပြီးထည့်ပေးပါ။ အနံ့အတွက် ဗနီလာ အနံ့(လက်ဖက်ရည် ဇွန်း ထက်ဝက်)်ကိုထည့်ပြီး ရောမွှေပါ။
ရလာသောမုန့်နှစ်ကို စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ဖယ်ထုတ်ပြီး ပန်းရောင်ဆိုးဆေး အနည်းငယ်ထည့်မွှေပါ။
ထို့နောက် မုန့်ဖုတ်စက္ကူခင်းထားသေားဗန်းတွင် အသဲပုံဒီဇိုင်းများပုံဖော်ကာ ၁၆၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၃ မိနစ်ခန့်ဖုတ်ပါ။

ထို့နောက် ၁ မိနစ်ခန့်အအေးခံကာ ကျန်မုန့်နှစ်များဖြန့်ခင်းကာ ၁၇၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅မိနစ်ဖုတ်ရင်ရပါပြီ။
မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။ အေးသွားပြီဆိုမှ Nutella Chocolate Cream ကို မျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
အမြင်လှ၊ အရသာရှိသော special swiss roll အသင့်ဖြစ်ပါပြီ။

 EVY's Kitchen

အပြည့်အစုံသို့ »

ကန်ဇွန်းရွက် ဆီချက်


ထူးထူးဆန်းဆန်းဆီချက် နောက်တစ်မျိုးက ကန်ဇွန်းရွက်ဆီချက်ပါ။ ကန်ဇွန်းရွက်သပ်သပ် ကို ဆီချက်ခေါက်ဆွဲအတိုင်း လုပ်ထားတာပါ။ ဒီနည်းကိုတော့ သူငယ်ချင်းဆီက ရလာတာပါ။ သူကပြောပြတဲ့ အတိုင်းကိုယ်ကလိုက်ချက်ထားတဲ့ ဆီချက်တစ်ပွဲပါ။ ဟင်းရွက်အရသာ၊ အသားအရသာပေါင်းစပ်ထားပြီး အင်မတန်စားလို့ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၂၀၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ကန်ဇွန်းရွက်တစ်စည်း ( ၃၀၀ ဂ၇မ်ခန့်) - ခြွေထားပါ
ကြက်သွန်ဖြူ
ဆီ

ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း
ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
ကန်ဇွန်းရွက်များကို ရေဆူဆူမှာ ၃ မိနစ်ခန့်ပြုပ်ကာ ရေအေးနှင့်ပြန်ဆေးထားပါ
ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ
သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ

EVY's Kitchen

အပြည့်အစုံသို့ »

ကြေးအိုးဆီချက်


ဆီချက်များထဲမှာ ကျွန်မအနှစ်သက်ဆုံးက ကြေးအိုးဆီချက်ပါပဲ။ ငရုပ်ကောင်း အနံ့အရသာပူပူလေး အပြင်ကြက်သားလုံး၊ ငါးဆုပ်လုံးများနဲ့ အင်မတန်အရသာရှိသော ဆီချက်တစ်ပွဲဆိုရင်လည်းမမှားပါဘူး။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၁၅၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ဆန်ကြာဇံ
ငါးဆုပ်လုံး
ငုံးဥ
ကြက်သွန်ဖြူ
ဆီ
ကြက်ပြုပ်ရည်
မုန်ညှင်းအနည်းငယ်


ပြုလုပ်နည်း

ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
ကြက်ရိုးများအား အချိုရည်ထွက်အောင်တည်ကာ ကြက်ပြုပ်ရည် လုပ်ထားပြီး ဆူပွက်အောင်မီးပေါ်တွင်တင်ထားပါ
ကြာဇံကို ရေစိမ်ထားပါ။
အသားကို ပဲငံပျာရည်၊ နှမ်းဆီ၊ ငရုပ်ကောင်း အနည်းငယ်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ အလုံးသေးသေးများလုံးထားလိုက်ပါ။
ငါးဆုပ်လုံးများကို လည်း အသင့်ပြင်ထားပါ။
စားကာနီးအသင့်ဖြစ်မှ ကြာဇံ၊ ငါးဆုပ်၊ ကြက်သားလုံးနှင့် မုန်ညှင်းများအား တစ်ခုချင်းစီ ကြက်ပြုပ်ရည်ထဲတွင် ထည့်ပြုပ်ပါ။
ထို့နောက် ပွဲပြင်မည့် ပန်းကန်ထဲထည့်ကာ ငရုပ်ကောင်း၊ ဆီချက်၊ ပဲငံပျာရည်၊ ကြက်သားမှုန့်နှင့်ရောနယ်လိုက်ပါ။
ကြက်သွန်ဖြူ ဆီချက်ဖတ်များများ၊ ကြက်သွန်မိတ်များဖြူးကာ သုံးဆောင်ပါ။

EVY's Kitchen

အပြည့်အစုံသို့ »

ကြက်သားကြော်ဆီချက်


နောက်ဆီချက်တစ်မျိုးကတော့ ကြက်သားကြော်ဆီချက်ပါ။ ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး ရိုးရိုးကြက်သားပြုပ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။

ပါဝင်ပစ္စည်းများကြက်ပေါင်သား အရိုးလွတ်တစ်ခုကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်းဆားလက်ဖက်ရည် ဇွန်း တစ်ဇွန်းကြက်ဥခေါက်ဆွဲအသေး ၂၅၀ ဂရမ်ကြက်ဥ ၁ လုံးဂျုံမှုန့်စားပွဲဇွန်း ၂ ဇွန်း + ဆော်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံကြက်သွန်ဖြူဆီ
ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်
ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်းခရုဆီလက်ဖက်ရည်တစ်ဇွန်းကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါအသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ ကြက်ဥ၊ ဂျုံမှုန့်လူးကာ ကြွပ်နေအောင် ကြော်ကာ ဆီစစ်ထားပါ။ ရသာသော ကြက်သားကြော်အား လက်တစ်လုံးခန့်အထူရအောင်လှီးထားလိုက်ပါ။ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစားကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။လှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ တွဲဖက်သုံးဆောင်ပါ

EVY's Kitchen

အပြည့်အစုံသို့ »

ပဲတီချဉ်သုပ် မွှေးမွှေးလေး


ပဲတီချဉ် သုပ်
ထမင်းမိန်စေမဲ့ ပဲတီချဉ်သုပ်လေးပါ မာမာ့အကြိုက်ဆုံးအသုပ်တစ်မျိုးဆိုလည်းမမှားပါဘူး ပဲတီကိုမာမာကိုယ်တိုင် အပင်ဖောက် ကိုယ်တိုင်အချဉ်တည်ပြီးမှသုပ်တာမို့အချဉ်အရသာ အနေတော်လေး သုပ်ထားပါတယ် ပဲတီကချဉ်လွန်းရင်လည်း စားမကောင်းပါဘူး ချဉ်ယောင်ယောင်လေးမှာ သုပ်ပြီးစားမှကောင်းပါတယ်။
မာမာဒီနေ့သုပ်တဲ့ပဲတီချဉ်မှာပါဝင်တာလေးတွေကတော့

ပဲတီချဉ် ဟင်းပြင်ပန်းကန်အသေး - တစ်လုံးစာ
ပါးပါးလှီးထားသော ကြက်သွန်နီအနေတော် -  တစ်ခြမ်း
ဆီချက်  - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
ငရုတ်သီးအကျက်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အားလုံးကို ဇလုံကျယ်ကျယ် တစ်လုံးမှာ ခပ်ဖွဖွလေးရောနယ်ပေးပြီးပါက ပဲတီချဉ်သုပ် မွှေးမွှေးလေးတစ်မယ်ရပါပြီ။

စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

အပြည့်အစုံသို့ »

အမဲသားပြုပ်ကြော် မွှေးမွှေးလေး


ဒီနေ့တော့ မာမာတစ်ယောက် အမဲသားပြုပ်ကြော်လေး ချက်ထားပါတယ် ချက်နည်းလေးကလွယ်
သလောက် စားရတာတော့ကောင်းပါတယ် အသားအနံ့ပြောင်းသွားလို့ အသားမစားတဲ့သူတောင်
စားနိုင်မယ်လို့ထင်ပါတယ်။
အသားကိုရေစင်အောင်ဆေးပြီး အနေတော်ရွယ်တူအတုံးလေးတွေ တုံးပေးပါ နနွင်း ချင်း ဆား အရသာ
မှုန့်တို့ထဲ့ပြီး အသားတုံးထဲကို အရသာဝင်အောင် ဆုတ်ဆုတ်ပြီးနယ်ပေးပါ ပြီးရင်၁၅မိနစ်လောက်
နှပ်ထားပေးပါ။
ပထမဆုံးရေမြုပ်ရုံလေးထဲ့ပြီး တည်ပေးပါ ရေဆူလာပါက မွှေပေးပြီးရေခမ်းတဲ့ထိ တည်ပေးပါ
လုံးရည်ခမ်းသွားပါက ရေမြုပ်ရုံထပ်ထည့်ပြီး တည်ပေးပါ ဒုတိရရေခမ်းသွားပါက အထက်အောက်
မကပ်အောက်မွှေပေးပြီးနောက်တစ်ရေထပ်ထဲ့ပါ။
တတိရရေ ခမ်းခါနီးပါက ဆီကိုထဲ့ပြီး မွှေပေးပါ ဆီကြွတ်ကြွတ်မြည်လာပါက မီးပိတ်နိုင်ပါပြီ။
ပါဝင်ရမှာလေးတွေက

အနေတော်တုံးထားသောအမဲသား - 400g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း -တစ်ဝက်သာသာ
ထောင်းထားသောချင်း - လက်တစ်ဆစ်စာ
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်သာသာ

စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

အပြည့်အစုံသို့ »

ငါးဖယ်ဆီပြန်၊ ကြက်သား မရမ်းသီးခြောက် ချဉ်စပ်ဟင်း၊ ပဲနီလေးဟင်းချို၊ ကညွှတ်ကြော်၊ ပဲပုပ်ထောင်းနှင့် တို့စရာ (ပြုလုပ်နည်း)


ငါးဖယ်ဆီပြန်
ငါးဖယ်ကို ဆား၊ကြက်သားမှုန့်၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ရောနယ်ပြီး ညက်အောင်ထောင်းထားသောဂျင်း၊ကြက်သွန်ဖြူ တို့နှင့်အတူ ငါးဖယ်ကို အနည်းငယ်မာသည် အထိထောင်းကာ သင့်ရုံအပြားလေးများပြုလုပ်ပြီး ကြော်ထားပါ။ ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊စပါးလင်၊ဂျင်းနှင့် ငရုတ်သီးခြောက် တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းမှုန့် အနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးလာပါက ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့် ပြီးမွှေပေးပါ။ပြီးလျှင်ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်ပြီး ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီး ခရမ်းချဉ်သီး ကြေလာလျှင် ကြော်ထားသော ငါးဖယ်များကိုထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ကာ ဆီပြန်လာသည် အထိတည်ထားပါ။ဆီပြန်လာပါက အပေါ့၊အငံ မြည်းကာ နံနံပင် နှင့်ငရုတ်သီးစိမ်းအုပ်ကာ ငါးဖယ်ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်း
ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊အသားမှုန့်၊နနွင်းမှုန့် တို့ဖြင့် ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။ ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်သီးစိမ်း တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး မွှေကာ၊ ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်၍ ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီးမှ လုံးထားသော ကြက်သားများကို ထည့်ပြီးမွှေကာ အဖုံးအုပ်ထားပါ။

ဟင်းအိုးပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ စိမ်ထားသော မရမ်သီးခြောက်အနည်းငယ်ကို ထည့် ပြီးတည်ထားပါ။ မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ် ထည့် ပြီးထပ်တည်ထားပါ။အသားများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကြည့်ပြီး ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ကညွတ်ကြော်
ကညွတ် အရင်းပိုင်းအရင့်နေရာများကို လှီးထုတ်ပြစ်ပြီး အဖူးနေရာမှလွဲ၍ ကျန်နေရာများအား ဓားပြားအသာရိုက်ကာ ကြိုက်နှစ်သက်သလို အရွယ်လေးတွေ ပိုင်းလျှက် ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။ ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်များကို မညက်တညတ် ရောပြီးထောင်းထားပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်များကို ထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူများအနည်းငယ်နွမ်းလာလျှင် ကညွတ်များနှင့်ဆား အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။ ကညွတ်များ အစိမ်းရောင်မပျက် အနူးမလွန်ခင် ခရုဆီအသင့်အတင့်ထည့်ပြီး အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ကညွတ်ကြော်မွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီရှင်။

ပဲပုပ်ထောင်း
ပဲပုပ်ထောင်းရန်အတွက် ပဲပုပ်ခြောက်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ၅ မိနစ်လောက် မီးကင်ပေးပါ။ မတူးအောင်မီးကင်ပြီး အားလုံးကို ဆားအနည်းငယ်ထည့်ကာ ညတ်နေအောင် ထောင်းပေးပါ။ အားလုံးညတ်ပြီးနှံ့သွားပြီဆိုလျှင် မွှေးပြီး အရသာကောင်းမွန်သော ပဲပုပ်ထောင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ အချဉ်ကြိုက်လျှင် သံပုရည်ညှစ်ကာ သုံးဆောင်လို့ ရပါတယ်ရှင်။

ဒေါ်ပု လက်ရာ

အပြည့်အစုံသို့ »

ပဲပုပ်ထောင်း (ပြုလုပ်နည်း)


ပဲပုပ်ထောင်းရန်အတွက် ပဲပုပ်ခြောက်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ၅ မိနစ်လောက် မီးကင်ပေးပါ။ မတူးအောင်မီးကင်ပြီး အားလုံးကို ဆားအနည်းငယ်ထည့်ကာ ညတ်နေအောင် ထောင်းပေးပါ။ အားလုံးညတ်ပြီးနှံ့သွားပြီဆိုလျှင် မွှေးပြီး အရသာကောင်းမွန်သော ပဲပုပ်ထောင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ အချဉ်ကြိုက်လျှင် သံပုရည်ညှစ်ကာ သုံးဆောင်လို့ ရပါတယ်ရှင်။
ကြက်သားမှုန့်၊ အရသာမှုန့်၊ ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာထည့်ပြီးထောင်းလို့ ရပါတယ်ရှင်။

ဒေါ်ပု လက်ရာ

အပြည့်အစုံသို့ »

အမဲသားဆီပြန်


အမဲသားဆီပြန်ဟင်းလေးပါ ဒီဟင်းအသားတွေက မာမာတို့အိမ်မှာ သိပ်ပြီးချက်လေ့မရှိပါဘူး တခါတရံမှသာ ချက်တတ်ပါတယ် အခု ဒီအမဲသားဆီပြန်ဟင်းလေးကို ချက်တဲ့အချိန်မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ မာမာ့ရဲ့ အမေချက်တဲ့နည်းလေး အတိုင်းချက်ထားပါတယ်။

အမေက အမဲသားဟင်းချက်ရင် ငံပြာရည်ဘယ်တော့မှ မသုံးပါဘူး ဆားဘဲသုံးပါတယ် ဟင်းမချက်ခင်မိနစ်နှစ်ဆယ်လောက်ကကြို ပြီး အရသာနယ်ကာနှပ်ထားတတ်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းတို့ကို ညက်နေအောင်ထောင်းပါတယ် အားလုံးပြီးပြီဆိုရင်တော့ ဆီကို မီးအနေတော်နဲ့ အပူပေးပြီးမှငရုတ်သီးထောင်းကို မွှေးလာတဲ့ထိဆီသတ်ပေးပါတယ် ငရုတ်သီးဆီသတ်တာမွှေးလာတာနဲ့ အရသာနယ်ထားတဲ့ အမဲသားကိုထဲ့ပြီး အသားမာလာတဲ့ထိ ဆီသတ်ပေးပါတယ် ပြီးမှ ရေကို မြုပ်အောင်ထဲ့ပြီး ပထမတရည်ခမ်းအောင်တည်ပါတယ်။

သားကြီးငါးကြီးဖြစ်တဲ့အတွက် အနည်းဆုံး နှစ်ရည်ခမ်းအောင်တော့တည်ပေးရပါတယ် အသားနူးပြီးရေခမ်းကာဆီပြန်ပြီဆိုရင် အပေါ့အငံမြည်းပြီးမီးပိတ်လို့ ပြီးရင်တော့ အမဲသားဆီပြန်လေးရပါပြီ။
ပါဝင်ရမှာလေးတွေက
အသားအရသာနယ်ရန်

ရေစင်အောင်ဆေးပြီး အနေတော်တုံးထားသော အမဲသား - 400g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမရှိတရှိ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
နှစ်သက်ရာ မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
ကရဝေးရွက် - နှစ်ရွက်
ငရုတ်သီးနှင့်တွဲပြီးထောင်းရန်
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ချင်း - လက်တစ်ဆစ်သာသာ
ကြက်သွန်နီ - အနေတော် တစ်ဥ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
စပါးလင် - ၃လက်မလောက်တစ်ပင်
ဆီသတ်ရန်
ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

အပြည့်အစုံသို့ »

ငါး သံပုရာပေါင်း ချဉ်ငံစပ်မွှေးမွှေးလေး (ချက်ပြုတ်နည်း)




မာမာ ဒီနေ့ ငါးကို သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်မိတ် ကျူဆိုင် ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ချဉ်ငံစပ်မွှေးမွှေးလေး ပေါင်းထားပါတယ်။
ပေါင်းရလွယ်သလောက် စားလို့ကောင်းတဲ့ငါးပေါင်းလေးမို့ မျှဝေလိုက်တာဖြစ်ပါတယ်နော်။
ငါးလေးကို ပေါင်းတယ်ဆိုတာထက် အရမ်းလွယ်တဲ့နည်းလေးနဲ့လုပ်ထားပါတယ် အသားငါးကင်တဲ့ aluminum foil နဲ့ပါတ်ပြီး oven ထဲမှာ ထဲ့တာမို့ ကတိကထ မများလှပါဘူး။
မာမာ လုပ်တဲ့နည်းလေးပြောပြမယ်နော်
ငါးအရသာနယ်ရန်

သန့်စင်ပြီးသောငါးတစ်ကောင် - 400g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားမှုန့်ကို သုံးထားပါတယ်)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ငါးအရသာနယ်ပြီးသော အထဲသို့ထဲ့ရန်
လက်တစ်ဆစ်ခန့် လှီးထားသောကြက်သွန်မိတ် - သုံးပင်
လက်တစ်ခန့်လှီးထားသော ကျူဆိုင် - ဆယ်ပင်ခန့်
ပါးပါးလှီးထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်ဥ
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - သုံးတောင့်
ပါးပါးလှီးထားသော သံပုရာသီး တစ်လုံး
၁၂လက်မခန့်ရှည်သော aluminum foil - တစ်ခု

Aluminum foil ကိုခင်းပြီး အရသာများနယ်ထားသော ငါးကိုအကောင်လိုက်တင်လိုက်ပါ
အရသာ အရွက်နှင့်အသီးများကို ငါးဗိုက်ထဲနှင့် အပေါ်အောက်တို့မှာ အဆင်ပြေသလို ပြင်ပေးပါ
အားလုံးပြီးပါက aluminum foil ကို လုံအောင်ထုတ်ပေးပါ
Oven ကို ငါးမထဲ့ခင်မိနစ်နှစ်ဆယ်လောက် ကြိုပြီး 250 ဒီဂရီနဲ့ဖွင့်ထားပေးပါ
မုန့်ဖုတ်သည့်ဗန်းတစ်ခုပေါ်တင်ပြီး oven ထဲထဲ့ပေးပါ
45 မိနစ်လောက်ထဲ့ပေးပြီးရင် ငါးပေါင်းမွှေးမွှေးလေးရပါပြီ

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

အပြည့်အစုံသို့ »

ကြက်ပြုပ် ဟင်းခါး


မာမာ ဒီနေ့တော့ ရာသီဥတုလေးနည်းနည်းအေးတာနဲ့ကြက်ပြုပ်ဟင်းခါးရည်လေး ချက်သောက်ဖြစ်ပါတယ်
သောက်လို့ကောင်း ထမင်းလဲမိန်စေခဲ့ပါတယ် ချက်ရတာတော့ အရမ်းလွယ်တဲ့ ဟင်းခါးရည်အမျိုး အစားလေးပါ ငယ်ငယ်ထဲက ကြိုက်ခဲ့တဲ့အရည်ဟင်းလေးမို့ ခနခချက်ဖြစ်ခဲ့ပါတယ်။
ဒီနေ့ချက်တဲ့ ဟင်းခါးရည်ကိုမာမာ ကြက်ရင်ပုံသားလေးနဲ့ပြုပ်ပြီးချက်ထားပါတယ် မြည်းစမ်းပြီးသောက်ဖို့ ချက်ကြည့်ချင်တယ်ဆိုရင်တော့

ကြက်ရင်ပုံသား - 100g
ပဲပြားအစိမ်း - အနေတော် တစ်တုံး (သင့်တော်သလို ပိုင်းပေးထားပါ)
ရွှေပဲသီး - ၅တောင့်
ရေစိမ်ပြီးသော ပဲကြာဇံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆား - ညက်ဖက်ရည်ဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ချက်ရန်
ကြက်ရင်ပုံသားကို အရင်ဆုံးဆားနှင့်အရသာမှုန့် အနည်းငယ်စီနယ်ပြီး ရေမြုပ်ရုံထဲ့ပြီးပြုပ်ပေးပါ
ရေခမ်းသွားပါက အသားမြှောင်းလေးများရအောင်ထွင်ပေးပါ
ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးနှင့်တစ်ဝက်သာသာထဲ့ပေးပါ
ဆားနှင့်အရသာမှုန့်ထဲ့ပြီး ရေဆူအောင်တည်ပေးပါ
ရေဆူလာပါက ပဲပြားလေးများအရင်ထဲ့ပြီးတည်ပေးပါ
ငါးမိနစ်လောက်ဆူပြီးပါက ပဲကြာဇံ ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့်ထဲ့ပြီး အပေါ့အငံမြည်းပေးပါ
မီးပိတ်ခါနီးမှ ရွှေပဲသီးထဲ့ပြီးအဖုံးမအုပ်ဘဲထားပေးပါ
မီးပိတ်ပြီးတာနဲ့ဟင်းခါးရည်ပူပူလေး သောက်သုံးနိုင်ပါပြီ။

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

အပြည့်အစုံသို့ »

နွေရာသီ ကြက်သား၊ ပင်စိမ်း ဟင်းချို


ပေါ့ပေါ့ပါးပါး၊ ပူပူနွေးနွေး ကြက်သားပြုတ်ရည် ဟင်းချိုတစ်ခွက်ဖြစ်မှာပါ။ အကာမာတဲ့ ပေါင်မုန့်ကြမ်းနဲ့ တွဲဖက်စားရင် သိပ်ကောင်းပါတယ်။ ချက်ပြုတ်ချိန်ကတော့ မိနစ် ၅၀ပဲကြာမှာပါ။

ပါဝင်ပစ္စည်းများ

သံလွင်ဆီ (စားပွဲတင်ဇွန်း- ၁ဇွန်း)

ကြက်သား (ကြက်ပေါင် ၈ တုံးခန့်)

ဂျုံမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း)

ငြုပ်သီးအကြမ်းဖက် (စားပွဲတင်ဇွန်း ၂ဇွန်း)

အာလူး အလုံးသေး ၁၂လုံး (ထပ်ခြမ်း)

ဝိုင်ဖြူ ၁၅၀ မီလီ လီတာ

ကြက်သားပြုတ်ရည် ၂၀၀ မီလီ လီတာ

ပင်စိမ်းရွက် ၂၀

အကာသားမာကြွပ်တဲ့ ပေါင်မုန့်ကြမ်း (တွဲဖက်စားသုံးရန်)

ချက်ပြုတ်နည်း

၁။ အိုးကြီးကြီးနဲ့ သံလွင်ဆီကို အပူပေးပါ။ ကြက်ပေါင်တွေကို ဂျုံမှုန့်ဖြူးပြီး အိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ချက်ပါ။ ကြက်သားတုံးတွေကို တစ်ဖက်လှန်ပါ။ အားလုံးနီရဲသွားတဲ့အထိ တည်ပါ။

၂။ ငြုပ်သီးအကြမ်းဖတ် နဲ့ အာလူးကို အိုးထဲထည့်ပြီး ၃မိနစ်ခန့် ဆက်တည်ပါ။ ပြီးရင် ၀ိုင်ဖြူ နဲ့ ကြက်သားပြုတ်ရည် ကို လောင်းထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်၊ စား နဲ့ ငြုပ်ကောင်းမှုန့်တွေကိုလည်း ထည့်ပါ။ အိုးကို အဖုံးအုပ်ပြီး  ၂၀၊ ၂၅မိနစ်လောက်ကြာအောင် ဆူတဲ့အထိတည်ပါ။ ကြက်ပေါင် နူးတဲ့အထိ တည်ပါ။ ရရင် ပင်စိမ်းရွက် ခတ်ပြီး နောက်ထပ် ၅မိနစ် ဆက်တည်ပါ။  ပြီးရင်တော့ အကာသား မာကြွပ်တဲ့ ပေါင်မုန့်နဲ့ တွဲဖက်စားနိုင်ပါပြီ။

Ref:bbcgoodfood.com
Trend Myanmar

အပြည့်အစုံသို့ »

ကြက်သားပြည်ပလာတာ


ဒေါ်ပုကတော့ ကြက်သားပြည်ပလာတာ ဆိုပေမယ့် ပလာတာတစ်မျိုးတည်းနဲ့ မစားပါဘူး။ ပလာတာ၊ စမူဆာ၊ကော်ပြန့်ကြော် တို့နှင့်ပါ တွဲဖက်ပြီး သုံးဆောင်ပါတယ်။ ပြည်ပလာတာချက်ရန်အတွက် ကြက်သား၊ ကြက်အသည်းအမြစ်၊ ကြက်လည်ပင်းရိုး၊ တောင်ပံ၊ ခြေထောက် စသည်တို့ပါ ထည့်ပြီးချက်လျှင် ပိုပြီးစားကောင်းပါတယ်။ ပထမဆုံး ကြက်သား၊ ကြက်အသည်းအမြစ်နှလုံး၊ ကြက်လည်ပင်းရိုး၊ တောင်ပံ၊ ခြေထောက် အားလုံးတို့ကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးလေးတွေ တုံးကာ ဆား၊နနွင်းမှုန့်၊ ကြက်သားမှုန့်/အရသာမှုန့်/ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးထည့်နယ်ထားပါ။ ပဲမှုန့်အစိမ်းကို ရေနှင့်ချေပြီးဖျော်ကာ အိုးအကြီးတလုံးထဲတွင် မကြာခဏမွှေပေးကာ ပဲအစိမ်းနံ့ပျောက်သည်အထိကြာကြာလေး တည်ထားပါ။ အားလူးအလုံးသေးများကို အခွံနွှာပြီး ဆားအနည်းငယ်နှင့် ရေစိမ်ထားပါ။

လေညှင်း ၄ပွင့်၊ ဖာလာစေ့ ၄စေ့၊ ငရုတ်ကောင်း ၃ စေ့ တို့ကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ဂျင်း တို့ကိုလည်း ညက်အောင်ထောင်းပြီး အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်များရွှေရောင်သန်းပြီးမွှေးလာပါက မီးအရှိန်ရှော့ကာ ငရုတ်သီး အရောင်တင်မှုန့်၊ကလာဝေးရွက်၊သစ်ဂျပိုး နှင့် ညက်အောင်ထောင်းထားသော လေညှင်း၊ ဖာလာစေ့၊ ငရုတ်ကောင်းစေ့ တို့ကိုထည့်ပြီး စက္ကန့်ပိုင်းမျှ ကြာအောင် မွှေကာ လုံးထားသော ကြက်သား၊ ကြက်အသည်းအမြစ်၊ ကြက်ရိုး အားလုံးတို့ကို ထည့်ပြီး မီးအရှိန်ကို ပုံမှန်ပြန်ထားကာ ကြက်သားများကို ကြာကြာလေးလုံးပေးပါ။ ကြက်သားများရေခမ်းပြီး ဆီပြန်လာလျှင် အသင့်ကျိုထားသော ပဲရည်အိုးထဲသို့ ဖြေးဖြေးချင်းထည့်ကာ တည်ထားပေးပါ။ ပြီးနောက် အားလူးများကို ရေပြန်ဆေးကာ ဟင်းအိုးထဲသို့ ထည့်ပြီးမွှေပေးပါ။ ဟင်းအိုးကို မကြာခဏမွှေမွှေပေးပါ။ အောက်တွင်ပဲအနှစ်များ ကပ်ပြီးတူးနိုင်ပါသည်။ ဟင်းအရည်များပွက်ပွက် ဆူလာလျှင် ကြက်သားများနှင့် အားလူးများ နူး၊ မနူးနှင့် အပေါ့အငံမြည်းကြည့်ကာ လိုအပ်သည်များကို ထပ်ထည့်ပါ။ ကြက်သားများနှင့် အားလူးများအားလုံးနူးပြီးဆိုလျှင် ကြက်သားပြည်ပလာတာအတွက် ကြက်သားအားလူးဟင်း အရည်လေး သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီရှင်။

ပလာတာ၊ စမူဆာ၊ကော်ပြန့် တို့ကို ကြော်ထားပါ။ ဂေါ်ဖီ၊ကြက်သွန်နီ၊ရှောက်ရွက်/နံနံပင်/ပူစီနံ၊ငရုတ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ။ ပန်းကန်လုံးတစ်ခုထဲတွင် ပလာတာ၊ စမူဆာ၊ကော်ပြန့် တို့ကို အနေတော်လေးတွေညှပ်ထည့်ပါ။ ကြက်သားအားလူးဟင်းရည်ကို မွှေပြီးခပ်ထည့်ပါ။ ပါးပါးလှီးထားသော ဂေါ်ဖီ၊ကြက်သွန်နီ၊ရှောက်ရွက်/နံနံပင်/ပူစီနံ၊ငရုတ်သီးစိမ်း တို့ကိုထည့်ပါ။ သံပုရာရည်ညစ်ကာ အားလုံးကိုရောနယ်ပြီး အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ချဉ်ချဉ် ငံငံ စပ်စပ် ကြက်သားပြည်ပလာတာပူပူလေး သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပု လက်ရာ

အပြည့်အစုံသို့ »

အချိန်ပိုင်း ဓာတ်ပုံရိုက်ရင်း အပိုဝင်ငွေရှာကြရအောင်


တကယ် ဓာတ်ပုံဆရာတွေအတွက်ရော၊ ၀ါသနာရှင်တွေအတွက်ရော ကိုယ်ရဲ့ စိတ်တိုင်းကျရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရှာဖွေနိင်ပါပြီ။

သိပ်ကြီးဓာတ်ပုံရိုက်ရာမှာ ကျွမ်းကျင်နေဖို့မလိုပါဘူး။ ကိုယ် ဓာတ်ပုံတွေကို တစ်ဆင်ခံပြန်လည်းရောင်းချနိင်အောင် ကုမ္ပဏီတစ်ခုက စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
ဝက်ဘ်ပေါ်မှာ တင်ပေးရုံပါပဲ။ ဒါဆိုရင်တော့ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို အခြား သဘောကျနှစ်သစ်သူတွေက ၀ယ်ယူမယ်ဆိုရင် သင့် ၀န်ဆောင်ခ

ဒီအတွက် ၃၀ရာခိုင်နှုန်းရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်တမ်းအချိန်ပြည့် ဓာတ်ပုံရိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတွေအဖို့ တော့ အဆင်ပြေမှာ မဟုတ်ပေမဲ့
ဝါသနာရှင်နဲ့ အချိန်ပိုင်း အပျော်တမ်း ဓာတ်ပုံဆရာတွေအတွက်ကတော့ အသုံးဝင်ကာ အပိုဝင်ငွေကို ဆောင်းနိင်မှာ ဖြစ်ပါတယ်။

Log in ၀င်ရာမှာလည်း facebook အကောင့်၊ ဂျီတော့ အကောင့် ၊ တွစ်တာ အကောင့် ကြိုက်ရာနဲ့ ၀င်နိင်ပြီး အခြားသူများရဲ့ ဓာတ်ပုံများကိုလည်း လေ့လာနိင်ဦး
မှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ 5oopx.com မှာ ၀င်ရောက် ကြည့် ကြည့် လိုက်ပါဦးနော်။

http://prime.500px.com/

Aung Heine ( www.smart.com.mm )

အပြည့်အစုံသို့ »

ဘဲသားအားလူးဟင်း




ဘဲအကောင်ကိုရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးများ တုံးကာ ဆား၊ငံပြာရည်၊နနွင်းမှုန့် ၊ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်စီ တို့ဖြင့်နယ်ထားပါ။ ပြီးလျှင် ရေစိမ်ထားသော ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ နှင့်ဂျင်း တို့ကို ညက်အောင်ထောင်းကာ ဘဲသားများနှင့် ငရုတ်အနှစ်များကို ရောနယ်ပြီး အသားထဲ အရသာများ စိမ့်ဝင်အောင် နာရီဝက်ခန့်နှပ်ထားပါ။ဘဲအဆီဘူးကို ထည့်မချက်ပါနှင့် အရမ်းနံပြီး စားမရဖြစ်တတ်သည်။ ဒေါ်ပုကတော့ ဘဲကို ဆီလုံးဝမထည့်ပဲ ဘဲကထွက်တဲ့ ဘဲဆီနဲ့ပဲ ဆီမသတ်ပဲ လုံးချက်ထားတာပါ။ အားလူးများကို အခွံခွါပြီး ဆားအနည်းငယ်နှင့် ရေစိမ်ထားပါ။

အသားများကို နာရီဝက်ခန့် နှပ်ပြီးသွားလျှင် ချက်မည့်အိုးထဲသို့ ပြောင်းထည့်ကာ မီးအပူရှိန် အလယ်အလတ်လောက်နှင့် မကြာခဏမွှေ မွှေပေးပါ။ ရေထမင်းစားဇွန်း ၃ ဇွန်းလောက်ထည့်ကာ မပျက်မွှေပေးပါ။ ဘဲအသားများ ခပ်တင်းတင်းလေးဖြစ်လာကာ ကြက်သွန်စိမ်းနံ့ပြောက်ပြီး ဟင်းအနှစ်များရပြီဆိုလျှင် ရေမြုတ်အောင် ထည့်၍ အဖုံးဖုံးပြီး တည်ထားပါ။ ဟင်းအရည်များ ပွက်ပွက်ဆူလာလျှင် ရေစိမ်ထားသော အားလူးများကို ရေဆေးပြီး ထည့်ပါ။ ရေမြုတ်အောင် ထပ်ထည့်ကာ အသားနှင့် အားလူး နူးသည်အထိတည်ထားပေးပါ။ တခါတလေ အသားများမနူးသေးပဲ အားလူးများနူးနေပြီ ဆိုလျှင် အားလူးများကို ပန်းကန်လုံး တစ်ခုထဲသို့ ဆယ်ထုတ် ထားပါ။ အသားများကို ရေအနည်းငယ်ထပ်ထည့်ကာ နူးအိလာသည်အထိ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများခမ်းလာကာ အသားများနူးအိ၍ ဆီပြန်လာလျှင် ဖယ်ထားသော အားလူးများကို ထည့်မွှေ၍ အပေါ့အငံမြည်းကြည့်ပြီး မဆလာအုပ်ကာ အရသာကောင်းမွန်သော ဘဲသားအားလူးဟင်းမွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီရှင်။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။ ဘဲသားအားလူးဟင်းကို ချဉ်ပေါင်ရွက်(သို့) ကင်းပွန်းချဉ်ရွက် အချဉ်ရည်ဟင်း၊ ငါးပိထောင်း(သို့) ငရုတ်သီးစားထောင်း တို့နှင့် တွဲဖက်၍ သုံးဆောင်လျှင် အလွန်ဖက်ပါတယ်ရှင်။
ဒေါ်ပု လက်ရာ

အပြည့်အစုံသို့ »

ဝက်သားနှင့်မျှစ်ချဉ်


ဝက်သားကို ရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊ငံပြာရည် (သို့) စိမ်းစားငါးပိ၊နနွင်း အနည်းငယ်စီတို့ဖြင့် ရောနယ်ကာနာရီဝက်ခန့်နှပ်ထားပါ။ ပြီးနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် ငရုတ်သီးခြောက်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက နှပ်ထားသော ဝက်သားများကိုထည့်မွှေ၍ အိုးမကပ်အောင်မပြတ်မွှေကာ ဆီပြန်လာသည်အထိ မွှေပေးပါ။ ပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာကာ ရေခမ်းပြီး ဆီပြန်လာလျှင် အနေတော်အရွယ် လှီးထားသော မျှစ်ချဉ်များကို ထည့်ပြီးမွှေပေးပါ။ မျှစ်ချဉ်အရည်လည်းအနည်းငယ် ထည့်ပေးပြီး အသားနှင့် မျှစ်ချဉ် နူးအောင် တည်ထားပေးပါ။ အရည်များ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ်ထည့် ပြီး နူးအောင်ထပ်တည်ထားပါ။ အသားနှင့် မျှစ်ချဉ်များနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ဝက်သားနှင့်မျှစ်ချဉ်ဟင်းကို ငပိထောင်းနှင့် တွဲဖက်၍ သုံးဆောင်လျှင် အလွန်လိုက်ဖက်ပါတယ်။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။

ဒေါ်ပု လက်ရာ

အပြည့်အစုံသို့ »

ငါးသလောက်ဥကြော်


ငါးသလောက်ဥများကို ရေနှင့်ဖြေးဖြေးခြင်းဆေး၍ ဆားနှင့်နနွင်း အနည်းငယ်ဆီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းအနည်းငယ်ကို ထောင်းပြီး အရည်ညှစ်ထည့်ကာ အားလုံးနှံ့အောင် အသာနယ်ထားပါ။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။ ဒယ်အိုးထဲတွင် ဆီအနေတော်ထည့်၍ ဆီပူလာလျှင် ငါးသလောက်ဥများကို ဖြေးဖြေးခြင်းထည့်ကာ ကြော်ပေးပါ။ ၅ မိနစ်လောက် ဟိုဘက် ဒီဘက်လှန်ကာ ကြော်ပြီးလျှင် ရေမမြုတ်တမြုတ်ထည့်ကာ အိုးဖုံးကာတည်ထားပါ။ ရေထည့်ပြီးကြော်မှသာ ငါးသလောက်ဥများကျက်မှာပါ။ ရေများခမ်းလာပြီး ဆီများထွက်လာလျှင် ခဏကြာမျှ ထိုဆီများနှင့် ဟိုဘက် ဒီဘက်လှန်ကာ ကြော်ပေးပါ။ အရောင်များရဲလာပြီး အကျက်ညီလျှင် ငါးသလောက်ဥကြော်ပူပူလေးကို ထမင်းဖြူ လေးနှင့် တွဲဖက်၍ သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပုလက်ရာ

အပြည့်အစုံသို့ »

ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်


အခုကြော်ထားတဲ့ မြိတ်ကတ်ကြေးကိုက်ကတော့ ဒေါ်ပုမြိတ်မြို့မှာ ၃ လလောက်နေခဲ့စဉ်က အမြဲဝယ်စားဖြစ်ခဲ့တဲ့ ဆိုင်က အတိုင်းကြော်ထားတာပါ။ မြိတ်ကတ်ကြေးကိုက်ကြော်ရန်အတွက် ပင်လယ်စာများကို ကြိုက်နှစ်သက်သလို ထည့်လို့ရပါတယ်။ ပုစွန်၊ ကင်းမွန် ၊ရေဘဝဲ၊ ရှပ်၊ဂုံး၊ကမာ စသည့် ကြိုက်နှစ်သက်သည့် ပင်လယ်စာများကို ရေစင်အောင် ဆေးထားပါ။ ပုစွန်ကို ရေဆေးကာ ခေါင်းများဖြုတ်ထားပါ။ ကင်းမွန်ကိုလဲ အညစ်အကြေးများဖယ်ထုတ်ပြစ်ပြီး သန့်စင်အောင်ဆေးကာ ကြိုက်နှစ်သက်သလို ပုံစံလေးများ လှီးထားပါ။ ပင်လယ်စာများအားလုံး ဆေးကြောသန့်စင်ပြီးလျှင် ဆားအနည်းငယ်ထည့်ကာ နှံ့အောင်နယ်ထားပါ။
ငရုတ်သီးအနှစ်လုပ်ရန်အတွက် ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ညက်အောင်ထောင်းကာ ရေနွေး ထမင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ကာ မပျစ်မကျဲ ဖျော်ထားပါ။ တချို့ က ငရုတ်သီးအကြမ်းဖတ်နဲ့လဲ ကြော်ကြပါတယ်။ ပဲတီပင်ပေါက်များကိုရေဆေးပြီး ဇကာနှင့်ရေပြန်စစ်ထားပါ။ ညှပ်ခေါက်ဆွဲဖတ်များကို ဆီထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပြီး လုံးထွေးပြီးကပ်မနေအောင် မွှထားပါ။

ကြက်သွန်နီကို ပါးပါးလှီးထားပါ။ အားလုံးကြော်ရန် အဆင်သင့်ဖြစ်ပြီဆိုလျှင် ဒယ်အိုးထဲတွင် ဆီအသင့်အတင့်ထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ ကြက်သွန်နီများ နွမ်းလာလျှင် ထောင်းထားသော ငရုတ်သီးအနှစ်ကိုထည့် ပြီးမွှေပေးပါ။ပြီးလျှင် ပင်လယ်စာများကိုထည့်ကာ မွှေပေးပါ။ ဆား၊ ပအုန်းရည် (သို့) ရှာလကာရည်နှင့် ပဲငံပြာရည်အကြည် အနည်းငယ်ဆီထည့်ကာ မွှေပေးပါ။ ပဲငံပြာရည် အပျစ်ကြိုက်လျှင်လည်း အနည်းငယ် ထည့်လို့ရပါတယ်။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ကြော်ချင်လျှင်လည်း ထည့်ကြော်လို့ရပါတယ်။

ပြီးနောက် ပင်လယ်စာများ ကျက်လောက်ပြီဆိုလျှင် ညှပ်ခေါက်ဆွဲဖတ်များကိုထည့်ကာ အထက်အောက် မွှေပေးပါ။ ရေဆေးပြီး စစ်ထားသော ပဲတီပင်ပေါက်ကို ညှပ်ခေါက်ဆွဲဖတ်များမထည့်ခင် ထည့်ပါက နွမ်းလွယ်၍ ညှပ်ခေါက်ဆွဲဖတ်များ ထည့်ပြီးမှ ပဲတီပင်ပေါက်များကို ထည့်ပေးပါ။ အားလုံးနှံ့ပြီဆိုလျှင် အပေါ့အငံမြည်းကြည့် ပြီး ပဲပြုတ်ထည့်ကာ အရသာကောင်းမွန်သော ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်လေး သုံးဆောင်လို့ရပါပြီရှင်။ ကြက်ဥကြော်နှင့် ကြက်သွန်မိတ် တို့လည်း ကြိုက်လျှင်ထည့်လို့ရပါတယ်။ ဒေါ်ပုကတော့ ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်ကြော်စားရင် ကြက်ဥကြော်ထည့်မစားပါဘူး။

အချဉ်အတွက်ကိုတော့ ပဲတီပင်ပေါက်နှင့် ငရုတ်သီးအကြမ်းဖတ်အနည်းငယ်ကို ပအုန်းရည် (သို့) ရှာလကာရည် မမြုတ်တမြုတ်ထည့်ကာ ဆားနှင့်သကြား အသင့်အတင့်ထည့်မွှေ၍ အနည်းဆုံး ၅ နာရီ လောက်ကြာအောင်
ကြို ပြီး စိမ်ထားပေးပါ။ ပဲတီပင်ပေါက်အချဉ်ကို ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်နှင့် တွဲဖက်စားသုံးပါက စားကောင်း၍ လိုက်ဖက်ပြီး အအီလဲပြေစေပါတယ်ရှင်။
ဒေါ်ပုလက်ရာ

အပြည့်အစုံသို့ »

မှိုချဉ်စပ်ဟင်း


Oyster Mushroom - ၁ ထုပ် ရေဆေးပြီး ဆား အရသာမှုန့် အနည်းငယ်နယ်ထားပါ။
ကြက်သွန်နီ ငရုတ်သီးအစိမ်းတောင့် တို့ကိုထောင်းထားပါ။ ဒယ်အိုးထဲဆီနဲနဲထဲ့ကာ ထောင်းထားတာကိုဆီသတ်ပါ ငပိအနည်းငယ်ကိုလဲဆီသတ်ပေးပါ။ ဟင်းခတ်အတွက် ဒီဟင်းထဲမှာ ငါးပြုပ်ပြီး အသားနွင်ထားတာကို ထဲ့ထားပါတယ်။ ကြက်အရိုးနဲ့လဲချက်စားနိုင်ပါတယ်။ ပြီးတော့ မှိုထဲ့ပြီးမွှေပေးပါ။ ပါးပါးလှီးထားတဲ့ မုန်လာဥနီနဲနဲ မကျည်းသီးအနှစ် နံနံပင်ထဲ့ပြီး ခဏလောက်အုပ်ထားပြီးရင် မီးပိတ်လိုက်ပါ။
လွယ်ကူပြီး အချိန် ၁၀ မိနစ်ထက်မပိုတဲ့ဟင်းတခွက်ရပါပြီ။ တခါတလေ ဘာချဉ်ဟင်းချက်ရ ကောင်းမလဲ စဉ်းစားနေတဲ့ အိမ်ရှင်မများအတွက် အရသာရှိတဲ့ မှိုချဉ်စပ်ဟင်းရည်ပါ။

မွန်မလက်ရာ

အပြည့်အစုံသို့ »

ဝက်ကြေးအိုးနှင့် ကြေးအိုးဆီချက်



ဝက်ကြေးအိုး လုပ်ရန်အတွက် အူမကြီး၊အူချို၊ အူပိတ်၊အသည်း၊ကျောက်ကပ်၊နှလုံး အားလုံးတို့ကို ရှာလကာရည်(သို့) မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။

ဒေါ်ပုက ကြေးအိုးလုပ်စားရင်လည်း ဝက်အူပိတ်ပါထည့်စားပါတယ်။ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။ အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။
ပြီးလျှင် ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့် အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။ ဝက်ကလီစားများကို ကျက်အောင်ပြုတ်ပြီး အနေတော် အရွယ်လေးများ လှီးထားပေးပါ။
ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ကာ အနေတော် အရွယ်လေးများ လှီးထားပေးပါ။

ဆန်ကြာဇံကို အနည်းဆုံး ၃ နာရီလောက်ကြိုပြီး ရေစိမ်ထားပေးပါ။ ကြေးအိုးအရည်လုပ်ရန် အတွက် ဝက်ရိုးများကို ရေစင်အောင်ဆေးပြီး ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်း၊ သကြား၊ဆားအနည်းငယ်ဆီ ထည့်ကာ အချိန်ကြာကြာလေးပြုတ်ထားပေးပါ။ ငုံးဥများကို ကျက်အောင်ပြုတ်ပြီး ခွါထားပါ။

ဝက်သားလုံးလုပ်ရန်အတွက် ကြိတ်ထားသောဝက်သား (သို့) စဉ်းထားသောဝက်သားများထဲသို့ ကော်မှုန့်အနည်းငယ်ကို အရည်ပျစ်ပျစ်ဖျော်ပြီး ထည့်ပါ။ ကြက်ဥတစ်လုံး ဖောက်ပြီးထည့်ပါ။ ကြက်ဥအကာပဲထည့်ပေးပါ။ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်းကို အရည်ညှစ်ထည့်ပါ။ ပဲပြား တတုံးလောက်ကို ချေပြီးထည့်ပေးပါး။ ဝက်သားအရသာ အိပြီး ပိုစားကောင်းအောင်လို့ပါ။ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊နှမ်းဆီ အနည်းငယ်ဆီ ထည့်ကာ နှံ့အောင်နယ်ပြီး ကြိုက်နှစ်သက်သလို အလုံးလေးတွေ လုံးထားပေးပါ။ ဒေါ်ပုကတော့ ငါးဖယ်လုံးကို အသင့်စားလို့ရတဲ့ လုပ်ပြီးသား ငါးဖယ်လုံးကို သုံးပါတယ်။ မုန်ညှင်းရွက်၊ ဟူစိုင်ရွက် တို့ကိုအနေတော် အရွယ်လေးများ ဖြတ်ထားပြီး ရေစင်အောင် ဆေးကာရေစစ်ထားပါ။

ထို့နောက် အိုးတလုံးထဲတွင် ဝက်ရိုးပြုတ်ရည် အိုးတဝက်လောက် ခပ်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ ဝက်ပြုတ်ရည်များ ပွက်ပွက်ဆူလာလျှင် လုံးထားသော ဝက်သားလုံးများကို အသားများ ကျက်သည်အထိ မိနစ်အနည်းငယ်မျှ ပြုတ်ပေးပါ။ အသားများကျက်လာလျှင် ပန်းကန်တခုထဲသို့ ဆယ်ထည့်ထားပေးပါ။ ဝက်ကြေးအိုးလုပ်ရန်အတွက် အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် စားမည့်ပမာဏနှင့်ချိန်ဆ၍ ရေစိမ်ထားသော ကြာဇံ၊ ဝက်ကလီဇာများ၊ပဲပြား၊ငါးဖယ်လုံး၊ဝက်သားလုံး၊ငုံးဥ၊မုန်ညှင်းရွက်၊ဟူစိုင်ရွက် တို့ကို ဇကာထဲသို့ထည့်ကာ ခဏကြာမျှ ပြုတ်ပေးပါ။ ကြာဇံများ မနူးခင် ဆယ်ယူပြီး စားမည့်ပန်းကန်ထဲသို့ ထည့်ပေးပါ။ ပြီးလျှင် ဝက်ပြုတ်ရည်ကို ကြာဇံ၊ဝက်ကလီစာများ အပေါ်မူတည်၍ အသင့်အတင့်ကို ပန်းကန်ထဲသို့ ခပ်ထည့်ပေးပါ။ အပေါ့အငံမြည်းကာ ငရုတ်ကောင်း၊နှမ်းဆီ တို့ကို အနည်းငယ်ဆီ ထည့်ပေးပါ။ ဝက်ကြေးအိုးကို ရှာလကာရည်နှင့်စိမ်ထားသော ငရုတ်သီးစိမ်း၊ ငရုတ်ဆီ အချဉ်ရည်တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။

ဝက်ကြေးအိုးဆီချက်

ဝက်ကြေးအိုးဆီချက်လုပ်ရန်အတွက် အထက်ပါ ဝက်ကြေးအိုး နည်းအတိုင်းပြုလုပ်၍ ရေစိမ်ထားသော ကြာဇံ၊ ဝက်ကလီဇာများ၊ ပဲပြား၊ ငါးဖယ်လုံး၊ ဝက်သားလုံး၊ ငုံးဥ၊ မုန်ညှင်းရွက်၊ ဟူစိုင်ရွက် တို့ကို ဇကာထဲသို့ထည့်ကာ ခဏကြာမျှ ပြုတ်ပေးပါ။ ကြာဇံများ မနူးခင် ဆယ်ယူပြီး စားမည့်ပန်းကန်ထဲသို့ ထည့်ပေးပါ။ ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည်၊ ငံပြာရည် အနည်းငယ်ဆီ ထည့်ကာ အားလုံးနှံ့အောင်ရောမွှေပေးပါ။ ဝက်ကြေးအိုးဆီချက်ကို ဝက်ပြုတ်ရည်၊ ရှာလကာရည်နှင့်စိမ်ထားသော ငရုတ်သီးစိမ်း၊ ငရုတ်ဆီ အချဉ်ရည်တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။
(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)
ဒေါ်ပုလက်ရာ

အပြည့်အစုံသို့ »