မလေးလေယာဉ် Black Box အချက်ပေး ဖြစ်နိုင်တဲ့အသံ တရုတ်သင်္ဘော ကြားရ




တိုင်ဝမ်ဗုဒ္ဒဘာသာအသင်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ်က ခရီးသည်တွေဘေးကင်းရေး ဆုတောင်းမေတ္တာပို့သနေပုံ။

ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘောတစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။

Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာ ရေအောက်ရောက် Black Box တွေကနေ ထုတ်လွှတ်တဲ့ နိုင်ငံတကာစံသတ်မှတ်ထားတဲ့ radio frequency ကြိမ်နှုန်းဖြစ်ပါတယ်။ တကယ်သာ Black Box က အချက်ပြနေမှုဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပြီဆိုရင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Black Box signal ကို ဖမ်းယူနိုင်မဲ့ စက်ကိရိယာတပ်သင်္ဘောတွေ၊ စစ်သုံးနဲ့ ပုဂ္ဂလိကသုံး လေယာဉ်တွေကို သြစတြေးလျ နိုင်ငံ Perth မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၁,၀၀၀ ကျော်မှာ ဖြန့်ကျက်ပြီး ဒီကနေ့ စနေနေ့မှာ ရှာဖွေနေကြပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ Black Box ရဲ့ Battery ကုန်သွားတော့မှာမို့ ရှာဖွေရေးကို တိုးမြှင့်လုပ်နေကြတာပါ။

Ping လို့ပြောကြတဲ့ Signal ထုတ်လွှတ်ပေးနေတဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာရဲ့ Battery ဟာ တနင်္လာနေ့လောက်အထိပဲ ခံတော့မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ Kuala Lumpur မြို့ကနေ Beijing မြို့ဆီအသွား လမ်းမှာ လေယာဉ်ပျောက်သွားတာ တနင်္လာနေ့မှာ ရက်ပေါင်း ၃၀ ပြည့်မှာဖြစ်ပါတယ်။

နိုင်ငံစုံပါဝင်တဲ့ လေယာဉ်ရှာဖွေရေးကို အကြီးအကျယ် လုပ်နေကြပေမဲ့လဲ ခုချိန်ထိတော့ လေယာဉ်နဲ့ပတ်သက်တဲ့ ဘာပစ္စည်းကိုမှာ ရှာမတွေ့ကြသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

AEC အာစီယံ စီးပွားရေး အသိုက်အဝန်းကို ရင်ဆိုင် နိုင်ဖို့ ပြင်ဆင်




အာစီယမ် နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ ဟာဝိုင်ယီမှာ တွေ့ဆုံ

၂၀၁၅ ခုနှစ် ကျရင် စတင် ကျင့်သုံးတော့မယ့် AEC အာစီယံ စီးပွားရေး အသိုက်အဝန်းကို ရင်ဆိုင် နိုင်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ဖက် တံခါးပေါက် မြဝတီမြို့မှာ လုပ်ငန်းရှင်တွေ အတွက်၊ အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပါရမီ စွမ်းအင် ကုမ္ပဏီက ပြုလုပ်ပေးခဲ့ပါတယ်။

လက်ရှိမှာ၊ ထိုင်းအပါအဝင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စကာပူနဲ့ ဂျပန်နိုင်ငံတွေက ကုန်ပစ္စည်းတွေ မြဝတီကတဆင့် မြန်မာနိုင်ငံထဲကို တင်သွင်းနေတာ ဖြစ်ပါတယ်။

မြန်မာ့ ထွက်ကုန်တွေကို ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေကို တင်ပို့နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြစ်နေပါတယ်။

ဒါကြောင့် AEC အာစီယံ စီးပွားရေး အသိုက်အဝန်းကို ကျင့်သုံးမယ့် အချိန်မှာ ဒေသတွင်းက လုပ်ငန်းရှင်တွေ အသင့်ဖြစ်နေအောင် ကြိုတင်ဆောင်ရွက်နေတာလို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဉီးဇော်မင်းက ပြောပါတယ်။

AEC ကျင့်သုံးမယ့် ၂၀၁၅ ခုနှစ်ရောက်ဖို့ တနှစ်ပဲလိုပါတော့တဲ့ ဒီအချိန်မှာ မြဝတီမြို့မှာ အလုပ်ရုံ ဆွေးနွေးပွဲဟာ အခုတကြိမ်ပဲ လုပ်ရပါသေးတာ ဖြစ်ပြီး ထိုင်းဖက် မဲဆောက်မှာတော့၊ လုပ်ငန်းရှင်တွေ ဒေသတွင်း လူထုတွေ၊ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးဌာနတွေ အပြင်၊ လိုင်းကား၊ တက္ကစီသမားတွေ၊ စားသောက်ဆိုင်၊ လက်လီဆိုင်၊ ကုန်တိုက် စတဲ့လုပ်ငန်းတွေက ဝန်ထမ်းတွေကိုပါ လေ့ကျင့် ပေးထားပြီး ဖြစ်နေပါတယ်။

အခု အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်တဲ့ ကုမ္ပဏီ အရာရှိတယောက်က သူတို့အနေနဲ့လည်း အဆင့်သင့် ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် AEC ကျင့်သုံးတဲ့ အချိန်မှာ ကုန်သွယ်၊ စီးပွား၊ လူမှုရေး၊ ပညာရေး စတာတွေအပြင်၊ အခုလို နယ်စပ်တွေမှာ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ တခြားမှောင်ခိုလုပ်ငန်းတွေပါ ဖြစ်ပွားနိုင်တာကြောင့်၊ လုံခြုံရေးကဏ္ဍဍ၊ ရဲလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍဍ၊ တရားရေးကဏ္ဍဍတွေအတွက် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်သလို၊ နှစ်နိုင်ငံရဲအဖွဲ့တွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေ ပူးပေါင်းဆောင်ရွက်မှု စတဲ့ ကဏ္ဍဍတွေကိုလည်း အသင့်ဖြစ်အောင် ဆောင်ရွက်ထားဖို့ လိုတယ်လို့ နယ်စပ်က အကဲခတ်တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)




အပြည့်အစုံသို့ »

ဦးလေးလင်မယားက တူမကို တရုတ်နိုင်ငံသို့ ရောင်းစား



ကျောက်ဆည်မြို့နယ်၊ မြင်းစိုင်းမြို့သစ်နေ အသက်(၂၀)အရွယ် မိန်းကလေးကို ဦးလေးလင်မယားက မူဆယ်တွင်အလုပ်ရမည်ဆိုကာ တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သဖြင့် ပြစ်မှုကျုးလွန်သူများအား ဧပြီ ၁ ရက်က ကျောက်ဆည်မြို့မရဲစခန်းက လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

 ဦးလေးလင်မယားက မူ ဆယ်တွင် အလုပ်ရမည်ဟု စည်း ရုံးပြောဆိုပြီး ကြိုတင်ငွေကျပ်နှစ် သိန်းခွဲကို မိခင်ဖြစ်သူအားပေးပြီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 မူဆယ်သို့အရောက်တွင် တရုတ်နိုင်ငံနေ မနန်ကွယ်ဆိုသူ ကရွှေလီမြို့သို့ခေါ်ဆောင်ခဲ့ပြီးရွှေလီမှတဆင့် လိုင်းရင်း-ဂျန်ဟောင်မြို့များသို့ ခေါ်ဆောင်သွားခဲ့သည်။ တစ်လခန့်အကြာတွင် ဦး လေးလင်မယားက မိန်းမလေး၏ မိခင်ထံငွေကျပ် ၁၇ သိန်းခွဲလာပေးပြီး သမီးဖြစ်သူအိမ်ထောင်ကျသွားသဖြင့် တင်တောင်းငွေဟု ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံတွင် တရုတ်လူမျိုးနှင့် အိမ်ထောင်ကျနေကြောင်း သိရသည့်အတွက် မိခင်က ကျောက်ဆည်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ရောင်းစားခြင်းခံရသူ အမျိုး သမီးငယ်အား ကယ်တင်နိုင်ရေး နှင့် တရားခံမနန်ကွယ်အား ဖမ်း ဆီးရမိရေးအတွက် အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မူဆယ်မှ ရွှေလီနယ်စပ်ဆက်ဆံရေးရုံးအဖွဲ့ BLO နှင့်ဆက်သွယ်ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

Author: ကျော်ဇေယျ

7Day Daily

အပြည့်အစုံသို့ »

မြို့နယ်အဆင့် NLD လူငယ်ညီလာခံများ ကျင်းပပြီးစီး



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို လူငယ်ညီလာခံကို ကျင်းပနိုင်ဖို့အတွက် မြို့နယ်ပေါင်း ၁၀၀ ကျော်လောက်မှာ မြို့နယ်အဆင့် လူငယ်ညီလာခံတွေ ကျင်းပပြီးစီးနေပြီလို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်ခေါင်းဆောင်တွေ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ အခုလို မြို့နယ်အဆင့်တွေမှာ ညီလာခံတွေ ကျင်းပနေတာဖြစ်ကြောင်း NLD လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်ရဲ့ အတွင်းရေးမှူး ကိုစခင်ဇော်လင်းက ပြောပါတယ်။

“နိုင်ငံမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်ကောင်းတွေ ပေါ်လာဖို့အတွက်ပေါ့နော် ကျနော်တို့ ဒီညီလာခံကို ကျင်းပရတာဖြစ်တယ်၊ နောက်တစ်ခု စနစ်တကျ လူငယ်အဖွဲ့အစည်းတွေ ပေါ်လာပြီးတော့ အဖွဲ့ချုပ်နဲ့ ဆက်သွယ်ပြီးတော့ပေါ့လေ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရှေ့ရေးပေါ့နော်၊ ကိစ္စရေးရာတွေကိုလုပ်နိုင်အောင် စနစ်တကျ လူငယ်အဖွဲ့အစည်းတစ်ခုကို ပြန်ဖို့တာပေါ့”

NLD မြို့နယ်အဆင့် လူငယ်ညီလာခံကို မြို့နယ်ပေါင်း ၂၈၀ လောက်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ မြို့နယ် ၁၀၀ ကျော်လောက်သာ ပြီးစီးသေးကြောင်း သိရပါတယ်။

NLD ဗဟို လူငယ်ညီလာခံကိုတော့ လာမယ့် မေလကုန်ပိုင်းလောက်မှာ ကျင်းပသွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံနိုင်ဖို့ လူငယ်တွေထဲကပဲ ဦးစားပေးရွေးချယ်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် အတွင်းရေးမှူး ကိုစခင်ဇော်လင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

အပြည့်အစုံသို့ »

တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ



Written by:
နေပြည်တော်သတင်းအဖွဲ့
နေပြည်တော် စိန်တလုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန် လုပ်ကွက် ၁ နယ်မြေအား တွေ့ရစဉ်
တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဝရမ်းထပ်မံ ထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာများတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ပြီးနောက် ဘုန်းကြီးကျောင်းမြေနေရာများတွင် အချို့ဘုန်းကြီးကျောင်း နေရာများအား လျော်ကြေးပေး ၀ယ်ယူခြင်းများပြုလုပ်ပြီး ခြံစည်းရိုးများခတ်ကာ သရက်ဇုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဝါမြိုင်ကျောင်းဆရာတော် ဦးပညာလင်္ကာရက “ဘုန်းဘုန်းက မနေ့က ရုံးချိန်းမှာမပါဘူး။ ဓမ္မာစရိယလည်း အောင်ထားပြီးပါပြီ။ ဒီနေ့ ၀ရမ်းလာကပ်တယ်။ သူတို့ အင်အားသုံးဖယ်ရှားမယ့်နေ့ကို စောင့်ပြီးရင်ဆိုင်မယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရဲတွေလာပြောတယ်။ ဖယ်ပေးရင်ပေး မပေးရင် ဖမ်းဆိုပြီး ၀ရမ်းလည်းကပ်သွားတယ်”ဟု မိန့်ကြားခဲ့သည်။

ယင်းကဲ့သို့ ဖယ်ရှားခိုင်းသည့် ဘုန်းကြီးကျောင်းများအနီးရှိ ဘုန်းကြီးကျောင်းများအား ခွင့်ပြုချက်နှင့်အညီ ဆက်နေခွင့်ရထားသည့် ဘုန်းကြီးကျောင်းများမှာ သုခမြင့်မိုရ်ကျောင်း၊ ရွှေရတနာလကျောင်း၊ ကောသိကာရုံကျောင်း၊ သီရိမင်္ဂလာကျောင်း၊ သာသနာ့ဝေပုဏ္ဏကျောင်းများဖြစ်ကြောင်း သိရသည်။

“အဲဒီကျောင်းတွေကိုကျတော့ ဘာလို့ခွင့်ပြုချက်နဲ့အညီဆိုပြီး နေခွင့်ပေးထားတာလဲ။ အဲဒီကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ဘုန်းဘုန်းတို့နဲ့က ဓမ္မာစရိယဘွဲ့ ရထားတာအတူတူပဲ။ အချို့ကျောင်းထိုင်တွေက အသက်ကြီးမှဝတ်တဲ့ ဘုန်းကြီးတွေတောင်ပါတယ်။ မနေ့က ရုံးချိန်းနေ့မှာ ဘုန်းဘုန်းက ဓမ္မာစရိယဂုဏ်ထူးတန်း ဖြေဆိုနေတာ။ ကျမ်းရင်းသုံးခုက အောင်ပြီးသွားပါပြီ။ ဒီနေ့ ရုံးချိန်းအဖြစ် ၀ရမ်းလာကပ်သွားတယ်။ ဘုန်းကြီးကတော့ မသွားတော့ဘူး။ သူတို့လာ ဖမ်းရင်လည်း ရင်ဆိုင်သွားမယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော်က “သတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဒီဘုန်းကြီးကျောင်းတွေက ဆရာတော်တွေက စာမတတ်၊ ပေမတတ်လို့ ဖော်ပြထားတာတွေက အမှားတွေပါ။ ဒကာ၊ ဒကာမ တွေ အကြည်ညိုပျက်အောင် ဖော်ပြထားတာဖြစ်တယ်။ ဦးဇင်းတို့မှာ အောင်လက်မှတ်တွေလည်း ရှိတယ်။ ဒီနေရာတွေက အရင်ကတောင်သူတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ နေရာတွေဖြစ်တယ်။ တောင်သူတွေလှူခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

နေပြည်တော်တိုင်း သံဃမဟာနာယက အဖွဲ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နေထိုင်ရန် အကျိုးတော်ဆောင်ဆရာတော်က မိန့်ကြားခဲ့ကြောင်း၊ နိုင်ငံတော်သံဃနာယကအဖွဲ့၏ စာအမှတ်များအရ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့မှ စိစစ်ဆောင်ရွက်၍ ပြန်လည်တင်ပြရန်ဆိုသည့် ဆုံးဖြတ်ချက်အရ ဆောင်ရွက်မှု မပြီးဆုံးသေးသောကြောင့်လည်းကောင်း၊ မြို့နယ်သီးခြား သံဃ၀ိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုသေးခြင်း ဖြစ်ကြောင်း၊ လေးစားလိုက်နာမှု မပြုခြင်းမဟုတ်ကြောင်း တရားသူကြီးမင်းထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း ရွှေဝါမြိုင်ကျောင်းဆရာတော်က မိန့်ကြားခဲ့သည်။

ကျူးကျော်ဘုန်းကြီးကျောင်းဟု သတ်မှတ်ပြီး တရားရင်ဆိုင်ခဲ့သည့် ဘုန်းကြီးကျောင်း သုံးခုဖြစ်သည့် သာသနာ့အောင်လံကျောင်း၊ ဓမ္မရက္ခိတကျောင်း၊ ဗုဒ္ဓရတနာကျောင်းများမှ ကျောင်းထိုင်ဘုန်းကြီး သုံးပါး အား လူဝတ်လဲကာ ထောင်ဒဏ်ခြောက်လ သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း အား ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ထားသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ၂၄ ကျောင်းမှာ ဓမ္မရက္ခိတကျောင်း၊ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ရာမညကျောင်း၊ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ နန္ဒာရာမကျောင်း၊ သပြေညိုကျောင်း၊ လှမေတ္တာကျောင်း၊ ရတနာ့သိဒ္ဓိကျောင်း၊ ဝေဠုဝန်ကျောင်း(ဥတ္တရသီရိမြို့)၊ ဇေယျာမြိုင်ကျောင်း၊ အဓိဋ္ဌာန်ကျောင်း၊ မဟာမြိုင်ကျောင်း၊ ပဏ္ဍိတာရာမကျောင်း၊ နန္ဒာရာမကျောင်း (ဥတ္တရသီရိမြို့)၊ ငှက်ပျောတောကျောင်း၊ ဝေဠုဝန်ကျောင်း(ဇမ္ဗူ/ဒက္ခိဏသီရိ)၊ လှေဆွဲမြှောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်း၊ မိတ္ထီလာကျောင်း၊ သာသနာ့အောင်လံကျောင်း၊ ဗုဒ္ဓရတနာကျောင်းများဖြစ်ကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အဆိုပါဘုန်းကြီးကျောင်းများသည် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်းတွင် တည်ရှိကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်ဖို့ဆိုတာ ရေစက်ချပြီး လှူရတယ်။ ပြီးတော့ ကျောင်းသိမ်သမုတ်ရတယ်။ကျောင်းသိမ်သမုတ်တဲ့အခါမှာလည်း အရည်အချင်းရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး သိမ်သမုတ်ရတယ်။
သိမ်သမုတ်ပြီးလို့ ကျောင်းဖြစ်သွားရင် ဘယ်သူမှ ဘာမှလုပ်လို့မရဘူး။ နိုင်ငံတော်ကလည်း မပိုင်တော့ဘူး။ အဲဒီလိုဘာသာသာသနာပိုင်ကျောင်းဖြစ်သွားရင် ကျောင်းတို့၊ မြေတို့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သံဃ၀ိနိစ္ဆယ(တစ်နည်း) (သံဃာ့တရားရုံး) တရားရုံးတွေနဲ့သာ ဖြေရှင်းရတယ်။ သံဃနာယက ဆရာတော်တွေနဲ့သာ အရေးယူဆောင်ရွက်ရပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုလို ရာဇ၀တ်မှုမျိုးတွေကို သံဃာတွေက ကျူးလွန်ရင်သာ ရာဇ၀တ်တရားရုံးတွေမှာ ဖြေရှင်းရတာပါ။ ”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ တာဝန်ခံအမှုဆောင်တရား လွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောကြားသည်။          

news-eleven

အပြည့်အစုံသို့ »

အင်္ဂလိပ်စာလုံးပေါင်း ထူးချွန်သူ မြန်မာကျောင်းသား




အင်္ဂလိပ်စာ စာလုံးပေါင်းပြိုင်ပွဲမှာ ထူးချွန်ပြီး တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရမယ့် (၇) တန်းကျောင်းသား မောင်လွင်မိုးအောင်။

အမေရိကန်ပြည်ထောင်စုတခုလုံးက လက်ရွေးစင်ကျောင်းသားတွေ လာပြိုင်ကြမယ့် နိုင်ငံလုံးအဆင့် Natioanal Spelling Bee စာလုံးပေါင်း ပြိုင်ပွဲကို ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ အမေရိကန်ရောက် မြန်မာကျောင်းသားလေး တစ်ယောက်လည်း ပါဝင်ပါတယ်။

ဒီကျောင်းသားလေးကတော့ Indiana ပြည်နယ် Fort Wayne မြို့က Lutheran South Unity School မှာ ၇ တန်းတက်နေတဲ့ မြန်မာကျောင်းသားလေး မောင်လွင်မိုးအောင်ဖြစ်ပါတယ်။ မောင်လွင်မိုးအောင် အခုလို နိုင်ငံလုံးအဆင့် စာလုံးပေါင်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

 အသက် ၁၂ နှစ်ပဲ ရှိသေးတဲ့ မောင်လွင်မိုးအောင်ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ လာမယ့် မေလ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပမယ့် နိုင်ငံလုံးအဆင့် National Spelling Bee ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ သူက Indiana ပြည်နယ်(မြောက်ပိုင်း)  နဲ့ Ohio ပြည်နယ် (အနောက်မြောက်ပိုင်း) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်သူဖြစ်ပါတယ်။ အမေရိကန်-မြန်မာ ကလေးတစ်ဦး အခုလို ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်လာအောင် မိဘတွေရဲ့ ပညာရေး မျှော်မှန်းချက်ကြီးမားစွာနဲ့ ပံ့ပိုးကူညီပေးခဲ့တာ ဖြစ်ပါတယ်။

အခုလိုကျောင်းအဆင့်၊ ပြည်နယ်အဆင့်တွေမှာ မောင်လွင်မိုးအောင် ဗိုလ်စွဲနိုင်ခဲ့တဲ့အပေါ် ဖခင်ဖြစ်သူ ဦးသန်းအောင်က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“သူက ကျောင်းမှာ Spelling Bee ကို လေးနှစ်ဆက်တိုက် အနိုင်ရပြီး ဖြစ်ပါတယ်။ County (စီရင်စု) မှာ တက်ပြိုင်ရပါတယ်။ သူ့ကျောင်းအနေနဲ့ ကိုယ်စားပြုပြီး သွားပြိုင်ရပါတယ်။ ကျောင်းအနေနဲ့ပြိုင်တဲ့အခါကျ သူက County မှာ ဒုတိယအကြိမ် ဗိုလ်စွဲခြင်း ဖြစ်ပါတယ်။ ဒီနှစ်လည်း County မှာ တစ်ခါ ဗိုလ်စွဲသွားတဲ့အတွက် Reginal ကို သူပြိုင်ရတာ။ ရီဂျင်နယ်မှာ နိုင်သွားတဲ့အတွက် National ကို တက်ရမှာ ဖြစ်ပါတယ်။ နေရှင်နယ်ကို တက်ရမှာဖြစ်လို့ ဝါရှင်တန်ဒီစီကို သွားဖို့ ဖြစ်လာပါတယ်။”

နိုင်ငံလုံးအဆင့် National Spelling Bee ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း မောင်လွင်မိုးအောင်နဲ့အတူ စာလုံးတွေကို အတူလိုက်ကျက်မှတ်လေ့လာနေတဲ့ အမဖြစ်သူ မမိုးမိုးအောင်က ပြောပြပါတယ်။

“သူ ကျောင်းမှာ နိုင်သွားတော့ Word တွေရှိတဲ့ Different Origin တွေ ပေးထားတယ်လေ။ အဲဒီ Words (စကားလုံးတွေ) သမီး ကွန်ပြူတာထဲမှာ Spelling CD ထဲမှာ ထည့်ပြီး သူ့ကို ပေးကျက်တယ်လေ။ အဲဒီကနေ မပြိုင်ခင် သမီးသူ့ကို ပြန်မေးတယ်။ သမီးတို့ Spelling CD တွေမှာ Definition တွေ အကုန်လုံး သိရတယ်လေ။ Spelling Words တွေ Definition လိုက်ရှာပြီးတော့ အဲဒီဝဘ်ဆိုဒ်ထဲမှာထည့်တယ်။ သူက ပြန်ပေးကျက်ရတယ်။ အခု ပိုကျက်နေရတယ်။ သူ့ဟာက အဲဒီလောက် အချိန်မရှိတော့ဘူးလေ။ သူ လုပ်နိုင်သလောက် လုပ်တယ်လေ။ တအားလည်း (Push မလုပ်ချင်ဘူး)မတွန်းချင်ဘူးလေ။”


Spelling Bee စာလုံးပေါင်းပြိုင်ပွဲမှာ တကျောင်းလုံးအဆင့် လေးတန်းကနေ ခုနှစ်တန်းအထိ လေးနှစ်ဆက်တိုက် ဆုဆွတ်ခူးခဲ့ပြီး ပြည်နယ်လုံးဆိုင်ရာအဆင့်မှာ နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ မောင်လွင်မိုးအောင်က သူ့အနာဂတ်အတွက် မိဘတွေဖြစ်စေချင်တဲ့အတိုင်း ကျောင်းပညာရေးကို တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့ပြီး အခုလာမယ့် ဝါရှင်တန်ဒီစီပြိုင်ပွဲအတွက် နာရီနဲ့ချီပြီး လေ့ကျင့်နေတယ်လို့ အခုလိုပြောပါတယ်။

“နိုင်သွားတာ သိပ်ပျော်တယ်။ ရင်တုန်နေတယ်။ လေ့ကျင့်တာ Hours everyday.”

အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ခွင့်ရသူတွေမို့ မြန်မာကလေးတွေ ပညာရေးကို အလေးအနက်ထား ကြိုးစားလာစေချင်တယ်လို့ ဦးသန်းအောင်က ပြောပါတယ်။

“ကျနော်ကတော့ အမေရိကားကို လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် အင်မတန်လည်း သွားချင်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် အမေရိကားကို ရွေးလိုက်တာပါ။ ဒီလိုမျိုးရောက်လာပြီးတော့ ဒီနိုင်ငံမှာ အခြေချ နေထိုင်ဖြစ်တာပါ။ ကျနော်တို့မိသားစုရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ Plan ပေါ့နော်- သူတို့အတွက် ဘယ်လို ရည်ရွယ်ချက် ထား ထားသလဲဆိုတော့ ပညာရေးမှာ ကျနော်တို့လိုချင်တဲ့ A+ Student ဖြစ်ဖို့ သူတို့ကို ကျနော်တို့က အမြဲတမ်းပြောထားပါတယ်။ အဲဒီအတွက်ကို သူတို့ ကြိုးစားပေးပါတယ်။

"ကျနော်တို့က ဒီကလေးတွေကို ကျူရှင်တွေ ဘာတွေ မထားပါဘူး။ ကျနော်တို့ဇနီးမောင်နှံနှစ်ယောက်လည်း တတ်သလောက် မှတ်သလောက် ကျနော်တို့သင်တယ်။ သမီးကြီးဆို အထက်တန်းကျောင်းရောက်လာတဲ့အတွက် သူ့ရဲ့ပညာရေးက မြင့်လာတဲ့အတွက်ကို တချို့ဟာတွေက ကျနော်တို့ထက်ကို ပိုသိတယ်လေ။ သိတဲ့အခါကျ သူ့ကိုပဲ အကူအညီတောင်းပြီးတော့ အကုန်လုံးကို Working together လုပ်ပါတယ်။”

မောင်လွင်မိုးအောင်ရဲ့ ဖခင်ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ မိခင်ဖြစ်သူကတော့ ဒေါ်အေးအေးနွယ်ဖြစ်ပါတယ်။ ၁၉၉၉ခု နှစ်ကတည်းက မြန်မာဒုက္ခသည်တွေအဖြစ် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိအခြေချခဲ့ကြပြီး မွေးချင်းသုံးဦးအနက် အစ်မဖြစ်သူ မမိုးမိုးအောင်နဲ့ ညီငယ် စိုးမိုးအောင်တို့ကလည်း ထူးချွန်ကျောင်းသူ၊ ကျောင်းသားတြွေုဖစ်ကြပါတယ်။

VOA

အပြည့်အစုံသို့ »

မြန်မာ့လေကြောင်း မတော်တဆဖြစ်မှုများ နဲ့ မလေးလေယာဉ်ပျောက်နောက်ဆုံးအခြေနေ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို သီတင်း ၃ ပါတ်ကြာတဲ့အထိ မတွေ့သေးပါဘူး။  လေယာဉ်ပျောက်ဆုံးမှုဟာ စက်ချို့ယွင်းမှုကြောင့်ဖြစ်စေ၊ လေယာဉ်မောင်းသူတွေရဲ့ ဆုံးဖြတ်ချက်မှားလို့ ဖြစ်စေ တစုံတယောက်က လေယာဉ်အပိုင်စီးပြီး လိုသလိုခိုင်းလို့ဖြစ်စေ ဖြစ်နိုင်ချေ အမျိုးမျိုး ရှိတဲ့ထဲက လေယာဉ်အပိုင်စီးတာကြောင့်လို့ ထင်သူတွေ ပိုများလာနေတာပါ။  ဒီလေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ရချိန်မှာ မူလပျံသန်းတဲ့ လမ်းကြောင်းကနေ  acute angle လို့ခေါ်တဲ့ ရုတ်တရက် ဒေါင့်ချိုးပြီး ကွေ့သွားတာ ဟာ လေယာဉ်ပျက်လို့ မဖြစ်နိုင်ဘူးလို့ အင်ဂျင်နီယာ ဦးကျော်သန်းကပြောပါတယ်။
ဘာဘဲပြောပြော လေယာဉ်ပျံမှာ တပ်ဆင်ထားတဲ့ black box က အချက်ပေးစံနစ် သုံးနိုင်ဖို့ ထည့်သွင်းထားတဲ့ ဘက်ထရီအားဟာ တလပဲ ခံတာမို့ ရှာဖွေသူတွေ အပြင်းအထန် ကျိုးစားနေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၇၂ ခုနှစ်က သံတွဲမှာ ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လိုက်ပါသွားသူ အယောက် ၃၀ လောက်မှာ ၃ ဦးလောက်ပဲ အသက်ရှင်ကျန်ရစ်တာကလွဲလို့ ကိုယ်တိုင်စစ်ဆေးခဲ့တဲ့  လေယာဉ်မတော်တဆဖြစ်မှု တွေမှာ သေဆုံးမှု မတွေ့ခဲ့ရဘူးလို့ ဦးကျော်သန်းကပြောပါတယ်။

VOA

အပြည့်အစုံသို့ »