Showing posts sorted by relevance for query ရာဇာမင်း. Sort by date Show all posts
Showing posts sorted by relevance for query ရာဇာမင်း. Sort by date Show all posts

ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၉၇)မိုင်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ် မီးရထားခုံးကျော်တံတားအောက်ထိုးကျ၊ ယာဉ်ပေါ်ပါသည့် ခရီးသည် (၁၄) ဦး သေဆုံးကာ (၃၀) ဦး ဒဏ်ရာရ (ရုပ်သံ)


ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၉၇)မိုင်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ် မီးရထားခုံးကျော်တံတားအောက်ထိုးကျ၊ ယာဉ်ပေါ်ပါသည့် ခရီးသည် (၁၄) ဦး သေဆုံးကာ (၃၀) ဦး ဒဏ်ရာရ

Eleven Media Group



အပြည့်အစုံသို့ »

အမြန်လမ်း ၌ ရာဇာမင်း ယာဉ် တိမ်းမှောက်၊ လူ ၁၄ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ


နေပြည်တော်၊ မေ ၁၂

အထိတ်တလန့် ဖြစ်ဖွယ် မော်တော်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေသော ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲကျင်းပအပြီး တစ်ရက်ခန့်အကြာ (မေလ ၁၂ ရက်နေ့) ညနေ ၆ နာရီ က နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည် တင် ယာဉ်မှာ အမြန်လမ်း မိုင်တိုင် ၁၉၅ မိုင် ၅ဖာလုံတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိခရီးသည် ၃၀ ကျော် ဒဏ်ရာကြောင့် စိုးရိမ်နေရကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင် ရဲစခန်းနှင့် အမြန်လမ်းထိန်းသိမ်းရေး အင်ဂျင်နီယာမှုးကြီးရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

တိမ်းမှောက်သွားသော ရာဇာမင်းယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ်အတက်တွင်လမ်းချော်၍ ချောက်ထဲပြုတ်ကျခြင်း
ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့အမြန်လမ်းမှလာရောက်သူ ဦးစိုးမင်းလွင်က ပြောကြားသည်။

“အဲဒီကားချောက်ထဲကျတာကိုတော့ကျွန်တော်မတွေ့လိုက်ဘူး။ကျွန်တော်တို့ရောက်တော့ ကားကစောင်းနေတယ်။ မှန်ကွဲပြီးတော့ အပြင်ကို ထွက်ကျတဲ့လူတွေကလည်းထွက်ကျနေတယ်။သေတဲ့လူအရေအတွက်တော့အသေအချာမသိဘူး။အပြင်မှာပထမဆုံးတွေ့တဲ့နှစ်ယောက်ကတော့သေနေတယ်”၎င်းကဆိုသည်။

“ကျွန်တော့်နဲ့အတူ တစ်ယောက်ပါတယ်။ကူတာကတော့အဲဒီနားက နှစ်ယောက်သုံးယောက်ပါပါတယ်။ အမြန်လမ်းတိုးဂိတ်တွေက ဝေတဲ့ အရေးပေါ်ဖုန်းနံပါတ်မှာ ပါတဲ့ဖုန်းတွေကိုတော့ ဆက်ပါတယ်။ ဒါပေမယ့်စာရွက်တွေက သေးလည်းသေးတယ်။မိုးတွေကလည်းရွာ မှောင်ကလည်းမှောင်ဆိုတော့ဆက်ရတာအဆင်မပြေဘူး”ဟု ၎င်းကထပ်လောင်းပြောကြားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည်တစ်ဦးမှာ ဆေးရုံအရောက်တွင်
သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ၄၄ ဦးလိုက်ပါလာကြောင်း အမြန်လမ်းထိန်းသိမ်းရေး အင်ဂျင်နီယာမှုးကြီးရုံးမှ အင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားသည်။

“နေပြည်တော် ခုတင် တစ်ထောင်ကို အလောင်းတွေရော လူနာတွေပါ ပို့ထားတယ်” ဟုပန်းတင် ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးက ဆိုသည်။
အဆိုပါ ရာဇာမင်းကားသည် နေပြည်တော်မှ ထွက်ခွာပြီး မကြာခင် အမြန်လမ်းမရှိသံလမ်းကွန်ကရစ် တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်အထိကရိန်း ကားဖြင့် ပြန်လည် ဆွဲတင်၍ ပန်းတင် ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးက မေ လ၁၂ ရက်နေ့ ည ၁၁ နာ ရီခန့်တွင် ပြောသည်။
“ ဘယ်အချိန်က မှောက်မှန်းမသိရသေးဘူး။စစ်နေတုန်းပ္လဲ ဟု ၎င်းကအခင်းဖြစ်ပွားသည့် နေရာမှ ဆက်သွယ် ပြော ကြားသည်။

အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူများအပြင် ဒါဏ်ရာရသူများမှာ စိုးရိမ်ရသည့် အခြေအနေ ရှိသောကြောင့် အရေးပေါ် လုပ်ဆောင်ချက်များပြုလုပ်နေရကြောင်း ၎င်းက အသိပေးပြောဆိုသည်။

ရာဇာမင်းတာဝန်ရှိသူများအခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့်အတွက်ကားတိမ်းမှောက်မှု အခြေအနေကို တိကျစွာ ပြောကြားနိုင်ခြင်း မရှိဟုရန်ကုန်ရှိ ရာဇာမင်းကားဂိတ်မှာ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

၃၆၅မိုင်ခန့် ရှည်လျားသော ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်-နေပြည်တော်လမ်းပိုင်းစတင်ဖွင့်လှစ်ချိန် ၂၀၀၉ခုနှစ်မှ ၂၀၁၄ခုနှစ် ဧပြီလ ၂၂ရက်နေ့အထိ ၅နှစ်ကျော်ကာလအတွင်း ယာဉ် မတော်တဆမှုပေါင်း၇၃၀ကျော်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၅၃ဦးနှင့် ဒဏ်ရာရရှိသူပေါင်း၁၀၈၄ဦး ရှိကြောင်း တရားဝင်ထုတ်ပြန်ထားချက်များအရ သိရသည်။

Photo by - yangon - mandalay express way
The Voice Weekly

အပြည့်အစုံသို့ »

ရာဇာမင်း EXPRESS ရှေ့ယာဉ်အား ကျော်တက်စဉ် ၀င်ရောက်တိုက်မိ ဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၂၁

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ နံနက် ၀၀၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်း  ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ပြည်မြို့နယ်၊ မြူကုန်းရွာနေ အောင်စုလှိုင်(၂၆)နှစ်မောင်းနှင်လာသည့် ၆င/xxxx ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်သည် ရှေ့ယာဘက်ယာဉ်ကြောမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ကြည်ဝင်း (၄၁)နှစ် မောင်းနှင်သည့် ၁ဂ/xxxx ဂျစ်အပြာရောင်ယာဉ်အား ကျော်တက်စဉ် နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ဂျစ် ယာဉ်မောင်း ဦးကြည်လွင်တွင် ဦးခေါင်းယာချိုစောင်းပေါက်ပြဲ၊ ၀ဲခြေသလုံး(၅)လက်မခန့်အရေပြားစုတ်ပြဲ၊ ရင်ဘတ်နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဂျစ်ယာဉ်မှာ ဘော်ဒီနောက်ပိုင်းဝဲဘက်ခြမ်းကြေမွ၊ နောက်ဘီးကွဲ၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်စုလှိုင်အား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »

ရာဇာမင်းဓာတ်ဆီဆိုင်မှ ငွေများကို လူငယ်တစ်ဦး ဝင်ရောက်လုယက်


မော်လမြိုင်၊ ဧပြီ ၁၈

ပေါင်မြို့နယ် မုတ္တမမြို့ ဇင်းဘာရပ်ကွက် ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်ရှိ ရာဇာမင်း ဓာတ်ဆီဆိုင်တွင် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက် နေ့) နံနက်အစောပိုင်းက ငွေရှင်းကောင်တာမှ ငွေများကို ရန်ကုန်ပြန်ရန် ခရီးစရိတ် လိုအပ်လျက်ရှိသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ဝင်ရောက် လုယူခဲ့ကြောင်း မုတ္တမရဲစခန်းမှ စခန်းမှူးသိန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၂၀ အရွယ်ရှိ ပြည့်ဖြိုးအောင် ဆိုသူသည် ယင်းနေ့ နံနက် ၅ နာရီအချိန်တွင် ဆီဆိုင်အတွင်းသို့ လမ်းလျှောက် ဝင်လာပြီး ငွေရှင်းကောင်တာရှိ ပိုက်ဆံများကို ထုတ်ခိုင်းရာ ဆိုင်ဝန်ထမ်း မအိသိင်္ဂီမြင့်က ထုတ်ပေးခြင်း မရှိသဖြင့် ၎င်း၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်ပြီး ၆၀,၀၀၀ ကျပ်ကို လုယူသွားခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ဆီဆိုင်တွင်းရှိငွေများ ဝင်ရောက် လုယူရန် မော်လမြိုင် ကုလားဈေးအနီးရှိ ဆိုင်ကယ်တက္ကစီ တစ်စီးကို ၁၅၀၀ကျပ် ဖြင့် ငှားခဲ့ပြီး မုတ္တမသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်သို့ မရောက်မီ ဆိုင်ကယ်တက္ကစီကို ရပ်ခိုင်းခဲ့ပြီး တစ်ဦးတည်း ဝင်ရောက် လုယူခဲ့ခြင်း ဖြစ်ကြောင်း လုယက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ရိုက်နှက်ခံရသည့် စာရေးမသည် ဘယ်ဘက်ဦးခေါင်း ကွဲသွားပြီး နှစ်ချက် ချုပ်လိုက်ရကြောင်းနှင့် လုယက်မှု ကျူးလွန်ခဲ့သည့် ပြည့်ဖြိုးအောင်ကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် မုတ္တမ ပုသိမ်ကွင်း ကျောင်းတိုက် ဘုန်းကြီးကျောင်းဘေး၌ ဖမ်းမိခဲ့ကြောင်း စခန်းမှူး သိန်းလွင်က ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် သိရှိရန် မုတ္တမရှိ ရာဇာမင်းဆီဆိုင်မှ ဝန်ထမ်းများနှင့် မန်နေဂျာကို မေးမြန်းရာ ၎င်းတို့သည် ဆီဆိုင်ဝန်ထမ်းများ ဖြစ်ခြင်းကြောင့် ဖြေကြားလိုခြင်း မရှိကြောင်း ဆီဆိုင်မန်နေဂျာ ဦးကျော်ကျော်မင်းက ပြောဆိုသည်။

ပြည့်ဖြိုးအောင်သည် မော်လမြိုင်မြို့ ဦးဇိနဘုရားအနီး ကြံတိုင်းအောင် ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး ကျပန်း လုပ်ကိုင်သူ ဖြစ်ကြောင်းနှင့် ခရီးစရိတ် လိုအပ်ခြင်းကြောင့် ကြံရာမရဖြစ်ကာ ယင်းကဲသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း မုတ္တမရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းဖြစ်ရပ်အတွက် ရာဇာမင်း ဓာတ်ဆီဆိုင် မန်နေဂျာ ဦးကျော်ကျော်မင်းက မုတ္တမရဲစခန်းတွင် တရားလိုပြု တိုင်ကြားခဲ့ရာ မုတ္တမရဲစခန်းက(ပ) ၄၁/၂၀၁၄ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မုတ္တမရဲစခန်းထံမှ သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ပေါင်မြို့နယ်အတွင်း ယင်းကားလမ်းပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို တပ်မတော် အရာရှိတစ်ဦးက ဘောလုံးပွဲ အကြွေးဆပ်ရန် ငွေလိုအပ်ခြင်းကြောင့် ရွှေများ ဝင်ရောက် လုယူမှု ဖြစ်ခဲ့ဖူးသည်။

The Voice Weekly

အပြည့်အစုံသို့ »

ရာဇာမင်းယာဉ်တိမ်းမှောက်မှု ဒဏ်ရာရရှိသူ ၂၁ ဦး အာမခံကြေး ကျပ် ၈၂ သိန်းကျော် ရရှိ



နန်းမြင့်| သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

၂၀၁၄ ခုနှစ် မေ ၁၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သောရာဇာမင်း ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ၂၁ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး စုစုပေါင်း ၈၂ သိန်းကျော် ပေးအပ်ခဲ့သည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

အဆိုပါ အာမခံလျော်ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လျော်ကြေးပေးအပ်ရာတွင် ဆေးရုံတွင်ရှိ နေသူ တစ်ဦးနှင့် စာရွက်စာတမ်း မပြည့်စုံသူလေးဦး ကျန်ရှိနေသေးသည်ဟုလည်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။

အဆိုပါ ဖြစ်စဉ်သည် မေလ ၁၂ရက် ရန်ကုန်-မန္တလေးအမြန်လမ်း (၁၉၇/၆)မိုင်အနီးတွင် ရာဇာမင်း ယာဉ်လိုင်းမှ ယာဉ်အမှတ် (၅ဃ/ ၁၂၅၇) ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၆ ဦး ရှိခဲ့သည်။

ဇွန် ၂၆ ရက်က မြန်မာ့အာမခံလုပ်ငန်းမှ ဒဏ်ရာရှိသူ ၂၁ ဦးအတွက် ခရီးသွားအာမခံအကျိုးခံစားခွင့် ကျပ် ၆၆ သိန်း ကျော်နှင့် သူတစ်ပါးထိခိုက်မှု အကျိုးခံစားမှု အတွက် ၁၅ သိန်းကျော် စုစုပေါင်းကျပ် ၈၂၀၀,၀၀၀ ကျော် ပေးလျော်ခဲ့ခြင်းဖြစ် သည်။

အထူးအဝေးပြေး ခရီးသွားအာမခံလုပ်ငန်းကို တစ်ဦးလျှင် ကျပ် ၃၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ လျှင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးပေးပြီး ဒဏ်ရာရရှိသူ များကို ဒဏ်ရာရရှိမှုပေါ်မူတည်ပြီး ငါးရာ ခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးခြင်း ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူ ဒေါ်စန္ဒာဌေးက “ ဆေးစာရွက်မှတ်တမ်းမှာတော့ လက်ဖျံရိုးကျိုးတယ်။ နံရိုးနှစ်ချောင်းကျိုး သွားတယ်။ အဆုပ်ထိခိုက်တာပါတယ်။ နေပြည်တော်ဆေးရုံမှာ ငါးရက်တက်ခဲ့တယ်။ အာမ ခံလျော် ကြေးပေးတဲ့ထဲမှာ လက်ဖျံရိုးကျိုးတာပဲပါတယ်” ဟု ပြောသည်။

ယင်းဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သူ ၁၆ ဦးအတွက် နေပြည်တော်တွင် အာမခံ လျော်ကြေးပေးအပ်ခဲ့ပြီးဖြစ်ကာ တစ်ဦးလျှင် သူတစ်ပါးထိခိုက်မှုအာမခံအတွက် ကျပ် ငါးသိန်း၊ အထူးအဝေးပြေး ခရီးသွား အာမခံအတွက် ကျပ်သိန်းကုမ္ပဏီတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိမှုအတွက် ကျပ် ၁၀ သိန်းနှင့် ရာဇာ မင်းယာဉ်လိုင်းမှ ကျပ် ၁၅သိန်း ပေးလျော်ခဲ့သဖြင့် တစ်ဦးလျှင် ကျပ်သိန်း ပေါင်း ၆၀ အထိ ပေးလျော်ခဲ့သည်။

Mizzima Burmese

အပြည့်အစုံသို့ »

ကျဆုံး တပ်မတော်သား ထောက်ပံ့ကြေးမှာ ဂျနီဗာလိုပတ်၏ တင်ပါးတစ်ခြမ်း အာမခံထားရှိမှု မျှသာရှိဟု ဦးလှဆွေ ပြော



စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ၌ ကျဆုံး သွားသော တပ်မတော်သား များအတွက် ပေးသည့် ထောက်ပံ့ကြေးငွေသည် ဂျနီဗာလိုပက်၏ တင်ပါး တစ်ခြမ်း အာမခံ ထားရှိမှု မျှသာရှိကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမတ်(၂) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။ ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တပ်မတော်မှ သက်ပြည့် အငြိမ်းစားများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ် ထားသူများနှင့် ကျဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများ အတွက် မည်ကဲ့သို့ ထောက်ပံ့မှု ပေးထား သည်ကို မေးမြန်း ခဲ့ရာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လာရောက် ဖြေကြား ခဲ့သည်။
ယင်းသို့ ဖြေကြားရာတွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် တိုက်ပွဲ ကျဆုံး အရာရှိ တစ်ဦးလျှင် တပ်မတော် အထွေထွေ သက်သာချောင်ချိရေး ရန်ပုံငွေမှ ငွေကျပ် (၁၀) သိန်း နှုန်းဖြင့် လည်းကောင်း၊ အခြား အဆင့် တစ်ဦးလျှင် ကျပ် ရှစ်သိန်း နှုန်းဖြင့် လည်းကောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သော သေဆုံး အရာရှိ တစ်ဦးလျှင် ကျပ် သုံးသိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ် နှစ်သိန်း၊ EA 1 အရာရှိတစ်ဦးလျှင် ကျပ် ငါးသိန်း၊ EA 2 အရာရှိ တစ်ဦးလျှင် ကျပ် သုံးသိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ် နှစ်သိန်းနှုန်းတို့ဖြင့် ထောက်ပံ့ကြေး များကို ၂၀၁၀ ပြည့်နှစ်မှ စတင် ပေးလျက် ရှိကြောင်း ကာကွယ်ရေး ဒုတိယ၀န်ကြီးက ဆိုသည်။
ထိုသို့ ကျဆုံး တပ်မတော်သားများ အတွက် ပေးသော ထောက်ပံ့ကြေးသည် ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြင့် အသက် ဆုံးရှုံးသွားသူများ အတွက်ပေးသော အာမခံကြေး မျှပင်မရှိခြင်း ကို တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား မေးမြန်းရာ ““အာမခံထားလို့ ရတဲ့ ငွေနဲ့ လျော်ကြေးက မတူပါဘူး။ တပ်မတော်က ကြေးစား တပ်မတော် တစ်ခုလည်း မဟုတ်ပါဘူး။ နိုင်ငံတော်က ထောက်ပံ့လို့သာ ဒီငွေက ရတာပါ။ အရင်တုန်းက ဆိုရင် ဒီလောက်တောင် မရဘူး။ ထောက်ပံ့ငွေနဲ့ အာမခံ လျော်ကြေးကို နှိုင်းယှဉ်လို့ တော့မရဘူး။ နှိုင်းယှဉ် ပြောမယ်ဆိုရင် တပ်မတော်သားတွေ တိုက်ပွဲမှာ ကျဆုံးလို့ ရတဲ့ ထောက်ပံ့ကြေး ဟာ ဂျနီဗာလိုပက် တင်ပါးတစ်ခြမ်းကို အာမခံ ထားသလောက်ပဲ ရှိလိမ့်မယ်”” ဟု ဦးလှဆွေက ပြောသည်။
တပ်မတော်သားများ အနေဖြင့် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နေစဉ် ဒဏ်ရာ ရရှိပါက အရာရှိ တစ်ဦးလျှင် ကျပ် တစ်သိန်း၊ အခြားအဆင့် တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ပေး၊ ၂၀၁၀ ပြည့်နှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အထိ ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၃၀၂၁) သိန်းကို ထောက်ပံ့ပေး ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
““တပ်မတော်သားတွေ အသက်အာမခံ ထားရင်တော့ ကျဆုံးတဲ့ အခါ လျော်ကြေး သိန်း(၁၀၀) စသဖြင့် ရရှိ ပါလိမ့်မယ်။ အခု ပေးနေတဲ့ ထောက်ပံ့ကြေးကတော့ နိုင်ငံတော်ကနေ ပေးတာပါ။ ထောက်ပံ့ကြေး တိုးပေးရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အခြေအနေ ကိုလည်း ပြန်ကြည့်ရမယ်””ဟုဦးလှဆွေက ဆက်ပြောသည်။
ဂျနီဗာလိုပက်၏ တင်ပါးအာမခံမှာ အမေရိကန်ဒေါ်လာ (၂၇) သန်း တန်ကြေးရှိသည်။
ယခုနှစ် မေလ (၁၂) ရက်နေ့တွင် နေပြည်တော် အမြန်လမ်း (၁၉၇) မိုင်၌ ရာဇာမင်း ခရီးသည်တင် တိမ်းမှောက် ခဲ့ရာ အသက် ဆုံးရှုံးသွားသော ခရီးသည်များ အတွက် အာမခံလျော်ကြေးနှင့် ထောက်ပံ့ကြေးများ ပေးရာတွင် သေဆုံး ခရီးသည် တစ်ဦးလျှင် ကျပ်သိန်း (၆၀) အထိ ရရှိခဲ့ပြီး၊ တိုင်းပြည် တာဝန် ထမ်းဆောင်နေသော တပ်မတော်သားများ စစ်ဆင်ရေးတွင် ကျဆုံးမှု အတွက် ပေးသော ထောက်ပံ့ကြေးမှာ အမြင့်ဆုံး ကျပ် (၁၀) သိန်းသာ ရှိသောကြောင့် နှိုင်းယှဉ် ပါက တပ်မတော်သားများကို ပေးသော ထောက်ပံ့ကြေးမှာ နည်းပါးလျက် ရှိသည်။
Messenger News Journal

အပြည့်အစုံသို့ »

တောင်ပြာတန်းယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံးခဲ့သူများ၏ မိသားစုဝင်များက သမ္မတထံ တိုင်စာပို့


လူ ခုနစ်ဦး မီးလောင် သေဆုံးခဲ့သော တောင်ပြာတန်း ယာဉ်လိုင်းကို အရေးယူပေးရန်
မီးလောင်သေဆုံးခဲ့သည့် မိသားစု ၀င်များကသမ္မတထံ တိုင်စာပို့ ထားကြောင်း သတင်းရရှိသည်။

တောင်ပြာတန်းယာဉ်ပေါ် တွင် မီးလောင်သေဆုံးခဲ့သည့် ခရီးသည် ခုနစ်ဦး၏ မိသားစုကို အဆိုပါယာဉ်လိုင်းက လက်ရှိ အချိန်ထိ လာရောက်တွေ့ဆုံမေး မြန်းမှုမရှိခြင်း၊ ယာဉ်ပေါ်တွင် ပျက်စီးပျောက်ဆုံးသွားသည့် ပိုက်ဆံများ၊ ရွှေထည်နှင့် အခြား ပစ္စည်းတန်ဖိုးများကို ပေးလျော် မှုမရှိခြင်း၊ သေဆုံးသူများအ တွက် အာမခံနစ်နာကြေးစသည့် တို့ တစ်စုံတစ်ရာ ပေးဆောင်မှု မရှိခြင်းတို့ကြောင့် အဆိုပါယာဉ် လိုင်းကို အရေးယူမှုပြုလုပ်ပေး ရန် သမ္မတထံတိုင်စာပို့ရခြင်းဖြစ် ကြောင်း ယာဉ်ပေါ်တွင် မီးလောင် သေဆုံးခဲ့သည့် ကျန်ရစ်သူမိသား စုများကပြောသည်။

မီးလောင်သေဆုံးခဲ့သူများ ၏ ကျန်ရစ်သူမိသားစု ငါး ဦးက လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ မေလ ၁၅ ရက်တွင် တိုင်စာပို့ခဲ့ခြင်းဖြစ်သည်။

‘‘အခုအချိန်ထိ ဘာလုပ်ပေး ရမလဲလို့ လာမေးတာကိုမရှိသေး ပါဘူး။ ကျွန်မတို့မှာ လူတင်ဆုံးရှုံး တာမဟုတ်ပါဘူး။ တခြားပစ္စည်း တွေရော ဆုံးရှုံးတာပါ။ ရာဇာမင်း ကားဖြစ်စဉ်ကျ အရေးယူမှုတွေ အကုန်လုပ်ကြတယ်။ တောင်ပြာ တန်းကျ အရေးမယူတဲ့အပြင် ယာဉ်လိုင်းတွေပါ တိုးချဲ့နေသေး တယ်။ အဲဒါကြောင့် အရေးယူပေး ဖို့ တိုင်စာပို့တာပါ’’ဟု တောင်ပြာ တန်းယာဉ်ပေါ်၌ မီးလောင်သေ ဆုံးသွားသည့် ဦးသောင်းညွန့်၏ သမီး မနီလာတင်ကပြောသည်။

 ဧပြီ ၁၂ ရက် နံနက်က တောင်ကြီးမြို့မှ ထွက်ခွာလာ သော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီး ကို ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီပေါက်၍ မီး လောင်မှုဖြစ်ပွားပြီး ဆလွန်းကား ငယ်အပေါ် ဖိထားသော တောင် ပြာတန်းကားထံ မီးကူးစက်ခဲ့ သည်။

ထိုသို့မီးကူးစက်မှုကြောင့် တောင်ပြာတန်းယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်ခြောက်ဦးမှာ အပြင်သို့ ထွက်မရ၍  မီးလောင်သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသောသူတစ်ဦးမှာ နေပြည်တော်ဆေးရုံတွင်ထပ်မံသေဆုံးသွားခဲ့၍ စုစုပေါင်း သေဆုံးသူ ခုနစ်ဦးဖြစ်သည်။

‘‘နစ်နာစေချင်လို့ လုပ်တာ မဟုတ်ပါဘူး။ သူတို့ဘက်က ဘာ မှ မလာလို့ လုပ်တာပါ။ ကျွန်တော့်  မှာ သမီးလည်းသေ၊ သားလည်း သေ၊ သားကဆို ဆေးရုံမှာ တက် ကုနေသေးတယ်။ အဲဒီမှာလည်း တော်တော်ကုန်တယ်။ သူတို့ ဘက်က လူနာလာမေးတာကို မရှိဘူး’’ဟု တောင်ပြာတန်းယာဉ် မီးလောင်မှုကြောင့် သေဆုံးခဲ့ သော အသက် (၈) နှစ်အရွယ် သမီးနှင့် (၂၄) နှစ်အရွယ်သား၏ ဖခင်ဒုအရာခံဗိုလ်စိန်လှိုင်ကပြော သည်။

တာဝန်ယူဖြေရှင်းပေးခြင်း မရှိမှုနှင့် ပတ်သက်ပြီး တောင်ပြာ တန်းယာဉ်လိုင်းတောင်ကြီးဂိတ် မှူးမခိုင်ထံ ဆက်သွယ်မေးမြန်းရာ အာမခံနစ်နာကြေးပေးဆောင်ရန် လုပ်ဆောင်နေကြောင်းသာ ပြန် လည်ဖြေကြားပြီး ကျန်မေးခွန်း များကို  ဖြေဆိုရန်  ငြင်းဆန်ခဲ့ သည်။

ပြီးခဲ့သည့် မေလက ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦး သေဆုံးသော ရာဇာမင်းခရီးသည် တင်ယာဉ်လိုင်းဖြစ်စဉ်ကို ဒုသမ္မတကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး သေဆုံးသူများကို အာမခံနစ်နာကြေးများပေးလျော်ကာ ထိုယာဉ်လိုင်းကိုလည်း ပိတ်သိမ်းခဲ့သည်။

 တောင်ပြာတန်းယာဉ်ဖြစ် စဉ်သည် ယာဉ်ပေါ်လိုက်ပါလာ သည့် ခရီးသည်များသာ သေဆုံး ခြင်းမဟုတ်ဘဲ တောင်ပြာတန်း ကား၏ တိုက်မှုကြောင့် ချီဇာ (Chaser) အဖြူရောင်ဆလွန် ကားပေါ်မှ  ခြောက်ဦးလည်း မီးလောင်သေဆုံးခဲ့ သည်။

ထိုဖြစ်စဉ်ဖြစ်ပွားရခြင်း၏ အဓိကတရားခံဖြစ်သော တောင် ပြာတန်းခရီးသည်တင်ယာဉ် မောင်းဦးအောင်ဇေယျကို လက်ရှိအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။

7 Day News Daily


အပြည့်အစုံသို့ »

အမတ်များ လွှတ်တော်အစည်းအဝေးတက်ရန် နေပြည်တော် အမြန်လမ်းမှ မသွားရဲဟုဆို



ကျော်စွာဝင်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်

ယာဉ်မတော်တဆမှုများ မြင့်မားနေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြု၍လွှတ်တော်အစည်းအဝေးသွားတက်ရန် စိုးရိမ်ပူပန်မှုရှိနေသည်ဟု လွှတ်တော်အမတ်အချို့က မဇ္ဈိမကို ပြောသည်။

“စိုးရိမ်မှုတင်မဟုတ်ဘူး။ စိတ်ထဲမှာ ချောက်ချားမှုတောင်ဖြစ်နေလို့ အမြန်လမ်းကို သွားချင်စိတ်ကို မရှိဘူး ဖြစ်နေတယ်” ဟု အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောသည်။ ယခုလွှတ်တော် အစည်းအဝေးတွင်လည်း အမြန်လမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

မေလ ၂၈ရက်တွင် ဒသမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုနေပြည်တော်တွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်ကျော်ကာလအတွင်းယာဉ်မတော် တဆမှုများကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည်။

“ဘုရားစာရွတ်ပြီးတော့သွားရမှာပဲ။နည်းနည်းတော့ စိုးရိမ်မှုတွေရှိပါတယ်။ လမ်းနဲ့ချည်းပဲ ဆိုင်တယ်မထင် ပါဘူး။ မောင်းတဲ့သူနဲ့ ရာခိုင်နှုန်းတော်တော်များများဆိုင်တဲ့သဘောရှိတယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် လူအများဆုံးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်သည့် မေ ၁၂ ရက် ရာဇာမင်း အဝေးပြေးယာဉ် မတော်တဆမှုအပြီး အမတ်တို့ ပိုမိုစိုးရိမ်နေခြင်းဖြစ်သည်အဆိုပါမတော်တဆမှုကြောင့် ခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး ၂၄ဦး ဒဏ်ရာ ရရှိခဲ့သည်။ ကျပ်သန်းပေါင်း ကိုးသိန်းကျော် ကုန်ကျခဲ့သည့် လမ်းမကြီးသည် အင်္ဂါရပ်နှင့် မပြည့်စုံသေးဟု တာဝန်ရှိသူတို့ ၀န်ခံထားကြသည်။


Mizzima Burmese 

အပြည့်အစုံသို့ »

ဆေးမြီးတိုအစိုးရ၊ အမြန်လမ်းနှင့် စီးပွားရေးဈေးကွက် (ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ) – အောင်ထွန်းလင်း



သေသူရဲ့ ယောက္ခမဖြစ်တဲ့ ဒေါ်သန်းသန်းဌေးကတော့ အငိုမျက်လုံး မချိမျက်နှာဖြစ်နေပုံကို တို့အစိုးရမင်းများ သတင်းစာမှာ အကျယ် တ၀င့် ဖော်ပြထားလေရဲ့။ ဒါတင်ချည်းလား မဟုတ်ရဲ့။ အထူးခရီးသွား အာမခံ လျော်ကြေး ရှိတဲ့ကားကိုပဲ စီးနင်းရင်ဖြင့် ပိုပြီးလုံခြုံရဲ့ဆိုပြီး ရေးသားလို့ရေးရဲ့။ ကောင်းကြသေးရဲ့လားလို့ပဲ အော်ဩအော်ပြီးတော့ မေးလိုက်ချင်ပါရဲ့။ အောင်မလေး၊ ဒါတင်လား မဟုတ်ဘူး။ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အခုလိုမျိုး အာမခံလျော်ကြေးပေးရတာ အစိုးရအနေနဲ့ အရှုံးပေါ်တယ်ဆိုပြီး မီဒီယာတွေကိုပြော …



အမြန်လမ်းပေါ်ခရီးသွားရင်း ကား မှောက်တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ တာကို တွေ့ရတော့ အောင်မလေး ဟဲ့လို့ ညည်းမိပါရဲ့။ ဘယ်လိုကြောင့်များ ဒီ လောက်တောင် ဖြစ်ရတာလဲ။ ဖြစ်တဲ့နေ့ ကလည်း မြန်မာလူမျိုး ဗုဒ္ဓ ဘာသာဝင် တွေ အလေးအနက်ထားတဲ့ ကဆုန်လပြည့် နေ့ဆိုတော့ သြော် ဩဖြစ်မှ ဖြစ်ရလေ ခြင်းဆိုပြီး စိတ်မကောင်းလည်း ဖြစ်မိပါရဲ့။ ဒီလောက်တောင် သေရလောက်အောင် ကားကိုများ ဘယ်လိုမောင်းကြ သလဲ ဆိုပြီး တွေးနေတုန်း သတင်းတကာ့ သတင်းအပျံ့ဆုံးလို့ ပြောရမယ့် လူမှုကွန်ရက်ဖေ့စ်ဘုတ် ကြီးမှာ ဩဓာတ် ပုံတွေ တက်လာပါလေရဲ့။ ဩဓာတ်ပုံတွေကို မြင်တော့မှ ပိုလို့တောင် စိတ်မကောင်းဖြစ်ခဲ့ရရဲ့။ ရခဲလှတဲ့ လူ့ဘ၀မှာ ပြန်ထွက်သွားရတာတောင် အဖြစ်ဆိုး ရချည်ရဲ့။…

တိုက်ဆိုင်လိုက်တာများကလည်း အမြန်လမ်းကြီးပေါ် လူတွေက ခဏခဏ သေနေလို့ အကျွတ်ဆိုလား၊ အလွတ်ဆိုလား ပွဲတွေလည်း လုပ်ကြတာတွေ့ရရဲ့။ ဘာတဲ့ဩသတင်းတွေကလည်း ထွက်လာ ပါရဲ့။ အကျွတ်အလွတ်ပွဲမှာ ရာဇမတ် ကာထားတဲ့နေရာမှာ လူကြီးတွေကော၊ ကလေးငယ်တွေရဲ့ ခြေရာတွေပါ ပေါ်လာ တယ်ဆိုပြီး သတင်းတွေလည်း ဖတ်ရပါရဲ့။ အကျွတ်အလွတ်ပွဲလည်း အပြီး ရက်ပိုင်း ကလေးတင် နောက်ထပ် လူ ၁၄ ဦး မရှုမလှ ကွယ်လွန် ကြရပြန်တော့ ဘာတွေများ ဖြစ်နေတာလဲလို့ဆိုပြီး တွေးမိပြန်ရဲ့။

စိတ်ထဲမှာလည်း တော်တော်လေး တိုနေမိရဲ့။ တို့အစိုးရမင်းများ ဘာလုပ်နေ ကြသလဲဆိုပြီး တစ်ကိုယ်တည်း ကြိတ်မနိုင် ခဲမရ ဖြစ်ရပါရဲ့။ မိုင်ပေါင်း ၃၆၀ ကျော်ရှည် တဲ့ ဒီအမြန်လမ်း လူပေါင်း ၃၆၀ ကျော် အသက်ကို ဆွဲနုတ်ယူ သွားလေရခြင်းက ဘယ်သူ့မှာများ အပြစ်ရှိသလဲရဲ့ဆိုပြီး တွေးမိ ပါရဲ့။ တွေးမိနေတုန်း တန်းလန်း တို့များရဲ့ ဒုတိယသမ်္မတမင်းကြီး ဦးဉာဏ်ထွန်းနဲ့ အဖွဲ့ လူ ၁၄ ဦး သေဆုံးခဲ့ရတဲ့ ရာဇာမင်းကား မှောက်ရာကို သွားရောက်ပါရဲ့။ ချီးကျူး လောက်ပါပေရဲ့။ တို့ပြည်သူများ အရေး ဒုသမ်္မတမင်း ကိုယ်တိုင် လာရောက်ရတဲ့ အကျိုး တယ်လီဖုန်းလိုင်းကြီးတောင် ချက်ချင်းငေါက်ခနဲ ပေါ်လာပါရဲ့။ ဘာတဲ့ ဟောလိုင်း နံပါတ် ၁၈၈၀ ဆိုလား၊ တခြား အရေးပေါ် ဆက်သွယ်ရမယ့်ဖုန်းတွေ ဟောခနဲ ဟောခနဲ ထုတ်ပြန်ပါရဲ့။ အမြန် လမ်းကြီး အန္တရာယ် ကင်းရှင်းဖို့နဲ့ တစ်ခုခု ဖြစ်ခဲ့ရင် ကူညီရအောင်ဆိုလား ချက်ချင်း ဆိုသလို ထုတ်ပြန်ပါရဲ့။ တို့များ ပြည်သူ အပေါ် အလေးဂရုပြု၊ ချက်ချင်းဆိုသလို အရေးတယူ ဆောင်ရွက်ပါရဲ့။ ဒါပေသိ အမြန်လမ်းမကြီးက အောက်ခြေမညီဘဲ လိမ်နေတာတွေ၊ ညပိုင်းမောင်းနှင်ရင် Night Light မရှိတာတွေကို တို့များရဲ့ ဆောက်လုပ် ရေးဌာနကြီးနဲ့ မဆိုင်ဘူးထင်ပြီး ပြောတယ် ထင်ပါရဲ့။

ဟောဩမတ်လ ၁၅ ရက်နေ့ ရောက် ပြန်တဲ့အခါ အပြစ်ရှိသူ ရာဇာမင်းကား ရန်ကုန်-မန္တလေး ပြေးဆွဲခွင့် ပိတ်စေလို့ အမိန့်တော် ပြန်ပါလေရဲ့။ ဒါတင်ချည်းလား မဟုတ်ဘူးရဲ့။ မတ်လ ၁၄ ရက်နေ့မှာလည်း သေဆုံး ရသူ ၁၄ ဦးအတွက် အာမခံ လျော်ကြေးအဖြစ် အာမခံလုပ်ငန်းနဲ့ ရာဇမင်း က စုပေါင်းပြီး တစ်ဦးကို ကျပ်သိန်း ၆၀ ပေးတဲ့ အခမ်းအနားကြီးကို နေပြည်တော် ဘဏ္ဍာရေး ၀န်ကြီးဌာနရုံးခန်းမှာ တခမ်း တနားနဲ့ လုပ်ပြန်ပါရဲ့။ အစိုးပိုင် မီဒီယာမှာ လည်း အထူးခရီးသွား အာမခံလျော်ကြေး ငွေပေးအပ်ဆိုပြီး စာလုံးမည်းကြီးနဲ့ ဖော်ပြ လို့ သေဆုံးသူရဲ့ မိသားစုပုံတွေကို တခမ်း အနား ဖော်ပြလေရဲ့။

လျော်ကြေးပေးခဲ့ရတဲ့ မြန်မာ့အာမခံ လုပ်ငန်းနဲ့ အာမခံကုမ္ပဏီတွေက လူတွေ ရဲ့ ခန့်ခန့်ထည်ထည် အပြုံးတွေ နဲ့ ၀င့်ကြွား နေသလောက် သေသူရဲ့ ယောက္ခမဖြစ်တဲ့ ဒေါ်သန်းသန်းဌေးကတော့ အငိုမျက်လုံး မချိမျက်နှာ ဖြစ်နေပုံကိုတို့ အစိုးရမင်းများ သတင်းစာမှာ အကျယ်တ၀င့် ဖော်ပြထား လေရဲ့။ ဒါတင်ချည်းလားမဟုတ်ရဲ့။ အထူးခရီးသွား အာမခံလျော်ကြေးရှိတဲ့ ကားကိုပဲ စီးနင်းရင်ဖြင့် ပိုပြီးလုံခြုံရဲ့ဆိုပြီး ရေးသား လို့ရေးရဲ့။ ကောင်း ကြသေးရဲ့လားလို့ပဲ အော်ဩအော်ပြီးတော့ မေးလိုက်ချင်ပါရဲ့။ အောင်မလေးဍ ဒါတင်လား မဟုတ်ဘူးရဲ့။ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက အခုလိုမျိုး အာမခံလျော်ကြေးပေးရ တာ အစိုးရအနေနဲ့ အရှုံးပေါ်တယ်ဆိုပြီး မီဒီယာတွေကို ပြောလိုက်သေးရဲ့။ သြော် ဩ အသက်တစ်ချောင်း အတွက်ပေးလိုက်ရ တဲ့ သူတို့လျော်ရတာဟာ တကယ်တော့ သိန်း ၃၀တည်းရယ်ပါ အရပ်ကတို့ရဲ့။ လူ အသက်တစ်ချောင်းနဲ့ သိန်း ၃၀ ဘယ်ဟာ ပိုတန်ဖိုးရှိတယ်ဆိုတာ မသိလို့များ ပြော လိုက်လေသလားဆိုပြီး ငေါက်ငမ်းမိလိုက် ချင်ရဲ့။

ဟောဩမတ် ၁၅ ရက်မှာပဲ လူ ၁၄ ဦး သေဆုံးခြင်းဟာ လမ်းကြောင့် မဟုတ်၊ ရာသီဥတုနဲ့ ယာဉ်မောင်းရဲ့ အားနည်းချက်လို့ အစိုးရမင်းများက မီဒီယာတွေကို ပြောပြန်လေရဲ့။ အများပြည်သူများက ဒါဟာအမြန် လမ်းကြောင့်လို့ ပြောနေတာတွေ မဟုတ်ပါ ဘူးရဲ့လို့ ငြင်းချက်ထုတ်သူက ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးတင့်ပါရဲ့။ အင်းပေါ့လေဩမှုခင်းတစ်ခု ဖြစ်ရင်ဖြင့် တရားခံဆိုတာရှိရမယ်ဆိုတော့ တရားခံကို လက်ညှိုးထိုးပြလိုက်ခြင်း ဖြစ်မယ်ထင်ပါရဲ့။ နောက်ပြီးတော့ လူ ၁၄ ဦး သေအောင် မောင်းတဲ့ ရာဇာမင်း ကား မောင်းဆရာက ယာဉ်မောင်းလိုင်စင်ပိတ်ခံထားရသူဖြစ်ပြီး မကြာခင် ရာသက်ပန်အထိ ယာဉ်မောင်းခွင့် ပိတ်ဖို့ လုပ်နေတယ် ဆိုပြီးတော့လည်း သတင်းထုတ်လိုက်သေးရဲ့။ အေးပေါ့လေ ဩအပြစ်ရှိရင် ခံရမှာကတော့ ဖြစ် သင့်တဲ့ လုပ်ရပ်တစ်ခုမို့ အားပေးပါရဲ့။ နောက်ပြီး တော့ အမြန်လမ်းကြီးကို ရှစ်လမ်းသွား အထိ တိုးချဲ့ သွား မယ်ဆိုပြီး သတင်းထုတ် လိုက်ပြန်သေးရဲ့။

အရေးရယ် အကြောင်းရယ် ဖြစ်လာပြီ ဆိုရင် ဘယ်ကိစ္စကိုမဆို ဆေးမြီးတိုနဲ့ ကုတတ်တဲ့ အစိုးရမင်းရယ်လို့ပဲ ပြောလိုက် ချင်တော့ပါရဲ့။ ဘာလို့လဲဆိုရင်ဖြင့် အစိုးရ ဘတ်ဂျက်လိုရင် ငွေတွေ ရိုက်ထုတ်တာ၊ ပြည်သူ့ဆီက မရရတဲ့နည်းနဲ့ အခွန်ကောက်တာ၊ ဈေးနှုန်းတက်တာတွေက မကြာခဏ ဆိုသလို ဖြစ်နေတာ မဟုတ်ပါလား အရပ် ကတို့ရဲ့။ ဒါတင်လား မဟုတ်သေးရဲ့။ အစိုးရ ဌာနတွေ သွားရင် အလုပ်ကလေး အဆင် ပြေဖို့ ပေးလား ပေးရရဲ့၊ ကမ်းလားကမ်း ရရဲ့။ ဟိုစကားတစ်ခုရှိသေးတယ် ပရိသတ် ရဲ့။ အထုပ်မပါ အလုပ်မလာ၊ အထုပ်သေး အလုပ်နှေး၊ အထုပ်ကြီး အလုပ်ပြီးဆိုပြီး အစိုးရဌာနမင်းများရဲ့ကျင့်စဉ်တွေကို လှောင် ပြောင် သရော်ထားတာ လည်း ရှိသေးရဲ့။

ဟောဩနောက်ဆုံး ဘာဖြစ်လာတယ် ထင်သလဲ အရပ်ကတို့ရဲ့။ လူ့အသက် ၁၄ ချောင်းကို အမြန်လမ်း ကြီး ပေါ် ရင်းလိုက် တာ အာမခံလုပ်ငန်းကြီးတွေ အတွက် အကွက်စိုက်လာပြန်လေရဲ့။ အထူးခရီးသွား အာမခံ လက်မှတ်ဝယ်ထားလို့ ဒီလူတွေ လျော်ကြေးရတာဆိုပြီး အစိုးရသတင်းစာ တွေကပါ လော်ဘီလုပ်ကြတော့ မြန်မာ့ အာမခံလုပ်ငန်းက အကွက်စိုက်တဲ့အပြင် ပုဂ်္ဂလိကအာမခံလုပ်ငန်းတွေကပါ အပြိုင် အဆိုင်ဖြစ်လာ ပါလေရဲ့။ တချို့အာမခံလုပ် ငန်းဆိုရင် တစ်ယူနစ် မဟုတ်ဘူး၊ နှစ်ယူနစ် ထိ ၀ယ်နိုင်တယ်ဆိုပြီး ကြော်ငြာ လာတော့ လူ့အသက်ကိုရင်းပြီး လောင်းကစားလုပ် ငန်းကြီး တွင်ကျယ်မှာတော့ စိုးရိမ်မိပါရဲ့။ ဒါတင်လား မဟုတ်သေးဘူးနော် ပရိသတ် ရဲ့၊ ကြော်ငြာလိုက်ကြတာများ ဘယ်အပိုင်း လောက်ထိရင် ဘယ်လောက်ရမယ်၊ ဘယ် အစိတ်အပိုင်းကို ထိရင် ဘယ်လောက်ရ မယ်ဆိုပြီး ရာခိုင်နှုန်းတွေအလိုက် ပြော ကြ၊ ဆိုကြ၊ ကြော်ငြာ ကြဆိုတော့ တို့တွေ အသက်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တွေက ဒီလောက်ပဲ တန်ဖိုးရှိသလားလို့ တောင် တွေးမိပါရဲ့။

တစ်လက်စတည်း အငေါ်တူးလိုက် ချင်တာ အစိုးရမင်းရဲ့ အမြန်လမ်းကြီးပေါ် ကားစီးရတော့မှပဲ တို့တွေလည်း တန်ဖိုး ဖြတ်ခံရချည်ရဲ့ဆိုပြီး အော့နှလုံးနာမိပါရဲ့။ အာမခံလုပ်ငန်းက သူ့ဟာသူ သူ့အလုပ် သူလုပ်ပေမယ့် လည်း အခုလိုဖြစ်တော့မှ တန်ဖိုးဖြတ်ခံရလေရဲ့ဆိုပြီး တို့အစိုးရမင်း ကိုချည်း တစ်ခုလောက်တော့ ပြောလိုက် ချင်ပါရဲ့။

တို့ပြည်သူများ အသက်ကို ဘယ်သူ ကမှ တန်ဖိုးဖြတ်တာမခံရချင်သလို ပြဿနာ တစ်ခုဖြစ်တိုင်း ဆေးမြီးတိုနဲ့ ချည်း ကုကု နေတာတွေကြောင့် တန်ဖိုးရှိတဲ့အသက် တွေကို စတေးနေရတဲ့ အမြန်လမ်းပေါ်က အဖြစ်အပျက် တွေကို ရပ်တန့်ဖို့ကောင်းပြီ လို့ ပြောချင်ရဲ့။ ကားသမားမှားရင် ကား သမားကို တရားစွဲဖို့ ဥပဒေရှိပြီသားမို့ သူ့ ကို အပြစ်ဖို့ခြင်းထက် ကိုယ့်ဘက်က ဒါ တွေ မဖြစ်အောင် အဘက်ဘက်က ပြင် ဆင်လိုက်ရင်ဖြင့် မပြန်လမ်းလို့ နာမည် ထွက်တဲ့ အမြန်လမ်းကြီးလည်း ပြည်သူ့ အကျိုးပြုလမ်းမကြီးအဖြစ် နာမည်ကောင်း ပြန်ရလာပါလိမ့် မယ်လို့ပဲ ပြောလိုက်ချင် ပါတော့တယ် အစိုးရမင်းရဲ့။

myanmarthandawsint

အပြည့်အစုံသို့ »

ယာဉ်မတော်တဆထိခိုက်သေဆုံးမှု အာရှနိုင်ငံများတွင် မြန်မာဒုတိယအများဆုံးဖြစ်


အဂ္ဂမင်း၊ ထိန်လင်းဦး

ရန်ကုန်၊ မေ ၁၆- အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံမှာ ယာဉ် မတော်တဆ ထိခိုက်သေဆုံးမှု ဒုတိယအ များဆုံးနိုင်ငံဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဋ္ဌေးက ပြောသည်။

မေ ၁၅ ရက်က နေပြည်တော် ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် ကျင်း ပခဲ့သော ရာဇာမင်း ယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးစိုးတင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်း ဋ္ဌေးတို့ တက်ရောက်ခဲ့ကြပြီး ယာဉ်တိမ်း မှောက်မှုများနှင့် ပတ်သက်၍ ရရှိထားသော အချက်အလက်များကို သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့ လာမှုအရ ယာဉ်အန္တရာယ်သေဆုံးမှု မြင့် နေခြင်းကို သိရပြီး ၂ဝ၁၄ ဇန်နဝါရီ ၁ ရက် မှ မေ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ယာဉ် မတော်တဆမှု ၁၈၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်း အမြန်လမ်း တွင် စည်းကမ်းမဲ့ယာဉ် ၂ဝ၇၃ စီး အရေး ယူနိုင်ခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုများ တွင် ယာဉ်မောင်းကျွမ်းကျင်မှု အားနည်း ခြင်းကြောင့် ဖြစ်ပွားရခြင်းမှာ ရာခိုင်နှုန်း ၆ဝ ကျော်ရှိသည်ဟုသိရပြီး လမ်းအနေအ ထားနှင့် လမ်းပျက်စီးမှုကြောင့်မှာ တစ်ရာခိုင် နှုန်းသာရှိကြောင်း၊ ကျန်အမှုများမှာ ယာဉ် ကြံ့ခိုင်မှု အားနည်းခြင်းကြောင့်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

''အခုလမ်းမကြီးက အမြန်လမ်း လို့ ဆိုလို့မရသေးပါဘူး။ ရှစ်လမ်းသွားလုပ် ဖို့ကတော့ အစီအစဉ်ရှိပေမယ့် ဘယ်တော့ လဲဆိုတာ အတိအကျပြောလို့ မရသေးပါ ဘူး''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးဦးစိုးတင့်က ပြောသည်။

နောက်ဆုံးဖြစ်ပွားခဲ့သည့် ယာဉ် တိုက်မှုတွင် လမ်းပိုင်းပြုပြင်ရန် လိုအပ်မှုအ ပြင် ယာဉ်မောင်းလိုအပ်ချက်၊ လုံခြုံရေးဆိုင် ရာနည်းပညာလိုအပ်ချက်များရှိကြောင်း၊ အဆိုပါ အမြန်လမ်းမကြီးအား ပြုပြင်ရာ တွင် လမ်းသတိပေးစနစ်များ တပ်ဆင်ခြင်း၊ အရေးပေါ် အကူအညီပေးနိုင်ရန် စီစဉ်ထား ရှိခြင်းများအပြင် လိုအပ်ချက်ကို ပညာရှင် များမှ ဝိုင်းဝန်းထောက်ပြသင့်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ရန်ကုန်-မန္တလေး ကွန်ကရိလမ်း မကြီးသည် အမြန်လမ်းဖြစ်စေရန် ၁ဝ ရာ ခိုင်နှုန်းသာ လုပ်ဆောင်နိုင်သေးကြောင်း၊ ရာခိုင်နှုန်း ၉ဝ လိုအပ်ချက်ရှိသေးကြောင်း၊ အမြန်လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှု များ မကြာခဏဖြစ်ပွားနေသည်ကို ဖြေရှင်း ရန် အမြန်လမ်းဥပဒေသစ်ကို လွှတ်တော် သို့ တင်ပြထားကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်-မန္တလေး လမ်းအသုံး ပြု ခရီးသွားပြည်သူများအတွက် လုံခြုံစိတ် ချမှုပေးနိုင်ရန် အဝေးပြေးလမ်းမကြီး ဂိတ် ခုနစ်ဂိတ်၌ အရေးပေါ် စီမံခန့်ခွဲမှုကော်မ တီအဖွဲ့ကို ၂ဝ၁၅ မတိုင်မီ အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်း သိမ်းရေးအဖွဲ့မှ သိရသည်။

အဆိုပါကော်မတီ၌မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ကရိန်းယာဉ်၊ အုပ်ချုပ်မှု ယာဉ်များဖြင့် ၂၄ နာရီ အသင့်ရှိစေရေး ဖွဲ့ စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းစခန်း များအလိုက် တယ်လီဖုန်း ၄၉ လုံးကိုလည်း အသစ်ထပ်မံ အင်အားတိုးချဲ့ထားပြီး အမြန် လမ်း ရဲတပ်ဖွဲ့မှလည်း တယ်လီဖုန်းအလုံး ၃ဝ ထားရှိပေးထားမည်ဖြစ်ကာ Hot Line Phone No : 1880 ကိုလည်း ဆက်သွယ် ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ထားသည့် ဂိတ်ခုနစ် ခုမှာ (၁)အမှတ်-၃လမ်းဆုံ တိုးဂိတ်၊ (၂) ဘောနတ်ကြီး ယာဉ်ရပ်နားစခန်း၊ (၃) မြို့ ချောင်းစခန်း၊ (၄) ဖြူးတိုးဂိတ်၊ (၅) နေပြည် တော်တိုးဂိတ်၊ (၆) မိတ္ထီလာ(သီးကုန်း)တိုး ဂိတ်၊ (၇) စကားအင်းတိုးဂိတ်များဖြစ်ပြီးBlue Ocean Operating Management Co.,Ltd မှ ပါဝင်ကူညီ ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကာ ဖုန်းနံပါတ် များမှာ ဝ၉-၂၅ဝ၉ဝ၂ဝဝ၁၃၊ ဝ၉-၂၅ဝ ၉ဝ၂ဝဝ၂၄၊ ဝ၉-၂၅ဝ၉ဝ၂ဝဝ၃၅၊ ဝ၉- ၂၅ဝ၉ဝ၂ဝဝ၄ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Yangon Media Group

အပြည့်အစုံသို့ »

အမြန်လမ်း ခရီးသည်များအား အသက်အာမခံကြေး စတင်ကောက်


ယာဉ်တိုက်မှုနှင့်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား သွားလာနေသောခရီးသည်များအတွက်
အမြန်လမ်းမကြီးများဆိုင်ရာ အသက်အာမခံ လက်မှတ်များအား ကားဂိတ်များနှင့် ကုမ္ပဏီများပေါင်းကာ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကမြန်မာအာမခံလုပ်ငန်းများသို့ ညွန်ကြားခဲ့ခြင်းကြောင့် ယင်းကဲ့သို့လုပ်ဆောင် ခြင်းဖြစ်ပြီး  အမြန်လမ်းမကြီးများဆိုင်ရာ
အသက်အာခံလုပ်ငန်း မှ တာဝန်ရှိသူအရောင်းဝန်ထမ်းတစ်ဦးက မေလ ၁၈ ရက် က ပြောသည်။

“တချို့ခရီးသည်တွေကတော့ နားလည်တယ်၊ ပြောစရာသိမ့်မလိုဘူး တစ်ခါထဲဝယ်သွားတယ်၊  တချို့ခရီးသည်တွေကျတော့ အစောကြီးထဲက ဒီလမ်းဟာ
နမိတ်မကောင်းပါဘူးဆိုနေမှ မင်းတို့ဒီလိုရောင်းနေရင် ငါတို့ပါ နမိတ်မကောင်း ဘူးဆိုပြီးတော့ ပြောကျတဲ့သူတွေတောင်ရှိတယ်”ဟု အမြန်လမ်းမကြီးများဆိုင်ရာ
အာမခံလက်မှတ်ရောင်းချနေသူ ဝန်ထမ်းတစ်ဦးကဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အထူးခရီးသွားအာမခံကြေးသည် ရန်ကုန်မြို့ပြင်ပ မိုင် ၁၀၀ မှ စတင်ကာ အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါအမြန် လမ်းပေါ်တွင်
ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခြင်းပါက အသက်အာမခံကြေးထားရှိသူသည် အသက်သေဆုံးပါက နစ်နာကြေးငွေ သိန်း ၃၀ ဒဏ်ရာရှိခဲ့ပါက ၂၄ သိန်းအား
အာမခံထားရှိသည့်ကုမ္ပဏီမှ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“သေဆုံးတာဆိုရင်တော့ အာမခံကြေး  ၃၀ သိန်းရမှာမှာပါ။ ဒဏ်ရာရရုံသက်သက်ပဲဆိုရင်တော့ ၂၄ သိန်းပါ” ဟု အထက်ပါဝန်ထမ်းတစ်ဦးကဆိုသည်။

အဆိုပါအာမခံလက်မှတ် တစ်စောင် ၃၀၀ အား အချို့သောကားဂိတ်များသည် လတ်မှတ်ဝယ်ယူအချိန်တွင် လက်မှတ်ဖိုးထဲ၌ ထည့်သွင်းသွားမည်ဖြစ်ပြီး အချို့သော
ကားဂိတ်များသည် ခရီးသည်အားမေးမြန်းပြီးမှသာ ဖြတ်တောက်သွားမည်ဖြစ်ကြောင်းသိရသည်။

“အရင်ထဲက အာမခံကြေးဆိုပြီးတော့ ၁၀၀ ကောက်ခဲ့တာရှိတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသည်ဆီကမတောင်းခဲ့ဘူး”ဟု ရာဇာမင်း ခရီးသည်ပို့ဆောင်ရေးမှ
ဦးစိုးဝင်းအောင် ကဆိုသည်။

ယင်းလက်မှတ်များအား အဝေးပြေးဂိတ်အားလုံးတွင် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

နှင်းနွယ်
The Myanma Age

အပြည့်အစုံသို့ »

ရန်ကုန်-မန္တလေးလမ်း တိုးချဲ့မယ်

ကျပ် ဘီလျံ ၉ဝဝ ကျော် ကုန်တဲ့ လမ်းမကြီး


လူအများ အပြား သေဆုံးခဲ့ရတဲ့ ယာဉ် မတော်တဆမှု အပြီးမှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ကို လမ်းစနစ် လုံခြုံရေး အတွက် ၄ လမ်းသွား ကနေ ၈ လမ်း သွား အထိ တိုးချဲ့ အဆင့်မြှင့်တင် တော့မှာ ဖြစ်ပါတယ်။

ယာဉ်မောင်း တွေကြောင့် ဖြစ်တဲ့ ပြဿနာတွေ လျှော့ချနိုင်ဖို့ လည်း အမြန်လမ်းမကြီးများ ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ကို လာမယ့် လွှတ်တော်မှာ တင်ပြဖို့ ရှိတယ်လို့ ရန်ကုန်-မန္တလေး အမြန်လမ်း ပြင်ဆင် ထိန်းသိမ်းရေး အဖွဲ့က အင်ဂျင်နီယာ မှူးကြီး ဦးကြည်ဇော်မြင့် က ပြောပါတယ်။

ရန်ကုန်-မန္တလေး လမ်းမကြီး အဆင့်မြှင့်ရာမှာ နိုင်ငံတကာက လိုအပ်တဲ့ ငွေကြေးနဲ့ နည်းပညာ အကူအညီတွေ ရဖို့ အစိုးရက ဆွေးနွေး နေသလို ဒီနှစ်ထဲမှာပဲ အမြန် လမ်းမကြီးများ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကိုလည်း ဆောက်လုပ်ရေး ဌာနက ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

မိုင် ၃ဝဝ ကျော် ရှည်တဲ့ ရန်ကုန်-မန္တလေး လမ်းမကြီး ကို ငွေကျပ် ဘီလျံ ၉ဝဝ ကျော် အကုန်ကျခံ ဆောက်လုပ်ခဲ့ပေမယ့် ယာဉ်မတော်တဆမှုတွေ ခဏခဏ ဖြစ်နေတော့ ဒီလမ်းကြီး အဆင့်မြှင့်ဖို့ အစိုးရ က ထပ်မံ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ဒီလမ်းကို နိုင်ငံတကာ အဆင့်မီ အမြန် လမ်းမကြီး အဆင့်အထိ ဆောက်လုပ်ဖို့ ကုန်ကျစရိတ် မတတ်နိုင် ခဲ့တဲ့အတွက် ကွန်ကရစ်လမ်း အဖြစ် သုံးစွဲရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလမ်းမကြီး ပေါ်မှာ လူပေါင်း (၁၄)ဦးသေဆုံးပြီး (၂၉)ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ယာဉ်မတော်တဆမှု မှာ ရာဇာမင်း ခရီးသည်တင် ယာဉ်လိုင်းဟာ မဆင်မခြင် မောင်းနှင်မှု နဲ့ ခရီးသည် တွေကို လုံခြုံစွာ သယ်ယူ ပို့ဆောင် ရာမှာ စနစ်တကျ ကြီးကြပ်ဖို့ အားနည်း ခဲ့တယ် ဆိုပြီး ဒီယာဉ်လိုင်း ရဲ့ ရန်ကုန်-နေပြည်တော် ခရီးစဉ် ပြေးဆွဲခွင့် ကို အစိုးရက ပိတ်သိမ်း လိုက်ပါတယ်။

bbc burmese

အပြည့်အစုံသို့ »

ဘယ်လို၊ ဘယ်စခန်း နေပြည်တော် အမြန်လမ်း



နေပြည်တော် အမြန်လမ်းကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ လမ်းဖွင့်ပြီးသည့်အချိန်ကာလမှ စတင်၍ မကြာခဏ ကြားရတတ် သည်မှာ မော်တော်ယာဉ် မတော် တဆဖြစ်သည့် ယာဉ်တိုက်မှုများ ဖြစ်သည်။ ယခုနှစ် ၂၀၁၄ နှစ် ဆန်းမှစ၍ ဧပြီလကုန်အထိ လေး လအတွင်းမှာပင် ထိုအမြန်လမ်း ပေါ်မှာ ယာဉ်တိုက်မှုပေါင်း ၁၄၇ မှုဖြစ်ခဲ့ပြီး လူပေါင်း ၅၇ ဦး သေ ဆုံးခဲ့ရပြီဟု သတင်းများကဆို သည်။ လမ်းစတင်ဖွင့်လှစ်ပြီးချိန် မှ စတင်ရေတွက်လျှင် ငါးနှစ်ရာ သီအတွင်း လူပေါင်း ၃၆၇ ဦး သေဆုံးခဲ့ပြီဟုလည်း သိရသည်။

ဤသို့ နေပြည်တော်အမြန် လမ်းမကြီးမှာ အခြားလမ်းများ ထက် ယာဉ်တိမ်းမှောက်မှုများ ပိုမိုဖြစ်ပွားနေသည့် အကြောင်း ရင်းကို တိတိကျကျ မည်သူကမျှ မပြောနိုင်။ ပြည်သူလူထုအကြား မှာတော့ ထင်မြင်ယူဆချက်အ မျိုးမျိုး ရှိနေသည်ကို သတိပြုမိခဲ့ သည်။ လမ်းမှာ ကွန်ကရစ်လမ်း ဖြစ်၍ မတော်တဆဖြစ်မှုတွေများ ရသည်။ မော်တော်ကားတာယာ တွေ ပူပြီးလည်း ပွင့်ထွက်တတ် သည်ဟု ဆိုသူလည်း ရှိသည်။ ဒါလည်း ဖြစ်နိုင်ပါသည်။ ယာဉ် မောင်းသူတွေ ယာဉ်စည်းကမ်း မလိုက်နာ၍ဟုလည်း ဆိုကြ သည်။ နေပြည်တော်အမြန်လမ်း မှာ နာနာဘာဝ၊ ၀ိနာဘာဝတွေ စီး နေသည်ဟု ပြောဆိုသူများပင် ရှိ လာနေသည်။ ထိုကြောင့်ဟု ထင် ၏။ မကြာမီရက်ပိုင်းက အာဏာ ရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးက ဦးစီးဦးရွက်ပြုကာ အမြန်လမ်းမ တစ်လျှောက်မှာ မြန်မာဗုဒ္ဓဘာ သာဓလေ့ထုံးတမ်းနှင့်အညီ ပရိတ်ရွတ်ဖတ်သရဇ္ဇာယ်ခြင်းများ ပြုလုပ်ခဲ့ပါသေးသည်။ သို့သော် ထိုသို့ပြုလုပ်ပြီး နောက်နှစ်ရက် အကြာမှာပင် ရာဇာမင်း ဘတ်စ်ကားလိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက်၍ လူ ၁၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြန်သည်။

ကျွန်မအဖို့ ထိုအမြန်လမ်း ကို မော်တော်ကားဖြင့် နှစ်ကြိမ် တိတိ ဖြတ်သန်းခဲ့ဖူးသည်။ ဖြတ် သန်းစဉ် အချိန်မှာ လမ်း၏အနေအထားကိုလည်း သတိထား ကြည့်မိခဲ့ပါသည်။ လမ်းမှာအ ကွေ့အကောက် နည်းပါးသည်။ လမ်းတစ်လျှောက် မြင်ကွင်းမှာ လည်း ကမူကုန်းတန်းများ ဖြစ် သည်။ နေပြည်တော်ရှိ လူကြီး မင်းများ ရန်ကုန်နှင့် နေပြည်တော် ကို ကူးသန်းရာမှာ ချုံခိုတိုက်ခိုက် မည် စိုးရိမ်ကြ၍ ထင်သည်။ မိုင် နှစ်ရာကျော် ခရီးတစ်လျှောက် လုံးရှိ ကမူကုန်းတန်းအားလုံးမှာ သစ်ပင်ကြီးကြီး မားမားမရှိ။ ပြောင်တလင်းခါနေသည်။ ယခင် ကတော့ ထိုနေရာများသည်တော တောင်ထူထပ်သော ရိုးမတော။ သစ်တော၊ သစ်ပင်ထူထဲလျှင် လက်နက်ကိုင်တို့က ချုံခို တိုက်ခိုက်မည်ကို စိုးရွံ့ဟန်တူသည်။ လမ်းဘေးဝဲယာသာမက အတော်ဝေးဝေးအထိ သစ်တော၊ သစ်ပင်တွေကို ရှင်းထားသည်။ ပြည်တွင်းစစ်နှင့် နှစ်ရှည်လများ နှစ်ပါးသွားနေသူတွေဆိုတော့လည်း စိုးရိမ်သောက ရှိကြသည်မှာ မဆန်း။ စစ်ရေးအမြင်ရှိရမည်။ ထိုကြောင့်ပင်။ နေပြည်တော်အမြန်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မြင်ကွင်းများမှာ အပြောင်းအလဲ မရှိ။ ဘယ်ကို ကြည့်ကြည့် မြင်ကွင်းမှာတူနေ၏။ လမ်းတစ်လျှောက်မှာ ဖြတ်သန်းရသော မြို့၊ ရွာဟူ၍လည်း မှတ်သားစရာ မရှိ။ တုံးတိတိ။ ငုံးစိစိ။ နေပြည်တော်အမြန်လမ်းကိုမှတ်ချက်ပေးရလျှင် စိတ်ဝင်စားစရာမြင်ကွင်းဟူ၍ အပြောင်းအလဲ ဘာမျှမရှိသော အလွန်ငြီးငွေ့ဖွယ်လမ်းတစ်လမ်းဟုသာ မှတ်ချက်ပေးချင်သည်။

အထက်ပါ အချက်နှင့်ဆက် စပ်၍ ထောက်ပြချင်မိသည်။ လူ တို့၏ မှတ်ဉာဏ်မှာ သဘာဝတွေ ရှိသည်။ တူညီသောအကြောင်း အရာ၊ တူညီသောအသံ၊ တူညီ သော အမြင်အာရုံများကို အချိန် အတန်ကြာအောင် တစ်ဆက် တစ်စပ်တည်း ကြားရ၊ မြင်ရ၊ တွေ့ရလျှင် ငြီးငွေ့ထိုင်းမှိုင်းလာ တတ်သည်။ ဦးနှောက်၏ မှတ် သားလိုစိတ်၊ မှတ်နိုင်စွမ်းအား လျော့ကျကာ လေးလံထိုင်းမှိုင်း သွားတတ်သည်။ ထိုအခါ အိပ်ချင်ငိုက်မျဉ်းလာသည်။ ထိုကြောင့် စာသင်ကျောင်းများမှာ ကျောင်းသင်ခန်းစာများကို သင်ပေးကြသည့်အခါ ဘာသာရပ်တစ်ခုကို စာသင်ကြားချိန် တစ်ချိန်အ တွက် မိနစ်ငါးဆယ်ခန့်သာ သင်ယူစေပြီး ခေတ္တခဏ အနားပေး စေရခြင်း ဖြစ်သည်။ စာသင်ချိန် တစ်ချိန်တွင် မိနစ်ငါးဆယ်သော် မှ စာချည်းသင်ပေး၍ မရ။ ဟာသ လေးတွေ ရောနှောပြောရသည်။ စိတ်ဝင်စားစရာ အခြားခေါင်းစဉ် တွေ ကြားညှပ်သင်ကြားကြရ သည်။ ရုပ်ရှင်များ၊ တီဗီစီးရီး ဇာတ်လမ်းများမှာ ကြော်ငြာထိုး လျက် ပြသရခြင်းမှာ စီးပွားရေးအ တွက် သာမက ရုပ်ရှင်ကြည့် ပရိသတ်၏ စိတ်အာရုံကို အလှည့်အပြောင်းဖြစ်စေပြီး အနားပေးခြင်းလည်း ဖြစ်သည်။ သို့မှသာ အိပ်ချင် ငိုက်မျဉ်းခြင်းကင်းဝေးပြီး ဇာတ်လမ်း၊ ဇာတ်ကွက်ကို စိတ်ဝင်တစားမှတ်သားနိုင်မည်။

မော်တော်ကားဖြင့် ခရီးသွား ရာမှာလည်း သဘောတရား အတူတူပင် ဖြစ်သည်။ နမူနာအားဖြင့် ကျွန်မတို့ ရန်ကုန်မှ ပြည်ကို ခရီးထွက်ကြည့်ကြမည်။ အဝေးပြေးကားဂိတ်။ ထိုမှ မင်္ဂလာဒုံ။ ဒါကထောက်ကြန့်၊ ဒီမြို့က မှော်ဘီ။မှော်ဘီပြီးလျှင် တိုက်ကြီးကို ရောက်တော့မည်။  သုံးဆယ်မြို့ကို ၀င်တော့မည်။ မင်းလှ၊ လက်ပံတန်း၊ ရွှေတောင်၊ ပြည်မြို့စသည်ဖြင့် ဦးနှောက်၏ အသိမှတ်ဉာဏ်မှာ မှတ်သားစရာ အတွေးတွေ ဆန်းသစ်နေသည်။ လမ်းခရီးမှာ စိတ်ဝင်စားစရာ မြို့ငယ်၊ ရွာငယ်လေးတွေ ရှိသေးသည်။ လမ်းဘေးဝဲယာမှ စိတ်ဝင်စားစရာစေတီ၊ တန်ဆောင်း၊ ကျောင်း၊ လူ၊ ကျွဲ၊ နွား၊ ဆိတ် စသော တိရစ္ဆာန်တို့ နေမှု၊ ထိုင်မှုစိတ်အပြောင်းအလဲ ခေါင်းစဉ်များစွာကို စိတ်မှာအလိုအလျောက် သတိပြုမှတ်သားရင်း ဦးနှောက်သည် လေးလံထိုင်းမှိုင်းခွင့်မရ။ နေပြည်တော် အမြန်လမ်းကား ထိုသို့ မဟုတ်ပါခဲ့။ လူတို့၏ စိတ်ပိုင်းဆိုင်ရာ ဆိုက်ကိုသဘော တရားကို ထည့်သွင်းစဉ်းစားခြင်း မရှိသော စစ်ရေးအမြင်လမ်းဟု သာ သတ်မှတ်ရတော့မည်။

ကျွန်မသွားရောက်ခဲ့သော နေပြည်တော် ခရီးစဉ်အတွက် မော်တော်ကားကို အော်ဒါငှားရမ်း စီးနင်းခဲ့ရာ ပထမတွင် ကျွန်မက ကား၏နောက်ခန်းမှာ စီးသည်။ တူတော်မောင် တစ်ယောက်က မော်တော်ကား ဒရိုင်ဘာနှင့်အတူ ရှေ့ခန်းမှာထိုင်လျက် ဒရိုင်ဘာ အိပ်ငိုက်မည်စိုး၍ စကားထိုင် ပြောပေးနေသည်။ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းအလွန်တွင် တူတော်မောင်နှင့် ကျွန်မတို့ ရှေ့ခန်း၊ နောက်ခန်းနေရာချင်း လဲလှယ်၍ ဒရိုင်ဘာ၏ ဘေးခုံမှာ ထိုင်ခဲ့ပြီး စကားပြောလာသည်။ အတန်ကြာသောအခါ ပြောစရာစကားလည်း များများစားစားမရှိတော့သဖြင့် မော်တော်ကား ပြတင်းပေါက်မှနေ လမ်းနံဘေးမြင်ကွင်းကို ဆယ်မိနစ်ခန့်ကြည့်မိသည်။ ထို့နောက် မော်တော်ကားဒရိုင်ဘာဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ ဒရိုင်ဘာမှာ မျက်လုံးစင်းပြီး အိပ်ငိုက်နေသည်ကို တွေ့ရသည်။ ကျွန်မအတော်ပင် ထိတ်လန့်သွားခဲ့သည်။ ဒရိုင်ဘာအိပ်ငိုက်နေသော်လည်း မော်တော်ကားမှာမူ သွားမြဲ သွားလျက်ရှိနေသည်။ မည်မျှကြောက်စရာကောင်းသော အဖြစ်ပါနည်း။

ကျွန်မက ‘‘ကားဆရာ၊ ကား ဆရာ၊ အိပ်ငိုက်နေတာလား’’ ဟု မတိုးမကျယ်အသံပြုလိုက်မှ ဖျတ်ခနဲ နိုးလာသည်။ ကားဒရိုင် ဘာမှာ အမှန်တကယ်ပင် အိပ် ငိုက်နေခြင်း ဖြစ်သည်။ အိပ်ပျော် နေသည်ဟု မဆိုသာသော်လည်း အိပ်ငိုက်သွားခဲ့သည်မှာ သေချာ လှပါသည်။ ကျွန်မ၏ အသံကို ကြားမှ ဆတ်ခနဲ နိုးလာခဲ့ခြင်း ဖြစ်သည်။

ခက်သည်က မော်တော် ကားဆရာသည် သူအိပ်ငိုက်နေ သည့် အချက်ကို ၀န်မခံ ‘‘ကျွန်တော် မငိုက်ပါဘူး’’ ဟုသာ ငြင်းသည်။  ထားလိုက်ပါသည်။ အငြင်းမပွား တော့။ သို့သော် လမ်းတစ်လျှောက် လုံး အသွားရော၊ အပြန်မှာပါ တူအရီးနှစ်ယောက် ဒရိုင်ဘာအနား မှာ တစ်လှည့်စီထိုင်လျက် ကော်ဖီချိုချဉ်လေးငုံ ခိုင်းလိုက်၊ လိမ္မော်သီးလေး ကျွေးလိုက်။ မော်တော်ကားကို ရပ်ခိုင်းကာ မျက်နှာသစ်လိုက်ပါလားစသဖြင့် အိပ်ချင်ပြေအောင် အထူးဂရုစိုက်လာခဲ့ရသည်။ အလားတူ အဖြစ်မျိုးကို ကျွန်မ၏မိတ်ဆွေတစ်ဦး၏ မိသားစုလည်း နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးထွက်စဉ်အချိန်က ဖြစ်ပျက်ဖူးသည်ဟု သိရသည်။

 ဤလမ်းကို စတင်ဖွင့်စဉ်က တာဝန်ရှိသူတို့သည် ရန်ကုန်မှ နေပြည်တော်၊ နေပြည်တော်မှ ရန်ကုန်ခရီးကို အချိန်လေးနာရီ နှင့် ရောက်သည်ဟု ဆိုလိုက်သည့် စံချိန်သတ်မှတ်ပြောဆိုလိုက်ခြင်း သည်ကလည်း အမှားတွေထဲက အမှားတစ်ခုဟု ထင်မိသည်။ ထို ကြောင့်ပင် ထင်၏။ မော်တော် ယာဉ်ကိုယ်ပိုင်မောင်းသူဖြစ်စေ၊အငှားမောင်းသူဖြစ်စေ၊ ခရီးသည်ယာဉ် ဘတ်စ်ကားကို မောင်းနှင်သူဖြစ်စေ ထိုယာဉ်မောင်းတို့သည် အလုပ်မာနဖြင့် ရန်ကုန်- နေပြည်တော်ခရီးကို သူ့ထက်ငါ လေးနာရီစံချိန်ကို မီအောင် အားသွန်ခွန်စိုက်သာ မောင်းကြလေတော့ သည်။ ထိုသို့ ကျုပ်တို့ အစိုးရဖောက်သည့် လမ်းကသိပ်ကိုကောင်း၊ သိပ်ကိုမြန်ပါသည်ဟု ကြွားလုံးထုတ်ကာ လေးနာရီခရီး ဟု အာမခံသတ်မှတ်ထားခဲ့ခြင်း သည်ပင် ယာဉ်မောင်းများကို မြန်မြန်မောင်း၊ စံချိန်မီအောင် မောင်း။ မမောင်းပါက မင်းညံ့ရာ ကျသည်ဟု ဆိုနေသယောင်။ ကားဆရာတို့ကား မြန်နှုန်းစစ် ဆေးသည့် ဂိတ်များရှိနေသည့် တိုင်တိုင် စံချိန်အကျမခံ။ ကီလို မီတာ ၈၀-၁၀၀ မက။ ချောင် လျှင် ချောင်သလို မောင်းကြလေ တော့သည်။

လမ်းက မညီမညာ။ နိုင်လွန်ကတ္တရာလမ်းနှင့်တော့ အတော်ကွာလှသည့် လှိုင်းထနေသော ကွန်ကရစ်လမ်း။ ထိုလမ်း၏ ဘေးဘေးဘီဘီမြင်ကွင်း တို့ကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်း လှသည်။ ကားမောင်းသူတစ်ရာရှိ လျှင် တစ်ယောက်တော့ လေးတွဲ့ ထိုင်းမှိုင်းသွားနိုင်သည်။ အိပ် ပျော်ကောင်းပျော်သွားနိုင်သည်။ ကျွန်မသည် နေပြည်တော်လမ်း တစ်လျှောက်လုံးမှာ လုံးဝမအိပ် ဘဲ စောင့်ကြည့်နေသူဖြစ်ရာ မိမိ တို့၏ ကားကိုကျော်ကာ၊ ဖြတ် ကာ၊ ရှောင်ကာသွားနေကြသည့် ယိမ်းခါနေသော မော်တော်ကား များကို ကြည့်ရင်း အသည်းတုန်၊ အူတုန်ဖြစ်ရသည့် အကြိမ်လည်း မနည်းခဲ့။ အကယ်၍ ငြီးငွေ့ဖွယ် ရာ ဤလမ်းမှာ မော်တော်ကား တစ်စီးကို မောင်းနှင်နေသူသည် အရက်သေစာသောက်သုံးထား သူဖြစ်ပါက ပို၍ အန္တရာယ်ရင် ဆိုင်ရဖွယ် ရှိသည်။

ဤနေရာတွင် သတိပေးလို သည်မှာ မော်တော်ယာဉ်မောင်း သူတိုင်း အရက်သောက်ခြင်းကို တားမြစ်စေရန် ဖြစ်သည်။ တိတိ ကျကျ မလိုက်နာလျှင် အရေးယူ ရန်လည်း လိုအပ်သည်။ အထူး သတိပေးလိုသည်မှာ အဝေးပြေး ခရီးသည်တင်ယာဉ်ကို မောင်းနှင် ကြသည့် ဒရိုင်ဘာများ၊ ယာဉ် နောက်လိုက်များကို အဝေးပြေး လမ်းတစ်လျှောက်တွင်ရှိသော စားသောက်ဆိုင်များက ထမင်း၊ လက်ဖက်ရည်၊ မုန့်ပဲသရေစာကို အဝေကျွေးရုံမျှမက၊ ဘီယာ၊ အရက်ကို ကြိုက်လျှင်လည်း အ၀ တိုက်ကာ ဧည့်ခံတတ်ခြင်း ဖြစ် သည်။ အစားအစာဖြင့် ကျွေးမွေး ဧည့်ခံသည်က ထားတော့။ အ သောက်ကိစ္စ ပါရှိနေသည်ကိုတော့ နှစ်ဦးနှစ်ဖက် ဆင်ခြင်သင့် သည်။

နေပြည်တော်အမြန်လမ်း၊ ယာဉ်တိုက်မှုတွေ စဉ်ဆက်မပြတ် ဖြစ်နေ၍ ကြောက်လှပါသည်။ ကျွန်မကဲ့သို့ပင် ပြည်သူအများ စိုးရိမ်ထိတ်လန့် တုန်လှုပ်နေကြ သည်မှာ သေချာလှပါသည်။ လူ အချို့ကတော့ သေမင်းတမန်လမ်း ဟုပင် ခေါ်ဆိုနေကြပြီ။ ဖြစ်စဉ် တွေ များလာတော့လည်း နာနာ ဘာဝ၊ ၀ိနာဘာဝများကြောင့်ဟုပင် ထင်မြင်သူတွေ ရှိလာနေပြီး ဤလမ်းပေါ်မှာ ခရီးသွားကြရမည်ကိုလည်း အတော်ပင် ထိတ်လန့်နေ ကြသည်။ ကျွန်မကတော့ နာနာ ဘာဝ၊ ၀ိနာဘာဝကိစ္စတွေကိုမစဉ်းစားချင်။ မည်သို့ပင်ဆိုစေ။တိုင်းပြည်၏ ဘဏ္ဍာငွေကြေးတွေ အမြောက်အမြားသုံးစွဲထားသည့် လမ်းဖြစ်၍ ဤလမ်းကို အချည်း နှီးတော့ မဖြစ်စေချင်မိ။

ဤလမ်းနှင့် ပတ်သက်၍ လမ်းကြောင့်၊ ယာဉ်မောင်းသူ ကြောင့်ဟု ထောက်ပြစရာ နှစ်ခု ရှိနေသည်။ ယာဉ်မောင်းသူ ကြောင့်ဟုဆိုလျှင် အခြားလမ်း များမှာလည်း ယာဉ်တိုက်မှုတွေ၊ တိမ်းမှောက်မှုတွေ ဘာကြောင့် ဒီမျှလောက်မဖြစ်သနည်း။ ကျွန်မ ကတော့ လမ်း၏အထီးကျန်မှုက ယာဉ်မောင်းသူ၏ စိတ်ခံစားမှုနှင့် အလုပ်လုပ်နိုင်စွမ်းအားကို ပြောင်းလဲစေသည်ဟုသာ ယူဆ သည်။ ငြီးငွေ့ဖွယ်ရာလမ်းနှင့် ယာဉ်မောင်းသူတို့အကြားက အညမည၊ သဟဇာတဖြစ်တည်မှု ကို ဆိုလိုသည်။ ကျွန်မထောက်ပြ သည်မှာ ပြည့်စုံမည်မဟုတ်။ ကိုယ်တွေ့အဖြစ်ကိုသာ မျှဝေ ခြင်းဖြစ်သည်။

ဤအထီးကျန်ဆန်လှသော နေပြည်တော် အမြန်လမ်းကို လက်တွေ့ကျကျ အန္တရာယ်ကင်း ရှင်းစေရန်မူ လမ်းဖောက်လုပ်ခြင်း နည်းပညာကို အမှန်တကယ် ကျွမ်းကျင်သော လမ်းတံတား ဆောက်လုပ်ရေး ပညာရှင်အ ဟောင်း၊ အသစ်များကိုလည်း ကောင်း၊ ခရီးသည်များကိုလည်း ကောင်း၊ ဤလမ်းပေါ်မှာ မောင်း နှင်ဖူးသော ယာဉ်မောင်းများ၏ တစ်ဦးချင်း အခက်အခဲ၊ အတွေ့ အကြုံ၊ စိတ်ခံစားမှုများကိုပါ လေ့ လာဆန်းစစ်ပြီး ချို့ယွင်းချက်များ ကို ရှာဖွေပြင်ဆင်သင့်ဟုသာ အ ကြံပြုလိုက်ပါရစေ။   ။

7day daily

အပြည့်အစုံသို့ »

ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းခံထားရသူအား ယာဉ်ကို မောင်းခွင့်ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခြင်းကြောင့် ရာဇာမင်းယာဉ်လိုင်းအား ပိတ်သိမ်း


၁၂-၀၅-၂၀၁၄ ရက်နေ့က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှုတွင် ရာဇာမင်းယာဉ်လိုင်း မော်တော်ယာဉ်မောင်းသည် လိုင်စင်မရှိသူဖြစ်သဖြင့် အဆိုပါယာဉ်လိုင်းအား ပိတ်သိမ်းရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့(၁၅-၀၅-၂၀၁၄)က နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဦးသန်းဌေးက ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း မင်းခန့်(ခေါ်) ထွန်းခန့်စိုးသည် ရာဇာမင်း ယာဉ်မောင်းတာဝန်ထမ်းဆောင်သည့် ၂၀၁၂ ခုနှစ်တွင် တောင်ဥက္ကလာပ ဝေဇယန္တာလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ယာဉ်မောင်းလိုင်စင်အား ၃ နှစ် ပိတ်ပင်ပြစ်ဒဏ်ချမှတ်ခံထားရဖူးသူဖြစ်ကြောင်း၊ သို့ပါ၍ ၁၂ ရက်နေ့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းနှင်ခွင့် လိုင်စင်မရှိဘဲ မောင်းနှင်ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ယာဉ်ပိုင်ရှင်သည် ယာဉ်မောင်းနှင်ခွင့်မရှိသူကို မောင်း နှင်ခွင့်ပြုသည့်အတွက် နေပြည်တော်ကောင်စီမှ ရာဇာမင်းယာဉ်လိုင်း နေပြည်တော်-ရန်ကုန် ခရီးသည်ပို့ဆောင်မှုကို ပိတ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ရပြီး ယင်းနှင့် ပတ်သက်၍ သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ဒု-သမ္မတက အနီးကပ်ကြီးကြပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ပါဝင်သော စုံစမ်းရေးအဖွဲ့ဝင် (၈)ဦး ဖွဲ့စည်း စုံစမ်းလျက်ခဲ့ရာ ၁၂-၅-၂၀၁၄ ရက်နေ့ ညနေ (၆း၄၅)နာရီအချိန် နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် အပိုင်မိုင်တိုင်အမှတ်(၁၉၇/၆) ၀က်လက်မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသယ်တင်ယာဉ် ထိုးကျသွားကြောင်း၊ ယာဉ်တိမ်းမှောက်လျှင် တိမ်းမှောက်ခြင်း တာဝန်သိပြည်သူတို့၏ သတင်းပေးပို့မှုကြောင့် အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်မှုပြုနိုင်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုမဖြစ်ခင် လေမိုးပြင်းထန်စွာရွာ သည့်အတွက် ရုတ်တရက် မိုးမှောင်ကျပြီး ယာဉ်မှာ တံတားအား ကာရံထားသော ကွန်ကရစ်တုံးများကို ကျော်ဖြတ်တိုက်မိပြီး တစ်ပတ်လည်၍ ပေ (၅၀)ခန့်နက်သော ချောက်ထဲသို့ ကား၏ဖင်ပိုင်းမှကျ၍ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ ယာဉ်မတော် တဆမှုတွင် ခရီးသည် (၁၄)ဦး သေဆုံးပြီး (၂၉)ဦး ဒဏ်ရာရရှိပါကြောင်း သေဆုံးသူ များမှာ ကျား (၁၀)၊ မ (၄)ဦးဖြစ်ကြောင်း စုံစမ်းသိရှိရကြောင်း သတင်းမီဒီယာများအား ရှင်းလင်းခဲ့သည်။

ရှင်းလင်းပွဲမတိုင်မီ News Watch မှ ရာဇာမင်းယာဉ်လိုင်းသို့ ရန်ကုန်-နေပြည်တော်ခရီးစဉ် ရပ်ဆဲခံရခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ရာဇာမင်းယာဉ်လိုင်း အုပ်ချုပ်ရေး မန်နေဂျာဦးချိုက “ကျွန်တော်တို့ ယာဉ်အုပ်ချုပ်ကြီးကြပ်သူတွေအနေနဲ့ ယာဉ်တစ်စီးကို ခရီးစဉ်မစမီ အစစအရာရာ စစ်ဆေးတဲ့အပြင် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်ကိုလည်း ကွမ်း၊ ဆေး၊ အရက်၊ မိန်းမ အရှုပ်အရှင်းကင်းပြီး ၀ါရင့် ကျွမ်းကျင်၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေ ခန့်အပ်ထားတာပါ။ ခရီးစဉ် ထွက်ခါနီးတိုင်းမှာလည်း အရက်သေစာ သောက်စားခြင်းရှိမရှိကို အရက်မူးတိုင်း ကိရိယာနဲ့ စစ်ဆေးပါတယ်။ ပြောချင်တာက ကျွန်တော်တို့ တာဝန်ရှိသူတွေအုပ်ချုပ် ကြီးကြပ်မှုမညံ့ပါဘူး။ တာဝန်ရှိသူတွေ အနေနဲ့ ယာဉ်တိမ်းမှောက်တဲ့ဖြစ်စဉ်မှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့ ရာသီဥတု အခြေအနေတွေ၊ လေပြင်းတိုက်ခတ်နေတာတွေ၊ လမ်းရဲ့အခြေအနေတွေကိုထည့် မတွက်ဘဲ ကျွန်တော်တို့ယာဉ်လိုင်းဘက်ကိုပဲ ဖိပြီး အပြစ်ရှာထားသလိုဖြစ်နေ ပါတာ။ ဒါနဲ့ပတ်သက်ပြီး ပြေးဆွဲခွင့် ပြန်လည်ရရှိ ဖို့တောင်းဆိုမှာမဟုတ်ပေမယ့် ယာဉ်လိုင်း ပိတ်ပင်ခဲ့တဲ့ အကြောင်းအရင်းအပေါ်တော့ ဖြေရှင်းချက်ပြန်လည်တောင်းခံသွားမှာပါ” ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပြေးဆွဲမှုပိတ်ပင်ခြင်းကြောင့် စိတ် ကသိကအောက်ဖြစ်ရကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

နေပြည်တော်သတင်းစာရှင်းလင်းပွဲအပြီး ယနေ့ ညနေပိုင်းတွင် ရာဇာမင်းယာဉ်လိုင်းထံသို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်၍ ထပ်မံဆက်သွယ်မေးမြန်းရာ ''မြေပြင်မှာ ဖြစ်နေတဲ့ဟာကို ခင်ဗျား လှမ်းမေး ကြည့်စမ်းပါဗျာ။ ကျွန်တော်က ဘာမှမသိဘူး''ဟု ရာဇာမင်းကားလိုင်း အုပ်ချုပ်ရေး မန်နေဂျာက ပြောကြားခဲ့ပြီး ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ် ၁ ခုသာ ပေးခဲ့ပါသည်။

ဓါတ်ပုံ - ထင်အောင်ကျော်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

၁၅ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ




အပြည့်အစုံသို့ »

ရာဇာမင်း ရန်ကုန်-နေပြည်တော် ယာဉ်လိုင်း ပိတ်သိမ်း


 ရန်ကုန်၊ မဇ္ဈိမ။ ။ မေလ ၁၂ရက် ညနေက အမြန်လမ်း ၁၉၇မိုင်တွင် ယာဉ်တိမ်းမှောက်ကာ ၁၄ဦးသေဆုံးပြီး ၂၉ဦးဒဏ်ရာရခဲ့သည့်ဖြစ်ရပ်ကြောင့် ရာဇာမင်းယာဉ်လိုင်း၏ ရန်ကုန်- နေပြည်တော်ပြေးဆွဲနေသည့် လိုင်းကို ပိတ်သိမ်းလိုက်ပြီဟု မေလ ၁၄ရက် နိုင်ငံပိုင် မြဝတီသတင်းဌာနက၏ ည ၁၀နာရီသတင်းတွင် ကြေငြာလိုက်သည်။

 မဇ္ဈိမသတင်းဌာန

အပြည့်အစုံသို့ »

ရာဇာမင်းမှန်လုံယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းများမှာ ကျွမ်းကျင်သူများဖြစ်သည်ဟုဆို



နေပြည်တော် မေ ၁၃

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇/၆) အနီး ဝက်လက် ရထားခုံးကျော်တံတားတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း မှန်လုံယာဉ်တိမ်းမှောက်မှု၌ ယာဉ်မောင်းဖြစ်သူသည် (င)လိုင်စင်ရ ပြီးသည့် ကျွမ်းကျင်ယာဉ်မောင်းတစ်ဦး ဖြစ်ကြောင်း၊ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် မော်တော် ယာဉ်သည် ဘောဂသီရိကားဝင်းမှ ညနေ ၅ နာရီတွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး မြို့မဈေးကားဂိတ်မှ တစ်ဖန် ညနေ ၆ နာရီတွင် ဆက်လက်ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော် ယာဉ်တွင် ခရီးစဉ်အတွက် ယာဉ် မောင်းနှစ်ဦးပါရှိရာ နှစ်ဦးစလုံးသည် အသက် ၁၈ နှစ် အရွယ်ကပင် ယာဉ်မောင်းလိုင်စင်ရရှိပြီးသူများဖြစ် သည့်အတွက် လက်ရှိတွင် (င) လိုင်စင်ရ ယာဉ်မောင်းကြီးများဖြစ်ကြ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌဦးဝင်းဆွေက မြန်မာ့အလင်းသို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားချိန်တွင် ခရီးစဉ်အစဖြစ်သည့် အတွက် အကူယာဉ်မောင်းက ဝင် ရောက်မောင်းနှင်ခြင်းကြောင့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် ပတ်သက်၍ ဦးဝင်းဆွေက ယင်းကဲ့သို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိ၍ နေပြည်တော်ခုတင် ၁ဝဝဝ ဆေးရုံ တွင် ကုသမှုခံယူနေရသည့် ခရီးသည် တစ်ဦးဖြစ်သူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (နေပြည် တော်)မှ အကြီးတန်းစာရေး ဒေါ်သင်း သင်းနွယ်က ၄င်းကြုံတွေ့ခဲ့ရသည့် ယာဉ်တိမ်းမှောက်မှုဖြစ်ရပ်နှင့် ပတ် သက်၍ ''နေပြည်တော် toll gate ကနေ ထွက်လာပြီး သိပ်မကြာခင်မှာ ဖြစ်တာ၊ ကားက အရှိန်သိပ်မမြန်ဘူး၊ မိုးနည်းနည်းရွာနေတယ်၊ လေတွေ လည်း တိုက်နေတယ်၊ မြူတွေဆိုင်း နေပြီး
မြင်ကွင်းသိပ်မကောင်းဘူး၊ ''ဒုံး'' ဆိုပြီး တစ်ခုခုကို စတင်တိုက်လိုက်တဲ့ အသံကြားရတယ်။

ပြီးတော့ ကား ကစလစ်ဖြစ်သလို ရမ်းခါသွားတယ်။ ယာဉ်မောင်းလည်း လိုက်ထိန်းတယ်နဲ့ တူပါတယ်။ နောက်တော့ တံတား အောက်ကိုကျသွားပြီး တစ်ကားလုံး ဆူညံသွားတယ်၊ ကျွန်မသတိရတော့ ကူညီနေတဲ့လူတွေကို တွေ့ရပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ပေး ကြပါတယ်''ဟု ပြောကြားသည်။

အပတ်စဉ် နေပြည်တော်သို့ အလုပ်ကိစ္စနှင့် အမြန်လမ်းကို အသုံး ပြုသွားလာနေရကြောင်း ပြောကြား သည့် ရန်ကုန်မြို့ တာမွေမြို့နယ်နေ အမျိုးသမီးကြီးတစ်ဦးက ''အန်တီက ကားစထွက်ကတည်းက ဘုရားစာတွေ ရွတ်ဆိုနေခဲ့တာ၊ တိုးလ်ဂိတ်က ထွက်လာပြီးမကြာဘူး အခုလိုအဖြစ် ဆိုးကြီးကြုံရတာပဲ၊ ဖြစ်သွားတာက အလွန်မြန်ပါတယ်၊

ကားကအပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ ကိုယ်ထည်ပွင့် ထွက်သွားပြီး ထွက်ပေါက်လိုဖြစ် သွားတာ၊ အန်တီက ခေါင်းပဲနည်းနည်း ထိသွားလို့ ကံကောင်းပါတယ်'' ဟု ဆိုသည်။

ယာဉ်မောင်းကို ဆေးရုံတွင် ကုသနေရဆဲဖြစ်ပြီး အခင်းဖြစ်ပွား ချိန်က မော်တော်ယာဉ်ကို တစ်နာရီ လျှင် ၆ဝ ကီလိုမီတာနှုန်းဖြင့်သာ မောင်းနေခြင်းဖြစ်ကြောင်း၊ တိမ်း မှောက်မှုဖြစ်ပွားသည့်ယာဉ်မှာ YU-TONG အမျိုးအစား ယာဉ်အသစ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မျိုးဇေယျာ(ပျဉ်းမနား)
The Mirror Daily


အပြည့်အစုံသို့ »

အမြန်လမ်းတွင် သေဆုံးမှုစံချိန်တင်ခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရာဇာမင်းယာဉ်လိုင်း တာဝန်ရှိသူတို့ တွေ့ဆုံ


ရာဇာမင်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနရုံး၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နေပြည်တော် မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ တာဝန်ရှိသူများသည် မေ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ၁၄ ဦးအား တစ်ဦးလျှင် ရာဇာမင်းယာဉ်လိုင်းမှ

အပြည့်အစုံသို့ »

ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတဦးဆောင်စုံစမ်းစစ်ဆေး


လူ ၁၄ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ သော ယာဉ်မတော်တဆမှုဖြစ်ပွားပြီး နောက် ရာဇာမင်းခရီးသည်တင်ယာဉ် ကို မေလ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − သန်းထူး)


ခရီးသည် ၁၄ ဦး သေဆုံးခဲ့သော ရာဇာမင်း ခရီး သည်ယာဉ် အမြန်လမ်းပေါ်မှ တိမ်းမှောက်ထိုးကျခဲ့သော ဖြစ်စဉ် ကို ဒုတိယသမ္မတဦးဉာဏ်ထွန်း ကိုယ်တိုင် ဦးဆောင်စုံစမ်းစစ် ဆေးနေကြောင်း သတင်းရရှိ သည်။

ဒုတိယသမ္မတသည် ပြည်ထဲရေးဝန်ကြီးဌာန၌ အမြန်လမ်း ယာဉ်မတော်တဆမှုများနှင့် သက်ဆိုင်သော ၀န်ကြီးဌာနများမှ ပြည် ထောင်စုဝန်ကြီးများနှင့် မေလ ၁၃ ရက် မွန်းလွဲပိုင်းက အထူးအ စည်းအဝေးတစ်ရပ် ကျင်းပခဲ့ သည်။

အခင်းဖြစ်ပွားရာ နေရာသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုလည်း လာရောက် ကြည့်ရှုကာ ယာဉ်မောင်းသည် ဂိတ်မှ မထွက်မီ မည်သည့်နေရာ တွင် စားသောက်ခဲ့ကြောင်း စုံစမ်း ရန် ညွှန်ကြားသည်။

ယာဉ်မောင်းသည် အရက် သောက်ထားခြင်း မရှိကြောင်း သွေးဖောက်စစ်ဆေးမှုကို ကိုး ကားပြီး ရဲမှူးကြီးနေ၀င်းကပြော သည်။ မိုးသည်းထန်စွာ ရွာနေ သည့် အချိန်တွင် မောင်းသင့် သည့် မြန်နှုန်းထက် ပိုမောင်းခြင်း၊ ၀ိုက်ဗာက မိုးရေကို ကောင်းစွာ မခွဲနိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ် ပွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

    ယခုတိမ်းမှောက်သောယာဉ်၏ ပိုင်ရှင်သည် ရန်ကုန်မြို့မှဦးကိုကိုထွေးဖြစ်ပြီး လက်ရှိတွင်   ထိုင်းနိုင်ငံ၌ ရောက်နေကြောင်း ယာဉ်တာဝန်ခံ ဦးအေးမင်းထွန်း ကပြောသည်။

ထို့အပြင် အဆိုပါ ယာဉ် သည် ဖြစ်ပွားသည့် နေ့တွင်ပင် ရန်ကုန်မှ နေပြည်တော်သို့ ခရီး သည်တင်ဆောင်ထွက်ခွာလာရာ နေပြည်တော် အဝေးပြေးကား ကြီးဝင်းသို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိခဲ့သည်။ ထိုနောက် နေ ပြည်တော်မှ ရန်ကုန်သို့ ပြန် ထွက်စဉ် ထိုကဲ့သို့ ဖြစ်ပွားခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ဒီလိုတစ်ရက် နှစ်ခေါက် ဆွဲတဲ့လိုင်းက မရှိသလောက်ပါ ပဲ’’ဟု နေပြည်တော်  မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေကပြောသည်။

ယာဉ်သည် လမ်းဘေးကျ ကာ တံတားလက်ရန်းနှင့် အကာ များကို ဆက်လက်တိုက်မိပြီး အမြင့်ပေ ၅၀ ခန့်ရှိ ရထားသံ လမ်း ခုံးကျော်တံတားအောက်သို့ ထိုးကျသွားကာ ပေ ၁၂၀ ခန့်အကွာတွင် ဖင်ထောင်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

‘‘ဘာကြောင့် ဖြစ်သလဲဆို တော့ မိုးက သဲသဲမဲမဲ ရွာနေတယ်။ ကီလိုရှစ်ဆယ်လောက် မောင်းလို့ရတဲ့ကားက ၄၀ လောက်ပဲ မောင်းလို့ရတဲ့ အနေအထား ဖြစ်တယ်။ မောင်းလာတဲ့နှုန်းက ကန့်သတ်ကီလိုထက် မကျော် သော်လည်းပဲ နည်းနည်းလေး တော့ ၇၀/၈၀ လောက်မောင်း လာပုံရတယ်။ ၀ိုက်ဗာကလည်း ကောင်းကောင်းရေမခွဲနိုင်တဲ့ ပုံ ဖြစ်မယ်လို့ ယူဆတယ်’’ ဟု ရဲမှူး ကြီး နေ၀င်းက ရှင်းလင်းပြောကြားသည်။

ဖြစ်စဉ်တွင် စပယ်ယာတစ် ဦး အပါအ၀င် လူ ၁၄ ဦးသေဆုံးခဲ့ ကြောင်း၊ ၂၉ ဦးဒဏ်ရာရှိကာ နှစ် ဦး၊ သုံးဦးခန့် အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်းသူ မှာ ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်ရကြောင်း ၎င်းကို ခုတင်  ၁၀၀၀ ဆေးရုံ၌ ခြေချုပ်ဖြင့် ဆေးကုသလျက်ရှိနေပြီး ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထား ကြောင်း ရဲမှူးကြီးနေ၀င်းက ပြော ကြားသည်။

ထို့အပြင် အသက်ဆုံးရှုံးခဲ့ သော ခရီးသည်များအတွက် အာမခံ၊ နစ်နာကြေးများနှင့်ပတ်သက်၍ ညှိနှိုင်းခဲ့ကြောင်း သိရသည်။

‘‘တစ်ယောက်ကို သိန်း ၆၀ လောက်ရလိမ့်မယ်’’ ဟု ဦးဝင်းဆွေက ညှိနှိုင်းမှု၏ ရလဒ်ကို ပြောကြားသည်။

သေဆုံးသူများအတွက် ထိ ခိုက်ဒဏ်ရာရရှိမှု အာမခံ ကျပ်ငါး သိန်း၊ ယာဉ်လက်မှတ်ဝယ်ယူရာ တွင် ပေးဆောင်ရသော အာမခံ ကျေး ၃၀၀ ကျပ်အတွက် သိန်း ၃၀၊ အဆိုပါယာဉ်သည် ဧရာဝတီ ဘဏ်တွင် အလုံးစုံအာမခံထားရှိ သောကြောင့် တစ်ဦးလျှင် ကျပ်ဆယ်သိန်းစီ ရရှိမည်ဖြစ်သည်။

7day daily

အပြည့်အစုံသို့ »

မှန်လုံယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် အာမခံလျော်ကြေးငွေများ လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးမည်



နေပြည်တော် မေ ၁၃

နေပြည်တော်-ရန်ကုန် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သောခရီးသည်များအတွက် အာမခံလျော်ကြေးများကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်၍သေဆုံးခဲ့ရသော ခရီးသည်တစ်ဦးလျှင် အလုံးစုံအာမခံကြေး ငွေကျပ် ၁၀ သိန်း၊ အထူးခရီးသွား အာမခံကြေးငွေကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်မှု အာမခံကြေးငွေကျပ် ငါးသိန်း စုစု ပေါင်း ကျပ် ၄၅ သိန်းကို သေဆုံးသူနှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသူများအား ထုတ်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
ထိခိုက် ဒဏ်ရာရသူများအား အထူးခရီးသွားအာမခံကြေးအဖြစ် ဒဏ်ရာရရှိမှုအပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၀မှ ငွေကျပ် ၂၄သိန်းအထိသတ်မှတ်ထားသည့်အတိုင်း ပေးလျော် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူများအတွက် အာမခံလျော်ကြေးကိုမထသသို့လွှဲပြောင်း၍ ခံစားခွင့်ရှိသူ များကို ရှေ့တစ်ပတ်တွင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း၊ ဒဏ်ရာရသူများအတွက် အာမခံလျော်ကြေးပေး လျော်မှုကိုမူ အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းကပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း သည် ရာဇာမင်းမှန်လုံယာဉ် တိမ်း မှောက်မှုတွင် ဒဏ်ရာရရှိသူခရီးသည်များကို ကုသပေးလျက်ရှိသည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ ကြီးသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်ကလာရောက် ကြည့်ရှုနှစ်သိမ့်အားပေးခဲ့ ပြီး အာမခံလျော်ကြေးဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


MOI Webportal Myanmar

အပြည့်အစုံသို့ »