ခင်ပွန်းဖြစ်သူကို သတ်ခဲ့သည့် ကလေးရာဇဝတ်သားအား သေဒဏ်ချမှတ်




Razieh Ebrahimi ဟာ အသက်၁၄ နှစ်မှာ အတင်းဓမ္မ ယောက်ျားပေးစားခံရတဲ့ ကလေးမလေး ဖြစ်ပါတယ်။ အသက် ၁၅ နှစ်မှာ ကလေးအမေ ဖြစ်လာပါတယ်။ အသက် ၁၇ နှစ်မှာတော့ သူ့ယောက်ျားကို သတ်ခဲ့ပါတယ်။ အခု အသက် ၂၁ ရောက်ပြီဖြစ်တဲ့ သူမကို အီရန်နိုင်ငံက သေဒဏ်ချမှတ်ခဲ့ပြီ ဖြစ်ပါတယ်။

ယောကျာ်းအိပ်နေတဲ့အချိန်မှာ မျက်နှာကို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဒီသေဒဏ်ကို ခေတ္တဆိုင်းငံထားဖို့ တောင်းဆိုထားပါတယ်။

“ကျွန်မအဖေက အတင်းလုပ်ခဲ့တာကြောင့် ၁၄ နှစ်သမီးမှာ အိမ်နားက လူရဲ့ သားတစ်ယောက်ကို လက်ထပ်ခဲ့ရတယ်” လို့ Ebrahimi ရဲ့ပြောကြားချက်ကို Mehr သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ကျွန်မဘယ်သူလဲ၊ ဘဝဆိုတာဘာလဲ  ကျွန်မ လုံးဝမသိတော့ပါဘူး။ ကျွန်မယောကျာ်းက ကျွန်မကို နှိပ်စက်တယ်။ ကျွန်မကို အမျိုးမျိုးစော်ကားတယ်။ ရုပ်ပိုင်းဆိုင်ရာအရတောင် တိုက်ခိုက်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

Ebrahimi ဟာ ယောကျာ်းဖြစ်သူရဲ့ သေနတ်နဲ့ ယောက်ျားကို သတ်ခဲ့ပြီး အိမ်ရဲ့ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါတယ်။ ရဲများကိုတော့ သူယောကျာ်းပျောက်နေကြောင်းသာ ပြောခဲ့ပြီး သူမ အဖေရဲ့ဖော်ထုတ်မှုကြောင့် အဖမ်းခံခဲ့ရပါတယ်။

“အီရန်တရားသူကြီး တစ်ယောက်ဟာ Ebrahimi လို ပြစ်မှုကျူးလွန်သူကလေး တစ်ဦးကို သေဒဏ်ပေးမယ့် အချိန်တိုင်း သူ သတိရသင့်တာက တရားမျှတစွာ ဆုံးဖြတ်ရမယ့် သူ့ရဲ့ဥပဒေအကြောင်းအရတာဝန်တွေကို ပြောင်ပြောင် တင်းတင်းကြီး ချိုးဖောက်တာပဲ” လို့ Human Rights Watch မှ Joe Stork  က ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

မလေးရှားလေဆိပ်သို့ ရောက်ရှိလာသည့် လုပ်သားများအား ၂၄နာရီကျော်သည်အထိ အလုပ်ရှင်မှ လာမခေါ်ပါက နေရပ်ပြန်ပို့


ရန်ကုန်၊ ဇွန် ၂၀- မလေးရှားနိုင်ငံ သို့ လာရောက်အလုပ်လုပ်ကိုင်သည့် အလုပ် သမားများအား မလေးရှားလေ ဆိပ်တွင် ၂၄နာရီ အတွင်း လုပ်ငန်းရှင် များမှ လာရောက်ခေါ်ဆောင်ခြင်း မရှိပါက လုပ်သားများအား မိမိနိုင် ငံသို့ပြန်ပို့သွား မည့် အစီအစဉ်အား မလေးရှားအစိုးရက စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းရှင်များ အသင်းချုပ်မှ အတွင်း ရေးမှူး ဦးကျော်ထင်ကျော်က ပြော သည်။

ဦးကျော်ထင်ကျော်က ''မလေး ရှားလေဆိပ်ကလုပ်သားတွေကို လေ ဆိပ်မှာ ၂၄နာရီပဲထားတယ်။ အချိန် ကျော်သွား ရင် နေရပ်နိုင်ငံကို ပြန်ပို့မှာ ဖြစ်တယ်။ အဲဒီကိစ္စက စနေပြီဖြစ် တယ်''ဟု ပြောသည်။

ယခင်က မလေးရှား အစိုးရသည် မိမိတို့နိုင်ငံသို လာရောက်အလုပ်လုပ် ကိုင်သည့် အလုပ်သမားများအား အ လုပ်ရှင်များက မလေးရှားလေဆိပ် တွင် လာရောက်ခေါ်ယူမှုကို ၁ဝရက် အထိ စောင့်ဆိုင်းပေးကြောင်း၊ ယင်း သို့ ၁ဝရက်အတွင်း လာရောက်ခေါ် ယူခြင်း မရှိမှသာ သက်ဆိုင်ရာနိုင်ငံ သို့ ပြန်ပို့ခြင်း ကို ပြုလုပ်ကြောင်းနှင့် ယခု အခါ ၂၄နာရီအတွင်း လာရောက်ခေါ် ယူခြင်းမပြုပါက ပြန်လွှတ်သည့်စနစ် ကို ကျင့်သုံးခြင်းဖြစ်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းမှာ ဇွန် ၁၅ရက်က စတင်ကာ အကျုံးဝင်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံလေဆိပ်တွင် တရားဝင်သွားရောက်လုပ်ကိုင်သည့် လုပ်သားများသည် မလေးရှိအေဂျင်စီ နှင့် မြန်မာနိုင်ငံ ရှိ အေးဂျင့်တို့အကြား အချိတ်အဆက်မမိခြင်း၊ စာရွက်စာ တမ်းမှားယွင်းခြင်း၊ လုပ်ငန်းခွင်တည် ရှိရာနေရာမှာ လေဆိပ်နှင့် ကွာဝေး ခြင်းတို့ကြောင့် လေဆိပ်တွင် လုပ်သား များအချိန်အကြာကြီး စောင့်ဆိုင်းနေ ရမှုများရှိသည့်အတွက် မလေးရှား အစိုးရဝန်ဆောင်မှု ညံ့ဖျင်းသည့် ကုမ္ပဏီနှင့် အေဂျင်စီများကို အမည် ပျက်စာရင်း (Black List)သွင်းမည် ဟု မလေးရှားအစိုးရမှ ကြေ ညာ ထား ကြောင်း သိရသည်။

''ရောက်ပြီဆိုတာနဲ့ မလေးရှား က အေဂျင်စီနဲ့လုပ်ငန်းရှင်တွေကို ၂၄ ရက်အတွင်း လာရွေးခိုင်းတာဖြစ် တယ်။ အဲ့ဒီအချိန်အတွင်း လာမ ရွေးရင် မလေးရှားအစိုးရက သူတို့ကို သွင်းမယ်လို့ လုပ်ငန်းရှင်တွေကို Black List သွင်းမယ်လို့ ဖိအားပေးတာ မျိုး လုပ်တာဖြစ်တယ်။ တရားမဝင် လာရောက်သူတွေကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနဥပဒေအ တိုင်း လုပ်သားဆီက စရိတ်မယူဘဲ နေရပ်ပြန်ပို့တာဖြစ်တယ်။ တရား မဝင်သွားတဲ့ လမ်းကြောင်းက အခု ချိန်ရှားသွား ပါပြီ''ဟု ပြည်ပအလုပ် ကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်အခြေချလုပ်ကိုင်လျက်ရှိ သည့် လုပ်သား တစ်ဦးဖြစ်သည့် ဦးအောင်ကိုက ''မလေးရှားစရောက် စတုန်းက လေ ဆိပ်မှာ အကြာကြီး မလေးရှားလေဆိပ်မှာရှိတဲ့ လုပ်သား တွေ ထား တဲ့နေရာမှာ လာခေါ်မယ့် သူတွေကို စောင့်လိုက်ရတယ်။ ၁ရက် ၃ရက်ကြာတာတောင် လာမရွေးတော့ ကျွန်တော်တို့တော့သွားပြီ ထင်နေတာ နောက်မှ လာရွေးတယ်။ နောက်အ လိမ်ခံရတာလား၊ အလုပ်ရှင်က လာ မရွေးသေး လို့လား မသိဘူး။ ကျွန်တော့် ထက်စောရောက်ပြီး အဲ့ဒီအခန်းထဲ မှာ ကျန်ခဲ့သူတွေအများကြီးရှိတယ်။ ဟိုရောက်တော့ ကိုယ့်နိုင်ငံမှမဟုတ် တာ ဘယ်အဆင်ပြေပါ့မလဲ၊ မိသားစု လုပ်ကိုင်စားသောက်လို့ရပြီဆိုတာနဲ့ ပြန်အခြေချနေထိုင်တာ ဖြစ်တယ်''ဟု ပြောသည်။

SH

[--Democracy today Daily Newspaper--]

Yangon Media Group

အပြည့်အစုံသို့ »

Looking and feeling your best during pregnancy ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ)



၁။ ကိုယ်ဝန် ပဌမ (၃) လ ကိုယ်ဝန်ဆောင်ရင် ခါးတုတ်၊ ဗိုက်ဖေါင်းလာတာအပြင် ကိုယ်ဝန်ဆောင်စမှာ ထွက်လာကြတဲ့ ဟော်မုန်းတွေကြောင့် ရင်သား တင်းပြီး ကြီးထွားလာမယ်၊ နာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။ အားကုန်သလိုဖြစ်လို့ မကြာမကြာ နားရ-အိပ်ရမယ်။

၂။ အရေပြားပြောင်းလဲမှုများ မျက်နှာမှာ မှည့်ခြောက်လို၊ အစက်အပျောက်တွေ၊ အကြောပြတ်တာတွေ၊ အဆီပြန်-ဝက်ခြံလိုတွေ ထွက်လာနိုင်တယ်။ Lotion or moisturizer တွေသုံးနိုင်တယ်။ ဒါပေမဲ့ ဝက်ခြံဆေးကို ဆရာဝန် မပေးဘဲ မသုံးပါနဲ့။

၃။ နှိပ်နယ်နည်း၊ (စပါ) နည်း (ဆွီဒင်) နှိပ်နယ်နည်းက ကောင်းတယ်။ တတ်ကျွမ်းကျင်တဲ့သူနဲ့လုပ်ပါ။ Mud baths လို Sauna လို ကိုယ်အပူချိန်တက်စေမှာမျိုး မလုပ်ပါနဲ့။

၎။ လှုပ်ရှား-တက်ကြွနေပါ။ ကိုယ်ဝန်ဆောင်နဲ့သင့်တဲ့ လေ့ကျင်ခန်းလုပ်ပါ။ ကလေးမွေးဖွါးတဲ့အခါ လွယ်ကူ ချောမွေ့စေဘို့ရာ ပြင်ဆင်မှုဖြစ်တယ်။ ၇ ရက်တပါတ်မှာ ၂ နာရီကနေ ၂ နာရီခွဲကြာအောင်လုပ်ပါ။ ပြင်းထန်တာမလုပ်ပါနဲ့။ လမ်းလျှောက်တာ၊ ရေကူးတာ လုပ်နိုင်တယ်။ အလေးမတာ၊ (အေရိုးဘစ်) လုပ်တာ၊ ပြေးတာတွေ အရင်လောက် ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။

၅။ လေ့ကျင့်ခန်းလုပ်လို့ ဒါတွေဖြစ်လာရင် ရပ်လိုက်ပါ ဗိုက်နာလာမယ်၊ ရင်ပတ်နာလာမယ်၊ ခေါင်းမူးလာမယ်၊ ကြွက်တက်မယ်၊ ခြေထောက်ရောင်မယ်၊ ကလေး မလှုတ်ဘူးထင်မယ်။

၆။ ကိုယ်လက်ဆန့်တန်း-ဖြေလျှော့နေထိုင်ပါ ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ ဖြေလျှော့နေခြင်းဟာ ကောင်းတယ်။ (ယောဂ) နည်းလဲ လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နဲ့ သင့်တဲ့နည်းတော့ ရွေးချယ်ရမယ်။ ခြေဆန့်-လက်ဆန့် နေတာ ကောင်းတယ်။ တင်ပါးနေရာ၊ ပေါင်နေရာတွေကို ပြေလျှော့နေပါစေ။ ထိုင်ရင် သက်တောင့်သက်သာ ဒူးကွေးနေပါစေ၊ ရှေ့ကိုနဲနဲ ကုန်း-ကိုင်းနေပါစေ။ ခါးမတ်ထားပါ။

၇။ စိတ်မူ ပြောင်းသလား ကိုယ်ဝန်ဆောင်တာနဲ့ စိတ်က တက်လိုက် ကျလိုက်ဖြစ်တတ်တယ်။ ကလေးအတွက်၊ ကလေးအမေဘဝ စတာတွေ တွေးနေရလို့ စိတ်လှုတ်ရှားမယ်။ ဒီလိုဖြစ်တာ ပုံမှန်ပါ။ နားပါ။ လေ့ကျင့်ခန်းလုပ်ပါ၊ အပေါင်းအသင်းတွေနဲ့ နေထိုင်ပါ၊ စိတ်ဖြေလျှော့နည်းလုပ်ပါ။ လိုမယ်ထင်ရင် ဆရာဝန်ပြပါ။

၈။ ကိုယ်ဝန်နဲ့ ဆံပင် ကိုယ်ဝန်ဆောင်ရင် ဆံပင်ပိုထူလာတယ်။ ဟော်မုန်းတန်ခိုးနဲ့ ဆံပင်မကျွတ်တော့ဘူး။ ကလေးမွေးပြီး ၆ လနေရင် အရင်လို ပြန်ဖြစ်လာမယ်။

၉။ (မိတ်ကပ်) အရေပြား ခြောက်တယ်ဆိုရင် Liquid or cream foundation သုံးနိုင်တယ်။ အဆီပြန်လာချိန်မှာ ပေါင်ဒါသုံးပါ။ (မိတ်ကပ်) သုံးရင် အမှောင် မများစေနဲ့ ထူမသွားစေနဲ့။

၁ဝ။ ကိုယ်ဝန်ဆောင် အဝတ်အစား ဈေးများတာ၊ မများတာထက် ကိုယ်နဲ့သင့်တာ ကောင်းတယ်။ ဖက်ရှင်ကျကျ၊ သက်တော့င့်သက်သာ၊ တတ်နိုင်တာဝတ်ပါ။ ကိုယ်ဝန်ရှိရင် ၂၅ ကနေ ၃၇ ပေါင်အထိ ကိုယ်အလေးချိန် တက်လာမယ်။ Supportive bra ကြီးလာတဲ့ ရင်သား ပင့်တင်ထိန်းထားနိုင်တဲ့ (ဘရာ) ဝတ်ပါ။ (ဆိုက်စ်) တိုးတိုး လာမယ်။ ခွါမြင့်တွေ မစီးပါနဲ့တော့။ အောက်ခံထူထဲတာ၊ မမြင့်တာသုံးပါ။

၁၁။ နှစ်ယောက်စာ စားပါ ကိုယ်ဝန်ဆောင်ရင် အရင်ကထက် (ကယ်လိုရီ) ၃ဝဝ ပိုလိုတယ်။ ဒါအတွက် ပိုတာကို နှစ်ယောက်စာလို့ ပြောကြတာ ဖြစ်တယ်။ စားရမှာတော့ အစုံးသားစာလို့ပြောရမှာဘဲ။ မနက်စာတော့ မလွတ်စေနဲ့။ အသားစိမ်၊ ဥစိမ်း၊ နွားနို့စိမ်း၊ (မာကြူရီ) များတဲ့ငါးတွေ ရှောင်ပါ။

၁၂။ ကိုယ်ဝန်ဆောင်အားဆေး ကိုယ်ဝန်ဆောင်စဉ် လိုမှာက နံပါတ်တစ် (ဖေါလစ်-အက်စစ်) ဖြစ်တယ်။ (ကယ်လ်စီယမ်) နဲ့ သံဓါတ်ကလဲ မပါမဖြစ်ဘူး။ Vitamin B12 လဲလိုတယ်။ ဒါတွေအားလုံး လူတွေစားတဲ့ အစာတွေထဲမှာ ပါနေပါတယ်။ လိုလာရင် Prenatal vitamins ဆေးသောက်ရမယ်။

၁၃။ ရေသောက်မနည်းစေနဲ့ တကိုယ်လုံးအတွက် ရေဓါတ်မနည်းစေရပါ။ ဆီးလမ်းကိုလဲ ကောင်းစေမယ်။ ဝမ်းမချုပ်စေဘူး။ ကိုယ်ဝန်ဆောင်နေတုံး တနေ့မှာ ရေဖန်ခွက် ၈ ခွက်ကနေ ၁၂ ခွက်အထိလိုတယ်။ ၂ဝ% က စားတဲ့ အစာထဲကရနေတယ်။ ရာသီဥတု၊ ကိုယ်ဝန် အနုအရင့်၊ လူအသေး-အကြီး လိုက်မယ်။ ဆီးအရောင် ရင့်လာရင် ရေလိုနေလို့ဘဲ။

၁၄။ ကောင်းကောင်းအိပ်စက်ပါ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ ပိုအိပ်ချင်တယ်။ အိပ်ပါ။ မွေးခါနီးရင် အိပ်ဖို့ ခက်လာတယ်။ ဆီးထထသွားချင်၊ ရင်ပူ၊ စိုးရိမ်စိတ်တွေ ဝင်တတ်တယ်။ ဘယ်ဘက်ကို စောင်းအိပ်တာ ကောင်းတယ်။ ဆီးထသွားရမှာ စိုးရိမ်ရင် အိပ်ခါနီးမှာ ရေ-အရည် လျှော့သောက်ပါ။

၁၅။ ဆေးသောက်တာ ဆရာဝန်မေးပြီးမှ သောက်ပါ ဆရာဝန်မညွှန်ဘဲ ဘယ်ဆေးမှ မသောက်ပါနဲ့။ အအေးမိလို့၊ ခေါင်းကိုက်လို့၊ ဝမ်းချုပ်-ဝမ်းပျက်လို့ ဆိုင်ကနေ အလွယ် ဝယ်ရတဲ့ဆေး မေးပြီးမှသာ သောက်ပါ။ နဂိုကတည်းက ရောဂါတခုခုကြောင့် ဆေးသောက်နေရရင်လဲ ဆရာဝန်က လိုရင် ပြင်ပေးပါမယ်။

၁၆။ ခင်ပွန်းနဲ့အတူနေတာ ရပါတယ် ဆရာဝန်က တမင်တကာ မတားရင် ခင်ပွန်းနဲ့အတူ အရင်လိုနေနိုင်တယ်။ နည်းနာ ဘာညာ ကိုယ့်ဖါသာ ကြံဆလို့လဲ ရတယ်။ လိုမယ်ထင်ရင် တတ်သိသူတွေကို မေးပါ။ အစိုးရိမ် မကြီးပါနဲ့။

၁၇။ စိတ်မူ ကောင်းနေပါစေ စိတ်တက်ကြွနေ ကျေနပ်နေရင် ကိုယ်ထဲမှာ ဓါတ်ကောင်းတွေ များနေမယ်။ Endorphins ခေါ်တယ်။ စိတ်တည်ငြိမ်နေရင် Dopamine နဲ့ Serotonin တွေ များနေမယ်။ လေ့ကျင့်ခန်းလုပ်ပေးတာ ဒီလိုဖြစ်စေနိုင်တယ်။ စိတ်ကျတာ၊ စိုးရိမ်တာသက်သာစေမယ်။ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်စိတ် များစေတယ်။

၁၈။ Kegels exercise (ကီးဂဲလ်-အိတ်ဆာဆိုက်) ကိုက်မှကိုက် ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ဖြစ် လုပ်နိုင်တယ်။ သားအိမ်၊ ဆီးအိမ်၊ အစာဟောင်းအိမ်၊ မွေးလမ်းကြောင်းတွေကို ထိန်းမ-ပင့်တင်ပေးနေတဲ့ ကြွက်သားနဲ့ အရွတ်တွေကို သန်မာစေတယ်။ ကလေးမွေးပြီးလဲ နဂိုအနေလို ထင်စေနိုင်တယ်။ ဆီးသွားနေတုံး မကုန်သေးခင် အတင်းဇွတ်ရပ်ဘို့ ကြိုးစားပါ။ အဲလိုလုပ်ဘို့ ညှစ်ရတဲ့ နေရာတွေကို သဘောပေါက်ရင် အဲဒါတွေကို ၅ စက္ကန့် ညှစ်လိုက်၊ ၅ စက္ကန့် လျှော့လိုက်၊ ၁ဝ ခါဆက်တိုက်လုပ်ပါ။ တနေ့ထဲမှာ ၅ ကြိမ်အထိလုပ်ပါ။ ကလေးမွေးပြီးလဲ လုပ်ပါ။

၁၉။ လမ်းလျှောက်ပေးပါ။ စလျှောက်ရင် သိပ်မဝေးစေနဲ့။ ဖြေးဖြေးတိုးလျှောက်ပါ။ မွေးတဲ့အထိလျှောက်နိုင်တယ်။ ရုပ်ရော စိတ်ပါ ပိုကောင်းစေတယ်။

၂ဝ။ ယုံကြည်စိတ်အပြည့်ရှိပါ ကိုယ့်ကိုယ်ကို သတိပြုနေမှာ ပုံမှန်ဖြစ်တယ်။ ယုံကြည်စိတ်လဲ အပြည့်ရှိပါစေ။ အပြုသဘော စကားပြောတတ်သူတွေကိုသာ ရွေးပေါင်းပါ။ စာကောင်းပေကောင်း ဖတ်ပါ။ ရုပ်ရှင်ကြည့်တာကအစ ဇာတ်လိုက်ကချည်း နိုင်တာမျိုး၊ မင်းသမီး-မင်းသား မငိုကြဘဲ ညားတာမျိုး၊ ကလေးသူရဲကောင်း ဇာတ်လမ်းမျိုး ပျော်စရာတွေသာကြည့်ပါ။

Dr. တင့်ဆွေ


အပြည့်အစုံသို့ »

ဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးက အနားပေး၍ ဧရာဝတီတိုင်း ပြည်သူများ ဆန္ဒပြမည်



 သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးမှ အနားပေးလိုက်ခြင်းကြောင့် ဧရာတီတိုင်း အတွင်းရှိ ပြည်သူများက ဇွန်လ နောက်ဆုံးပတ်တွင် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တုန်း ပြည်သူတွေအခက်အခဲတွေကို ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့တယ်၊ သာသနာရေး ဝန်ကြီးဖြစ်တော့လည်း တိုင်းက ပြည်သူတွေ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့သူပါ၊ ဧရာဝတီတိုင်းသား တစ်ယောက်လည်း ဖြစ်တယ်၊ နိုင်ငံပိုင်ငွေတွေကို အလွဲသုံးစားအများကြီး လုပ်နေတဲ့သူတွေ ရှိနေတာကို ပြည်သူတွေအတွက် လုပ်ဆောင်ပေးသူကို အခုလိုလုပ်တာ တရားမျှတမှု မရှိဘူး၊ လူအခွင့်အရေး ချိုးဖောက်ခံရတာပဲ”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ဇွန်လ နောက်ဆုံးပတ်၌ ပုသိမ်မြို့တွင် ပြည်သူအင်းအား ၅ဝဝခန့်က ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ဟစ်တိုင်တွင် ဦးထွန်းထွန်းဦးက ပြောဆိုမည်ဖြစ်သည်။ ပုသိမ်မြို့ ထဲတွင်လည်း လှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။

“သမ္မတ အမိန့်ကို မလိုက်နာလို့လုပ်တာဆိုတာမျိုး အငြိုးထားလုပ်တာဖြစ်နေတယ်၊ ပြည်သူအတွက် အလုပ်လုပ်ပေးနေသူ ဝန်ကြီးဖြစ်တယ်။ ငွေ ၇၂ သိန်း ဆိုတာလည်း ညှိနှိုင်းဆောင်ရွက်သင့်တယ်။ အခု အနေအထားမျိုး မဖြစ်သင့်ဘူး။ ဝန်ကြီး တစ်ယောက်ရဲ့သိက္ခာကို ပြန်ကြည့်သင့်တယ်၊ နေရာတိုင်းမှာ အဂတိလိုက်စားမှုတွေရှိနေတာ ကျန်တာတွေ ဘာမှမဖြစ်ခဲ့ဘဲ ဦးဆန်းဆင့်မှ ဖြစ်တာဆိုတာတော့”ဟု ပုသိမ်မြို့ လူအခွင့်အရေး ကာကွယ်စောင့်ကြည့်မြှင့်တင်ရေး ကွန်ယက်က ဦးမြင့်နိုင်က ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ဝန်ကြီးဦးဆန်းဆင့်အား ယခုကဲ့သို့ အရေးယူခြင်းသည် သမ္မတ ခိုင်းသည်ကို မလုပ်ခြင်း၊ အချို့ကိစ္စများတွင် သမ္မတအား ဘောင်ကျော်လုပ်ခြင်း တို့ကြောင့် ဖြစ်သည်ဟု ပြောဆိုထားသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။

ဦးဆန်းဆင့်အား အမှုဖွင့်ထားသည့် ပုဒ်မ ၄ဝ၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိရပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

၎င်းအား ဇွန်လ ၁၉ရက် ည၌ပင် တာဝန်မှ ရပ်နားကြောင်း သမ္မတလက်မှတ်ဖြင့် အမိန့်ကြေငြာချက် ထွက်ရှိခဲ့ပြီး ၂ဝရက်တွင် သာသနာရေးဒုဝန်ကြီး ဦးစိုးဝင်းအား ဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ ပြည်ထော်စု လွှတ်တော်သို့ အကြောင်းကြားစာ ပို့ခဲ့သည်။

ဦးဆန်းဆင့်အား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရာထူးမှ သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့ နယ်မှ ပြည်သူ ၁ဝဝဝခန့်က မပြောင်းရွေ့ရန် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။



စည်သူမောင်မောင်

Mizzima

အပြည့်အစုံသို့ »

ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်


ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိ
သူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။

လက်ရှိအများပြည်သူ ကြည့်ရှုနေသည့် အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်တွင် မော်ဒယ်ဇွန်သဉ္ဇာ၊ မေမြတ်မွန် နှင့်ဇာဇာထက်တို့၏ ညစ်ညမ်းဓာတ်ပုံများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။

အလားတူ စာရေးဆရာ အောင်ရင်ငြိမ်းရေးသားသည့် “ရိုမန်း ဘောစ်တွေရဲ့ကမ္ဘာ”စာအုပ်နှင့် ပတ်သက်၍လည်း ညစ်ညမ်းသည့် စာအရေးအသားများပါဝင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျက် ရှိသည်။

ယင်းစာအုပ်နှင့် ပတ်သက်၍လည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်များပေါ်တွင် ဝေဖန်မှုများ ရှိခဲ့သည်။

ထို့အတူ မော်ဒယ်ညစ်ညမ်းဓာတ်ပုံများ နှင့် “ရိုမန်းဘောစ်တွေရဲ့ကမ္ဘာ” စာအုပ်ကိုလည်း မီဒီယာအချို့မှ ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။

ညစ်ညမ်းဓာတ်ပုံ၊ စာပေများကို အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းများက အဓိကလုပ်ဆောင်ရမည် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကသာ စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်းကို ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပြဌာန်းချက်များအရ သိရသည်။

ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများ နှင့်ပတ်သက်၍ အရေးယူထောင်ချနိုင်ရန် ရာဇသတ်ကြီး၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နှင့်၂၉၃ တို့တွင် ပြဌာန်းထားသည်။

ယင်းပုဒ်မများသည် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲဇယား၌ ပြဌာန်းထားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း သိရသည်။

ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများသည် ရဲတပ်ဖွဲ့က သတင်းရလျှင်ရချင်း လိုက်လံစုံစမ်းဖော်ထုတ်နိုင်သည့် ပြစ်မှုပုဒ်မများဖြစ်ပြီး ပြည်သူတစ်ဦးဦးကဖြစ်စေ၊ စာနယ်ဇင်းကောင်စီကဖြစ်စေ တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားရန် မလိုကြောင်း သိရသည်။

ညစ်ညမ်းဓာတ်ပုံများဖြစ်ပါက ဓာတ်ပုံအရိုက်ခံသည့်သူသာမက ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာအပါအဝင် ယင်းဓာတ်ပုံကို ဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

ထို့အတူ ညစ်ညမ်းစာပေများဆိုပါကလည်း ရေးသူသာမက ထုတ်ဝေသူဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

မည်သူမဆို ညစ်ညမ်းသောစာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန်ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင်သို့တည်း မဟုတ်ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြခြင်း၊ ဖြန့်ချိခြင်းကိစ္စတစ်ခုခုအလို့ငှာ ပြု လျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့ တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ အရ သိရသည်။

ထို့အတူ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခုကို အသက် ၂ဝ မပြည့်သေးသောသူ တစ်ဦးတစ်ယောက်သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းတစ်ခုခုပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ အရ သိရသည်။

အင်တာနက်နှင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်များပေါ်ရှိ အချို့ညစ်ညမ်းဓာတ်ပုံများသည် ဓာတ်ပုံပေါ်မှ ကာယကံရှင်များကိုယ်တိုင် ဓာတ်ပုံတင်ခြင်း ဖြန့်ဝေခြင်းများရှိသကဲ့သို့အချို့သော ညစ်ညမ်းဓာတ်ပုံနှင့်ညစ်ညမ်းဗွီဒီယိုများမှာမူ ကာယကံရှင်များမသိဘဲ ခိုးယူရိုက်ကူးဖော်ပြခြင်းများဖြစ်ကြောင်း သိရသည်။

ထိုသို့ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် ကာယကံရှင်များမသိဘဲ ခိုးယူရိုက်ကူးကာ အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်၌ ဖော်ပြခြင်းများသည် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း သိရသည်။

မည်သူမဆို အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်၊ သတင်းအချက်အလက်ကို အီလက်ထရွန်နစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊

ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)တွင် ပြဌာန်းထားချက်အရ သိရသည်။

Eleven Media Group

အပြည့်အစုံသို့ »

ပုပ္ပားတောင်အနီးတွင် ဗုံးသီးဟောင်း နှစ်ရာကျော်တွေ့


ပုပ္ပားတောင်မြောက် ဘက်ရှိ စိတ္ထိန်းကျေးရွာတွင် ဆေး ခန်းအနီး ၀န်ထမ်းအိမ်ရာ
 တည်ဆောက်ရန် မြေကျင်းတူးရာ ဗုံးသီးနှစ်ရာကျော်တွေ့ရှိ၍ မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်က လာရောက်ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


ဇွန်လ ၂၀ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားမြို့၊ စိတ္ထိန်းကျေးရွာရှိ ဆေးခန်း၌ ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးများတွေ့ရှိ၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် တပ်မ (၇၈) တပ်ရင်းသို့အကြောင်းကြားပြီး မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်ကို ခေါ်ဆောင်၍ တူးဖော်ရာ ဗုံးသီး ၂၅၇ လုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။


‘‘ဆေးခန်းက အလုပ်သမား ၀န်ထမ်းနေဖို့ အဆောက်အအုံ ဆောက်ဖို့ မြေကျင်းတူးတာကနေ စတွေ့တာလို့ ပြောတယ်။ မိတ္ထီ လာက မိုင်းရှင်းလင်းရေးတပ်ကို ခေါ်ပြီး အကုန်လုံးတူးတာ ၂၅၇လုံးတွေ့တာပဲ။ အဲဒါကို အကုန်လုံး သူတို့ဖျက်ဆီးပစ်ဖို့ ဆိုပြီးသယ် သွားတယ်’’ဟု စိတ္ထိန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဗုံးသီးများတွေ့ရှိ ခြင်းနှင့် ပတ်သက်ပြီး ပုပ္ပားမြို့ နယ်ရဲစခန်းမှူးထံဆက်သွယ်မေးမြန်းရာ လုံခြုံရေးအတွက် ဖြစ်သောကြောင့် ဖြေကြား ပိုင်ခွင့်မရှိကြောင်းပြောသည်။

‘‘စစ်တပ်က ဗိုလ်တွေ ပြော သွားတာတော့ ဒီနေရာက ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တွေ စခန်း ချသွားတဲ့နေရာလို့ပြောတယ်။ ဒီ ဗုံးတွေကို သူတို့မြှုပ်သွားတာလို့ ပြောတယ်။ အဲဒီနေ့တုန်းကတော့ တစ်နေကုန် တူးဖော်နေရတာပဲ။ ညနေရောက်မှ ပြီးသွားတယ်။ နောက်ထပ်မရှိတော့ဘူးလို့ပြော သွားတာပဲ’’ဟု ထိုနေရာသို့ သွား ရောက်ကြည့်ရှုသော ပုပ္ပားမြို့ ဒေသခံကိုဝင်းကိုကပြောသည်။

အဆိုပါဗုံးများသည် ဗုံးအသစ်များမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဟောင်းများဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Daily

အပြည့်အစုံသို့ »

သဘာဝအတိုင်း သွေးတိုးလျှော့ချနည်းများ



ဆေးဝါးများကို မရွေးချယ်မီ သွေးတိုးခြင်းကို လျှော့ချရန် ဘေး ကင်းလုံခြုံသော နည်းလမ်းအချို့ ဖော်ပြပေးလိုက်ပါသည်။
သင်၏ သွေးပေါင်အတက်အကျကို အမြဲသိရှိစေရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး အောက်ပါသဘာဝနည်းလမ်းအချို့ဖြင့် သွေးတိုးခြင်းကို လျှော့ချစေနိုင်ပါသည်။


ကိုယ်အလေးချိန်လျှော့ချပါ
သွေးပေါင်မှာ ကိုယ်ခန္ဓာအလေးချိန်နှင့်အတူ မြင့်တက်လာတတ်သည်။ ထို့ကြောင့် သွေးတိုးရောဂါမှ သင့်ကိုယ်သင် ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ ကိုယ်အလေးချိန်လျှော့ချခြင်းမှာ သွေးတိုးခြင်းကျသွားစေသည့်အပြင် နှလုံးထိခိုက်မှုကို လျော့နည်းစေသည်။

(မှတ်ချက် ။ ။ အမျိုးသားများ ခါးအတိုင်းအတာ ၄၀ လက်မကျော်ပါက သွေးတိုးရောဂါရနိုင်ရန် အန္တရာယ်ရှိသည်။ အမျိုးသမီးများ ခါးအ တိုင်းအတာ ၃၅ လက်မကျော်ပါက ယင်းအန္တရာယ်ရှိသည်။)

ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးပါ

သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ကြွယ်ဝစွာ ပါဝင်သော ဓာတ်စာစားသုံးခြင်းမှာ သွေးပေါင်ကိုထိန်းထားရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ဂျုံ၊ ပဲစေ့များ

နှင့် အခွံမာသီးများ သံလွင်ဆီတို့ကဲ့သို့ ကျန်းမာရေးနှင့်ညီသော အဆီများ စားသုံးခြင်းက နှလုံးကို ကာကွယ်ပေးနိုင်သည်။ စက်ရုံထုတ် ဓာတုဗေဒနည်းသုံးထားသော အစားအသောက်များကို တတ်နိုင်သမျှ ရှောင်ရှားရန် လိုအပ်သည်။

လေ့ကျင့်ခန်းလုပ်ပါ

ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို သွေးတိုးရောဂါမှ ကာကွယ်ပေးနိုင်သည်။ အနည်းဆုံးနာရီဝက်မှ တစ်နာရီအထိ သီတင်းတစ်ပတ်လျှင် ငါးရက်ခန့် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးခြင်းကို လျော့ကျစေနိုင်သည်။ လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းမျိုးလုပ်ခြင်းက သင်၏ နှလုံးကျန်းမာရေးကို ကောင်းစေနိုင်သည်။

ကဖိန်းဓာတ်ကိုလျှော့ချပစ်ပါ

သင့်တွင် သွေးတိုးရောဂါမရှိလျှင်ပင် ကဖိန်းဓာတ်ကြောင့် နှလုံး ခုန်နှုန်းမြန်စေပြီး သွေးတိုးလာနိုင်သည်။ အချို့သော လူများမှာ အခြား လူများထက် ကဖိန်းဓာတ်၏ အကျိုးသက်ရောက်မှုကို များစွာ မခံနိုင်သဖြင့် ကဖိန်းဓာတ်ပါဝင်သော အစားအသောက်စားသုံးမှုကို သတိထားပါ။ တစ်နေ့လျှင် အများဆုံးကော်ဖီလေးခွက်အထိသာ သောက်သင့်သည်ဟု ကျန်းမာရေးဌာနအများစုက အကြံပေးထားသည်။     —Ref: Internet
7day daily

အပြည့်အစုံသို့ »