ဒါဟာ လျှို့ဝှက်ချက်

ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။
အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို
“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။

သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်… “နင့်ယောက်ျားက မြုံနေတာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”

ခဏနေတော့ ခဲအိုကစာပြန်တယ်.. “မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က “ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”

လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ..။ ၂ရက်ပဲရှိသေးတာကို”

… သူဌေးက “ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”

ဖောက်သည်က “အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”

သူစိမ်းတစ်ယောက်က “မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”

နောက်သူစိမ်းတစ်ယောက်က “အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”

နောက်ထပ် သူစိမ်းတစ်ယောက်က “မနောက်ပါနဲ့ကွာ..။ ငါသားကြောဖြတ်ထားတာ ကြာပြီကွ…။”

ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။

ဟာသ

အပြည့်အစုံသို့ »

" ယဉ်ကျေးပျူငှာ ယာဉ်လုပ်သားကောင်းများ ဖြစ်လာစေချင်"


ကျွန်တော် ဝန်ထမ်းဘဝမှ အငြိမ်းစား ရပ်တည်ခဲ့ရတာ နှစ်ပေါင်း ၂ဝကျော်ခဲ့ပါပြီ၊ ခရီး သည် တင်ယာဉ်များဖြင့် ခရီး အနီးအဝေးသွားလာနေရသည် မှာလည်း အငြိမ်းစားဘဝမှ
ယနေ့အထိပင် ဖြစ်ပါသည်။ ယာဉ်မောင်းနှင့် ယာဉ်အကူ တို့ ၏ ကာယကံကိုယ်အားဖြင့်၊ ဝစီကံနှုတ်အားဖြင့်၊အလွန် အကျူး ရိုင်းပြစော်ကားခြင်းကို မိမိသည် လည်းကောင်း၊ ယာဉ်စီးခရီးသွား ဖော်များသည်လည်းကောင်း ခံ စားကြရသောကြောင့်လွန်စွာစိတ် မချမ်းမသာခံစားရပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ မှ ယာဉ်ဝန်ထမ်း(သို့) ယာဉ်လုပ် သားအများစုသည် လူ့ကျင့်ဝတ်၊ အကျင့်စာရိတ္တ၊သီလ၊ စည်းကမ်း စသောလူ့ဘဝ၏အဖိုးတန်အရည် အချင်းများလုံးဝမရှိကြကြောင်း ကို ကျွန်တော် ကိုယ်တိုင်တွေ့ ကြုံခံစားခဲ့ရသော အဖြစ်သနစ် ဆိုးများအပေါ်မူတည်ပြီး ယာဉ် ပေါ်တွင် အသိ တရားကင်းမဲ့စွာလူထုအား
စော်ကားပြုမူသော ထိုစိတ်ဓာတ်အောက် တန်းကျ သူများအားကျွန်တော်ပြောပြ ချင်ပါသည်။

သူတစ်ပါးနိုင်ငံကြီးငယ်တို့ က ယာဉ်ပေါင်းစုံမှ လုပ်သား များ၊ မည်သို့ မည်ပုံယဉ်ကျေး ကြပုံ၊ မည်၍မည်မျှအထိ သူ တို့၏ ခရီးသွား လူထုအပေါ် သစ္စာရှိကြပုံကိုပြည်ပသို့ ရောက် ဖူးကြသူများထံမှ သတင်းစကား ကို ကျွန်တော် မကြာခဏကြား ရဖူးပါသည်။ လူ့အဖွဲ့အစည်း တစ်ရပ်၏ အင်မတန်မှ ဂုဏ် ယူစရာကောင်းသော ပြုမူဆောင် ရွက်ချက်ပင်ဖြစ်သည်။

ကျွန်တော် တို့နိုင်ငံကယာဉ်လုပ်သား (သို့) ဝန်ထမ်းများ၏ အများစုသည် အံ့သြဝမ်းနည်းဖွယ်ကောင်း လောက်အောင်ပင်၊ လူထုအပေါ် ရိုင်းစိုင်းစွာ၊ပြောရက်ဆိုလွယ်၊ဝစီ ကံမျှသာမက၊ ကာယကံအားဖြင့် ပင် တွန်းလိုက်တိုက်လိုက်၊ ဆွဲ လိုက်ရမ်းလိုက်ဖြင့်အနိုင်အ ထက် ပြကျင့်ရဲကြပါသည်။ မရွေ့ချင်၊ မတိုးချင်ရင် အသုဘကားစီး ကြဟု ပြောရက်ပါသည်။

ထို့ကြောင့် ထိုသူတို့ကို၊ ကွပ်ကဲအုပ်ချုပ်နေသော ဆရာ မိဘသဖွယ်ဖြစ်သည့် မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေး ကြီးကြပ်မှု ဗဟိုကော်မတီ မှအစအဆင့်ဆင့်သောကြီးကြပ်
အုပ်ချုပ်နေကြသူများကို ကျွန်တော် များစွာစိတ်ပါဝင်စားသလို ကညန နှင့်ဆိုင်သော သတင်းများကို လည်းစိတ်ပါဝင်စားစွာ ကျွန်တော် ဖတ်ရှုလေ့လာ ဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင်နှစ် ပေါင်း ၂ဝ ကျော်မှ ယခုအထိ မော်တော်ယာဉ်လိုင်းဖြင့် စီးနင်း သွားလာနေရဆဲ လူတစ်ဦး၏ အတွေ့အကြုံကိုရေးလျှင်ရေး၍ မဆုံးနိုင်ပါ။ ပြောရလျှင် ပြော၍
မကုန်နိုင်ပါ။ သို့ဖြစ်၍ ယာဉ် လုပ်သားများနှင့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုမှအောက်ခြေ အဆင့်ဆင့်သော ကြီးကြပ်အုပ် ချုပ်နေကြသူများကို တပည့်
သားများ သဖွယ်ဖြစ်ကြသော ယာဉ်မောင်းများ၊ ယာဉ်အကူ နောက် လိုက်များ၏ အကျင့်ဆိုး ကောင်းစေလိုသော စိတ်စေတနာ ကောင်းဖြင့် ရေးသားတင်ပြရ ခြင်းဖြစ်ပါသည်။

အစော်ကား ခံရလွန်းသဖြင့် တိုင်တန်းရန် အကြောင်းအချက် အလက်အစုံ ကို နံပါတ်စဉ်အရ ယနေ့အထိ ရေးမှတ်သားသည်မှာ အမှတ်စဉ် (၄ဝ)၊အကြိမ်ပေါင်း ၄ဝ အထိ ရေးမှတ်သားခဲ့ပါသည်။ ထိုသို့ သော လူမှုဆက်ဆံမှုမကောင်း သော ယာဉ်လုပ်သားများကို လူမှန်၊ လူယဉ်ကျေးများဖြစ်လာ ကြစေရန် ဝိုင်းဝန်းဆောင်ရွက် ပေးကြဖို့ ကျွန်တော်မေတ္တာရပ် ခံချင်သည်။ ပျက်ရင်အစဉ်၊ ပြင် ရင်ခဏမို့ ပြုပြင်ကြစေချင်သည့် ကျွန်တော် ဖော်ပြမည့်အချက်ကို ဒရိုင်ဘာနှင့်စပယ်ယာတို့ သေ သေချာချာ သိရှိသဘောပေါက် ကြပြီး၊ ငါတို့လည်း အိုကြ၊နာကြ၊ သေကြရမယ့်လူတွေပဲဟု သတိ သံဝေဂရရှိကြကာ ပြုပြင်သွား ကြလိမ့်မယ်လို့ ကျွန်တော်ယုံ ကြည်ပါသည်။

အနုပညာရှင် အတော်များများကလည်း သူတို့ ကို အချိန်ကုန်
ငွေကုန်ခံပြီး၊ အားပေးမြှောက်စားသူ၊ ပရိသတ် အား သူတို့၏ထမင်းရှင်၊ ကျေး ဇူးရှင်များဟုဖွင့်ဟပြောဆိုတတ် ကြပါသည်။ ထိုကဲ့သို့ ကျေးဇူးရှိ ကြောင်းကို ပြောဆိုလေ့ရှိကြ သော အနုပညာရှင်များထဲက အချို့တို့သည် ဘာသာအယူဝါဒ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူမှု ရေးဆိုင်ရာ ကိစ္စရပ်များတွင် လူထုအားအကျိုးယုတ်စေသည့် အပြုအမူ အပြောအဆိုတို့ဖြင့်
နည်းမှား၊လမ်းမှားသို့ ပို့ဆောင် လျက်ရှိကြသေးရာ၊ ယာဉ်လုပ် သားများအနေဖြင့်ကား၊ ယာဉ် စီးခရီးသည်တို့သည် ငါတို့ မိ သားစုများအတွက် စားဝတ်နေ ရေးကို ထောက်ပံ့ကူညီနေကြ
သူများဟု၊ယာဉ်လုပ်သားအများ စုတို့က လုံးဝအသိအမှတ်မပြု ကြပါ။

ဂရုမစိုက်ကြပါ။ အဘယ် အကြောင်းကြောင့် မော်တော် ယာဉ် လောကသားဒရိုင်ဘာတို့၊ စပယ် ယာတို့
ယုတ်မာရိုင်းစိုင်းနေကြ သနည်း။ အကြောင်းများစွာ အနက် အဓိက အကြောင်းမှာ ငွေကြေးရနိုင်သမျှ များများ ရရှိဖို့ရာမတရားသော၊ဆိုးယုတ် လှသည့် လောဘလွှမ်းမိုးနေ သည့် လူကျင့်ဝတ်ကင်းမဲ့သော လူ့အောက်တန်းစားညံ့ဖျင်းသော စိတ်ထားကြောင့်ဖြစ်သည်။

ယာဉ်ပေါ်တွင် စီးနင်းလိုက် ပါလာကြသူလူအမျိုးစုံ၊ အသက် အရွယ်အမျိုးစုံ လူအပေါင်းတို့ အားလည်းကောင်း၊ လမ်းကြီး လမ်းငယ်တို့တွင် သွားလာလှုပ် ရှားနေကြကုန်သော အလား တူသက်ရှိလူအပေါင်းတို့ အား လည်းကောင်း၊ ဘေးအန္တရာယ် ကင်းရှင်းစေရန် ကူညီစောင့်ရှောက် ကြရမည့်တာဝန်သည်မည် သည့် ယာဉ်အမျိုးအစားကိုပင် မောင်း
သူဖြစ်ပါစေယာဉ်မောင်း သူတိုင်း တွင် လုံးဝတာဝန်ရှိပါသည်။

ဗြိတိသျှကုန်သည်ကြီးများ အသင်းသည် ဝယ်ယူစားသူံး သူ(ဝါ)ဈေးဝယ်သူနှင့်ကုန် ပစ္စည်း မျိုးစုံရောင်းချသူ(ဝါ)ရောင်းသူ
ဈေးသည်တို့နှစ်ဦးနှစ်ဖက်ဆက် ဆံရေးအတွက်စည်းကမ်းသတ် မှတ်ပြီးအပြတ်ပင် အဆုံးအဖြတ် ပေးထားပါသည်။ထိုဆုံးဖြတ်ချက် သည် ကားဝယ်ယူစားသုံးသူသာ မှန်ကန်သည်"ဟူသော အဆုံး အဖြတ်ဖြစ်ပါသည်။

ယာဉ်မောင်းအချို့သည် လည်း ကောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်း သူ တာဝန်ရှိ ပုဂ္ဂိုလ်အချို့တို့သည် လည်းကောင်း၊လူထုကို စည်းကမ်း တကျ သွားလာခြင်းမပြုကြဟု အပြစ်တင်ကြသည်။ လူထုဘက် ကလည်း စည်းပျက်ကမ်း ပျက် လူထုဟု၊ ပြောရက်ဆိုလွယ်ရှိ ကြပါသည်။ လူထုအပေါ် အပြစ်ပုံချရက်သော ပုဂ္ဂိုလ်တို့ အား ကိုယ်ချင်းစာနာသည့် စိတ်ထား၊ ကြင်နာ သနားတတ် သည့် စိတ်ကောင်း စိတ်မွန်များ၊ ထားရှိနိုင်ကြစေရန် သင်္ခါရ တရား၊ နိယာမဓမ္မနှင့်အညီ ဆင်ခြင်နိုင်ရန်လိုပါသည်။

ဒါရိုက်ဘာ၊ စပယ်ယာအများစုနှင့် ယာဉ်စည်းကမ်းကြီးကြပ်ဖို့ တာ ဝန်ယူထားသူအချို့တို့၏ လူထု အပေါ်သဘာဝနိ ယာမတရား ဖြင့် လေးလေးနက်နက် တွေး တောကြံဆခြင်းမပြုကြဘဲ အပြစ်
ဖို့နေကြသည်။ ထိုလူတို့သည် သူတို့ဘက်က ပြုပြင်ပေးရမည့် တာဝန်များကို မစဉ်းစားကြပါ။ သူတို့၌ အကြင်နာ စိတ်ထား ကင်းမဲ့ကြသောကြောင့် တစ် ဖက်လူထုမှာ ကိုယ်အင်္ဂါပျက်စီး ၍ နာကြရပါသည်။ သေကြရပါ သည်။

ယာဉ်မောင်းနေဆဲ အရှိန် လျှော့ရပ်တန့်မပေးဘဲ ယာဉ် ပေါ်သို့ဆွဲတင်ခြင်း၊ အလားတူ ပင်ယာဉ်ပေါ်မှ ဆင်းရန် တွန်း ထုတ်ခြင်း၊ ယာဉ်ပေါ်သို့ ရောက် ရောက်ခြင်းပင် ယာဉ် နောက် ပိုင်းသို့မဟုတ်ရှေ့ပိုင်းသို့ တိုး ဝှေ့ဝင်သွားရန် နှုတ်မှလည်း ရိုင်း စိုင်းစွာပြောဆိုသည့်အပြင် လက်ဖြင့်လည်း တွန်းတွန်းထိုး ထိုးစော်ကားလေ့ ရှိကြသည်။

မိမိတို့လူမျိုး၏ ဘာသာတရား နှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ် အလာများ အရလည်း ကောင်း၊ တရားနှင့်ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာများ အရလည်း ကောင်း၊သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများ၊
ကိုယ်လေးလက်ဝန်များ၊ သား သမီးငယ်နှင့် မိသားစုများပါဝင် ကြ၍သော်လည်းကောင်း ရိုင်း စိုင်းသော စပယ်ယာတို့၏ မျက် နှာပေးနှင့် ရိုင်းပြသော နှုတ် ထွက်စကားများကို ရွံရှာလွန်း ကြသဖြင့် စပယ်ယာကြီးများကို မျက်နှာချိုသွေး၊ အောက်ကျပေး ကြရကာ အနန္တဂိုဏ်းဝင်မိဘ တို့၏ ဘဝကိုမြင်တွေ့ရသော ကျွန်တော်မှာလွန်စွာ စိတ်ထိ ခိုက်မိပါသည်။

လမ်းမကြီးနှင့် လမ်းဘေးဝဲ ယာတွင် ယောက်ယက်ခတ်လှုပ် ရှားသွားလာနေကြသော လူထု ကြီးနှင့်လမ်းဖြတ်ကူးနေကြ သော လူထုကြီးကိုစက်ဘီးမှအစ ယာဉ် မောင်းသူတိုင်းကို လူထုကြီး ဘေးအန္တရာယ်ကင်းဖို့ ဆင်ဆင် ခြင်ခြင် မောင်းနှင်းကြရန်လည်း သက်ဆိုင်ရာကပညာ ပေးညွှန် ကြားခြင်းဖြင့်ဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူဆမိပါသည်။

လှမြိုင်(မောင်တက္ကသိုလ်)
Popular Journal

အပြည့်အစုံသို့ »

အမှတ် (၂၂၆)ယာဉ်လိုင်းမှ တိုက်ပြီးအငှားယာဉ်နှင့် ချိတ်ပါကာ အမည်မသိအမျိုးသား သေဆုံး


ရန်ကုန်၊ ဇူလိုင် ၃၀

၂၉.၇.၂၀၁၃ ရက်နေ့ ၁၉၀၅ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းအတိုင်း၊ လသာမြို့နယ်ဘက်မှ ပန်းဘဲတန်းမြို့နယ်
ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော အမှတ်(၂၂၆)
ယာဉ်လိုင်းမှ ၇ခ/---- FUSO အမျိုးအစားခရီးသည်တင်ယာဉ်သည် ၂၇လမ်းနှင့် ကုန်ဈေးတန်းလမ်းကြားအရောက်
မြောက်မှတောင်သို့လမ်းဖြတ်ကူးသူ အမည်မသိ၊အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးအားတိုက်မိရာ ယာဉ်တိုက်ခံရသူမှာ ကမ်းနားလမ်း ပေါ်သို့လွင့်စင် လဲကျလျက်ရှိစဉ် ကမ်းနားလမ်း
အတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်းကြည်စိုး၊ (ဘ)ဦးခင်ဝင်း၊ လမ်းမတော်မြို့နယ်နေသူမောင်းနှင်သည့် AA-----၊
တိုရိုတာကရီးနားဗင် အဖြူရောင်အငှားယာဉ်မှ ဆက်လက်တိုက်မိပြီး ယာဉ်၏ရှေ့ ဘန်ဘာအောက်တွင် ချိတ်ပါသွားသဖြင့်
ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ယာဉ်တိုက်ခံရသူ အမည်မသိအမျိုးသား
အား ဦးခေါင်းနောက်စေ့ဝဲဘက် ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊၀ဲ/ယာ ခြေလက်များ
စုတ်ပြဲဒဏ်ရာ များဖြင့် သေဆုံးနေသည် ကိုတွေ့ရှိရ၍ ပန်းဘဲတန်းမြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အမှတ်(၂၂၆)ယာဉ်လိုင်းမှ ၇ခ/---ယာဉ်မောင်း(စုံစမ်းဆဲ)နှင့်
AA-----၊ ယာဉ်မောင်း ကြည်စိုးတို့(၂)ဦးအား အရေးယူထားရှိပါသည်။

အဆိုပါယာဉ်တိုက်မှုမှ သေဆုံးသူအားစုံစမ်းလျက်ရှိပြီး
ယာဉ်မောင်း ကြည်စိုးအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းနှင့်
အမှတ်(၂၂၆) ယာဉ်လိုင်းမှ ယာဉ်မောင်း(စုံစမ်းဆဲ)မှာ အခင်းဖြစ်ရပ်တွင် ယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »

တရားမ၀င်နွားမှောင်ခိုသယ်ဆောင်သူများအား ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဇူလိုင် ၃၀

၃၀.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူကျောက်တန်းမြို့နယ်၊ ကမာကလုပ်ကျေးရွာမှ ပန်းတောကျေးရွာ၊ မှော်ဝန်းချောင်းအတိုင်း
မော်လမြိုင်မြို့နှင့်မုဒုံမြို့များသို့ နွားများတရားမ၀င်မှောင်ခို
သယ်ဆောင်နေကြောင်းသတင်းအရ ပန်းတောကျေးရွာနှင့် ကမာကလုပ်ကျေးရွာကြား စန္ဒီကျေးရွာတာထိပ်မှ
စောင့်ဆိုင်းနေစဉ် နွားထီး(၅) ကောင်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၇)သိန်းအား ကျောက်တန်းမြို့နယ်၊ ကမာကလုပ်ကျေးရွာနေ
လှဌေး(ဘ)ဦးကြာရိုး၊ ရွှေဝါထွန်း(ဘ)ဦးကြာရိုး၊နီလေး(ဘ)ဦးသန်းထွန်း၊ ဇင်ကိုထွန်း(ဘ)ဦးရွှေဝါထွန်းတို့ (၄)ဦးမှ သယ်ဆောင်လာသည်ကို
တွေ့ရှိရသဖြင့် စစ်ဆေးရာတရားမ၀င် သယ်ဆောင်လာကြောင်း စစ်ဆေးသိရှိရ၍ ကျောက်တန်းမြို့မရဲစခန်း (ပ)၂၂၃/၂၀၁၃၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅)ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်


အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

မိုဘိုင်းဗားရှင်း m

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ https://m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com/

https://touch.facebook.com/

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။

https://upload.facebook.com/

ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။

ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)

အပြည့်အစုံသို့ »

နံနက်စာ ပုံမှန်စားလေ့မရှိသူများ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများ


နှလုံး ကျန်းမာရေးသည် မနက်စာ စားသောက်သည့် အလေ့အထနှင့် ဆက်နွယ်မှုရှိပြီး နေ့စဉ်နေ့တိုင်း နံနက်စာကို ပုံမှန် အချိန်ယူ စားသောက်သင့်ကြောင်း သုတေသီများက အကြုံပြု ပြောကြားလိုက်သည်။ Circulation (သွေးလှည့်ပတ်မှု) ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးသည် လူပေါင်း (၂၇၀၀၀)၏ နေထိုင်မှု ဓလေ့စရိုက်နှင့် ကျန်းမာရေး ဆက်နွယ်မှုတို့အပေါ် အခြေခံ သုတေသန ပြုထားခြင်း ဖြစ်သည်။ သုတေသီများက နံနက်စာ မစားဘဲ နေခြင်းသည် နှလုံးတွင် ပြဿနာများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို ပိုမို ကြီးမားလာစေနိုင်ကြောင်း ဆိုသည်။

တစ်ဖက်တွင်လည်း နံနက်စာကို ကျန်းမာရေးနှင့် လျော်ညီသင့်တင့်သည့် ရွေးချယ်မှုမျိုးဖြင့် စားသောက်သင့်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ပညာရှင်များက မနက်စာ လွတ်သွားခြင်းကြောင့် ခန္ဓာကိုယ်သည် ဇီဝကမ္မ ဖြစ်စဉ်များအတွက် ပိုမို အားစိုက် လှုပ်ရှားရလေ့ရှိကြောင်း ရှင်းပြခဲ့သည်။ ထိုအနေအထားကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုတွင် အဓိက အစိတ်အပိုင်းဖြစ်သော နှလုံးသည် ထိခိုက်မှု ပိုကြီးလာတတ်ကြောင်းလည်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းကလည်း မနက်စာကို လျော်လျော်ကန်ကန် စားသုံးခြင်းသည် လူအများအနေဖြင့် သကြားဓာတ် လွန်ကဲသည့် Snackကဲ့သို့ သရေစာမုန့်များ စားသောက်ခြင်းကို အတားအဆီးတစ်ရပ် ဖြစ်သွားစေလေ့ရှိကြောင်း ထောက်ခံထားသည်။ အသက်(၄၅)နှစ်မှ (၈၂)နှစ်ကြား လူပေါင်း (၂၇၀၀၀)တို့၏ (၁၆)နှစ်ကြာ ကျန်းမာရေး မှတ်တမ်းများနှင့် နေထိုင်မှု ဓလေ့စရိုက်များကို သုတေသီများက ယှဉ်တွဲ လေ့လာခဲ့ပြီး ယင်းတို့အနက် (၁၅၀၀)ခန့်သည် နှလုံးဖောက်ပြန်မှု၊ သေဆုံးသည်အထိ ဆိုးရွားသည့် နှလုံးရောဂါ ထိုးနှက်မှုများနှင့် ကြုံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ အဓိကအားဖြင့် ယင်းတို့အနက် အများစုသည် မနက်စာ ပုံမှန်စားသောက်သည့် အလေ့အကျင့်မျိုး ကင်းကွာနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

နှလုံးထိခိုက်မှုကို ထိခိုက်စေသည့် အခြားညွှန်ကိန်းများမှာ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ ဖြစ်ကြောင်းလည်း ပညာရှင်များက ထပ်မံ အတည်ပြုခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ လားကာဟေးလ်က BBCနှင့် အင်တာဗျူးတွင် "ကျွန်မတို့ ပြောချင်တာကတော့ နံနက်ခင်း ကိုယ့်အိမ်မှာ အစားမှန်မှန် စားဖို့ပါပဲ။ အထူးသဖြင့် မနက်အိပ်ရာထပြီး (၁)နာရီ အတောအတွင်းလောက် ဆိုပါတော့။ တစ်ခုခု အကျိုးရှိတယ်ဆိုတာ ဘာမှ အကျိုးမရှိတာထက် ကောင်းပါတယ်။ သေချာတာက ကျန်းမာရေးအရ မျှခြေရှိတဲ့ နေထိုင်မှု ပုံစံတစ်ခုက အမြဲတမ်း ပိုကောင်းတဲ့ဘက်က ရှိတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

သူမက နံနက်စာလွတ်ပြီး နေ့လယ်စာ စားချိန်ထိ အဆာခံနေရခြင်းသည် ရေရှည်တွင် ထိခိုက်မှု များလိမ့်မည်ဟု ဆိုသည်။ "မနက်စာကို လက်လွတ် မခံပါနဲ့။ ခန္ဓာကိုယ်ထဲက ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် ပိုအားစိုက်ရရင် သွေးတိုးနိုင်တာမျိုး၊ အဝလွန်တာမျိုး၊ ဆီးချိုဖြစ်တာမျိုး ကြုံရနိုင်တယ်။ အဲဒီအချက်တွေ အားလုံးက နှလုံးကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် မနက်စာကို လက်လွတ် မခံပါနဲ့"ဟုလည်း ဒေါက်တာကာဟေးလ်က အလေးအနက် ထပ်မံ တိုက်တွန်းသွားသည်။
 Planet

အပြည့်အစုံသို့ »

အစိုးရက ၂၀၁၄ ဧပြီလမှစ၍ စက်မှုဇုန်များကို မီးမပေးတော့ဟုဆို

ရန်ကုန်- စက်မှုဇုန်များကို ၂၀၁၄ ဧပြီလမှစတင်၍ အစိုးရက လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးမှုကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် ဇုန်အလိုက် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားထုတ်ယူရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

“ဘယ်ကုမ္ပဏီနဲ့ ပေါင်းပြီး လျှပ် စစ်ထုတ်မယ်ဆိုတာကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး အစိုးရကို တင်ပြရမယ်လို့ စာပို့ထားတယ်” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဇူလိုင် ၂၇ ရက်တွင် ပြော ကြားသည်။ အဆိုပါ အကြောင်း ကြားစာကို ယခုရက်ပိုင်းအတွင်း အစိုးရကပေးပို့ခဲ့သည်ဟု ဆိုသည်။

“လျှပ်စစ်ဓာတ်အားမရလို့ အက်ဖ်အိုဆီ၊ ဒီဇယ်ဆီတို့နဲ့ လည်ရ ရင်ထုတ်ကုန်တွေက ဈေးနှုန်းတက်မယ်။ ကုန်ဈေးနှုန်းကြီးရင် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအတွက် အတားအဆီးဖြစ်မှာ စိုးရိမ်ရတယ်” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က အစိုးရစက်မှုဇုန်များသို့ လျှပ်စစ်ပေး ဝေမှုရပ်ဆိုင်းပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် မီးရယူပါက ဖြစ်နိုင်ခြေကိုပြောသည်။

“ပုဂ္ဂလိကအဖွဲ့တွေက ထုတ်ရင်တော့ တစ်ယူနစ်ကို ၂၀၀ ကျပ်ကနေ ၂၅၀ ကျပ်ကြား ကုန်မယ်လို့ အကြမ်းဖျင်းမှန်းထားကြတယ်”ဟု လှိုင်သာယာစက်မှုဇုန်မှ ကြာဆံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စက်မှုဇုန်များတွင် ပုဂ္ဂလိက အဖွဲ့များက လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးမှုမှာ နိုင်ငံတကာတွင်လည်း ရှိကြောင်း သိရသည်။ လွတ်လပ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးအဖွဲ့များကို ဖွဲ့ပြီး စက်မှုဇုန်ကို ဈေးနှုန်းတစ်မျိုးဖြင့် ပြန်ဖြန့်ဝေပေးနေမှုများ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရှိကြောင်း မြန်မာနိုင်ငံစိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ် ရောင်းချသူများအသင်းမှ အထွေ ထွေ အတွင်းရေးမှူး ဦးဝေဖြိုးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိကကဏ္ဍမှ ဖြန့်ဝေပေးပါက စက်ရုံ၊ အလုပ်ရုံများလိုအပ်သည့် ဓာတ်အား အပြည့်အ၀ရရှိသဖြင့် တစ် ယူနစ်အတွက် ကုန်ကျစရိတ်တန်ဖိုးကြီးသော်လည်း လုပ်ငန်းတွင်ကျယ်သဖြင့် လုပ်ငန်းရှင်များက ပိုမိုနှစ်သက်ကြောင်း သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အားကို တစ်ပြည်လုံး လုံလုံလောက်လောက်မပေးနိုင်မီ စက်မှုဇုန်များ၌ ကိုယ် ပိုင်အစီအစဉ်ဖြင့် လျှပ်စစ်ရရှိအောင် ဆောင်ရွက်မှုမှာ ပိုအဆင်ပြေနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဆိုသည်။


7Day News Journal

အပြည့်အစုံသို့ »