KIO နဲ့ မြန်မာအစိုးရကြား ပဋိပက္ခ ညှိနှိုင်းအဖြေရှာရေး သဘောတူ



မေလ ၁၃ ရက် ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ၀န်ကြီးဦးအောင်မင်းတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - ဦးညိုအုန်းမြင့်)


13.05.2014 21:12

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီကနေ့ ညနေမှာ ပြီးဆုံးခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ နှစ်ဘက်တိုက်ခိုက်တာတွေ လျော့ချရေးအတွက် ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဧပြီလကစပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည် ပြင်းထန်ခဲ့တဲ့နောက် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မြစ်ကြီးနားမြို့မှာ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲလောက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ဆွေးနွေးပွဲ အပြီးမှာတော့ အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ သဘောတူညီချက်မှာ အဓိကအရေးပါတဲ့ အချက်ကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“၂ ဘက်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ရေးကို ဦးတည်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေတဲ့ ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားဖို့ ဦးစားပေး ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့မှာ သဘောတူထားတဲ့ JMC ပေါ့လေ Joint Monitoring Committee ပေါ့လေ၊ အဲဒီ Mechanism ရဲ့ ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းဖို့ ကျနော်တို့ သဘောတူပါတယ်။”


ကော်မတီကိုတော့ တပ်မတော်ဘက်က ၅ ဦးနဲ့ KIO ဘက်က ၅ ဦး ပါဝင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ အခြားသဘောတူညီချက်တွေကတော့ ၂၀၁၃ ခုနှစ် မေလနဲ့ အောက်တိုဘာလ ဆွေးနွေးပွဲတွေနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့သလို၊ အဲဒီဆွေးနွေးပွဲတွေက ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ဖို့နဲ့ မီဒီယာတချို့ရဲ့ လွဲမှားစွာ ဖော်ပြတာတွေကို ဆွေးနွေးခဲ့ကြောင်း ပါရှိပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က အာဏာကုန်လွှဲအပ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်မတက်ရောက်တာကလည်း ထူးခြားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးဟာ အရင် KIO နဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခဲ့ပြီး ဒီကနေ့ မတက်ရောက်တဲ့ အပေါ်မှာတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးချက်တွေမှာ အားနည်းချက်တွေ ရှိနိုင်မယ်လို့ သုံးသပ်တာတွေလည်း ရှိခဲ့ပါတယ်။ ဦးလှမောင်ရွှေကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီမှာ မြောက်ပိုင်းတိုင်း တိုင်းမှူးလည်း ပါပါတယ်။ ၀န်ကြီးဦးအောင်မင်းတို့ ဦးသိန်းဇော်တို့လည်း ဒီမှာပါတဲ့အတွက် ညှိနှိုင်းနိုင်မှုတွေတော့ အများကြီးတော့ လုပ်နိုင်ပါတယ်။ အခုက အဓိက အရေးကြီးတာကတော့ ပဋိပက္ခတွေကို လျှော့ချနိုင်ဖို့ပဲ ၂ ဘက်လုံး ခေါင်းဆောင်တွေက ဦးတည်ပါတယ်။ ဆွေးနွေးပွဲကတော့ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးနိုင်ပါတယ်။ ခုနတုန်းက ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကိုလည်း အမြန်ဆုံးဖွဲ့ဖို့တော့ ၂ ဘက်ကတော့ သဘောတူထားတဲ့အတွက် ရှေ့မှာတော့ ပဋိပက္ခတွေတော့ လျော့သွားဖို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်က လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ဒီကနေ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲအဖြစ် သုံးသပ်ပါတယ်။

“ဒီပဋိပက္ခနဲ့ ပတ်သက်ရင် သူတို့ပြောတဲ့ဟာကတော့၊ ၂ ဘက်စလုံးက သူတို့လက်ခံတာကတော့ ဒီနေ့မှာ သဘောတူညီ ထားပြီးသားတွေကို implementation အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ ၂ ဘက်စလုံးမှာ အားနည်းချက် ရှိခဲ့တယ်၊ ထိန်းသိမ်းမှုမှာလည်း ၂ ဘက်စလုံးမှာ အားနည်းချက် ရှိခဲ့တယ်ဆိုတာတော့ ၂ ဘက်စလုံးက ၀န်ခံပြီးတော့မှ ဒီလိုမျိုး ဖွဲ့ကြတာကိုး။ အဲဒါကတော့ ကောင်းတဲ့အချက်ပါ။ ဒီနေ့ပွဲကတော့ အဲဒါ သူတို့ဆွေးနွေးကြတဲ့ အထဲမှာ အပြုသဘောဆောင်တာတွေ အများကြီး ပြောကြတာပါ။”

KIO နဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ၂ရက်ကြာကျင်းပဖို့ မူလက ရည်မှန်းထားပေမဲ့ ဒီကနေ့ တရက်တည်းနဲ့ပဲ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ ဦးအုံးမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်ဖက်က မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ ကချင်ပြည်နယ် နယ်မြေလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့ ပါဝင်တက်ရောက်ပါတယ်။

KIO ကိုယ်စားလှယ်အဖွဲ့ကိုတော့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နဲ့ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်ပြီး ကိုယ်စားလှယ် ၈ ယောက် တက်ရောက်ပါတယ်။

လေ့လာသူအဖြစ် တရုတ်နိုင်ငံက ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးရုံးက တာဝန်ရှိသူ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ သူတို့ရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ကိုယ်စားလှယ်တွေ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ပါတယ်။

မနက်ဖြန်မှာတော့ NCCT အဖွဲ့က ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံက ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ရှင်းလင်းဆွေးနွေးဖို့ ရှိနေပါတယ်။

VOA

အပြည့်အစုံသို့ »

သမီးလေးကို မြမိုးဂင်္ဂါလို့ အမည်ပေးလိုက်တဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း


-မေလ ၁၃ ရက်တွင် သန် လျင်မြို့၌ အိမ်သစ်တက်မင်္ဂလာ ပြုလုပ်မည့်  ဘုဏ်းသိုက်တို့ဇနီး မောင်နှံက သမီးဖြစ်သူ၏ အမည် ပေးကင်ပွန်းတပ်ပွဲကိုပါ တစ်ပါ တည်းကျင်းပမည်ဖြစ်သည်။

‘‘သမီးကို အရမ်းဆန်းတဲ့ နာမည်ပုံစံမျိုးလည်း မပေးချင် ဘူး။ သမီးမျက်နှာကလည်း မိန်း ကလေးအရမ်းမဆန်ဘူး။ သူ့အ မေချမ်းချမ်းနာမည်အရင်းက ချမ်း မြငြိမ်းဆိုတော့ မြဆိုတာလည်း ပါချင်တယ်။ သမီးကိုယ်ဝန်စ တည်တဲ့အချိန်တုန်းက ကျွန်တော် ရေးနေတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ကျွန်တော့်ဇာတ်ကောင်က ဂင်္ဂါ၊ သမီးမွေးခါနီးအချိန်မှာ အဲဒီဇာတ် လမ်းရိုက်ဖြစ်တယ်။ နောက်ပြီး သမီးမွေးပြီးတဲ့အချိန်မှာလည်း ဒီ ဇာတ်လမ်းက ပြနေတယ်ဆိုတော့ ဂင်္ဂါဆိုတဲ့နာမည်က ကျွန်တော် ဇာတ်ညွှန်းရေးတဲ့အချိန်မှာရော၊ သရုပ်ဆောင်တဲ့အချိန်မှာရော ကျွန်တော်နဲ့ တစ်သားတည်းဖြစ် နေတယ်။ ဒီနာမည်က သမီးလေး နဲ့အတူ ကျွန်တော့်အတွက် အ မှတ်တရဖြစ်တော့ မြမိုးဂင်္ဂါလို့ ပေးဖြစ်တာ’’ ဟု ဘုဏ်းသိုက်ကပြောသည်။ မေလ၁၁ ရက်တွင် ပြုလုပ်ခဲ့သော The Dozen Ladies ဖျော်ဖြေပွဲ၌  ဇနီးဖြစ်သူ၏ သီဆို ဖျော်ဖြေမှုကို ချမ်းချမ်းလည်း ပါ ၀င်သီဆိုခဲ့ရာ    ဘုဏ်းသိုက်က သမီးဖြစ်သူနှင့်အတူ လာရောက် အားပေးခဲ့သည်။

ဘုဏ်းသိုက်နှင့် ချမ်းချမ်းတို့ ၏ သမီးလေးကို ၂၀၁၄ ဇန်န၀ါရီ ၂၃ ရက်က ရွှေဂုံတိုင်ဆေးရုံ၌ မွေးဖွားခဲ့သည်။

7day


အပြည့်အစုံသို့ »

‘‘ဒါဇင်လေဒီ’’မှာ ဖျော်ဖြေမှုကို ရုပ်သံထုတ်လွှင့်ခွင့် မပေးတဲ့ ၀ိုင်းစု


ဓာတ်ပုံ−ဇွဲဉာဏ်
တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်ရန် စီစဉ်နေသော ကြောင့် ပရိသတ်ရိုးအီသွားမည် ကို စိုးရိမ်သဖြင့် ‘‘ဒါဇင်လေဒီ’’ ဖျော်ဖြေပွဲကို MRTV-4 မှ တိုက် ရိုက်ထုတ်လွှင့်မှုတွင် ၎င်းသီဆို သော အပိုင်းကို ပြသခွင့်မပေးခဲ့ ကြောင်း ၀ိုင်းစုခိုင်သိန်းကပြော သည်။

‘‘One Lady Show’’လုပ်ဖို့ စီစဉ်နေတာကြောင့်မို့ မလွှင့် ဖြစ် တာ။ ဒီနှစ်ထဲလုပ်ဖြစ်မလား၊ နောက်နှစ်ထဲ   လုပ်ဖြစ်မလား တော့ မသေချာသေးဘူး။ အခုမှ စပြီး စီစဉ်တာပေါ့။ ၀ိုင်းစုရှိုးကျ လို့ရှိရင် ရိုးသွားမှာစိုးလို့ မလွှင့် ဖြစ်တာပါ။ ဘာရယ်မှ မဟုတ်ပါ ဘူး’’ဟု အဆိုတော်ဝိုင်းစုခိုင်သိန်း ကပြောသည်။

‘‘ဒါဇင်လေဒီ’’ဖျော်ဖြေပွဲ တွင် ‘‘မက်လောက်စရာ’’၊ ‘‘အ ချစ်နဲ့ အလွမ်း’’၊ ‘‘ရုပ်ဆိုးမ’’၊ မေဆွိ၏ ‘‘အတ္တ’’သီချင်းကို မေဆွိနှင့်တွဲဆိုခဲ့ပြီး ပါဖောမန့်များဖြင့် သီချင်းလေးပုဒ်ဝိုင်းစုခိုင်သိန်းက သီဆိုခဲ့သည်။

မေလ၁၁ ရက်က အမျိုးသမီး အဆိုတော် ၁၂ ဦး ပါဝင်သီဆို သော ‘‘ဒါဇင်လေဒီ’’ဖျော်ဖြေပွဲ တွင် ပါဝင်သော အဆိုတော်များ ၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV-4 မှ တိုက်ရိုက်ထုတ်လွှင့် ခဲ့ပြီး ၀ိုင်းစုခိုင်သိန်း၏ တောင်းဆို မှုအရ ၎င်းသီဆိုသော အပိုင်းကို ချန်လှပ်ထားခဲ့ပြီး နောက်ဆုံးပွဲ အပိတ်တွင် အဖွဲ့လိုက်သီဆိုမှု တွင်သာ ၀ိုင်းစုခိုင်သိန်းကို မြင် တွေ့ခဲ့ရသည်။

လတ်တလောလှုပ်ရှားမှုအ နေဖြင့် ယနေ့ (မေ ၁၃ ရက်)တွင် ပြင်ဦးလွင်သို့ သွားရောက်ကာ မင်း သား နေမင်းနှင့် နှစ်ကား၊ မင်း သား စည်ဖြိုးနှင့် တစ်ကားဗီဒီယို ရိုက်ကူးမည်ဖြစ်ပြီး  မေလ ၂၂ ရက်တွင် မန္တလေး၌ ဖျော်ဖြေရန်ရှိ ကြောင်း ၀ိုင်းစုကပြောသည်။

7day

အပြည့်အစုံသို့ »

ပြန်ပေးဆွဲခံကျောင်းသူရဲ့ဖခင် – သမီးကို ဗွီဒီယိုမှာတွေ့


ပြီးခဲ့တဲ့လက ပြန်ပေးဆွဲခံရလို့ ပျောက်ဆုံးနေတဲ့ ကျောင်းသူလေး ၂၀၀ ကျော်ကို ပြန်လည်ကယ်တင်ဖို့ ကူညီတဲ့အနေနဲ့ အမေရိကန် ထောက်လှမ်းရေး လေယာဉ်တွေ နိုင်ဂျီးရီးယားနိုင်ငံမှာ ပါဝင်လှုပ်ရှားနေပါတယ်။

ထောက်လှမ်းရေးဝန်ထမ်းတွေနဲ့ ဂြိုဟ်တုကရရှိတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကိုပါ အသုံးပြုပြီး ဒီကိစ္စမှာ ပါဝင်ကူညီသွားမယ်လို့ အမေရိကန် အရာရှိကြီး Jay Carney က တနင်္လာနေ့မှာ ပြောကြားခဲ့တာပါ။

ကျောင်းသူလေးတွေကို ကယ်တင်နိုင်ဖို့အတွက် တတ်နိုင်သမျှ ကူညီရမယ်လို့ သမ္မတ အိုဘားမားက ညွှန်ကြားထားကြောင်း အမေရိကန် ကာကွယ်ရေးဌာနနဲ့ FBI ထောက်လှမ်းရေးတွေ အပါအ၀င် အဖွဲ့အစည်းတွေက နိုင်ဂျီးရီးယားနိုင်ငံ အမေရိကန်သံရုံးမှာ ဆောင်ရွက်နေကြတယ်လို့လည်း ဆိုပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူလေး ၃၀၀ ကျော်ထဲက ၁ ယောက်ကို ဖခင်ဖြစ်သူက Boko Haram တို့ ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ သူ့သမီးလေးကို မှတ်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

Shettima ဆိုသူက ဗွီဒီယိုထဲက ၁ ယောက်ဟာ အသက် ၁၈ နှစ်အရွယ် သူ့သမီးဖြစ်ပြီး၊ သူ့အိမ်နီးချင်းတယောက်ရဲ့ သမီးကိုလည်း မှတ်မိတယ်လို့ သူ ယူဆကြောင်း ပြောကြားလိုက်ပါတယ်။

ကျောင်းသူလေးတွေ ပြန်ပေးဆွဲ ခံသွားရတဲ့ Chibok ကျေးရွာသားက လုံခြုံရေးအတွက် လုံခြုံရေးအတွက် သူ့ရဲ့မိသားစုနာမည်ကိုရော သူ့သမီးလေးနာမည်ကိုပါ လူသိရှင်ကြား မပြောဖို့လည်း ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က Boko Haram တို့ ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ မိန်းကလေး ၁၀၀ လောက်ဟာ ခန့်မှန်းလို့မရနိုင်တဲ့ ကျေးလက်တနေရာမှာ ခြုံလွှာအနက်ရောင် ၀တ်ရုံကို ၀တ်ပြီး ထိုင်နေကြတာကို ပြသထားပါတယ်။

VOA Burmese

အပြည့်အစုံသို့ »

ရာဇာမင်းကား တိမ်းမှောက်မှု ဒဏ်ရာရသူ သုံးဦး စိုးရိမ်နေရဆဲဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ပြော


နေပြည်တော်၊ မဇ္ဈိမ။              ။ ခရီးသည် ၁၄ဦး သေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းကား တိမ်းမှောက်မှုတွင် ဒဏ်ရာရသူသုံးဦးမှာ စိုးရိမ်ရသည့် အနေအထားရှိသည်ဟု မြန်မာရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက မဇ္ဈိမကို မေလ ၁၃ရက်တွင် ပြောကြားသည်။

၎င်းက “စိုးရိမ်ရတဲ့ လူနာက နှစ်ယောက်၊ သုံးယောက်ရှိတယ်။ ဦးနှောက်အာရုံကြော ward မှာရယ်၊ အရိုးရယ်၊ အထူးကြပ်မတ်ဆောင်မှာရယ်ရှိတယ်။ သတိ မလည်သေးတာ (Unconcious) တစ်ယောက်၊ နှစ်ယောက်တော့ရှိပါတယ်”ဟု ပြောသည်။

ဒဏ်ရာရသူ ၂၉ ဦးအနက် ၂၆ ဦးကို နေပြည်တော်၊ ကုတင် ၁ဝဝဝ ဆေးရုံ၌ ကုသပေးနေပြီး ကျန်လူနာ သုံးယောက်ကိုမူ လယ်ဝေးမြို့နယ်၊ ပြည်သူ့ဆေးရုံး၍ ကုသပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ ယာဉ်မောင်းအရက်သောက်ခြင်း၊ မိုင်နှုန်းပိုမောင်းနှင်ခြင်းကြောင့် မဟုတ်ဘဲ မိုးရွာချိန်ဖြစ်၍ တိမ်းမှောက်သည်ဟု ယူဆနိုင်ကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။

ရာဇာမင်းကား၊ နေပြည်တော်ဂိတ်တာဝန်ခံ ဦးအေးမင်းထွန်းက “ကျွန်တော်တို့ဂိတ်မှာ ယာဉ်မောင်းတွေက အရက်သောက်ခွင့်မရှိပါဘူး”ဟုဆိုသည်။

မော်တော်ကားသည် အခင်းဖြစ်ပွားရာ နေရာ မရောက်မီ တစ်ဖာလုံခန့်မှစတင်၍ လမ်း၏ညာဘက်သို့ ဘီးကျသွားကာ မိုင်တိုင် ၁၉၇/၆ အရောက်တွင် ကွန်ကရစ်တုံးများ၊ တံတားလက်ရမ်းများနှင့် အကာများကို တိုက်မိကာ တံတားအောက်သို့ ၄၅ ဒီဂရီစောင်း ကာတိမ်းမှောက်သွားသည်ဟု ရဲမှူးကြီး နေဝင်းက ပြောသည်။

၎င်းက “အမြင့်ပေကတော့ ၅ဝ လောက်ရှိမှာပေါ့”ဟု ဆိုသည်။

နေပြည်တော်၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌ ဦးဝင်းဆွေက “ယာဉ်လိုင်းတွေမှာ တစ်ရက်တည်း နှစ်ကြောင်းပြေးတဲ့ ယာဉ်လိုင်းဆိုလို့ ရာဇာမင်းနဲ့ တစ်ခြား တစ်လိုင်း၊ နှစ်လိုင်းလောက်ပဲရှိပါတယ်” ဟု  မှတ်ချက်ပြုသည်။

ရာဇာမင်းဂိတ်မှ နေပြည်တော်တာဝန်ခံဦးအေးမင်းက အဆိုပါ မော်တော်ကားသည် မေလ ၁၂ရက် နံနက် မှ ရန်ကုန်မှထွက်လာရာ မွန်လွဲချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာပြီး ညနေ ငါးနာရီတွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုသည်။

ဖြစ်စဉ်တွင် ယာဉ်အကူ(စပယ်ယာ)သေဆုံးခဲ့သော်လည်း ယာဉ်မောင်းမှာမူ စိုးရိမ်ရသည့်အခြေအနေမဟုတ်ဘဲ အတွင်းလူနာအဖြစ်ကုသနေရကာ ၎င်းကို အစောင့်ရဲများနှင့် သီးသန့်ထားရှိကာ လောလောဆယ်တွင် ခြေချုပ်ခတ်ထားပြီး ပုဒ်မ ၃ဝ၄(က)၊ ၃၃၇ ၃၃၈ စသည်တို့ဖြင့်စွဲဆိုထားသည်ဟု ဆိုသည်။

၂ဝဝ၉ ခုနှင်တွင် စတင်ဖွင့်လှစ်ခဲ့သည် အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၆ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။



Mizzima

အပြည့်အစုံသို့ »

တောင်ကိုရီးယား သမ္မတကို နိုင်ငံရေးပြည့်တန်ဆာဟု မြောက်ကိုရီးယား သုံးနှုန်းတိုက်ခိုက်




ဆိုးလ်၊ မေ ၁၂

တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ထောက်လှမ်း နေသည်ဟူသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းဆိုလိုက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း ပြည့်တန်ဆာဟု ခေါ်ဝေါ် သုံးနှုန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား စစ်စခန်းများကို ထောက်လှမ်းရန် မတ်လက မောင်းသူမဲ့လေယာဉ် စေလွှတ် ထောက်လှမ်းခဲ့သည်ဟု အမေရိကနှင့် တောင်ကိုရီးယားတို့က လုပ်ကြံ ပြောကြားခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း နိုင်ငံရေး ပြည့်တန်ဆာဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အမေရိကသည် ပတ်ဂွမ်ဟေး ဖန်တီးထားသော ထိပ်တိုက် ရင်ဆိုင်ရေး အကြံအစည်ကို မျက်စိမှိတ် ထောက်ခံ နေကြောင်းကိုလည်း အမည်ဖော်ပြခြင်း မရှိသည့် မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်၏ ထုတ်ပြန် ပြောကြားချက်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ထုတ်ပြန် ကြေညာချက်သည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း၊ မြောက်ကိုရီးယားသည် နိုင်ငံတစ်ခုဟုပင် မခေါ်နိုင်ကြောင်း၊ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမရှိဘဲ လူတစ်ဦး တစ်ယောက်ကိုသာ အကာအကွယ်ပေးရန် တည်ရှိနေရသော နိုင်ငံတစ်ခုဟု ဆိုနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် နည်းနာပိုင်းအရ စစ်ဖြစ်နေဆဲဟု ဆိုနိုင်ပြီး ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီးတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုသာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေ။

မြောက်ကိုရီးယား၏ ယခုကဲ့သို့ တောင်ကိုရီးယားနှင့် အမေရိကကို တိုက်ခိုက်သည့် စကားလုံးများဖြင့် သုံးနှုန်း ပြောဆိုခြင်းသည် နောက်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဧပြီလကလည်း အမေရိကန်သမ္မတ အိုဘားမားကို ကောက်ကျစ်စဉ်းလဲသော မျောက်မည်းဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။

မတ်လနှောင်းပိုင်းက တောင်ကိုရီးယား နယ်မြေဘက်ခြမ်း နေရာ သုံးခုတွင် တွေ့ရှိရသော မောင်းသူမဲ့လေယာဉ် သုံးစင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများ ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။


The Voice Weekly

အပြည့်အစုံသို့ »

အွန်လိုင်း အချက်အလက်ဟောင်းတွေ ဖျောက်ဖျက်ခွင့်



Right to be forgetten အတွက် ရှာဖွေရေး အင်ဂျင်တွေက တည်းဖြတ်ပေးဖို့ လို။

အင်တာနက်မှာ အချက်အလက် ရှာဖွေသူတွေ အနေနဲ့ မိမိကိုယ်ကို ထိခိုက်စေနိုင်တဲ့ သတင်း အချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ သတင်းဟောင်းတွေကို ပယ်ဖျက်ပေးဖို့ အတွက် ဘယ်သူမဆို ဂူဂဲလ်လို အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို တောင်းဆိုခွင့် ရှိတယ်လို့ ဥရောပ တရားမျှတမှု ဆိုင်ရာ တရားရုံးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ဖျောက်ဖျက်ပစ်နိုင်ခွင့် right to be forgetten ဆိုတဲ့ ဒီ အခွင့်အရေး အတွက် အင်တာနက် ရှာဖွေရေး အင်ဂျင်တွေဟာ တချို့ တွေ့ရှိချက်တွေကို တည်းဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှု စတင်ခဲ့တာကတော့ စပိန် နိုင်ငံသား တစ်ဦးဟာ ဂူဂဲလ်မှာ သူ့နာမည်ကို ရှာရာမှာ လွန်ခဲ့တဲ့ ၁၆ နှစ်က သတင်းစာ တစ်စောင်မှာ သူ့အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်တွေ့ခဲ့ပြီး အဲဒီအချိန်က သူဟာ အကြွေးပေးစရာ ရှိလို့ အိမ်ကို ရောင်းခဲ့ရတယ်ဆိုတဲ့ အကြောင်း သတင်းစာမှာ ရေးထားတာ ဖြစ်ပါတယ်။

အဲဒီတုန်းက သူ့အဖြစ်ဟာ အခု သူ့အခြေအနေနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိတော့ဘူးလို့ အဲဒီ စပိန် အမျိုးသားက ဆိုပါတယ်။

ဂူဂဲလ်ကတော့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ထိန်းချုပ်တာမျိုး လုပ်တာ မဟုတ်ဘဲ အင်တာနက်မှာ လွတ်လပ်စွာ ဖော်ပြထားတဲ့ သတင်း အချက်အလက် တွေရဲ့ လင့်ခ်ကိုသာ ဖော်ပြပေးတာ ဖြစ်တယ်လို့ ချေပ ပြောဆိုခဲ့ပါတယ်။

BBC

အပြည့်အစုံသို့ »