အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အလုပ်ခွင်မှာ မလုပ်သင့်တဲ့အမှားများ


ကျွန်ုပ်တို့ရဲ့ အသက်နှစ်ဆယ်နောက်ပိုင်း အချိန်တွေဆိုတာ ပျော်ရွှင်စရာတွေ နည်းပါးလာတာ အမှန်ပါပဲ။ ပြီးတော့ ပုံသေကားကျ ဘ၀တစ်ခုနဲ့လည်း ကျင်လည်နေရပါပြီ။ ဒီလိုအချိန်တွေဆိုတာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်နေကြရတဲ့ အချိန်တွေပါပဲ။ လူ့သက်တမ်းကို ပျှမ်းမျှ (၆၀)နဲ့ သုံးပုံ ပုံကြည့်မယ်ဆိုရင် တကယ်တမ်း ကောင်းကောင်း အလုပ်လုပ် နိုင်တဲ့အချိန်ဆိုတာ အနှစ် (၂၀)ထက်မပိုပါဘူး။

ဒါကြောင့် အသက်(၂၀)နောက်ပိုင်းမှာ အကောင်းဆုံး လုပ်ငန်းခွင်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့ လုပ်ငန်းခွင်မှာ ဒီအချက်တွေကို ရှောင်ကြဉ်ဖို့တော့ လိုပါမယ်။

(၁) အလုပ်ချိန် နောက်ကျခြင်း။
အလုပ်တိုင်း အလုပ်တိုင်းမှာ တိကျတဲ့အလုပ်တက်ချိန် ၊ အလုပ်ဆင်းချိန် ဆိုတာရှိပါတယ်။ တစ်နေ့တာ အလုပ်ချိန်ဟာ (၈)နာရီကနေ (၉)နာရီကြားရှိတတ်ပါတယ်။ ဒီတော့ အချိန်တိကျအောင် ကြိုးစားပါ။ တကယ်လို့များ သင့်ရဲ့လုပ်ငန်းခွင်ဟာ အတော်လေး လိုက်လိုက်လျောလျောနဲ့ မိသားစုဆန်တဲ့ အသိုင်းအ၀ိုင်းမျိုး ဖြစ်နေခဲ့ရင်တောင် နောက်ကျတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။ သင့်ရဲ့ အထက်အရာရှိ (သို့) အလုပ်ရှင်ဟာ သင်ထင်ထားတာထက် ပိုပြီးတော့တောင် ဒါကို သတိထားမိနေတတ် ပါတယ်။ တကယ်လို့များ နောက်ကျခြင်းဟာ အကျင့်တစ်ခုလိုဖြစ်သွားမယ် ဆိုရင် သင်ဟာ “Lazy Worker” (ပျင်းရိတဲ့အလုပ်သမား) တစ်ဦးရယ်လို့ သတ်မှတ်ခံရပါတော့မယ်။ အဲ့ဒီအခါ ကြီးမားတဲ့အလုပ်တာဝန် တွေနဲ့ ရာထူးတိုးခြင်း စတဲ့ အခွင့်အရေးတွေကနေ ငြင်းပယ်ခံရပါတော့မယ်။

(၂) သတ်မှတ်မထားတဲ့ အလုပ် စည်းမျဉ်းများကို ချိုးဖောက်လေ့ရှိခြင်း။
သင့်ရဲ့ရုံးက အရမ်းမိုက်တာပဲ။ social network တွေလည်း အသုံးပြုလို့ရတယ်။ ဒီလိုရုံးမျိုး ဖြစ်နေခဲ့မယ် ဆိုရင်တောင် အလွန်အကျွံအသုံးမချပါနဲ့။ သင့်မှာကောင်းမွန်တဲ့ လက်တွေ့ social life ရှိပါတယ်။ ဒါကြောင့် application တွေ ၊ BBM တွေကြားမှာ အချိန်ပြည့်မနေပါနဲ့။ ဇာတ်လမ်းတစ်ခုကို သေမလောက်ကြည့်ချင်နေရင်တောင် ရုံးက အင်တာနက်နဲ့ download မလုပ်ပါနဲ့။ Youtube တွေ ထိုင်မကြည့်နေပါနဲ့။ ခုံပေါ်မှာ အိပ်ပျော်မနေပါစေနဲ့။ ဘာကြောင့်လဲဆို ကုမ္ပဏီတိုင်းမှာ ၀န်ထမ်းတွေရဲ့ အင်တာနက်အသုံးပြုမှု activity တွေကို ပြန်သိနိုင်တဲ့နည်းတွေအများကြီး ရှိပါတယ်။ ဒါတွေက သင့်ရဲ့ တက်လမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

(၃) တရားဝင် မှတ်တမ်းမှတ်ရာများ မထားတတ်ခြင်း။
မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ငန်းတွေကိုဆောင်ရွက်ပါ။ လာသမျှ မေးလ်တွေအားလုံးကိုစစ်ပါ။ ပြီးရင် အားလုံးကို မေးလ်နဲ့ပဲ ပြန်ကြားမှုပြုလုပ်ပါ။ သဲလွန်စ ပြန်ရှာမရတာမျိုးမဖြစ်နိုင်အောင် အားလုံးကို မှတ်တမ်း မှတ်ရာနဲ့တကွ မေးလ်တွေပို့ပြီး သိမ်းဆည်းထားတဲ့ အကျင့်ရအောင်လုပ်ပါ။ ဒါမှသာ သင့်ရဲ့ ဆက်သွယ်မှုတွေ အားလုံးကို electronic နည်းလမ်းတွေနဲ့ record လုပ်ထားနိုင်မှာဖြစ်ပါတယ်။ သို့မှသာ နောင်တစ်ချိန်မှာ သင့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ဦးက complains (စွဲချက်တင် တိုင်တန်းမှု) တွေ လုပ်လာမယ်ဆိုရင် မှတ်တမ်းမှတ်ရာနဲ့တကွ ပြန်လည်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) ငွေရေးကြေးရေး အရှုပ်အရှင်း များခြင်း။
ပိုက်ဆံ။ ပိုက်ဆံဆိုတာ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်အတော်များများကို လွှမ်းမိုးထားနိုင်ပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ အလွန်အကျွံဖက်တွယ်မိသွားရင်တော့ မပျော်ရွှင်မှုတွေ ရလာပါလိမ့်မယ်။ ငွေကြေးကို ရှာပါ ။ ဒါပေမယ့် နည်းမှန်လမ်းမှန်ဖြစ်ပါစေ။ သင့်ရဲ့ အရည်အချင်းတွေ ပြည်ဝစေဖို့ထဲမှာ ငွေကြေးထိန်းသိမ်း တတ်ခြင်းလည်း ပါပါတယ်။ သင့်ရဲ့ကုမ္ပဏီက သင့်ရဲ့ စာရိတ္တ အရည်အသွေးကိုလည်း အမြဲတမ်း ထည့်တွက်လေ့ရှိပါတယ်။ ဒါကြောင့် ရုံးခန်းအတွင်းမှာ ငွေကြေးနဲ့ပတ်သက်ပြီး အမြဲတမ်း အရှုပ်အရှင်း ကင်းရှင်းအောင်နေထိုင်ပါ။

ဒီတော့ အောင်မြင်တဲ့ လုပ်ငန်းခွင်လမ်းကြောင်းတစ်ခု ရရှိဖို့ဆိုရင်တော့ သင့်ရဲ့ အလုပ်အပေါ် ပုံဖော်မှု၊ အကြံအစဉ်ကောင်းမွန်မှု ၊ လုပ်ငန်းကျွမ်းကျင်မှု ၊ အထက်အရာရှိအပေါ် လေးစားတတ်မှု စတာတွေလည်း အမှန်အကန် လိုအပ်ပါသေးကြောင်း တင်ပြပေးလိုက်ရပါတယ်။

Ref:mensxp
myawadynews

အပြည့်အစုံသို့ »

အာဏာနိုင်ငံရေးနှင့် အထိန်းအကျောင်း နိုင်ငံရေး


Written by  ပေါ်လင်းဦး

မြန်မာနိုင်ငံတွင် (၁၉၄၈-၁၉၆၂) အထိ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည်။ ဆယ်စုနှစ် တစ်ခုစာကျော်ကျော် ကြာသည်။ ယင်းပါလီမန် ဒီမိုကရေစီ ကျဆုံးရခြင်းကို ချင့်ချိန်ကြည့်သော် ထိုအချိန်က Stakeholder အသီးသီး၏ နိုင်ငံရေး ရင့်ကျက်မှုအပေါ် လက်ညှိုး ထိုးကြသည်ကို တွေ့ရမည် ဖြစ်သည်။

ထိုခေတ် နိုင်ငံရေးဟူသည်ကား ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲနှင့် အကွဲအပြဲ ပေါင်းစုံကို အခြေခံထားသည်။ အာဏာအတွက် လက်နက်ကိုင်ကြသည်။ ဝါဒပြိုင်ကြသည်။ အမှန်ပြိုင်ကြသည်။ အစစ်ပြိုင်ကြသည်။ ရသမျှ နည်းဖြင့် ခြေထိုးကြသည်။ယင်းသို့ နိုင်ငံရေးသမားတို့ တစ်ယောက် တစ်ပေါက် ဖြစ်နေချိန်တွင် ၎င်းတို့ကို ထိန်းနိုင်ကျောင်းနိုင်သော ယန္တရားကလည်း လောက်လောက်လားလား မရှိပြန်။ Third Party အမြင်မျိုး ကောင်းကောင်း ဖွံ့ဖြိုးသည်ဟူ၍ မတွေ့ရ။ တစ်နည်းအားဖြင့် ဆိုရလျှင် ပါလီမန်ခေတ် မြန်မာနိုင်ငံတွင် အာဏာနိုင်ငံရေး ခေါင်းထောင်လာချိန်၌ အထိန်းအကျောင်း နိုင်ငံရေးက လုံလုံလောက်လောက် ဖွံ့ဖြိုးမှု မရှိသည်ကို တွေ့ရမည် ဖြစ်သည်။

အာဏာနိုင်ငံရေး

အာဏာနိုင်ငံရေး ဆိုသည်ကား နိုင်ငံရေးအာဏာ တစ်ရပ်ရပ် အလို့ငှာ ရည်မှန်းချက်ရှိရှိ ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှု အဝဝပင် ဖြစ်သည်။ အာဏာရရှိရေး သို့မဟုတ် ရရှိပြီး အာဏာ ပြန်မစွန့်ရရေးကို အခြေခံသည်။ ဖင်ထိုင်ခုံ နိုင်ငံရေးဖြစ်သည်။ အာဏာနိုင်ငံရေး၏ ပင်မ လမ်းကြောင်းမှာ ပါတီနိုင်ငံရေး ဖြစ်သည်။ နိုင်ငံရေးပါတီ မဟုတ်သည့်တိုင် အာဏာ တစ်ရပ်ရပ်အတွက် ရည်စူး လှုပ်ရှားနေသော အဖွဲ့အစည်းများကိုလည်း အာဏာနိုင်ငံရေးတွင် ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

“ဒီမိုကရေစီ နိုင်ငံတွေမှာ ပါတီတိုင်း လုပ်ကြတဲ့ အလုပ်တစ်ခု ရှိတယ်ဗျ၊ အဲဒါက ဘာလဲဆိုတော့ ကိုယ့်ပါတီက လွဲရင် ဘယ်ပါတီမဆို ဒီနိုင်ငံကို အုပ်ချုပ်ဖို့ အရည်မချင်း မရှိဘူးဆိုတာ သက်သေပြဖို့ အမြဲ ကြိုးစားနေကြတယ် ဆိုတာပဲ။ များသောအားဖြင့် သူတို့ပြောတာတွေက မှန်လည်း မှန်ကြ ပါတယ်” ။ ဤကား (H.L. Mencken) ၏ အဆိုဖြစ်သည်။ မငြင်းသာသော အချက်လည်း ဖြစ်သည်။

အာဏာနိုင်ငံရေး၏ အခြေခံ သဘာဝမှာ၊ “ မိမိသာလျှင် အမြဲအမှန်၊ မိမိပြိုင်ဘက်ကား အမြဲအမှား” ဟူ၍ ဖြစ်၏။ သို့ဖြစ်ရာ အာဏာ နိုင်ငံရေးသမားတို့၏ စဉ်းစား တွေးခေါ်ပုံများမှာ ပင်ကိုအရပင် အဂတိတရား မကင်း။ မိမိ အာဏာရရေး၊ နေရာရရေးသည် နံပါတ်တစ် ဖြစ်သည်။ သို့အတွက် လူကြိုက်များရေးကို အခြေခံ ထားရသည်။ ထို့ကြောင့် မည်မျှပင် အမျိုးသား အကျိုးစီးပွား ဖြစ်ပါစေ လူကြိုက်များရေးနှင့် ထိပ်တိုက် ဖြစ်လာပါက (ဖြစ်နိုင်လျှင်) လက်ရှောင်ချင်သည်။ နှာစေးချင်သည်။ ယင်းသို့ အလုပ်သဘောအရ မကင်းနိုင်သော အဂတိ တရားတို့ကြောင့် အာဏာ နိုင်ငံရေးသမားတို့ အမြင်များသည် အခါခပ်သိမ်း စိတ်ချရသည် မဟုတ်ဟုဆိုလျှင် မလွန်လောက်ဟု ထင်သည်။ တော်သည့်အခါ ရှိနိုင်သလို၊ ချော်သည့် အခါများလည်း ရှိနိုင်ပေသည်။

ကိုလိုနီဘဝမှ လွတ်လပ်စ မြန်မာနိုင်ငံအတွက် ဗြိတိသျှ ဓနသဟာယ (ဒိုမီနီယံ အုပ်ချုပ်ရေး) ဖြင့်နေရန် အင်္ဂလိပ် အစိုးရက ဖဆပလကို တောင်းဆိုခဲ့ဖူးသည်။ ဓနသဟာယ နိုင်ငံများဆိုသည်ကား ဗြိတိသျှဘုရင်ကို နိုင်ငံဥသျှောင် အနေဖြင့် အသိအမှတ် ပြုရသည်မှအပ နိုင်ငံ အချုပ်အခြာအာဏာ အားလုံးကို မြန်မာတို့က ပိုင်ဆိုင်သည်မျိုး ဖြစ်သည်။ ကိုယ့်ခြေကိုယ့်လက် စီမံခန့်ခွဲခွင့် ရှိသည်။ ဖဆပလ ခေါင်းဆောင်များ အနေနှင့်လည်း လွတ်လပ်စ မြန်မာနိုင်ငံအနေနှင့် ဓနသဟာယ နိုင်ငံများ အစုအဖွဲ့တွင် နေသင့်မှန်း သိသည်။ ထိုသို့ နေခြင်းဖြင့် နိုင်ငံ့ စီးပွားရေး၊ စစ်ရေးအတွက် တစ်စုံတစ်ရာ ကောင်းကျိုးရှိမှန်း သိသည်။ ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် အများသဘောတူလျှင် ဓနသဟာယ အဖြစ် နေလိုသည်။ သို့သော် ဓနသဟာယကို ဖဆပလတို့က ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းအတွက် အကြောင်းပြချက် နှစ်ခုကိုပေးသည်။ ပထမအ ကြောင်းပြချက်ကား ထိုအချိန်က မြန်မာတို့၏ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လွန်း၍ အင်္ဂလိပ်ဘုရင်ကို မိမိဘုရင်အဖြစ် အသိအမှတ် ပြုရေးမှာ (ကျန်သော အရာတို့ အကျိုးရှိသည့်တိုင်) လတ်တလော အနေအထားအရ လွန်စွာ ခဲယဉ်းသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအချက်ကား ယင်းကို လက်ခံလိုက်ခြင်းဖြင့် “လုံးဝ လွတ်လပ်ရေး” မဟုတ်သေးဟု ခေါင်းစဉ်တပ်ကာ ကွန်မြူနစ်တို့က ထိုးနှက်လာလျှင် လူထုသည် ကွန်မြူနစ်တို့အပေါ် စိတ်လည် သွားနိုင်သည်ကို စိုးရိမ်သည်ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။ စာရေးသူ အနေနှင့် ဤသည်ကို မှားသည်၊ မှန်သည် ဆိုလိုခြင်း မဟုတ်ဘဲ အာဏာနိုင်ငံရေးတွင် ပြဿနာ တစ်ခုကို ချဉ်းကပ်ရာတွင် အမျိုးသား အကျိုးစီးပွား ရှုထောင့်အပြင် ပြိုင်ဘက်တို့ ခြေလှမ်းကို ထည့်သွင်း စဉ်းစားရခြင်း သဘောကို တင်ပြလိုခြင်းသာ ဖြစ်ပါသည်။

သို့နှင့်တိုင် စာရေးသူအနေနှင့် အာဏာ နိုင်ငံရေးကို နှိမ့်ချလိုခြင်း မဟုတ်ပါ။ မည်သို့ပင် ဆိုစေကာမူ အာဏာနိုင်ငံရေး ဆိုသည်ကလည်း နိုင်ငံတစ်ခုအတွက် မရှိ လိုအပ်ချက်ဖြစ်သည်။ လောက်လောက် လားလား အားကိုးအားထား ပြုနိုင်မည့် နိုင်ငံရေး ပါတီဟူ၍ မရှိလျှင် နိုင်ငံကို မည်သူက ဦးဆောင်မည်နည်း။ ပြည်သူက မည်သူ့ကို အားကိုးရမည်နည်း။ နိုင်ငံတစ်ခုလုံးကို ဆွဲခေါ် သွားနိုင်သည့် နိုင်ငံရေး ပါတီမျိုးမှာလည်း တကယ့် လိုအပ်ချက် စစ်စစ်ဖြစ်သည်။ သို့ဖြစ်ရာ အာဏာနိုင်ငံရေးတွင် စိတ်ပူစရာ အနုတ် မျက်နှာစာ ရှိနေသည့်တိုင်၊ ယင်း၏ အပေါင်း မျက်နှာစာကလည်း တန်ဖိုးကြီးလှသည်ဟု ဆိုရမည် ဖြစ်သည်။

အထိန်းအကျောင်း နိုင်ငံရေး

အာဏာနိုင်ငံရေး ဆိုသည်မှာ သူ့အပိုင်းနှင့်သူ လိုအပ်သည် မှန်သော်လည်း ယင်းတို့တွင် စိတ်ပူစရာ ဘေးထွက် ဆိုးကျိုးတို့ ရှိသည် ဆိုခြင်းကလည်း အမှန်ဖြစ်သည်။ ယင်းဘေးထွက် ဆိုးကျိုးကို ဖာထေးရန် လိုသောအခါ အထိန်းအကျောင်း နိုင်ငံရေးကို မဖြစ်မနေ ဖြည့်စွက်ရပြန်သည်။ အထိန်းအကျောင်း နိုင်ငံရေးတွင် ပြိုင်ဘက်ဟူ၍ မရှိ။ လူကြိုက်များစရာ မလို။ သို့ကြောင့် နိုင်ငံရေး ဖြစ်စဉ်တို့ကို ရှုမြင်ရာတွင် အဂတိ တရားတို့မှ လွတ်သည်။ ယင်း အဂတိ ကင်းမှုကြောင့်ပင် အရှိတရားကို မြင်နိုင်ရန် အခြေအနေပေးသည်။

သို့ဖြစ်ရာ အထိန်းအကျောင်း နိုင်ငံရေးကို ယနေ့မြင်မိသမျှ ဆိုရလျှင် အပိုင်း လေးပိုင်းကို တွေ့ရမည် ဖြစ်သည်။ ယင်းတို့ကား (၁) အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ (၂) စတုတ္ထမဏ္ဍိုင် ပီသသော မီဒီယာများ၊ (၃) ပညာရှင် စိတ်အခံရှိသော Opinion Leader များနှင့် (၄) တပ်မတော် ဟူသည်တို့ ဖြစ်သည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများ ဟူသည် အများအကျိုးငှာ ဆောင်ကြဉ်းနေသူများ ဖြစ်သည့်တိုင် အာဏာကို စိတ်ဝင်စားသူများ မဟုတ်ချေ။ ထို့အပြင် ပညာကို အကြောင်းခံသည့် လူ့အဖွဲ့အစည်းမျာ ဖြစ်သည့်အတွက် စဉ်းစား မြော်မြင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စိတ်ချရမှု ရှိသည်။ ထို့အပြင် အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် အတိုင်းအတာ တစ်ခုအထိ ခြေတံလက်တံ ရှည်သည်။ ထိုထိုသော အကြောင်း အချက်များကြောင့်ပင် အရပ်ဘက် လူ့အဖွဲ့အစည်းများသည် အထိန်းအကျောင်း နိုင်ငံရေးတွင် အင်အားစု တစ်ခုအနေဖြင့် အားကိုးစရာ ဖြစ်လာသည်။

ဒုတိယ တစ်ခုကား မီဒီယာများ ဖြစ်သည်။ မီဒီယာများသည် အထိန်းအကျောင်း နိုင်ငံရေးတွင် အထိရောက်ဆုံး အင်အားစု ဖြစ်သည်။ သို့သော်လည်း လက်ရှိ အခြေအနေများအရ ဆိုရလျှင် အထိန်းအကျောင်း တာဝန်ကိုယူသော မီဒီယာမှာ ယခုထက် ဖွံ့ဖြိုးသင့်သည်ဟု ထင်သည်။ အချို့ဆိုလျှင် အထိန်းအကျောင်း တာဝန်ကို မယူသည့်အပြင် အတို့အထောင် ကိစ္စများ၊ အဖွအဆွ ကိစ္စများကို မြိန်ရေရှက်ရေ လုပ်နေသေးသည်။ ပြီးတော့ အမှန်တရား ဘက်တော်သား ဘွဲ့ခံယူသည်။ အသွင်ပြောင်းဆဲ ကာလတွင် အမှန်တရားတိုင်းသည် နိုင်ငံအရွေ့နှင့် မသက်ဆိုင် ဆိုသည်ကို သဘောပေါက်သင့်သည်။ အချို့သော အမှန်တရားတို့ကြောင့် ယနေ့နိုင်ငံ ပက်လက်လန် သွားနိုင်သည်ကို သတိပြုစေချင်သည်။ ယနေ့ နိုင်ငံရေးတွင် အမှန်တရားဟူသော အလံကို လွှင့်ထူထားခြင်းသည် အမှန်ပင် နိုင်ငံရေး ရင့်ကျက်မှု အားနည်းခြင်းသာ ဖြစ်သည်။ ဆိုလိုချင်သည်မှာ အမှန်တရားကို မျက်ကွယ် ပြုစေခြင်း သဘောမဟုတ်။ ကာလဒေသအရ အမှန်တရားသို့ ချဉ်းကပ်ပုံ နည်းလမ်းကို ချင့်ချိန် စေလိုခြင်းသာ ဖြစ်သည်။

တတိယ တစ်ခုကား ပညာရှင်စိတ် အခံရှိသော ပညာတတ် လူတန်စားများ ဖြစ်သည်။ ဤတွင် ပညာရှင်စိတ်အခံ ဆိုသည်ကို ရှင်းလိုသည်။ ပညာရှင် ဆိုသည်မှာ ဘွဲ့၊ ဒီဂရီချည်း သက်သက်ဖြင့် တိုင်းတာခြင်း မဟုတ်ဘဲ အစွဲကင်းကင်းဖြင့် အရှိတရားကို ဆင်ခြင်နိုင်စွမ်း ရှိသော ဂုဏ်ပုဒ်ကိုပါ ဆိုလိုခြင်း ဖြစ်ပါသည်။ အသွင်ပြောင်းစ နိုင်ငံတွင် အခြေခံ လူထုသည် ခံစားချက် နိုင်ငံရေးကို ကိုးကွယ်မိတတ်သည်။ ထို့ကြောင့် နိုင်ငံ့အရွေ့ကို အထောက်အကူပြုသော ကိစ္စများကို မြင်နိုင်ရန် ခဲယဉ်းသည်။ ယင်းအခြေအနေတွင် ပညာရှင်စိတ်အခံဖြင့် နိုင်ငံအရွေကို နှပ်ကြောင်း ပေးနိုင်သော Opinion Leader များ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါသည်။

နောက်ဆုံးသော ထိန်းကျောင်းရေး ယန္တရားမှာ တပ်မတော်ပင် ဖြစ်သည်။ တပ်မတော်ကို အထိန်းအကျောင်း နိုင်ငံရေးတွင် ထည့်သွင်းရခြင်းအပေါ် ယနေ့ အဖြစ်အပျက်များအရ သဘောမတူသူများလည်း ရှိနိုင်ပါသည်။ ယနေ့ အာဏာနိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသည်က သူ့ကို အထင်လွဲစေသည်။ သို့သော်လည်း ထိုသို့ ပတ်သက်နေခြင်းကိုက အထိန်းအကျောင်း တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်ဟု ရှုမြင်သူများလည်း ရှိသည်။

ပရမ်းပတာ ဖြစ်နေသော နိုင်ငံတစ်ခုကို နောက်ဆုံးအဆင့် ထိန်းကျောင်းနိုင်မည့်သူမှာ တပ်မတော်ပင် ဖြစ်သည်။ သို့ဖြစ်ရာ တပ်မတော်သည် အထိန်းအကျောင်း နိုင်ငံရေးတွင် နောက်ဆုံးသော ခံတပ်ဖြစ်သည်။ ယင်းအဖြစ် အပျက်ကို ယနေ့ ထိုင်းနိုင်ငံရေးတွင် တွေ့ရမည် ဖြစ်သည်။ ဤတွင် အရေးတကြီးဆိုရန် ရှိသည်မှာ တပ်မတော်က ထိန်းကျောင်းရသော အဆင့်ရောက်လျှင် တည်ငြိမ်မှု ဖြစ်ထွန်းလာသည့်တိုင် ဒီမိုကရေစီ အညွန့်မှာကား ကျိုးသွားတတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် တပ်မတော်က ထိန်းကျောင်းသည့်အဆင့် မရောက်စေလိုလျှင် ကျန်သော ထိန်းကျောင်းရေး ယန္တရားတို့ တာဝန်ကျေမှ ဖြစ်လိမ့်မည်။

ရေနှင့် ရေပိုက်

ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည်မှာ သူ့အလုပ် သူလုပ်ခြင်း ဖြစ်သည်။ သို့သော် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည့်တိုင် အလိုရှိရာကို တိတိကျကျ ရောက်ရန်အတွက် ရေပိုက်များကို သုံးရသည်။ ယင်းရေပိုက်တို့ မပေါက်၊ မပြဲမှသာ အလိုရှိရာကို မဖိတ်မစဉ် ရောက်ပါလိမ့်မည်။ ထို့အတူပင် ဖြစ်သည်။

အာဏာ နိုင်ငံရေးတွင် ပါတီ၊ အဖွဲ့အစည်း အသီးသီးသည် အာဏာအလို့ငှာ ရသမျှနည်း ကြိုးပမ်းကြသည်မှာ သူ့အလုပ် သူလုပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း အာဏာအလို့ငှာ ရသမျှ အပေါက်မှ တိုးတက်၊ ဝှေ့တတ်သော သဘာဝ ရှိခြင်းကြောင့် နိုင်ငံဟန်ချက် ပျက်သွားနိုင် သည်ကလည်း ရှိသေးသည်။ ထို့ကြောင့် အာဏာနိုင်ငံရေး ဘောင်မကျော်ရအောင် ရေပိုက်နှင့် တူသော အထိန်းအကျောင်း နိုင်ငံရေးက မဖြစ်မနေ အားကောင်းရန် လိုပြန်သည်။

သို့ဖြစ်ရာ ယနေ့ မြန်မာနိုင်ငံတွင်လည်း အာဏာနိုင်ငံရေးနှင့်အတူ အထိန်းအကျောင်း နိုင်ငံရေးကပါ ဟန်ချက်ညီညီ လိုက်လံ ဖွံ့ဖြိုးမှသာ တည်ငြိမ်ရေးနှင့် တိုးတက်ရေး ပြိုင်တူ ဖြစ်ထွန်းနိုင်မည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုပါသည်။
thevoicemyanmar

အပြည့်အစုံသို့ »

အမေရိကန်မှဝယ်ယူလိုက်သည့် တန်ဖိုးမြင့်မားသောစနိုက်ပါသေနတ်များ



========================================
World Wide ပြန်ဆိုသည်

မကြာသေးမီက အမေရိကန်ကြည်းတပ်အနေဖြင့် ကွန်ပျူတာစနစ်ပါဝင်သော XS1 ရိုင်ဖယ်များကို ၀ယ်ယူခဲ့ပါသည်။ အဆိုပါသေနတ်များအနေဖြင့် တစ်လက်လျှင် အမေရိကန်ဒေါ်လာ ၂၇၀၀၀ ကုန်ကြသောကြောင့် လက်နက်ငယ်သေနတ် အမျိုးအစားများတွင် အင်မတန်မြင့်မားသော ဈေးနှုန်းပင်ဖြစ်ပါသည်။ အဘယ်ကြောင့်မြင့်မားရသနည်းဆိုသော ၄င်းသေနတ်များတွင် အာရုံခံစနစ်များနှင့် ကွန်ပျူတာစနစ်များပါဝင်ပြီး ၄င်းစနစ်များသည် မီတာ ၉၀၀ အကွာအဝေးရှိ ပစ်မှတ်ကို သေနတ်မပစ်ဘူးသော သူများ ပစ်ခတ်လျှင်ပင် ပထမတစ်ကြိမ်တည်း၌ ထိရောက်မှုနှုန်းသည် ၇၀ ရာခိုင်နှုန်းထိမှန်နိုင်အောင် စွမ်းဆောင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ စနိုက်ပါပစ်ခတ်မှုကျွမ်းကျင်သူများအနေဖြင့် ပထမအကြိမ်ပစ် ခတ်ပါက ထိမှန်နိုင်မှုသည် ၂၅ ရာခိုင်နှုန်းသာရှိပြီး ဒုတိယအကြိမ်မှသာလျှင် ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ သို့သော် ဒုတိယအကြိမ်ပစ်ခတ်မှုသည် ပစ်မှတ်အားရရှိနိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

XS1 စနိုက်ပါသေနတ်သည် မှန်ပြောင်းအပါအ၀င် ၉.၂၅ ကီလိုဂရမ် (၂၀.၄ပေါင်) အလေးချိန်ရှိပါသည်။ ကျည်အိမ်ဝင်ဆန့်နိုင်မှုမှာ ငါးတောင့်ဖြစ်ပြီး ဒင်ပိုင်းထိအတိုင်းအတာမှာ ၁.၂၆ မီတာ ဖြစ်ပြီး ခေါက်ရိုးချိုးလိုက်ပါက ၁.၁၂ မီတာသာရှည်လျားပါသည်။ သေနတ်တွင်ပါဝင်သော ပစ်ခတ်ထိန်းချုပ်မှု စနစ်သည် ပစ်မှတ်ပုံရိပ်၊ လေထုအခြေအနေ၊ အကာအကွယ်၊ တိမ်းစောင်းမှု ၊ တုန်ခါမှု စသည်အချက်များကို ဖော်ပြပေးနိုင်မည်ဖြစ်သည်။ သို့သော်လည်း ပစ်ခတ်သူအနေဖြင့် လေတိုက်နှုန်းအလျင်နှင့် ဦးတည်ရာတို့ကို ထည့်သွင်းစဉ်းစားကာ ပစ်ခတ်ရမည်ဖြစ်ပါသည်။

သေနတ်တွင်တပ်ဆင်ထားသော မှန်ပြောင်း၏ ပစ်ခတ်ခြင်းစနစ်မှ ပစ်ခတ်သူအား အဝေးတွင်ရှိသော ပစ်မှတ်ကို ပစ်ခတ်နိုင်ရန်အတွက် ရိုင်ဖယ်ကိုမည်ကဲ့သို့ ချိန်ရမည်၊ ရွေးချယ်ရမည် ထို့နောက် ခလုတ်အားဆွဲရမည့် အချိန်တို့ကို ဖော်ပြပေးမည်ဖြစ်ပါသည်။ ထုတ်လုပ်သူများအနေဖြင့် အဆိုပါရိုင်ဖယ် ၅၀၀ ကျော်အား ရောင်းချလျက်ရှိပြီး ချမ်းသာသော အမဲလိုက်မုဆိုးများအနေဖြင့် လက်မလွှတ်သင့်ကြောင်း ကြေငြာထား ပါသည်။
အမေရိကန်ကြည်းတပ်မှ စနိုက်ပါပစ်ခတ်သူများအနေဖြင့် XS1 ကိုအသုံးပြုကာ ပစ်ခတ်ရာ၌ ထိရောက်မှုမှာ ၉၀ ရာခိုင်နှုန်းရှိသည်ဟု သိရှိရပါသည်။
TechSpace Journal

အပြည့်အစုံသို့ »

သတင်းထဲက...အင်္ဂလိပ်စာ (၃)



မီဒီယာခေတ်ကြီးမှာ သတင်းအင်္ဂလိပ်စာ တတ်ဖို့လည်း လိုတာမို့ သတင်း လေးတွေကို တစ်ရက်တစ်ပုဒ် ဖတ်လာတာ ဒီနေ့ ဆို (၃)ပုဒ်ရှိပါပြီ။ တစ်လ လောက် ဆက်ဖတ်လိုက်တာနဲ့ အင်္ဂလိပ်သတင်းမှန်သမျှ အကုန်ဖတ်နိုင်တဲ့ အဆင့်ရောက်မှာ မလွဲပါဘူး။ သတင်းကို ဘာသာပြန်တဲ့အခါ..ထူးခြားချက် လေးတွေကို မှတ်ထားပါ။ သတင်းဖတ်နည်း ၊ ဘာသာပြန်နည်းကိုလည်း ကြားညှပ်ပြီး တင်ပေးပါဦးမယ်။အင်္ဂလိပ်စာ ထူးချွန်ကြပါစေ။

(1)
Haiti marked four years on Sunday since a violent earthquake shattered the impoverished nation, which is still struggling to recover from the widespread devastation that killed 250,000 people.
ဆင်းရဲမွဲတေသောဟေတီနိုင်ငံတွင် လူ ၂၅၀၀၀ သေဆုံးစေခဲ့သော ငလျင် ကြီး လှုပ်ခတ်ခဲ့သည်မှာ ဇန်န၀ါရီ ၁၂ ရက်က လေးနှစ်ပြည့်ခဲ့သော်လည်း.. ပြန် လည် ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲပင် ဖြစ်သည်။

(2)
Haitians, many dressed in white, flocked to church services for somber remembrances for those who perished in the tragedy on January 12, 2010, which left about a million people homeless.But four years on, nearly 200,000 people are still living in dire conditions in temporary shelters, and
residents complain of having received little help since NGOs left.
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဆိုးအတွင်း သေဆုံးခဲ့သူများအတွက် ဘုရားကျောင်းတွင် ကျင်းပသည့် အောက်မေ့ ၀တ်ပြုပွဲများသို့ အဖြူရောင်ဝတ်ဆင်ထားကြသော ဟေတီနိုင်ငံသား အများအပြားက တက်ရောက်ခဲ့ကြသည်။လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ငလျင်လှုပ်ခတ်မှု လေးနှစ်ကြာပြီး ဖြစ်သော်လည်း လူ၂၀၀၀၀၀ နီးပါးသည် ယာယီတဲများတွင်နေရဆဲ ဖြစ်သည်။ အင်ဂျီအိုတို့ ထွက်သွားပြီးနောက် အကူအညီ အနည်းငယ်သာရရှိခဲ့သည့် ဒေသခံများက မကျေနပ်ခဲ့ကြပေ။

(3)
President Michel Martelly, who has faced protests over the slow pace of rebuilding, declared the anniversary a "day of reflection and commemoration."He lay flowers early in the day at the site of a mass grave where many of the quake's victims were buried.And he attended a ceremony at 4:53 pm (2153 GMT),
the moment the quake struck four years ago.
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှေးကွေးခြင်းအတွက် ဟေတီသမ္မတ မစ်ချယ်မာတယ်လီသည် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ဟေတီသမ္မတ သည် ဇန်န၀ါရီး ၁၂ ရက်တွင် သေဆုံးခဲ့သူအများအများအပြားကို မြှုပ်နှံ ထားသည့်နေရာတွင် လွမ်းသူ့ပန်းခွေ ချခဲ့သည်။လျွန်ခဲ့သည့် လေးနှစ်က ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်တွင် ပြုလုပ် ခဲ့သော အောက်မေ့ဖွယ် အခမ်းအနားသို့လည်း သမ္မတကတက်ရောက်ခဲ့ သည်။

(4)
Flags were to be lowered throughout the country and businesses closed to mark the anniversary, while radio and television stations were encouraged to broadcast programming suitable to the emotional occasion.
နိုင်ငံတစ်ဝှမ်း ငလျင်လှုပ်ခတ်မှု လေးနှစ်ပြည့်တွင် ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အလံများကိုနှိမ့်ချလွှင့်ထူထားကြသည်။ စီးပွားရေးလုပ်ငန်း များလည်း ပိတ်ထားခဲ့ကာ ရေဒီယိုနှင့် ရုပ်သံများက ငလျင်နှင့် သက်ဆိုင် သည့် အစီအစဉ်များ ထုတ်လွှင့်ခဲ့သည်။

(5)
The government says a large portion of millions donated by governments and organizations the world over was spent on the post-earthquake emergency and not for reconstruction.
ကမ္ဘာတစ်ဝှမ်း အစိုးရများနှင့် အဖွဲ့အစည်းများက လှူဒါန်းခဲ့သော အမေရိ ကန်ဒေါ်လာ သန်းပေါင်းများစွာအနက် အမြောက်အများကို ငလျင်အလွန် အရေးပေါ်အခြေအနေ လုပ်ငန်းစဉ်များအတွက် သုံးစွဲခဲ့ပြီး ..ပြန်လည်ထူ ထောင်ရေးအတွက် မသုံးခဲ့ကြောင်း ဟေတီအစိုးရက ကြေညာခဲ့သည်။

(6)
ွှThe Prime Minister Lamothe criticized the international community for failing to provide promised aid of nearly $9 billion.
ဒေါ်လာကိုးဘီလီယံနီးပါး ကူညီမည်ဟု ကတိပျက်ကွက်ခဲ့သော နိုင်ငံတကာ ကို ၀န်ကြီးချုပ် လောရင့်လာမိုသီက ဝေဖန်ခဲ့သည်။

(7)
Haiti has recently seen an increase in anti-government protests, some breaking out into violent clashes.Protesters have called for the resignation of Martelly, who has been in office since 2011, and are also demanding better living conditions.Some 42 public buildings were among those flattened during the earthquake, and most are still
lying wrecked.
ဟေတီတွင် အစိုး၇ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြင့်တက်လာပြီး အချို့မှာ အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့သည်။ဆန္ဒပြသူများက ၂၀၁၁ ခုနှစ်က
တည်းက တာဝန်ထမ်းဆောင်ခဲ့သည့်သမ္မတ မာ့တယ်လီကို ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားအောင် လုပ်ဆောင် ပေးရန် တောင်းဆိုခဲ့ကြသည်။ငလျင်လှုပ်ခတ်စဉ်က ပြည်သူပိုင် အဆောက် အဦး ၄၂ လုံး ပြိုကျခဲ့ပြီး အများစုမှာ အပျက်အစီးအပုံတိုင်း တည်ရှိနေဆဲ ဖြစ်သည်။

........................................................................ကိုကိုထွန်း (ပုသိမ်)

အင်္ဂလိပ်ဘာသာ လေ့လာစရာ

အပြည့်အစုံသို့ »

ကိုစစ်နိုင်နှင့်သက်မွန်မြင့်တို့ရဲ့မင်္ဂလာညစာစားပွဲမြင်ကွင်းများ.


ကိုစစ်နိုင်နှင့် သရုပ်ဆောင် သက်မွန်မြင့်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲနှင့်ညစာစားပွဲကို ဖေဖော်ဝါရီ ၁၄ ၇က်နေ့ ညနေ ၅ နာရီက ပြည်သူ့ရင်ပြင်၌ ရိုမန်တစ်ဆန်ဆန်
ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များလည်း စည်းကားစွာတက်ရောက် အားပေးခဲ့ကြပါတယ်။ လွင်လွင်ထွန်း ၊ ဓာတ်ပုံ - အောင်ဇော်မင်း











Popular Journal

အပြည့်အစုံသို့ »

မိုင်းရှာဖွေသည့်အာရုံခံစနစ်အားဖိနပ်တွင်တပ်ဆင်နိုင်တော့မည်





===================================
World Wide ပြန်ဆိုသည်

မိုင်းဆိုသည်မှာ မမြင်နိုင်သောနေရာတွင် မြုပ်နှံထားပြီး လူသားတစ်ယောက်၏ဘ၀အတွက် အသက်အန္တရာယ်ကို ကောင်းစွာဖျက်ဆီးနိုင်သော ကိရိယာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကိုလံဘီယာရှိ Bogota အခြေစိုက် Lemur Studio Design မှ သင်၏ခြေထောက်များကိုသာမက သင့်အသက်အန္တရာယ်ကိုပါ ကယ်တင်နိုင်တော့မည် မိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်သိရှိစေနိုင်မည့် ဖိနပ်ခုံတစ်ခုအား မိတ်ဆက်ခဲ့ ပါသည်။

World Design Impact Prize 2013-2014 ပြပွဲကြီး၌ SaveOneLife ဟုခေါ်သော မိုင်းအာရုံခံစနစ်အား ထုတ်ဖော်ပြသခဲ့ပြီး ၄င်းစနစ်အား ဖိနပ်တွင် တပ်ဆင်နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်ကိုလံဘီယာနိုင်ငံသည် မြေမြုပ်မိုင်းပြဿနာရပ်များနှင့် ပတ်သက်၍ အများဆုံးရင်ဆိုင် ကြုံတွေ့နေရသော နိုင်ငံဖြစ်ပါသည်။ နိုင်ငံတကာမြေမြုပ်မိုင်းတားမြစ်ပိတ်ပင်ရေးအဖွဲ့ (ICBL) ၏ စာရင်းများအရ အဆိုပါနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ဒုတိယမြောက်မိုင်းအများဆုံး ရှိသောနိုင်ငံဖြစ် သည်ဟု သိရပါသည်။

အစိုးရအတိုက်အခံ သောင်းကျန်းသူအဖွဲ့အစည်းများမှ လူသားများနှင့်ယာဉ်များကို တိုက်ခိုက်ဖျက်ဆီး ရန် အတွက် လမ်းများ၊အစိုးရအဆောက်အဦ စခန်းများနှင့်နီးသောနေရာများ၊ ကျေးလက်တောနယ်များ၊ စာသင်ကျောင်းများ၊ အိမ်များ၊ အမျိုးသားပန်းခြံများ အစရှိသည်ဖြင့် နေရာဌာနပေါင်းစုံတွင် မိုင်းများ မြုပ်နှံထားလျက်ရှိပါသည်။ ထို့အပြင် မူးယစ်ဆေးမှောင်ခိုသမားများမှလည်း ၄င်းတို့၏ မူးယစ်ဆေးစိုက် ခင်းများကို ကာကွယ်ရန်အတွက် မိုင်းများကိုအသုံးပြုလျက်ရှိပါသည်။ ထို့ကဲ့သို့ နေရာဌာနပေါင်းစုံမှ မိုင်းများကို များပြားစွာအသုံးပြုလျက်ရှိသောကြောင့်လည်း ရှင်းလင်းရန်အတွက် ကန့်သတ်ချက်များစွာနှင့်လည်း ရင်ဆိုင်ကြုံတွေရပေသည်။ ထိုသို့ဖြစ်နေစဉ်အတွင်း စစ်သည်များ၊ လယ်သမားများ၊ လူများအနေဖြင့် မိုင်းကြောင့် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်ဆုံးရှုံးခြင်းများ၊ ဒုက္ခိတဖြစ်ခြင်းများကိုလည်း ရင်ဆိုင်နေရပါသည်။
ယခုအခါ ၄င်းပြဿနာများကိုရင်ဆိုင်ဖြေရှင်းရန်အတွက် SaveOneLife ထွက်ပေါ်လာပြီဖြစ်ပါသည်။

၎င်းသည် ဒြပ်ပစ္စည်းတိုင်းတာသည့်ကိရိယာတစ်ခုကဲ့သို့ အလုပ်လုပ်ဆောင်ပါသည်။ ဖိနပ်ခုံတွင် တပ်ဆင်ထားသော ကိရိယာမှ (ပုံတွင်ပြထားသည့်အတိုင်း) လျှပ်စစ်သံလိုက်စက်ကွင်းအား ထုတ်လွှတ်၍ မိုင်းများကို ရှာဖွေအာရုံခံခြင်းဖြစ်ပါသည်။ ကိရိယာကိုတပ်ဆင်ထားသော လူ၊သို့မဟုတ် စစ်သည်အနေဖြင့် မိုင်းနှင့် ၂ မီတာ (ခြေလှမ်း ၆ လှမ်းခွဲ)လောက်အကွာတွင် ရောက်ရှိလာပါက ဖိနပ်ရှိ Microprocessor မှ မိုင်းရှိ သတ္တုအစိတ်အပိုင်းများကို ထောက်လှမ်းအာရုံခံကာ စစ်သည်၏လက်တွင်တပ်ဆင်ထားသော Dispay ကိရိယာတွင် အချက်ပေးကာဖော်ပြမည်ဖြစ်ပါသည်။

SaveOneLife အား Ivan Perez မှ ဒီဇိုင်းဆွဲကာထုတ်လုပ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကာ ၄င်းပစ္စည်းသည် Nanotechnology ပေါ်တွင် အခြေခံတည်ဆောက်ထားခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

TechSpace Journal

အပြည့်အစုံသို့ »

ယာဉ်ကြီးနဲ့ယာဉ်ငယ် မတော်တစ တိုက်မှူဖြစ်ပွားရင် ယာဉ်ငယ်ကနိုင်တယ်ဆိုတဲ့ အယူအဆ မှားသလား မှန်သလား


ယာဉ်ကြီးနဲ့ယာဉ်ငယ် မတော်တစ တိုက်မှူဖြစ်ပွားရင် ယာဉ်ငယ်ကနိုင်တယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းသောယူဆချက်များသာဖြစ်ပါတယ် ဥပဒေမှာတော့ အမှားကျူးလွန်သူသာလျင် အပြစ်ရှိပါတယ်လို့ ဖော်ပြပါရှိထားပါတယ် ထို့အပြင်စက်တပ်ယာဉ်က လမ်းကူးသူ သို့မဟုတ် အနှေးယာဉ်ကိုရှောင်ရင်း တစ်ခြားတစ်ဖက်ဖက်က လူတစ်ဦးဦးကိုဖြစ်စေ တိုက်မိလို့ သေဆုံးသွားခဲ့လျင် လမ်းကူးသူ သို့မဟုတ် အနှေးယာဉ် အပါအဝင် စက်တပ် ယာဉ်မောင်းပါ အရေးယူခံရမှာဖြစ်တဲ့အပြင် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ် ဒါကိုတော့ သတိပြုစေချင်ပါတယ် ထို့ကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့အရေးကြီးလှပါတယ်

ဥပဒေအကြောင်းသိကောင်းစရာ

အပြည့်အစုံသို့ »