မြန်မာ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာတွေ ကမ္ဘာကိုဝင်ဆံ့ဖို့


ကျောင်းပြီးလို့ ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာဘွဲ့ ရသွားပေမယ့်    နိုင်ငံခြားသင်္ဘော တက်လို့ မရသေးပါဘူး တဲ့။ ဒီအကြောင်း သတင်းထောက် မင်းဗညားက သတင်းပေးပို့ထားပါတယ်။



ပင်လယ်ကူးသင်္ဘောငယ်များ ဆိုက်ကပ်ရာ ရန်ကုန်ဆိပ်ကမ်း (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)
  -
ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်အား အထူးပြု ယူထားသော ကျောင်းသားများအနေဖြင့် ကျောင်းပြီးသွားသော်လည်း ပြည်တွင်း၌ Electrical Workshop Skill သင်တန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ကျောင်းသားအများစု အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရကြောင်း ယင်းဘာသာရပ်ကို တက်ရောက်နေသော ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားများထံမှ သိရသည်။

ထိုသင်တန်းသည် နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ် (IMO) က ၂၀၁၁ခုနှစ်အတွင်း ပြဌာန်းခဲ့သည့် နိုင်ငံတကာ သဘောင်္သားတိုင်း၏ အခြေခံ အရည်အချင်း လိုအပ်ချက်ကို ပြဌာန်းသော ဥပဒေတရပ်(STCW)  ဖြစ်ကြောင်း၊  သင်တန်း (၂၆)ပတ် တက်ရောက်ပြီးစီးကြောင်း လက်မှတ် ရရှိမှသာလျှင် နိုင်ငံခြား သင်္ဘောလိုင်းများ၌ ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ အရာရှိများအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“mechanical ကျတော့ ဝပ်ရှော့စကေးကို ဖွင့်ထားတာရှိတယ်။ Electrical ကျတော့ ဝပ်ရှော့စကေး မဖွင့်ထားဘူး။ အလုပ်တွေ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်မိပေမယ့်လည်း သင်တန်း မရှိတဲ့အတွက် အဆင်မပြေဘူး။ သင်တန်းရှိမှသာ အလုပ်ရမှာဖြစ်တဲ့အတွက် ဒီမေဂျာယူထားတဲ့ ကျောင်းသားတွေအတွက် အလုပ်အတွက် မျှော်လင့်ချက်နည်းနေတယ်” ဟု ၂၀၁၄ခုနှစ်အတွင်း အပတ်စဉ် ၈၌ ယင်းအထူးပြု ဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သည့် ကျောင်းသားဟောင်း ကိုဇေယျာထက်က ဧရာဝတီသို့ ပြောသည်။

ယင်းသင်တန်းအား အိမ်နီးချင်း အာဆီယံနိုင်ငံများ၌ ဖွင့်လှစ် သင်ကြားပေးမှုများ ရှိသော်လည်း ပြည်တွင်းရှိ ကျောင်းသားများ အနေဖြင့် သွားရောက် သင်ကြားမည်ဆိုပါက ကုန်ကျစရိတ်သည် များပြားသည့်အတွက် အခက်အခဲ ဖြစ်နေရသည်ဟု ဆိုသည်။ ယင်းဥပဒေ မပြဌာန်းစဉ်က အစိုးရမှ ETO ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးလျက်ရှိသော်လည်း IMO က ယင်းဥပဒေအား ပြဌာန်းခဲ့ပြီးနောက်ပိုင်း မူဝါဒပြောင်းလဲမှုများ ရှိခဲ့သည်ဟု ယင်းကျောင်းသားများက ပြောသည်။

“အရင်မူဝါဒဟောင်းနဲ့ လက်မှတ်ရခဲ့ပြီးသား လူတွေတောင် လက်မှတ်က သတ်တမ်းကုန်သွားတော့ ဘယ်လို ဆက်လုပ်ရမလဲတောင် မသိဘူးဖြစ်နေတယ်။ ဒီသင်တန်းရှိမှလို့ IMOက သက်မှတ်လိုက်တော့ သင်္ဘောလိုင်း ကုမ္ပဏီတွေက ဒီသင်တန်းလက်မှတ်ကို မေးလာကြပြီ။ လက်မှတ်မရှိလို့ အလုပ်က ဆင်မပြေကြဘူး” ဟု ကျောင်းသားဟောင်းတဦးဖြစ်သည့် ကိုဇေလင်းဖြိုးက ဆိုသည်။
ယခုအချိန်တွင် ယင်းဘာသာရပ် အထူးပြု ဘွဲ့ရရှိ ကျောင်းသားပေါင်း ၃၀၀ကျော်ခန့် ရှိပြီး ထိုအထဲမှ ၁၅ဦးခန့်သာ စနစ်ဟောင်းဖြင့် ကြုံတွေ့၍ လုပ်ငန်းခွင်၌ လုပ်ကိုင်နေရသည်ဟု သိရသည်။

ယင်းသင်တန်းအား အစိုးရ သို့မဟုတ် ပုဂ္ဂလိက များမှ ဖွင့်လှစ်နိုင်သည် ဆိုသော်လည်း ယင်းသင်တန်း ဖြစ်မြောက်ရန် ကုန်ကျစရိတ်သည် ကျပ်သိန်းလေးထောင်ဝန်းကျင်ခန့် ကုန်ကျနိုင်သည်ဟု ကျောင်းသားများက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၄င်းတို့အနေဖြင့် လွှတ်တော်ကိုယ်စားတဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် တိုင်ပင်ကာ လွှတ်တော်တွင်း တင်ပြ ဆွေးနွေးသွားရန် စီစဉ် ဆောင်ရွက်ထားသည်ဟု ဆိုသည်။

“အရင်က စနစ်ဟောင်းတုန်းက သဘောင်္ကျင်းမှာ လေးလဒေါက်ဆင်း အရာရှိစာမေးပွဲဖြေ လုပ်ရတယ်။ အခုက အဲ့ဒီလိုမဟုတ်ဘဲ MIO ရဲ့ ပြောင်းလိုက်တဲ့ မူဝါဒအရ ကျောင်းသားတွေအတွက် သင်တန်းက အခက်အခဲ ဖြစ်နေတယ်။ ဖြစ်နိုင်ရင် သင်တန်းကို အစိုးရကပဲ ဖွင့်စေချင်တယ်။ သင်တန်းဖြစ်မြောက်ဖို့ ကုန်ကျစရိတ်က များတဲ့အတွက် အစိုးရကဖွင့်ပေးမှပဲ ဈေးက သက်သာနိုင်မယ်”ဟု ကိုဇေယျာထက်က ဆိုသည်။

ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်အား အထူးပြု ယူထားသော ကျောင်းသားဦးရေမှာ နှစ်စဉ် ၅၀ မှ ၇၀ ဝန်းကျင်ခန့်အထိ ရှိသည်ဟု သိရသည်။


မင်းဗညား
The Irrawaddy

အပြည့်အစုံသို့ »

နောက်ဆုံးပေါ် လန်ဒန်နေ့လယ်စာ စားကြမလား



 ဓာတ်ပုံ- စီအန်အန်

သင့်ရဲ့ ဖုန်းကို ပိတ်ပြီး အပ်လိုက်ပါ၊
သင့်ရဲ့ လက်ဗွေမှတ်တမ်း ယူမယ်၊
ပြီးတော့ သင် ထောင်ထဲကို သွားရတော့မယ်




အဲဒီလိုပြောလိုက်လို့ မစိုးရိမ်ပါနဲ့၊ လန်ဒန်က နောက်ဆုံးပေါ် နေ့လယ်စာ သွားစားဖို့အတွက်ပါ။

ဒီအကြောင်း စီအန်အန် သတင်းတပုဒ်က အကျယ်တဝင့် ရေးပြထားပါတယ်။

လန်ဒန်ရဲ့ နောက်ဆုံးပေါ် နေ့လယ်စာရောင်းတဲ့ ဆိုင်က ဗြိတိန်နိုင်ငံ Surrey မှာ ရှိတဲ့ High Down နဲ့ Wales နယ်က Cardiff Prison တို့မှာ ဖွင့်လှစ် ထားတာဖြစ်ပြီး The Clink Charity က ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ထောင်စားသောက်ဆိုင်ကတော့ မနက်စာနဲ့ နေ့လယ်စာအတွက်ပဲ တနင်္လာနေ့ကနေ သောကြာနေ့ထိ ဖွင့်လှစ် ပါတယ်။ အစည်းအဝေး ခန်း ၅ ခန်းပါပြီး လူ ၂၄ ဦး ထိ ဝင်ဆန့်ပါတယ်။

ထောင်စားသောက်ဆိုင်မှာ မနက်စာနဲ့ နေ့လယ်စာ စားကြမယ်ဆိုရင်တော့ အနည်းဆုံး ၄၈ နာရီ ကြိုတင် မှာကြားရပါမယ်။ ပြီးတော့ အသက် ၁၈ နှစ်နဲ့ အထက်သာပဲ ဆိုင်ထဲ ဝင်ခွင့် ရှိပါတယ်။

အဝင်ဂိတ်မှာ ပါ့စ်ပို့တ် ဒါမှမဟုတ် မှတ်ပုံတင် ကတ်ပြား ပြပြီးမှ ဝင်ခွင့်ရပါမယ်။

တယ်လီဖုန်း၊ ကင်မရာ၊ အိတ် အကြီးစားတွေ၊ လက်ပ်တော့ပ်၊ ကျွန်ပျူတာနဲ့ အသွားရှိပြီး ချွန်ထက်တဲ့ ပစ္စည်းတွေ ကိုတော့ ဆိုင်ထဲ ယူဖို့ တား မြစ်ထားပါတယ်။ နောက်ထပ် တားမြစ်ချက်က ငွေသား ဒေါ်လာ ၈ဝ ထက်ပိုပြီး ယူလာလို့မရပါဘူး။ စားသောက်ဖွယ်ရာတွေ အတွက်က ဘွတ်ကင်လုပ်ကတည်း က ငွေရှင်း ပြီး သား လုပ်ထားတဲ့ စနစ်ရှိနေလို့ပါ။

သင် ဝင်လာတာနဲ့ လက်ဗွေနှိပ်မယ်၊ ဓာတ်ပုံရိုက်မယ် ပြီးတော့ လူတကိုယ်လုံးကို ပုံမှန်အတိုင်း ရှာဖွေရေး လုပ်မယ်။ အသားတွေ၊ ဟင်းလျာတွေနဲ့ စားသောက်တဲ့ ပုံစံအပြင်အဆင်တွေဟာ ထောင်စားသောက်ဆိုင် ဆိုပေမယ့် အတော် သားနား တာကတော့ အမှန်ပါ။

ဒါကြောင့်ပဲ နောက်ဆုံးပေါ် လန်ဒန် နေ့လယ်စားဆိုတဲ့ ထောင် အစား အသောက်တွေ ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပါ လိမ့်မယ်လို့ စီအန်အန်က ရေးပြထားတာပါ။

ကမ္ဘာပေါ်မှာ လူဦးရေ သန်း ပေါင်း ၆ ထောင်ကျော် ရှိထဲအထဲ ထောင်ကျဖူးသူက သန်း ၁ ထောင် မရှိတာ သေချာပါတယ်။

ဒါကြောင့်ပဲ လူတွေက ထောင်အစားအစာကို ထူးထူး ဆန်းဆန်း အဖြစ်နဲ့ စားချင်ကြတယ်ထင်ပါတယ်။

ထောင်အစားအသောက်တွေကို ချက်ပြုတ်တဲ့သူကလည်း ထောင်ထဲမှာ အကျဉ်းသားတွေကို ကျွေးတဲ့ လက်ရာမျိုး ချက်တာဆိုထားပေမယ့် ဥရောပအစားအစာတွေရဲ့ လက်ရာတွေဟာ အတော်ကောင်းမယ်ဆိုတာ သေချာပါတယ်။

စားသောက်ဆိုင်ထဲ လာစားတဲ့ ဧည့်သည်ကို အကျဉ်းသားတဦးလို ခံစားရအောင်လည်း ဖန်တီးစီမံထားတာမျိုးပါ။

မြန်မာပြည်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ကြီးကို ပြတိုက်ကြီး လုပ်ကာ အဲဒီလို ထောင်အစား အစာရောင်းတဲ့ စားသောက်ဆိုင်တွဲပါတဲ့ ဟိုတယ်ကြီး အနေနဲ့ ဖွင့်လိုက်ရင် ကမ္ဘာပေါ်မှာ နာမည် အကြီးဆုံးနဲ့ ဝင်ငွေ အကောင်းဆုံး လုပ်ငန်းတခုများ ဖြစ်လေမလားလို့ တွေးမိရပါတယ်။


အိမ့်သံစဉ် ~
arrawady

အပြည့်အစုံသို့ »

သတ်ပစ်မည်ဟုပြောကာဆဲဆိုပြီး အရက်ပုလင်းဖြင့်ရိုက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေယျှား ကျေးရွာနေ ဒေါ်ကြည်ဌေး (၅၁)နှစ်သည် နေအိမ်ဝင်းရှေ့လမ်းမပေါ်တွင် အမှိုက်ကျုံး နေစဉ် တစ်ရွာတည်းနေ တင်ဝင်းရွှေ(၄၅) နှစ်မှာ အရက်ပုလင်း ကိုင်သောက်၍ရောက်ရှိလာပြီး ဒေါ်ကြည်ဌေး၏မောင် တင်ထွန်း (၄၆) နှစ်အား “သတ်ပစ်မည်”ဟုကြိမ်းမောင်းကာ ညစ်ညမ်းစွာ ဆဲဆို နေခဲ့သည်။

ထိုသို့ဆဲဆိုနေစဉ် ရွာအတွင်းမှ ပြန်လာသော တင်ထွန်းအား ထပ်မံ၍ ညစ်ညမ်းစွာဆဲဆိုပြီး အရက်ပုလင်းနှင့်ရိုက်သဖြင့် တင်ထွန်းတွင် နဖူးဝဲဘက် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် တင်ဝင်းရွှေအား ပခန်းကြီးနယ်မြေ ရဲစခန်း(ပ) ၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar

အပြည့်အစုံသို့ »

ဧပြီတွင် မြန်မာနှင့်အင်္ဂလိပ် ဘာသာများဖြင့် ဖော်ပြသည့် စားကုန်များကိုသာ သွင်းခွင့်ပေးမည်


၂၈.၂.၂၀၁၄၊ ကြာသပတေးနေ့

စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ နည်းဥပဒေ ပြဌာန်းပြီးဖြစ်မယ့် လာမယ့် ဧပြီလ ၀န်းကျင်လောက်ဆိုရင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ စားသောက်ကုန် ပစ္စည်းတွေကိုပဲ မြန်မာနိုင်ငံထဲ တင်သွင်းရောင်းချခွင့်ပြုတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

မြန်မာနိုင်ငံထဲကို လက်ရှိ ၀င်ရောက်နေတဲ့ စားသောက်ကုန်တွေထဲမှာ တရုတ်ဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ၊ ရုရှားဘာသာစကားနဲ့ ဖော်ပြထားတဲ့ အစားအသောက်နဲ့ အဖျော်ယမကာတွေ ၀င်ရောက်နေပေမယ့် ဥပဒေနဲ့ နည်းဥပဒေ မရှိသေးတဲ့အတွက် အရေးယူ မရသေးဘူးလို့ သူက ရှင်းပြပါတယ်။

ဥပဒေနဲ့ နည်းဥပဒေ မထွက်သေးပေမယ့် သွင်းလာတဲ့ စားသောက်ကုန်တွေကို ၀န်ကြီးဌာနက တတ်နိုင်သလောက် စစ်ဆေးနေတယ်လို့တော့ သူက ပြောပါတယ်။

DVB


အပြည့်အစုံသို့ »

ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ



ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ၀ယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။

သမီးကလေး ကျေးရွာသားတွေကို ပြန်လည်နေရာချထားပေးဖို့ တစ်ဧက ကျပ်၂၂ သိန်းနှုန်းနဲ့ ၀ယ်ထားပြီးဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

"ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အစီအမံပဲ အကုန်အကျခံတာ၊ ဒီတခေါက်သွားမေးတဲ့အခါမှာ အကုန်လုံး သူတို့လိုက်မယ်လို့ ပြောတာလေ၊ ဘာဖြစ်လို့လဲဆိုတော့ တို့က ပိုက်ဆံနဲ့ အကုန်အကျခံဝယ်ရမယ်၊ မင်းတို့မလိုက်ဘူးဆိုရင်တော့ ငါတို့ကလည်း ဝယ်စရာအကြောင်းမရှိဘူး၊ အဲတော့ အကုန်လုံး လိုက်မယ်ပြုမယ်ဆိုရင်တော့ ငါတို့ဒါကို စီမံမယ်ဆိုပြီးတော့ သူတို့ဝမ်းသာအားရပါပဲ"

မြေ၀ယ်ယူထားတဲ့နေရာဟာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးဘေး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ၀ယားကျေးရွာမှာ ဖြစ်ပါတယ်။

အဲဒီမြေနေရာဟာ သူတို့လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်မပြေနိုင်တာကြောင့် မပြောင်းရွှေ့လိုတာဖြစ်ကြောင်း လှည်းကူးမြို့နယ် အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးရွာသား ကိုခင်လွင်က ပြောပါ တယ်။

"ကျနော့် မိသားစု အကုန်လုံးပေါ့ တစ်ရွာလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လုံးဝစိတ်မပါဘူးခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ ချပေးတဲ့နေရာတွေက ကျနော်တို့ လုပ်ကိုင်စားသောက်ဖို့နေရာ မရှိဘူးခင်ဗျ၊ ကျနော့်အနေအထားနဲ့ ပြောရင်တော့ အဲဒီနေရာကိုရောက်သွားရင်တော့ လက်နှစ်ဘက်ကို ရိုက်ချိုးသလိုပဲဖြစ်မှာပဲ"

ရွာသားတွေဟာ လက်ရှိခိုလှုံနေရတဲ့ အောင်သဒ္ဓိဘုန်းကြီးကျောင်းကနေ လာမယ့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ဒုချီးရားတန်း စုံစမ်းရေး အစီရင်ခံစာ သမ္မတကိုပို့



ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာမှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက် သောကြာနေ့က သမ္မတထံ တင်သွင်းလိုက် ပါတယ်။

ရဲတပ်ကြပ်ကြီး တစ်ယောက် ပျောက်ဆုံးနေပြီး ရွာသားတွေလည်း အသတ်ခံရတာ နေအိမ် မီးရှို့ခံရတာတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖို့ သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်က လွတ်လွတ် လပ်လပ် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တယ်လို့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရွာသူရွာသား ၁ဝဝ ကျော်လောက်နဲ့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့တဲ့ အပြင် အဖမ်းခံ ထားရသူ ၁၆ ယောက် ကိုလည်း ထောင်ထဲမှာ တွေ့ခဲ့တယ်၊ အဲဒီထဲက အသက်ကြီးသူ၊ နာမကျန်း ဖြစ်သူ ၅ ယောက်လောက် ကိုလည်း ပြန်လွှတ် ပေးခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

စွပ်စွဲချက်တွေ အမျိုးမျိုး ရှိနေပေမဲ့ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေတော့ မတွေ့ခဲ့ ဘူးလို့ ပြောပါတယ်။

အခင်း စတင် ဖြစ်ခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက်နေ့ ညက ပျောက်ဆုံး သွားခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ အထောက်အထား တချို့တွေ့ခဲ့ရ ပေမဲ့ အလောင်း မတွေ့တဲ့အတွက် သေဆုံးပြီးလို့ ကောက်ချက် မချနိုင်ဘဲ ပျောက်ဆုံး သူအဖြစ်သာ သတ်မှတ်ထား ပါတယ်။

အဲဒီညမှာပဲ ပစ်ခတ်မှု တွေကြောင့် သေဆုံး တယ်ဆိုပြီး ဒုချီးရားတန်း ရွာသားတွေ ပြောကြတဲ့ အရေအတွက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

ဇန္နဝါရီ ၂၈ ရက်နေ့ ညက ရွာမီးလောင်မှုဟာ တပြိုင်တည်း ကွက်ကြား လောင်တဲ့အတွက် မီးရှို့မှုလို့ သုံးသပ်နိုင် ပေမဲ့ ဘယ်သူ့ လက်ချက် ဆိုတာကိုတော့ သုံးသပ်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း စုံစမ်းရေး အဖွဲ့ဝင်တစ်ယောက် ပြောပါတယ်။

အစိုးရဘက်က ပြောသလို ကောက်ရိုး အထုံးတွေ နဲ့ ရှို့တယ်ဆိုတဲ့ အထောက် အထားတော့ မတွေ့ရဘူး၊ အိမ်အမိုးတွေက သက်ကယ်လို အမိုးမျိုး ဖြစ်လို့ မီးလောင် လွယ်တယ်လို့လည်း ဘီဘီစီက မေးမြန်းခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင် တွေက ပြောပါတယ်။

အစီရင်ခံစာထဲမှာ မေးမြန်းချက်တွေ၊ တွေ့ရှိချက် တွေကို အစုံအလင် ဖေါ်ပြထားတယ်လို့ ကော်မရှင်အဖွဲ့ဝင် တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

မွေးကင်းစ ကလေး မှောင်ခိုကွန်ရက် တရုတ် စီးနင်း



နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2014 - 14:54 GMT
  မွေးစ ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်ဖို့ ပိုခက်လာ

တရုတ် နိုင်ငံမှာ ကလေးမှောင်ခို လုပ်တဲ့ ကွန်ရက်ကို ရဲတွေ စီးနင်း နှိမ်နင်းခဲ့မှုအရ ကလေးငယ် ၄၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး လူ တစ်ထောင်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ ကလေးမွေးစားမှုကို ဆောင်ရွက်တဲ့ တရားမဝင် အေဂျင်စီကလို့ ပြောဆိုပြီး အင်တာနက် ကနေတဆင့် ကလေးတွေကို ရောင်းစားကြတယ်လို့ အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြပါတယ်။

နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်မှုကြောင့် နို့စို့ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲလာတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ သားယောက်ျားလေးကို ပိုလိုချင်တဲ့ ဓလေ့နဲ့ ကလေးမွေးတဲ့ ဦးရေ ကန့်သတ်ချက်တို့ကြောင့် ကလေး မှောင်ခိုမှုတွေကို အားပေးသလို ဖြစ်ခဲ့ပါတယ်။

ကလေးတွေကို ခိုးယူသူ ဒါမှမဟုတ် ကလေး မိဘတွေဆီက ဝယ်ယူသူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။
BBC

အပြည့်အစုံသို့ »