ပြည်တွင်း အလုပ်အကိုင် နည်းပါး၍ ပြည်ပနိုင်ငံများသို့ တရားမ၀င် သွားရောက်သော မြန်မာအလုပ်သမားများ ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရ - Eleven Media Group




မြန်မာနိုင်ငံရှိ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုများကြောင့် ထွက်ပေါက်အဖြစ် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြသည့် အလုပ်သမားများသည် ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း အလုပ်သမား ၀န်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ရွှေ့ပြောင်းရေးရာနှင့် မီဒီယာများ၏ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

''ပြည်တွင်း အလုပ်အကိုင် အခွင့်လမ်း နည်းပါးမှု ထွက်ပေါက်က ပြည်ပနိုင်ငံတွေ ဖြစ်နေပြီး မသိနားမလည်ဘဲ သွားရောက် လုပ်ကိုင်မှုတွေကြောင့် အလုပ်သမားတွေဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ အခုပြည်ပကို ထွက်နေတဲ့ အလုပ်သမားတွေက ဘာမှမသိဘူး။ ဘာသာစကား ဆိုလည်း မတတ်ဘူး။ သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း မသိဘူး။ ကိုယ်ရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကိုလည်း မသိကြဘူး။ အခုအချိန်အထိ အဆက်အသွယ်တွေ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် မသိနားမလည်ဘဲ သွားနေကြတုန်းပဲ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အောက်ရှိ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် တရားမ၀င် သွားရောက် မှုများကြောင့် လူကုန်ကူးခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ပွဲစားများ၏ လိမ်လည်မှုကို ခံရခြင်းနှင့် အတင်းအဓမ္မ ခိုင်းစေခံရခြင်း စသည့်တို့ကို ကြုံတွေ့နေရသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရန်အတွက် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး ၇၇ ရုံးကို ဖွင့်လှစ်ထားပြီး အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် အလုပ်အကိုင် အခွင့်လမ်း ပြပွဲများ ကျင်းပပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီပေးလျက် ရှိကြောင်းနှင့် ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများကို လုပ်ကိုင်ခွင့်လိုင်စင် ချပေးထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများသည် တရားဝင် သွားရောက် လုပ်ကိုင်ခွင့် ပြုထားသည့် ထိုင်း၊ မလေးရှား စသည့် အာဆီယံ ဒေသတွင်း နိုင်ငံများတွင် သာမက သွားရောက် အလုပ်လုပ်ကိုင်ခွင့် မပြုထားသည့် အရှေ့ အလယ်ပိုင်းဒေသနှင့် အာရပ်စော်ဘွားများ နိုင်ငံများတွင်လည်း တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြကြောင်း ထုတ်ပြန်ထားသည်။

(မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများအား ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်))

အပြည့်အစုံသို့ »

ဂျော်ဂျီယာနိုင်ငံ Dmanisi ရှေးဟောင်း သုတေသန ဆိုဒ်မှာ တူးဖော်တွေ့ရှိရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းနီးပါးက လူ့ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းကြောင့် အဲဒီ နှစ် ၂ သန်းလောက်မှာ ကွဲပြားတဲ့ လူ့မျိုးနွယ်ပေါင်းစုံ ရှိခဲ့ကြတယ်ဆိုတဲ့ အယူအဆ - BBC Burmese


ဂျော်ဂျီယာနိုင်ငံ Dmanisi ရှေးဟောင်း သုတေသန ဆိုဒ်မှာ တူးဖော်တွေ့ရှိရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းနီးပါးက လူ့ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းကြောင့် အဲဒီ နှစ် ၂ သန်းလောက်မှာ ကွဲပြားတဲ့ လူ့မျိုးနွယ်ပေါင်းစုံ ရှိခဲ့ကြတယ်ဆိုတဲ့ အယူအဆကို စွန့်လွှတ်ရမလို ဖြစ်နေပြီလို့ သိရပါတယ်။

ယခင် အယူအဆအရ လူသားတွေဟာ လွန်ခဲ့တဲ့နှစ် သန်းပေါင်းများစွာတုန်းက လူ့မျိုးကွဲ အသီးသီး ပြိုင်တူ ရှိခဲ့ကြပြီး ခေတ်သစ် လူသားအဖြစ်သို့ တရွေ့ရွေ့ ပေါင်းစပ်ဖြစ်ထွန်းလာတာ ဖြစ်တယ်လို့ ယူဆထားခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ ဦးခေါင်းခွံကို လေ့လာမှုအရ လူသားတွေဟာ အစကတည်းက တစ်မျိုးနွယ်တည်းကနေသာ ဆင်းသက်လာတယ်လို့ ယူဆနိုင်ကြောင်း ဒီဦးခေါင်းခွံကို တူးဖော်တွေ့ရှိတဲ့ သုတေသီအဖွဲ့က သိပ္ပံဂျာနယ်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

တူးဖော်တွေ့ရှိခဲ့ရသမျှ နှစ်ပေါင်း ၃ သိန်း အထက်က လူ့အရိုး ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ အခုတွေ့ရတဲ့ နှစ်ပေါင်း ၂ သန်း နီးပါးက ဦးခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းဟာ မူလအနေအထားနီးပါးအတိုင်း ပြည့်ပြည့်စုံစုံ တွေ့ရတဲ့ တစ်ခုတည်းသော ရုပ်ကြွင်း ဖြစ်ပါတယ်။

အပြည့်အစုံသို့ »

ဗြိတိန် စစ်တက္ကသိုလ်တွင် အမှာစကား ပြောကြားရန် အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ တတိယမြောက် ဥရောပခရီးစဉ် စတင် - Eleven Media Group



ဗြိတိန် စစ်တက္ကသိုလ်တွင် အမှာစကား ပြောကြားရန် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း တတိယမြောက် ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်က စတင်ခဲ့သည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံ ငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ဗြိတိန်အပါအ၀င် ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံ ပါဝင်ပြီး ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှာ ပထမဆုံး ဥရောပ ခရီးစဉ် အတွင်းကလည်း ပါဝင်ခဲ့သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ရန်အပြင် ဥရောပ ပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မြောက်အိုင်ယာလန်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးခြင်းနှင့် ပြင်သစ်နိုင်ငံတွင် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲများ တက်ရောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစိုက် ထောက်ခံအားပေးခဲ့သော အီတလီ နိုင်ငံရှိ မြို့လေးမြို့သို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဗြိတိန်၊ နော်ဝေ၊ အိုင်ယာလန် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ဥရောပခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် ကျခံခဲ့ရသော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် မေ ၂၉ ရက် တွင် ထိုင်းနိုင်ငံသို့ သွားရောက်မှုမှ စတင်ကာ ပြည်ပခရီးစဉ်များ ဆက်တိုက် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဟာဝိုင်ယီကျွန်းသို့ သွားရောက် လည်ပတ်ခြင်း အပါအ၀င် အမေရိကန်နိုင်ငံသို့ နှစ်ကြိမ်၊ အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊ စင်ကာပူနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

(တတိယမြောက် ဥရောပခရီးစဉ် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်)

အပြည့်အစုံသို့ »

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ SAMSUNG အီလက်ထရွန်နစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား - Eleven Media Group




ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက်၊ တိုက်အမှတ် ၂၀၃ ရှိ SAMSUNG အီလက်ထရောနစ် ဆိုင်တွင် အောက်တိုဘာ ၁၈ ရက် ည ၈ နာရီခွဲ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကြည်ဝင်းက ''မီးလောင်မှု အကြောင်းရင်းကို စိစစ်နေတုန်းပါ'' ဟု ည ၁၁ နာရီ ၀န်းကျင်က ပြောကြားခဲ့သည်။

''မီးလောင်တာက ၈ နာရီခွဲ ၀န်းကျင် လောက်မှာပါ။ ၀ါယာရှော့ခ်ကြောင့် လောင်တာလို့တော့ ပြောကြတာပဲ'' ဟု ပန်းဆိုးတန်းလမ်း အလယ်ဘလောက်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဦးတင့်ဆန်းက ပြောကြားသည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အီလက်ထရွန်နစ်ဆိုင်မှာ ဖြစ်ပွားချိန်၌ လူစောင့်မရှိဘဲ ဆိုင်အား ပိတ်ထားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်များ လောင်ကျွမ်း ပျက်စီးမှုများ ရှိခဲ့ကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွင် ငြိမ်းသတ်လျက်ရှိသည့် မီးသတ်ရဲဘော် အချို့မှာ မီးခိုးမွှန်မှုကြောင့် ဆေးကုသမှု ခံယူခဲ့ရပြီး မီးလောင်နေသည်ကို လာရောက် ကြည့်ရှုသည့် အမျိုးသမီး တစ်ဦးမှာ မီးခိုးမွှန်၍ သတိလစ် သွားသောကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ညဥ့် ၁၂ နာရီ ၁၅ မိနစ်တွင် ငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၈ ရက် ည ၉ နာရီခန့်က ကျောက်တံတားမြို့နယ်ရှိ Samsung အီလက်ထရွန်နစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားနေစဉ်

အပြည့်အစုံသို့ »

ဦးနှောက်ဟာ တစ်နေ့တာ အသုံးပြုခဲ့လို့ သူ့ထဲမှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကို သန့်ရှင်းရေး ပြုလုပ်ဖို့ အိပ်စက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ် - Aye Chan Mon


ဦးနှောက်ဟာ တစ်နေ့တာ အသုံးပြုခဲ့လို့ သူ့ထဲမှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကို သန့်ရှင်းရေး ပြုလုပ်ဖို့ အိပ်စက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိပ်ချင်လာရတဲ့ အဓိက အကြောင်းဟာ ဦးနှောက်က သူ့ကိုယ်သူ သန့်ရှင်းရေး ပြုလုပ်ရတော့မှာ ဖြစ်တာကြောင့်လို့ အမေရိကန်က သုတေသီအဖွဲ့က သိပ္ပံဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အိပ်စက်ချိန် ဦးနှောက်ထဲမှာ သန့်ရှင်းရေး ဘယ်လို လုပ်ဆောင်သလဲဆိုတာ အဲဒီအဖွဲ့က တင်ပြထားပြီး တကယ်လို့ လုံလောက်တဲ့ အိပ်စက်ချိန် မရှိခဲ့ရင် ဦးနှောက်ဖောက်ပြန်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံသို့ »

တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။ (မင်းဒင်)




၁။ ဗမာဖြစ်ရတဲ့ဒုက္ခ

ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ဘ၀ပုံရိပ်အချို့ကို ရံဖန်ရံခါ ကျနော်ရေးလေ့ရှိသည်။ စာဖတ်ပရိသတ်အချို့က `ဆောင်းပါးတွေထဲမှာ ရေးထားသလို ထိုင်းရောက်မြန်မာတွေရဲ့ ဘ၀ဟာ တကယ်ပဲဆိုးသလား´ဟု မေးမြန်းလာပါသည်။ လွန်ခဲ့ သောလက ရွှေလုပ်သားဂျာနယ်မှ အောက်ဖော်ပြပါ သတင်းသည် အထက်ပါမေးခွန်းအတွက်အကောင်းဆုံးသက်သေ ဖြစ်မည် ဟု ကျနော်မျှော်လင့်ပါသည်။

စက်တင်ဘာ၆ မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမားတစ်ဦးအား ခွေးကိုဆဲဆိုသဖြင့် ထိုင်း လူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသူ ရာဘာခြံ အလုပ်သမားတစ်ဦးသည် အချိုရည်နှင့် မုန့်များ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန်လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှစောင့်နေပြီး ညာဘက်ရင်အုံနှင့်ညာဘက် မျက်ခုံးအပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် လိုက်ခြင်းဖြစ်သည်။
ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင် လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စွာဆိုသည်။
ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပုလောမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း၊ ဒေါ်ထွေးရီ တို့၏ သား လူပျိုလူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင် ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။

၂။ ထမင်းတစ်လုတ် တုတ်တစ်ချက်

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ ဘ၀ကို အတိုဆုံးအရှင်းဆုံး ဥပမာပေးရလျှင် ထမင်းတစ်လုတ်၊တုတ်တစ်ချက်ဟူသော ဆိုရိုး သည် အံအ၀င်ဆုံးဖြစ်တန်ရာသည်။ကာလကြာညောင်းခဲ့သော စစ်သားအုပ်ချုပ်ရေးစံနစ်ကြောင့် ထမင်းနပ်မမှန်ကြသော တောနေ လူ တန်းစားအများအပြားမှာ ရေကြည်ရာမြက်နုရာရှာရင်း ထိုင်းဘက်ခြမ်းသို့ရောက်လာကြသည်။အစအဦးကသော် ကော့သောင်း၊ဘိတ်၊ ထားဝယ်၊မော်လမြိုင်၊ကရင်ပြည်နယ်ဘက်တို့မှ ကျေးလက်နေလူထုအများစုဖြစ်သော်ငြား နောင်သော် ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီး ပြကြီးမှ လူများပါ ထိုင်းနိုင်ငံတနံတလျားသို့ ပြိုဆင်းလာကြသည်။အဆိုပါ မြန်မာအားလုံးလိုလို ထိုင်းဥပဒေအရ၊ထိုင်းလူမျိုးတို့ လက်ရှောင်ကြသည့် ညစ်ပတ်ပေရေ၊ ကျန်းမာရေးထိခိုက်သော၊ ကြမ်းတမ်းပင်ပန်းသော အလုပ်များကိုသာ လုပ်ခွင့်ရကြသည်။
မြန်မာရွေ့ပြောင်းလုပ်သားတို့ကား ခေတ်မီတိုက်တာ အဆောက်အဦးများ အကြိုအကြားတွင် ၊ ပန်ကာတစ်လုံး၊ထမင်းပေါင်းအိုး တစ်လုံးဖြင့် ယိုင်နဲ့နဲ့အလုပ်သမားတန်းလျားများတွင်နေရကာမျှဖြင့် နတ်ဘုံနတ်နန်း ထင်မှတ်ကြရှာသည်။ဇာတိမြေကို စွန့်ရခြင်း ၏ဒုက္ခ၊လူလိုမနေရသည့်ဒုက္ခတို့ကို ထမင်းနပ်မှန်ခြင်းဖြင့် အလဲအထပ်ပြုကြရသည်။
နွားသတ်ရုံပို့မည့်နွားများကို တံဆိပ်တုံးရိုက်ပေးသည်နှင့် ဥပမာပြုအပ်သော အလုပ်သမားကဒ်(ဘတ်)များကိုင်ဆောင်ရသည့် ဘ၀မှ ယာယီနိုင်ငံကူးလက်မှတ်ပေးခြင်းကား အမြင်ကောင်းလှပါ၏။နားဝင်ချိုလှပါ၏။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာသွားလာနိုင် သည့် အနီရောင်နိုင်ငံကူးလက်မှတ်များအတွက်လည်း သာဓုဖြောင့်ဖြောင့် ခေါ်လိုလှပါ၏။ သို့သော် …..။
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းအတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းသူတို့မှာ ထိုင်းလူမျိုးပိုင် အလုပ်သမားကုမ္ပဏီများ မြန်မာသံရုံးနှင့် မြန်မာပတ်စပို့ပွဲစားတချို့သာဖြစ်သည်။


မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည်ထိုင်းအာဏာပိုင်တို့၏ အလိုအလျောက်ငွေထုတ်စက်(ATM)များဟု ဆိုနိုင်သည်။ဘတ်ရှိရှိ၊ မရှိရှိ၊ ပတ်စ်ပို့ရှိရှိ၊မရှိရှိ ဖမ်းသည်။ငွေညှစ်သည်။ မရရရာ ပုဒ်မတစ်ခုခု ပြောင်းတပ်သည်။ရွှေပေါင်လက်မှတ်ကိုပင် အလွတ်မပေး။ ရွေ့ပြောင်း အလုပ်သမားတွေမှာ ခေါ်စရာအဖေမရှိ။

၎။ မြန်မာကျွန်မျိုးဆက်သစ်

အစအဦးမှာ ပြည်တွင်းဇနပုဒ်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦး ဖူးခက်သို့လာရောက် အလုပ်လုပ်ကိုင်သည်။ စားဝတ်နေရေး ပြေလည်ရုံရှိသည်ကို ရွာမှာရှိနေသည့် အလုပ်လက်မဲ့တို့က အားကျသည်။နီးစပ်ရာဆွေနီးမျိုးစပ်တွေ အကုန်နီးပါး ဖူးခက်ကို ရောက်လာကြသည်။ မွန်ပြည်နယ်မော်လမြိုင်မြို့အနီးရှိ ကျောက်တန်းကျေးရွာကဲ့သို့ ရွာများမှဆိုလျှင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျေးရွာကောင်စီဥက္ကဋ္ဌ တွေပါ ဖူးခက်ကိုရောက်လာ၊ကြွလာကုန်ကြသည်။
ဖူးခက်မှာပင် နဖူးစာရွာလည်ကြသည်။ အိမ်ထောင်ဖက်ကာ သားသမီးပွားစီးကြသည်။ လေးငါးနှစ်အရွယ်တွင် ဇာတိရပ်ရွာသို့ ပြန်ပို့ ကာ မူလတန်းပညာအဆင့် သင်ယူနေကြသော်ငြား၊ကျောင်းစာကို စိတ်မ၀င်စား။ ဖူးခက်မှာနေထိုင်ကြီးပြင်းခဲ့ရစဉ်က နေ့စဉ်မှီဝဲရသည့် အားဖြည့်အချိုရည်နှင့် ကော်ဖီဗူးမျိုးစုံကိုသာ အထင်တကြီးတောင့်တသည်။အဆိုးတော့မဆိုသာပြန်ချေ။ ထိုထိုသော ဗူးမျိုးစုံသည် ရွာမှာ သူဌေးနှင့်ဘုန်းတော်ကြီးများသာမှီဝဲနိုင်သောအရာမဟုတ်လော။ ကြီးပြင်းလာသည့်တစ်နေ့ ဖူးခက်မှာအလုပ် သွားလုပ်မည်ဟူသော ကျွန်ခံရေး မျှော်မှန်းချက်သည် ကလေးတိုင်းလိုလို၏ စိတ်ဝယ်စွဲထင်နေခဲ့ကြပြီ။ထိုင်းနိုင်ငံသားတို့တစ်နေ့အလုပ်ချိန် ရှစ်နာရီဖြစ်သော်ငြား မြန်မာအလုပ်သမားအများစုမှာ တစ်နေ့လျှင် ဆယ့်နှစ်နာရီမျှ အလုပ်လုပ်ကြရသည်။လစာကား အတူတူ။
ထို့ကြောင့် အရွယ်မတိုင်မီ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီး အသက်ငါးဆယ်ကျော်ခန့်တွင် လူမမာဘ၀ဖြင့် ဇာတိရွာမှာ ခေါင်းချကြသည်။ ထိုကွက်လပ်ကို သားသမီးမြေးမြစ်များက ကျွန်ကမွေးသည့်သဘောက်များအဖြစ် ၀င်ရောက်ဖြည့်ဆည်းရန် အသင့်ရှိနေကြသည်။ အကောင်းဆုံး လုပ်အားစိုက်ထုတ်နိုင်သည့် အရွယ်ကောင်း၊အားကောင်းမောင်းသန်မြန်မာအလုပ်သမား အလုပ်သမားများကို ဈေးပေါပေါနှင့် သန်းချီစေခိုင်းနိုင်သည့် ထိုင်းနိုင်ငံ တဟုန်ထိုး စည်ပင်နေသည်မှာ ထူးဆန်းလှသည်မဟုတ်။

၎။ သံရုံးသည်မျက်စိနားမရှိလေသလော။

ယခုဤစာကိုရေးနေချိန်တွင် ဖူးခက်မြို့ရှိ အကြီးဆုံးဈေးဆိုင်ကြီး စူပါချိ(Super Cheap) မီးလောင်နေဆဲဖြစ်ပါသည်။ အောက်တိုဘာ (၁၆) ရက်နေ့ည ကိုးနာရီခန့်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယခုအချိန်အထိ အငွေ့မသေသေး။၄၈နာရီကျော်ခဲ့ပြီ။ဝါယာကြိုးရှော့ဖြစ်ရာ က စတင်သောမီးသည် အနီးအနားရှိမြို့နယ်မှ မီးသတ်ကားပေါင်းမြောက်များစွာဖြင့်ငြိမ်းသတ်သည့်တိုင် မီးစွယ်ကျိုးရုံသာရှိပြီး မီးလောင်ပြင်ထဲသို့ ယခုတိုင် ကယ်ဆယ်ရေးအဖွဲ့များ မ၀င်နိုင်ကြသေးချေ။အဆိုပါဈေးဆိုင်ကြီးတွင် မြန်မာအလုပ်သမား(၃၀၀၀)နီးပါး ရှိသည်။မီးလောင်သည့်အချိန်တွင် အလုပ်သမားနှင့်ဈေးဝယ် ထောင်ချီရှိနေသည်ဟု ဖူးခက်သတင်းစာများတွင်ဖော်ပြသည်။ဆယ်ဧက ခန့်အကျယ်အ၀န်းရှိသည့် ဧရာမဈေးဆိုင်းဝင်းကြီးပြာအတိကျသွားသည့် မီးလောင်မှုဖြစ်၍ ဖူးခက်သမိုင်းတွင် အကြီးကျယ်ဆုံးမီးဟု ဆိုနိုင် သည်။
`လူသုံးဆယ်လောက်သေတယ်´၊`အနည်းဆုံးတစ်ရာလောက်တော့ သေတယ်´၊`နှစ်ရာအထိအသေအပျောက်ရှိနိုင်တယ်´၊ သေမှာပေါ့၊ မီးလောင်တယ်ဆိုတာနဲ့ လုမဲ့ယက်မဲ့လူတွေဝင်မလာအောင်ဆိုပြီး ပင်မတံခါးကြီးတွေ အကုန်ပိတ်လိုက်တာကိုး´၊`တစ်ယောက်မှ မသေပါဘူး´၊`အသေအပျောက်စာရင်းအတိအကျမကောက်နိုင်သေးဘူး၊မီးလောင်ပြင်ထဲကို ၀င်ကြည့်မှ အတိအကျသိရမှာ´
လတ်တလောဖူးခက်မှာထွက်ပေါ်နေသည့်အရပ်သတင်းများကား စုံလှသည်။နှစ်စဉ်နိုင်ငံခြားဧည့်သည် လေးငါးသန်းလာရောက်နေသော ငွေတွင်း မြို့ကြီးဖြစ်၍ ထိုင်းမီဒီယာများအနေဖြင့် သတင်းအမှန်ကို ထုတ်ပြန်ရန် အခက်အခဲရှိနေနိုင်သည်။သေချာသည့်အချက်မှာ ထိုင်းသတင်း များတွင် စူပါချိရှိ အလုပ်သမားဦးရေကို ခုနစ်ရာဟုသာ ဖော်ပြသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးအရပ်ရပ်မှာ ထိုင်းဘတ် သန်းထောင်ချီသည် ဟု ထိုင်းအာဏာပိုင်ရပ်ကွက်မှဆိုသည်။
မြန်မာသံရုံးသည် မျက်စိမှိတ်နားပိတ်ကာ အိပ်ပျော်နေလေသလော။ `အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးတာဟာ အမေရိကန် ပြည်ထောင်စုကို ထိပါးတာပါပဲ´ဟူသော စကားသံကိုနားမှာကြားယောင်သည်။ `တို့မြန်မာနိုင်ငံတာဝန်ရှိသူတွေက သုံးထောင်ဒုက္ခ ရောက်တာနည်းနေလို့ သုံးသောင်းပြည့်အောင် ၊သုံးသိန်းပြည့်အောင်စောင့်နေလေသလား´ အတွေးပွားရသည်။မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသားအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသော်ငြား မြန်မာအလုပ်သမားတို့အရေးအရာအတွက် တခွန်းတပါဒ ပြောဆိုမည့်သူ ယခုတိုင်မရှိသေး။
အချို့အန်ဂျီအိုအမည်ခံအဖွဲ့တဖွဲ့တလေရှိကောင်းရှိနိုင်သော်ငြား မြန်မာ့အရေး အန်ဂျီအိုဟူသည် မည်သို့သောလူများဖြစ်သည်ကို အများသိပြီးဖြစ်၍ အကျယ်မရေ့းလိုချေ။လိုတိုရှင်းဆိုရလျှင် မျောက်ပြဆန်တောင်း ဟူသောစကားကိုသာ အမှတ်ရကြစေလိုသည်။


၅။ ကောင်စစ်ဝန်ရုံးအမြန်ဖွင့်ပါ။

ဖူးခက်မြို့တွင် နိုင်ငံခြားသားမျိုးစုံရှိသည်။ ဆွီဒင်၊တောင်ကိုးရီးယား၊ဗီယက်နမ်၊လာအို၊ ဂျပန်စသည်ဖြင့် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန် ရုံးအမြောက်အမြားရှိသည်။ဖူးခက်တွင် မြန်မာလူမျိုးသိန်းချီရှိသော်ငြား မြန်မာလူမျိုးတို့၏ အရေးအရာကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း ပေးမည့် ကောင်စစ်ဝန်ရုံး(သို့မဟုတ်) အလုပ်သမားကိုယ်စားလှယ်ရုံးကား မရှိ။ခေတ်ကြီးပြောင်းပြီဆိုပါလျှင် မြန်မာအလုပ်သမားအရေး ကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးမည့် အလုပ်သမားကိုယ်စားလှယ်ရုံးများကို မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေထူထပ် သည့် ထိုင်းနိုင်ငံတလွှားရှိ မြို့ကြီးအသီးသီးတွင် အမြန်ဆုံးဖွင့်သင့်သည်။
အဆိုပါရုံးများတွင် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊အလုပ်သမားဥပဒေတို့ကို အကျွမ်းတ၀င်ရှိသည့် မြန်မာအရာရှိများ စေလွှတ် သင့်သည်။ယာယီနိုင်ငံကူးလက်မှတ်လုပ်စဉ်ကကဲ့သို့ အကြံအဖန်ပေါင်းစုံလုပ်၊ရသမျှ ပိုက်ဆံ၊အိပ်ကပ်ထဲထည့်ပြန်သည့် ၀န်ထမ်းများ စေလွှတ်လျှင်ကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းသကဲ့သို့ဖြစ်နေပေဦးမည်။
ကိုယ့်အထုတ်ကိုယ်ဖြည်၊ ကိုယ်ပေါင်းကိုယ်လှန်ထောင်းသည့် ဤစာမျိုးကို ရေးရသည်မှာ နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်ဖြစ်သော်ငြား ၊ မီးလောင်ပြင်မှ မြန်မာရွေ့ပြောင်းအလုပ်သမားသုံးထောင်ကျော်အား မြန်မာတာဝန်ရှိသူတို့အနေဖြင့် တချက်မျှ ငဲ့ကွက်ကြည့်သည် ဆိုလျှင်ရေးရကျိုးနပ်သည်ဟု နှလုံးပိုက်မိသည်။


Reference and Credit to -(မင်းဒင်)

အပြည့်အစုံသို့ »

နိုင်ငံရေး ဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ ရေးဆွဲပြီးဟု ဦးအောင်မင်းပြော - irrawaddy


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / The Irrawaddy)
ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် လိုက်နာကျင့်သုံးရမည့် အခြေခံစည်းမျဉ်းစည်းကမ်းများ(Frame Work)ကို အစိုးရနှင့် တပ်မတော်က ရေးဆွဲပြီးဖြစ် ကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလဆန်းပိုင်း မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကေအိုင်အိုနှင့်အစိုးရငြိမ်းချမ်းရေးကော်မတီအကြား ဆွေးနွေးပွဲကာလအတွင်း ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေး ဆွေးနွေးပွဲ Framework ဆွဲပြီးပြီ။ တိုင်းရင်းသားတွေဘက်ကလည်းဆွဲမယ်။ သူတို့ဆွဲပြီးတာ နဲ့ကျနော် တို့ ဆွဲတာနဲ့ ညှိုမယ်။ သူတို့ဘက်က အဆင်သင့် မဖြစ်တာပဲ ရှိသေးတယ်။ တိုင်းရင်းသား တွေဆွဲပြီးလို့ ညှိုပြီးရင် နည်းလမ်း တခု ရလာမယ်”ဟု ဦးအောင်မင်းက ပြောသည်။

အစိုးရက ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ(Frame Work)များကို တိုင်းရင်းသားများထံ ချမပြသေးဘဲ နိုင်ငံရေး ပုံစံအပြောင်းအလဲအရ တိုင်းရင်းသား များသည် အစိုးရက ဆရာလုပ် သည့်စနစ်ကို လက်မခံ ခြင်း ကြောင့် ထုတ်မပြခြင်းဖြစ်ကြောင်း နိုင်ငံရေး ဆွေးနွေးပွဲ အခြေခံစည်းမျဉ်း များတွင် တပ်မတော်ကလည်း ပါဝင် ရေးဆွဲ ထားပြီး အခြေခံ စည်းမျဉ်းများတွင် ခေါင်းစဉ် ၇ခုခန့်ပါဝင်သည်ဟု သိရှိရသည်။

“တိုင်းရင်းသားတွေ အားလုံးက အရင်ကလို အစိုးရက ဆရာလုပ်တာသိပ်မကြိုက်ကြဘူး။ ဒီတော့ ဆွဲပြီးတာ တောင် မပြရဲဘူး။ ခေတ် စနစ်ပြောင်းနေပြီဆိုတော့ တိုင်းရင်းသားတွေက ဆွဲလာမယ့်ဟာနဲ့ ကိုယ်တွေဆွဲထားတဲ့ဟာကို ပေါင်းပြီး လုပ်မှာပါ။ ဒီထဲမှာ ဘယ်လို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုအချက်တွေပါဝင်မလဲ။ ဘာတွေဆွေးနွေးမလဲ။ ဒီလို အချက် တွေကို ခေါင်း စဉ်ကြီး ၇ခု အောက်ကနေ အသေးစိတ် ရေးဆွဲထားပါတယ်။ တပ်ပိုင်းဆိုင်ရာ တွေလည်း ပါပါ တယ်။ ခုက တိုင်းရင်းသားတွေ ဘက်ကရေးဆွဲမယ့်(Frame Work)ကိုစောင့်ပြီးမှ ပေါင်းမယ်ဆိုတော့ အစိုးရပိုင်းက ရေးဆွဲ ထား တာကို အသေးစိတ်မပြောသေးတာပါ။ အဓိကကကတော့ တိုင်းရင်းသားတွေဘက်က ရေးဆွဲပြီးရင် ချပြမှာပါ။ တိုင်းရင်းသား တွေကိုဆရာ လုပ်တာမျိုး မဖြစ်စေချင်လို့မပြတာပါ ”ဟု ဦးအောင်မင်းက ရှင်းပြသည်။

ယခု ၂၀၁၃ ခုနှစ် မကုန်မီ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဦးအောင်မင်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက “တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး တပ်အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်အပိုင်းကပါမယ်။ တပ်နေရာချရေးနဲ့ ရပ်တည်မှုတွေပါတယ်။ အသေးစိတ်တော့ မပြောလို သေးပါဘူး။ တိုင်းရင်းသားတွေရေးတာ ကိုလည်း ကြည့်ပြီး ညှိုရမှာပါ”ဟု ၎င်းကပြောသည်။

ချင်းအမျိုး သားတပ်ဦးမှ လက်ထောက် အတွင်းရေးမှုး၂ ဦးရွှေခါးရ်က တိုင်းရင်းသား အားလုံး ပါဝင်သော အကြို ဆွေးနွေးပွဲ တရပ်ကို ကေအိုင်အို၏ ဦးဆောင်မှုဖြင့် လိုင်ဇာတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်ရေး၊ လုပ်ဆောင်နိုင်ရန်အခြေခံစည်းမျဉ်းများကို တိုင်းရင်းသားများ စုပေါင်း ရေးဆွဲ ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု ဧရာဝတီသို့ ပြောသည်။

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကမူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပြီး တောင်းဆိုရမည့် အချက်အလက်များ ညှိနှိုင်းပြီးမှသာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို အောက်တိုဘာ ၂၉ရက်နေ့မှ ၃၁ရက်နေ့အထိ ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

အပြည့်အစုံသို့ »