လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရအတည်ပြု ခိုင်လုံသောအထောက်အထားမရှိသေးသဖြင့် တရုတ်မိသားစုဝင်များလက်မခံ


မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ ရှိလေဦးမလားဆိုသည့် မိသားစုဝင်တို့၏ မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။

ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီနှင့် မတော်တဆမှုလေ့လာစုံစမ်းရေးမှ ဂြိုဟ်တုအချက်အလက်များအပေါ် သုံးသပ်ချက်များ၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာလိုက်ခြင်းဖြစ်သည်။ သို့သော် ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်းကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိပေ။

လေယာဉ်ဆင်းသက်နိုင်သည့် နေရာများနှင့် ဝေးကွာလှသော ပင်လယ်ပြင်တွင် လေယာဉ်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ သေချာကြောင်းကိုသာ ၎င်းက ပြောဆိုခဲ့သည်။

ရုပ်ဝတ္ထုပစ္စည်းအထောက်အထားမရှိခြင်းအတွက် ဖြေသိမ့်နိုင်ရန်ခက်ခဲ့သည်ဟု လေယာဉ်ခရီးသည် ဖိလစ်ဝုဒ်၏ လက်တွဲဖော် မစ္စစ်ဆာဘက်ခ်ျကဆိုသည်။

အခြားလူများကလည်း အာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ကောက်ချက်ဆွဲလိုက်ရခြင်းနှင့်ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်ထုတ်ပြန်ရန် တောင်းဆိုနေကြသည်။

‘‘လေယာဉ်အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိဘူးဆိုတော့ ဒီကိစ္စ အမှန်တကယ်မပြီးသေးဘူး’’ ဟု မစ္စစ်ဘက်ခ်ျကဆိုသည်။

ဘေဂျင်းစံတော်ချိန် ည ၉နာ ရီ ၄၆မိနစ်တွင် ဘေဂျင်းမြို့ရှိ လီဒိုဟော်တယ်ကွန်ဖရင့်ခန်းမတွင် စာသားမက်ဆေ့ခ်ျပို့သော ဖုန်းသံများမြည်လာပြီး မက်ဆေ့ခ်ျမှာ တရုတ်ဘာသာစကားဖြင့်မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်သည်။

၁၆ ရက်ကြာ သံသယ၊ မယုံကြည်မှုများနှင့် မလေးရှားအာဏာပိုင်များအပေါ် အကြီးအကျယ်ဝေဖန်မှုများရှိခဲ့ပြီးနောက် ဖုန်းစာသားမက်ဆေ့ခ်ျမှာ နောက်ဆုံးစော်ကားမှုဖြစ်သည်ဟု တရုတ်မိသားစုများကဝေဖန်သည်။

သတင်းကို အတည်ပြုရန် အခန်းအတွင်းရှိ ရုပ်သံဖန်သားပြင်များပေါ်တွင် မလေးရှားဝန်ကြီးချုပ်ပုံပေါ်ထွက်လာသောအခါ စူးစူးဝါးဝါးအော်ဟစ်သံများ၊ ငိုကြွေးသံများစတင် ပေါ်ထွက်ခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည်အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး စုစုပေါင်း ၁၅၂ ဦး လိုက်ပါခဲ့သည်။

တရုတ်ဂြိုဟ်တုက ယင်းနေရာတွင် အရာဝတ္ထုအချို့ကို တွေ့ရှိကြောင်း ပြောဆိုခဲ့သော်လည်း မတ်လ ၂၄ ရက်က သွားရောက်ခဲ့သည့် အမေရိကန် ရှာဖွေရေးအဖွဲ့က တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

ထို့နောက် သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် အရာဝတ္ထုနှစ်ခုကို တွေ့ရှိကြောင်း ထပ်မံပြောဆိုလိုက်ပြီးနောက် မလေးရှားဝန်ကြီးချုပ်က အတည်ပြုချက်ထုတ်ပြန်လိုက်သည်။

ယင်းပစ္စည်းများမှာ မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေးထောင့်ပုံရှိ ပစ္စည်းဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ လေယာဉ်ပျက်မှဖြစ်နိုင်ဖွယ်ရှိသော နောက်ဆုံးတွေ့ရှိထားသည့် ပစ္စည်းများ ဖြစ်သည်။ သို့သော် လေယာဉ်မှ အကြွင်းအကျန်ဟု ကံသေကံမ ပြောဆိုနိုင်ခြင်းတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်းပစ္စည်းများကို ဝေဟင်မှ တွေ့ရခြင်းဖြစ်ပြီး လက်ဝယ်ရရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအသီးသီးမှ ရှာဖွေရေးအဖွဲ့များက ဂြိုဟ်တုမှ နောက်ဆုံးမြင်တွေ့ရသည့် ပစ္စည်းများကို ရရှိရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး လက်ဝယ်အပျက်အစီးမရှိ၍ စိစစ်နိုင်ခြင်းမရှိဘဲ ခန့်မှန်းချက်အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်။

နောက်ဆုံးအကြိမ် လေယာဉ်နှင့် လေကြောင်းထိန်းသိမ်းသူများ အဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အတွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ်ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့သည်။ ထိုအချိန်မှာပင် အနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက်ကြားဆီသို့ ဦးတည်ပျံသန်းသွားကြောင်း စစ်တပ်ရေဒါက ဖမ်းယူရရှိခဲ့သည်။ ရေဒါမှ ပျောက်ကွယ်မသွားမီ လေယာဉ်သည် ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်သည့် သတင်းရပ်ကွက်က စီအင်န်အင်န်သို့ ပြောဆိုခဲ့သည်။

‘‘အရင်က နားမလည်နိုင်ခဲ့တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက်ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ်သောင်းနှစ်ထောင်အနိမ့်မှာ ပျံသန်းတယ်ဆိုတာက လေယာဉ်ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လေယာဉ်မှူးက ပေအနိမ့်ကနေပဲ လေယာဉ်ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ ဟု အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာနမှ ယခင်စုံစမ်းရေး အရာရှိနှင့် လေကြောင်းသုံးသပ်သူ မေရီရှိအာဗိုကရှင်းပြသည်။

သို့သော် အချို့လေ့လာသူများက နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအပေါ် ယုံကြည့်စိတ်ချနိုင်မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲရန် မသင့်သေးဟုဆိုသည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဇုန်ကို ဘာကြောင့်ရှာဖွေရသနည်း။

ဂြိုဟ်တုအချက်အလက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာတွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆိုသည်။ ယင်းကို မလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့သည်ဟုလည်း ဆိုသည်။

အစောပိုင်းသြစတြေးလျနှင့် တရုတ်အာဏာပိုင်များကလည်း အလားတူ ဂြိုဟ်တုပုံများကို ထုတ်ပြန်ခဲ့သည်။ တရုတ် ဂြိုဟ်တုပုံအရ ၇၄ ပေနှင့် ၄၃ ပေအရွယ်ရှိ အရာဝတ္ထုကို တွေ့ရှိရသည်။ သို့သော် သြစတြေးလျ ရှာဖွေရေးအဖွဲ့က အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် မတ် ၂၂ ရက်အထိ တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။

ရှာဖွေသည့်နေရာ တကယ်မှန်ကန်ပါသလား။

အသေအချာတော့လည်း မပြောနိုင်ပေ။ အားလုံးက ခန့်မှန်းချက်နှင့် အနီးစပ်ဆုံး ရှာဖွေနေခြင်းသာဖြစ်သည်။ ရေပြင်တွင် မျောနေသော သစ်ခံပြားနှင့် အခြားပစ္စည်းများကို တွေ့ရုံမျှဖြင့် လေယာဉ်အစိတ်အပိုင်းဟု မပြောနိုင်ကြောင်း လေ့လာသူများကဆိုသည်။ နောက်ဆုံး တွေ့ရှိထားသော အရာဝတ္ထုနှစ်ခုကို လက်ဝယ်ရချိန်တွင် ပို၍တိကျသောအဖြေတစ်ခုခု ထွက်လာနိုင်ပါသည်။

လက်ရှိတွင်မူ ဂြိုဟ်တုမှပုံများနှင့် ဝေဟင်မှပုံများကို အခြေခံပြီး ဖြစ်နိုင်ခြေများကို ခန့်မှန်းနေရချိန်သာ ရှိနေသေးသည်။ မလေးရှားဝန်ကြီးချုပ်က သမုဒ္ဒ ရာအတွင်းသို့ လေယာဉ်ပျက်ကျကြောင်း အတည်ပြုချက်ထုတ်ပြန်ခဲ့သော်လည်း လေယာဉ်ခရီးသည် မိသားစုအားလုံးကမူ လက်မခံကြသေးပါ။ ဆက်လက် ရှာဖွေနေဆဲ အဖွဲ့တစ်ခုခုက တိကျသော အထောက်အထားရရှိချိန်အထိ ဆက်လက်စောင့်မျှော်နေကြဦးမည်ဖြစ်ပါသည်။

(နိုင်ငံတကာ သတင်းဌာနများ၏ ရေးသားချက်များကို ခင်မေဇော် နှင့် ရဲမင်း စုစည်းဘာသာပြန်ဆိုသည်)
Irrawaddy

အပြည့်အစုံသို့ »

အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်းရင်း


အိုင်ဖုန်းဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်ထား ဆဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ iPhone 5S ဟာလည်း လူကြိုက်များပြီး နောက်ထွက်မယ့် iPhone 6 ကိုလည်း မျော်လင့်နေကြ ပါတယ်။


ဒါကြောင့်မို့ iPhone ကို ဘာကြောင့် ကြိုက်ကြသလဲဆိုတာကို အကြမ်းဖျဉ်း အဖြေ ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း ထွက်လာ ပါတယ်။

စတိုင် နဲ့ ဂုဏ် အရှိန်

အခြေခံဆုံး အချက် အနေနဲ့ စတိုင် ကို အရင်ကြည့်ကြပါတယ်။ မြန်မာပြည် က အချို့ ငွေရှိ အသက်ကြီး ပုဂ္ဂိုလ် တွေတောင် i Device များကို ဝယ်သုံးပါတယ်။ သုံးတတ်လို့တော့ မဟုတ် ပါဘူး။ သူ့ရဲ့ စတိုင် နဲ့ ဂုဏ် အရှိန် ကြောင့်မို့ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှ သပ်ရပ် လှပပြီး ဂုဏ်အရှိန် ကြီးတာ ကတော့ စတိဗ်ဂျော့ ကြောင့ ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းနဲ့ စမတ်ဖုန်း လောကကို ပြောင်းလဲသူ ဆိုပြီးတော့ ကြွေးကြော် ထားခြင်းပါ။ အမှန်တော့ စမတ်ဖုန်း လောကကို လမ်းစဖောက်ပေးတာ Apple တစ်ခုထဲ  မဟုတ်ပဲ အခြား ကုမ္မဏီမျာလည်း ရှိနေပေမယ့် Apple ကိုပဲ ပိုမို လူသိ များခဲ့ ပါတယ်။

အကြမ်းခံခြင်း

iPhone ရဲ့ အကြမ်းခံမှုက လူတိုင်း ပြောပါတယ်။ အကြောင်းက အလူမီနီယံ ကိုယ်ထည်ကြောင့်မို့လို့ ဖြစ်ပါတယ်။ သာမန် ကော်ဖုန်း တစ်လုံး ကျရင် ကွဲပေမယ့် အိုင်ဖုန်းက နောက်ကျောကော ရှေ့မျက်နှာပြင်ကော အတော်လေး အကြမ်းခံတာကို လေ့လာ မိပါတယ်။

မျက်နှာပြင် အရည်အသွေး ကောင်း

ဒါကလည်း အစဉ်ဆက် ထိန်းသိမ်းလာတဲ့ အရည်အချင်း ဖြစ်ပါတယ်။ iPhone ရဲ့ ဖန်သား resolution ppi က ဟန်းဆက် အသီးသီး အသစ် ထွက်တဲ့ ခေတ်အဆက်ဆက် မှာ အမြဲတန်း ထိပ်ဆုံး ကနေ ဦးဆောင် ပါတယ်။ Retina Display တို့ကိုလည်း အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

လုံခြုံရေး ကောင်း

အိုင်ဖုန်းတို့ အိုင်ပတ် တို့က ပျောက်သွားရင် Tracking လိုက်ဖို့ အတွက် အတော်လေး လွယ် ပါတယ်။ ပျောက်သွားတဲ့ အလုံးကို တစ်ဖက်က ဖွင့်လို့ အင်တာနက် သုံးပြီ ဆိုတာနဲ့ ကိုယ့် ပျောက်နေတဲ့ အိုင်းဖုန်းဟာ ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူက ဓာတ်ပုံတွေ ဘာတွေရိုက်ရင် Could Storage နဲ့ Sync လုပ်ထားတဲ့အခါ ကိုင်ဆောင်ထားသူရဲ့ ဓာတ်ပုံကိုတောင် အလွယ်တကူ ရနိုင် ပါတယ်။

မြန်ဆန်တဲ့ Processor

အိုင်ဖုန်းရဲ့ Processor မြန်ဆန်ချက်က ဂိမ်းဆော့ရင် ပိုမို သိသာ ပါတယ်။ အထူးသဖြင့် Racing ဂိမ်းတွေမှာ ပိုမို သိသာ ပါတယ်။ Android စမတ်ဖုန်း တစ်လုံးမှာ ဆော့တဲ့ Racing နဲ့ iPhone မှာ ဆော့တဲ့ Racing က မြန်ဆန်မှ သိသိသာသာ ကွာပါတယ်။ Processor ရဲ့ လည်ပတ်မှု မြန်ဆန်ပြီး ကြည်လင်တဲ့ မျက်နှာပြင်နဲ့ ပေါင်းစပ် လိုက်တဲ့အခါ Gaming Device ကောင်း တစ်ခု ဖြစ်လာစေ ပါတယ်။

ကြာရှည်ခံသော အရည်အသွေး

မိတ်ဆွေ သူငယ်ချင်း တစ်ယောက် iPhone ပထမ မျိုးဆက်ကို ယနေ့တိုင် အသုံးပြုနေသေးတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါတယ်။ နောက်ဆုံးပေါ် iPhone တို့လောက် မမြန်ပေမယ့် သူ့ဟာလေးနဲ့ သူ အလုပ်လုပ်နေတာကို တွေ့ ရတော့ iPhone ရဲ့ တာရှည်ခံ၊ အသုံးခံ မှုကို အံ့သြ ခဲ့ရ ပါတယ်။

အထက်ပါ အားသာချက်များပြင် အခြားသော အားသာချက်များလည်း ရှိပါ သေးတယ်။ ထိုနည်းတူစွာ သူ့မှာလည်း အားနည်းချက် များစွာ ရှိပါတယ်။ အဓိကအားဖြင့် ဈေးကြီးတာနဲ့ အသုံးပြုမယ့် App တွေကို ဝယ်သုံးရတာမျိုး၊ country region အရ  အသုံးပြုဖို့ အဆင်မပြေသေးတာမျိုး၊ font ကိစ္စ အဆင်မပြေတာမျိုး၊ Jail Break လုပ်သင့် မလုပ်သင့် ခေါင်းစား တာမျိုး အစရှိသဖြင့် အခက်လေးတွေ၊ အားနည်းချက်လေးတွေလည်း ရှိပါ သေးတယ်။ သို့သည့်တိုင် အိုင်ဖုန်းဟာ လူကြိုက် အများဆုံး၊ အလိုချင်ဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

.
International news for Myanmar

အပြည့်အစုံသို့ »

စစ်တပ်မပါဘဲ နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်ဘူး – အေဘီအက်စ်ဒီအက်ဖ်

ဆလိုင်းယောအောင်

မြန်မာပြည်ရဲ့ နိုင်ငံရေး သမိုင်းအရ၊ နိုင်ငံရေးသဘောသဘာဝအရ စစ်တပ်မပါဘဲ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိဘူး လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပြုလုပ်တဲ့ ဒဿမအကြိမ် ညီလာခံအပြီး ကြေညာ ချက်မှာ ပြောဆို လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ လုပ်ဆောင်နေတဲ့ အပစ်ခတ်ရပ်စဲရေးဟာ စစ်တပ်ကနေ အင်အားမလျော့ချမချင်း ငြိမ်းချမ်းရေးရမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



DVB Burmese

အပြည့်အစုံသို့ »

ဇူကာဘတ်က သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်


မတ်လ ၁၃ ရက်နေ့ကတည်းက ဖေ့စ်ဘုတ် တည်ထောင်သူ မတ်ခ်ဇူကာဘတ် ဟာ အမေရိကန် သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ အတွက် စိန်ခေါ်တဲ့ Status ကို သူ့ကိုယ်ပိုင် Facebook Wall မှာ တင်ခဲ့ ပါတယ်။ ယနေ့အထိလည်း တင်းမာမှု မပြီးဆုံး သေး ပါဘူး။ အကြောင်း အရင်းကတော့ အမေရိကန် အစိုးရရဲ့ Facebook အပေါ် တင်းမာမှု များကြောင့် ဖြစ်ပါတယ်။ ဇူကာဘတ် ရေးထားတဲ့ Status မှ ကို ဘာသာပြန်ပေးရရင် -

"ကမ္ဘာကြီး တစ်ခုလုံးက က တစ်နေ့ထက် တစ်နေ့ ပိုမို ရှုပ်ထွေးလာတယ်။ အစိုးရတွေဟာလည်း ဒီအတွပ် ပိုမို အလုပ်ရှုပ် ရုန်းကန်လာရတယ်။ ဒီလို အချိန်မှာ အင်တနက် အပေါ် ယုံကြည်မှု တည်ဆောက်ခြင်းက ပိုမို အရေးကြီး လာတယ်။

လူသားတွေ ဘဝ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို ဝေမျှရမယ်။ သတင်းပေး ရမယ်။ အခွင့်အလမ်းတွေ ပေးရမယ်။ အဆက်အသွယ် ရှိနေရမယ်။ သင်ယူစရာတွေ ရှိနေရမယ်။ ကျနော်တို့ကို ပိုမို သန်စွမ်းစေ ပြီး ပိုလို လုံခြုံစိတ်ချ ရမှု ရှိစေရမယ်။

ဒါကြောင့်မို့ပဲ ကျနော်တို့ တတွေ့ဟာ Facebook မှာ အချိန်ကုန်ခံ၊ ငွေ အကုန်ခံ၊ အင်အား အကုန်ခံပြီးတော့ လုံခြုံရေးနဲ့ ပက်သက်ပြီးတော့ အင်တာနက် နဲ့ ပက်သက်ပြီးတော့ ပင်ပင်ပန်းပန်း ကြိုးစားနေတာ အားလုံး အသိ ပါပဲ။ ဆက်သွယ်မှု ပေါက်ကြား မသွားအောင် ထိန်းသိမ်းပေးတယ်။ ထရက်ဖစ် တိုင်းအတွက် ပရိုတိုကောတွေ သုံးတယ်။ အသုံးပြုသူတွေ ကိုလည်း လုံခြုံအောင် နည်းအမျိုးမျိုးနဲ့ ကူညီထောက်ပံ့ ဆောင်ရွက် ပေး တယ်။ ဒါကြောင့် Facebook လုပ်နေရာကနေ အင်တာနက်ရဖို့ ဆိုတဲ့ လမ်းကြောင်း အထိလည်း Mission ကိုတိုးလို့ ကျနော်တို့ ကြိုးစားတယ်။

ကျနော်တို့ ဒီလောက် ကောင်းတာတွေ လုပ်နေသလောက် အမေရိကန် အစိုးရရဲ့ ထပ်ခါထပ်ခါ ကျူးလွန်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘာကြောင့်လဲ ဆိုတာကို ကျနော် နားမလည်နိုင်တော့ဘူး။ ကျနော်တို့ဟာ ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်နေတာပါ။ အစိုးရကို ကာကွယ် နေတာ မဟုတ်ပါဘူး။ အမေရိကန် အစိုးရဟာလည်း လူတိုင်း ချစ်တဲ့ အင်တာနက် ဖခင်၊ အရှင်သခင် ဖြစ်ရမှာပါ။ အမြဲ ခြိမ်းခြောက်နေတဲ့ ကြောက်စရာ သတ္တဝါကြီး ဖြစ်နေဖို့ မဟုတ်ဘူး။

သူတို့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ တွေ အတွက် ပိုမို ပွင့်လင်း မြင်သာ ရမယ်။ မဟုတ်ရင် အစိုးရဟာ ပြည်သူအပေါ် မသမာမှုများ ပြုလုပ်နေတယ် လို့ပဲ သတ်မှတ်ကြမယ်။ ကျနော် သမ္မတ အိုဘားမားကို တွေ့ဖို့ အတွက် ခေါ်ထား ပြီးပြီ။ ယခု နဲ့ အနာဂတ်မှာ ကျနော်တို့ရဲ့ လုံခြုံမှုကို ဖျက်ဆီး နေခြင်း အတွက်ပါ။ ကံမကောင်း စွာပဲ ဒါတွေ ပြန်လုပ်ဖို့ အတွက် အချိန် အော်ပြယူရမယ်။

ဒါတွေ အားလုံးက ကျနော်တို့ နဲ့ပဲ သက်ဆိုင်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ အင်တာနက် ကွန်ရက် တည်ဆောက်ဖို့ အတွက်၊ ပိုမို လုံခြုံတဲ့၊ ကြောက်စရာ မရှိ ကင်းရှင်းပြီး လူတိုင်း ယုံကြည်ရတဲ့ ကွန်ရက် တစ်ခု ဖြစ်လာဖို့ အတွက် ကျနော်တို့ ဆက်ပြီး ကြိုးစားသွားမယ်။"

အထက်ပါ အတိုင်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ Facebook, Google, Blackberry, Microsoft, Apple တို့ အပြင် အမေရိကန်အခြေဆိုက် ကမ္ဘာ့ ထိပ်သီး နည်းပညာ ကုမ္မဏီ အဖွဲ့အစည်းများဆီကနေ ပြည်သူ အချက်အလက်များကို တရားဝင် တောင်းဆိုခဲ့ ပါတယ်။ ယင်း တောင်းဆိုမှုအတွက်လည်း အများစုက ဆန့်ကျင်ကြ ပါတယ်။ ယင်း တောင်းဆိုမှုဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုပါ ချိုးဖောက်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကန် အခြေဆိုက် နည်းပညာ ထိပ်သီး ခေါင်းဆောင်များနဲ့ အစိုးရ အဖွဲ့ကြား ဆက်လပ် တင်းမာဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)

အပြည့်အစုံသို့ »

ရဲရိုပင်


မြန်မာနိုင်ငံအရပ်ရပ်၌ အထူးသဖြင့် မိုးများသော ဒေသများ၌ ပေါက်ရောက်လေ့ရှိသော ရဲရိုပင်ကို စားသုံး၍ရသော အရွက်နှင့် အသီးတို့ကြောင့် လူသိများသည်။ ယင်းသည် နီပါးဆေးပင်မျိုးတွင် ပါဝင်၍ နီပါးကြီးဟုလည်း ခေါ်ဝေါ်ကြလေသည်။

ရဲရိုရွက်သည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။ အရသာခါးသော်လည်း လေနိုင်သော အရွက်တမျိုးဟု ဆိုကြသည်။ ငခူ၊ငရံ့ စသည့် ငါးတမျိုးမျိုးကို ရဲရိုရွက်နုဖြင့် ငါးပေါင်းထုတ် လုပ်စားလေ့ရှိကြရာ ရဲရိုရွက်၏ ခါးသက်သက် အရသာကြောင့် ငါးပေါင်းထုတ်သည် ပို၍ အရသာ ထူးကဲသည်။ ထို့ကြောင့် မြန်မာ ငါးပေါင်းထုတ်တွင် ရဲရိုရွက်သည် မပါမဖြစ်သော ပစ္စည်းတရပ်ဖြစ်သည်။ ငါး ပုဇွန် စသည် တမျိုးမျိုးနှင့် ရဲရိုရွက်ကို ငါးပေါင်းကြော်ကြော်၍လည်း စားသုံးကြသည်။ ရဲရိုရွက်နုကလေးများကို မီးအုံး၍၄င်း၊ ရေနွေးဖျော၍၄င်း အတို့အမြှုပ် ပြုလုပ်၍လည်း စားသုံးကြလေသည်။

ရဲရိုရွက်နှင့် အသီးတို့တွင် ပါဝင်သော အာဟာရဓာတ်များသည် အတူတူလိုပင် ဖြစ်သည်။ ယင်းတို့တွင် ဗီတာမင်စီဓာတ်၊ ကလိုရီဓာတ်၊ ရေငွေ့ဓာတ်တို့ တော်တော်များများပါဝင်၍ ထုံးဓာတ်နှင့် သတ္ထုဓာတ်တို့ အတော်အသင့် ပါသည်။ ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်များလည်း အနည်းငယ်စီပါသည်။ ထို့ကြောင့် ရဲရိုရွက်သည် အရသာခါး၍ အသီးသည် အနံ့ပြင်းသော်လည်း အင်အားဖြစ်စေသော အရွက်နှင့်အသီးဟူ၍ ဆိုနိုင်သည်။

မြန်မာဆေးကျမ်းများအလိုမှာ ရဲရိုရွက်သည် ခါး၏။ စဉ်းငယ်ပူ၏။ လေကိုရွှင်စေတတ်၏။ သွေးကို တက်ကြွစေတတ်၏။ ၀မ်းကိုလည်းရွှင်စေတတ်၏။

ရဲရိုသီးသည် ပူစပ်သော အရသာရှိ၏။ စဉ်းငယ်လည်းချဉ်၏။ သွေး သည်းခြေ လေ သလိပ်တို့ကိုနိုင်၏။ အစာမကျေသော အနာ၊ လေလှိုက်တက်သော အနာ၊ လေပူနာ၊ သည်းခြေ လှုပ်ရှားထကြွသော အနာတို့ကို နိုင်၏။ ရဲရိုသီးမှည့်ကို ထန်းလျက်နှင့် နယ်၍ တညဥ့်သိပ်ထားပြီးသည့်နောက် ကောင်းစွာ ခေါက်၍ ဆားအနည်းငယ်ထည့်ပြီးလျှင် သုံးဆောင်ပါက ၀မ်းဖော ၀မ်းရောင်၊ ရင်ကယ်ရောဂါများ ပျောက်ကင်း၍ ရင်ချောင်စေသည်။ ချောင်းဆိုးသော် ပျားရည်နှင့် နယ်၍ စားသုံးက လျင်မြန်စွာ ပျောက်စေတတ်သည်ဟု ဆိုလေသည်။

MOI Webportal Myanmar
မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ မှ ကောက်နုတ်ဖော်ပြပါသည်။

အပြည့်အစုံသို့ »

ခိုးကောင်ကျေးရွာ၌ နွားများသေဆုံး


မော်လူး မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မော်လူးဒေသ သူရောင်း ကျေးရွာအုပ်စု ခိုးကောင်ကျေးရွာတွင် မတ် ၂၂ ရက်က ဒေသခံ တောင်သူများ၏ နွားများ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နွားများ သေဆုံးနေမှု အတွက် အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ကျော်မင်းဦး၏ ညွှန်ကြားမှု အရ ဒု-ဦးစီးမှူး ဒေါက်တာ ဝေဝေမင်းအောင်၊ ဒေါက်တာမြင့်သူတို့က လာ ရောက်၍ စစ်ဆေးခွဲစိတ် ကြည့်ရှုပြီး ခြေပုပ်လက်ပုပ် ရောဂါဖြစ်ကြောင်း ယူဆပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်း များ ဆောင်ရွက် ခဲ့ကြောင်း ခိုးကောင်ကျေးရွာမှ ဒေသခံ တောင်သူများ၏ နွား ၃၃၁ ကောင်၊ သူရောင်း ကျေးရွာမှ ၂၈၂ ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

မြန်မာ့လျှပ်စစ်လုပ်ငန်း ဂျပန် ယန်း ၂၄ ဘီလီယံချေးမည်


သမ္မတဦးသိန်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အား နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့စဉ်။ (မတ်လ ၂၄၊ ၂၀၁၄)

မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးတဲ့ကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားပေးမယ့်အကြောင်း သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံတဲ့အချိန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ရထားပို့ဆောင်ရေးလုပ်ငန်းကို စောင့်ကြည့်တဲ့စနစ်နဲ့ အဆင့်မြင့် ဆေးပညာပိုင်းဆိုင်ရာ ကိရိယာတွေ တပ်ဆင်ဖို့အတွက်လည်း ယန်း ၈ ဘီလီယံ ချေးငှားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး ကီရှီးဒါးက ပြောပါတယ်။ တနင်္ဂနွေက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားရေး ဝန်ကြီး Kishida ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဝန်ကြီးချုပ် ရှင်ဇို အာဘေးအစိုးရတက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး၊ မြန်မာ့စီးပွားရေး ဈေးကွက်ထဲကို ဥရောပ၊ အမေရိကန်၊ တရုတ်နိုင်ငံတို့နဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်ရေးတို့အတွက် ဂျပန်အစိုးရက ယန်းငွေ ၁၆၀ ဘီလီယံနဲ့ညီမျှတဲ့ အကူအညီတွေလည်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံထဲမှာ ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေ ပြန်လည် ရှာဖွေရေးလုပ်ငန်းတွေမှာလည်း မြန်မာအစိုးရဘက်က ကူညီ ပံ့ပိုးပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ကီရှီးဒါးက တောင်းဆိုခဲ့ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဂျပန်စစ်သားပေါင်း ၄ သောင်းခွဲလောက်အထိ မြန်မာနိုင်ငံထဲမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦးအကြား သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

VOA Burmese

အပြည့်အစုံသို့ »