သစ်သားနှင့် သံချောင်း


စာရေးတယ်ဆိုတာ ခက်တော့အခက်သား။ ရေးဦးမှပဲလို့ တွေးနေပေမယ့် ရေးစရာအကြောင်းက မည်မည်ရရ ရှိချင်မှရှိတတ်တာကိုး။ မအားလို့ မရေးတော့ဘူး ဆိုခါမှ ရေးစရာကုန်ကြမ်းလေးက ရလာရင်တော့လည်း အချိန်မရတဲ့ကြားထဲကပဲ ရေးဖြစ်သွားတတ်တာမျိုး ဖြစ်သည်။ ဒီရက်ပိုင်းတွေ အချိန်ရလှသည် မဟုတ်ပါ။ သို့သော်လည်း ရေးစရာ အတွေးလေးက ရလာပြန်တော့လည်း ရေးဖြစ်သွားသည် ဆိုပါတော့။
per_tthtc_PLOခေတ်ပြောင်းစနစ်ပြောင်းဆိုတော့ အရပ်ဘက်လှုပ်ရှားမှုတွေက ပေါမှပေါဖြစ်သည်။ ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေ ပေါလှသည်။ ကောင်းပါသည်။ ဒီလိုဖြစ်သင့်တာ ကြာပါပြီ။ တစ်နေ့ကလည်း အခမ်းအနားတစ်ခုကို ရောက်ဖြစ်သည်။ ဟောပြောပွဲဆိုဆို၊ တွေ့ဆုံပွဲဆိုဆို သက်ကြီးစကား သက်ငယ်ကြားတော့ ဖြစ်သည်ပေါ့။ အနည်းဆုံးတော့ စင်ပေါ်တက်သူတွေက ကိုယ့်အထုပ်ကို ဖြေပြတတ်ကြသည်ဖြစ်ရာ သူတို့အထုပ်ကို ကြည့်ခွင့်ရသည်ဟု အောက်မေ့ပါသည်။ အခုနောက်ပိုင်း ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ အဲသလိုသဘောမျိုးနှင့် ကြည့်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် တရားပွဲပင်ဖြစ်စေ အကုန်လုံးကို မှန်လှပါဟု လုပ်ချင်မှလုပ်တော့သည်။ မရှင်းတာကို မရှင်းသလို ထားမိလာသည်။ မကြိုက်သည်ကို မကြိုက်ပါဟု ကိုယ့်ကိုယ်ကိုယ် ပြောဖြစ်လာသည်။ တစ်ခုတော့ရှိသည်။ ‘ကိုယ့်စိတ်အခံကြောင့် မကြိုက်သည်’ နှင့် ‘ကိုယ်က ဉာဏ်မမီ၍ လိုက်မမီနိုင်သည်’ ကတော့ ကွဲပြားမှဖြစ်မည်။ မည်သူဖြစ်စေ စင်ပေါ်ရောက်တော့ အထုပ်ဖြေ ပြတတ်ကြသည်။အချို့က အထုပ်ထဲမှ အမှိုက်တွေ ထုတ်ပြတတ်သည်။ အချို့က အဖိုးတန်သည့် အရာတွေ ထုတ်ပြတတ်သည်။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလိုမျိုး ဖြစ်သည်။
ယခုလည်း စတိတ်ပေါ်တွင် သြဝါဒပေးသူက လူငယ်တွေနှင့် ပတ်သက်ပြီး ပြောသည်။ ထုံးစံအတိုင်း ဒီနေ့ခေတ်လူငယ်တွေကို အားမရပါပေါ့။ ကြိုးစားစေချင်သည်ပေါ့။ ခံယူချက် မှန်စေချင်သည်ပေါ့။ အပြောကောင်းပါသည်။ ဆွဲဆောင်မှု ရှိပါသည်။ ထိထိမိမိ ရှိပါသည်။ စေတနာပါမှန်း သိသာပါသည်။ ကျွန်တော်ကတော့ သဘောကျပါသည်။ ဥပမာ ဥပမေယျတွေနှင့်ပါ ပြောသည်။ သစ်သားထဲကို သံနဲ့ ရိုက်လိုက်တဲ့အခါ သံဝင်သွားပါသည်တဲ့။ တစ်နည်းအားဖြင့် ဒါဟာ သစ်သားက သူ့နေရာကို ဖယ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒီလို ဖယ်ပေးလိုက်ရတာဟာ သံဟာ သစ်သားထက်မာတဲ့ အတွက်ကြောင့်ပါတဲ့။ မှန်ပါသည်။ လောကတွင် ငါ့အတွက်နေရာ မရှိတော့ပါဘူးဆိုတာ မရှိပါဘူးတဲ့။ ငါဝင်တိုးလို့ ရပါ့မလားဆိုတာကို မစိုးရိမ်ပါနဲ့တဲ့။ ပိုမာတဲ့သူအတွက် ပျော့တဲ့သူက နေရာ ဖယ်ပေးရသည်ချည်း ဖြစ်သည်တဲ့။ သို့ကြောင့် နေရာတစ်ခုရဖို့ မိမိကိုယ်ကိုယ် ပိုမာအောင် တည်ဆောက်နိုင်ရန် တော့လိုမည် ဖြစ်သည်ဟု ဆိုသည်။ အောက်မှ နားထောင်သူများက လူငယ် အများစုဖြစ်သည်။ သြဝါဒပေးသူ၏ ဥပမာကို သဘောကျကြသည်။ ဟုတ်သည်ပေါ့။ မှန်သည်ပေါ့။ ကောင်းလိုက်တဲ့ ဥပမာပေါ့။
ပြောပြောဆိုဆိုနှင့် သူ့ဟောပြောမှုက ပြီးသွားပြီ ဖြစ်သည်။ ထိုစဉ် ကျွန်တော့် မိတ်ဆွေတစ်ဦးက စကားစသည်။ စောစောကပြောတဲ့ ဥပမာ မှားနေပါသည်တဲ့။ သစ်သားထဲကို သံရိုက်လို့ ဝင်သွားတာဟာ သံကမာနေလို့ ဆိုတာ မဟုတ်ပါဘူးတဲ့။ ပြဿနာက အဲဒီမှာ စပြီဖြစ်သည်။ အခမ်းအနား ပြီးသွားသော်လည်း ကျွန်တော်တို့အတွက်က မပြီးနိုင်သေး။ ဒီလိုဝင်သွားတာဟာ သံချောင်းရဲ့ အောက်ခြေဧရိယာကြောင့် ဖြစ်သည်ဟုဆိုသည်။ ပြောပြောဆိုဆိုနှင့် F=P⁄A ကို အစချီကာ စီကာပတ်ကုန်း ရှင်းပြတော့သည်။ နောက်ဆုံးတော့ သူကပြောသည်။ သံကို ပက်လက်လှန်ပြီး ဒီအားနဲ့ပဲ ရိုက်ကြည့်ပါတဲ့။ (different area, same hardness)။ သူပြောသလို အောက်ခြေဧရိယာကို ပြောင်းပြီး ရိုက်ခြင်းဖြစ်သည်။ အဲဒီအခါ ဝင်ဦးမှာလားတဲ့။ မဝင်နိုင်တော့ပါ။ ပက်လက်လှန်ရိုက်ရင်တော့ ဘယ်ဝင်တော့မလဲပေါ့။ သို့ကြောင့် စောစောကပြောသော ဥပမာသည် သံမာ၍ သစ်သားထဲကို ဝင်ရသည် ဆိုသည်မှာ မဟုတ်ပါဟုဆိုခြင်း ဖြစ်ပါသည်တဲ့။
“ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိ…”
ခေါင်းစားချင်စရာတော့ ဖြစ်သည်။ ကိုယ်လည်း ပြန်စဉ်းစားရသည်ပေါ့။ ဟုတ်များ ဟုတ်နေသလားပေါ့။ သူ့ငြင်းချက်က ခိုင်မာသယောင်ယောင် ဖြစ်သည်။
တစ်အောင့်လောက်ကြာတော့မှ ကျွန်တော်လည်း ပြန်ပြောဖြစ်သည်။ ကတ်သီးကတ်သတ် သူ့အမြင်ကို ကိုယ်ကလည်း ကြံကြံဖန်ဖန်ပြန်ပြောမှ ဖြစ်ချေတော့မည်။ သံသည်မာ၍ ဝင်ခြင်းမဟုတ် ဆိုသည့် အဆိုအပေါ် ကိုယ့်အမြင်ပြန်ပြောမှ ဖြစ်တော့မည်။ သံ၏ အမာဂုဏ်သတ္တိကြောင့် မဟုတ်ဟုဆိုလျှင် ‘ဖယောင်းတိုင်တစ်တိုင်ကို ယင်းသံနှင့် တစ်ထေရာတည်းတူအောင် ပြုလုပ်ကာ ရိုက်မည်ဆိုရင်ရော’ ဖြစ်သည်။ စောစောက သံချောင်းနှင့် အောက်ခြေဧရိယာချင်း အတူတူပင် ဖြစ်သည်။ ဒီလိုဆိုရင်ရော ဝင်ဦးမည်လား။ (different area, same hardness)။ မဝင်နိုင်တော့ပါ။ ချွန်မြနေသည့် ဖယောင်းဖြစ်သည့်တိုင် သစ်သားထဲကို ဝင်သွားနိုင်စရာ အကြောင်းတော့ မရှိပါ။ သူပြောသလို အောက်ခြေဧရိယာ တစ်ခုတည်းကြောင့် ဖြစ်ရိုးမှန်လျှင် အခုလည်း ဝင်ရမည်ပေါ့။
ဤနေရာတွင် ကျွန်တော့်အတွက် တွေးစရာတစ်ခု ရပါတော့သည်။ အမှား၊ အမှန် ချဉ်းကပ်ရာတွင် ဖြစ်လေ့ဖြစ်ထရှိသော ကျွန်တော်တို့၏ သဘောသဘာဝဖြစ်သည်။ မိမိအားသန်သည့် ရှုထောင့်တစ်ခုတည်းမှ ကြည့်ကာ ကောက်ချက်ချတတ်သည့် ကျွန်တော်တို့၏ သဘာဝဖြစ်သည်။ ရှုထောင့်ပေါင်းစုံကို ခြုံငုံကြည့်ခြင်းမပြုဘဲ မိမိသန်ရာသန်ရာ တစ်ခုခုကို ဆွဲကိုင်ကာ မိမိနှင့် မတိုက်ဆိုင်တိုင်း မှားသည်၊ မှန်သည်ဟု ပြောလေ့ပြောထ ရှိသည့်အကျင့်သည် ကိစ္စအသေးအမွှား များတွင် ပြဿနာ မရှိလှသော်လည်း ကိစ္စကြီးလျှင် ကြီးသလောက် အန္တရာယ်ရှိလှသည် ဟုတော့ ပြောနိုင်သည်ဖြစ်သည်။ နိုင်ငံနှင့်ချီလာလျှင် ပိုဆိုးပြီပေါ့။ ထိုကဲ့သို့အပြုအမူမျိုး မိမိတွင်လည်း မရှိနိုင်၊ မရှိခဲ့နိုင်၊ ရှိမလာနိုင်ဟု မပြောနိုင်ပေ။ ထိုမိတ်ဆွေကို အပြစ်မပြောလိုပေ။ ထိုသို့သော အမူအကျင့် ခင်ဗျားမှာလည်း ရှိနိုင်သလို၊ ကျွန်တော့်မှာလည်း ရှိနိုင်သည် ဖြစ်သည်။ မိမိအမြင်နှင့် မတိုက်ဆိုင်လျှင် မှားသည်ဟု လွှတ်ခနဲ ပြောလေ့ပြောထရှိသည့် ကျွန်တော်တို့၏ အကျင့်ကို သတိပြုမိခြင်းသာ ဖြစ်သည်။
ထိုကိစ္စကို ကျွန်တော်ဆက်လက် ဆွေးနွေးလိုပါသည်။ သစ်သားထဲကို သံဝင်သွားခြင်းမှာ အမှန်တော့ ထိုမိတ်ဆွေပြောသလို အောက်ခြေဧရိယာကြောင့် ပါသလို၊ သံ၏ အမာဂုဏ်သတ္တိ ကြောင့်လည်း ပါသည်ဖြစ်သည်။ တစ်ခုတည်းကြောင့်ဟု မပြောနိုင်ပါ။ အမှန်တော့ အချက်အားလုံး (ရှုထောင့် အားလုံးဘက်မှ) မကြည့်ဖြစ်သောကြောင့် သူမှားသည်၊ ကိုယ်မှန်သည်ဟု အငြင်းပွားနေခြင်း ဖြစ်သည်။
အမှန်အားဖြင့် လောကတွင် အမှားနှင့် အမှန်နှစ်မျိုးတည်း ရှိသည်မဟုတ်။ အဖြူနှင့်အမည်း နှစ်မျိုးတည်း ရှိသည်မဟုတ်။ ရှည်သူနှင့်ပုသူ နှစ်မျိုးတည်း ရှိသည်မဟုတ်။ မှားသည်နှင့် မှန်သည်ကြားတွင် အခြားသော အခြေအနေများ ရှိသေးသည်။ ဖြူသည်နှင့်မည်းသည် အကြားတွင် အခြားသော အခြေအနေများ များပြားစွာ ရှိသေးသည်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိခြင်းကို ‘အရှိ’ ရှုထောင့်မှကြည့်လျှင် တစ်ဝက်ရှိသည် ဖြစ်သည်။ ‘မရှိ’ ရှုထောင့်မှကြည့်လျှင် ရေတစ်ဝက်မရှိ၊ လိုနေသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုအဆိုနှစ်ခုစလုံး မမှားပါ။ အဖြေမတူလို့ မငြင်းခုံစကောင်းပါ။ အဖြေမတူပေမယ့်၊ အမြင်မတူပေမယ့် အရှိတရားကတော့ အတူတူပင်ဖြစ်သည်။
‘ပူလိုက်တာပဲ’ ဟုဆိုခြင်းအပေါ် ‘လုံးဝမအေးဘူး’ ဟုလည်း ဆိုနိုင်သေးသည်။ ဤသည်ကိုပင် သင်္ချာသဘောအရ Fuzzy Logic ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းလောဂျစ် ဆိုသည်ကား လုံးလုံးအမှန်နှင့် လုံးလုံးအမှားကြားရှိ တစ်စိတ်တစ်ပိုင်းအမှန်၊ တစ်စိတ်တစ်ပိုင်း အမှားအကြောင်းကို အခြေပြုခြင်း ဖြစ်သည်။
နောက်သူငယ်ချင်းတစ်ဦးလည်း ရှိသေးသည်။ သူသည် ငယ်စဉ်ကတည်းက ပညာတော်သူ၊ စာကြိုးစားသူ ဖြစ်သည်။ ဆယ်တန်းအောင်တော့ အမှတ်ကောင်းကောင်းဖြင့် အောင်သည်။ တက္ကသိုလ် ဆက်တက်တော့ ထိုခေတ်ကာလ မြန်မာနိုင်ငံမှာ အကောင်းဆုံး ကျောင်းတွေထဲက တစ်ခုကိုတက်သည်။ တက္ကသိုလ်တွင်လည်း ဆက်လက်ကြိုးစားသည်။ အတန်းတိုင်း ထိပ်ဆုံးမှဖြစ်သည်။ ပညာရေးကောင်းသူမို့ ပညာရေး အားနည်းသူများထက် သူက ဘဝမှာသာလိမ့်မည်ဟုသာ ငယ်စဉ်ကတည်းက တွေးထင်ခဲ့သည်။ ယုံကြည်ခဲ့သည်။ သို့သော်ယခု အသက်အရွယ်တွင် ထိုအမြင်မှာလုံးလုံး ပြောင်းသွားသည်ဟု ဆိုသည်။ သူ့လောက် ပညာရေးမကောင်းသူများက ယနေ့ သူ့ထက်အောင်မြင်နေသည်။ အဆင်ပြေနေသည်။ သူငယ်ငယ် ကတည်းက တစိုက်မတ်မတ် ယုံကြည်ခဲ့သောအရာသည် အခုမှ မှားနေမှန်း သိသည်ဟုဆိုသည်။ ငယ်စဉ်က သူသိထားသော ဘဝအောင်မြင်ရေးအတွက် အချက်အလက်များမှာ မစုံလင်ခဲ့ပါလား ပြန်တမ်းတသည့် လေသံဖြင့်ပြောသည်။
ထိုအတွေးသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် အခြေတော်တော် ခိုင်ခဲ့သော အတွေးဖြစ်သည်။ အမှန်မှာ ဘဝအောင်မြင်ရေးဟူသည် ပညာရေး (ကျောင်းစာ) တစ်ခုတည်းအပေါ်တွင် မူတည်နေသည် မဟုတ် ဆိုသည်ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က ကောင်းကောင်း လမ်းညွှန်မပေးနိုင်ခဲ့ပါ။ ဤသို့ဆိုခြင်းမှာ ပညာရေး၏ ဂုဏ်သိက္ခာကို မှေးမှိန်စေရန် မရည်ရွယ်ပါ။ ဘဝအောင်မြင်ရေးအတွက် လိုအပ်သော အချက်အလက် အားလုံးကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က မိတ်မဆက်ပေးနိုင်ခဲ့ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ ဘဝတစ်ခုလုံး အတွက်မှာတော့ အခြားအခြားသော အရည်အသွေးများကို ထည့်သွင်းစဉ်းစားရန်၊ ပြုစုပျိုးထောင် ရန်လိုသည်ဟု ရည်ရွယ်လိုခြင်းသာ ဖြစ်သည်။ စာပြီးရင်း ‘စာ’ ဖြစ်နေသည့် သဘောကို ဟန်မကျပါလားဟု မြင်မိခြင်းသာ ဖြစ်ပါသည်။ ယနေ့ ကြားနေရသော ဘက်စုံပညာရေးဟုဆိုဆို၊ ကင်းထောက်လူငယ်ဟု ပြောပြော ယင်းတို့မှာ အဆိုပါ အားနည်းချက်တို့ကို ဖာထေးခြင်း ဖြစ်မည်တော့ ထင်ပါသည်။
သို့ဖြစ်ရာ မည်သည့်ကိစ္စတွင်ဖြစ်စေ ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိတတ်သည့် သဘောရှိပါသည်။ ယနေ့ ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် အမှားအမှန် ငြင်းခုံမှုများ အတော်များသည်။ ဒါလည်း သဘာဝတရားဖြစ်သည်။ အခု ငြင်းခုံသလို နောင်လည်း ငြင်းခုံရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသို့ ငြင်းခုံစရာ ရှိလာတိုင်း တစ်ဖက်နှင့်တစ်ဖက် ရှုထောင့်ချင်း အပြန်အလှန် မြင်ပေးနိုင်ရန် လိုသလို၊ အချက်အလက်အားလုံး စုံစုံလင်လင် ထည့်သွင်း စဉ်းစားရန် လိုလေမလားလို့ အတွေးဝင်မိခြင်းသာ ဖြစ်သည်။ ဤသည်မှာ ယနေ့ လူပြောများနေသည့် Blame Society အတွက် ဖြေဆေးတစ်ရပ်များ ဖြစ်လေမလား ထင်မိပါသည်။

ပေါ်လင်းဦး
thevoicemyanmar

အပြည့်အစုံသို့ »

ဒုတိယအကြိမ်ကျင်းပမည့် MTV Exit ဖျော်ဖြေပွဲကို မြို့သုံးမြို့တွင် ကျင်းပမည်


MTV Exit Road Show 2013 ဖျော်ဖြေပွဲကို မြို့သုံးမြို့၌ အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်များလည်း ပါဝင်မည်ဖြစ်သည်။ ယင်းပွဲအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး
ဖျော်ဖြေရေး အနေဖြင့် ကျင်းပသည့်ဖျော်ဖြေပွဲဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် ကျင်းပသည့်ပွဲလည်း
ဖြစ်သည်။

ယင်းသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းအား ဖျော်ဖြေပွဲအနေဖြင့် တင်ဆက်ရခြင်းကို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ဒု-ရဲမှူးဦးမင်းနိုင်က “ကျွန်တော်တို့ အခုလိုဖျော်ဖြေရေးလုပ် တာက
ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုမိုသိရှိနားလည် စေဖို့အတွက်ပါ။ တစ်မြို့ပြီးတစ်မြို့ အခုလို ဖျော်ဖြေတာဟာ အနုပညာရှင်တွေကို ပြည်သူတွေက စိတ်ဝင်စားတာကြောင့်သူတို့ အကူအညီတွေနဲ့ အတူ အခုလိုပွဲတွေလုပ်ပြီး အသိပညာပေးခြင်းပါ။ အခုအချိန်ထိတော့ R ဇာနည်၊ ဖြိုးကြီး၊ ဖြူဖြူကျော် သိန်းတို့နဲ့ အခြားနာမည်ကြီးတွေတော့ ဖိတ်ခေါ်ထားပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုအချိန်မှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဖျော်ဖြေမှုမှာ အဆိုတော်တွေ အနေနဲ့ မဖျော်ဖြေခင် ပညာပေးအစီအစဉ်တွေ၊ ဟောပြောမှုတွေ လုပ်မှာပါ။ သီချင်းကို ကန့်သတ်မှုမရှိပါဘူး”ဟု ဆိုသည်။

ယင်းဖျော်ဖြေပွဲကိုအောက်တိုဘာ ၁၈ ရက်တွင်မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ခန်းမတွင် လည်းကောင်း၊
အောက်တိုဘာ ၂၀ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လည်းကောင်း၊ အောက်တိုဘာ ၂၅ ရက် တွင် ပုသိမ်မြို့ ကိုးသိန်းမိုးလုံလေလုံအားကစားကွင်းတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲများကို ကျင်းပသည့် မြို့တိုင်းတွင် ည ၇ နာရီ၌ စတင်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ ကြည့်ရှုနိုင်မည်
ဖြစ်သည်။ “ဖြူတို့ ဖျော်ဖြေမှုနဲ့ ပညာပေးအစီအစဉ်တွေ ပြောပြပေးရမယ်။ ဟောပြောပေးရတာတွေ ရှိပါတယ်။ ဖြူ ကတော့ အဓိကအနေနဲ့ ဖျော်ဖြေပေးရမှာပါ”ဟု လူကုန်ကူးမှုတားဆီးရေး သံတမန်ဖြစ်သူ အဆိုတော်
ဖြူဖြူကျော်သိန်းက ဆိုသည်။

၎င်းဖျော်ဖြေပွဲ၏ ပထမအကြိမ်ဖျော်ဖြေမှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြည်သူ့ဥယျာဉ်တွင် အမေရိကန် အဆိုတော် ဂျေဆင်မရတ်၊ ထိုင်းအဆိုတော် ဆလော့မစ်ရှင်းတို့နှင့်အတူ မြန်မာနိုင်ငံမှ R ဇာနည်၊ လင်းလင်း၊
ဖြူဖြူကျော်သိန်း၊ ချမ်းချမ်းတို့ဖြင့် အခမဲ့ကျင်းပခဲ့သည်။
mizzimaburmese

အပြည့်အစုံသို့ »

ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီးကျောင်းသားများ ကားတိုက်ခံရ


အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

အဆိုပါယာဉ်တိုက်မှုမှာ ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ ဗန်ဒါပင်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ၀င်တိုက် လိုက်သောကားမှာ တိုရိုတာဘက်ဒါ အမျိုးအစား ကိုယ်ပိုင်ကားဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ထိုကားတိုက်မှုကြောင့် သံဃာတော် ငါးပါးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကိုရင်တစ်ပါးမှာစိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ ဘုန်းကြီးကျောင်းသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည့်အနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့ကို ရန်ကုန်ဆေးရုံကြီး၌ ပို့ဆောင်ကုသထားသလို ကားမောင်းသူကိုလည်း ရဲများက ဖမ်းထားလိုက်ပြီဖြစ်သည်ဟု ရဲဌာနကဆိုသည်။

အဆိုပါအမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းထားသလို ဗဟန်းရဲစခန်းက အမှုဖွင့်ထားပြီး၊ ယာဉ်မဆင်မခြင်မောင်းနှင်သည်ဟု စွပ်စွဲခံရသည့် ကားမောင်းသူကိုလည်း တရားစွဲရန် ဆောင်ရွက်နေသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

အပြည့်အစုံသို့ »

ရည်းစားဟောင်းက အဓမ္မကျင့်ရန်ကြံသည်ဟု ရဲစခန်းတွင်တိုင်တန်း


ရည်းစားဟောင်းက အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို စက်တင်ဘာ ၄ ရက်က သာကေတမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ သာကေတမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် ယင်းနေ့မွန်းလွဲ ၄ နာ ရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း အိပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူမ၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားက အိမ်သို့ရောက်လာပြီး ပွေ့ဖက် နမ်းရှုပ်ပြီး အဓမ္မကျင့်ရန်ကြံစည်သည်ဟု ကာယကံရှင် အမျိုးသမီးက စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါအမျိုးသားမှာ အရက်မူးနေကြောင်း၊ သူမကလည်း ရုန်းကန်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသဖြင့် ထိုသူမှာ အိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း ရဲကိုကာယကံရှင်က ထွက်ဆိုသည်။

ယင်းအမှုကို သာကေတမြို့နယ် ရဲစခန်းကအမှုအမှတ်(ပ) ၆၂၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံရသည့် အမျိုးသားကို ရဲကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ရာ ထိုသူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့်တရားစွဲခံရနိုင်ချေရှိသည်ဟု ရဲများကသုံးသပ်ကြောင်း တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

အပြည့်အစုံသို့ »

မလေးရှားရောက် အိုဗာစတေးများအတွက် ၀မ်းမြောက်ဖွယ် အထူးသတင်း


မလေးရှားရောက် အိုဗာစတေးများ အော်ပရာစီ စစ်ဆင်ရေးကြောင့် ကြောက်လန့် ထွက်ပြေးနေရပြီး နေရပ်သို့ ပြန်သူများလည်း အတော်များသွားပါပြီ ကောင်းကောင်းမအိပ်ရ ကောင်းကောင်းမစားရဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ၀ဋ်ဒုက္ခမှ ကင်းလွင်ခွင့်သတင်းတခုကို ယနေ့ ကြားသိလိုက်ရတဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်
ယနေ့ ၆ - ၉ - ၂၀၁၃ ထုတ် မလေးရှားနိုင်ငံ တရုတ်သတင်းစာတွင် ဖော်ပြပါရှိတိုင်း အိုဗာစတေးများအတွက် ယခင် 6P ပုံစံကဲ့ သို့  ပြန်လည် ထုပ်ပြန်ပေးပြီး တရားဝင် ပါမစ်များရရှိရေး ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပရာစီစစ်ဆင်ရေးကိုလည်း ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စိုးရိမ်ထိတ်လန့်သည့် ရန်မှ ကင်းဝေးပြီး အထူးပင် ၀မ်းမြောက်စေလိုကြောင်း သတင်းကောင်းပါးအပ်ပါသည်

မူရင်း မင်မင်း

အပြည့်အစုံသို့ »

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ




Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ်ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက် ၃၆၀၀ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ်အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး စတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ်သည် နောက်ဆုံးဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရသည်။

Eleven

အပြည့်အစုံသို့ »

မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား



နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်

မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာသာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူး

NTM။ နန်းနန်းအနေနဲ့ ပထမဆုံးပြောချင်တာ နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူးဆိုတာပါ။ ပြီးတော့ အဲဒီဥပဒေထဲက အချက်တွေကိုလည်း အများကြီးမဖတ်ဖူးပါဘူး။ ဒါပေမယ့် အဲလိုမျိုးကန့် သတ်မှုတွေရှိနေတာမျိုးကြီးတွေ မနှစ်သက်ပါဘူး။ လူကိုလူလို့ ပဲမြင်ပါတယ်။ ဥူးဝီရသူကိုလည်း သံဃာတစ်ပါးအနေနဲ့ ရှုမြင်ဖို့ နန်းနန်းနည်းနည်းတွေဝေမိပါတယ်။ ဘုရားရှင်ရဲ့ သားတော်တစ်ပါးကို ဝေဖန်ဖို့ လည်း နန်းနန်းဘုရားကိုကြောက်ပါသေးတယ်ရှင့်။

မေး။ Miss International ဖြစ်တဲ့ နန်းခင်ဇေယျာအနေနဲ့ လည်း ၉၆၉ကို လက်မခံဘူးလို့ ပြောခဲ့တယ်နော်။ ဒါနဲ့ ပတ်သတ်ပြီးရော?

NTM။ ဟုတ်ကဲ့။ မမနန်းခင်က နန်းနန်းလေးစားရတဲ့ လူတစ်ယောက်ပါ။ သူ့ ရဲ့ လုပ်ရပ်မှန်ကန်လိမ့်မယ်လို့ နန်းနန်းအကြွင်းမဲ့ယုံကြည်ပါတယ်။ သူ့ ကိုလည်း ၉၆၉မှာအသုံးချဖို့ ချဉ်းကပ်ခဲ့တယ်လို့ လဲ ထုတ်ဖော်ပြီး ပြောခဲ့ပါတယ်။ နန်းကိုလည်း အခုလာပြောတဲ့လူတွေရှိပါတယ်။ ၉၆၉ကဘယ်လိုကောင်းပါတယ်ဆိုပြီး ပရိုမိုရှင်းလာလုပ်တဲ့လူတွေရှိတယ်။ ၉၆၉ က အကြမ်းမဖက်ဘူးလို့ လဲပြောသေးတယ်၊ အတင်းအဓမ္မ အကြမ်းဖက်ပြီးလက်ခံခိုင်းနေတယ်။ နန်းနန်းတို့ ကပွင့်လင်းသူတွေပါ။ ကိုယ်ကြိုက်တဲ့လမ်းကိုလျှောက်မှာပဲ။ အတင်းလာပြောလို့ လဲလက်ခံလိုက်မယ့် လူစားမျိုးထဲမှာ နန်းနန်းမပါဘူး။

မေး။ အခုလို မျိုးစောင့်ဥပဒေထဲမှာ လက်ထပ်ဖို့ အတွက် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး ကန့် သတ်ထားတာနဲ့ ရောဘာပြောလိုပါသလဲ

NTM။ နန်းနန်းတို့ ကဟောလီးဝုဒ်ထိ ထိုးဖောက်ဖို့ ရည်ရွယ်ထားတာ။ ဒီလို အတွေးခေါင်လို့ မရဘူး၊ ခရစ်ယာန်နဲ့လည်းဆက်ဆံရမယ်၊ အစ္စလာမ်နဲ့ လည်း ဆက်ဆံရမယ်၊ လူဖြူလူမည်းအကုန်လုံးနဲ့ ဆက်ဆံရမှာပါ။
နိုင်ငံတကာက ဖက်ရှင်မင်းသားတွေလာရင်လည်း ကူးလူးဆက်ဆံရတာတွေရှိလာမယ်။ လက်ထပ်ဖို့ ဆိုတာကတော့ နောက်ထားပါ။ ဥပဒေရဲ့  ရည်ရွယ်ချက်ကိုက မရိုးသားဘူးလို့ နန်းနန်းပွင့်ပွင့်လင်းလင်းပြောပါရစေ။ နန်းနိုင်ငံရေး အရမ်းမသိပေမယ့် ဒီလောက်ကတော့သဘောပေါက်ပါတယ်ရှင့်။
နန်းနန်းလေးစားရတဲ့ ဦးကျော်သူ၊ မမနန်းခင်ဇေယျာ၊ ကိုနေတိုးတို့ ကလည်း ပြတ်ပြတ်သားသားပြောပြီးသားမို့ နန်းနန်းလည်း သူတို့ နဲ့ ထပ်တူပါပဲ။ နန်းနန်းအဲ့ဒီအမျိုးစောင့်ဥပဒေကြီးကို စိတ်မ၀င်စားသလို လက်လည်းမခံနိုင်ပါဘူး၊ နန်းနန်းလျှောက်တဲ့ အနုပညာလမ်းကို နိုင်ငံရေးလုပ်ကြံသူတွေအနေနဲ့ မပိတ်ဆို့ စေချင်ပါဘူး။

မေး။ ဟုတ်ပြီ၊ ညီမလေးရေ။နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးရှိရင်ရော
ပြောပါဦး၊ ပရိသတ်ကိုရော ဘာများပြောချင်သေးလည်း?

NTM။ နိုင်ငံရေးသမားတွေအနေနဲ့ လည်း အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး လက်ရှိအနုပညာလောကကို ခေတ်နောက်ပြန်ဆွဲဖို့ မကျိုးစားပါနဲ့ လို့ ။
နန်းနန်းကိုချစ်တဲ့ပရိသတ်ကိုလည်း နန်းနန်းကအရမ်းချစ်ပါတယ်လို့ ၊ နန်းနန်းရဲ့ ပရိသတ်ကြီး ကျန်းမာကိုယ်စိတ်မြဲပါစေလို့ ၊ လူမျိုးရေး ဘာသာရေး အရောင်တွေ မစွန်းထင်းကြပါစေနဲ့ လို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။

မေး။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

NTM။ ဟုတ်ကဲ့။ နန်းနန်းကလည်း အကိုတို့ ဂျာနယ်ကို အထူးကျေးဇူးတင်ပါတယ်။

မာဂျေ
ရွှေနိုင်ငံသစ် နေ့ စဉ်သတင်းစာ

အပြည့်အစုံသို့ »