လယ်ဧက နှစ်သောင်းကျော် ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်


တောင်ငူ၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်ကာ တပ်မတော် တပ်ရင်းများ၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများ အပါအဝင် ကုမ္ပဏီကြီးအချို့က သိမ်းယူခဲ့သည့် လယ်ယာမြေ ဧကနှစ်သောင်းကျော်ကို မူလလက်ငုတ် တောင်သူများ ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၀၀ ကျော်က ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၁၀ နာရီက တောင်ငူမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် ပါဝင်ခဲ့သည့် လယ်သမားအရေး ဆောင်ရွက်သူ ဦးခင်ဇော်က ပြောကြားသည်။
“ကျွန်တော် အပါအဝင် ဒေသခံတောင်သူ အယောက် ၁၀၀ ကျော်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တရားဝင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားပြီးမှ ခွင့်ပြုချက်နဲ့အညီ ဆန္ဒဖော်ထုတ်ခဲ့တာပါ။ လိုချင်တာက တပ်မတော်က ပြန်လည် စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို အမြန်ဆုံးရရှိရေး အတွက်ပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံများ ပြုလုပ်ခြင်းမရှိဘဲ ‘သိမ်း ဆည်းခံ လယ်ယာမြေများ မူလတောင်သူကို အမြန်ဆုံး ပြန်ပေးရေးနှင့် ပုဒ်မ ၃၇ (ဃ) ဖျက်သိမ်းပေးရေး’ ဆိုသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကာ တောင်ငူမြို့ အမှတ် (၁၂)၊ ၅ လမ်း၊ မြို့နယ် NLD အဖွဲ့ရုံးရှေ့မှ ကုန်သည်ကြီးလမ်း၊ ဗိုလ်မှူး ဖိုးကွန်းလမ်းနှင့် ဦးမှန်းလမ်းတို့ကို ဖြတ်ကာစုရပ် ဖြစ်သည့် NLD မြို့နယ်ရုံးသို့ မွန်းလွဲ ၁၁ နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် လိုက်ပါခဲ့သူ ဒေသခံ တောင်သူများက ဆိုသည်။

တောင်ငူခရိုင် အတွင်းရှိ တောင်ငူ၊ ရေတာရှည်နှင့် ဖြူးမြို့နယ် တို့မှ ဒေသခံတောင်သူ ၁၀၀ ကျော်မှာ လွန်ခဲ့သည့် ၂၃ နှစ်ကပင် လယ်ယာမြေများကို အကြောင်းမဲ့ သိမ်းဆည်းခံခဲ့ရသည့်အပြင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ၎င်းတို့ လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိနိုင်ရေးအတွက် ထွန်တုံးတိုက်ပွဲများ ဆင်နွှဲခဲ့သဖြင့် ဒေသခံတောင်သူ ၂၀၀ နီးပါးမှာ ပိုင်နက် ကျူးလွန်မှုဖြင့် တရားရင်ဆိုင်နေ ရကြောင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှ စက်မှုလယ်ယာဧက၂၀၀၀ စီမံကိန်းအတွက် လယ်မြေ ၁၃ ဧကခန့် သိမ်းဆည်းခံခဲ့ရပြီး တစ်နှစ်နီးပါးခန့် တရားရင်ဆိုင်နေရသူ ဦးတင်ငွေက ပြောကြားသည်။

တောင်ငူခရိုင်အတွင်း အကြောင်း အမျိုးမျိုးဖြင့် သိမ်းဆည်းခဲ့သော လယ်ယာမြေဧက ၃၀,၀၀၀ နီးပါးရှိရာ လယ်ယာမြေ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်အဖွဲ့ အနေနှင့် အမှုအားလုံးကို စုံစမ်းလေ့လာကာ တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး ဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာက မြေယာများကို မူလတောင်သူများထံ ပြန်လည် လုပ်ကိုင်ခွင့် (သို့မဟုက်) မြေယာ နစ်နာကြေး ပြန်လည် ပေးအပ်မှု မတွေ့ရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင် အဖွဲ့ဝင် ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက သုံးသပ်ပြောကြားသည်။

သိမ်းဆည်းခံရသည် လယ်ယာမြေ အားလုံးနီးပါးမှာ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်း တည်ဆောက်ရေး စီမံကိန်းအတွက် တောင်ငူခရိုင် ခြောက်မြို့နယ်မှ လယ်မြေများ ဖြစ်သည်ဟု ၎င်းကဆိုသည်။

တပ်မတော်က သိမ်းဆည်းခဲ့သော လယ်ယာမြေများအနက် လယ်မြေ ၁၅၄,၈၉၂ ဒသမ ၁၀၂ ဧကကို ပြန်လည် စွန့်လွှတ်၍ တောင်သူများထံ ပေးအပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေညာထားသည်။

တောင်သူလယ်သမာများထံမှ လယ်ဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည့် ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်း စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသများရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဝန်ခံပြောကြားခဲ့သည်။
The Voice Weekly

အပြည့်အစုံသို့ »

ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ အိမ် ၃၀၀ ကျူးဟု သတ်မှတ်ဖျက်ဆီး


ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ လူနေအိမ်များကို စည်ပင်က ဖျက်ဆီးနေစဉ် ဓာတ်ပုံ - စန်းထွေး

  ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်၊ ပင်းယလမ်းရှိ အိမ်ခြေသုံးရာကျော်ကို ကျူးများဟုဆိုကာ မြို့နယ်စည်ပင်သာယာက ဖေဖော်ဝါရီ ၈ ရက် နံနက်က ၀င်ရောက်ဖျက်ဆီးခဲ့သည်။

အဆိုပါရပ်ကွက်အတွင်းရှိ မြေကွက်များကို ပွဲစားများထံမှတစ်ဆင့် ၀ယ်ယူကာ နေထိုင်မှုများရှိနေကြောင်း အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငှားရမ်းနေထိုင်လာရင်း ယခုကဲ့သို့ အဖျက်ခံလိုက်ရသည်ဟုဆိုကြသည်။

ငှားရမ်းနေထိုင်ကြရာတွင် မြေနေရာများကို သုံးသောင်း၊ ခုနစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲအထိ ပေးဆောင်၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့ရမည့်သူများအတွင်း ပါဝင်သည့် ဦးအုန်းရွှေက ပြောသည်။

ဖေဖော်ဝါရီ ၈ ရက်က အဆိုပါရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်များ ဖျက်ဆီးရာတွင် လူနေထိုင်မှုရှိသော အချို့အိမ်များ တစ်ပတ်အတွင်း ဖျက်သိမ်းပေးရန် ညွှန်ကြားသွားခဲ့ကြောင်း သိရသည်။

““ကျူးကျော်အိမ်တွေဆိုပြီး လာဖျက်တယ်။ လူရှိတဲ့အိမ်တွေဆို မဖျက်ဘူး။ တချို့လည်း လူရှိတာတောင်ဖျက်သွားတာပါ။ ပါးစပ်နဲ့ လိုက်ပြောထားတာတော့ရှိပါတယ်။ နို့တစ်စာကပ်ပြီး ဘယ်ရက်အတွင်း ပြောင်းရမယ်လို့ဆိုတာမျိုးလည်း မလုပ်ဘူးဗျ။ အိမ်ဆောက်ဖို့ ပစ္စည်းတွေတောင် ၀ယ်လာတာ ပြန်ရောက်တော့ အိမ်တွေကို လာဖျက်နေကြပြီ””ဟု ၂ နှစ်ကျော်ကြာ ငှားရမ်းနေထိုင်သူတစ်ဦးဖြစ်သော ဦးမင်းကျော်သူကပြောသည်။

ယင်းသို့ ကျူးကျော်အိမ်များ လာရောက်ဖျက်ဆီးရခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရဖြစ်ပြီး ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူ များပြားလာခြင်းကြောင့် လာရောက်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကျူးကျော်အိမ်များ ဖျက်ဆီးမှုကို ၁၂ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ခံခွဲရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ““ဒီကိစ္စကို ကျွန်တော်တို့ မပြောနိုင်ပါဘူး။ အုပ်ချုပ်ရေးမှူးကပဲ ပြောနိုင်မှာပါ””ဟုသာ ရုံးတွင်ရှိနေသူတစ်ဦးက ပြန်လည်ဖြေကြားပေးခဲ့သည်။

Author:  သူရကျော်
7day Daily

အပြည့်အစုံသို့ »

အမြန်လမ်းတွင် ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်မှောက် ခြောက်ဦးဒဏ်ရာရ

တိမ်းမှောက်သွားသော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ခရီးသည် ၄၄ ဦး လိုက်ပါလာသည့် ကားမှောက်ပြီး အဘိုးအိုတစ်ဦး အပါအ၀င် ခရီးသည် ခြောက်ဦး  ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၁၂/၂၁၃) ကြားတွင် ဖေဖော်ဝါရီ ၅ ရက် နေ့လယ်က ရန်ကုန်-မန္တလေးပြေးဆွဲသည့် အရိန္ဒမာ ခရီးသည်တင်ယာဉ်မှောက်ခြင်းဖြစ်ကြောင်း ပန်းတင်အမြန်လမ်းရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

““အရှိန်လွန်ပြီး မှောက်တာပါ။ ကံကောင်းတာက ခရီးသည်တွေ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဘူး။ ယာဉ်မောင်းကိုတော့ အရေးယူထားပါတယ်”” ဟု အဆိုပါရဲအရာရှိကဆိုသည်။

ဒဏ်ရာရခဲ့သူအားလုံးမှာ စိုးရိမ်စရာမရှိတော့ဘဲ ယာဉ်မောင်း စည်သူဝင်းဆိုသူကို ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် ပန်းတင်အမြန်လမ်းရဲစခန်းတွင် အရေးယူထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ ရရှိသော စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၃ ဇန်န၀ါရီမှ သြဂုတ်လအထိ နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုအရေအတွက် (၁၈၀) ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၄၈၄ ဦး ရှိခဲ့ကြောင်း သတင်းရရှိသည်။

Author: အောင်သစ်လွင်
7day Daily

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်


(ဓာတ်ပုံ- ရခိုင်လူမှုကွန်ရက်)

ကေဇူး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို တိကျစွာအကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကဒ်များဖြင့်
မဲပေးခွင့်ရွေးချယ်ခံခွင့်ကို တားမြစ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ INGO များက ဘက်လိုက်မှုများရှိနေသဖြင့် ဒေသတွင်းမှ ထွက်ခွာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲဝန်ထမ်းများကို ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန်တို့ကို ရခိုင်ဒေသခံတို့က အစဉ်တစ်စိုက် တောင်းဆိုကြခဲ့ခြင်းဖြစ်သည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေကို ကမ္ဘာကို မဟုတ်မမှန်သတင်းလွှင့်နေတယ်။ ဒီလိုပြသနာတွေ နောက်လည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ”ဟု ဖေဖော်ဝါရီ ၉ရက်တွင် မြောက်ဦးမြို့၌ ဦးဆောင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သူ ကိုထွန်းစံက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်နှင့် ၆ ရက်တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့တို့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်နယ် အားလုံးတွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဦးဆောင်ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်က မသီတာထွေးသေဆုံမှုနှင့် ပတ်သက်ပြီး လူမျိုးစုနှစ်စု ပဋိပက္ခဖြစ်ပွားရာမှ စတင်ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခသည် တည်ငြိမ်လျှက်ရှိသော်လည်း ဒူးချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တပ်ကြပ်ကြီးပျောက်ဆုံးမှုနှင့် ကျေးရွာအတွင်းမှ ဘင်္ဂလီ လူမျိုးများ သတ်ဖြတ်ခံရသည်ဆိုသည့် သတင်းအပေါ်တွင် နိုင်ငံတကာသံရုံးများ၊ EU အဖွဲ့အစည်းများက ဝမ်းနည်းကြောင်းကြေညာချက်ထုတ် တောင်းဆိုထားသည်။

Mizzima - News in Burmese

အပြည့်အစုံသို့ »

လှည်းကူးမြို့ ရှိ ဗိုလ်ချုပ် ခင်ညွန့် ပိုင်ဆိုင်ခဲ့သော မြေနေရာ တွင် ကျူးကျော်တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှု ရှိလာ


လှည်းကူး မြို့နယ် ကျောက် ကုတင် ကျေးရွာ အုပ်စု အတွင်း ရှိ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် ပိုင် ဆိုင် ခဲ့ သော မြေနေရာ တွင် ကျူး ကျော် တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှုများ ရှိလာ ကြောင်း ဒေသခံ များ၏ ပြော ကြားချက် အရ သိရသည်။

အစတုန်းက တစ်နေရာ ကျပ်နှစ်သောင်း သုံးထောင်ပဲရှိတယ်။ အခု ဆယ့်လေးငါးသိန်း အထိ ပေါက် တယ်။ အဲဒီအနားမှာ ခြံခတ်ဖို့ ၀ါးဓနိရောင်းနေတာရှိတယ်။ ကျွန်တော်တို့က ဈေးကြီး တော့ မ၀ယ်နိုင်တော့ဘူး ဟုလှည်း ကူးမြို့မှ ဒေသခံဆိုင်ကယ်ကယ်ရီသမားတစ် ဦးက The Messenger သတင်းစာသို့ပြော သည်။

အ ဆိုပါ မြေနေရာသည်ယခင်ဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ညွန့် ပိုင်ဆိုင်ခဲ့ကာ အစိုးရမှ လေလံတင်ရောင်းချခဲ့သဖြင့် ကုမ္ပဏီတစ်ခုမှ လေလံအောင်ခဲ့ပြီး၊ နှစ်သုံးဆယ်ဂရန် ရရှိခဲ့ ကြောင်း၊ အဆိုပါ မြေ နေရာ တွင် နေထိုင်နိုင် ရန် NLD ပါတီ လှည်းကူးမြို့ ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးဖြိုးမင်းသိန်းမှစီစဉ် ပေး သည် ဟု သတင်း များ ထွက်နေသောကြောင့်၊ ယခုအခါ NLD မှ စုံစမ်းနေပြီဖြစ်ကြောင်း၊ လှည်းကူး NLD ပါတီဝင်များက ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများ သည် လှည်းကူးမြို့မှ ဒေသခံများ ဖြစ်ပြီး၊ ယခင်က ဆယ် ပေပတ် လည် တစ်ကွက်လျှင် ကျပ် သောင်းဂဏန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ် သော်လည်းယခုအခါသိန်းဆယ်ဂဏန်းအထိ ရောင်းဝယ်မှု ပြုလုပ်နေကြကြောင်း၊

ဝယ်ယူ သူများထဲတွင် နာမည်ကြီးသူဋ္ဌေးတချို့လည်း ပါဝင်ပြီး ကျူး ကျော် များ အား လက်ညှိုးထိုး ခြံခတ်ရောင်းစားသော လူတန်းစားတစ်ရပ် ရှိနေကြောင်းလည်း ဒေသခံစီးပွားရေးသမား အချို့က ဆိုသည်။ အဲဒီကိစ္စ တရားရုံးမှာ တရားစွဲဆို ထားပါတယ်။

အဲဒါ ပုဂ်္ဂလိက ပိုင်ဆိုင်မှု ဖြစ်နေ တယ်။ အ စိုး ရက စီမံတဲ့ မြေပေါ်မှာ ကျွန်တော် တို့က ဆောင်ရွက်လို့ ရပါတယ်”” ဟု လှည်း ကူး မြို့နယ်ဦးစီးမှူး ဦး အောင်ကိုက The Messenger သတင်းစာသို့ ပြောသည်။

လှည်းကူးမြို့၊ ကျောက်ကုတင်ကျေးရွာ အုပ်စုထဲတွင် ယခင် ဗိုလ်ချုပ်ကြီးဟောင်းများ ပိုင်ဆိုင်သော ခြံ များ ရှိနေကာ၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏ သမီး ခြံ၊ ဗိုလ်ချုပ်တင်ဦး၏ ခြံများလည်း ပါဝင်ကြ ကြောင်း ဒေသခံ များ က ဆိုသည်။

ယခုအခါတွင် လှည်းကူးမြို့နယ်အ တွင်းရှိ သမီးလေးရွာ အပါအ၀င် ကျေးရွာ လေးရွာမှ နေ ထိုင်သူများအား စစ်တပ်မြေတွင် နေထိုင် သူများဟု ပြောဆိုကာ သက်ဆိုင်ရာမှ နေအိမ်များ ဖျက်ဆီးမှုကြောင့် နေထိုင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

Messenger News Journal

အပြည့်အစုံသို့ »

ဂျပန်နိုင်ငံတစ်ဝန်း နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ၇ ဦးသေဆုံး ၁၀၀၀ ဦးဒဏ်ရာရရှိ


တိုကျို ၊ ၉-၂-၂၀၁၄

ဂျပန်နိုင်ငံ တိုကျိုမြို့ နှင့် အချို့ ဒေသများတွင် ဆယ်စုနှစ် များစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆီးနှင်းများ ထူထပ်စွာ ကျဆင်း ခဲ့ခြင်းကြောင့် ယနေ့ နံနက်ပိုင်းတွင် လူ ၇ ဦးထက်မနည်း သေဆုံး၍ အခြား ၁၀၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ဖြစ်သည့် NHK က ထုတ်ပြန် ခဲ့သည်။

နိုင်ငံတစ်ဝန်း ဆီးနှင်း ကျဆင်းမှု ပမာဏသည် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ၂၇ စင်တီမီတာ အထိ မြင့်တက် လာခဲ့ပြီး ယင်းပမာဏ သည် ၄၅ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ဖြစ်ကြောင်း မိုးလေ၀သ ဌာန မှ ထုတ်ပြန် ခဲ့သည်။

ယင်းကဲ့သို့ နှင်းများ ထူထပ်စွာ ကျဆင်းခဲ့မှုကြောင့် တိုကျိုမြို့တွင် ကျင်းပမည့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကို ထိခိုက် လာနိုင်သည့် အပြင် ပြည်သူ ၁၃ သန်းခန့်သည် ရွေးကောက်ပွဲ တွင် မဲပေးရန် အခက်အခဲများ ကြုံတွေ့ လာနိုင်ကြောင်း လေ့လာ စောင့်ကြည့် သူများက ပြောကြား ခဲ့သည်။

ထို့ပြင် ယနေ့ နံနက်ပိုင်း တွင် လူနေအိမ် ၂၀၀၀၀ ကျော်ခန့်သည် လျှပ်စစ်မီး ပြတ်တောက်မှု ဒဏ်နှင့် ကြုံတွေ့ ခဲ့ရပြီး ပြည်တွင်း လေကြောင်း ခရီးစဉ် ၂၀၀ ခန့်ကိုလည်း ဖျက်သိမ်း ခဲ့ရကြောင်း သိရှိရသည်။

PyiChitThar

အပြည့်အစုံသို့ »

အဝေးပြေးခရီးသည်ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးသေဆုံးမှု စစ်ဆေးနေ


ဇော်ဇော်ထွေး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ပခုက္ကူ-ရန်ကုန်ပြေးဆွဲသည့် အောင်ကျော်မိုး အဝေးပြေးခရီးသည်ယာဉ် တစ်စီးပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့မှုကို ဖေဖော်ဝါရီ ၈ရက်တွင် မင်္ဂလာဒုံရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဖေဖော်ဝါရီ ၈ရက် နံနက် ၅ နာရီခွဲအချိန်က အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းသို့ ရောက်ရှိလာသည့် ပခုက္ကူ-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးကို သေဆုံးလျက်
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောမြောက်စုရွာတွင် နေထိုင်သည့် ဦးကျော်စိုး (၄၃)နှစ် ဖြစ်သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် ယာဉ်ပေါ်မှ ခရီးသည်များ ဆင်းသွားသည့် အချိန်တွင် မဆင်းဘဲ ယင်းလိုက်ပါသည့် ထိုင်ခုံအမှတ် ၃၇ ပေါ်တွင် မှောက်လဲနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယာဉ်နောက်လိုက်က သွားရောက်နှိုးစဉ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် အသေးစိတ် စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားသည်။

ထို့ပြင် ယင်းသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ဒုရဲအုပ် ညွန့်ဝင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာဒုံရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့်အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး ဝင်းမြင့်က စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

အပြည့်အစုံသို့ »