အာဖဂန်နစ္စတန်နိုင်ငံ စားသောက်ဆိုင်တဆိုင်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၁ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က လက်ဘနွန်စားသောက်ဆိုင်တဆိုင်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့ညက အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။

နိုင်ငံခြားသား ၁၃ ဦး သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပြီး အိုင်အမ်အဖ်ကိုယ်စားလှယ်တဦးနဲ့ ကုလသမဂ္ဂ၀န်ထမ်း ၄ ဦးလည်း သေဆုံးခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ဘာလီဘန်တွေက ဖောက်ခွဲမှုအတွက် တာဝန်ရှိတယ်လို့ ကြေညာခဲ့ပြီး ပြီးခဲ့တဲအပတ်က ပါရှဝါပြည်နယ်အတွင်း အရပ်သားတွေ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လက်စားချေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကဘူးမြို့လယ်က အဆိုပါ လက်ဘနွန်စားသောက်ဆိုင်ဟာ နိုင်ငံခြားသားတွေ အသွားများပြီး ညစာစားသောက်ချိန် ည ၇ နာရီခွဲမှာ တာလီဘန်တဦးက အသေခံဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံသား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးတာနဲ့ သေနတ်သမား ၂ ဦးကလည်း မိနစ် ၂၀ လောက် ၀င်ရောက် ပစ်ခတ်သွားသေးတယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင် စားဖိုမှူးက အရှေ့က ပေါက်ကွဲသံ၊ ပစ်ခက်သံတွေကြောင့် ခေါင်မိုးပေါ် တက်ပြေးခဲ့ပြီး မီးခိုးခေါင်းတိုင်ထဲမှာ ၂ နာရီကြာလောက် ပုန်းနေခဲ့ရတယ်လို့ ဆိုပါတယ်။ အာဖဂန်သမ္မတ ကာဇိုင်းက တိုက်ခိုက်မှုအတွက် ချက်ချင်းပဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
DVB Burmese

အပြည့်အစုံသို့ »

စကတ်ဝတ်ဖို့အတွက် ကျောင်းထွက်ခဲ့သူ


ရုရှားနိုင်ငံမှာ နေထိုင်သူ Vladimir Fomin ဟာ စကတ်ဝတ်ခြင်းကို ခုံမင်သူ ဖြစ်ပါတယ်။ စကတ်ဝတ်ပေမယ့် မိန်းမစိတ် ဝင်သူ မဟုတ်ပါဘူး။ စကတ်ဝတ်ပြီး နေရတာကိုပဲ အဆင်ပြေတယ်၊ သင့်လျော် တယ်လို့ လက်ခံထားခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း တက္ကသိုလ်ကနေ အထုတ်ခံရပါတယ်။ ရုရှားက Ivanovo University မှာ သင်္ချာဘာသာကို စကော်လာရှစ်နဲ့ ကျောင်းတက်ခွင့်ရ ပါတယ်။ ကျောင်းဆရာများက စကတ်မဝတ်ဖို့ အကြိမ်ကြိမ်တားပေမယ့် ဝတ်ဆင်ခဲ့ ပါတယ်။ သူ့အနေနဲ့ ငယ်စဉ်ကတည်းက စကတ်ဝတ်ရ တာကိုသာ နှစ်သက်ပြီး ကျောင်းတက်တဲ့ သက်တမ်းအလျှောက် အဆူခံ အဆဲခံပြီး ဝတ်ဆင်ခဲ့တာ ဖြစ်ပါ တယ်။ နောက်ဆုံးတော့ တက္ကသိုလ် အထိ ရောက်လာသည့်တိုင် ဗီဇ မဖျောက်ပါဘူး။ မိန်းကလေးတွေ သာ စကတ်ဝတ်ရတယ်လို့ ဥပဒေမသတ်မှတ်ထားကြောင်း ယောင်္ကျားလေးတွေ လည်း စကတ်ဝတ်ဆင်ရန် အခွင့်အရေး ရှိကြောင်း ဆန့်ကျင်ပြောကြား ပါတယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ကျောင်းအထုတ်ခံရပြီး ယနေ့တိုင် စကတ်ဝတ်ဆင်လို့ နေထိုင်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။

Ref:oddnews
အောင်ခမ်း ( Yoyarlay )

အပြည့်အစုံသို့ »

လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ သဘာဝကျကျ ဆွေးနွေးချက်မျိုးဖြစ်သင့်

U Ye Tun

ဒုတိယအကြိမ်လွှတ်တော်ထဲ တကြိမ် ၀င်ရောက်ဆွေးနွေးခဲ့ပြီး ကတည်းက ၀င်ရောက် ဆွေးနွေးခြင်း မရှိတော့တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ န၀မ အကြိမ် လွှတ်တော်ထဲမှာ ပြန်လည်ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဇန်န၀ါရီ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက သမ္မတ သဘောထားမှတ်ချက်ကို ထောက်ခံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဆွေးနွေးချက်တွေဟာ သဘာဝကျကျ လွတ်လွတ်လပ်လပ် ဆွေးနွေးချက်မျိုး ဖြစ်သင့်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

ဦးရဲထွန်းကို ဒီဗွီဘီ ၀ိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
DVB Burmese

အပြည့်အစုံသို့ »

ဆီးရီးယားရဲ့ အနာဂတ်တွင် သမ္မတအာဆက် အတွက်နေရာမရှိကြောင်း ဂျွန်ကယ်ရီ ပြော


ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယားသမ္မတ ဘတ်ရှာ အယ် အာဆက်အနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ အနာဂတ်အတွက် နေရာမရှိကြောင်းနဲ့ အမေရိကန်အနေနဲ့ အာဆက်ကို ဆက်လက်ဖိအားပေးဖို့ အမြဲတမ်း ရွေးချယ်စရာရှိကြောင်း ဇန်န၀ါရီလ ၁၇ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျွန်ကယ်ရီဟာ နောက်အပတ် ဆီးရီးယားငြိမ်းချမ်းရေးကိစ္စဆွေးနွေးမယ့် ဂျီနီဗာ တူးညီလာခံမှာ အမေရိကန်အဖွဲ့ကို ခေါင်းဆောင်ပြီး တက်ရောက်မှာဖြစ်ပါတယ်။ ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစုက ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံမှာ သဘောထား ယူနေချိန်မှာပဲ ဂျွန်ကယ်ရီက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ဇေန်န၀ါရီလ ၁၇ ရက်နေ့က အပစ်အခတ်ရပ်စဲရေးနဲ့ စစ်သုံ့ပန်း ဖလှယ်ရေး အစီအစဉ်တွေကို မော်စကိုမြို့မှာ ချပြခဲ့ပေမယ့် ဒီအစီအစဉ်တွေဟာ ဂျီနီဗာ တူး ငြိမ်းချမ်းရေးညီလာခံကို လမ်းလွှဲဖို့ ကြိုးစားမှုသာဖြစ်တယ်လို့ ဂျွန်ကယ်ရီက ဝေဖန်ပြောဆိုခဲ့ပါတယ်။
DVB Burmese

အပြည့်အစုံသို့ »

ဆေးလိပ်အန္တရာယ် သိထားတာထက် ကြောက် မက်ဖွယ်


စီးကရက် သောက်ခြင်းရဲ့ အန္တရာယ်ဟာ အရင်တုန်းက ထင်ထားတာထက် ပိုပြီးတော့ ဆိုးဝါး ပြင်းထန်တယ်လို့ အမေရိကန် ပြည်ထောင်စု ဆေးမှုးချုပ်ရဲ့ အစီရင်ခံစာ အသစ်တစ်ခုက သတိပေး ဖော်ပြ လိုက်ပါတယ်။

ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ ဖြစ်စေတယ်ဆိုတာ အတည်ပြု ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာရဲ့ နှစ် ၅၀ပြည့် အထိမ်းအမှတ် အစီရင်ခံစာနဲ့အတူ အခုလေ့လာတွေ့ရှိချက် အသစ်ကို သောကြာနေ့တုန်းက ထုတ်ပြန်လိုက်တာပါ။

 ဆေးလိပ်သောက်ရင် အသဲနဲ့ အူမကြီးကင်ဆာ ဆီးချိုရောဂါ အရိုးအဆစ်ရောင်ရမ်းတာနဲ့ ပန်းသေပန်းညိုးရောဂါတွေပါဖြစ်နိုင်တယ်လို့ အဲဒီအစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။

၁၉၆၄ ခုနှစ်က သတိပေးချက်ပေါ်ထွက်ခဲ့ချိန် ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ကစပြီး အမေရိကန်ပြည်ထောင်စုမှာ ဆေးလိပ်သောက်သူ အရည်အတွက် ၄၂ ရာခိုင်နှုန်းကနေ ၁၈ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

၂၀၁၃ ခုနှစ်တွင် Apple App Store မှမိုဘိုင်း app ရောင်းချမှု ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့


Apple App Store မှမိုဘိုင်း app ရောင်းချမှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့ပြီး app download ပြုလုပ်သည့် အရေအတွက် ၃ ဘီလီယံနီးပါး ရှိခဲ့ကြောင်း Apple ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မိုဘိုင်း app ရောင်းချမှုတွင် Candy Crush Saga နှင့် Clumsy Ninja တို့ကရောင်းချမှုပမာဏ အများဆုံးဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့သည်။

Distimo မှထုတ်ပြန်ခဲ့သည့် အစောပိုင်းလေ့လာ ဆန်းစစ်ချက်အရ Apple App Store နှင့် GooglePlay တို့တွင်ဂိမ်းများကို download ပြုလုပ်ခြင်းနှင့် ဂိမ်းများမှဝင် ငွေရရှိခြင်းတို့က အရေးအပါဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် Google Play သည်သိသိသာသာ ပြောင်းလဲတိုး တက်လာသော်လည်း Apple App Store ၏ နောက်တွင်သာ ကျန်ရစ်နေဆဲဖြစ်သည်။ App Store မှရရှိသည့် ဝင်ငွေသည် ၂၀၁၃ ခုနှစ်စက်တင်ဘာလ အလယ်အထိ Apple က ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး Googel က ၃၅ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ Google အနေဖြင့် ဧပြီလက ၂၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ Apple Store နှင့် Play Store အကြားကွာဟမှုအပေါ် Business Insider မှ Jim Edwards ဆိုသူက Android များ သည် feature ဖုန်း၏နေရာတွင် အစားထိုးသုံးစွဲကြခြင်း ဖြစ်ပြီး Android သုံးစွဲသူများသည် ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်းနှင့် Bejeweled ဂိမ်းဆော့ခြင်းတို့ကိုသာ ပြုလုပ်ကြကာ ဈေးဝယ်ခြင်းကို မပြုလုပ်ကြကြောင်း သုံးသပ်ပြောကြားခဲ့သည်။

-နောင်နောင်
Ref: InfoWorld
Internet Journal

အပြည့်အစုံသို့ »

န၀င်းချောင်းကူးတံတား ပြိုကျမည့်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေ


ပြည်မြို့၊ န၀င်းနယ်မြေအတွင်းရှိ န၀င်းချောင်းကူးတံတားမှာ ရေတိုက်စားမှုနှင့် တန်ပိုယာဉ်များ မဆင်မခြင်မောင်းနှင်မှုကြောင့် ပျက်စီးယိုယွင်းလာကာ စိုးရိမ်ဖွယ်အနေအထားဖြစ်နေကြောင်း သတင်းရရှိသည်။

““မနှစ်က မိုးတွင်းတုန်းက ရေကြီးရေလျှံဖြစ်ခဲ့တာရယ်၊ ရေတိုက်စားမှုကြောင့်ရယ်၊ ညအချိန်တွေမှာ တန်ပိုယာဉ်တွေခိုးမောင်းတာတွေကြောင့် တံတားကြီးပျက်စီးမှုဟာ စိုးရိမ်စရာပါ။ ဒီနှစ်မိုးတွင်း ရေတက်လာရင် တိုင်တွေပြုတ်ပြီး ပြိုကျသွားနိုင်တယ်။ အခုတောင် အောက်ခြေတိုင်ကိုးလုံးလောက်က မြေကြီးနဲ့လွတ်ထွက်နေပြီ””ဟု ဒေသခံတစ်ဦးက ပြောသည်။

တံတားကြီးကို ၂၀၀၃ တွင် တည်ဆောက်ပြီး အရှည် ၂၅၇ ပေ၊ အကျယ် ၁၄ ပေရှိကာ သစ်သားသံကူ တံတားအမျိုးအစား ဖြစ်သည်။ တံတားကြီးတစ်ဖက်တွင် ကျေးရွာပေါင်း ၁၂ ရွာနှင့် သကြားစက်၊ ရဲတပ်ရင်း၊ သံချပ်ကာတပ်တို့ရှိပြီး ယင်းတို့အဓိကအားထား ဖြတ်သန်းသွားလာနေရသောတံတားဖြစ်သည်။
““ချောင်းရေတိုက်စားတာကြောင့် ချောင်းဘေးရွာက တချို့ အိမ်တွေဆို ဖယ်လိုက်ရတာရှိတယ်။ အခုဆို န၀င်းလမ်းကို တိုက်စားလာတာ ကတ္တရာလမ်းနဲ့ထိဖို့ တစ်ပေလောက်ပဲလိုတော့တယ်”” ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

ထို့ကြောင့်အဆိုပါတံတားကြီး ပျက်စီးလာမှုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက ““ဒီတံတားကြီးက အသစ်ပြန်လည်တည်ဆောက်မှကိုဖြစ်မှာ။ ခက်ခဲနေတာက တံတားက စည်ပင်အပိုင်လည်းမဟုတ်ဘူး။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်လည်းမဟုတ်ဘဲ ကြားထဲမှာ ပျောက်နေတယ်။ အဲဒီတော့ ပြည်သူ့ဆောက်လုပ်ရေးအပိုင်ထဲကိုရောက်အောင် အရင်ဆုံးလုပ်ရမယ်။ ကုန်ကျငွေက တိုင်းဒေသကြီးရန်ပုံငွေနဲ့လည်း မရနိုင်ဘူး။ ပြည်ထောင်စုအစိုးရရန်ပုံငွေနဲ့မှ ဖြစ်နိုင်မယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း တင်ပြထားပြီးသား။ နာယကကြီး ပြည်ကိုလာတုန်းကလည်း ထပ်ပြီးတင်ပြထားသေးတယ်။ ဒါပေမဲ့ အခြေအနေ မထူးသေးဘူး။ တံတားက ဒီနှစ်မိုးတွင်းကို မခံနိုင်လောက်ဘူး””ဟု ဆိုသည်။

ယခုနှစ်မိုးတွင်းကာလမရောက်မီ န၀င်းချောင်းကူးတံတားကို တည်ဆောက်ရေးအတွက် ရန်ပုံငွေ အမြန်ဆုံးရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မိုးတွင်းအမီ အစိုးရရန်ပုံငွေမရရှိသေးပါက တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ရန်ပုံငွေမှ ပြင်ဆင်စရိတ်တောင်းခံပြီး ပြင်ဆင်သွားရန်ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဇော်မင်းထိုက်
ပြည်

7day Daily

အပြည့်အစုံသို့ »