ဧရာဝတီတိုင်းရောက် သမ္မတအကြံပေးရဲ့ ပြောဆိုချက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းက မြို့တော်ခန်းမမှာ ပြီးခဲ့တဲ့ အောင်တိုဘာလ ၂၅ ရက်နေ့က စီးပွားရေးဘာသာရပ်ဆိုင်ရာဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံနဲ့လုပ်ခဲ့တဲ့ ဒီဟောပြောပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့အကြံပေးတွေဖြစ်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်နဲ့ ဒေါက်တာမောင်အောင်တို့ လာရောက်ဟောပြောခဲ့ကြပါတယ်။
တက်ရောက်နားထောင်သူတွေကတော့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊  အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်အားလုံး၊  ဧရာဝတီတိုင်းထဲကရှိသမျှ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအားလုံး ဖြစ်ပါတယ်။
ဒါ့အပြင် လူမှုကူညီရေးအသင်းတွေ၊  လူမှုကွန်ယက်တွေ၊  အန်ဂျီအိုတွေ၊  အများပိုင်ကုမ္ပဏီတွေ၊  စီးပွားရေး လုပ်ငန်းရှင်တွေ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီတွေ၊  မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့တွေ စသဖြင့် လူလည်းများသလို အဖွဲ့လည်း ပေါင်းစုံဖြစ်ပါတယ်။   ဒီအဖွဲ့တွေအားလုံးကိုလည်း တိုင်းအစိုးရကပဲ ဖိတ်ကြားခဲ့တာပါ။
 ဒေါက်တာအောင်ထွန်းသက်ဟာ နိုင်ငံတော်သမ္မတအကြံပေးအပြင် ရန်ကုန်တက္ကသိုလ်၊  စီးပွားရေးတက္ကသိုလ်၊  နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခင်တုန်းက ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊  ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ (UNICEF) ရဲ့အကြီးတန်းအကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။
အစိုးရတိုင်း၊  ခရိုင်၊  မြို့နယ်အုပ်ချုပ်ရေးမှူးတွေအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းအများစု တက်ရောက်နားထောင်ခဲ့တဲ့ အဲဒီဟောပြောပွဲမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောခဲ့တဲ့ အကြောင်းအရာတွေဟာ မှတ်သားဖွယ်ရာဖြစ်နေတဲ့အတွက်  ကောင်းနိုးရာရာတွေကို ဧရာဝတီပရိသတ်တွေအတွက် ကောက်နှုတ်ဖော်ပြ ပေးလိုက်ပါတယ်။
“အခုဖြစ်နေတာက အဂတိလိုက်စားမှုဟာ ယဉ်ကျေးမှုလိုဖြစ်နေသလားလို့။   အဲဒါကို ဆရာတို့တားဖို့လိုတယ်။   ရှက်တတ်ဖို့လိုတယ်။   အဂတိလိုက်တားစာ ရှက်စရာပါ။   ၁ ကျပ်ယူလည်း အဂတိ လိုက်စားတာပဲ။   ၁ သန်းယူလည်း အဂတိလိုက်စားတာပဲ။   ယူလည်းမယူဘူး။   ပေးလည်း မပေးဘူးဆိုတဲ့ မာန်မာနတွေ ထားကြပါ။   ရတာလေးနဲ့ လောက်အောင်သုံးမယ်ဆိုတဲ့စိတ်က အရေးကြီးပါတယ်”
“ဒီ Corruption (အကျင့်ပျက်ခြစားမှု) ကို ၀ိုင်းထိမ်းကြရအောင်။   ၀န်ကြီးချုပ်တို့လည်း တာဝန်ယူပြီး ထိန်းပါ။   လွှတ်တော်ဥက္ကဋ္ဌလည်း တာဝန်ယူပြီးလုပ်ပါ။   လူကြီးတွေ တာဝန်ယူရုံတင် မဟုတ်ဘူး လူတဦးချင်း တယောက်ချင်း တာဝန်ယူမှရမယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။
ခိုင်းမှလုပ်တာကို ပြင်၊  မခိုင်းဘဲလုပ်တတ်အောင် သင်
“အခုဖြစ်နေတာက ခေါက်ရိုးတော်တော်ကျိုးနေပြီ။   နှစ်ပေါင်းက ၆၀ လောက်ရှိပြီ။   ခေါက်ရိုးကျိုးနေတာ ဒီပုံစံပဲ။   ပုံစံသစ်နဲ့လုပ်ပါလို့ပြောလည်း မလုပ်တာက တော်တော် ခက်နေတယ်။   ခိုင်းရင်တော့လုပ်မယ်။   မခိုင်းရင်မလုပ်ဘူး။   အမိန့်ပေးရင်လုပ်မယ်။   အမိန့်မပေးရင် ဒီတိုင်းထိုင်နေမယ်။   ဒီလိုတွေဖြစ်နေတယ်။   တာဝန်ယူမှရမယ်။   ခိုင်းမှ လုပ်တဲ့လူဆိုတာ တော်တော်အားနည်းတာပဲ။   မခိုင်းဘဲ လုပ်တတ်အောင် ကြိုးစားကြပါ”
“ခရိုင်ကလူတွေ၊  မြို့နယ်ကလူတွေ ငါလုပ်နေရတာသည် တာဝန်နဲ့လုပ်နေတာမဟုတ်ဘူး။   လုပ်ဖို့လိုတဲ့အတွက် လုပ်နေတာဖြစ်ရမယ်။   သူများအတွက် အလုပ်အကျွေးပြုနေတာ ဖြစ်ရမယ်။   အဲဒီစိတ်ရမှဖြစ်မှာ။   အဲဒီစိတ်မရှိရင် ၀တ်ကျေတန်းကျေပဲ။   အစိုးရ၀န်ထမ်းကို လူတွေစိတ်ညစ်တာက ၀တ်ကျေတန်းကျေလုပ်နေလို့။   အဲဒီစိတ်ပြင်မှဖြစ်မယ်။   လုပ်ချင်တဲ့စိတ် ပါမှဖြစ်မယ်”
ပြည်သူကိုအစေခံမှ ၀န်ထမ်းကောင်း
“မနက်ရုံးလာတဲ့အချိန်ကတည်းက ငါဒီနေ့ပြည်သူအတွက်ဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားကြပါ။   အဲဒါမှ ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်မှာပါ။   ဆရာတို့မှာ ပေးတဲ့အကျင့် ပျောက်သွားပြီ။   ရတာကိုပဲ စဉ်းစားကြတယ်။   ရာထူးလေးရတာနဲ့ ငါဘာရမလဲဆိုတဲ့ မေးခွန်းမေးတယ်။   အင်မတန် ရှက်ဖို့ကောင်းတယ်။   အမှန်က ရာထူးရရင် ငါပြည်သူတွေ အတွက် ဘာလုပ်ပေးရမလဲ စဉ်းစားရမှာ”
သူများကိုအလုပ်အကျွေးပြုတဲ့လူဟာ စိတ်ချမ်းသာပါတယ်။   ပြည်သူအတွက် အသက်ရှင်တဲ့ လူတွေဖြစ်အောင် ကြိုးစားကြပါ။   Service Ledarship (အစေခံတဲ့ခေါင်းဆောင်) ဖြစ်အောင် ကြိုးစားကြပါ။   ငါသည်ခေါင်းဆောင်။   သို့သော်လည်း ငါပြည်သူကို အစေခံမယ်။   ငါ့ရဲ့ သခင်က ပြည်သူတွေ။   အဲဒီလိုဖြစ်ရင် ပုံစံပြောင်းသွားလိမ့်မယ်။   အရင်ပုံစံမှာ ငါက ၀န်ထမ်းလို့ ပြောလိုက်တာနဲ့ ငါကသခင်။   ကျွန်ကဘယ်သူလဲ။   ပြည်သူတွေ။   အခုခေတ်က ပုံစံပြောင်းသွားပါပြီ”
တာဝန်သိဖို့၊  တာဝန်ယူဖို့၊  တာဝန်ခံဖို့
“အခုခေတ်က အမိန့်ကိုစောင့်တဲ့ ပြည်သူ့ဝန်ထမ်းတွေများနေတယ်။   မေးလိုက်ရင် အထက်ကို တင်ပြထားတယ်ချည်းပဲ ပြောတယ်။   အထက်ကလည်း အဝေးကြီးပဲ။   ပြန်ကျမလာဘူး။   ဘာကြောင့်လဲ။   မလုပ်ချင်လို့။   လူကြီးတွေက တာဝန်ပေးထားတာ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန် ယူဖို့လေ။   ခရိုင်မှာတာဝန်ရှိတဲ့လူ တိုင်းကိုတင်ပြစရာဘာမှမရှိဘူး။   ကိုယ့်ဟာကို ရှင်းလို့ရတယ်။   မြို့နယ်ကလူကလည်း ကိုယ့်မြို့နယ်နဲ့ကိုယ် ရှင်းလို့ရတယ်။   အခုတော့ ကိုယ်မလုပ်ချင်တော့ အပေါ်ကိုတင်တယ်။   ပြည်သူတွေရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်တာ ဘာကြောင့်လဲ။   နှေးလို့။   ဘာလို့နှေးလဲ အပေါ်တင်လို့။   မထိရောက်ဘူး။   အဲဒါတွေ ကျနော်တို့ ပြင်ရအောင်။
“Accountability ဆိုတာ တာဝန်သိတာ။   အစိုးရဆိုတာ တာဝန်သိဖို့လိုတယ်နော်။   တာဝန်သိရုံတင်မရဘူး။   တာဝန်ယူရမယ်။   တာဝန်ယူရုံတင်မရဘူး။   တာဝန်ခံရမယ်။   ဒီ ၃ ချက်ကို မရရင်တော့ လုပ်လို့မရဘူး။   အခုတော်တော်များများက တာဝန်လည်းမသိဘူး။   တာဝန်လည်းမယူဘူး။   တာဝန်လည်းမခံဘူး”
“ပြဿနာဖြစ်လာရင် ငါနဲ့မဆိုင်ဘူး။   သူများနဲ့ဆိုင်တယ်ပြောတယ်။   ကိုယ်သည်ဝန်ထမ်းနော်။   ကိုယ့်မှာတာဝန်ရှိတယ်။   ကိုယ်တာဝန်ယူရမယ်။   ဒီအလုပ်မအောင်မြင်ရင် ထွက်တယ်။   အများပိုင်ကုမ္ပဏီ ရှုံးသွားရင် ဥက္ကဋ္ဌထွက်တယ်။   အမှုဆောင်ထွက်တယ်။   အဲဒါ တာဝန်ခံတာ။   ရှုံးလည်း ကိစ္စ မရှိဘူး။   သူ့ဘာသာရှုံးတာပဲ။   ငါကတော့ဥက္ကဋ္ဌရာသက်ပန်လုပ်မှာပဲ။   အဲဒါမျိုးက တာဝန်မခံတဲ့ပြဿနာတွေ အများကြီးရှိနေတယ်”
မှန်တာပြောပါ။   မှန်တာ တင်ပြပါ
“အရေးကြီးဆုံးက အခုခေတ်မှာအရာရာက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။   ပြောရင် သိပ်လွယ်တာပဲ။   ဒါပေမယ့်မပွင့်လင်းကြဘူး။   ဘာကြောင့်လဲ ကိုယ့်ကိုယ်ကိုမယုံလို့။   ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့လူက ပွင့်လင်းတယ်။   ဟန်ဆောင်စရာမလိုဘူး။   ဒီနေ့ကစပြီး ပြည်သူ့ဝန်ထမ်းတွေ ဟန်မဆောင်ကြပါနဲ့။   ရှိတာရှိတဲ့အတိုင်းတင်ပြ။   သမ္မတကလည်းအားပေးတယ်။   ၀န်ကြီးချုပ်ကလည်းအားပေးတယ်။   မှန်တာကိုပြောရဲရမယ်”
“အခုဖြစ်နေတာဘာလဲ။   ကြည့်လိုက်ရင် အစည်းအဝေးတွေထိုင်နေကြတယ်။   လုပ်စရာမရှိရင် အစည်းအဝေး လုပ်တယ်။   ဌာနမှူးတွေ အကြီးအကဲတွေဘယ်ရောက်နေလဲ။   အစည်းအဝေးထဲမှာ။   ဘာထိုင်လဲ။   မသိဘူး။   ထိုင်တာပဲ။   အစည်းအဝေးထိုင်တာမှာ ဘာပြောလဲ။   ဘာမှမပြောဘူး။   ငြိမ်ပြီးနားထောင်နေတယ်။   အစည်းအဝေးဆုံးဖြတ်တာ သဘောတူလား။   တူတယ်။   ဘာသဘောတူလဲ။   မသိဘူး။   ထိုင်ရုံသက်သက်နဲ့တော့ အစည်းအဝေး မလုပ်ကြနဲ့တော့။   အစည်းအဝေးတက်ရင် ပြောရမယ့်တာဝန်၊  ဆွေးနွေးရမယ့်တာဝန်၊  တင်ပြရမယ့်တာဝန် ကိုယ့်မှာရှိတယ်။   အဲဒါကိုလက်ခံမှရမယ်”
အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်
“ပြည်သူနဲ့ အစိုးရဌာနနဲ့ နီးစပ်ဖို့လိုတယ်နော်။   ပြည်သူနဲ့အစိုးရနဲ့က ကင်းကွာလို့မရဘူး။   အစိုးရဌာနကို လူတွေမဆက်ဆံချင်တာ ဘာကြောင့်လဲ။   နှေးလို့။   အစိုးရရုံးတွေနဲ့ ဆက်ဆံရင် အလုပ်တွေက မပြီးတော့ဘူး။   ပုံသေနည်းတောင် ရှိနေသလိုပဲ။   အစိုးရရုံးတွေမှာ တရုံးနဲ့ တရုံး။   စားပွဲတခုနဲ့တခု ၁ ပေကွာရင် ၁ ပတ်ကြာတယ်။   ၂ ပေကွာရင် ၂ ပတ်ကြာတယ်။   ကြာမှ ရေလောင်းမှာကိုး။   အဲဒီအကျင့်ဘယ်လိုပြင်မလဲဆိုတာ ဆရာတို့စဉ်းစားပေးပါ။   ဒါကြောင့် ဒီမှာရှိတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ ကိုယ့်အလုပ်ကိုယ်ပြန်ကြည့်ကြပါ။   ဘာကြောင့် ဒီလောက်နှေးနေတာလဲ။   ဘာကြောင့်ချက်ခြင်းလုပ်ပေးလို့ မရတာလဲ။   အခုဖြစ်တဲ့အလုပ်ကို ဘာကြောင့် ၁ ပတ်စောင့်ခိုင်းမလဲ။   ချက်ခြင်းလုပ်ပေးလို့မရဘူးလား။   အဲ့လိုဖြစ်အောင် စဉ်းစားပေးပါ။   မဟုတ်ရင် အစိုးရအပေါ်မှာ ပြည်သူတွေယုံကြည်မှု အားနည်းလာပါလိမ့်မယ်”
“Trust ယုံကြည်မှုကလည်း အရမ်းအရေးကြီးပါတယ်။   အစိုးရရုံးတွေမှာ ဘာကြောင့် အားနေရင် မှတ်ချက်တွေရေးနေသလဲဆိုရင် Trust (ယုံကြည်မှု) မရှိလို့။   မယုံတော့ တယောက်ထဲ လက်မှတ်ထိုးရင်လည်းမရဘူး။   နောက်တယောက် လက်မှတ်ထိုး။   နောက်တယောက် ထိုးလည်း မရဘူး။   ထပ်ဆင့်လက်မှတ်ထိုး။   စာမျက်နှာတခုလုံး လက်မှတ်တွေချည်းပဲ။   တကယ်တော့ သေဖော်ညှိုတာပေါ့နော်။   အားလုံးက အလိုတူအလိုပါတွေကိုး။   ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူတတ်တဲ့လူတွေဖြစ်အောင် လုပ်ကြရမှာနော်”
“ပြည်သူတွေမှာ မျှော်လင့်ချက်တွေရှိတယ်။   တောင့်တမှုတွေရှိတယ်။   အဲဒါတွေကို ဖြည့်ဆည်းနိုင်ရင် Trust (ယုံကြည်မှု) ရှိလာပါလိမ့်မယ်။   Good Governance ကို စဉ်းစားမယ်ဆိုရင် ပြည်သူက ယုံကြည်မှုရှိဖို့လိုတယ်”
“ပြည်သူက ဘာကိုမျှော်လင့်သလဲ။   တရားတာကို မျှော်လင့်တယ်။   အစိုးရအဖွဲ့ကလုပ်ရင် Fair (မျှတမှု) ဖြစ်တယ်။   မျက်နှာမလိုက်ဘူး။   အဲဒါကိုမျှော်လင့်တာ။   ငွေများငွေနိုင်၊  ရေများရေနိုင်၊  မီးများမီးနိုင်ဆိုတာ မဟုတ်ဘူး။   အဲဒါကိုသူတို့ကမျှော်လင့်တယ်။   တို့ဝန်ထမ်း၊  တို့အရာရှိတွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျသုံးစွဲတတ်သူတွေလို့ မျှော်လင့်တယ်။   တို့ကအစိုးရပဲကွာ။   ပြည်သူတွေယုံတာ မယုံတာ တို့ကိစ္စမဟုတ်ဘူးလို့များ မစဉ်းစားနဲ့နော်။   အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်”
ဝန်ကြီးဌာနတွေ ညှိနှိုင်းဆောင်ရွက်ကြပါ
“၀န်ကြီးဌာနအချင်းချင်း ညှိဖို့လည်းအရေးကြီးပါတယ်။   အခုက ညှိကို မညှိတာ။   ပညာရေးလို့ပြောရင် Education Ministry (ပညာရေးဝန်ကြီးဌာန) လို့ စဉ်းစားလို့ မရဘူး။   ပညာရေးဝန်ကြီးဌာနလို့စဉ်းစားလိုက်တာနဲ့ အဲဒါရှုံးသွားပြီ။   ပညာရေးကို ပညာရေးဝန်ကြီးဌာန တခုတည်းကပဲလုပ်ရမယ်ဆိုရင် ပညာရေးတိုးတက်မှာမဟုတ်တော့ဘူး။   Education Sector ပညာရေးကဏ္ဍကို စဉ်းစားမှရမယ်။   ပညာရေးမှာ စီးပွားရေးလုပ်ငန်းရှင်တွေ မပါလို့ မရဘူး။   ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးကထွက်လာတဲ့လူတွေကို အလုပ်ပေးတဲ့လူတွေ။   ပညာရေးလို့ပြောရင် ကျန်းမာရေးမပါလို့မရဘူး။   အားကစား မပါလို့ မရဘူး။   ဒါကြောင့်မို့ ညှိနှိုင်းဖို့ကလည်း အင်မတန်အရေးကြီးပါတယ်”
ဝန်ထမ်းများလိုက်နာရန် “ပြူတင်းပေါက်နဲ့မှန်”
“ဌာနမှာ အောင်မြင်မှုရရင် ဒီဌာနအောင်မြင်ရင်၊  တိုင်းဒေသကြီးအောင်မြင်ရင်၊  လွှတ်တော်ကြီးအောင်မြင်ရင် ပြူတင်းပေါက်ကိုကြည့်လိုက်ပါ။   ဟောဒီလူတွေအားလုံးကြောင့် ငါ့ဌာနမှာရှိတဲ့လူတွေအားလုံးကြောင့် ဒီဌာနကြီးအောင်မြင်တာလို့ သုံးသပ်လို့ရတယ်။    ပြူတင်းပေါက်ကို ကြည့်တာကိုး”
“အဲဒီဌာနမှာ အခက်အခဲရှိလို့ မအောင်မြင်ရင်တော့ မှန် ထုတ်ကြည့်ပါ။   ဘယ်သူ့မြင်လဲ။   ကိုယ်မြင်တယ်။   ဒီဌာနမအောင်မြင်တာ သူတို့ကြောင့်မဟုတ်ဘူး။   ငါ့ကြောင့်။   အဲဒါ တာဝန်ယူတဲ့လူနော်”
“အခုတော့ပြောင်းပြန်ဖြစ်နေတယ်။   အောင်မြင်ရင်တော့ မှန်လေး တထုတ်ထုတ်နဲ့။   ကြည့်လို့ကို မ၀ဘူး။   ဟောဒီဌာနကြီးအောင်မြင်တာသည် ငါ့ကြောင့်။   ဟောဒီဝန်ကြီးဌာန အောင်မြင်တာ ငါ့ကြောင့်။   အဲဒီဌာနမှာ တခုခုလည်းမကောင်းတာလည်းတွေ့ရော အဲဒီမှန်လေးကို အသာလေးချပြီးတော့ ပြူတင်းပေါက်ကိုကြည့်လိုက်တော့ ဟောဒီလူတွေမြင်တယ်။   ငါပြောတာ မလုပ်တဲ့ကောင်တွေဆိုပြီးတော့ပေါ့။   အဲဒါလေး သတိထားနော်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲ...ဒါကတော့ ပုသိမ်မြို့တော်ခန်းမမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောချက်ထဲက
ကောင်းနိုးရာရာ ကောက်နှုတ် ဖော်ပြခဲ့တာပါ။
ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောချက်တွေကို လူမှုကွန်ရက်နဲ့ လူမှုကူညီရေးအသင်း အဖွဲ့တွေကတော့ အတော်လေးအားရကျေနပ်တယ်လို့ ပြောကြပါတယ်။   ဧရာဝတီဘလော့ဘ် ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
ဆလိုင်းသန့်စင်
ဧရာဝတီ
အပြည့်အစုံသို့ »
အမျိုးသမီးများကို နှောင့်ယှက်ခြင်း မရှိရေး နဲ့ ၄၈ အထူး
  မြို့တော်ရန်ကုန်အတွင်း ဟိုဟိုဒီဒီ သွားလာရင်  လူကြပ်၊ ကားကြပ်၊ စိတ်ကျဉ်းကြပ် .... ကြပ်သုံးပါးနဲ့ ကြုံရပါလိမ့်မယ်။
၄၈ ကားကြီးတစီးထဲမှာတော့ အခုလို အသိပေးစာ ရေးထားတာ တွေ့ရပါတယ် ...
မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်များအား ဝန်ဆောင်မှု ကောင်းစွာ ပေးနိုင်ရန် ရည်ရွယ်ပါတယ်။
"အား" ဆိုတာကို ပိုက်ဆံမပေးရတိုင်း ဖောဖောသီသီ သုံးတယ်၊ အားပါးတရသုံးတယ်၊ မလိုအပ်ဘဲ သုံးနေကြတာကို ဒီကြော်ငြာက သက်သေပြနေပါတယ်။
အား .... ဒီပို့စ်မှာ မြန်မာစာ အသုံးအနှုန်းအကြောင်း ဆရာကြီးလုပ်ဖို့ စိတ်ကူးမရှိပါ။
အဓိက ပြောချင်တာက ကားအကြောင်း ဖြစ်ပါတယ်။ "အား" အကြောင်းက ကြုံလို့ ထည့်ပြောမိတာပါ။
အင်းစိန် နဲ့ ရန်ကုန်မြို့တွင်း ပြေးနေတဲ့ "၄၈ အထူး" ဘတ်စ်ကား စမ်းသပ်ယာဉ်က ခရီးသည်တွေကို ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ရေးအတွက် ရည်ရွယ်ပါတယ် တဲ့။
စမ်းသပ်တယ် ဆိုတော့ ဘယ်ကာလအထိ စမ်းသပ်မောင်းနှင်မလဲ၊ ရလဒ်ကို ဘယ်လိုစစ်ဆေးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ဒီစမ်းသပ်ယာဉ်ရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ၊ အဲဒီထဲက တခုကတော့ .... အမျိုးသမီးများအား ကာအိနြေ္ဒ နှောက်ယှက်၍ မရနိုင်ခြင်း လို့ ဆိုထားပါတယ်။
စပယ်ယာက အမျိုးသမီးတွေကို တွန်းလားဆွဲလားမလုပ်ဘူး၊ ဘတ်စ်ကားထဲ ရည်ရွယ်ချက်ရှိရှိ အသားချင်း သွားထိတာတွေ လုပ်ဖို့ အခြေအနေ မပေးဘူးလို့ နားလည်မိပါတယ်။
စမ်းသပ်ပြေးဆွဲကာလ လွန်သွားတဲ့အခါ အမှန်တကယ်ပြေးဆွဲရင် ကောင်းမှာပဲလို့ ခရီးသည်တို့က တွေးကြမယ် ထင်ပါတယ်။
ရလဒ်သိရုံပဲ၊ ဆက်မဆွဲတော့ဘူး ဆိုလည်း ဝမ်းနည်းစရာတွေ ဖြစ်လာပါလိမ့်မယ်။
ရပ်စီးခရီးသည် အပို မတင်ဘူး ဆိုတဲ့ စာတန်းကိုလည်း ထင်ထင်ရှားရှား ကပ်ထားတာ တွေ့ရမှာပါ။
ထိုင်ခုံပြည့်ရင် ခရီးသည် ထပ်မတင်ဘူးလို့ ဆိုလိုတာပါ။
အား.... ဒီအချက်ကတော့ အငြင်းပွားစရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ရန်ကုန်မှာ ခရီးသည်အရေအတွက်က တော်တော်များပါတယ်။ ဘတ်စ်ကားတွေ များများ လိုပါတယ်။
တခြားတဘက်မှာလည်း... ရန်ကုန်မှာ ယာဉ်ပိတ်ဆို့မှုပြဿနာ အင်မတန်ကြီးပါတယ်၊ ဘတ်စ်ကားအရေအတွက် လျှော့ချလိုက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ စဉ်းစားချက် ရှိနေပါတယ်။
ဒါကြောင့် ခုံပြည့်လည်း နောက်ထပ် ငါးယောက်လောက် တင်သွားပေါ့လေ။
အား ... ကားမှတ်တိုင်မှာ စောင့်နေတဲ့ ခရီးသည်က မနည်းဘူး၊ နောက်ထပ် ငါးယောက်လောက် ထပ်တင်လည်း ကားက အချောင်ကြီးပါပဲ လို့ တွေးမိသူလည်း ရှိနိုင်ပါတယ်။
ပုံထဲမှာ မြင်ရတဲ့  ၄၈ အထူးကားက စမ်းသပ် ပြေးဆွဲတယ် လို့ ရေးထားတော့  ခရီးသည်တွေရဲ့အသံကို နားထောင်၊ ကိုယ်တိုင်လည်း ကွင်းဆင်းလေ့လာကြည့်တာပဲ ဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်။
ဒီပို့စ် ရေးသူရဲ့ အသံကို ထုတ်ရရင်...
ရပ်စီးခရီးသည် မတင်ဘူး ဆိုရင် ခုံများများ ထည့်ပါ။ ဒါဆို ရပ်စရာ နေရာ သိပ်မကျန်လို့ ရပ်စီးသူကို လုံးဝမတင်ပါနဲ့။
ရပ်စီး ခွင့်ပြုမယ် ဆိုရင် ခုံ များများ မထည့်ပါနဲ့။ ရပ်ဖို့၊ အတက်အဆင်း တိုးဝှေ့နိုင်ဖို့ နေရာကျယ်ကျယ် ဖန်တီးပါ ဆိုတာပါပဲ။
ရပ်စီး ခွင့်ပြုရင်တော့ ရုံးဆင်းရုံးတက်ချိန်တွေမှာ ကြပ်ကြပ်တည်းတည်း လိုက်ပါရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ အနည်းနဲ့အများ  နှောင့်ယှက်ခံရပါလိမ့်မယ်။
နှောင့်ယှက်ခံရတာကို ဖြေရှင်းဖို့အတွက်ဆို တခြားနည်းလမ်းတွေကို သုံးရပါလိမ့်မယ်။ ဘတ်စ်ကားနဲ့ မြို့ပတ်ရထား ကြပ်တယ် ဆိုတာ ကမ္ဘာ့မြို့တော်ကြီးအများအပြားမှာ ကြုံနေရပါတယ်။ သူတို့ဆီမှာရော အမျိုးသမီးတွေ   နှောင့်ယှက်ခံနေရပါသလား။ ဒါကိုလည်း လေ့လာသင့်ပါတယ်။ လေ့လာမယ် ဆိုရင် မြန်မာပြည်က သယ်ယူပို့ဆောင်ရေး အကြပ်အတည်းတွေ ဖြေရှင်းရေးမှာ အထောက်အကူပြုမယ်လို့ ဆိုချင်ပါတယ်။
(ဓာတ်ပုံများ - ငြိမ်းချမ်း)
ဧရာဝတီ
အပြည့်အစုံသို့ »
Quarto Product ကုမ္ပဏီမှ ဖမ်းဆီးမိသည့် လိုင်စင်မဲ့ ကုန်စည်များအတွက် နိုင်ငံခြားသားသုံးဦး အပါအ၀င် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေ၍ ၀န်ကြီးဌာနများသို့ တင်ပြ
လှိုင်မြို့နယ်ရှိ Quarto Product ကုမ္ပဏီမှ ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် နိုင်ငံခြားသားသုံးဦး အပါအ၀င် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေ၍ ၀န်ကြီးဌာနများသို့ ဆက်လက် တင်ပြထားကြောင်း တရားမ၀င် ကုန်သွယ်မှု တာဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
Quarto Product ကုမ္ပဏီမှ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းသည့် ကုန်စည်များ အပါအ၀င် လိုင်စင်မဲ့ တင်သွင်းခဲ့သည့် ကုန်စည်များအား စစ်ဆေးမှုအရ ၀ိုင်၊ အချိုရည်၊ ဘီယာသုံးမျိုးနှင့် စားသောက်ကုန်များတွင် လိုင်စင်မဲ့ တင်သွင်းသည့် စုစုပေါင်း ကုန်ပစ္စည်း ၉၃ မျိုးနှင့် ခန့်မှန်းတန်ဖိုး ၆၄၄ သိန်း ကျော်ဖိုးခန့်အား ဖမ်းဆီးမိခဲ့ကြောင်း ဦးသိန်းထွန်းဦးက ပြောဆိုသည်။
Quarto Product ကုမ္ပဏီတွင် ဘီယာနှင့် အေးခဲအသားများ တရားမ၀င် တင်သွင်းနေသည်ဟု တိုင်ကြားချက်ကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန် တရားမ၀င် ကုန်သွယ်မှု တာဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ သတင်းရောက်ရှိလာပြီး တိုင်ကြားခံရသော ကုမ္ပဏီ၏ အခြေအနေကို တစ်ရက်ကြာ လေ့လာစောင့်ကြည့် ခဲ့သည်။ ထို့နောက် ၂၈ ရက်တွင် စတင်ရှာဖွေ စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် တိုင်ကြားချက်အရ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ထံမှ သိရသည်။
''တရားဝင် တင်သွင်းထားတဲ့ ဘီယာ၊ ၀ိုင်တွေက ဟိုတယ်နှစ်ခုရဲ့ တင်သွင်းခွင့် လိုင်စင်ကို ကိုယ်စားလှယ် အနေနဲ့ တင်သွင်းခဲ့တာ တွေ့ရှိရတယ်။ အဲဒါကြောင့် ဟိုတယ်ခရီး ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးဖို့ တင်ပြခဲ့ရတယ်။ နောက်ပြီး Quarto Product ကုမ္ပဏီအနေနဲ့ နိုင်ငံတွင်းကို ကန့်သတ်ဘီယာ၊ ၀ိုင်တွေတင်သွင်းမှုမှာ ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး၊ စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။ အဲဒီအကြောင်းကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဆက်လက်တင်ပြ ထားပါတယ်'' ဟု ဦးသိန်းထွန်းဦးက ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီတွင် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့မှုအတိုင်း အရေးယူ ဆောင်ရွက်ရန် Quarto Product ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာအား ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အကောက်အခွန် ဥပဒေများဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။
(Quarto Product ကုမ္ပဏီမှ လိုင်စင်မဲ့ တရားမ၀င် တင်သွင်းခဲ့သည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်အား ပြောကြားနေသည့် ဦးသိန်းထွန်းဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ))
Eleven Media Group
အပြည့်အစုံသို့ »
"လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ဘယ်နိုင်ငံမှ မသုံးတော့တဲ့ ဟာကို သုံးနေရတယ်" ဆိုသည့် စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ ပါမောက္ခ ဒေါက်တာ ဦးဝင်းအောင်မြင့်နှင့် တွေ့ဆုံခြင်း
ရန်ကုန်၊ နိုဝင်ဘာ ၉။
စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)၏ အခြေအနေများနှင့် ပက်သက်၍ ပါမောက္ခဒေါက်တာ ဦးဝင်းအောင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- စိတ်ရောဂါသည်တွေကို အထွေထွေဆေးရုံတွေမှာဘဲ ထားသင့်တယ် တစ်ချို့က စိတ်ကျန်းမာရေး ဆေးရုံကြီးမှာဘဲ သီးသန့်ထားသင့်တယ် လို့ဖြစ်နေကြတယ် ။ဘယ်လိုအခြေနေက အကောင်းဆုံးဖြစ်မလဲ။
ဖြေ- တိုးတတ်တဲ့ နိုင်ငံတွေမှာဆို စိတ်ကျန်းမာရေး ဆေးရုံရယ်လို့ သတ်သတ်မှတ်မှတ်ကို မရှိတော့ဘူး။ အထွေထွေ ဆေးရုံတွေမှာပဲ စိတ်ကျန်းမာရေး ကုသဆောင်တွေ ထားလိုက်တယ်ဆိုရင် ကောင်းတဲ့ အချက်တွေရှိတယ်။ ဥပမာ-စိတ်ရောဂါသည်ကို ပြုစုကုသတဲ့နေရာမှာ တခြားရောဂါတွေနဲ့ တန်းတူ ပြုစုကုသမှုပေးတာ စောင့်ရှောက်မှုတွေရော ဒီလိုထားတာ ကောင်းတယ်။ စိတ်ရောဂါ ဆိုတာရှက်စရာ ကြောက်စရာလို့ လူတွေက လက်မခံနိုင်စရာ အဲလို သဘောထားတွေ ရှိတာကိုး လူတစ်ယောက်က စိတ်ရောဂါသည် ဆိုပြီးတော့ နာမည်တပ် ခံလိုက်ရလို့ရှိရင် တံဆိပ် နှိပ်ခံရသလိုပဲ။ တွဲထားလိုက်ခြင်းအားဖြင့် ခွဲခြားနှိမ့်ချ ဆက်ဆံမှုခံရတာတွေ လျော့မယ်။ သဘောက ဆေးရုံလာတဲ့ လူနာက ဘာဖြစ်လို့ ဘယ်သွားမလဲဆိုရင် ဆေးရုံကြီးကိုသွားမယ် တကယ်တော့ သူက စိတ်ရောဂါ အတွက် လာကုတာပဲ ဒါပေမယ့်ဒီမှာ သတ်သတ်မှတ်မှတ် စိတ် ကျန်းမာရေး ဆေးရုံကြီး ရှိတယ် ဘယ်သွားမလဲ ရွာသာကြီး သွားမယ်ဆိုတာနဲ့ သူက ရူးနေတယ်လို့ အလိုအလျောက် သတ်မှတ်ခြင်းခံရတယ်။ နောက်တစ်ခု အားသာချက်ကဘာရှိလည်းဆိုတော့
စိတ်ရောဂါဖြစ်တဲ့ သူက ခန္စာကိုယ်ရောဂါလည်းရှိတာပဲ စိတ်ရောဂါရှိရင် ခန္ဓာကိုယ်ရောဂါ ပိုဖြစ်တယ် ။ ဆရာတို့ စီမှာတင်ထားတဲ့ လူနာ က စိတ်ကစဉ်ကလျားရောဂါ ခံစားနေရတယ် ဒီလူက စိတ်ကစဉ်ကလျား
ရောဂါခံစားရလို့ ခန္ဓာကိုယ်ရောဂါတွေ မဖြစ်တာ မဟုတ်ဘူး နမိုးနီးယား ဖြစ်သွားတယ်ဆိုလည်း သူ့သက်ဆိုင်ရာ ဆရာဝန်က လာကြည့်လို့ရတယ် အူအတတ်ပေါက်တယ်ဆိုလည်း ခွဲခန်းထဲကို ပို့လို့ရတယ်ဆိုတော့ဒါတွေက နောက်ပိုင်းမှာ အရမ်းပဲကောင်းပါတယ်။ တဖက်ကပြန်ကြည့်တော့ လည်း စိတ်ရောဂါရဲ့ သဘော သဘာဝက နာတာရှည်ဖြစ်တဲ့ အခါကြတော့ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ လနဲ့ ချီပြီးတော့ နှစ်နဲ့ ချီပြီး လာထားပြီးတော့ လိုအပ်ရင် ကုသမှုခံယူုလို့ ရတာတွေရှိတယ်။ အထွေအထွေ ဆေးရုံတွေမှာပဲ ထားမယ် ဆိုရင် ဖြစ်ခါစ လူနာမျိုး နဲ့ မကုရင်မဖြစ်တဲ့ ဆေးရုံမတင်ရင် မဖြစ်တဲ့ လူနာလောက်ပဲ အဲဒီ့ဆေးရုံတွေမှာ ထားလို့ရမယ် ။ အိမ်ကိုလည်း ပြန်ထားလို့ မရဘူး ဆေးရုံမှာဘဲ ထားရမယ့် အနေထားရှိတယ် ။ တော်တော် ကြာကြာ ကုရမယ့် လူနာမျိုးတွေ အတွက်ကြတော့ စိတ်ကျန်းမာရေး ဆေးရုံမျိုးက လိုပြန်ရော ဆရာ့အယူအဆပေါ့ စိတ်ကျန်းမာရေး ဆေးရုံလည်း ရှိသင့်တယ်။ ဒီမှာလူနာ ၁၂၀၀ လောက်ရှိတယ်။ အရှေ့တောင်အာရှမှာ တော်တော်ကို များတဲ့ ဆေးရုံကြီး တစ်ရုံပဲ ။ ထိုင်းမှာ အကြီးဆုံးက ကျောက်ဖရား အဲဒီ့ဆေးရုံမှာ လူနာ ၅၀၀ ရာပဲရှိတယ် ဒါကို သူတို့က အများဆုံး ဖြစ်နေပြီ။ ဖြစ်သင့်တာ အထွေထွေ ဆေးရုံတွေမှာ စိတ်ကျန်းမာရေး ကုသဆောင်တွေကို ဒီ့ထက်ပိုကောင်းအောင်ထားရမယ် တစ်ချိန်ထဲမှာ စိတ်ကျန်းမာရေး ဆေးရုံကို ဆက်ထားပြီး လျော့ချရမယ် ။ quality of care ကိုမြှင့်ရမယ် ။ စိတ်ကျန်းမာရေး ဆေးရုံကြီးသည် အဆင့်မြင့်မားတဲ့ ဆေးရုံဖြစ်ရမယ် လူနာကိုလည်း အများကြီး ထားဖို့မဟုတ်ဘူး academic research အဲသဘောတွေနဲ့ ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် ထားရမယ်။ စိတ်ကျန်းမာရေး ဆေးရုံလည်း ထားသင့်တယ် ။ နောက်ပြီး အထွေအထွေ ဆေးရုံတွေမှာလည်း စိတ်ရောဂါ ကုသဆောင်တွေက အဆင့်တန်းတခု ထိရှိသင့်တယ်။
မေး-ငွေကြေးတတ်နိုင်သူများကရောဂါ ဝေဒနာခံစားရရင်
နိုင်ငံခြားသွားရောက်ကုသတာတွေရှိပါတယ်။ စိတ်ရောဂါ
ဝေဒနာခံစားရလို့ နိုင်ငံခြားမှာ သွားရောက်ကုသတာတွေရော ရှိပါသလား။
ဖြေ- စိတ်ကျန်းမာရေး ဘာသာရပ်ဖြစ်နေလို့ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ အလုပ်လုပ်နေတဲ့ မြန်မာတွေ စိတ်ရောဂါ ဖြစ်လို့ ဟိုမှာကုရင် တော်တော်များများက အဆင်မပြေဘူး ။ဘာလို့လဲဆိုတော့ ဘာသာစကား ပြောတာကို မပေါက်ဘူး။ ဒီပြဿနာတွေရှိတယ် ဟိုက ဆရာဝန်တွေက နားမလည်ဘူး မြန်မာတွေ ဘာဖြစ်နေတယ် ဆိုတာကို မသိဘူး တော်တော် များများက ဒီပြန်လာရတယ်။ ဒီပြန်လာပြီး မြန်မာ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ကုသတယ် ကောင်းတော့မှဟို
ပြန်သွားရတာ များတယ် ဆရာတို့စီမှာ medecial tourism ဆိုတာ တော်တော် ခေတ်စားတယ် တခုခုဆို နိုင်ငံခြားသွား ပြီးတော့ ဘီလီယံပေါင်းများစွာ သူများနိုင်ငံကို သွားပေးနေတာ အခု မြန်မာပြည်က တခုခုဆို ဘာလေးဖြစ်ရင်သွားပြန်ပြီ အဲဒါ ဆရာတို့ဘာသာရပ်မှာမရှိဘူး။ တော်တော်ကို တတ်နိုင်တဲ့သူတွေ သူတို့သွားပြီး ကုရင်တောင် အဆင်မပြေဘူး။ ဒီပဲပြန်လာရတာ ။ ဘာသာရပ်သဘော သဘာဝ ကိုယ်တိုင်ကိုယ် က ကိုယ့်လူမျိုး ကိုယ့်စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြမှ သူကပျောက်တဲ့ သဘောရှိတာကိုး ။ နိုင်ငံခြားက ဘာသာခြင်း မတူ ယဉ်ကျေးမှုခြင်းမတူ တနည်းအားဖြင့် ရင်မှာနားလည် ခံစားပေးလို့မှ မရတာ ဒီမှာဘဲ လာကုရတာများတယ်။ ကိုယ်တော်လို့ မဟုတ်ဘူး ဘာသာရပ် သဘော သဘာဝကိုက ဒီအတိုင်းဖြစ်နေတာ နောက်တစ်ခုက ထူးထူး ဆန်းဆန်းခွဲရစိတ်ရတဲ့ ဟာမျိုးလည်း မဟုတ်ဘူး။ ဆေးပေးရတယ် နားထောင်ရတယ် စကားပြောရတယ် ဒီလူဘာဖြစ်နေတယ် ဆိုတာကို စက်တွေနဲ့ စမ်းလို့မရဘူး ။ ဆရာတို့ ဘာသာရပ်မှာ health tourism မရှိဘူး ။ အဲလိုဖြစ်တဲ့အတွက် မြေတောင် မြှောက်သင့်တယ်။ လိုတာတွေကို ပိုဖြည့်ပေးသင့်တယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်အားနည်းနေတယ်လို့ထင်တယ် - တခုခု ဆိုရင် ဆရာတို့ ဘာသာရပ်ကို တခြားနိုင်ငံတွေနဲ့ စာရင်နိမ့်ကျနေတယ်လို့ထင်တယ် အဲဒါလုံးဝမှားတယ် ။
မေး-လိုနေတာတွေဖြည့်ပေးသင့်တယ် အားနည်းနေသေးတယ်ဆိုတော့ ဘာတွေများဖြည့်ပေးဖို့ မြေတောင်မြှောက်ပေးဖို့ လိုအပ်နေလို့ပါလဲ။
ဖြေ-ECG - equipment ဆိုလို့ ECG တခုပဲရှိတယ် ။ ဓါတ်နှိပ်ကုတဲ့ စက်ပေါ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ဘယ်နိုင်ငံမှ မသုံးတော့တဲ့ ဟာကို သုံးနေရတယ် ။ နှစ်ပေါင်းများပြီ အထက်ကို တင်ပြတယ် ၀ယ်ပေးမယ် ဆိုပေမယ့် ခုထက်ထိတော့ မရသေးဘူး ။ ဆရာတို့မှာတခြား ဘာသာရပ်တွေနဲ့ ယှဉ်ရင် ရှုပ်ထွေးတဲ့ ကြီးကြီးမားမား စက်တွေ မလိုဘူး ။ ဆရာတို့က
တစ်ခုပဲလိုတယ် အဲဒီ့ ECG စက်လေး ရပြီ ဆိုရင် ဆရာထင်တယ် ဆရာတို့ရဲ့ ကုသမှုအဆင့် က အင်တာနေရှင်နယ်ပဲ မလျော့ဘူး ။
မေး- ငွေကြေး မတတ်နိုင်လို့ လမ်းပေါ်ရောက်ရတဲ့ စိတ်ဝေဒနာသည်တွေ ရှိတယ်ဆိုတော့ စိတ်ရောဂါသည် တစ်ယောက်အတွက် တစ်နှစ်ပျမ်းမျှ ကုန်ကျငွေ ဘယ်လောက်များရှိပါသလဲ။
ဖြေ-နှစ်ပိုင်းရှိတယ် ။ သူတို့ကိုယ်တိုင်က ခန္ဓာကိုယ်ရောဂါတွေကို လိုလိုလားလား ဆေးသောက်ချင်တဲ့ စိတ်မရှိဘူး။ ရောဂါဖြစ်တာလည်း လက်မခံဘူး။ လူတစ်ယောက်က ရောဂါဖြစ်တာ လက်မခံမှတော့ ဘယ်သွားဆေးသောက်တော့မလဲ ။ တချို့က မိသားစုတွေက ဆေးဖိုးတတ်နိုင်တယ် ကုနိုင်သော်လည်း လူနာရဲ့ ရောဂါ သဘော သဘာဝ ကိုယ်တိုင်ကိုက မသောက်တာ ။ လူနာက သိတယ် လက်ခံတယ် ဆေးသောက်တယ်။ မိသားစုက ဆေးဖိုး မတတ်နိုင်တာ။ အဲဒါတွေကို အတတ်ရောဂါတွေမှာ အတွေ့များတယ် ။ အတတ်ရောဂါသည်တွေက ကိုယ့်ဘာသာကိုယ် တတ်တာ သိတာပဲလေ
ရောဂါလို့လည်း တစ်ပိုင်းတစ်စလက်ခံတာပဲ ။ အတတ်ရောဂါ သည်တွေကို သွားကြည့်ရင် လူ ၁၀၀ မှာ ၇၀ လောက်က ဆေးမရဘူး။ ကုသမှုအောက်မှာမရှိဘူး ။ ဆေးဖိုးမတတ်နိုင်လို့ အဓိက အကြောင်းပြချက် ဖြစ်နေတယ်။ အတတ်ရောဂါ ပျောက်ဆေး မြန်မာ ပြည်မှာ အခု အသုံးများနေတဲ့ အန်ဂိုရိတ် ဆိုတဲ့ ဆေးတစ်ခု ဆိုရင် ၁၀၀ အားတစ်လုံးကို ကျပ်ငွေ ၆၀ လောက်ရှိတယ်။ လူနာက တစ်ရက်ကို ၂ လုံးလောက် သောက်ရပြီး ကျပ်ငွေ၁၂၀ လောက်ကုန်မယ်။ ဒါကအနည်းဆုံး
သူ့ထက်များဖို့ပဲ ရှိတယ်။ တစ်လ ဆိုရင် ၃ထောင် -၄ထောင် လောက်ရှိတယ်။ စီးပွားရေးအရ အဆင်မပြေတဲ့ သူတွေမှာ ဒီ ၃ထောင်-၄ထောင်ဆိုတာ လွယ်တာ မဟုတ်ဘူး ။ တခြားနိုင်ငံတွေမှာ ဆိုရင် ဖီနိုဘာပီတုန်းလို့ခေါ်တဲ့ ဆေး ဈေးတအား သက်သာတယ်။ အဲဒီ့ဆေး ကျတော့ ဒီအစိုးရလက်ထက်မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဖီနိုဘာပီတုန်းက ဆေးစွဲစေတဲ့ ဆေးဖြစ်တယ် ဆိုပြီး ပိတ်တယ်။ အရင်တုန်းက MBF ကထုတ်တယ် အခု ဆို မထုတ်တော့ဘူး။ ဘယ်သူမှလည်း မတင်သွင်းတော့ဘူး ဆိုတော့ ဒီ အတတ်ရောဂါ လူတွေမှာ ဒုက္ခရောက်တာပေါ့။ တတ်နိုင်တဲ့ သူတွေကို ဖယ်ထားပြီး တကယ့်ကို အခြေခံ လူတန်းစားကို စဉ်းစားရမှာ။ တချို့ဆေးတွေက လျော့ပေးရမယ် ဟာတွေရှိတယ်။ တစ်လောက နေပြည်တော်မှာလုပ်တဲ့ မြန်မာပြည်မှမရှိမဖြစ်ဆေးတွေ အသစ်ပြန်စွဲတဲ့ အထဲမှာ ဖီနိုဘာပီတုန်းကို ထည့်ပေးတယ် ဒါပေမယ့် ပြန်ထုတ်မထုတ် သွင်းမသွင်းက မသိဘူး။ စိတ်ကစဉ်ကလျားရောဂါ ဆိုရင် တစ်သက်လုံးနီးပါးဆေးသောက်ရတော့မှာ အနည်းဆုံး မသောက်ရဘူးဆိုရင် ၁နှစ် ကနေ ၃ နှစ်ထိသောက်ရမှာ။ လူနာတစ်ယောက်က တစ်လကို၅ထောင်-၆ထောင်ကုန်တယ်။ ၅ထောင်-၆ထောင်ဆိုတာ ဆေးဖိုးနော် ဆရာဝန်က အလကား ကြည့်ပေးမှာလား ဆရာဝန်ရှိတဲ့ နေရာကိုသွားတဲ့ စရိတ် အခုရွာသာကြီးကို သွားလိုက်လာလိုက်နဲ့ အချိန် ကားတွေပိတ်တာနဲ့
ဒါတွေကိုဖယ်ထား ။ဘယ်လိုလုပ်မှာလဲ။ ကျန်းမာရေး ၀န်ကြီးဌာနက ဘတ်ဂျက်တွေ အရင်ထက်စာရင် ဆေးဝယ်ဖို့ ပိုပြီး ချပေးပါတယ်။ အတွင်းလူနာတွေကို လက်ရှိအနေအထားမှာ သိသလောက်ကတော့ အလကားပေးလို့ရတယ်။ အပြင်ကလာတဲ့ လူနာအကုန်လုံးကို
မတတ်နိုင်ဘူး ။ ဆေးလည်းမကုနိုင်ဘူး ကြာတော့ ရောဂါတွေလည်း ပိုပိုဆိုးပြီး လမ်းပေါ်ရောက်ကုန်တယ်။
မေး- နောက်အဖြစ်များလာမယ့် စိတ်ရောဂါတွေထဲမှာ ဘယ်ဟာကပိုပြီး အဖြစ်များလာမလဲ ဘယ်လိုပြုစုကုသ စောင့်ရှောက်မှုတွေ လုပ်ရမလဲ။
ဖြေ- စိတ်ကျရောဂါပေါ့ အရမ်းကိုများတယ် ။ WHO ခန့်မှန်းချက်အရ ဆိုရင် ၂၀၃၀ မှာ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ရောဂါက စိတ်ကျရောဂါဖြစ်လိမ့်မယ်။ကိုယ့်ကိုကိုယ်သေကြောင်းကြံဖို့လုပ်တဲ့ သူတွေရဲ့ အနည်းဆုံး ၁၇- ၁၈ ရာခိုင်နှုန်းလောက်က စိတ်ကျရောဂါကြောင့် ကိုယ့်ကိုကို်ယ် သေကြောင်းကြံဖို့ လုပ်တာ များတယ် ။ စိတ်ကျရောဂါကို လူတွေက ဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး။ ဖြစ်လာရင်လည်း သူတို့ကို စိတ်ရောဂါလို့ လူတွေက ထင်မှာစိုးပြီးတော့ တကယ်ကို ကူညီပေးနိုင်မယ့် ကျွမ်းကျင်သူတွေစီမှာ သွားပြဖို့ ၀န်လေးတယ်။ တစ်ချို့သိတယ် ၀န်လေးတယ် တစ်ချို့ကတော့ သိကိုမသိတာ ဆိုတော့ မဖြစ်သင့်တာတွေ အများကြီးဖြစ်တယ်။ ဆရာခန့်မှန်းတာပေါ့ စိတ်ကျရောဂါ ၁၀၀ရာခိုင်နှုန်းမှာ ဆရာတို့စီမှာ လာကုတာ ၅ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ကျန်တဲ့ ၉ ၀ ရာခိုင်နှုန်းက ဆရာတို့စီ လာကုတယ်မထင်ဘူး ။ တစ်ခုရှိတာက စိတ်ကျရောဂါက သူ့ဟာသူလည်းပျောက်သွားတတ်တယ်။ ဆေးမကုလည်းပဲ အလိုလို ကောင်းသွားနိုင်တယ် ဒါပေမယ့် လနဲ့ချီ ကြာနိုင်တယ်။ ဆေးကုရင် နှစ်ပတ် လေးပတ် တစ်လခွဲလောက်ဆိုရင် လူကောင်းပြန်ဖြစ်မယ်။ ပြန်မဖြစ်အောင်လို့ ကာကွယ်တဲ့ အနေနဲ့ ဆေးကနောက်ထပ် ၃ လ သို့မဟုတ် ၆ လ ဆက်သောက်ဖို့လိုတယ် ပြီးရင်ပြီးပြီ။ ခုက ကမ္ဘာပေါ်မှာ စိတ်ကျရောဂါ ဖြစ်တာများလွန်းအားကြီးလို့ ဆေးကုမ္မဏီကြီးတွေကလည်း စိတ်ကျရောဂါ ပျောက်ဆေးတွေကို ကောင်းသထက်ကောင်းအောင် တိုးထုတ်လာတော့
စိတ်ကျရောဂါ ပျောက်ဆေးတွေက အရမ်းကိုကောင်းတယ် လူမှာဘေးထွက်ဆိုးကျိုးတွေလည်း မရှိသလောက် ရှားတယ် ။ ဆရာတို့ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ကြီးဌာနက ပေးထားတဲ့ စိတ်ကျ ပျောက်ဆေးတွေလည်း အလုံအလောက်ရှိတယ်။ တိုင်းနဲ့ပြည်နယ်မှာလည်း အကုန်လုံးဖြန့်ပေးထားတယ် ။ ဒါပေမယ့် လာမကုတာလေ ။ လာမကုပဲ ဟိုနား သေကြောင်း ကြံစည် ဒီနား သေကြောင်းကြံစည် ဆိုတော့ ဆရာလည်းတော်တော် စိတ်မကောင်းဘူး။ ဒီလူတွေကို ဘယ်လို လိုက်ရှာရမလဲ ။ စိတ်ကျတာကို ကာယကံရှင်သိတယ် ရူးတာနဲ့မတူဘူး ။ ကိုယ့်ကိုကိုယ် ရူးမှန်းမသိဘူး ဆိုတာက စိတ်ကစဉ်ကလျားရောဂါ - ရူးတဲ့အထဲပါတယ်။ စိတ်ကျတာ ကိုယ့်ဘာသာကိုယ်သိတယ်။ လုပ်ဖော်ကိုင်ဖက် မိသားစုတွေက သိတယ်။ အမူအရာ ပြောင်းသွားတာကိုး ။ ဆိုတဲ့အခါကြတော့ တိုက်တွန်းပေးရမယ်၊ နှိုးဆော်ပေးရမယ်။ အားပေးစကားတွေလည်း ပြောရမယ် ပြီးတော့ စနစ်တကျ ဆေးကုခံဖို့ မရှက်မကြောက်ဖို့ ဒါဟာ စိတ်ရောဂါ မဟုတ်ဘူး။ စိတ်ကျတာ မဆန်းဘူး စိတ်မကျဘူးတဲ့ သူလောကမှာမရှိဘူး ။ အဲလိုတိုက်တွန်း ပေးဖို့လိုတယ်။ ဥပမာ လူတစ်ယောက်က စိတ်ညစ်တာက တောက်လျှောက် နှစ်ပတ်တိတိ စိတ်ညစ်ပီ ဆိုရင်တော့ အဲဒါ စိတ်ကျတာ ဆေးကုဖို့လိုပြီ။ အဲဒါလေးတွေနည်းနည်းသိပြီး တော့ ၀ိုင်းဝန်းလုပ်ပေးမယ်ဆိုရင် တော်တော် အဆင်ပြေလိမ့်မယ်လို့ ထင်တယ် ။
ကျေးဇူးတင်ပါတယ်ဆရာ။
တွေ့ဆုံမေးမြန်းသူ - ရွှေထွဋ်
The Myanma Age
အပြည့်အစုံသို့ »
စင်္ကာပူရောက်မြန်မာတချို့ သခင်လှကြိုင်ကို ထောက်ပံ့မယ်
Facebook မှာ အများအပြား စိတ်ဝင်စားနေကြတဲ့ ပဲခူးမြို့က သခင်လှကြိုင်ကို စင်္ကာပူရောက် မြန်မာတချို့က ထောက်ပံ့လှူဒါန်းမယ်လို့ သိရပါတယ်။
စင်္ကာပူမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် နဲ့ အချက်အလက်တချို့ကို https://www.facebook.com/mgmoo00 ဖော်ပြထားပါတယ်။
 သခင်လှကြိုင် အကြောင်းကို ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး ဆိုပြီး အွန်လိုင်းမှာ Facebook သုံးသူ မြန်မာပြည်သား ရာထောင်ချီက လက်ဆင့်ကမ်း ဖြန့်ဝေနေကြတာပါ။
မဖတ်ရသေးသူများအတွက် အပိုင်း ၃ ပိုင်းကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးကြည်လင်းရဲ့ Facebook မှာ ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆိုခဲ့သလိုပဲ ... နောက်ပိုင်းမှာ စာဖတ်သူ အများအပြားက ထပ်ဆင့် ဖြန့်နေကြတာဖြစ်ပါတယ်။
သခင်လှကြိုင် (၁)
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။
မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။
မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။
မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။
မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။
မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။
မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။
မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။
သခင်လှကြိုင် (၂)
မနေ့က ဆရာတစ်ယောက် facebook ပေါ်တင်သင့်တဲ့ သတင်းလေးတစ်ပုဒ် လမ်းစပေးလို့ တင်လိုက်တာ အလဇ္ဇိ ရဟန်းတွေ အကြောင်းချည်းဘဲ ကျနော်ရေးနေတာကို အပြစ်လို့မြင် (ကုသိုလ်အလုပ်မှန်းမသိ/အကုသိုလ်အလုပ်မှန်းမသိ) နေသူတွေရော။ အာဏာပိုင်တွေ လစ်ဟာချက်ကို စောင့်ကြည့်ပြောချင်ကြသူတွေရော၊ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်သူတစ်ယောက် ဒီလိုဖြစ်တာ စိတ်မကောင်းဖြစ်သူတွေရော၊ တချို့ကျတော့ အချောင်ရလို့လုပ်တယ်ပေါ့။ ကော့မက် တွေတော်တော်တက်ပြီး စိတ်ဝင်စားတာတွေ့ရတဲ့ အတွက် သတင်း အပြည့်အစုံ အတိအကျ ဆက်လိုက်ဘို့စဉ်းစားမိပါတယ်။
ဒီလိုစဉ်းစားနေတုန်းမှာ ရန်ကုန် “ မဇ္ဇျိ မ”သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါ ဆိုပြီး ပဲခူးရောက်လာတာနဲ့ နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာ သွားကြည့်တော့ အဘက မရှိတော့ဘူး။ 
ဒါနဲ့ အဘနေတယ်ဆိုတဲ့ အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။
အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရ ရည်ရွယ်ချက်နဲ့) သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံး ငွေရတုပွဲ ဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်ထားလွှာ) တွေကို ထုတ်ပြပါတယ်။ 
၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့ပါတယ်။ ရွှေတိဂုံ ဘုရားခြေရင်းမှာ လုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံးငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီးဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အနောက်ခြမ်းတိုက်ပွဲမှာလည်း ပါခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စောက ထောက်ခံထားပါတယ်။
သခင်လှကြိုင်ဟာ တော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူးရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။
သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာ မိမိလုပ်အားနဲ့သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့ မကြိုးစား(သူ့အတွက်လဲ မလိုဘူးထင်ခဲ့ပုံရလို့) ခဲ့ပါဘူး။
အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့မဟုတ်ဘဲ (တချို့ ကွန်မက်ပေးသလို) သားသမီးမြေးတွေ အသုံးမကျ/အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။ မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့……. ကိုယ်တွေ့ မျက်မြင်သုံးသပ်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။  
သခင်လှကြိုင် (၃)
အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။
သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။
အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘ၀ ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။
မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြရုံကလွဲပြီး (ငါ့မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေးတာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ကိုယ်တိုင်လဲငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင်လှကြိုင်ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေးတွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန်စရာဖြစ်အောင် (ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ သခင်လှကြိုင်ဟာ ခောတ်ရဲ့လိုအပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသား တစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူမသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ လွတ်မြောက်စေချင်တာလေး တစ်ခုတော့ ဖြစ်မိပါတော့တယ်…..။
ဧရာဝတီ
အပြည့်အစုံသို့ »
ဖိလစ်ပိုင်တွင် အင်အားပြင်း ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းကြောင့် တစ်ရာကျော်သေဆုံး
နိုဝင်ဘာ ၇ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော အင်အားပြင်း ဟိုင်ယန် တိုင်ဖုန်း မုန်တိုင်းကြောင့် သေဆုံးသူ တစ်ရာကျော်ရှိပြီး ဒဏ်ရာရသူ အများအပြား ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက ကြေညာသည် ။
ဖိလစ်ပိုင်၏ အမျိုးသား သဘာဝဘေးဒဏ် လျော့ချရေးနှင့် စီမံခန့်ခွဲမှု ကောင်စီ (NDRRMC) မှ ပြောရေးဆိုခွင့်ရှိသူ Rey Balido က သေဆုံးသူများထဲတွင် နှစ်ဦးမှာ ဓာတ်လိုက်၍ သေဆုံးခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ မိုးကြိုးထိမှန်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
တစ်နာရီလျှင် ၂၃၅မိုင်နှုန်းဖြင့် တိုက်ခိုက်ခဲ့သည် နိုင်ငံ၏ အဆိုးရွားဆုံး မုန်ုတိုင်းအတွက် မီမာမိုရာ၊ ဘီကို၊ ဗီဆေးယက် အနောက်းပိုင်းနှင့် အလယ်ပိုင်း၊ မင်ဒါနာ မြောက်ပိုင်း နှင့် ကာရာဂါဒေသတို့မှ အိုအိမ်အောင် ၁၄၅၆၄၉ (လူပေါင်း ၇၁၈၂၀၈ဦး) တို့ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးထားရသည်။ သူတို့တွက် ကုန်းတွင်းပိုင်းကျသော ယိုလန်ဒန်တွင် ကယ်ဆယ်ရေး စခန်းပေါင်း ၅၈၁ စခန်းဖွင့်ကာ စီမံပေးထားကြောင်း Balido က ဆိုသည်။
မုန်ုတိုင်းဒဏ် ခံရသော ဒေသအများစုတွင် လျှပ်စစ်မီး မရှိသည့် အရပ်များစွာ ရှိသည်။ NDRRMC မှ အလုပ်အမှုဆောင်ချုပ် Dduarodo del Rosario က မုန်တိုင်းမကျမီ အချိန်အတွင်း ထိရောက်သော ကာကွယ်ရေး အစီအစဉ်မား ချမှတ်နိုင်ခဲ့သဖြင့် အဖိတ်အဆင်နှင့် ဆုံးရှုံးမှု စာရင်းများမှာ ယခုကဲ့သို့ သက်သာရခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုမုန်တိုင်းဝင်သည့် ဒေသများတွင် ၁၉၉၀ခုနှစ်က ရူပင်းတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်စဉ်က သေဆုံးသူပေါင်း ၅၀၈ဦး၊ ဒဏ်ရာရသူပေါင်း ၁၂၇၈ဦးနှင့် ပျောက်ဆုံးသူပေါင်း ၂၄၆ဦးရှိခဲ့သည့် ဖြစ်ရပ်ဆိုးနှင့် နှိုင်းဆလျှင် အလွန်သက်သာသော နှစ်ဟုဆိုရမည်ဖြစ်သည်။
ယခုနောက်ဆုံး သဘာဝဘေးဒဏ် ခံစားရသည့် အချိန်တွင် အဓိက အခက်အခဲတစ်ခုမှာ ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခြင်းက အကြီးမားဆုံး အခက်အခဲတစ်ခု သဖွယ်ဖြစ်နေခဲ့သည်။
Ref: AFP
The Myanma Age
အပြည့်အစုံသို့ »
Miss Universe 2013ရဲ့ ရင်ခုန်စရာအကောင်းဆုံးအချိန်
ရုရှနိုင်ငံမော်စကိုမြို့ Crocus City Hall မှာယနေ့ ညကျင်းပတဲ့
Miss Universe 2013နောက်ဆုံးအဆင့်ပွဲစဉ်မှာပြိုင်
ပွဲခန်းမတွင်းကိုယ်တိုင်ကိုယ်ကျအားပေးဖို့ ရောက်နေခဲ့သူတွေနဲ့ 
အတူကမ္ဘာအနှံကမြန်မာတွေလည်းရင်ခုန်ခဲ့ရပါတယ်။
မြန်မာကိုယ်စားပြုအလှမယ်အတွက်ရင်ခုန်စရာအကောင်းဆုံး
အချိန်ဖြစ်ခဲ့တဲ့နောက်ဆုံးအဆင့်အလှမယ်၁၆ယောက်ရွေးချိန်
ပြီးခဲ့ပေမယ့်ဆက်လက်ပြီး1. Miss Costa Rica,2. Miss Ukraine,
3. Miss China,4. Miss Ecuador,5. Miss Great Britain,
6. Miss Indonesia,7. Miss Venezuela,8. Miss Dominican Republic,
9. Miss Puerto Rico,10. Miss Spain,11. Miss USA,12. Miss Nicaragua,
13. Miss Switzerlands,14. Miss India,15. Miss Brazil နဲ့ 16. Miss Philippines
တို့ ဆန်ကာတင်အလှမယ်၁၆ယောက်အဖြစ်ယှဉ်ပြိုင်ကြရာမှာလည်းရင်ခုန်
ကြရပါတယ်။အလှမယ်၁၆ယောက်ဦးမှဆက်လက်ရွေးချယ်ရာ
1. Miss Spain,2. Miss Philippines,3. Miss Great Britain,4. Miss India,
5. Miss Brazil,6. Miss USA,7. Miss Ukraine,8. Miss Ecuador,
9. Miss Venezuela,10. Miss Dominican Republic တို့ Top10
အဖြစ်ဆန်ကာတင်အလှမယ်၁၀ဦးအဆင့်ရောက်ခဲ့ပါတယ်။
Top5 နောက်ဆုံးဆန်ကာတင်အလှမယ်၅ဦးအဆင့်ကိုတော့
1. Miss Ecuador,2. Miss Brazil,3. Miss Spain,4. Miss Philippines,
5. Miss Venezuela တို့ ရောက်ရှိတက်လှမ်းနိုင်ခဲ့ကြပါတယ်။
Miss Universe 2013နောက်ဆုံးအဆင့်နောက်ဆုံးဆန်ကာတင်
၅ဦးအနက်မှ2nd Runner Up ဆုကို Miss Ecuadorက ရရှိကာ
1st Runner Up ဆုကိုMiss Spainကရရှိပြီး MissUniverse2013
သရဖူကိုMiss Venezuela ကဆွတ်ခူးရရှိသွားခဲ့ပါပြီ။
Popular Journal
အပြည့်အစုံသို့ »