တရုတ် တည်ဆောက်သည့် ရွှေလီ(၁) ရေအားလျှပ်စစ်စက်ရုံက မြန်မာမှ ၀ယ်ယူနေသည့် ဓာတ်အားခဈေးနှုန်းကို ယခင်ထက် တစ်ယူနစ် ၁၀ ကျပ် ၀န်းကျင်အထိ ထပ်မံတိုးတောင်း



တရုတ်နိုင်ငံ YUPD ကုမ္ပဏီလီမိတက်သို့ တည်ဆောက်လုပ်ကိုင်ခွင့်ပြုခဲ့သော ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာမှ ၀ယ်ယူနေသည့် လျှပ်စစ်ဓာတ်အားများအပေါ် ယခင်ကထက် တစ်ယူနစ်လျှင် ၁၀ ကျပ်ဝန်းကျင်အထိ ထပ်မံတိုးတောင်းထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ သိရသည်။

ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီ(၁)ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်ထံမှ မြန်မာနိုင်ငံအနေဖြင့် ဓာတ်အားများ ၀ယ်ယူရာတွင် တစ်ယူနစ်လျှင် ယခင်က ၀ ဒသမ ၁၈၉ ယွမ်(ယခု ငွေလဲနှုန်းဖြင့်ဆိုပါက ၃၀ ကျပ်ဝန်းကျင်၊ ၂၀၁၂ ငွေလဲနှုန်းဖြင့်ဆိုပါက ၂၇ ကျပ်ဝန်းကျင်) ဖြင့် ၀ယ်ယူခြင်းဖြစ်သည်။

ယခုအခါ ရွှေလီ(၁)ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံမှ ၀ယ်ယူသည့် လျှပ်စစ်ဓာတ်အားခအပေါ် တစ်ယူနစ်လျှင် နွေရာသီဆိုပါက ၀ ဒသမ ၂၄၁ ယွမ်(မြန်မာကျပ်ငွေ ၃၉ ကျပ် ကျော်အထိကျသင့်)အထိ တိုးတောင်းလာခြင်း ဖြစ်သည်။

ထို့အတွက် ယခင် ဓာတ်အားခနှုန်းထားထက် ၂၈ ရာခိုင်နှုန်း ပိုမိုတောင်းခံခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေဖြင့်ဆိုပါက ယခင်က ထက် ၁၀ ကျပ်ဝန်းကျင်အထိ တိုးတောင်းခြင်းဖြစ်သည်။

ရွှေလီ(၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်သည် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းသို့ ဓာတ်အားရောင်းချသည့်အပြင် တရုတ်နိုင်ငံ China Southern Power Grid Yunan International Co.,Ltd သို့လည်း စာချုပ်ချုပ်ဆို၍ ရောင်းချလျက်ရှိသည်။

မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့ အကြား ချုပ်ဆိုထားသည့် စာချုပ်တွင်“ရွှေလီ ရေအားလျှပ်စစ်ကုမ္ပဏီထံမှ China Southern Power Grid Yunan International Co.,Ltd သို့ ရောင်းချသည့် ဓာတ်အားရောင်းဝယ်မှုဈေးနှုန်းကို ပြင်ဆင်ပါက မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းက ၀ယ်ယူသော ဓာတ်အားရောင်းဝယ်မှုဈေးနှုန်းကို ပြင်ဆင်ရမည်” ဟူသော အချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီလီမိတက် ထံမှ China Southern Power Grid Yunan International Co.,Ltd က ၀ယ်ယူသော ဓာတ်အား နှုန်းကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက ပြင်ဆင်လိုက်သည့်အတွက် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၀ယ်ယူနေသည့် ဓာတ်အားခကိုလည်း ပြင်ဆင် သတ်မှတ်ရမည်ဖြစ်ကြောင်း သိရသည်။

တိုးမြှင့်ပေးရမည့် ဓာတ်အားခအပေါ် ညှိနှိုင်းချက်အရ နွေကာလဖြစ်သော ဇန်န၀ါရီလမှ ဧပြီလအထိ ၄ လနှင့် ဒီဇင်ဘာလ တစ်လတွင် ဓာတ်အားခ တစ်ယူနစ်လျှင် ၀ ဒသ မ ၂၄၁ ယွမ်(ကျပ်ငွေ ၃၉ ကျပ် ကျော်)ဖြင့် တိုးမြှင့် ၀ယ်ယူရမည်ဖြစ်ပြီး အခြားကာလများတွင်လည်း အခြားဈေးနှုန်းများအလိုက် ၀ယ်ယူရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီမှ China Southern Power Grid Yunan International Co.,Ltd သို့ ရောင်းချသည့် ဈေးပြောင်းသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ဈေးတိုးတောင်းခြင်းဖြစ်ရာ China Southern Power Grid Yunan International Co.,Ltd သို့ ရောင်းချသည့် ဈေးပြင်ဆင်တိုင်း မြန်မာဘက်မှ ဈေးကိုလည်း နှစ်စဉ်လိုက်ပါ ပြင်ဆင်ပေးရမည့် အခြေအနေဖြစ်နေသည်။

ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံမှ Yunnan Power Develop- ment Co.,Ltd (YUPD) သို့ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်း၏ စက်တပ်ဆင်အားသည် မဂ္ဂါဝပ် ၆၀၀ ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါစက်တပ်ဆင်အား ၆၀၀ မဂ္ဂါဝပ်၏ မဂ္ဂါဝပ်၏ ၁၅ ရာခိုင်နှုန်းဖြစ်သော ၉၀ ရာခိုင်နှုန်းမှာ အခမဲ့ သုံးစွဲခွင့်ရရှိကြောင်း၊ ၆၀၀ မဂ္ဂါဝပ်၏ ၅၀ ရာခိုင်နှုန်း ၃၀၀ မဂ္ဂါဝပ်မှာ မြန်မာနိုင်ငံက သုံးစွဲနိုင်သော ပမာဏအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အတွက် အခမဲ့ရသော ၉၀ ပြင်ပရှိ မဂ္ဂါဝပ် ၂၁၀ ကိုမူ လိုအပ်သလို ပြန်လည် ၀ယ်ယူသုံးစွဲရကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်တွင် ပြောကြားမှုများအရ ရေအားလျှပ်စစ် တစ်ယူနစ် ထုတ်လုပ်ကုန်ကျ စရိတ်များ ၂၀ ကျပ်ဖြစ်ပြီး ယခု တရုတ်ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပြုထားသည့် ရွှေလီရေအားလျှပ်စစ်ကုမ္ပဏီသို့ ဈေးထပ်တိုးပေးရမည့် တစ်ယူနစ်နှုန်းမှာ ၃၉ ကျပ် ကျော်ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တစ်ယူနစ် ၂၀ ကျပ်သာ ကုန်ကျသည်ဟုဆိုသော်လည်း ရွှေစွမ်းအင်(အေးရှားဝေါလ်) ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေးခဲ့သော သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ပြန်လည်ဝယ်ယူ သုံးစွဲရာတွင်လည်း တစ်ယူနစ် ၇၀ ကျပ်အထိ ပေးဝယ်ရန် စီစဉ်ခဲ့သည်။

ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း မှာ တစ်ယူနစ် ၂၀ ကျပ် ကုန်ကျသည်ဆိုသော်လည်း ၂၀၀၆ ဇန်န၀ါရီလ ၅ ရက်နေ့တွင် အိမ်သုံးအတွက် တစ်ယူနစ် ၂၅ ကျပ်၊ စီးပွားရေးသုံးအား တစ်ယူနစ် ၅၀ကျပ် တိုးမြှင့်၍ လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ အိမ်သုံးအတွက် တစ်ယူနစ် ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံးအတွက် တစ်ယူနစ် ၇၅ ကျပ်သို့လည်းကောင်း တိုးမြှင့်ခဲ့သည်။

ထိုသို့တိုးမြှင့်သည်တိုင် ရှုံးသည်ဟုဆိုကာ ယခု ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစကာ ထပ်မံ၍ တိုးမြှင့်လိုက်သည့်အတွက် ယခုလကုန်မှစကာ အများပြည်သူအနေဖြင့် တိုးမြှင့်ထားသည့် နှုန်းများအတိုင်း ပေးဆောင်ရတော့မည်ဖြစ်သည်။

ထိုသို့ နိုင်ငံအတွင်း ပြည်သူများအပေါ် တိုးမြှင့်ကောက်ခံသည့်အတွက် တစ်ဖက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ရရှိသော တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းရှိ အထူးအခွင့်အရေးရသူများ၏ ကုမ္ပဏီများကလည်း ထပ်မံ၍ ဈေးတိုးတောင်းရန် အခွင့်အရေးကောင်းလျှက် ရှိသည်။

Eleven Media Group

အပြည့်အစုံသို့ »

အပူစုပ်ပန်ကာ ဝါယာရှော့ခ် ဖြစ်ရာမှ လှိုင်မြို့နယ်၌ အိမ်ခြောက်လုံး မီးလောင်




ရန်ကုန်၊ ဧပြီ ၂၆

လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းတွင် ဧပြီလ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၇ မိနစ်က မွေ့ရာလုပ်ငန်း လုပ်ကိုင်သော နှစ်ထပ် ပျဉ်ထောင်အိမ်ရှိ အပူစုပ်ပန်ကာ ဝါယာရှော့ခ် ဖြစ်ရာမှ အိမ်ခြောက်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး တစ်ထပ် ပျဉ်ထောင်အိမ်တစ်လုံး မီးဟပ်ခံရကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ ပန်းခြံကျောင်းလမ်းရှိ မွေ့ရာလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းကြိုင်၏ နှစ်ထပ်ပျဉ်ထောင်အိမ် အောက်ထပ် နောက်ဘက်ခြမ်း အခန်းတွင် သိုလှောင်ထားသော လဲမှို့များက မီးဖိုချောင် နံရံတွင် တပ်ဆင်ထားသော အပူစုပ်ပန်ကာ အတွင်းသို့ ဝင်ရောက်ခဲ့ရာမှ ဝါယာရှော့ခ်ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခဲ့ကာ နှစ်ထပ်အိမ်တစ်လုံး အပါအဝင် အိမ်ခြောက်လုံး မီးလောင်ခဲ့ပြီး တစ်ထပ်ပျဉ်ထောင် အိမ်တစ်လုံး မီးဟပ်ခဲ့ကြောင်း မီးလောင်မြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားသည်။

“မီးလောင်တာကို ဘေးအိမ်က စမြင်ပြီး အော်လို့ ရပ်ကွက်က လူတွေ ဝိုင်းငြှိမ်းပေမယ့် မွေ့ရာလုပ်တဲ့အိမ်က စလောင်တာမို့ မီးအရှိန်က အရမ်းပြင်းပြီး ဘယ်လိုမှ မငြှိမ်းနိုင်ခဲ့ဘူး။ ပြီးတော့ မီးစလောင်တဲ့ အိမ်နားမှာ အကြော်ဖိုလုပ်ငန်း လုပ်တဲ့အိမ်ပါ မီးကူးစက်သွားတာကြောင့် မီးညွန့်က အရမ်းကြီးလာတာကို မြင်ပြီး ရပ်ကွက်ထဲက လူတွေ တော်တော် ကြောက်သွားတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ ကိုအောင်သော်ဖြိုးက ရှင်းပြသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် ၂၉ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ အထောက်အကူပြု ယာဉ်သုံးစီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅၀၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၀၀ တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နေအိမ် မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၅၀ ကျော်ခန့်ကို ပန်းခြံကျောင်းလမ်းရှိ အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် ဦးဝင်းကြိုင်ကို လှိုင်မြို့မ ရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

The Voice Weekly

အပြည့်အစုံသို့ »

အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )


အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။
(၁) မစားရင် အဆာခံပါ
----------------------
မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။
ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့သူနေရသက်တောင့်သက်သာရှိတယ်ဆိုရင်
ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။

တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ
ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။

စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။

"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား"
ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။
"ဟုတ်ကဲ့..."
သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။

ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။
ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။
အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။

ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။

လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။

မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။

အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။

နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။

မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး

"မရဘူး သား..."
"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?"
"ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။

မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။
နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်
-------------------------
တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။

ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်
တယ်။စစချင်းမှာထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ
ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။
မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။

ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က
ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။

ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။

"ကစားချင်ရင် သူတို့ကို သွားရှာလေ..."
"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။
"မရဘူး... ခုနက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်"

ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်
-----------------------
စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့
ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။

ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။

နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။
ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။

"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ"

စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကိုတားခဲ့တယ်။
တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။

စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။
"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။

တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။

အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်"

"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"

စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။

အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကိုကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ
မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့်
ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။

အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျူးဘဲမနေနိုင်ခဲ့ပါဘူး။
ကလေးတွေကိုသွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရာမှာအမေရိကားမိခင်တွေဆီ
ကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။
------------------
creditးနိုင်းနိုင်းစနေ

အပြည့်အစုံသို့ »

နေပြည်တော်အက်ဖ်စီက ကွင်းပိုင်အဖြစ် သိမ်းယူထားသော ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းကွင်းကို ပြည်သူများထံ ပြန်ပေးရန် နိုင်ငံတော်သမ္မတ ညွှန်ကြားထား


နေပြည်တော်ဘောလုံးအသင်းမှ သိမ်းယူထားသော ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်း။
နေပြည်တော်အက်ဖ်စီက ကွင်းပိုင်အဖြစ် သိမ်းယူထားသည့် ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်းအား ပျဉ်းမနား ပြည်သူများထံပြန်ပေးရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သိရသည်။

ပေါင်းလောင်းအားကစားကွင်းကို ပျဉ်းမနားမြို့ လူထုထံပြန်ပေးရန်နှင့် နေပြည်တော်အက်ဖ်စီအသင်း၏ အားကစားကွင်းအား အစားထိုးပေးအပ်ရန် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

“အစည်းအဝေးကိုတော့ ပျဉ်းမနား မြို့ခံအနေနဲ့ ကျွန်တော်တက်ခွင့် ရခဲ့ပါတယ်။သူတို့ သိမ်းသွားတာ ၂၀၁၂ ခုနှစ် ကတည်းကပါ။ သူတို့ကို အခမဲ့ငှားရမ်းထားတာ သုံးနှစ် ရှိသွားပြီလို့ သိရတယ်။ နေပြည်တော်ကောင်စီက ဦးမြင့်ဆွေကလည်း အစည်းအဝေး မှာ နိုင်ငံတော်သမ္မတကလည်း ကွင်းပိုင်ရှင်တွေ ပြန်လိုချင်ပါက ပြန်ပေးရန် ညွှန်ကြားထားတယ်လို့ပြောကြားတယ်။ နေပြည်တော်အက်ဖ်စီအနေနဲ့ နေပြည်တော်မှာရှိတဲ့ ဘောလုံးကွင်းနှစ်ကွင်းကို ယူနိုင်တယ်လို့ သိခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ ဘောလုံးကွင်းကို ပြန်ရဖို့ပါပဲ။ ဘာလို့လည်းဆိုတော့ ဒါမှ ကျွန်တော်တို့ မြို့ခံကလေးတွေအနေနဲ့ ဘောလုံးကစားဖို့ အဆင်ပြေမှာပါ”ဟု ပျဉ်းမနားမြို့ခံအနေဖြင့် တက်ရောက်ခဲ့သူ ဦးကျော်မင်းဟန်က ဆိုသည်။

ပေါင်းလောင်းအားကစားကွင်းကို ၁၉၆၉၊ ၁၉၇၀ ခုနှစ်ခန့်တွင် ၁၄ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် မြို့မိမြို့ဖများ နှင့် ဗိုလ်ကြီးစံဝင်းတို့ ဦးဆောင်ပြီး ၁၉၇၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၇၂ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါင်းလောင်းအားကစားကို အမှီပြုပြီး နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားများ၊ လက်ဝှေ့သမားများ ပေါ်ထွက်ခဲ့ကြောင်း၊ အာရှချန်ပီဖြစ်ခဲ့သည့် လက်ဝှေ့ကစားသမား ဦးနီလုံးမှာလည်း ပေါင်းလောင်းအားကစားကွင်းမှ ပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven

အပြည့်အစုံသို့ »

အယူတိမ်းလို့ နတ်စိမ်းဖြစ်ရ


နည်းနည်း ကိုးကွယ်တဲ့ထဲက သာသနာပြုဆိုတဲ့ဟာလေးလည်း ကြည့်လိုက်ကြရအောင်ပါ၊ နတ်တွေထဲက နတ်ကိုးကွယ်တဲ့ထဲကပေါ့၊ ဘုရားဒကာကိုကြီးကျော်၊ ကျောင်းဒကာ ကိုကြီးကျော်တဲ့၊ အရက်သမား၊ ဖဲသမား၊ ကြက်တိုက်သမား သေတာတောင် လမ်းဘေးမှာ အန်ဖက်ဆို့သေခဲ့တဲ့ သူ၊ ဘယ်လိုလုပ်ပြီး ဘုရားတည်ခဲ့ပါသလဲ၊ ကျောင်းဆောက်ခဲ့ပါသလဲ၊ ကိုကြီးကျော်ဆောက်ခဲ့တဲ့ ကျောင်း၊ တည်ခဲ့တဲ့ဘုရား သမိုင်းထဲမှာ မကြားဘူးခဲ့ပါ။ အလားတူပါပဲ ရွှေဖျဉ်းညီနောင်နဲ့တောင်ပြုံးဘုရားကို ကြည့်ကြပါဦး၊ ကလေးကအစ သိကြပါလိမ့်မယ်၊ ဒီနေ့တိုင်အောင် တောင်ပြုံးဘုရားမှာ ဘုရားရှေ့တည့်တည့်မှာ အုပ်နှစ်ချပ် လပ်နေပါတယ်၊ အဲဒါ ဘယ်သူတွေလုပ်ခဲ့တာလဲ၊ အားလုံးတာဝန်ကိုယ်စီဖြင့် ဘုရားတည်နေသည့်အချိန်၊ ရွှေဖျဉ်းညီနောင်ဟာ ရွာထဲသွားပြီး ထန်းရည် အရက် မူးအောင်သောက်၊ ရွာထဲက မိန်းကလေးတွေကို လူပျိုလှည့်နေလို့ သူတို့တာဝန် ပျက်ကွက်ခဲ့ကြ၊ ငယ်ပါဥနှစ်လုံးကို ထုသတ်ခံခဲ့ရ၊ သေတော့ နတ်စိမ်းဖြစ်၊ သူတို့လည်း ဘုရား မတည်ခဲ့ကြပါ၊ တည်ဘို့အခွင့်ရတာကိုတောင်ပဲ သူတို့မလုပ်ခဲ့ပါ၊ မလုပ်နိုင်ခဲ့ပါ၊ ဒါကြောင့် သူတို့လည်း ဘုရားဒကာမဟုတ်ကြပါ။
အယူတိမ်းလို့ နတ်စိမ်းဖြစ်ရတာပါ။

ဆက်စပ်သတင်း - တောင်ပြုန်းပွဲ ကွန်ဒုံးငါးသောင်း ဖြန့်မည်

စဉ်းစားကြဘို့ပါ၊ အဲဒီလို ၃၇ မင်းနတ်တွေကိုလည်း လိုက်စစ်တမ်းထုတ်ကြည့်ကြပါ
၊ကောင်းကောင်းမွန်မွန်နဲ့သေတဲ့သူ မရှိသလောက်ပါ၊ အဲဒါတွေအတွက် နတ်ပွဲတွေကို စည်ကား သိုက်မြိုက်စွာ ကျင်းပကြ၊ လုပ်ကြကိုင်ကြ၊ ဒါတွေကို သာသနာပြုကြတာပါလို့ပြောရင်ဖြင့် အလွဲကြီး လွဲနေကြပါပြီ၊ ဒီနေ့ မြန်မာပြည်မှာ အစည်ကားဆုံး အကျော်ကြားဆုံး ပွဲနှစ်ခုဟာ ဗုဒ္ဓဘာသာဓလေ့ ထုံးစံအရ ပြုလုပ်ကြတဲ့ ရာသီပွဲများမဟုတ်ပါ၊ တောင်ပြုံးနတ်ပွဲနဲ့ မန္တလေး၊ အမရပူရ ရတနာ့ဂူနတ်ပွဲ တို့ပါ၊ ဒီအပြင် အဲဒီလောက် ကြီးကျယ်တဲ့ပွဲ မြန်မာပြည်မှာ မရှိတော့ပါဘူး။

ဘာသာအတွင်းက ပိုးမွှားများ လောက်ကောင်များ၏ နှောက်ယှက်ဖျက်ဆီး ခံရခြင်း ကြောင့် ဗုဒ္ဓဘသာ ဗုဒ္ဓသာသနာ လုံးဝအုဿုံ ပျက်စီးစေနိုင်တာပါ၊ အိန္ဒိယနိုင်ငံကြီးဟာ ဗုဒ္ဓကို မွေးဖွားတဲ့နေရာဒေသ ဟုတ်ပါတယ်၊ ဗုဒ္ဓဓမ္မများ ဗုဒ္ဓဘာသာ သာသနာတော်ကြီး၏ မူလဘူတ မွေးရပ်မြေဖြစ်တာလည်း မှန်ပါတယ်၊ သို့သော် ဒီနေ့ အိန္ဒိယမြေမှာ ဗုဒ္ဓဘာသာ မရှိသလောက် ဖြစ်နေပါပြီ၊ တခြားဘာသာကြောင့် ဗုဒ္ဓဘာသာ လုံးဝကွယ်ပျောက်သွားရတာ မဟုတ်ပါ၊ ဗုဒ္ဓဘာသာ အတွင်းကို ဗုဒ္ဓဘာသာလိုလို ဟိန္ဒူဘာသာလိုလို ဟိုလိုလို ဒီလိုလို နတ်ဘုရားများက ဘုရားကျောင်းကန်တွေအတွင်း ချဉ်းနင်းဝင်ရောက်၊ နောက်ပိုင်း ဘုရားကျောင်းတွေ နတ်ဘုရား ကျောင်းဖြစ်၊ ဘုန်းကြီးရဟန်းတွေက ပြောခဲ့တဲ့ ဂန္ထဓုရ၊ ၀ိပဿနာဓုရ-တို့ကို မကျင့်ကြံ၊ မလုပ်ဆောင်၊ အားမထုတ်၊ ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်ပေး၊ ယတြာတွေ ချေပေး၊ တန္တရ မန္တရတွေနဲ့ ထွေးလုံးရစ်ပတ်၊ ဒါတွေကြောင့်သာ ဗုဒ္ဓဘာသာဟာ အမိမြေကနေ ထွက်ခွါသွားရတာပါ။

ဒီနေ့ရော မြန်မာပြည်မှာ ဘယ်လို အခြေရှိနေပါလိမ့်၊ သေချာကြည့်ကြပါ၊ စဉ်းစားကြပါ၊ တွေးခေါ်ကြပါ။ မျှော်မြင်ကြပါ၊ နိုင်ငံခြားတွေကိုကြွ၊ ဒကာ ဒကာမတွေကို တရားမဟော ဗေဒင်ဟော၊ ဓာတ်ရိုက်ပေး၊ ဓာတ်ဆင်ပေး၊ ယတြာတွေပေး၊ ပြောကြတဲ့စကား သုံးကြတဲ့အသုံးကတော့ သာသနာပြုကြွတယ်တဲ့၊ ဒါတွေကိုသာ မပြုပြင်ကြရင်ဖြင့် ဗုဒ္ဓသာသနာ ဗုဒ္ဓဘာသာကြီးဟာ မြန်မာပြည်ကနေ မကြာသော ကာလမှာ တစ်ခြားတစ်နေရာကို ဒေသစာရီ ကြွချီဦးမှာ မလွဲပါဘူး။

တကယ်တော့ ဗုဒ္ဓသာသနာဟာ မြန်မာပြည်အတွက်ကတော့ဖြင့် ဧည့်သည်ပါ၊ ဧည့်သည် ဆိုတာ အိမ်ရှင်ကြည်ဖြူမှ အနေပျော်မှာပါ၊ အိမ်ရှင်မကြည်ဖြူလို့ အနေမပျော်ရင်ဖြင့် တစ်နေရာကို ရှာကြံ ကြွသွားတတ်စမြဲသာ၊ ပြန်သွားတတ်ကြစမြဲပါ၊ မိမိမွေးရပ်မြေကိုတောင် စွန့်ခွါပြေးရသေးတာ၊ မွေးရပ်မြေမဟုတ်တဲ့ မိမိတို့နိုင်ငံကို အလည်အပတ်ကြွရောက်လာသော ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓသာသနာ ဧည့်သည်တော်ကြီးကို မပြန်စေလိုလျှင်ဖြင့် အိမ်ရှင်ဝတ္တရားကျေအောင် အားထုတ်ကြရုံမှအပ အခြားမရှိတော့ပါ။

သာသနာ-ဆိုတာကို သိကြပါပြီ…

သာသနာပြု-ဆိုတာကို နားလည်ကြပါပြီ…

ဘယ်လိုရှေ့ဆက် ဆောင်ရွက်ကြမလဲဆိုတာကတော့ သာသနာ့ဝန်ထမ်းနဲ့ သာသနာကို ကြည်ညိုကြသူတို့ တာဝန်ပဲ ဖြစ်ပါတော့သည်…

ထေရဝါဒ တို့တိုင်းပြည်

Myawady News

အပြည့်အစုံသို့ »

ရုရှားဝေဟင် ပိုင်နက်ကျူးကျော်မှု ယူကရိန်းဝန်ကြီးချုပ်ပြောကြား

ယူကရိန်းဝန်ကြီးချုပ် Arseny Yatseniuk




ယူကရိန်းဝန်ကြီးချုပ်က သူ့အဆိုအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေဖို့ ပုံစံချထားတဲ့ ရုရှားရဲ့ ကျူးကျော်မှုမှာ ရုရှား စစ်ဘက် လေယာဉ်တွေဟာ ယူကရိန်းပိုင်နက်လေကြောင်းထဲကို ထပ်ခါတလဲလဲ ကျူးကျော်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း လေကြောင်းပိုင်နက်ထဲကို ညဘက်မှာတင် ခုနစ်ကြိမ် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် အာဆင်ညီ ယက်ဆင်ညုက စနေနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရုရှားစစ်ဘက်လုပ်တဲ့ အကြောင်းပြချက်ကို ကျနော်တို့ အသေအချာ နားလည်ပါတယ်။ တခုတည်းသော အကြောင်းကတော့ ဒုံးကျည်နဲ့ပစ်အောင် ယူကရိန်းကိုဆွပေးပြီး ယူကရိန်းဟာ ရုရှားကို စစ်ဆင်နေတယ်လို့ စွပ်စွဲဖို့ပဲဖြစ်ပါတယ်။” လို့ ယူကရိန်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားလေယာဉ်တွေဟာ ယူကရိန်း လေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့တယ်ဆိုတာ အမေရိကန် စစ်ဘက် တာဝန်ရှိသူတွေကလည်း သောကြာနေ့မှာ ပြောခဲ့ပြီး ရုရှားကတော့ ငြင်းထားပါတယ်။

VOA

အပြည့်အစုံသို့ »

မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုကြောင့် အပူလျှပ်လူနာ ၄၉ ဦးထိရှိနေ


မန္တလေး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော အပူလျှပ်လူနာ အရေအတွက်မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ၄၉ ဦးရှိ နေပြီဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးအထွေ ထွေရောဂါကုဆေးရုံကြီး၏ စာရင်းများအရ သိရသည်။
ယင်းလူနာများအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ သေဆုံး သွား၍ ၃၉ ဦးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်းနှင့်အများစုမှာ ဆင်းရဲ နွမ်းပါးသူများ၊ နေပူဒဏ်ခံ၍ အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း ဆေးလူမှု ဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောသည်။ “ဆေးရုံကြီးကိုရောက်လာတဲ့ စာရင်းများအရ ဧပြီ ၂၂ ရက်မှာ ရှစ်ဦး၊ ၂၃ ရက်မှာ ၁၀ ဦး၊ ၂၄ ရက်မှာ ၁၁ ဦးနဲ့ ၂၅ ရက်မှာ ၁၂ ဦး စုစုပေါင်း ၄၁ ဦး ဖြစ်ပြီးတော့ အမျိုးသား ၃၂ ဦးနဲ့ အမျိုးသမီး ကိုးဦးပါဝင်ပါတယ်။ အစောဆုံး ရောက်ရှိလာတဲ့ ရှစ်ဦးထဲမှာ နှစ်ဦးကတော့ ဆေးရုံကိုရောက်ရောက်ချင်း ဆုံးသွားပါတယ်။ ကျန်လူနာများ ကတော့ အချိန်မီဆေးကုသမှုခံယူပြီး သက်သာနေကြပါပြီ” ဟု ၎င်းက ပြော သည်။ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရာသီအလိုက်ဖြစ်ပွား တတ်သည့် ရောဂါများကို ဗဟို၏လမ်းညွှန်မှုဖြင့် ကြိုတင်ကာကွယ်ရေးစီမံ ချက်များရေးဆွဲကာ မြို့နယ်အလိုက် ညွှန်ကြားချက်များထုတ်ပြန်၍ ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ G-ဆိုင်းတောင်က ပြောသည်။
“ကျွန်မတို့ဌာနကိုတော့ ခုတင် ၃၀၀ ဆေးရုံကပေးပို့တဲ့ အပူလျှပ်လူနာ စာရင်းအရ ရှစ်ဦးရောက်ရှိနေပါတယ်။ ဒီရာသီမှာ အဖြစ်များတဲ့ရောဂါ အတွက် ကြိုတင်စီမံချက်များရေးဆွဲပြီး လိုအပ်တဲ့လူအင်အား ဆေးဝါး ပစ္စည်း၊ ရေခဲနဲ့ ရေသန့်တွေရရှိဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဖြစ်ပွား နေတဲ့အချိန်မှာလည်း ရရှိတဲ့တင်ပြချက်တွေကို ကြည့်ရှုစစ်ဆေးပြီး အချိန်နဲ့ တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းကဆိုသည်။
ယခုအချိန်တွင် အပူလျှပ် ဝေဒနာရှင်များအတွက် လိုအပ်သည့်ဆေးဝါး များ၊ ကုသဆောင်များနှင့် လူအင်အားများ ကြိုတင်ပြင်ဆင် ထားရှိပြီးဖြစ် သလို စေတနာရှင်ပြည်သူများကလည်း လူနာတင်ယာဉ်များ၊ ရေခဲနှင့်ရေသန့် ဘူးများကို ပံ့ပိုးကူညီ လှူဒါန်းမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »