ဒေါသဖြစ်လျှင်


       ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရား မိန့်တော်မူခဲ့သည်မှာ...."ဒေါသဖြစ်လာပြီ၊ စိတ်ဆိုးလာပြီဆိုရင် စကားမပြောပါနဲ့၊ ဘာအလုပ်မှ မလုပ်ပါနဲ့" ဟူ၍ ဖြစ်သည်။
     
       မှန်ပါသည်။ ဒေါသဖြစ်လာလျှင် အကြောင်းအကျိုးအကောင်းအဆိုး မသိတော့ပါ။ အမှားများစွာကို ကျူးလွန်တတ်ပါသည်။ ထိုဖြစ်ပေါ်လာတဲ့ ဒေါသကို သတိနဲ့ ဆင်ခြင်ကာ လက်မလွန်အောင် ထိန်းသိမ်းနိုင်ရပါမည်။

        အခါတစ်ပါး မြတ်ဘုရားရှင် ရာဇဂြိုဟ်ပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်က ကျောင်းဆောက် လှူခွင့်ပြုသည့်အတွက် ရာဇဂြိုဟ်သူဌေးစသူတို့က ကျောင်းဆောက်လှူကြပါသည်။ ထိုစဉ် အာဠ၀ီပြည်မှ ရဟန်းတစ်ပါး သည် ကျောင်းဆောက်ဖို့ရန် သစ်ပင်တစ်ပင်ကို ခုတ်လေ၏။ ထိုသစ်ပင်တွင် နေထိုင်သော ဗိမာန်ရှင် နတ်သမီးက သစ်ပင်မခုတ် ရန် တောင်းပန်သော်လည်း မရပေ။ သူ့သမီးလေးကို သစ်ကိုင်းပေါ်တင်ထားရာ ရဟန်းက ထိုသစ်ကိုင်းခုတ်မိ၍ သမီးလေးရဲ့ လက်မောင်းပြတ်သွားလေ၏။ နတ်သမီးသည် အရမ်းစိတ်ဆိုးသွားပြီး ထိုရဟန်းကို ကိုင်ပေါက်ရန် လက်မြောက်စဉ် သတိဝင် လာလေသည်။ သြော် ရဟန်းက သီလရှိတဲ့ရဟန်း၊ ဒီရဟန်းကို ငါသတ်လိုက်ရင် ငရဲကျမယ်။ အခြားရဟန်းတွေ သစ်ပင်ခုတ်တာ ကိုလည်း အခြားနတ်များက တွေ့လျှင် ငါ့ကို နမူနာယူပြီး ရဟန်းများကို သတ်လိမ့်မည်။ အကုန်လုံး ငရဲကျလိမ့်မယ်။ ဒီရဟန်းမှာ သူ့ဆရာ ရှိသည်။ ဆရာဘုရားကို သွားလျှောက်မည်ဟု ကြံပြီး ဘုရားထံသွားလေ၏။ ထို့နောက် ဘုရားရှင်အား ဖြစ်စဉ် ကို လျှောက်ထားလိုက်လေ၏။ ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း မိန့်တော်မူလေသည်။

        "နတ်သမီး၊ လျင်မြန်စွာ ပြေးနေတဲ့ မြင်းရထားကို တားမြစ်နိုင်ခြင်းဟာ အင်မတန်ကောင်းလှပေတယ်။ ထို့အတူ ဖြစ်ပေါ်   နေတဲ့ ဒေါသကို အရှိန်ထိန်းကာ တားမြစ်နိုင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား တကယ့်ရထားထိန်းဟူ၍ ဟောတော်မူတယ်။ ရိုးရိုးဒေါသကို မတားမြစ်နိုင်တဲ့ ဒီရိုးရိုးရထားထိန်းများကိုတော့ ငါဘုရားက ကြိုးကိုင်ဟူ၍သာ ဟောတော်မူတယ်။"

        ဒေသနာအဆုံးမှာ နတ်သမီးသည် သောတာပန်ဖြစ်သွားလေ၏။ ဘုရားရှင်က သူ့ကို ဂန္ဓကုဋီနားရှိ စုတိစိတ်ကျသွားသော နတ်သား၏ သစ်ပင်ဗိမာန်ကို ထိုနတ်သမီးအား ပေးလေ၏။ ထိုအခါ နတ်သမီးသည် တန်ခိုးကြီးနတ်များလာသော်မှ နေရာ ဖယ်ပေးစရာမလိုတော့ပေ။

        ထို့ကြောင့် ဓမ္မမိတ်ဆွေများအားလုံး မတတ်သာလို့ မိမိတို့ဒေါသ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ထိုနတ်သမီးကဲ့သို့ သတိနဲ့ ဆင်ခြင်ကာ မမှားသင့်တာ မမှားအောင် စောင့်ထိန်းနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

အလှမယ် နန်းခင်ဇေယျာ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကျောင်းတော့မယ်


အလှမယ်အဖြစ် သီးသန့်ရပ်တည်ဖို့ အခက်အခဲရှိနေတာကြောင့် သရုပ်ဆောင်အဖြစ် ရပ်တည်တော့မယ်လို့ နန်းခင်ဇေယျာက သူ့ရဲ့ ၂၆နှစ်ပြည့် မွေးနေ့မှာ ပြောလိုက်ပါပြီ။ မြန်မာပြည်မှာ အလှမယ်သီးသန့်အဖြစ် ရပ်တည်ရတာ ဘာတွေခက်ခဲနေပါသလဲ။

Miss International 2012 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် ၁၅ယောက်ထဲ ရွေးချယ်ခံခဲ့ရတဲ့ နန်းခင်ဇေယျာက အပျိုစင်ပညာပေး ဇာတ်ကားနဲ့ ဧပြီညွှန်းစာဆိုတဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့အတူ သရုပ်ဆောင် အနုပညာလောကထဲ ခြေချတော့မယ်လို့ မတ်လ ၁၂ရက်နေ့မှာ ဆိုပါတယ်။

လာမယ့် အနာဂတ်ကို ကြိုတင်မသိနိုင်တာကြောင့် ဖြတ်သန်းရမယ့် ၂၇နှစ်မြောက် ဘဝခရီးလမ်းမှာ အကောင်းဆုံးကြိုးစားမယ်လို့ ကန်တော်ပဲလေ့စ်ဟိုတယ်မှာ ကျင်းပတဲ့ သူ့ရဲ့ မွေးနေ့ပါတီပွဲမှာ အမှတ်တရ ဆိုပါတယ်။

နန်းခင်ဇေယျာဟာ Miss Internet ဆုကို ရွေးချယ်ခံခဲ့ရပြီး အလှမယ်လောကမှာ လမ်းသစ်ဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေများစွာမှာ ပါဝင်ကူညီခဲ့ပြီး ဧည့်လမ်းညွှန်အဖြစ် ရပ်တည်မှုကို အဆုံးသတ်ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်ကို လျှောက်လှမ်းတော့မှာလည်း ဖြစ်ပါတယ်။

အပြည့်အစုံသို့ »

လေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ရှာတွေ့လေမလား


ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို မြန်မာ့ရေပိုင်နက်မှာများ တွေ့မလားဆိုတာ ဘယ်သူမှ မပြော
နိုင်ပါဘူး။ အခု တော့ လေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ရှာဖွေဖို့ မြန်မာအာဏာပိုင်တွေက ခွင့်ပြု
ပေးလိုက်ပါပြီ။


 ပျောက်ဆုံးနေသည့် MH 370 ဘိုးအင်းလေယာဉ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ချားဒီဂေါလ်လေဆိပ်တွင်
တွေ့ရစဉ် (ဓာတ်ပုံ – Wikipedia)

လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားတယ်ဆိုတဲ့ အချက်၊ လေယာဉ်သည် အဆက်အသွယ်ပြတ် သွားပြီးနောက် ၄ နာရီလောက် ဆက်လက် ပျံသန်းသွားဖွယ်ရှိတယ်ဆိုတဲ့ အချက်တွေကြောင့် အခု လို မြန်မာ့ပင်လယ်ပြင်ထိပါ တိုးချဲ့ပြီး လေယာဉ်ပျောက်ကို ရှာဖွေကြတာဖြစ်ပါတယ်။


အခုလို မြန်မာ့ပင်လယ်ပြင်မှာပါ လေယာဉ်ပျောက်ကို ရှာဖွေဖို့ ၇ ရက်ကြာ ရှာဖွေခွင့် ပေးဖို့ မလေးရှား အာဏာပိုင်တွေက ခွင့်တောင်ခဲ့တာဖြစ်တယ်လို့ လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုထားပါတယ်။

မလေးရှား လေယာဉ်ပျောက်ဟာ မြန်မာ့ရေပိုင်နက်မှာများ ရှိလေမလားဆိုတဲ့ တွေးဆချက်နဲ့ အခုလို
မြန်မာ့ရေပိုင်နက် မှာပါ ရှာဖွေကြရာမှာ အဓိက ကော့သောင်းဘက် ကပ္ပလီပင်လယ်ပြင်ကို အဓိက ထားပြီး လေယာဉ်ပျောက်ကို ရှာဖွေမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းသတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် ရေးသားတင်ပြထားတဲ့ MH370 မလေးလေယာဉ် ပျောက်ဆုံးမှု ရှာပုံ
တော် မြန်မာ့ရေပိုင်နက် အထိ တိုးချဲ့ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

မတ်လ ၁၃ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်က ထုတ်ပြန်တဲ့ သဲလွန်စ ဓာတ်ပုံ ထုတ်ပြန်ချက်တွေဟာ မဟုတ်မှန်ပဲ မှားယွင်းထုတ်ပြန်တာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေ က
ပြောလာပါတယ်။  အခုထိလည်း လေယာဉ်ပျောက်ရဲ့ သဲလွန်စမှန်သမျှ မမှန်ကန်ပါဘူးလို့ ဆိုလာပါ တယ်။  

မြန်မာ့ ရေပိုင်နက်ထဲမှာ မလေးရှား လေယာဉ်ပျောက်ကို တွေ့ခဲ့မယ်ဆိုရင်တော့...



ဧရာဝတီ

အပြည့်အစုံသို့ »

အရက်မဟုတ်သော အရက်


ပြောပြန်ရင်လည်း အရက်ဋီကာချဲ့တယ် ဖြစ်ဦးမယ်။ ပြောမှာလည်း အရက်အကြောင်းကို။ဘာတဲ့ မြန်မာပြည်ရဲ့ အရက်အများဆုံး ထုတ်လုပ်နေပြီး ယမကာအသင်းကြီးကို ထူထောင်ထားတဲ့လူကြီးက နိုင်ငံခြား က ခြောက်ဒေါ်လာအောက်အရက်တွေ တင်သွင်းဖို့ကို ကန့်ကွက်တယ်ဆိုပဲ။ သဘောကတော့ မြန်မာ ပြည်က အရက်သမားတွေ သူထုတ်တဲ့အရက်ကိုပဲ သောက်ဆိုတဲ့ သဘော ပေါ့လေ။

သောက်ပါတယ်။ သောက်ကြပါတယ်။

ဟိုးအရင် စစ်အစိုးရခေတ် တစ်လျှောက်လုံးနဲ့ အခုခေတ်အထိ အဲဒီ ၀ီစကီလို့ နာမည်တပ်ထားတဲ့ အရက် ကို အရက်သမားတိုင်းလိုလို သောက်ခဲ့ကြတာပဲ။

ဒီလိုသောက်တော့ ဘာဖြစ်လဲ။
သောက်တဲ့လူသေ။
ရောင်းတဲ့လူ သူဌေးဖြစ်။

သူဌေးဖြစ်လို့တောင် အားကစားပွဲတွေ ဘာတွေ စပွန်ဆာပေးနေသေးတယ်။ သိန်း ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့လေ။

မြန်မာပြည်မှာ အရက်သမားက အတန်းအစား နှစ်ခုပဲ ရှိတယ်။ အနီသမားနဲ့ အဖြူသမား။ အနီသမားက ၀ီစကီနဲ့ရမ်ကို သောက်ကြတယ်။ အဖြူသမားကတော့ ချက်အရက်ပေါ့လေ။

တကယ်တော့ နှစ်ခုစလုံး ချက်ပုံက ဘာမှ ထူးလှတယ် မဟုတ်ပါဘူး။ ဓာတုပစ္စည်းတွေ ရောစပ်ပြီး အရောင်တွေထည့်။ အနံ့တွေ ထည့်လိုက်ရင် ၀ီစကီလိုချင်လား၊ ရမ်လိုချင်လား အကုန်ရတာ မဟုတ်လား။
အရည်အသွေးမီတဲ့ အရက်အမည်ခံတွေကို သောက်တော့ ဘာဖြစ်လဲ။ မူးတာပေါ့။ မဟား ဒယားမူးတဲ့ အခါမူး။ မမူးတဲ့အခါ မမူးနဲ့။ အရက်သမားတွေ အစကတော့ သွေးအားပဲ မကောင်းလို့လား၊ အားပဲနည်း လို့လား။ အရင်က ငါဒီလောက် မမူးပါဘူး။ အရင်က ငါလစ်မစ် ဒီလောက် မဟုတ်ပါဘူး။ စသည် စသည် ဖြင့် …

အယ်လ်ကိုဟောပမာဏ မတည်ငြိမ်တဲ့ အရက်တွေကို ဝေခွဲမရစွာ သောက်သုံးခဲ့ ကြတာပေါ့လေ။ ဒါတွေ ကိုသိလို့ သမ္မတကြီးကတောင် အရက်အစား နွားနို့သောက်ဖို့ တိုက်တွန်းတာ။ ဒါကိုပဲ လူတွေက လှောင် သလိုလို ပြောင်သလိုလိုနဲ့။

နောက်ပြီး အရက်သောက်တဲ့ ၀န်ကြီးတစ်ပါးကိုယ်တိုင်က မြန်မာပြည်သူတွေ အရက်တုတွေ သောက်နေ လို့ အသေစော နေတာကိုဆိုပြီး ပေါ်တင်ပြောခဲ့တာပဲ။ အခုဆို သူကိုယ်တိုင်တောင် နိုင်ငံခြားအရက် မျိုးစုံ တင်သွင်းဖို့အတွက် ညှိနှိုင်းဆွေးနွေး နေတယ်။

အခုလို နိုင်ငံခြားအရက်တွေ ပြည်တွင်းကိုဝင်လာရင် ပြည်တွင်းက အရည်အသွေး မမှီတဲ့အရက်တွေကို ပြည်သူတွေက ဘယ်သောက်နေတော့မလဲ။ ဒါကြောင့်လည်း ဈေးကွက်ကို ချုပ်ကိုင်ထားချင်တဲ့ ယမကာလုပ်ငန်းရှင်တွေက ပြည်ပအရက်တွေ ၀င်လာမှာကို အသည်းအသန် ကွက်ကန့်နေတာ ထင်ပ။

ပြောလိုက်ရင် တိုင်းရင်းသား စီးပွားလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်လေးဘာလေးနဲ့။ ကိုယ့်ဘာသာကိုယ်တော့ အရည်အသွေးကောင်းအောင် မထုတ်ဘဲ ပြည်သူတွေကို သတ်။သူတို့ စီးပွားထိခိုက် မှာတော့ ကြောက်ပ။ အရက်သမား စစ်တမ်းတစ်ခု တိတိကျကျမရှိလို့ရယ်သာ။ ရှိရင်တော့ ဘာအရက် သောက်တဲ့လူက ဘယ်လို သေတယ်ဆိုတာ အများကြီး ထွက်လာမှာပဲ။

စစ်တမ်းကို အားမကိုးဘဲ အရပ်စကားကို အားကိုးပြီး ပြောရမယ်ဆိုရင်တော့ ဒီ ဘက်ခေတ်မှာ အသက် ရှည်တဲ့ အရက်သမား လုံးဝမရှိဘူး ဆိုတာပါပဲ။ ခပ်ဝေးဝေး မကြည့်နဲ့ ရပ်ကွက်ထဲက ပြည်တွင်းဖြစ် သောက်တဲ့ အရက်သမားတွေကိုပဲ ကြည့်လိုက်။ ညနေတိုင်း သောက်တဲ့လူပေါ့လေ။ အသက်လေးဆယ် ကျော်တဲ့လူ ခပ်ရှားရှားရယ်။

အရက်ဆိုင်ထဲကို ၀င်လိုက်ရင် အသောက်သင်နေတဲ့ ကလေးအရက်သမားရယ်။ အသက်သုံးဆယ် ပတ်ဝန်းကျင် အရက်သမားရယ်ကိုပဲ တွေ့ရမယ်။ လေးဆယ်ကျော်၊ ငါးဆယ်ရှိတဲ့ အရက်သမားက ရှားနေပြီ။ ဘယ်ရောက်ကုန်လဲ မမေးနဲ့။ သေကုန်တာလေ။ ဒီ လောက်သေတဲ့ အရက် ဘာဖြစ်လို့ သောက်လဲ။သေ မယ်မှန်း ဘယ်သိမလဲဗျ။ ဘယ်သူ ကမှတော့ အဆိပ်ကို သောက်မနေဘူး။

ဒါပေမဲ့လည်း ပြည်တွင်းဖြစ် အရက်တွေအကုန်လုံးက အဆိပ်တွေ ဖြစ်နေပြီ။ ကိုယ့်ရှေ့မှာ သောက်ခဲ့တဲ့ အရက်သမားတွေ ရှိတယ်။ ကိုယ့်အဘိုးအဘေးတွေခေတ်က ဖဆပလခေတ် အရက်သမားပေါ့။ နိုင်ငံခြား အရက်မျိုးစုံ လွတ်လွတ်လပ်လပ် သောက်လို့ရတယ်။ လမ်းလျှောက်နေတဲ့ ဂျော်နီက ဈေးမပေါပေမယ့် အလုပ်အကိုင် ရှိတဲ့လူတိုင်း သောက်နိုင်အောင် ၀င်ငွေ ကောင်းခဲ့တာပဲ။

နောက်ပြီးတော့ ဆိုရှယ်လစ်ခေတ် အရက်သမားတွေ ပေါ့လေ။ အရက်ကို ခွဲတမ်းနဲ့ ရောင်းတယ်ဆိုပေမယ့် အရည်အသွေးမှာ စိတ်ချရတယ်။ ဆိုရှယ်လစ်ခေတ် အရက်သမားတွေထဲမှာ အရက်ကြောင့် သေတဲ့ လူခပ်ရှားရှားရယ်။

ကိုယ့်အဘိုး၊ ကိုယ့်ဘကြီး ပြန်ကြည့်လိုက်ရင်လည်း အရက်သောက်ပေမယ့် သက်တမ်းစေ့နေသွားတဲ့ လူတွေချည်းပဲ။ ကိုယ့်ဦးလေးတွေကတော့ ၈၈ နောက်ပိုင်းမှာ သောက်လာလိုက်တာ။ ပြည်တွင်းဖြစ် ၀ီစကီသမား ဦးလေးလည်း သောက်တဲ့ သက်တမ်း ၁၅ နှစ်နဲ့သေတာပဲ။ ဂျန်းအဖြူသောက်တဲ့ ဦးလေး လည်း သေတာပဲ။

မြန်မာပြည်ဆိုတာက ဗုဒ္ဓဘာသာ တိုင်းပြည်ဆိုတော့ လူသိရှင်ကြား အရက်သမားတွေ အများကြီးရယ်။ စာရေးဆရာတွေထဲမှာဆိုရင်လည်း အရက်သမား ခပ်များများရယ်။ စစ်အစိုးရခေတ်မတိုင်မီက အရက် သမားတွေဆိုရင် သက်တမ်းစေ့နေသွားရတဲ့ လူတွေချည်းပဲ။

စစ်အစိုးရခေတ် အရက်သမားတွေကျတော့ သက်တမ်းစေ့ဖို့နေနေသာ ငါးဆယ်ကျော်တဲ့လူကို မရှိတော့ ဘူး။ အရက်တွေတင် အရည်အသွေး မမီတာလား ဆိုတော့မဟုတ်။ လူနာတွေသုံးတဲ့ အရက်ပျံပါ အရည် အသွေး မမီတော့တာ။ အရင်ခေတ်က အရက်ပျံတွေဆိုရင် အနာကို စွပ်လိုက်တာနဲ့ ထွန့်ထွန့်လူးအောင် စပ်တာ။ ဒီဘက်ခေတ် အရက်ပျံတွေကတော အနာကိုလည်း မစပ်တော့ဘူး။

ပြီးတော့ အရင်ခေတ်က အရက်ပျံဆိုရင် မီးရှို့ကြည့်လိုက်။ ဟုတ် …ကနဲ့ ထတောက်တာ။ အရက်ပျံ လုံးဝ ကုန်မှ မီးငြိမ်းတယ်။ မနေ့က အစိုးရထုတ် အရက်ပျံလေး မီးရှို့ကြည့်တာ မီးတောင် မလောင်တော့ဘူး။ အနာကိုလောင်းတော့လည်း မစပ်နဲ့။ ခေတ်ကြီးကိုက အဲ့လို ဖြစ်နေတာ။

အရက်သမားဆိုတာကလည်း အလုပ် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေချည်းပဲလေ။ ဆိုရှယ်လစ်ခေတ် စကားနဲ့ ပြောရရင် အဲဒီလို လူတွေသေကုန်တော့ တိုင်းပြည်ကုန်ထုတ်လုပ်ရေးကိုလည်း ထိခိုက်တာပေါ့ လေ။

ဒီဘက်ခေတ်အစိုးရကတော့ အဲ့လူတွေ သေကုန်လည်း အေးတာပဲ တွေးသလား တော့မသိ။ ဟိုးအရင် က အင်္ဂလိပ်အစိုးရက တရုတ်ပြည်ကလူတွေကို ဘိန်းစွဲအောင်လုပ်ပြီးတော့မှ ၀င်သိမ်းတာ။ ဒီဘက်ခေတ် မှာလည်း အစိုးရက သူတို့ပြည်သူတွေ မတော်လှန်နိုင်အောင် အရည်အသွေးမမှီတဲ့ အရက်တွေများ တိုက် သလား မသိပါဘူး။ အမှန်တကယ်ဆိုရင် အရက်စက်ရုံတွေကို သေချာလိုက်စစ်၊ အရည်အသွေး မီလား။ မမှီရင် ဖမ်းပေါ့။

၁၉၈၀ တစ်ဝိုက် အရက်ဖြူတစ်ပုလင်းကို ၁၀ ကျပ် ပေးရတယ်။ အဲဒီတုန်းက ကောက်ကြီးဆန်တစ်ပြည်ကို တစ်ကျပ်ပဲ ရှိတယ်။ အရက်ဖြူက ဆန်ဈေးထက် ဆယ်ဆ များတယ်။ ဒီဘက်ခေတ်မှာတော့ အရက်ဖြူ တစ်လုံးကို ၃၀၀ ဆန်တစ်ပြည်ကို ၁၅၀၀။ ဆန်ဈေးက အရက်ဖြူဈေးထက် ငါးဆကြီးနေပြီ။

နာမည်ခံဝီစကီကိုလည်း ကြည့်ဦးမလား ဆန်ဈေးနဲ့ ၀ီစကီဈေးက အတူတူပဲ။ ဒီလောက် ဈေးပေါနေတဲ့ အရက်တွေ ဘယ်လုပ်ပြီး စစ်ပါတော့မလဲ။တိုင်းပြည်ကလည်း ဆေးဝါးဆိုလည်း အတုနဲ့ အရည်အသွေး မမှီတာပဲ သောက်နေရ။ အစားအစာဆိုလည်း ဓာတုပစ္စည်းတွေပါတဲ့ အစားအစာတွေချည်းပဲ။ အရက်ဆို လည်း အရည်အသွေးမမှီ။

ဟိုတနေ့က ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံ ဆို လားပဲ။

အရင်တုန်းက လူတွေက ပြောကြတယ်။ အရက်ချက်တဲ့အထဲကို ရော်ဘာဖိနပ်အစုတ်တွေ ထည့်ချက် တာ။ ဖားပြုတ်တွေ ထည့်တာတဲ့။ ကိုယ်ကတော့ မယုံခဲ့ပါဘူး။ အခု နောက်ပိုင်းတော့ ယုံရမလို ဖြစ်နေ ပြီလေ။ အရက်ချက်တယ်ဆိုတာ အရင်ဆုံးကိုယ်ချက်မယ့် အရက်အမျိုးအစားပေါ် မူတည်ပြီး အချဉ်ဖောက် ရတယ်။ စိမ်ရည် တည်ရတယ်ပေါ့လေ။

ပြီးတော့မှ အချဉ်ပေါက်သွားတဲ့ စိမ်ရည် တွေကို ပေါင်းအိုးကြီးတွေနဲ့ ပေါင်းခံရည်ရအောင် လုပ်ရတာ။ ပေါင်းခံရည်ကိုမှ အရက်ရာခိုင်နှုန်း အလိုက် ပြန်စပ်ရတာ။ ဒီဘက်ခေတ်က အရက်တွေကတော့ အဲဒီလို လည်း ဟုတ်မယ်မထင်ပါဘူး။ ဓာတုပစ္စည်းတွေရောစပ်ပြီး ဈေးကွက်ထဲ ရောင်းနေတာပဲ ဖြစ်မှာပါ။ အရက် ချက်စက်ရုံထဲ ထန်းလျက်တွေလည်းမ၀င်၊ စပါးတွေလည်း မ၀င်နဲ့။ ဘယ်လိုများ စိမ်ရည်တွေဖောက်ပြီး ဘယ်လိုများ ချက်နေလဲတော့ မသိပါဘူး။

အခုတော့ ဖြစ်လေရာဘ၀ မြန်မာပြည်မှာ အရက်သမား မဖြစ်ရပါစေနဲ့လို့သာ ဆုတောင်းရမည်လားမသိ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ဒီနိုင်ငံမှာမွေးတော့လည်း ဒီနိုင်ငံမှာပဲ အရက်သမား ဖြစ်မှာပေါ့လေ။ ဒီ တော့လည်း အရည်အသွေး မမီတာတွေ သောက်ပြီး သေရမှာပေါ့။ မသေချင်ရင်တော့ မသောက်ရုံပဲ ရှိ တော့တာပါ။


စိုပြေ
Credit: Mizima


အပြည့်အစုံသို့ »

ဖမ်းချင်ရင်ဖမ်း သံချပ်ကိုတော့ စိစစ်ရေးမတင်နိုင်ဘူးဆိုတဲ့ ဇာဂနာ ၊ ကုသိုလ် နဲ. ဗေလုဝ






သင်္ကြန်သံချပ် စာသားများ ကြိုတင်စိစစ်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို သင်္ကြန်မင်းသားများ လုံးဝလက်မခံ။

မကြာမီ သင်္ကြန်ရိုးရာ ပွဲတော် ရောက်ရှိလာတော့မည်။ ဆိုရှယ်လစ်ခေတ် ကတည်းက အုပ်ချုပ် သူများသည် မီဒီယာများကို ထိန်းချုပ် ကြပ်မတ်
ထား သော်လည်း သင်္ကြန်ပွဲတော် အတွင်း သံချပ်များ ရေးဖွဲ့ကာ အစိုးရအား အပြုသဘော ဝေဖန်မှုများကိုတော့ ခွင့်လွှတ်ထား ခဲ့သည်။

ယင်းရိုးရာဓလေ့သည် ၁၉၈၈ခု တပ်မတော် အစိုးရ အာဏာ သိမ်းပြီး
သည့်နောက် ပျောက်ကွယ်သွားသည်။ ၁၉၈၀ ကာလ တစ်ဝိုက် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် ရိုးရာသံချပ် အဖွဲ့များကို ဆင်းရဲတွင်း နက်နေသော နိုင်ငံသားများက အင်တိုက်အားတိုက် အားပေးခဲ့သည်။

ထိုစဉ်အခါက ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်တွင် စပွန်ဆာ ဆိုတာမရှိ။ သံချပ် ၀ါသနာအိုးများသည် မိမိ၏ ကိုယ်ပိုင် ပိုက်ဆံလေးများကို စုဆောင်းကာ အင်္ကျီ ပုဆိုးများ ၀ယ်ရသည်။
ထိုစဉ်က တစ်ယောက် ၃ ကျပ်စုလျှင် သင်္ကြန် အတွက် ယူနီဖောင်း ရသည်။

ထိုအချိန်ကို ရောက်ဖို့ တစ်နှစ်လုံး အားခဲပြီး စောင့်နေသော သင်္ကြန်မင်းသားများ ရှိသည်။ မြို့နယ်တိုင်းမှလည်း သင်္ကြန် အလှပြ ကားများကို ဆုပေးမည့် မဏ္ဍပ်များက အစီအရီ။

ထိုစဉ်အခါက “ဆိတ်ပါးစပ် နတ်မျက်စိ”၊ “ပြီးပါပြီ” ၊ “မပြောတော့ဘူး”၊ “ ဒိုးဒိုးဒေါက်ဒေါက်” ၊ “မောင်မောင်ဆိုလေ ထီးရိုးရှည်” ၊ “ဒဲ့ဒိုး” “ကောလဟာလ” “တန်ခူးလေနဲ့ မျောလွင့်ခြင်း” ၊ “မှန်သားထဲက
မျက်နှာ” ၊ “ခြင်းကြားတုတ်ထောက်” ၊ “အပြာရဲ့အနီ”စသည့် သင်္ကြန် အဖွဲ့များက ရန်ကုန်တွင် နာမည်ကြီးသည်။

ဒီနှစ်တွင် မည်သည့် အသင်းက ဘာတွေ ပြောမလဲ ဆိုတာကို
စောင့်စားနေကြ ရသည်။ ယခင်နှစ်က ပထမရသော အဖွဲ့မှ ယခုနှစ်မှာ လုံးဝ ပြုတ်သွားတာလည်း ရှိသည်။ သင်္ကြန်ပြီးတော့ အားလုံး ကွဲသွားကြသည်။ သင်္ကြန် နားနီးတော့ ပြန်ဆုံ ကြပြန်သည်။

သင်္ကြန်မင်းသား တစ်ဦး ဖြစ်သူ လူရွှင်တော် ကုသိုလ်သည် သင်္ကြန် သံချပ်ရှုံးလို့ အိမ်က သစ်တွေခွာ ရောင်းပြီး စိုက်လိုက်ရ သည်လည်း ရှိသည်။ တစ်ချို့ မဏ္ဍပ်တွေက တော်ရုံ အဖွဲ့ဆိုရင် လက်မခံ အစဉ်အလာရှိသော သံချပ် အဖွဲ့များသာ ပြိုင်ခွင့်ရသည်။

ပရိသတ်များ၊ ရပ်ကွက် လူထုများ၏ ရင်တွင်း ခံစားချက်ကို ပြောပေးသော အဖွဲ့ဆိုလျှင် လက်ခုပ်တီး အားပေးကြသည်။ သံချပ်တစ်ဖွဲ့နှင့် တစ်ဖွဲ့ မတူကြ။ သင်္ကြန်ကို သီးသန့် ကြည့်မည့် လူတန်းစားကလည်း မဏ္ဍပ်ရှေ့တွင် မိုးလင်းသည်ထိ စောင့်နေလေ့ ရှိသည်။ နာမည်ကြီး သံချပ် အဖွဲ့များမှာ ဖိတ်ကြားထားသည့် မဏ္ဍပ် ကုန်အောင် မသွားနိုင်ကြ။
သင်္ကြန် အတက်နေ့ဆိုလျှင် အသံတွေဝင် ကုန်သည်။

၁၉၈၆/၈၇ နိုင်ငံရေး မတည်ငြိမ်သော အခြေအနေတွင် သတ္တိရှိသော သံချပ်အဖွဲ့ တစ်ချို့ အဖမ်းခံရသည်။ တစ်ချို့က အချုပ်ခန်း ထဲတွင် သံချပ် ဆက်ထိုးသည်။ သင်္ကြန် သံချပ်အဖွဲ့ ထွက်နိုင်ရန် အချို့ ရပ်ကွက်များက ဆန်တွေဆီတွေ
ထောက်ပံ့ကြသည်။

မြန်မာ့ရိုးရာ သင်္ကြန် နှင့် သံချပ် ဆိုသည်မှာ ခွဲခြား၍ မရ သင်္ကြန်ကျလို့ သံချပ် မပါလျှင် ပြည့်စုံမှု မရှိဟု ထင်ကြ သည်။ တစ်ချို့ အဖွဲ့များသည် စာသား ကြိုတင် စိစစ်မှုများ ရှိသော်လည်း စိတ်ကြိုက်တိုင်ပြီးမှ ရဲစခန်းသွား အဖမ်းခံတာမျိုးလည်း ရှိသည်။ သို့သော် သံချပ်ခေါင်းဆောင်
တွင် အခြေခံစည်းမျဉ်းများ ရှိပါသည်။ ဘာသာရေး နှင့် ပတ်သက်၍
စော်ကားသည့် သံချပ်မျိုး၊ တိုင်းရင်းသား စည်းလုံးမှုနှင့် ပတ်သက်၍ ထိခိုက်မည့် သံချပ်မျိုး လုံးဝ မထိုး။

ထိုခေတ် ထိုအခါက သမ၀ါယမ ဆေးခန်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းကို အဓိက ပြောလေ့ရှိသည်။ အမျိုးဂုဏ် ဇာတိဂုဏ် ရှင်သန်ဖို့ သံချပ်တိုင်သည်။ ဤသို့ ချစ်စရာ ကောင်းသော
မြန်မာ့ဓလေ့ ရိုးရာ သံချပ်များသည် တပ်မတော်မှ အာဏာသိမ်းသည့် အချိန်ကစပြီး ပျောက်ကွယ်သွားသည်။ သင်္ကြန် မင်းသားများ ဖြစ်ကြ
သော မောင်မေတ္တာ၊ ဇာဂနာ၊ ကဗျာဆရာ မောင်စိမ်းနီ၊ ဗေလုဝ၊ ကုသိုလ်၊ လှကျော်နေ၊ မောင်ကြေးမုံတို့ ရင်ကွဲနာကျ ခဲ့ရသည်။

ယခုတော့ ဒီမိုကရေစီခေတ်ကို ရောက်ပြီဟု ဆိုကြသည်။ လွတ်လပ်စွာ
ပြောဆိုခွင့် ရှိလာပြီ ဟု ချီးမွန်းကြသည်။ သင်္ကြန်မင်းသားများလည်းေ
ပျောက်ဆုံးနေသော သံချပ်ကို အသက်သွင်းဖို့ ကြိုးပမ်း လာကြသည်။ ထိုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ သင်္ကြန် သံချပ်
များကို စိစစ်မည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၁၃၇၅ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော်တွင် သင်္ကြန် သီိချင်း စပ်ဆိုခြင်း၊ သံချပ်ထိုး စာသားများအား တိုင်းဒေသကြီး အစိုးရ
အဖွဲ့ မဟာသင်္ကြန် သံချပ် စိစစ်ရေး ကော်မတီသို့ မတ်လ ၂၀ရက်
နောက်ဆုံးထား တင်ပြရန်နှင့် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်း စပ်ဆိုခြင်း၊ သံချပ် ထိုးခြင်းများ ဆောင်ရွက်ရန် ဖြစ်ကြောင်း မတ်လ (၅)ရက်နေ့တွင် အစိုးရ သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ လူရွှင်တော် ကုသိုလ်က “၂၀၁၂ ဦးတို့ သင်္ကြန်သံချပ် ပြန်ထွက်တဲ့ အဖွဲ့ နာမည်ကတော့ “သာဓုပါဗျာ”
လို့ ခေါ်ပါတယ်။

အဲဒီထဲက ပြည်သူ လူထုက တစ်ခဲနက် အားပေးခဲ့
ကြတဲ့ စာသား တစ်ပိုဒ်ကို ပြောပြရရင် “ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့ အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျနော်တို့ရဲ့ အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့ အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျနော်တို့ အိမ် ကျွန်တော်တို့ ရောင်းတဲ့ ဓာတ်အားတွေနဲ့ သူတို့မှာ လင်းလက်လို့ ထိန် ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တို့မှာ ပြာလဲ့လဲ့မှိန်” အဲလို သံချပ်တွေ ဘာကြောင့် တိုက်ခဲ့သလဲ ဆိုတော့ ဓာတ်အား
တွေတော့ အစိုးရက သူများ နိုင်ငံကို ရောင်းလိုက်တာပဲ ပြည်သူကတော့ ဘာအကျိုး ကျေးဇူးမှ မခံစားရဘူး။

ဒါမျိုးတွေကို သံချပ်တိုက်တော့
ပြည်သူတွေက လက်ရှိ ခံစားနေရတဲ့ ကိစ္စတွေ ဖြစ်တော့ တစ်ခဲနက် အားပေးခဲ့ကြတာ ပဲလေ”ဟု ဆိုပါသည်။

အခြား သင်္ကြန်မင်းသား တစ်ဦင်္းဖြစ်သော မောင်မေတ္တာမှလည်း သံချပ်စာသား ကြိုတင်ရမည့် ကိစ္စနှင့် ပတ်သက်၍ “ဒီအတိုင်း
ဆိုရင်တော့ မလုပ်တော့ဘူး၊ တိုင်းပြည်ကို ပြုပြင်သူတွေကို
ဘာမလုပ်ရ ညာမလုပ်ရ ဆိုပြီး အမိန့်ထုတ်တဲ့ အတွက် မလုပ်ချင်
တော့ဘူး၊ သံချပ်သမား ဆိုတာ အဖျက်သမားတွေ မဟုတ်ဘူး၊ အပြုသဘော ပြောတဲ့ သူတွေ ဒီနှစ် စဉ်းစားထားတာက မြန်မာ့
မြေယာ ရှည်လျားထွေပြား မြွေနဂါး တစ်ဖြည်းဖြည်း ၀ါးတော့မှာ ဆိုပြီး လုပ်ထားတာ ဒီအတိုင်း ဆိုရင်တော့ သံချပ်ဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး”ဟု ဖြေကြား သွားခဲ့သည်။

ပုဂံညောင်ဦးတွင် ရုပ်ရှင် ရိုက်ကူးနေသော သင်္ကြန်မင်းသား ဗေလုဝ
ကလည်း “န၀တ ခေတ်က အတိုင်းပဲလား၊ သူတို့ ပြောနေတဲ့ ပွင့်လင်း မြင်သာမှု ဆိုတာ ဘာလဲ၊ ကျွန်တော်ကတော့ ဒီနှစ် သံချပ် ထွက်မယ်။ စိစစ်ရေးလည်း မတင်ဘူး။ ဖမ်းချင်လည်းဖမ်း သံချပ်
ကတော့ ထွက်မှာပဲ”ဟု ပြောကြားသည်။

လာမည့် သင်္ကြန်ပွဲတော်တွင် သံချပ်နဲ့ ပတ်သက်ပြီး ကြိုတင် စိစစ်မည့် ကိစ္စကို ဆန့်ကျင်ကြောင်း လူရွှင်တော် ဇာဂနာက ပြောကြားခဲ့သည်။

“တိုင်းပြည်က ရှေ့ကို သွားနေတာလား၊ နောက်ကို သွားနေတာလား၊ မသိတော့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန် သံချပ်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ချစ်စရာ ကောင်းအောင်
ထောက်ပြတယ်၊ သံချပ် သမားတွေက လိုအပ်ရင်လည်း သတ္တိရှိတယ်၊ စစ်အုပ်ချုပ်ရေး ခေတ်ကိုတောင် အာခံခဲ့သေးတာပဲ၊ ဒီသံချပ်လေးနဲ့ လာမည့် သင်္ကြန်ကို နှုတ်ဆက် လိုက်ချင်တယ်။

“မီးပြင်းနဲ့တိုက် တိုက်ချင်တိုက်
ပေပေါ်တင်ထု ထုချင်ထု ၊
မီးတိုက်တဲ့အခါနီရဲလာမယ်၊
တူထုတဲ့အခါ ကျစ်မာလာမယ်
ကျောက်ဆိုင်မာဘိ သံမဏိကွ
သတိ္တဟိန်းထ ပေါက်ကွဲရှပြီ
ဘ၀ဆိုတာနွေဟေ့နွေ”

ရွှေညီ

( Tomorrow သတင်းဂျာနယ် အမှတ်(၃)မှကောက်နှုတ်ချက် )

Posted From Ko Tun Wai

အပြည့်အစုံသို့ »

ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို

လေယာဉ်နဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးပါလို့ ဆို

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရေမှာ မျောနေတဲ့ အစိတ်အပိုင်းကြီး ၃ ခုရဲ့ ပုံရိပ်တွေဟာ ပျောက်ဆုံး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘဲ မှားယွင်း ထုတ်ပြန်မိတာသာ ဖြစ်တယ်လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

တစ်ခါ ပျောက်ဆုံး လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုလိုက်ပါတယ်။

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပြီး လူ ၁၅၀ ကျော်က တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရာမှာ မြန်မာ လေပိုင်နက်ထဲမှာလည်း ရှာဖွေဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒါအပြင် မလေးရှားက အကူအညီ တောင်းလာရင် မြန်မာ နိုင်ငံ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား ပစ်ခတ်ခံရ


အစ္စလမ်မစ် အဖွဲ့တွေကို ရှင်းလင်းပြီးသည့်တိုင် တိုက်ခိုက်မှု ပေါ်ပေါက်လာ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား တစ်စီးကို မျက်နှာဖုံးစွပ် သေနတ် သမားတွေက ပစ်ခတ်ခဲ့လို့ စစ်တပ်အရာရှိ တစ်ဦး သေဆုံး သွားပြီး တခြား ၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ကိုင်ရို မြို့တော်မှာ အခုလို စစ်မှုထမ်းတွေ တိုက်ခိုက် ခံရတာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

အီဂျစ် စစ်တပ်ကတော့ မတရားအသင်း အဖြစ် ကြေညာခံထားရတဲ့ မူဆလင်ညီနောင်များ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ချက်ချင်း ဆိုသလို ပြောကြားလိုက်ပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့ကတော့ စစ်တပ်ဟာ အရင်တုန်းကလည်း အခုလို စွပ်စွဲမှုတွေ လုပ်ခဲ့တယ်လို့ ပြောပြီး စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ စစ်တပ် ဦးစီးချုပ် ဖီးမာရှယ် Abdel Fattah al - Sisi ဝင်ပြိုင်မယ်လို့ ကြေညာဖို့ ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

အပြည့်အစုံသို့ »