ကယားပြည်နယ်က ကလေးတွေ မူးယစ်ဆေးစွဲကပ်

Poppy

ကယားပြည်နယ်အတွင်း မြို့ပေါ်မှာရော တောရွာမှာပါ မကျန် ကလေးသူငယ်တွေအကြား မူးယစ်ဆေးဝါး သုံးစွဲမှု စိုးရိမ်လောက်ဖွယ် မြင့်တက်နေပြီး အုပ်ချုပ်ရေးပိုင်းကပါ ပတ်သက်နေ ကြတယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

ကယားပြည်နယ်အတွင်း မြို့ရော တောတွေမှာပါ လူငယ်လူရွယ်တွေသာမကဘဲ အရွယ်မရောက်သေးတဲ့ ကလေးတွေပါ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များပြားလာတယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဟက်စတန်က ပြောပါတယ်။

ကယားပြည်နယ်တွင်းမှာ ယာဘ ခေါ် စိတ်ကြွဆေးပြားသုံးစွဲမှု မြင့်တက်လာနေပြီး ပြည်နယ်မှာ တာဝန်ကျတဲ့ ဥပဒေဘက်တော်သားတွေနဲ့ မတရားစီးပွားရှာတဲ့ မူးယစ်ဂိုဏ်းတွေ အပေးအယူလုပ်ပြီး ဖြန့်ဖြူးကိုယ်ကျိုးစီးပွားရှာနေကြတယ်လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်က အထက်တန်းကျောင်းသားအဆင့်လောက်ပဲ မူးယစ်ဆေးဝါး သုံးစွဲရာကနေ အခုအခါ ၃ တန်း၊ ၄ တန်း ကလေးတချို့တောင် သုံးစွဲလာကြတာဖြစ်လို့ အခြေအနေ တော်တော်ဆိုးနေတယ်လို့ ဦးဟက်စတန်က ပြောပါတယ်။

မြို့ပေါ်နေထိုင်တဲ့လူငယ် ၅၀ ရာခိုင်နှုန်းခန့်နဲ့ တောရွာတွေမှာ လူငယ် ၃၀ ရာခိုင်နှုန်းလောက် သုံးစွဲနေနိုင်တယ်လို့ သူက ထင်မြင်ချက်ပေးပါတယ်။

ပြည်နယ်အစိုးရတွေနဲ့ ဆွေးနွေးတိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆွေးနွေး ခဲ့ကြပေမယ့် တနိုင်ငံလုံး အုပ်ချုပ်ရေးနဲ့ ဥပဒေစိုးမိုးရေး ပါဝါ စုစည်းနိုင်မှသာလျှင် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်မယ်လို့ ဦးဟက်စတန်က ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့တုန်းက ပြည်နယ်ရဲတပ်ဖွဲ့၊ တောင်ကြီးမူးယစ် အထူးနှိမ်နှင်းရေးတပ်ဖွဲ့၊ လွိုင်ကော်ခရိုင် အထူးမှုခင်းနှိမ်နှင်းရေးနဲ့ ဒီမော့ဆိုမြို့မရဲစခန်း ပူးတွဲအဖွဲ့ဟာ မြလဲကျေးရွာအုပ်စု လိုခိုသာရွာမှာ မူးယစ်ဆေးဝါးများနဲ့ ကျည်ဆံများပါ ပူးတွဲ ဖမ်းဆီးရမိပြီး အမှုဖွင့်ထားပါတယ်။

ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်ကတော့ ယခုလို ပြည်နယ်အတွင်း ရောင်းဝယ် ဖောက်ကားနေမှု များပြားလာတာဟာ တခြားသော သီးနှံ၊ စပါးများအစား ဘိန်းစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း လုပ်ကိုင်လာသူ များပြားလာလို့ ဖြစ်တယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကို လစဉ်ကြေး ၅ ထောင်ကျပ် ၁ နှစ်စာ ၆ သောင်းကျပ် ပေးဆောင်ပြီး စိုက်ပျိုးလာကြတာလည်း ရှိတယ်လို့ ပြောပါတယ်။

နယ်မြေအာဏာပိုင်ကို လစဉ်ကြေးပေးပြီး ဘိန်းစိုက်တဲ့အတွက် ရွာသားတွေကလည်း လိုင်စင်ရတဲ့သဘော မှတ်ယူလာပြီး အရင်တုန်းက တောတောင်လျှိုတွေအကြား စိုက်ပျိုးရာကနေ အခုအခါ လမ်းဘေးဝဲယာမှာ ပေါ်ပေါ်တင်တင် စိုက်လာကြတယ်လို့ သူက ပြောပါတယ်။

ဘိန်းထွက်ရာသီ၊ ဘိန်းတိုက်ဖျက်ရေး ဘိန်းစစ်ဆင်ရေးလုပ်ချိန်တွေမှာ ရွာတွေကို ကျပ်ငွေ သိန်းဘယ်လောက် ပေးရမယ်ဆိုပြီး တောင်းခံတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဘိန်းမစိုက်အောင်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့အတွက် ဒီဒေသတွေထဲမှာ ရေရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေးနဲ့ သီးနှံစီးပွားရေးအတွက် ဈေးကွက်ရှာဖွေပေးရေးတို့ အဓိက ပြုလုပ်ပေးဖို့လို တယ်လို့ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်က ပြောပါတယ်။

DVB Burmese 

အပြည့်အစုံသို့ »

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ပြန်ကောက်မည်


လာမယ့် ဧပြီ ၁ ရက်နေ့ လေလံပွဲပြီးရင် လေလံအောင်သူတွေဟာ ရန်ကုန်မြို့တွင်း နာမည်တပ် လမ်းတွေပေါ်မှာ ကားရပ်နားခ စပြီး ကောက်သွားတော့မယ်လို့ ရန်ကုန်စည်ပင် လမ်းတံတားဌာနရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

ရန်ကုန်မြို့တွင်း ကားရပ်နားခ ကောက်ခံတာကို ၁၉၉၆ ခုနှစ်က စလုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းမှာတော့ ကားပါကင် တိုးချဲ့နေတာကြောင့် ငွေကြေးကောက်ခံမှု ရပ်နားခဲ့ပါတယ်။

အရင်စနစ်အရ မြို့တွင်း လမ်းတိုင်းမှာ ယာဉ်ရပ်နားခ ကောက်ပေမယ့် အခု ဧပြီလ စ ကောက်ရင် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းအစရှိသဖြင့် နာမည်တပ် လမ်းတွေမှာပဲ ၁ နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံသွားမှာ ဖြစ်ပြီး နံပါတ်တပ် လမ်းသွယ်တွေမှာတော့ မကောက်ဘူးလို့ ရှင်းပြပါတယ်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်က ကားရပ်နားခ ကောက်ခံငွေ ကျပ်ငွေ ၁ ဘီလီယံခွဲနီးပါး ရခဲ့ပြီး အခုနောက်ပိုင်း ကားတွေ ပိုများလာလို့ ယာဉ်ရပ်နားခ ဒီထက် ပိုရလာမယ်လို့ မျှော်မှန်းကြောင်း သိရပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရန် လွှတ်တော်က အတည်ပြုပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့က ယခင်နှုန်းထားအတိုင်း တစ်နိုင်ငံလုံးတွင် သတ်မှတ်ထားရှိပေးရေး ဆန္ဒပြတောင်းဆိုရန် စီစဉ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မီတာခများတိုးမြှင့်ကောက်ခံမည့်အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသူများအား တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)

လျှပ်စစ်ဓာတ်အားခများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်မှ မတ် ၁၉ ရက်တွင် အတည်ပြုခဲ့ပြီးနောက် အရပ်ဘက် လူ့အဖွဲ့အစည်းအချို့မှ တစ်နိုင်ငံလုံးတွင် ယခင်ဓာတ်အားခ နှုန်းထားအတိုင်း သတ်မှတ်ထားရှိပေးရန် အစိုးရအား ဆန္ဒပြတောင်းဆိုသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရန်အတွက် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ ဒီမိုကရေစီအင်အားစု၊ Generation Wave အဖွဲ့နှင့် အခြားအရပ်ဘက် လူ့အဖွဲ့အစည်းများမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရအနေနဲ့ ပြည်သူလူထု စားဝတ်နေရေးအခက်အခဲတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ နေထိုင်ရေးအခက်အခဲတွေကို ပြေလည်အောင် ဦးစားပေးဆောင်ရွက်တာမျိုး မရှိဘဲ မရှိဆင်းရဲသားပြည်သူတွေကို အခွန်အခတွေ တိုးမြှင့်တာတို့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာတွေဟာ ပြည်သူတွေကို ဆင်းရဲတွင်းက ရုန်းထွက်လို့မရအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးပြည်သူတွေရဲ့ စားဝတ်နေရေးမပြေလည်အောင် အစိုးရအနေနဲ့ ပြုလုပ်တာက ကျွန်တော်တို့ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါပဲ။ အဲဒီအတွက် ပြည်သူတွေရဲ့ဆန္ဒကို အစိုးရထပ်မံ သိရှိအောင် ဆန္ဒပြတောင်းဆိုသွားမှာပါ” ဟု ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်က မတ် ၂၀ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့အနေဖြင့် မတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်ရှေ့၌ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းနှင့် လွှတ်တော် အုပ်ချုပ်ရေးကဏ္ဍများတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်းတို့ကို လူဦးရေ ၁၀၀ဖြင့် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

“ အရင်တစ်ခေါက် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ဖို့ စီစဉ်တာကို ပြည်သူလူထုတွေအနေနဲ့ ကန့်ကွက် ဆန္ဒပြမှုကို ပြုလုပ်ခဲ့ ပြီးပါပြီ။ ဒီလိုဆန္ဒပြမှုတွေ ရှိခဲ့တာကို အစိုးရအနေနဲ့ရော၊ လွှတ်တော်အနေနဲ့ပါ တိုးမြှင့်ဖို့အတည်ပြုခဲ့တာက ပြည်သူ့ဆန္ဒတွေကို လျစ်လျူရှုပြီး ကိုယ်လုပ်ချင်ရာ လုပ်တဲ့ အစိုးရလို့ သတ်မှတ်ပါတယ် တိုးမြှင့်လိုက်တဲ့ မီတာခတွေက မရှိဆင်းရဲသားတွေအတွက် အရမ်းကိုဝန်ပိစေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ခရိုနီတွေအတွက် ပြည်သူတွေကို ဂုပ်သွေးစုပ်ဖို့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ တစ်နိုင်ငံလုံး ယခင်ဓာတ်အားခနှုန်းအတိုင်းသတ် မှတ်ထားရှိပေးဖို့ အစိုးရကို တစ်ကိုယ်တော် ဆန္ဒပြမှုတွေအပြင် အဖွဲ့အစည်းတွေနဲ့ပါ ဆန္ဒပြမှုတွေ ပြုလုပ်သွားမှာပါ”ဟု Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ပြောကြားသည်။

အစိုးရမှ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာတွင် အတိုက်အခံပါတီများမှ ကိုယ်စားလှယ် ၁၈ ဦးသာ မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပြီး ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ်များသဖြင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၃ခုနှစ် နိုဝင်ဘာလအတွင်း အစိုးရမှ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံအစီအစဉ်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သဖြင့် လွှတ်တော်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို ဆွေးနွေးခဲ့ကြသော်လည်း ယခင်ရလဒ်အတိုင်းသာ ထွက်ပေါ်ခဲ့သဖြင့် ပြည်သူလူထုမှ စိတ်ပျက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ အစိုးရမှ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် တင်ပြမှုအားလွှတ်တော်မှ အတည်ပြုခဲ့မှုကို တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက“အခုလို မီတာခတွေ တိုးကောက်တာ မဖြစ်သင့်ဘူး၊ ပြည်သူတွေ ဖြစ်ချင်တဲ့ပုံက လျှပ်စစ်မီးကို ကျယ်ကျယ် ပြန့်ပြန့် သုံးလို့ရမယ်။ သင့်တင့်လျောက်ပတ်တဲ့ ငွေလည်းဖြစ်ရမယ်။ ခုက မီတာခတက်ရင် ကုန်ဈေးနှုန်းပါတက်မှာ။ အစိုးရအနေနဲ့က လျှပ်စစ်မီးကို အရှုံးခံပြီးတောင် ပေးသင့်တယ်။ ကျွန်တော်တို့နိုင်ငံက သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံပါ။ ဒီကရတဲ့ ပိုက်ဆံတွေကို အရှုံးပေါ်တဲ့ ၀န်ကြီးဌာနတွေမှာ ပြန်လည်ဖြည့်စွက်သွားလို့ ရတာပဲ”ဟု သုံးသပ်ပြောကြားသည်။

“ မီတာခကို တိုးပြီး မကောက်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လစာတွေက တိုးလာရင် တော်သေးတယ်။ ကျွန်တော်တို့က ၀န်ထမ်းတွေလေ။ လစာမတိုးလာဘဲ ကုန်ဈေးနှုန်းတွေကလည်း သင်္ကြန်တောင် မရောက်သေးဘဲ တက်နေတဲ့အခါကျတော့ ဖြစ်နိုင်ရင် မီတာခကို မတက်စေချင်ဘူး။ အစိုးရနဲ့ ပြည်သူကြားမှာ မျှတစေချင်တယ်။ မီတာခ နှစ်ဆတက်လိုက်တာဟာ ပြည်သူကို ပိုပြီးခံစားရစေပါတယ်။ အစိုးရအနေနဲ့ လျှပ်စစ်တွေကို ပြည်ပပို့တာ ကျွန်တော်တို့ ပြည်သူတွေမှာ ပြောပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ ပြည်သူတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်သင့်တယ်လို့ မြင်တယ်။ မီတာခတော့ တက်တော့မယ် မင်းတို့သဘောတူလို့လားလို့ အစိုးရက လာမေးတာတွေ ဆန္ဒပြုတာတွေလည်း မရှိဘူး” စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သော ဦးဝင်းဇော်က မြို့နယ်လျှပ်စစ်ဌာနတွင် မီတာခဆောင်ပြီးနောက် ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှုမှာ ရာခိုင်နှုန်း ၈၀ ရှိပြီး အရင်းမှာ ၁၅ ကျပ်ရှိကာ အိမ်သုံး တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့် စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းဖြင့် ရောင်းချနေသည့်အတွက် မည်သည့်အတွက်ကြောင့် အရှုံးမပေါ်နိုင်ကြောင်း၊ နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်နေရခြင်းအတွက် လျှပ်စစ်သုံးစွဲခ တိုးမြှင့်ကောက်ခံရခြင်းသည် ရေရှည်တွင် ပြည်သူများ အကျိုးရှိစေရန်ဆိုသည်ထက် နောင်လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများအား အကာအကွယ်ပေးခြင်းသာ ဖြစ်သည်ဟု အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ခဲ့ကြသည်။

Eleven Media Group

အပြည့်အစုံသို့ »

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပျက်အစီးဟု ဖြစ်နိုင်ခြေအလွန်များသော အပိုင်းအစနှစ်ခုကို သြစတြေးလျဂြိုဟ်တုမှ တွေ့ရှိခဲ့သည့်နေရာသို့ နော်ဝေသင်္ဘောရောက်ရှိကာ ရှာဖွေမှုများပြုလုပ်နေ

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့်နေရာသို့ ပထမဆုံးရောက်ရှိသည့် နော်ဝေသင်္ဘော Hoegh ST.Petersburg

မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးနေသော လေယာဉ်မှ ဖြစ်နိုင်ခြေအလွန်များသော အပျက်အစီးအပိုင်းအစနှစ်ခုကို သြစတြေးလျက မတ် ၂၀ ရက်တွင် ပင်လယ်ပြင်၌ ဂြိုဟ်တုမှတစ်ဆင့် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန်တွင် ပြောကြားခဲ့သည်။ အရာဝတ္ထုများကို ရှာဖွေစစ်ဆေးရန် တာဝေးသွား ထောက်လှမ်းရေးလေယာဉ် လေးစင်းသည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ဦးတည်မောင်းနှင်ခဲ့ကြကြောင်း သိရသည်။ ဂြိုဟ်တုဓာတ်ပုံများကို အထူးပညာရှင်များက လေ့လာသုံးသပ်ခဲ့ပြီးနောက် ပျောက်ဆုံးမလေး ရှားလေယာဉ်နှင့် ဆက်စပ်မှုရှိသော အရာဝတ္ထု နှစ်ခုဟု သတ်မှတ်နိုင်ခဲ့ကြောင်း အဘော့က ပြောကြားခဲ့သည်။

အရာဝတ္ထုနှစ်ခုအနက် တစ်ခုမှာ ၂၄ မီတာ (၇၉ ပေ) ရှိပြီး အခြားတစ်ခုမှာမူ ယင်းထက်သေးငယ်ကြောင်း၊ ယင်းပစ္စည်းများကို ရှင်းရှင်းလင်းလင်း မမြင်ရသေးကြောင်း သြစတြေးလျရေကြောင်းလုံခြုံရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူ ဂျွန်ယန်းက ပြောကြားခဲ့သည်။ ဂြိုဟ်တုမှ ရိုက်ကူးရရှိသော ဓာတ်ပုံများအရ အဆိုပါ အရာဝတ္ထု နှစ်ခုသည် တစ်ခုနှင့်တစ်ခု ၁၄ မိုင်အကွာ၌ ရှိကြပြီး သြစတြေးလျ အနောက်ကမ်းရိုးတမ်း၏ အနောက်တောင်ဘက် ၁၅၀၀ မိုင် အကွာခန့်တွင် ရှိကြောင်းနှင့် ယင်းနေရာသည် သင်္ဘောများ သွားလာတတ်သည့် လမ်းကြောင်းမှနေ၍ အလွန်ဝေးကွာလှသော နေရာ၌ ရှိကြောင်း သိရသည်။

မော်တော်ကားတင်သည့် နော်ဝေသင်္ဘော Hoegh St. Petersburg သည် ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နေရာသို့ ပထမဆုံးရောက်ရှိလာသည့် သင်္ဘောဖြစ်ကြောင်း အဆိုပါသင်္ဘောကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ စီဆဲလီမိုးက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါသင်္ဘောသည် သြစတြေးလျ အာဏာပိုင်များ၏ မေတ္တာရပ်ခံချက်များအရ မာဒါဂါစကားမှ မဲလ်ဘုန်းသို့ သွားမည့် သူ၏ ခရီးစဉ်မှ သွေဖယ်ကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရှာဖွေရေးဇုန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီး တစ်စုံတစ်ရာကို ယခုတိုင်တွေ့ရှိရခြင်း မရှိသေးကြောင်း နော်ဝေသင်္ဘောကုမ္ပဏီမှ အခြားပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ခရစ်ရှန်ဒါးက ပြောကြားခဲ့သည်။ ဒါးက ယင်းနေရာ၌ ဂရင်းနစ်စံတော်ချိန် ၁၃း၀၀ နာရီကတည်းက နေ၀င်သွားပြီဖြစ်သောကြောင့် ရှာဖွေရ ခက်ခဲကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ သူက “သင်္ဘောက သြစတြေးလျအာဏာပိုင်တွေ ပေးအပ်ခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် ညအချိန်အထိ ရှာဖွေမှာပါ။ ပြီးရင် ကျွန်တော်တို့ သြစတြေးလျ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အနေအထားကို တင်ပြလို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

နော်ဝေသင်္ဘောပိုင်ရှင်များအသင်း အထွေထွေညွှန်ကြားရေးမှူး စတာလာဟင်နရစ်ဆင်က ရှာဖွေရေးဧရိယာကို ရေမိုင် ၆၀ အကွာအဝေးအထိ ချဲ့ထွင်ကာ ၁၀၀ ကီလိုမီတာတစ်ဝိုက် ရှာဖွေသွားမည်ဖြစ်ကြောင်း နှင့် လမ်းကြောင်းတစ်လျှောက် စုန်ချည်ဆန်ချည် ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နော်ဝေသင်္ဘောနှင့်အတူ သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်တို့မှ လေယာဉ်များသည်လည်း ယင်းနေရာ၌ ရှာဖွေမှုများကို မတ် ၂၁ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သြစတြေးလျရေကြောင်း လုံခြုံရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ ဝေးလံပြီးကြမ်းတမ်းလှသောနေရာ၌ ဆိုးရွားလှသော ရာသီဥတုကလည်း အဟန့်အတား ပြုနေသောကြောင့် စုံစမ်းထောက်လှမ်းရေး လေယာဉ်များနှင့် နော်ဝေသင်္ဘောတို့အနေဖြင့် ဂြိုဟ်တုမှရိုက်ကူးရရှိသော အပျက်အစီးများကို ရှာမတွေ့သေးဟု ဆိုသည်။

ရှာဖွေရမည့်နေရာ၏ အကျယ်အ၀န်းသည် စတုရန်းမိုင် သုံးသန်းခန့် ကျယ်ဝန်းသော်လည်း အမေရိကန်အာဏာပိုင်များက လေယာဉ်အပျက်အစီးများကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတစ်နေရာရာတွင် တွေ့ရှိရလိမ့်မည်ဖြစ်ကြောင်း မကြာသေးခင်ရက်များအတွင်း အခိုင်အမာပြောကြားခဲ့သည်။

လေယာဉ်ရှာဖွေရန် ဗဟိုချက်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပြောင်းရွှေ့လိုက်သော်လည်း မလေးရှားသည် အာရှတိုက် အလယ်ပိုင်း ကာဇက်စတန်နိုင်ငံသို့လည်း လေယာဉ်နှစ်စင်း စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။ ကာဇက်စတန်နိုင်ငံသည် မလေးရှားလေယာဉ် မတ် ၈ ရက်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ဂြိုဟ်တုအချက်ပြမှုတစ်ရပ် ပေးပို့ခဲ့သည်ဟူသည့် အချက်အပေါ် အခြေခံလျက် ဖြစ်နိုင်ဖွယ်ရှိသော နေရာတစ်ခုဟု သတ်မှတ်ထားသည့် မြောက်ပိုင်းလမ်းကြောင်းတစ်လျှောက်၌ တည်ရှိနေသော နေရာဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် တရုတ်တို့ကလည်း ၎င်းတို့၏ နယ်မြေများအတွင်း ရှာဖွေလျက်ရှိသည်။

ယခုလက်ရှိတွင် သြစတြေးလျဂြိုဟ်တုက အပျက်အစီးနှစ်ခု တွေ့ရှိသည်ဆိုသော နေရာ၌ ပြုလုပ်နေသည့် ရှာဖွေမှု၌ သင်္ဘော ၁၈ စင်း၊ လေယာဉ် ၂၉ စင်းနှင့် ရဟတ်ယာဉ် ခြောက်စင်း ပါဝင်နေကြောင်း သိရသည်။ သြစတြေးလျက အပျက်အစီးများတွေ့ရှိ ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်သည် သူ၏သင်္ဘောအချို့ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ လမ်းကြောင်းပြောင်း ခုတ်မောင်းစေခဲ့သည်ဟု ဆိုသည်။ သို့သော် ရှာဖွေရန်နေရာနှင့် အနီးဆုံး တရုတ်သင်္ဘောများသည်ပင်လျှင် ယင်းနေရာမှ ရေမိုင် ၂၃၀၀ အကွာ၌ ရှိနေကြောင်း တရုတ်ရေတပ် မှပြောရေးဆိုခွင့်ရှိသူ လျန်ယန်းကပြောကြားခဲ့သည်။

သြစတြေးနိုင်ငံ ဂျိမ်းကွတ်တက္ကသိုလ် မှ သမုဒ္ဒရာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ရော်ဘင်ဘီမန်က ဂြိုဟ်တုဓာတ်ပုံများကို မတ် ၁၆ ရက်က ရိုက်ကူးရရှိခဲ့ခြင်းဖြစ်သောကြောင့် ယင်းအပျက်အစီးများသည် မူရင်းနေရာမှ ကီလိုမီတာ ရာနှင့် ချီလျက်ရွေ့လျားသွားနိုင်သည်ဟု ဆိုသည်။ သူက ရေစီးနှုန်းသည် တစ်နာရီ လျှင် ရေမိုင် တစ်မိုင် သို့မဟုတ် နှစ်မိုင်နှုန်း ရှိနေသည်ဟု ဆိုသည်။

Eleven Media Group

အပြည့်အစုံသို့ »

မြန်မာအကြွေး ဒေါ်လာ ၉ ဘီလီယံခွဲကျော် ရှိ


နိုင်ငံခြားတိုင်းပြည်နဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ ကြွေးမြီဟာ ၂၀၁၃ မတ်လကုန်အထိ ဒေါ်လာ ၉ ဘီလီယံခွဲကျော် ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလင်းအောင်က ပြောပါတယ်။

မတ် ၂၀ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဲဒီအထဲက တ၀က်နီးပါးဖြစ်တဲ့ ဒေါ်လာ ၄ ဘီလီယံကျော်ကို တရုတ်နိုင်ငံဆီက ချေးယူထားတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့လက သမ္မတရဲ့ စီးပွားရေးအကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့်က နိုင်ငံတကာ ကနေ မြန်မာနိုင်ငံအပေါ် ဘယ်လောက်ကြွေးတင်နေတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းနေတယ် စသဖြင့် အများပြည်သူသိအောင် အသေးစိတ် ထုတ်ပြန်ပေးသင့်တယ်လို့ တောင်းဆိုခဲ့ပြီးနောက် အခု ပြည်ထောင်စုဝန်ကြီးရဲ့ ပြည်သူ့လွှတ်တော်တွင်း ဖြေဆိုမှု ထွက်လာတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ဒီချေးငွေတွေဟာ နိုင်ငံ ၁၆ နိုင်ငံနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ အေဒီဘီ၊ အိုင်ဒီအေနဲ့ အိုပက်စ်တို့ဆီကနေ ရယူထားတာ ဖြစ်တယ်လို့လောက်ပဲ ပြောပြီး ဘယ်လို ဖြေရှင်းနေတယ်၊ ဘယ်လောက်ဖြေရှင်းပြီး ဖြစ်တယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောသွားပါဘူး။

DVB Burmese

အပြည့်အစုံသို့ »

လူအိုတစ်ယောက်ကို အမှိုက်လို စွန့်ပစ်တဲ့ ခေတ်ကြီး လား


မန္တလေးမြို့လယ်၊ ဒေါင်းတောင်းလို့ခေါ်ကြ တဲ့ တစ်နေရာ။ လမ်းထောင့်မှာ အမှိုက်ပစ်စရာ ကန်တစ်ခုရှိတယ်။ ည အမှောင်ကို အခွင့် ကောင်းယူပြီး အဘွားအိုတစ်ယောက်ကို အဲ သည်အမှိုက်ကန်ထဲ စွန့်ပစ်ထားတယ်။ အဘွား အို ခမျာ ချမ်းရှာလို့ ရရာပီနန်အိတ်ခွံဟောင်း တွေကို ခြုံပြီး ကွေးနေတယ်။
လမ်းမီးတွေ မလင်းတော့ ပတ်ဝန်းကျင်က မှောင်မှောင်။ မြို့လယ်ကောင်ပေမဲ့ အန္တရာယ်ကို လွယ်မထားနိုင်သူတွေက အမှိုက်ကန်မှာ ရှူရှူ ပန်း ကြတယ်။ ပီနန်အိတ်ခွံခြုံထားတဲ့ အဘွားအို က စိုတိစိုစွတ်။ မနေသာတဲ့အခါ လူးကာလွန့် ကာ တွန့်မိ တယ်။

လှုပ်နေတဲ့ ပီနန်အိတ်ခွံဖြူဖြူကို တွေ့မြင်မိ သူတွေက ချမ်းမြသုခလူမှုကူညီရေးအသင်းကို ဆက်သွယ်လို့ အဘွားတစ်ယောက် အမှိုက်ဘဝ က လွတ်မြောက်ခဲ့ရတယ်။ နာမှုကူညီရေး၊ ကျန်းမာမှုကူညီရေး၊ သက် ကြီးရွယ်အိုများကို စောင့်ရှောက်ရေးလုပ်ငန်း တွေ လုပ်နေတဲ့ ချမ်းမြသုခလူမှုကူညီရေးအ သင်းဟာ စွန့်ပစ်ခံလူအိုတွေ တွေ့ရတာ များလာ လို့ သူတို့အတွက် နားခိုစရာ ဘိုးဘွားရိပ်သာ တစ်ခုကို တည်ထောင်ထားရပြန်ပါတယ်။
ဘိုးဘွားရိပ်သာအပိုင်းမှာ အဓိက တာဝန်ယူ လုပ်အားပေးနေသူက မခင်မာနွယ်ဖြစ်ပါတယ်။ ရွှေဆံကိုင်ဘုရားဝင်းထဲက သူတို့ရိပ်သာကို ကျွန် တော် အလည်သွားတယ်။

အဆောက်အအုံကို ကိုဝေဇင်၊ မကြည်သာဆွေတို့က တာဝန်ယူဆောက်ပေးထားတာ။ အ ဘွား ၁၀ ယောက် ကျယ်ကျယ်ဝန်းဝန်း နေထိုင် နိုင်တယ်။ ဒါပေမဲ့ အဘိုးအဘွားတွေက ထပ်ခါ ထပ်ခါတိုးလာနေလို့ ရိပ်သာအဆောက်အအုံကို ထပ်ချဲ့နေရတယ်။ အဘိုးများအတွက် အဆောင်သစ် တစ်ဆောင်ကို ဝင်း ဦးထုပ်မိသားစုရဲ့ ကောင်းမှုနဲ့ အသစ်ဆောက်နေတာ တွေ့ရပါ တယ်။
မခင်မာနွယ်နဲ့အတူ အဘွားအဆောင်ထဲကို ကျွန်တော်ဝင်သွားတယ်။ အဘွားတွေက အဝတ် အစား သန့်သန့်ပြန့်ပြန့်။ သနပ်ခါးကိုယ်စီနဲ့။ ကျွန် တော်က အသက် ၈၂ နှစ်အရွယ် အဘွား ဒေါ် တင်ကြည်ရဲ့ခုတင်ဘေးမှာထိုင်ပြီး သူ့ အ ကြောင်းကို မေးတယ်။ ဒေါ်တင်ကြည်က ရပ်ကွက်တကာလည်ပြီး မုန့်စိမ်းပေါင်းရောင်းခဲ့သူဖြစ်တယ်။ တစ်ရက်မှာ တော့ သူများရန်ဖြစ်နေတာကို ဖျဉ်တဲ့အနေနဲ့ ဝင် ဆွဲရာက သူလဲကျပြီး ဒဏ်ရာရသွားတယ်။
“နောက်က ဝင်ဆွဲတာ ဖင်နဲ့ပေါက်မိပြီး လဲ ကျလို့ တင်ပါးခွက်လျှောပြီး လမ်းမလျှောက်နိုင် တော့ဘူး”လို့ သူက ပြောတယ်။

သူနေတာက သူငယ်ချင်းအိမ်အဖီလေးမှာ ကပ်နေတာ။ အိမ်ရာထဲ လှဲနေရတော့ ဈေး မရောင်းနိုင်တော့ဘူး။ သွားချင်ရင် ဖင်တရွတ် တွန်း သွားရတယ်။ သူက သားထောက်သမီးခံ မရှိတဲ့ တစ်ခုလပ်။
အသက်မွေးဝမ်းကျောင်းဖို့အတွက် နေတဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘုရားကြီးတောင်ဘက်မုခ် ကို လေးချောင်းထောက်နဲ့ ထောက်ထောက်ပြီး ဟိုနား နား၊ သည်နား နားနဲ့ သွားတယ်။ တောင်း ရမ်း စားတယ်။ လူပေးသူပေးနဲ့ ငွေစကြေးစရတဲ့ အခါ ဆိုက်ကားငှားပြီး အိမ်ကိုပြန်ရတယ်။
“သူတောင်းစားက ဆိုက်ကားငှားစီးပြန် တယ်လေ”လို့ အဘွားဒေါ်တင်ကြည်က ပြောပြီး ရယ် တယ်။
“အလှူခံစကတော့ ရှက်သေးတယ်၊ ခေါင်း ကြီး ငုံ့ထိုင်နေတာ၊ နောက်တော့ ထူးပါဘူး၊ အ လှူခံစားတာက ခိုးစားတာမဟုတ်ဘူး၊ လှူနိုင် ရင် လှူခဲ့ကြပါဦးလို့ လေသံလေးနဲ့ပြောတာ၊ ရပ် ဝေး ဘုရားဖူးတွေက ထည့်ကြပါတယ်”လို့ ဆက်ပြောတယ်။

သူ့ကိုနေခွင့်ပေးထားတဲ့သူငယ်ချင်းအိမ်ရှင် ရဲ့မြေးကလေးက အိမ်ထောင်ကျပြီ။ အဘွား ဒေါ် တင်ကြည်နေတဲ့အဖီလေးက သူတို့မောင်မယ်ရဲ့ စက်ရာဖြစ်သွားတော့ အဘွားခမျာ ဘုံပျောက် တယ်။ ချမ်းမြသုခဘိုးဘွားရိပ်သာကို သိမြင်သူ တွေက ဆက်သွယ်ပေးတယ်။
ဒေါ်တင်ကြည်က သနပ်ခါးအဖွေးသားနဲ့။ သူ့ကို ချမ်းမြသုခက တွေ့လို့ခေါ်ခဲ့စဉ်က အခြေ အနေကို မခင်မာနွယ်က ပြောပြတယ်။
“သူက ကိုယ့်ကိုယ်ကိုလဲ မနိုင်တော့ အညစ် အကြေးတွေနဲ့ ပေကျံညစ်ပတ်နေတာ၊ အနံ့ အ သက်တွေနဲ့၊ ဒီရောက်တော့ ရေချိုးပေးရ တယ်၊ သူဝတ်လာတဲ့အဝတ်အစားတောင် ချက်ချင်း လွှင့်ပစ်ရတာ၊ နံစော်နေလို့”
ကျွန်တော်က နောက်ထပ်အမည်တူ ဒေါ် တင်ကြည်တစ်ယောက်ရဲ့ ခုတင်အနီးကို ကူးခဲ့ တယ်။ နာမည်တူနှစ်ယောက်မို့ သူ့ကို ဒေါ်တင် ကြည် (ကြီး) လို့ ခေါ်တယ်။
ဒေါ်တင်ကြည်ကြီးက လေဖြတ်ထားတယ်။ ရှမ်းစုမီးရထားမြေပေါ်မှာ သားအမိ ဖြစ်သလို တဲ ထိုးနေခဲ့တယ်။ သားက မီးရထားဝန်ထမ်း။ သား ဆုံးသွားတော့ တစ်ယောက်တည်း ကျန်ရစ် တယ်။ အနီးအနားက သံယောဇဉ်ရှိသူက ထမင်း ဟင်း ကျွေးထားတယ်။ ကျွေးမွေးနေသူတွေ တောင်ငူကိုပြောင်းရတော့ အဘွားဒုက္ခတွေ့ပြီ။ ချမ်းမြသုခက သတင်းကြားလို့ သွားခေါ်တဲ့ အ ကြောင်း မခင်မာနွယ်က ပြောပြတယ်။ (မန္တလေး သူ မခင်မာနွယ်က ကျွန်တော် နာမ်စားကိုသုံးပြီး ပြောပါတယ်။)

“သူ့သားခေါင်းချတဲ့နေရာမို့ လုံးဝမလိုက် နိုင်ဘူးတဲ့၊ ကျွန်တော်တို့က အမေကြီးကို သွား ချော့ရတာပေါ့၊ ဒီမှာ သားသမီးတွေလိုပါပဲပေါ့၊ ဒါနဲ့ မျက်ရည်စက်လက်နဲ့ လိုက်လာတာ”
“လိုက်လာတုန်းက ငိုပြီးလိုက်လာတာ၊ ခု တော့ ပျော်နေပြီ”လို့ အဘွားက ပြုံးပြုံးကြီး ပြော တယ်။
အဘွား ဒေါ်တင်ကြည်ကြီးမှာ နားကပ် တစ်ရန်ရှိပါတယ်။ ဒါလေးကို အသေဆုပ်ထား တာ။ တစ်နေ့နေ့မှာ သူသေခဲ့ရင် သင်္ဂြိုဟ်စရိတ် လုပ်ဖို့ ပါ။ ဒါပေမဲ့ အခုတော့ သူက ရောင်းပစ်ချင် နေပြီ။
“ကျွန်တော်တို့ဆီမှာနေရတာ စားရတာ ပူ စရာမလိုတော့ဘူးဆိုတော့ နားကပ်လေးကို ရောင်းပေးပါတဲ့၊ မနေ့ကပဲ သူ့သားလေးဆုံးတဲ့ ရက်မို့ ချမ်းမြသုခအသင်းကို (ကျပ်) ၅၀,ဝ၀ဝ လှူချင်တယ်ဆိုပြီး လှူလိုက်တယ်”လို့ မခင်မာ နွယ်က ပြောပြတယ်။

ကျွန်တော်က အသက် ၉၀ အရွယ် အဘွား ဒေါ်ပု ခုတင်အနီးကိုသွားတယ်။ အဘွားက မျက်စိမမြင်ဘူး၊ နားလည်းလေးတယ်။ သူ့ အ ကြောင်းက ဇာတ်ဆန်တယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ အသင်းအတွင်းရေးမှူး ဦးလှ အောင်က ဖြစ်ရပ်ကို ပြန်ပြောပါတယ်။
မန္တလေး မဟာမုနိဘုရားကြီး အနောက်မုခ် က တံတိုင်းဘေးမှာ မျက်မမြင်ဒေါ်ပုက အဖီချနေ ပြီး ဘုရားစောင်းတန်းမှာ တောင်းရမ်း စား သောက်နေတယ်။ တစ်ရက်မှာ မျက်မမြင်ရဲ့ရင် ခွင်ထဲကို လူတစ်ယောက်က မွေးကင်းစမိန်းက လေးတစ်ယောက် ထည့်သွားတယ်။ သူက မွေး စားပြုစုထားတာ ငါးနှစ်သမီးအရွယ်ရောက်လာ တယ်။ မိန်းကလေးကို ထမင်းဆိုင်တစ်ဆိုင်က တောင်းယူပြီး သမီးအဖြစ် မွေးစားလိုက်တယ်။ သမီးလေးက ယခု ၁၄ နှစ်သမီးဖြစ်နေပြီ။ အဘွား ကတော့ တံတိုင်းဘေးက အဖီလေးထဲမှာ နေရ တယ်။

အခုတော့ အဘွားဒေါ်ပု ချမ်းမြသုခမှာ အေး ချမ်းစွာ နေထိုင်နေရပါပြီ။
ဒေါ်သန်းညွန့်က ကုန်သွယ်ရေးဝန်ထမ်း ဟောင်းပါ။ လုပ်သက် ၁၀ နှစ်ပြည့်ဖို့ တစ်လ အ လိုမှာ ပိုလျှံဝန်ထမ်းဖြစ်ရလို့ ပင်စင်မရဘူး။ ဈေး ရောင်းစားတယ်။ ဦးနှောက်နဲ့အာရုံကြော အား နည်းလို့ ဆေးသောက်နေရတာ ဆေးဖိုးက တစ် လ ကျပ် ၃၀,ဝ၀ဝ။ အပျိုကြီးမို့ မှီခိုစရာ မရှိဘူး။ ဒါကြောင့် အစိုးရဝန်ထမ်းဟောင်းက ချမ်းမြသုခ အရိပ်ကို ခိုရတာပါ။ နောက်ထပ် ပင်စင်စားအဘွားက နာဂအမျိုး သမီးပါ။ အမည်က ဒေါ်ခင်သန်း။ ကွယ်လွန်သူ ခင်ပွန်းက ဝန်ထမ်းမို့ မိသားစုပင်စင်ခံစားရ တယ်။ မခင်မာနွယ်က သူ့အကြောင်းပြောပြတယ်။
“သူက တစ်လ ပင်စင် ၈၀,ဝ၀ဝ ကျော်ရ တယ်၊ ပင်စင်ထုတ်တဲ့နေ့ဆို အဘွားတွေကို ကျွေးတယ်၊ ပင်စင်ငွေထဲက ၅၀,ဝ၀ဝ ကို ချမ်းမြ သုခကို လှူတယ်”
ဒေါ်နော်ထူးဘေဆိုတဲ့အဘွားက စကား မပြောတတ်ဘူး။ နားမကြားရဘူး။ လက်ဟန် ခြေ ဟန်နဲ့ပဲ စကားပြောရတယ်။ မန္တလေး မဟာ အောင်မြေမြို့နယ်က ၃၆ လမ်းနဲ့ ၈၆ လမ်း ထောင့်မှာ နေတယ်။ သူများက တောက်တိုမည် ရ ခိုင်းတာ လုပ်ပေးတယ်။ သူနေတဲ့နေရာအနီး က တရားပွဲမှာ ဗုံးကွဲတော့ ဆေးရုံတင်ရတယ်။ အခြေမဲ့ အနေမဲ့ အဘွားမို့ ချမ်းမြသုခက ခေါ်ယူ လိုက်တယ်။ ဘိုးဘွားရိပ်သာရဲ့စည်းကမ်းချက်က သား ထောက်သမီးခံမရှိသူတွေကိုသာ လက်ခံတာပါ။ အသက် ၈၀ အရွယ် ဒေါ်ယုံက သမီးအရင်း ငုတ် တုတ်ရှိလျက် ရိပ်သာကို ရောက်လာသူဖြစ်ပါ တယ်။

ဒေါ်ယုံနဲ့ ပတ်သက်ပြီး မခင်မာနွယ်က ပြော ပြတယ်၊
“အမေယုံက မျက်စိမမြင်ဘူး၊ အဆင်မပြေ ဘူးလို့ သတင်းကရောက်လာတယ်၊ ကျွန်တော် လိုက်သွားတယ်၊ ပတ်ဝန်းကျင်က လူတွေကလဲ သူ့သမီးနဲ့နေတယ်လို့မပြောဘဲ ဝိုင်းညာထား တာ၊ ကျွန်တော်က သူ့ပစ္စည်းလေးတွေထည့်ပြီး ကားပေါ်တင်ခေါ်လာတာ၊ ကားပေါ်ရောက် တော့ အမေယုံက ဖွင့်ပြောတယ်၊ ငါမလိမ်ချင်ပါ ဘူးအေ၊ ငါ့သမီးအရင်းနဲ့ အတူနေတာပါ၊ သမီး က လောင်းကစားလုပ်တာမကြိုက်လို့ ပြောရင် အမြဲကတောက်ကဆဖြစ်နေလို့ ပတ်ဝန်းကျင်က ကျွန်မတို့ဆီတွန်းပို့တာ”လို့ ပြောပြီး မခင်မာနွယ် က ရယ်တယ်။
'အခု ဒီမှာ ဘုရားနဲ့တရားနဲ့နေရတာ၊ ပြန် မသွားချင်တော့ဘူး”လို့ အမေယုံက ပြောတယ်။
သည်ရိပ်သာဖြစ်လာရတာက ရည်ရွယ် ချက်မရှိဘဲ ဖြစ်သွားတာလို့ အသင်း အတွင်း ရေးမှူး ဦးလှအောင်က ပြောပြတယ်။

“အဘိုး ဦးထွန်းအောင်က ဘုန်းကြီးကျောင်း မှာ ခိုကပ်နေရတာ၊ လေဖြတ်တော့ ချမ်းမြသုခ က ဆေးရုံတင်ပေးတယ်၊ ဆေးရုံကဆင်းတော့ ပြုစုမယ့်သူမရှိတာနဲ့ အသင်းကားပြင်တဲ့ဝပ်ရှော့ ထဲ ထားရတယ်၊ အသင်းသူ အသင်းသားတွေက သူ့အညစ်အကြေးတွေကို သန့်ရှင်းပေးရတယ်၊ နောက် ဒေါ်တင်ကြည်၊ နောက် ဒေါ်ပု၊ တဖြည်း ဖြည်း များလာတယ်၊ မြောက်ပြင်က ကိုဝေဇင်၊ မကြည်သာဆွေတို့က အသင်း လာလှူရင်း အဘိုးအဘွားတွေကို တွေ့လို့ အဆောက်အအုံ လှူမယ်တဲ့၊ ဒီလိုနဲ့ ဘိုးဘွားရိပ်သာဖြစ်သွား တာ”
လူ့အဖွဲ့အစည်းမှာ တာဝန်ရှိသူတွေက တာ ဝန်မကျေနိုင်၊ လူအိုတွေကို အမှိုက်စလို စွန့်ပစ် သူက စွန့်ပစ်ဖြစ်နေကြချိန်မှာ လူမှုရေးအသိရှိသူ အချို့က လောကကို အလှဆင်လို့နေတာ တွေ့ရ ပါတယ်။

ကျော်ရင်မြင့် ( kumudra journal )

အပြည့်အစုံသို့ »

တစ်ယောက်နှင့် တစ်ယောက်၊ တစ်ခုနှင့်တစ်ခု ဆက်စပ် ပေါင်းစည်းပုံကို သုံးနှုန်းပြောဆိုပုံအချို့


၁) Join = ဆက်သွယ်ပေါင်းစည်းသည်
- She joined our company three months ago.
- Do you mind if I join you?

၂) Link = ချိတ်ဆက်သည်
- The two factors are directly linked.
- The video cameras are linked to a powerful computer.

၃) Connect = အဆက်အသွယ်ရှိသည်
- They met last year but they didn't really connect.
- The towns are connected by train and bus services.

၎) Unite = ပေါင်းစည်းသည်
- His aim was to unite the two families.
- We will unite in fighting crime.

၅) Get together = အတူတကွပူးပေါင်းသည်
- We must get together for a drink some time.
- They may be getting together to organize the festival.

၆) Team up with = ပေါင်းစပ်ဖွဲ့စည်းသည်
- My brother has teamed up with a local partner to do business.

၇) Merge = ပူးပေါင်းသည်
- The sky and sea seem to merge at the horizon.
- These two banks have decided to merge.

စဉ်ဆက်မပြတ် အင်္ဂလိပ်စာစွမ်းရည်

အပြည့်အစုံသို့ »