လွှတ်တော်အမတ်ဖြစ်မှ အစိုးရအဖွဲ့ထဲ နေရာပေးမှာလား


ရေးသားသူ- အောင်သူရ

စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် အဓိကဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေ ပြင်ဆင်မည့်အချက်များထဲတွင် ဒုသမ္မတနှင့် ၀န်ကြီးအားလုံး လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသည့်အချက် ပါဝင်သည်။

တပ်မတော်မှ အငြိမ်းစားယူပြီးနောက် အုပ်ချုပ်ရေးပိုင်းတွင် နေရာယူမှုများအား လျှော့ချရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကဆိုသည်။

“တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေက ပြည်သူ့ကိုယ်စားလှယ်တွေပဲ ဖြစ်သင့်တာပေါ့”ဟုလည်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဝင်းဦးကဆိုသည်။

ဒုသမ္မတနှင့် သမ္မတတို့သည် လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒုသမ္မတသုံးဦးကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် လစ်လပ်သွားသော ဒုသမ္မတရာထူးနှင့် ၀န်ကြီးနေရာများတွင် တပ်မတော်မှ သက်ပြည့်ပင်စင်ယူသူများအား ခန့်အပ်မှုများရှိခဲ့သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်သည့် လစ်လပ်သွားသော ဒုသမ္မတနေရာတွင် လွှတ်တော်အမတ်မဟုတ်သော သက်ပြည့်ပင်စင်ယူရမည့် ရေတပ်ဦးစီးချုပ်ကို အစားထိုးခန့်အပ်ခဲ့သည်။

ထို့အပြင် အသက်(၆၀)ပြည့်သဖြင့် သက်ပြည့်ပင်စင်ယူရသော လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇေယျာအောင်ကိုလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ထိုသို့ လွှတ်တော်အမတ်မဟုတ်သူများကို ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်လာခြင်းကို မနှစ်သက်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအား လွှတ်တော်အမတ်ဖြစ်စရာမလိုဟု ပြဋ္ဌာန်းထားချက်ကိုပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီက တင်ပြထားခြင်းဖြစ်သည်။

လက်ရှိ အခြေခံဥပဒေအရ ဒုသမ္မတသုံးဦးအား ပြည်သူ့လွှတ်တော်မှတစ်ဦး၊ အမျိုးသားလွှတ်တော်မှတစ်ဦးနှင့် လွှတ်တော်နှစ်ရပ်ပေါင်းရှိ တပ်မတော်သားအစုအဖွဲ့ကိုယ်စားလှယ်များကတစ်ဦး ရွေးချယ်ခွင့်ရသည်။

ထိုသို့ရွေးချယ်ရာတွင် ဒုသမ္မတသုံးဦးမှာ လွှတ်တော်အမတ်ဖြစ်စရာမလိုဘဲ ဖွဲ့စည်းပုံပါ အခြားအချက်အလက်များနှင့်ကိုက်ညီပါက ရွေးချယ်နိုင်သည်။

ထို့အတူ အုပ်ချုပ်ရေးအဖွဲ့၏အကြီးအကဲ နိုင်ငံတော်သမ္မတကလည်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများကို လွှတ်တော်အမတ်မဟုတ်သည့် ပြင်ပမှရွေးချယ်နိုင်ပြီး လွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်နိုင်သည်။

လက်ရှိသမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးခြောက်ဦးအပါအ၀င် ၀န်ကြီးဌာန ၃၁ ခုတွင် ၀န်ကြီး ၃၆ ဦးရှိပြီး ဒုတိယ၀န်ကြီး ၅၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။

၎င်းတို့အထဲတွင် ပြင်ပမှပညာရှင်နှင့် အရပ်သားဝန်ကြီး၊ ဒုဝန်ကြီးအရေအတွက်မှာ အနည်းငယ်သာရှိသည်။

လွှတ်တော်အမတ်ဖြစ်မှ ၀န်ကြီးတာဝန်ထမ်းဆောင်ရမည်ဆိုသောအချက် ပြင်ဆင်နိုင်ခဲ့ပါက ပညာရှင်များအား ၀န်ကြီးခန့်အပ်ရန် ခက်ခဲသွားနိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။

“ပညာရှင်ကတော့ နိုင်ငံရေးသမားအလုပ်လုပ်မှာမဟုတ်ဘူး။ ပါတီအတွက်လည်း လုပ်မှာမဟုတ်ဘူး။ ပညာရပ်ဆိုင်ရာပဲ လုပ်မှာပဲ”ဟု ကွန်ပျူတာပညာရှင်ဦးရဲမြတ်သူကဆိုသည်။

ထို့ကြောင့် လွှတ်တော်အမတ်ဖြစ်မှသာ ၀န်ကြီးလုပ်ရမည်ဟု မကန့်သတ်သင့်ကြောင်း ဦးရဲမြတ်သူက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနများတွင် ပညာရှင်များနှင့်သင့်လျော်သည့် ဌာနများရှိသဖြင့် လွှတ်တော်အမတ်ဖြစ်မှ ၀န်ကြီးအဖြစ်ရွေးချယ်မည်ဟု မကန့်သတ်သင့်ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့သည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ၀န်ကြီးအဖြစ်ခန့်အပ်မှသင့်လျော်သည့် ဌာနများဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကရှင်းပြသည်။

“ပညာရှင်ဆိုတာ သူ့အလုပ်ပဲ သူစိတ်ဝင်စားတာ။ ပညာရပ်ဆိုင်ရာမဟုတ်တာကို စိတ်မ၀င်စားဘူး။ ၀န်ကြီးလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးလည်း မရှိကြဘူး။ အမေရိကန်မှာလည်း ဒီလိုပဲ”ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ် စတင်ကျင့်သုံးခဲ့သည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ရွေးကောက်တင်မြှောက်မခံရသူတစ်ဦးအား ခြောက်လထက်ပိုပြီး တာဝန်ထမ်းဆောင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းချက်ပါရှိကြောင်း ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။

“နိုင်ငံတစ်ခုမှာ အရေးပေါ်အခြေအနေဖြစ်ရင် ရွေးကောက်ခံမဟုတ်တဲ့လူတွေကို ဖိတ်ခေါ်ရတဲ့အခြေအနေမျိုး တွေ့ကြုံရတတ်တယ်။ အဲဒီအခြေအနေမျိုးအတွက် ရွေးကောက်မခံရသူတွေကို တာဝန်ထမ်းဆောင်နိုင်အောင် တမင်ဖွင့်ပေးထားတာ။ ဒါကြောင့် ဒါမျိုးက လိုအပ်တယ်လို့ထင်တယ်”ဟု ဦးကိုကိုကြီးကပြောသည်။

လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကိုဖိတ်ခေါ်ပြီး တာဝန်ပေးအပ်သည့်အလေ့အထများ နိုင်ငံတကာတွင်လည်းရှိကြောင်း ဦးကိုကိုကြီးကပြောသည်။

အုပ်ချုပ်ရေးအဖွဲ့အား တာဝန်ခံဆောင်ရွက်ရမည့် သမ္မတအနေဖြင့် သူ့အဖွဲ့အစည်းအား အကောင်းဆုံးအလုပ်လုပ်နိုင်ရန် သင့်လျော်သည့်အစိုးရအဖွဲ့ဝင်များအား လွတ်လွတ်လပ်လပ်ခန့်အပ်ခွင့်ပေးသင့်ကြောင်းလည်း နိုင်ငံရေးလေ့လာသူအချို့ကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ဒုသမ္မတသုံးဦးကို လွှတ်တော်အမတ်များထဲကသာ ရွေးချယ်ခဲ့ပြီး ၀န်ကြီးအများစုကိုလည်း လွှတ်တော်အမတ်ထဲကသာ ရွေးချယ်ခဲ့သည်။

သို့သော် ဦးသိန်းစိန်အနေဖြင့် သမ္မတာဝန်ထမ်းဆောင်ပြီးနောက် လစ်လပ်သွားသည့် ၀န်ကြီးနေရာများ ပြန်လည်ရွေးချယ်ရာတွင် တပ်မတော်မှ သက်ပြည့်ပင်စင်ယူလာသော ဗိုလ်ချုပ်ဟောင်းသုံးဦးနှင့် လွှတ်တော်အမတ်မဟုတ်သည့် ပညာရှင်အချို့ကို ရွေးချယ်ခန့်အပ်လာခဲ့သည်။

လစ်လပ်သွားသော အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးအား လွှတ်တော်အမတ်မဟုတ်သည့် စီးပွားရေးပညာရှင် ဒေါက်တာကံဇော်ကို ခန့်အပ်ခြင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီအား ခန့်အပ်ခဲ့သည်။ အလားတူ တပ်မတော်မှ သက်ပြည့်ပင်စင်ရယူသူများကိုလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအဖြစ် ခန့်အပ်မှုများရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားများအနေဖြင့် အသက်(၆၀) ပြည့်ပါက ပင်စင်ယူရမည်ဟု ပြဋ္ဌာန်းသဖြင့် လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ သက်ပြည့်ပင်စင်ယူရမည့်သူများရှိသည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ၂၀၁၅ ခုနှစ်တွင် အသက်(၆၀)ပြည့်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူနှစ်ဦးမှာလည်း ၂၀၁၅ မတိုင်မီ အသက်(၆၀)ပြည့်ကြမည်ဖြစ်သည်။

၂၀၁၅ မှ ၂၀၁၀ ကြားတွင်လည်း စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၂၂ ဆင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလွဲ၍ လက်ရှိတပ်မတော်အတွင်း အဆင့်မြင့်ရာထူးယူထားသော DSA ၂၀ မှ ၂၃ အပတ်စဉ်ဆင်း ဗိုလ်ချုပ်များမှာလည်း အသက်(၆၀)ပြည့်၍ သက်ပြည့်ပင်စင်ယူရမည့်သူများစွာရှိသည်။

ထို့ကြောင့် ဒုသမ္မတနှင့် ၀န်ကြီးများ လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက် ပြင်ဆင်ထားခြင်းမရှိပါက အဆိုပါတပ်မတော်အရာရှိများ အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ထောက်ပြပြောဆိုသည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပင် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းမှုများရှိသည်။

လွှတ်တော်အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်မီပြင်နိုင်ရန် လွှတ်တော်ကကြိုးစားလျက်ရှိသည်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကလည်း ပြင်ဆင်မည့်အချက်အချို့ကို လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ အသင်းအဖွဲ့များအပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ရန် အကြံပြုချက် ၂၇၀၀၆ ချက်ရှိပြီး စုစုပေါင်းအကြံပြုချက် ၃၂၃၁၁၀ ရှိသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

အပြည့်အစုံသို့ »

ထန်းတောထဲမှ ထန်းခြောက်သံ


ရေးသားသူ- ညီညီဇော်

စာဖတ်သူထံတွင် အညာသူအညာသား မိတ်ဆွေတစ်ဦးရှိသည်ဆိုပါစို့။ သင့်ထံ အလည်လာသည့်အခါ ဒေသလက်ဆောင်များယူလာခဲ့မည်ဆိုပါလျှင် သေချာပေါက်ပါလာနိုင်သည့် ဒေသထွက် အစားအစာလေးတစ်ခုရှိပါသည်။ ညိုညစ်ညစ်ရောင် ထန်းလျက်ခဲလေးများပင်ဖြစ်ပါလိမ့်မည်။

ထိုထန်းလျက်တစ်ခဲကစားလျှင်သာ နှစ်ကိုက်လောက်ဝါးစားလိုက်လျှင် ကုန်သွားနိုင်ပေသိ ထန်းလျက်တစ်ခဲဖြစ်ဖို့ကတော့ အဲသလောက်မလွယ်။ ထန်းလျက်ခဲလေးများဖြစ်ဖို့ ဖြတ်ကျော်ရသည့်လုပ်ငန်းတွေက များမှများဟု ထန်းတက်လုပ်ငန်းလုပ်ကိုင်သူများသည့် နွားထိုးကြီးမြို့နယ် လက်ပံရွာမှ ထန်းတောင်သူများကဆိုသည်။

နံနက်လေးနာရီလောက်မို့ အိပ်ကောင်းချိန်ဆိုပြီး ထန်းသမားမယားများ အိပ်ရာထဲဇိမ်ယူကွေးနေလို့မရပါ။ မလင်းမီလုပ်ငန်းခွင်ဝင်တော့မည့် ထန်းသမားလင်သားအတွက် ထမင်းချက်ပြုတ်ရပါ၏။ ထမင်းဟင်းကျက်ပြီဆိုလျှင် လင်တော်မောင်ထန်းသမားကိုနှိုးကာ ထမင်းကြွေးရသည်။ တောသူတောင်သားမို့ ထမင်းအစားကြမ်းသော်လည်း ထန်းသမားများအဖို့ ၀အောင်စား၍မရပေ။

“တအားဝအောင်စားလို့မရဘူး။ ဗိုက်ကားအောင်စားထားရင် ထန်းမတက်နိုင်တော့ဘူး”ဟု ၀ါရင့်ထန်းသမားဦးစန်းမြင့်ကဆိုပါသည်။

လင်တော်မောင် ထမင်းစားနေချိန် နှစ်ခြိုက်စွာအိပ်မောကျနေသည့် သားသမီးများကို နှိုးရပါသည်။ ထန်းရည်မြူအိုးများ ထန်းပင်အောက်များသို့ သွားချပေးရန်ဖြစ်သည်။ ထိုကဲ့သို့ သွားချပေးမှသာ ထန်းသမားအဖို့ ထန်းရည်ချသည့်ကိစ္စ အဆင်ပြေနိုင်မည်ဖြစ်သည်။ ကလေးများက တအည်းအဲအဲဖြင့် အိပ်ရာကထရ၏။ ပြီးနောက် မြူအိုးလေးများကို ကြိုးထိုး၊ ထန်းရည်မချဉ်စေရန်ထုံးပက်ကာ လက်နှိပ်ဓာတ်မီးလေးများဖြင့် ထန်းပင်ခြေရင်းများသို့ လိုက်ချပေးရ၏။

“ပုခက်ထဲက ကလေးပဲ မခိုင်းတာပဲ။ သုံးလေးနှစ်ကလေးဆိုရင်တော့ နိုင်သလောက် မြူအိုးသွားချခိုင်းရတာပဲ”ဟု ထန်းသမားဦးဘိုစောက ရယ်မောရင်းပြောပြသည်။ ထန်းသမားတွေက ထန်းပင်တွေကို နာမည်ပေးထားတတ်သည်မို့ ကလေးတွေက ဖခင်ဖြစ်သူ ထန်းသမားချခိုင်းသည့်အပင်အောက် သွားချရသည်။ မိတုတ်ကြီးကို ဘယ်နှလုံးချ၊ မိတုတ်လေးကို ဘယ်နှလုံးပဲချ စသဖြင့်။

စားသောက်ပြီးပြီဆို ထန်းတက်ကိရိယာအစုံယူကာ ထန်းပင်အောက်သွား၊ ပထမဆုံးတက်မည့်ထန်းပင်ရှေ့ ဖိနပ်ချွတ်ကာ လက်အုပ်ချီ ထန်းတက်လှေကား ရင်းထောင်နှင့် နဖူးထိကာ နှုတ်မှ “လက်ကလွတ် ခြေကမြဲပါစေ၊ ခြေကလွတ် လက်ကမြဲပါစေ”ဟု ရွတ်ဆိုဆုတောင်းရသည်။

ထန်းပင်ပေါ်ကကျလျှင် သေတာနှင့်ကျိုးတာတစ်ခုခုမို့ လေးလေးနက်နက်ထားကာလုပ်ရသည်ဟု ထန်းသမားများကဆိုပါသည်။

ပြီးနောက် အပင်ခြေရင်းမှ မြူအိုးအလွတ်များကို ခါးတွင်ချိတ်ကာ အပင်ပေါ်တက်၊ အပင်ပေါ်မှာပြည့်နေပြီဖြစ်သည့် ထန်းရည်မြူအိုးဖြင့်လဲလှယ်ကာ တစ်ခါပြန်ဆင်းရသည်။

ထန်းသမားထန်းတက်ချိန် ချက်ပြုတ်ပြီးပြီမို့ ထန်းသမားမယား အားပြီမထင်ပါနှင့်။ ကလေးတွေကောက်ပေးလာသည့် ထန်းရည်မြူအိုးများကို ထန်းလျက်ကျိုဖို့ စပြင်ရပါပြီ။ ခြောက်ဖိုခန့်တွဲထားသည့် ဖိုများကိုမီးထိုးကာ ထန်းလျက်ချက်ဖို့ပြင်ရပါ၏။ ကလေးတွေက ကျောင်းသွားချိန်ရောက်ပြီဆိုလျှင် ထန်းသမားမယား ပျာယာခတ်လေပြီ။ ထန်းလျက်ကျိုလိုက်၊ မြူအိုးကောက်လိုက်ဖြင့် တဲနဲ့ထန်းပင် အခေါက်ပေါင်းမရေမတွက်နိုင်အောင် ပြေးရသည်ဟု ထန်းသမားမယားများက ပြောပြသည်။ ထန်းလျက်ဖိုမှ မီးအပူက ရင်ကိုလာရိုက်၏။ ချွေးတွေက တပြိုက်ပြိုက်ကျ၏။ မွှေနေတုန်းများ သွားမစလိုက်နှင့်။ ယောက်မနှင့် အရိုက်ခံရပြီသာမှတ်။

ထန်းရည်တွေကိုကျိုချက်ရင်း ကျလာပြီ၊ အစေးကပ်လာပြီဆို ထန်းလျက်အဆင့်သို့ရောက်ရန် နီးစပ်လာပြီဖြစ်သည်။ ယောက်မဖြင့် မရပ်မနားမွှေပေးပြီးနောက် မီးဖိုပေါ်မှချကာ ရေတစ်ဖလားပြေးယူကာ ထန်းလျက်လုံးရသည်။ ထန်းသမားမယားအပြင် ကလေးတွေပါ ထန်းလျက်ဝင်လုံးရ၏။ ထန်းလျက်တွေက အေးသွားလျှင် ခဲသွားတော့မှာမို့ ပူပူလောင်လောင်နှင့်ပင် လက်ကိုရေဆွတ်ကာလုံးရသည်။ နံနက်ခင်း ၁၀ နာရီ ၁၁ ၀န်းကျင် ထန်းသမားများ ခဏနားသည်။ ခဏနားသည်ဆိုပေမယ့် ထန်းသမားများ နားနားနေနေမနေရပါ။ ထန်းတက်သည့်ရင်းထောင် ကြံ့ခိုင်စေရန် ပြုပြင်နေရပါသေးသည်။

ထန်းပြန်တက်ချိန် နေ့လယ်နေ့ခင်းမို့ အပျင်းပြေ ရေဒီယိုလေးချိတ်ကာ ထန်းတက်သူတွေလည်း ရှိသည်။ ကပေါက်တိကပေါက်ချာ ရရာသီချင်းအော်ဆိုနေသူတွေလည်းရှိသည်။ ရာသီဥတုကောင်းရင်တော့ ထန်းရည်ချိုကျကာ ထန်းလျက်များများထွက်မည်မို့ ထန်းသမားများမြူးကြွပြီး ပျော်နေတတ်ကြသည်။ အဲဒီလိုအခါမျိုး ထန်းတောထဲဝင်လိုက်ပြီဆိုလျှင် ထန်းတစ်ပင်ပေါ်ကနေတစ်ပင် လှမ်းစနောက်နေသည့် ထန်းသမားတွေရဲ့အသံတွေက ဟိုအပင်ပေါ်ကထွက်လာလိုက် ဒီအပင်ပေါ်က ထွက်လာလိုက်နှင့်။ “ဥတုမကောင်းလို့ ထန်းရည်ချိုမရဘူးဆိုရင်တော့ ထန်းသမားတွေငြိမ်နေတာပဲ”ဟု ထန်းသမားဦးစန်းမြင့်ကပြောသည်။

ထန်းပင်အောက်မှာတော့ မြူအိုးကောက်တဲ့ကလေးကကောက် မယားကထန်းလျက်ကြို၊ အိုးဖုတ်သူကဖုတ်၊ ထန်းလျက်လုံး စသဖြင့်လုပ်လာလိုက်တာ ညနေ ၆ နာရီလောက်မှာတော့ ထန်းလျက်ချက်တဲ့လုပ်ငန်းပြီးမြောက်သည်။ ထန်းသမားမယားနှင့် ကလေးများက ထန်းရည်မြူအိုးအလွတ်များကို မီးဖုတ်ရသည့်အလုပ်ကိုလည်း လုပ်ရပါသေးသည်။ ထန်းရည်ချိုကောင်းစေရန်၊ အချဉ်နံ့မထွက်စေရန်၊ အိုးသန့်သွားစေရန် မီးဖုတ်ရခြင်းဖြစ်သည်။

ထန်းလျက်ချက်ပြီးသွားပေမယ့် ထန်းသမားတွေကတော့ ထန်းပင်ပေါ်က မဆင်းရသေးပါ။ တက်နေရတုန်းပင်ဖြစ်သည်။ ညမှောင်စပျိုးလာတော့ ထန်းတက်ရတာ သိပ်မမြင်ရတော့။ ဒါကြောင့် အောက်မှာရှိတဲ့သူတွေက ထန်းပင်ပေါ်ကလူတွေ ထန်းတက်ရတာမြင်ရအောင် ထန်းလက်တွေကို မီးရှို့ပေးရသည်။ ထိုအချိန်ဆို ထန်းတောထဲမှာ မီးတွေက ၀င်းလက်နေသည်။ ထန်းသမားတွေ လုပ်ငန်းပြီးတော့ ည ၈ နာရီခန့်ရှိပြီ။

တစ်နေကုန်ပင်ပန်းထားကြသည်မို့ ထန်းသမားမိသားစုတွေ အပန်းတော်ဖြေကြပြီ။ ကက်ဆက်ဇာတ်လမ်းဖွင့်သံ၊ ရေဒီယိုသတင်းနားထောင်သံ၊ ကလေးတွေရဲ့ဆော့ကစားကြတဲ့ အသံတွေက ထန်းတောကြီးထဲမှာ ပဲ့တင်ထပ်လို့။ “ထန်းတောထဲမှာ ရွာကြီးတစ်ရွာလိုကိုဖြစ်နေတာ”ဟု ထန်းသမားမယားတစ်ဦးဖြစ်သူ ဒေါ်ကြည်အေးကဆိုပါသည်။ ထန်းသမားတွေက လူကသာနားနေပေမယ့် နောက်နေ့တက်ရမည့်ထန်းပင်တွေကို ဘယ်အပင်ကိုတော့ ဘယ်လိုပြင်ရဦးမည်၊ ဘယ်အပင်ကိုတော့ ဘာလုပ်ရဦးမည် စသဖြင့် တွေးတောကာ အိပ်ပျော်သွားတတ်သည်ဟု ထန်းတက်သမားများကဆိုပါသည်။

ကဆုန်၊ နယုန်ကာလဆို လေတွေဝုန်းဒိုင်းကြဲအောင်တိုက်သည့်အခါမျိုးတွေရှိသည်။ လေပြင်းတွေကြောင့် ထန်းပင်တွေလှုပ်ခါယမ်းနေတတ်ပြီး ထန်းပင်ပေါ်က အိုးတွေအချင်းချင်းရိုက်မိခြင်း၊ အပင်ပေါ်မှလျှောကျခြင်းများ ဖြစ်တတ်ပါသည်။ လေငြိမ်သွားပြီဆို ထန်းပင်အောက်ခြေများတွင် ထန်းရည်မြူအိုးအကွဲအစလေးများ ပြန့်ကျဲနေတတ်သည်။

“အိုးနဲ့ထန်းရည်ကတော့ ဆုံးတာပေါ့။ မြူအိုးကိုချည်တဲ့ကြိုးကိုတော့ ပြန်ကောက်ပြီးသုံးရတယ်”ဟု ဒေါ်အေးကဆိုသည်။

နယုန်လထဲတွင် ထန်းတောထဲ ဒေါ်ရင်းကောင်ဟုခေါ်သည့်အကောင်များက ဆူညံစွာအော်ဟစ်တတ်သည်။ ထိုအကောင်များအော်ပြီဆိုလျှင် ထန်းရည်ချိုမထွက်တော့သည့် ကာလရောက်တော့မည်မို့ ထန်းသမားမိသားစုများ စိတ်ညစ်ညူးရလေပြီ။

“ဒေါ်ရင်းကောင်တွေအော်ပြီဆို ထန်းရည်တွေမထွက်တော့ဘဲ ထန်းလျက်မရတော့မှာမို့ စိတ်ဆင်းရဲတယ်။ ကလေးတွေကတော့ ဒီအကောင်တွေအော်လို့ ထန်းရည်မရတာလို့ဆိုပြီး လိုက်ရိုက်ကြတာ”ဟု ဒေါ်အေးကပြောပြသည်။

အခြားတောင်သူလုပ်ငန်းများအတွက် မိုးမျှော်ရပေသိ ထန်းတောင်သူတို့အတွက်တော့ မိုးရွာမှာကိုကြောက်နေရ၏။ မိုးကြီးပြီဆိုလျှင် အပင်ပေါ်က ထန်းရည်မြူအိုးထဲ မိုးရေတွေဝင်ကုန်တာကြောင့် ထန်းရည်မြူအိုးတွေ သွန်ပစ်လိုက်ရသည်။ မိုးတအားရွာတော့ ထန်းလျက်တွေ အစိုပြန်ကုန်မှာစိုးရတာကြောင့် လူတွေလုံလုံမလုံလုံ ထန်းလျက်တောင်းတွေကို လုံအောင်လုပ်ရသည်။ လေတွေပါပါလာပြီဆိုလျှင် ထန်းရည်ချိုပုံးတွေလည်း မျောပါသွားတတ်ပါသေးသည်။

ဝါခေါင်လလောက်ဆို ထန်းရည်မထွက်တော့ပြီမို့ ထန်းသမားများ ထန်းလုပ်ငန်းသိမ်းချိန်တန်လေပြီ။ အမြတ်အစွန်းရှိပြီဆိုလျှင် တောင်သူလုပ်ငန်းအတွက် နွားတွေဝယ်ကြ၊ လျှပ်စစ်မီးမရသူတွေမို့ ဆိုလာပြားတွေဝယ်ကြ၊ ဆိုလာရှိပြီးတဲ့သူတွေက တီဗီတွေဝယ်ကြဖြင့် ပျော်မြူးနေတတ်ကြသည်။ အမြတ်အစွန်းမရဘူး၊ ထန်းလျက်ဈေးမကောင်းဘူးဆိုလျှင်တော့ ထန်းသမားများအခက်တွေ့ကြရပြီ။ ခြောက်လကျော်လုပ်လာရသည့် လုပ်အားခဆုံးရှုံးသည့်အပြင် အကြွေးပါတင်သွားကြ၏။

ထို့အပြင် ထန်းလျက်ကျိုဖို့ ထင်းတွေကရှားပါးလာပြီး ဈေးတွေကြီးလာသည်။ မြူအိုးဖိုးနှင့် မြူအိုးချည်တဲ့ ကြိုးဈေးတွေကလည်း ကြီးလာပြန်သည်။ ပိုပြီးဆိုးတာက ထန်းလျက်ဈေးတွေကကျလာတော့ ထန်းတောင်သူများ အခြေအနေမဟန်တော့။ မရေရာတော့သည့် ထန်းလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပနှင့် ပြည်တွင်း အခြားဒေသများသို့ထွက်ကာ ရရာအလုပ်လုပ်လာရသည်ဟု ထန်းတောင်သူများက ဆိုပါသည်။ ထန်းတက်သူမရှိဘဲ ပစ်ထားရသည့် ထန်းပင်တွေက များလာသည်။

နွားထိုးကြီးမြို့နယ် လက်ပံရွာတစ်ရွာတည်းတွင်ပင် ထန်းတက်သူဦးရေ ထက်ဝက်ခန့်လျော့ကျသွားသည်ဟု ထန်းတောင်သူများကဆိုပါသည်။ “ထန်းသမားတွေက ထန်းလျက်ခဲလေးတစ်လုံးဖြစ်ဖို့ကို တစ်မိသားစုလုံး ရုန်းကန်ရတာ။ ထန်းလျက်ဈေးတွေကမကောင်းတော့ ဘယ်လိုမှအဆင်မပြေတော့တာနဲ့ ထန်းသမားတွေ ထန်းမတက်ကြတော့ဘဲ ရရာအလုပ်တွေ ပြောင်းလုပ်နေကြရတာ။ ကြာရင် ထန်းလျက်လုပ်ငန်း ပျောက်သွားမှာတောင် စိုးရိမ်ရတယ်”ဟု နွားထိုးကြီးမြို့နယ်မှ ထန်းလျက်ပွဲစားတစ်ဦးကဆိုပါသည်။

ယခုတော့ လက်ပံရွာက ထန်းတောထဲမှာ ထန်းလျက်ချက်ဖို့ဝေးစွ၊ ထန်းသမားမိသားစုများ နေထိုင်ခဲ့သည့် တဲအိမ်လေးတွေမှာပင် နေသူမရှိ ယိုင်ထိုးကာ ပျက်စီးစပြုနေလေပြီ။ ထန်းလျက်ချက်တဲလေးတွေထဲမှာလည်း ထန်းရည်မြူအိုးလေးတွေက ဟိုနေရာတစ်အိုး၊ သည်နေရာတစ်အိုး ပြန့်ကျဲနေလေပြီ။ ထန်းလျက်ချက်တဲ့ ဒယ်အိုးတွေကလည်း အသုံးပြုသူမရှိ မှောက်လျက်ပင်။

ခင်မင်ရသော အညာသူအညာသားမိတ်ဆွေများ၏ အညာကအပြန် ယူဆောင်လာမည့် ထန်းလျက်ခဲလေးများကို မက်မက်မောမော မျှော်လင့်ချင်ပါသေးသည်။

ဓာတ်ပုံ- ညီညီဇော်
7Day News Journal


အပြည့်အစုံသို့ »

ငွေခြောက်သောင်းဖြင့် နှစ်နိုင်ငံ လည်ပတ်နိုင်မည့် ခရီးစဉ် စိတ်ဝင်စားသူများ



**********************************************

ကျပ်ငွေခြောက်သောင်းဖြင့် ထိုင်း နှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံ လည် ပတ် နိုင်မည့် ခရီးစဉ်ကို သွားရောက်သူ များပြားကြောင်း အဆိုပါ ခရီးစဉ်စီစဉ် သည့် Vega Travel မှ သိရသည်။

မြဝတီမှ မဲဆောက်၊ မဲဆောက်မှ ဘန်ကောက်၊ ဘန်ကောက်မှ ကမ္ဘော ဒီးယားသို့ ဆက်သွားမည့်အဆိုပါ ခရီးစဉ်အတွက် ကားခနှုန်းထား ကျပ် ခြောက်သောင်း သတ် မှတ်ထားပြီး ကားမောင်းချိန် တစ်ရက်ကြာမြင့် ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စတင် ပြေး ဆွဲပေးနေခြင်းဖြစ်ကြောင်း အ ထက်ပါ ကုမ္ပဏီမှ မန်နေဂျာ ကိုသန့် ဇင်က ပြောသည်။

”ကျွန်တော်တို့ မြဝတီကိုအ တက် နေ့တိုင်း ကားထွက်ပေးနေတယ်။ သွားတဲ့သူလည်းများပါတယ်။ ထိုင်းကို ပို များတယ်”ဟု ၄င်းက ပြောသည်။

၎င်းတို့ ခရီးသွားလုပ်ငန်းရုံးခွဲကို လည်း မဲဆောက်တွင် ဖွင့်လှစ်ထားပြီး ခရီးသည်များ နယ်စပ်ဖြတ်ခြင်းကို ပြု လုပ်ပေးကြောင်း၊ ခရီးသွားမည့်သူများ သည် နိုင်ငံကူး လက်မှတ် ရှိရမည် ဖြစ် ပြီး ဗီဇာကိုကုမ္ပဏီမှ စီစဉ်ပေးပြီး ဗီ ဇာကြေးအဖြစ်ကန်ဒေါ်လာလေးဆယ် ပေးရမည်ဖြစ်ကြောင်း၊ မိမိအစီအ စဉ်ဖြင့် ထိုင်းသံရုံးတွင်လည်း လျှောက် ထားနိုင်ကြောင်း သိရသည်။

”အန်စာတုံးကားနဲ့ လူရှစ်ယောက် ကနေ ဆယ်ယောက်အထိ စီစဉ်ပေးပါ တယ်။ ဧည့်သည်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ကျွန်တော်တို့ ဆောင် ရွက် ပေးတယ်”ဟု ကိုသန့်ဇင်ကပြောသည်။

ကမ္ဘောဒီးယားသို့ မသွားလိုဘဲ ထိုင်းအထိသာသွားမည့် သူများအ တွက် လည်း ကားစီစဉ်ပေးပြီး ဘန် ကောက်မြို့အထိ ကျပ် ၅၅ဝဝဝ ကျ သင့်မည်ဟု သိရသည်။

၂ဝ၁၂ ခုနှစ်တွင် နယ်စပ်ပေါက် များမှ ပြည်ပဧည့်များကို ဝင်ထွက် ခွင့် ပေးခဲ့သည့်နောက်ပိုင်းတွင် နယ်စပ် ပေါက်များမှတစ်ဆင့် ပြည်ပဧည့်များ စွာ ဝင်ရောက်လာ ခဲ့ပြီး ပြည်တွင်းမှ လည်း ထွက်ခွာမှုများရှိလာရာမှ ခရီး သွားလုပ်ငန်းများက ထိုသို့သော ခရီးစဉ်များကို စီစဉ်လာကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ ခရီးစရိတ်၊ နေ ထိုင်မှုအပါ သွားရောက်မည်ဆိုပါက ကုန်ကျ စရိတ်ခြောက်ရက်ခန့်ကို ဒေါ် လာ ၈ဝဝ ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားသို့ သွားေ ရာက်သည့် ကုန်ကျစရိတ်မှာလည်း ဒေါ်လာ ၈ဝဝ ဝန်းကျင် ကျသင့်ကြောင်း သိရသည်။

MZW
Popular Myanmar News Journal


အပြည့်အစုံသို့ »

လင်မယားစကားများစဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

၁၈.၂.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် တိုက်ကြီးဆေးရုံ၌ အမျိုးသားတစ်ဦး ဓါးထိုးခံရသဖြင့် သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်ဝင်း(၄၂)နှစ်၊ ရှမ်းစုရပ်ကွက်၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ယာဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို တွေ့ရှိရ
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူမမြ၀င်း(၄၇)နှစ်နှင့် နေအိမ်၌
စကားများရန်ဖြစ်ကြစဉ် ဇနီး ဖြစ်သူမှ အရိုးအသွား(၉)လက်မခန့်ရှိ မီးဖိုချောင်သုံးစတီးဓါးဦးချွန်ဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ မမြ၀င်းအား တိုက်ကြီးမြို့မရဲစခန်း
(ပ)၆၃/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police by


အပြည့်အစုံသို့ »

ဆင်းကတ် ၁၅၀၀၊ ဆက်သွယ်ခ အလွန်ဈေးချိုမည်ဟု အော်ရီဒူးပြော


မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာ လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ၂၀၁၄ ဇူလိုင်ဝန်းကျင်မှာ ဆင်းကတ်တွေ စရောင်းပေးသွားမှာ ဖြစ်ပြီး ကတ် ၁ ခု ကျပ် ၁၅၀၀ ပဲ သတ်မှတ်မယ့်အပြင် ဖုန်းပြောဆိုခတွေကိုလည်း ချိုသာတဲ့ ဈေးနှုန်း သတ်မှတ်ပေးသွားမယ်လို့ အော်ရီဒူးကုမ္ပဏီက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရန်ကုန် အင်းလျားလိတ်ဟိုတယ်မှာ လုပ်တဲ့ ဒုတိယအကြိမ် တယ်လီကွန်း အခြေခံအဆောက်အဦ ဆန်းမစ် ၂၀၁၄ အစည်းအဝေးမှာ အော်ရီဒူး ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီအီးအို မစ္စတာ ရော့စ် ကော့လ်မတ် (Mr.Ross Cormack) က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း ချပေးတဲ့အခါမှာလည်း အော်ရီဒူးက ၀န်ဆောင်မှုပေးတဲ့ ဘယ်နေရာမှာဖြစ်ဖြစ် 3G ကွန်ရက်နဲ့ ၀န်ဆောင်မှု ပေးသွားမယ်လို့ သူက ကတိပြုပြောဆိုပါတယ်။

ခုချိန်မှာတော့ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ အော်ရီဒူးရော၊ နော်ဝေ အခြေစိုက် တယ်လီနောတို့ပါ မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး တာဝါတိုင်တွေ စိုက်ထူနေကြောင်း သိရပါတယ်။

 DVB Burmese

အပြည့်အစုံသို့ »

ချင်းတိုင်းရင်းသား ၁၂ ဦး ပဲခူးတိုင်းမှာ ထောင်ကျ

 
စီးပွားရေးကုမ္ပဏီတခု နှင့်    ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ် မကျည်းပင် ကြာအင်းကျေးရွာ ဒေသခံများအကြား ဖြစ်ပွားသောအမှုသည် အင်္ဂါနေ့က ချင်းတိုင်းရင်းသား တောင်သူ ၁၂ ဦးကို  ထောင်ချလိုက်ခြင်းဖြင့် အဆုံးသတ်သွားသည်။
 -


စီရင်ချက်ချရာ ပန်းတောင်းမြို့ တရားရုံးရှေ့ မြင်ကွင်းတခု (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ) -
၂၀၁၂ ဇူလိုင်လက အစပြုပြီး  အမျိုးသား သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(NRDC) က   ပုဒ်မ ၄၃(က)၊ ၄၀(ဂ)၊ (၃၄၁/၃၅၂) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

NRDC သည် ထိုဒေသသို့ သွားရောက်ပြီး ကျွန်းစိုက်ပျိုးရေး လုပ်ကိုင်သည့် ကုမ္ပဏီကြီးဖြစ်သည်။


အရှိုချင်း

ထောင်ကျသွားသည့်တောင်သူများမှာ ကိုလိုနီခေတ်မတိုင်ခင် ကတည်းက ထိုဒေသတွင် အခြေချခဲ့သော အရှိုချင်းတိုင်းရင်းသားများဖြစ်သည်။

၁၉၉၉-ခုနှစ် ညောင်ကိုင်း ရေလှောင်တမံစီမံကိန်းကြောင့် ပထမအကြိမ် ကျေးရွာတခုလုံးပြောင်းရွှေ့ခံရသည်၊
၂၀၀၁-ခုနှစ်တွင် အာဏာပိုင်တို့က ဒေသခံတောင်သူများနစ်နာမှုအတွက်  ခေါ်ယူညှိနှိုင်းပြီးနောက် ရွာဟောင်းတွင် ပြန်လည်နေထိုင်ရေး၊  
စာသင်ကျောင်းဖွင့်ရေး စသည့် အခွင့်အရေးများရခဲ့သည်။ ထို့နောက်  သစ်တောကြိုးဝိုင်းအတွင်း မြေ(၇)ဧကစီ ရရှိခဲ့သည်။

၂၀၀၈ တွင် NRDC ကုမ္ပဏီက    ဒေသခံတောင်သူများ လုပ်ကိုင်နေသော လယ်ယာမြေပေါ်တွင် ကျွန်းစိုက်ပျိုးပြီးနောက်ပိုင်း ယခုကဲ့သို့ အမှု ဖြစ်ပွားခဲ့ကြပြီး ဥပဒေပိုင်းဆိုင်ရာတွင် ဗဟုသုတ အားနည်းသည့် ဒေသခံတို့ အမှုရှုံးသွားခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူများ
 ကိုမောင်လင်း - အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃) နှစ်၊
ကိုဖိုးကြာ - အလုပ်ကြမ်းနှင့်   ၈ လ၊
ဦးစံပါယ်အပါအဝင် (၆)ဦး -  အလုပ်ကြမ်းနှင့်    ၁ နှစ် ၉ လ၊
 ဦးတင်လှအပါအဝင် (၄)ဦး -  အလုပ်ကြမ်းနှင့်   ၆ လ၊

စီရင်ချက်ချပြီးနောက် တောင်သူများကို ၎င်းတို့ကို ချုပ်နှောင်ခဲ့ရာ ပြည်မြို့ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်စဉ် ၎င်းတို့၏ မိသားစုဝင် အများအပြား တရားရုံးအနီး ငိုကြွေး ကျန်နေရစ်ခဲ့သည်ကို တွေ့ရသည်။

ကာယကံရှင်တဦးရဲ့ အပြော

ထောင်ကျသွားသည့် ဦးစံပါယ်၏ ဇနီး ဒေါ်ဌေးဌေးက စီရင်ချက်ကို လက်မခံနိုင်ကြောင်း  ဧရာဝတီသို့ပြောသည်။

 “တရားဥပဒေဆိုတာ စာအုပ်ထဲမှာပဲ ရှိတယ်။ ပြီးခဲ့တဲ့နှစ် တပို့တွဲလ ပြည့်ကျော် ၂ ရက်နေ့က ကျမတို့ မတ်ပဲစိုက်ခင်းတွေရိတ်ခါနီးမှာ ကုမ္ပဏီက မီးရှို့လို့  ရဲစခန်းမှာ အမှုဖွင့်တယ် လက်မခံခဲ့ဘူး၊
 ထွေအုပ်ရုံးကို သွားတိုင်လည်း လက်မခံခဲ့ဘူး။ နောက်ဆုံးတရားရုံးမှာ ဦးတိုက်လျှောက်တော့ ပယ်ချခံရတယ်”

အမှုနိုင်သည်အထိ  ဥပဒေကြောင်းအရ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ လယ်သမားအခွင့်အရေး ဆိုင်ရာအရလည်း လှုပ်ရှား တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေါ်ဌေးဌေးက  ဆက်ပြောသည်။

“လယ်သမားတွေ ဘက်က ရပ်တည်ပေးတဲ့လူ ဘယ်သူရှိသလဲ။ တနိုင်ငံလုံး ကြည့်လိုက် ကျမတို့ လယ်သမားတွေပဲ အနိုင်ကျင့် ခံနေရတာ”

တရားသူကြီးရဲ့အပြော

တရားစွဲဆိုခံရသူ ၁၃ ဦးအနက်မှ တဦးမှာ ပန်းတောင်းမြို့နယ် အချုပ်ခန်းအတွင်း သေဆုံးသွားသော ကိုသန်းထွန်းဖြစ်ကြောင်း ပန်းတောင်းမြို့နယ် တရားသူကြီး ဒေါ်နန်းမေယဉ်က ဧရာဝတီသို့ပြောသည်။

“ကျမ စိတ်ထဲမှာမကောင်းလို့ ဘယ်သူနဲ့မှ မပြောချင်ပါဘူး။ တရားသူကြီးဆိုတာ တရားဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လုပ်ရတာပါ။ အခုလည်း ကျမ စိတ်မကောင်းဖြစ်နေပါတယ်။
ဒါပေမဲ့ ကျမတို့က နိုင်ငံဝန်ထမ်းဖြစ်နေတဲ့အတွက် ဥပဒေအတိုင်း လုပ်ရတာပါ” ဟု  တရားသူကြီးက ဆိုသည်။


ကောင်းမြတ်မင်း
arrawady
  -

အပြည့်အစုံသို့ »

ထိုင်းက ဘင်္ဂါလီ တထောင်ကျော် မြန်မာသို့ ပြန်ပို့သည့် ဖြစ်ရပ် မရှိဟု သမ္မတရုံး ငြင်းဆို



ဘင်္ဂါလီ လူမျိုး, မြန်မာနိုင်ငံ, ထိုင်းနိုင်ငံ, နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်), မွတ်စလင်
ပုံစာ – အက်ဒမန် ပင်လယ်ကို လှေဖြင့်ဖြတ်လာသည့် ဘင်္ဂါလီများ (ဓာတ်ပုံ – Reuters)
ထိုင်း အစိုးရက ဘင်္ဂါလီ(မွတ်စလင်) ၁၃၀၀ ခန့်အား မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်ခဲ့သည် ဆိုခြင်းကို နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က ယင်းဖြစ်ရပ် လုံးဝ ဖြစ်ပွားမှု မရှိကြောင်း ငြင်းဆို လိုက်သည်။

ထိုင်း နိုင်ငံမှ ဘင်္ဂါလီ လူမျိုးများကို လွန်ခဲ့သည့် ၃ လခန့်က မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်ဟု ထိုင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိ ဒု ဗိုလ်ချုပ်ကြီး Pharnu Kerdlarpphon က မကြာသေးခင်က ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ်နှင့် နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ စတင် ခိုးဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ လူမျိုးများကို ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ယင်းသတင်း အပေါ် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက ပူးပေါင်း ဆောင် ရွက်မှုများ မရှိခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ရေးသား ဖော်ပြထားသည်။

ဦးဇော်ဌေးက “နိုင်ငံသား ကိစ္စသည် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ အစိတ်အပိုင်း တရပ်”ဟူသော ဆောင်ပုဒ်ကို အကြောင်းမဲ့ ထားရှိခြင်း မဟုတ်ကြောင်း၊ ပြည်ပနိုင်ငံ တနိုင်ငံသို့ ရောက်ရှိသွားသူ တဦးက မြန်မာနိုင်ငံက လာပါသည်ဟု ထုတ် ဖော် ပြောကြားရုံဖြင့် မြန်မာနိုင်ငံသား ဖြစ်လာမည် မဟုတ်ကြောင်း ၎င်းက ထောက်ပြ ရေးသားထားသည်။

လက်ရှိ အချိန်တွင် ပြည်တွင်း၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ပင်လယ်ရေကြောင်းမှတဆင့် နိုင်ငံများစွာသို့ တိုးဝင်နေ သည့် ဘင်္ဂါလီ ကိစ္စ အားလုံးကို မြန်မာနိုင်ငံအား လက်ညှိုးထိုးလာသည့် “မြန်မာ အခက်-ဘင်္ဂါလီ အချက် နည်းဗျူဟာ”များကို တိုးမြင့် တွေ့ရှိလာကြောင်း ဦးဇော်ဌေးက ဆိုသည်။

သို့သော် မြန်မာနိုင်ငံသည် သတင်းများတွင် ဖော်ပြ ပါရှိသော လူမျိုးစု အမည်ဖြင့် ဘင်္ဂါလီ လူမျိုးများကို မည်သည့် အခါကမျှ အသိအမှတ် ပြုခြင်း၊ လက်ခံခြင်း မရှိခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ဘင်္ဂါလီ လူမျိုးများကို ထိုင်း အစိုးရက မြန်မာ အစိုးရထံ တရားဝင် လမ်းကြောင်းဖြင့် ပြန်ပို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ရေ ပိုင်နက်ရှိ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လေ့ ရှိသည်ကို ကြားသိရသည်ဟု ဧရာဝတီသို့ ပြောသည်။

“နယ်စပ်ကို ပို့တာ ဟုတ်တယ်၊ မြန်မာ အစိုးရ လက်ထဲကို ပို့တာ မဟုတ်ဘူး၊ ကြားတာကတော့ လှေတွေထဲကို အစား အသောက် ရိက္ခာတွေ ထည့်ပေးပြီးတော့ မြန်မာ ရေပိုင်နက်ထဲကို ပို့လိုက်တယ်၊ မြန်မာ အစိုးရ အနေနဲ့ တရားဝင် လက်ခံ ယူတယ်လို့ မကြားမိပါဘူး”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဘင်္ဂါလီ လူမျိုးများကို ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အပါအ၀င် မြို့နယ် ၅ မြို့နယ်ရှိ ထိန်းသိမ်းရေး စခန်းများတွင် ထားရှိရာ လူဦးရေ ၃၀၀၀ ကျော် ရှိနိုင်ကြောင်းလည်း ဦးထူးချစ်က ပြောသည်။

ရခိုင်ပြည်နယ် အတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသော ဘင်္ဂါလီများသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာမှုများ ရှိခဲ့ရာ အများစုသည် ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ၊ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိ သွားတတ်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ဘင်္ဂါလီ လူမျိုးများ တရားမ၀င် နည်းလမ်းများဖြင့် ရောက်ရှိလာမှုကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး နေ ရပ် ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ NGO များနှင့် ဖမ်းဆီးခံရသူ ဘင်္ဂါလီများက နေရပ် ပြန်မပို့ရန်နှင့် ထိုင်း နိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုရန် ထိုင်း အစိုးရကို တောင်းဆို ခဲ့ကြသည်။
irrawaddy

အပြည့်အစုံသို့ »