ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် မှတ်ပုံတင်ကြေး ကျပ် (၃) သိန်းသို့ လျှော့ချ သတ်မှတ်


ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပေးအပ်ရမည့် မှတ်ပုံတင်ကြေးကို ကျပ်သုံးသိန်းသို့ လျှော့ချသတ်မှတ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သတင်း ရရှိသည်။ ယခင်က ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းပေးဆောင် ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပါတီတွေ တွေ့ဆုံပွဲမှာ သတ်မှတ်လိုက်တာပါ။ ကော်မရှင် ဥက္ကဋ္ဌကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါတီတွေကို တရားဝင် ပြောထားပါတယ်။ နည်းဥပဒေ မှာ ပြင်တာဆိုတော့ ဒီကိစ္စကို ထုတ်ပြန် သွားမှာပါ ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က The Messenger သတင်းစာသို့ ပြောသည်။

ယခုလ(၁၅) ရက်နေ့က ရန်ကုန်မြို့ ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ပြီး အချို့သော နိုင်ငံရေးပါတီ များက လွှတ်တော် ကိုယ်စာ လှယ် မှတ်ပုံတင်ကြေးအား ကျပ်ငါးသိန်းမှ တစ်သိန်း အထိ လျှော့ချပေးရန် တောင်းဆိုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The Messenger သတင်းစာသို့ ပြောသည်။

တစ်သိန်းဆို ပိုကောင်းတာပေါ့ဗျာ။ ရွေးကောက်ပွဲဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့က ရွေးကောက်ပွဲ ၀င်ကြေး သုံးသိန်းက မများပါဘူး။ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးလို့ ကုန်ကျမယ့် ငွေကြေးက ပိုများတယ်။ ဒီလို လျှော့ချပေးတဲ့ အတွက် ပါတီတွေအတွက် ကောင်းတာပေါ့။ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်တွေ အတွက် ပိုကောင်းတာပေါ့ ဟု ဦးခင်မောင်ဆွေ က ဆက်ပြောသည်။ လစ်လပ်နေသော မဲဆန္ဒနယ် (၃၀) အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ဒီဇင်ဘာလ ပထမပတ်ခန့်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

Messenger News Journal

အပြည့်အစုံသို့ »

ထိုင်းအိမ်စောင့်အစိုးရ ပြုတ်ကျရေး ဆက်လုပ်မည်ဟု ဆန္ဒပြခေါင်းဆောင်ပြော

အစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုဘန်

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ သပိတ်စခန်းချထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ထားပေမယ့် လက်ရှိ အိမ်စောင့်အစိုးရ ပြုတ်ကျရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုဘန်က အိမ်စောင့်အစိုးရ ပြုတ်ကျအောင် လုပ်မယ်လို့ ဒီနေ့ ကတိပြုခဲ့တာပါ။

သူ့ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကလည်း စီစဉ်ထားတဲ့အတိုင်း ပြည်သူ့အစိုးရ ပြည်သူ့ဝန်ကြီးချုပ် ရတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။

သူတို့ဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို သစ္စာခံသူတွေက နိုင်ဖို့ ပုံစံထုတ်ထားတဲ့ ဖေဖော်ဝါရီ ရွေးကောက်ပွဲကို နှောင့်ယှက်ခဲ့ကြပြီး နောက်ပိုင်းမှာ အဲဒီရွေးကောက်ပွဲရလဒ်က ပျက်ပြယ်ခဲ့ပါတယ်။

နိုင်ငံတွင်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကြောင့် အစိုးရလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာ ၆ လကြာအပြီး ထိုင်းစစ်တပ်က မနေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုတော့ မဟုတ်ဘူးလို့ ထိုင်းစစ်တပ်က ကြေညာပါတယ်။

အာဏာသိမ်းခံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ပံ့ပိုးသူတွေ ဦးဆောင်တဲ့ အိမ်စောင့်အစိုးရကတော့ တိုင်းပြည်ကို သူတို့ ဆက်လက်အုပ်ချုပ်ဆဲလို့ ပြောပါတယ်။

အခြေခံဥပဒေခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ သူ့အစိုးရအဖွဲ့ဝန်ကြီး ၉ ဦးကို အာဏာအလွဲသုံးစားမှုနဲ့ ရာထူးက နုတ်ထွက်ဖို့ မေလ ၇ ရက်က တရားစီရင်အပြီး ထိုင်းနိုင်ငံရေးက ပိုပြီး မရေမရာ ဖြစ်လာခဲ့ပါတယ်။

အိမ်စောင့်အစိုးရအဖွဲ့က ထပ်ရွေးချယ်တဲ့ ၀န်ကြီးချုပ်ဟာလည်း သက်ဆင်မိသားစုပိုင် ရှင်းကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဟောင်း ဖြစ်ခဲ့သူပါ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သူ့ရဲ့ သစ္စာခံတွေဟာ ၂၀၀၁ ခုနှစ်က စပြီး ထိုင်းနိုင်ငံတွင်း ရှိသမျှ ရွေးကောက်ပွဲတိုင်းကို နိုင်ခဲ့ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက နိုင်ငံရေးအတွင်း သက်ဆင်ရဲ့ သြဇာလွှမ်းမှုကို အပြီးတိုင် ဖယ်ရှားချင်နေပြီး ဘက်မလိုက် ၀န်ကြီးချုပ် တယောက်ကို ခန့်အပ်ချင်နေကြပါတယ်။

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ပရာယုသ် ချန်အိုချာကတော့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူတွေ ရဲ့ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ တရားဥပဒေစိုးမိုးမှု ပြန်ရဖို့ စစ်တပ်က တာဝန်ယူပြီး လက်နက်ကိုင်သူ အရပ်သားတွေကို ထိခိုက်စေသူ ဘယ်သူ့ကိုမဆို စစ်တပ်က အရေးယူမယ်လို့ သတိပေး ထားပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ ရဲက လွဲလို့ နိုင်ငံတွင်း ဘယ်သူမှ လက်နက် မကိုင်ရလို့လဲ အမိန့်ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာလက စတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်မှုတွေကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၇၀၀ ကျော် ဒဏ်ရာရခဲ့တာပါ။

တယ်လီကွန် သူကြွယ်ကြီး သက်ဆင်နဲ့ ယင်လခ် ရှင်နာဝပ် မောင်နှမ တွေကို ထောက်ခံသူတွေနဲ့ ဘုရင်စနစ်ကို သစ္စာခံသူတွေကြား ဆယ်စုနှစ်တခုလောက်ကြာအောင် အာဏာ လွန်ဆွဲပွဲကြောင့် ထိုင်းနိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်လာမှာ ကြောက်ရွံ့မှုတွေ တိုးလာခဲ့ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

တစ်ရက်တည်း၌ မူးယစ်ဆေးဝါး ကျပ်သိန်း (၆၀၀) ဖိုး နီးပါး ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုလ (၁၉) ရက်နေ့ တစ်ရက်တည်းတွင် မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း (၆၀၀) ဖိုး နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယခုလ(၁၉) ရက်နေ့ နံနက်(၄) နာရီအချိန်တွင် ကလေးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်မည့် ထွန်းတောက် မှန်လုံယာဉ်အသင်းမှ ၉ခ/ ၆၉၇၅ မော်တော်ယာဉ်အား မူးယစ်တပ်ဖွဲ့စု (၈) မှ ဒုရဲမှူး စန်းထွန်းနှင့် အဖွဲ့က မသင်္ကာသဖြင့် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေး ကျေးရွာအနီးတွင် စစ်ဆေးခဲ့ရာ ဆီတိုင်ကီ နှင့် ဘတ္တရီ အခန်းကြား အံဝှက်ပြုလုပ်ကာ ပလတ်စတစ်အဖြူဖြင့် ထည့်ပြီး အပြင်ဘက်မှ ပလတ်စတစ် အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် ဆူဒိုအက်ဖီးဒရင်း ဟု ယူဆရသော အဖြူ ရောင်ဆေးပြား တစ်ထုပ်လျှင် (၁၁၀၀၀) ပြား အလေးချိန် (၉၀၀) ဂရမ်စီပါ (၄၀) ထုပ်၊ စုစုပေါင်း ဆေးပြား (၄၄၀၀၀၀) ပြား၊ အလေး ချိန် (၃၆) ကီလိုဂရမ်ခန့်၊ ကာလ တန်ဖိုး ကျပ်သိန်း (၄၄၀) အား ပီနံအိတ်ဖြင့် ထည့်လျက် သယ်ဆောင် လာသည်ကို တွေ့ ရှိရ သည်။

သို့ဖြစ်၍ ဆက်လက် စစ်ဆေးခဲ့ရာ ကလေးမြို့ တာဟန်းရပ်ကွက်နေ ကျင်းဝူ (ခ) ကပ်ဇကျင်း မှ ငွေကျပ်သုံး သိန်း ပေး၍ မန္တလေးမြို့ သို့ ပို့ဆောင်ပေးရန် ထွန်းတောက်ဂိတ်သို့ အပ်နှံထားခဲ့ကြောင်း သိရသဖြင့် မုံရွာမြို့မ ရဲစခန်းမှ မယ(ပ) ၈/၂၀၁၄ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ပုဒ်မ ၁၅/၁၆(ခ) /၂၁ အရ အမှုဖွင့်ထားကြောင်း ပထမသတင်းပေးချက် အရသိရသည်။

အဆိုပါနေ့တွင်ပင် တမူးမြို့၊ ခမ်းပတ် မြို့ နယ်ခွဲ၊ နန်းကတိတ် ကျေးရွာ အထွက်တွင် သတင်းအရ တမူးမြို့မှ ကလေးမြို့သို့ မောင်းနှင်လာ သည့် 125 ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာတွင် ဆိုင်ကယ် မောင်းနှင်လာသူ ကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀ ၀) ပြားပါ (၂၆) ထုပ်နှင့် (၁၀၀) ပြားပါ တစ်ထုပ်၊ စုစုပေါင်း ဆေး ပြား (၅၃၀၀) ပြား၊ ကာလ တန်ဖိုးကျပ် (၁၅၉၀၀ ၀၀၀) အား သိမ်းဆည်းရမိသဖြင့် ခမ်းပတ်မြို့နယ်ခွဲ နယ်မြေရဲစခန်းမှ မယ(ပ) ၂၇/၂၀၁၄ မူးစိတ် ၁၅/၁၉ ( က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။ထို့ပြင် ပင်လယ်ဘူးမြို့နယ်တွင်လည်း မသင်္ကာဖွယ်ရာ ပစ်္စည်းများကိုစစ်ဆေးခဲ့ရာ အဖြူရောင်အမှုန့်နှင့် ပင်နယ်ဆလင် ပုလင်း များ သယ်ဆောင်လာကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းလည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Messenger News Journal 

အပြည့်အစုံသို့ »

စစ်ပွဲလုံးဝမဖြစ်ရေး တာဝန်ယူပေးရန် အဖွဲ့ ၇၀ ကျော် တောင်းဆို


စစ်ပွဲတွေ လုံးဝ ထပ်မဖြစ်ရေး တာဝန်ယူပေးဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အဓိက ပါဝင်ဦးဆောင်သူတွေကို လူမှုကွန်ရက်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ၇၀ ကျော်က ကြေညာချက် ၁၀ ခု ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အဓိက ပါဝင်ဦးဆောင်သူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ကို တောင်းဆိုလိုက်တာဖြစ်ပြီး တောင်းဆိုချက်တွေထဲမှာ ကချင်၊ တအာင်းပလောင်ဒေသနဲ့ ရှမ်းပြည်နယ် စတဲ့ဒေသတွေမှာ ထိုးစစ် ပြင်ဆင်နေတာတွေ၊ စစ်အင်အားတိုးချဲ့နေတာတွေ ထိုးစစ်ဆင်နွှဲနေတာတွေကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အစိုးရနှင့်သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲတွေ အရေးပေါ်ဆွေးနွေးဖို့၊ စစ်ရှောင်စခန်းတွေနားမှာ နေရာယူထားတဲ့ လက်နက်ကိုင် တပ်တွေကို ဖယ်ရှားပေးဖို့၊ စစ်ဘေးဒုက္ခသည်တွေကို ဘေးကင်းရာ နေရာချထားနိုင်ဖို့နဲ့ စားဝတ်နေရေး ကူညီပေးနိုင်ဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့ ရိုးသားပြီး ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကို အမြန်ဆုံးပြုလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ ဆွေးနွေးပွဲ ကျင်းပနေတဲ့ Myanmar peace center (MPC ) မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

ဘရာဇီးတွင် အိမ်ခြေမဲ့ဆန္ဒပြသူများ ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီး

အိမ်ခြေမဲ့ဆန္ဒပြသူများ ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီးနေစဉ် 

ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ ဆာပေါ်လိုမှာ အိမ်ခြေမဲ့ ဆန္ဒပြသူတွေက ဘတ်စ်ကားတွေကို မနေ့က မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အကြီးအကျယ် ငွေကုန်ခံ ပြင်ဆင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲ မကျင်းပမီ ရက်ပိုင်းအလိုထိ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

အိမ်ခြေမဲ့ လုပ်သားများလှုပ်ရှားမှု MTSTက ဆန္ဒပြသူတွေဟာ ဆာပေါ်လိုမြို့လယ်မှာ ဘတ်စ်ကား ၅ စီးကို မီးရှို့ခဲ့တယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်တွေကို လက်ခံကျင်းပမယ့် ဘောလုံးကွင်းတွေကို ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ ဖိုး ကျခံသုံးစွဲမှုနဲ့ ပြီးစီးဖို့ နှောင့်နှေးနေမှုအပေါ် ဒေါသထွက်လို့ ခုလို လုပ်တာလို့ ဆိုပါတယ်။

ဆာပေါ်လိုမြို့ စည်ပင်သာယာ နယ်နိမိတ်မှာ လူအများအပြားဟာ ကျူးကျော်ရပ်ကွက်လို အခြေအနေမျိုးတွေနဲ့ နေထိုင်ရတယ်လို့ ခန့်မှန်းထားပါတယ်။

ဘရာဇီး အိမ်ယာမဲ့တွေကတော့ အစိုးရဟာ ထိပ်တန်းဦးစားပေးနေရာကို ကမ္ဘာ့ဖလားနဲ့ နေရာလွဲ ချမှတ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မနှစ်က တိုက်ကြီးများဖလား ဘောလုံးပွဲ ကျင်းပစဉ်အတွင်း  လမ်းပေါ်ထွက် ဆန္ဒပြခဲ့ဖူးပါတယ်။

အခုလည်း အဲဒီဖြစ်စဉ်ကို ပြန်အသက်သွင်းဖို့ ဆန္ဒပြသူတွေက စီစဉ်နေပါတယ်။ ဆာပေါ်လိုမြို့ဟာ ကမ္ဘာ့ဖလား ဖွင့်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှာ လက်ခံ ကျင်းပမှာပါ။

DVB Burmese 

အပြည့်အစုံသို့ »

အစိုးရအဖွဲ့ လစာ ၄ ပုံ ၁ ပုံ လှူကြမည်


သမ္မတ၊ ဒုသမ္မတ နဲ့ ၀န်ကြီး ဒုဝန်ကြီး အပါအ၀င် အစိုးရ ကက်ဘိနက် လူကြီးတွေဟာ မိမိတို့ လစာရဲ့ လေးပုံတစ်ပုံကို မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေထဲ ထည့်ဝင် လှူဒါန်းသွားဖို့ ရှိတယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး ၀န်ကြီး ဒုဝန်ကြီးတွေကလည်း ဆွေးနွေးညှိနှိုင်းပြီးမှ ကိုယ့်သဘောနဲ့ကိုယ် လိုက်ပါထည့်ဝင် အကောင်အထည်ဖော်တာလို့ သူက ဆိုပါတယ်။

လက်ရှိ အလှူငွေ ပေးသွင်းရမယ့် ဘဏ်အကောင့်နံပါတ်လည်း ရှိနေပြီလို့ ဦးရဲထွဋ်က

ရှင်းပြပါတယ်။

လက်ရှိ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း အယောက် ၉၀ ၀န်းကျင်ရဲ့ ၁ လ လစာ ကျပ် သိန်း ၂၄၀၀ ၀န်းကျင်ရှိနေပြီး ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေအတွက် ၁ လ ကျပ် သိန်း ၆၀၀ ၀န်းကျင် ၁ နှစ် ကျပ် သိန်း ၇၀၀၀ ကျော် ရရှိနိုင်မှာ ဖြစ်ပါတယ်။

DVB Burmese 

အပြည့်အစုံသို့ »

Digital မီတာများ ပြောင်းပြီးနောက် သုံးစွဲမှုယူနစ်များ သိသိသာသာ မြင့်တက်ဟု ဆို

ဓာတ်ပုံ - Myanmar Times

ဒီနေ့ Myanmar CNN ကို ပေးပို့လာတဲ့ အကြောင်းအရာတစ်ခုပါ။ မြန်မာနိုင်ငံမှာ မီတာဖိုး ဈေးတက်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုသတင်းတစ်ခုကတော့ မီးတာဖိုးတက်တာအပြင် သုံးစွဲမှု ယူနစ် မြင့်တက်လာတဲ့ အကြောင်းပါ။ Digital မီတာ ပြောင်းပြီးနောက် မီတာများကို အိမ်နံရံမှာ ကပ်မထားတော့ပဲ အိမ်ရှေ့ရှိ ဓာတ်တိုင်များတွင် ထည့်စရာ ပုံစံတစ်ခုပြုလုပ်ကာ မိမိနဲ့ အတူ အိမ်နီးချင်း ဆယ်အိမ်၊ ဆယ့်ငါးအိမ်ခန့်ရဲ့ မီတာတွေ အားလုံးကို စုစည်းပြီး တင်ထားပါတယ်။ အဲဒီ လိုပြုလုပ်ပြီးနောက် ဓာတ်အားခ ဈေးတက်၊ သုံးစွဲမှု ယူနစ်တွေ မြင့်တက်တဲ့အပြင် မီတာကို ဓာတ်တိုင်ပေါ်မှာ ချိတ်ဆွဲထားတော့ မှန်၊ မမှန် စစ်ဆေးလို့ မရဘူးလို့ အောက်ပါအတိုင်း ပို့လာပါတယ်။

ပုံမှန် သုံးနေကျ...ကျမတို.အိမ်မှာတလလျင် ယူနစ်ပေါင်း အလွန်ဆုံးကျမှ 300 မှယခုဆိုလျင် ဓါတ်တိုင်ပေါ်တင်ပြီးသည်. ပထမဥိးဆုံးလမှာပင်ယနစ်ပေါင်း1000 သို.တ၇ှိန်ထိုးထိုးတတ်သွားပါသည်
ဒိဂျစ်တယ်ပြောင်းသောကြောင်. ဓါတ်တိုင်ပေါ်သို.ေ၇ာက်သွားသောမိတာပု့းံများကိုလည်းကျမတို.ကြည်.လို.မ၇ပါ..မီတာမှန်သလားမှားသလားလည်းမပြောတတ်တော.ပါ...ကျေးဇူးပြုပြီး မီတာခများအဆမတန်တိုးမြှင်.ကောက်ခ့မူ.ကိုအဆင်ပြေသလို.စာစီပြီးတင်ပြပေးစေချင်ပါသည်၇ှင်....

Ygn News (Myanmar CNN) မှ တင်ဆက်သည်။ 

အပြည့်အစုံသို့ »