ရင်ခုန်မျှော်လင့်နေတဲ့ Samsung Galaxy S5 သင်္ကြန်ပြီးရင် ရပြီ၊ ကြိုတင်မှာပါတဲ့


ကမ္ဘာကျော် လက်ကိုင်ဖုန်း Samsung က ကြေညာထားတဲ့ Galaxy S5 ကို မြန်မာပြည်မှာ နှစ်ကူး အတာသင်္ကြန်အပြီးမှာ စတင်ရောင်းချတော့မယ်လို့ ပြောလိုက်ပါပြီ။ ဒါပေမယ့် ဧပြီ ၁ရက်နေ ၉ရက် အတွင်း ကြိုတင်မှာသူတွေကိုပဲ သီးသန့်ရောင်းချမှာလို့ဆိုပါတယ်။

ဧပြီ ၁၁ရက်နေ့မှာ တစ်ကမ္ဘာလုံးမှာ စတင်ဖြန့်ချိမှာဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ၁ဝရက်နောက် ကျပြီးမှ ၂၁ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Galaxy S5 ရဲ့ရောင်းဈေးက ကျပ် ၆သိန်း ၄သောင်း ၅ထောင်ဖြစ်ပြီး Gear 2 က ကျပ် ၂သိန်းခွဲ၊ Gear Fit က တစ်သိန်း၈သောင်းဖြစ်တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေကို လူတိုင်းသုံးစွဲနိုင်ဖို့ ဈေးကြီးနေတာကြောင့် နိုင်ငံတကာမှာလို Smart Phone တွေကို ငှားရမ်းသုံးစွဲဖို့ Operator Market ပေါ်လာရင်တော့ လက်ရှိ မိုဘိုင်းလ်ဖုန်းလောက အဆပေါင်းများစွာ ကျယ်ပြန့်သွားနိုင်တယ်လို့ Galaxy S5 မိတ်ဆက်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

အသစ်ထွက်လာမယ့် Samsung Galaxy S5 မှာတော့ နည်းပညာသစ်တွေဖြစ်တဲ့ Rich Tone, HDR Camera, Finger Print Recognition နဲ့ Heart Rate Monitor တို့ပါဝင်လာမှာဖြစ်ပါတယ်။ အရောင်ကတော့ အပြာ၊ အနက်၊ အဖြူနဲ့ ရွှေအိုရောင် လေးမျိုး ရှိပါတယ်။

ဆမ်ဆောင်းအနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လေ့လာပြီး တီထွင်ထားတာကြောင့် လူကြိုက်များမယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ လာမယ့် ဇူလိုင်မှာ ဖုန်းဆင်းကတ်တွေ လွတ်လွတ်လပ်လပ် စတင်ရောင်းချတဲ့အခါ Operator Market ကျယ်ပြန့်လာမယ်လို့ ဆိုပါတယ်။

Kamayut Media 

အပြည့်အစုံသို့ »

သြစတြေးလျက ရရှိသည့် သဲလွန်စသစ်ကြောင့် မလေးရှားလေယာဉ် ရှာဖွေရေးလုပ်ငန်းများ နေရာပြောင်း


မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ် MH370 ပျောက်ဆုံးပြီးနောက် သီတင်းပတ်သုံးပတ်နီးပါး အကြာတွင် လေယာဉ်ရှာဖွေမှု ဧရိယာဗဟိုချက် ပြောင်းလဲသွားပြီဖြစ်သည်။ သြစတြေးလျ အာဏာပိုင်များက ယင်းလေယာဉ်၏ နောက်ဆုံး လှုပ်ရှားမှုများ ဖြစ်ဖွယ်ရှိသော လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သဲလွန်စသစ် ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် လေယာဉ်ရှာဖွေရေး အဖွဲ့များသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၏ ယခင်ရှာဖွေရေးဧရိယာ မဟုတ်သော အခြားဧရိယာသို့ ပြောင်းလဲရှာဖွေခဲ့ကြောင်း သိရသည်။

ရေဒါအချက်အလက်များအား ဆန်းစစ်လေ့လာမှုကို အခြေခံသော နောက်ဆုံးအချက်အလက်များက မလေးရှားလေယာဉ်သည် ရေဒါမှမပျောက်ဆုံးမီ ယခင်ခန့်မှန်းခဲ့သည့် အရှိန်နှုန်းထက် ပိုမိုလျင်မြန်စွာ ပျံသန်းခဲ့သည်ဟု ညွှန်ပြကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားခဲ့သည်။ လေယာဉ်သည် ယခင်တွက်ချက်ခဲ့သည်ထက် လေယာဉ်ဆီ ပိုမိုအသုံးပြုခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ပျံသန်းခဲ့ဖွယ် ရှိသောကြောင့် အကွာအဝေးကို တိုသွားစေသည်ဟု ယူဆရကြောင်း သိရသည်။

နောက်ဆုံး အချက်အလက်များအရ ရှာဖွေရေးအဖွဲ့များသည် ယခင်ဧရိယာ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၁၀၀ (မိုင် ၆၈၀)သို့ ပြောင်းရွှေ့ရှာဖွေနေကြောင်း သြစတြေးလျရေကြောင်း လုံခြုံရေးအာဏာပိုင်အဖွဲ့က မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရှာဖွေရေး ဧရိယာသစ်သည် သြစတြေးလျတိုက်နှင့် ပိုမိုနီးကပ်သဖြင့် ရှာဖွေရေး လေယာဉ်များကို ပိုမိုကြာကြာ ပျံသန်းခွင့် ရရှိစေသည်။

သြစတြေးလျက ၎င်းတို့ရရှိခဲ့သည့် အချက်အလက် အသစ်များကို “အပျက်အစီးများ တည်ရှိနိုင်သော နေရာနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရဆုံး သဲလွန်စ” ဟု ဖော်ညွှန်းခဲ့သည်။ ယခင်ရှာဖွေရေး ဧရိယာတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂြိုဟ်တုများက ရှာဖွေတွေ့ရှိခဲ့သည့် မလေးရှားလေယာဉ် အပျက်အစီးများ ဖြစ်ဖွယ်ရှိသော အရာဝတ္ထုများသည် ဦးစားပေးသဲလွန်စများ မဟုတ်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်နေရာကနေ ပြောင်းရွှေ့ရှာဖွေနေပါပြီ။ အရင်နေရာမှာ ဂြိုဟ်တုတွေက ထောက်လှမ်းတွေ့ရှိ ခဲ့တယ်ဆိုတဲ့ အပျက်အစီးတွေကို ကျွန်တော်တို့ မတွေ့ပါဘူး” ဟု သြစတြေးလျရေကြောင်း အာဏာပိုင်အဖွဲ့ အရေးပေါ် တုံ့ပြန်ရေးဌာန အထွေထွေမန်နေဂျာ ဂျွန်ယန်းက မြို့တော်ကန်ဘာရာတွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

Ref: AFP

News Eleven 



အပြည့်အစုံသို့ »

မြန်မာတိုင်း(မ်) သတင်းထောက်အမှုအပေါ် အပြီးသတ်အမိန့်ချမှတ်




သတင်းထောက် ဦးစည်သူလွင်အား သတင်းပေးခဲ့သည့် မတ္တရာမြို့ခံတစ်ဦးနှင့် အတူ အမှုအား အမိန့်ချမှတ်ပြီးနောက် တရားရုံးပြင်ပတွင် တွေ့ရစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

မြန်မာတိုင်း(မ်)၊ မန္တလေးရုံးခွဲမှ အကြီးတန်း သတင်းထောက် ဦးစည်သူလွင်အား မတ္တရာမြို့နယ်
လျှပ်စစ်ဌာနမှ မြို့နယ်အင်ဂျင်နီယာက စွဲဆိုထားသော အမှုအပေါ် မတ္တရာမြို့နယ် တရားသူကြီးမှ
ယခု မတ်လ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်လိုက်သည်။

ပြီးခဲ့သော ၂၀၁၃၊ မေလကုန်ထုတ် မြန်မာတိုင်း(မ်) သတင်းစာစောင်၊ အတွဲ(၃၂)၊ အမှတ် (၆၂၂)
တွင်ဖော်ပြခဲ့သည့် 'မတ္တရာမြို့ ဗဟိုလမ်းမကြီး၌ ဗို့အားမြင့်ဓာတ်အား လိုင်းကြိုး သွယ်တန်းမည်ကို
မြို့ခံများအပြင်းအထန်ကန့်ကွက်' သတင်း၌ ဖော်ပြချက်များမှာ လျှပ်စစ်ဝန်ကြီးဌာနနှင့် ၀န်ထမ်းများ
၏ဂုဏ်သိက္ခာကို ထိခိုက်သည့်အချက်များ ပါဝင် သည်ဆိုကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
ဦးဉာဏ်ထွန်းမှ ဦးစည်သူလွင် အပေါ် တရားစွဲဆိုခဲ့ရာ၊ တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၀)
အရ စွဲချက်တင်ဖြေရှင်း စေခဲ့သည်။

စတင်အမှုစစ်ချိန်မှစ၍ ရှစ်လခန့်အကြာ၊ ရုံးချိန်းပေါင်း ၂၂ ခုတွင် အမိန့်ချရန် ရုံးချိန်း လေးကြိမ်
မြောက်၌ အပြီးသတ် အမိန့်ချခဲ့ရာတွင်၊ နှစ်ဖက်ကြားနာ စစ်ဆေးချက်များအရ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ (၅၀၀) နှင့် ငြိစွန်းကြောင်းဆုံးဖြတ်ခဲ့ကာ ဦးစည်သူလွင်အပေါ် ဒဏ်ငွေ ကျပ် ၁၀, ၀၀၀
(သို့မဟုတ်) ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဦးစည်သူလွင်က ဒဏ်ငွေကျပ် ၁၀, ၀၀၀ ပေးဆောင်ခဲ့သည်။

"ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာအနေနဲ့ ဦးစည်သူလွင်ရဲ့
အပြစ်ကင်းစင်မှုကို သက်သေထူနိုင်ဖို့ အမြဲကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့ ဆုံးဖြတ်ချက်အပေါ်မှာတော့
အံ့ဩစိတ်ပျက်မိတယ်။ ကျွန်တော်တို့အနေနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး
မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပေမယ့် ကိုစည်သူလွင်ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ ပြောရရင် သူဟာ
စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်တာ၊ သူ့ ကိုယ်ပိုင်အမြင်ကို သတင်းထဲထည့်တာမျိုးမလုပ်ခဲ့ဘဲ
မတ္တရာဒေသခံတွေရဲ့ အမြင်နဲ့ ခံစားချက်တွေကိုသာ ဖော်ပြခဲ့တယ်လို့ ပြောချင်ပါတယ်။
မတ္တရာမြို့နယ် လျှပ်စစ်ဌာနနဲ့ ၀န်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို တစ်စုံတစ်ရာ ထိခိုက်အောင်
ရည်ရွယ်တာ မရှိခဲ့ပါဘူး"ဟု မြန်မာတိုင်း(မ်) မန္တလေးရုံးခွဲမန်နေဂျာ မစ္စတာဂျရမီက အမိန့်ချမှတ်
ပြီးနောက် ပြောသည်။

ကုမ္ပဏီအနေဖြင့် ဦးစည်သူလွင် အမှုနှင့် ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့
ကြောင်း၊ တရားရုံးအမိန့်ချမှတ်သည့်အတိုင်း ဒဏ်ငွေပေးဆောင်ခဲ့ပြီးဖြစ်ကာ ၁၀ လခန့် ကြာမြင့်
နေပြီဖြစ်သောအမှုကို အတိတ်တွင် ထားခဲ့ပြီဖြစ်ကြောင်း ပြောသည်။

ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)


အပြည့်အစုံသို့ »

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစတချို့ ရှာဖွေရေးလေယာဉ်တွေ့ရှိ




ပျောက်နေဆဲဖြစ်တဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာရဲ့ မြောက်ဖက်ရွှေ့ပြီး ရှာနေတဲ့နေရာမှာ အရာဝတ္ထုတွေကို ရှာဖွေရေး လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့ပါတယ်။ Perth မြို့ရဲ့ အနောက်ဖက် မိုင် ၁၁၀၀ ကျော်လောက်က အသစ်ပြောင်း ရှာနေတဲ့ နေရာမှာ အရာဝတ္ထုတွေကို နယူးဇီလန် တော်ဝင်လေတပ်က Orion ကင်းထောက်လေယာဉ် ကနေ တွေ့ရှိခဲ့တယ်လို့ (AMSA) သြစတြေးလျ ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက  ပြောပါတယ်။

လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ကို ပြန်ပို့ပေးပြီး အတည်ပြုနိုင်ဖို့ လုပ်နေပြီလို့ AMSA ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်၊ အဲဒီ့နေရာဆီကို စနေနေ့ မတိုင်ခင်တော့ သင်္ဘောတွေ ရောက်နိုင်မှာ
မဟုတ်ဘူးလို့ ပြောပါတယ်။ ပျောက်နေတဲ့ လေယာဉ်ဟာ အရင်ခန့်မှန်းထားထက် ပိုမြန်တဲ့နှုန်း နဲ့ ပျံသန်းခဲ့ပုံရပြီး လောင်စာကလဲ ပိုစောပြီးကုန်သွားနိုင်တဲ့အတွက်  လေယဉ်ပျံသန်းတဲ့ အကွာအဝေး ပိုတိုခဲ့တယ်လို့ စုံစမ်းစစ်ဆေးနေသူတွေက တွက်ချက်ခဲ့ပြီး ရှာဖွေတဲ့နေရာကို အရင်ရှာနေတဲ့ နေရာထက် မိုင် ၆၀၀ ကျော် အရှေ့မြောက်ဖက်ကို ပြောင်းပြီး ဒီကနေ့ သောကြာနေ့မှာ ရှာဖွေခဲ့ကြပါတယ်။

လေယာဉ်ပျောက်ရှာဖွေရေးအတွက် ရထားတဲ့ သဲလွန်စတွေထဲ မှာ အခုရရှိတဲ့ ရေဒါအချက်အလက်တွေဟာ စိတ်အချရဆုံးဖြစ်တယ်လို့ AMSA အထွေထွေမန်နေဂျာ John Young ကပြောခဲ့ပါတယ်။ အရင်နေရာမှာ ရှာဖွေခဲ့တာကိုလဲ အလဟဿလို့ မမြင်ဘူးလို့ သူကဆိုပါတယ်။

ပင်လယ်ကြီးဟာ ရွေ့လျားနေတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပါတ်တွေတုန်းက ဂြိုလ်တုပေါ်ကနေတွေ့ခဲ့တဲ့ အပိုင်းအစတွေက အခု နေရာသစ်မှာ တွေ့တာတွေနဲ့ တူနိုင်တယ်လို့ မလေးရှားသယ်ယူပို့ဆောင်ရေး ယာယီဝန်ကြီး Hishammuddin Hussein ကပြောပါတယ်။

အရင်ရှာနေတဲ့ နေရာနားမှာ နောက်ထပ် အရာဝတ္ထုတွေမြင်ရတဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို ထိုင်းနဲ့ ဂျပန်နိုင်ငံတွေကနေရရှိထားတယ် လို့လဲ ဝန်ကြီး ဟူစိန်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

ထိုင်းမှာ ရောင်းစားခံ မြန်မာ ၂၁ ဦးကို ကယ်တင်



ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်စက်ရုံမှာ လူပွဲစားတွေကတဆင့် အရောင်းစား ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော်ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ပူးပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မနေ့နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေထဲက အသက် ၁၆ နှစ်အောက် ကလေးငယ် နှစ်ဦးအပါ အဝင် မြန်မာနိုင်ငံသား ၂၁ ယောက် လွတ်မြောက် လာတာဖြစ်တယ်လို့ လူကုန်ကူးသူတွေကနေတစ် ဆင့် ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အခု လို ပြောပါတယ်။

“သမီး ၁၈ ရက်ပဲ ရှိသေးတယ်။ အရင်လုပ်တုန်းက ဟိုး လပ်ဘူရီ နာနတ်ခြံ၊ နာနတ်ခြံမှာ တစ်သောင်း နဲ့ရောင်းပြီး ဒီမှာက ခြောက်ထောင်၊ အဲ့နာနတ်သီးခြံမှာ ရောင်းတာ သမီးနဲ့အတူ သုံးယောက် ဟိုမှာ လင်မယားနှစ်ယောက် ကျန်ခဲ့တယ်၊ အခု သမီးတို့နဲ့ပါလာတာ ရက်ပိုင်းနဲ့ အများဆုံးကြာရင် ၂ လလောက်ပဲ။ သမီးတို့ ဒီမှာ အများကြီးပဲ။ မိန်းခလေးက ၁၁ ယောက် ကလေး တစ်ယောက်ပါတယ်၊ ယောက်ျားလေးလည်း ၁၀ ယောက် ကလေးတစ်ယောက်ပါတယ်။”

လူကုန်ကူးခံခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကယ်တင်နိုင်ခဲ့တာဟာလည်း မတ်လ ၂၆ ရက်နေ့က ထိုင်း မြန်မာနယ်စပ် မြ၀တီမြို့မှာရှိတဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ATIPD က တာဝန်ရှိသူတစ်ဦးကနေပြီး ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်း ကို အကူအညီတောင်းခံလာရာက ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးကျော်သောင်း က ပြောပါတယ်။

“မြ၀တီမြို့မှာ အခြေစိုက်တဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့ လူတစ်ယောက်ကနေပြီးတော့ ဒီ မဟာချိုင် ပုဇွန်အလုပ်ရုံတစ်ရုံမှာ လူကုန်ကူးခံနေရတယ် ဒါကို အကူအညီပေးပါဆိုပြီးတော့ သတင်းအချက်အလက်တွေကို ကျနော် ရယူလိုက်တော့ အဲ့ဒီ အ လုပ်ရုံက ကျနော် ၂၀၁၂-၂၀၁၃ တုန်းက အလုပ်သမား ၇၀ လောက် ပိတ်လှောင်ခံထားရတယ် ဆိုပြီးတော့ ကျနော်တို့ ကယ်ထုတ်ဖို့ ကြိုးစားပြီးတော့ မအောင်မြင်ခဲ့တဲ့ အလုပ်ရုံဖြစ် နေတယ်၊ ဒါကြောင့်မိုလို့ မနေ့က စက်ရုံရှေ့ကို သွားစောင့်၊ အဲဒီထဲက အလုပ်သမားတစ်ယောက်ကို ခေါ်ထုတ် ပြီးတော့မှ ခေါ်ထုတ်လာတဲ့ အလုပ်သမားနဲ့  ဒီ..ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ကို သွားပြီးတော့မှ အကျိုးအကြောင်း သွားပြောပြီးတော့မှ ကယ်ထုတ်လိုက်ကြတာဖြစ်တယ်။”

လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ ဘန်ကောက်မြို့အနီးမှာရှိတဲ့ ပထုန်ဌာနီမြို့က ကယ်ဆယ်ရေးစခန်းမှာ နေရာချပေးထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

RFA

အပြည့်အစုံသို့ »

တရားဥပဒေစိုးမိုးရေး ရန်ကင်းမှာ တောင်းဆိုဆန္ဒပြ



ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်မှာ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့ဆိုပြီး  ရပ်ကွက်နေ လူပုဂ္ဂိုလ်နှစ်ရာလောက်က ဒီနေ့ညနေပိုင်းက ဆန္ဒပြတောင်းဆိုကြပါတယ်။ ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့ ညက ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်မှာ လူငယ် ၂ ဦး မတော်တဆဖြစ်ရာက လူသတ်မှုအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူနေရပ်ကွက်တွေမှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုပြီး ရပ်ကွက်နေပြည်သူတွေ ကြောက်ရွံ့နေကြတဲ့အတွက် သက်ဆိုင်ရာက အရေးယူဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့  အဲဒီရပ်ကွက်မှာနေတဲ့ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုအောင်ကပြောပါတယ်။

"ရပ်ကွက်ဆိုတဲ့ အတိုင်းအတာလေးတစ်ခုမှာတောင်မှ တရားဥပဒေ စိုးမိုးမှုမရှိဘူး၊ အခုကိစ္စက ရပ်ကွက်ထဲမှာ လူတွေနေတယ်၊ အိမ်တွေကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ဟာသာရှိတယ်၊ အဲလိုကြားထဲကတောင်မှ ဒီလူနှစ်ယောက်ဖြစ်တဲ့ကိစ္စကို ဘယ်လိုလူမျိုးတွေက ဝင်ပြီးတော့ တားဆီးမှုလည်းမရှိဘူး၊ ဒီကြားထဲ ရပ်ကွက်ထဲမှာရှိတဲ့ ဆယ်အိမ်မှူးတွေ ရာအိမ်မှုးတွေ ရပ်ကွက်ဥက္ကဌတွေ မြို့နယ်ရဲစခန်းက ရဲအဖွဲ့ဝင်တွေ ဘယ်လိုလူမျိုးမှ တားဆီးမှုမရှိဘဲနဲ့ ဒီလူဟာ သေဆုံးသွားတယ်"

ဒီနေ့ဆန္ဒပြပွဲကို ရန်ကင်းမြို့ ၁၂ ရပ်ကွက် ကန်ဘဲ့ဘူတာရုံလမ်းကနေ ကျောက်ကုန်း၊ ရန်ရှင်းလမ်းနဲ့ သစ္စာလမ်းမတွေပေါ်မှာ လူ နှစ်ရာလောက်နဲ့ စီတန်းလှည့်လည်ခဲ့ကြတာပါ။ ဆန္ဒပြသူတွေက ပြည်သူတွေဘ၀လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေး၊ အနိုင်ကျင့်ဝါဒနဲ့ မင်းမဲ့စရိုက်အလိုမရှိဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

လူသတ်တရားခံကိုတော့ ရန်ကင်းရဲစခန်းက အခင်းဖြစ်ပွားပြီးနောက်နေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

အသက်(၈)နှစ်အရွယ် ကလေးငယ်ကို အဓမ္မကျင့်သည့် နဝမတန်းကျောင်းသား



ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်(၆၉)ရပ်ကွက် ရာဇဓိရာဇ်လမ်း၌ (၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦးကို အိမ်နီးချင်းနေ နဝမတန်းကျောင်းသားတစ်ဦးက အဓမ္မပြုကျင့် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စစ်ဆေးရာဇဓိရာဇ်လမ်းနေ ဒေါ်………အသက်(၆၀)သည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မ…….(၈)နှစ် ဒုတိယတန်း ကျောင်းသူ၏ မိန်းမကိုယ်၌ သွေးများ ထွက်နေခဲ့သည်ကို တွေ့ရကြောင်း၊ ၄င်းမှ မျှော့ကောင်ဝင်သည်ထင်၍ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဓမ္မပြုကျင့်ခံထားရခြင်းဖြစ်သည်ကို သိရှိရကြောင်း မြေးဖြစ်သူကို မေးမြန်းရာ စက်တင်ဘာလ ၁၈ ရက် ညဦးပိုင်းက အိမ်နီးချင်းနေထိုင်သူ နဝမတန်းကျောင်းသား ထစ်ချုန်း(၁၅)နှစ်က မ…….အား လမ်းအတွင်းရှိ လူမနေသော အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်ပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ထစ်ချုန်းအပေါ် အရေးယူပေးရန် ဒေါ်……က တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းက (ပ) ၃၂၈/၂၀၁၃ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်သက်ဝေက ထစ်ချုန်းအား ရဲစခန်း၌ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆရာတော်ဦးဝီရသူ ၏ စာမျက်နှာမှ ကူးယူပါသည်။

အပြည့်အစုံသို့ »