ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား


ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာတော်တောင်ရွာ အမှတ်(၁၈၃)နေ ဦးဝင်းညွန့် နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီခွဲက ၎င်းအိမ်၌ မွေးမြူထားသော တစ်နှစ်သား အရွယ် ဝက်မတစ်ကောင်မှ ဝက်ပေါက် ကလေး သုံးကောင် မွေးဖွား ခဲ့သည်။
ထိုသို့ ဝက်ပေါက်ကလေး သုံးကောင် မွေးဖွားရာတွင် ဝက်မကလေး တစ်ကောင်မှာ သမားရိုးကျ မွေးဖွားခြင်း မဟုတ်ဘဲ ထူးထူးခြားခြား ဝက်၊ ဆင်၊ မျောက်ပုံတူ မွေးလာသည်ကို တွေ့ရသည်။

ဝက်မကလေး၏ ထူးခြားချက်မှာ မျက်နှာသည် ဝက်နှင့် မတူဘဲ မျောက်မျက်နှာနှင့် တူနေပြီး  မျက်နှာတွင် နှာခေါင်း ပါရှိခြင်း မရှိဘဲ အသက်ရှူရာတွင် ပါးစပ်ဖြင့်သာ အသက်ရှူနေသည်ကို တွေ့ရသည်။ ထို့အပြင် ပို၍ ထူးခြားသည်မှာ မျက်နှာတွင် မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး  မျက်နှာရှိ နဖူးတည့်တည့်တွင် ဆင်များကဲ့သို့ နှာမောင်းပါရှိ သည် ကိုလည်း  တွေ့ရသည်။  ယခုအခါ အဆိုပါ ဝက်မကလေးမှာ ကျန်းမာစွာဖြင့် အသက်ရှင်လျက် ရှိသည်။

အပြည့်အစုံသို့ »

သစ်သီးစားရင် ဆီးချို ဖြစ်နိုင်ခြေ နည်း


လတ်ဆတ်တဲ့ သစ်သီးဝလံ တွေကို စားသုံးရင် ဆီးချို ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ခြေ သိသိသာသာ ကျဆင်းကြောင်း သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။

ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး စတဲ့ သီးနှံတွေကို မှီဝဲသူ တွေဟာ နံပါတ် ၂ အမျိုးအစား ဆီးချိုဘေးက ကင်းဝေးအောင် ကာကွယ်နိုင်ခဲ့ကြောင်း လူ ပေါင်း ၂ သိန်းကို နှစ် အစိတ်လောက် သုတေသန ပြုပြီး သိရှိခဲ့တာပါ။

ဖရဲသီးနဲ့ စတော်ဘယ်ရီ သီးတွေ စားလို့တော့ ဆီးချို အတွက် ဘာမှ ထူးထူးခြားခြား အာနိသင် မရှိဘူး လို့လည်း ဆိုပါတယ်။

သစ်သီး ဖျော်ရည်တွေ သောက်ရင်တော့ ဆီးချို ဖြစ်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာကိုလည်း လေ့လာ တွေ့ရှိ ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

၁၈ နှစ်အတွင်း ရေမြင်းအရှင် ပေါက်ဖွား

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ရေမြင်း အရှင်ပေါက်ဖွားခြင်း မရှိသည်မှာ ၁၈ နှစ် ကြာမြင့်ပြီးနောက် ရေမြင်းမ (အိပြာ) က သြဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်က ရေမြင်း တစ်ကောင် အရှင် မွေးဖွားနိုင်ခဲ့ကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက The Voice သို့ ပြောကြား သည်။

၁၉၉၅ ခုနှစ်တွင် မိခင်ဖြစ်သူ အိပြာကို မွေးဖွားခြင်း ဖြစ်ပြီး အိပြာ အသက် ၁၈ နှစ်အရွယ် အရောက်တွင် ရေမြင်း အရှင်တစ်ကောင် မွေး ဖွားခြင်း ဖြစ်ကြောင်း၊ အနားကပ်၍ မရသေး၍ ယခု မွေးဖွားသည့် အကောင် ကို အထီး၊ အမ မခွဲခြားရသေးကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် ဒေါက်တာ ထွန်းမြင့်က ပြောကြားသည်။

အဆိုပါ ရေမြင်းမ အိပြာ ယခု မွေးဖွားခြင်းသည် တတိယအကြိမ်မြောက် ဖြစ် ပြီး ပထမအကြိမ် မွေးဖွားသည့် ရေမြင်းမှာ တစ်ရက်သာ ရှင်သန်ခဲ့ကာ ဒုတိယ အကြိမ်တွင်လည်း ရေမြင်း အသေသာ မွေးဖွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခု နို့မတိုက်သေးတော့ စိတ်မချရသေးဘူး။ နို့ဦးရည် မရသေးတော့ စိတ်ပူနေရသေးတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ရေမြင်း ခြောက်ကောင်ရှိပြီး ရေမြင်းအမ ငါးကောင်ရှိကာ အထီး တစ်ကောင်သာ ရှိကြောင်း ဒေါက်တာ ထွန်းမြင့်က ရှင်းလင်း ပြောကြားသည်။

“မျိုးစပ်ဖို့ အထီး ရှားနေတာပေါ့” ဟု ၎င်းက ဆိုသည်။

သက်တမ်း နှစ် ၄၀ ရှိ ရေမြင်းများသည် ကိုယ်ဝန်ဆောင်ချိန် ရှစ်လခန့် ကြာမြင့်တတ်ပြီး အစာချေ အားကောင်းသည့်အတွက် တစ်ရက်လျှင် ပေါင် ၁၀၀ ခန့် စားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ရေမြင်းမ (အိပြာ) ကို ဂျုံ၊ ဖွဲ၊ ကန်စွန်းရွက်၊ ကနဖော့၊ အာလူး၊ ငှက်ပျောသီး၊ ကန်စွန်းဥနှင့် လိုအပ်ချက်အရ ဆားနှစ်ကျပ်သား ခန့် ကျွေးကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ထံမှ သိရသည်။

ရလေး
The Voice

အပြည့်အစုံသို့ »

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

“လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ ဦးလွန်ဇကပ် (ခ) ပန်ကျား (၄၆) နှစ်၏ နေအိမ်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အိန္ဒိယနိုင်ငံသားဖြစ်သော လမ်လ်ခန့်ခွာ (၂၅-နှစ်၊ ခင်ရန်ရွာ၊ ဆာနားပတီးမြို့နယ်၊ အိန္ဒိယနိုင်ငံ)၊ ပေါင်လင်းထန် (၂၄-နှစ်၊ မိုရေးမြို့၊ အိန္ဒိယနိုင်ငံ) နှင့် ရန်ရန်း (၃၁-နှစ်၊ ဖိုလ်ငိုတ်ရွာ၊ ချန်ဒယ်လ်ခရိုင်၊ အိန္ဒိယနိုင်ငံ) တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လဝကအက်ဥပဒေပုဒ်မဖြင့် ခမ်းပတ်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း၊ ၎င်းတို့သည် အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးအမျိုးသားတပ်မတော် (Kuki National Army-KNA) မှ ခွဲထွက်လာသူများ ဖြစ်ပြီးပါလာသော ပစ္စတိုသေနတ်တစ်လက်နှင့် AK-47 သေနတ်တစ်လက်တို့ကို တမူးမြို့ မြို့မ (၁၄) ရပ်ကွက် ချောက်နက်ကြီးရွာတောစပ်ရှိ လူမနေသော တဲတစ်လုံးတွင် ဝှက်ထားခဲ့ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ အမေရိကန် ပြည်ထောင်စုလုပ် RUGER (၉ ဒသမ မမ ပစ္စတိုတစ်လက်) နံပါတ်မထင်ရှား၊ ကျည်ကတ်တစ်ခု၊ AK-47 သေနတ်တစ်လက် (နံပါတ်-၂၈၆၃၉)၊ ကျည်အိတ်တစ်ခု၊ (၇.၆၂ထ၃၉) ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအမှုအတွက် တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၇၅/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံး စာရေးမတစ်ဦး၏ နေအိမ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အပ်နှံထားသော ဗုံးသီး၊ နင်းမိုင်း၊ ကျည်မျိုးစုံနှင့် ကျည်အိမ်များ၊ ယမ်းတောင့်၊ ယမ်းကြိုးခွေစသော လက်နက်မျိုးစုံ ထည့်ထားသည့် သံသေတ္တာ ၁၀ လုံး တွေ့ရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း တမူးမှ ကလေးသို့ ဆိုင်ကယ်အတွင်း ပစ္စတိုလက်နက် သယ်ဆောင်မောင်းနှင်လာသူတစ်ဦးကို ခမ်းပတ်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice

အပြည့်အစုံသို့ »

ကြောင်ကလေး၏ အသက်ကို အရေးပေါ် ကယ်တင်ရန် ခွေးကလေးက သွေးလှူဒါန်းခဲ့


နယူးဇီလန်နိုင်ငံ၌ ကြောင်ချစ်သူများနှင့် ခွေးချစ်သူများ မတူညီသည့် သဘောထား အမြင်များအား ခေတ္တခဏ ဖယ်ရှားကာ ကြောင်ကလေး ၏ အသက်ကို ခွေးကလေးက ကယ်တင်ပေးခဲ့သည့် ထူးထူးခြားခြား ဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၂၃ ရက်နေ့က ရိုရီဟု အမည်ရသည့် ရွှေဝါရောင် ကြောင်ကလေးသည် အဆိပ်ဖြူးထားသော ကြွက်သေတစ်ကောင်ကို စားမိကာ အဆိပ်သင့်ပြီး သေလုနီးနီး ခံစားနေရချိန်တွင် ကြောင်ပိုင်ရှင် ကင်အက်ဒ၀ပ်က တူရန်ဂါမြို့ရှိ တိရစ္ဆာန်ဆေးကုခန်းသို့ ကသုတ်ကယက် အပြေးလာခဲ့ရသည်။ တိရစ္ဆာန်ဆေးကုဆရာဝန် ကိတ်ဟယ်လာက ကြောင်ကလေးမှာ အလွန်ချိနဲ့ အားယုတ်နေပြီဖြစ်၍ အရေးပေါ် သွေးသွင်းမှသာ အသက်ရှင်သန်နိုင်မည်ဟု ဆုံးဖြတ်ခဲ့ကာ သွေးသွင်းရန် ကြိုးစားခဲ့သည်။
သို့ရာတွင် အရေးပေါ် အခြေအနေ ဖြစ်နေပြီ ဖြစ်၍ သွေးအမျိုးအစားအား စစ်ဆေးရန် အလို့ငှာ ဓာတ်ခွဲခန်းသို့ သွေးနမူနာပို့ဆောင်ရန် အချိန်ပင်မရတော့သည့် အတွက် ကင်၏ သူငယ်ချင်း မစ်ရှယ်ဝစ်မိုး ပိုင်ဆိုင်သော ခွေးကလေးထံမှ သွေးကိုရယူကာ ကြောင်ကလေး အသက်ရှင်လိုရှင်ငြား သွေးသွင်း ကုသပေးခဲ့သည်။ အရေးပေါ် အခြေအနေ ဖြစ်နေသည့် အတွက် တတ်နိုင်သျှ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ ပြီးနောက် ကံအားလျော်စွာပင် ကြောင်ကလေး၏ အသက်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း ခွေးကလေး၏ ပိုင်ရှင် ဗစ်ရှယ်က ၀မ်းသာအားရ ပြောကြားခဲ့သည်။ ယုံကြည်နိုင်ရန် အလွန်ပင် ခက်ခဲသော်လည်း ယခုအခါ ကြောင်ကလေးရိုရီမှာ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာနေပြီ ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။ ကျွမ်းကျင်သူတို့၏ အဆိုအရ ကြောင်ကလေးသည် ထိုခွေး၏သွေးကို နောက်တစ်ကြိမ် သွင်းမည် ဆိုလျှင်မူ သေဆုံးသွားနိုင်ကြောင်း သိရသည်။
Swesone

အပြည့်အစုံသို့ »

ပေ ၂၀၀၀ နက်သော ချောက်ထဲ ကားတစ်စီး ပြုတ်ကျသွားခဲ့သော်လည်း ကလေးတစ်ဦး အသက်ရှင်ကျန်ရစ်


ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း လာလီဘာတတ်ဒေသတွင် ပေ ၂၀၀၀ နီးပါးခန့် နက်သော ချောက်ထဲသို့ ကားတစ်စီး မတော်တဆ ပြုတ်ကျသွားခဲ့သော်လည်း အသက်လေးနှစ် အရွယ် မိန်းကလေးငယ် တစ်ဦး အသက်မသေဆုံးဘဲ တစ်ဦးတည်း ရှင်ကျန်ရစ်ခဲ့ကြောင်း ပီရူးရဲတပ်ဖွဲ့က သြ ဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ကားပေါ်တွင် လိုက်ပါလာသော ကလေးငယ်၏ မိဘနှစ်ဦးနှင့် ကားမောင်းသမား အပါအ၀င် ခရီးသည် ခြောက်ဦးစလုံး သေဆုံးသွားခဲ့ရကြောင်း သိရသည်။ ကလေးငယ်၏ မိဘနှစ်ဦးစလုံးမှာ ပါတက်ဇ်ပြည်နယ်ရှိ အန်ဒါးစ်အဗေလီနိုကျောင်းမှ ကျောင်းဆရာများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသွားသူ ခရီးသည်များ အားလုံး၏ ရုပ်အလောင်းများကို ချောက်ကမ်းပါး အောက်ခြေတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားမှု အကြောင်းရင်းမှန်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။ ကနဦး စစ်ဆေးချက်များအရ ၎င်းတို့ စီးနင်းလာသော မော်တော်ယာဉ်က တစ်ဖက်မှ မျက်နှာချင်းဆိုင်လာသောကားအား လမ်းပေးရန် ကြိုးစားစဉ် ကမ်းပါးထက်မှ ချော်ကျသွားခြင်း ဟု အာဏာပိုင်အဖွဲ့များက ယာယီ ကြေညာချက် ထုတ်ပြန်ထားသည်။ ၎င်းလမ်းပိုင်းသည် မြင့်မား၍ ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း တစ်ခု ဖြစ်ပြီး ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

Swesone

အပြည့်အစုံသို့ »

ရန်ကုန်တိုင်း ဒေသကြီးရှိ ငါးပိများ သံသယရှိက စစ်ဆေးနိုင်ပြီး ဓါတ်မြေသြဇာ မရောကြောင်း အခိုင်အမာ အာမခံ ဟု ငါးပိ လုပ်ငန်းရှင်များ ဆို



အပြည့်အစုံသို့ »