ကျား နှင့် မ အိမ်ထောင်ပြုရန် အကောင်းဆုံး အသက်အရွယ်


ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။
အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။

အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။
ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။

သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။

ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။
ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။

အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။
ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။

မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။

ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။

ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။  ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။

အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။

ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။

နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။

အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။

ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။

သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)

အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။

အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။
အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။

“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။

၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။
သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။

ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။
အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။

ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ။
အတ္တကျော်ဘလော့မှ

အပြည့်အစုံသို့ »

ယောက်ျားတွေ အကြောက်ဆုံး ရောဂါနှင့် စပ်လျဉ်း၍


အသက် ၃၆နှစ် ပြည့်ပြီးတဲ့နောက် နောက်တစ်ရက်မှာဖြစ်ပါတယ်။ ရှေ့နေမင်း ကိုစံဟုတ်ဟာ သူ့ဇနီး ခင်နဲ့အတူ မီးဖိုချောင်သန့်ရှင်းရေး လုပ်နေတယ်။ ညစာ စားအပြီးပေါ့။ ကလေးတွေတောင် အိပ်ရာထဲ ရောက်ကုန်ကြပေါ့။
ကိုစံဟုတ်ဟာ ခင့်ကို ရုတ်တရက်ပွေ့ချီလိုက်ပြီး မောင်နှံစုံ စက်ခန်းဆီကို ကြွမြန်းလိုက်ပါတယ်။ အဲဒီ့နောက်မှာတော့ လင်မယားနှစ်ယောက်ရဲ့ ချစ်ခန်း  စတင်ပါတော့တယ်။
သို့ပေမယ့် ကိုစံဟုတ်ဟာ ဘယ်လိုမှ တောင့်မထားနိုင်တော့မှန်း သူ့ကိုယ်သူ တအံ့တဩ တွေ့လိုက်ရပါလေတယ်။
သူ ပင်ပန်းနွမ်းနယ်မနေပါဘူး။ အသက်ကလည်း အခုမှ ၃၆ နှစ်ပဲ ရှိသေးတယ်။ အားကောင်းမောင်းသန်၊ ကြံ့ကြံ့ခိုင်ခိုင်ကြီးပါ။ ကျန်းမာရေးကလည်း ဒေါင်ဒေါင့်ကို မြည်လို့ ရယ်ပါ။ ဒါတင်မကသေးဘူး၊ နှစ်စဉ်ပုံမှန် ဆေးစစ်ထားတဲ့ အဖြေတွေအရလည်း သူ့မှာ ဘာရောဂါ၊ ဘာဝေဒနာမှ မရှိတာ သေချာပါတယ်။ ဒါ့အပြင် သူက တစ်ပတ်ကို မိုင် ၅၀ တောင် စက်ဘီးစီးပြီး ကျန်းမာရေး လေ့ကျင့်ခန်း မှန်မှန် လုပ်နေတဲ့သူ။ ဆေးလိပ် မသောက်၊ အရက် မသောက်တဲ့သူ။
နောက်တစ်ရက်မနက်မှာတော့ ဒါမျိုး နောက်တစ်ခါ ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကိုစံဟုတ်ဟာ သူ့ကိုယ်သူ မောင်းတင်လိုက်ပါတယ်။
ဟုတ်ကဲ့… ဒါပေမယ့် ဖြစ်ပါတယ်ခင်ဗျား။ ဖြစ်ရုံမက ဖြစ်တဲ့အကြိမ်ရေတောင် စိပ်သထက် စိပ်လာပါတော့တယ်။ ဖြစ်တာ ကြာလာတော့ သူ့စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာ ရတော့တယ်။ ခင့်မှာလည်း သောကတွေ ပွားလို့။ သူ့လင်သားအတွက် သူက စွဲမက်စရာ မကောင်းတော့ဘူးလို့ ခင့်ကိုယ်ခင် ထင်လာရပါတော့တယ်။ သည်လိုနဲ့ သူတို့ အိမ်ထောင်ရေးက ကသောင်းကနင်းဖြစ်ချင်လာရတော့တယ်။
နောက်ဆုံးမှာတော့ ကိုစံဟုတ်ဟာ မိသားစုဆရာဝန်ဆီ ပြေးပါတော့တယ်။
“ဘာမှတော့ မဖြစ်ပါဘူး ကိုစံဟုတ်ရဲ့။ ခင်ဗျား သိပ်စိတ်ပင်ပန်းနေလို့ ဖြစ်သလားပဲ။ စိတ်ပညာရှင်နဲ့ သွားပြဖို့ ကျွန်တော် ညွှန်းပေးလိုက်မယ်လေ” လို့ ဆရာဝန်က ပြောပါတယ်။
ကိုစံဟုတ်စိတ်ထဲမှာတော့ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုမှ မရှိဘူးလို့ ထင်ပါတယ်။ သို့ပေမယ့် ပြဆိုလည်း ပြရတာပလေ။ သည်ရောဂါကြီး ပျောက်ကင်းဖို့အတွက်တော့ ဘာပဲ လုပ်ရလုပ်ရပေါ့။
သို့ပေမယ့်လည်း သူ့ဇနီးနဲ့အတူ ချစ်ရေးချစ်မှု ကုထုံးကို သွားရောက်ကုသခံ တာ ၄-၅-၁၀ ပတ် ကြာတဲ့တိုင်လည်း သူ့အခြေအနေက တိုးတက်မလာဘူး။ (စိတ်ကျန်းမာရေး ကုထုံးမှာ ဆေးဝါးနဲ့မဟုတ်ဘဲ စိတ်ပညာရှင်နဲ့ ပြောဆိုဆွေးနွေးရင်း အဖြေရှာတဲ့နည်းလည်း ရှိပါတယ်။ အဲဒီ့နည်းနဲ့ သူတို့အိမ်ထောင်ရေးကြားက အထမမြောက်နိုင်လေတဲ့ ချစ်ရေးချစ်မှုကို ဖြေရှင်းဖို့ အားထုတ်တဲ့ ကုထုံးကို ချစ်ရေးချစ်မှု ကုထုံးလို့ ပြန်ဆိုလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေမှာ သိပ်မထွန်းကားသေးပါဘူး။ ဒါ ဘာသာပြန်သူ့ စကားချပ်ပါ။)
အဲဒီ့နောက်မှာ မိတ်ဆွေတစ်ယောက်က သူ့ကို ဘော့စတန်တက္ကသိုလ်က  ဆီးလမ်းကြောင်းပါမောက္ခ ဒေါက်တာ အောင်ရွှေသိန်းနဲ့ ပြဖို့ အကြံပေးတာနဲ့ ကိုစံဟုတ်လည်း သွားပြလိုက်ပါတယ်။ ကိုစံဟုတ်ဟာ ဒေါက်တာ့စားပွဲရှေ့က ကုလားထိုင်မှာထိုင်နေရင်း ကုလားထိုင် လက်တန်းကို တင်းတင်းဆုပ်ထားမိရ လေတယ်။ ဆရာဝန်က သူပြောသမျှကို သေချာနားထောင်ပြီးတဲ့နောက် သူ့ကို မေးလိုက်ပါတယ်။
“စက်ဘီးစီးရင်းနဲ့များ မတော်တဆ တိုက်မိခိုက်မိခဲ့တာတွေများ ဖြစ်ခဲ့ဖူးသလား”တဲ့။
“ဟုတ်ကဲ့ဆရာ… လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုံးကတော့ တစ်ခါ လဲခဲ ဖူးတယ် ဆရာ။ လဲတာမှာ စက်ဘီးဘားတန်းနဲ့ကို ပြင်းပြင်းထန်ထိန် ဆောင့်မိ သွားခဲ့ဖူးပါတယ်ခင်ဗျ”လို့ ကိုစံဟုတ်က ဖြေလိုက်ပါတယ်။
ဒေါက်တာအောင်ရွှေသိန်းက ခေါင်းညိတ်တယ်။ “သည်လိုဆိုရင်တော့ ခင်ဗျားရောဂါကို ကျွန်တော် ကုလို့ရပြီလို့ ပြောရတော့မှာပေါ့ဗျာ”လို့လည်း ဆိုလိုက်ပါတယ်။
သည်ကိစ္စကို သိပ်ဆွေးနွေးလေ့ မရှိကြပေမယ့် ပန်းသေ ပန်းညှိုးဝေဒနာဟာ ယောက်ျားအများစုအနေနဲ့ အဖျင်းဆုံး ယာယီလောက်ဖြစ်ဖြစ် တွေ့ကြုံ ရင်ဆိုင်ရတတ်စမြဲ ဝေဒနာတစ်ခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက အသက် ၄၀ မှ ၇၂ နှစ်အရွယ် အမျိုးသားစုစုပေါင်း ၁၃၀ဝ နဲ့ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ရပ်အရ ၅၂ ရာခိုင်နှုန်းဟာဖြင့်ရင် သည်ဝေဒနာကို တစ်နည်းနည်း ခံစားခဲ့ရတယ်လို့ ဆိုကြပါတယ်။ အဲသလောက်တောင် အဖြစ်များလှပေမယ့်လည်း ယောက်ျားတွေဟာ သည်ကိစ္စကို မချိတင်ကဲနဲ့သာ ခံစားရင်း ရေငုံနေကြလေရဲ့။
“နှလုံးတို့၊ ဝမ်းဗိုက်တို့၊ အဆုတ်တို့မှာ ရောဂါရှိနေတာမျိုးကို ယောကျာ်းတွေ အသာတကြည် လက်ခံနိုင်တတ်ကြပါတယ်။ ဒါပေမယ့် ငယ်ပါမှာ ဖြစ်နေတဲ့ ရောဂါဝေဒနာကိုကျတော့ လက်ခံဖို့အတော့်ကို ခက်တတ်ကြတယ်”လို့ အမေရိကန်နိုင်ငံရဲ့ ပန်းသေပန်းညှိုးရောဂါဆိုင်ရာ ကျွမ်းကျင်သူများအနက်မှာ အဦးဆုံး ပညာရှင်ဖြစ်တဲ့ ဒေါက်တာအောင်ရွှေသိန်းက ပြောပါတယ်။ “တကယ်တော့ ငယ်ပါဆိုတာလည်း နှလုံးလို၊ အဆုတ်လို၊ ကျောက်ကပ်လို့ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုပါပဲဖြစ်တာမို့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ တစ်နေရာရာမှာ တစ်ခုခုက အချိန်မရွေး ဖြစ်သွားနိုင်တာပါပဲဗျာ”လို့ သူက ဆိုပါတယ်။
ကနေ့ကာလမှာတော့ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်လာရင် ကိုယ်ခန္ဓာ ချို့ယွင်းချက်ကို ရှာဖွေစူးစမ်းလာကြတဲ့ ပညာရှင်များ တစ်နေ့တခြား တိုးပွားလာနေပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ကျော်လောက်အထိကတော့ ဆရာဝန်တွေဟာ ပန်းသေပန်းညှိုးလို့ရောက်လာကြတဲ့ လူနာတွေကို စိတ်ပညာရှင်တွေဆီကိုသာ ညွှန်လေ့ရှိခဲ့ကြပေမယ့် ကနေ့အခါမှာတော့ အဲသလိုဖြစ်လို့ရောက်လာတဲ့ လူနာတွေကို စိတ်ပညာရှင်တွေက ဆရာဝန်တွေဆီကို ပြန်ညွှန်းနေကြပါပြီ။
“ငယ်ပါတင်းမာမှုနဲ့ပတ်သက်လို့ ဝေဒနာတစ်ခုခု ခံစားနေရပြီဆိုရင် အဲဒီ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် ကိုယ်အင်္ဂါဆိုင်ရာ ပြဿနာလည်း ပါနေတတ်မှန်း အခုဆို ကျွန်တော်တို့ သဘောပေါက်လာကြပါပြီ။ ငယ်ပါတင်းမာမှု ရရှိရေးအတွက် အာရုံကြောတွေရော၊ သွေးကြောတွေပါ ပျက်စီးထိခိုက်မှု မရှိဖို့ လိုပါတယ်”လို့ ဒေါက်တာ ဝေပုလ္လက ဆိုပါတယ်။
ငယ်ပါတဝိုက်မှာရှိတဲ့ သွေးကြောတွေ ပွင့်နေပြီး အဲဒီ့တဝိုက်က ကြွက်သားများ ပြေပြေပြစ်ပြစ် ရှိနေမှသာလျှင် ငယ်ပါဆီကို သွေးက စီးဆင်းနိုင်မှာပါ။ ငယ်ပါ စန့်လာချိန်မှာ သွေးကြောတွေကို ညှစ်လိုက်သလိုဖြစ်သွားပြီး ငယ်ပါထဲကို စီးဝင်လာတဲ့ သွေးတွေ ပြန်ဆုတ်မသွားအောင် တားဆီးပေးပါတယ်။
ဆရာဝန်တွေဆီကို လာပြတဲ့ ပန်းသေပန်းညှိုးဝေဒနာရှင်များရဲ့ ၈၀ ရာခိုင်နှုန်းဟာဖြင့်ရင် ကိုယ်အင်္ဂါချို့ယွင်းမှုကြောင့်သာ ဖြစ်နေရတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ အများဆုံးဖြစ်လေ့ရှိတာကတော့ သွေးလှည့်ပတ်ပုံ မူမမှန်တာနဲ့ သွေးကြောဆိုင်ရာ ရောဂါ ဝေဒနာများကြောင့် ဖြစ်ရတာက များပါသတဲ့။ သွေးတိုး ရောဂါဟာဆိုရင် သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့ကုန်စေလေ့ရှိပါတယ်။ အဲသလို သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့လာမယ်ဆိုရင် ငယ်ပါဆီကို သွေးစီးဆင်းမှုလည်း လျော့ကျသွားစေနိုင်ပါတယ်။
တခြားရောဂါတွေကလည်း သည်ပြဿနာကို ပေါ်ပေါက်စေနိုင်ပါသေးတယ်။ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ multiple sclerosis လို့ ခေါ်တဲ့ အာရုံကြောစနစ်ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု၊ စကားပြောဆိုမှု စတာတွေကို မထိန်းနိုင်တဲ့ ရောဂါများကလည်း အာရုံကြောတွေနဲ့ သွေးကြောတွေကို ပျက်စီးသွားစေနိုင်ပါတယ်။
နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဆေးဝါးတွေကြောင့်ပဲဖြစ်ပါ တယ်။ အမျိုးသားတို့ရဲ့ တင်းမာနိုင်စွမ်းအတွက် ကိုယ်အင်္ဂါ စွမ်းဆောင်မှုအခြေအနေကို အာရုံကြောစနစ်က ထိန်းချုပ်ထားပါတယ်။ ဆေးဝါးအတော်များများက အဲဒီ့ စနစ်ကို တားဆီး ပိတ်ဆို့နိုင်ပုံရပါတယ်။
အထူးသဖြင့် သွေးတိုးရောဂါကို ကုသတဲ့ဆေးဝါးတွေဟာဖြင့်ရင် ပန်းသေ ပန်းညှိုးရောဂါနဲ့ အတော့်ကို ဆက်စပ်နေပါတယ်။ ယောက်ျားအတော်များများမှာက သွေးတိုးရောဂါ ရှိတတ်ကြတယ်။ အဲဒီ့ရောဂါကို ကုသတဲ့ ဆေးဝါးတွေကြောင့် လေသင်တုန်းဖြတ်ကာ အသက်ဆုံးရှုံးရမယ့် အန္တရာယ်ကို ကာကွယ်ပေးနိုင်ပေမယ့် တစ်ဖက်ကလည်း အမျိုးသားတို့ရဲ့ ချစ်ရေးချစ်မှုဘဝမှာတော့ ကသောင်းကနင်းဖြစ်နေစေနိုင်တာလည်း အမှန်ပါပဲ။
တကယ်လို့ ကိုယ်သောက်နေတဲ့ဆေးကြောင့် ကိုယ့်မှာ ပန်းသေပန်းညှိုး ဖြစ်နေရတယ်လို့ သံသယရှိလာတယ်ဆိုရင် တခြားဆေးများ ပြောင်းပေးလို့ မရဘူးလားလို့ ဆရာဝန်ကို မေးနိုင်ပါတယ်။ ပြောင်းသောက်စရာ တခြားဆေးတွေလည်း အမှန်ရှိပါတယ်။
ပန်းသေပန်းညှိုးဖြစ်ရတဲ့အထဲက အင်မတန်နည်းတဲ့ ရာခိုင်နှုန်း၊ အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုးသားတွေမှာတော့ မတော်တဆ ထိခိုက်ဒဏ်ရာရမှု တွေကြောင့် အဲလိုဖြစ်ရတာပါ။ ခြေထောက်နှစ်ချောင်းကြား တစ်နေရာရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမယ်ဆိုရင် တင်ပါးဆုံရိုးကို ထိခိုက်မိကာ ခန္ဓာကိုယ်တွင်းက ငယ်ပါနဲ့ သက်ဆိုင်တဲ့အပိုင်းကိုပါ ထိခိုက်သွားနိုင်ပါတယ်။ သွေးကြောနံရံတွေကို တိုက်ရိုက်ထိခိုက်မိတဲ့အခါ သွေးစီးဆင်းရာ လမ်းကြောင်းကို ကျဉ်းမြောင်းသွားစေပြီး မူမှန်အတိုင်း ငယ်ပါဆီသွေးများ ဖြည့်တင်းပေးနိုင်စွမ်း မရှိအောင် လုပ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။ သည်နေရာမှာ သွေးကြောတွေ ကျဉ်းသွားတာက အခု ထိမိခိုက်မိ၊ အခုချက်ချင်း ထဖြစ်တာမျိုး မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းမှ ကျဉ်းကျဉ်း ကျဉ်းကျဉ်းသွားတာမျိုးမို့ တကယ်  ဒုက္ခတွေ့တဲ့အချိန်ကျတော့ ထိမိ ခိုက်မိခဲ့တာကို မေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေမိရတတ်ကြပါတယ်။
စက်ဘီးနဲ့ လဲတာမျိုး၊ အားကစားတစ်ခုခုလုပ်ရင်း ပေါင်ခြံကို ဒူးနဲ့ တိုက်မိတာမျိုးဟာ ငယ်ပါနဲ့ သက်ဆိုင်တဲ့ ကိုယ်ခန္ဓာထဲက မမြင်ရတဲ့ အစိတ်အပိုင်းကို   ထိခိုက်ဖို့ အလွန်နီးကပ်လှပါတယ်။ “ဘယ်အားကစားဝတ်စုံကမှ အဲသလိုနေရာကို မထိခိုက်မိအောင် ကာကွယ်ပေးနိုင်စွမ်း မရှိပါဘူး”လို့ ဒေါက်တာအောင်ရွှေသိန်းက ဆိုပါတယ်။
သို့ပေမယ့် ဆရာဝန်တွေက သည်ပြဿနာကို အဖြေရှာနိုင်ပါတယ်။ အာလထြာဆောင်းလို့ခေါ်တဲ့ နှုန်းလွန်အသံလှိုင်းစနစ်နဲ့ စစ်ဆေးတာ၊ တခြား နည်းများနဲ့ စစ်ဆေးတာများကတစ်ဆင့် တင်းမာမှုကို ဖြစ်ပေါ်စေတဲ့ သွေးကြောတွေရဲ့ အဝန်းနဲ့ သွေးစီးဆင်းမှုကို တိုင်းတာပေးနိုင်ပါတယ်။
ကိုစံဟုတ်ရဲ့ ရောဂါကို စစ်ကြည့်တုန်းကဆိုရင် စက်ဘီးစီးရင်း လဲကျရာက ကိုစံဟုတ်ရဲ့ ငယ်ပါနဲ့ ဆက်စပ်နေတဲ့ သွေးကြောမှာ အကြီးအကျယ် ပိတ်ဆို့နေတာကို ဒေါက်တာ အောင်ရွှေသိန်းကိုယ်တိုင် တွေ့ခဲ့ရပါတယ်။
အသက် ၄၁နှစ်အရွယ်ရှိ ကိုထက်အာကာမှာလည်း တင်းမာဖို့ ခက်လှသလို တင်းမာလာတဲ့အခါလည်း ဘယ်လောက်မှ ကြာကြာ တောင့်မထားနိုင်ဘူး ဖြစ်နေခဲ့တယ်။ သူ့မိသားစုဆရာဝန်က စစ်ကြည့်တော့ ဘာမှ မချို့ယွင်းဘူးလို့ တွေ့ရတယ်။ သို့သော် အထူးကုဆရာဝန်က စမ်းသပ်ကြည့်တဲ့အခါမှာတော့ သူ့ရဲ့ ငယ်ပါဆီကို သွေးစီးဆင်းမှုပိုင်းမှာ အဟန့်အတားဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
“ကိုထက်အာကာတို့ အရွယ်တန်းထဲက ကျွန်တော့်ဆီ ရောက်လာတဲ့သူ ၁၀ဝ မှာ အဖျင်းဆုံး ၂၀ လောက်မှာက အရွယ်မတိုင်ခင် သွေးကြောတွေ မာကုန်ပြီး သွေးစီးဆင်းမှု မမှန်တော့တာကို တွေ့ရပါတယ်”လို့ သူ့ကို ကုပေးတဲ့ ပါရဂူက ပြောပါတယ်။ ပြီးတော့ ကိုထက်အာကာကို ဘယ်နည်း၊ ဘယ်နည်းတွေနဲ့ ကုသ နိုင်တယ်ဆိုတာကို ရှင်းပြပြီး နှစ်သက်ရာနည်းကို ရွေးချယ်ခိုင်းပါတယ်။ ကိုထက်အာကာက ဆေးထိုးကုသမှုကို ခံယူဖို့ ဆုံးဖြတ်ပါတယ်။ ဆေးတွေထဲမှာ papaverine, phentolamine နဲ့ prostaglandin E-1 တို့ ပါဝင်ပါတယ်။
ကိုထက်အာကာဟာ အလွန်ချွန်မြတဲ့ ဆေးထိုးအပ်ကို သုံးပြီး မနာမကျင်ဘဲ သူ့ငယ်ပါရဲ့ ဘေးကို ထိုးတတ်အောင် ဆရာဝန်ဆီက သင်ယူရပါတယ်။ အဲဒီ့ ဆေးသုံးမျိုးကို စပ်ထိုးလိုက်ပြီး ဆယ်မိနစ်လောက်အတွင်းမှာ သူ့ငယ်ပါလည်း တင်းလာတဲ့အပြင် နာရီဝက်ကျော်လည်း ဆက်လက်တင်းထားနိုင်တာကို တွေ့ရ ပါတယ်။
“သည်ကုထုံးက ကိုထက်အာကာတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးအတွက် အတော့်ကို အဆင်ပြေသွားပါတယ်”လို့ သူ့ဆရာဝန်က ဆိုပါတယ်။ “အရင်က သူ့စိတ်ထဲမှ မသက်မသာဖြစ်နေရတာတွေကနေ သူ့ကိုယ်သူ ယုံကြည်မှုပိုတိုး လာတယ်”လို့လည်း သူက ဆိုပါသေးတယ်။
သည်ကုထုံးက အောင်မြင်ပေမယ့် အမျိုးသားအတော်များများကတော့ သည်နည်းကို မလုပ်ချင်ကြပါဘူး။ ဟုတ်သလေ။ အပ်ကြီးနဲ့ ငယ်ပါကို ထိုးရမှာ ဆိုတော့… အမလေးလေး… တွေးကြည့်တာနဲ့တောင် ကျောချမ်းစရာကြီး ဖြစ်လို့နေမှာပါ။
ဒါဆိုလည်း တခြားနည်းရှိပါသေးတယ်။ အဲဒါကတော့ လေစုပ်ကိရိယာကို သုံးတဲ့နည်းပါ။ လူနာတွေကို ကျွဲကော်သားနဲ့ ပြုလုပ်ထားတဲ့ ကျည်တောက် တစ်ခုရယ်၊ လက်နဲ့ဖြစ်စေ၊ ဓာတ်ခဲနဲ့ဖြစ်စေ လုပ်လို့ရတဲ့ လေစုပ်ပန့်တစ်ခုရယ်၊ သားရေကွင်းလို ကြုံ့နိုင်ဆန့်နိုင်တဲ့ တင်းမာမှုကွင်း တစ်ကွင်း၊ ဒါမှမဟုတ် နှစ်ကွင်း သုံးကွင်း ပေးလိုက်ပါတယ်။
ကျည်တောက်ကို ငယ်ပါမှာ တပ်ဆင်ရတယ်။ ပြီးတော့ ပန့်နဲ့ စုပ်ယူလိုက်တဲ့အခါ ကျည်တောက်ထဲက လေတွေ ဟာသွားပြီး ငယ်ပါထဲကို သွေးတွေ စီးလာစေပါတော့တယ်။ သည်အခါမှာ ကွင်းကို ကျည်တောက်ပေါ်မှာ စွပ်ထားရာ က အောက်ကို တွန်းပြီး ငယ်ပါဆီကို ပြောင်းလိုက်ပါတယ်။ ချစ်တင်းနှောနေချိန် တစ်လျှောက်လုံးမှာတော့ အဲဒီ့ကွင်းကို ဆက်လက်အသုံးပြုနေရမှာပါပဲ။
နောက်တစ်နည်းကတော့ ငယ်ပါထဲကို တစ်ရှူးထည့်သွင်းကုသတဲ့နည်းပါ။  ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက စတင်ခဲ့တဲ့ အဲဒီ့ခွဲစိတ်ကုသမှုမှာတော့ အတန်အသင့် တင်းတင်းမာမာရှိတဲ့ ပစ္စည်းကို ငယ်ပါထဲကို ခွဲစိတ်ထည့်သွင်းပေးလိုက်တာပါ။ အဲဒီ့ပစ္စည်းက ထည့်ထားတဲ့နေရာမှာ အမြဲတစေ ရှိနေတဲ့အတွက် ကြောင့် ငယ်ပါဟာ အမြဲတစေ အထိုက်အလျောက် တင်းမာနေပါတော့တယ်။ တင်းမာတယ်ဆိုပေမယ့်လည်း ချစ်တင်းနှောလို့ရတယ်ဆိုရုံသာ တင်းနေတာမျိုး ဖြစ်သလို ဘယ်သူမှ သတိမထားမိလောက်အောင် ကွေးနိုင်ဆန့်နိုင်နေတာလည်း အမှန်ပါ။ အခုနောက်ပိုင်းမှာတော့ ငယ်ပါထဲကို လေထိုးသွင်းနိုင်တဲ့ ကိရိယာကို ထည့်သွင်းပေးလိုက်ပြီး ကပ်ပယ်အိတ်ထဲမှာ လေထိုးစက် (ပန့် – pump) အသေး စားလေးကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားတဲ့အပြင် ဝမ်းဗိုက်ထဲမှာလည်း အရည်အိတ်တစ်အိတ် ထည့်ပေးထားပါတယ်။ တင်းမာချင်တဲ့အခါ ကပ်ပယ်အိတ်ထဲက လေထိုးစက်ကို အသာအယာ ညှစ်လိုက်မယ်ဆိုရင် ဗိုက်ထဲက အရည်တွေဆင်းလာကာ ငယ်ပါထဲက ကိရိယာထဲကို အရည်များနဲ့ ပြည့်သွားစေပြီး ငယ်ပါလည်း တင်းလာပါတော့တယ်။ ပြန်ဖြေချင်တယ်ဆိုရင်တော့ အဆို့ (ဗား – valve) ကို ဖွင့်ချလိုက်မယ်ဆိုရင် အရည်တွေလည်း မူလ ဗိုက်ထဲက အိတ်လေးထဲ ပြန်ရောက်၊ ငယ်ပါလည်း နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။
ရှေ့နေကြီး ကိုစံဟုတ်လို တချို့သော လူနည်းစုအတွက်ကျတော့ နဂိုသွေး လှည့်ပတ်တဲ့လမ်းကြောင်းကို ပြောင်းပေးတဲ့ ခွဲစိတ်ကုသမှု (bypass operation) က အဆင်ပြေနိုင်ပါတယ်။ “ကိုစံဟုတ်ကတော့ သူ့ရောဂါကို အမြစ်ပြတ် ကုချင်တယ်လို့ပဲ တွင်တွင်ပြောသဗျ။ အဲဒါနဲ့ ကျွန်တော်လည်း နဂိုသွေးလှည့်ပတ်တဲ့ လမ်းကြောင်းကို ပြောင်းပေးဖို့အတွက် သူ့ကို ခွဲစိတ်ကုသပေးလိုက်ရတယ်။ တစ်လအတွင်းမှာတင်ပဲ သူလည်း အိမ်ထောင်ရေးသုခကို ပုံမှန်အတိုင်း ပြန်လည် ခံစားနိုင်သွားပါတယ်”လို့ သူ့ကို ကုသပေးခဲ့တဲ့ ဒေါက်တာအောင်ရွှေသိန်းက ဆိုပါတယ်။
နှလုံးသွေးကြောပိတ်သွားတဲ့အခါမှာ နဂိုသွေးလှည့်ပတ်တဲ့လမ်းကြောင်းကို ပြောင်းပေးတဲ့ ခွဲစိတ်ကုသမှုလိုပါပဲ၊ ပိတ်ဆို့နေတဲ့ သွေးကြောကို လှီးလွှဲပြီး သွေးစီးဆင်းနိုင်မယ့် နောက်ထပ် သွေးကြောတစ်ကြောကို ခွဲစိတ်ကုသနည်းနဲ့ ဖန်တီးယူတာပါပဲ။ သို့ပေမယ့် သည်နည်းဟာ အခုအချိန်အထိတော့ စမ်းသပ်ဆဲ ကုထုံးသာဖြစ်ပြီး လူနာ အနည်းအပါးမျှကိုသာ သည်နည်းနဲ့ ကုပေးလျက်ရှိပါတယ်။
ကံကောင်းချင်တော့ ပန်းသေပန်းညှိုးဝေဒနာရှင်ထဲက အနည်းငယ်မျှသာ ခွဲစိတ်ကုသခံဖို့အတွက် လိုအပ်တတ်ပါတယ်။ အများစုက ခွဲစိတ်ကုသခံစရာ မလိုဘဲ ပျောက်ကင်းအောင် ကုလို့ ရပါတယ်။
ပြီးတော့လည်း အခုအချိန်အထိ သိထားသမျှနဲ့ ခြုံငုံပြောရမယ်ဆိုရင် ပန်းသေပန်းညှိုးမဖြစ်အောင် အမျိုးသားများအနေနဲ့ မိမိဘာသာ ကြိုတင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
ပထမတစ်ချက်ကတော့ အဆီလျှော့စားဖို့ပါ။ ရှစ်ခါးဂိုးက အမျိုးသား လိင်မှု ရေးရာ မစွမ်းဆောင်နိုင်မှုဆိုင်ရာ သိပ္ပံဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ဘမောင်က ဆိုပါတယ်။ “လိုအပ်ရင် ပိန်အောင် ကြိုးစားပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ခိုလက်စထရောဓာတ်နဲ့ အသားစထဲက သဘာဝအဆီဓာတ် (triglyceride)တွေ များမလာအောင် ထိန်းချုပ်ပါ။ အဲဒါဆိုရင် ငယ်ပါနဲ့ ပတ သက် ဆက်နွယ်နေတဲ့ သွေးကြောတွေဆီကို သွေးစီးဆင်းမှု တဖြည်းဖြည်း လျော့မသွားအောင် ထိန်းနိုင်ပါလိမ့်မယ်”တဲ့။
ဆေးလိပ်ဖြတ်ပါ။ လေ့လာချက်တစ်ရပ်အရဆိုရင် ဆေးလိပ်ဖြတ်ထားသူ၊ ဒါမှမဟုတ် ဆေးလိပ်မသောက်သူများနဲ့ စာရင် ဆေးလိပ်သောက်သူများဟာ  ၅၀ ရာခိုင်နှုန်းလောက်ပိုပြီး ပန်းသေပန်းညှိုးနိုင်တာကို တွေ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေကို မာကျောလာစေနိုင်လို့ပါပဲ။ “ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းသေပန်းညှိုးတာ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်တာတစ်ခုတည်းနဲ့တင် ကောင်းကောင်းကာကွယ်နိုင်တယ်”လို့ ဒေါက်တာ ဘမောင်က ဆိုပါတယ်။  
အရက်လျှော့ပါ။ သေရည်သေရက်ဟာ အာရုံကြောများကို ထုံထိုင်းသွားစေတတ်ပါတယ်။ အရက်သောက်ထားလို့ စိတ်က ကြွလာတာမှန်ပေမယ့် ကိုယ်ခန္ဓာ သွေးသားကတော့ အားမရှိဘဲ ပျော့ခွေသွားတာ သေချာပါတယ်။
ကာကွယ်ခြင်းနဲ့ ကုသခြင်းများကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အမျိုးသားများအတွက် အသက်ရှင်နေသမျှ အိမ်ထောင်ရေးသုခကို အပြည့်အဝ ခံစားနိုင်ကြမှာလည်း သေချာပါတယ်။ “ပန်းသေပန်းညှိုးရောဂါနဲ့ ပတ်သက်တဲ့ သုတေသန နယ်ပယ်မှာ မျှော်လင့်ချက်ရောင်ခြည်နဲ့ ထိန်ညီးလို့ နေပါတယ်ဗျာ”လို့ ဒေါက်တာ အောင်ရွှေသိန်းက ဆိုပါတယ်။
ဟုတ်ပါ့ဗျာ။ ဒါက ခင်ပွန်းသည်များအတွက်ရော ဇနီးသည်များအတွက်ပါ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။
——————
ဘာရယ်မဟုတ်ဘူး၊ အိမ်ရှေ့ခန်းမှာ တစ်ယောက်တည်း ထိုင်နေရင်း စာအုပ်စင်ပေါ်က လက်သင့်ရာ စာအုပ်တစ်အုပ်ဆွဲယူ ကောက်လှန်မိရာက ဖတ်လိုက်မိတာလေးကို မြန်မာမှုပြုပြီး လုံးစေ့ပတ်စေ့ပြန်ဆိုဖော်ပြလိုက်တာဖြစ်ပါတယ်။ မူရင်းက ၁၉၉၆ ခုနှစ် ဒီဇင်ဘာလထုတ် “ဖတ်သူ့အနှစ်” မဂ္ဂဇင်းထဲက W.W. Meade ရေးတဲ့ Every Man’s Worst Sexual Fear ဖြစ်ပါတယ်။ (ဖတ်ရတာ အဆင်ပြေအောင် အမည်နာမတွေကို မြန်မာသံနဲ့ ဖလှယ်ယူထားပါတယ်။ ဥပမာ Sam Hutton ကို ကိုစံဟုတ်လို့ ရေးလိုက်သလို  Dr. Irwin Goldstein ကိုလည်း ဒေါက်တာ အောင်ရွှေသိန်း၊ Ted Archer ကို ကိုထက်အာကာ စသဖြင့် ပြင်ပြီး ပြန်ဆိုလိုက်တာက လွဲလို့ ကျန်တာအားလုံးက မူရင်းအတိုင်းသာဖြစ်ပါတယ်။)
မူရင်းက ဆယ်နှစ်ကျော်ခဲ့ပြီမို့ အခုဆို သည့်ထက်ပိုမို ပြည့်စုံတဲ့ သုတေသနတွေနဲ့ ကုထုံးတွေတောင် သူတို့ဆီမှာ ပေါ်နေလောက်ပြီလို့ တွေးမိရပြီး သည် ကိစ္စကို မွှေနှောက်ဖတ်ရှုမိတော့လည်း သိပ်တော့ သိပ်အကွာကြီးတော့လည်း မတွေ့ရပါဘူး။ သို့သော် စာဖတ်သူချစ်မိတ်ဆွေ အစ်ကို ပုရိသများအတွက် ကျွန်တော် ဆက်ဖတ်လို့ တွေ့လိုက်ရသမျှလေးတွေကို နောက်လမှာ ဆက်လက် မျှဝေသွားပေးပါဦးမယ်။
(အဲဒါမျိုးကို ရေးပြလို့ စာဖတ်သူ ကိုကိုတွေ စိတ်များ ဆိုးကုန်ကြမလား မသိဘူးနော်။)
အခု ပြန်ဆို တင်ဆက်လိုက်တာလေးကိုကပဲ သည်လိုဝေဒနာမျိုးကို ခံစားနေရသူ အများအတွက် အားတက်စရာပါ။
သို့သော် အရေးတကြီး တစ်ခုတော့ မှာပါရစေ။ မူရင်းအတိုင်း လုံးစေ့ ပတ်စေ့ ပြန်ဆိုတင်ပြရာမှာ ဆေးနာမည်တွေနဲ့ ကုသပုံအကြမ်းဖျင်းများ ပါဝင်သွားပါတယ်။ အဲဒါကို အသေတွက်ပြီး ကိုယ့်သဘောနဲ့ကိုယ်ဖြစ်စေ၊ အထူးကုမဟုတ်တဲ့ သာမန်ဆရာဝန်နဲ့ဖြစ်စေ ပြသပြီး လက်သိပ်ထိုး ကုသတာမျိုးတွေ၊ လက်တည့်စမ်းတာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။ မူရင်းထဲမှာ ပါရှိတဲ့အတိုင်း သည်ကိစ္စဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူ ပါရဂူများ (urologists)နဲ့သာ တိုင်ပင်ဆောင်ရွက်သင့်တာဖြစ်ကြောင်း အထူးသတိပေးအပ်ပါတယ်။ သည်လို သတိပေးထားတဲ့ကြားက နားလည် တတ်ကျွမ်းသူ ပါရဂူနဲ့ တိုင်ပင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်ထင်သလို လျှောက်လုပ်လို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်များအတွက် ဘာသာပြန်ဆို တင်ပြတဲ့ ကျွန်တော်က လုံးဝ တာဝန်ယူမှာ မဟုတ်ပါaကြာင်း အတိအလင်း မြွက်ဟ ကြေညာအပ်ပါတယ်ခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(စာပြီးရက် – ၃၀ဝ၈၀၇)
၂၀၀၇ ခုနှစ် စက်တင်ဘာလထုတ် အနာမယ (Wellness) မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာဖြစ်ပါတယ်။

အပြည့်အစုံသို့ »

မလေးရှားမှ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာအလုပ်သမားများကို ADMA မီဒီယာ ကုမ္ပဏီက အလုပ်ရှာဖွေပေးမည်

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများကို
ADMA မီဒီယာကုမ္ပဏီက အလုပ်အကိုင်ရှာဖွေပေးမည်ဟု ကုမ္ပဏီ၏
ဒုဥက္ကဌ ဦးဝေမင်းမောင်က ပြောသည်။ အဆိုပါ ကုမ္ပဏီက အခြားကုမ္ပဏီ
များနှင့် ချိတ်ဆက်ပြီး အလုပ်အကိုင်များကို စီစဉ်ပေးမည်ဖြစ်သည်။ 

အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့် ပက်သတ်ပြီး ဦးဝေမင်းမောင်က "မြန်မာ
ရွှေ့ပြောင်းအလုပ်သမားတွေဟာ လက်ရှိမြန်မာနိုင်ငံကို ပထမဆုံးအဖြစ်
MAI လေကြောင်းလိုင်းနဲ့ (၁၆၈)ဦး လိုက်ပါလာပြီးနောက် ရောက်ရှိလာမယ့် အလုပ်သမားတွေနဲ့ ပေါင်းပြီးခေါ်သွားမှာ ဖြစ်ပါတယ်။

ခေါ်မယ့်လူတွေကိုလေကြောင်းလိုင်းတွေရဲ့ အကူအညီနဲ့ စာရင်းသွင်းပြီး ကိုက်ညီမယ့်နေရာ
တွေမှာ အင်တာဗျုးပြီးခန့်သွားမှာ ဖြစ်ပါတယ်။ တခြားကုမဏီတွေ ဖြစ်တဲ့
အထည်ချုပ်စက်ရုံ၊ အချိုရည်စက်ရုံ၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး
လုပ်ငန်းအစရှိတဲ့ နေရာတွေမှာ ရွေးချယ်ခန့်သွားမှာ ဖြစ်တယ်" ဟု
သိရသည်။


မြ၀တီ



အပြည့်အစုံသို့ »

'မာယာများတဲ့ အလင်္ကာ' ဇာတ်ကားမှ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး ပရိသတ်ကို တောင်းပန်လိုက်တဲ့ ဒါရိုက်တာ သီဟတင်သန်း


ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး နေမင်းနဲ့ သဉ္ဇာနွယ်ဝင်း တို့ အဓိက ပါဝင် သရုပ်ဆောင်ထား ကြတဲ့ "မာယာများတဲ့ အလင်္ကာ" ဗီဒီယို ဇာတ်ကား မှ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး အွန်လိုင်းမှ ပရိသတ် တွေက အဆိုပါ ဇာတ်ဝင်ခန်းသည် မြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ ဇာတ်ဝင်ခန်း ဖြစ် တယ်လို့ ဝေဖန်ခဲ့ ကြပါတယ်။ အဲဒီ့ ဝေဖန်မှု နဲ့ ပတ်သက်ပြီး ဒါရိုက်တာ သီဟတင်သန်း က သူ့ရဲ့ဖေ့စ်ဘုတ် အွန်လိုင်း စာမျက်နှာပေါ်မှာ အဆိုပါ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး တောင်းပန်ကြောင်း ပြန်လည်ရေး သား ဖော်ပြခဲ့ပါတယ်။

"မာယာများတဲ့ အလင်္ကာ" ဇာတ်ကား ကို မန္တလေးမှာ ဖြန့်ချိနေပြီ ဖြစ်ပြီး ရန်ကုန်မှာတော့ မကြာခင်ရက်ပိုင်း အတွင်း ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ လည်း ဖြစ်တဲ့ ဒါရိုက်တာ သီဟတင်သန်းက ပရိသတ်တွေရဲ့ ဝေဖန်မှု ခံခဲ့ရတဲ့ ဇာတ်ဝင်ခန်း နဲ့ပတ် သက်ပြီး..

"ရိုက်တဲ့ အချိန်မှာ တစ်ယောက် တစ်ခြမ်းစီ ရိုက်ထားတာပါ။ ကောင်လေး နဲ့ ကောင်မလေးက ထိကို မထိတာပါ။ ကားဆက်လိုက်တဲ့ အခါမှာ ဖြစ်သွား တာပါ။ သေချာ တာ တစ်ခုကတော့ ဒီလင်မယားနှစ်ယောက် အိပ်ရာပေါ်မှာ ဘာလုပ်ကြတယ် ဆိုတာကိုတော့ ကျွန်တော် လုံးဝမပြ သွားပါဘူး။ သို့သော် ပရိသတ်တွေ အမြင်ကျယ်နေတဲ့ အတွက် ဒါဟာ ဘာကိုပြလဲဆိုတာ သူတို့ နားလည်လိုက်ပြီးတော့ တန်းခနဲ သိသွားတယ်။ ကျွန်တော့်မှာ ဖီလင်နှစ်ခု ခံစားလိုက် ရတယ်။ ကြည်နူးတယ်၊ ကြိုက်တယ်။ အဲဒါက ဘာလဲ ဆိုတော့ ကျွန်တော်တို့ ပရိသတ်တွေ တအား တိုးတက်သွားပြီ။ သေသေချာချာ၊ တိတိ ကျကျနဲ့ ပေါ်တင်ကြီး ရိုက်ပြစရာ မလိုတော့ဘူး။ ရှိတဲ့အရုပ် ရဲ့နောက် က မမြင်ရတဲ့ အရုပ်ကို သူတို့မြင်သွား ပြီ။ အဲဒီ အတွက် ကျွန်တော် လုံးဝ ကျေနပ်ပါတယ်" လို့ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

အဆိုပါ ဇာတ်ဝင် ခန်း အပေါ် ပရိ သတ်တွေရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲလို့ ဒါရိုက်တာ သီဟတင်သန်း ကိုမေးတော့...

"အနုပညာနဲ့ ကျွန်တော် ၆ နှစ် ကျော်ကျော်၊ ၇ နှစ်လောက် ဟနေပါ တယ်။ ကျွန်တော် နောက်ဆုံး ရိုက်ခဲ့တာက ၂ဝဝ၅ တုန်းက ဒွေးနဲ့ "ကိုးထဲကတစ်" ဇာတ်ကား ၊ နောက် ရန်အောင် နဲ့သူ့ချစ်သူများ ဆိုတဲ့ပွဲ ရိုက်ခဲ့တယ်။ အဲဒါ ပြီးကတည်းက မရိုက်တော့တာလေ။ အခုအချိန်မှာ ၁၈ နှစ်လောက် ရှိမယ့် ကလေး တစ် ယောက်က အဲဒီ ကားတွေရိုက်တုန်း က ၁၂ နှစ် အရွယ်လောက် ပဲ ရှိဦးမှာ ပါ။ ဘယ်လိုမှ ကျွန်တော့်ကို သိစရာ အကြောင်း မရှိဘူး။ သူတို့တွေက လည်း အွန်လိုင်းပေါ်မှာ ပိုများတယ် လေ။ ဒီကလေးတွေကို ဘယ်လိုပဲ ဖြစ်ဖြစ် Respect တစ်ခု ထားပေး ရမယ် ။ နောက်တစ်ခုက ကျွန်တော့် ကိုသိတဲ့ ပရိသတ် တစ်ယောက်ကို ကျွန်တော့် အနေနဲ့ သူ့ဆီကနေ တစ်ကျပ် စားဖူးတယ် လို့ယူဆတယ်။ အဲဒီတော့ မြန်မာပြည်မှာ သန်း ၆ဝ ရှိတယ် ဆိုရင် တစ်ယောက်ကို တစ် ကျပ်ပဲရဦး၊ ကျွန်တော်သန်း ၆ဝ ရပြီ။ ကျွန်တော် အဲဒီလောက် လုံးဝ မချမ်း သာသေးပါဘူး ။ဒါကြောင့် သန်း ၆ဝ လုံး ကျွန်တော့်ကို မသိသေး တာ သေချာတယ်။ သို့သော် သိနေတဲ့ လူ တွေ အားလုံးအတွက် ကျွန်တော့် မှာ တာဝန်ယူရမယ့် ခေါင်းစဉ်အောက် ကိုရောက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ဟာ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ် နေတယ်။ အဲဒီအတွက် အွန်လိုင်း မှာ ပရိသတ် ကျေနပ်အောင် တောင်းပန် ပေးတယ်။ သူတို့ကိုလည်း ကျွန်တော် ကတိပေး လိုက်တယ်။ နောက်နောင် ဒါမျိုးရှောင် မယ်။ ရှောင်မယ် ဆိုပေမယ့် အပြတ်အသား ကြီးတော့ မဟုတ်ဘူး။ ဇာတ်အရ သိပ် လိုအပ်လာတယ် ဆိုရင်တော့ အခုလိုပဲ နည်း နည်း တော့ ရိုက်ပါ့မယ်။ အဲဒီလောက်မများ စေရပါဘူးလို့ လုံးဝ ကတိ ပေးပါတယ်။ ကျွန်တော် ပရိသတ်ကို လုံးဝ မစော်ကားပါဘူး။ ဒီအခန်းကို ရိုက်ရ ခြင်း ကလည်း ဇာတ်ရဲ့ လိုအပ်ချက် အရပါပဲ။ ဒါပေမဲ့ ကျွန်တော် နည်း နည်းလေး အတွေးကျော် သွားတာ လည်းဖြစ်ကောင်း ဖြစ်မယ်။ ချွန် ထွက်သွားတာ လည်း ဖြစ်ကောင်းဖြစ် မယ်။ ဒီ ဇာတ်မှာ အဲဒီနေရာလေးက လိုကို လိုသွားပြီ လို့ ကျွန်တော်ယူဆ ခဲ့တယ်။ သို့သော် ကျွန်တော့် စေတနာ နည်းနည်းပို သွားတယ်။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အတ္တကြီးသွားတာလား။ အနုပညာ လောဘ ကြီးသွားတာ လားမသိဘူး။ ပရိ သတ်တွေပြော ကြတာ မှန်ပါတယ်။ ယဉ်ကျေးမှု ဆိုတဲ့ပေတံ ထဲကနေ နည်းနည်းတော့ တစ်ရွေ့လေး ဘေးရောက်သွားတယ် လို့ ကျွန်တော် ယူဆတယ်။ အမှန်အ တိုင်း ပြောရရင်တော့ ဒေါသ ဖြစ်တာတွေရော၊ ယူကျုံးမရ ဖြစ် တာတွေရော ဖြစ် မိတယ်။ ငါဘာဖြစ်လို့များ ရိုက်မိလိုက် ပါလိမ့်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်မှုတွေ ရှိခဲ့တယ်။ ကျွန်တော် သေသေချာချာလေး စာစီပြီးတော့ ပရိသတ်တွေကို တောင်းပန်ပါတယ် လို့ အွန်လိုင်း မှာတင်ပေး ခဲ့တယ်။ ပရိသတ်တွေ အထင်မှားမှာကို ကျွန်တော် တအားကြောက်ပါတယ်။ ဒီအချိန်မှာ ဆင်ဆာ လွတ်လပ်ခွင့်တွေ ရှိနေလို့ဒါမျိုးတွေ ထည့်ရိုက် ကြတယ်လို့ ပရိသတ်က သတ်မှတ်တယ်။ အဲဒီ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ အဲဒီလို လူမျိုး အဖြစ် ကျွန်တော့်ကို မသတ်မှတ်ပါနဲ့။ ကျွန်တော် အဲဒီ လိုနည်းနဲ့ ပြန်လည် ဝင်ရောက်လာ ခြင်း လုံးဝ မဟုတ်ပါဘူး။ ပရိသတ် တွေအပေါ် မှာစေတနာ ပိုစွာ၊ ကိုယ်ပြ ချင်တာ ကိုယ့်အတ္တ များစွာနဲ့ ရိုက်လိုက်မိ သွားတာပါ။ နောက်ကားတွေ မှာလည်း ဇာတ်က တအားကြီး လိုအပ် လာပြီဆိုရင်တော့ အဲဒီ အပေါ်မှာ နည်း နည်းလေးတော့ လှုပ်ရှားမယ်။ ဒါပေမဲ့ အဲဒီအချိန် ကျရင်တော့ ပရိသတ်ကို တောင်းဆို ပြီးတော့မှ လှုပ်ရှားမယ်။ ပရိသတ်က အိုကေ ရိုက်ပါ ဆိုတော့မှ ရိုက်မယ်။ မရိုက်ခင် ပရိသတ်ရဲ့ သဘောထားကို ယူပြီးတော့မှ ရိုက်မယ်" လို့ ပြောပါတယ်။

"မာယာများတဲ့ အလင်္ကာ" ဇာတ်ကားက အင်္ဂလိပ် ဇာတ်ကား ကောင်း တစ်ကား ကို ပြန်လည်ရိုက် ကူးထားခြင်း ဖြစ်ပြီး ဇာတ်ကွက် ကို တော့ နည်းနည်း ပြောင်းထားကြောင်း ဒါရိုက်တာ သီဟတင်သန်း က ပြောပါ တယ်။

လင်းအက္ခရာ
Popular Journal

အပြည့်အစုံသို့ »

မာယာများတဲ့ အလင်္ကာ ဇာတ်ကား'မှ ဇာတ်ဝင်ခန်းနဲ့ သဉ္ဇာနွယ်ဝင်း ရဲ့ ပြောပြချက်


လတ်တလောမှာ ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး နေမင်း၊ သဉ္ဇာနွယ်ဝင်း တို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြတဲ့ "မာယာများ တဲ့ အလင်္ကာ" ဗီဒီယို ဇာတ်ကား မန္တလေးမှာ ထွက်ရှိထားပါတယ်။ ဒီ ဇာတ်ကား ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဇာတ်ဝင် ခန်း ဖြစ်တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ ကြပါတယ်။ အဆိုပါ ဇာတ်ဝင် ခန်း နဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်း ကို ဆက်သွယ် မေးမြန်းတဲ့အခါ..

"တချို့ ပရိသတ်တွေကျတော့ ဒီကားကို ဇာတ်ဝင်ခန်း အရ သရုပ်ဆောင် တာကို နားလည် လက်ခံပေးကြတယ်။ တချို့ ပရိသတ်တွေ ကျတော့ သူတို့ မျက်လုံးထဲမှာ အမြင် နည်းနည်း ရိုင်းတယ် ဆိုတဲ့ ပုံစံမျိုးလေးတွေ ပြောတာ ရှိတယ်။ သဉ္ဇာတို့ အနုပညာသမားတွေက ကိုယ်ကျ ရာဇာတ်ရုပ်ကို အပီပြင် ဆုံး နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရတယ်။ အခု ဒီ တစ်ကားလုံးမှာဆို ကိုယ်တတ်နိုင် သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ တခြားဇာတ်ကား တွေနဲ့ မတူဘဲ ဒီကားကို ဇာတ်လမ်း အရ ရိုက်တာ ဖြစ်တဲ့ အတွက်ကြောင့် ပရိသတ်တွေကို နားလည်ပေးပါလို့ တောင်းပန် ချင်ပါ တယ်။ နောက်ထပ်လည်း ဒီလို ဆင်းန်ပုံစံမျိုးကို သင်ဇာ ရိုက်ကူးဖို့မရှိပါဘူး။ ဒီကားကို ရိုက်ပြီး ကတည်းက နောက်ထပ် လာပြောတဲ့ ကားတွေမှာ ဒီလိုဆင်းန်မျိုးပါ၊ မပါကို သေချာမေးပြီးမှ လက်ခံ ရိုက်ကူးတော့တယ်။ အခု ဒီကားရိုက်တုန်းက ဇာတ်ညွှန်းတွေ အရတော့ ဒီကားရဲ့ ကာရိုက်တာ ကိုပြင်ဆင်တယ်။ Love ဆင်းန် တစ်ခုပါမယ်ပြော တယ်။ သဉ္ဇာရဲ့ လုပ်သက် ဝါနု သေးတာလည်း ပါတော့ သေသေ ချာချာ မမေးမိဘူး။ ရှုတင် ပေါ် ရောက်မှ ဒီလိုမျိုးဆိုတော့ လက်ခံပြီးသား အလုပ်တစ်ခု ကို ဖြစ် အောင် လုပ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း နဲ့ ဒီဇာတ်ဝင်ခန်း ကို ရိုက်ခဲ့ တာပါ။ ဒီကားရိုက်ကူးတဲ့ သူတွေ အကုန်လုံး ကလည်း အနုပညာ ကိုပြချင်တဲ့ စိတ် တစ်ခုက လွဲရင် ဘာမှမရှိပါဘူး။ ဒီပုံစံ ရိုက်မယ် ဆိုတာ သေချာ မသိဘဲ လက်ခံခဲ့တဲ့ အတွက် သဉ္ဇာ့ အမှားလည်းပါတယ်။ ဒီကားရိုက် ပြီးကတည်းက ပရိသတ်တွေကို တောင်းပန်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော် သွားပြီ။ သဉ္ဇာ ရိုက်ခဲ့တဲ့ ကားတွေ အကုန်လုံး ကို အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားရိုက်ကူး ထားပါတယ်" လို့ပြောပြပါတယ်။
 Popular Journal

အပြည့်အစုံသို့ »

ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာပါဆိုတဲ့ နေနေ


ဘာသာမတူပေမယ့် နှစ်ယောက်လုံး အဆင်ပြေအောင် နေသွားမှာပါဆိုတဲ့ နေနေရန်ကုန်မြို့ Orchid Hotel မှာ ၂၀၁၃ ခုနှစ် ဇွန် ၅ ရက် နေ့လယ် ၂ နာရီက တေးသံရှင် နေနေရဲ့ တစ်ကိုယ်တော် စီးရီး ဆူးစူး သူ DVD ကာရာအိုကေ အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဆူးစူး သူ အခွေကို ဇွန်လ ၇ ရက်နေ့မှာ ဖြန့်ချိပေးသွား မယ်လို့လည်းသိရပါ တယ်။ အခွေအတွက်မျှော်မှန်းထား တာလေးတွေ ရှိဦးမလား ဆိုတော့ ဒါကတော့ ကိုယ်ကြိုးစား ထားတာ လေးကို ပြန်တော့ အရာထင်ချင် တာပေါ့။ ကောင်းတဲ့ ရလဒ်လေးတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒီအခွေ ထဲမှာ သီချင်းအကုန်လုံး နီးပါးကြိုက် တယ်။ VCD ရိုက် တဲ့အခါမှာ အခက်အခဲကတော့ မရှိပါဘူး။ အမှတ်တရတွေကတော့ အမျိုးစုံပါပဲ။ သီချင်းတိုင်းကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ထားပါတယ်။ တစ်ခွေလုံးကြည့်ပြီး သွားရင်တော့ ပရိသတ်ကြီးလည်း ဘာလိုတယ်ဆိုတာ ဝေဖန်လို့ရပါ တယ်။ အခု အချိန်မှာ အရမ်း ပျော် ပါတယ်။ မကြာခင် အိမ်ထောင် ပြုတော့ မှာလား ဆိုတော့ "တချို့တွေ ပြောကြတဲ့ ဒီနှစ်ထဲမှာ နေနေအိမ် ထောင်ပြုမယ် ဆိုတာက ဟုတ်ပါ တယ်။

ဒီနှစ်မှာ အိမ်ထောင်ပြုဖြစ် ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆို တော့ နေနေတို့ ရှေ့နှစ်မှာ သူသင်္ဘောတစ် ခေါက်ပြီးတာနဲ့ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ အစီ အစဉ်ချထား တာတွေက အစ်မတို့ နှစ်ယောက်က ဘာသာမတူဘူး လေ။ အစ်မက ခရစ်ယာန်ဘာသာ၊ သူက ဗုဒ္ဓဘာသာလေ။ နေနေတို့က ခရစ်ယာန်ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ သူတို့ရဲ့ ဘာသာလို တစ်ခါဆောင်မယ်။ မင်္ဂလာနှစ်ခါ ဆောင်မယ်လို့တော့ စီစဉ် ထားတယ်။

ဘာသာမတူဘူးဆို တော့ ညှိနှိုင်းမှုတွေ တော့ရှိတယ်။ ဒါပေမဲ့ သူကတော့ နေနေကို အရမ်း နားလည်ပေးတယ်။ နေနေ လည်း သူ့အပေါ်နားလည်တယ်။ နှစ် ယောက်စလုံး ကတော့ အဆင် ပြေ ပါတယ်။ ကိုယ့်ဘာသာကိုယ် တော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ" လို့ ဘာသာ မတူတဲ့ကိစ္စ ညှိနှိုင်းမှုတွေနဲ့ ပတ် သက်ပြီးဖြေခဲ့ ပါတယ်။

By 8 Days

အပြည့်အစုံသို့ »

မြန်မာအင်ဂျင်နီယာများ အမည်ရှေ့တွင် ENGR. ဟု တပ်ဆင်သုံးစွဲနိုင်တော့မည်

 ဆေးပညာရှင် များ ဒေါက်တာဟု အမည်ရှေ့တွင် တပ်ဆင်သုံးစွဲသကဲ့သို့ အင်ဂျင် နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာများ၏ အမည်ရှေ့ တွင်  Engr. ဟု တပ်ဆင်သုံးစွဲနိုင် ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအ သင်းက အစီအစဉ်များပြုလုပ် နေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း က ကမကထ ပြုလုပ်ရေးဆွဲပြီး မကြာမီ လွှတ်တော်များ သို့တင်ပြမည့် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ ဥပဒေမူကြမ်း တွင် အဆိုပါအချက်ကို ထည့်သွင်း ထား ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမည်ရှေ့ထည့် သွင်းသုံးစွဲခြင်းများကို  နိုင်ငံတကာ တွင်လည်း ကျင့်သုံးနေပါကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ပြန်ကြားရေးမှူးဦးကိုကိုက ရန် ကုန်တိုင်းမ် သို့ ပြော ကြားသည်။ ထိုဥပဒေသာ အတည်ဖြစ် ပါက မြန်မာနိုင်ငံတွင် အင်ဂျင် နီယာလောကအတွက် မိမိကိုယ် မိမိထိန်းကျောင်းပြီး အရည်အ သွေးမြှင့် တင်ရေး ဆောင်ရွက်ပေး မည့် ပထမဆုံးသောကောင်စီ တစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်သည်။ အခန်း(၁၄)ခန်းပါ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ မူကြမ်း ကို ရေးဆွဲ ပြုစုပြီး ဖြစ်ကာ အသင်းဝင်များ၏ အကြံဉာဏ် များကိုရယူရန်ရှိကြောင်းလည်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မှသိရှိရသည်။

ထိုဥပဒေမူကြမ်းတွင် အင်ဂျင်နီယာများအား မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ်၊ မှတ်ပုံ တင် အကြီးတန်းအင်ဂျင်နီယာ လက်မှတ်၊ မှတ်ပုံတင်အင်ဂျင် နီယာပညာရှင် လက်မှတ်၊ မှတ်ပုံ တင်ကန့်သတ်အင်ဂျင်နီယာလက် မှတ် စသည်ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက အသိ အမှတ်ပြုလက်မှတ်များထုတ် ပေးနိုင် မည် ဖြစ် သည်။

ထို့အပြင် ကောင်စီက အင်ဂျင်နီယာကျင့်ဝတ်သိက္ခာနှင့်အ ညီ လိုက်နာစောင့်ထိန်းရန် ပျက် ကွက်မှုများကို စုံစမ်းခြင်း၊ စစ်ဆေး ခြင်းနှင့် အရေးယူဆောင်ရွက် ခြင်းများ ပြု လုပ်နိုင်မည်ဟု သိရသည်။

အဆိုပါကောင်စီ ဥပဒေမူ ကြမ်းအား အသင်းသားများအား လုံး ပါဝင်ဆွေးနွေးနိုင်ရန် အသင်း သားစုံညီ အထူးအစည်းအဝေး ကြီးကို ဇွန် ၂ဝရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္က သိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း၌ ကျင်းပမည် ဖြစ်ရာ အသင်းသားအားလုံးမ ပျက် မကွက်တက်ရောက်ကြပါရန် မြန်မာနိုင်ငံ အင်ဂျင်နီယာ  အသင်း က နှိုးဆော်ထားသည်။
Yangon media

အပြည့်အစုံသို့ »