ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများတွေ့ရန် လူငါးထောင်ဆံ့ အခန်းငှား


စင်ကာပူနိုင်ငံတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် The Singapore Summit သို့ တက်ရောက်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ တွေ့ဆုံပွဲပြုလုပ်ရန် လူဦးရေ အနည်းဆုံး ၅၀၀၀ ဆံ့သည့် Resort World Sentosa (RWS) ခန်းမကို ငှားရမ်းထားကြောင်း တွေ့ဆုံပွဲ စီစဉ်သည့် မြန်မာကလပ် (စင်ကာပူ) က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

အများဆန္ဒအတိုင်း လူငါးထောင် ဆံ့နိုင်မည့် ခန်းမကို စက်တင်ဘာလ ၅ ရက်နေ့တွင် ငှားရမ်းနိုင်ခဲ့ပြီး စင်ကာပူ ရဲဌာနသို့လည်း ပွဲကျင်းပခွင့် တောင်းခံထားကြောင်း၊ တွေ့ဆုံပွဲ မတိုင်မီ ခွင့်ပြုမိန့်ရရှိမည်ဟု မျှော်လင့်ကြောင်း မြန်မာကလပ်က ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်မူ လူစုလူဝေးကို ထိန်းသိမ်းနိုင်ရန် မြန်မာကလပ်က တာဝန်ယူရမည်ဟု စင်ကာပူရဲဌာနက စက်တင်ဘာလ ၂ ရက်နေ့က အကြောင်းကြားထားကြောင်း မြန်မာကလပ်က ဆိုသည်။

တွေ့ဆုံပွဲအတွက် ဝင်ခွင့်လက်မှတ်များ စတင်ရောင်းချမည့်ရက်ကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူအစိုးရ၏ ဖိတ်ကြားချက်အရ The Singapore Summit သို့ တက်ရောက်မည် ဖြစ်ပြီး ယင်းမတိုင်မီ ဥရောပနိုင်ငံအချို့သို့ သွားရောက်မည် ဖြစ်သည်။

The Voice

အပြည့်အစုံသို့ »

စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ


ဒီတစ်ပတ် The Voice ရဲ့ ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ ပညာရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာ တင်ပြသွားပါမယ်။ အဲဒီလိုတင်ပြရာမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းအား မြှင့်တင်ဖို့အတွက် အခရာဖြစ်တဲ့ မိဘတွေရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီခေတ်မှာ လူငယ်တော်တော်များများက စာသိပ်မဖတ်ကြဘူး။ ဂိမ်းဆော့တယ်၊ ဖေ့ဘုတ်စ်သုံးတယ်၊ အင်တာနက်မှာ အချိန်ဖြုန်းတယ်ဆိုပြီး စာရေးသူနဲ့ သိတဲ့သူအချို့က သူတို့သား သမီးတွေကို စာကောင်း စာမွန်တွေ ဖတ်စေချင်ကြတယ်။ အဲဒီလိုစာဖတ်တယ် ဆိုတာ စာဖတ်ချင်စိတ် ရှိမှရတာ။ အဲဒီလို စာဖတ်ချင်စိတ်ရှိအောင်လည်း ကိုယ့်ဝန်းကျင်မှာ စာဖတ်နိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဆိုလိုတာက စာအုပ်စာကောင်းမရှိတဲ့ အိမ်မှာ ကိုယ့်ကလေးတွေကို စာဖတ်ပါလို့ချည်း ပြောနေလို့ မရဘူး။ သူတို့လက်လှမ်းမမီတဲ့ နေရာတိုင်းမှာ စာအုပ်စာကောင်းတွေ ရှိဖို့လိုပါတယ်။

စာရေးသူတို့ တိုင်းပြည်မှာ ဝန်းကျင်တည်ဆောက်မှု အရမ်းအားနည်းတယ်။ ဆိုလိုတာ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေပဲ ပြောနေတာ။ အဲဒီလို လုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်ဖို့၊ ဖြစ်ဖို့ဆိုတဲ့ ဝန်းကျင်ကျတော့ မရှိဘူး။ ဖန်တီးမထားကြဘူး။ ဒီတော့ စာရေးသူတို့နိုင်ငံရဲ့ ပြဿနာအတော်များများဟာ အဖြေမရှိတဲ့ ပုစ္ဆာလိုပဲ။ ဘာလုပ်ရမယ်ဆိုတာ သိသိနဲ့ ဘာမှဖြစ်မလာဘူး။ အမှိုက်တွေ မပစ်ကြပါနဲ့ဆိုလည်း ပစ်တာပဲ။ ကွမ်းတံ တွေးတွေ မထွေးကြပါနဲ့ ဆိုလည်း ထွေးတာပဲ။ ကားအရမ်းမမောင်းကြပါနဲ့ ဆိုလည်း မောင်းတာပဲ။ ဒီလိုနဲ့ လုပ်တဲ့သူကလုပ်၊ ရှုပ်တဲ့သူက ရှုပ်နဲ့ မုန့်လုံးစက္ကူကပ်၊ ဘာပြဿနာ ရယ်မှ ပီပီပြင်ပြင်၊ ရှင်းရှင်းလင်းလင်း ဖြစ် သွားတယ်ဆိုတာ မရှိဘူး။ အဲဒီအမှိုက်ကို မပစ်အောင်၊ ကွမ်းကိုမထွေးအောင်၊ ကားကို စည်းမဲ့ကမ်းမဲ့ မမောင်းအောင် ထိန်းကွပ်၊ ထိန်းညှိပေးနိုင်မယ့် ဝန်းကျင်အား နည်းနေလို့ပါ။
ဒီတော့ မိဘတွေအနေနဲ့ အခုလို အလွယ်တကူ လုပ်ကျင့်ရှိတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ ကိုယ့်ကလေးတွေ စည်းနဲ့ကမ်းနဲ့ ရှိဖို့၊ စာကောင်းပေကောင်းဖတ်ဖို့ ဆိုတာ ကိုယ်ကိုယ်၌က ကိုယ့်အိမ်မှာ ကလေးတွေ အတွက် စာကောင်းစာပေဖတ်ဖို့ ဝန်းကျင် တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ စာရေးသူ အိမ်အတော်များများ ရောက်ဖူးတယ်။ လူငယ်လူရွယ်တွေ အလွယ်တကူဖတ်နိုင်မယ့်၊ သူတို့ အတွေးအခေါ်တွေကို အားပေးမယ့် စာကောင်းစာပေဆိုတာ သိပ်မတွေ့ရ တတ်ဘူး။
နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ တွေ့ရတတ်တယ်။ တချို့ ကလည်း စာအုပ်တွေရှိပါတယ် ဆိုပြီး ထုတ်ပြကြတယ်။ သိပ်မြင့်တဲ့ဟာတွေပေါ့နော်။ ဖဆပလခေတ်က စာအုပ်တွေ၊ နိုင်ငံရေး ကျမ်းတွေ၊ သမိုင်းစာအုပ်တွေ၊ တက်ကျမ်းတွေ အဲဒါတွေကျတော့ သိပ်မြင့်သွားပြီ။ ပြီးတော့ အကြောင်းအရာတစ်ခုတည်းကို ဇောင်းပေးရေးထားတာ ဆိုတော့ လူငယ်တွေ သိပ်စိတ်မဝင်စားကြဘူး။ ဒီတော့ သူတို့ဆီမှာ အဲဒီစာအုပ်တွေ ဖုန်တက်နေတာ အဆန်းတော့မဟုတ်ဘူး။
ဆိုလိုတာက ကိုယ့်သားသမီးတွေ စာဖတ်စေချင်ရင် ကိုယ့်အိမ်မှာ စာအုပ်အစုံ အလင် တတ်နိုင်သလောက် ထားရပါမယ်။ စာရွေးပြီး စုရပါမယ်။ ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ ရှိရမယ်။ အိမ်ကျဉ်းသည့်တိုင် စာအုပ်စင် အသေးလေးတစ်ခုတော့ ရှိသင့်တယ်။ အဲဒါဟာ အဲဒီအိမ်ရဲ့ စာကြည့်တိုက်ပဲ။ မိဘတွေဟာ အဲဒီစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးပဲ။ ကိုယ်ကိုယ်တိုင် ကလည်း ဖတ်ပြရမယ်။ ဒါမှ သားသမီးက နောက်ကလိုက်လာမှာပေါ့။
စာရေးသူ နယ်မှာ တာဝန်ကျလို့ မိတ်ဆွေအိမ်တစ်အိမ် သွားလည်ဖြစ်တယ်။ သွားတိုင်း အိမ်ထောင်ဦးစီးက နှစ်လုံး၊ သုံးလုံး တွက်နေတတ်တယ်။ ကွမ်းတဗျစ်ဗျစ် ထွေးတယ်။ သူ့အိမ်ရောက်တိုင်း စာရေးသူကို သူ့ကလေးတွေကို ဆုံးမပါ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ စာဖတ်စေချင်တယ်၊ သူအမြဲပြောတယ်။ ဖခင်တစ်ယောက်ရဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က ပြင်ဖို့လိုတယ်။ နှစ်လုံး၊ သုံးလုံး ထိုးတဲ့၊ တွက်တဲ့အိမ်က ကလေးတွေက နှစ်လုံး၊ သုံးလုံး စိတ်ဝင်စား လာကြမှာပဲ။ ကွမ်းတဗျစ်ဗျစ် ထွေးတာ မြင်ရင် ဒီကလေးတွေလည်း ကွမ်းစားလာ ကြမှာပဲ။ ကိုယ့်ကလေးတွေ တကယ်ကောင်း စေချင်ရင် ကိုယ်ကိုယ်တိုင်က ပြင်ဖို့လို တယ်။ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်ကလေး တွေ မှန်မှန်ကန်ကန် ရှုမြင်တွေးခေါ်တတ် စေမယ့် ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့လို တယ်။ ဖန်တီးဖို့လိုတယ်။
စာရေးသူတို့နိုင်ငံရဲ့ လူတွေရှင်သန် ရတဲ့ဝန်းကျင်ဟာ အမြဲတမ်းပူလောင်နေ တယ်။ ပဋိပက္ခ အလွယ်တကူဖြစ်စေတယ်။ လူတွေ ပင်ပင်ပန်းပန်း ရုန်းကန်ကြရတယ်။ အိမ်အပြင်ထွက်တာနဲ့ အော်သံ၊ ဟစ်သံ၊ အလှူခံသံ၊ ကားသမားတွေ ဆဲဆိုသံ၊ ဘတ်စ်ကားပေါ် ပြေးတက်ကြတဲ့ မြင်ကွင်း တွေကအစ ဘာမှစိတ်ချမ်းသာစရာ မရှိဘူး။ စာရေးသူ အဆိုးအမြင်နဲ့ ရေးနေ၊ တင်ပြနေတာ မဟုတ်ဘူးနော်။ ကိုယ်ရောက်ခဲ့ ဖူးတဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက လူတွေ ရှင်သန်ရတဲ့ ဝန်းကျင်နဲ့ ယှဉ်ပြီး ပြောနေတာ။ ဟိုးခပ်ဝေးဝေးက ဂျပန်တို့၊ ကိုရီးယားတို့နဲ့ ယှဉ်ပြီး ပြောနေတာမဟုတ်ဘူး။ ဒီတော့ အဲဒီလို ပူလောင်၊ ဆူလောင် ဝန်းကျင်တွေထဲ မှာ သွားလာကျင်လည်နေရတဲ့ ကိုယ့်သား သမီးတွေကို အပြင်စရိုက်တွေ များများ မဝင် မလွှမ်းစေဘဲ ကိုယ့်အိမ်မှာ စာကောင်း ပေကောင်းတွေနဲ့ ယဉ်ပါးစေချင်တယ်။
စာရေးသူအိမ်မှာ အဖေက အလေ့ အကျင့်လုပ်ပေးထားတော့ ငယ်စဉ်ကတည်း က အိမ်တွင်းစာဖတ်ခြင်းဆိုတာနဲ့ ယဉ်ပါး ခဲ့ရတယ်။ အိမ်မှာ ၁၉၅၄ ခုနှစ်နဲ့ အဲဒီခုနှစ် များဝန်းကျင်က ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း စာအုပ် ၁၄ အုပ်ရှိတယ်။ အရင်ဝန်ကြီးချုပ် ဦးနုလက်ထက်က ထုတ်ခဲ့တဲ့ စာအုပ်တွေ ပါ။ စာအုပ်တစ်အုပ်မှာ စာမျက်နှာ ၄ဝဝ ကျော်၊ ၅ဝဝ နီးပါး ရှိတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်း၊ သိပ္ပံ၊ အတ္ထုပ္ပတ္တိ အစုံပါတယ်။ စာရေးသူငယ်ငယ် ကတည်းက အဲဒီ စွယ်စုံကျမ်းစာအုပ် ၁၄ အုပ်နဲ့ ကြီးပြင်းလာခဲ့ရတာ။ အဖေက အဲဒီ စာအုပ်တွေကို အလွယ်တကူ မြင်နိုင်၊ တွေ့ နိုင်တဲ့နေရာမှာ ထားပေးတယ်။ မဖတ်ဘူးလို့ သူထင်ရင် ဖတ်အောင် လမ်းကြောင်းပေး တယ်။ လေ့ကျင့်ပေးတယ်။
အဲဒီလိုနဲ့ စာရေးသူ ကမ္ဘာ့နိုင်ငံ အကြောင်းတွေ၊ လူပုဂ္ဂိုလ်အကြောင်းတွေ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း စသဖြင့် ယဉ်ပါးလာခဲ့တယ်။ ငယ်ငယ်ကတည်းက စွယ်စုံကျမ်း မှာပါတဲ့ တိုက်တာမြင့်မြင့်မားမားနဲ့ မြို့ကြီးတွေ တွေ့ရင် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကတည်းက အဲဒီလို အရမ်းဖြစ်စေချင်ခဲ့တယ်။ ဘယ်တော့ ဖြစ်လာမလဲလို့လည်း အမြဲတွေးခဲ့တယ်။ နိုင်ငံခြားရောက်ဖူးချင် တဲ့စိတ်တွေလည်း အရမ်းဖြစ်ခဲ့တယ်။ စွယ်စုံကျမ်းမှာပါတဲ့ နိုင်ငံခြားတက္ကသိုလ် ကြီးတွေကြည့်ပြီး တစ်ချိန် ငါ နိုင်ငံခြားမှာ ကျောင်းတက်ရမယ်လို့ ကျိတ်တွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာတော့ အဲဒီငယ် ငယ်ကတည်းက တွေးခဲ့၊ ဖတ်ခဲ့တာတွေက ကိုယ့်ဘဝမှာ တွန်းအားတွေဖြစ်လာတယ်။ အဖေက သူမဆုံးခင်မှာတောင် နေမကောင်းတဲ့ ကြားက အဲဒီစွယ်စုံကျမ်းစာအုပ်ကြီး ၁၄ အုပ်ကို အဖုံးအသစ်တွေ ပြန်ဖုံးပေး သွားခဲ့တယ်။ အဖေ့ဆီကရတဲ့ အကောင်းဆုံး အမွေတစ်ခုပါပဲ။
စာရေးသူ UN မှာ အလုပ်လုပ်စဉ် နယ်အတော်များများကို ရောက်ဖြစ်တယ်။ Project တွေမှာရှိတဲ့ စာကြည့်ခန်း၊ စာကြည့်တိုက် ဆိုတာတွေ ဝင်လေ့လာဖြစ်တယ်။ စာရေးသူတို့ လာချိန်မို့လားတော့ မသိဘူး၊ ကလေးတွေ၊ လူငယ်တွေ စည်စည် ကားကားနဲ့ တွေ့ရတတ်တယ်။ စာကြည့်တိုက် ထဲမှာလည်း စာအုပ်စာတမ်း အတော်စုံပါရဲ့။ ဂျာနယ်၊ ကာတွန်းတွေလည်း ရှိတယ်။ စာရေးသူ မသိမသာ အချိန်ပေးပြီး လေ့လာကြည့်တယ်။ ကလေးအတော်များများက ကာတွန်းတွေလောက်ပဲ ဖတ်ကြတယ်။ ကလေးဆိုပေမယ့် ဆယ်ကျော်သက်တွေကို ပြောတာပါ။ တချို့လူငယ်တွေ ဆိုရင် သူတို့ ဦးစားပေးတာ လက္ခဏာ၊ ဗေဒင်ကဏ္ဍ ဖတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက်တောင် မျှလိုက်သေးတယ်။ ဆောင်းပါး၊ နိုင်ငံရေးသတင်း ဖတ်တာမျိုး တော်တော် ရှားတယ်။ မဖတ်ချင်တဲ့သူကို ဖတ်ပါ ပြောလို့တော့ ဘယ်ဖြစ်မလဲ။
ဖြစ်နိုင်ရင်တော့ စာကြည့်တိုက်မှူး တွေ၊ စာကြည့်ခန်း တာဝန်ရှိသူတွေကလည်း လမ်းကြောင်း (Guide) ပေးဖို့ လိုမယ် ထင်ပါတယ်။ နိုင်ငံခြားမှာဆို စာကြည့်တိုက်မှူးတွေ ဆိုတာ ပညာရှင်တွေပဲ။ လစာလည်း ကောင်းကြတယ်။ စာဖတ်သူအနေအထားကို လေ့လာပြီး စာကြည့်တိုက်တွေထဲမှာ စာအုပ်တွေကို ခဏခဏ အပြောင်းအလဲလုပ်တယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စာဖတ်စွမ်းအား မြှင့်တင်ရေးနဲ့ အမျိုးသား ပညာရေးမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အမျိုး အစားကို မသိမသာ အပြောင်းအလဲလုပ်ပေးဖို့ လိုတယ်။ ဗဟုသုတဖြစ်စေမယ့် စာတွေ၊ အသက်အရွယ်အလိုက် ဦးနှောက်ကို စိန်ခေါ်စေမယ့်စာတွေ၊ ကလေးတွေ၊ လူငယ်တွေ အလွယ်တကူ လက်လှမ်းမီအောင် စာကြည့်တိုက် တွင်းမှာတင် ဈေးကွက် (Marketing) ဖော်ရမယ်။ တဖြည်းဖြည်းနဲ့ အပျော်ဖတ် စာပေတွေကို အာရုံစိုက်မှု လျော့သွားစေရ မယ်။ ဆိုလိုတာ စာဖတ်သူတွေရဲ့ စာဖတ်ချင်စိတ်၊ စာဖတ်စိတ်ကို အတွေးမှန်၊ အသိမှန် ရစေမယ့် လမ်းကြောင်းတစ်ခုအပေါ် ဆွဲတင်သွားနိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က စာကြည့်တိုက်မှူးတွေ၊ စာကြည့်တိုက် တာဝန်ရှိသူ တွေရဲ့ စေတနာပါမှု၊ အချိန်ပေးနိုင်မှု၊ အတွေ့အကြုံရင့်ကျက်မှု၊ အမြင်ကျယ်မှုတွေ ပေါ်မှာ အများကြီးမူတည်ပါတယ်။ အကယ်၍ သူတို့ကိုယ်တိုင်က ကာတွန်းထိုင်ဖတ်၊ ဗေဒင်လက္ခဏာ၊ ဂမ္ဘီရလောက်ပဲ စိတ်ဝင်စား နေရင်တော့ အဲဒီစာကြည့်တိုက် တွေက အရေအတွက်ကနေ အရည်အချင်းကို ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ့်သားသမီးတွေ စာများများ ဖတ်စေချင်တယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်စာအုပ်စင်က စကြဖို့ လိုပါတယ်။ အဲဒီ အိမ်တွင်းစာကြည့်တိုက် တွေကို စာအုပ် တစ်အုပ်နဲ့ စလည်း ရတယ်။ စာအုပ် ၁၀ အုပ်နဲ့ စလည်းရတယ်။ ရန်ကုန်မှာ မိဘ အတော်များများက ကိုယ့်သားသမီးတွေကို British Council လို၊ American Centerလို နေရာတွေဆီ အထင်တကြီး ပို့တတ်ကြ တယ်။ စာကောင်းစာမွန်တွေ အဲဒီမှာ အများကြီးတွေ့ပြီး ကိုယ့်သားသမီးတွေ အသိဉာဏ် ကြီးပွားတိုးတက်လာမယ်လို့ ထင်ကြတယ်။ မမှားပါဘူး။ ဒီစာကြည့်တိုက် တွေမှာ ပညာရပ်ဆိုင်ရာစာအုပ်တွေ အရမ်း စုံတယ်။ သင်တန်းတွေရှိတယ်။ သင်ထောက်ကူပစ္စည်း ကအစ အပြည့်အစုံ ထားပေးတယ်။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မိမိကိုယ်၌က တကယ့်ကို ကြိုးစားချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ စာဖတ်ချင်စိတ် မရှိဘဲ ဘယ်လောက်ကောင်းတဲ့ စာကြည့်တိုက်တွေ၊ ရင်းမြစ်ဌာန (Resources Center) တွေသွားသွား ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲဒီက ပို့ချတဲ့စာတွေ၊ သူငယ်ချင်းတွေရဲ့ တိုးတက်မှုကို မလိုက်နိုင်လို့ စိတ်ကျရောဂါလို ဖြစ်သွားတဲ့ ကျောင်းသားတွေတောင် တွေ့ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမှာ ပုံတွေလောက်ကြည့်၊ ကြော်ငြာလောက် သာဖတ်၊ သင်တန်းအပျော်တက်၊ ဟိုဟိုဒီဒီ မျက်စိကစားပြီး အချိန်ဖြုန်း၊ အချိတ်အဆက် လုပ်ချင်သူတွေလည်း အများကြီးပါ။
ဒါကြောင့် ဒီစာဖတ်ကျင့်ကို ကိုယ့်အိမ်မှာပဲ အစပြု ပျိုးထောင်ပေးစေချင်ပါ တယ်။ အထူးသဖြင့် နယ်မှာဆို လူငယ်တွေ စာဖတ်အား သိပ်နည်းပါတယ်။ အခုလို လက်ကိုင်ဖုန်းတွေ လူတိုင်းနီးပါး (အတော်များများ) ကိုင်နိုင်ပြီဆိုတော့ အဲဒီဖုန်းတွေ တစ်ချိန်လုံး ကလိနေကြသူတွေ အများကြီးပါ။ အင်တာနက်က တွေ့သမျှ သတင်းတွေဖတ်၊ မိန်းကလေးပုံတွေ ဖလှယ်၊ အတင်းအဖျင်း သတင်းတွေ မျှကြနဲ့၊ နယ်လိုနေရာမျိုးမှာ ပညာရေးနဲ့ ပတ်သက်ရင် ရန်ကုန်လို မဟုတ်ဘဲ သွားစရာ၊ လုပ်စရာကလည်း နည်းလေတော့ ဒီလူငယ်တွေရဲ့ ရှေ့ရေး စဉ်းစားကြည့်ရင် အတော်ရင်လေးဖို့ ကောင်းပါတယ်။ နယ်ဆိုပေမယ့် နယ်မှာနေတဲ့ လူတွေက အများစုမဟုတ်လား။ စာကောင်းစာပေ စာဖတ်ကျင့်မရှိတဲ့ အဲဒီမျိုးဆက်က ပွားလာတဲ့ နောက်မျိုးဆက်ကလည်း သူ့ရှေ့က မျိုးဆက်လိုပဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေကြမယ် ဆိုရင် ကျွန်တော်တို့ မြန်မာတွေ ဘယ်သောအခါမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ကြမယ် မဟုတ်ပါဘူး။ ဒေသတွင်း အာဆီယံလို နေရာမျိုးမှာတောင် ဟိုးနောက်နားက အတော်လှမ်းလှမ်း ပြတ်ကျန်ခဲ့ပါလိမ့်မယ်။ အခုလည်း ကျန်နေပါပြီ။ ဒါကြောင့် တစ်ဦး တစ်ယောက်ချင်းကနေ တစ်စုတစ်ဖွဲ့၊ တစ်စုတစ်ဖွဲ့ ကနေ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ စာဖတ်စွမ်းရည် မြှင့်ဖို့လိုနေပါတယ်။ ဒါဟာ အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်တယ်။ ဒီတော့ မိဘများအနေနဲ့ အိမ်တိုင်း အိမ်တိုင်းရဲ့ ဧည့်ခန်းကိုယ်စီမှာ ကိုယ်နိုင်သလောက် စာအုပ်စင်လေးတွေ ထားကြရင် အဲဒီအမျိုးသားရေးတာဝန် တစ်စိတ်တစ်ပိုင်းကို ကိုယ့်သားသမီး တစ်ဦးချင်းက တစ်ဆင့် စာဖတ်စွမ်းရည် ပြုစုပျိုးထောင်ပေးကြရင်း ကူညီပါဝင် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဒီဆောင်းပါးက တစ်ဆင့် တိုက်တွန်းပါရစေ။
အောင်အောင် (IR)
The Voice

အပြည့်အစုံသို့ »

" ဘေးထွက် ဆိုးကျိုး ဖြစ်စေသည့်အသားဖြူကရင်မ် ကုမ္ပဏီ ပြန်လည် သိမ်းဆည်း "




Kanebo ဂျပန် အလှကုန် ကုမ္ပဏီသည် အသားအရေကို အစွန်း အကွက် ဖြစ်စေသည့် အသားဖြူကရင်မ်အား တစ်ပတ်ခန့် ဆက်လက် တင်ပို့မိကြောင်း နှင့် ၄င်းကုန် ပစ္စည်း များအား ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ မှ စက်တင်ဘာ ၃ ရက်တွင် ပြောကြား သည်။

အဆိုပါ အသားအရေကို ထိခိုက် နိုင်သည့် ကုန်ပစ္စည်းအား ကုမ္ပဏီမှ ဇွန် ၂၈ ရက်တွင် ပြန်လည် သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက် အား မိခင် ကုမ္ပဏီဖြစ်သည့် Kao ကထောက်ခံ ခဲ့ကြောင်း Kanebo ကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

သို့ရာတွင် လက်ကား ဆိုင်များမှ ကုန်ပစ္စည်း ၄ ဒသမ ၇၅ သန်းကျော် ပြန်လည် သိမ်းဆည်း ခဲ့သော်လည်း ဇူ လိုင် ၄ ရက်အထိ အတိအလင်း ကြေညာခဲ့ခြင်း မ ရှိသောကြောင့် ၄င်း ကုန်ပစ္စည်း အား တစ်ပတ် နီးပါးတင်ပို့ ရောင်းချခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နှောင့်နှေး ကြန့်ကြာမှု ကြောင့် အသုံးပြုသူ များစွာ ထိခိုက်ခဲ့ရ ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

”Blanchir Superior” စသည့် ကုန်ပစ္စည်း ကို သြဂုတ် ၂၅ ရက်အထိ ဂျပန် နိုင်ငံ၌ သုံးစွဲမိသူ စုစုပေါင်း ၈၆၇၈ ဦး ရှိကြောင်းနှင့် ၆၅ ဦးမှာ နိုင်ငံရပ်ခြား မှ ဖြစ်ကြောင်း Kanebo ကုမ္ပဏီ၏ အဆိုအရ သိရသည်။

Kanebo ကုမ္ပဏီမှ ကုန်ပစ္စည်း ပြန်လည်သိမ်းယူခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ ဗြိတိန်၊ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

သိင်္ဂီဝင်း
Popular Myanmar News Journal

အပြည့်အစုံသို့ »

ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး

မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ သေဆုံးသူသည် ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချခဲ့ပြီး၊ မြေညီထပ်အမိုးတွင် ၎င်းဝတ်ဆင်ထားသော ဖိနပ်၊ နာရီနှင့် ခြေထောက်တွင် ရရှိထားသောဒဏ်ရာမှ သွေးကွက်တို့ကို တွေ့ရှိရပြီး ယင်းမြေညီထပ်မှတစ်ဆင့် ထပ်မံခုန်ချခဲ့သည့် အနေအထား တွေ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ သေဆုံးသူကို မန္တလေးဆေးရုံကြီးတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက ရင်ခွဲစစ်ဆေးခဲ့ရာ ဝဲမျက်ခြေဆစ်ရိုး ငေါထွက် (ကျိုးကြေ)၊ ယာခြေဖဝါး ပေါက်ပြဲအရိုးကျိုး၊ ဝဲလက် ကောက်ဝတ် ကျိုးကြေ၊ တင်ပါးပွန်းပဲဒဏ်ရာ၊ ရင်ညွန့်ကျိုး၊ ဝမ်းဗိုက်အတွင်း သွေးယိုစီး၊ ဦးနှောက်အောက်သွေးယိုစီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ယာဉ်။ အရာဝတ္ထုတစ်ခုခုဖြင့် ဖိကြိတ်ပွတ်ဆွဲသော အနေအထား ရှိကြောင်း မှတ်ချက်ပြုထားခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ပါရှိသည်။

သေဆုံးသူသည် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်က နေအိမ်မှထွက်ခွာသွားကာ တက္ကသိုလ်ဝင်တန်း ကျဆုံးသဖြင့် စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်း၊ အဆိုပါသေမှု သေခင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ မိဘများနှင့် သွားရောက်မေးမြန်းရာ မိဘများနှင့် ဆွေမျိုးသားချင်းက ယခုအချိန်တွင် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ပြောဆိုသည်။

The Voice

အပြည့်အစုံသို့ »

ရွှေစက်တော်တွင် နိုင်ငံခြားသားများကို ညအိပ်ခွင့်ပြုရန် ခရီးသွားလုပ်ငန်းရှင်များ တောင်းဆို


ဗုဒ္ဓ၏ အထက်စက်တော်ရာနှင့် အောက်စက်တော်ရာ (ခြေတော်ရာ) တို့ရှိသော မကွေးတိုင်းဒေသကြီး မင်းဘူး မြို့နယ်ရှိ ရွှေစက်တော် ဘုရားတွင် နိုင်ငံခြားသား ခရီးသွားများကို ညအိပ်ခွင့် ပြုသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် နန်းထိုက်သူဟိုတယ်၌ ပြုလုပ်သော မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွှေစက်တော်ဘုရားတွင် တဲအိမ်ငယ်နှင့် သန့်စင်ခန်းများကို သပ်ရပ်သန့်ရှင်းစွာ ဆောက်လုပ်ငှားရမ်းပါက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနှင့် ၁၅ ဒေါ်လာအတွင်း ရရှိနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်များအသင်း ပုဂံဇုန် အတွင်းရေးမှူး ဦးဇော်ဝေက ပြောကြားသည်။

“နိုင်ငံခြားကို ဆန်တစ်တန် တင်ပို့ရင် ၃၂၄ ဒေါ်လာပဲရတယ်။ နိုင်ငံခြားသား ခရီးသွားတစ်ယောက်လာရင် At Least (အနည်းဆုံး) ဒေါ်လာနှစ်ထောင်ရတယ်” ဟု ၎င်းကဆိုသည်။

ရွှေစက်တော်တွင် နိုင်ငံခြားသားများ တည်းခိုရန်အတွက် ဇိမ်ခံဟိုတယ်ကြီးများ တည်ဆောက်ခြင်းထက် ဈေးနှုန်းချိုသာပြီး သန့်ရှင်းသပ်ရပ်သော တဲအိမ်ငယ်များ ဆောက်လုပ်ထားခြင်းက နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

ဂေဟအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရွှေစက်တော်ရှိ ဘေးမဲ့တောများ၊ မြန်မာ့ဒေသ ရင်း ရွှေသမင်များ၊ ရှားပါးတိရစ္ဆာန် မျိုးစိတ်များကို လိုက်လံပြသနိုင်ကြောင်း မကွေး တိုင်းဒေသကြီး သစ်တောဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်သိန်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသား ခရီးသွားများကို မကွေးမြို့ရှိ ဟိုတယ်များတွင်သာ ညအိပ်ခွင့်ပြုထားသည်။ ခရီးသွား လုပ်ငန်းရှင်များ၏ တင်ပြချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက နားထောင်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိခဲ့ပေ။

မကွေးတိုင်းဒေသကြီးတွင် ဗိဿနိုးမြို့ဟောင်း၊ မင်းလှခံတပ်၊ ရွှေစက်တော် ဘုရားစသော ခရီးသွားများကို ဆွဲဆောင်ရာ နေရာများရှိပြီး မကွေးမြို့မှတစ်ဆင့် ပုဂံ-ညောင်ဦး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ကဲ့သို့သော တိုင်းရင်းသား ယဉ်ကျေးမှု ဒေသများသို့ သွားရောက်နိုင်သဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အချက်အချာကျသောဒေသ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ဟောကိန်းထုတ်ထားသည်။
The Voice

အပြည့်အစုံသို့ »

"နိုင်ငံ အတွက် အရေးပါတဲ့ အနုပညာ အကြောင်း ပြောသူ အဆိုတော် လင်းလင်း"



အနုပညာသည် အနုပညာရှင် အတွက်ရော နိုင်ငံ အတွက်ပါ အရေး ပါကြောင်း အဆိုတော် လင်းလင်းကပြောသည်။

”ကျွန်တော် ကတော့ ကျွန်တော့် စိတ်ကို အတတ် နိုင်ဆုံး အရိုးရှင်းဆုံး ထားတယ်။ ကိုယ့်အနုပညာ အလုပ်က သတ်သတ်၊ နိုင်ငံတိုင်းမှာ ရှိတဲ့ လူတိုင်း လူတိုင်းက ကိုယ့်နိုင်ငံ ကိုထားသင့်တဲ့ နိုင်ငံ ချစ်စိတ်ကလည်း သတ်သတ် ထားပြီးတော့ ဒီအရာနှစ်ခုစလုံးမှာ ဘယ်အရာကိုပဲ လုပ်လုပ် အတတ်နိုင်ဆုံး စိတ်ကို အရိုးရှင်း ဆုံးထား လုပ်တယ်။ ပြည်သူ အတွက်၊ ပရိသတ် အတွက် မော်ဒယ် တစ်ခုလိုမျိုး တင်ပြနေတယ်။ အနု ပညာရှင် ပိုင်း ရဲ့လူတွေက ကိုယ့် ရဲ့ပရိသတ် ပြည်သူ လူထု အတွက် ကိုယ် လုပ် လိုက်တဲ့ အရာကို အားကျပြီး အမြင် မမှားဖို့ ရည်ရွယ်ချက်တွေ မမှားဖို့ ကို ရှေ့ကနေပြီးတော့ သေသေချာချာ နဲ့ စမတ်ကျကျ လျှောက် လှမ်းနိုင်ဖို့ က အရေးကြီး တယ်။ ကလေး လူကြီး အထိုက် အလျောက် ရှိတာပဲ။ နိုင်ငံ တစ်နိုင်ငံမှာ အနုပညာ ဆိုတာ မရှိ မဖြစ် ဆိုတာ လက်ခံပါတယ်” ဟု ၄င်းကဆိုသည်။

”သီချင်း တစ်ပုဒ်ကို အဓိက ရေးဖြစ်တဲ့ အကြောင်းအရာ ဆိုရင် ကိုယ် တတ်နိုင်တဲ့ အားနဲ့ ခံစားမှု၊ တတ်ကျွမ်းမှု၊ နည်းပညာ အားလုံး ပေါင်း ပြီးတော့ တတ်နိုင်သလောက် အားစိုက် ရေးထားတာပါ။ ကိုယ် ဖန်တီး လိုက်တဲ့ အနုပညာ တစ်ခုကို ပရိသတ်က ကြိုက်တယ်၊ လက်ခံတယ် လို့ တုံ့ပြန်တာ ခံရရင် ကျေနပ် ပီတိ ဝမ်းသာလည်း ဖြစ်ရပါ တယ်” ဟု ၄င်းက ပြောသည်။

အနုပညာကို ဖျော်ဖြေရေးလို့ သတ်မှတ်ကြတဲ့ သူ ရှိသလို ဝါဒဖြန့် အနုပညာရပ် တစ်ခုလို့လည်း မြင်ကြခြင်း အတွက်
”အမျိုးမျိုးတော့ ထင်ကြေး ပေးကြမှာပဲ။ ကိုယ် ဥာဏ်မီရင် မီသလာက်ဖွဲ့ ဆိုလို့ ရပါတယ်။ အနုပညာ ဆိုတာ ပေါ်ပြူလာ ဖြစ်ဖို့ တစ်ခု အတွက်လောက် ပဲ ယူဆတဲ့ ဥာဏ် အဆင့်နိမ့်တဲ့ သူက အဲဒီလောက်ပဲ စဉ်းစား မိကြမှာပေါ့။ ဒီ အနုပညာ ဆိုတာက နိုင်ငံ တစ်နိုင်ငံမှာ ကမ္ဘာကြီးမှာ ဘယ်လို ကောင်းအောင် လုပ်နိုင်လဲ စဉ်းစားနိုင်တဲ့ သူက ရင်ထဲမှာ အဓိပ္ပာယ် ရှိကြမှာပါ”ဟု လင်းလင်း က ပြောသည်။

ထူးထူး
Popular Journal

အပြည့်အစုံသို့ »

အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်


လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်းချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၉၅/ ၂၀၁၃၊ အုပ်စုဖွဲ့ မတရားချုပ်နှောင်မှု ဆိုင်ရာ ပြစ်မှုပုဒ်မ ၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ငှားရမ်းရက် ကျော်လွန်ပြီဖြစ်သည် ဟုဆိုကာ ဖက်ရှင်ဆိုင်၏ ဝင်ထွက် တံခါးပေါက်တစ်ခုကို သော့ခတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်တံခါးတစ်ခုကို သံခုံများ ဖြင့်လည်းကောင်း ပလာဇာလုံခြုံရေး များက လာရောက် ပိတ်ဆို့ခဲ့ရာ ဖက်ရှင်ဆိုင် အတွင်းရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းစုစုပေါင်း သုံးဦးတို့မှာ ဆိုင်အတွင်း သုံးနာရီခန့်ကြာ ပိတ်မိနေခဲ့သောကြောင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။
"ပြဿနာကို ဥပဒေအရ ဖြေရှင်းသွားဖို့ ပြောပေမယ့် ပလာဇာဘက်က အခုလိုအပြင်က သော့လာပိတ်သွားတာဟာ ဥပဒေမဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

ဆိုင်ခန်းငှားရမ်းမှု သတ်မှတ်ရက်ထက် နှစ်ရက်ခန့် ကျော်လွန်နေပြီ ဖြစ်သောကြောင့် ဖက်ရှင်ဆိုင်ကို ဆက်လက် မငှားရမ်းလိုသဖြင့် ပြောင်းရွှေ့ပေးရန် ဆိုင်ပိုင်ရှင်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့သော် လည်း ဖယ်ပေးခြင်း မရှိသောကြောင့် လုံခြုံရေးများကို သော့ခတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ မန်နေဂျင်း ဒါရိုက်တာဦးသိန်းရွှေက ပြောကြား သည်။

ပလာဇာလုံခြုံရေးများက မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်တွင် ဆိုင်ရှိဝင်ပေါက် နှစ်ခုကို လာရောက် ပိတ်ဆို့ထားသဖြင့် ဒဂုံမြို့နယ် ရဲအရာရှိများ ရောက်ရှိလာချိန်တွင်မှ လွတ်မြောက် ခဲ့ကြကြောင်း ပလာဇာ အတွင်း ဆိုင်ခန်းအချို့ရှိ မျက်မြင်များက ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်း ဖက်ရှင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားသည်ကို လပြည့်ဝန်းပလာဇာ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက မသိရှိသေးကြောင်း ၄င်း၏ ရုံးဝန်ထမ်းမှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ပြန်လည် ဖြေကြားသည်။

အဆိုပါပလာဇာတွင် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပလာဇာပိုင်ရှင် တို့အကြား မကြာခဏဆိုသလို ပြဿနာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ပလာဇာပိုင်ရှင်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ငှားရမ်းသူများကို မချေမငံ ဆက်ဆံလေ့ ရှိတတ်ကြောင်း ယင်းပလာဇာတွင် ရုံးခန်းဖွင့်လှစ်ခဲ့ဖူးသူ တစ်ဦးက ပြောကြားသည်။

The Voice

အပြည့်အစုံသို့ »