တာရှည် ပင်ပန်းနေသူတို့ အတွက်




ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာ သက်သာအောင် မိမိဘာသာ ပြောင်းလဲ လုပ်ဆောင် သင့်တဲ့ နည်းလမ်းတွေကို အကြံပြု လိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်း စိတ်သက်သာရာ ရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။

၂။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝ အိပ်တာဟာ တာရှည် ပင်ပန်းမှု မဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်း ကောင်းပါ။ အိပ်ချိန် အလုံအလောက် ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ် ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက် လေ့ကျင့်ပါ။

၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့် ပြုလုပ်သွားပါ။ ပုံမှန် အားကစား လုပ်တာဟာ တာရှည် ပင်ပန်း နေတာကို ပြေပျောက် စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေ သလို လုပ်ဆောင်ပေးပါ။

၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ

တချို့ နေ့တွေမှာ ခန္ဓာကိုယ် အင်အားနဲ့ မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။

၅။ ကျန်းမာရေးနဲ့ အညီနေပါ

ကောင်းမွန်တဲ့ အစားအသောက် စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ် မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝ အနားယူပါ။ ကိုယ်လက် လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာ အတွက် အချိန်ပေးပါ။

Credit To :မြ၀တီ
The Mirror Daily

အပြည့်အစုံသို့ »

ငွေစက္ကူထပ်မံရိုက်နှိပ်ခြင်းက ငွေဖောင်းပွမှုဖြစ်စေ ငွေဖြည့်ကတ် အစားထိုးသုံးစွဲနိုင်ရေး အကြံပြု




ကြယ်စင်လင်း(မြစ်မခ)၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၅

မြန်မာနိုင်ငံအနေဖြင့် ငွေကြေးသုံးစွဲမှုပြေလည်စေရေးအတွက်ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေခြင်းထက် နိုင်ငံအများစုသုံးစွဲနေသည့် ပလတ်စတစ်
ငွေဖြည့်ကတ်များကို အစားထိုးသုံးစွဲမှု မြှင့်တင်သင့်ကြောင်း နိုင်ငံတော်
သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်က ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ငွေစက္ကူများထပ်မံ ရိုက်နှိပ်သုံးစွဲခြင်းဖြင့် ငွေဖောင်းပွမှု ကိုသာဖြစ်စေပြီး ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံ၏ လုပ်ငန်းလည်ပတ်မှု ကိုနှောင့်နှေးမှုဖြစ်စေနိုင်ကြောင်း ဇန်န၀ါရီ ၂၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် Microeconomic Policy Lessons For Myanmar တွင် အကြံပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

' Print Money(ငွေရိုက်နှိပ်ခြင်း)လုပ်ရုံနဲ့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုက မတိုးတက်ဘူး။ ငွေများပြီး ငွေကြေးမတိုးတက်တော့ စီးပွားရေး ဘာမှလုပ်လို့မရဘူး။ ကမ္ဘာကြီးမှာ ငွေစက္ကူမသုံးတော့ဘူး။ မူး ယစ်ဆေးဝါးရောင်းဝယ်တဲ့ နေရာမှာပဲ သုံးတယ်။ အခုလည်း ဟန်းဖုန်းတွေမှာ ကတ်တွေနဲ့ သုံးလာတာ တွေ့ရတယ်။ ကမ္ဘာမှာသုံးနေပြီမို့ အဲ့ဒါကိုထည့်စဉ်းစားရမယ် ' ဟု ၎င်းက ပြောဆိုသည်။

ငွေကြေးကတ်သုံးစွဲမှုစနစ်ကို အမေရိကန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ စတင်သုံးစွဲခဲ့ပြီး အိမ်ထောင်စုတစ်စုတည်းတွင် ငွေစက္ကူထက် ချက်လက်မှတ်နှင့် အကြွေးဝယ်ကတ်သုံးစွဲမှု များပြားလာကြောင်း၊ ၂၀၀၈ခုနှစ်တွင် လက်လီဈေး သုံးစွဲမှုတွင် ပလတ်စတစ်ကတ်ဖြင့် ၆၃ ရာခိုင်နှုန်းသုံးစွဲနေပြီး ၈ရာခိုင်နှုန်းမှာ ချက်လက်မှတ်များကို ကိုင်ဆောင် သုံးစွဲကာ ၂၉ ရာခိုင်နှုန်းမှာ ငွေသားကိုသာ သုံးစွဲလျက်ရှိသည့်အတွက်
မြန်မာနိုင်ငံအနေဖြင့် အတုယူသင့်ကြောင်း ဦးမြင့်က တိုက်တွန်းပြောဆို ခဲ့ခြင်းဖြစ်သည်။

ယခု ငွေဖြည့်ကတ်ဈေးကွက် အတွင်း၌ ATM,ipay,Smart Card,Master,MPU Card များ ဈေးကွက် ဝေစုအချိုးကျအလိုက် ရရှိနေကြောင်း ပလတ်စတစ်ငွေဖြည့်ကတ်ဈေးကွက် အတွင်းမှ သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

Facebook သည် ကူးစက်ရောဂါကဲ့သို့ တစ်ဟုန်ထိုး ပျံ့နှံ့လာပြီးနောက် မှေးမှိန်သွားလိမ့်မည်ဟု သုတေသနတစ်ရပ်အရ သိရ





ကာလီဖိုးနီးယားရှိ Facebook ရုံးချုပ်ကို ၂၀၁၃ ခုနှစ် ဇူလိုင်က ရိုက်ကူးထားသည့်ဓာတ်ပုံ


Facebook သည် ကူးစက်ရောဂါတစ်ခုကဲ့သို့ တစ်ဟုန်ထိုးပုံစံဖြင့် ပျံ့နှံ့လာသော်လည်း ပြန်လည်မှေးမှိန်သွားလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သုတေသနပညာရှင်များ၏ သုတေသနရလဒ်အရ သိရသည်။ ၎င်းတို့၏ လေ့လာချက်အရ လူမှုရေးကွန်ရက်တစ်ခု ဖြစ်သော Facebook သည် ၂၀၁၇ ခုနှစ်သို့ အရောက်တွင် သူ့အား အသုံးပြုနေသူပေါင်း၏ ရာခိုင်နှုန်း ၈၀ ကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သိရသည်။


ပရင်စတန်တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာနှင့် လေကြောင်း အာကာသအင်ဂျင်နီယာပညာတို့ဖြင့် ပါရဂူဘွဲ့ယူရန် ကျမ်းပြုနေသူနှစ်ဦးက သူတို့၏လေ့လာချက်စာတမ်းကို အွန်လိုင်း၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

MySpace ၏ အတက်အကျအပေါ်တွင် အခြေခံ၍ ဂျွန်ကန်နာရယ်လာနှင့် ဂျိုရွှားစပက်ချယ်လာတို့ နှစ်ဦးက သမိုင်းတွင် အကြီးမားဆုံး အွန်လိုင်းလူမှုရေးကွန်ရက်ဖြစ်သော Facebook သည် အကြီးအကျယ်ကျဆင်း သွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သဘောကတော့ ရောဂါတွေလိုပါပဲ၊ လူတွေကြားမှာ အကြီးအကျယ် ကူးစက်ပျံ့နှံ့မယ်၊ နောက်တော့ အခါအားလျော်စွာ အရှိန်ကုန်သွားမှာပဲ။ ဒါကို ကူးစက်ရောဂါပျံ့နှံ့တဲ့ ပုံစံတွေနဲ့ အောင်အောင်မြင်မြင် ရှင်းပြနိုင်ပါတယ်”ဟု ၎င်းတို့က ရေးသားခဲ့သည်။

သူတို့သည် ဂူးဂဲလ်တွင် အများပြည်သူရယူနိုင်သော အချက်အလက်များကို အသုံးပြုလျက် အွန်လိုင်းလူမှုရေးကွန်ရက်များကို အသုံးပြုသူများ၏ လှုပ်ရှားမှုအရွေ့သဘောကို ရှင်းပြရန် ရောဂါပျံ့နှံ့ပုံကို ဖော်ပြသည့်ပုံစံအား အထူးပြုသုံးစွဲခဲ့သည်။ ၎င်းတို့၏ လေ့လာဖော်ပြချက်က ကမ္ဘာတစ်လွှား၌ အသုံးပြုသူပေါင်း ၁ ဒသမ ၁ ဘီလျံရှိနေပြီး လာမည့်လတွင် စတင်တည်ထောင်မှု ၁၀ နှစ်ပြည့်တော့မည့် Facebook အား ပူးတွဲ ထူထောင်သူ မက်ဇက္ကာဘတ်အတွက် မသက်မသာဖြစ်သွားစေသည်ဟု ဆိုသည်။

သူတို့၏ လေ့လာချက်အရ၏ ရှယ်ယာသည် ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၅၈ ဒသမ ၅၁ သို့ မြင့်တက်သွားသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းအတွင်း အချက်အလက်အသုံးပြုမှုကျဆင်းခြင်းနှင့် ကြုံတွေ့ရကြောင်း သိရသည်။ Facebook သည် လာမည့်နှစ်များအတွင်း အလျင်အမြန်ကျဆင်းလာဖွယ်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာသို့ အရောက်တွင် ရာခိုင်နှုန်း ၂၀ ကျဆင်းသွားမည်ဟု အွန်လိုင်းရှိ ArXiv.org. တွင် ဖော်ပြထားသော အစီရင်ခံစာအရ သိရသည်။ Facebook သည် ဆက်တိုက်ကျဆင်းလာဖွယ် ရှိပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် အမြင့်ဆုံးအသုံးပြုသည့် အရေအတွက် ရာခိုင်နှုန်း ၈၀ ဆုံးရှုံးရလိမ့်မည်ဟု ဆိုသည်။ သို့သော် ယခုလက်ရှိတွင် Facebook ၏ ကံကြမ္မာသည် ကောင်းမွန်လျက်ရှိပြီး ဇက္ကာဘတ်သည်လည်း အမေရိကန်ဒေါ်လာ ၁၉ ဘီလျံခန့် ချမ်းသာလျက်ရှိကြောင်း သိရသည်။

Ref:AFP
Myawady News

အပြည့်အစုံသို့ »

Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး


ဒီဆေးကြောင့် မျိုးဥအိမ်ကနေ မျိုးဥ မထွက်အောင် ဆောင်ကျဉ်းပေးတယ်။ ဒါ့အပြင် သားအိမ်အဝက ချွဲကို စေးပျစ်စေလို့ ဝင်လာမဲ့ သုတ်ပိုးအတွက် ခက်ခဲစေတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ ပါးစေသေးတယ်။ “မျိုးဥမထွက်၊ ထွက်အုံးတော့ သုတ်ပိုး အဝင်ခက်၊ ဝင်လာနိုင်လို့ နှစ်မျိုးတွေ့ပြီးအုံးတော့ အထဲမှာ လာမတွယ်စေနိုင်ဘူး။”

ကောင်းချက်တွေ အများကြီးရှိတယ်။
• ထိရောက်မှု သုတေသနတွေအရ ဝ% ကနေ ၂့၆% သာ လိုရာမရောက် ဖြစ်ပါတယ်။
• ၃ လနေမှ တခါထိုးရတယ်။
• တခြား ဟော်မုန်း ၂ မျိုးတွဲတွေလောက် ဆေး (အက်ရှင်) ဖြစ်တာတွေ နဲတယ်။
• Estrogen (အီစထိုဂျင်) ဟော်မုန်းမပါလို့ DVT အတွင်းပိုင်းက သွေးပြန်ကြောပိတ်တာ၊ PE အဆုပ်သွား သွေးကြောပိတ်တာ၊ Stroke နှလုံး-သွေးကြောပိတ်တာ တွေရဲ့ အန္တရာယ် မစိုးရိမ်ရဘူး။
• Endometrial cancer သားအိမ်ကင်ဆာဖြစ်မဲ့ အန္တရာယ်နဲတယ်။
• သွေးအားနဲရောဂါ၊ PID တင်ပဆုံတွင်းအင်္ဂါရောင်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ သားအိမ် အသားပိုဖြစ်တာတွေ နဲတယ်။
• Endometriosis သားအိမ်ရောဂါရှိနေသူ ခံစားရတာတွေ နဲတယ်။
• အစကထဲက ရာသီဆင်းချိန်မှာ နာတာ၊ မျိုးဥထွက်ချိန်မှာ နာတတ်တာ၊ မျိုးဥအိမ်အလုံးဖြစ်တာလဲ နဲတယ်။
• အတက်ရောဂါရှိနေသူ အတက်ဖြစ်တာ နဲစေသေးတယ်။
• သွေးရောဂါတမျိုးရှိတဲ့ အမျိုးသမီးတွေမှာ Sickle cell crises ဆိုတာ အဖြစ်နဲတယ်။
• နို့တိုက်မိခင်တွေ သုံးနိုင်တယ်။
• မွေးပြီး ၁ လခွဲ ရှိမှထိုးတာ ပိုကောင်းတယ် မဟုတ်ရင် သွေးဆင်းနေတာ များတတ်တယ်။ နို့မတိုက်သူဆိုရင် ၁ ပါတ်အတွင်း ထိုးလို့ရတယ်။

ဒီဆေး မထိုးသင့်သူတွေကတော့ -
• Deep vein thrombosis အတွင်းပိုင်းက သွေးပြန်ကြောပိတ်ရောဂါ ရှိနေသူ၊
• PE အဆုပ်သွား သွေးကြောပိတ်ရောဂါ ရှိနေသူ၊
• Migraine မိုင်ဂရိန်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိနေသူ၊
• Liver diseases (Acute viral hepatitis, severe Decompensated cirrhosis, Benign or malignant liver tumors) လတ်တလော ဖြစ်နေတဲ့ အသဲရောဂါ ရှိနေသူ၊
• Stroke နှလုံးသွေးကြောပိတ်ရောဂါ ရှိနေသူ၊
• ဆီးချိုဖြစ်တာ အနှစ် ၂ဝ ကြာနေသူ၊
• သွေးတိုးနေရင် သတိထားသုံးပါ၊
• နို့ကင်ဆာ ဖြစ်ထားသူ၊
• ကိုယ်ဝန်ဆောင်နေသူ၊
• STD ခေါ် လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာကွယ် မပေးနိုင်ပါ။

ရာသီ စဆင်းတဲ့ နေ့ကနေ ၅ ရက်အတွင်း ထိုးရင် ချက်ချင်း ထိရောက်တယ်။ ၅ ရက်နောက်မှ ထိုးရင် ၂ ပါတ်ကြာမှ ထိရောက်တယ်။ ကလေးပြန်ရဘို့ နောက်ကျ စေတယ်။ ဆေးထိုးတာ ရပ်ထားပြီးနောက် ၉ လ၊ ၁ နှစ်ခွဲကျမှ ကလေး ပြန်ရနိုင်ကြတယ်။ ၁ နှစ်ခွဲနေရင်တော့ တခြား တားနည်းတွေလိုဘဲ ကလေး ပြန်ရနိုင်စွမ်းက အတူတူဘဲ။ ထိုင်းနိုင်ငံမှာ လေ့လာမှုတခုအရ ဆေးထိုးရပ်ပြီး ကလေးပြန်ယူတော့ အလေးချိန်နဲတဲ့ကလေး မွေးနှုန်း များတာ တွေ့ရတယ်။ စမ်းသပ်တာကလဲ ဆင်းရဲသူတွေမှာပါ။

ဘေးထွက်ဆိုးကျိုး
• သွေးမဆင်းတာ၊ (၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၅၅%၊ ၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၆၈% ရာသီမလာတာ တွေ့ရတယ်။)
• သွေးဆင်းမမှန်တာ၊
• ဗိုက်နာတာ၊
• ဝတာ-ပိန်တာ၊
• အားယုတ်ချင်တာ၊
• စိတ်လှုတ်ရှားတာ၊

ဆိုးကျိုးတွေ ဘယ်လိုရှိသလဲသိဘို့ ဒီဆေးကို ၇ နှစ်ကြာ ထိုးထားတဲ့ အမျိုးသမီးပေါင်း ၄ဝဝဝ လောက်ကို စမ်းသပ်ခဲ့တယ်။
• သူတို့ထဲက ၅% ကျော်ကျော်မှာ ရာသီမမှန် (များသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ အားယုတ်၊ ခေါင်းမူး၊ စိုးရိမ်၊
• ၁% ကနေ ၅% အထိတွေမှာ ဆက်ဆံလိုစိတ်နည်း၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ယောင်၊ ဝက်ခြံပေါက်၊
• ၁% ထက်နည်းသူတွေမှာ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်းသွေးပါ၊ အတူနေချိန် မနာသင့်ဘဲနာ၊ ရင်ပတ်နာ၊ သွေးအားနည်း၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ ဆက်ဆံလိုစိတ်ပို၊ နို့ထွက်နည်း၊ ရင်သား အရွယ်ပြောင်း၊ ရင်သားထိပ်က သွေးထွက်၊ ရင်သား-ကင်ဆာ၊

Black box warning လို့ အမေရိကန်သုံး “အထူးသတိပေးချက်” ကတော့ Osteoporotic effects ဆိုတဲ့ အရိုးအားနဲတာ ပိုကြာစေတတ်ပါတယ်။ ဒါ့ကြောင့် FDA ကနေ ၂ဝဝ၄ ကစပြီး၊ သတိပေးချက် ထည့်လိုက်တယ်။ ၂ နှစ်ထက်ပို မသုံးနဲ့လို့ ပြောတယ်။ WHO ကတော့ ဒါ့ကြောင့်တော့ ဒီဆေးမသုံးနဲ့လို့ မပြောသင့်ဘူး ဆိုပါတယ်။ အမေရိကန် ACOG ကလဲ WHO နဲ့ သဘောတူတယ်။ တခြားတားနည်း ပြောင်းသုံးစရာ မရှိရင် ရပ်စရာ မလိုပါဘူးတဲ့။

Depo Provera ဆိုတဲ့ ကိုယ်ဝန်တား ထိုးဆေးသုံးရင် (မီလီဂရမ်) ဘယ်လောက်လဲ ကြည့်ပါ။ 50 mg ဆိုရင် တလဘဲခံတယ်။ 150 mg ဆိုရင် ၃ လတွက် ဖြစ်တယ်။ ယောက်ျားတွေ အတွက်လဲ သုံးတယ်။ မုဒိန်းကောင်တွေကို Chemical castration ဆေးနဲ့ သင်းကွပ်ပေးတာပါ။ လိင်စိတ် သိသိသာသာ နဲသွားစေမယ်။

Dr. တင့်ဆွေ


အပြည့်အစုံသို့ »

လူငယ်တွေရဲ့ အသည်းစွဲ


(Tech Space ကွန်ပျူတာ၊သိပ္ပံနှင့် နည်းပညာဂျာနယ် Vol-2 Issue-40 တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်)
လင်းလင်း(IA)

လူငယ်တော်တော်များများ အနေနဲ့ ဘယ်လို ကားမျိုးလိုချင် တက်မက်တယ်၊ စီးနင်းမောင်းနှင်ချင်ကြတယ် ဆိုတဲ့ စစ်တမ်း ကောက်ယူ သုံးသပ် တင်ပြတာမျိုး ကျွန်တော်တို့နိုင်ငံမှာ မရှိပေမယ့် ကျွန်တော် ကိုယ်တိုင်တောင်မှာ စိတ်ကြိုက်ကားတစ်စီးလောက် ပိုင်ဆိုင်မောင်းနှင်ခွင့် ရမယ် ဆိုရင် Sportတစ်စီးလောက် လိုချင်မိနေတာပါ။ ဘာကြောင့်လဲ ဆိုတော့ ပထမတစ်ချက်က လူငယ်တွေ ဖြစ်တာကြောင့်ပါ။ စိတ်မြန်တယ်၊ သွက်လက်တယ်၊ ကိုယ်ကိုယ်တိုင် သွက်လက် မြန်ဆန်ကြသလို ကိုယ်နဲ့ တွဲဖက်၊ အသုံးအဆောင် အရာအားလုံး သွက်လက် မြန်ဆန်တာမျိုးလိုချင်ကြတဲ့ သဘာဝကြောင့် ကားဆိုရင်လည်း အဲဒီလို မြန်ဆန် သွက်လက်တဲ့ Sportလို ကားတွေကို လူငယ်တွေ ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။


နောက်တစ်ချက်ကတော့ ဒီဇိုင်း အပိုင်းပါ။ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဇိမ်ခံ လူစီးကားအဖြစ်နဲ့ သတ်မှတ်ထားတဲ့ Roll Royceရဲ့ Sedanတွေတောင်မှ Featureအပိုင်းနဲ့ ကျန်တဲ့ စွမ်းဆောင်ရည်လို အပိုင်းတွေမှာသာ အကောင်းဆုံး အဖြစ် ရပ်တည်နိုင်နေတာ ဖြစ်ပေမယ့် ဒီဇိုင်း အပိုင်းကတော့ Sportတွေလောက် လူကြိုက်မများတာ လက်တွေ့ပါပဲ။ အလွယ်ကြည့်ရင်တောင်မှ ရာစုနှစ်၊ ဆယ်စုနှစ်ရဲ့ ဆွဲဆောင်မှု အရှိဆုံးဆိုတဲ့ ကားတွေဟာ Ferrariရဲ့ မော်ဒယ်တွေ အများစု ရပ်တည်နိုင်ကြတာကို ကြည့်ရင်ပဲ အဖြေပေါ်ပါတယ်။ ဒါကြောင့် Sportတွေရဲ့ အဓိက အားသာချက်ကို ပြောပါဆိုရင် မြန်ဆန်တယ်၊ ဒီဇိုင်းလှတယ်၊ ဒါကြောင့် လူငယ်ကြိုက်တယ်၊ ဒါပါပဲ။


Sportကားတွေကို Sport Car အဖြစ်နဲ့ရော Sportcarအဖြစ်နဲ့ပါ သုံးနှုန်း ကြပြီးတော့ ယေဘူယျကြည့်မယ်ဆိုရင် သူတို့ဟာ အရွယ်သေးငယ်ပြီးတော့ နှစ်ယောက်စာ ထိုင်ခုံပဲ တပ်ဆင်ထားတတ်ပါတယ်။ နောက်ပြီး တံခါး ပေါက်တပ်ဆင်မှု အပိုင်းမှာလည်း တံခါးနှစ်ချပ်တည်းသာ တပ်ဆင်ထုတ်လုပ်လေ့ရှိတာကို တွေ့ရပါတယ်။


ဒီနေရာမှာ Sportကား ထုတ်လုပ်သူတော်တော်များများက စွမ်းဆောင်ရည် မြင့်မားပြီး အမြန်နှုန်း မြင့်မြင့် မောင်းနှင်နိုင်မယ့် ကားတွေကို ဖန်တီး ထုတ်လုပ်လေ့ရှိတာ တွေ့ရပြီးတော့ အမြန်နှုန်း မြင့်တဲ့ ကားတွေရဲ့ အသက်ဖြစ်တဲ့ လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှုမှာလည်း အထူးကောင်းမွန်အောင် ထုတ်လုပ်ကြသလို ဘရိတ်ပိုင်းမှာလည်း အရည်အသွေးကို ကမ္ဘာ့အဆင့်ရှိအောင် ထုတ်လုပ်တတ်ကြပါတယ်။
Sportကားတွေရဲ့ အရင်ဆုံး မြစ်ဖျားကို ကြည့်မယ် ဆိုရင် Touring Carတွေနဲ့ Roadsterတွေကနေ ဆင်းသက်လာတယ်လို့ ပြောနိုင်မှာ ဖြစ်ပြီးတော့ ဒီကားတွေကို တောင်ကြားလို လမ်းကြောတွေမှာ ပြိုင်ပွဲတွေ ကျင်းပရာကနေ Sportတွေ မွေးဖွားလာတာ ဖြစ်ပါတယ်။


ကမ္ဘာ့ပထမဆုံး Sportတစ်စီးကို လက်ညှိုးထိုးပြပါဆိုရင် ၁၉၁၀ခုနှစ် အတွင်း မင်းသား ဟင်နရီ စီးနင်းခဲ့တဲ့ ၃လီတာသုံး အင်ဂျင်တပ် Vauxhall ကား ဒါမှမဟုတ်ရင် Austro-Diamlerလို့ ပြောရမှာ ဖြစ်ပါတယ်။

ဘယ်ကားက ကမ္ဘာ့ ပထမဆုံး Sportကားပဲ ဖြစ်ဖြစ် သေချာတာကတော့ အဲဒီကားနှစ်စီးလုံးကို ဒီဇိုင်းရေးပေးတာက ဖာဒီနန် ပိုရှေးပဲ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း အရောက် ၁၉၂၁ခုနှစ်မှာ Ballotက ၂.၀လီတာသုံး DOHCမော်ဒယ်တွေကို ထုတ်လုပ်ခဲ့တာ တွေ့ရပြီး အဲဒီ ကားတွေဟာ မြင်းကောင်ရေ ၇၅ကောင်အား ထွက်ရှိသလို အဆိုပါ ကားတွေကို ဒီဇိုင်နာ အားနက် ဟင်နရီက ရေးဆွဲထုတ်လုပ်ခဲ့သေးတာ တွေ့ရပြီးတော့ အဲဒီကားဟာ တစ်နာရီကို မိုင်၉၀နှုန်းလောက်ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်လာခဲ့ပါတယ်။ ဒီလို မြန်နှုန်း ပမာဏက ခုခေတ်မှာ စာမဖွဲ့လောက်ပေမယ့် အဲဒီခေတ်မှာတော့ ဘုရင် ဖြစ်ခဲ့ပြီး တစ်နှစ်ကို အစီးရေ တစ်ရာလောက်ထိအောင် ထုတ်လုပ်ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲ အနေနဲ့ SOHC 2LTနဲ့ 2LTSတွေကို ထုတ်လုပ်ခဲ့ပါတယ်။


နောက်ပိုင်း ၁၉၂၄ခုနှစ် အရောက် Simsonကလည်း ဒီဇိုင်နာ ပေါလိဟင့်ရဲ့ အားကိုးနဲ့ မြင်းကောင်ရေ ၆၀ကောင်အား ထွက်တဲ့ DOHC2နဲ့ Simson Supra Type Sလို ကားတွေကို ရေးဆွဲထုတ်လုပ်လာသလို အဲဒီကားတွေမှာ ထူးခြားချက် အနေနဲ့ဆိုရင် ကားကာဘရိုက်တာကို နှစ်လုံးထိအောင် ထည့်သွင်းအသုံးပြုထားပါတယ်။ အဲဒီကာလတွေဟာ ဆီထိုးသွင်းခြင်း စနစ် အကောင်းဆုံး ဖြစ်အောင် ဖန်တီး သုံးစွဲနိုင်ခြင်း မရှိသေးတာကြောင့် ကားအင်ဂျင်တွေမှာ ကာဘရိုက်တာစနစ်ကို အသုံးပြုနေသေးတဲ့ ကာလလည်း ဖြစ်ပါတယ်။


၁၉၂၅ခုနှစ် အရောက်မှာတော့ Sportကားတွေမှာ ထိုင်ခုံလေးနေရာစာ ထည့်သွင်းတပ်ဆင် ထုတ်လုပ်မှု ခေတ်စားလာပြီး နှစ်ယောက်စီး Sportတွေကို သတ်သတ်မှတ်မှတ် ထုတ်လုပ်သူများ အဖြစ်နဲ့ကတော့ Alvis, Aston-Martinနဲ့ Frazer-Nashတွေပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ကားကုမဏီတွေကလည်း ရင်းနှီးမြှပ်နှံသူ နည်းနေသေးတဲ့ အချိန်ဖြစ်တာကြောင့် ကုမဏီထုတ်ကားတွေကို အရေအတွက် ကန့်သတ်ပြီးတော့လောက်သာ ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြသလို တီထွင်ဆန်းသစ်မှု လုပ်ကိုင် နိုင်စွမ်းလည်း နည်းခဲ့ကြပါတယ်။ နောက်ပိုင်း Sportကား စစ်စစ်ပါလို့ ပြောနိုင်မယ့် ကားတွေကိုတော့ Austinကား ကုမဏီက Sevenမော်ဒယ်နဲ့ Morris Garagesကုမဏီက Midgetကားတွေကို ၁၉၂၈ခုနှစ်မှာ ပွဲထုတ်လာတာတွေ့နိုင်ပါတယ်။


Sportတွေရဲ့ Layoutအပိုင်းမှာတော့ FF Layoutကို အသုံးနည်းတာ တွေ့ရပြီးတော့ အများစုကတော့ FR Layoutနဲ့ FMR Layoutတွေ ဖြစ်ပါတယ်။ FRစနစ်ကိုတော့ Caterham 7, Mazada MX-5နဲ့ Chevrolet Convetteမှာ မြင်တွေ့နိုင်မှာ ဖြစ်ပြီးတော့ FMRစနစ်ကိုတော့ Ferrariနဲ့ Lamborghiniလို ကားတွေမှာ အသုံးပြု ထုတ်လုပ်တာ တွေ့နိုင်ပါတယ်။ နောက်ထပ် နာမည်ကျော် လူသုံးများတဲ့ Layoutတစ်မျိုးကတော့ RR Layoutစနစ် ဖြစ်ပြီးတော့ Porscheကားတော်တော်များများမှာ အသုံးပြုတာ တွေ့နိုင်ပြီး အလွယ်ဆုံး အနေနဲ့ ဆိုရင် နာမည်ကျော် Porsche 911မှာ မြင်နိုင်ပါတယ်။
ထိုင်ခုံနေရာ တည်ဆောက်မှုကို ပြောရမယ် ဆိုရင်တော့ ပုံမှန် Sportကားတစ်စီးဟာ ထိုင်ခုံနှစ်ခုံနဲ့ နှစ်ယောက်စီး ကားအဖြစ်နဲ့သာ ထုတ်လုပ်တတ်ကြပေမယ့် နောက်ပိုင်းကျတော့ ကလေးငယ် တစ်ယောက်ထိုင်ခုံ တစ်လုံးကို ထည့်သွင်း ဖန်တီးလာတာမျိုးတွေ့ရသလို နောက်ပိုင်းကျတော့ တံခါးနှစ်ပေါက် စနစ်ဖြစ်ပေမယ့် ထိုင်ခုံနေရာ ၄နေရာ ဒါမှမဟုတ် ၅နေရာစာလောက်ထိအောင် လိုက်ပါစီးနင်းနိုင်လာအောင် ထုတ်လုပ်ထားကြပါတယ်။

ကဲ ဒါကတော့ Sportကားတွေအကြောင်း အခြေခံထက် အခြေခံကျတဲ့ သမိုင်းကြောင်း၊ သတ်မှတ်ချက်နဲ့ သိသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Sportတစ်စီး မျက်စိရှေ့ရောက်လာရင်တော့ ဘေးလူတွေကို ဆရာလုပ်နိုင်လောက်ပါပြီနော်။

====================

လင်းလင်း (IA)
Tech Space


အပြည့်အစုံသို့ »

ကမ်းခြေခရီးက သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေနိုင်




ပင်လယ် ကမ်းခြေ အနီး နေထိုင် သူတွေက ကုန်းမြေပေါ် မှာ နေထိုင်သူ တွေထက် ကျန်းမာရေး ပိုမိုကောင်းမွန် ကြကြောင်း ဗြိတိန် လေ့လာမှု အသစ် တစ်ခုက ဆိုပါတယ်။

ဒီအကျိုး သက်ရောက်မှုရဲ့ အကြောင်းရင်းကို တိတိကျကျ မသိနိုင်သေးပေမယ့် ပင်လယ် ကမ်းခြေ အနီးမှာ နေထိုင် ရတာကြောင့် လေကောင်း လေသန့်ရရှိတာ၊ စိတ်ဖိစီးမှု အဆင့် လျော့နည်းတာ၊ ကိုယ်လက် လှုပ်ရှားမှုက လုပ်ဆောင်ဖြစ်တာ စတဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အခွင့်အလမ်းကောင်း တွေကို ရရှိစေတယ်လို့ လေ့လာသူတွေ က ယုံကြည် ကြပါတယ်။

ဒါကြောင့် အပန်းဖြေ ခရီးအဖြစ် ပင်လယ်ကမ်းခြေကို ရွေးချယ်သွားရောက်ရင် စိတ်ဖိစီးမှု ပြေ လျော့ကာ အပန်းပြေကြည်နူးမှု ရရှိကြောင်း၊ ပင်လယ်ကမ်းခြေဒေသ အစား အသောက်တွေဖြစ်တဲ့ လတ်ဆတ်တဲ့ ပင်လယ်စာ၊ အုန်းရည် စတာတွေ ကို သောက် ရတဲ့အတွက် အာဟာရ အပြည့်အဝ ရရှိ စေကြောင်းနဲ့ ကမ်းခြေမှာ လမ်းလျှောက် ကာ ခုန်ပေါက် လှုပ်ရှားခွင့် ရရှိတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ရရှိစေကြောင်း လေ့ လာသူတွေက သုံးသပ် ရှင်းပြ ထားပါတယ်။

ဒါပေမဲ့ ပင်လယ်ကမ်းခြေ ဒေသကို အပန်းဖြေခရီး သွားရောက်လည်ပတ် မယ်ဆိုရင် နေကာခရင်မ်ကိုတော့ မဖြစ်မနေ ယူဆောင်သွားဖို့နဲ့ စနစ်တကျ လိမ်းဖို့ လေ့လာသူတွေက အကြံပြု ထားပါတယ်။

(Ref;RD)
မြ၀တီ

အပြည့်အစုံသို့ »

နိုင်ငံခြား ဘဏ်လုပ်ငန်းခွင့်ပြုရန် နိုင်ငံတကာ အကြံပေးကုမ္ပဏီ ခေါ်ယူရန် ဗဟိုဘဏ်ပြင်ဆင်




ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပြည်တွင်းတွင် နိုင်ငံခြား ဘဏ်များကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန်အတွက် နိုင်ငံတကာ အကြံပေးကုမ္ပဏီ (International Consulting Firm) ခေါ်ယူဆောင်ရွက်ရန် ပြင်ဆင်လျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် နှစ်မကုန်မီ နိုင်ငံခြား ဘဏ်များကို ပြည်တွင်းတွင် လုပ်ကိုင်ခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုပေးခြင်း မရှိသေးဘဲ မည်သည့် ပုံစံဖြင့် လုပ်ကိုင်ခွင့် ပြုမည်ကို စီစဉ်ဆောင်ရွက်လျက်သာ ရှိသေးကြောင်း ၎င်းကဆိုသည်။
“နိုင်ငံခြား ဘဏ်တွေကို ခွင့်ပြုမယ်ဆိုရင် ပြည်တွင်း ဘဏ်တစ်ခုနဲ့ ပြည်ပဘဏ်တစ်ခု JV (ဖက်စပ်) လုပ်ပြီး ကုမ္ပဏီအသစ် ထပ်ထောင်တာရယ်၊ အပြည့်အဝ ရင်းနှီးမြှုပ်နှံခွင့် ပြုတာရယ်ကို လုပ်မယ်ဆိုရင် နိုင်ငံအတွက် ပိုပြီးအကျိုးရှိမယ် ထင်တယ်” ဟု ပြည်တွင်းဘဏ်တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ဆိုသည်။

နိုင်ငံခြားဘဏ်များသည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရန်အတွက် စောင့်ဆိုင်းလျက် ရှိပြီး ပြည်တွင်းရှိ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသော ပြည်တွင်းဘဏ်များ၏ ရှယ်ယာများကို ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းဘဏ်နှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ အပြည့်အဝ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းနှင့် ဘဏ်ခွဲ ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုခြင်း သုံးမျိုး ရှိသည့်အနက် မည်သည့် ပုံစံဖြင့် ခွင့်ပြုမည်ကို မဆုံးဖြတ်ရ သေးသော်လည်း နိုင်ငံတကာတွင် ပြည်ပဘဏ်များကို လုပ်ကိုင်ခွင့် ပြုသည့်အခါ ဘဏ်ခွဲဖွင့် ခွင့်ပြုခြင်းကို ပထမဆုံး အနေနှင့် ခွင့်ပြုလေ့ ရှိကြောင်း ဦးဆက်အောင်က ဆိုသည်။
“ဘဏ်ခွဲဖွင့်တာဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အားနည်းချက်၊ အားသာချက်ကတော့ အနည်းနဲ့ အများရှိတာပါပဲ” ဟု ၎င်းကဆိုသည်။

Trade Financing နှင့် Project Financing တို့ ပြုလုပ်သည့်အခါ နိုင်ငံခြား ဘဏ်ခွဲတစ်ခု အနေနှင့် မိခင်ကုမ္ပဏီ၏ နာမည်နှင့် ကျော်ကြားမှုကို အသုံးပြုကာ ဆောင်ရွက်နိုင်သည့် အားသာချက်ရှိပြီး ဖက်စပ်နှင့် အပြည့်အဝ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဆိုပါက ကုမ္ပဏီ အသစ်တစ်ခုအဖြစ် ထူထောင်ရမည်ြ

The Voice Weekly

အပြည့်အစုံသို့ »