ဖားကန့်ပစ်ခတ်မှုနဲ့ ဆက်နွယ်မှု မရှိကြောင်း KIA ငြင်းဆို


ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ်အတွင်း ပစ်ခတ်မှုဟာ ကချင် လွတ်လပ်ရေးအဖွဲ့ KIA နဲ့ပတ်သက်မှုမရှိဘူးလို့ ဒီဒေသတွင်းမှာ အခြေစိုက်တဲ့ အရင် KIA တပ်ရင်း၆ တပ်ရင်းမှူးဟောင်းက ပြောပါတယ်။ စနေနေ့ မနက် အစောပိုင်းက ဖြစ်ပွားတဲ့ပစ်ခတ်မှုမှာ အစိုးရတပ်က အရာရှိတဦးအပါအ၀င် ၆ ယောက် သေဆုံးပြီး ဒါဟာ အချင်းချင်း မှားယွင်းပစ်ခတ်တာလို့ ဒေသခံတွေက ပြောဆိုတာတွေရှိပေမယ့် အခုချိန်ထိတော့ ဘယ်သူလက်ချက်ဆိုတာ အတည် မပြုနိုင်သေးပါဘူး။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်ဖက်က အရာရှိအပါအ၀င် လူ (၆) ယောက် သေဆုံးခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့နယ်ခွဲအတွင်းက နန့်ယားရွာ ဘုန်းကြီးကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အရင် KIA တပ်ရင်း (၆) ရဲ့ တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ဒီပစ်ခတ်မှုဟာ KIA တပ်ဖွဲ့နဲ့ မပတ်သက်ကြောင်း အခုလို ပြောဆိုပါတယ်။

“အဲဒါ ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှုမရှိဘူးဆိုတာ သက်သေအထောက်အထား အားလုံးရှိတယ်။ ဒီပတ်ဝန်းကျင်မှာ ကျနော်တို့ရဲဘော် တစ်ယောက်မှ မရှိဘူး။ ကျနော်တို့က ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားကျောင်းတို့၊ စေတီပုထိုးတို့၊ ဘုရားကျောင်းဝင်းတို့ကို ပစ်ဖို့၊ ခတ်ဖို့ ကျနော်တို့ဘက်က အမိန့်မရှိဘူး။ ပစ်တဲ့ ရဲဘော်တွေမှာတော့ အများကြီး အပစ်ဒဏ်ခံရမှာပေါ့နော။ ဘာသာရေးနဲ့ ပတ်သက်ရင် ဘယ်ဘာသာမဆို ဘာသာရေးကျောင်းဝင်းထဲမှာ ပစ်ဖို့ ခတ်ဖို့ အထက်က အမိန့်ကတော့ လုံးဝမရှိဘူး။”

နှစ်ဖက်တပ်တွေအကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမဖြစ်အောင်လည်း အထက်က ညွှန်ကြားချက် ပေးထားတယ်လို့ ဒုဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ဆက်ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ပြဿနာမဖြစ်အောင် တပ်ရင်းတပ်ဖွဲ့တွေအားလုံး ထိန်းသိမ်းဖို့ အထက်က ညွှန်ကြားထားတာ အမြဲတမ်းရှိပါတယ်။ စစ်သား စုဆောင်းတာတို့၊ လူမျိုးရေးဖြစ်ပွားနိုင်တဲ့အတိုင်းအတာမျိုး အားလုံး ရှောင်ကျဉ် ဖို့၊ ငြိမ်းချမ်းရေးကို ပျက်စီးနိုင်တဲ့ စကားမျိုး၊ ထိပ်တိုက် ရင်ဆိုင်မှု ပက်ပင်းတိုးမှ ဖြစ်တဲ့ဟာမျိုးလည်း မဖြစ်အောင်တော့ ကိုယ့်အပိုင်းကနေ ရှောင်ကျဉ်ဖို့တော့ အမြဲတမ်း ညွှန်ကြားချက်ပေးပါတယ်။”

ကချင်ပြည်နယ်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင် ကတော့ စနေနေ့ မနက်အစောပိုင်းက ဖြစ်ပွားတဲ့ပစ်ခတ်မှုဟာ အချင်းချင်း မှားယွင်းပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။

“နမ့်ယားမှာ တပ်က အချင်းချင်းတိုက်ကြတာ။ ကားမိုင်းမြို့နယ်ထဲမှာပါ။ ဘုန်းကြီးကျောင်းမှာ အချင်းချင်းပဲ ကင်းစောင့်တဲ့လူလဲရမယ့် အချိန်မှာ ချော်လဲတာလား၊ ဘာလား အဲဒါနဲ့ သေနတ်လွတ်သွားတယ်ထင်တယ်။ သေနတ် (ကျည်) ထွက်သွားတော့ ရန်သူအောက်မေ့ပြီး ပစ်ကြ ခတ်ကြရင်းနဲ့ အိပ်နေတဲ့သူတွေရော ထပြီးပစ်ကြတော့ အချင်းချင်းထိသွားတဲ့သဘောလို့ အဲဒီလိုပဲ သိရပါတယ်။--ကလည်း အဲဒါ စုံစမ်းပေးပါဆိုလို့ စုံစမ်းပီးတော့ ကျနော်တို့ အကြောင်းကြားပြီးပါပြီ။”

ဒေသခံတွေကတော့ အစိုးရရဲ့ တပ်မ (၁၀၁) လက်အောက်ခံ (၁၄၀) က အချင်းချင်း မှားယွင်းပစ်ခတ်တာ ဖြစ်ကြောင်းနဲ့ သေဆုံးသူတွေ ထဲမှာ ဗိုလ်ကြီး တဦးပါဝင်ကြောင်းနဲ့ ဒီကနေ့မှာတော့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေကြာင်း ပြောပါတယ်။

ဒီသတင်းကို အတည်ပြုနိုင်ဖို့ ကားမိုင်းရဲစခန်းကို စုံစမ်းမေးမြန်းရာမှာ တာဝန်ကျရဲအရာရှိက အခုလို ပြောပါတယ်။

“ကျနော်တို့လည်း မသိသေးဘူးဗျ။ တပ်ဖွဲ့တစ်ဖွဲ့တော့ သွားကြတာပဲ။ ဘယ်လိုလဲ မသိသေးဘူး လောလောဆယ်။”

မြန်မာပြည်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ အရင်နှစ် ဇန်န၀ါရီလ အတွင်းက အစိုးရတပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပါတယ်။

ဒီလအတွင်းမှာတော့ KIA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဟာ ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဆုံပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရှိနေပါတယ်။

ကိုမိုးဇော် (ဗွီအိုအေ)

အပြည့်အစုံသို့ »

နည်းပညာအသုံးချရေး Tech Camp ကို ရန်ကုန်တွင် ပထမဆုံးကျင်းပ


နည်းပညာပိုင်းမှာ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နောက်ကျခဲ့ရတဲ့ မြန်မာလူငယ်တွေအတွက် တီထွင်ထားပြီးသား နည်းပညာတွေကို ဘယ်လိုအသုံးချမလဲဆိုတာ ပြသဆွေးနွေးတဲ့ Tach Camp ကို ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁၃ရက်က စတင်ကျင်းပခဲ့ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီဆွေးနွေးပြသပွဲကို အမေရိကန်သံရုံး၊ USAID နဲ့ MiDo တို့ပူးပေါင်းတာဖြစ်ပြီး ဒီပြသဆွေးနွေးပွဲ အောင်မြင်မှုရလဒ်ကတော့ တက်ရောက်လာတဲ့ လူငယ်တွေအပေါ်သာ မူတည်နေတယ်လို့ ဘလော့ဂါ နေဘုန်းလတ်က ဆိုပါတယ်။

မြန်မာလူငယ်တွေဟာ နည်းပညာပိုင်း အသိနောက်ကျနေတာမျိုးမဟုတ်ဘဲ ပြည်တွင်းမှာ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေရှိနေတာကြောင့် ဗြိတိန်နိုင်ငံက ထုတ်တဲ့ နည်းပညာကုန်ပစ္စည်းတစ်ခုကို လာပြီး မိတ်ဆက်တာလို့ ကိုကိုရဲက ဆိုပါတယ်။

နည်းပညာဆိုင်ရာ ခေါင်းစဉ် ၁၆ခုခွဲပြီး ကြိုက်နှစ်သက်ရာ နည်းပညာအကြောင်း လေ့လာနိုင်ဖို့စီစဉ်ထားတဲ့ ဒီ TechCamp ကို နယ်အသီးသီးက လူငယ် ၁၅ဝကို တက်ရောက်ခွင့်ပေးခဲ့ပြီး ကုန်ကျစားရိတ်တွေကို တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။
Kamayut Media

အပြည့်အစုံသို့ »

အာဇာနည်ပန်းခြံကို မြို့အဂ်ါရပ်နှင့်အညီ ပြောင်းလဲရန် မြို့အထောက်အကူပြုအဖွဲ့များလိုလား


လားရှိုး၊ ဇန်န၀ါရီ ၁၃။

လားရှိုးမြို့တွင်းရှိ အာဇာနည်ကျောက်တိုင်ရှိရာ ပန်းခြံကို မြို့အဂါင်္ရပ်နှင့်အညီ ပြုပြင်ပြောင်းလဲပေးရန် မြို့အထောက်အကူပြုများနှင့် ဒေသခံများမှ ဆန္ဒရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

မြို့ထောက်ကူပြုများ အနေဖြင့်လဲ “ဟုတ်ပါတယ် လားရှိုးမြို့ဆိုတာက ရှမ်းပြည်ရဲ့ ဒုတိယမြို့တော်လဲဖြစ်တာပေါ့နော်။ အဲ့ဒီမြို့ဆိုတာက မြို့အဂါင်္ရပ်နဲ့အညီ ဖြစ်သင့်ပါတယ်။ ဒီအာဇာနည်ကျောက်တိုင်တည်ရှိတာကလဲ မြို့ဝင်ပြည်ထောင်စု လမ်းမကြီးဘေးမှာ ရှိနေတာဆိုတော့ အမြင်ကောင်းအောင်ပေါ့ဗျာ။ ပြီးတော့ဟိုဘေးက ကားလမ်းကလဲ အရင်က ပန်းခြံ နေရာပါ လူကြီးတွေက ကောင်းမယ်ထင်လို့ လမ်းဖောက်တာထင်တယ်။ တကယ်ကျွန်တော် လေ့လာကြည့်တာပေါ့နော်။ သိပ်အသုံးမပြုသလိုပဲ ထင်ပါတယ်။ အဲ့ဒါလေးကိုလဲ ပန်းခြံနေရာအဖြစ် ပြန်ထားပေးမယ်ဆိုရင် တော်တော်လေး ကျယ်လာမယ်ထင်ပါတယ်။ အခုကြတော့ ပန်းခြံကသေးသေးကြော်ငြာဆိုင်ဘုတ် တိုင်လုံးတွေကကြီးနေတော့ ပန်ခြံထဲရှိတဲ့ ကျောက်တိုင်က ပျောက်နေတာပေါ့။ ဒါလေးပါပဲမြို့လှပပြီး ကျက်သရေရှိအောင် အကြံပြုတာပါ”ဟု မြို့ထောက်ကူပြုအဖွဲ့မှ ဦးကံမြိုင်က ပြောသည်။

ကျောက်တိုင်ရှိရာ ပန်းခြံနှင့်လားရှိုးမိုတယ်ကြားရှိ ကားလမ်းမကိုပန်းခြံနေရာ ပြန်လုပ်ပေးရန်ကို ဒေသခံမှ “အေးဗျာကျွန်တော်တို့မြို့မှာနေတဲ့လူတွေက အာဇာနည်ကျောက်တိုင် အာဇာနည်ကျောက်တိုင်လို့ ပြောကြတယ်။ အာဇာနည်နေ့ရောက်တိုင်း ခေတ်ကာလ အချိန်တိုင်း ခေတ်လူငယ်တွေက အာဇာနည်ကျောက်တိုင်ကို ရှာမတွေ့သလောက် ဖြစ်နေတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီကျောက်တိုင်ဟာ ထည်ထည်ဝင်းဝင်းနဲ့ သူနေရာနဲ့သူ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ လူလဲထင်သာမြင်သာ ရှိတာပေါ့နော်။ အခုကကျောက်တိုင်ကမြို့ အဂါင်္ရပ်နဲ့ မကိုက်ညီတော့ဘူးဖြစ်နေပြီ။ ကျောက်တိုင်ခြေကို လမ်းတောင်ဖောက်ထားတော့ နေရာကကျဉ်းလာတယ်။ လွန်ခဲ့တဲ့နှစ်တွေဆို ခြုံတွေ အဲ့ဒီလောက်အထိ ရှိခဲ့တာ။ နောက်ပိုင်းမှပွင့်လင်းမြင်သာရှိလို့ ကျောက်တိုင်ကရုပ်လေး နဲနဲပြန်ပေါ်လာတာ။ ကျွန်တော်တို့ အမြင်ကတော့ ဒါဟာသမိုင်းတစ်ခုဗျ။ ခေတ်အဆက်ဆက်အတွက် သမိုင်းဖြစ်တဲ့ ကျောက်တိုင်ကိုကျယ်ဝန်းပြီးတော့ စည်ကားလာမယ်ဆိုရင် မြို့လဲဂုဏ်တက် စေတာပေါ့”ဟု ဒေသခံ ပလောင်တိုင်းရင်းသား ဦးထွန်းကြည်က ပြောသည်။

ပြည်ထောင်စုလမ်းမဘေးရှိ အာဇာနည်ကျောက်တိုင်၏ ဘေးပတ်လည်တွင် ကြောငြာ ဆိုင်ဘုတ်များ
များစွာ အသုံးပြုထားသောကြောင့် ကျောက်တိုင်ကို သေချာရှာကြည့်ရကြောင်း၊ နံနက်အချိန်တွင်လဲ မြို့ပြင်မှ ဆွမ်းခံကြွလာသော သံဃာတော်များမြို့ပြင်သို့ ပြန်လည်ကြွမြန်းရန် ကျောက်တိုင်နားတွင် စောင့်ဆိုင်းသောနေရာတစ်ခုလဲဖြစ်ကြောင်း၊ ကျောက်တိုင်ရှိရာ ပန်းခြံကို ကျယ်ကျယ်ဝန်းဝန်း သန့်ရှင်းစွာ ထားရှိပေးမည်ဆိုပါက သံဃာများ၊ မြို့နေလူထု၊ အခြားဧည့်သည်များပါ လာရောက်အနားယူ အပန်းဖြေနိုင်မည်ဖြစ်ကြောင်း ပြည်သူများထံမှ သိရသည်။

စိုးမင်းနိုင်
The Myanma Age

အပြည့်အစုံသို့ »

လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ ဆလုံတိုင်းရင်းသား


မြန်မာနိုင်ငံ တောင်ပိုင်းက မြိတ်ကျွန်းစုတွေကို လူကြောင့်ပျက်စီးရတဲ့ ဝန်းကျင်ပြုန်းတီးမှု သိပ်ကိုနဲပါးတဲ့ ဒေသလို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ဒီအထဲမှာ တောင်မြောက်ရေမိုင် ၂၀ လောက်ရှည်ပြီး အရှေ့အနောက် ရေမိုင် ဆယ်မိုင်ထက်မပိုတဲ့ လမ်ပိကျွန်း (Lampi) ကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ၁၉၉၆ ခုနှစ်ကစပြီး နိုင်ငံတော်က အဏ္ဏဝါအမျိုးသားဥယာဉ်အဖြစ် သတ်မှတ်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်ကစပြီး  အာဆီယံ Heritage Park တခုအဖြစ် သဘာဝအမွေအနှစ်ကို ထိမ်းသိမ်းဖို့ သတ်မှတ်ခဲ့တဲ့ ကျွန်းလည်းဖြစ်ပါတယ်။


တမိုင်ကျော်ရှည်လျားတဲ့ လှပတဲ့ သဲဖြူသောင်တွေနဲ့ မပျက်စီးသေးတဲ့ ကောင်းမွန်တဲ့ သန္တာကျောက်တန်းတွေ၊ ကညင်ပင်လို ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်လုနီး ရှားပါးတဲ့ မျိုးစိတ်တွေနဲ့အတူ သက်တမ်းအရင့်ဆုံး လမုတောတွေနဲ့ မိုးသစ်တောပေါက်ရောက်ပင် အတော်များများ စုံစုံလင်လင် ရှိနေတာ၊ sea grass လို့ခေါ်တဲ့ ပင်လယ်မျက်ခင်းတွေအပြင် ဒီဒေသကို မှီခိုနေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေနေထိုင်တာလိုမျိုး ထူးခြားချက်တွေကြောင့် အင်းလေးတို့၊ အင်းတော်ကြီးတို့၊ အလောင်းတော်ကဿဖ ဥယာဉ်တို့လို နိုင်ငံတော်အဆင့် ထိမ်းသိမ်းဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုထိ ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက် အားနဲနေသလို ရှားပါးသစ်ခိုးထုတ်မှုတွေနဲ့ ဒေသနေ ဆလုံတိုင်းရင်းသားတွေကို ယိုင်းပင်းမှုအားနဲနေတာတွေ့နေရတာပါ။

ဆလုံတိုင်းရင်းသားတွေဟာ သူတို့နဲ့ ပင်ကိုယ်စားရိုက် ရိုးရိုးအေးအေးနေလေ့ရှိသလို ရေနဲ့ အသက်မွေးတဲ့ သူတို့ရဲ့ ဇီဝမျိုးစိတ်တွေ ထိမ်းသိမ်းတတ်တဲ့ ချစ်စရာဓလေ့တွေက သိပ်ကိုထူးခြားတယ်လို့ BANCA  Biodiversity and Nature Conservation Association က ဥက္ကဌ ဒေါက်တာ စောမွန်သိမ့်ကပြောပါတယ်။
VOA Burmese News

အပြည့်အစုံသို့ »

သံဖြူဇရပ်မြို့၌ ရပ်ကွက်လူကြီးမှ လစဉ်ထောက်ပံ့ကြေးဟု ခေါင်းစဉ်တပ်က ပိုက်ဆံများ ခြိမ်းခြောက်ကောက်ခံနေ


မွန်ပြည်နယ်  သံဖြူဇရပ်မြို့  ကွမ်းသတ်ကျေးရွာ အုပ်ချူပ်ရေးမှူးသည် ဒီဇင်ဘာလ အတွင်းချပေးသော တန်းဖိုးနဲဖုန်း ၁၇လုံး ခွဲတမ်းရရှိခဲ့ပါသည် ကျေးရွာလူထု အတွက် (၁၀)လုံးသာ မဲဖောက်ခဲ့ပြီး ကျန်(၇)လုံးကို ကိုယ့် အကျိုး အတွက် အသုံးချနေကြပါသည်၊အစိုးရမှချပေးလျှက်ရှိသော ဖုန်းခွဲးတမ်းများကို လစဉ် ကိုယ့်သဘောနှင့်ကိုယ် ယူပြီး  ကျေးရွာလူထုအပေါ် ခေါင်းပုံဖြတ်လျှက် ရှိပါသည်၊ထိုမျှမက မဲပေါက်သော ပြည်သူများအပေါ် ၁၅၀၀ ကျပ် အစား ၆၀၀၀ကျပ် ကောက်ခံလျှက်ရှိပါသည်၊ တဖန် ပြည်သူ့စစ် များအတွက်  လစဉ်ထောက်ပံ့ကျေးဟုဆိုကာ တစ်အိမ် (၁၀၀၀) ကျပ် ကောက်ခံပြီး မပေးသောအိမ်ကို ကျေးရွာနားရေးအသင်းမှ ထုတ်ပယ်ပြစ်မည်ဟုခြိမ်းခြောက် ကောက်ခံလျှက်ရှိရာ အိမ်ခြေ (၄၀၀) ကျော်အတွက် ပုံမှန် လေးသိန်ကျော်ငွေကို လစဉ် ကောက်ခံလျက်ရှိပေမယ့်လည်း ရွာထဲတွင် ဆိုင်ကယ် စက်ဘီး အခြားအသုံးအဆောင်ပစ္စည်းမျာ လစဉ် အခိုးခံနေရပြီး တခါတရံ အိမ်ပေါ်တက်ပြီး ခိုးနေတာ ကြုံနေရကြောင်း တခါမှဖမ်းဆီနိုင်ချင်း မရှိကြောင်း ကျေးရွာနေထိုင်သူ ဦး+++(အမည်မဖော်လိုသူ) မှရင်ဖွင့်သွားပါသည်၊ ယခုလည်း ကွမ်းသတ်ကျေးရွာ  အုပ်ချူပ်ရေးမှူး ဦးမြသန်းမှ ကန်တူးငါမွေး စီးမံကိန်းဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် (၃၀၀၀၀)ကျပ် ကောက်ခံဖို့ အစီအစဉ် ချမှတ်လျှက်ရှိနေ၍  ကျေးရွာသားအနေဖြင့် ဖိနှိပ်ခံလျှက်ရှိနေကြပြီး ၊ နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချူပ်ရေးစနှစ် ၊ သန့်ရှင်းသော အစိုးရ ကို ဖော်ဆောင်နေသော အချိန်ကာလ၌ ယခုကဲ့သို့ ကွမ်းသတ် အုပ်ချူပ်ရေးမှူး ဝန်ထမ်းမျိုး မရှိသင့်သောကြောင်းလည်း ကျေးရွာနေ ပညာတတ် လူငယ်တစ်ဦးမှ ပြောဆိုသွားပါကြောင်း သတင်းရရှိပါသည်။
Thanbyuzayat Watch

Myanmar CNN မှ တင်ဆက်သည်

အပြည့်အစုံသို့ »

အကောင်းဆုံး သတင်းဆောင်းပါးရေးသူ မြန်မာဂျာနယ်လစ် ၆ယောက်ကို ဆုချီးမြှင့်


သတင်းဆောင်းပါး သင်တန်းတွေပေးခဲ့တဲ့ Yangon Media Initiatives –YMI က မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ်နဲ့ အကောင်းဆုံး သတင်းဆောင်းပါး ၆ပုဒ်ကို ဇန်နဝါရီ ၁၃ရက်နေ့က ရွေးချယ်ပေးအပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လုပ်ခဲ့တဲ့ သင်တန်း ၆ခုမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသားတွေက ပေးပို့တဲ့ ဆောင်းပါး ၄၈ပုဒ်ထဲက သတင်းဆောင်းပါးရဲ့ စံချိန်စံညွှန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အမှတ်ပေးစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သင်တန်းဆရာ ဦးရဲနိုင်မိုးက ဆိုပါတယ်။

အကောင်းဆုံး Feature Writing ဆုကို ပေါ်ပြူလာနယူးစ်က မေဇင်ဝင်း၊ In-depth Reporting ဆုကို မော်ကွန်း မဂဇင်းက ခင်မောင်မြင့်၊ Feature Story Idea ဆုကို 7 Day က အေးသူစံ၊ Untold Story ဆုကို 7 Day က ငြိမ်းချမ်း၊ Field Reporting ဆုကို True News က စောလင်းထက်နဲ့ Human Interest ဆုကို ကုမုဒြာဂျာနယ်က သက်စုအောင်တို့ ရရှိခဲ့ပါတယ်။

သမ္မတ၏အမျိုးသမီးကိုယ်ရံတော် ဆောင်းပါးနဲ့ Feature Story Idea ဆုရခဲ့တဲ့ အေးသူစံက ကိုယ်ရံတော်အမျိုးသမီးနဲ့ အင်တာဗျူးရဖို့ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

နယူးဧရာဟိုတယ်မှာကျင်းပတဲ့ ဒီဆုပေးပွဲကို YMI နဲ့အတူ ပျိုးပင်အဖွဲ့တို့ ပူးပေါင်းချီးမြှင့်တာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း သင်တန်းနဲ့ ဆုရွေးချယ်ရေးတွေ ဆက်လက်လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
Kamayut Media

အပြည့်အစုံသို့ »

နွေရာသီမီးဘေးကာကွယ်မှုအတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှဆောင်ရွက်


မိုးညှင်း၊ ဇန်နဝါရီ ၁၃။

ကချင်ပြည်နယ်မိုးညှင်းခရိုင်မိုးညှင်းမြို့တွင် နွေရာသီမီးဘေးကြိုတင် ကာကွယ်မှုအတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရှေ့စုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက အင်အား၅၀ဖြင့်  ရွှေသာလျောင်းဘုရားရေလှောင်ကန်အတွင်း ရေများဖြည့်တင်းနိုင်ရန်အတွက် ရှေ့စုရပ်ကွက် ပုညရှင်ဘုန်းကြီးကျောင်းအနီးမှ ရွှေသာလျောင်းဘုရားရေကန်ကြီးစပ်အထိ၂မိုင်ကျော်ကွာဝေးသော ရေမြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များ၊ ပြိုကျနေသော မြေသားများကို ရှင်းလင်းခြင်း၊ သဲအိတ်များဖြင့်ဆည်များပိတ်ခြင်းတို့ကို နံနက်(၇)နာရီမှ စတင်ဆောင်ရွက်ခဲ့ကြသည်၊

မိုးညှင်းမြို့နယ်အတွင်း နွေရာသီမီးလောင်မှုများ ဖြစ်ပွားခဲ့သော် အချိန်မီ မီးသတ်ကားသို့ ရေလှောင်ကန်အတွင်းမှ ရေများ စုတ်တင်ပေး နိုင်ရန်အတွက်မီးဘေး ကြိုတင်ကာကွယ်မှုအဖြစ် ရှေ့စုရပ်ကွက် ရွှေသာလျောင်း ဘုရားရေကန်ကြီးစပ်တွင် ၂၅ကောင် ဒီဇယ်အင်ဂျင်၁လုံး ထားရှိကာ ရေလယ်ပိုက်အား ပန့်နှစ်လုံးထိုင် ရေပိုက်ခေါင်းအား တပ်ဆင်မည်ဖြစ်၍ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ပြည့်စုံစွာ ကာကွယ်နိုင်တော့မည် ဖြစ်ကြောင်း၊ မီးသတ်ဦးစီးဌာနတွင် မီးသတ်ကား၃စီး၊ အရန်မီးသတ် တပ်ဖွဲ့တွင် မိုးညှင်းမြို့ပြည်သူများ လှူဒါန်းထားသော မီးသတ်ကား၂စီးတို့အတွက် ပြည့်စုံစွာ ရေတင်နိုင်တော့မည်ဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ ဦးထွေးပြောသည်။



မိုးညှင်းမြို့တွင် မီးသတ်ရေကန်(၁၁)ကန် ရှိသော်လည်း ရွှေသာလျောင်း ရေကန်သည် ရေ၀င်မြောင်းများရှိသည့် အပြင်စိမ့်စမ်း ရေကန်ဖြစ်ပြီး အလျား၊ အနံပေ ၄၀၀ခန့် ကျယ်ဝန်းသောကြောင့် မီးဘေးအတွက် အားအထားရဆုံး ရေကန်ဖြစ်ကြောင်း၊ မီးသတ်ရေတင်စက်ကို ပြည်သူ့လွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ကို သိရ၍ လွှတ်တော်ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း အရှေ့စု အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပြောခဲ့သည်။

သီဟအောင်(ကချင်)
The Myanma Age

အပြည့်အစုံသို့ »