မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့


မျက်ဝန်းဟာ လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါ အစိတ်အပိုင်း ဖြစ်သလို မျက်ဝန်းအလှကလည်း လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တင့်တယ်မှု အတွက် အရေးပါနေပါတယ်။ ဒါကြောင့် မျက်ဝန်းအလှ ပျက်စေတဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

မျက်ဝန်း အလှပျက်ရသော အကြောင်းရင်း
မျက်အိတ်ဖြစ်တာ၊ မျက်ဝန်း ဖောင်းအစ်တာ၊ မျက်ကွင်း ညိုတာစတဲ့ အခြေအနေတွေ ဖြစ်စေတဲ့ အကြောင်းရင်း အများကြီး ရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ရေဆွဲတာ၊ အဆိပ် စုပုံတာ၊ ရာသီဥတု အပြောင်းအလဲ၊ ဟော်မုန်း၊ ဓာတ်မတည့်တဲ့ တုံ့ပြန်မှု၊ ကျန်းမာရေး အခြေအနေနဲ့ ဆေးကုသမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေက မျက်ဝန်းပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်း တခိျု့ ဖြစ်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်ရင်လည်း တစ်ခါတစ်ရံ မျက်ဝန်းကို ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။မှောက်အိပ်ရင်လည်း တစ်ခါတလေ မျက်ဝန်း ဖောင်းအစ်စေနိုင်ပါတယ်။

မျက်ဝန်းအလှမပျက်စေရန်ကာကွယ်မှူ
 မျက်ဝန်း ဖောင်းအစ်မှု၊ မျက်အိတ်ဖြစ်တာနဲ့ မျက်ကွင်းညိုတာတို့ကို ကာကွယ်နိုင်မယ့် အခြေခံ နည်းလမ်း တစ်ရပ်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကို စားဖို့နဲ့ ရေဓာတ် ပြည့်ဝအောင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။
 ရေများများ သောက်တာဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး မျက်ဝန်းဆီသို့ ရေ စုဆောင်းနိုင်ခြေကို လျော့ကျစေပါတယ်။ ကဖင်းဓာတ် ပါတဲ့ အရည်ကို ထိန်းချုပ် သောက်သုံးရင်လည်း ရေစုဆောင်းမှုကို လျော့ကျစေနိုင်ပါတယ်။
 ဆိုဒီယမ်ဟာ ခန္ဓာကိုယ်တွင်းကို ရေ အပို စုဆောင်းမှု ဖြစ်စေတဲ့ ဓာတ်ဖြစ်တာကြောင့် စားသောက်တဲ့ အစားအသောက်ထဲမှာ ဆား လျှော့စားတာကြောင့် မျက်အိတ် ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

မျက်ဝန်းအလှ အတွက် အိမ်တွင်းကုထုံး
မျက်ဝန်း ဖောင်းအစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖြစ်တာတို့ ကင်းဝေးပြီး မျက်ဝန်းအလှ ပိုင်ဆိုင်ဖို့ရာအတွက် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းတွေရှိပါတယ်။
 သခွားသီး ပါးပါးလှီးပြီး မျက်ဝန်း တစ်ဖက်စီမှာ ကပ်ထားပေးပါ။ ငါးမိနစ်ခန့် ကြာမှ ခွာလိုက်ပါ။
 လက်ဖက်စိမ်း လက်ဖက်အိတ် ဒါမှမဟုတ် တခြား အေးမြတဲ့ လက်ဖက်အိတ်ကို မျက်ဝန်းတွေပေါ် အချိန် ငါးမိနစ်ခန့်ကပ်ပေးပါ။
 နံနက်ခင်းမှာ မျက်ဝန်းလိမ်း ခရင်မ် လိမ်းမယ် ဆိုရင် ရေခဲသေတ္တာထဲက ထုတ်ယူပြီး လိမ်းပါ။
 ညအိပ်တဲ့ အခါ ခေါင်းအုံးကို အနည်းငယ် မြှင့်အိပ်တာက မျက်ဝန်း ဖောင်းအစ်မှုကို လျော့ကျစေပါတယ်။
 အေးမြ သန့်ရှင်းတဲ့ စတီး ဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲက ထုတ်ပြီး မျက်ဝန်း နှစ်ဖက်ပေါ် ကပ်ပေးပါ။

SweSone Media Group

အပြည့်အစုံသို့ »

သားသမီး လိုချင်သူများ မဖြစ်မနေ သိရှိထားသင့်သော အချက်များ


သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။
(၁) အသုံးပြုနေသော သားဆက်ခြားနည်းများကို ရပ်ပါ
သားသမီး မလိုချင်သေးလို့ ပဋိသန္ဓေတားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတားပစ္စည်း ထည့်တာ စတဲ့နည်းတွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီ ဆိုရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေ တားနည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ်လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ
သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူးစက် မဟုတ်တဲ့ နာတာရှည် ရောဂါ (ဆီးချိုသွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာမှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံ ကွေကာတွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေကိုတော့ လျော့စားသင့် ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ
ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံ တစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ခိျု့ယွင်းချက် ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ခိျု့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိခင်ကတည်းက ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီးယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDAက အကြံပြုထားပါတယ်။

(၅) ဆေးလိပ်နှင့် အရက် ဖြတ်ပါ
သားသမီးယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေ အနေနဲ့ ဆေးလိပ် သောက်တာ၊ အရက် သောက်တာတွေကို ဖြတ်ဖို့လိုပါတယ်။ ဒါတွေ သုံးစွဲတာက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာကြောင့်ပါ။ ခရိုမိုဇုမ်း ပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှား ကူးခတ်နိုင်စွမ်း လျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ
ရာသီလာပြီး ၁၄ ရက်မြောက်နေ့မှာ သားဥကြွေကျပြီး သားသမီး ရရှိနိုင်တဲ့နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူနေတာက သားသမီးရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးက ရာသီ စက်ဝန်းချင်း မတူညီတတ်ပါဘူး။ တခိျု့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာတတ်ပြီး တခိျု့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီစက်ဝန်း မတူညီပေမယ့် အဲဒီ စက်ဝန်းရဲ့ အလယ်ရက်က သားဥကြွေရက်ပါ။

(၇) ကိုယ်အပူချိန်ကို လေ့လာပါ
ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူချိန်တက် အနည်းငယ် တက်နေတတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလိုအချိန်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲအကျိများ သတိထားကြည့်ပါ
သားဥကြွေချိန်မှာ မိန်းမကိုယ်ကနေ ချောမွတ်တဲ့ အရည်ကြည်လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ၀င်ရောက်နိုင်အောင်ပါ။မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည်ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သားသမီး ရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ
အမျိုးသမီးတွေ အနေနဲ့ အတွင်းခံဘောင်းဘီ တင်းကျပ်လွန်းတာ၊ လေ၀င်လေထွက် မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။အမျိုးသားတွေမှာတော့ အတွင်းခံဘောင်းဘီ ကျပ်လွန်းတာ၊ လေ၀င်လေထွက် မရှိတာတွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို လျော့နည်းစေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ
သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေးတာက အဓိက ကျပါတယ်။ စိတ်ဖိစီးမှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထားပြီး သာယာကြည်နူးမှုတွေကို ဖန်တီးယူပါ။
SweSone Media Group


အပြည့်အစုံသို့ »

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်


မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာသုဓမ္မာကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေးတရားနာပွဲ ကျင်းပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး တရားဟောဆရာတော်များနှင့် ပဋိပက္ခဖြစ်ပွားရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့သော အမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၈.၆.၂၀၁၂)နေ့တွင် အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား နံနက်(၆း၃၀)အချိန်မှစ၍ မုံရွာမြို့နယ် သံဃနာယကဆရာတော် ဦးဝိဇ္ဇောဘာသအပါအ၀င် ပင့်သံဃာ(၇)ပါးတို့အား ပင့်ဖိတ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ဇလုပ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အရေအတွက် (၂၈)ဦးပါဝင်သည့် ရွာသူအုပ်စုတစ်စုသည် သံတူရွင်း၊တုတ်၊ခဲ အစရှိသည်တို့အား ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။


ထိုအချိန်တွင် သံဃာတော်တစ်ပါးမှ အဆိုပါဖြစ်စဉ်အား လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ်တွင် ဇလုပ်ရွာသူ မဇင်မာအေးမှ ထိုလက်ကိုင်ဖုန်းအား လုယူခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဆရာတော်ဦးဏ္ဍန္ဒကနှင့် ဦးဇင်းဦးဝါသေဌတို့မှ ဝင်ရောက်တားမြစ်ရာမှတစ်ဆင့် မရွှေမုန်းက အနီးရှိ ဘုရားပန်းအိုးအား ကောက်ယူကာ ဦးဝါသေဌအား ရိုက်လိုက်သဖြင့် ဦးဝါသေဌ နဖူးကွဲသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မမြင့်မြင့်သန်းဆိုသူက သူမစီးလာသောဖိနပ်ဖြင့် ဆရာတော် ဦးဏ္ဍန္ဒက အားရိုက်ရာ ဆရာတော်၏ ဂုတ်ပိုးကို ထိမိခဲ့သည်။

ထိုကဲ့သို့ ပြုမူမှုများကြောင့် တရားနာပွဲအား ရပ်ဆိုင်းလိုက်ရပြီး ဆရာတော်များ ပြန်လည်ကြွချီရာတွင် ထိုအမျိုးသမီးအုပ်စုမှပင် အမျိုးမျိုးညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည်ဟုဆိုသည်။ သံဃာတော်များဘက်မှ ငြိမ်းချမ်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက် အာဏာပိုင်များနှင့် ရဲများရောက်ရှိလာပြီးနောက် လူစွဲကွဲသွားခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံဃာတော်များဘက်မှ ဦးဇာဂရမှ မုံရွာအမှတ်(၁) ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု ထပ်မံသိရှိရသည်။

အဆိုပါရွာသည် အုပ်စုနှစ်ခြမ်းကွဲနေပြီး ယခုပြဿနာမှာ သူ့ဆရာတော်၊ ငါ့ဆရာတော် ကျောင်းထိုင်နေရာ လုရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာခံများကို မေးမြန်းမှုများအရ သိရသည်။ ယခုအမျိုးသမီးများ၏နောက်ကွယ်တွင် အားပေးလှုံ့ဆော်သူ ရွာခံမျက်နှာဖုံး အချို့လည်းရှိနေပြီး လက်ရှိကျောင်းထိုင်အဖြစ် သီတင်းသုံးနေသောဆရာတော်သည် အဆိုပါရွာခံလူပုဂ္ဂိုလ်များ ကိုးကွယ်လိုသည့် ဆရာတော်မဟုတ်သည့်အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ThanLarWaddy Times

အပြည့်အစုံသို့ »

ဒေါက်တာ ဆိတ်ဖွားဇာတ်လမ်း ဘယ်လို အဆုံးသတ်လဲ

ဒေါက်တာ ဆိတ်ဖွား ပြဿနာဟာ အခုတော့ ဟိုလိုလို ဒီလိုလိုနဲ့ အဆုံးသတ်သွားမယ့် ပုံပါပဲ။





ဒီကနေ့ လွှတ်တော်ကြီးက စုံစမ်းရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအရ ဒေါက်တာ ဆိတ်ဖွားဆိုတာ ကို သိတဲ့သူဖြစ်တယ်ဆိုတဲ့ ဦးခင်မောင်ညို ( ဘောဂဗေဒ)က ဒေါက်တာ ဆိတ်ဖွား ဘယ်သူ ဖြစ်တယ် ဆိုတာ အတည်မပြုတဲ့ နောက်ဆုံးမှာ နောက်ကို ဒါမျိုး မဖြစ်ဖို့ သတိပေးချက်နဲ့ အဆုံးသတ်သွားခဲ့တယ် လို့ နေပြည်တော်က လာတဲ့ သတင်းတွေ ဆိုပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို  ဒေါက်တာ ဆိတ်ဖွားအဖြစ် ပုံဖော်ပြောဆိုနေကြတာတွေအပေါ် ဦးရဲထွဋ်လည်း မကြာခဏ မီဒီယာသမားတွေကို သူ ဒေါက်တာ ဆိတ်ဖွား မဟုတ်ကြောင်း ဖြေကြားလေ့ ရှိပါတယ်။

အခု ဒီကနေ့ မှာလည်း ဦးရဲထွဋ်က အခုလို ရှင်းလင်း ပြောကြားထားပြန်ပါတယ်။


ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့အစည်းအဝေးတစ်ခုအပြီးမှာ သတင်း သမားအချို့ က မေးခွန်းတွေ မေးပါတယ်။ အဲဒီထဲက မေးခွန်းတစ်ခုကတော့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်က ခေါ်ယူ မေးမြန်းတဲ့အထဲမှာ ကျွန်တော်ပါသလား၊ ပါတယ်ဆိုရင် ဘာတွေ ဖြေခဲ့ရသလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။

တကယ်တော့ ဒီမေးခွန်းဟာအစည်းအဝေးအကြောင်းအရာနဲ့ မဆိုင်ပါဘူး။ သို့သော် မကြာခဏ မေးကြလွန်းလို့ ကျွန်တော်ဘယ်လိုဖြေခဲ့တယ်ဆိုတာ ဒီကနေ တင်ပြလိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ မှာ ကျွန်တော်ကို ဒေါက်တာဆိတ်ဖွားကိစ္စနဲ့ပတ်သက်ပြီး အကြံဥာဏ်ရယူ ဆွေးနွေးဖို့ အတွက်ဆိုပြီး ဖိတ်ကြားပါတယ်။ ဆွေးနွေးမှုများအပြီးမှာ ကျွန်တော်က ကော်မရှင်ဥက္ကဌ ဦးမြငြိမ်းကို သတင်းသမားများက မေးလာရင် ဘာတွေဖြေခွင့် ရှိသလဲလို့ တစ်ခါတည်းမေးမြန်းခွင့်တောင်းခဲ့ပါတယ်။ အဲဒီတုံးက ခွင့်ပြုထားတဲ့အပိုင်းကိုပဲ ဖြေပါ့မယ်။

တွေ့ဆုံမှုမှာ ကော်မရှင်ဘက်ကအခုလို စုံစမ်းစစ်ဆေးမှုပြုလုပ်ရတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းမဟုတ်ကြောင်း၊ ဆိတ်ဖွားရဲ့ ရေးသားချက် ကြောင့် ပြည်သူများက လွှတ်တော်ရဲ့ ဥပဒေပြုရေးလုပ်ငန်းများကို အထင် မှားစေတဲ့အတွက် အမှန်တရားကို သိစေရန်၊ ဆိတ်ဖွားအနေနဲ့ သူရေးတာမှားမှန်းသိစေရန် ဖော်ထုတ်ရခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ သိလိုသော အချက်များကိုမေးပါတယ်။ ဒါတွေကိုတော့ ပြောလို့ မရပါဘူး။

ကျွန်တော်ကတော့ မေးခွန်းများမဖြေမီအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ မီဒီယာအချို့ရဲ့ ရေးသားချက်များအရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော့် အပေါ် ဆိတ်ဖွားလို့ သံသယရှိနေတာကို သိကြောင်း၊ ဒါ့ကြောင့် အချက်သုံးချက်ပြောလိုကြောင်း

တစ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သော်လည်းကောင်း၊ ကျွန်တော့်အနေနဲ့သော်လည်း ဘယ်သူ့ကိုမှာ ဒေါက်တာဆိတ်ဖွားအနေနဲ့ ရေးဖို့ တာဝန်ပေးတာမရှိဘူး။

နှစ်။ ကျွန်တော်ဟာလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး။

သုံး။ ကျွန်တော် ဒေါက်တာဆိတ်ဖွားဆိုရင်လည်း ကော်မရှင်အနေနဲ့ ဒီလောက်လူတွေအများကြီး ခေါ်ပြီးမေးစရာမလိုပါဘူး။ ကော်မရှင်ဖွဲ့ပြီးနောက်တစ်နေ့မှာပဲ ကော်မရှင်ကို ကျွန်တော်ကိုယ်တိုင်လာပြီး ကျွန်တော်ဟာ ဒေါက်တာဆိတ်ဖွားပါ၊ ကျွန်တော်မြင်တဲ့အတိုင်း ရေးတယ်။ တရားဥပဒေနဲ့ ငြိစွန်းတယ်ထင်ရင် ဥပဒေအရအရေးယူပါ။ ရင်ဆိုင်ဖို့ အသင့်ပဲလို့ လာပြောမှာ ဖြစ်ပါတယ်။

ကျန်တာကတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက် တဲ့အချက်တွေဖြစ်တဲ့အတွက် ပြောလို့မရပါဘူး။

ဒါဆိုရင် မကြာခဏမေးခွန်းထုတ်နေသူများ ရှင်းမယ်လို့ ယုံကြည်ပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ

အပြည့်အစုံသို့ »

“သိပ်ကို နားချင်တာ....” ဆိုတဲ့ ဝန်ကြီးဦးစိုးသိန်း

ဝန်ကြီး ၅ ဦး တာဝန်ကနေ အနားပေးခံရတော့မယ် ဆိုတဲ့ အသံ ထွက်နေတာ ပြီးခဲ့တဲ့လ ကတည်းကပါပဲ။ ခုထိတော့ ဘယ်သူမှလည်း မနားသေးပါဘူး။
အဲဒီ ၅ ဦး အမည်စာရင်းထဲမှာ နေပြည်တော်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း တယောက် အပါအ၀င်ပေါ့။


ဦးစိုးသိန်း (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
ကာယကံရှင် ဦးစိုးသိန်းကို  စနေနေ့တုန်းက တွေ့တဲ့အခါ ဧရာဝတီက ဒီအကြောင်း မေးမြန်းရာမှာ ....

“ကျွန်တော် အနားယူမယ်ဆိုတာ ဘယ်က သတင်းထွက်တာလဲ။ မဟုတ်ပါဘူး။ ... ဘယ်လိုမှမဟုတ်တဲ့သတင်းပါ။ ဦးအောင်မင်း နားမယ်ဆိုတာလည်း မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

တကယ်လို့ အနားပေးခံရရင်လည်း ဦးစိုးသိန်းက ဝမ်းသာ ကျေနပ်မယ့်ပုံရပါတယ်။

“အမှန်က ရပ်နားတာ သိပ်ကြိုက်တာ။ သိပ်ကို နားချင်တာ” လို့  ဦးစိုးသိန်းက ပြောပါတယ်။
နားချင်တယ် ဆိုတော့ မလုပ်ချင်ဘူးပေါ့။ ဘာကြောင့် ဆက်မလုပ်လိုဘူးဆိုတာ မသိရပါ။

ကဲ ... ဝန်မင်း ၅ ပါး အနားပေးခံရတော့မယ် ဆိုတဲ့ အသံအကြောင်း ဆက်ပြောရရင် ....

 ပြည်ထောင်စုဝန်ကြီးတပါးဖြစ်တဲ့ ဦးခင်ရီကလည်း အနားယူခြင်းသတင်းတွေကိစ္စကို ငြင်းပါတယ်။

 “ဝန်ကြီး ၅ ဦး နားခံရမယ်ဆိုတာ မဟုတ်ပါဘူး။ ဘာမှ မကြားမိဘူး။ ဦးအောင်မင်းလည်း မနားဘူး။ ဦးစိုးသိန်းလည်း မနားပါဘူး” လို့  ဧရာဝတီကို ပြောပါတယ်။

သတင်းထွက်နေတာ ကြာပေမယ့် ခုချိန်ထိ တကယ် ဖြစ်မလာသေးတာဟာ မူရင်းသတင်းက မှားလို့လား၊ အစီအစဉ် ပြောင်းသွားတာလား၊ ယာယီ ဆိုင်းငံ့ထားတာလား ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်ပဲ သိမယ် ထင်ပါတယ်။

ဘာကြောင့် နားမှာလဲ/ဘာကြောင့် နားခိုင်းမှာလဲ ဆိုတဲ့အသံက အမျိုးမျိုး ထွက်ခဲ့တာပါ။

အဲဒီထဲမှာ ငြိမ်းချမ်းရေး ဝန်ကြီး ဦးအောင်မင်းတယောက် ကျန်းမာရေးကြောင့် အနားယူလိုကြောင်း သမ္မတထံ တင်ပြထားတယ် ဆိုတဲ့ အသံလည်း အပါအ၀င်ပေါ့။
သို့သော်လည်း ပြီးခဲ့တဲ့လကုန်ပိုင်း ရန်ကုန်ရောက်လာတဲ့ ဦးအောင်မင်းကိုကြည့်ရတာကတော့ ၉၆ ပါး ကင်းရှင်းပုံရပါတယ်။
ခါတိုင်းလို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပါပဲ။

နေပြည်တော်က အရာရောက်သူတဦးကတော့ ထင်ထားတာတွေရော၊ ထင် မထားတာတွေပါ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း ပြောပြပါတယ်။

“ဦးလွန်းမောင်တုန်းကလည်း ဘယ်သူမှ မသိလိုက်ဘူး။ ကာယကံရှင်တောင် မသိလိုက်ဘူး။ သတင်း သဲ့သဲ့ပဲ ကြားလိုက်ရတယ်။ နောက်ပိုင်း ဦးလွန်းမောင်ပါတာ သိလိုက်ရတယ်” လို့  သူက မှတ်ချက်ပေးပါတယ်။

အနားပေးခံခဲ့ရသူ ဦးလွန်းမောင်ကိုယ်တိုင်ကလည်း ဧရာဝတီနဲ့ အင်တာဗျူးစဉ်က  ...
“ဘာမှ ကြိုမသိခဲ့ဘူး။ နာမည်ပါလာမှ ကိုယ်အနားပေးခံရတာ သိတာ” လို့ ဖြေကြားခဲ့ဖူးပါတယ်။

ကဲ ... ဘာမှ ကြိုမသိနိုင်ပါဘူး လို့ ဆိုသူလည်း ဆိုခဲ့ပါပြီ။
ဝန်မင်းများ အနားမယူရဘူး၊ ကျန်းမာရေးလည်း ကောင်းတယ် ဆိုရင်တော့ ၂ဝ၁၅ အထိ ဆက်လက် တာဝန်ယူရတော့မယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

မေခ ~

 
ဧရာဝတီ Facebook / ဧရာဝတီ Twitter

အပြည့်အစုံသို့ »

ဒေါက်တာ ဆိတ်ဖွားကြောင့် ပြန်ကြားရေး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပေါ်


လွှတ်တော်က ဖွဲ့စည်းထားသော ဒေါက်တာဆိတ်ဖွား စုံးစမ်းရေးကော်မရှင်က မနေ့က တင်သွင်းဖတ်ကြားသော အစီရင်ခံစာအရ တချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေးအင်အားစုများကို ဝေဖန်ပြီး အစိုးရမူဝါဒများ ကောင်းကြောင်း ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့သော ပိတောက်မြေ ရေဒီယိုသည် ပြန်ကြားရေးဝန်ကြီးဌာနမှ သီးသန့်တာဝန်ဖြင့် လုပ်ခဲ့ခြင်းဟု သိရသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း ဖတ်ကြားသော အစီရင်ခံစာအရ ယင်းပိတောက်မြေ ရေဒီယိုမှာ သီးခြား ညွှန်ကြားရေးမှူးတယောက် ခန့်အပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းမှ တိုက်ရိုက်ကိုင်တွယ်ခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးမှ ရေးခိုင်းသည်များကို ဦးမြတ်သူ၊ ဦးကိုကိုလှိုင်၊ ဦးချစ်လှိုင်၊ ဦးရဲထွဋ်၊ ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်နှင့် ဒုတိယဗိုလ်မှူးကြီးမျိုးထွန်းတို့က ရေးသားခဲ့ကြောင်း သိရသည်။

ယင်းရေဒီယိုမှာ သမ္မတဦးသိန်းစိန် အာဏာရယူပြီးနောက်ပိုင်း မီဒီယာအပါအဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းကြောင့် ရပ်ဆိုင်းသွားခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကို ဝေဖန်ချက်ရေးသူ ဒေါက်တာဆိတ်ဖွားဆိုသူ မည်သူဖြစ်နိုင်ကြောင်း စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များကို ဖတ်ကြားရာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်ဖြစ်နိုင်သော်လည်း ၄င်း၏ ဆောင်းပါးကို ဖော်ပြခဲ့သည့် Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညို(ဘောဂဗေဒ)က ကာကွယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာဆိတ်ဖွားစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်း ဖတ်ကြားသော အစီရင်ခံစာအရ Eleven မီဒီယာက ဒေါက်တာဆိတ်ဖွားမှာ ဦးရဲထွဋ်ဖြစ်ကြောင်း ကော်မရှင်ထံ အထောက်အထားများ တင်ပြခဲ့သောကြောင့် ကော်မရှင်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ တာဝန်ထမ်းဆောင်ဆဲနှင့် ထမ်းဆောင်ခဲ့သူများဖြစ်သည့် ဒုဝန်ကြီး ဦးရဲထွဋ်၊ ဦးဇော်မင်းဦး၊ ဦးတင့်ဆွေ၊ ဦးသိန်းအောင်၊ ဦးဇေယျာတို့အပြင် ဒေါက်တာဆိတ်ဖွား ဆောင်းပါး ဖော်ပြခဲ့သည့် Smart News အယ်ဒီတာချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာ သိန်းမြင့်၊ ဦးဝေဖြိုး၊ ဦးနေထွန်းနိုင်၊ ဦးသိမ်းတင်သား၊ ဦးကျော်မင်းဆွေနှင့် သမ္မတရုံးမှ ဦးဇော်ဌေးတို့ကို  ခေါ်မေးခဲ့ကြောင်း သိရှိရသည်။

”Eleven နဲ့ ဦးရဲထွဋ်နဲ့က မတည့်ဘူး။ သူတို့နှစ်ယောက် ရန်ဖြစ်တာက သမ္မတရုံးက ဦးဇော်ဋ္ဌေးရဲ့ ထွက်ဆိုချက်ထဲမှာပါတယ်။ သူတို့နှစ်ယောက်က ကျနော့်ရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာ လာပြီးရန်ဖြစ်နေတယ်တဲ့။ ခင်ဗျားတို့ တခြားနေရာမှာ သွားရန်ဖြစ်ကြပါဗျာ ဆိုပြီး မောင်းထုတ်ရတယ်တဲ့။ ဦးရဲထွဋ်နဲ့ Elevenက ဝေဖြိုးတို့နဲ့ လုံးဝရန်ဘက်။ နှစ်ဖက်ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှုတွေပါလုပ်နေကြတာ ကျနော်တွေ့ရတယ်”ဟု ကော်မရှင် အဖွဲ့ဝင် ဦးလှဆွေကလည်း ဧရာဝတီသို့ ပြောဆိုသည်။

အစီရင်ခံစာအရ စစ်အောင် ဆိုသော ဖေ့ဘွတ်အကောင့်သည် ဆိတ်ဖွားနှင့် ပတ်သက်သည်ဟု Eleven ကတင်ပြရာ ဦးရဲထွဋ်က ငြင်းကြောင်း၊ Eleven က တင်ပြထားသောဓာတ်ပုံမှာ ဦးရဲထွဋ် ဆွစ်ဇာလန်သွားစဉ်က ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်ပုံကို ကော်မရှင်က စုံစမ်းရာ အတိုက်အခံဆန့်ကျင်ရေး ပိတောက်မြေ၀က်ဆိုဒ်မှ ဖြစ်နေကြောင်း သိရသည်။

“အဲဒါနဲ့ ပြန်ကြားရေးကို မေးတော့ ပြန်ကြားရေးက သူတို့က ပိတောက်မြေအသံလွှင့်ပဲ လုပ်တာတဲ့။ ၀က်ဆိုဒ်မလုပ်ဘူးလို့ ဖြေတယ်။ ပိတောက်မြေကိုလည်း လုပ်ဖို့ ညွှန်ကြားထားခြင်း မရှိဘူးလို့ သမ္မတရုံးက မှူးဇော်ကပြောတယ်။ ဆိုတော့ စစ်အောင်က လိုက်လို့ မရတော့ဘူး”ဟုလည်း ဦးလှဆွေက ပြောသည်။

ဒေါက်တာ ဆိတ်ဖွားဆောင်းပါးကို ပုံနှိပ်ဖြန့်ချိခဲ့သော Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညိုက ယင်းစာမူကို အင်တာနက်ထဲကယူပြီး ထည့်သွင်းဖော်ပြခြင်းဖြစ်ကြောင်း၊
ဒေါက်တာဆိတ်ဖွားဆီမှ ခွင့်ပြုချက် မတောင်းကြောင်း၊ စာမူခလည်း ကိုယ်တိုင် ထုတ်ယူခဲ့ကြောင်း ဖြေဆိုသည်ဟု အစီရင်ခံစာက ဆိုသည်။

ဦးခင်မောင်ညို(ဘောဂဗေဒ)ကမူ သူ့ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကိုသာ တာဝန်ယူပြီး “တခြားဆောင်းပါးများကို တာဝန်မယူ”ဟု ဧရာဝတီကို ချက်ဘောက်စ်ကတဆင့် ပြောသည်။ ယင်းပြောဆိုချက်သည် ကော်မရှင်က ဒေါက်တာဆိတ်ဖွားသည် တဦးတယောက်တည်း မဟုတ်ပဲ အုပ်စုဖြင့် လုပ်ဆောင်နေနိုင်ကြောင်း သံသယကို ပိုမို ခိုင်မာစေခဲ့သည်။

‘(ပြသနာဖြစ်တဲ့) ABOVE THE LAW ဆောင်းပါးရေးတာဟာ ဦးခင်မောင်ညိုလို့ ကျနော်တို့ ဆိတ်ဖွားကော်မရှင် ၁၇ ယောက်စလုံးက ထင်တယ်။ ဒါပေမယ့် ကော်မရှင်ရဲ့
လေ့လာချက်အရ ဆိတ်ဖွားဝက်ဆိုဒ်က တစ်ခါတလေ တညလုံးနီးပါး တက်နေတော့ သူတယောက်တည်း ဖြစ်တယ်လို့ မထင်ဘူး။ တယောက်တည်း မကရင် သူ့မှာ
အဖွဲ့ရှိနေတယ်။ အဲဒါကို ဦးခင်မောင်ညိုက မဖော်ဘူး။ ဒေါက်တာဆိတ်ဖွားရဲ့ တချို့ဆောင်းပါးတွေမှာ အပြုသဘောဆောင်ပေမယ့် သူက သမ္မတကလွဲရင် အကုန်လုံးကို
လိုက်တွယ်နေတယ်။ လွှတ်တော်အပါအ၀င် NLD တောင်မချန်ဘူး အကုန်တွယ်ခဲ့တာပဲ”ဟုလည်း ဦးလှဆွေက ပြောဆိုသည်။

အကယ်၍ ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူတယောက် ဆိုလျှင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပါဘူးလို့ လွှတ်တော်ကို ဦးခင်မောင်ညို(ဘောဂဗေဒ)က မတ်လ ၂၈ နေ့မှာ စာရေးသားထုတ်ပြန်ခဲ့သည်။

အစီရင်ခံ တင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ချက်ပေးရာတွင် ထိုသို့လုပ်ဆောင်မှုသည် “အမှောင်ထဲက ခဲနဲ့ပေါက်”နေခြင်းသာဖြစ်ပြီး အမှန်တရားကို တာဝန်ယူ၍ ရင်ဆိုင်ဖြေရှင်းရဲသူ မဟုတ်ဟု ယူဆကြောင်း၊ လွှတ်တော်အမတ်များအနေဖြင့် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဟု ဖော်ထုတ် နိုင်ခြင်း မရှိ၍ အမျက်မထွက်ဘဲ “ငရဲမကြီးရအောင် အဆဲပြီးဆေးလေးများ ဆောင်ထားကြ”စေလိုကြောင်း ပြောဆိုပြီး နောက်နောင်မပြုလုပ်ရန် သတိပေးလိုက်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ဧရာဝတီ

အပြည့်အစုံသို့ »

ရုံးချိန်းခဏခဏလာနေရတဲ့ ရဲတိုက်


လင်းထွန်းဦး (ခ) သရုပ် ဆောင်ရဲတိုက်မှ ခရစ်ယာန်ဘုရား ကျောင်းမှာ

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘုရားကျောင်းမှ

ဗိုလ်တထောင်ရဲ စခန်းသို့ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ စပ်လျဉ်းပြီး

သရုပ်ဆောင်ရဲတိုက်နဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာတော် ရစ်ချက်တို့က

အများပြည်သူရှေ့မှာ ရဲတိုက်က ထိုကိစ္စမျိုး ထပ်မံမပြုလုပ်ပါတော့ ကြောင်း

ခံဝန်ချက်ကတိလက်မှတ် ရေးထိုးပြီး နှစ်ဦးသဘောတူ ငြိမ်း

ချမ်းစွာဖြေရှင်းခဲ့ကြပါတယ်။ အဲဒီ ကိစ္စကို

ဗိုလ်တထောင်တရားရုံးက ခေါ်ယူစစ်ဆေးမေးမြန်းတော့ တရားလိုဘက်က

ဘုရားကျောင်းရဲ့ တာဝန်ရှိသူများနဲ့ ဦးရစ်ချက်တို့ အပါအ၀င်

ရဲတိုက်တို့ကို ခေါ်ယူစစ် ဆေးခဲ့ကြပါတယ်။ ပထမရက်နဲ့ ဒုတိယရက်တို့မှာ

အကြောင်းအမျိုး မျိုးကြောင့် ရဲတိုက်နဲ့ ဦးရစ်ချက်တို့က တစ်လှည့်

စီလာရောက်ခဲ့ခြင်း မရှိပေမယ့် ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၁ နာရီမှာ

တရားလိုဘက်မှ သက်သေနှစ်ဦးနဲ့ သရုပ်ဆောင် ရဲတိုက်တို့ကိုခေါ်ယူ

စစ်ဆေးခဲ့ပါ တယ်။ တရားရုံးမှ သက်သေနှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး

တရားရုံးချိန်း နေ့ကို ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲသို့ ပြောင်းရွှေ့ပြီး

ထပ်မံ စစ်ဆေးသွားမှာဖြစ်ကြောင်း သိရှိ ရပါတယ်။ TMZ (8 DAYS)



အပြည့်အစုံသို့ »