ခေါင်းမာတဲ့ ၀င်းဂါးကတော့ ဒီဈေးကွက်မှာလည်း သူ့ အသင်းအတွက် လူတစ်ယောက်မှ ၀ယ်မှာ မဟုတ်ပါဘူးတဲ့

   
ဒီဇန်န၀ါရီဈေးကွက်မှာ အာဆင်နယ်အသင်း ခေါ်ယူမယ့် ကစားသမားတွေအဖြစ် တစ်ယောက်ပြီး တစ်ယောက် နာမည်ထွက်ခဲ့ပေမယ့် လောလောဆယ်တော့ ဂန်းနားတို့ ဟာ သိသာတဲ့ပြောင်းရွှေ့ မှုတစ်ခုကို မပြုလုပ်သေးပါဘူး။ လွန်ခဲ့တဲ့လက ကလပ်အသင်းကစားသမား အများအပြား ဒဏ်ရာရရှိခဲ့မှုကြောင့် အာဆင်နယ်အသင်းဟာ ရှေ့ လာမယ့် ပွဲစဉ်တွေမှာ အင်အားအပြည့်နဲ့ ကစားနိုင်ဖို့ လူခေါ်ယူမှုတစ်ချို့ ကို မဖြစ်မနေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

မကြာသေးမီက ရှော်လ်ကေးကွင်းလယ်ကစားသမား ဂျူလီယန် ဒရက်စ်လာကို ခေါ်ယူဖို့ ကြိုးပမ်းချက် မအောင်မြင်ခဲ့တဲ့ ၀င်းဂါးကတော့ ဒီဈေးကွက်မှာ လူတစ်ယောက်မှ ၀ယ်ဖို့ အစီအစဉ်မရှိဘူးလို့ ခေါင်းမာမာ နဲ့  ငြင်းဆန်နေခဲ့ပါတယ်။

“ ကျွန်တော် လူဝယ်ဈေးကွက်ရာသီ ရောက်တိုင်း စာနယ်ဇင်းရှင်းလင်းပွဲတွေ သွားရတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိတယ်လို့ အမြဲ ခံစားရပါတယ်။ ဘာလို့ လည်းဆိုတော့ ကျွန်တော့်မှာ ဘယ်ကစားသမားကိုတော့ ခေါ်ယူမယ်ဆိုတဲ့ သတင်းမျိုး မရှိဘူးလေ။ ကျွန်တော်က မညာချင်ပါဘူး” လို့  အာဆင်နယ်အသင်းရဲ့ ပဲ့ကိုင်ရှင် ၀င်းဂါးကတော့ သူ့ ထုံးစံအတိုင်း အေးအေးစက်စက် ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ မှာ ချိန်ဘာလိန် ပြန်လာပြီလေ။ ဘန်တနာလည်း ပြန်လာပြီ ။ ပြီးတော့ အာတီတာ နဲ့ ရမ်ဆေး တို့ လည်း မကြာခင် ပြန်ပါဝင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့် ကစားကွက်မှာ အားလုံးပြည့်စုံနေပြီ။ နောက်အပတ်လောက်မှာလည်း ယာယာ ဆာနိုဂိုလည်း ပြန်ကစားနိုင်တော့မယ်။ ကဲဘာလို သေးလဲ ။ ဒီလောက် တောင့်တင်းတဲ့ လူစာရင်း ကျွန်တော်တို့ ပိုင်ဆိုင်ထားတာ။ တခြား အသင်းတွေ ကစားသမားတွေ ၀ယ်ကြတယ်။ ဒါပေမယ့် လူဝယ်တာနဲ့ တောင့်တင်းသွားပြီလို့ မဆိုလိုပါဘူး” လို့ လူဝယ်ရာသီရောက်တိုင်း ၀ယ်ဖို့ စကားတခါမှ မဟဘူးခဲ့တဲ့ ၀င်းဂါးကတော့ ထုံးစံအတိုင်း မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

လာမယ့် FA ဖလား စတုတ္ထ အကျော့မှာ အာဆင်နယ်အသင်းဟာ ကိုဗင်ထရီ အသင်းနဲ့ တွေ့ ဆုံရမှာဖြစ်ပြီး ၀င်းဂါးက “ ဒီပွဲစဉ်အတွက် ကျွန်တော်တို့ သေချာပြင်ဆင်ဖို့ လိုပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ဟာ အကောင်းဆုံးပုံစံရှိနေပေမယ့် ကျွန်တော်တို့ ကန်တဲ့ ပွဲစဉ်တိုင်းကို ပရိတ်သတ်အားလုံးက အလေးထားတာ လိုချင်ပါတယ်။ ကိုဗင်ထရီက ခက်ခဲတဲ့အသင်းတစ်သင်းဆိုတာ ကျွန်တော်ကောင်းကောင်း သိထားပါတယ်။ သူတို့ နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ အခက်အခဲတွေ ကြုံရပါလိမ့်မယ်လို့ ” ပြောကြားသွားခဲ့ပါတယ်။

Ref: skysports.com
Trend Myanmar

အပြည့်အစုံသို့ »

လာမယ့်တစ်ပတ်အတွက် မြို့တော်ကြီးတွေရဲ့ အအေးဓါတ်အခြေအနေ




ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ အအေးဓာတ်အခြေအနေပါ။ အခုလို ပြောပြတဲ့ အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

လာမယ့်တစ်ပတ်အတွက် မြို့တော်ကြီးတွေရဲ့ အအေးဓါတ်အခြေအနေ
တွေ့ရတဲ့အတိုင်းပြောရရင်ဖြင့်..

လာမယ့်တစ်ပတ်အတွင်း ဖြစ်လာနှိုင်မယ့် ညအပူချိန်(minimum temperatures) ခန့်မှန်းချက်တွေကို အမေရိကန်ပြည်ထောင်စု NOAA အဖွဲ့ကြီးက တွက်ထုတ်ထားချက်အရ

(၁) ရန်ကုန်မြို့မှာ (၂၄-၁-၂၀၁၄)ရက်နေ့ ပုံမှန်အောက် လျော့ပြီးအေးမယ်။ မနက်ဖန် (၂၅-၁-၂၀၁၄)ရက်ကစပြီး ပုံမှန်ရဲ့အထက် နည်းနည်းနဲ့ပြန်တက်လာပြီး (၂၈-၁-၂၀၁၄) ရက်ကစပြီး အအေးပေါ့လာမယ်တဲ့ဗျ။

(၂) နေပြည်တော်မှာတော့ လာမယ့်တစ်ပတ်အတွင်း (၂၇-၁-၂၀၁၄)ရက် တစ်ရက်တည်းသာ အအေးပေါ့နှိုင်ပါတယ်။ ကျန်ရက်တွေအားလုံး ညအပူချိန်တွေင်္ဟာ ဖြစ်မြဲအောက်လျော့ပြီး အအေးပိုနှိုင်ပါတယ်။

(၃) မန္တလေးမြို့ကတော့ လာမယ့်တစ်ပတ်လုံး ညအပူချိန်တွေဟာ ဖြစ်မြဲရဲ့အထက် 3 deg C လောက်မြင့်တက်နေပြီး အအေးပေါ့မယ်လို့ ခန့်မှန်းရရှိထားပါတယ်ဗျာ။
ဟဲ..ဟဲ..ကျွန်တော်လည်း ပြတင်းပေါက်ဖွင့်ကြည့်တော့ ရန်ကုန်မှာ ဒီနေ့အတွက်တော့ အအေးသားဗျ။ ဒိနေ့အတွက် ခန့်မှန်းတာ မှန်သွားပြီ။ နောက်ရက်တွေအတွက်တော့

သဗ္ဗေသတ္တာ ကမ္မသကာ၊
ကံ.ကံ၏အကျိုးပေါ့ဗျာ။

ဒေါက်တာထွန်းလွင်
မှတ်ချက်။ အခြားမြို့က မိတ်ဆွေတွေ မေးလာကြဦးမှာကို မြင်ယောင်နေသေးတယ်ဗျာ။

အပြည့်အစုံသို့ »

HRW စွပ်စွဲချက် RNDP ပါတီဥက္ကဌ ပယ်ချ


(နိရဉ္စရာ- ၂၄ ဇန်န၀ါရီလ ) / မောင်အေး

Dr-Aye-Maungလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW မှ ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ ခေါင်းဆောင်များ အပေါ် စွပ်စွဲချက်မှာ အခြေအမြစ် မရှိသော စွပ်စွဲချက်ဟု ဆိုကာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်က ပယ်ချလိုက်သည်။

HRW ( Human Rights watch) အဖွဲ့သည် ယခုလ ၂၂ ရက်နေ့က ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် မွတ်ဆလင်ဘင်္ဂလီ (သူတို့ အခေါ် ရိုဟင်ဂျာ)များကို လူမျိုးတုန်း သတ်ဖြတ်မူများ ရှိနေကြောင်း ဖေါ်ပြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင်တွေကိုယ်တိုင် ဘင်္ဂလီလူမျိုး (သူတို့အခေါ် ရိုဟင်ဂျာ) ဆိုသူများကို မျိုးတုံး သတ်ဖြတ်မူမှာ ပါဝင်သော အထောက်အထားတွေရှိသော်လည်း မြန်မာအစိုးရမှ မသိကျိုးကျွံပြုပြီး အရေးမယူဘဲထားခြင်းမှာ ထိန်ချန်ရာ ရောက်ကြောင်း အဲဒီအဖွဲ့က Phil Robertson ပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း)က ယခုလ ၂၂ ရက်နေ့က ဖေါ်ပြသည်။

HRW မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီခေါင်းဆောင်များကို စွပ်စွဲချက်မှာ ကြားစကားဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး သူတို့လိုတာကို မရသဖြင့် ရခိုင်လူမျိုးများအပေါ် ဖိအားပေးလို၍  နိုင်ငံရေး ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ယင်းပါတီ၏ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ ပြဿနာတခုကို တင်ပြတဲ့ အခါ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာ သုတေသန လုပ်ဖို့ အဖွဲ့စည်းတိုင်းမှာ တာဝန်ရှိပါတယ်။ ခိုင်ခိုင်မာမာ လေ့လာ သုတေသန လုပ်တာမဟုတ်ဘဲ စွပ်စွဲတာဟာ အလွန်အန္တရာယ်များပါတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်း သားများတိုးတက်ရေး ပါတီရဲ့ တရားဝင်ရပ်တည်မှုကို ပျက်ယွင်းလိုတဲ့ အင်အားစုတွေရှိပါတယ်။ ရခိုင်အမျိုးသားညီညွတ်ရေး တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေတာတွေကို နှောင့်နှေးစေလိုသူတွေ ရှိပါတယ်။ အဲဒီသူတွေရဲ့ စွပ်စွဲချက်ကို အခြေခံပြီး အစီရင်ခံစာ ရေးသားထုတ်ဝေတာဟာ နိုင်ငံရေး ပယောဂ မကင်းဘူးလို့ ယူဆလို့ရပါတယ်။ ရေးတဲ့ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်” ဟု ဆိုသည်။

တိကျခိုင်လုံသော အထောက်အထားမရှိဘဲ စွပ်စွဲချက်သည် မမြင်နိုင်သော ရည်ရွယ်ချက်များနှင့် သူတို့ ဖြစ်လိုရာကို တွန်းပို့လို၍ ရေးသားခြင်းသာ ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်ဆိုသည်။

ယင်းပြင် ယခုအစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မူဟု သုံးနှုန်းထားခြင်းမှာလည်း အလွန်တရာ ကြောက်စရာကောင်းသည်ဟုလည်း ဒေါက်တာ အေးမောင်ကဆက်ပြောသည်။

“ ဒီစကားလုံကို သုံးနေတာကြာပါပြီ။ Aljazeera မှာတုန်းကလည်းသုံးတယ်။ အထူးသဖြင့် မူဆလင်နိုင်ငံတွေမှာ ဖြစ်ပျက်နေမှုတွေ၊ အခု Centra Africa republic မှာဖြစ်ပျက်နေမှုတွေ။ ကျွန်တော်တို့ သိသလောက် ဆိုရင် မူဆလင်တွေနဲ့ ခရစ်ယာန် ဒီလိုကိစ္စတွေမှာ ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှုဆိုတဲ့ စကားလုံးကို သုံးခြင်းဟာ သုံးနှုန်းတဲ့ ပုဂ္ဂိုလ်အတွက် အလွန့်အလွန်အန္တရာယ်ရှိပါတယ်။ နောက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေလို့ စွပ်စွဲထားကလည်း အင်မတန်သတိထားဖို့၊ ဆင်ခြင်ဖို့ ကောင်းပါတယ်။ ခုနကပြောသလို လူမျိုးတုန်းသတ်ဖြတ်မှုလို့ သုံးနှုန်းတာကို ကျွန်တော်တို့ ရှုတ်ချတယ်။ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များကို စွပ်စွဲချက်များကိုလည်း ပယ်ချတယ်။ အထောက်အထားရှိရင် ရဲရဲရင့် ရင့် ချပြဖို့လိုတယ်”ဟု ပြောဆိုသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် ယခင်က ရခိုင်အမျိုးသားများ များစွာနေထိုင်ခဲ့သော်လည်း ယခုအချိန် တွင် ၅ ရာခိုင်နှုန်းခန့်သာ ရခိုင်အမျိုးသား နေထိုင်နေကြပြီး အများစုတိုင်းရင်းသားများမှာ တခြား လုံခြုံစိတ်ချ ရသည့် နေရာများကို ပြောင်းရွေ့နေရမှုများကို ပြန်သုံးသပ်လျှင် လုံးမျိုးတုန်းသတ်ဖြတ်မှုဆိုသည်မှာ ဟုတ်နိုင် မဟုတ်နိုင် လူတိုင်း စဉ်းစားကြည့်က သိနိုင်ကြောင်း  သူကပြောသည်။

အကယ်၍ HRW တွင် ခိုင်လုံသည့် အထောက်အထားများရှိလျှင် တင်ပြရန်လိုအပ်ပြီး ယခုကဲ့သို့ လှုံဆော်၊ မီး ရို့၊ ပြဿနာများဖန်တီးနေမှုများကိုလည်း ကမ္ဘာ့ပရိတ်သတ်များအနေဖြင့်လည်း အာရုံစူးစိုက်ရန် လိုအပ် ကြောင်းနှင့် မကြာသေးမီက မောင်တောမြို့နယ် ဒုန့်ချရားတန်းတွင် တပ်ကြပ်တစ်ဦးသတ်ဖြန်ခံရပြီး အလောင်း နှင့်အတူ လက်နက်ပါပျောက်ဆုံးနေမှု၊ ယင်းနေ့တွင်ပင် ပေါက်တောမြို့နယ် အရှေ့ဖရုံကာ ကျွန်းတွင်ဖြစ်ပွားမှု၊ ယင်းမတိုင်မီ စစ်တွေ မှန်စီသုသာန်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများမှာ တရားဥပဒေ စိုးမိုးရေးကို လုပ် ဆောင်နေသူများကို လုပ်ကြံနေမှုမှာ တမင်အကွက်ချ စီစဉ်နေခြင်းဖြစ်ကြောင်းကိုလည်း သုံးသပ်ရန်လိုကြောင်း ဒေါက်တာအေးမာင်က ပြောသည်။

၎င်းအစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်ကောင်းမွန်မူ အချို့ရှိခဲ့သော်လည်း မွတ်ဆလင်များကို အကြမ်းဖက် တိုက်ခိုက်မူတွေရှိနေသည့် အတွက် ထိခိုက်မူများ ဆက်ရှိနေကြောင်း ဖေါ်ပြထားသည်။

Narinjara နိရဉ္စရာ

အပြည့်အစုံသို့ »

အရက်မသောက်ဘဲ နွားနို့သောက်ဖို့ ဦးသိန်းစိန်တိုက်တွန်း


အရက်မသောက်နဲ့၊ နွားနို့သောက်ပါ ဆိုပြီး ဦးသိန်းစိန်က တိုက်တွန်းကြောင်း သတင်းတပုဒ်က အင်တာနက်ထဲ ရောက်လာပါတယ်။

အရက်သမားလောကမှာတော့ ဒီတိုက်တွန်းချက် ဘယ်လောက် ဂရုစိုက်တယ် မသိ၊ အင်တာနက်သုံးသူများလောကထဲမှာတော့ အတန်အသင့် ပွက်လောရိုက်နေပါပြီ။

 ဒီပြောဆိုချက်ကို အတည်ယူကြရင်တော့ မြန်မာပြည် အရက်ဈေးကွက်ကို အကြီးအကျယ် ထိခိုက်ဖွယ် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဦးသိန်းစိန်က ဒီလိုပြောခဲ့တာဟာ ဒီလ ၁၆ ရက်နေ့ မကွေးမြို့ နွားနို့စက်ရုံ အဲ... နှမ်းဆီစက်ရုံမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ကာတွန်းလိုင်လုဏ်က သူခံစားရသလို ပုံဖော်ထားတာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

Irrawaddy ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)

မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှာ ငါးတန်နဲ့အတူ ပိုက်မှာမိတယ်။ မိပြီး ရေလုပ်သားက ဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ ကျွန်တော်က သူ့ဆီက ငါးသောင်းနဲ့ပြန်ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်းကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။

ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ်ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်းပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့် မူလရှိသော မိမိတို့ရေမြေအတွင်းရှိ ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။

“ကိုယ်ဆီမှာ တွေ့ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။ တခြားသူ့လိုအကောင်တွေရှိသေးရင် ကိုယ့်မျိုးငါးတွေအတွက် အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်းရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေးသင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

လှိုင်မြစ်အတွင်း ဖမ်းဆီးရမိသော မိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။

eleven media group

အပြည့်အစုံသို့ »

ကြေးမုံသတင်းစာ (၂၄-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အပြည့်အစုံသို့ »

နားဝယ်ခါးခါး ကောလဟဠလား (ဟံသာဝတီဦးဝင်းတင်)

နားဝယ်ခါးခါး ကောလဟဠလား (ဟံသာဝတီဦးဝင်းတင်)


ဒီလှိုင်းဂျာနယ်မှာ ရေးသားဖော်ပြထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်ပိုင်း ခေါင်းဆောင်ကြီး တဦးဖြစ်သူ ဦးဝင်းတင်ရဲ့ သရော်စာတပုဒ်ပါ။


ကျုပ်ခမျာလည်းဗျာ။ အိုနာကျိုးကန်းဘဝ၊ မှန်းသိရမ်းသိ၊ တိုင်းရေးပြည်ရာ ကမ္ဘာကြည့် မကြည့်နိုင်၊ ဗမာကြည့် မကြည့်နိုင်။ ဇရာကြည့်၊ မရဏကြည့်သာ ကြည့်နိုင်တော့သဗျာ။ ဒါကြောင့်ပဲ ထင်ပါရဲ့။ သေခါနီးကြီး မျက်စိလည်ရုံမက ခေါင်းပါလည်ရော့ လဟယ်လို့များ အကြံဆိုးကြလေရော့လားမသိပေါင်ဗျာ။ ယုတ်တမ်းရမ်းတုတ် လံကြုတ်သတင်းတွေချည်း ကျုပ်ဆီ ရောက်လာနေကြပါရော့လား။

သတင်းတွေကလည်း ပေါက်ကရပါဗျာ။ ဒီချုပ်ကတဲ့။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကိုတဲ့၊ ဝင်ကိုဝင်မှာတဲ့။

နေဦးဗျ။ သတင်းက ဆိုလေကဲလေ၊ မန်းလေပြဲလေဗျ။ နှစ်နှစ်ကြီးများ တောင်ဝေးသေးတဲ့ ရွေးကောက်ပွဲကြီးကို ဒီချုပ်က ဝင်ကိုဝင်မှာတဲ့။ စကားကြီးက ယုံကောင်းနိုင်သေးရဲ့လား။ ဒါပေမဲ့တဲ့။ ဒီချုပ်ရွေးကောက်ပွဲဝင်မယ်ဆိုတာ တကယ်တဲ့။ မယုံခါမှနေရော။ ကောလာဟလက သူ့ထက်ကဲ၊ ရွှေပြည်စိုးဗျ။ ၂၀၀၈ အခြေခံဥပဒေပြင်သည်ဖြစ်စေတဲ့၊ မပြင်သည်ဖြစ်စေတဲ့။ ဒီချုပ်ကတော့ ရွေးကောက်ပွဲကြီးမှာ ဝင်ကိုဝင်မှာပဲတဲ့။ အစောကြီးကတည်းက ဆုံးဖြတ်ပြီးသားတဲ့။ အခြေခံဥပဒေပြင်မှာ မပြင်မှာက ဘယ်မှာနေမှန်းမသိသေး။ ရွေးကောက်ပွဲ ဆိုတာကြီး ကိုကလည်း ဘယ်မှာနေမှန်းမသိသေး။ ကိုင်း- ယုံချင်ယုံ၊ မယုံချင်နေ။

သတင်းက အင်တာနက်တွေမှာလည်း ပြန့်လို့၊ ပြည်တွင်းစာနယ်ဇင်းတွေမှာလည်း ဂယက်ဒီလှိုင်းရိုက်လို့။ အရပ်ထဲမှာလည်း တတွက်တွက်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကွမ်းယာဆိုင်တွေမှာလည်း တပြွတ်ပြွတ်။

ကျုပ်ကတော့ အိုနာကျိုးကန်းလေဗျာ။ ဘာသိမှာလဲ။ ကြားတာ ကြားရတာပေါ့။ ဟုတ်တာ မဟုတ်တာတစ်ကိစ္စ။ ဒီလို ကောလာဟလကြားရတာ အသဲနာသကွယ်လို့ ငိုကြီးချက်မနဲ့ညည်းချင်းချမိတာပေါ့ဗျာ။ ပြီးတော့လည်း ပြီးတာပေါ့။ ပြီးတော့မှ နာစရာကို လွမ်းစရာနဲ့ဖြေဆိုတဲ့စကားအတိုင်း အတိတ်ကို ပြန်လွမ်းနေလိုက်တာပေါ့။

ဒီချုပ်က ၂၀၀၈ အခြေခံဥပဒေကို အတော်ခါးခါးသီးသီးဗျ။ ၂၀၀၉ ဧပြီ၊ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်မှာရော၊ ၂၀၁၀ မတ်လ၊ ဗဟိုကော်မတီဆုံးဖြတ်ချက်မှာပါ ပြတ်ပြီးသားဗျ။ ရွေးကောက်ပွဲဝင်ဖို့၊ ပါတီမှတ်ပုံတင်ဖို့ လာမပြောနဲ့။ ၂၀၀၈ အခြေခံဥပဒေပြင်မှ ဝင်ဖို့၊ တင်ဖို့ စဉ်းစားမယ်။ ဒီလိုကို ယတိပြတ်ချမှတ်ခဲ့တာဗျ။ အလွယ်ပြောရရင် ပါတီလိုင်းက ‘ပြင်+ဝင်’ပေါ့ဗျာ။ ၂၀၀၈ပြင်ရင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်။ ဒါပဲ။

သို့သော်လည်း အဲပေါ့လေ။ ၂၀၁၁ နိုဝင်ဘာရောက်တော့ ပါတီဗဟိုကော်မတီက ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ပါတီရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်သုံးရပ်တောင် ချမှတ်လိုက်သေးတယ်။ ပါတီလိုင်းက ‘ဝင်+ပြင်’ ဖြစ်သွားတယ်။ လွှတ်တော်ဝင်မယ်၊ ပြီးမှ အခြေခံဥပဒေကြီးပြင်မယ်။ ကျုပ်ကတော့ နိုင်ငံရေးလည်း ပတ်ပတ်နပ်နပ် နားလည်လှတာတော့ မဟုတ်ပါဘူး။ အဲဒီ့ဆုံးဖြတ်ချက်ကို နိုင်ငံရေးခံတွင်းမတွေ့ဘူးဗျ။ ထောင်ကျင့်ပါနေတော့ စစ်အစိုးရတစ်ဖြစ်လဲ၊ ဦးထုပ်ချွတ်၊ ခေါင်းပေါင်းစွပ်တွေ ခင်းတဲ့လမ်းဆို လှမ်းချင်စိတ်ရှိလှတာ မဟုတ်ဘူးဗျို့။ ဒါပေမဲ့ ကျုပ်တို့က ဒီချုပ်တာအမိ၊ ဒီချုပ်သာအဖ သစ္စာခံတွေလား။ ပါတီခင်းတဲ့လမ်း ညီညီလှမ်းကြတာပေါ့။ မြစ်ချောင်း
တွေကျော်၊ မှော်ရုံတွေတိုးကြပေါ့။ လွှတ်တော်ထဲလည်း ရောက်ရော ကျမ်း သစ္စာဆိုတာကြီးနဲ့တိုးရော။ အခြေခံဥပဒေကြီးကို ကာကွယ်ပါမည်၊ စောင့်ရှောက်ပါမည်လို့ ကျမ်းကျိန်ရတာနဲ့ ထိပ်တိုက် တိုးပါကရော လား။

ဒီနိုင်ငံရေးဒဏ္ဍာရီလေးက လွမ်းစရာမကောင်းဘူးလားဗျာ။ ဟော… ကျုပ်တို့ကာကွယ်ပါမည်၊ စောင့်ရှောက်ပါမည်လုပ်ထားတာကြီးကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ မချွတ်မလွဲ ပါဝင်ဆင်နွှဲအံ့ဆိုတဲ့ ကောလာဟလ ကြားရပြန်ပြီလေ။ ကျုပ်ကတော့ ဒီအသည်းနာစရာကြီးကို ၂၀၀၉၊ ၂၀၁၀ ဗဟိုကော်မတီခေတ် နိုင်ငံရေးဒဏ္ဍာရီ လွမ်းစရာနဲ့ ဖြေလိုက်သဗျို့။ ဟား… ဟား… ဟား။

အဲဒီ့သတင်းဆိုတာတွေကလည်း ကျုပ်တကယ်ကြားတာလား။ နားကြားလွဲတာလားမသိပါဘူး။ ကျုပ်က နေ့အိပ်ညအိပ် မျက်စိတစ်မှတ်ထဲ မှိတ်နေရသူဆိုတော့ ဆောင်းညအိပ်မက် ကယောက်ကယက် လည်း ဖြစ်နိုင်သပေါ့ဗျ။ တစ်နှစ်ကူးနေပြီလေ။ ဇန်နဝါရီဆောင်းတွင်းကြီးမဟုတ်လား။

“အခြေခံဥပဒေပြင်ပြင်၊ မပြင်ပြင် ဒီချုပ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဝင်မှာပဲ” ဆိုတဲ့ စကားကြီးတော့ အိပ်အိပ်ကြားကြားလည်း နားခါးသဗျာ။ နိုးနိုးကြားကြားလည်း နားချဉ်သဗျာ။

ဒီချုပ်က အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူသဘောထားခံယူပွဲတွေ ပြည်လုံးကျွတ်လုပ်နေတာ မဟုတ်လား။ အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီဆိုတာဆီ ပြည်သူ့ ဆန္ဒသဘောထား နဲ့အညီ ပြင်ဆင်ရန် အကြံပြုချက် ၁၆၀ ကျော် စာတမ်းကြီးပို့ထားတယ်မဟုတ်လား။

အခြေခံဥပဒေပြင်ဆင်ရေး ကြီးလေးကြီးတွေ့ဆုံ ဆွေးနွေးညှိနှိုင်းဖို့ ဒေါ်စုကမ်းလှမ်းထားတာလည်း ရှိသေးမဟုတ်လား။

အခြေခံဥပဒေကြီး ပြင်ပြီးပြီဆိုတောင် အရိုးများသလား၊ ချေးခါးသလား စောကြောသင့်သေးတာပေါ့ဗျာ။ တကယ်ပြင်၊ အဟုတ်ပြင် မျက်မြင်ကိုယ်တွေ့သိမှ ဒီစကားမျိုးပြောကြတာပေါ့ကွယ်။

အဲဒါတွေပြီးတဲ့အချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲဝင်ကို ဝင်မယ်ဟေ့ဆိုတဲ့ကြုံးဝါးသံဖြစ်ဖြစ်၊ လူမမာ အမဲခြောက်တောင်းသံဖြစ်ဖြစ်၊ နန့်ကြောဆွဲသံဖြစ်ဖြစ် ကျုပ်ကတော့ မကြားချင်ပေါင်ဗျာ။ ကြားလာရင်လည်း ချောက်အိပ်မက်စကားလို့ပဲ အသေမှတ်လိုက်မှာပဲဗျို့။ ဟား… ဟား… ဟား။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၃) အမှတ် (၁)၊

Irrawaddy ဧရာဝတီ သတင်း

အပြည့်အစုံသို့ »