Showing posts with label religion. Show all posts
Showing posts with label religion. Show all posts

မင်းလေးပါးနှင့် လားရာဂတိ


       ဗုဒ္ဓစာပေထဲမှာ အလွန်ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့လို့ ကြီးလေးတဲ့ မကောင်းကျိုးကို ခံစားနေရသော မင်းလေးပါးအကြောင်းကို ဖော်ပြထားပါတယ်။ ဒီမင်းလေးပါးဟာ မကောင်းတဲ့ဘက်မှာ သမိုင်းတွင်အောင်ကို မိုက်ခဲ့ကြတဲ့ သမိုင်းဆိုးဝင် မင်းလေးပါးပဲပေါ့။ ဘယ်သူတွေလဲဆိုရင် ဒဏ္ဍကီမင်း၊ နာဠိကေရမင်း၊ အဇ္ဇုနမင်းနှင့် ကလာဗုမင်းတို့ပါပဲ။
       အဆုံးစွန်အောင်မိုက်ခဲ့ကြတဲ့ မင်းလေးပါးတို့ရဲ့ လက်ရှိခံစားနေရတဲ့အခြေအနေကို သိချင်တဲ့အတွက်
သိကြားမင်းက သရဘင်္ဂရသေ့ကို မင်းလေးပါးတို့ရဲ့ လားရာဂတိကို မေးပြန်ပါတယ်။
       “အရှင်ရသေ့...၊ ဒဏ္ဍကီမင်း၊ နာဠိကေရမင်း၊ အဇ္ဇုနမင်းနှင့် ကလာဗုမင်းတို့ဟာ အလွန်ကြီးမားသော မကောင်းမှုရှိကြပါတယ်။ ထိုမင်းလေးပါးတို့ရဲ့ လားရာကို ဖြေတော်မူပါဘုရား။ ရသေ့ရဟန်းတို့ကို ညှင်း ဆဲနှိပ်စက်တတ်ကုန်သော ထိုမင်းလေးပါးတို့ဟာ အဘယ်အရပ်မှာ ဖြစ်ကြပါကုန်သလဲဘုရား။”
        သိကြားမင်းရဲ့ အမေးကို ရှင်ရသေ့က အောက်ပါအတိုင်းဖြေကြားတော်မူပါတယ်။
        “သိကြားမင်း....၊ ဒဏ္ဍကီမင်းဟာ ကြုံလှီသောကိုယ်ရှိသော အရှင်ဝစ္ဆရသေ့ကို တံထွေးဒန်ပူ ဖတ်တို့ဖြင့် သွန်းလောင်းခဲ့တယ်။ ဒါကြောင့် အခြံအရံများနှခါင့်တကွ တိုင်းနိုင်ငံပါပျက်ဆီးပြီး သေလွန်တဲ့ အခါမှာ ပြာပူတောငရဲမှာ လောင်ကျွမ်းခံရပါတယ်။ ဒဏ္ဍကီမင်းရဲ့ ကိုယ်ပေါ်ကို ပြာပူမီးတွေ တဖွားဖွား ကျရောက်လောင်ကျွမ်းနေပါတယ်။
        သိကြားမင်း...၊ နာဠိကေရမင်းဟာ ကာယဒွါရအစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်အပ် ကုန်သော ကိလေသာတို့ကို ငြိမ်းစေတတ်ကုန်သော အပြစ်မရှိတဲ့ ရဟန်းတို့ကို သတ်ဖြတ်ညှဉ်းဆဲခဲ့တယ်။ ဒါကြောင့် အဲဒီမင်းဟာ သေလွန်တဲ့အခါမှာ ငရဲခွေးတွေရဲ့ ကိုက်ခဲခြင်းကို ခံနေရပါတယ်။
        သိကြားမင်း...၊ အဇ္ဇုနမင်းဟာ ကြာမြင့်စွာ အကျင့်ကျင့်လေ့ရှိတဲ့ ဂေါတမအနွယ်ဖြစ်သော အင်္ဂီရသ ရသေ့ကို ညှင်းပန်းနှိပ်စက်ခဲ့လို့ ယခုအခါ လှံတံကျင်ငရဲမှာ ဇောက်ထိုးမိုးမြော်ကျရောက်ပြီး ပြင်းထန်တဲ့ ဆင်းရဲဒုက္ခကို ခံစားနေရပါတယ်။
        သိကြားမင်း...၊ ကလာဗုမင်းဟာ ကိလေသာတွေကို ငြိမ်းစေတတ်သော ခန္တီဝါဒီရသေ့ကို အပိုင်း အပိုင်းဖြတ်ခဲ့တယ်။ ဒါကြောင့် ထိုမင်းဟာ အလွန်မတန်ပူပြင်းတဲ့ ကြောက်မက်ဖွယ် အ၀ီစိငရဲသို့ ကျခံနေ ရပါတယ်။
        ဒါကြောင့် သိကြားမင်း..၊ ဒီမင်းလေးပါးတို့ရဲ့ မကောင်းမူနှင့် ၄င်းတို့ကျခံနေရတဲ့ ငရဲများအပြင် အခြားသော ဆိုးရွားတဲ့ ငရဲတို့ကို ကြားနာသိရှိပြီး ထိတ်လန့်ခြင်းရှိတဲ့ အကြင်သူဟာ မြတ်သောအကျင့်ကို ကျင့်နေတဲ့ ရသေ့ ရဟန်းတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ရပါမယ်။ ၄င်းတို့ဟောကြားအပ်သော တရားမြတ် ကို နာယူကျင့်သုံးရပါမယ်။ ထိုသို့ တရားကျင့်သုံးခြင်းဖြင့် နတ်ရွာ သုဂတိသို့ ရောက်ရပါမယ်။”
        စာဖတ်သူအားလုံးလည်းပဲ ဒီမင်းလေးပါးတို့ရဲ့ မကောင်းမူများကို သတိသံဝေဂယူပြီး မပြစ်မှား ထိုက်သော ရဟန်းမြတ်များနှင့်တကွ မိဘဆရာသမား ကျေးဇူးရှင်များကို မပြစ်မှားမိအောင် ဆင်ခြင်ကြကာ တရားနှလုံးကျင့်သုံးခြင်းဖြင့် ကောင်းမြတ်တဲ့ဘ၀သို့ ရောက်ရှိနိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

ရင်ခုန်မိတာ သေမလို့



“စူဠနိဒ္ဒေသအဋ္ဌကထာ” နဲ့ “အပါဒါနအဋ္ဌကထာ”တို့မှာ
“ကိလေသာမီး” ကြောင့် အသက်ပါ ဆုံးသွားရတဲ့
“သီဟိုဠ်က ဝတ္တု” တစ်ခုကို ထုတ်ပြထားတယ်။
“မဟာဝိဟာရကျောင်းတိုက်”က ရဟန်းငယ်တစ်ပါးဟာ
ရုပ်ကလည်းချော၊ အသံကလည်းကောင်း၊
တရားဟောတာကလည်းကောင်းတော့ သီဟိုဠ်မှာ
တအားနာမည်ကြီးနေတာပေါ့။

တစ်ခါတော့ ဘုရင်မင်းမြတ်ဟာ မိဖုရားကြီးနဲ့
သမီးတော်ကိုပါ ခေါ်ပြီး ဒီကိုယ်တော်လေးရဲ့
တရားပွဲကိုလာကြတယ်။ မင်းနဲ့ မိဘုရားဆိုတော့
သူတို့ဟာ ရှေ့ဆုံးက နေရာရတာပေါ့။
ဘုရင့်သမီးတော်ဟာ တရားနာရင်းနဲ့ ကိုယ်တော်လေးကို
မသိမသာစိုက်စိုက်ကြည့်တယ်။
ကိုယ်တော်လေးကလည်း သူနဲ့အနီးဆုံးမှာ
တရားနာနေတဲ့မင်းသမီးလေးကို အမှတ်မဲ့ခိုးကြည့်မိလိုက်တယ်။
အကြည့်ချင်းဆုံတော့ ရင်ခုန်တာပေါ့ကွာ။

အဲဒီမှာတင် ကိုယ်တော်လေးဟာ သတိလွတ်သွားပြီး
တရားကို ဆက်မဟောဘဲ မင်းသမီးလေးကို
စိုက်ကြည့်မိတဲ့အထိဖြစ်သွားတယ်။
မင်းကြီးဟာ ငယ်ရာက ကြီးလာတာဆိုတော့ သမီးတော်နဲ့
ကိုယ်တော်လေးအဖြစ်ကို ရိပ်မိတယ်။
ကိုယ်ချင်းလည်းစာဟန်တူပါရဲ့။
သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်ဆွေးနွေး
တိုင်ပင်ကြပါစေ။ တင်းတိမ် (ကန့်လန့်ကာ)
ကာ ပေးလိုက်ကြလို့ အမိန့်ပေးလိုက်တယ်။

ကိုယ်တော်လေး လူဝတ်လဲမယ်ဆိုရင်လည်း
သဘောတူမယ့် သဘောထင်ပါတယ်။ တင်းတိမ်လည်း
ကာပြီးရော ကိုယ်တော်လေးနဲ့ မင်းသမီးလေးဟာ
တစ်ယောက် လည်ပင်း တစ်ယောက်ဖက်ပြီး ငြိမ်သွားကြသတဲ့။
အတန်ကြာလို့ တင်းတိမ်ဖွင့်ကြည့်လိုက်တော့ နှစ်ဦးလုံး
“ရာဂမီး” လောင်ပြီး၊ ပွေ့ဖက်ရင်း သေဆုံးနေတာကို
တွေ့ကြရတယ်။

မင်းလည်း လူငယ်တစ်ယောက်ပဲ။
မင်းနှစ်သက်တဲ့ မိန်းကလေးကို မြင်ရရင် ရင်မခုန်ဘူးလား။
ခုန်တာပေါ့ဘုရား။
ကိုယ်ချစ်တဲ့မိန်းကလေးကို သေချာမြင်လိုက်ရတဲ့နေ့ဆိုရင်
ထမင်းတောင် မစားချင်တော့ဘူးဘုရား။
အဲဒါ ဘာသဘောလဲ မသိဘူး။

အေး…အဲဒါရှင်းပြချင်လို့ မေးတာ။
ကိုယ်ချစ်တဲ့သူကို မြင်ရရင် ရင်ခုန်သွားတာကိုပဲ
“စာရေးဆရာတွေ၊ ဒါရိုက်တာတွေ”က “အချစ်”လို့
တင်စားပြီး အချစ်ဝတ္တုတွေ ရေးကြတယ်။
အချစ်ဇာတ်ကားတွေ ရိုက်ကြတယ်။
ကြားလိုက်ဖူးပါသေးတယ်။ ရုပ်ရှင်ကား တစ်ကားနာမည်။
ဘာတဲ့ “ရင်ခုန်မိတာ အချစ်လား” တဲ့။
မင်းကြားဖူးတယ်မဟုတ်လား။

“ကြားဖူးတယ်ဘုရား။”

တကယ်တော့ ရင်ခုန်တယ်ဆိုတာ
“လောဘမီးက နှလုံးကိုသွားလောင်တာ”။
ဒါကြောင့် နှလုံးဟာ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်
တအားမြန်သွားတာပဲ။ စောစောက ကိုယ်တော်လေးနဲ့
မင်းသမီးလေးဟာ ရင်ခုန်ရင်းကနေသေသွားတာပဲ။
ဒါကြောင့် “ရင်ခုန်မိတာ အချစ်လား”လို့ မပြောနဲ့။
“ရင်ခုန်မိတာ သေမလို့”လို့ပြောကြ။
မသေချင်ရင် ရင်မခုန်ကြနဲ့ပေါ့ကွာ။

【(မေတ္တာရှင်-ရွှေပြည်သာ)၏ “လူငယ်များအတွက်
ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ -】

အပြည့်အစုံသို့ »

နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုး


       ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုးကို ဟောတော်မူပါတယ်။
       သစ္စံ ဘဏေ နကုဇ္စျေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
       ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။ (ဓမ္မပဒ၊ ၂၂၄၊ နှာ ၄၁)
       မှန်ကန်တဲ့စကား ပြောပါ။ အမျက်မထွက် သည်းခံခွင့်လွတ်ပါ။ နည်းများမဟူ တောင်းသူလာရင် ပေးကမ်းစွန့်ကြဲပါ။ ဒါဟာ နတ်ပြည်ရောက်ကြောင်း တရားသုံးမျိုးပါပဲ။

       မှန်ကန်စွာပြောလေ့ရှိသူဟာ နတ်ရွာကို ရောက်ရတယ်။ ဘာကြောင့်လဲဆိုရင် မှန်မှန်ကန်ကန်ပြောလေ့ရှိသူဟာ မှန်ကန်တဲ့ အလုပ်ကို လုပ်လေ့ရှိသူ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပဲ ဘုရားရှင်က ကောင်းတဲ့အရသာအားလုံးထဲမှာ သစ္စာတရားဟာ အကောင်းဆုံး အရသာဖြစ်တယ်လို့ ဟောတော်မူပါတယ်။
       အမျက်ထွက်စရာအာရုံနဲ့ ကြုံတဲ့အခါ အမျက်ထွက်ခွင့်မပေးပဲ အေးအေးဆေးဆေးနဲ့ သည်းခံလေ့ရှိတာဟာလည်း နတ်ရွာ လားကြောင်း အကျင့်ကောင်းတစ်ခုပါပဲ။ ဘာလို့လဲဆိုရင် အမျက်ထွက်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ အပြစ်တွေ၊ ဆိုးကျိုးတွေကို ဖြစ်ခွင့်မပေးလိုက်လို့ပါပဲ။ ဒါ့အပြင် အမျက်ထွက်ဖွယ်အာရုံကိုပင် နှလုံးသွင်းဆင်ခြင် မေတ္တာအသွင် ကူးပြောင်းပေးနိုင်လိုက်တယ်။ ဆိုလိုတာကတော့ အကိုသိုလ်ဖြစ်မယ့်အာရုံကို ကုသိုလ်အသွင်ပြောင်းယူနိုင်လိုက်တာပါပဲ။
       အနည်းငယ်သောအရာကိုပင် တောင်းလာသူကို သဒ္ဓါကြည်ဖြူ  ပေးလှူခြင်းဟာလည်း နတ်ရွာရောက်ကြောင်း အကျင့်ကောင်းပါပဲ။ နည်းနည်းလေးကိုပင် စေတနာစင်စွာ ပေးလှူခြင်းဟာ နတ်ရွာကို ရောက်စေနိုင်တယ်ဆိုရင် များများပေးလှူ  သဒ္ဓါကြည်ဖြူလိုက်ပါက ဆိုဖွယ်မရှိပါ။ ဘ၀ဟာ ပိုပြည့်စုံသွားပါလိမ့်မယ်။
       ဒါကြောင့် စာချစ်သူများ နတ်ပြည်လားချင်တယ်ဆိုရင် သစ္စာစကားပြောရပါမယ်။ အမျက်မထား မေတ္တာပွားရပါမယ်။ အနည်း ငယ်ပင်ဖြစ်စေကာမူ စေတနာစင်စွာ ပေးလှူတတ်ရပါမယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

သက်သတ်လွတ်စားတဲ့ ကုသိုလ်ပျက်ပါသလား




အမေး။ ။သက်သတ်လွတ်စားတဲ့ အိမ်ရှင်မ တစ်ယောက်က မိသားစုတွေအတွက် အသားဟင်းချက်ပေးတာ သတ်သတ်လွတ်စားတဲ့
ကုသိုလ် ပျက်သွားသလားဘုရား။ တပည့်တော်သိတာက သတ်သတ်လွတ်စားတယ်ဆိုတာ သတ္တ၀ါတွေကို ဘေးမဲ့ပေးတယ်ဆိုတဲ့
စိတ်နဲ့ စားတယ်လို့ သိထားပါတယ်ဘုရား။ တပည့်တော် အသိ မှန်မမှန်ကို ဖြေပေးတော်မူပါဘုရား။

အဖြေ။ ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ် မရနိုင်တဲ့အတွက် ဘယ် အသားဟင်းဖြစ်ဖြစ် ချက်ပေးလို့ရပါတယ်။ အကုသိုလ် မဖြစ်ပါဘူး။ သက်သတ်လွတ်နဲ့ ပတ်သက်ပြီး သန်းခေါင်ယံ အမေးအဖြေ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် ပုညကြိယာဝတ္ထု ဆယ်ပါးအနက် ကြိုက်တာကို ရွေးချယ်ပြီး ပြုလုပ်လို့ရပါတယ်။ ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် သက်သတ်လွတ်စားပါလို့ မဟောထားပါဘူး။ တကယ်တော့ သက်သတ်လွတ် စားတာဟာ ရောဂါကင်းတဲ့ အကျိုးတော့ ရရှိပါတယ်။ တစ်ခါက ဆရာလေး တစ်ပါးပြောဖူးတယ်။
သူဟာ ၀ါတွင်းမှာ သက်သတ်လွတ်စားပါတယ်။ အသားနဲ့ စားတုန်းကထက် အခုရောဂါ ကင်းရှင်းနေတာကို တွေ့ရပါတယ်ဘုရား လို့ ပြောဖူးပါတယ်။
ပြီးတော့ ဆရာတော်ကြီး တစ်ပါးကလဲ သူတစ်ပါးက သက်သတ်လွတ် စားတာဟာ ဘာအတွက်လဲလို့ မေးလျှောက်ပါတယ်။ ဆရာတော်က “ သွားကြားထိုးရတာ သက်သာအောင် သက်သတ်လွတ် စားရတာဖြစ်တယ်”
လို့ မိန့်တော်မူဖူးပါတယ်။

ဒါကြောင့် ရောဂါကင်းဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတတ်ဖို့လိုပါတယ်။
ဘာကြောင့်ဆိုရင် ကိုယ်စားတဲ့ အသားဟာ ကိုယ့်ရည်ရွယ်ပြီး သတ်တဲ့အသား မဟုတ်ရင် သက်သတ်လွတ်ပါတယ်။ နောက်တစ်ခုက သက်သတ်လွတ်စားခြင်းဖြင့် သတ္တ၀ါတွေကို ဘေးမဲ့ပေးရာ ရောက်ပါတယ် ..ဆိုတာနဲ့စပ်ပြီးပြောပါ့မယ်။
ဒီလို အသားမစားရုံနဲ့ သတ္တ၀ါတွေကို ဘေးမဲ့ပေးရာ မရောက်ပါဘူး။
တကယ်တမ်း သတ္တ၀ါတွေကို ဘေးမဲ့ပေးရာရောက်အောင် ပြုလုပ်ချင်တယ်ဆိုရင် ငါးပါးသီလထဲက ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးအသက် မသတ်ပဲ ရှောင်ကြဉ်လိုက်ရုံပါပဲ။
ဒါဆိုရင် ဘေးမဲ့ပေးရုံမက သီလစောင့်ထိန်းတဲ့အတွက် ကုသိုလ်တောင် ရပါသေးတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော
ဆိုဒ်မှာတစ်ဆင့်

ပြန်လည်ကူးယူပြီး
စာဖတ်သူ ဓမ္မမိတ်ဆွေများကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။

Credit to Than Than Khine.

အပြည့်အစုံသို့ »

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)


မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။


ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

အပြည့်အစုံသို့ »

သည်းခံခြင်းသည် မြတ်၏



       သိကြားမင်းဟာ သရဘင်္ဂရသေ့ကို မေးခွန်းတစ်ခုမေးပါတယ်။ “အရှင်ရသေ့၊ အဘယ်သူရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်ပါသလဲ”။ “သိကြားမင်း၊ ကိုယ့်ထက်အားကြီးမြတ်သူ ကိုယ်နဲ့တန်းတူသူ ကိုယ့်အောက်နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ရှေးသူတော်ကောင်းတွေ ဆိုကြပါတယ်။”
       အရှင်ရသေ့၊ ကိုယ့်ထက်အင်အားကြီးသူ ကိုယ်နဲ့တန်းတူသူတို့ရဲ့ စကားကိုတော့ သည်းခံနိုင်ပါတယ်။ ကိုယ့်အောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သောစကားကို အဘယ်သို့လျှင် သည်းခံနိုင်ပါမည်နည်း။”

       သိကြားမင်း...၊ လူ့သဘာဝအရ ကိုယ့်ထက်အင်အားကြီးသူကို ကြောက်လို့ သည်းခံတာလည်းရှိတယ်။ ကိုယ်နဲ့တန်းတူသူ ကိုတော့ ချုပ်ခြယ်ခြင်း၌ အပြစ်ကို မြင်လို့ သည်းခံတာ။ (တန်းတူဖြစ်နေလို့ အပြန်အလှန် ယှဉ်ပြိုင်မမိုက်ချင်လို့ သည်းခံတာလည်း ရှိတယ်။) ကိုယ့်အောက်နိမ့်ကျသူကိုကား (ကြောက်လို့လည်းမဟုတ်၊ ချုပ်ခြယ်ခြင်း၌ အပြစ်ကို မြင်လို့လည်းမဟုတ်၊ ကိုယ့်ထက် နိမ့်ကျတဲ့သူဆိုတဲ့ အသိနဲ့ မြင့်မြတ်တဲ့စိတ်ထားဖြင့် နားလည်ခွင့်လွတ်ပြီး သည်းခံတာဖြစ်လို့) မြတ်သောသည်းခံခြင်းလို့ ရှေး သူတော်ကောင်းတွေ ဆိုကြပါတယ်။
       လောကမှာ တစ်ခါတစ်ရံ အယုတ်၊ အလတ်၊ အမြတ်ခွဲခြားဖို့ ခတ်ခဲပါတယ်။ (အချို့သူယုတ်မာတွေက သူတော်ကောင်းပုံစံနဲ့ သွားလာကြတယ်။) အချို့သူတော်ကောင်းတွေက သူယုတ်မာအသွင်ဖြင့် သွားလာကြတယ်။ ထိုသို့ ခွဲခြားရန်ခတ်တဲ့အတွက် အားလုံးသော သူတို့ရဲ့ ကြမ်းကြုတ်တဲ့စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ဆိုတာပါ။ တကယ်တော့ သည်းခံတဲ့နေရာမှာ ကြီးသူ၊ တန်းတူသူ၊ နိမ့်ကျသူ ဘယ်သူရဲ့ ကြမ်းကြုတ်တဲ့စကားပဲဖြစ်ဖြစ် မေတ္တာနဲ့ယှဉ်ပြီး သည်းခံတာက စိတ်ချမ်းသာပါတယ်။ အချို့များဟာ သည်းမခံနိုင်တဲ့အတွက်ကြောင့် (ဖေ့ဘုတ်မှာ) သူကဆဲရင် ပြန်ဆဲလိုက်တယ်။ ကိုယ်ဆဲတော့ သူကလည်း ပြန်ဆဲ တယ်။ ဒီလိုနဲ့ အဆဲသံသရာလည်တော့တာပါပဲ။ အချို့ဆိုရင် စကားတွေနဲ့ ထိုးဆွဖို့ လစာပေး ခိုင်းထားသလား အောက်မေ့ရ တယ်။ နောက်ဆုံးရလာဒ်ကတော့ ဆဲလို့ပြီးသွားပေမယ့် ကိုယ့်ရင်ထဲမှာ ဒေါသအပူမီးပဲ ကျန်ခဲ့တော့တယ်။  
       ဘယ်အရာမဆို ဒေါသနဲ့ ဖြေရှင်းလို့ မပြေလည်နိုင်ပါဘူး။ မေတ္တာ၊ ပညာနဲ့ယှဉ်ပြီး ဖြေရှင်းမှ ပြေလည်နိုင်တာပါ။
သရဘင်္ဂရသေ့က ဆက်ပြောပါတယ်။ “သိကြားမင်း...၊ သည်းခံခြင်းကြောင့် ရန်ငြိမ်းပါတယ်။ ရန်အေးငြိမ်းခြင်းအကျိုးကို သည်းခံတဲ့ သူတော်ကောင်းတို့သာ ရရှိနိုင်ပါတယ်။”။
       ဒါကြောင့် သည်းခံခြင်းဖြင့် ကိုယ်လိုရာခရီးကို ရောက်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

ကျေးဇူးချေဖျက်ခြင်း


ကျေးဇူးချေဖျက်တယ်ဆိုတာ ကျေးဇူးကန်းတာကို ပြောတာပါပဲ။ ကိုယ့်အပေါ်ကူညီဖူးတာကို လျှစ်လှူရှုထားပြီး ပြန်လည်မကူညီတာဟာ ကျေးဇူးကန်းတာပါပဲ။ တစ်ကြိမ်တစ်ခါကူညီဖူးသူကို ကိုယ့်အလှည့်ကျ ကူညီဖို့ကြုံတဲ့အခါ မကူညီဘဲ ရှောင်ဖယ်နေရင် လူယုတ်ပါပဲ။ ကိုယ့်ကို တစ်သက်လုံးကျေးဇူးပြုလာတဲ့ မိဘများနှင့် ဆရာသမားများကို ပြန်ပြီးကျေးဇူးမတုံပြန်တဲ့သူကိုကား လောကမှာ အမိုက်ဆုံးလို့ ပြောရပါမယ်။

”မက္ခပ္ပဟာနံ ဣသယော ၀ဏ္ဏယန္တိ”
ကျေးဇူးကန်းခြင်းကို ပယ်ခြင်းကို ရသေ့စသော ပညာရှိသူတော်ကောင်းများ ချီးမွမ်းကြပါတယ်။
ကိုယ့်အပေါ် ထမင်းတစ်လုတ်၊ ရေတစ်ခွက်တိုက်ဖူးရင်တောင် ကိုယ့်ကျေးဇူးရှင်ပါပဲ။
ကျေးဇူးရှင်ကို ကျေးဇူးကန်းတဲ့ အပြုအမှု၊ အပြောအဆို၊ အကြံအစည်မျိုးကို ရှောင်ကြဉ်ရမယ်။
ကိုယ့်အပေါ်အလွန်မတန်ကျေးဇူးများတဲ့ အနန္တကျေးဇူးရှင်များဖြစ်ကြသော ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့် ဆရာသမားများကိုကား ဆိုဖွယ်ရာမရှိ။ အသက်ဆုံးတိုင် ကျေးဇူးတုံပြန်ဆပ်ရပါမယ်။
ဒါမှသာလျှင် ပညာရှိသူတော်ကောင်းများချီးမွမ်းကြပါမယ်။
ဘာဖြစ်လို့ ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းကြသလဲဆိုရင် ထိုသူဟာ သူတော်ကောင်းလုပ်ရပ်ကို လုပ်နေလို့ပါ။ လူမိုက်လုပ်ရပ်ဖြစ်တဲ့ ကျေးဇူးကန်းတဲ့အလုပ်ကို လုပ်ရင် သူတော်ကောင်းတွေက ဘယ်ချီးမွမ်းပါ့မလဲ။
သူတော်ကောင်းလုပ်ရပ်လုပ်တဲ့သူဟာ သူတော်ကောင်းတွေရဲ့ သွားရာလမ်းဖြစ်တဲ့ သုဂတိရွာသို့ သွားရပါတယ်။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူးကို ချီးကြူးတုံပြန် ဆပ်နိုင်ကြပါစေ.....။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ



      ဒေါသကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
       ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။

       စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။ တကယ်တော့ စိုးရိမ်ကြောက်လန့်တာဟာလည်း ဒေါသကြောင့်ဖြစ်တာ ပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ ဒေါသရှိနေလို့ ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက် လည်း မပေါက်ကွဲတော့ဘူး။ ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။

       ဒေါသအားကြီးတဲ့သူတွေကျတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ ပိုများတယ်။ ဒေါသနည်းအောင်ကျင့်နေတဲ့သူတွေ ကျတော့ ကြောက်စိတ်တွေ စို၇ိမ်စိတ်တွေ နည်းလာတယ်။
       ဒေါသကို အမြစ်ပြတ် ပယ်သတ်ပြီးတဲ့ သကဒါဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာတော့ ကြောက်စိတ်တို့ စိုးရိမ်စိတ်တို့ လုံးဝ မရှိတော့ပါဘူး။
       ကိုယ်နဲ့ နှုတ်မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေ ပြေပျောက်ဖို့အတွက် သီလစောင့်ထိန်းရပါမယ်။
       စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် သမထလုပ်ငန်းလို့ခေါ်တဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ခြင်း၊ မေတ္တာပွားများဖြင်းတို့ကို ပြုလုပ်ရပါမယ်။
       ဘ၀အဆက်ဆက်က ကိန်းအောင်းနေတဲ့ ဒေါသကို ဖျောက်ဖို့အတွက်ကတော့ ပညာလို့ခေါ်တဲ့ ၀ိပဿနာကို များများ အားထုတ်ရပါမယ်။
      ထိုကဲ့သို့ သီလ၊ သမာဓိ၊ ပညာ တိုးတက်အောင်လုပ်ခြင်းဖြင့် ဒေါသစိတ်တွေ ပါးသထက်ပါးပြီး စိုးရိမ်စိတ်တွေ လည်း လျော့ပါးသွားပါလိမ့်မယ်။ ဒေါသကို အမြစ်ပြတ်ပယ်သတ်နိုင်ရင်တော့ စိုးရိမ်စိတ်တွေ လုံးဝကင်းရှင်းပြီး အဆုံး စွန်သော အေးချမ်းမှုချမ်းသာကို ခံစားသိရှိရပါလိမ့်မယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

မျက်နှာသစ်တဲ့အခါ ကုသိုလ် (၅) မျိုးကို ရအောင်ယူနည်း


(၁)“ဒါနကုသိုလ်”

မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့
” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂)“ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ အရဟံ -ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ -ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃)“မေတ္တာကုသိုလ်”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်ြ
မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄)“မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅)“အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုတ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။ အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။

ဒါဆို မျက်နှာသစ်ရင်း ကုသိုလ် (၅) မျိုး ရသွားပါပြီ။ ကဲ…. စာဖတ်သူအပေါင်းတို့ရေ… မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

အပြည့်အစုံသို့ »

စန္ဒကူး နှင့် မြွေပွေး



( တက္ကသိုလ် သင်္ခ )
  လောကတွင် လူရယ်လို့ ဖြစ်လာရင် အသိုင်းအ၀ိုင်း ရှိရသည်။ အပေါင်းအသင်း ရှိရသည်။ မိမိ တစ်ကိုယ်တည်း ထီးထီးကြီး နေ၍ မဖြစ်ပေ။ အသိုင်းအ၀ိုင်း ဆိုရာတွင် ကောင်းသော အသိုင်းအ၀ိုင်း ရှိဖို့ လိုသလို အပေါင်းအသင်း ကောင်းရှိဖို့ လည်း လိုပါသည်။

အပေါင်းအသင်း ဆိုရာတွင် မိတ်ဆွေ ၊ မိတ်ဆွေစစ် ၊ မိတ်ဆွေတု ဟူ၍ ရှိသဖြင့် မိတ်ဆွေစစ် ကိုရွေးပြီး ပေါင်းသင်း တတ်ရန် လိုသည်။ ထို့အတူ သူတော်ကောင်း နှင့် သူယုတ်မာ ဟူ၍လည်း ရှိသေးသည် မိမိနှင့် ထိတွေ့ ဆက်ဆံ ပေါင်းသင်း ရမည့် လူပုဂ္ဂိုလ် တို့တွင် မည်သူသည် သူတော်ကောင်း ၊ မည်သူသည် သူယုတ်မာ ဟူ၍ ခွဲခြား သိမြင်ဖို့ လိုသည်။
ဤသည်နှင့် စပ်လျဉ်း၍ နီတိကျမ်း ဆရာများက " သူတော်ကောင်း " နှင့် " သူယုတ်မာ " နှစ်မျိုးကို ဤကဲ့သို့ ရှင်းလင်း ဖော်ပြ ထားသဖြင့် လေ့လာ သိရှိနိုင်ရန် တင်ပြ ရပါ၏။
သူတော်ကောင်း တို့သည် ရိုးသားကြ၏။ သူတို့သည် သူယုတ်မာ တို့ကဲ့သို့ အပေါ်ယံ ကောင်းဟန် ပြခြင်း မပြုပေ။ စိတ်ရင်း ကောင်းကြ၏။ ဥပမာ ဆိုရလျှင် ပိန္နဲသီး တို့သည် အပ၌ ဆူးသာ ထင်ကုန်၏။ အတွင်း၌ကား ချိုမြိန်သော အရသာ နှင့် ပြည့်စုံ ကုန်သည်။ ထို့အတူ သူတော်ကောင်း တို့သည်လည်း ထိုနည်း နှင်နှင် ဖြစ်လေသည်။
သူတော်ကောင်း တို့၏ ဥစ္စာသည် နည်းသော်လည်း တွင်းဝရှိ ရေကဲ့သို့ သူတစ်ပါး တို့ မှီခိုရာ၏။ သူတော်ကောင်း မဟုတ်သော သူယုတ်မာ တို့၏ ဥစ္စာသည် များသော်လည်း သမုဒ္ဒရာရေ ကဲ့သို့ ချိုး၍မရ ၊ မှီ၍ မရချေ။
သူတော်ကောင်း တို့သည် စေတနာ ထက်သန်သည့် အလျှောက် သူတစ်ပါး တို့အား ပေးကမ်း စွန့်ကြဲသည်။ သူအများက သူတို့၏ ဒါနအကျိုး ကို ခံစား ကြရ၏။ သူတော်ကောင်း မဟုတ်သူ တို့သည် တစ်ကိုယ်ကောင်း သဘော ရှိသောကြောင့် သူတို့တွင် ပစ္စည်း ဥစ္စာ များသော်လည်း တွန့်တို၏။ ထို့ကြောင့် သမုဒ္ဒရာ ရေကို မည်သူမျှ သောက်သုံး၍ မရ သကဲ့သို့ မည်သူမျှ အကျိုး မခံစား ကြရချေ။
ယုတ်သော သဘောရှိသော သူသည် သူတစ်ပါးတို့၏ နှမ်းစေ့ခန့်မျှသာ ရှိသော ၊ အနည်းငယ်သော အပြစ်ကို သာလျှင် မြင်တတ်၏။ အုန်းသီး လောက်ရှိသော မိမိ၏ အပြစ်ကိုကား မမြင်တတ်ပေ။
  ခွေးသည် အခြားခွေးကို ကိုက်ရန် ကြိုးစား သကဲ့သို့ သူယုတ်မာ က သူတော်ကောင်း ကို ပြစ်မှားသည်။ မကောင်းမှု က ကောင်းမှုကို အတိုက်အခံ ပြုသည့် သဘောပင် ဖြစ်သည်။
ေ လောက၌ စန္ဒကူး သည် ချမ်းမြေ့၏။ ထို စန္ဒကူး ချမ်းမြေ့ သည်ထက် လသည် သာ၍ ချမ်းမြေ့၏။ စန္ဒကူး နှင့် လတို့ ချမ်းမြေ့ သည်ထက် ကောင်းစွာ ဆိုအပ်သော သူတော်ကောင်း တို့၏ စကားသည် ချမ်းမြေ့လှ၏။
 
  နေခြည်တစ်ထောင် အလင်း ဆောင်သော နေမင်းသည် အနောက် မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင် သည် ညွှတ်ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ ထောင်ထိပ် ၌လည်း ကြာသည် ပွင့်ရာ၏ ဟူသော စကားရပ် တို့သည် ဖောက်ပြန်ခြင်း အလျဉ်း ရှိသော်လည်း သူတော်ကောင်း တို့၏ စကားသည် တစ်ရံ တစ်ဆစ်မျှ မဖောက်ပြန် ရာ မှန်သည်ကိုသာ ဆိုလေသည်။

သူယုတ်မာကို အလွန်ချစ် သည်ဟု မပြုအပ်ပေ။ ဦးခေါင်းဖြင့် ရွက်ဆောင် အပ်သော်လည်း မပြည့်သော ရေရှိသည့် အိုးကဲ့သို့ အုတ်အုတ် ကျက်ကျက် ကို ပြုတတ်၏။ တစ်နည်း ဆိုရလျှင် " မပြည့်သောအိုး ဘောင်ဘင်ခတ် " ဆိုသကဲ့သို့ မတည်ငြိမ်သော လူယုတ်မာကို မေတ္တာများစွာ မထားသင့်ပေ။ သူယုတ်မာ သည် သမာဓိ မရှိသောကြောင့် မိမိအပေါ်တွင် သစ္စာ မရှိဘဲ သူ့အလို မကျလျှင် ရန်ပြု တတ်သည်။

သူယုတ်မာ သည် မြွေထက် ပို၍ ဒေါသ ပြင်းထန်၏။ မြွေကို ဆေးဝါး မန္တန် တို့ဖြင့် နှိပ်ကွပ် နိုင်သည်။ သူယုတ်မာ ကို မည်သည့် ဆေးဝါးများဖြင့် မျှ နှိပ်ကွပ်နိုင်မည် မဟုတ်ချေ။ သူယုတ်မာ သည် အမြဲပင် အန္တရာယ် ပြုနိုင်သည်။ မြန်မာမှု နယ်ပယ်တွင် " မြွေမွေး ခါးပိုက်ပိုက် " ဟူသော စကားပုံ ရှိ၏။ မြွေပွေးကို ခင်မင် တွယ်တာနေလျှင် မြွေပွေးသည် အရှင် သခင်ရော ၊ ဘာရောမသိ အချိန်မရွေး ဒုက္ခ ပေးနိုင်သည့် သဘောပင် ဖြစ်လေသည်။

အကြင်သူ သည် သူတော် မဟုတ်သော သူအား ချစ်အပ်သည် ဖြစ်၏။ သူတော်ကောင်း အား ချစ်ခြင်းကို မပြု။ မသူတော် တို့၏ တရားကို သာလျှင် နှစ်သက်၏။ ထိုသူ၏ အမူအကျင့်သည် ပျက်စီးမည် သာဖြစ်၏။ ထိုနည်းတူစွာ မသူတော် နှင့် ပေါင်းဖက်ပြီး မသူတော် တို့စကား ကိုသာ နှစ်သက် လိုက်နာသူသည် ပျက်စီးဖို့သာ ရှိပါ၏။

ပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်း တို့သည် ဂုဏ်ကျေးဇူးကို အလိုရှိ ကုန်၏။ သူယုတ်မာ တို့သည် အပုပ်ကို လည်းကောင်း ၊ အပျက် ကိုလည်းကောင်း အလိုရှိ ကုန်၏။ ထို့အတူ မြတ်သော သူတို့သည် ကောင်းမွန် မြင့်မြတ်သော အရာကိုသာ အလိုရှိ ကုန်၏။ ယုတ်ညံ့သော သူတို့သည် ဒေါသတည်း ဟူသော ယုတ်ညံ့သော စိတ် ၊ စေတသိတ် ၌သာ မွေ့လျော် လေသည်။

  လောက၌ စန္ဒကူးပင် သည် ခြောက်သွေ့ သော်လည်း အနံ့ကို မစွန့်။ ဆင်ပြောင်သည် စစ်မြေပြင် သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့် ၊ ကြံသည် ယန္တရားစက် ၏ အ၀သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့် ၊ ပညာရှိ သူတော်ကောင်း သည် ဆင်းရဲခြင်း သို့ ရောက်သော်လည်း သူတော်ကောင်း တရားကို မစွန့်သာလျှင် တည်းဟု ဆိုလေသည်။

အချို့သော အရာတို့၌ ပင်ကို အရည်အသွေး ရှိ၏။ ထို အရည်အသွေး တို့သည် ကောင်းသော အရည်အသွေး များဖြစ်လျှင် သက်ဆိုင်ရာ အရာ (သိုမဟုတ်) ပုဂ္ဂိုလ်သည် ထူးခြား၏။ သူတော်ကောင်း ၏ အရည်အသွေး မှာ ပစ္စည်းဥစ္စာ မပြည့်စုံ ငြားလည်း မတရားမှု ကို ဘယ်တော့မျှ မလုပ်ဘဲ လမ်းမှန်ကိုသာ လျှောက်သည်။

သူယုတ်မာ တို့သည် ကြွားတတ် ကြ၏။ လူရာဝင်ချင် ကြ၏။ မိမိတို့ မလုပ်အပ် သည်တို့ကို လုပ်တတ် ကြ၏။ ထိုသူတို့၌ သူယုတ်မာ တို့၏ လက္ခဏာ ရှိသည်။

" ရွှေအကြောင်း ဖယောင်းသိ ၊ လူအကြောင်း ပေါင်းမှသိ " ဟူသော စကား ကဲ့သို့ပင် လူတစ်ယောက် ကို မပေါင်းသင်း မဆက်ဆံ ရသေးခင် သူ့အလိုသို့ မလိုက်မိရန် အရေးကြီး သည်။ လူအချို့ တို့သည် ဟန်ဆောင်ကောင်း တတ်ကြသည်။ စကားပြောဆို ရာတွင် တစ်ဖက်သား ယုံလွယ်အောင် ပြောတတ် ကြသည်။ ထိုလူမျိုးကို ပေါင်းကြည့်မှ အကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် စန္ဒကူးပင် နှင့်တူသော သူတော်ကောင်း ကို ပေါင်းသင်း၍ မြွေပွေးနှင့် တူသော သူယုတ်မာ ကို ဝေးဝေးက ရှောင်ရန် အကြံပြု ရပါ၏။

Themyawadydaily

အပြည့်အစုံသို့ »

အရွယ်တင်နုပျို ၀ိတ်ကျလိုလျှင် အစားကို ဆင်ခြင်




       တစ်နေ့မှာ မသေနဒီကောသလမင်းဟာ ဗိုက်တင်းအောင်စားပြီး ဘုရားထံတရားနာရန်သွားခဲ့တယ်။ သူစားတဲ့ထမင်း ပမာဏကလည်း ခုခေတ်ကမ္ဘာ့အစားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်စားမယ့် ပမာဏထက် များစွာသာလွန်ပါတယ်။ အမြဲတမ်း ထမင်းကို ဆွဲပုံးအပြည့်၊ ဟင်း၊ အချိုပွဲအပြည့်ဖြင့် စားသုံးလေ့ရှိတယ်။ အဲလိုစားသောက်ပြီး ဘုရားထံတရားသွားနာတဲ့အခါ ခန္ဓာကိုယ် ပင်ပန်းလေးလံပြီး တရားအစမှာပဲ ခေါင်းတဆတ်ဆတ်နဲ့ ငိုက်တော့တာပါပဲ။ ဒီတော့ ဘုရားရှင်က မေးတယ် "ဒကာမင်းကြီး၊ အနားမယူပဲနဲ့များ လာခဲ့လေသလား? မဟုတ်ပါဘူးဘုရား တပည့်တော်ဒီလိုပဲ အစားစားပြီးတိုင်း ခုလို ငိုက်ချင်စိတ်လွမ်းမိုးနေ တယ်ဘုရား။

       "မင်းကြီး ပျင်းရိငိုက်မျဉ်းပြီး အစားကို အလွန်အကျွံစား၍ ၀က်လိုပဲ တလူလူအိပ်လေ့ရှိသူဟာ (မမြဲခြင်းစတဲ့ သဘောတရား ကို မဆင်ခြင်နိုင်တဲ့အတွက်) အဖန်ဖန် အမိဝမ်း၌ ပဋိသန္ဓေနေရတယ်"
       "မှန်ပါဘုရား။"
       နောက်တော့ ဘုရားရှင်က ဥတ္တရမင်းသားလေးကို ကောသလမင်းကြီး ထမင်းစားခါနီးတိုင်း စာလေးတစ်ခု ရွတ်ဆိုဖို့ သင်ပေးလိုက်ပါတယ်။
       "သတိရှိပြီး အစားအစာကို စားသင့်တဲ့အတိုင်းအရှည်အားလျှော်စွာ စားသုံးလေ့ရှိသူဟာ ငိုက်မျည်းခြင်းစတဲ့ ဆင်းရဲတွေ တဖြည်းဖြည်းပါးလာလိမ့်မယ်။ အရွယ်တင်မယ်။ အသက်ရှည်မယ်"
       ဥတ္တရမင်းသားလည်း ဘုရားပြောတဲ့အတိုင်း ထမင်းစားခါနီး အထက်ပါစာလေးကို ရွတ်ဆို သတိပေးတဲ့အခါ ကောသလ မင်းကြီးလည်း အစားကို နည်းနည်းချင်း လျှော့စားလာပါတယ်။ တစ်ပတ်ပြည့်တော့ စောစောက ပျင်းရိငိုက်မျည်းတဲ့ ခံစားမူတွေ မရှိတော့ဘူး။ ကိုယ်လည်း တက်ကြွလာတယ်။ နောက်တော့ ခန္ဓာကိုယ်ဟာ ၀ိတ်ကျပြီး ကြည့်ကောင်းရှုကောင်းဖြစ်လာပါတော့ တယ်။ ဒီတော့မှ ကောသလမင်းကြီးလည်း စိတ်ချမ်းသာမှုကို ခံစားရပါတော့တယ်။
      ဘုရားရှင်က ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့အတွက် အစားကို ဆင်ခြင်ဖို့ နည်းပေးတော်မူပါတယ်။ အစားအသောက်ရဲ့ အတိုင်းအရှည်ကို သိရမယ်။ စားကောင်းကောင်းနဲ့ ဗိုက်တင်းအောင်စားရင် မအီမသာဖြစ်တယ်။ အဆီပွားတယ်။ ကိုယ်ခန္ဓာလေးလံလာပြီး ငိုက်မျည်းခြင်းတွေ ၀င်လာတယ်။ ဒါကြောင့် အစာစားတဲ့အခါ ဗိုက်ထဲရေတစ်ခွက်စာချန်ပြီးစားပါ။ ပြည့်အောင်မစားပါနဲ့တဲ့။ စားတဲ့အခါမှာလည်း ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ်၊ ငန် အရသာစုံမျှအောင် စားပါ။ ခေတ်ကာလနည်းကတော့ နည်းနည်းနဲ့ ခဏခဏစားပေးတာ ကျန်မာရေးအတွက် ကောင်းတယ်လို့ပြော ပါတယ်။ နောက်ပြီး မစားသင့်တဲ့အစာများကတော့ မတည့်စာ၊ အားနာစာ၊ နှမြောစာများ ဖြစ်ပါတယ်။
       ဒါကြောင့် စာရှုသူများ အရွယ်တင်နုပျိုဝိတ်ကျလိုတယ်ဆိုရင်တော့ ဘုရားဟောတဲ့ သတိဆေးနဲ့ အစားကို ဆင်ခြင်စားဖို့ လိုပါတယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

လောဘနှင့်ဆန္ဒ ကွာခြားပုံ



လိုချင်မှုကို လောဘဟုခေါ်သလို ဆန္ဒလို့လဲခေါ်ပါတယ်။
အခေါ်အဝေါ်ခြင်း တူပေမယ့်
သဘောသွား ကတော့ကွာခြား တယ်လို့ဆိုရမှာပါ။
လောဘရဲ့လိုချင်မှုသည် အစေးရှိပေမယ့်၊ ဆန္ဒရဲ့လိုချင်မှုကတော့ အစေးမရှိဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

" တွယ်တာကပ်ငြိ တက်မက်မှုပါတဲ့ လိုချင်မှုဟာ လောဘဖြစ်ပြီး၊ တွယ်တာကပ်ငြိမှု တက်မက်မှုမပါတာကိုတော့ဆန္ဒ လို့ခေါ်ရမှာပါ။ "

ကာမဂုဏ်အာရုံကိုတွေကိုလိုချင်တာ၊ရချင်တာ၊ခံစားချင်တာကို လောဘလို့ခေါ်ပြီး၊ ကုသိုလ်ပြုချင်တာ၊သီလဆောက်တည်ချင်တာ၊ဘာဝနာပွားချင်တာ၊ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုရချင်တာ စာပေတတ်ချင်တာ၊ဆင်းရဲသူများကိုပေးကမ်းလိုပြီး ပစ္စည်းဥစ္စာကို လိုချင်မှုမျိုးကျတော့ ဆန္ဒလို့ခေါ်ပါတယ်။ လွယ်လွယ်လေးမှတ်ချင်ရင်တော့ ကောင်းသောအရာမှာလိုချင်မှုသည် ဆန္ဒ၊ကာမဂုဏ်စတဲ့မကောင်းတဲ့လိုချင်မှုမျိုးကို တော့ လောဘလို့ခေါ်ပါတယ်။

ဤလောဘကို ချစ်ခင်ခြင်းပေမ ဟုလည်းကောင်း၊ တက်မက်ငတ်မွတ်ခြင်းတဏှာ ဟုလည်းကောင်း၊ မေထုန်မှုများတွင် လိုချင်မှုရာဂဟုလည်းကောင်း၊ တွယ်တာကပ်ငြိ ခြင်းသမုဒယဟုလည်းကောင်း အမျိုးမျိုးနာမည်တပ်၊ ခေါင်းစဉ်တပ်ပြီးပြောဆိုသုံးနှုန်း ကြပါတယ်။

" ပေမဟူသော အမည်ကို သားသမီး၊ညီအစ်ကို၊သမီး၊ခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလိုမျိုးလို ချစ်ခင်မှုကို ပေမဟုခေါ်ပါတယ်။ "

ပေမ-လို့ခေါ်တဲ့ စကားမှာ ချစ်ခင်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဤချစ်ခင်ခြင်းမျိုးကိုပင် သံယောဇဉ်လို့တစ်မျိုးခေါ်ဆိုပြီး၊သံယောဇဉ်ဆိုတဲ့စကားမှာ ကြိုးဟု အဓိပ္ပာယ်ရပါတယ်။ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်ကို မခွဲနိုင် မခွာရက်အောင်ချည်နှောင်ခြင်းလို့ဆိုလိုပါတယ်။

အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့ ဤငါးပါးကိုလူတို့ လိုလားအပ်သောကြောင့် 'ကာမဂုဏ်ငါးပါး' ဟုခေါ်ပြီး ထိုကာမဂုဏ်ကိုသာမာန်လိုချင်မှုမျိုးမဟုတ်ပဲ ကတ်ကတ် သတ်သတ်လိုချင်မှုမျိုး၊မရမကလိုချင်မှုမျိုးဖြစ်သဖြင့် 'တဏှာ' ဟုသုံးစွဲကြပြန်တယ်။
ထိုကာမဂုဏ်ငါးပါးတို့မှာ မေထုန်မှုကို အလွန်လိုလားခြင်းကိုကျတော့ ရာဂဟုသုံးစွဲပါတယ်။ ရာဂဟူသော စကား၌ ငြိကပ်ခြင်း၊စွဲလမ်းခြင်း ဟု အဓိပ္ပာယ်ပြန်ဆိုရပါတယ်။ ထို့ကြောင့် ကာမဂုဏ်စတဲ့မကောင်းတဲ့အရာတွေကို လိုချင်မှု၊ တက်မက်မှုကို လောဘလို့ခေါ်တာပါ။ ကာမဂုဏ်တွေကိုခံစားချင်တာ၊ ခံစားတာ၊ ခံစားပြီးရင်းခံစားတာဟာလောဘလို့သတ်မှတ် ရမှာပါ။

" လောဘဆိုတဲ့အရာသည် သတိတရားဖြင့်မထိန်းနိုင်ရင်တော့ နွားငယ်ကလေး၏ ဦးချိုသည် ကြီးလေ ရှည်လေဖြစ်သကဲ့သို့ မွေးကတည်းက ပါလာတဲ့ ထိုတဏှာ လောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင်ဖြစ်ပါတယ်။ "

ထိုကဲ့သို့လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက်

" ယောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်"

ဟု မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကဆိုထားပါတယ်။

လောဘသည် ကုသိုလ်အထောက်အပံ့မရဘဲ သူချည်းသက်သက်ဖြစ်နေမည်ဆိုပါက သေးငယ်သောလောဘပင်ဖြစ်လင့်ကစား အပါယ်လေးပါးရောက်နိုင်ပါတယ်။

ဥပမာ သေးငယ်တဲ့ကျောက်မှုန့်လေးပင်ဖြစ်လင့်ကစား ရေသို့ကျပါကနစ်မြုပ်သကဲ့သို့ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု အကူအညီပါလျှင်တော့ အပါယ်သို့မကျနိုင်ဘူးလို့ ပြောရမှာပါ။ ဆိုလိုတာက ကျောက်မှုန့်သေးသေးလေးသည်သူချည်းသက်သက်ဆို ရေတွင်နစ်မြုပ်နိုင်သော်လည်းလှေအကူအညီရလျှင် ရေတွင်မနစ်ဘဲ လှေ၏ အလိုအကျ လှေပေါ်တွင်ပါရသကဲ့သို့အတိုင်းဖြစ်သလိုမျိုးပါ။ ထို့ကြောင့်ဇတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက်ပါရမီဖြည့်ဖက်များဖြစ်ကြလေသည်။

ဥပမာ မြတ်စွာဘုရားလောင်းတော် သုမေဓာဘဝမှာ ယသော်ဓရာလောင်း သုမိတ္တာ မည်တဲ့အမျိုးကောင်းသမီးက ဘုရားရှင်နှင့်မကွဲမကွာဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ ပါတယ်။ ထိုဝတ္ထုမှာ သူတော်ကောင်းနှင့်ဘဝဆက်တိုင်းပေါင်းသင်းလိုမှုသည် လောဘဟုမဆိုနိုင်ပဲ တမင်တကာဆုတောင်းရသော ကုသိုလ်ဆန္ဒကောင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် သမီး၊ ခင်ပွန်းစသူတို့အနေနဲ့ စိတ်တူကိုယ်တူ သဘောတူဖြစ် ကြတဲ့အခါမှာ တစ်ယောက်နှင့်တစ်ယောက်မခွဲခွာလိုကြ၊ သံသရာဝယ်ပါရမီဖြည့်ကျင့်ပြီး ကောင်းတဲ့ဘုံဘဝမှ နိဗ္ဗာန်လိုချင်မှုသည် ဆန္ဒသာဖြစ်ပေသည်။

ဆန္ဒရဲ့သဘောကား အထက်တွင်ဖော်ပြထားတဲ့အတိုင်း အာရုံတစ်ခုခုကို ပြုလိုခြင်း၊ (ရယူလိုခြင်း)သဘောပင်ဖြစ်ပါတယ်.ပြုလိုခြင်း၊ရယူလိုခြင်းဆိုရာမှာလည်း လောဘကဲ့သို့စွဲလမ်းတတ်ခြင်း၊ ကပ်ငြိတက်ချင်းမဟုတ်ဘဲ ပြုလိုရုံမျှ ရလိုမျှသာဖြစ် ပါတယ်။ ဤဆန္ဒသဘောသည် သတ္တဝါတို့၌ အလွန်ထင်ရှားပါတယ်။ ကလေးငယ် တစ်ယောက်ဟာ ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မှု သည် ဆန္ဒတည်း။ ဟိုသွားချင်၊သည်လာချင်၊တစ်စုံတစ်ယောက်ကို တွေချင်မြင်ချင်၊ ကြားချင်၊နာချင်၊နမ်းချင်၊စားချင်၊ကိုင်ချင်၊ထိချင်၊တတ်သိနားလည်ချင်မှုအစုစုသည် ဆန္ဒသဘောသာဖြစ်ပါတယ်။

နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက၊ မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍နေချင်၊ ကုသိုလ်ရချင်စသည်တို့သည်လည်း ဆန္ဒသဘောပင်ဖြစ်ပါသည်။ တော်ရုံတန်ရုံလိုချင်မှုမျိုး၌ ဆန္ဒအားသေးပြီး၊ မဖြစ်မနေ ရချင်၊ ဖြစ်ချင်မှုမျိုး၌ ဆန္ဒအားကြီး၏။ ဤဆန္ဒကိုအရင်းခံပြီး ဝီရိယသန်သန်ဖြင့် ပါရမီတော်တွေကိုဖြည့်ကျင့် တော်မူခဲ့သောကြောင့် နောက်ဆုံးမှာ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။
ဒါကြောင့်ဆန္ဒဆိုတာ လူတိုင်းတွင်ရှိအပ်ပါတယ်။ထိပ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ဝီရိယကို မည်သူမျှ ပြုကြမည်မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တစ်ခုခုရလိုသော ဆန္ဒကို ပထမဖြစ်ရမည်။ ဤဆန္ဒမျိုးကို အာသာဟုခေါ်သည်။ (အာသာ=လိုလားတောင်းတခြင်း) ထို့နောက် အာသာဆန္ဒရှိနေရုံနှင့် (ဆုတောင်းနေရုံမျှဖြင့်) မရနိုင်ကြောင်းကိုနားလည်ကာ စိတ်ပါလက်ပါ ဝီရိယစိုက်ရမည်။ (ဥပမာ)ရန်ကုန်မှ မန္တလေးသို့သွားလိုခြင်းသည်ဆန္ဒ ဖြစ်သည်။ ထိုဆန္ဒဖြစ်နေရုံမျှဖြင့် မန္တလေးသို့မရောက်နိုင်၊ မန္တလေးသို့သွားနိုင်အောင် ကားခ၊ မီးရထားခ၊ လေယာဉ်ခ စရိတ်ကို လုံလောက်အောင်ရှာရမည်။ထိုသို့ရှာခြင်းကား ဝီရိယ သဘောတည်း၊ ထို့အတူပင် နိဗ္ဗှာန်ရလိုလျှင် ဘုရားအဖြစ်၊သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီကောင်းမှုများကိုကြိုးစားအားထုတ်ရမည်။
ယခုခေတ် အထက်တန်း ထိပ်တန်းရောက်နေသူများသည် ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါပြီး စိတ်သွားတိုင်းကိုယ်ပါလျက် လိုရာပြီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များမဟုတ်ပဲ အာသာဆန္ဒအလိုက် ဝီရိယ စိုက်ထားသူများသာ ဖြစ်ပါတယ်။ ထို့ကြောင့် အလွန်ရခဲသော လူဘဝကိုရနေလျက် တိုးတက်လိုသော အာသာဆန္ဒကင်းလျက် အဖျင်း အ.အ၊အပျင်းအနတွေဖြစ်နေပါလျှင် တိရိစ္ဆာန်ဘဝနှင့် မခြားရတော့ကား မိမိကိုယ်တိုင် ယခုဘဝလည်းအထက်တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်း ပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်ငှလက်ကိုင်ထားသင့်ပါတယ်။ (ဆန္ဒဝတော ကိံ နာမ
နသိဇ္ဈတိ=ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာမရှိ၊ အာသာ ဖလဝတီ သုခါ=တောင်တမှုသည် ကြိုးစား၍အကျိုးရလျှင် ချမ်းသာကိုဖြစ်စေနိုင်၏။)

နိဂုံးချုပ်အနေနဲ့ လူအများသုံးစွဲနေကြတဲ့ စကားတွေမှာ လိုချင်တယ်၊ ရချင်တယ်၊ ခံစားချင်တယ်၊ စတဲ့ “ချင်” ဆိုတဲ့စကားပါတိုင်းလောဘဟုမသတ်မှတ်သင့်ပါ။ "ချင်"ပါတိုင်းလောဘဟုသတ်မှတ်လျှင် လောဘနှင့် ဆန္ဒကို ကွဲကွဲပြားပြားနားမလည်၍ သာဖြစ်ပါတယ်။ ကာမဂုဏ်နဲ့ဆိုင်တဲ့ အာရုံတွေကို လိုချင်တာ၊ ခံစားချင်တာ၊ တက်မက်စွဲလန်း ငန်းငန်းတက်တက်လိုချင်မှုသည်လောဘဖြစ်ပြီး၊ဆန္ဒ၏သဘောမှာ တက်မက်စွဲလန်းခြင်းကင်းပြီး ရချင်လိုမှု ဖြစ်ချင်လိုမှုစိတ်သက်သက်သာ ဖြစ်ပါတယ်။ လောဘ၏ သဘောသည် မကောင်းမှုဘက်သို့ညွတ်ပြီး၊ ဆန္ဒ၏သဘောမှာ အကောင်းဘက်သို့ယိမ်းပါတယ်။ လောဘ၏ လိုချင်မှုသည် ဆင်းရဲပူလောင် စေပြီး၊ ဆန္ဒ၏လိုချင်မှုသည် ချမ်းသာအေးငြိမ်းစေ၏။ ထို့ကြောင့်ကောင်းသည့်အရာများတွင် လိုချင်မှု၊ ဖြစ်ချင်မှု၊ လွတ်မြောက်ချင်မှု၊ ကယ်တင်ပေးချင်မှုသည် ဆန္ဒဖြစ်ပြီး၊ မကောင်းတဲ့အရာများကို တက်မက်ခြင်း၊ ငြိတွယ်ခြင်း ငန်းငန်းတတ်လိုချင်မှုများသည်လောဘသာဖြစ်ကြောင်း၊ လောဘကိုပယ်ပြီး၊ ဆန္ဒကိုတည်ဆောက်ကာ အားထုတ်ခြင်းဆိုတဲ့ ဝီရိယကို ဖြည့်လိုက်ပါက ပစ္စုပ္ပာန် သံသရာ နှစ်ဖြာကောင်းကျိုးများရစေမည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရသည်။

ကိုးကား၊ ။ အရှင်ဇနကာဘိဝံသ ၏ (ကိုယ်ကျင့်အဘိဓမ္မာ၊သဂြိုဟ်ဘာသာဋီကာ) မှီငြမ်းရေးသားသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာ တက္ကသိုလ်၊အိန္ဒိယနိုင်ငံ)


buddhismworld မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
worldofwisdom

အပြည့်အစုံသို့ »

ကြောက်သူနှင့် ရဲရင့်သူ

               
   
        ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နေတဲ့သူတွေဟာ တကယ်တော့ သီလရှိလို့ပါ။ ဘုရားရှင်က ပြောထားပါ တယ်။ လူတွေ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံရင် ရဲ့ရင့်သူဖြစ်တယ်။ ငါးပါးသီလကို ဖောက်ဖျက်သူဟာ ဘယ်ရောက်ရောက် ကြောက်ကြောက်နဲ့ အသက်ရှင်နေရတယ်။

        ဘ၀ကို ရင်ဆိုင်တဲ့အခါမှာ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ဘ၀ကို အကြောက်တရားဖြင့် ဖြတ် သန်းနေရတာဟာ အရမ်းကို ဆင်းရဲလှပါတယ်။ ဘယ်နေရာရောက်ရောက် ကြောက်စိတ်ဝင်နေ တတ် တယ်။ ကိုယ့်စိတ်ကို မလုံခြုံဘူး။

       မှန်ပါတယ်။ သီလဆိုတာ ကိုယ်နဲ့ နုတ်ကို မကောင်းတာ မလုပ်ဖြစ်အောင် စောင့်ထိန်းတာပါ။ ကိုယ်နဲ့ နုတ်ဖြင့် မကောင်းတာကို မလုပ်တဲ့သူဟာ ဘယ်သွားသွား ရဲရင့်နေပါတယ်။ သေမယ်ဆိုရင်တောင် ရဲရဲရင့်ရင့်ပဲ သေရဲပါတယ်။ အကုသိုလ်အပြစ်ကင်းနေတဲ့သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ လိပ်ပြာ သန့်တယ်။ စိတ်လည်းချမ်း သာတယ်။

       သီလမလုံခြုံရင် မကောင်းတာလုပ်နေတဲ့သူပါပဲ။ ကိုယ်နဲ့နှုတ်ဖြင့် မကောင်းတာလုပ်ထားတဲ့သူဟာ ဘယ်သွားသွား ကြောက်နေပါတယ်။ ကိုယ့်အိမ်ထဲမှာ နေနေရင်တောင် ကြောက်စိတ်ဝင်နေပါတယ်။   သေဖို့ဆိုရင် ပိုတောင် ကြောက်သေးတယ်။ ဇိမ်ခံကားစီး၊ မွေ့ယာပေါ်မှာ လဲလျောင်းနေသော်လည်း ကိုယ့်ရဲ့မကောင်းကျိုးဟာ ဘယ်နေ့ဝင်လာမလဲ တွေးပြီး ပူပန်ကြောက်လန့်နေရတယ်။

       ဒါကြောင့် ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ရန်နှင့် သေခြင်းတရားကို ရဲရင့်စွာ ရင်ဆိုင်နိုင်ဖို့အတွက် သီလကို လုံခြုံအောင် စောင့်ထိန်းရပါမယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

ဘေးမဲ့အလှူ



        အော်ညည်းသံတွေ ဆူညံနေတဲ့ အဆောက်အဦးထဲမှာ နွားမတစ်ကောင်ဟာ နွားပေါက်လေးများနှင့်အတူ သေမင်းတံခါးဝ မှာ တန်းစီစောင့်နေကြပါတယ်။ တိရိစ္ဆာန်သဘာဝ အကြောင်းအကျိုးခွဲခြားနားမလည်နိုင်သော်လည်း သေမှာကိုတော့ ကြောက် တတ်ကြပါတယ်။ နွားမကြီးဟာ သူ့ရှေ့မှာ တစ်ကောင်ပြီးတစ်ကောင် လည်လှီးခံနေရတာကို မြင်ပြီး ထိတ်လန့်တုန်လှုပ်ကာ မျက်ရည်များပေါက်ပေါက်ကြနေပါတော့တယ်။ သူလို အိုမင်းနေတဲ့ နွားမကြီးအတွက် သေခြင်းတရားဟာ မထူးခြားသော်လည်း ခုမှ လောကထဲရောက်လာတဲ့ နွားပေါက်ကလေးများအတွက် ကြေကွဲဝမ်းနည်းနေပုံရပါတယ်။      

       အလှည့်ကျတော့မယ်။ ရှေ့မှာ တစ်ကောင်ပဲကျန်တော့တယ်။ နွားမကြီးဟာ ပိုပြီးကြောက်စိတ်တွေဝင်လာကာ မျက်ရည်များ စီးကျလာပြန်ပါတယ်။ နွားပေါက်ကလေးများကလည်း သေတော့မယ်ဆိုတာသိလာတော့ ရုန်းရင်းဆန်ခက် လှုပ်ရှားအော်ဟစ်နေ ကြပါတယ်။ သူ့ရှေ့က တစ်ကောင်အလှည့် ပြီးပါပြီ။ ခု နွားမကြီးအလှည့်ရောက်ပါပြီ။ ထွားထွားကျိုင်းကျိုင်း နွားသတ်သမားတွေ ကလည်း သူများအသက်သတ်ရတာ အင်မတန်ပျော်ရွှင်နေကြတယ်။ နွားမကြီးက တောင့်ခံနေလေ သူတို့က ပိုပျော်လေ။ ”သေမှာကြောက်မနေနဲ့ နွားမ။ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ နောက်မှာ အများကြီးရှိသေးတယ်။ မင်းကို ၀ဋ်ကျွတ်အောင် ချွတ်ပေးနေတာ”။ နွားသတ်သမားများဟာ နွားမကြီးအပေါ်မှာ သနားစိတ်မ၀င်တဲ့အပြင် ပြစ်တင်ကာကျိန်းမောင်းကြတယ်။  
       သန်မာလှတဲ့လူတစ်ယောက်ဟာ သတ်ဖို့အတွက် ထက်လှတဲ့ ဓားကြီးကို မြောက်ရွယ်လိုက်စဉ်မှာပဲ “ဟေ့ နေဦး”။ တားမြစ် သံကြောင့် နွားသတ်သမားဟာ မြောက်လျက်ပင် ရပ်တန့်သွားပါတယ်။ “အဲဒီနွားမနဲ့ နွားပေါက်လေးတွေကို အပြင်ဆွဲခဲ့ဟေ့ လာဝယ်တဲ့သူရှိတယ်”။ အပြင်ရောက်တော့ နွားသတ်သမားများနဲ့မတူ ပြုံးရွှင်စွာဆီးကြိုနေတဲ့ အသက်ကြီးကြီး အမျိုးသမီးကြီး ကို တွေ့မြင်ရပါတယ်။ တကယ်တော့ ဒီနေ့ဟာ သူမမွေးနေ့ပါ။ သူမဟာ သူမွေးနေ့မှာ ခုလို သေတော့မယ့် တိရိစ္ဆာန်များကို ၀ယ်ယူကာ ဘေးမဲ့ပေးလှူလေ့ရှိပါတယ်။    
       ခုလည်း မွေးနေ့မှာ ဘေးမဲ့ပေးဖို့အတွက် သေတော့မယ့် နွားမကြီးနဲ့ နွားပေါက်လေးများကို စာရေးသူနေထိုင်ရာ ဘုန်းကြီးကျောင်းသို့ ခေါ်လာပြီး ရေစက်ချကာ ဇီဝိတဒါနအလှူ  လှူကြပါတော့တယ်။ နွားမကြီးနဲ့ နွားပေါက်လေးများကို သေချာ ကျကျနန ရေချိုးပေးပြီး အစာများ ၀အောင်ကျွေးမွေးပါတယ်။ ထို့နောက် ကားနဲ့တင်ဆောင်ကာ အန္တရာယ်ကင်းမယ့်နေရာမှာ လွှတ်ပေးလိုက်ပါတော့တယ်။ သေဘေးမှ လွတ်မြောက်ပြီး ပျော်မြူးစွာ ပြေးလွှားသွားနေတဲ့ နွားမကြီးနဲ့ နွားလေးများကိုကြည့်ပြီး အမျိုးသမီးကြီးမှာလည်း ၀မ်းသာပီတိဖြစ်လို့ နေပါတော့တယ်။
       သဗ္ဗေ ဘာယန္တိ မစ္စုနော
       သတ္တ၀ါတိုင်းဟာ သေမှာကို လွန်စွာမှပင် ကြောက်ကြပါတယ်။ သဘာဝတရားအရ သေခြင်းတရားမှ မလွတ်မြောက်နိုင် ကြသော်လည်း သူများသတ်လို့ သေရမှာကိုတော့ မလိုလားကြပါဘူး။ နွားမကြီးနဲ့ နွားပေါက်လေးများဟာ ဟင်းလျာဖြစ်တော့မယ့် အခြေအနေမှ လွတ်မြောက်လာခဲ့တဲ့အတွက် အလွန်ကံကောင်းလှပါတယ်။ ကယ်တင်ရှင် အမျိုးသမီးကိုလည်း နွားများကိုယ်စား အရမ်းကို ကျေးဇူးတင်ပါတယ်။ မေတ္တာ၊ ကရုဏာကို အခြေခံပြီး အသက်များစွာကို ကယ်တင်ခဲ့တာဟာ မွန်မြတ်လှတဲ့ ကုသိုလ် ပါ။
       ဒါကြောင့်.....
       မိမိအသက်ကို တန်ဖိုးထားချစ်မြတ်နိုးသလို သူများအသက်ကိုလည်း တန်ဖိုးထားမြတ်နိုးပါ။
       မိမိအသက်ကို ကာကွယ်သလို သူများအသက်ကိုလည်း တက်စွမ်းသလောက် ကာကွယ်ပေးပါ။
       လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ.......။



ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ


အပြည့်အစုံသို့ »

ချုံကိုမီးရှို့ရာကနေ ပျုခေတ်လက်ရာလို့ ယူဆရတဲ့ ရဟန္တာ ရုပ်တုတော်တွေနဲ့ စေတီ၊ သိမ်တွေကို တွေ့ရှိ



ချုံကိုမီးရှို့ရာကနေ ပျုခေတ်လက်ရာလို့ ယူဆရတဲ့ ရဟန္တာ ရုပ်တုတော်တွေနဲ့ စေတီ၊ သိမ်တွေကို ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့မှာ တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။ ရိုက်ကူး မင်းညို

DVB TV News



အပြည့်အစုံသို့ »

ဖြောင့်သူနှင့်ကောက်သူ ဘယ်သူ့နောက်ကို လိုက်မလဲ


        ရှေ့ဆောင်နွားလားဥသဘဟာ ရှေ့ဆုံးကနေ ကွေ့ကောက်သွားလျှင် နောက်က နွားတစ်သိုက်ကလည်း ကွေ့ကောက် လိုက်တယ်။ ဒီလိုပါပဲ အထွတ်အမြတ်ခေါင်းဆောင်လို့ သမုတ်ထားတဲ့ ခေါင်းဆောင်မင်းက မတရားတဲ့အကျင့်ကို ကျင့်နေရင် တိုင်းသူပြည် သားတို့မှာ ဆိုဖွယ်မရှိ။ ခေါင်းဆောင်တွေ မတရားတဲ့အကျင့်ကိုကျင့်နေရင် တိုင်းသူပြည်သားတွေ ဆင်းဆင်း ရဲရဲနေရတယ်။
       ရှေ့ဆောင်နွားလားဥသဘက ရှေ့မှနေ ဖြောင့်ဖြောင့်သွားရင် နောက်ကနွားများလည်း ဖြောင့်ဖြောင့်လိုက်ကြတယ်။ တိုင်းပြည်အုပ်ချုပ်သူမင်းက တရားနှင့်အညီ မျှတစွာကျင့်သုံးရင် တိုင်းသူပြည်သားတို့မှာ ဆိုဖွယ်မရှိ။ တရားကို လိုက်နာ ကျင့်သုံး ကြမည်အမှန်။ ခေါင်းဆောင်များက တရားနှင့်အညီ ကျင့်လျှင် တိုင်းပြည် ချမ်းချမ်းသာသာနေရတယ်။

       ချိုမြိန်တဲ့အရသာရှိတဲ့ သရက်သီးကို မမှည့်ခင် အစိမ်းလိုက်ခူးရင် သရက်သီးအရသာလည်းပျက်တယ်။ သရက်မျိုးစေ့လည်း ပျက်စီးတယ်။ ဒီလိုပါပဲ တိုင်းပြည်အုပ်ချုပ်သူများဟာ တိုင်းသူပြည်သားတွေကို အဂတိလိုက်စား မိုက်မိုက်မှားမှား ဆုံးမစီရင်လျှင် တိုင်းနိုင်ငံရဲ့ အရသာကိုလည်း မခံစားရ။ တိုင်းပြည်လည်း ပျက်စီးတယ်။
       သရက်သီးအမှည့်ကို ခူးဆွတ်ရင်တော့ သရက်သီးရဲ့ ချိုမြိန်တဲ့အရသာကိုလည်း ခံစားရတယ်။ သရက်မျိုးစေ့လည်း ပြန်ရ တယ်။ ထိုသရက်မျိုးစေ့မှတစ်ဆင့် မြောက်များစွာသော ချိုမြိန်ကောင်းမြတ်တဲ့ သရက်ပင်များ တိုးပွားတယ်။
       ဒီလိုပါပဲ အုပ်ချုပ်သူခေါင်းဆောင်များဟာ တိုင်းပြည်ကို တရားနဲ့အညီ အဂတိမလိုက်စား မျှတစွာ အုပ်ချုပ်စီရင်လျှင် တိုင်းပြည်ရဲ့ အရသာကိုလည်း ခံစားရမယ်။ တိုင်းနိုင်ငံလည်း မပျက်စီးပဲ စည်ပင်ဝပြောမယ်။
       တိုင်းပြည်ခေါင်းဆောင်မင်းဟာ အမြို့မြို့အနယ်နယ်မှ သူဌေးသူကြွယ်၊ ကုန်သည်တွေကို အာဏာသုံးပြီး တံစိုးလက်ဆောင် ဆက်သခိုင်းခြင်း၊ အခွန်အတုတ်များစွာကောက်ခြင်းဖြင့် နှိပ်စက်လျှင် တိုင်းပြည်ဘဏ္ဍာကျီကြနှင့် ဆန့်ကျင်နေတာပါပဲ။ လေးသ မား၊ စစ်သားများနှင့် ပညာရှိအကြံပေးများကို နှိပ်စက်လျှင် ထိုမင်းဟာ ဗိုလ်ပါနှင့် ဆန့်ကျင်နေတာပါပဲ။  
       ကိုယ်နှုတ်နှလုံး စောင့်စည်းကုန်သော ရသေ့ရဟန်းတို့ကို နှိပ်စက်လျှင် နတ်ရွာသုဂတိနှင့် ဆန့်ကျင်နေပါတယ်။ အပြစ်မရှိတဲ့ မိဖုရားများနှင့် သားသမီးတို့ကို ညင်းဆဲလျှင် သားသမီး၊ မိဖုရားတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။
       ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများဟာ ရဟန်းရှင်လူ တိုင်းသူပြည်သားများကို မညှင်းဆဲ မသတ်ဖြတ်ပဲ မျှတစွာ တရား သဖြင့် အုပ်ချုပ်ရပါမယ်။
       အသူရာတို့ကို နှိပ်စက်လွမ်းမိုးနိုင်တဲ့ သိကြားမင်းဟာ မိမိရန်သူတို့ကို ထိတ်လန့်တုန်လှုပ်စေသလို တိုင်းပြည်အုပ်ချုပ်တဲ့မင်း ဟာ တိုင်းသူပြည်သားတို့ကို စောင့်ရှောက်ပြီး အမျက်မထွက် တရားစောင့်လျှက် နေမယ်ဆိုရင် မိမိရန်သူများကို မင်းရဲ့တန်ခိုး အရှိန်ဖြင့် ထိတ်လန့်တုန်လှုပ်စေနိုင်ပါတယ်။
(မဟာဗောဓိပရိဗ္ဗာဇကဇာတ်မှ)

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

လူသားအနှစ် တရားအစစ်


       လူသားရဲ့ အနှစ်ဟာ နောက်ဆုံးတရားအစစ် တစ်ခုတည်းပဲ။ လူ့ဘုံဘ၀ရဲ့ အနှစ်ချုပ်ဆိုတာ ကောင်းမှုတစ်ခု တည်းရယ်၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် လူမှန်ရင် အတူတူပဲ။ ကုသိုလ်မှ ရအောင် မယူနိုင်ရင် လူ့ဘ၀ အနှစ် မရှိဘူး။
       မိမိတို့ အစမထင် သံသရာက အစ ယနေ့ထိ ကောင်းမှုဆိုတဲ့ ကံတရားနဲ့ အားယူ လာခဲ့ကြရတာ။ ကောင်းမှုအား သာလွန်မှ အထက်ကို တက်နိုင် ခွင့် ရကြတယ်။ ကောင်းမှုအား ပျော့ညံ့လို့ မကောင်းမှုအား တင်းမာသာလွန်သွားရင် အောက်ကို ပြန်ဆင်း ကြရပြန်တယ်။ တကယ်တော့ တက်ရတာနဲ့ ဆင်းရတာ ယှဉ်ကြည့်ရင် ဆင်းရတာက ပိုများပါတယ်။ ပုထုဇဉ်ဆိုတာ စိတ်နိုင်တာနဲ့ စိတ်မနိုင်တာ ယှဉ်ကြည့်ရင် စိတ်မနိုင်တာက များတာကိုး။

        ကောင်းမှုကို ဘ၀ရဲ့ နောက်ဆုံး လက်ကျန်ပစ္စည်းလို့လည်း ခေါ်တယ်။ ကောင်းမှုမှ မကျန်ရင်လည်း အားကိုးစရာ လုံးဝရှိမှာမှ မဟုတ်တော့ဘဲ။ ဘ၀ရဲ့ အနှစ်ချုပ်လို့လည်း ခေါ်တယ်။ အလုပ်တစ်ခု လုပ်ရင် လောကအဖိုးအခ လုပ်ခ ရတတ်တယ်။ ဒီရတဲ့ လုပ်ခက မကြာခင်သုံးရင် ကုန်သွားမယ်။ ကုန်သွားမယ့် လုပ်ခလောက်နဲ့ လူ့လုပ်ခတန်ပြီလို့ မဆိုနိုင်သေးဘူး။ မကုန်နိုင်တဲ့ လုပ်ခကိုပါ ယူတတ်ဖို့ လိုသေးတယ်။ လူ့ဘ၀ လုပ်ခရလဒ်က အဓိက ကတော့ ကောင်းမှု တရားပဲ။
ဒါနရနိုင်တဲ့နေရာမှာ ဒါနရနိုင်လောက်အောင် အသိဉာဏ်ရှိရမယ်။ ဝေယျာဝစ္စ သီလရနိုင်တဲ့ နေရာမှာ ဝေယျာဝစ္စ သီလ လိမ္မာ ပါးနပ် ကျွမ်းကျင်စွာ ယူတတ်ရမယ်။ မေတ္တာစတဲ့ သမာဓိစွမ်းအား ရနိုင်တဲ့နေရာမှာ သမာဓိစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ၀ိပဿနာ စွမ်းအား ရနိုင်တဲ့ နေရာမှာ ၀ိပဿနာစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ဒီလို ယူတတ်မှ လူအား၊ လူ့စွမ်းအား။
ကျွမ်းကျင်တဲ့ ဉာဏ်ရှိသူ၊ သတိအမြဲ ကိုင်ထားသူအတွက် ၀ိပဿနာစွမ်းအားက မရှားပါဘူး။ အလုပ်တိုင်း၊ နေရာတိုင်း၊ အခါတိုင်း ရနိုင်ပါတယ်။ ရနိုင်တာကိုတော့ လိမ္မာပါးနပ်စွာ ယူထားမှဖြစ်မယ်။ လူ့ဘ၀ လက်ကျန် ပစ္စည်းက ဒါပဲရှိတာကိုး။  
       ပစ္စည်းဥစ္စာကို နောက်ဆုံး လက်ကျန်ပစ္စည်း လုပ်လို့မရဘူး။ ကုန်ကုန်သွားတယ်။ ဆွေမျိုးကို နောက်ဆုံး လက်ကျန်လုပ်လို့ လည်းမရဘူး။ အချိန်စေ့ရင် ခွဲကြရတာ။ ဘယ်တော့မှ မခွဲရတဲ့ လက်ကျန် ပစ္စည်းက တရားပဲရှိတာ။
       တရားသိလို့ တရားရှိတဲ့လူဟာ ပစ္စပ္ပန်မှာ နေတတ်တယ်။ တစ်ယောက်တည်း နေရဲ တယ်၊ နေတတ်တယ်၊ ဘ၀ ကူး ပြဿနာအားလုံး ပြေလည်တယ်။ ပစ္စပ္ပန် သေချာတော့ နောင်ရေး အကုန်စိတ်အေးရပြီးသား။ တကယ် စိတ်အေးစေတဲ့ လူသား အနှစ်က တရားအစစ်ပဲ။
(တိပိဋကယောဆရာတော်ကြီးရဲ့ ဟောကြားချက်ပါ။ အားလုံးမှတ်သားနာယူနိုင်ကြပါစေ။)

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ 

အပြည့်အစုံသို့ »

ဘာကြောင့်သာဓုခေါ်ကြတယ်


သာဓုခေါ်ဆိုခြင်းကို ပတ္တာနုမောဒနာ ကုသိုလ် ဟုခေါ်ပါသည်။

သူများပေးဝေသော ကောင်းမှုကို နှုတ်မြွက်သံချို သာဓုခေါ်ဆိုကြရခြင်းကြောင့် အလှူရှင်တို့နှင့်ထပ် တူ ကောင်းကျိုးတရားများ ဖြစ်ပွါးခံစားနိုင်ခွင့်ရှိကြ၍ (သာဓု) ခေါ်ဆိုကြသည်ဟု မှတ်သားသင့်ပါသည်။

သာဓုခေါ်ဆိုရကျိုးသူများပေးဝေသော ကောင်းမှု ကို နှုတ်မြွက်သံချို သာဓုခေါ်ဆိုကြရခြင်းကြောင့် အလှူရှင်တို့နှင့်ထပ်တူ ကောင်းကျိုးတရားများ ရရှိခံစားနိုင်ပါသည်။

ဤနေရာ၌ စဉ်းစားစရာအချက်အတော်များများရှိပါသည်။ ရှေးဦးစွာ ဗိမ္ဗိသာရမင်းကြီး နှင့်ပြိတ္တာများ အကြောင်းကိုအနည်းငယ်စဉ်းစားကြည့်ကြပါမည်။

ဗိမ္ဗိသာရမင်းကြီးသည် ဝေဠုဝန်ဥယျာဉ်တော်ကို ဘုရားမြတ်စွာ သာသနာတော်အတွက် ပေးလှူလိုက်ပြီး သည့်ညတွင်ပြိတ္တာအပေါင်း၏ ခြောက်လှန့်မှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။

ဘုရားရှင်ထံလျှောက်ထားအပြီးတွင်မှ အတိတ်ဘ၀က ဆွေမျိုးတော်စပ်ခဲ့ကြသောပြိတ္တာများဖြစ်ကြောင်း သိရသည်။ သူတို့သည် ကဿပဘုရားလက်ထက်တော်မှသည် ဂေါတမဘုရားရှင် ရွှေလက်တော်အထိ
ဗိမ္ဗိသာရမင်းကြီးကောင်းမှုပြုအမျှပေးဝေမည့်နေ့ကို မျှော်လင့်ချက်ကြီးစွာဖြင့်စောင့်မျှော်နေခဲ့ကြသူ များဖြစ်ကြသည်။

ဗိမ္ဗိသာရမင်းသည် ကောင်းမှုကိုပြုကားပြုခဲ့ပါ၏။ သို့သော်သူတို့ကိုရည်စူး၍ အမျှပေးဝေမှုကိုကားမပြုခဲ့။ ထို့ကြောင့် သာဓုခေါ်ခွင့်၊ ကောင်းမှု၏အဖို့ကို ခံစားခွင့်မရခဲ့ကြပေ။ ( ဤနေရာ၌ ပထမဆုံးအချက် ကို ကောက်ချက်ချ မှတ်သားကြပါစို့)။

ကောင်းမှုရှင်က ရည်စူး၍ အမျှပေးဝေခြင်းမခံရလျှင် သာဓုခေါ်ခွင့်၊ ကောင်းမှု၏အဖို့ကို ခံစားခွင့်မရနိုင်။
နောက်တစ်နေ့ ကောင်းမှုပြုအမျှပေးဝေသောအခါ သာဓုခေါ်နိုင်ကြ၍ ပြိတ္တာများ စားနေ၀တ် အဆင်ပြေသွားခဲ့ကြပါသည်။

မိမိတို့ကိုရည်စူး၍ပြုသော ကောင်းမှုကို ကောင်းမှုရှင်တို့က နှုတ်မြွက်သံခြွေ အမျှပေးဝေသည့်အခါ သာဓုခေါ်နိုင်ပါလျှင် ကောင်းမှု၏အဖို့ကို ခံစားကြရသည်။

တစ်ဆင့်တက်၍စဉ်းစားဖွယ်သာဓုခေါ်က ကောင်းမှုရှင်တို့နှင့်ထပ်တူ ကုသိုလ်ရသည်ဆိုပါ က ကောင်းမှုပြု အပြီးတွင် ၄င်းပြိတ္တာတို့သာ သာဓုခေါ်ဆိုကြလိမ့်မည်မဟုတ်။ လူသားစစ်စစ်ဖြစ်သော မင်းကြီး၏အခြွေအရံများလည်း သာဓုခေါ်ဆိုကြမည်သာဖြစ်ပါ၏။

ထိုတွင် ကောင်းမှုရှင်ဖြစ်သော မင်းကြီး၌လည်းကောင်း၊ သာဓုခေါ်ဆိုကြသူ လူအပေါင်းတို့၌ လည်းကောင်း ကောင်းမှု၏အကျိုးဂုဏ်အင် အာနိသင်တစ်စုံတစ်ခုမျှကို ဒိဋ္ဌထင်ထင် မတွေ့မမြင်ကြရပါဘဲလျှက် အဘယ့်ကြောင့် သာဓုခေါ်ရှာ ထိုပြိတ္တာတို့ဆီမှာမှ ကောင်းမှု ၏အကျိုးကိုတွေ့မြင်ကြရပါသနည်း။ ( ကောင်းမှုရှင်ဖြစ်သော မင်းကြီး၌ ထိုကောင်းမှုကြောင့် မည်သည့် အ၀တ်တန်ဆာ၊ ရေတွင်းရေကန်။ ခြွေရံသင်းပင်း၊ ဆင်မြင်းရထား၊ စားသောက်ဖွယ်ရာမျှ တိုးပွါး၍ မလာပါဘဲလျှက် အဘယ့်ကြောင့် လက်ဝေခံသာဓုခေါ်ကြရသူပြိတ္တာတို့မှာမှ နတ်ဝတ်တန်ဆာ၊ စားစရာတို့ ဖြစ်ပေါ်၍လာရပါသနည်း။ ပြိတ္တာမဟုတ်သူ သာဓုခေါ်ဆိုကြသူ ထိုထိုလူတို့၌လည်း အဘယ်ကြောင့် ထိုအကျိုးပေးများထင်ရှားစွာ မရရှိကြပါသနည်း ဟုဆိုလိုပါသည်။)
( စာကြွင်းအဖြစ် သီရိလင်္ကာနိုင်ငံမှ အမျှပေးဝေပုံကို ဗဟုသုတမျှဝေလိုပါသည်)
ဦးဇင်းတို့ မြန်မာပြည်တွင် အမျှပေးဝေကြသောအခါ-----

( ၁) ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ---ဟူ၍လည်းကောင်း၊

(၂) ကုသိုလ်---------- အမျှ၊ အမျှ၊ အမျှ ---ဟူ၍လည်းကောင်း၊
အမျှပေးဝေလေ့ရှိကြပါသည်။

သီရိလင်္ကာ၌ အမျှပေးဝေကြပုံမှာ-----
ဣဒံမေ ဉာတီနံဟောတု ၊ သုခိတာ ဟောန္တု ဉာတယော---ဟူ၍ အမျှပေးဝေကြပါသည်။
(အဓိပ္ပါယ်မှာ--"ဤကောင်းမှုသည် ဆွေမျိုးတို့အတွက် ဖြစ်ပါစေ၊ ဆွေမျိုးအပေါင်းတို့ ချမ်းသာကြပါစေ"
ဟူ၍ဖြစ်ပါသည်)

ကျေးဇူးတင်လျှက်.....

ဦးဇင်း (သီရိလင်္ကာ)
မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ 

အပြည့်အစုံသို့ »

အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး



       ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမူနဲ့ ပြည့်ဝတဲ့ အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့ အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
       ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း ဟောထားတာရှိပါတယ်။ ဓမ္မပါလဇာတ်ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။ ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။ ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။ အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။
       တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီးက ဓမ္မပါလမင်းသားရဲ့ မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့ မသေ ကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။
       ကျွန်ပ်တို့ဟာ.....အချိန်တိုင်း၊ အရာရာတိုင်းမှာ အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။
၁။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော သတ္တ၀ါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။
၂။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို သူများပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။
၃။ လူလိမ်တစ်ယောက်ဟာ ပြစ်မှုအမျိုးမျိုးကို ကျူးလွန်နိုင်တဲ့အတွက် ကျွန်ပ်တို့ဟာ ပြတ်လုံးသဘောအနေနဲ့တောင် မှားယွင်း တဲ့စကား မပြောဆိုကြပါဘူး။
၎။ လူမိုက်တွေကို ရှောင်ကြဉ်ပြီး ပညာရှိတို့ကိုပဲ ပေါင်းသင်းပါတယ်။ ပညာရှိတို့ ကဲ့ရဲ့မယ့် အပြုအမှု အပြောအဆိုမျိုးကို မပြု လုပ်ကြပါဘူး။
၅။ လူတိုင်းကို စကားပြောဆိုခွင့်ပေးပါတယ်။ သူတို့စကားကိုလည်း သေချာနားစိုက်ထောင်ပါတယ်။ သို့သော်လည်း ပညာမဲ့သော အယူအဆတွေကို ပယ်ပြီး ပညာရှိတို့ရဲ့ မှန်ကန်တဲ့ အယူအဆမျိုးကိုပဲ လိုက်နာပါတယ်။
၆။ ပေးလှူဖို့ ပြင်ဆင်နေတဲ့အခါမှာလည်း ၀မ်းမြောက်တယ်။ ပေးလှူနေစဉ်မှာလည်း ၀မ်းမြောက်တယ်။ ပေးလှူပြီးနောက်လည်း ၀မ်းမြောက်တယ်။
၇။ ပစ္စေကဗုဒ္ဓါ၊ လှည့်လည်သွားလာနေထိုင်သူ၊ ရဟန်းပုဏ္ဏား၊ လူလေလူလွင့်၊ သူတောင်းစား အားလုံးကို မခွဲခြားပဲ ပေးလှူ ကြတယ်။ ထမင်းဆာရင် ထမင်း၊ ရေဆာရင် ရေ လိုတာလှူတယ်။
၈။ လင်းမယားအချင်းချင်း သစ္စာရှိတယ်။ ဘယ်တော့မှ အခြားသူနဲ့ မဖောက်ပြားဘူး။
၉။ ဘယ်တော့မှ သူများဥစ္စာခိုးဖို့ စိတ်မကူးပါ။
၁၀။ စိတ်ကို မကြည်မလင်ဖြစ်စေမယ့် မည်သည့်အရက်သေစာ၊ မူးယစ်ဆေးဝါးကိုမျှ မသောက်ကြပါ။
       ဒါတွေဟာ အသက်ရှည်ကြောင်း အကျင့်ဆယ်မျိုးပါပဲ။ မိဘတိုင်းက သားသမီးတိုင်းကို ဒီဆယ်မျိုးသင်ပေးကြတယ်။ သား သမီးတွေကလည်း ဒီဆယ်မျိုးကို သင်တယ်။ သင်ပြီးရင် ကျင့်တယ်။ စည်းကမ်းတကျနေကြတယ်။ သားသမီးတွေတင်မကဘူး အိမ်မှာနေတဲ့ ကျွန်တွေကအစ လိုက်နာကြတယ်။ ဒါကြောင့် ထီးဟာ မိုးရေကို ကာကွယ်ပေးသလို တရားကလည်း သူ့ကို ကျင့် သုံးတဲ့သူတွေကို စောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။
       အားလုံးသောစာဖတ်ပရိသတ်များလည်း ဒီဇာတ်တော်လာ အကျင့်များကို အတုယူကျင့်သုံးလို့ အသက်ရှည်ကျန်းမာ ပျော် စရာဘ၀လေးများ ပိုင်ဆိုင်နိုင်ကြပါစေ။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး



       ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမူနဲ့ ပြည့်ဝတဲ့ အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့ အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
       ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း ဟောထားတာရှိပါတယ်။ ဓမ္မပါလဇာတ်ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။ ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။ ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။ အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။
       တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီးက ဓမ္မပါလမင်းသားရဲ့ မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့ မသေ ကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။
       ကျွန်ပ်တို့ဟာ.....အချိန်တိုင်း၊ အရာရာတိုင်းမှာ အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။
၁။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော သတ္တ၀ါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။
၂။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို သူများပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။
၃။ လူလိမ်တစ်ယောက်ဟာ ပြစ်မှုအမျိုးမျိုးကို ကျူးလွန်နိုင်တဲ့အတွက် ကျွန်ပ်တို့ဟာ ပြတ်လုံးသဘောအနေနဲ့တောင် မှားယွင်း တဲ့စကား မပြောဆိုကြပါဘူး။
၎။ လူမိုက်တွေကို ရှောင်ကြဉ်ပြီး ပညာရှိတို့ကိုပဲ ပေါင်းသင်းပါတယ်။ ပညာရှိတို့ ကဲ့ရဲ့မယ့် အပြုအမှု အပြောအဆိုမျိုးကို မပြု လုပ်ကြပါဘူး။
၅။ လူတိုင်းကို စကားပြောဆိုခွင့်ပေးပါတယ်။ သူတို့စကားကိုလည်း သေချာနားစိုက်ထောင်ပါတယ်။ သို့သော်လည်း ပညာမဲ့သော အယူအဆတွေကို ပယ်ပြီး ပညာရှိတို့ရဲ့ မှန်ကန်တဲ့ အယူအဆမျိုးကိုပဲ လိုက်နာပါတယ်။
၆။ ပေးလှူဖို့ ပြင်ဆင်နေတဲ့အခါမှာလည်း ၀မ်းမြောက်တယ်။ ပေးလှူနေစဉ်မှာလည်း ၀မ်းမြောက်တယ်။ ပေးလှူပြီးနောက်လည်း ၀မ်းမြောက်တယ်။
၇။ ပစ္စေကဗုဒ္ဓါ၊ လှည့်လည်သွားလာနေထိုင်သူ၊ ရဟန်းပုဏ္ဏား၊ လူလေလူလွင့်၊ သူတောင်းစား အားလုံးကို မခွဲခြားပဲ ပေးလှူ ကြတယ်။ ထမင်းဆာရင် ထမင်း၊ ရေဆာရင် ရေ လိုတာလှူတယ်။
၈။ လင်းမယားအချင်းချင်း သစ္စာရှိတယ်။ ဘယ်တော့မှ အခြားသူနဲ့ မဖောက်ပြားဘူး။
၉။ ဘယ်တော့မှ သူများဥစ္စာခိုးဖို့ စိတ်မကူးပါ။
၁၀။ စိတ်ကို မကြည်မလင်ဖြစ်စေမယ့် မည်သည့်အရက်သေစာ၊ မူးယစ်ဆေးဝါးကိုမျှ မသောက်ကြပါ။
       ဒါတွေဟာ အသက်ရှည်ကြောင်း အကျင့်ဆယ်မျိုးပါပဲ။ မိဘတိုင်းက သားသမီးတိုင်းကို ဒီဆယ်မျိုးသင်ပေးကြတယ်။ သား သမီးတွေကလည်း ဒီဆယ်မျိုးကို သင်တယ်။ သင်ပြီးရင် ကျင့်တယ်။ စည်းကမ်းတကျနေကြတယ်။ သားသမီးတွေတင်မကဘူး အိမ်မှာနေတဲ့ ကျွန်တွေကအစ လိုက်နာကြတယ်။ ဒါကြောင့် ထီးဟာ မိုးရေကို ကာကွယ်ပေးသလို တရားကလည်း သူ့ကို ကျင့် သုံးတဲ့သူတွေကို စောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။
       အားလုံးသောစာဖတ်ပရိသတ်များလည်း ဒီဇာတ်တော်လာ အကျင့်များကို အတုယူကျင့်သုံးလို့ အသက်ရှည်ကျန်းမာ ပျော် စရာဘ၀လေးများ ပိုင်ဆိုင်နိုင်ကြပါစေ။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »