ကျွန်းသစ် အလုံးလိုက်ပြည်ပပို့မှု သုံးပုံတစ်ပုံခန့် မြင့်တက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာ့ကျွန်းသစ်များကို ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် သုံးပုံတစ်ပုံခန့်မြင့် တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လာမည့် ဧပြီ ၁ ရက်နေ့မှစတင်ကာ သစ်အလုံးလိုက် တင်ပို့မှု ရပ်နားမည် ဖြစ်ကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ထား၍ ယင်းကဲ့သို့ ကျွန်းသစ်များ အလုံးလိုက် တင်ပို့မှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောရေးရာ ဦးစီးဌာန (ရန်ကုန်တိုင်း) မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်စ ၂၀၁၃ ဧပြီ ၁ ရက်နေ့မှ ဇန်နဝါရီ ၂၄ ရက်နေ့အတွင်း ကျွန်းသစ် (အလုံး) ကုဗတန် ၅၈၀,၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလတွင်မူ ကျွန်းသစ် (အလုံး) ကုဗတန် ၄၂၇,၀၀၀ ခန့်သာ တင်ပို့ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ၃၅ ရာခိုင်နှုန်းကျော် ပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ကျွန်းသစ် ကုဗတန် နှစ်သိန်းကိုသာ မြန်မာ့ သစ်လုပ်ငန်းက ခုတ်လှဲရန် ခွင့်ပြုထားကြောင်း၊ သစ်အလုံးလိုက် တင်ပို့မှု ရပ်နားမည့် ကာလသို့ ရောက်ရှိချိန် နီးလာ၍ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကျန်ရှိနေသည့် ခုတ်လှဲပြီး သစ်များကို တင်ပို့လာခြင်း ဖြစ်နိုင်ကြောင်း ဦးကျော်ကျော်လွင်က ဆိုသည်။
“လုပ်ငန်းရှင်တွေကတော့ ဝုန်းဒိုင်းကျဲပြီးကို လုပ်နေကြတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီနှစ်မှာ ကျွန်းသစ်တန်ချိန် နှစ်သိန်း၊ နောက်နှစ် ဆိုရင်တော့ တန်ချိန် တစ်သိန်းလောက်ပဲ ခုတ်လှဲခွင့်ပြုဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရမူ ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်နေ့မှ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ကျွန်းသစ်ခွဲသား ၁၈,၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလကမူ ကျွန်းသစ်ခွဲသား ကုဗတန် ၂၀,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

The Voice Weekly

အပြည့်အစုံသို့ »

တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

၈.၂.၂၀၁၄ရက်နေ့၀၂၁၅အချိန် တောင်ဥက္ကလာပမြို့နယ်၊သစ္စာလမ်းအတိုင်း
ရန်ကင်းဘက်မှ ဥက္ကလာပစေတီဘက်သို့ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော 8F---- ဂျစ်အနက်ရောင်ယာဉ်သည် ဥက္ကလာပစေတီရှေ့အရောက်
ဝဲဘက်သို့ချိုးကွေ့စဉ် သံသုမာလမ်းအတိုင်း မြင်သာဘက်မှ ဘေလီ ဘက်သို့ ယာဉ်မောင်း ဦးထွန်းရမောင်းနှင်လာသော ၄င/---- နီဆန်း UD
ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပြီး 8F ----ယာဉ် မောင်းမှာ အခင်းဖြစ်နေရာ တွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်ဆီးပြီး 8F---- ယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်နေ ကိုဇင်မင်းအောင်မှာ ယာဉ်ပေါ်မှ ပြုတ်ကျကာ ဦးခေါင်းကွဲ၊ ရင်ဘတ်စုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့သောကြောင့် 8F---- ယာဉ်မောင်း(စုံစမ်းဆဲ)အား တောင်ဥက္ကလာပ မြို့မရဲစခန်း ယာဉ်(ပ) ၁၀/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့်အမှုဖွင့်
အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ှ

Yangon Police

အပြည့်အစုံသို့ »

ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူအား ယာဉ်တိုက်မိသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

၈.၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းအတိုင်း ယာဉ်မောင်း ထက်နိုင်လင်း(ဘ)ဦးဇော်မင်းဦး၊ဗဟန်းမြို့နယ်
နေသူ မောင်းနှင်လာသော ၁ခ/---- မတ်တူးခဲ့ရောင်ယာဉ်သည် သစ္စာလမ်းဆုံမီးပွိုင့်အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ ပလက်ဖောင်းပေါ်သို့ရောက်ရှိသွားသဖြင့် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူ အမည်မသိ၊ အသက်(၂၀)နှစ်ခန့်ရှိအမျိုးသားတစ်ဦး
ကို တိုက်မိပြီးဓါတ်တိုင်နှင့် သစ်ပင်တို့အားဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်ဓါတ်တိုင်တို့ပျက်ဆီးခဲ့ပြီး ယာဉ်တိုက်ခံရသူ တွင် ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ် တို့၌သွေးထွက်ဒဏ်ရာများ၊ ၀မ်းဗိုက် ပွန်းခြစ်၊ ခြေသလုံးဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး
သွားသောကြောင့် ယာဉ်မောင်းထက်နိုင်လင်းအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ကမ္ဘာ့အားအကြီးဆုံး သတ္တဝါ ဖြစ်သော နွားချေးပိုးကောင်


ကြံ့ ပိုးကောင် ( နွားချေးပိုးကောင် ) လို့ ခေါ်တဲ့ Dynastinae သို့မဟုတ် Rhinocerous beetle ကို ကမ္ဘာ့အသန်မာဆုံး သတ္တဝါ အဖြစ် သတ်မှတ်ပါတယ်။ ဘာလို့လဲဆို သူက မိမိ ခန္ဓာကိုယ် အလေးချိန်ထက် အဆ ၈၅၀ လေးတဲ့ အရာဝတ္တုများ ကိုတောင် သယ်ဆောင် နိုင်လို့ ဖြစ် ပါတယ်။

သူ့ဆိုဒ်၊ သူ့အရွယ်၊အလေးချိန်နဲ့ အဆက်ပေါင်း ၈၅၀ မနိုင်တယ်ဆိုတာ Dynastinae မှာပဲ ရှိပါတယ်။ မြန်မာပြည်မှာဆိုရင် သူ့ကို နွားချေးပိုးကေင်လို့ နယ်အချို့ မှာ ခေါ်ဆိုပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ ဆိုရင် လောင်းကစား အတွက် ယင်းပိုးကောင်ကို အသုံးပြုလေ့ ရှိပါတယ်။

သူ့မှာ ထူးခြားချက် တစ်ခု ရှိပါသေးတယ်။ ယင်းကတော့ ရည်းစား လုခြင်း ဖြစ်ပါတယ်။ ကြံပိုးကောင် အမ တစ်ကောင်ကို အထီး နှစ်ကောင် က တွေ့တဲ့အခါ တရားမျှတတဲ့ နည်းနဲ့ ကြိုးစားယူပါတယ်။ ဒီအတွက် တိုက်ပွဲ တစ်ခုလုပ်ပြီး တိုက်ခိုက်ပါတယ်။ ယင်းသို့ တိုက်ခိုက်ရာမှာ တစ်ကောင်ကောင်က ရှုံးသွားရင် ယင်းအမကို လက်လျော့ပေးလိုက် ရပါတယ်။ ဒါကြောင့် ကြံပိုးကောင်များဟာ အင်အားသုံးပြီး တရားမျှတတဲ့ နည်းနဲ့ ယူပါတယ်။ ကြံပိုးကောင် အမကလည်း အနိုင်ရသူကိုပဲ ရွေးချယ် ပါတယ်။

Dynastinae မျိုးစိတ်ကွဲ ပေါင်းစုံကို ကမ္ဘာတစ်ဝန်းမှာ မြင်တွေ့ နိုင်ပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ဆရာတော်များ၏ ဆုံးမစာများ (၂)





အပြည့်အစုံသို့ »

ငါတို့အိမ်ဘယ်မှာလဲ



---------------------
ရေးသားသူ- ၀င်းဇော်လတ်

ညနေခင်း ကျောင်းဆင်းချိန်။ စာသင်ခန်းထဲမှ လွတ်လပ်ပေါ့ပါးစွာ ပြေးထွက်လာသော ကလေးငယ်တစ်ဦး။ လွယ်အိတ်ကို ခပ်တိုတိုထုံးချည်လိုက်သည်။ အင်္ကျီလက်ကို ပင့်တင်သည်။ ပြီးတော့ အိမ်ဆီသို့ခြေလှမ်းသွက်သွက်ဖြင့် ပြန်သွားနေသည်။ သူ့စိတ်ထဲမှာ အိမ်ကပြင်ပေါ် ကျောင်းလွယ်အိတ်ကို ပစ်တင်မည်။ ဒီလိုဆိုလျှင် အမေကတော့ သူ့ထုံးစံအတိုင်း “ဟဲ့ ကပြက်ကချော်ကောင်လေး ဘယ်သွားဦးမှာလဲ”ဟု အော်ဦးမှာသေချာသည်။

ဒါပေမဲ့ အမေ့ကိုတော့ သူပိုင်သည် “ဒီနားလေးတင်ပါ အမေရ”ဆိုပြီး လစ်ထွက်လျှင်ရသည်။ အရပ်ထဲက အခြားသူငယ်ချင်းတွေနှင့် ကစားမည်။ ဘုန်းကြီးကျောင်းရှေ့ မြေကွက်လပ်မှာ ညနေတိုင်း သူနှင့်ရွယ်တူကလေးတွေစုပြီး ဘောလုံးကန်နေကျ။ ပြီးတော့ ရေကိုတ၀ကြီးချိုးမည်။ အမေချက်ထားမည့် ထမင်းဟင်းကို ဗိုက်ဆာဆာနှင့်စားမည်။ ထို့နောက်မှ ကျောင်းကပေးလိုက်သည့် အိမ်စာလုပ်မည် စသည့်စိတ်ကူးတစ်ထွေးကြီးနှင့် သူ့ခြေလှမ်းတွေ သွက်လက်လွန်းလှသည်။

သို့သော် အိမ်ပြန်ရောက်သည့်အခါ သူ့စိတ်ကူးကမ္ဘာပြိုပျက်သွားသည်။ နေ့စဉ် သူပြန်လာနေကျ ကျေးလက်လမ်းကလေး၏ ဘေးဘီဝဲယာမှ ရှုခင်းသည် ခါတိုင်းနေ့တွေကနှင့်မတူ။ ရွာပတ်ဝန်းကျင်သည် သွေ့ခြောက်နေသည်။ အပျက်အစီးပုံတွေကြားထဲမှာ သူနေ့စဉ်မြင်နေကျ လူကြီးတွေကလည်း မျက်နှာမကောင်းကြ။ တချို့ကတော့ ပိုင်ဆိုင်သမျှကို အ၀တ်ဟောင်းတစ်ခုနှင့် စုရုံးထုပ်ပိုးပြီး ဦးတည်ရာမဲ့ခြေလှမ်းများဖြင့် သွားနေကြသည်။ မိန်းမကြီးအချို့ကတော့ ငိုလျက်ရှိသည်။

ရွာထဲမှာလည်း သူတစ်ခါမှာမမြင်ဖူးသည့်လူတွေကို တွေ့ရသည်။ သူတို့က ဓာတ်ပုံတွေရိုက်သည်။ အချို့က ဗီဒီယိုကင်မရာကြီးတွေနှင့်။ ရုတ်တရက် ရွာထဲမှာ ရုပ်ရှင်များလာရိုက်ကြသလားဟုပင် ထင်မိသေးသည်။ ဒါပေမဲ့ ဟုတ်ပုံမရ။ မင်းသား၊ မင်းသမီးဆိုလျှင် ရွာထဲမှာ မိန်းမပျိုတွေ၊ အဒေါ်ကြီးတွေက ဒီအတိုင်းနေမှာမဟုတ်။ သူတို့ရွာ မင်းသမီး၊ မင်းသားလာတယ်ဆိုပြီးတော့ သိပ်ပျော်နေကြမှာ။

တစ်နေရာမှာတော့ ရဲသားကြီးတွေကို တွေ့ရသည်။ သူတို့လက်ထဲမှာလည်း တုတ်ကြီးတွေနှင့်။ သူတို့မျက်နှာတွေ ခပ်တင်းတင်း။ လူတိုင်းကို မျက်လုံးဒေါက်ထောက်ပြီး ကြည့်နေသည်။ ရွာထဲကလူတွေကို အော်ဟစ်ပြီး အမိန့်တွေပေးနေသည်။ သူတို့၏မျက်လုံးတွေကလည်း ဘယ်သူ့ကိုမှမသင်္ကာသည့် မျက်လုံးမျိုး။ သူက မတ်တတ်ရပ်ပြီး ကလေးပီပီ စပ်စုသည်။ ထိုအခိုက် သူ့ကိုလှမ်းကြည့်နေသည့် ရဲသားတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိသည်။ သူချက်ချင်း မျက်နှာအောက်ငုံ့လိုက်သည်။ ကြက်သီးတွေပင်ထလာသည်။ အိမ်ပဲ တန်းတန်းမတ်မတ် ပြန်တာကောင်းသည်ဟု သူတွေးသည်။

လမ်းလျှောက်လာရင်း တွေ့နေရသည့် မြင်ကွင်းများကြောင့် သူစိုးရိမ်လာသည်။ ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကလေးတစ်ဦးအနေနှင့် ဒီ့ထက်လည်း ပိုမတွေးတတ်။ သူ့အိမ်ရှိရာသို့ ပြန်လာသည်။ ခက်သည်။ သူ့အိမ်နေရာကိုလည်း သူမမှတ်မိတော့။ အားလုံးက အပျက်အစီးပုံကြီးတွေ၊ အိမ်တစ်လုံးဖြိုဖျက်ပြီးနောက် တိုင်လုံးကြီးတွေက လေထဲမှာ မိုးတိုးမတ်တတ်။ ငါ့အိမ်ဟာ ဘယ်မှာပါလိမ့်။ မနက်က ငါကျောင်းမသွားခင်ကလေးတင် ရှိနေခဲ့သေးသည့် ငါ့အိမ်။ ငါတို့အိမ်၊ ငါ့ကစားဖော်
သူငယ်ချင်းများရဲ့ အိမ်တွေဘယ်မှာလဲ။

ခဏနေတော့ အဖေ့ကိုတွေ့သည်။ အမေ့ကိုတွေ့သည်။ အဖေက အံကြိတ်ရလွန်းသဖြင့် မေးရိုးကြီးပင်တင်းမာနေသည်။ အေပၚအက်ႌမပါ။ ရင်ဆို့ဆီမှ ချွေးကလေးတွေသီးနေတာ အထင်းသားမြင်ရသည်။ အမေကတော့ တစ်နေ့လုံးငိုထားပုံပါပဲ။ မျက်ခွံတွေမို့မောက်လျက်ရှိသည်။ အဖေ့ပုဆိုးဟောင်းတစ်ထည်ကို ခေါင်းမှာပတ်စည်းထားသည်။ သို့သော် ကပိုကရို။ အမေ့ဆံပင်တွေက ထုံးချည်ထားခြင်းမရှိသဖြင့် ဖရိုဖရဲဖြစ်နေသည်။

ခြောက်သွေ့နေသည့် အမေ့နှုတ်ခမ်းက အနည်းငယ်မျှ လှုပ်သွားသည်။ “သား”ဟု ခေါ်လိုက်သည်ဟု ထင်သည်။ သို့သော် အမေ့အသံထွက်မလာ။ နှုတ်ခမ်းလှုပ်ရုံမျှသာ။ သူအခုထိ ကျောင်းလွယ်အိတ်ကိုလွယ်ထားတုန်း။ အမေဘာဖြစ်နေသလဲ။ အမေဘာဖြစ်နေသလဲ။ ငါတို့အိမ်ဘယ်ရောက်သွားသလဲ စသည့်မေးခွန်းတွေက လည်ချောင်းဝမှာ။ အမေ့ကို မေးချင်သည်။ အဖေ့ကို မေးချင်သည်။ ဘာဖြစ်နေကြတာလဲဗျာ။ မေးချင်သည်။ ဒါပေမဲ့ အခြေအနေတွေကို သူနားမလည်သေးပါ။

နောက်ထပ် မိနစ်အနည်းငယ်ကြာသည်အထိ သူတို့သားအမိသားအဖသုံးဦးစလုံး အပျက်အစီးပုံကြီးနားမှာ တွေဝေပြီးရပ်နေမိကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရုံကလွဲပြီး စကားသံထွက်မလာ။ ခဏနေတော့မှ အဖေက မတ်တတ်ရပ်နေရာမှ သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ အိမ်ခေါင်မိုးမှ ၀ါးလုံးတစ်လုံးပေါ်သို့ ဒူးထောက်မိသဖြင့် အဖေ့ကိုယ်လုံးကြီး အနည်းငယ်ယိုင်တိုင်တိုင်ဖြစ်သွားသည်။ သို့သော်လည်း အဖေက မြေကြီးပေါ်လက်ထောက်ထားလိုက်သဖြင့် ကိစ္စမရှိ။ အဖေလက်ဝါးမှာတော့ ဖုန်တွေကပ်ပါလာသည်။

အဖေက သူ့ကိုသိုင်းဖက်လိုက်သည်။ ရုတ်တရက်ရုန်းမည်ဟု စဉ်းစားလိုက်သေးသည်။ ဟုတ်တယ်လေ။ အဖေ့လက်ဖ၀ါးမှာ ဖုန်တွေမဟုတ်လား။ သူ့အင်္ကျီဖြူကလေးညစ်ထေးမှာကို စိုးမိသည်။ မနက်ကျလျှင်လည်း ဒီအင်္ကျီဖြူကိုပဲ ပြန်ဝတ်ရမည်။ အမေက ကျောင်းစိမ်းဘောင်းဘီနှင့် အင်္ကျီဖြူကို နှစ်ရက်တစ်ထည်ပဲဝတ်ရမည်၊ ထို့ကြောင့် မညစ်ပတ်စေနှင့်ဟု ပြောထားသည်။ သို့သော်လည်း အဖေက သူ့ကို အခုလိုကြင်ကြင်နာနာဖက်ခဲသည်မို့ မငြင်းချင်။ ထို့ကြောင့် အဖေ့ရင်ခွင်ထဲ အလိုက်သင့်တိုးဝင်နေလိုက်သည်။ ဖုန်တွေ၊ သဲတွေ၊ ချွေးတွေ ပေချင်လည်းပေပါစေတော့။

ထိုအခိုက် အမေ့ဆီမှ “ဟင့်”ဆိုသည့် ရှိုက်သံထွက်လာသည်။ သေချာသည်။ အမေငိုနေပြီ။ “ဟင့်”ဆိုသည့် အသံက ဆင့်ကာဆင့်ကာ ကြားရသည်။ အမေငိုသည့်အခါတိုင်း သူ့ရင်ထဲမှာလည်း အလိုလိုဝမ်းနည်းတတ်သည်။ ထို့ကြောင့် အမေစိတ်ဆင်းရဲမည့်အလုပ်ဆိုလျှင် သူအမြဲတမ်းရှောင်ခဲ့သည်။ ယခု အမေငိုနေပြန်ပြီ။ မငိုပါနဲ့အမေရယ်ဟု သူချော့ချင်သည်။ ခက်တာက အမေဘာကြောင့် ငိုနေသည်ကို သူမသိ။ အမေငိုနေသည်ကိုသာ သူမသိသည်မဟုတ်။ သူတို့အိမ်ကလေး ဘယ်ရောက်သွားသလဲဆိုတာကိုလည်း အခုထိမသိရသေး။ ချွေးတွေသီးခဲနေသည့်အပြင် တင်းမာနေသည့် အဖေ့မျက်နှာကိုကြည့်ပြီး ဘာတွေဖြစ်နေတာလဲဆိုသည်ကိုလည်း သူ့အနေဖြင့် မမေးရဲ။ သိပ်ခွကျတာပဲ။

အဖေက သူ့ကျောကလေးကို ခပ်ဖွဖွပုတ်နေသည်။ အရင်နေ့တွေတုန်းကသာ အခုလို အဖေက တယုတယဖြင့် ပွတ်သပ်ပေးနေလျှင် သူသိပ်ပြီးပျော်မိမှာ။ အခုတော့ ဇဝေဇ၀ါ ဖြစ်နေသည်။ သူတို့ အိမ်ဘယ်မှာလဲ။ မနက်က သူ့ဘောလုံးကလေးကို အိမ်ရှေ့ကပြင်ထောင့်က သောက်ရေအိုးစင်ပေါ်မှာ တင်ထားခဲ့သည်။ ဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ ဘောလုံးကန်နေစဉ် အဲဒီဘောလုံးကလေးကို သူခဏငှားလာခဲ့တာဖြစ်သည်။ ယခုညနေ ပြန်ပေးမည်ဟုလည်း ကတိထားခဲ့သည်။ ခက်ပြီ။ အခုဘောလုံးလည်း ပျောက်နေသည်။ အင်းလေ။ အိမ်ပါ ပျောက်နေမှတော့ ဘောလုံးတစ်လုံး ပျောက်သွားတာကလည်း ဘာမှမဆန်း။ ဒါပေမဲ့ သူ့တို့ ကလေးတစ်သိုက်ကြားမှာ ကတိမတည်သူလို့တော့ အထင်သေးမခံချင်ပါ။ သို့ဖြစ်ရာ ဘောလုံးကိုလည်းရှာရမည်။ အိမ်ဘယ်ရောက်သွားတာလဲဆိုတာကိုလည်း စုံစမ်းရမည်။

တင်းတင်းကျပ်ကျပ်ဖက်ထားသော အဖေ့လက်မောင်းကြီးတွေကြားထဲမှာ သူရုန်းလိုက်သည်။ အဖေကလည်း သူ့လက်ကို အသာလေးဖြေလျှော့ပေးပါသည်။ အမေကတော့ ငိုကောင်းနေဆဲ။ အမေ့မျက်နှာကို သူမော့ကြည့်လိုက်သည်။ အမေ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေအိုင်ထွန်းနေသည်ဟု သူထင်လာသည် မျက်လုံးကြီးကလည်း နီရဲနေသည်။

“ကလေးရှေ့မှာ သိပ်လည်းငိုမနေပါနဲ့တော့ကွာ”အဖေ့ဆီမှ အသံထွက်လာသည်။ အမေက “အေးပါတော်”ဟု တိုးတိမ်စွာပြန်ဖြေသည်။ ထို့နောက် ခေါင်းပေါင်းထားသည့် အဖေ့ရေလဲပုဆိုးကလေးဖြင့် မျက်ရည်စများကို ပွတ်လိုက်သည်။ မျက်ရည်တွေခြောက်သွားသော်လည်း မို့နေသည့် မျက်ခွံ၊ ရဲနေသည့် မျက်လုံးများကတော့ ကျန်သေးသည်။ ဒါပေမဲ့ အမေငိုမနေဘူးဆိုလျှင် သူပျော်ပါသည်။

“သားတို့အိမ် ဘယ်ရောက်သွားတာလဲ အဖေ”နောက်ဆုံးမှာတော့ ရင်ထဲမှာ အုံကျင်းဖွဲ့နေသည့် မေးခွန်းပေါင်းများစွာအနက်မှ အသိချင်ဆုံးမေးခွန်းတစ်ခုကို သူမေးလိုက်နိုင်သည်။ အဖေက ချက်ချင်းမဖြေပါ။ စဉ်းစားနေပုံရသည်။ သူ့သား မူလတန်းကျောင်းသားတစ်ဦး အကောင်းဆုံးနားလည်နိုင်မည့်အဖြေကိုပေးရန် စကားလုံးရွေးချယ်ရတာ အတော်တော့ ခက်ခဲသည်။ ဟုတ်သည်။ “အိုးမဲ့အိမ်မဲ့”ဆိုသည့်စကားလုံးကို အစားထိုး၍ပြောဆိုရင် တောသူတောင်သားဖြစ်သည့် အဖေ့မှာလည်း အခြားဝေါဟာရသစ်မရှိပါ။ အိမ်ခြေမဲ့သွားသူတစ်ယောက်၏ခံစားချက်ကို စကားလုံးများဖြင့် ထုတ်ဖော်ပြောဖို့အတွက်မူ အဆရာထောင်ချီ၍ ခက်ခဲလိမ့်မည်။

အဖေက သူ့သား၏မျက်နှာကို တွေပြီးကြည့်နေသည်။ ပြောရန်စကားလုံးတွေက လည်ချောင်းဝမှာ တစ်ဆို့လျက်ရှိသည်။ ဒီရွာမှာ သူတို့နေထိုင်ခဲ့သည်။ နိမ့်ပါးလှသည့် ၀င်ငွေကလေးကို ခြစ်ခြုတ်စုပြီးနောက် မြေကလေးတစ်ကွက် ၀ယ်နိုင်ခဲ့သည်။ ထို့နောက် သင့်တော်သပ်ရပ်သည့် အိမ်ကလေးဆောက်သည်။ ဒီရွာမှာ အခြေကျနေတာပင် သူ့သားကလေးတစ်သက်။ ယခု သူ့သားကလေးပင် ရွာကစာသင်ကျောင်းမှာ စာသင်နေပြီ။

သို့သော် ရွာကလေးသည် တပ်ပိုင်မြေဆိုပြီး သူတို့ကို အာဏာပိုင်တွေက ရွှေ့ခိုင်းသည်။ မဖယ်ဘူး၊ မရွှေ့ပေးဘူးဆိုလျှင် ပစ္စည်းတွေကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်သည်။ သူတို့လည်း ကြောက်ကြသည်။ ခက်သည်မှာ သူတို့ရွာမှာမနေရလျှင် ဘယ်အရပ်ဒေသကို ရွှေ့ပြီးနေရမည်လဲ မသိရခြင်းဖြစ်သည်။ သို့ဖြင့် သူတို့ မရွှေ့မိကြ။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ တပ်ပိုင်မြေဟုဆိုသော သူတို့ရွာကလေးသို့ သက်ဆိုင်ရာက အင်အားသုံး၍ လာရောက်ဖယ်ရှားကြသည်။ အိမ်ခြေအဆောက်အအုံများကိုလည်း
မြေထိုးစက်ကြီးတွေနှင့်ဖျက်သည်။ သူတို့အိမ်ထောင်ပရိဘောဂအတော်များများလည်း ပျက်စီးကုန်ပြီ။ တချို့ကတော့ ရှိစုမဲ့စုကလေး ကောက်သင်းကောက်ပြီး ခြေဦးတည့်ရာထွက်သွားကြပြီ။

ဒီစကားတွေကို အဖေက သူ့သားအား ပြောပြချင်သည်။ သူတို့မှာ အိမ်မရှိတော့ပြီဖြစ်ကြောင်း။ ဘယ်မှာသွားနေရမည်ကိုလည်း မသိကြောင်း သားဖြစ်သူကို ရင်ဖွင့်လိုသည်။ သားကလေးကတော့ သူ့အဖေကို ကြည့်နေဆဲ။ အဖေကလည်း သားမျက်နှာကို စူးစိုက်ကြည့်နေသည်။ အစောပိုင်းက မျက်ရည်တွေခြောက်ပြီဟုထင်ရသည့် အမေ့မှာလည်း သားနှင့်ခင်ပွန်းသည်တို့ကိုကြည့်ပြီး မျက်ရည်တွေ နောက်တစ်ခေါက်သွန်စီးလာပြန်သည်။

အပြင်မှာ အမှောင်ထုက တဖြည်းဖြည်းသိပ်သည်းထူထပ်လာပြီ။ အဝေးမှာ ကြယ်ကလေးတစ်ပွင့်ကိုပင် လှမ်းမြင်နေရသည်။ သားကလေးကတော့ ကျောင်းလွယ်အိတ်ကို လွယ်ထားသည်။ အဖြူ၊ အစိမ်းကျောင်းဝတ်စုံကိုလည်း အခုထိ မချွတ်ရသေး။ စိတ်ထဲမှာတော့ သူ့အိမ်ဘယ်ရောက်သွားသလဲဆိုသည့်အဖြေကို ရှာဖွေနေသည်။ ပုစ္ဆာတိုင်းမှာ အဖြေရှိသည်ဟု ဆရာမကတော့ ပြောဖူးသည်။ ဒါပေမဲ့ သူမယုံချင်တော့ပါ။ စာသင်ခန်းပြင်ပမှာ သူနားမလည်နိုင်သည့်၊ မရေရာသည့် လောကကြီးတစ်ခုရှိနေသေးကြောင်း ဒီညနေမှာ သူခံစားမိလာသည်။

ဟုတ်သည်။ မနက်ကပင် တည်ရှိနေသေးသည့် သူ့ကျောင်းလွယ်အိတ်ချိတ်ရမည့် အိမ်နံရံကလေး ဘယ်ရောက်သွားလဲ သူမသိတော့ပါ။ သူ့သူငယ်ချင်းတွေနှင့် ကစားရမည့် ဘောလုံးကလေးလည်း မရှိတော့။ သူတို့အိမ်ဘယ်ရောက်သွားပြီလဲ။ သူတို့ရွာမှာ ဘာတွေဖြစ်ကုန်တာလဲ။ သူ့မေးခွန်းကို အဖေမဖြေချင်လည်းနေပါစေ။ ဒါပေမဲ့ လောလောဆယ် အရေးတကြီး သိချင်နေမိသည့် နောက်ထပ်မေးခွန်းတစ်ခုတော့ အရဲစွန့်၍မေးမိလိုက်သည်။

“သားတို့ ဒီည ဘယ်မှာအိပ်ရမှာလဲ အဖေ”

(မှတ်ချက် - ဖေဖော်ဝါရီ ၄ ရက်က တပ်ပိုင်မြေဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အင်အားသုံးဖယ်ရှားခြင်းခံခဲ့ရသော ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာမှ နားခိုစရာအိမ်ခြေမဲ့သွားသော ကလေးငယ်များသို့ ဤဆောင်းပါးကို ရည်ညွှန်းပါသည်)

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

အပြည့်အစုံသို့ »

မလေးရှားမသွားရောက်မီ ကပင်သတိပေးခြိမ်းခြောက်မှုအချို့ရှိခဲ့ ရခိုင် အချင်းချင်းလုပ်ကြံခြင်း မဟုတ်ဟုရခိုင်တိုင်းရင်းသားခေါင်းဆောင်ဆို



Saturday, February 8, 2014

မလေးရှားနိုင်ငံတွင်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသောရခိုင်တိုင်းရင်းသား
ခေါင်းဆောင်ဦးအေးသာအောင် နှင့် ဒေါက်တာအေးမောင်ဦးဆောင် သောအဖွဲ့ မလေးရှားနိုင်ငံသို့ မသွားရောက်မီကပင်အီးမေးလ်ဖြင့် သတိပေးခြိမ်းခြောက်မှုအချို့ရှိခဲ့ ကြောင်း ဒေါက်တာအေးမောင်
က ပြောသည်။

ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာပြီး နောက်ရွှေတိဂုံစေတီအရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံ၌ အဆိုပါပစ်ခတ်ခံရမှု နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်း လင်းပွဲပြုလုပ်ခဲ့သည်။

မလေးရှားနိုင်ငံရှိ ရခိုင်လူမှု ကယ်ဆယ်ရေးအသင်း၏ဖိတ်ကြား မှုဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ရခိုင် တိုင်းရင်းသားများတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါဝင်သော ခြောက်ဦးတို့သည် ဇန်နဝါရီ ၃ဝ ရက် မွန်းတည့် ၁၂ နာရီက မလေးရှားနိုင်ငံကို ရောက် ရှိခဲ့ကြသည်။

အီးမေးလ်ဖြင့်သတိပေး
===============
မလေးရှားနိုင်ငံသို့မသွားရောက် မီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်၏အီးမေးလ်ထဲသို့ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထား သောသတိပေးစာပေးပို့ခံရပြီးနောက် မလေးရှားသို့ရောက်ရှိနေစဉ်အတွင်း တွင်လည်း အင်တာနက်မှတစ်ဆင့် အကြံပေးမှုများ၊ သတိပေးမှုများစွာ ရရှိခဲ့ကြောင်း ဒေါက်တာအေး မောင်က ပြောသည်။

အင်္ဂလိပ်စာအထားအသိုသုံးသပ်
==================
''မလေးအစိုးရက အခုအပို့ခံ ထားရတဲ့ အီးမေးလ်စာပိုဒ်ရဲ့ အင်္ဂလိပ်စာအထားအသို၊ အနေ အထားကို သုံးသပ်ချင်ပါတယ်။ ဖေ့စ်ဘုတ်ကလိပ်စာတွေလဲတောင်း ပါတယ်။ ဒီအတောအတွင်း အပို့ခံ ထားရတဲ့လိပ်စာတွေ ဒီကနေပြန် ပို့ပေးဖို့ မလေးအစိုးရရဲ့ အီးမေးလ် လိပ်စာတွေယူလာပါတယ်'' ဟု ၄င်းကဆက်ပြောသည်။

လုံခြုံမှုအစီအမံ
========
မလေးရှားမှဖိတ်ခေါ်သည့် ကိုယ်စားလှယ်အဖွဲ့သည် လုံခြုံမှု အစီအမံများကိုလည်း မလေးရှား အစိုးရနှင့်ညှိနှိုင်းဆောင်ရွက်ထား ကြောင်းသိရသဖြင့် လုံခြုံမှုပြည့်စုံ သည်အထင်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာအေး မောင်ကပြောသည်။
ဆိုင်ကယ်တစ်စီးနှင့်လူနှစ်ယောက်
ကိုယ်ပိုင်အစီအစဉ်ဖြင့် သွား ရောက်လည်ပတ်သည့်ခရီးစဉ်ဖြစ် သဖြင့် သံရုံးနှင့်လည်းအဆက် အသွယ်မရှိခဲ့ကြောင်း၊ သွားရောက် ရာတွင်လည်း သာမန်နိုင်ငံကူး လက်မှတ်(အနီ)ဖြင့်သာသွားရောက် ခဲ့ကြကြောင်းနှင့် ယခုလ ၅ရက် ည ၁၁ နာရီခန့်က ကွာလာလမ်ပူ မြို့လယ် Mukit Beting တွင်ရှိ သော Law Yat Plaza ၌ ဈေးဝယ် ပြီး ဟိုတယ်သို့ပြန်လာချိန်တွင် ဆိုင်ကယ်တစ်စီးနှင့်လူနှစ်ယောက် က ပစ္စတိုသေနတ်ဖြင့် သုံးချက်ပစ် ခတ်ခဲ့သော်လည်းကားကိုသာထိမှန် ခဲ့ပြီး ကားပေါ်ပါမည်သူ့ကိုမျှထိခိုက် ဒဏ်ရာမရခဲ့ကြောင်း သိရသည်။

ပြည်တွင်းအဖွဲ့နှင့် ဆက်စပ်မယ်လို့ယူဆ
======================
ဒေါက်တာအေးမောင်က ''ခု လုပ်ကြံမှုက ရခိုင်လူမျိုးချင်းလုပ် တယ်လို့မယူဆပါဘူး။ လုပ်ကြံသူ မှာ မုတ်ဆိတ်မွေးပါပြီး မြန်မာ စကားသံထွက်တာကို ကြားလိုက် မြင်လိုက်တဲ့သူလဲရှိတယ်။ဒါကြောင့် ပြည်တွင်းကအဖွဲ့တွေနဲ့ဆက်စပ် နေမယ်လို့ယူဆတဲ့အတွက် မြန်မာ နိုင်ငံမှာရှိတဲ့ လုံခြုံရေးအဖွဲ့အစည်း တွေအနေနဲ့လဲ စစ်ဆေးလေ့လာ နိုင်အောင် မလေးကမြန်မာသံရုံးမှာ အမှုဖွင့်ထားတဲ့ဟာတွေအကုန်ပေး ပြီးပါပြီ။အခင်းဖြစ်ပွားချိန်မှာတော့ မလေးရှားအစိုးရကသေချာဆောင် ရွက်ပေးခဲ့ပါတယ်''ဟုပြောသည်။

အခင်းဖြစ်ပွားပြီး ည ၁ နာရီခွဲ တွင် မြန်မာသံရုံးသို့ဆက်သွယ် အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းတွင်လည်း အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦး ဇော်အေးမောင်က ''ကျွန်တော်တို့ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခက ဘယ်လောက်အထိ နိုင်ငံရပ်ခြားမှာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ဆက်စပ် လာပြီလဲဆိုတာ ပြည်သူတွေ၊ တိုင်း ရင်းသားတွေသိဖို့လိုပါပြီ '' ဟု ပြောသည်။

မလေးရှားအစိုးရနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်
============================
မြန်မာနိုင်ငံသံရုံးအနေဖြင့် သတင်းရရှိသည်နှင့် မလေးရှား အစိုးရတာဝန်ရှိသူများကို အမြန်ဆုံး ဆက်သွယ်ပြီး ညတွင်းချင်းပင် ဒေါက်တာအေးမောင်နှင့်အဖွဲ့၏ လုံခြုံရေးကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ကလည်း မြန်မာသံရုံး၏ဆက်သွယ် ဆောင်ရွက်မှုအရ တည်းခိုရာ LeMeridiens Hotel မှ ကွာလာလမ် ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် အထိ လမ်းကြောင်းတစ်လျှောက် တွင် မလေးရှားရဲချုပ်ရုံး Special Branch မှ စေလွှတ်သော လက်နက်ကိုင်လုံခြုံရေး အစောင့် အရှောက်များ၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံမှူးရုံးတို့မှဝန်ထမ်းများ ဖြင့် လုံခြုံရေးတာဝန်ယူဆောင်ရွက် ပေးခဲ့ကြောင်း၊ကွာလာလမ်ပူတွင်ရှိ သော မြန်မာနိုင်ငံသံရုံးအနေဖြင့် လည်း လက်နက်ကိုင်အကြမ်းဖက် သူများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေးအတွက်အလေးထားပြီး မလေး ရှားအစိုးရနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

Credit: The Union Daily


အပြည့်အစုံသို့ »