Showing posts with label ghost. Show all posts
Showing posts with label ghost. Show all posts

ကျွန်န်ုပ်နှင့် သရဲခြောက်သော ၀ါးရုံတော


(၁)

အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက် ကယ်သောင် ရွာကလေးကား အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ် အလွန် ကောင်း လှပေ၏ ။ ထိုအခိုက် မပီဝိုးတ၀ါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက ရွာတောင်ဖက် သင်္ချိုင်းအလည်မှ တရွေ့ ရွေ့သွားနေ၏ ။ သက်ကယ်သောင်ရွာနှင့် ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ၀ါးရုံတော ကြီးတစ်ခု ရှိလေ၏ ။ ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ၀ါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။ ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ၀ါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင် လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာ ပင် မဲမဲသဏ္ဍာန်နှစ်ခုသည် သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။

” ကယ်ကြပါဦးဗျို့… ကယ်ကြပါဦး.. သ…သရဲ ခြောက်လို့ဗျို့ “

အမောတကော ပြေးဝင်လာပြီး အော်ဟစ်နေကြသော အသံများကြောင့် တစ်ရွာလုံးလိုလို နိုးလာလေသည် ။ ထို့ နောက် မီးအိမ်လေးတွေကိုင်ပြီး ရွာလယ်လမ်းမသို့ ထွက်လာကြ၏ ။

” အလို ထွန်းခင်နဲ့ ညိုအေးတို့ပါလား ” ရွာလူကြီး ဦးအေးမောင်က လှမ်းမေးလိုက်သည် ။

” ဟေ့ ဘာဖြစ်လာကြတာတုန်း ညကြီးမင်းကြီး အလန့်တကြားနဲ့ “

” ဟို…ဟို…”

ထိုနှစ်ယောက်ကား ရုတ်တရက် ပြန်မဖြေနိုင်ရှာပေ ။ မောဟိုက်လွန်း၍ အသက်ကို မနဲ ရှုရှိုက်နေရ၏ ။

” ကဲကဲ သူတို့ကို ရေတိုက်လိုက်ပါဦး ” အတော်ကြာအမော ဖြေစေပြီးမှ ထွန်းခင်က

” ဟို ဟို ကျွန်တော်တို့နှစ်ယောက်က ကိုင်းဖိုးငွေတွေ သွားချေတာပါ အဲဒါ ရှစ်ဆိပ်ရွာကနေ အပြန် ရွာ သင်္ချိုင်း လည်း ဖြတ်ပြီးဝါးရုံတောလည်း ရောက်ရော ၀ါးရုံတောကြီးက လေမတိုက်ပဲနဲ့ တဝေါဝေါ မြည်လာတယ် ပြီးတော့ ၀ါးရုံ ပင်ကြီးတွေက ကျွန်တော်တို့ နှစ်ယောက်နောက်ကို လိုက်လာလို့ ကျွန်တော်တို့ အသက်လုပြီး ထွက်ပြေး လာရတာပါ “

” ဟေ.. ဟုတ်လို့လားကွာ ငါတို့ရွာမှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြားဖူးပါဘူး “

ရွာသားအားလုံး တအံ့တသြနှင့် အထိတ်တလန့် ဖြစ်ကုန်ကြ၏ ။

” ဟယ် ၀ါးရုံတောက သရဲခြောက်တယ်တဲ့ အောင်မလေး “

တစ်ယောက်တစ်ပေါက်ဆူညံကြကုန်၏ ။

” ကဲကဲ ဒါဆိုလည်း လူစုပြီး ၀ါးရုံတောကို သွားကြည့်ကြရအောင် “

” ဟို …ဟို.. ကျွန်တော်တို့တော့ ပြန်မလိုက်ရဲကြတော့ဘူး “

“အေး မင်းတို့ နှစ်ယောက်နေခဲ့ ကျန်တဲ့ ကာလသားတွေ ငါနဲ့လိုက်ခဲ့ “

သူကြီး ဦးအေးမောင် နောက်သို့ ကာလာသများ စုရုံးစုရုံးလိုက်သွားကြသည် ။ ၀ါးရုံတောသို့အရောက် ခြေလှမ်း တိုင်း လိုလိုက နှေးသွားကြလေသည်။ အမှောင်ထုအောက်ဝယ် ၀ါးရုံတောကြီးကား မိစ္ဆာ ကောင်ကြီး ထိုင်နေ သည့် နှယ် ။ အချို့ ကားကြောက်လွန်း၍ မျက်စိမျက်နှာများပင် ပျက်၍ နေပေသည် ။

လူအုပ်ကြီးက ၀ါးရုံပင်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏ ။ တစ်နာရီခန့်ကြာသော် မည်သည့် ထူး ခြားမှုမှ မရှိသောကြောင့် ရွာသို့ ပြန်ခဲ့ကြလေသည် ။ နောက်တစ်နေ့ မနက်တွင် တစ်ရွာလုံးကား ဟိုတစ်စု ဒီတစ်စု နှင့် ၀ါးရုံတော သရဲအကြောင်းကား တောမီးပမာ ပျံ့နှံ့သွားလေတော့သည် ။


(၂)

သရဲအခြောက်ခံရသော ထွန်းခင်နှင့် ညိုအေးတို့မှာလည်း အကြောက်လွန်ပြီး ကိုယ်တွေ ခြစ်ခြစ်တောက်ပူကာ ဆရာခေါ်၍ ကုသရလေသည် ။ ထိုသို့ဖြင့် အခြားရွာသို့ သွားစရာရှိလျှင် အခြာလမ်းမှ ပတ်သွားပြီး ၀ါးရုံတောနှင့် ရွာသင်္ချိုင်းကို ဖြတ်သော လမ်းမှာ တစတစ တိတ်ဆိတ် ခြောက်သွေ့လာလေသည် ။ မဖြစ်မနေ ကိစ္စရှိမှသာလျှင် ထိုလမ်းကို အသုံးပြုကြလေသည် ။

အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး ၂ ရက်ခန့်အကြာတွင် သက်ကယ်သောင်ရွာကလေးသို့ လူနှစ်ဦး ရောက်ရှိ လာ လေသည်။ တစ်ဦးကား အထူးကုဆရာဝန်လေး ဒေါက်တာ နိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးကား ကျွန်ုပ်သက်တန့် ပင်ဖြစ်လေတော့သည် ။ ဒေါက်တာနိုင်ဇော်မှာ အသက် ၃၀ ခန့်ဝန်းကျင် အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနှင့် လွန်စွာ ကိုယ်ခန္ဓာ အချိုးအစားကျလှသူ တစ်ဦးဖြစ်လေသည်။ သူသည် အထူးကု ဆရာဝန်ဘွဲ့ကြီးကို ယူထားသော်လည်း မြို့ကြီးပြကြီး တွင်မနေထိုင်ပဲ ကျေးလက်တောရွာများတွင် လှည့်လည် ဆေးကုသနေသော စေတနာ ဆရာဝန်တစ်ဦး ဖြစ်လေသည် ။ ထို့အပြင်သူသည် လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသကဲ့သို့ တိုက်ရိုက်ခိုက်ရည်နှင့် ပြည့်စုံသော စွန့်စားဝံ့သူ တစ်ဦးလည်း ဖြစ်ပေသည် ။ သူ့တွင် လိုင်စင်နှင့်ကိုင်သော တောပစ်သေနတ်တစ်လက်လည်း ရှိပေသည် ။ ကျွန်ုပ်သည် ထိုအချိန်က သာမန် ဆရာဝန်တစ်ဦး ဖြစ်ပြီး ဒေါက်တာနိုင်ဇော်နှင့် လွန်စွာ အတွဲညီလှသော ညီအစ်ကို ရင်းကဲ့သို့ သူငယ်ချင်းများ ဖြစ်ကြလေသည် ။ ကျေးလက်တောရွာများတွင် လှည့်လည်ဆေးကုရင်း သက်ကယ်သောင်ရွာသို့ အရောက်တွင် လူနာနှစ်ဦးနှင့် ၀ါးရုံတောသရဲအကြောင်းက ဆီးကြိုနေလေသည် ။

ကျွန်ုပ်တို့ နှစ်ဦးသည် ရွာသို့ရောက်ရောက်ခြင်း ရွာလူကြီး ဦးအေးမောင်ဆီသို့ အကျိုး အကြောင်း သွားပြော ပြလေသည် ။ ဦးအေးမောင်သည် ကျွန်တော်တို့ အကြောင်းသိပြီးသောအခါ

” အဆင်သင့်လိုက်တာ ဆရာတို့ရယ် အခုတလော ရွာမှာ ဂြိုလ်ဝင်နေတယ်ဗျာ ၀ါးရုံတောသရဲအခြောက်ခံရတဲ့ နှစ်ယောက်ကလည်း သတိရတစ်ချက် မရတစ်ချက်နဲ့ တစ်ချက်လောက်ကြည့်ပါဦး ဆရာရယ် “

ထိုသို့ပြောပြီး မကြာခင်မှာပင် ရွာသားတစ်ဦး အမောတကောနှင့် ပြေးဝင်လာလေသည် ။

” သူကြီး သူကြီး ကိုထွန်းခင်ကြီး ဆုံးသွားလို့ တဲ့ အဲဒါသူကြီးကို လာအကြောင်းကြားတာပါ “

” ဟေ ဖြစ်ရလေကွာ ကဲ ကဲ ..ဆရာ တို့လည်း ရှိတုန်း တချက်လောက် ကြည့်ပေးပါဦး ဗျာ “

သို့ဖြင့် ကျွန်တော်တို့ နှစ်ဦးကား သူကြီးနှင့်အတူ ထွက်လာခဲ့ကြတော့သည် ။ အိမ်တစ်အိမ်အရောက်တွက် ရှိလေသည် ။ အိမ်ပေါ်သို့ တက်ကြည့်သော် ထွန်းခင်ဆိုသူကား အသက်သေဆုံးနေပြီ ဖြစ်လေသည် ။ ကြောက် မက်ဖွယ်ရာ တစ်ခုခုကို ကြုံတွေ့ပြီး မအိပ်နိုင်မစားနိုင်နှင့် စိတ်ခြောက်ခြားကာ အသက်သေဆုံးခြင်းပင် ဖြစ်လေ သည် ။

” အင်း ဖြစ်မှ ဖြစ်ရလေဗျာ ဒီလူကတော့ အသက်သေဆုံးသွားပါပြီ ကဲ နောက်တစ်ယောက်ကို သွားကြည့် ရအောင်ဗျာ “

ဒေါက်တာ နိုင်ဇော်မှ ပြောလိုက်သောကြောင့် ရွာသူကြီးက ညိုအေးအိမ်သို့ လိုက်ပို့ပေးလေသည် ။ အိမ်သို့ ရောက် သော် ညိုအေးမှာလည်း အခြေအနေမကောင်း ။ အဖျားတွေ တက်ကာ ကယောင်ကတမ်းဖြင့်

” သရဲ…သရဲ..အောင်မလေး ..ကြောက်ပါပြီဗျ”

ဟူ၍ ညည်းငြူနေလေသည်။ ဒေါက်တာနိုင်ဇော်သည် လူနာကို အသေအချာစမ်းသပ်ပြီး ဆေးတစ်လုံးထိုးကာ သောက်ရမည့် ဆေးများပါ ပေးခဲ့လေသည် ။ ထို့နောက် အိမ်မှ ပြန်ဆင်းလာကာ သူကြီးကို ပြောပြီး ရွာထဲသို့ လှည့်လည်ခဲ့လေသည် ။

သက်ကယ်သောင်ရွာကား ရွာကြီးတစ်ရွာမဟုတ်သော်လည်း အတော်အသင့် ကြီးမားသော ရွာတစ်၇ွာ ဖြစ်လေ သည် ။ ရွာ၏ အနောက်ဖက်တွင် ဧရာဝတီ မြစ်ကြီး ရှိပြီး တောင်ဖက်တွင် သင်္ချိုင်းကုန်း မြောက်ဖက်တွင် သီးနှံစိုက် ခင်းများနှင့် လွန်စွာ နေချင့်စဖွယ်ကောင်းသော ရွာတစ်ရွာပင် ဖြစ်လေသည် ။ ရွာကလေးမှာကား သရဲ ခြောက်ခံရပြီး တစ်ပါတ်အကြာတွင် တစ်ယောက် သေဆုံးသွားသည့်အတွက် ညနေစောင်းပင် ဖြစ်လင့်ကစား ရွာထဲဝယ် လူသွားလူလာမရှိသလောက် တိတ်ဆိတ်နေကြလေသည် ။ ထိုအခိုက် ကျွန်တော်တို့ရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲများကို ခေါင်းပေါ်ရွက်၍ သွားနေကြသော လူတစ်စုကို တွေ့ရလေသည် ။ အကျိုး အကြောင်း မေးမြန်းကြည့်သော် ငှက်ပျောပွဲ ရွက်ထားသူမှာ နတ်ကတော် ဒေါ် စိန်ပုဆို သူဖြစ်ပြီး ထိုလူစုသည် ၀ါးရုံပင် သရဲကို ပူဇော်ရန်နှင့် ကွင်းပိုင်လယ်ပိုင်တို့ကို တောင်းပန်ရန်အတွက် ရွာတောင်ဖက် သို့ သွားနေ ခြင်းဖြစ် ကြောင်း သိရလေသည် ။ ကျေးလက်တောရွာသူတောရွာသား များ၏ ယုံကြည်မှု ဖြစ်သောကြောင့် ကျွန်ုပ်တို့ နှစ်ဦး လည်း ဘာမှ မပြောတော့ပဲ သူတို့အုပ်စုနှင့် မလှမ်းမကမ်းမှနေ၍ ရွာတောင်ဖက်သို့ ထွက်လာ ခဲ့ တော့သည် ။

စကားတပြောပြောနှင့် ကွမ်းတယာညက်ခန့်အကြာတွင် သရဲခြောက်သည်ဟု လွန်စွာ နာမည်ကြီးသော ၀ါးရုံတော ကြီးဆီသို့ ရောက်ခဲ့လေတော့သည် ။ နေညိုချိန်မို့ လေတဖြူးဖြူးတိုက်ခတ်လျှက်ရှိရာ အလင်း ရောင်ရှိသော အချိန်တွင်ပင် ၀ါးရုံတောကြီးကား ဘယ်ညာယိမ်းနေသည်မှာ တစ္ဆေတစ်ကောင်နှင့် တူလှပေသည် ။ ရွာသား များသည် ၀ါးရုံတောနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော တောင်ဂမုလေးတစ်ခုတွင် ယူဆောင်လာသော ငှက် ပျောပွဲ အုန်းပွဲများကို တင်ပြီး ပူဇော်ပသကြလသည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း တအောင့်မျှ အကဲခတ်ကာ တည်းခို ရာအိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

(၃)

နောက်တစ်နေ့ နံနက်တွင် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ကို အဖန်ရေနှင့် လွေးနေခိုက် ဒေါက်တာ နိုင်ဇော်က

” ကိုသက်တန့်ရေ.. ကျွန်တော်တို့ တောလည်ကြရအောင် ၀ါးရုံတောသရဲ အကြောင်းလည်း စုံစမ်းရင်းနဲ့ပေါ့ ဘယ့် နှယ့် လည်း မကောင်းဘူးလား “

” ကောင်းသားပဲ ကိုနိုင်ဇော်ရသွားရအောင်လေ အမဲ မပစ်ရတာလည်း ကြာပေါ့ “

ပြောပြောဆိုဆို ကျွန်ုပ်သည် နံနက်စာစားခြင်းကို လတ်စသတ်လိုက်ပြီး ထမည်အပြုတွင်

” ဆရာ….ဆရာ ဟို… အဖေက ဟင်းပို့ခိုင်းလို့ပါ “

” အော်..ဟုတ်ကဲ့..လာပြီခင်ဗျ “

အိမ်ရှေ့သို့ထွက်ကြည့်သောအခါ နွဲ့နှောင်းသော ကိုယ်ဟန်နှင့် မိန်းမပျို တစ်ဦးကို တွေ့ရလေသည် ။

” ကျေးဇူးပဲနော်.. ဒါနဲ့ ညီမ အဖေက ဘယ်သူတုန်း “

” ဦးအေးမောင်ပါ ဆရာ “

” အော်.. သူကြီးကိုး.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါခင်ဗျ “

” ဟုတ်ကဲ့ရှင့် ပြန်ခွင့်ပြုပါဦးဆရာ “

” ဟုတ်ကဲ့ “

မိန်းမပျိုလေး ပြန်သွားပြီးနောက် ဒေါက်တာနိုင်ဇော်က

” ဘယ်သူတုန်း ကိုသက်တန့်ရ “

” သူကြီးသမီးပါ ကိုနိုင်ဇော် ဟင်းလာပို့တာ ကဲ သွားကြရအောင် “

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါက်တာနိုင်ဇော်က လက်စွဲတော် သေနတ်ကို စွဲကာ နှစ်ဦးသား ထွက်ခဲ့ကြ လေ တော့ သည် ။

ရွာတောင်ဖက်ရှိ ၀ါးရုံတောသို့အရောက်တွင် ဒေါက်တာ နိုင်ဇော်က ၀ါးရုံတော အောက်ခြေသို့ ဆင်းရန် ပြင်လေ သည် ။ ၀ါးရုံတော အောက်ခြေကား လူတရပ်မျှ ရှိသော ကိုင်းပင်များဖြင့် အုံ့ဆိုင်းလျှက်ရှိရာ အတွင်းသို့ ထိုး ဖောက်၍ မမြင်ရပေ ။

” ဖြစ်ပါ့မလား ကိုနိုင်ဇော်ရ မြွေတွေဘာတွေ တွေ့မှဖြင့် “

” အေးဗျ ကိုင်းပင်တွေက အတော့်ကို ထူတာပဲ ကျွန်တော်တော့ ဒီဝါးရုံတော အောက်ခြေမှာ လျှို့ဝှက်ချက် ရှိတယ် ထင်တယ်ဗျာ “

” ကဲ ညရောက်မှ သရဲခြောက်မခြောက်လာ ကြည့်တာပေါ့ဗျာ အခုတောဝင်စို့ “

ပြောပြောဆိုဆို ကျွန်ုပ်က ၀ါးရုံတော အလယ်တွင်လူတစ်ယောက်သွားနိုင်သော ခြုံလမ်းလေးထဲသို့ တိုးဝင် လိုက်လေသည် ။ ၀ါးရုံတောနောက်တွင် ရိုးမတောအုပ်ကြီး တည်ရှိပြီး ၀ါးရုံတောကား တောအုပ်ကြီး အ၀င်ပေါက်ကို ပိတ်ထားသကဲ့သို့ ရှိလေသည် ။ ကျွန်ုပ်သည် ၀င်ပေါက်ကို သက်ကယ်သောင်ရွာရှိ မုဆိုးများထံမှ စနည်းနာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဆရာဝန် နှစ်ဦးကား လူ့အသက်ကို ကယ်ရသော အလုပ်ကို လုပ်ရ သော် လည်း အမဲလိုက်ခြင်းကိုမူ လွန်စွာ ၀ါသနာပါလေသည် ။ ( ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော် တို့၏ တောတွင်း အတွေ့ အကြုံများကို နောင်အခါ ရေးသားပါဦးမည် ) ။ ကျွန်ုပ်တို့သည် ယုန် ၊ မျောက် ၊ သမင်စသော အကောင်ငယ်လေးများကို တွေ့သော်လည်း ပစ်ခတ်ခြင်းမပြုပဲ တောနက်ထဲသို့ ဆက်၍ ၀င်ခဲ့ကြသည် ။ တောတွင်း တစ်နေရာ လျှိုမြောင်ကြီး ဆီသို့ အရောက်တွင် ဒေါက်တာနိုင်ဇော်က လက်ကာပြလိုက်၍ ကျွန်ုပ်လည်း ဒူးထောက်ထိုင်ချ လိုက်လေသည် ။

” ကိုသက်တန့် ကျွန်တော်တို့ အခြေအနေမကောင်းဘူးဗျ ဒီနားတစ်ဝိုက်မှာ နှောကူးကြီး (ပြောင်) ရှိနေတယ် ကျွန်တော်တို့က လေညှာအောက်ရောက်နေတယ်ဟို ကုန်းမြင့်ပေါ်တက်နိုင်မှ ဖြစ်မယ်ဗျ လာလာ “

ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ တက်သွားလေသည် ။ ကျွန်ုပ်မှာ ပြောင်သဘာဝကို သိပြီး ဖြစ်သည့် အလျောက် ဇော်ချွေး များ ပျံလာမိသည် ။ ပြောင်များသည် အနံ့ခံ ကောင်းသလောက် သင်းကွဲ ( အုပ်စုကွဲ ) ဆိုလျှင် တွေ့ရာ ဂမူးရှူး ထိုး ရန်မူတတ်ပေသည် ။ လေညှာတွင် ရှိသော သတ္တ၀ါကို အနံ့ခံအာရုံဖြင့် ခွဲခြားနိုင်စွမ်း ရှိလေသည် ။

တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီးအောက်သို့ ရောက်မှသာလျှင် ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူ နိုင်လေသည် ။ ဒေါက်တာနိုင်ဇော်မှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ဒူးထောက်ထိုင်နေပြီး ပတ်ဝန်းကျင်ကို အကဲ ခတ်နေသည် ။ ထိုအခိုက် စောစောက ကျွန်ုပ်တို့ ရပ်နေခဲ့သော နေရာသို့ ပြောင်ကြးက ၀င်လာနေသည် ။ ဒေါက်တာ နိုင်ဇော်သည် တည်ငြိမ်စွာဖြင့် သေနတ်ကို ချိန်လိုက်ပြီး ပစ်ချလိုက်လေတော့သည် ။

” ဒိုင်း “

ယမ်းပေါက်ကွဲသံကြီးကြောင့် တစ်တောလုံးရှိ ကျေးငှက်များ လန့်ဖြန့် ပျံကုန်ကြသည်။ ထိုအခိုက် ထူးဆန်းသော ဖြစ်ရပ်ကို မျက်ဝါးထင်ထင် ကြုံရလေတော့သည် ။ ယင်းမှာ ပြောင်ကြီးသည် ချက်ကောင်းကို ထိပါလျှက်နှင့် လဲမကျ သွားသည့်အပြင် ကျွန်ုပ်တို့ နှစ်ယောက်ကို တွေ့သွားပြီ ဖြစ်၍ တောင်ကုန်းပေါ်သို့ တဟုန်ထိုး ပြေး တက် လာလေသည် ။ ကျွန်ုပ်လည်း အသက်မျှပင် မရှုရဲပဲ မကြံတတ်အောင်ပင် ဖြစ်သွားလေသည် ။ ပြောင်ကြီးသည် ကျွန်ုပ်တို့နှင့် တဖြည်းဖြည်း နီးလာပေသည် ။ ထိုအခိုက် ဒေါက်တာနိုင်ဇော်ကို ကြည့်လိုက်ရာ စိတ်မပူသည့် အလား အေးအေးဆေးဆေးပင် ထိုင်နေလေသည် ။ ပြောင်ကြီးကား ကျွန်ုပ်တို့ နှင့် သုံးကိုက်လောက် အကွာတွင် ဗုန်း ကနဲ လဲကျသွားပေတော့သည် ။ ထိုအခါမှ ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူရဲလေတော့သည် ။ ဒေါက်တာ နိုင်ဇော်က

” ဒီလို ရှိတယ် ကိုသက်တန့်ရ ပြောင်တွေက သွေးနွေးသတ္တ၀ါတွေထဲမှာ နာကျင်မှုဒါဏ်ကို အခံနိုင်ဆုံးနဲ့ ဒေါသအကြီးဆုံး အကောင်တွေပဲ စောစောက ကျွန်တော်ပစ်လိုက်တာက သူ့ရဲ့ လက်ဖျံရိုးအောက်တည့်တည့်ပဲ ဒါပေမယ့် သူတို့ကို ရန်မူမှန်းသိတော့ ဒီကောင်တွေက လတ်တလောဒါဏ်ရာကို မေ့သွားတယ်ဗျ ပြီးတော့ ရန်သူရှိ ရာကို ရန်ပြုဖို့ ပြေးလာတယ် ။ ဒါပေမယ့် နှလုံးကို ထိထားတဲ့ ဒါဏ်နဲ့ ကုန်းတက်ကြီးကို ဒင်း ငါးကိုက် လောက်အပြင် ပြေးမတတ်နိုင်ပါဘူးဗျာ “

ဟု ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်တော်လည်း ဒေါက်တာနိုင်ဇော်၏ ဗဟုသုတ ကြွယ်ဝပုံတို့ကို အသိအ မှတ်ပြုရလေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း ပြောင်ကြီးကို ၀ါးလုံးဖြင့် လျှိုထမ်း၍ ရွာသို့ ပြန်ကာ ရွာသား များအား ခွဲဝေပေးလိုက်လေတော့သည် ။

(၄)

အကာလ ညအချိန်မို့ လူခြေက တိတ်ဆိတ်နေသည် ။ ထိုအချိန် ၀ါးရုံတောကြီးနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ကြီးတစ်ပင်ပေါ်တွင် ဇွဲနဘဲကြီးစွာ စောင့်ဆိုင်းနေကြသူ နှစ်ဦးကား ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်ပင် ဖြစ် လေ သည် ။ ကျွန်ုပ်တို့ကား ခြင်ကိုက်လည်း မရိုက်ရဲ အပေါ့အပါးလည်း မသွားရဲဘဲ ၀ါးရုံတောသို့သာ စူးစိုက် ကြည့်နေကြရသည် ။ နာရီပြန် ၂ ချက်ထိုးသောအခါ လူများကလည်း ငိုက်မျည်းစပြုလာသည် ။

” ဆရာနိုင်ဇော်ရေ ဒီည သရဲက ခြောက်ပါ့မလားဗျ”

” အင်းအသေအချာတော့ မပြောနိုင်ဘူးဗျ စောင့်တော့ကြည့်ရမှာပဲ “

ထိုအခိုက်

” ဆရာ.. ဆရာ.. အဖေက ညဥ့်နက်နေပြီဆိုလို့ ဆရာတို့ကို ခေါ်ခိုင်းလိုက်လို့ ဆင်းလာပါဦး “

ဟု အော်သံကို ကြားရလေသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျွန်ုပ်တို့ကို ဟင်းလာပေးသော သူကြီး သမီး ဖြစ်နေလေသည် ။ ကျွန်ုပ်က ပြန်ပြောမည်အပြုတွင် ဒေါက်တာနိုင်ဇော်က

” ရှူးတိုးတိုး ဆရာ ဘာမှ ပြန်မပြောနဲ့ ကျွန်တော်နောက်မှရှင်းပြမယ် “

ဟုတည်ငြိမ်စွာ ပြောလေသည် ။ သစ်ပင်အောက်မှ မိန်းကလေးကလည်း လေးငါးခါလောက် အော်ခေါ်လေသည် ။ အတန်ကြာသောအခါ ကျွန်ုပ်တို့ မဆင်းလာမှန်းသိသည်နှင့် ကျွန်ုပ်တို့နှစ်ဦးရှိရာသို့ စူးစူးစိုက်စိုက် ကြည့်ကာ အမှောင် ထုထဲ ၀င်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်၏ ရင်ထဲတွင် အေးခဲသော လက်ကြီးနှင့် စွဲဆုပ် ထားဘိသကဲ့သို့ ခံစားလိုက်ရလေတော့သည် ။

” ဒီလိုဆရာရဲ့ ဒီအချိန်ကြီးမှာ သူကြီးက သူ့သမီး မိန်းမပျိုလေးကို ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့ နေရာကို လာခေါ်ခိုင်းပါ့မလား စဉ်းစားပါဦး နောက်ပြီး ဆရာသတိထားမိလား ဒီမိန်းမက လုံးဝမျက်တောင်မခတ်ဘူးဗျို့ အမှန်တော့ ဒီလို တောတွေမှာ တောခြောက်တာတွေ နာနာဘာဝတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ကို ရမလားလို့ လှည့်စားတာပေါ့ဗျာ “

ဟုရှင်းပြလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးထမိသွားသည် ။ ဒေါက်တာ နိုင်ဇော်မပါပဲ ကျွန်ုပ် တစ်ယောက်တည်းသာဆိုလျှင် ဆင်းသွားမိမှာ သေချာပေသည် ။ ထိုအခိုက် ၀ါးရုံတောကြီးကား တဟီးဟီး မြည် လာပြီး ယိမ်းထိုးလာလေသည် ။ ထူးဆန်းသည်မှာ ဘေးနားမှ သစ်ပင်များမှာ တုတ်တုတ်မျှ မလှုပ် ။ ၀ါးရုံပင်များသာလျှင် သွက်သွက်ခါအောင် လှုပ်ခါနေခြင်းဖြစ်၏ ။ ကျွန်ုပ်တို့နှစ်ဦးလည်း သရဲခြောက်ခြင်းကို မယုံကြည် သူများ ဖြစ်သော်လည်း ယခုအခါ မစဉ်းစားတတ်အောင် ဖြစ်ရလေ၏ ။ နာရီဝက်ခန့် လှုပ်ခါပြီးသောအခါ တ ဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည် ။ ကျွန်ုပ်တို့လည်း ဆက်လက်၍ ထူးခြားမှုများ မရှိတော့သောအခါ အောက် သို့ ဆင်းပြီး တည်းခိုရာ အိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

နံနက်ရောက်သောအခါ သူကြီးကို ညတုန်းက ကြုံခဲ့ရသည်များကို ပြန်၍ ပြောပြလိုက်ရာ သူကြီးဦးအေးမောင်မှာ လွန်စွာ ထိတ်လန့်အံ့သြလျှက်ရှိပြီး သူကြီးသမီးမှာ အံ့သြနေသော အမူအယာ ရှိလေသည် ။ သို့နှင့် ကျွန်ုပ်တို့ သူငယ် ချင်း နှစ်ဦးလည်း မတွေးတတ်အောင်ပင် ရှိနေတော့သည် ။ ညတုန်းက အိပ်ရေးပျက်ခဲ့သောကြောင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တည်းခိုရာအိမ် သို့ ပြန်ပြီး တရေးတမော အိပ်စက်ကြလေသည် ။ ညနေစောင်း ငါးနာ ရီအချိန်လောက်တွင် လူပေါင်း ၁၀ယောက် ခန့်ပါသော လူအုပ်ကြီးသည် ရွာလယ်လမ်းတလျောက် ဖုန် တ၀ုန်း ၀ုန်း ရှိအောင် သွားနေကြလေသည် ။

ထိုလူအုပ်ကြီး အလယ်တွင် လွန်စွာ သွေးစုပ်ဖြူလျော်လျှက်ရှိသော လူတစ်ဦးကို စောင်ပုခက်အတွက် သယ် ဆောင်လျှက် ကျွန်ုပ်တို့ နှစ်ဦး တည်းခိုရာ နေအိမ်အတွင်းသို့ ၀င်ရောက်လာ ကြလေသည် ။ ကျွန်ုပ်တို့လည်း အခြေ အနေကို မေးမြန်းကြည့်ရာ

” ကယ်ပါဦး ဆရာရယ် ဒါက ကျွန်တော်တို့ရွာကို လာနေကြ ကုန်သည်ကိုဘအေးပါ တစ်လ တစ်ခါလောက် လာ လေ့ရှိပါတယ် ဒီတစ်ခေါက်လာတာ ၀ါးရုံတောကြီး နားအရောက်မှာ လဲကျနေတာတွေ့လို့ ရွာသားတွေက သယ် လာတာပါ ဆရာဝန်တွေလည်း ဒီမှာ ရှိတယ်ဆိုလို့ ကျွန်တော်တို့ သယ်လာတာပါ “

သို့နှင့် ကျွန်ုပ်တို့လည်း လူနာကို စပ်းသပ်ကြည့်ရာ နှလုံးအားနည်းနေသည်က တစ်ကြောင်း ထိတ်လန့်စရာ တစ်ခုခုကို ရုတ်တရက်တွေ့လိုက်ရ၍ သွေးလန့်သွားခြင်းပင် ဖြစ်လေသည် ။ လိုအပ်သော ကုသမှုများပေးပြီး လူနာ ကို ကျွန်ုပ်တို့ နှစ်ဦးပင် စောင့်ကြည့်လေသည် ။ တစ်နာရီခန့်ကြာသောအခါ လူနာမှာ အတော်အတန် ထူထူ ထောင်ထောင် ဖြစ်လာလေသည် ။

” ကဲဆိုစမ်းပါဦးဗျ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ “

” ဒီလိုပါဆရာ ကျွန်တော့်နာမည်က ဘအေးပါ ကျွန်တော်က ဒီရွာကို တစ်လတစ်ခါတော့ ကုန်ရောင်းကုန်သည် အ လုပ်နဲ့ လာနေကျပါ အခုတစ်ခေါက် မြို့ က ထွက်လာကတည်းက ဘာမှမစားလာမိဘူးဆရာ ဒါနဲ့ ရွာတောင် ဖက်က တောစပ်က ၀ါးရုံတော အောက်မှာ ကျွန်တော်ခဏနားပါတယ် ။ ပြီးတော့ကျွန်တော် ဗိုက်ဆာလွန်းလို့ မြို့က ၀ယ်လာတဲ့ ခေါက်ဆွဲခြောက်တွေ ပြုတ်သောက်ဖို့ ၀ါးရုံပင်အောက်မှာ မီးမွှေးပါတယ်ဆရာ အဲဒီလို မီး မွှေးပြီး ၀ါးနဲနဲလိုနေလို့ ကျွန်တော် ၀ါးရုံတောအစပ်က ၀ါးပင်ပေါက်လေးကို သွားနှုတ်မိပါတယ် ။ နှုတ်လိုက် တဲ့အခါ အထဲက သွေးတွေ ပန်းထွက်လာပါတယ် ကျွန်တော်ဖြင့်ကြောက်လိုက်တာ လွန်ပါရောဗျာ တောခြောက် တာလား ဘာလားတော့ မသိပါဘူး ဗျာ “

ထိုသို့ ပြောလိုက်သောအခါ ဒေါက်တာ နိုင်ဇော်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် အားရ၀မ်းသာစွာ

” ကဲဒါဆို ကျွန်တော်တို့ကို အဲဒီ သွေးတွေထွက်တဲ့ နေရာ လိုက်ပို့နိုင်မလားဗျာ ကျွန်တော့်မှာ သေနတ်လည်း ပါ ပါတယ် “

” ဟုတ်ကဲ့ ကျွန်တော်လိုက်ပို့ပေးပါ့မယ် “

သို့ဖြင့် ကိုဘအေး ၊ ဒေါက်တာ နိုင်ဇော် ၊ ကျွန်ုပ်နှင့် ရွာသား သုံးလေးယောက်တို့ ရွာ တောင်ဖက်သို့ ထွက်လာခဲ့ကြပေတော့သည် ။

(၅)

ဝါးရုံတောကြီး အလယ်တည့်တည့် ကျွန်ုပ်တို့ ရိုးမတော ထဲ ၀င်သော အစပ်နားလောက်တွင် သွေးကွက်ကြီးကို ထင်ထင် ရှားရှား မြင်လိုက်ရပေသည် ။ သွေးများကား ၀ါးပင်နှုတ်သော နေရာမှ ထွက်နေဆဲပင် ရှိသေးသည် ။ ရွာသား များကား သို့လော သို့လောနှင့် အလွန်ပင် ထိတ်လန့်တုန်လှုပ်လိုက်ရှိပေသည် ။ ဒေါက်တာနိုင်ဇော်ကား မှိုရသော မျက်နှာကဲ့သို့ အထူးပင် ၀မ်းသာလျှက် ရှိပေသည် ။

” ဘယ့်နှယ့်တုန်း ကိုနိုင်ဇော်ရ ပြုံးလှချည်လား “

” ဟဲဟဲ ပြုံးဆို အဖြေကို ကျွန်တော်သိပြီဗျ ဒါပေမယ့် ကျိန်းသေအောင်တော့ ကိုသက်တန့်ရယ် ကျွန်တော်ရယ် ဒီည စမ်းသပ်မှု တစ်ခု လုပ်ရလိမ့်မယ် “

” ဟုတ်လား ကျွန်တော်ဖြင့်မ စဉ်းစားတတ်အောင်ပါပဲ ဗျာ “

” ညရောက်ရင် ဒီသရဲ ဆိုတာကို ခင်ဗျား မျက်မြင်တွေ့ရပါစေ့မယ် ဗျာ…ဟားဟားဟား “

ဒေါက်တာနိုင်ဇော်ကို ကြည့်ရင်း ကျွန်ုပ်လည်း အတော်ပင် စိတ်အားတတ်သွားမိလေသည် ။ သို့နှင့်….

ဝါးရုံတောကြီးကား အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည် ။ ဟိုနားဒီနား ဖျက်ကနဲ တွေ့လိုက်ရသော အရိပ်များကား ကျွန်ုပ်ကို ခြောက်လှန့်လျက်ရှိသည် ။ နေ့လည်က တွေ့ခဲ့သော သွေး ကွက် များကား ခြောက်လျှက် ရှိပေသည် ။

” ကျွန်တော်ယူခိုင်းလိုက်တာတွေ ပါရဲ့လား ကိုသက်တန့် “

” ပါ ပါတယ်ဗျာ ဒီမှာ ရော့ “

ဒေါက်တာနိုင်ဇော်ကျွန်ုပ်ကို ယူဆောင်ခိုင်းသော ပစ္စည်းများမှာ ကောက်ရိုးခြောက် အနည်းငယ်နှင့် မီးခြစ်ပင် ဖြစ်ပေ သည် ။ ထို့နောက် ဒေါက်တာ နိုင်ဇော်သည် ၀ါးရုံတော အောက်ခြေတွင် မီးပုံတစ်ခုကို ဖိုလေသည် ။ ထိုသို့ ဖိုပြီး မကြာခင်မှာပင် ၀ါးရုံတောကြီးကား သွက်သွက်ခါအောင် လှုပ်ယမ်းလာလေသည် ။ အခြားသစ်ပင်များကား မလှုပ်ပေ ။ ၀ါးပင်များသာလျှင် တစ်စုံတစ်ဦးက လှုပ်ယမ်းနေသကဲ့သို့ လှုပ်ခါနေခြင်းဖြစ်သည် ။ အတန်ကြာသောအခါ ဒေါက်တာ နိုင်ဇော်က မီးပုံကို ငြိမ်းသတ်ပစ်လိုက်လေသည် ။ ထိုအခါ ၀ါးရုံတောကြီးကား တစ်စတစ်စ ပြန်လည် ငြိမ်သက်သွားလေတော့သည် ။

“ ဘယ်လို ဖြစ်တာတုန်း ကိုနိုင်ဇော်ရ ကျွန်တော်တော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး “

” ခင်ဗျားကို အဖြေမပြောခင် နောက်တစ်ခု ပြအုန်းမယ်ဗျ လာ “

ဟုဆိုကာ ၀ါးရုံတော အစပ်ရှိ ၀ါးပင်များရှိရာသို့ ဦးတည်လျောက်သွားလေသည် ။

ဒေါက်တာ နိုင်ဇော်သည် ၀ါးအသေးပင်တစ်ပင်ကို ဆတ်ကနဲ နှုတ်ယူလိုက်လေသည် ။ ထိုအခါ ၀ါးရုံတောကြီးမှာ စော စောကကဲ့သို့ လှုပ်ရှားယိမ်းထိုးလာလေသည် ။ ထို့ထက် အံ့သြဖွယ်ကောင်းသည်မှာ ၀ါးနှုတ်လိုက်သော နေ ရာမှ သွေးများပန်းထွက်လာခြင်းပင် ဇြစ်သည် ။ နာ ရီဝက်ခန့် ကြာသောအ ခါမှသာလျှင် ပြန်လည် တည်ငြိမ် သွား လေတော့သည် ။

” ဘယ်လို ဖြစ်တာတုန်းကို နိုင်ဇော်ရ ဒီဝါးရုံတောက အသက်များ ရှိနေလား “

” ၀ါးရုံတောကတော့ အသက်ဘယ်ရှိမလဲဗျာ ၀ါးရုံတော အောက်ခြေမှာ အသက်ရှိတဲ့အ ကောင်ရှိနေလို့ပေါ့ “

” ဗျာ ဘယ်..ဘယ်လို “

” ဒီလိုဗျ ဆရာ ကြားဖူးလား မသိဘူး ရှေးနှစ်ပေါင်းများစွာ က သတ္တ၀ါကြီးတွေဟာ အလွန် အမင်းကြီး ထွားခဲ့ကြတယ် ဒါကြောင့် ကုန်းမှာ မြွေပွေး ရေမှာ ငရွေး ဆိုပြီး အဆိုရှိခဲ့ကြတယ်ဗျ ရေထဲမှာဆို ငရွေးဆိုတဲ့ ငါး ဟာ အကြီးဆုံးပဲ သူပြီးမှ ညံ သတ္တ၀ါတွေက အကြီးဆုံးပဲ မြေကြီးထဲမှာ ဆိုရင် ကုန်းနေသတ္တ၀ါတွေထဲမှာ ဆိုရင်ပေါ့ ဗျာ မြွေပွေးက အကြီးဆုံးပဲဗျ ဒီကောင်တွေက အစာစားပြီးတာနဲ့ တစ်နေရာရာမှာ နှစ်နဲ့ ချီပြီး ငြိမ်ငြိမ် လေး နေနေလေ့ ရှိတယ်ဗျ ရာသီဥတုတွေပြောင်းတော့ သူတို့ကိုယ်ပေါ်မှာ လေဒါဏ်မိုးဒါဏ်နဲ့ အလေ့ကျ အပင်တွေ ပေါက်လာတယ် မျှစ်စို့လေးတွေ လည်းပေါက်လာပြီး နောက်ပိုင်းကြီးလာတဲ့အခါ သူတို့ ကိုယ်က အသား တွေကို ဖောက်ပြီး ၀ါးရုံပင်တွေပေါက်လာတယ် ဒါပေမယ့်လည်း ဒီကောင်တွေက ငြိမ်နေတော့ မသိသာ ဘူးပေါ့ ဒါပေမယ့် ၀ါးရုံပင်ကို နှုတ်လိုက်တဲ့အခါ သူတို့ ကိုယ်ပေါ်က အသားတွေကို ဆွဲနှုတ်သလို ဖြစ်ပြီး သွေး တွေ ထွက်လာတာပဲဗျို့ ပြီးတော့ သူတို့ ကိုယ်ပေါ်ကိုမီးမွှေးတော့ အပူဒါဏ်ကြောင့် မြွေကြီး လှုပ်ရှား လိုက်တဲ့အခါ သူ့ကိုယ်ပေါ်မှာ အမြစ်တွယ်နေတဲ့ ၀ါးရုံတောကြီးပါ လိုက်ပြီး လှုပ်လာတာပေါ့ဗျာ “

” အော်.. လတ်စသတ်တော့ ဒီလိုကိုး ဒါဆို သူတို့ ခေါင်းကရောဗျာ “

” ခေါင်းကတော့ တောတွင်းတစ်နေရာမှာ ရှိမှာပေါ့ဗျာ “

” အော်…”

သို့နှင့် ကျွန်ုပ်ရင်ထဲက ပုစ္ဆာလည်း ဒေါက်တာ နိုင်ဇော် အဖြေကြောင့် ရှင်းလင်းသွားရလေတော့သည် ။

(၆)

နောက်တစ်နေ့ နံနက်တွင် ရွာသားများအား သူကြီးအိမ်တွင် စုနေစေပြီး အဖြေကို ပြောပြလိုက်လေသည် ။ ရွာသား များမှာ အံ့သြလွန်း၍ မျက်တောင်ပင် မခတ်ကြပေ ။ ပြီးနောက်

” တော်သေးတာပေါ့ ဆရာရယ် ဆရာတို့လို ဗဟုသုတကြွယ်ဝလူမို့သာပေါ့ ကျွန်တော်တို့ ဖြင့် သရဲ ခြောက် တယ်ပဲ ထင်နေတာဗျာ ဒါနဲ့ ဒီမြွေကြီးကို ဘယ်လို လုပ်ရမလဲဗျာ “

” ဒီလို ရှိတယ်ဗျာ ဒီကောင်ကြီး ငြိမ်နေတုန်းတော့ အကြောင်းမဟုတ်ဘူးဗျ ဒါပေမယ့် အချိန်တန်လို့ ဗိုက်ဆာလို့ လှုပ်ရှား လိုက်ရင်ဒီရွာကလေးလည်း ပျက်သွားနိုင်တယ် ဒီတော့ ဒီကောင်ကြီးကို ရှင်းပစ်ရမယ်ဗျာ ရှင်းရမယ့် နည်းလမ်းကတော့ အခု ဒီရွာရဲ့ ဘေးက ခမာ တောင်ခြေမှာ ရထားလမ်းဖောက်ဖို့ တောင်တွေ ဖြိုနေကြတယ် ။ သူတို့ကို အကူအညီတောင်းပြီး ဒီကောင်ကြီးကို မိုင်းနဲ့ ရှင်းပစ်ရမှာပဲ “

” အေးဗျာ ဆရာရဲ့ အကြံကတော့ အကောင်းဆုံးပဲ ဒီကောင်ကြီးက သူ့ဘာသာနေတဲ့အတွက် ရက်စက်ရာ ကျပေမယ့် မတတ်နိုင်ဘူးလေ တချိန်လူတွေ ဒုက္ခမရောက်ဖို့အတွက် ရှင်းပစ်ရမှာပဲ ဆရာရေ “

ဒီလိုနဲ့ ရွာသူကြီး ဦးအေးမောင် နဲ့ ရပ်ရွာလူကြီးများ ၊ ကျွန်ုပ်တို့ နှစ်ဦး ပေါင်းပြီး မိုင်းလုပ်သားများကို သွား၍ အကူ အညီတောင်းကြလေသည် ။

ရထားလမ်းအလုပ်သမားများကလည်း အထက်လူကြီးကို တင်ပြပြီး အကူအညီပေးလေသည် ။ သို့နှင့် သက်ကယ် သောင်ရွာ ကလေးတွင် ရွာသူရွာသားများအား ထိတ်လန့်တုန်လှုပ်စေခဲ့သော မြွေကြီးအား မိုင်းခွဲ၍ ရှင်းပစ် လိုက်လေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦး၏ စိတ်ထဲတွင်ကား သူ့ဘာသာနေသော မြွေကြီးအား တမင်တကာ သတ်ဖြတ်လိုက်ရခြင်း ဖြစ်သော်လည်း နောင်တစ်ချိန် ရွာသူရွာသူများ၏ အသက်ပေါင်းများစွာနှင့် ပတ်သည် နေသည်ဖြစ်သောကြောင့် သာ သတ်ဖြတ်ရခြင်း ဖြစ်သည်မို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေတော့သတည်း ။

စာရေးသူ……သက်တန့်ချို (၂၆.၃.၁၀)

အပြည့်အစုံသို့ »

နေရာချင်း လဲချင်တဲ့ online သရဲမလေး


“ဟိုင်း….”

“ဟိုင်း……”

“မင်္ဂလာပါ..။ သူငယ်ချင်းမရှိလို့ ခင်ချင်လို့ပါ…”

သူမ ကျွန်တော့်ကို လာမိတ်ဆက်ခဲ့ပုံက ရိုးရိုးလေးပင်ဖြစ်သည်။ ဒီလိုနဲ့ ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာပြောရင်း ကျွန်တော်တို့ online ပေါ်က သူငယ်ချင်းဖြစ်ခဲ့ကြသည်။ အမှန်တိုင်း ၀န်ခံရလျှင် ကျွန်တော်သည် စာရိုက်ပြီး chatting လုပ်ရတာကို ပျင်းရိသော လူအမျိုးအစားထဲတွင် ပါဝင်သည်။ ပြောတိုင်းလိုင်း အပေါက်အလမ်းက တည့်ချင်မှတည့်သည်။ လူဘုကလန့်လို့လည်း တစ်ချို့က ခေါ်ကြသည်။ ဒါကြောင့် ကျွန်တော့်တွင်း online သူငယ်ချင်းလည်း များများစားစားမရှိခဲ့..။

ဒါပေမယ့် သူမနဲ့ chatting လုပ်ရင်း သတိထားမိလာတာက ကျွန်တော် chatting လုပ်ရတာကို ပျော်နေမိသည်။ သူမက ဟာသဥာဏ်ရွှင်သည်။ လူတစ်ဖက်သား မခံချင်အောင်လည်း စတတ်သည်။ သူစလို့ ကျွန်တော် စိတ်ဆိုးနေပြီဆိုရင် သူမမှာ ပျော်လို့မဆုံး..။ ပြီးလျှင် စကားတတ်သော သူမက ကျွန်တော်စိတ်ဆိုးပြေအောင် ရီစရာတွေ ပြန်ပြောပြနေတတ်သည်။ ဒါတွေသည်ကပဲ ကျွန်တော့်ကို သူမနဲ့ chatting လုပ်ရတာ ပျော်နေစေသည်လား မပြောတတ်။

ကျွန်တော် နာရီကို တစ်ချက်ကြည့်လိုက်သည်။ အချိန်က ည ၁၁း၄၅..။ နောက် ၁၅ မိနစ်ဆိုရင် ၁၂း၀၀ နာရီထိုးပြီ..။ ၁၂း၀၀ နာရီဆိုရင် chatbox မှာ သူမရဲ့ account မီးစိမ်းလေးလင်းလာလိမ့်မည်။ ကြိုတွေးထားသည့် အတိုင်းပင် ၁၂း၀၀ နာရီထိုးသည်နှင့်….

“ဟိုင်း…အစ်ကို…”

“ဟိုင်း..ညီမ…” ….. ဒီလိုနဲ့ပဲ ကျွန်တော်တို့အကြား သံဃောဇဉ်ဟူသော ကြိုးသည် လေလှိုင်းထဲမှတစ်ဆင့် အသံမကြား ရုပ်မမြင်ရသော စာလုံးတွေနဲ့ ဖြစ်တည်လာခဲ့ရလေပြီ..။

ဒီနေ့ လပြည့်နေ့…။ ကျွန်တော့်မှာ ရည်ရွယ်ချက် တစ်ခုရှိသည်။ ကျွန်တော် သူမကို အပြင်မှာ တွေ့ခွင့်တောင်း မည်။ ဖုန်းနံပါတ် တောင်းမည်။ စကားတွေ ပြောကြမည်။ သူမရဲ့ အသံကို ကျွန်တော်ကြားဖူးချင်သည်။ သူမကို ကျွန်တော် မြင်ဖူးချင်သည်။ တွေးရင်းနဲ့ပင် ရင်ခုံသံ ဆူညံလာသည်။ ကိုယ့်ကိုယ်ကို သတိပြန်ပေးမိသည်။ သြော်… ရုပ်မမြင်.. အသံမကြားပဲနဲ့လဲ… ဒီလိုဖြစ်တတ်ကြတာပါပဲလား..။

“အစ်ကိုတို့ အပြင်မှာတွေ့ကြရအောင်…”

“မတွေ့ချင်ပါဘူး…”

“အာ.. ညီမကလည်း…. အစ်ကိုတို့ ဒီလောက်တောင် ခင်နေပြီပဲ.. အကို့ကို မယုံတာလား..”

“အဲ့ဒီလိုမဟုတ်ပါဘူး.. ညီမ မတွေ့ချင်ဘူး.. ညီမ လာတွေ့လို့မရဘူး..”

“ဘာလို့ လာတွေ့လို့ မရတာလဲ.. အိမ်ကမလွတ်တာလား..”

“အဲ့ဒီလိုလည်း မဟုတ်ပါဘူး…. အကို မသိတာတွေ အများကြီး ရှိပါသေးတယ်…”

“ဒါဆို ဒီလိုလုပ်…”

“အင်း…ပြောလေ…”

“အကို မေးခွန်းတွေ မေးမယ်… ညီမ အကိုမေးတာ ဖြေနိုင်ရင် အပြင်မှာ မတွေ့ဘူး..၊ မဖြေနိုင်ရင်တော့ အပြင်မှာ တွေ့ကြမယ်…”

“သဘောတူတယ်… မေးတော့…”

ကျွန်တော့်အကွက်ထဲ သူမရောက်လာသည်။ ကျွန်တော် လူလည်ကျတော့မည်။ မေးမှတော့ သူမ မဖြေနိုင်တာပဲ မေးမှာပေါ့လို့..။

“အကို အခုဝတ်ထားတဲ့ အင်္ကျီဘာအရောင်လဲ…”

“အနီရောင်လေ… T-shirt လေး..”

အမလေးဗျ… ကျွန်တော်အမလေးကို တမိသည်။ ကျွန်တော် ဘာဝတ်ထားမှန်း သူမဘယ်လိုသိနေရတာလဲ..။ ရမ်းတုတ်လို့ မှန်သွားတာဖြစ်နိုင်သည်။

“အကို့ ဘောင်းဘီ ဘာအရောင်လဲ…၊ အကို အခု ဘာလုပ်နေလဲ..”

“အကို ပုဆိုးဝတ်ထားတယ်..၊ အညိုရောင်လေး..၊ အခုက အကို ကော်ဖီသောက်ရင်း စာရိုက်နေတယ်…”

အား…. ကျွန်တော် ကြောက်လန့်တကြား ယောင်အော်မိသည်။ ကျွန်တော် နောက်ကျော မလုံသလို ခံစားလာပြီး ဘေးဘီ ပတ်ကြည့်လိုက်သည်။ ကျွန်တော့် အခန်းထဲတွင် ကျွန်တော်ကလွဲပြီး ကြွက်တစ်ကောင် ကြောင်တမြှီးမှ မရှိ။ ကျွန်တော်ယောင်ယမ်းပြီး laptop က camera ကို ပိတ်လိုက်မိသည်။ သူမ ဒီ camera နေများ ကျွန်တော့်ကို ကြည့်နေတာလား..။ ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိ။

“အကို့ အခန်းထဲမှာ ဘာပစ္စည်းတွေရှိလဲ…”

“စာကြည့်စားပွဲ၊ TV၊ ဂစ်တာ၊ ဗီဒို..၊ ထိုင်ခုံ ၂ လုံး…၊ တစ်လုံးက ကြိမ်ခုံလေး…ဟိ..ဟိ….”

ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေပြီ…။ ကျွန်တော် ကွန်ပျူတာကို ပိတ်ပြီး ဒီနေရာကနေ ထွက်ပြေးသွားလိုက်ချင်သည်။ ဒါပေမယ့် ကျွန်တော် အရဲတင်းပြီး

“နောက်ဆုံးတစ်ခုမေးမယ်…. မင်း … ဘယ်သူလဲ….”
သူမထံမှ စာရိုက်နေတဲ့ သင်္ကေလေးမြင်လိုက်ရသည်။

“အကို ..ဘာလို့ အဲ့လောက်ထိ ကြောက်သွားရတာလဲ…”
ဟင်….. ဘုရား…ဘုရား…..

“မေးတာဖြေပါ…။ မင်းဘယ်သူလဲ..။”

“အမှန်အတိုင်းပြောရင် ညီမကို မခင်တော့မှာ ကြောက်တယ်..”

” ညာနေတာက ပိုဆိုးတယ်.. အမှန်အတိုင်းပြောပါ…”

“ညီမက …….. လူမဟုတ်ဘူး…”
ဘုရား ကယ်တော်မူပါ…။ လူမဟုတ်ဘူးတဲ့…။

“….. မနောက်ပါနဲ့…”

“ညီမ နာမည်.. ဆုသက်ဝေ..၊ နေတာက တောင်ဒဂုံ၊ ညီမ အသက် က ၂၀၊ ညီမ ဆုံးတာ ဒီနေ့က ၁ လ ပြည့်တဲ့ နေ့ပဲ…”

“မယုံဘူး…မဖြစ်နိုင်တာတွေ…”

“ညီမ ဖုန်းနဲ့ အင်တာနက်သုံးရင်း လမ်းဖြတ်အကူးမှာ ကားတိုက်ခံရပြီး.. အဲ့ဒီစိတ်နဲ့ပဲ ခုလိုဖြစ်နေရတာ…”

“မယုံဘူး..”

“ညီမ လိပ်စာပေးလိုက်မယ်..၊ သွားစုံစမ်းကြည့်လိုက်…”

“မင်းမဟုတ်တဲ့ တစ်ကယ် ကားတိုက်ခံရတဲ့သူရဲ့ လိပ်စာကို မင်းက ပြောပြလို့ ရတာပဲလေ.. ”

“အကို မယုံဘူးပေါ့…”

“မယုံဘူး..”

“ဒါဆို.. အကို့ပါးစပ်ကလေ… ဆုသက်ဝေရေ…၊ ညီမကို အကို့ခြံဝန်းနဲ့ အခန်းထဲကို ၀င်ခွင့်ပြုပါတယ်လို့ ပါးစပ်ကနေ သုံးခါပဲ ရွှတ်လိုက်.. အကို့ ရှေ့ ညီမရောက်လာမယ်….”

ကျွန်တော် စဉ်းစားရကြပ်သွားသည်။ ကြောက်ကလည်းကြောက်… အလျော့ကလည်း မပေးချင်တာနဲ့… လူလည်ကျပြီး ဘာမှ မပြောပဲနဲ့…

“ကဲ..ပြောပြီးပြီ.. ပေါ်မလာပါလား…”

“အကိုကြောက်နေတယ်မှတ်လား..၊ အကို ဘာမှမပြောပါဘူး..၊ ညီမသိတယ်…”

ကျွန်တော် အားတင်းလိုက်သည်။ ရှိသမျှ သတ္တိတွေကို ရင်ဘတ်ထဲအကုန်ထည့်လိုက်သည်။ ကျွန်တော့် သိချင်စိတ်က ကြောက်စိတ်ကို အနိုင်ရသွားခဲ့သည်။

“ဆုသက်ဝေရေ…၊ ညီမကို အကို့ခြံဝန်းနဲ့ အခန်းထဲကို ၀င်ခွင့်ပြုပါတယ်..”
မျက်စိမိတ်ပြီး ပါးစပ်ကနေ အသံထွက်ပြီး အားရပါးရ သုံးခါ ပြောချပစ်လိုက်သည်။

ကျွန်တော့် ကွန်ပျူတာ ချက်ချင်းပိတ်သွားသည်။ ကျွန်တော့် အခန်းမီးတွေ အကုန်မှိတ်သွားသည်။ သွားပြီ..။ ကျွန်တော် မဟုတ်တာလုပ်မိပြီဟု တွေးမိချိန်သည် နောက်ကျသွားခဲ့ပြီ..။ ကျွန်တော့်ရဲ့ မသိစိတ်တွေက ကျွန်တော့်ရဲ့ အခန်းထောင့် အမှောင်တစ်နေရာကို တွန်းပို့နေသည်။ အဲ့ဒီနေရာမှာ တစ်စုံတစ်ခု ရှိနေသည်။

ကျွန်တော့်မျက်စိ အဲ့ဒီနေရာကို မကြည့်ချင်ပေမယ့် ကြည့်နေမိသည်။ အဲ့ဒီ မှောင်မှဲနေတဲ့ ကျွန်တော့်အခန်းထောင့်မှာ… တစ်ဖြည်းဖြည်း ပေါ်ထွက်လာတာက ခေါင်းက ဦးနှောက်ထွက်နေပြီး သွေးသံတရဲရဲနှင့် လက်ထဲမှာ ဖုန်းလေးတစ်လုံးကိုင်ထားသော ကောင်မလေး တစ်ယောက်…။ ကျွန်တော် ကြောက်လန့်တကြား အော်ဟစ်ဖို့အချိန်မရသေးခင် သူမထံမှ စကားသံကိုကြားလိုက်ရသည်။

“ညီမနဲ့ နေရာလဲပေးတဲ့အတွက် ကျေးဇူးပါပဲ အကို…”

ကျွန်တော်လည်း အခုတော့ ကျွန်တော်နဲ့ Chat မယ့် online သူငယ်ချင်းတစ်ဦးကို ည ၁၂း၀၀ နာရီထိုးသည်နှင့် လိုက်ရှာနေမိတော့သည်။

အောင်ထွန်းဦး

အပြည့်အစုံသို့ »

CCTV ဖမ်းယူမှုတွင် ထင်ထင်ရှားရှား ပေါ်လာသော အဖွားအို ဝိဉာဉ် (video)

Singapore Raffles Place မှာ ဖြစ်ပွားခဲ့တာပါ။ ဓာတ်လှေကားထဲကို ဝင်လာစဉ်က လူရွယ်နှစ်ယောက်သာ ဝင်လာပြီး ပြန်ထွက်တဲ့အချိန်မှာတော့ လူရွယ်နှစ်ယောက်ထွက်ပြီး နောက်ကနေ နှေးကွေးစွာ အဖွားအိုတစ်ယောက် တရွေ့ရွေ့ ထွက်လာတဲ့ video ပါ။





အပြည့်အစုံသို့ »

သချို င်္င်းရွှေ့ခြင်း နဲ့ တရုတ်မိသားစု


စစ်တပ်တွေ အများစုဟာ သင်းချိုင်းတွေကို ဖျက်ပြီး တည်ထားကြတယ်ဆိုတာကို တော်တော်များ များ သိကြပြီး ဖြစ်မှာပါ..။ အဲ့ဒီလို သင်းချိုင်းတစ်ခု ကို ဖျက်ပြီး စစ်တပ်တစ်ခု တည်ပြီဆိုရင်လည်း လုပ်စရာ ကိစ္စတွေကတော့ များပါတယ်..။ သင်းချိုင်းမှာ ရှိကြတဲ့ နာနာဘာဝတွေကို ပင့်ဖိတ်၊ ကားတွေနဲ့တင် သူတို့ရဲ့ နေရာအသစ်တွေမှာ ချထားပေးတာတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာတော်တွေနဲ့ အတူတကွ ပြုလုပ်ရလေ့ရှိပါတယ်..။ ဒါတွေကိုတော့ နောက်ပိုင်းကျရင် ဗဟုသုတ တင်ပြပါအုံးမယ်..။ အခုတော့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာလေးတစ်ခုကို စပြောပါရစေ..။

အခု တပ်တည်မယ့် သင်းချိုင်းကုန်းနေရာက တော်တော်ကြီးပါတယ်.။ ဘာသာပေါင်းစုံ သင်းချိုင်း ဖြစ်ပြီး တစ်မြို့လုံးက အသုဘကို ဒီသင်းချိုင်းမှာပဲ ချကြတော့ တစ်ဖြည်းဖြည်းနဲ့ အကျယ်ကြီး ဖြစ်လာတာ..။ သင်းချိုင်းကို ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုပြီး နေရာလေးတွေ ကန့် သတ်ပြီး လုပ်ထားပေးပါတယ်..။ ဒီလိုနဲ့ သင်းချိုင်းဖျက်တော့မယ်ဆိုတော့ ဗုဒ္ဓဘာသာ သင်းချိုင်းမှာ စပြီး ဘုန်းကြီး ငါးပါးနဲ့ နာနာဘာဝနဲ့ မကျွတ်မလွတ်တွေကို ပင့်ဖိတ်ပြီး ကားပေါ်ကိုတက် စေပါတယ်..။ လူမရှိတဲ့ ကားနောက်ခန်းနေရာမှာ.. ရွှံ့တွေ ပေပွနေတဲ့ ခြေထောက်ရာတွေ အများအပြားကို အံ့သြစွာ တွေ့ခဲ့ရပါတယ်..။ ကားပေါ်ကို အလုအယက်တက်ကြတဲ့ အသံတွေကို လည်း အတိုင်းသားကြားနေရပါတယ်တဲ့..။ တက်သူတွေ တအားများပြီး ကားမထွက်နိုင်လို့ နှစ်ခေါက် သုံးခေါက် ပြန်လည် သယ်ယူကြရပါတယ်..။ ဒီအချိန်မှာ ဘုန်းကြီးက စည်းဝိုင်း တစ်ခု ပြုလုပ်ပြီး လူသား အားလုံးကို စည်းဝိုင်းအထဲမှာပဲ နေစေပါတယ်..။ အပြင်ကို လုံးဝထွက်ခွင့်မပြုပါဘူး..။ ဒီလိုနဲ့ ဗုဒ္ဓဘာသာသင်းချိုင်းက အခက်အခဲမရှိ ချောချောမွေ့မွေ့နဲ့ ပြီးသွားပါတယ်..။

ဇာတ်လမ်းက အခုမှ စပါတယ်..။ တစ်ခြားဘာသာတွေရဲ့ သင်းချိုင်းက နာနာဘာဝနဲ့ မကျွတ်မလွတ် တွေကို ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုပင့်ဖိတ်ရတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး..။ အတွေ့အကြုံလည်း မရှိကြပါဘူး..။ ဘုန်းကြီးတွေလည်း ကြိုးစားပြီး ပင့်ဖိတ်ပါသေးတယ်..။ ထူးဆန်းစွာပဲ အရင်ကလို ခြေသံတွေ ခြေရာတွေ လုံးဝမတွေ့မြင်ရပါဘူး..။ တိတ်ဆိတ် ငြိမ်သက်လျက်ပါ..။ နောက်ဆုံး ဘယ်လိုမှ မရတဲ့ အဆုံး အထက်က စစ်မိန့်နဲ့ နှင်တယ်ဆိုပြီး စစ်မိန့်ဖတ်ပါတယ်..။ ပြီးတော့ သင်းချိုင်းကို ဖျက်ပါတယ်..။

အမြန်လိုနေတာကြောင့် လူအင်အားသုံးပြီး သင်းချိုင်းကို နေ့ရောညပါ ဖျက်ကြပါတယ်..။ ဗုဒ္ဓဘာသာ သင်းချိုင်းမှာ ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရပေမယ့် တစ်ခြားသင်းချိုင်းမှာတော့ ဒီဘက် အုတ်ဂူဖြိုနေရင် ဟိုဘက် အုတ်ဂူကနေ ငိုသံလိုလို ငြီးသံလိုလို မကြာခဏကြားရပါတယ်..။ ပြီးတော့ အလုပ်လုပ်နေရင်း ကိုယ့်နောက်ကနေ တစ်စုံတစ်ယောက်က စိုက်ကြည့်နေတဲ့ ခံစားမှုမျိုး ခံစားကြ ရပါတယ်..။ ပြီးတော့ နောက်ကျောကနေ ခြေသံတွေလည်း တစ်ရှပ်ရှပ်ကြားရပါတယ်….။ ဒါကြောင့် စစ်သားတွေဟာ အလုပ်လုပ်ရာမှာ လူခွဲပြီး မလုပ်ကြပဲ တစ်ဦးနဲ့ တစ်ဦး နီးကပ်စွာနေပြီး အလုပ်ကို အမြန်ဆုံးပြီးစီးအောင် လုပ်ကြရပါတယ်..။

တရုတ်လူမျိုးတွေဟာ သင်းချိုင်းနေရာကို မိသားစုအလိုက် သတ်မှတ်ထားလေ့ရှိပါတယ်..။ ဒါက အဖေ့နေရာ..၊ ဒါက အမေ့နေရာ..၊ ဒါက ဘယ်သူ့နေရာဆိုပြီး မသေခင်ကတည်းက နေရာတွေ သတ်မှတ်ပြီးသားပါ..။ သေရင်လည်း အဲ့ဒီလိုပဲ မိသားစုလိုက် ခြံစည်းရိုးလေးတွေ ကန့်ပြီး အုတ်ဂူလေးတွေ လုပ်ထားလေ့ရှိပါတယ်..။ အဲ့ဒီမှာ သင်းချိုင်းဖျက်ရင်းနဲ့ တရုတ်မိသားစု တစ်စုရဲ့ အုတ်ဂူတွေကို ဖျက်ရ ပါတယ်..။ အုတ်ဂူ လေးလုံး ရှိပြီး ခြံစည်းရိုးလေး သီးသန့် ကာထားပါတယ်..။ အချိန်က ည ၁၁း၀၀ နာရီလောက် ရှိနေပါပြီ..။ အဲ့ဒီအချိန်မှာ လှုပ်လီလှုပ်လဲ့နဲ့ လူလေးဦး သင်းချိုင်းကုန်းထဲကို ၀င်လာပါတယ်..။ သင်းချိုင်းဖျက်နေတဲ့ စစ်သားတွေဟာ သူတို့နဲ့ ဂျူတီ ချိန်းမယ့် စစ်သားတွေ ထင်ပြီး လက်ပြ နှုတ်ဆက်လိုက်ပါတယ်..။ ဒါပေမယ့် အနီးနားရောက်မှ သိလိုက်ရတာက သူတို့ဟာ တရုတ်လူမျိုးတွေပါ..။ အဖိုးအိုတစ်ဦး၊ အဖွားအိုတစ်ဦး၊ လူရွယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ သူမ လက်ထဲမှာ ၁ နှစ်သား အရွယ် ကလေးလေး တစ်ယောက် ပါပါတယ်..။ သူတို့ ၀တ်စားထားပုံကြည့်ရတာ အတော်ကိုရှေးကျပါတယ်..။ လက်ထဲမှာလည်း ငွေစက္ကူတွေ အထပ်လိုက်ကိုင်ထားပါတယ်..။ တရုတ် ငွေစက္ကူတွေပါ..။ ပြီးတော့ တစ်ခြား စားသောက်စရာ တွေလည်း တစ်ပွေ့ တစ်ပိုက်နဲ့..။

စစ်သားတစ်ယောက်က ဘာကူညီပေးရမလဲဆိုပြီး စမေးပါတယ်..။ သူတို့ထဲက လူရွယ်က သူတို့ကို စကားပြန်ပြောပါတယ်..။ သူပြန်ပြောတာ ပြည်ကြီး တရုတ်စကားပါ..။ ဘာတွေ ပြောမှန်း နားမလည် ပါဘူး..။ ဒေါကြီး မောကြီးနဲ့ သူတို့ဖျက်နေတဲ့ အုတ်ဂူတွေကို လက်ညှိုးတစ်ထိုးထိုးနဲ့ ပြောနေပါတယ်..။ ပြီးတော့ ဝေးဝေးသွား ဒီအုတ်ဂူတွေနားက ဝေးဝေးသွားဆိုပြီး လက်ဟန်ခြေဟန်နဲ့ မောင်းထုတ်ပါတယ်..။ ပြီးတော့ စစ်သားတွေ လက်ထဲကို မုန့်တွေ၊ တရုတ် ပိုက်ဆံတွေ ထည့်ပေးပါတယ်..။ ပြီးတော့ ဝေးဝေးသွားဖို့ နှင်ပါတယ်..။ ပြီးတော့ သူတို့ဟာ စစ်သားတွေ ဖျက်နေတဲ့ စည်းရိုးထဲက အုတ်ဂူလေးလုံးကို ပြန်လည် သန့်ရှင်းပြုပြင် နေကြပါတယ်..။ ပါးစပ်ကလည်း တရုတ်လို အဆက်မပြတ် တတွတ်တွတ် ပြောဆိုနေပါတယ်..။

စစ်သားတွေက သူတို့ကို သေဆုံးသူတွေရဲ့ ဆွေမျိုးတော်စပ်သူတွေလို့ ထင်လိုက်တယ်..။ ဒါနဲ့ သူတို့လည်း တာဝန်အရ ဆက်လုပ်ဖို့ရှိတာကြောင့် သူတို့ နားလည်အောင် ရှင်းပြဖို့ ကြိုစား လိုက်တယ်..။ အဲ့ဒီမှာ စစ်သားတွေ အုတ်ဂူကို ဆက်ဖျက်ဆီးတော့မယ်ဆိုတာလည်း သူတို့ သတိထားမိရော ကလေးချီထားတဲ့ အမျိုးသမီးဖြစ်သူက စတင် အော်ငိုပါတယ်..။ အတော်ကိုကျယ် လှောင်ပါတယ်..။ သူမအော်ငိုသံဟာ သင်းချိုင်းမြေထဲမှာ အသည်းငယ်သူတို့အဖို့ သည်းခြေ ပျက်စရာပါ..။ ဒါပေမယ့် ခဏကြာတော့ သူမရဲ့ ငိုသံဟာ တစ်ဖြည်းဖြည်း ရီသံအဖြစ်ကို ကူးပြောင်းလာတယ်..။ အားရပါးရ သဘောကျပြီး ရီနေသံ အမျိုးသမီးရဲ့ အသံကလည်း ဒီလို သင်းချိုင်းမြေထဲမှာ စစ်သားတွေကို စိတ်ခြောက်ချားစေပါတယ်..။ ငိုလိုက် ရီလိုက်ဖြစ်နေတဲ့ အမျိုးသမီးကို နားမလည်ဖြစ်နေတုန်းမှာပဲ တစ်ခြားသူတွေပါ စစ်သားတွေကို ကြည့်ပြီး ရီကြပါတော့တယ်..။ ထူးဆန်းတာက ဘာမှ မသိတဲ့ ၁နှစ်အရွယ် ကလေးတောင် မျက်လုံးကြီးပြူးပြီး စစ်သားတွေကို စိုက်ကြည့်ကာ ဟက်ဟက်ပက်ပက်ကို ရီနေပါတယ်..။ ရီရင်းနဲ့ ပြူးကျယ်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေဟာ တစ်နေရာထဲကိုပဲ မမှိတ်မသုန် စူးစိုက်ကြည့်နေပြီး နီရဲလျက်ရှိပါတယ်..။ ဖြူဖတ်နေတဲ့ သူတို့ မျက်နှာပေါ်မှာ နီရဲနေတဲ့ မျက်လုံးတွေက ကိုယ်စီ ထင်ပေါ်လျက်ရှိပါတယ်….။ သူတို့ရဲ့ ပုံစံတွေကို ကြည့်ရင်း စစ်သားတွေ လန့်လာပါတယ်.။ သူတို့ရဲ့ စိတ်ထဲမှာ ဒါတွေဟာ ဘယ်လိုနည်းနဲ့မှ လူသားတွေ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတာနဲ့ အတွေ့အကြုံနည်းနည်း ရှိတဲ့စစ်သားက သူတို့ပေးတဲ့ အစားအသောက်နဲ့ ပိုက်ဆံတွေကို အကုန်ပြန်လိုက်စုပါတယ်..။ ပြီးတော့ သူတို့ကို ပြန်ပစ်ပေးလိုက်ပြီး ထွက်ပြေးပါတော့တယ်..။ ထုံးစံ အတိုင်း တစ်ယောက်ပြေးရင် ကျန်တဲ့ စစ်သားတွေလည်း နောက်က တစ်သီကြီး ပြေးလိုက်ကြတာပေါ့..။

နောက်နေ့မနက်မှပဲ လူထပ်စုပြီး အဲ့ဒီနေရာကို ပြန်သွားကြည့်ကြတဲ့အခါ တွေ့လိုက်ရတာက ပုပ်သိုး နံ့စော်ပြီး လောက်တောင် တွယ်နေပြီဖြစ်တဲ့ အစားအသောက်တွေနဲ့ တရုတ်အသုဘတွေမှာ သေဆုံးသူတွေ ရဖို့ အလို့ငှာ ကျန်ရစ်သူတွေက မီးရှို့ပေးတဲ့ တရုတ် အသုဘ ပိုက်ဆံတွေကိုပါ..။ အုတ်ဂူတွေကတော့ သူတို့ ထွက်ပြေးခဲ့စဉ်က အတိုင်း ပျက်စီးလျက်ရှိပါတယ်..။
သူတို့ဟာ လူတွေ မဟုတ်တာတော့ သေချာပါတယ်..။ တရုတ် နာနာဘာဝတွေလား..။ သူတို့ ကျွေးခဲ့တဲ့ အစားအစာနဲ့ တရုတ်ပိုက်ဆံတွေကို မသိပဲ ယူခဲ့ စားခဲ့မိရင်ကော ဘာတွေ ဆက်ဖြစ်မှာအုံး မှာလဲ… အဲ့ဒီ အတွေးတွေကတော့ အဲ့ဒီညက အဖြစ်ကို ကြုံတွေ့ခဲ့ရတဲ့ စစ်သားတွေရဲ့ ခေါင်းထဲမှာ ရှိနေဆဲ ဖြစ်မှာပါ…။

Credit :အောင်ထွန်းဦး

အပြည့်အစုံသို့ »

ရုပ်ဆိုးဆိုးနဲ့ သရဲ - ဟာသ


ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။

အဲ…ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက် သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။

သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။

အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရေရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။

တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရပြန်တယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း မဆိုးပါဘူး” ဆိုပြီး ထပြန်သွားတယ်..

အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်တွေကို “ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲ”က ပြုံးနေလေသတဲ့ ……….

ထူးဆန်းထွေလာဤကမ္ဘာ မှ ပြန်လည်မျှဝေပါသည်။

အပြည့်အစုံသို့ »

ရနံ့ထူးပေးသူ…


အင်း…
ကြောက်တတ်ရင် ဘေးကင်းဆိုတဲ့စကားပုံက အဖေ့အတွက်တော့
မှားတယ်ကွ ။ အဖေရဲ့ အဖြစ်က မကြောက်တတ်လို့သာ ဘေးကင်း
ခဲ့တာ ။ အဖေများ အဲဒီအချိန်က ကြောက်တတ်ခဲ့ရင် ရူးရင် ရူး ၊
မရူးရင်တောင် ကြောက်အားလန့်အားနဲ့ ထွက်ပြေးပြီး ရပ်ကျော်
ရွာကျော် ကျော်မကောင်းကြားမကောင်း ဖြစ်ကုန်မှာ ။ ကိုယ်က
ဌာနရဲ့ဝန်ထမ်းလည်း ဟုတ် ၊ လူငယ်လည်းဟုတ်တော့ အခုလို
မကြောက်တတ်ခဲ့တာပဲ ခပ်ကောင်းကောင်းလို့ ပြောရမယ် ။
ခုတော့ လူအများရှေ့ မှာ အဖေက ဟီးရိုးလုံးလုံးကို ဖြစ်ရော ။
ကိုယ့်သမီးရှေ့ မှာမို့ ကြွားတာ မဟုတ်ဘူး ။ အဖေ့အဖြစ်မျိုးက
တော်ရုံတန်ရုံ သတ္တိဆို ကြောက်လွန်းလို့ သေသွားနိုင်တယ်ဟေ့ ။
အဲ့သည့်အချိန်တုန်းက တစ်အိမ်လုံး မသိခဲ့တဲ့လျှို့ ဝှက်ချက်ကို
အဖေ သမီးလေးကို ပြောပြမယ် ။
* မိုးလင်းသွားတဲ့အထိ သရဲခြောက်နေမှန်း အဖေ မသိလို့ပေါ့…
သမီးရဲ့  ။ နို့မဟုတ်ရင် အဖေလည်း လူပဲဥစ္စာ ။ ကြောက်တာ
ပေါ့ ။ ဒီလိုကွယ့်…။’
**********************************************
- ပျားလုပ်ငန်းဦးစီးဌာနဆိုတာကို စာဖတ်သူတို့ ကြားဖူးကောင်း
ကြားဖူးပါလိမ့်မည် ။ ကျွန်တော်က ထိုဌာနမှ အစိုးရဝန်ထမ်းတစ်ဦး
ဖြစ်၏ ။ ဌာနက ပျားပုံးများ လိုက်စစ်ဆေးရန်တာဝန်ပေး၍ တိုက်ကြီး
တစ်ဖက်ရှိ ဂျိုးဖြူစံပြကျေးရွာကို ကျွန်တော် သွားရောက်ခဲ့ရသည် ။
- ကျေးလက်ဒေသလေးဖြစ်သဖြင့် သစ်ပင်ပန်းပင် အုပ်အုပ်ဆိုင်း
ဆိုင်းညို့ ညို့ မှိုင်းမှိုင်းနှင့် နှစ်သက်ကြည်နူးဖွယ် ကောင်းလှသည် ။ လယ်ကွင်းများကလည်း တမျှော်တခေါ်ကြီး ကျယ်ဝန်းကာ စိုက်ပင်
ပျိုးပင်များဖြင့် စိမ်းလန်းစိုပြည်လျက် ရှိ၏ ။ လွန်ခဲ့သောအနှစ်၂၀ကျော်
ကဖြစ်၍ လယ်ထွန်စက်များကို အသုံးမပြုကြသေးဘဲ ထွန်တုံးနှင့်နွား
ကို ရုန်းစေကာ လယ်ထွန်နေကြသောတောင်သူလယ်သမားများကို
ကြည့်ရင်း လေးစားကြည်ညိုစိတ်များ ဖြစ်မိသည် ။ ဤဒေသတွင်
စိုက်ပျိုးရေးအတွက် ရေအလုံအလောက် ရရှိစေရန် ချောင်းတစ်ခုကို
သွယ်တားပြီး ဆည်မြောင်းသဘောမျိုး ရေကာတာတစ်ခု ဆောက်
လုပ်ထားသည်ကို တွေ့ရ၏ ။ ထိုရေကာတာအနီးတွင် အစောင့်တဲ
တစ်ခုလည်း ရှိသည် ။
- ကျွန်တော်က သဘာဝအလှတရားများကို ရေခပ်ဆင်းသော
လုံမပျိုများထက် ပို၍ စိတ်ဝင်စားတတ်သူ ဖြစ်ရာ ရွာထဲတွင် နေထိုင်
ရန် စိတ်မကူးပေ ။ ရွာထဲတွင် နေထိုင်လျှင် လာရောက်ဧည့်ခံသော
လူကြီးသူမများကို ပြန်လည်ဧည့်ဝတ်ပြုကာ စကားပြောနေရမည် ။
သို့အတွက် လယ်တဲတစ်တဲတွင် ခွင့်တောင်းနေထိုင်ရန် ဆုံးဖြတ်
လိုက်သည် ။
**********************************************
“ ငါ့တူက မောင်တိုးမြင့်ရဲ့ မိတ်ဆွေ မဟုတ်လား ။ မောင်တိုးမြင့်
က မှာလိုက်တယ် ။ ငါ့တူ ရွာကိုရောက်လာရင် ဒေါ်ကြီးတို့အိမ်မှာ
တည်းပါစေတဲ့ ။”
တိုးမြင့်က ကျွန်တော့်သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်
ဖြစ်သည် ။ ဘယ်အိမ်တွင် တည်းရမည်မှန်း မရေရာသော
ကျွန်တော့်အဖို့ ရေကန်အသင့် ကြာအသင့် ဖြစ်သွားရသည် ။
“ ဟုတ်ကဲ့…ဒေါ်ကြီး ။ ဒါဆိုရင်လည်း ကျွန်တော့်ကို လယ်တဲမှာပဲ
အိပ်ခွင့်ပြုပါလား ။ ကျွန်တော် ရွာထဲမှာ မတည်းချင်လို့ပါ ။”
ကျွန်တော့်စကားကြောင့် အဒေါ်ကြီး၏တွန့်နေသောနဖူးကြောများ
ပို၍ တွန့်သွားသည်အထိ မျက်မှောင်ကျုံ့ လိုက်ပြီး…
“အင်း…ငါ့တူက မြို့ သားဆိုတော့ လယ်တဲမှာ နေနိုင်ပါ့မလား ?
ခြင်က ကိုက် ၊ အေးကလည်း အေးပါဘိ ။”
“ရပါတယ်…ဒေါ်ကြီး ။ ကျွန်တော်က ရန်ကုန်မှာ အလုပ်လာလုပ်
တာ ။ ကျွန်တော် တကယ်နေတဲ့နေရာက ဇင်းကျိုက်မှာ ။ ရွာမှာဆို
ဒီလိုပဲ လယ်တဲမှာ အိပ်နေကျ ။”
ကျွန်တော် အာပေါင်အာရင်းသန်သန် ပြောလိုက်သောစကားများ
ကြောင့် အဒေါ်ကြီး၏ ကျဉ်းမြောင်းသောမျက်လုံးများ ပြူးကျယ်သွား
ရပြီ ။
“ငါ့တူက ဇင်းကျိုက်ဇာတိလား ? ဒေါ်ကြီးအမျိုးတွေလည်း
ဇင်းကျိုက်မှာ ရှိတယ်…ဒေါ်ပုမတို့မကွမ်းအိမ်တို့ဆိုတာ ဒေါ်ကြီးညီမ
ဝမ်းကွဲတွေလေ ။”
“ အာ ! သိတာပေါ့ ။ သူတို့သားတွေနဲ့ကျွန်တော်က ငယ်သူငယ်ချင်း
တွေ ။”
သည်လိုနှင့် ဇင်းကျိုက်ရွာအကြောင်းပြောရင်း ဆွေမျိုးတွေစပ်လိုက်
ကြတာ ညနေစောင်း သွားပါရောလား ။ ဒေါ်ကြီးက လယ်တဲတွင်
သူနှင့်အတူ သားတို့လင်မယား နေထိုင်ကြောင်း၊ယခု ထိုလင်မယား-
ရွာထဲကအိမ် တွင် ဆီဆားသွားယူကြောင်း ၊ ကြာမီ ပြန်လာကြမည်
ဖြစ်ကြောင်း ၊ လယ်တဲ၌ ပျော်သလောက် နေနိုင်ကြောင်းတို့ကို
ဝမ်းပန်းတသာ ပြောပြရှာသည် ။ ငါးနာရီခွဲကျော်ကျော်လောက်တွင် ဒေါ်ကြီး၏သားနှင့်ချွေးမ ဖြစ်သူတို့
အမောတကောဖြင့် ပြန်လာကြသည် ။
“ အမေ…အမေ့အစ်မ ဖျားနေလို့ ။ အဲ့ဒါ ဆေးခန်းသွားရမယ်တဲ့ ။
လိုက်သွားဖို့ကလည်း လူမရှိဘူး ဖြစ်နေတယ် ။ အမေ အခု ပြန်မှဖြစ်
မယ် ။ လယ်တဲအတွက်တော့ မပူနဲ့ ။ ဒီမှာက သူခိုးလည်း မပူရပါ
ဘူး ။ ကျွန်တော်တို့လင်မယားလည်း စောင့်နေပါ့မယ် ။”
ခရီးရောက်မဆိုက်ပင် ပြောချလိုက်သော ဒေါ်ကြီး၏သား ကိုမြင့်မူ၏
စကားများကြောင့် ဒေါ်ကြီး စိတ်ပူသွားပုံရသည် ။ သို့ကြောင့်
ကျွန်တော့်ကို ဂရုစိုက်ရန် ၊ ဧည့်ဝတ်ကျေရန် မှာကြားပြီး အမြန်ထွက်
သွားလေတော့သည် ။
- ကျွန်တော်လည်း ရေချိုးကာ ကိုမြင့်မူ၏မိန်းမမမြထွေး ပြင်ဆင်ပေး
ထားသောထမင်းဝိုင်းတွင် ထမင်း ဝင်တွယ်လိုက်သည် ။ ဟင်းက
ချည်ပေါင်ဟင်းနှင့် ဝက်သားကြော်ဖြစ်၍ ထမင်း အလွန်မြိန်လှ၏ ။
စားသောက်ပြီးသည့်နောက် ထမင်းလုံးစီသည့်အနေဖြင့် တဲရှေ့ 
ပက်လက်ကုလားထိုင်တွင် ထိုင်ကာ ဝင်လုဆဲနေလုံးကြီးကို
ငေးကြည့်ရင်း ဇိမ်ရစ်နေမိသည် ။
“ဟို…အစ်ကိုရေ ကျွန်တော်တို့လင်မယား ရွာထဲကဘုရားပွဲကို
ခဏသွားချင်လို့ ။ လယ်ကွင်းနဲ့ရွာနဲ့က သိပ်မဝေးပါဘူး ။ အဲ့ဒါ
အစ်ကို မနေခဲ့ရဲရင်လည်း ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား ။”
“ ဟာ…သွားပါဗျာ ။ ရပါတယ်…ကျွန်တော် တစ်ယောက်တည်း
နေရဲပါတယ် ။ ဘယ်အချိန်လောက် ပြန်လာမှာလဲ ?”
“ သိပ်မကြာပါဘူး ။ ၈နာရီ ၉နာရီဆို ပြန်ရောက်ပါတယ် ။”
ကိုမြင့်မူတို့လင်မယားက ကျွန်တော့်ကို နှုတ်ဆက်ကာ ထွက်
ခွာသွားကြသည် ။ နေက တဖြည်းဖြည်းနှင့် လယ်ကွင်းတွေ
နောက်ဘက်သို့ တိမ်ဝင်ပျောက်ကွယ်သွားသည် ။ မိုးချုပ်
သွားသည်အထိ ထိုင်စောင့်နေသော်လည်း ကိုမြင့်မူတို့လင်
မယားကား ပြန်မရောက်လာသေးချေ ။ ပျင်းရိလာသည်နှင့်
ကျွန်တော်လည်း အိပ်ခန်းထဲဝင်ကာ ခြင်ထောင်ချပြီးမှေး
နေလိုက်တော့၏ ။
- မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ…မီးဖိုခန်းဆီမှ
အသံဗလံများ ကြားရ၍ ကျွန်တော် လန့်နိုးလာခဲ့သည် ။ တောရွာ
ဒေသပေမို့ လျှပ်စစ်မီးကလည်း မရှိ ။ ခေါင်းရင်းက ကျောပိုး
အိတ်အတွင်းမှ လက်နှိပ်ဓာတ်မီးကို ထုတ်ယူကာ ကျွန်တော်
မီးဖိုခန်းဆီသို့ ထွက်လာခဲ့သည် ။
ကိုမြင့်မူတို့လင်မယား ပြန်ရောက်နေလို့များလား ၊ ဒါမှမဟုတ်
သူခိုးဝင်တာများလား…ထိုအတွေးကြောင့် ခြေရင်းအခန်းထောင့်
တစ်နေရာတွင် ထောင်ထားသော အုန်းတံမြက်စည်းကို လှမ်းယူ
ကာ ခြေသံလုံလုံဖြင့်လျှောက်လာလိုက်သည် ။ လယ်စောင့်တဲ
ဟုဆိုသော်ငြားလည်း အတော် ကြီးမားကျယ်ဝန်းလှသည် ။
အလျားပေနှစ်ဆယ် ၊ အနံပေလေးဆယ်လောက် ကျယ်ဝန်းပြီး
သွပ်မိုး ၊ ထရံကာတဲကြီးဖြစ်သည် ။ အိပ်ခန်းနှစ်ခန်း ၊ အလယ်
တွင် စင်္ကြန်လမ်း ရှိပြီး အနောက်ဖက်က မီးဖိုခန်းနှင့် ဆက်လျက်
ရှိသည် ။ သို့ပေမဲ့ တဲဆိုသည့် အတိုင်း အောက်ဘက်တွင်တော့
ဘာမှ ခင်းကျင်းထားခြင်း မရှိ ။ ကျွန်တော် လက်နှိပ်ဓါတ်မီးကို
ရှေ့ တည့်တည့်ဆီသို့ထိုးရင်း မီးဖိုခန်းထဲသို့ လာခဲ့သည် ။
အသံဗလံများက ကျွန်တော် လန့်နိုးလာစဉ်တုန်းကလောက်
မကျယ်လောင်တော့ပေ ။ ချွတ်ချွတ်ချပ်ချပ် အသံလောက်သာ
ကြားနေရတော့သည် ။
“ ဟာ! ဘာအနံ့လဲ… ။ တစ်မျိုးပဲ ။”
မီးဖိုခန်းထဲသို့ ဝင်လိုက်သည်နှင့် နနွင်းနံ့က ထောင်းလမောင်း
ထနေသည် ။ အခြားဘာပစ္စည်းမှ ပျောက်ရှနေပုံ မပေါ်သဖြင့်
သူခိုးဝင်ခြင်းတော့ မဖြစ်နိုင် ။ လယ်ကွင်းထဲတွင်ဖြစ်၍ မြေကြွက်
အိမ်ကြွက်တွေတော့ ပေါများပေလိမ့်မည် ။ သို့ကြောင့် ကြွက်
သူခိုးလေးများ၏ လက်ချက်သာ ဖြစ်လိမ့်မည်ဟု ကျွန်တော်
တထစ်ချ ယူဆမိလိုက်သည် ။ အသံဗလံများက ထမင်း ဟင်း
အနံ့ရ၍ လာရောက်ကြသော ကြွက်သူခိုးများ၏ ဟိုတိုးသည်
တိုးအသံများဖြစ်ပြီး ဆနွင်းပုလင်းကိုလည်း ဝင်တိုးတိုက်ခဲ့ပုံရ
သည် ။
“ တောက် ! ကြွက်သူခိုးစုတ်တွေ…”
ကျွန်တော် ဒေါသထွက်စွာ ရေရွတ်လိုက်ရင်း ဆနွင်းနံ့ ပျောက်
ကင်းသွားစေရန် မှောက်နေသောဆနွင်းပုလင်းကို ဓါတ်မီး
အလင်းရောင်ဖြင့် ရှာဖွေကြည့်သည် ။ မတွေ့ ချေ။ ကြာတော့
ရှာတဲ့ကျွန်တော်သာ စိတ်လျော့လိုက်ကာ အခန်းထဲသို့ ပြန်
လာခဲ့သည် ။ နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ
ခွဲတော့မည် ။ ကိုမြင့်မူတို့ ဘာကြောင့်များ ပြန်မလာသေးပါ
လိမ့် ။ တစ်နေကုန် ပျားပုံးများလိုက်လံစစ်ဆေးခဲ့ရ၍ ပင်ပန်း
နေပြီမို့ အိပ်ရာပေါ် လှဲချလိုက်သည်နှင့် ပြန်လည် အိပ်ပျော်
သွားတော့သည် ။
*********************************************
“ ဟာ…တောက် ! အိပ်ရေးကို ပျက်တယ် ။ ကြွက်စုတ်တွေ…”
ဝုန်းဒိုင်းကြဲနေသော ဆူညံသံတွေကြောင့် ကျွန်တော် ဖျတ်ခနဲ
လန့်နိုးလာသည် ။ မီးဖိုခန်းတစ်ခုလုံး အိုးခွက်သံများဖြင့်
သောသောညံနေ၏ ။ကျွန်တော် မုန်းတဲ့ ဆနွင်းနံ့ကလည်း
အိပ်ခန်းထဲအထိပင် သင်းလျက်ရှိသည် ။
“ ဒီ နနွင်းနံ့က တစ်မျိုး ။ တွေ့ မယ်…”
ကျွန်တော် လက်နှိပ်ဓါတ်မီးကို ယူကာ မီးဖိုခန်းသို့ ထွက်လာ
ခဲ့သည် ။ ကြွက်တို့၏ သဘာဝအတိုင်း လူလာပြီဆိုသည်နှင့်
အသံမျိုးစုံက ဗြုန်းဆို တိတ်သွားသည် ။ မီးဖိုခန်းထဲရောက်တော့
အပုန်းကောင်းသော ကြွက်များနှင့် နနွင်းပုလင်းကို ကျွန်တော်
ဘယ်လိုမှ ရှာမတွေ့  ။ ကြာလာတော့ မျက်လုံး ကျိန်းစက်လာ
ပြီဖြစ်ရာ လက်လျော့ကာ အိပ်ခန်းဆီသို့ ပြန်လာခဲ့သည် ။
ထုံးစံအတိုင်း အိပ်ရာပေါ် လှဲချလိုက်သည်နှင့် ချက်ချင်းပင်
အိပ်ပျော်သွားပြန်သည် ။
“ ဟာ……ဒီကြွက်စုတ်တွေတော့ ။”
အသံတွေက ဝုန်းဒိုင်းကြဲနေပြန်သည် ။ ကျွန်တော် နာရီကို
ကြည့်လိုက်တော့ နှစ်နာရီလေးဆယ် ။ ဒီပုံအတိုင်းဆို
ကျွန်တော်က ပြန်အိပ်လိုက် ၊ ကြွက်သံတွေကြောင့် နိုးလိုက် ၊
ထကြည့်လိုက်နှင့် မိုးလင်းတော့မည် ။ မဖြစ်ချေ…မနက်ကျ
လုပ်ရမည့် အလုပ်တွေက ရှိသေးသည် ။ ကျွန်တော်- နဘေးမှ
စောင်ကို ဆွဲယူကာ ခေါင်းမြီးခြုံလိုက်သည် ။ နောက်တော့
အသံတွေ တိတ်မတိတ် မသိ...ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားပါရောဗျာ ။
*********************************************
“ မောင်ခင်မောင်…ငါ့တူ… နိုးလာပြီလား ? လာ…ထမင်းစား ။”
ကျွန်တော် အိပ်မှုန်စုံဖွားဖြင့်အခန်းထဲကထွက်လာတော့ တဲရှေ့
ကွပ်ပျစ်တွင် ဒေါ်ကြီးရွှေဥက နံနက်စာ ထမင်းကြော်ဖြင့်
ဆီးကြိုနေလေသည် ။
“ ဟာ…ဒေါ်ကြီး ဘယ်အချိန်က ပြန်ရောက်လဲ ? ဒေါ်ကြီးအစ်မ
ကော သက်သာရဲ့ လား ?”
ကျွန်တော့်အမေးကို ဒေါ်ကြီးက ခေါင်းညိတ်အဖြေပေးရင်း…
“ဒါနဲ့ မောင်မြင့်မူတို့လင်မယားကော?ဒေါ်ကြီး ရောက်တော့
သူတို့ကို မတွေ့ တော့ဘူး ။ ဘယ်သွားကြလဲ?”
“ ညကတည်းက ပွဲသွားကြည့်ကြတာ ခုထိ ပြန်မရောက်
သေးပါဘူး…ဒေါ်ကြီးရယ် ။”
ဗိုက်ဆာဆာဖြင့် ထမင်းကြော်ကို တွယ်ရင်း ခပ်ပေါ့ပေါ့ ဖြေ
လိုက်သော ကျွန်တော့်စကားကြောင့် ဒေါ်ကြီး မျက်လုံး ပြူး
သွားပြီး...
“ ဘာရယ် ! ဒါ…ဒါဆို ညက ငါ့တူ တစ်ယောက်တည်းပေါ့ ။”
“ ဟုတ်ကဲ့…ဒေါ်ကြီး ။ ဘာဖြစ်လို့လဲ ?”
“ ငါ့တူ ထူးထူးခြားခြား ဘာတွေ ကြုံသေးလဲ ?”
ဒေါ်ကြီးက အထိတ်တလန့် မေးလိုက်သဖြင့် ကျွန်တော်
ဘာဖြေလို့ ဖြေရမှန်း မသိ ဖြစ်သွားမိသည် ။
“ ဟို…ဘာမှတော့ ထူးထူးခြားခြား မကြုံရပါဘူး ။ ဒါပေမဲ့ ကြွက်
တွေတော့ အတော် သောင်းကျန်းတယ် ။ ဆူညံနေတာပဲ ။”
“ ကြွက်တွေ…ဟုတ်လား ။ ငါ့တူက ကြွက်တွေကို မြင်လိုက်လို့
လား ?”
“ဟာ…ဒေါ်ကြီးကလည်း ကြွက်တွေက ကျွန်တော် လာတဲ့အထိ
ဘယ်စောင့်မလဲ ။ အကုန် ထွက်ပြေးကုန်တာပေါ့ ။ ဒင်းတို့
ဝင်တိုက်ခဲ့လို့ နနွင်းပုလင်း မှောက်သွားတယ် ထင်တယ် ။
နနွင်းနံ့ကို နံနေတာပဲ ။”
“ နနွင်းနံ့…သြော်…နနွင်းနံ့ ။”
ဒေါ်ကြီးက ထိုစကားကိုသာ ရေရွတ်လိုက်ပြီး ဘာမေးခွန်းမှ
ထပ်မမေးတော့ချေ ။ ကျွန်တော့်စိတ်ထဲတွင်တော့ အဒေါ်ကြီး
ဘိုးဘွားလက်ထက်က နနွင်းမို့လို့များ နှမြောနေသလား မသိ..
ဟု ခပ်ကြောင်ကြောင် တွေးလိုက်မိသေးသည် ။ ကျွန်တော်
ထမင်းစားသောက်ပြီး ပျားပုံးတွေ စစ်ဆေးရန်အတွက် ထွက်
သွားချိန်အထိ ဒေါ်ကြီး ဘာမှ မမေးတော့ ။ ပြန်သည့်နေ့ထိတိုင်
သူ့တဲတွင် တည်းခိုရန်သာ အတန်တန်မှာလျက် ရှိသည် ။
*********************************************
“ ဟဲ့…နင်တို့လင်မယား လုပ်ပုံ ကောင်းလား ? မောင်ခင်မောင်
ခမျာ မကြောက်တတ်သူမို့လို့သာ ။ နို့မို့ဆို ဘယ်နှယ့်နေမလဲ
မသိဘူး ။ နင်တို့ ဘာလို့ တစ်ယောက်တည်း ထားခဲ့တာလဲ ?”
ဒေါ်ကြီးက ကိုမြင့်မူတို့လင်မယားကို ဆူပူနေ၍ သူများ
သားအမိတွေကြား ဝင်မပါတာ ကောင်းပါတယ်လေ…
ဟု တွေးမိကာ ကျွန်တော် အိမ်ထဲသို့မဝင်သေးဘဲ အိပ်ပြင်၌
အသာရပ်နေလိုက်သည် ။ ကိုမြင့်မူတို့ ကျွန်တော့်ကြောင့်
အဆူခံနေရသည့်အတွက် စိတ်တော့ မကောင်းလှ ။ ကျွန်တော်
တစ်ယောက်တည်း နေခဲ့ရပေမဲ့ ဘာမျှထိခိုက်သည်လည်း
မဟုတ်...။
“အမေကလည်း…အမေ့ ချွေးမအကြောင်းလည်း သိရဲ့ သား
နဲ့ ။ သူက အမေ မရှိရင် အငြိမ်နေတာ မဟုတ်ဘူး…အမေရဲ့  ။”
“ ဟေ ! မြထွေး…နင် နင့်ယောက်ျားကို ဘာတွေ ပူဆာနေလို့
လဲ ?”
ဒေါ်ကြီးက သူ့သားနဘေးတွင် ကျုံ့ ကျုံ့ လေး ထိုင်နေသော
ချွေးမအား ခပ်ဟောက်ဟောက် မေးလိုက်သည် ။
“ ဟာ…မဟုတ်ရပါဘူး အမေရယ် ။ သူပြောတဲ့ အမေ့ချွေးမ
ဆိုတာ အစ်မရီဌေးကို ပြောတာ ။”
မမြထွေးက မရီဌေးဟူသော အမည်ကို ရေရွတ်လိုက်စဉ်
မျက်လုံးကလည်း ဟိုဟိုသည်သည် ဝေ့ဝဲကြည့်လိုက်
သေးသည် ။
“သြော်…နင်တို့က နင်တို့မရီးကို ကြောက်လို့ပေါ့လေ ။
နင်တို့ကို နင်တို့ကျတော့ သနားပြီး ဧည့်သည်လေးကိုတော့
ပစ်ထားခဲ့တယ်ပေါ့ ။ သူ့ခမျာ သရဲချောက်နေမှန်းသိလျက်
သားနဲ့ ငါ စိတ်မကောင်းဖြစ်မှာစိုးလို့မပြောရှာဘူး ။ကြွက်တွေ
သောင်းကျန်းတာပါ တဲ့လေ ။”
ဗုဒ္ဓေါ…သရဲချောက်တာတဲ့…ကြွက်တွေ သောင်းကျန်းတာ
မဟုတ်ဘူးတဲ့လေ ။ ကြားလိုက်ရသည့်စကားကြောင့်
ကျွန်တော် တံထွေးတစ်ချက်ကို ဂလုခနဲ မြိုချလိုက်ပြီး သူတို့
ဘာဆက်ပြောမလဲ နားစွင့်နေလိုက်သည် ။
“မရီဌေးကို မကြောက်ကြပါနဲ့ဟယ် ။ ငါ့ချွေးမကြီးက သနား
စရာပါ ။သူ့ခမျာ သားသမီးသံယောဇဉ်ကြောင့် ဒီတဲက မခွဲနိုင်
ဖြစ်နေတာ ။ ငါ့ကိုလည်း ကြောက်ရှာပါတယ် ။ ငါရှိရင်
ဘယ်တုန်းက အရိပ်အယောင် ပြဖူးလို့လဲ ။ ဟဲ့…မြင့်မူ…
နင် ဟိုသူငယ်လေးကို အတင်း သွားမေးမနေနဲ့ဦး ။ သူ့ခမျာ
နင့်ကြောင့် သရဲချောက်ခံရတာ ။ နင် မေးလား မြန်းလား
လုပ်မနေနဲ့…ကြားလား ။”
“ ဟုတ်ကဲ့…အမေ ။”
သူတို့ဆွေးနွေးပွဲ ပြီးဆုံးသွားသည်အထိ ကျွန်တော် အတော်
ကြာကြာ စောင့်နေပြီးမှ ဘာမှ မကြားသည့်ပုံစံဖြင့် ပေါ့ပေါ့ပါးပါး
ဝင်သွားလိုက်သည် ။ ကျွန်တော် ဝင်လာတော့ ဒေါ်ကြီးနှင့်
မမြထွေးက မီးဖိုချောင်ထဲ ဝင်သွားကြပြီ ။
“ ငါ့ညီ…မင်းက အတော် သတ္တိ ရှိတာပဲ ။ ငါတောင် ငါ့မရီး
ဖြစ်လျက်သားနဲ့ မနေရဲဘူးကွ ။”
“ သြော်…အစ်ကိုရယ် ။ သရဲဆိုတာ အပါယ်ဘုံသားတစ်မျိုး
ပါပဲ ။ ကျွန်တော်တို့ထက် နိမ့်ကျပါတယ် ။ ဒါ့ကြောင့် ကြောက်
စရာ မလိုပါဘူး ။ ဒါနဲ့ အစ်ကို့မရီးက ဘယ်လို သေသွား
တာလဲ ?”
ကိုမြင့်မူက အတိတ်ကို ပြန်လည်တွေးတောမိကာ စိတ်
မကောင်းဟန်ဖြင့်…
“တောရွာတို့ ထုံးစံအတိုင်း ကလေးမဖွားနိုင်လို့ပေါ့ ။ ဒီတဲ
မှာပဲ ဆုံးသွားတာ ။ မီးနေသည်ဆိုတော့ နနွင်းအမြဲလိမ်း
ရတယ်လေ ။ ဒါ့ကြောင့် အိုးသံ ခွက်သံ ပေးတယ် ။
နနွင်းနံ့ ပေးတယ် ။ ဒီလောက်ပဲ ချောက်ပါတယ် ။ ဒါပေမဲ့
တစ်ခါတစ်လေတော့ သူ့ရုပ်ကို ပြတတ်တယ် ။ အစ်ကို
တောင် တစ်ခါမြင်ဖူးတယ်ကွာ။ ကြောက်စရာကြီး ။”
ကိုမြင့်မူက ကြက်သီးထသွားသည့်ပုံစံဖြင့် တစ်ချက်တွန့်ပြ
သည် ။
“ အစ်ကို…သူက အမြဲ ချောက်လန့်လား ?”
“ အမေ ရှိရင်တော့ မချောက်ဘူးကွ ။ သူက အမေ့ကို
ကြောက်ရတယ်လေ ။ ခုထိလည်း ကြောက်တုန်းပဲ
ထင်ပါရဲ့  ။”
“ သြော်…သနားစရာပဲနော် ။”
ကျွန်တော်က စုတ်တသပ်သပ် လုပ်ပြကာ တစ်ခြားအကြောင်း
အရာ တစ်ခုကို စကားလမ်းကြောင်းလွှဲလိုက်သည် ။ ထို့နောက်
ကျွန်တော့် ပျားမွေးမြူရေးလုပ်ငန်းအကြောင်း ဗဟုသုတရအောင်
ပြောပြ၊ ကိုမြင့်မူကလည်း စိုက်ပျိုးရေး အကြောင်းများ ရှင်းပြ
သည် ။ သည်လိုနှင့် မိုးချုပ်သွားခဲ့ရာ ထိုနေ့ညက ကျွန်တော်မှာ
ရင်တထိတ်ထိတ်…ဒေါ်ကြီး ရှိလျှင် အမှန်ပဲ မခြောက်လှန့်ဘူး
လား…ဟု သံသယပွားနေမိသည် ။ သို့သော် ထိုညက အမှန်ပင်
ဘာသံမှမကြားရတော့...ဆနွင်းနံ့လည်း မရချေ ။ နောက်နေ့
ညများလည်း ထိုအတိုင်းသာဖြစ်ပြီး ကျွန်တော် ပြန်သည့်နေ့အထိ
အေးအေးချမ်းချမ်း အိပ်စက်ခဲ့ရသည် ။ ပထမဦးဆုံးနေ့ညက
ကြုံတွေ့ ခဲ့ရသော ထိုအဖြစ်အပျက်ကို ကျွန်တော် ယခုထိ မေ့
မရသေးပါ ။ သို့ကြောင့် ညနေခင်း မီးပျက်ချိန်ဆိုလျှင် တစ္ဆေ
ချောက်သော်လည်း ချောက်မှန်း မသိသဖြင့် သတ္တိရှိခဲ့သော
ကျွန်တော့်အကြောင်းကို ကျွန်တော့်သမီးများအား ဟာသ
တစ်ပုဒ်ပမာ မကြာခဏပင် ပြောပြတတ်ပါတော့သည် ။
( ဖခင်ကြီးပြောပြသော ဖြစ်ရပ်မှန်(ကိုယ်တွေ့)ဇာတ်လမ်းကို
ဆီလျော်သလို ရေးသားတင်ပြလိုက်ရပါသည် )

စေတနာရှေ့ထားလျက်
ဂါဦးနွန်းကို
(၂၀၁၁ခုနှစ် သြဂုတ်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်း )

အပြည့်အစုံသို့ »

တစ်ရာတန် သင်ခန်းစာ


(၂၀၁၁ခုနှစ် နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်း)

- အမှန် ထိုနေ့က စာမူ သွားပို့ရန် အစီအစဉ် မရှိ ။ တကယ့်
တကယ်က သူငယ်ချင်းနှင့် ချိန်းပြီး YKKကြေးအိုး ဖြစ်ဖြစ်
CPကြက်ကြော် ဖြစ်ဖြစ် ဒါမှမဟုတ် စားနေကျ ရှမ်းဆိုင်တွင်
ချိန်းကာ ရှမ်းခေါက်ဆွဲ စားရင်း စကားပြောကြမည်ဟု
စဉ်းစားထားမိသော်လည်း သူငယ်ချင်းက သင်တန်း
အရေးကြီးသဖြင့် မအားလပ်သောကြောင့် တစ်ယောက်
တည်း ထွက်မိထွက်ရာထွက်လာရင်း စာမူသွားပို့ဖြစ်ခြင်း
ဖြစ်သည် ။ အိမ်၌လည်း မနေချင်…တစ်လလုံးနေမှ
တစ်ရက်သာ အားလပ်သော ဤနေ့တွင် ကျွန်မ
တစ်နေရာရာသို့ သွားချင်၏ ။
ရွှေတိဂုံဘုရားဖြစ်စေ…ကမ္ဘာအေးဘုရားဖြစ်စေ…
ဘုရားတစ်ဆူဆူကို သွားရောက်ဖူးမျှော်ချင်သည် ။
ထိုရည်ရွယ်ချက်ဖြင့် ကားစီးရလည်း အဆင်ပြေ
လမ်းကြောင်းလည်း သင့်သည့် ဆူးလေဘုရားသို့
သွားရန် 43 အထူးကား စီးရင်း ထွက်လာလိုက်သည် ။
- မိုးရာသီဖြစ်၍ မိုးသည် တဖွဲဖွဲ ရွာသွန်းလျက် ရှိပြီး
လမ်း၏ မြေနိမ့်ပိုင်းနေရာများတွင် ရေတို့ ပြည့်ဝင်အိုင်
ထွန်းလျက် ရှိကြ၏ ။ ကားမှန်သည် တစ်ဝက်ခန့် လှစ်ဟ
ပွင့်နေသောကြောင့် ထိုကားတံခါးပေါက်မှ ဝင်လာသော
မိုးရေစက်တို့သည် ကျွန်မ့မျက်မှန်ကို ပြေးဝင်တွန်းတိုက်
ကြ၍ မျက်မှန်နှစ်ဖက်လုံး မိုးရေစက်တို့နှင့် မှုန်ဝါးနေသဖြင့်
စာလည်း ဆက်ဖက်၍ မရတော့…။ ကျွန်မ ဖတ်နေသည့်
စာအုပ်က ဆရာတိုးထက် ရေးသားသည့် အံ့ဖွယ်ဝိညာဉ်
စာအုပ် ဖြစ်သည် ။ စာအုပ်သည် စိတ်ဝင်စားဖွယ် ကောင်း
သလို အံ့သြတုန်လှုပ်ဖွယ်လည်း ကောင်းလှသည် ။
ဝိညာဉ်နှင့်လူ့ဘုံလောက၏ ဆက်နွယ်ကူးယှက်ပုံကို နိုင်ငံ
တကာကပင် အမှန် ယုံကြည်လက်ခံနေပြီဖြစ်ကြောင်း
ဆေးပညာနှင့်တဖုံ ဒဿနနှင့်တသွယ် စိတ်ဝင်စားဖွယ်ရာ
အကျယ်တဝင့်ရှင်းလင်း ရေးသားတင်ပြထားသည် ။
- ကျွန်မ စာအုပ်ကို ပိတ်လိုက်ပြီး အပြင်ဘက်သို့ ငေး
ရင်း စိတ်ကူးအတွေးတွေ ပွားများရှင်သန်နေလိုက်မိသည် ။
*လူတွေကြားထဲတွင် ဝိညာဉ်တွေကော သွားလာ နေထိုင်
နေလေမလား……လူတစ်ယောက်သည် မိမိ သေဆုံးသွား
သည်ကို မသိရှိသေးပါက ကျန်ရှိနေသောဝိညာဉ်သည်
အသက်ရှင်ခဲ့စဉ်ကအတိုင်း ပုံမှန်လုပ်ငန်းတွေကို
ဆောင်ရွက်နေလေမလား…သူတို့ကို အမျှမဝေသရွေ့
သူတို့သာဓု မခေါ်ရသရွေ့ မကျွတ်လွတ်ကြသည်မှာ
အမှန်ပဲလား…အတွေးပင်လယ်ထဲတွင် ကျွန်မ နစ်မြော
ပျော်ဝင်နေမိသည် ။
“ ကျွီ…!”
ကားက ဘရိတ်ကို ဆောင့်နင်းအုပ်လိုက်သဖြင့် ကျွန်မတို့
ခရီးသည် အားလုံး ရှေ့သို့ ယိုင်ထိုးပြိုလဲမတတ် ဖြစ်သွား
ကြသည် ။ ကားဒရိုင်ဘာနှင့်စပယ်ယာထံမှ တပြိုင်နက်
ဆိုသလို ဆဲဆိုသံထွက်သွား၏ ။
“ သေချင်နေပြီလား ။ ကားလမ်းကို ကြည့်ကူးမှပေါ့။”
စပါယ်ယာ၏အော်ဟစ်ပြောဆိုသံကြောင့် ကျွန်မ မှန်ပြတင်း
ပေါက်က ခေါင်းအနည်းငယ် ပြူကြည့်လိုက်တော့ လူလတ်
ပိုင်းလူတစ်ယောက် တစ်ဖက်လမ်းဆီသို့ ယိုင်တိယိုင်ထိုး
ဖြင့် လမ်းလျှောက်သွားသည်ကို တွေ့မြင်လိုက်ရသည် ။
သူ့ဆံပင်တို့သည် ပွယောင်းယောင်းဖြစ်နေပြီး ဝတ်ထား
သော ရှပ်အင်္ကျီအဖြူသည် မည်းညစ်ကာ ကျောအလယ်ပိုင်း
တဝိုက်တွင် ဆေးနီနီတို့ စွန်းထင်လျက် ရှိသည် ။
“ အမလေး…တော်သေးတာပေါ့ ။ ဒီနေရာက ခဏခဏ
ကားတိုက်မှု ဖြစ်တယ် ။ ဟိုးတလောကတောင် ကျောင်း
ဆရာတစ်ယောက် ကားတိုက်ခံရသေးတယ် ။ ကားတွေ
ကလည်း အရှိန်ပြင်းတော့ ပွဲချင်းပြီးပဲ ။”
နဘေးမှ အဒေါ်ကြီး၏စကားကို ကျွန်မ ခေါင်းတညိတ်ညိတ်
ဖြင့် နားစွင့်ရင်း တစ်စုံတစ်ခုကို ဖျတ်ခနဲ တွေးဆလိုက်မိ၍
နောက်တစ်ကြိမ် ပြတင်းတံခါးမှ ခေါင်းပြူကြည့်လိုက်မိ
သည် ။ ဆေးနီတွေ စွန်းထင်နေသော အင်္ကျီဖြူနှင့်ပုဆိုးစိမ်း
ကို ဝတ်ဆင်ထားသော စောစောကလူကို တရိပ်ရိပ်ပြေး
စပြုနေပြီဖြစ်သော ကားပေါ်မှ ကျွန်မ ရိပ်ခနဲ လှမ်းမြင်လိုက်
ရသည် ။
“ တောက်…ဘယ်က ဆေးသုတ်သမားလဲ မသိပါဘူး
ကွာ ။ ကားတိုက်မှုဖြစ်ရင် ငါတို့ လျော်ရ ထောင်ကျရ
ဦးမယ် ။”
“ လူတွေကလည်း ခက်ပါတယ် ဆရာရယ် ။ ကဲ…ရုပ်ရှင်
ရုံရှေ့ဆင်းမဲ့သူတွေ ပြင်ထားနော် ။”
ကျွန်မ ရှုပ်ထွေးနေသော အတွေးစများကို သိမ်းဆည်းကာ
ကားပေါ်မှ ဆင်းရန် ပြင်လိုက်သည် ။ ကျွန်မ့တွင် ပစ္စည်း
များများစားစား မပါ…ပိုက်ဆံအိတ်သေးလေးတစ်လုံး ၊
စာအုပ်တစ်အုပ်နှင့် စာမူတစ်ထုပ်ကို ထည့်ထားသော
လက်ဆွဲအိတ်တစ်လုံးသာ ပါသဖြင့် ထိုလက်ဆွဲအိတ်ကို
တစ်ဖက်မှ ဆွဲ ၊ ထီးကို တစ်ဖက်လက်ဖြင့် ကိုင်ဆောင်းရင်း
စာအုပ်တိုက်ဆီသို့ ထွက်လာလိုက်သည် ။
- စာအုပ်တိုက်တွင် စာမူပို့ပြီး အပြန်တွင် ဆူးလေဘုရား
ဖူးမည်ဟု ကျွန်မ ရည်ရွယ်ထားလိုက်ပြီး မိုးသည်းသည်း
တွင် ခပ်သွက်သွက် လျှောက်လာလိုက်သည် ။ ပိတ်ရက်
ဖြစ်သောကြောင့်ပေလား မသိ…လမ်းတကြောလုံး လူသူ
ကင်းရှင်းနေသလို ခံစားမိသည် ။ ဗန္ဓုလပန်းခြံလမ်း
(ဘားလမ်း)ထိပ် နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ် အနီးသို့
အရောက် မိုးသည် တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် သည်းသည်း
မည်းမည်း ရွာချလာသဖြင့် ကျွန်မ စာအုပ်တိုက်ဆီသို့ အူလျား
ဖါးလျား ပြေးသွားလိုက်သည် ။ တချို့နေရာများတွင် ရေညှိ
များကြောင့် အနည်းငယ် ချော်ချွတ်ချွတ်ဖြစ်နေသဖြင့်
ချော်မလဲစေရန် သတိထားလျှောက်ရသေးသည် ။
- စာအုပ်တိုက်ရောက်တော့လည်း အယ်ဒီတာနှင့် မတွေ့…
ဆူးလေဘုရားလည်း ဝင်ဖူးဦးမည်ဖြစ်သောကြောင့်
အိမ်ပြန်နောက်ကျမည်ကို စိုးရိမ်သဖြင့် စာမူကို ပေးခဲ့ပြီး
ကျွန်မ ထွက်လာခဲ့သည် ။ မိုးကား သည်းသည်းထန်ထန်
ရွာချနေတုန်း ။
- ပိတ်ရက်ဖြစ်၍ လူနည်းရသည့်အထဲ မိုးသည်းထန်နေခြင်း
ကြောင့် လမ်းတလျောက်လုံး လူသူ ကင်းရှင်းလျက် ရှိသဖြင့်
အလိုလိုနေရင်း ကျွန်မ ထိတ်လန့်နေမိသည် ။ ပိုက်ဆံအိတ်နှင့်
စာအုပ် ထည့်ထားသော လက်ဆွဲအိတ်ကို ကျစ်ကျစ်ပါအောင်
ဆွဲကိုင်ရင်း လက်တစ်ဖက်ကလည်း ထီးကို ခပ်တင်းတင်းဆုပ်
ကာ လမ်းကို မြန်သထက်မြန်အောင် လျှောက်လာလိုက်ရာ
ကုန်သည်လမ်း အမေရိကန်သံရုံးနားသို့ ရောက်လာခဲ့သည် ။
အမေရိကန်သံရုံးကား သံရုံးဟောင်းဖြစ်သည် ။ သံရုံးရှေ့မှ
တိုင်ကီများက အပြင်လူ ဝင်ရောက်ခြင်း မရှိစေရန် ကာရံထား
ခြင်း ဖြစ်မည် ။ ပလက်ဖောင်းနှင့်ကပ်လျက် ဗန္ဓုလပန်းခြံတွင်
လည်း လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့မြင်ရပေ…။ (၂၀၁၀
က ရေးသားထားသောဝတ္ထုဖြစ်ပါသည်...စာရေးသူ)
လမ်းမကြီးထက်တွင် ကားတစ်စီးတစ်လေ ဖြတ်သန်းသွား
ခြင်းမှအပ တစ်ကြောလုံး လူသူ ကင်းမဲ့နေခြင်းက ကျွန်မ့ကို
ကြောက်ရွံ့စိတ်တွေ တိုးပွားလာစေသည် ။
“ သမီးလေး…အဒေါ့်ကို ပိုက်ဆံလေးတစ်ရာလောက်
ပေးပါလားကွယ် ။ အဒေါ် ပြန်စရာ ကားခ မရှိလို့ပါ ။”
ရုတ်တရက် နောက်မှ အသံတစ်သံကို ကြားလိုက်ရ၍ ကျွန်မ
အထိတ်တလန့်ဖြင့် နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်
တော့ အသက်လေးဆယ်ကျော်အရွယ် မိန်းမတစ်ယောက် ။
အရောင်မွဲမွဲ လုံချည် ချည်ထည် ခပ်နွမ်းနွမ်းအင်္ကျီကို ဝတ်ဆင်
ပြီး ထီးစုတ်စုတ်တစ်ချောင်းကို ဆောင်းထားသော ထိုမိန်းမက
ကျွန်မနှင့် လက်တစ်ကမ်းကျော်အကွာတွင် ရပ်နေသည် ။
- ရုတ်တရက် ကျွန်မ့ဦးနှောက်က အလုပ်တစ်ခုကို လျင်မြန်စွာ
တွေးခေါ်လုပ်ဆောင်လိုက်သည် ။ ပထမအဆင့်အနေဖြင့်
အနီးပတ်ဝန်းကျင်ကို ကျွန်မ လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်တော့
ကျွန်မ ရောက်နေသည့်နေရာက ဗန္ဓုလပန်းခြံ၏အလယ်
တစ်ဖက်လမ်း၌ အမေရိကန်သံရုံး ရှေ့တည့်တည့်လောက်
နေရာတွင် ဖြစ်သည် ။ လမ်းတကြောလုံး၏အလယ်ဗဟို
ဖြစ်ပြီး လူသူကလည်း အလွန်ရှင်းလင်းနေချိန် ဖြစ်သည် ။
မိုးကလည်း သည်းသည်းမည်းမည်း ရွာသွန်းနေခြင်းကြောင့်
ကျွန်မ အန္တရာယ်ကြုံ၍ အော်ဟစ်အကူအညီတောင်းလျှင်
တောင် ကြားမည့်သူ ရှိမည် မဟုတ်…။ ကျွန်မ ထိုအကြောင်း
အရာတွေကို စက္ကန့်ပိုင်းမျှနှင့် တွေးတောလိုက်ကာ ထိုမိန်းမ
ကို ဖြတ်ခနဲ လှည့်ကြည့်ပြီး လမ်း၏ထိပ် ယာဉ်ထိန်းရဲတဲ
(အဆောက်အဦးငယ်)ဆီသို့ တအား ပြေးသွားလိုက်မိသည် ။
ကျွန်မ့အတွေးထဲတွင်တော့ ယာဉ်ထိန်းရဲတဲနားမှ သစ်ပင်အုတ်
ခုံလေးများတွင် ဈေးသည်တွေ နားနေ မိုးခိုတတ်ကြ၍ လူသူ
ရှိမည့်နေရာသို့ ကျွန်မ ပြေးလာလိုက်ခြင်း ဖြစ်သည် ။ ထိုနေရာ
သို့ ရောက်မှ ထိုမိန်းမ ရောက်အလာကို စောင့်ကာ သူ လိုအပ်
နေသော ငွေတစ်ရာကို လှူဒါန်းမည်ဟု ဆုံးဖြတ်ကာ ပြေးလာ
လိုက်ခြင်း ဖြစ်သည် ။ တဲနားသို့ ရောက်တော့ ကျွန်မ အမောပင်
မဖြေနိုင်သေးဘဲ ပြေးလာခဲ့တဲ့လမ်းကို လှည့်ကြည့်လိုက်တော့…
“ ဟယ်တော်…ဘယ်…ဘယ်ရောက်သွားတာလဲ ။”
ပလက်ဖောင်းထက်တွင် လူတစ်ဦးတစ်ယောက်မျှ မရှိ…။
ကျွန်မ တအံ့တသြဖြင့် လမ်းမကြီးထက်ကိုလည်း ဝေ့ဝဲကြည့်
လိုက်တော့လည်း ပကတိ နတ္ထိ ။ ပလက်ဖောင်း၏အလယ်မှ
ယာဉ်ထိန်းရဲတဲဆီသို့ ကျွန်မ ပြေးလာစဉ် ပိုက်ဆံတောင်းသော
ထိုမိန်းမ အဘယ်သို့ ပျောက်ဆုံးသွားသနည်း…။ ကျွန်မ
ယူဆလိုက်မိသည်က လမ်းမထက်တွင် လှည့်လည်နေသော
ဝိညာဉ်ဟူ၍သာ…။
“ အဲ့ဒါပဲ…မမလတ်ရယ် ။ သမီးဖြင့် အံ့သြလိုက်တာ ။ မလတ်
စဉ်းစားကြည့်…အဲ့ဒီမိန်းမ အမေရိကန်သံရုံးထဲ ဝင်ပြေးရအောင်
ကလည်း လမ်းကူးရင် သမီး တွေ့မှာပေါ့ ။ နောက်ပြီး ဝင်ပြေးလို့
လည်း လွယ်မယ် မထင်ပါဘူး ။ နောက်တစ်ခုရှိတာက နောက်
ကြောင်း ပြန်လှည့်ပြေးရင်တော့ ဟိုဘက်လမ်းကြားထဲ ဝင်သွား
ရအောင်ကလည်း သမီး ပြေးလာတဲ့ဘက်က ပိုနီးတယ်လေ ။
ပြောရရင် သမီး ပြေးထွက်လာချိန်က စက္ကန့်ပိုင်းတောင် မကြာဘူး
နော် ။ ဒီတော့ သူ ပျောက်သွားတာ အံ့သြစရာပဲ ။ သူ ပြေးသွား
တာကို သမီး လှည့်ကြည့်ရင် မြင်မှာပေါ့ ။ နောက်ဆုံး တွေးစရာ
က ပိုက်ဆံလေးတစ်ရာ တောင်းမိတာနဲ့ သူ လှည့်ပြေးဖို့ မလိုဘူး
ထင်တာပဲ ။”
ကျွန်မ ဆူးလေဘုရားမှအဆင်း ထိုအကြောင်းအရာက
ခေါင်းထဲသို့ တိုးဝင်လာပြန်၍ မနေနိုင်မထိုင်နိုင်ဖြစ်ကာ
အိမ်တွင် ကျန်ရစ်ခဲ့သော အစ်မလတ်ကို ဖုန်းဆက်လိုက်ခြင်း
ဖြစ်သည် ။
“ အမလေး…မိနွန်းကို…နင် ကံကောင်းလို့ပါလား ။ နင်
ဝတ်စားသွားတာလည်း ကြည့်ဦးလေ ဂမ္ဘီရဆရာမကြီင်္းရဲ့ ။”
အစ်မလတ်၏စကားကို ကျွန်မ နားမရှင်းသဖြင့် ပြန်မေးလိုက်
သည် ။
“ ဘာကို ကံကောင်းတာလဲ သမီးက ဘာကို ကြည့်ရမှာလဲ
မမလတ်ရဲ့ ။”
“ သြော်…ခက်ပါ့ ။ စိတ်ကူးတွေ ယဉ်ပြီး ဘာမှ လှည့်လည်
ဝိညာဉ်တွေ ဘဝမဲ့ဝိညာဉ်တွေ လုပ်မနေနဲ့ ။ အဲ့ဒါ နင့်ကို ပစ္စည်း
လုမလို့ ကြံတာဟဲ့ ။ သိပြီလား ။ နင် ဒီနေ့ ဝတ်သွားတဲ့ ဆွဲကြိုး
ရယ် ဟန်းချိန်းရယ်က သူတို့ မျက်စိကျချင်စရာ ဖြစ်နေတာကိုး ။
နောက်ပြီး ဟန်းဖုန်းကို လူမြင်သာအောင် အိတ်ကပ်ထဲ ထည့်
ထားတယ် မဟုတ်လား ။ နင်က မိန်းကလေး ပြီးတော့ တစ်
ယောက်တည်း ။ မိုးကလည်း သည်းနေတယ်။ လမ်းတစ်လျှောက်
လုံး လူကလည်း ရှင်း…ဒါ့ကြောင့် သူက နင့်အနား ကပ်လာတာ ။
နင်သာ ပိုက်ဆံတစ်ရာ ထုတ်ပေးမယ် ဆိုပြီး ခေါင်းငုံလိုက်တာ
ပိုက်ဆံနှိုက်လိုက်တာနဲ့ တပြိုင်နက် သူက လုတော့မှာ ။ ကံ
ကောင်းချင်တော့ နင်က ကြောက်အားလန့်အားနဲ့ ယာဉ်ထိန်းရဲ
အဆောက်အအုံဆီ ပြေးတော့ သူလည်း နင် အကူအညီသွား
တောင်းတယ် ထင်ပြီး လာလမ်းအတိုင်း လှည့်ပြေးတာ နေမှာ
ပေါ့ ။ အဲ့ဒါကြောင့် ပြောတာပေါ့…တစ်ယောက်တည်း မိုးသည်း
တဲ့နေ့ လျှောက်မသွားပါနဲ့ဆိုတာ ။ လူကဖြင့် ကလေးသာသာပဲ
ရှိသေးတာ တစ်ယောက်တည်း လပ်လျားလပ်လျားလုပ်မနေနဲ့ ။
မြန်မြန် ပြန်လာခဲ့တော့…။ စီးနေကျ ကားပဲစီးနော် ။ မသိတဲ့
ကားတွေ လျှောက်မစီးနဲ့ဦး ။”
“ ဟုတ်…ဟုတ်…။”
အစ်မလတ်က ကရုဏာဒေါသောဖြစ်ကာ ကျွန်မ့ကို ဆူပူကြိမ်း
မောင်းပြီး ဖုန်းချသွားသည် ။ ဘုရားလည်း ဖူးပြီးသွားပြီဖြစ်၍
ကျွန်မ ကားဂိတ်တွင် ကားစောင့်နေလိုက်သည် ။ 43အထူးကား
က သိပ်ကြာကြာ မစောင့်လိုက်ရဘဲ ရောက်လာသဖြင့် ကျွန်မ
အဆင်ပြေမည့်တစ်နေရာတွင် ဝင်ထိုင်လိုက်သည် ။
တစ်လမ်းလုံး စာအုပ်လည်းမဖတ်ဖြစ်……အတွေးထဲတွင်သာ
မြောလွင့် ကျွံဝင်နေမိသည် ။ ကျွန်မ့ကို ပိုက်ဆံ လာတောင်း
သော ထိုမိန်းမသည် အမှန်ပင် အကြံသမားတစ်ယောက်လား…
ဒါမှမဟုတ် အမျှဝေစဉ်က ခရီးနယ်လွန်နေသော လှည့်လည်
ဝိညာဉ်ပေလား…ကျွန်မ တွေးဆ၍ မရနိုင်တော့ပါပြီ ။
(ထိုပဟေဠိပုစ္ဆာနှင့်အတူ ကျွန်မ ရရှိလိုက်သည်က မိုးသည်း
သည်းထန်ထန် ရွာနေခိုက် လူသူပြတ်လပ်သည့်နေရာသို့
မိန်းကလေးတစ်ဦးတည်း မသွားသင့်ဟူသောသင်ခန်းစာ
တစ်ခုပင် ဖြစ်ပါတော့သည် ။)

စေတနာရှေ့ထားလျက်..
ဂါဦးနွန်းကို
တစ္ဆေစုံထောက် မိန်းကလေး

အပြည့်အစုံသို့ »

ဥစ္စာစောင့်တကယ်ရှိတာလား ???


ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။ ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။ သူ့ဟာသူနေသူ နေကြတယ်။ ကိုယ်လည်း ကိုယ်ဟာကိုနေ တယ်ပေါ့လေ။ ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ငွေကိုပဲလိုချင်တယ်။ ဘယ် ပစ္စည်းမှ အလကားမရတာ၊ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ် ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။ အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။ အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။

ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကိုကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်းကြားဖူးပါရဲ့။ ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့ယုံရခက်ခက်ကြီးရယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ်ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။ ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီးခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။ အဖြစ်ကဒီလို။

ကျွန်တော် က ပုသိမ်ဇာတိ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ်ကကျောင်းတွေမှာပဲတက်ခဲ့တာ။ အမေကလည်း ပုသိမ်မှာပဲ ဆေးခန်းဖွင့်တယ်။ အမေဆေးခန်းဖွင့်တဲ့ အိမ်လေးက ကျွန်တော်တို့အိမ်နဲ့အတော်လေးလှမ်းသဗျ။ တစ်ခါတစ်လေ တစ်ပတ်ကို ၁ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်းကို လိုက်ပြီး ဆော့လေ့ရှိသဗျ။ ဆေးခန်းက ဆေးဘူးခွံကလေးတွေကို အိမ်ပြန်သယ်လာ၊ အဲ့ဒီဆေးဘူးခွံလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ အဲ့ဒီလိုပေါ့လေ။ အမေ့ဆေးခန်းဖွင့်တဲ့ အိမ်မှာက အပျိုကြီးတစ်ယောက်၊အပျိုကြီးရဲ့အမေနဲ့ တူမနှစ်ယောက်ရှိသဗျ။ ဥစ္စာစောင့်အဖြစ်ကအဲ့ဒီအိမ်မှာ ဖြစ်တာ။ ဖြစ်ပုံကတော့ ဆန်းသား။ အဲ့ဒီတူမနှစ်ယောက်မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့လူတွေနဲ့မတူဘူးခင်ဗျ။ အသားအရည်က ရွှေဝါရောင် ၀င်းဝင်း၊မျက်နှာကလည်း ချောချောလေးနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အတော်ချောသဗျ။ ထားပါတော့လေ မမိုးမိုးလို့ပဲ ခေါ်ကြပါစို့။

အဲ့ဒီအချိန်တုန်းက မမိုးမိုးက အထက်တန်းတက်နေတုန်းနဲ့တူတယ်။ အမေကလည်းထုံးစံအတိုင်း ညနေဆိုရင် စက်ဘီးလေးစီးပြီးတော့ဆေးခန်းသွား ညပိုင်းကျတော့ ပြန်လာပေါ့လေ။ ဒီလိုနဲ့တစ်နေ့ကျတော့ ဆေးခန်းပိတ်ပြီး ပြန်မယ်လုပ်တော့ ဆေးခန်းရှေ့၊ အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီမှာ မြွေသူတောင် (စပါးအုံးအဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေပါတယ်။ အမေကလည်း ကြောက်တော့ ဆေးခန်းကလည်း မပြန်ရဲ၊ အဲ့ဒါနဲ့ရွှေလက်စွပ်ကို ရေထဲစိမ် ရွှေရေငွေရေ ဖျန်းတယ်ဆိုပြီး မွေကြီးကို ခြောက်ထုတ်၊ မွေကြီးအိမ်ရှေ့က ထွက်သွားတော့မှပဲ အိမ်ပြန်ရဲတော့တယ်။ အဲ့ဒီလိုဖြစ်တာက ကြာသာပတေး နေ့တိုင်းခင်ဗျ။ ကြာသာပေးနေ့ ညရောက်ပြီဆိုရင် အဲ့ဒီမြွေကြီးက အချိန်မှန်ပဲဆေးခန်းရှေ့ ပိတ်ပိတ်ပြီးနေတာ။ ပိတ်တိုင်းလည်းခြောက်လှန့်ထုတ်ရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့ တစ်လလောက်ကြာလာတော့မမိုးမိုးက အမေ့ကိုလာပြောတယ်။ သူ တစ်ပတ်ကိုတစ်ခါလောက် အိပ်မက် မက်တယ်တဲ့။ အိပ်မက်ထဲမှာသူ့ဆံပင်တွေက အရှည်ကြီးပဲ၊ ရှည်တာမှ ခြေမျက်စိလောက်နားအထိရှည်ပြီးတော့ ဆံပင်အဖျားလေးတွေကအပေါ်ကို ပြန်ကော့တက်နေပါသတဲ့။ နောက်ပြီး သူရောက်သွားတဲ့ နေရာက တော်တော်ကို ခမ်းခမ်းနားနားနဲ့ တယ်… မဟာဆန်ဆိုပဲ။ ရွှေတိုင်လုံးကြီးတွေနဲ့၊ ရွှေတွေ ငွေတွေဆိုတာ ရွှေအိုးတွေနဲ့ ထည့်ထားတာ တစ်ခန်းလုံးအပြည့်ဆိုပဲ။ နောက်ပြီးတော့ အိပ်မက်ထဲမှာ သူ့အကို အမတွေနဲ့ တွေ့တယ်ဆိုပဲ။ ဟိုမှာ သူတို့ဒန်းစီးပြီးတော့ သီချင်းတွေ ဆိုကြတာ တယ်ပျော်ဖို့ကောင်းဆိုပဲ။

အမေကလည်း အို ညည်းအေ… အိပ်ရေးပျက်တာတို့၊ အားနည်းတာတို့ ဖြစ်ရင် ဒီလိုပဲ အိပ်မက် မက်တယ်ပါတယ်၊ အဟာရညီမျှတဲ့ အစားအစာ များများစားပေး၊ အားဆေးကတော့ လိုအပ်မှသောက်ဆိုပြီးတော့ အားဆေးပေးလိုက်ပါသတဲ့။ ဒါပေမယ့် မမိုးမိုးကတော့ သောကြာနေ့လောက်ဆိုရင် အမေ့ဆီလာပြီးသူ့အိမ်မက်ကို ပြောပြတတ်ပါတယ်။ အိမ်မက်ထဲမှာသူ့အစ်ကို အမတွေက သူ့တို့နဲ့ လာနေမလားလို့ ခေါ်နေကြောင်း။ သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။ အမေက နင့်အိမ်မက်ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော်လည်းမေးတော့ သူက ဟိုမှာနေရတာ ပိုပျော်တယ်လို့ ပြောပါတယ်။

ဒီလိုနဲ့ တစ်လကျော်ကျော်လောက်ထင်တယ် အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ မမိုးမိုးတစ်ယောက်သတိလစ်သွားပါတော့တယ်။ အိမ်ကို ဖုန်းဆက်ပြီးလှမ်းခေါ်တော့ အမေကလည်း အဲ ဒီကောင်မလေး စိတ်ညစ်စရာတွေရှိလား၊ ရည်းစားသညာတွေ ရပြီးတော့များတစ်ခုခုဖြစ်လေသလားဆိုပြီး နေ့ခင်းကြီး ဆေးခန်းကလေးကို သွားပါတယ်။ ဟိုရောက်တော့ သွေးပေါင်ချိန်ကြည့်၊ မျက်ခွံလှန်ကြည့်၊စသည်အားဖြင့်သူ စစ်ဆေးကြည့်ပါတယ်။ အားလုံးက ပုံမှန်၊ သို့ပေမယ့် သတိကတော့ လစ်နေတာပါပဲ။ အစက သတိလစ်ချင်ယောင်ဆောင်တယ်ထင်ပေမယ့် တစ်ကယ်သတိလစ်နေလေတော့ဘာရယ်ကြောင့် သတိလစ်ရတယ်ဆိုတာကို သူလည်း ရေရေရာရာမသိပါဘူး။ ဒီလိုနဲ့ နောက်တစ်နေ့ရောက် မမိုးမိုးလည်း ပြန်သတိရလာတော့ရှိုက်ကြီး တစ်ငင်ကို ငိုတော့တာပဲ။ သူ့ကို သူ့အစ်ကိုနဲ့အမတွေက ဟိုမှာ အပြီးလိုက်နေဖို့ခေါ်ကြောင်း။ သူတို့မှာ စုစုပေါင်း ညီအစ်ကို မောင်နှစ်မ ငါးယောက်ရှိကြောင်း။ အစ်ကိုက တစ်ယောက်၊ အမက ၃ ယောက်ရှိပြီး သူက အငယ်ဆုံးဖြစ်ကြောင်း။ အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အားလုံးက ချစ်ကြကြောင်း။ဒါပေမယ့် သူလည်း အိမ်ကလူကြီးတွေ စိတ်ပူမှာစိုးလို့ အိမ်ခဏ ပြန်ဦးမယ်ဆိုပြီးတော့ ပြန်လာတဲ့အခါမှာခုလို သတိရလာတာဖြစ်ကြောင်း တစ်ငိုငို တစ်ယိုယိုနဲ့ ပြောပါတယ်။

ဘယ်သူက သူပြောတာ ယုံမှာတုန်း။ လျှောက်ပြောနေတယ်လို့ပဲ ထင်တာပါပဲ။ ဒီလိုနဲ့ မမိုးမိုးတစ်ယောက်ဟာ တစ်ခါတစ်လေ သုံး နာရီလောက်သတိလစ်သွားလိုက်၊ တစ်ခါတစ်လေ တစ်ရက်လောက် သတိလစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင်းတစ်တွေတွေနဲ့ သူ ရွေးရခက်နေကြောင်း ဟိုမှာလည်း ပျော်ပေမယ့် ဒီမှာလည်း ပျော်ကြောင်းစတဲ့ တောင်တောင်အီအီတွေ လျှောက်ပြေနေပါတယ်။ အဲ့ဒီကစပြီး အမေက ကျွန်တော့်ကို ဆေးခန်းမခေါ်တော့တာနဲ့ပဲ အိမ်ကနေပြီး အမေပြန်လာတိုင်းပြန်ပြောပြတဲ့ အဖြစ်အပျက်ကလေးတွေကိုပဲ စောင့်ပြီး နားထောင်ရတာပါပဲ။

ဒီလိုနဲ့ တစ်နေ့တော့ ကရင်ကျောင်းဆရာမတစ်ယောက်အိမ်ကိုလာလည်ပါသတဲ့။ အဲ့ဒီဆရာမက သိုက်တို့ဥစ္စာစောင့်တို့နဲ့ဆိုရင် စကားတွေဘာတွေ ပြောဆိုပဲ။ ပြောတယ်ဆိုတာက သူကလည်း အဆက်ပါဆိုပဲ။ အဆက်ဆိုတာက သိုက်နဲ့ အဆက်ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်ပေမယ့် အဲ့ဒီဆရာမနဲ့တွေ့တော့တစ်သက်လုံး ဗမာစကားပြောနေတဲ့ မမိုးမိုးဟာ ကရင်လို ထပြီးရောတော့တာပါဘဲ။ အမေတို့လည်း မျက်လုံး အကြောင်သားနဲ့ ထိုင်ကြည့်နေရတယ်လို့ဆိုပါတယ်။ နောက်တစ်ခုက အသံနေ အသံထားနဲ့ စကားပြောပုံကခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုးရဲ့ အသံတွေက ပြောင်းနေပါတယ်တဲ့။ သူတို့ဟာ သူတို့ ပတွတ် ပတွတ်နဲ့ ပြောလို့လဲဝရောမမိုးမိုးလည်း သတိပြန်လစ်သွားရောတဲ့။ ကရင်ဆရာမကသူဟာ မမိုးမိုးရဲ့ အမသုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြပါတယ်။

အဲ့ဒီကျောင်းဆရာမ ပြန်ပြောပြတာကတော့ မမိုးမိုးဟာခုချိန်အထိ သိုက်ထဲမှာပဲရှိနေကြောင်း၊ စောစောက သူပြောသွားတာတွေဟာ သူ့အစ်မ သုံးယောက်ကသူ့ကိုယ်ထဲ ၀င်ပြီး ပူပြောတာဖြစ်ကြောင်း။ သူတို့ညီမလေးကို အပြီးခေါ်ထားချင်ကြောင်း။ သိုက်စောင့်ဘိုးဘိုးကြီးနဲ့ ဆွေးနွေးဦးမှာဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး သူတို့ သိုက်က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက်မှာရှိကြောင်းလည်း ပါပါတယ်။ ဒီလိုနဲ့ အဲ့ဒါ ပြီးကထဲကမမိုးမိုးလည်း သတိလစ်သွားတာ သတိကို ပြန်လည်မလာတော့ပါဘူး။ ကြံရာမရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ်ဆိုတဲ့ဆရာတော်ကို အိမ်သားတွေ သွားပင့်ကြပါတယ်။

အဲ့ဒီလိုနဲ့ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။ ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။ ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်းဆောင့် လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။ ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။ ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွား တာဘေးက လူတွေ လည်း နားမလည်တော့ပါဘူးတဲ့။ ဟို ကရင်ကျောင်းဆရာမလည်းနားမလည်တော့ဘူး။ ထင်တာကတော့ ရှေးဟောင်း ဘာသာစကားတစ်ခုဖြစ်မယ်ထင်ပါတယ်။

ဆရာတော်လည်း ပြောရင်းပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။ မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။ အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျားသံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။ နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံးနဲ့ ပြောတယ်လို့ဆိုပါတယ်။ သူတို့ ရဲ့ အထွေးကလေးကိုလူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊ လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲလို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ဆိုပါတယ်။ သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ဆရာတော်က ပြန်ပြောပါတယ်။
နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူးသမ မယ်ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။ မမိုးမိုးက လူးလှမ့်နေတာပါဘဲ။ ကြိမ်လုံးရာတွေလည်းတစ်ကိုယ်လုံးမွနေတာပေါ့လေ။ နောက်ဆုံးတော့ လူကြီးသံလိုမျိုး မမိုးမိုး ဆီက အသံထွက်လာပါတယ်။ ဆရာတော်ပြောတာကတော့အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီးလို့ ဆိုပါတယ်။ နောက်တော့ ဆရာတော်နဲ့ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ စကားတွေ အတင်အချ ပြောလိုက်တာအတော်ကြာသွားပါသတဲ့။ နောက်ဆုံးတော့ ဘယ်လိုညှိလိုက်တယ်မသိပါဘူး ဆရာတော်က မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေသလား။ ငါ သိုက်ကျောဖြတ်မယ်ဆိုပြီးတော့ကြံခင်းကို မမိုးမိုးကို ခေါ်သွားဖို့ ပြင်ပါတယ်။

ကြားထဲမှာ ရထားစီးတာ၊ ကားစီးတာတွေကို ချန်ခဲ့ရင်တော့ကြီးဒေါ်ရယ်၊ မမိုးမိုးရယ်၊ ဆရာတော်ရယ် ကြံခင်းကို ရောက်ပါလေရောပေါ့လေ။ ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်းကို သွားရမယ့်ခရီးပါ။ ဆရာတော်က သိုက်က အစ်ကိုကြီးရော၊ အစ်မ၃ ယောက်ရောပါ ခေါ်လာပါသတဲ့။ မြစ်ကူးခါနီးကျတော့လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်းပါသတဲ့။ အဲ့ဒီက အဒေါ်ကြီး ပြောပြတာကတော့ လှေက တစ်ယောက်တက်လိုက်တိုင်းတစ်ယောက်စား မြုတ်မြုတ်သွားတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့မသိဘူးပေါ့လေ။ အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီးအလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ်မတက်ဘူး လုပ်နေပါသတဲ့။ အဲ့ဒါနဲ့ ဆရာတော်လည်း အတင်းကြိမ်းမောင်းပြီး တက်ခိုင်းတော့မှလှေပေါ်ရောက်ပါသတဲ့။ လှေပေါ်ရောက်တော့ ဆရာတော်ကအဲ့ဒီ မမိုးမိုးရဲ့ အဒေါ်ကို ဟဲ့ဒကမကြီး ဟိုဘက်တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံးက ထိုင်စရာနေရာမရှိဘူးဖြစ်နေတယ်လို့ ဆိုလေတော့ အဒေါ်လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင်ပါရစေနဲ့ရှင်ဆိုပြီး နောက်တစ်တန်း ဆုတ်ထိုင်တယ်လို့ ဆိုပါတယ်။ လှေပေါ်ရောက်တော့ ဆရာတော်က “ကဲ ငါ့ကျောင်းအပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေအေးအေးဆေးဆေးလိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ်မယ် မကျန်နဲ့ သိုက်ပြန်မရောက်ဘူး ဖြစ်သွားမယ်လို့ကြိမ်းပါသတဲ့”။

ဆရာတော်ကျောင်းဝင်ခါနီးတော့ လှေပေါ်က ပါလာတဲ့မောတဲ့မောင်နှမ ၄ ယောက်ကို ဆရာတော်က မှာပါသတဲ့ “နင်တို့ ဟိုရောက်ရင် ငါ့ကျောင်းက ဟာတွေနဲ့တည့်အောင်နေ ရန်မဖြစ်နဲ့တဲ့”။ ကြီးဒေါ် ပြန်ပြောတာကတော့ဆရာတော့် ကျောင်းမှာလည်း ဥစ္စာစောင့်တွေရှိသတဲ့ဗျ။ နောက်ပြီး ဆရာ့တော့် ဗီဒိုထဲမှာလည်း အရုပ်တွေမှ အများကြီး ထူခြားတာက ကျွဲညီနောက်ရုပ်တဲ့ခင်ဗျ။ လပြည့်ညရောက်လို့ အဲဒီ ကျွဲညီနောင်ကိုမှ ဗီဒိုထဲကမထုတ်ဖူးဆိုရင် ကျောင်းတစ်ခုလုံး ဗြောင်းကို ဆန်တယ်လို့ ပြောပါတယ်။ ဟုတ်သည် မဟုတ်သည်ထားစိတ်တော့ ၀င်စားစရာပေါ့ဗျာ။

အဲ့ဒီလိုနဲ့ ဆရာ့တော့်ကျောင်းမှာ မမိုးမိုးကိုထား၊ ပြီးတော့ ဥပုတ်စောင့်ခိုင်း၊ ၈ ပါးသီလယူ၊ယောဂီဝတ်ပြီးတော့ သိုက်ကျော ဖြတ်တယ်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုးတစ်ယောက် သတိလည်း မလစ်တော့သလို၊အိပ်မက်လည်း မမက်တော့ပါဘူး။ ထူးဆန်းတာတစ်ခုကမမိုးမိုးဟာ မြန်မာစကား တစ်မျိုးသာ ပြောတတ်သူ (အင်္ဂလိပ်စကားကတော့ ကျောင်းမှာ သင်တယ်၊ဒါကို ထားလိုက်ပါတော့) တစ်ယောက်ပါ။ ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးတော့ ကရင်စကားရော၊ တစ်ခြားစကားကိုပါဒေသခံတစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊ အခုဆိုရင်သူဟာ အဲ့ဒီ ဘာသာစကားတွေကို လုံးဝ ပြန်မပြောနိုင်တာပါ။ အဲ့ဒီတော့ ယုံရ ခက်ခက်ကြီးရယ်။ လက်တွေ့ ကိုယ့်ရှေ့မှာ အဲ့ဒီလိုမျိုး ဖြစ်သွားတယ်ဆိုလေတော့ဥစ္စာစောင့်ဆိုတာ တစ်ကယ်ရှိတယ်၊ မရှိဘူးဆိုတာ ပြောရမှာ မလွယ်လှဘူး ဖြစ်သွားပါတယ်။ ခုတော့ မမိုးမိုးတစ်ယောက်လည်း အိမ်ထောင်တွေဘာတွေကျပြီးတော့ကလေးတွေတောင် ထွန်းကားနေပြီထင်ပါရဲ့။

ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ ကျွန်တော် အဖေရဲ့ ဇာတိမြို့က ကန်ကြီးဒေါင့်မြို့ပါ။ ကန်ကြီးထောင့်မြို့ဆိုတာ ဘယ်ကနေ နာမည်တွင်လာလည်းမသိပေမယ့်၊ အဒေါ်ရဲ့ အိမ်နောက်ဖေးမှာတော့ ကန်ကြီး တစ်ကန်ရှိပါတယ်။ အခုတော့ အိမ်တိုင်းက ကျောပေးပြီး အိမ်သာလှည့်ဆောက်ထားလေရဲ့။ အဲ့ဒီမှာလည်း သိုက်ရှိတယ်ဆိုပါတယ်။ အဲ့ဒီသိုက်က နောက်ပိုင်း လူတွေ က အိမ်သာလှည့်ဆောက်ပါများလာလို့ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရားဘက်ကို သိုက်ပြောင်းတယ်ဆိုပါတယ်။ သိုက်ပြောင်းတဲ့နေ့ကတော့ ညနေ၀င်ရီတလျှောမှာ ရွှေလှေတွေမိုးပေါ်ပျံပြီးတော့ ရွှေလိပ်ပါဘုရားဆီကို ဆည်းလည်းသံ တစ်ချွင်ချွင်နဲ့ ပြောင်းကြတယ်လို့လူတွေဆိုကြပေမယ့် ကျွန်တော်ကတော့ မျက်မြင်ကိုယ်တွေ့မဟုတ်လို့ မယုံပါဘူး။ ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့လေးမျက်နှာ စေတီတော်ရဲ့ မုဒ်ဦးတစ်ခုကတော့ အမည်မဖော်လိုတဲ့ ဥစ္စာစောင့်တစ်ယောက်က ဆရာတော်ကြီးထံရွှေတွေလာပေးပြီးတော့ ဘုရားတည်ဖို့ လှုဒါန်းသွားတယ်လို့ ဆိုပါတယ်။ ယခုအချိန်အထိ အဆိုပါမုဒ်ဦးမှာ ထိုကဗြည်းစာတမ်းကိုဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ကို အလည်ရောက်ခဲ့တယ်ဆိုရင် သွားရောက်ကြည့်နိုင်ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ်ရှိသလားဆိုတဲ့ မေးခွန်းလေးကို စဉ်းစားဖို့ ပိုစ်တစ်ခုအနေနဲ့တင်ပေးလိုက်ပါတယ် ခင်ဗျား။
အပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေးကန်ကြီးဒေါင့်မြို့က အကြောင်းလေး။
ကန်ကြီးဒေါင့်ဆိုတာကပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။ အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေကကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။ ဘာဖြစ်လို့လဲဆိုတော့ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။ အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။ ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲအရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။ အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။

ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်ရှိမယ်။ ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့စေတီတော်။ စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။ ပွဲတော်ရက်တွေဆိုရင်တော့အပူဇော်ခံပါတယ်။ အနီးကပ် ကြည့်လို့လဲရတယ်။ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။ ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။ စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာကအခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။ စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။ ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။ ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချကျောင်းတိုက်ကြီး။ သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင်မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေလာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။ နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။ ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။ ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။

ထူးဆန်းတယ်ဆိုတာက ဒီလို စေတီကြီးကို တည်နိုင်တယ်ဆိုတဲ့အချက်ကိုပါ။ စေတီတော်ကြီးတည်တော့ အနယ်နယ် အရပ်ရပ်ကအလှူရှင်တွေ အားတက်သရော လာပြီးတော့ လှူဒါန်းကြတာပဲ။ ဒါပေမယ့် စေတီတော် ကုန်ကျတဲ့ စရိတ်ကို တွက်ကြည်လိုက်ရင်လှူဒါန်းလို့ရတဲ့ ငွေနဲ့ မဖြစ်နိုင်လောက်တဲ့ အနေအထား။ နောက်ပြီးတော့ ဆရာတော်ကြီးကို သိုက်က သိုက်စောင့်ဘိုးဘိုးကြီးနဲ့သိုက်က မောင်နှမတွေ လာရောက်ပြီးတော့ လှူဒါန်းကြတယ်လို့လဲ ငယ်ငယ်တုန်းကတော့ ကြားဖူးပါရဲ့။ သို့ပေမယ့် ဟိုလူပြော၊ ဒီလူပြောဆိုတော့ ဂဃနဏသေချာ မကွဲပြားဘူး။ ဒါပေမယ့် ဒီစေတီကြီး တည်တော့သိုက်မောင်နှမတွေရဲ့ သိုက်နန်းနဲ့ သိုက်စောင့် ဘိုးဘိုးကြီးတို့ရဲ့ ရုပ်တုတွေကတော့အခုအချိန်ထိရှိတုန်းပဲ။ စေတီတော် တည်တဲ့အချိန်တုန်းကဆိုရင်ညပိုင်းတွေမှာ စေတီတော်ပေါ်မှာ သိုက်စောင့်ဘိုးဘိုးကြီး လမ်းလျှောက်နေပါတယ်ဆိုပြီးတော့ပြောသံတွေလဲ ကြားဖူးရဲ့။

နောက်တစ်ခုက စေတီရဲ့ မုဒ်တစ်ခုမှာ အမည်မဖော်လိုသူပါရမီရှင် အမျိုးသမီးတစ်ဦး ကောင်းမှု့ဆိုပြီး ခုချိန်အထိ ရေးထိုးထားတဲ့ မုဒ်ဦးတစ်ခုပါပဲ။ အဲဒီအချိန်တုန်းကတော့ အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးက ဆရာတော်ကြီးဆီကို လာပြီးတော့ မုဒ်ဦးအတွက် ရွှေငွေ ရတနာတွေ လာပြီးတော့လှူဒါန်းသွားတယ် လို့ကြားဖူးတယ်။ တချို့ကလဲနဂါးသိုက်ကလာတယ်လို့ ပြောကြသလို၊ တချို့ကလဲ ဥစ္စာစောင့်လို့ ပြောကြတာပဲ။ မည်သို့ပင်ဖြစ်စေ ကျွန်တော် ဒီစေတီကြီးဆီကို သွားပြီးတော့ဖူးတိုင်း ထူးခြားတဲ့ ခံစားမှု့တစ်ခုကို အမြဲတမ်းခံစားရတယ်။ အဲဒီမှာ ကျွန်တော့်အဖေကို ရည်စူးပြီးတော့ အန္ဒိယကဗောဓိညောင်ပင်ကို လှူထားတာရှိတယ်။ ပြန်ရောက်တိုင်းသွားပြီးတော့ ကြည့်ဖြစ်တယ်။ ညောင်ရေသွန်းပွဲတော်နဲ့ကြုံရင်လဲ သွားပြီးတော့ ညောင်ရေသွန်းဖြစ်တယ်။ ခု ဗောဓိညောင်ပင်လဲ တော်တော်လေးကြီးလာပြီဆိုတော့ ငုံထားတဲ့ ပတ်လည်က အုတ်တွေကိုချဲ့ရဦးမယ်။

နောက်ထပ်စေတီတစ်ခုကတော့ ရွှေလိပ်ပြာ စေတီပါ။ အဲဒီမှာလဲ ဇာတ်လမ်းလေးရှိတာပဲ။ အပိုင်း ၁ နဲ့ ၂ မှာ ကျွန်တော် ထဲ့ပြီးတော့ ရေးခဲ့ဖူးတယ်ထင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဥစ္စာစောင့် တစ်ကယ်ရှိမရှိကတော့ကျွန်တော်လည်း သေသေချာချာ ရှိပါတယ်လို့ မပြောနိုင်သလို၊ မရှိပါဘူးလို့လဲ မပြောနိုင်ပါဘူး။ ထူးခြားတာလေးတွေကတော့ ရှိနေတာပါပဲ။

Credit: သဘာဝလွန်ဖြစ်ရပ်ဆန်းများ

အပြည့်အစုံသို့ »

ကိုယ် သေဆုံး ပျောက်ကွယ်သွားခဲ့သည် - ဝိညာဉ်အကြောင်းအရာ


လွန်ခဲ့သည့် ငါးနှစ် လောက်က ဖြစ်သည်။ ကိုယ့် ချစ်ဦးသူ အကြောင်းကို ဘယ်တော့မှ မမေ့သလို အဲသည် အကြောင်း ကိုလည်း ကိုယ် ဘယ်တော့မှ မေ့မည် မဟုတ်။ အခု အချိန် ပြန်စဉ်းစား လျှင်လည်း မနေ့ တစ်နေ့က ဖြစ်ခဲ့သလို မျက်လုံးထဲ ပြန်မြင် လာသည်။ ဝိညာဉ် .. လောလော လတ်လတ် သေဆုံး ပြီးသား လူ၏ ဝိညာဉ်။ အိပ်မက် မက်လျှင် ဘယ်တော့မှ ဇာတ်လမ်း ဇာတ်ကွက်နှင့် မမက်တတ် ခဲ့သော၊ နောက်ပြီး .. အိပ်မက် မက်ခဲ့ပြီး၍ မနက် နိုးလာလျှင် ဘယ်တော့မှ ထိုအိပ်မက်ကို လုံးစေ့ပတ်စေ့ မှတ်မိလေ့ မရှိသော ကိုယ်သည်  အဲဒီ အိပ်မက် ကိုတော့ ရုပ်ရှင် ကြည့်နေ ရသလို တစ်ကွက်ချင်း၊ တစ်ခန်းချင်း၊ အဖြစ်အပျက် တစ်ခုချင်းကို စွဲစွဲထင်ထင် မှတ်မိ နေခဲ့သည်။ ထို အကြောင်းကို မိဘများ၊ သူငယ်ချင်း များကို ကိုယ် ပြန်လည် ပြောပြ သော်လည်း ဘယ်သူမှ ကိုယ့်ကို မယုံကြ။ အိပ်မက် မက်သည်ဟု ဇာတ်လမ်းဆင်၍ ကိုယ် ပေါက်ကရတွေ လျှောက်ပြော နေသည် ဟုသာ သူတို့ ယုံကြည် ကြသည်။ အဲဒီ အိပ်မက် အကြောင်းကို ကိုယ် ဝတ္ထု တစ်ပုဒ်လို စာရေး ထားဖို့ တွေးထား ခဲ့သည်။

၂၀၀၇ ခုနှစ် ဝန်းကျင် လောက်က ဖြစ်သည်။ ကိုယ် အဲဒီတုန်းက တောင်ပေါ် ဒေသ ရွာလေး တစ်ရွာမှာ ရောက်ရှိ နေသည်။ စိတ်စွဲ၍ မက်သော အိပ်မက်လည်း မဟုတ်၊ အကြောင်းအရာ တိုက်ဆိုင်၍ မက်သော အိပ်မက်လည်း မဟုတ်ဘဲ ထိုအိပ်မက်သည် ကိုယ့်ည တစ်ညထဲ ထူးထူးဆန်းဆန်း ဝင်ရောက် လာခဲ့သည်။ ယခု ကိုယ်ရေးမည့် အကြောင်းအရာ သည် ဝတ္ထုလည်း မဟုတ်၊ ဆောင်းပါးလည်း မဟုတ်၊ အက်ဆေးလည်း မဟုတ်ပါ။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တစ်ခုလို ကိုယ်တိုင် ကြုံခဲ့ တွေ့ခဲ့သော အဖြစ်အပျက် တစ်ခုကို ဇာတ်ကြောင်းပြန် ပြောပြသည့် ပုံစံမျိုး ဖြစ်နေလိမ့်မည်။ ဝိညာဉ် အိပ်မက်ဟု ဆိုပေမယ့် အချိန်ပြည့် ကြောက်စရာ ကောင်းနေခြင်း မဟုတ်၊ ရယ်ရတာ တွေလည်း ပါသည်။ ကိုယ့် အိပ်မက် ဆုံးသည် အထိ စာဖတ်သူ အဖို့ ကြောက်စရာ ကောင်းချင် မှလည်း ကောင်းလိမ့်မည်။ ကိုယ့် အတွက်တော့ သံဝေဂ ရစရာ တွေရော၊ တုန်လှုပ် ခြောက်ခြား စရာတွေရော အကုန်လုံး ရောပြွန်း နေခဲ့သည်။  အဲဒီ အကြောင်းကိုပဲ ရေးမည်ဟု ကိုယ် ဆုံးဖြတ် လိုက်သည်။
ကိုယ် … သေဆုံး သွားသည်။ ဟုတ်သည် … အိပ်မက် စစချင်း မှာပင် ကိုယ် သေဆုံးပြီးသား လူတစ်ယောက် ဖြစ်နေ ခဲ့ပြီ။ ကိုယ့် ရုပ်အလောင်း ဘယ်မှာလဲ ကိုယ်မသိ၊ ကိုယ်ကိုယ်တိုင်၏ စိတ်နှင့် ဝိညာဉ် ကတော့ အသက်ရှင်လျက် ရှိနေသည်။ ကိုယ့်ဘေးမှာ ကိုယ့်လိုပဲ သေဆုံးပြီးသား အရင်းနှီးဆုံး သူငယ်ချင်း ရှိနေသည်။ ကိုယ် ဘာကြောင့် သေဆုံး ခဲ့သလဲ ပြန်စဉ်းစား မိသည်။ ကိုယ့် အာရုံများ ဝေဝေဝါးဝါး ထွေးထွေးနောက်နောက် .. စဉ်းစား၍ မရ။ အသေအချာ ပြန် စဉ်းစား ကြည့်တော့မှ ကိုယ် သေဆုံး ခဲ့ရသည့် အဖြစ်ကို ပြန်သတိရ တော့သည်။ အဖြစ် အပျက်က ရှင်းရှင်းလေး။
ကိုယ်ရယ် .. ကိုယ့်ညီရယ် .. ကိုယ့် အရင်းနှီးဆုံး သူငယ်ချင်းရယ် သုံးယောက် တောင်ဥက္ကလာပ နန္ဒဝန်ဈေး အနီး လမ်းမ ပေါ်တွင် ဟိုင်းလပ်ကား တစ်စီးကို မောင်းနှင်လျက် ရှိသည်။ သူငယ်ချင်း တစ်ဦးဦး ဆီမှ ပြန်လာခြင်း ဖြစ်မည် ထင်သည်။ ထိုအချိန် ကိုယ်တို့ ကားကို ကုန်ကားကြီး တစ်စင်း ရှေ့တည့်တည့်မှ အရှိနှ်နှင့် ဝင်တိုက်သည်။ ကိုယ် မျက်လုံး မှိတ်လိုက်သည်။ နာကျင်မှု မရှိ၊ ကြောက်လန့်မှု မရှိ … ရုတ်တရက် ကိုယ် သေဆုံး သွားသည်။ သေဆုံး ပြီးသော ကိုယ့် အလောင်းကောင်သည် ရှေ့ဆက် ဖြစ်သော ကိစ္စတွေကို ဘာမှ သိနိုင်ခြင်း မရှိတော့။ ကိုယ့် ဖြစ်တည်မှု အလုံးစုံ ခဏလေး ပျောက်သွားသည်။ ခဏနေတော့ ကိုယ်သည် ကိုယ့်ဝိညာဉ် နှင့်အတူ လေထဲတွင် ပျံဝဲလျက် ရှိနေပြီ။ သုံးယောက်လုံး ကားတိုက် ခံရခြင်း ဖြစ်သော်လည်း ကိုယ့်ညီကို ရှာမတွေ့တော့။ သူ မသေဘူးဟု ထင်သည်။ ကိုယ်နှင့် ကိုယ့် သူငယ်ချင်း တို့သာ သေဆုံး သွားသည်ဟု ကိုယ့်စိတ်ထဲ အလိုလို သိလိုက်သည်။ ခဏနေတော့ ကိုယ်နှင့် ကိုယ့် သူငယ်ချင်းသည် ကိုယ့်အိမ် အဝင်ပေါက် ခြေနင်းခုံတွင် ထိုင်လျက်သား ရောက်ရှိ နေကြသည်။
ထူးဆန်း တာက သေဆုံး ပြီးမှန်း သိသော်လည်း ကိုယ်တို့နှစ်ဦး စိုးရိမ် ကြောက်လန့်ခြင်း မဖြစ်မိကြ။ အသက် ရှင်နေစဉ် တုန်းကလိုပဲ ပေါ့ပေါ့ပါးပါး။ ကိုယ်တို့ နှစ်ဦး အနားတွင် ကိုယ့်စက်ဘီးလေး ရှိနေသည်ကို မှတ်မိသည်။ ကိုယ့် သူငယ်ချင်းက ကိုယ့်ကို ပြောသည်။
“ဟေ့ကောင် .. ငဘုန်း၊ ငါတို့ နှစ်ယောက်က သေပြီး ဝိညာဉ် ဖြစ်နေတာ ဆိုတော့ ငါတို့ကို ဘယ်သူမှ မြင်ရမှာ မဟုတ်ဘူး၊ မင်းနဲ့ငါ စက်ဘီး လျှောက်စီးပြီး လမ်းမှာ တွေ့တဲ့ ကောင်မလေး တွေကို လိုက်နောက် ရအောင်”
ကိုယ် သဘောတူ လိုက်သည်။ သူငယ်ချင်းက ရှေ့မှ စက်ဘီး နင်းပြီး ကိုယ်က အနောက် ထိုင်ခုံမှ ထိုင်၍ လိုက်သည်။ လမ်းပေါ်မှ လူများ ကိုယ်တို့ကို မမြင်နိုင်ဘူးဟု ထင်သည်။ ကောင်မလေး တစ်ယောက်နား ရောက်တော့ သူငယ်ချင်းက ထိုမိန်းကလေး အနားသို့ စက်ဘီးကို ကပ်နင်း၍ အရှိန်လျှော့ ပေးသည်။ ထို ကောင်မလေး ခေါင်းကို ကိုယ် ပုတ်လိုက်သည်။ ကိုယ့်စိတ်ထဲ ထင်တာက ကောင်မလေး နောက်လှည့် ကြည့်လျှင် ကိုယ်တို့ကို မြင်မည် မဟုတ်။ မမြင် ရသော အရာဝတ္ထု တစ်ခုက သူ့ခေါင်းကို လာပုတ်ခြင်းကို သိသွားလျှင် ကောင်မလေး ကြောက်လန့် သွားမည်ဟု ထင်ခဲ့သည်။ သို့သော် .. ကိုယ်တို့ မအောင်မြင်ပါ။ ဘာကြောင့်မှန်း မသိ။ ကောင်မလေးသည် ကိုယ်တို့ နှစ်ဦး၏ တစ်ကိုယ်လုံးကို မမြင်ရ သော်လည်း ကိုယ်တို့၏ ခေါင်းတွေ ကိုတော့ မြင်နေရသည်။ ကိုယ်တို့ကို သူ လှောင်ပြောင်၍ အော်ဟစ်ပြီး ကျန်ခဲ့ လေသည်။ ကိုယ်တို့ ထပ်၍ စမ်းသပ် ကြည့်သည်။ လူတိုင်း ကိုယ်တို့ နှစ်ဦးကို ခေါင်းတွေ မြင်နေကြ လေသည်။ ကိုယ်တို့ နှစ်ဦးကို သူတို့ ကြောက်လန့် ရမည့်အစား ပြန်လည်၍ လှောင်ပြောင် သရော် ကြသည်။ စိတ်ပျက် လက်ပျက်ဖြင့် ကိုယ်တို့ နှစ်ယောက် ကိုယ့်အိမ်ကို ပြန်လာ ခဲ့ကြသည်။
ထို အချိန်တွင် ညနေ စောင်းနေပြီ ဖြစ်သည်။ အိမ်မှာ ဘယ်သူမှလည်း ရှိကြပုံ မရ။ ကိုယ်တို့ နှစ်ဦးတည်း။ ကိုယ်တို့ အိမ်မှာ ဆက်၍ ထိုင်မနေ ချင်တော့။ ဒါနဲ့ပဲ ကိုယ်နှင့် သူငယ်ချင်း လမ်းမပေါ် ခြေဦးတည့်ရာ လျှောက်လာ ခဲ့ကြသည်။ လမ်းပေါ် မှာလည်း ဘယ်သူမှ မတွေ့။ တစ်လောက လုံးမှာ .. ကိုယ်တို့ နှစ်ယောက် တည်းလား၊ ကိုယ်တို့နှင့် ဘဝတူ ဝိညာဉ် တွေကိုလည်း မတွေ့ရ။ ညနေ မှောင်မှောင်ရီရီတွင် ကိုယ်တို့ နှစ်ဦး လူသူလေးပါး တိတ်ဆိတ်၍ ကြောက်စရာ ကောင်းလောက်အောင် အထီးကျန် နေသော လမ်းမပေါ် လျှောက်နေ ကြသည်။ ထို အချိန်မှာပဲ ကိုယ်တို့ ရှေ့မှာ လူနှစ်ယောက် ပေါ်လာသည်။ တစ်ဦးက အရပ် ပုပု လူကောင် လုံးလုံးလေး။ တစ်ဦးက အရပ်ရှည်ရှည် ပိန်ပိန်။ သူတို့ နှစ်ဦး အတူတူ လျှောက်လာ ကြသည်။ ကိုယ်နှင့် ကိုယ့်သူငယ်ချင်းလို သူတို့ နှစ်ဦး သည်လည်း သေဆုံး ပြီးသား ဝိညာဉ် နှစ်ကောင် ဖြစ်၍ နေသည်။
ထိုလူ နှစ်ယောက်နှင့် အတူတူ လျှောက်သွားဖို့ ကိုယ်တို့ နှစ်ယောက် ဆုံးဖြတ် လိုက်ကြသည်။ သူတို့ နှစ်ယောက်နှင့် ဘာစကားမှ မပြောဖြစ်၊ မိတ်မဖွဲ့ ဖြစ်ပါဘဲ မိတ်ဆွေ ဖြစ်သွားပြီး လမ်းအတူတူ လျှောက်မိ ကြသည်။ လေးယောက် ဘေးတိုက် တန်းစီ၍ ဖြစ်သည်။ ဘယ်ဖက် အစွန်မှာ ပိန်ပိန်ရှည်ရှည် ဝိညာဉ်၊ သူ့ ဘေးမှာ ပုပုလုံးလုံး ဝိညာဉ်၊ အဲဒီ ဘေးမှာ ကိုယ်၊ ကိုယ့်ဘေးမှာ ကိုယ့် သူငယ်ချင်း အစဉ်လိုက် ဖြစ်သည်။ ထိုအချိန်မှာ မမျှော်လင့်တာ တစ်ခု ဖြစ်လာသည်။ ပိန်ပိန် ရှည်ရှည် လူ၏ ကုတ်အကျီ င်္ ဘေးအိတ် ထဲမှ ပိုက်ဆံ တစ်ထောင်တန် တစ်အုပ်ကို ခပ်ပုပု လူက ရုတ်တရက် နှိုက်လိုက် သည်။ ပိန်ပိန်ရှည်ရှည် လူက အဲဒါကို မသိ။ နှိုက်ပြီးပြီး ချင်းမှာပင် ခပ်ပုပု လူက အဲဒီ တစ်ထောင်တန် ပိုက်ဆံအုပ်ကို ကိုယ့်လက်ထဲ ထည့်၍ လေသံ တိုးတိုးဖြင့် “ခဏ သိမ်းပေးထား” ဟု ပြောသည်။ အယောင်ယောင် အမှားမှားဖြင့် ကိုယ် ယူထား လိုက်မိသည်။ ခဏနေတော့ ပိန်ပိန်ရှည်ရှည် လူက သူ့အိတ်ထဲက ပိုက်ဆံ ပျောက်နေကြောင်း သိသွားပြီး ကိုယ်တို့ သုံးယောက်ဖက် လှည့်လာသည်။ သူ့မျက်နှာမှာ ဒေါသ အရိပ်အယောင် တွေနှင့်။
အဖြစ်အပျက်က အလွန်မြန်သည်။ သူ လှည့်လာလာချင်း ဘာမှ မပြောရ သေးခင်မှာ ခပ်ပုပု လူက သူ့လက်ထဲ ဖွက်ထား သော ဓါးမြှောင်ကို ထုတ်ကာ ထို ပိန်ပိန်ရှည်ရှည် လူ၏ ဝမ်းဗိုက်ကို အားကုန် ထိုးချ လိုက်သည်။ ပိန်ပိန် ရှည်ရှည် ဝိညာဉ်သည် အံ့သြမှု တစ်ဝက်၊ ဒေါသ တစ်ဝက် ပါဝင်သော မျက်နှာဖြင့်ပင် လဲကျ သေဆုံး သွားလေသည်။ ခပ်ပုပု လူက ဓါးကို ပြန်သိမ်း ပြီးနောက် ကိုယ့်ဖက် လှည့်လာပြီး ကိုယ့်ကို ပြောသည်။
“ပိုက်ဆံ သိမ်းပေးတာ ကျေးဇူးပဲ .. ပေးတော့၊ ရပြီ”
ကိုယ့်ဆီက ပိုက်ဆံအုပ်ကို တောင်းယူ ပြီးနောက် ခပ်ပုပု ဝိညာဉ်သည် ကိုယ်တို့ နှစ်ဦးနှင့် လမ်းခွဲ သွားလေသည်။ သေပြီးသား လူသည် ပိုက်ဆံ ကိုင်၍ ရသလား၊ နောက်ပြီး သေပြီးသား ဝိညာဉ်သည် ဓါးနှင့် ထပ်အထိုးခံ ရလျှင် ထပ်မံ၍ သေဆုံး တတ်သလား၊ သေပြီးသော သူများ အတွက် ထိုပိုက်ဆံသည် ဓါးနှင့် ထိုး၍ လုယူ ရလောက်အောင် တန်ဖိုး ရှိနေ သေးသလား၊ သေဆုံး ပြီးသူ တို့၏ စိတ် ဝိညာဉ်သည် ဗလာဟင်းလင်း ဖြစ်မနေဘဲ လောဘ မောဟများ ကပ်ငြိ၍ နေနိုင် သေးသလား။ ကိုယ် … ဘာကိုမှ နားမလည်နိုင်။ စိတ်ရှုပ်၍ .. ကြောက်လန့်၍ … တုန်လှုပ် ခြောက်ခြား၍ ကိုယ်တို့ အိမ်ကို ပြန်လာ ခဲ့သည်။ ကိုယ့်ကိုယ်ကို သေဆုံး ပြီးသားမှန်း သိသော်လည်း ကြောက်လန့်သည့် ခံစားမှု မရှိခဲ့သည့် ကိုယ်သည် အခု ကြောက်လန့်၍ နေသည်။ ကိုယ် … မသေချင်တော့။ သေဆုံး ပြီးသား လူတစ်ယောက် အဖြစ်ကို ခံယူဖို့ ကိုယ် ကြောက်လာသည်။ ကိုယ် … အိမ်ကို အမြန် ပြန်ပြေး လာခဲ့သည်။
အိမ်ပြန် ရောက်တော့ တစ်အိမ်လုံး အနှံ့ အမေ့ကို ကိုယ်ရှာသည်။ အမေ အိမ်ပေါ်ထပ် သူ့အခန်း လေးထဲမှာ ရှိနေ လိမ့်မည်ဟု ကိုယ် အလိုလို သိနေသည်။ အပေါ်ထပ် တက်၍ အမေ့ အခန်းလေးထဲ ဝင်လိုက်တော့ အမေက အိပ်ယာ ပေါ်မှာ ခေါင်းကို လက်ဖြင့် ထောက်၍ လှဲနေသည်။ ကိုယ့်ကို အမေက “ဘာလဲ” ဟူသော သဘောဖြင့် မျက်လုံး ဝေ့ကြည့် သည်။ ကိုယ် သေဆုံး သွားတာကို အမေ အခုထိ မသိသေး တာတော့ မဖြစ်နိုင်။ ဒါဆို ဘာလို့ ကိုယ့်အတွက် ပူဆွေး ဝမ်းနည်း မနေတာလဲ။ အဲဒါတွေ စဉ်းစားမိပြီး ကိုယ် ခဏတော့ တွေဝေ သွားသည်။ ခဏလေးပဲ … ကိုယ် အမောတကော အမေ့ကို တောင်းဆို မိသည်။ အမေ့ ကုတင် ဘေးမှာ ဒူးထောက်လျက်။
“အမေ .. သားအတွက် ဘုန်းကြီးတွေ ပင့်ပြီး ရေစက်ချ အမျှဝေ ပေးပါ .. သား .. လူပြန်ဖြစ်ချင်တယ်”
ကိုယ့်စိတ်ထဲတွင် အမေသာ ဘုန်းကြီးတွေ ပင့်ပြီး ကိုယ့်အတွက် အလှူအတန်း ပြုလုပ်၍ အမျှဝေ ပေးလျှင် ကိုယ်သည် ကားတိုက်၍ မသေခင်က အခြေအနေကို ပြန်ရောက် သွားမည်၊ အသက် ပြန်ရှင် လာမည်ဟု ထင်နေသည်။ အဲဒီ အတိုင်းပဲ စွဲစွဲမြဲမြဲ ယုံကြည် နေမိသည်။ ကိုယ် .. ဝိညာဉ် ဘဝမှာ မနေချင်တော့။ လွတ်ရာ ကျွတ်ရာ အခြား ဘုံဘဝ တစ်ခု ကိုလည်း မသွားချင်။ ကိုယ် အမေ့သား ပြန်ဖြစ် ချင်သည်။ ကိုယ် မသေဆုံးခင် အချိန်က ဘဝကိုပဲ မက်မက် မောမော ပြန်လို ချင်သည်။ ကိုယ် ပြောတာကို အမေ စိတ်မဝင်စား ဘူးလား။ အမေသည် ဝန်ကျေတန်းကျေ ပုံစံမျိုးဖြင့် “အေး .. အေး” ဟုသာ ပြန်ဖြေသည်။ ကိုယ် နည်းနည်း စိတ်ပျက် သွားသည်။ ကိုယ် အမေ့ကို လာ၍ စနောက် နေသည်ဟု အမေ ထင်နေသလား။ ဒါမှမဟုတ် ကိုယ့်ကို အမေ မလိုချင် တော့ဘူးလား။ ကိုယ် … ထပ်၍ ပြောမိသည်။
“သား အရေးကြီးလို့ ပြောနေတာ အမေ .. တကယ် .. သား .. သားကို အလှူအတန်းလုပ် အမျှဝေ ပေးပါ .. သား ချက်ချင်း လူပြန်ဖြစ် လာမှာ အမေ … လုပ်ပေးပါနော်”
ကိုယ် ပြောပြီးတော့ အောက်ထပ်ကို ပြန်၍ ပြေးဆင်း လာခဲ့သည်။ ကိုယ့် သူငယ်ချင်း ကတော့ အိမ်ပေါက်ဝမှာ။ သူက ဘာမှ အပူအပင် မရှိ သလိုမျိုး ဂစ်တာ ထိုင်တီး နေသည်။ ကိုယ် အားလျော့ ညှိုးနွမ်းစွာ သူ့အနား ထိုင်ချ လိုက်မိ သည်။ အခု .. ကိုယ် ဘာလုပ် ရမလဲ။ ဘာတွေ ဆက်ဖြစ်လာ ဦးမလဲ။ ဘာမှ ဆက်၍ မတွေးနိုင်ခင် ကိုယ်နှင့် ကိုယ့် သူငယ်ချင်း အကြားသို့ မိုးပေါ်မှ စာရွက်လိပ် အရှည်ကြီး တစ်ရွက် ဖြည်းဖြည်းချင်း ကျလာသည်။ ကောင်းကင်မှ တန်ခိုးရှင် တစ်ဦးဦးက ကိုယ်တို့ဆီ ရောက်အောင် လွှတ်ချ လိုက်သည့် ပုံစံမျိုး။ ကိုယ်နှင့် သူငယ်ချင်း အဲဒီစာကို ယူ၍ ဖတ်ကြည့် မိသည်။
“မင်းတို့ နှစ်ယောက်ဟာ အသက်ရှင်စဉ် လူ့ဘဝမှာ တုန်းကလည်း မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒီတော့ အခု ဝိဥာဉ် ဘဝကနေ လွန်မြောက်ရင် မင်းတို့နှစ်ယောက် ငရဲမှာ နှစ်ပေါင်း တစ်သန်းတိတိ ငရဲကျခံ ရလိမ့်မယ်။ အဲဒီ ငရဲကနေ လွတ်ရင်လည်း မင်းတို့ လူပြန် ဖြစ်မယ်လို့ မစဉ်းစားနဲ့။ မင်းတို့ နှစ်ယောက် ပုရွက်ဆိတ် ဘဝကို ရောက်သွား ကြလိမ့်မယ်”
စာကို ဖတ်ပြီးတော့ ကိုယ် .. တုန်ယင် နေသည်။ ဘာမျှော်လင့်ချက်မှ မရှိတော့။ ကိုယ်တို့ တကယ်ပဲ လူ့ဘဝ တုန်းက မကောင်းမှုတွေ အများကြီး လုပ်ခဲ့သလား။ သူများတွေလို နေ့စဉ် ဘဝ ရှင်သန်မှုဖြင့် နေထိုင်ခဲ့သည်။ ပုံမှန် အတိုင်း စားသောက် သွားလာသည်။ သူများတကာ တွေလို ကိုယ့်မှာ ကောက်ကျစ် စဉ်းလဲစိတ် အနည်းငယ် ရှိသည်။ ဖြူစင် ကြင်နာစိတ် အနည်းငယ် ရှိသည်။ ကိုယ် လူပေါင်း များစွာကို အမှန်အတိုင်းလည်း ပြောခဲ့ဖူးသည်။ လိမ်ညာ ၍လည်း ပြောခဲ့ဖူးသည်။ ကိုယ် … သူလို ကိုယ်လိုပဲ ရှင်သန် နေထိုင် ခဲ့တာပါ။ သေချာတာ တစ်ခုကတော့ ကိုယ် ဘယ်သူ့ အပေါ် မှာမှ အကြီးအကျယ် ထိခိုက် နစ်နာ ဆုံးရှုံး စေလိုစိတ်ဖြင့် မမိုက်ရိုင်းခဲ့၊ မယုတ်မာခဲ့။ ဒါဖြင့် ကိုယ့်ကို ဘာလို့ ငရဲသို့ သွားရမည်ဟု စေလွှတ် ပါသနည်း။ ကိုယ် ပြုခဲ့သော အကုသိုလ် များကိုသာ ရေတွက်၍ ကိုယ်လုပ်ခဲ့ ဖူးသော ကောင်းမှု များသည် အရာမထင် တော့ဘူးလား။ ငရဲက လွတ်လျှင်လည်း ကိုယ်သည် လူပြန် ဖြစ်ခွင့် မရှိတဲ့။ လူ့အဖြစ်ထက် များစွာ နိမ့်ပါးသော တရိစ္ဆာန် တစ်ကောင် ဘဝသို့သာ ရောက်ရမည်တဲ့။
ကိုယ် … အရမ်းကို ကြောက်လန့် နေမိပြီ။ ကိုယ့် သူငယ်ချင်းကို ကြည့်တော့ သူလည်း တုန်လှုပ် ခြောက်ခြား နေပုံ ရသည်။ ဂစ်တာ ဆက်မတီး နိုင်တော့။ ကိုယ် .. ဒီလို လွယ်လွယ်တော့ အရှုံးမပေး လိုက်ချင်ပါ။ ကိုယ် လူပြန် ဖြစ်ချင် သည်။ ကိုယ် မသေဆုံး ချင်တော့။ ဝိညာဉ် တစ်ကောင် ဘဝဖြင့် ဆက်၍ မနေလိုတော့။ ကိုယ် အခုနေ အသက် ပြန်ရှင်ခွင့် မရလျှင် … လူပြန် ဖြစ်ခွင့် မရလျှင် ကိုယ် ဘယ်တော့မှ လူ့အဖြစ်၏ အခွင့်အရေးကို ပြန်လည် ရရှိမှာ မဟုတ်တော့ဟု ထင်လာသည်။ ကိုယ် .. လက်မခံနိုင်ပါ။ ကိုယ် လူပြန်ဖြစ်မှ ရမည်။ ကိုယ် … ဖြစ်နိုင်လျှင် အခုချက်ချင်း အသက် ပြန်ရှင် ချင်သည်။ ကိုယ့်ကို ကယ်တင် နိုင်သူမှာ အမေ တစ်ယောက်တည်းသာ ရှိသည်။ အမေ .. ကိုယ့်ကို ကယ်တင် နိုင်လိမ့် မည်။ ကိုယ့်ကို ရည်စူး၍ အလှူအတန်း တစ်ခုခု ချက်ချင်း ပြုပေးလျှင် ကိုယ် လူပြန် ဖြစ်လိမ့်မည်။ ကိုယ် အမေ့ အခန်းလေး ထဲသို့ သွေးရူးသွေးတန်း ပြန်၍ တက်လာ ခဲ့သည်။ သားကို ကယ်ပါ … မေမေ။
“အမေ .. သားကို ကယ်ပါ … အမေ သားအတွက် အလှူဒါန မလုပ်ပေးရင် .. အမျှ မဝေပေးရင် သား ငရဲကို သွားရ တော့မယ်၊ ပြီးရင် သား ပုရွက်ဆိတ် ဖြစ်တော့မယ်၊ သား .. လူ ပြန်ဖြစ် ချင်တယ်၊ အသက် ပြန်ရှင် ချင်တယ်၊ အမေ အခုနေ တစ်ခုခု လုပ်ပေးရင် သား ချက်ချင်း အသက် ပြန်ရှင် လာမှာ အမေရဲ့၊ သားကို ကယ်ပါ အမေရယ် … သား ဝိဥာဉ် မဖြစ်ချင်ဘူး .. သား မသေချင်ဘူး … သားကို အမေတို့ အနားမှာပဲ နေခွင့် ပေးပါ အမေရယ် ..”
အမေ့ ကုတင်ဘေး ထိုင်၍ ကိုယ် အဆက်မပြတ် ပြောနေမိသည်။ အမေ ကတော့ ခုနက အတိုင်းပင် မတုန် မလှုပ်၊ အေးတိ အေးစက် မျက်နှာနှင့် ကိုယ့်ကို ကြည့်၍သာ နေသည်။ ကိုယ် ဝမ်းနည်း သွားသည်။ အမေ ကိုယ့်ကို မလိုချင် တော့တာ သေချာပြီ။ ကိုယ် သေဆုံး သွားတာကို သိလျက်နဲ့ အမေ ကိုယ့်အတွက် ပူဆွေး ဝမ်းနည်းမှုလည်း မဖြစ်၊ အခု ကိုယ် တောင်းဆို တာကိုလည်း စိတ်ဝင်စားပုံ မပေါ်။ ကိုယ် … ငရဲ သို့သာ သွားရတော့မည် ထင်သည်။ မျှော်လင့်ချက် မဲ့သူ တို့၏ ထုံးစံ အတိုင်းပင် ကိုယ် ခေါင်းငိုက်စိုက် ချ၍ အောက်ကို ပြန်ဆင်း လာခဲ့သည်။ ကိုယ့် ရင်ထဲမှာ ဗလာ ဟင်းလင်း ပွင့်လျက်။ အိမ်ရှေ့ တံခါးပေါက် ရောက်တော့ သူငယ်ချင်းဘေး ပြန်ထိုင် လိုက်သည်။ ကိုယ် သူ့ကို ကြည့်လိုက် မိသည်။ သွားပြီ … တကယ့်ကို အချိန် ကျပြီ ထင်သည်။
ကိုယ့် သူငယ်ချင်းသည် ခုနကလို ပုံစံမျိုး မရှိတော့။ သူ၏ တစ်ကိုယ်လုံး အဖြူရောင် အမှုန်များ အဖြစ် တဖြည်းဖြည်း ပြောင်းလဲ လာနေသည်။ သူ့ကို လာရောက် ခေါ်ငင်ပြီ ထင်သည်။ ကိုယ့် မျက်စိအောက် မှာပင် ကိုယ့် သူငယ်ချင်းသည် လူခန္ဓာကိုယ် အစိုင်အခဲ အဖြစ်မှ အဖြူရောင် အမှုန်အစများ အဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ် နေပြီ။ ကိုယ် ဘာမှ မတတ်နိုင်ပါ။ ကိုယ် … သွေးပျက် ခြောက်ခြားစွာ ကြည့်နေ ခဲ့ရသည်။ ကိုယ် … ကိုယ့်ကိုရော ဘယ်တော့ လာခေါ်မလဲ။ ကိုယ် .. သွားရ တော့မည်။ ဒီလောကကြီး ထဲကနေ ကိုယ် အပြီးတိုင် ပျောက်ကွယ် သွားရ တော့မည်ဟု ထူးထူးဆန်းဆန်း ခံစားလာရသည်။ ကိုယ် ချစ်သော သူများ အနားသို့ ကိုယ် ဘယ်တော့မှ ပြန်ရောက် လာနိုင်မှာ မဟုတ်တော့။ ကိုယ်လည်း မကြာခင် အဖြူရောင် အမှုန် ကလေးများ အဖြစ်သို့ ဖြည်းဖြည်းချင်း ရောက်ရှိတော့မည်။ သူတို့ ကိုယ့်ကို တိုက်စား ဝါးမြို သွားတော့မည်။
ကိုယ့် သူငယ်ချင်းသည် တစ်ကိုယ်လုံး ပျောက်ကွယ်စ ပြုနေပြီ။ သူ့ တစ်ကိုယ်လုံးမှာ ဘယ်ဖက် လက်ကိုသာ မြင်ရ တော့သည်။ သူ အဆုံးတိုင် ပျောက်ကွယ်လု ဆဲဆဲတွင် သူ၏ လက်ထိပ်ဖျား လေးနှင့် ကိုယ့် ပုခုံးကို လာရောက် ထိတို့ သွားသည်။ သူ ကိုယ့်ကို နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်သည်ဟု ကိုယ် သိလိုက်သည်။ သူ့ လက်ဖျား လေးကို ကိုယ် လှမ်းဆွဲ ထားလိုက်ဖို့ ကြိုးစား သော်လည်း မရတော့။ သူ ကိုယ့်အနားမှ အပြီးတိုင် ပျောက်ကွယ် သွားပြီ။ ကိုယ် အလိုလို သိလိုက်သည်။ ကိုယ်လည်း မကြာခင် ဒီလိုပဲ ပျောက်ကွယ် သွားရတော့မည်။ တွေးနေတုန်း အချိန်မှာပင် ကိုယ့် ခြေထောက်တွေ ပေါ့ပါး၍ လာကာ မရှိတော့ သလို ခံစား လိုက်ရသည်။ ကိုယ်လည်း တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာသည်။ အချိန်ကျပြီ ဖြစ်သည်။ ဘာကိုမှ မတွေးတော့ဘဲ ကိုယ့်မျက်လုံး များကို ခပ်တင်းတင်း မှိတ်ထား လိုက်မိ လေသည်။
သူရဿဝါ -
၇ – နိုဝင်ဘာ – ၂၀၁၂

အပြည့်အစုံသို့ »

ရင်ခွဲရုံထဲက ကလေးမလေး


ကျွန်တော် (၁၀) တန်းရောက်တော့ အဖေ ဆေးပင်စင်နဲ့ တပ်ထဲကထွက်လိုက်ပါပြီ၊ တစ်မိသားစုလုံး ရပ်ကွက်ထဲမှာ အိမ်တစ်လုံးဝယ်ပြီး နေကြပါတယ်..၊ ကျွန်တော် (၁၀) တန်းဆရာတစ်ယောက်ရဲ့ အိမ်မှာ Night Study လုပ်ပါတယ်..၊ ညဆို ၇ နာရီလောက်အိမ်ကသွားရပါတယ်..၊ ကျွန်တော့်အိမ်ကနေ ဆရာ့အိမ်ကို သွားဖို့ဆိုရင် ကုတင် (၁၀၀) စစ်ဆေးရုံထဲကနေ ဖြတ်ရပါတယ်..၊ မိနစ်နှစ်ဆယ်လောက်တော့ လမ်းလျှောက် ရပါတယ်..၊

အဲဒီစစ်ဆေးရုံမှာ ရင်ခွဲရုံရှိပါတယ်…၊ စစ်တပ်ဆေးရုံဆိုတော့ သိတဲ့အတိုင်းပဲ…၊ လေ၀င်ပေါက်မှာ ရှိတဲ့ မှန်တွေက ကွဲနေပြီး အထဲကို အတိုင်းသားမြင်ရပါတယ်..၊ ရင်ခွဲရုံတံခါးကိုတော့ အမြဲတမ်းသော့ခတ်ထားပြီး… အရှေ့မှာ ဆင်ဝင်ပုံစံ ၀ရံတာလေးရှိပါတယ်..၊ အဲဒီဝရံတာလေးမှာ မီးလုံးတစ်လုံးချိတ်ဆွဲထားပါတယ်..

တစ်ည ကျွန်တော် ထမင်းစားရင်းနဲ့ Night Study သွားမယ့်အချိန် တော်တော် နောက်ကျသွားတယ်..၊ အိမ်က စထွက်တော့ကို 7:45 လောက်ရှိနေပြီ..၊ ကျွန်တော်လည်း နောက်ကျနေတာကြောင့် ခပ်မြန်မြန် လမ်းလျှောက်ခဲ့တယ်..၊ ကျွန်တော် လျှောက်နေတဲ့လမ်းက မှောင်ပါတယ်.. ဘာမီးမှမရှိပါဘူး.. ရင်ခွဲရုံနားကို ရောက်တော့ ၀ရံတာမှာ ချိတ်ထားတဲ့ မီးအလင်းရောင်နဲ့ ရင်ခွဲရုံပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်… ကျွန်တော်လည်းအမှုမဲ့ အမှတ်မဲ့ ရင်ခွဲရုံဘက်ကို တစ်ချက်လှမ်း ကြည့်လိုက်တယ်..၊ ကျွန်တော်မြင်ခဲ့ရတဲ့ မြင်ကွင်းကို ကျွန်တော်အခုထိ ညအိပ်တော့မယ်ဆို မြင်ယောင်နေတုန်းပါ… ကျွန်တော် အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလည်းဆိုတာကိုတော့ စာနဲ့ မရေးပြတတ်တော့ပါဘူး… တစ်ခုသိတာကတော့ ကျွန်တော် ကြက်သီးဖြန်းခနဲထပြီး ခေါင်းကြီးသွားတယ်ဆိုတာကတော့ သိပါတယ်…

မြင်လိုက်ရတဲ့ မြင်ကွင်းက.. လေကာမှန်ကွဲနေတဲ့နေရာက ကလေးမလေးတစ်ယောက် ခေါင်းထုတ်ပြီး ကျွန်တော့်ကို လျှာထုတ် ပြောင်ပြနေပါတယ်.. အသက်က အလွန်ဆုံးရှိလှ (၆) နှစ်ပေါ့..၊ လေကာပြတင်းပေါက်က လူကြီးတစ်ယောက် မတ်တပ်ရပ်နေမှ ခေါင်းမြင်ရရုံလောက်မြင့်တာပါ…။ သူ့အသက်နဲ့ ဒီလေကာပြတင်းကို မီဖို့ဆိုရင် ရင်ခွဲရုံထဲခုံတစ်ခုခုပေါ်ကို တက်ပြီး မြင်ရမှာပေါ့..။
ကျွန်တော် ယောင်ယမ်းပြီး မျက်လုံးမှိတ်လိုက်တယ်.. ပြီးတော့ ပြန်ဖွင့်ကြည့်တယ်… ကလေးမလေးက ရှိနေတုန်းပါ… ကလေးမလေးက ချစ်စရာလေးပါ.. ဆံပင်နှစ်ဖက်ကိုချီထားတယ်..၊ ပါးနှစ်ဖက်မှာ ပါးနီတွေ ဆိုးထားသလို နီနီရဲရဲလေးဖြစ်နေတယ်.. ပထမကတော့ ကျွန်တော်ကြောင်ကြည့်နေမိတယ်..ဒါပေမယ့်…. ဒီလိုအချိန်… ဒီလိုလူသေတွေထားတဲ့ ရင်ခွဲရုံထဲမှာ ရိုးရိုးလူ ရှိမနေနိုင်ဘူးလို့ တွေးမိတာနဲ့ ကျွန်တော်ဆရာ့အိမ်ရောက်တဲ့ အထိ တောက်လျှောက်ပြေးခဲ့ပါတော့တယ်…၊

ဒီတစ်ကြိမ်လည်း ကယောင်ကတမ်းဖြစ်ပြီး တစ်ပတ်လောက် ဖျားလိုက်ရပါသေးတယ်…။
ကျွန်တော် ပြန်တွေးကြည့်မိတာက ဒီကောင်မလေးက ကျွန်တော်နဲ့လည်းမသိပဲ ဘာလို့ ကျွန်တော့်ကို လာပြီး စနောက်ချင်တာလဲဆိုတာကိုပါ..၊ တစ်ခုရှိနိုင်တာက ကောင်မလေးက မနေ့ တနေ့က ဆေးရုံမှာ ဆုံးသွားမယ်..၊ ရင်ခွဲရုံထဲမှာ ထည့်ထားမယ်..၊ သူ့ဝိဥာဉ်ကလည်း အဲဒီမှာပဲ ရှိနေမယ်..၊ အဲဒီချိန်မှာ ကျွန်တော့်ကို မြင်တော့ ကလေးတို့ သဘာဝ စချင်နောက်ချင်လို့ အပျော်သဘောသက်သက် လျှာထုတ် ပြောင်ပြတာ ဖြစ်ပါလိမ့်မယ်..၊ ကျွန်တော် ဖျားပြီး ပြန်သက်သာတော့ အဲဒီလမ်းကို တစ်ယောက်တည်း မသွားရဲ လို့ အဖော်ခေါ်ပြီး သွားရပါတယ်..၊ ဒါပေမယ့် အဲဒီကောင်မလေးရဲ့ အရိပ်အယောင်တော့ လုံးဝမတွေ့ရတော့ပါ ဘူး…၊ ကျွန်တော်ကတော့ ဒီချစ်စရာကောင်းတဲ့ကလေးမလေး အဲဒီဘ၀ကနေ လွတ်ကျွတ်သွားတာဖြစ်ပါစေလို့ အခုထိ ဆုတောင်းဆဲပါ….

အောင်ထွန်းဦး

အပြည့်အစုံသို့ »

မင်းသမီးလှလှမိုးနဲ့ ဧည့်ဂေဟာ.. ၃ (သရဲ အကြောင်းအရာ)


မင်းသမီးလှလှမိုးဆိုရင်ဖြင့်ရုပ်ရှင်ပရိတ်သတ်ကြီးသိပြီးသားမို့အထူးမိတ်ဆက်ပေးမနေတော့ပါဘူး။
လွန်ခဲ့တဲ့ ၁၉၈၀ လောက်ဆီကပါ အဲဒီအချိန်တုန်းဆီကမေမြို့မှခုလောက်တည်းခိုခန်း

အပြည့်အစုံသို့ »

Taxi Driver ဦးလေးကြီး..သူသရဲခြောက်ခံရတဲ့အကြောင်း(ကိုယ်တွေ့ ဖြစ်ရပ်မှန်)


ကျွန်တော်ကြားဖူးသော သရဲ အခြောက်ခံရသောပုံပြင်တစ်ပုဒ် ကိုပြောပြပါမည်…..(ကိုယ်တွေ့ ဖြစ်ရပ်မှန်)

တစ်လောက..Taxi စီးရင်း..Driver ဦးလေးကြီးက..သူသရဲခြောက်ခံရတဲ့. အကြောင်းကိုပြောပြတယ်..
အဲ့နေ့က..ည၁၀နာရီလောက်ရှိရောပေါ့ကွာ…မင်္ဂလာဒုံဘက်ကိုရောက်နေတာ..
ဦးက..မြို့ထဲပြန်မှာ….ကားပြန်အပ်တော့မယ်ပေါ့ကွာ..တစ်ခေါက်ပြီးရင်တော့.
အဲ့ချိန်မှာ…မိန်းမတစ်ယောက်တားတယ်…

ဆံပင်ရှည်ကိုဖားလျားချထားတယ်
အင်္ကျီကလဲ..အဖြူရောင်ကွာ..ခါးရှည်ပေါ့….ပြောတဲ့နေရာကလည်း..
လမ်းကြုံနေတယ်…နည်းနည်းပဲဝင်ရမှာ..တက်ခိုင်းလိုက်တာပေါ့ကွာ..

ကားထွက်တော့မှ…ကြက်သီးတွေ.ကတစ်ဖြန်းဖြန်း…ထလာတယ်…
သရဲမများလားမသိဘူးဟ…နောက်ကနေ..ဂုတ်ချိုးပြီးသတ်ရင်တော့..
အခက်ဟ..ဆိုပြီး..လန့်လာရော..Back မှန်က..ကြည့်တော့လည်း..ငြိမ်လို့..
ဆံပင်တွေကလည်းလွင့်လို့…ငါလည်းအသက်တောင်ကောင်းကောင်း
မရှူရဲဘူးကွာ..
.အဲ့လို့နဲ့…သူပို့ခိုင်းတဲ့လမ်းရောက်ပါလေရော..
ခွေးတွေကလည်း…အဲ့ချိန်…အူချက်ကွာ….မရပ်တော့ဘူး…
အိမ်က.မြင်နေရပြီ..ငါလည်း…လျှောက်ပြောရတာပေါ့…လမ်းထဲဝင်ရင်…
ကားက..ထွက်လို့မရလောက်ဘူး..ဘာညာနဲ့…
အဲ့ဒါနဲ့…အတင်းတောင်းပန်ပြီး…လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..

ပိုက်ဆံမယူတော့ဘူး..ပြောတာကို..အတင်းပေးသွားသေးတယ်…
ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ…
တစ်သက်နဲ့တစ်ကိုယ်ကွာ..မကြုံဖူးဘူး..နောက်တံခါးကလည်း..မပိတ်သွားဘူး…
အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး…. ကားတံခါးကို..ဖွင့်လိုက်တယ်..
ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ…
စဉ်းစားမိတယ်…ပြန်လှည့်လာရင်တော့ သေပြီလို့……

အဲ့ချိန်ဗြုန်းဆို…ခြေထောက်ကို..လက်အေးအေးကြီး တစ်ဖက်က
လှမ်းဆွဲတယ်.. ငါလည်း….လှမ်းကြည့်တော့..ဟိုမိန်းမ..ခေါင်းကြီး…
ငါ့ခြေထောက်နားမှာလေ…အားပါးပါး…..ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့..
ငါတော့..မြတ်စွာဘုရားကို..အာရုံပြုလိုက်တယ်..ငါတော့…သွားပြီလို့…
အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်……..
“နောက်ဆို..မြောင်းဘေးမှာ..ကား..မရပ်ပါနဲ့..ဦးလေးရယ်..”..တဲ့.
ဟိဟိ…:P

Credit: Thae Su San

အပြည့်အစုံသို့ »

မင်းမော်ကွန်းနဲ့ ပရလောကသားများ


အိပ်နေသောစင်က သိမ့်ကနဲလှုပ်သွားသည်။မျက်စေ့ကို ချက်ခြင်းဖွင့်ကြည့်လိုက်၍ အနားကို အကဲခတ်လိုက်တော့လည်း နီးနီးနားနားမှာ ဘယ်သူမှမရှိ။ဒီတစ်ကြိမ်ဆိုလျှင် ကျော်ကျော် (မင်းမော်ကွန်း) တက်အိပ်နေရသည့် အလောင်းတင်စင် (ထော်လီ) လှုပ်သွားသည်မှာ သုံးခါတိတိရှိခဲ့ပြီ။
ကူဖော်လောင်ဖက်လိုက်သည့် တပည့် ကျော်မျိုးအောင်ကလည်း ကားပေါ်စီးကရက် ဗူးသွားယူသည်မှာ ခုထိပေါ်မလာသေး။ ပါတ်ဝန်းကျင်မှာတော့ ရိုက်ကူးရေးအတွက် မီးချိန်နေသော စက်အဖွဲ့သားများက ကိုယ်စီအလုပ်ရှုပ်နေကြသည်။ ဦးမျိုးကဇတ်ညွှန်းကို ဖတ်ယင်း တစ်နေရာမှာထိုင်လျှက်။
မိမိတို့အဖွဲ့နှင့် ခပ်လှမ်းလှမ်းမှောင်ရိပ်အစပ်မှာ မိမိကိုမိုက်ဂိုက်နှင့် ခါးထောက်ကြည့်နေသူတစ်ဦး။အပေါ်ပိုင်းအကျီမပါ၊
ပုဆိုးတိုတိုဝတ်လျှက်အသားမဲမဲတုတ်တုတ်
ခိုင်ခိုင်။ဒီလူခါးထောက်လျှက်မိမိကိုကြည့်နေသည်မှာအတော်ကြာပြီ။စိတ်ထဲမှလည်းတမျိုးကြီးဖြစ်လို့လာသည်။ကြော်သည်လည်းမဟုတ်တမျိုးကြီး။
ဒီချိန်မှာပဲတပည့်ကျော်မျိုးအောင်ရောက်လာသည်။စီးကရက်တလိပ်ကိုမီးညှိယင်းမျိုး
အောင်ကိုတိုးတိုးကြိတ်ပြောလိုက်သည်။
“ဟေ့ကောင် ချက်ချင်းလှည့်မကြည့်နဲ့နော်၊ မှောင်ရိပ်စပ်ဆိုင်းဘုတ်နားက၊ ဂတုံးနဲ့လူကို
တွေ့လား”…။” ဘယ်တစ်ယောက်လည်း ဘယ်သူမှလည်းမရှိပါဘူး ”.. မျိုးအောင်စကားဆုံးသည်နှင့် ကျော်ကျော်ခုနနေရာကို
လှမ်းကြည့်လိုက်သည်။ ထိုသူမရှိတော့။ စိတ်
ထဲတွင်ပို၍ နောက်ကျိသလိုခံစားလာရသည်။
ညကတဖြည်းဖြည်းအိုမင်းလာသည်။
အချိန်ကည ၉ နာရီ
နေရာကရေဝေးသုသန်…
×××××××××××××××××
လွန်ခဲ့တဲ့ ၉ နှစ်လောက်ကပါခင်ဗျာ။အဲဒီ
တုန်းက..မျှော်လင့်ခြင်းများစွာ..ဆိုတဲ့HIV
ပညာပေးရုပ်ရှင်ဇတ်ကားကိုကျနော်တို့သား
အဖအပါအဝင်သရုပ်ဆောင်ပေါင်းများစွာနဲ့
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကရိုက်
ကူးခဲ့ပါတယ်။ကျော်ကျော်က HIV ကူးစက်ခံ
ရပြီးကွယ်လွန်သွားရှာတဲ့လူငယ်တစ်ဦးနေ
ရာကပါဝင်ရတာပါ။
အထက်မှာဖော်ပြခဲ့တာကသူ့အသုဘ
အခန်းကိုညဖက်ရေဝေးမှာသွားရိုက်ယင်းသူကြုံခဲ့ရတာပါ။အဲဒီညကသူအိမ်ကိုပြန်ရောက်တော့မနက်သုံးနာရီထိုးနေပါပြီ။ကျနော့်ဇနီးကအိပ်ချင်မူးတူးနဲ့တံခါးထဖွင့်ပေးပါတယ်။
မနက်ကျနော်အိပ်ယာကထတော့၊ဇနီး
ဖြစ်သူကညကသားကိုတံခါးဖွင့်ပေးတော့
ကျော်ကျော့်နောက်ကနေလူငါးယောက်ခြောက်ယောက်လောက်လိုက်ဝင်လာတာ
ကို၊သူခုမှသတိရကြောင်းခလေးချီထားတဲ့
မိန်းမတစ်ယောက်လည်းပါကြောင်း၊သူလည်းအရမ်းအိပ်ချင်နေတာနဲ့တံခါးပိတ်ပြီးပြန်အိပ်လိုက်ကြောင်းကျနော့်ကိုပြောပါတယ်။
ကျနော်က၊မင်းအိပ်မှုံစံမွှားနဲ့ကယောင်
ကတန်းဖြစ်တာနေမှာပါလို့ပဲပြန်ပြောမိပါ
တယ်။ဒါပေမဲ့မနက်လည်းလင်းရောချွေးမ
လုပ်သူက၊ညကကျော်ကျော်အိပ်နေယင်းနဲ့
လန့်လန့်အော်တယ်လို့ဆိပြန်ပါရော။
ထူးခြားတာကအဲဒီနေ့ကစပြီးကျော်ကျော့်ကြည့်ရတာမရွှင်မလန်းနဲ့။ဒီ့ထက်ဆိုးတာကညဖက်ကျယင်သူသာမကကျနော့်မြေးနှစ်ယောက်ပါအိပ်နေယင်းလန့်အော်ကြခြင်းပါပဲ။သုံးနှစ်သာသာလောက်ရှိသေးတဲ့မြေးအငယ်မဆိုငုတ်တုတ်ထထိုင်ပြီး
ကြောက်တယ်ကြောက်တယ်နဲ့တညလုံးငို
ပါတယ်။
ကျနော်လည်းတတ်ကျွမ်းနားလည်သူ
များကိုစုံစမ်မေးမြန်းတော့ဆရာဒါရိုက်တာ
ပန်းချီဦးစိုးမိုးက၊အပ်ချည်မျှင်ဆရာတော်ကိုအိမ်ပင့်လာပြီးကျော်ကျော့်ကိုအပ်ပါတယ်
ဆရာတော်ကအစိမ်းသရဲပါဆိုပြီးသုံးရက်လောက်ကုသပေးပါတယ်။
ဒါ့အပြင်ကျနော်တို့ကိုးကွယ်တဲ့ဘုန်တော်ကြီးကျောင်းက၊တိုက်အုပ်ဆရာတော်ဦဝီရိယနဲ့သံဃာတော်များကလည်း၊အိမ်မှာ
ကမ္မဝါညှပ်ပါတယ်။ကမ္မဝါညှပ်ယင်အလွန်ငရဲကြီးလို့တော်ယုံတန်ယုံနဲ့သံဃာတော်များ
ကဤအမှုကိုပြုခဲပါတယ်။
ခုဟာကညရောက်မှာကိုပဲကလေးတွေခ
မျာတထိတ်ထိတ်တလှန့်လှန့်နဲ့အခြေအနေ
အတော်ဆိုးလို့လုပ်ပေးကြခြင်းဖြစ်ပါတယ်။
ဒီတော့မှပဲအခြေအနေကပုံမှန်ပြန်ဖြစ်ခဲ့ရပါတယ်။ဒါကျနော်တို့မိသားစုကြုံခဲ့ရတဲ့
တကယ့်ဖြစ်ရပ်မှန်ပါ။ကံနိမ့်စဉ်အခါမှာတစ္ဆေ
သရဲများကပ်လိုက်လာတာလို့၊အပ်ချည်မျှင်
ဆရာတော်ကမိန့်ကြားပါတယ်ခင်ဗျား။
×××××××××××××××××××××××
မှတ်ချက်
======
တဇ္ဇေတိဟူသောသဒ္ဒာကိုအစွဲပြုလို့”တဇ္ဇေ”
လို့ခေါ်ရာမှ”တစ္ဆေ”လို့အခေါ်အဝေါ်ပြောင်းလာကြောင်း၊အဓိပ္ပာယ်မှာ”ခြိမ်းခြောက်သည်”လို့အနက်ရကြောင်း”ဇိနလင်္ကာရဋီ
ကာ စသေကျမ်းများမှာပြဆိုပါတယ်။
မဂ္ဂင်္ဂဒီပနီကျမ်း၊သမ္မာဒိဌိအဖွင့်၌၊”သြပပါတိ
ကသတ္တာ”လူတို့မမြင်အပ်ကုန်သော၊ငရဲ၊ပြိတ္တာ၊နတ်၊သိကြား၊ဗြဟ္မာ၊ဟူကုန်
သော၊ဥပပတ်သတ္တဝါမျိုးတို့သည်၊အတ္ထိ၊အ
မှန်ရှိကုန်ကြ၏။လို့ဖွင့်ဆိထားပါတယ်ခင်ဗျာ။

Credit: Zin Wyne Facebook

အပြည့်အစုံသို့ »