ဆွီဒင်ကျောင်းတစ်ကျောင်းတွင် အမျိုးသမီးအင်္ဂါအား တစ်တန်းတစ်ယောက်နှုန်း လှီးဖြတ်ခံထားရကြောင်းတွေ့ရှိ



ဆွီဒင်နိုင်ငံကျောင်းတစ်ကျောင်းက အမျိုးသမီး ကျောင်းသူတွေဟာ တစ်တန်းမှာ တစ်ယောက်နီးပါးနှုန်း အမျိုးသမီး အင်္ဂါကို လှီးဖြတ်(FMG) ခံထားရတယ်လို့ဆိုပါတယ်။

ဆွီဒင်သတင်းစာ Norrköpings Tidningar ရဲ့အဆိုအရ ဆွီဒင်နိုင်ငံအရှေ့ဘက် Norrköping မြို့ရှိ ကျောင်းကျန်းမာရေး အဖွဲ့က FMG ဖြစ်ရပ်ပေါင်း ၆၀ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တစ်ချို့FMG များဟာ အလွန်ပြင်းထန်ပြီး အပေါ်ယံတစ်ခုလုံးကို လှီးဖြတ်ကာ ပြန်လည်ချုပ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလို FMG ပြုလုပ်မှုဟာ ယဉ်ကျေးမှုနဲ့ ဘာသာရေးအစဉ် အလာအရ ပြုလုပ်ရမယ်လို့ခံယူထားတဲ့ မိသားစုတွေမှာ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။

FMG ဟာ အင်္ဂလန်လို နိုင်ငံကြီးတွေမှာပါ ပြဿနာတစ်ခုအဖြစ်ရှိနေပြီး ခန့်မှန်းခြေအရ အင်္ဂလန်နိုင်ငံရဲ့ ၁၅ နှစ်အောက် မိန်းကလေးပေါင်း ၂၀၀၀၀ ဟာ ဒီအန္တရယ်နဲ့ ရင်ဆိုင်နေရကာ  အမျိုးသမီးပေါင်း ၆၀၀၀၀ ဟာ FMG ပြုလုပ် ခံထားရပါတယ်။

ဆွီဒင်မှာလိုပဲ အင်္ဂလန်နိုင်ငံက မိန်းကလေးတွေဟာလည်း ဒီအန္တရယ်အား သူတို့မိဘတွေရဲ့ ဌာနေတိုင်းပြည်ကို အလည်အပတ် သွားတဲ့အခါမှာ အများဆုံးကြုံ့နေရတယ် လို့ဆိုပါတယ်။



Credit: Phothutaw

အပြည့်အစုံသို့ »

လမ်းပေါ်က စာကြမ်းပိုး



Philani ဆိုတာ တောင်အာဖရိကနိုင်ငံ Johannesburg မြို့က တောင်ရမ်းစားသောက်နေရတဲ့ အိမ်ခြေရာမဲ့ လူငယ်လေးတစ်ဦးပါ။ သူ့လိုအခြေအနေနဲ့ အိမ်ခြေရာမဲ့ လူတော်တော်များများကတော့ လမ်းထောင့်မှာ ထိုင်ပြီး တောင်းလိုက်ကြတာပါပဲ။

စားဖို့သောက်ဖို့တော့ ရတယ်ဆိုပေမဲ့ ကားနဲ့ဖြတ်မောင်းသွားတဲ့ လူတွေ၊ လမ်းလျှောက်သွားတဲ့ လူတွေဆီက ပိုက်ဆံပစ်ချသွားဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ဒါပေမဲ့ သူက တစ်မျိုးလုပ်ပါတယ်။ နေ့စဉ်နေ့တိုင်း သူဖတ်ပြီးသား စာအုပ်တွေကို သယ်သွားပါတယ်။ လမ်းထောင့်တွေမှာ လက်တန်းဆွေးနွေးပွဲလေး လုပ်ပါတယ်။ တကယ်လို့ စိတ်ဝင်စားသူရှိရင် သူက အဲ့စာအုပ်ကို သုံးသပ်ပေးပါတယ်။

စာအုပ်တွေက သူအကုန်ဖတ်ပြီးသားတွေပါ။ သူသုံးသပ်တာကိုကြိုက်လို့ ဝယ်ချင်တယ်ဆိုလည်း စာအုပ်တွေကို သူက ရောင်းပေးပါတယ်။

အမှန်တော့ သူက  အိမ်ခြေရာမဲ့ဖြစ်နေတဲ့ စာအုပ်ကြမ်းပိုး တစ်ယောက်ပါ။ ဒီလိုစာအုပ်တွေအကြောင်း ပြောရတဲ့အတွက် ပျော်တဲ့အပြင် သူနဲ့ သူ့လိုအိမ်ခြေရာမဲ့ သူငယ်ချင်းတွေအတွက်ပါ ပိုက်ဆံစုပေးနိုင်နေတယ် လို့ဆိုပါတယ်။

Credit:Phothutaw

အပြည့်အစုံသို့ »

MH370 ပျောက်ဆုံးမှုတွင် လေယာဉ်မှူးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိနေ


MH370 လေယာဉ် ပျောက်ဆုံးမှုတွင် အဓိက သံသယရှိသူ တစ်ဦးအဖြစ် လေယာဉ်မှူး ဇာဟာရီ အာမက်ရှားကို မလေးရှား ရဲတပ်ဖွဲ့က သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။

မလေးရှား လေကြောင်းလိုင်း၏ အသက်(၅၃)နှစ်အရွယ် လေယာဉ်မှူးသည် လေယာဉ်မပျောက်ဆုံးမီကတည်းက ၎င်း၏ ဒိုင်ယာရီကို ရှင်းလင်းပယ်ဖျက်ထားသလို လူမှုရေးနှင့် အလုပ်အကိုင် နယ်ပယ်မှ ဆက်နွယ်မှုများကိုလည်း ဖယ်ရှားထားခဲ့ကြောင်း ရဲများက ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အခြေအနေသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသော အမှုထမ်းများနှင့် သိသာစွာ ကွဲပြားနေကြောင်း သိရသည်။

မတ်လ(၈)ရက်နေ့ ကတည်းက လူပေါင်း(၂၃၉)ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် လေယာဉ်နှင့် ပတ်သက်ပြီး စက်ချွတ်ယွင်း ပျက်ကျသွားသည်ဟု ယူဆထားသော်လည်း လူတစ်ဦးဦး၏ စနက်ကြောင့်ဖြစ်စေ၊ အကြမ်းဖက်မှုကြောင့်ဖြစ်စေ ဖြစ်နိုင်ကြောင်း ကောက်ချက်များကိုလည်း မလေးရှား စုံထောက်များက မစွန့်ပစ်သေးချေ။

အဆိုပါ အချက်အလက်များသည် လေကြောင်းပျံသန်းမှုဆိုင်ရာ စက်မှုလုပ်ငန်းများမှ သတင်းရင်းမြစ်များနှင့် အရှေ့တောင်အာရှ နိုင်ငံ၏ စုံစမ်းရေး အရာရှိ အချို့ထံမှ စတင်ပေါက်ကြားလာခြင်းဟု ဆိုသည်။

အမေရိကန်မှ လေယာဉ်မှူးဟောင်း တစ်ဦးလည်းဖြစ်၊ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်ပြီး Aviation International News Safety မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူထားသည့် ရောဘတ်မတ်ခ်က “ခုအတိုင်းဆိုရင်တော့ လေယာဉ်မှူးကို လက်ညှိုးထိုးချင်စရာ အခြေအနေတွေ ပိုများလာပြီပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။

မလေးရှားမှ ထောက်လှမ်းရေး အရာရှိများသည် လေယာဉ်ပျောက်ကွယ်သွားသည့် ကာလအတွင်း အနည်းဆုံး လူပေါင်း(၁၇၀)မျှကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

လေယာဉ်မှူး အာမက်ရှားသည် ကလေး(၃)ဦး၏ ဖခင်ဖြစ်ပြီး မိသားစုနှင့် ပြဿနာအချို့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို အလေးအနက် ထောက်ခံသူလည်း ဖြစ်သည်။ အီဘရာဟင်သည် Boeing 777-200 အမျိုးအစား လေယာဉ်ကြီး ပျောက်ဆုံးမသွားမီ နာရီပိုင်းမျှ အလိုက လိင်တူဆက်ဆံမှု စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

အစောပိုင်းက စုံထောက်များသည် အာမက်ရှား၏ နေအိမ်၌ Flight Simulator တစ်ခုကို အသုံးပြု ဖန်တီးထားသည့် ပျံသန်းမှု လမ်းကြောင်းမြေပုံ တစ်ခုကိုလည်း တွေ့ရှိထားပြီး ယင်းသည် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးသော ကျွန်းငယ်တစ်ခုသို့ ဦးတည်နေကြောင်း သိရှိရသည်။

အာမက်ရှား၏ ဆွေမျိုးများကမူ လေယာဉ်၏ သေတ္တာနက်ကို ရှာမတွေ့မချင်း အမှန်တရားကို ဖော်ထုတ်နိုင်မည် မဟုတ်ဟု ဆိုသည်။ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးအဖြစ် ကြားဖြတ်တာဝန်ယူထားသည့် ဟီရှမ်မူဒင် ဟူစိန်ကမူ ယခုကဲ့သို့ သတင်းပေါက်ကြားမှုများအတွက် ဝေဖန်ပြစ်တင်ခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင့်အားလုံးကနေ စဉ်းစားရမှာပဲလေ”ဟု ကာကွယ်ပြောကြားထားသည်။

_Ref: Mirror

7day

အပြည့်အစုံသို့ »

အိမ်နီးချင်းနိုင်ငံတွင် မစားသုံးသည့် ကြက်ကလီစာတွေ ပြည်တွင်းကို ၀င်ရောက်



အိမ်နီးချင်းနိုင်ငံတွေကနေ အရည်အသွေးမကောင်းတဲ့ ပုစွန်ဖြူတွေနဲ့ ကြက်ကလီစာတွေ မြန်မာပြည်ဈေးကွက်ထဲကို တရားမ၀င် ၀င်ရောက်မှုတွေ ရှိတယ်လို့ တရားမ၀င်မှောင်ခို ကာကွယ်တားဆီးရေးအဖွဲ့ (Mobile Team) က ပြောပါတယ်။

အရည်အသွးနိမ့် ပုစွန်ဖြူတွေ ပုစွန်ပျော့တွေဟာ ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င် လမ်းကြောင်း တွေက ရောက်ရှိလာတာဖြစ်ပြီး ကြည့်မြင်တိုင် ငါးဈေးအတွင်းမှာရောင်းချနေ တာဖြစ်တယ်လို့ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမ၀င် မှောင်ခိုကာကွယ်တားဆီးရေးအဖွဲ့က ပြောပါတယ်။

ပုစွန်အမျိုးအစားပေါ် မူတည်ပြီး ၁ ပိဿာ ကို ကျပ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိ ရောင်းချ နေတာပါ။ အဲ့ဒီ ပုစွန်တွေဟာ ကော့သောင်းဘက်ကလည်း ၀င်ရောက်လာသလို ဘုရားသုံးဆူ မော်လမြိုင် လမ်းကြောင်းနဲ့ မြ၀တီ-ဘားအံ လမ်းကြောင်းတွေ ဘက်ကလည်း ၀င်ရောက်လာတယ်လို့ Mobile Team ရဲ့တာဝန်ရှိသူ ၁ ဦးဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်အေးဝင်း က ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံကနေ တရားမ၀င် ရောက်ရှိလာတဲ့ ကြက်ကလီစာတွေလည်း ရောင်းချနေ တာတွေ ရှိရပြီး အဲဒီ ကလီစာတွေကို ပြည်တွင်းက အကင်ဆိုင်တွေနဲ့ စားသောက်ဆိုင်ကြီးတွေက ပါဈေးပေါပေါနဲ့ ၀ယ်ယူရောင်းချနေကြတာတွေ ရှိတယ်လို့ သူက အခုလို ဆိုပါတယ်။

“ထိုင်းနိုင်ငံဘက်က ကြက်ကြော်လုပ်ငန်း ကြက်သားလုပ်ငန်းတွေကနေ ထွက်လာတဲ့ ဘေးထွက် ပစ္စည်း အထူးသဖြင့် ကလီစာတွေ အူတွေက ကျနော်တို့ နိုင်ငံမှာ ကီလိုထုတ်တွေနဲ့ ရောင်းနေတာ တွေ့ရတယ်။ အဲဒီကလီစာတွေက ကျနော်တို့ဆီမှာ ဘာမှာ အကာအကွယ်မှ မပါပဲ ရောင်းနေတာ။ ဘယ်လိုဟာတွေက ၀ယ်သလဲလို့ လိုက်တော့ လမ်းဘေးမှာ ရောင်းနေတဲ့ အကင်ဆိုင်တွေနဲ့ တချို့ စားသောက်ဆိုင်က ဒါတွေကို လာဝယ်တယ်။ တဖက်နိုင်ငံက လွှင့်ပစ်လိုက်တဲ့ ပစ္စည်းတွေက ကျနော်တို့ဆီမှာ ဈေးကွက်ဝင်စားသောက်ကုန်ဖြစ်နေတော့ ကျနော်တို့လူမျိုးက သူများနဲ့ ယှဉ်လိုက်ရင် တဆင့်နိမ့်နေသလို ဖြစ်နေတယ်။”

ကြက်ကလီစာတွေနဲ့ အူတွေကို လိုသလောက် ရောင်းချပေးနိုင်ပြီး ဈေးကွက်အတွင်းမှာ ၁ ပိဿာကို ၄၀၀၀ ကျော် နဲ့ ရောင်းချနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံစားသုံးသူ ကာကွယ်စောင့်ရှောက်ရေးအသင်းက ဦးဗအုပ်ခိုင် ကတော့ ဒီပုစွန်တွေက လီစာတွေဟာ ကျန်မာရေးထောက်ခံချက်တွေ ဘာမှမပါလို့ စားသုံးရင် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
“ကြက်ကလီစာတွေ ဈေးတော်တော်များမှာ တွေ့နေတယ်။ အဲဒါတွေက ရေခဲရိုက်ထားတာတင် မကဘူး မပုပ်အောင် ဓာတုဆေးဝါးတွေနဲ့ ထိုးထားတာတွေ များတယ်။ အဲဒီကောင်တွေက ကင်ဆာဖြစ်နိုင်ခြေ များတာပေါ့။ အဲဒါတွေကို နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက အဲဒါတွေကို စစ်ဆေးရမှာပါ။”

၂၀၁၂ နိုဝင်ဘာလကနေ ၂၀၁၄ ဧပြီလအထိ ၂ နှစ်အတွင်း တရားမ၀င် ကုန်စည်တွေ ဖမ်းဆီးရရှိမှုကနေ မြန်မာကျပ်ငွေ ၁၅ ဘီလျှံကျော် ရရှိခဲ့ပြီဖြစ်ပြီး စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေ ဖျက်ဆီးမှုကတော့ ကျပ်သန်းပေါင်း ၃၆၀ ကျော်ခန့်ရှိတယ်လို့ Mobile Team ကပြောပြပါတယ်။

DVB Burmese

အပြည့်အစုံသို့ »

အစွန်းရောက် သူပုန်အုပ်စု ISIS က လိင်ကိစ္စအတွက် သမီးဆက်သရန် ပြည်သူများထံ တောင်းဆို


အီရတ်နှင့် ဆီးရီးယားတို့တွင် လတ်တလော အပြင်းအထန် သူပုန်ထနေသော စွန်နီဘာသာရေး အစွန်းရောက်အုပ်စု ISIS က မိသားစုများအား သမီးဆက်သရန် တောင်းဆိုကြောင်း The Daily Mirror မှ ဖော်ပြသည်။ ၎င်းတို့ဆင်နွှဲနေသော ဘာသာရေး စစ်ပွဲတွင် အမျိုးသမီးများလည်း မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး စစ်သွေးကြွတို့နှင့် လိင်ဆက်ဆံခြင်းဖြင့် ၀ိညာဉ်အား သန့်စင်ကြရန် တောင်းဆို ထားသည်။

အစွန်းရောက်တို့ သိမ်းပိုက်ထားသည့် မိုစူးလ်နှင့် တိကရစ်မြို့များတွင် တွေ့ရသော လက်ကမ်းစာစောင်များ၌ ဘုရာသခင်၏အလိုတော်ကို ချိုးဖောက်သူများ ရိုတ်နှက်နှိပ်စက်ခြင်း၊ သတ်ပစ်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ဆော်ဒီနိုင်ငံမှ ဘာသာရေးခေါင်းဆောင်တဦး ပေးထားသော အစ္စလာမ်ဘာသာရေးဆိုင်ရာ စည်းမျည်းစီရင်ထုံး(fatwa) တခုအရ ISIS စစ်သွေးကြွများအား ဆီးရီးယားအမျိုးသမီးများအပေါ် အဓမပြုကျင့်ခွင့်ပေးထားသည်။

“ဒါဟာ အစ္စလာမ်ဘာသာရဲ့အဆုံးအမတွေအားလုံးနဲ့ ဆန့်ကျင်ဖီလာဖြစ်ပါတယ်၊ သူတို့(စစ်သွေးကြွများ)က မိန်းမတွေအပေါ် ဒီလိုမဒိန်းပြုကျင့်တာကို လိင်ဂျီဟတ်တမျိုးလို့ ထင်နေတယ်၊ မဟုတ်ပါဘူး။ ဒါဟာ စစ်ရာဇ၀တ်မှုပါ” လို့ ဘဂ္ဂဒက်တက္ကသိုလ်မှ လက်ချာဆရာ နာဆာကတ်တောက ပြောသည်။

Ref ; TNP

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

ဝေဖန်မှုများ ကြုံနေသော ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေဟုဆို


အပြာဇာတ်ဝင်ခန်းများ ထည့်သွင်း ရေးသား ထားသည်ဆိုသည့် စွပ်စွဲမှုများ ခံနေရသော စာရေးဆရာ အောင်ရင်ငြိမ်း၏ ‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်သည် ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေပြီး ယင်းစာအုပ်ကို မိတ္တူကူးထားသည့်စာအုပ်များပင် လျှင် တစ်အုပ်လျှင် ကျပ် ၈၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့သည့် အဆိုပါစာအုပ်ကို မိတ္တူကူးယူကာ ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများတွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း မူရင်းစာအုပ်၏ ဈေးနှုန်း ကျပ် ၂၅၀၀ ထက် သုံးဆကျော်မြင့်တက်သွားပြီး တစ်အုပ်လျှင် ကျပ် ၈၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

တရားမ၀င်အပြာစာအုပ်များထဲမှ အရေးအသားများကဲ့သို့ လိင်ဆက်ဆံပုံများအကြောင်း ရေးသားမှုများပါဝင်သော အဆိုပါစာအုပ်သည် ဝေဖန်သူများအကြား အပြင်းအထန်အငြင်းပွားဖွယ်စာအုပ်ဖြစ်နေသည်။

သို့သော်လည်း စာရေးသူက အဆိုပါစာအုပ်သည် အပြာစာအုပ်မဟုတ်ကြောင်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့်ပြန်လည်ရှင်းလင်းခဲ့သည်။

‘‘တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ဘူး။ နောက်တစ်ခွန်းထပ်ပြောမယ်။ ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့လူ့အဖွဲ့အစည်းအဟောင်းကြီးကိုလူသားသစ်အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာအသေခံဗုံးခွဲခြင်း’’ဟု စာရေးဆရာအောင်ရင်ငြိမ်းက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာထွက်တွင်ရေးသားထားသည်။

ယင်းစာအုပ်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

‘‘ပြန်ကြားရေးက ဘာမှတော့ တရားဝင်ဆက်သွယ်တာမရှိသေးဘူး။ ပြန်သိမ်းခိုင်းမယ်လို့ ပြောနေပေမယ့် သေချာတော့မသိသေးဘူး’’ဟု ယင်းစာအုပ်ထုတ်ဝေရေးအတွက် ကူညီဆောင်ရွက်ခဲ့သူ မဇင်မင်းကပြောသည်။

‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်ရေးသားသူ စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်မေးမြန်းပြီး မှတ်ချက်တောင်းရန် 7Day မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ၎င်းကိုင်ဆောင်သည့် ဖုန်းနှစ်ခုစလုံးစက်ပိတ်ထားခဲ့သည်။

7DAY DAILY

အပြည့်အစုံသို့ »

နေ့ခင်းကြောင်တောင် အငှားယာဉ်အကြမ်းဖက်လုယက်သူကို ပြစ်ဒဏ်ပိုကြီးသည့် ပုဒ်မပြောင်းစွဲ

အငှားယဉ်ကို လုယူခဲ့သည့် အမျိုးသားကို တွေ့ရစဉ် (ဓာတ်ပုံ – FB/Soe July)



ရန်ကုန်မြို့အင်းလျားလမ်းတွင် အငှားယာဉ်ကို နေ့ခင်းကြောင်တောင် အကြမ်းဖက်လုယက်ခဲ့သူအား ဥပဒေရုံးက ပြစ်ဒဏ်ပိုကျခံနိုင်သည့်  ပုဒ်မသို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက် က ဗဟန်းမြို့နယ် ဓမ္မစေတီမီးပွိုင့် မှ အင်းလျားလမ်းအတိုင်းမောင်း နှင်လာသော အငှားယာဉ်တစ်စီး ကို အမျိုးသားတစ်ဦးက ယာဉ်ရှေ့ပိတ်ရပ်ပြီး ယာဉ်အတွင်းသို့ အတင်းဝင်ရောက်ကာ ယာဉ်မောင်းကို  အကြမ်းဖက်ထိုးကြိတ်ပြီး ယာဉ်ကိုလုယူခဲ့ခြင်းဖြစ်သည်။

ယာဉ်ကို လုယက်ကာ မောင်း နှင်လာရာ  တက္ကသိုလ်ရိပ်သာ လမ်းနှင့်အင်းလျားလမ်းမီးပွိုင့် လမ်းဆုံတွင်  ယာဉ်သုံးစီးဆင့် တိုက်မိခဲ့ပြီး  တာဝန်ကျယာဉ် ထိန်းရဲကိုပါ  ၎င်းက လက်သီးဖြင့် ထိုး ကြိတ်သဖြင့် ဗဟန်းနှင့် ကမာ ရွတ်မြို့နယ် ရဲစခန်းတို့တွင် ခိုးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် ယာဉ်တိုက်မှုပုဒ်မသုံးခုဖြင့် အမှု ဖွင့်အရေးယူခဲ့သည်။

၎င်းကို တရားရုံးသို့ မတင် ပို့မီ အမှုဖြစ်စဉ်နှင့် ရဲစခန်းမှဖွင့်ဆို ထားသည့်အမှု ပုဒ်မကို ဥပဒေရုံး က ပြန်လည်စစ်ဆေးသည့်အခါ ၎င်းအမျိုးသားသည် သာမန်လု ယက်ခဲ့ခြင်းမဟုတ်ဘဲ  ယာဉ်မောင်းကို နာကျင်စွာပြုလုပ်ခဲ့၍ ယခင်ပြစ်မှုပုဒ်မ ၃၈၂ အစား ၃၉၂ သို့ပြောင်းဖွင့်ရန်  သတ်မှတ်ခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေး လျက်ရှိသည်။

‘‘တရားစွဲလိုက်ပြီ။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ။ ရက်တော့မမှတ် မိတော့ဘူး။ သူ့ကို စခန်းကဖွင့်တဲ့ ပုဒ်မကိုပြောင်းပြီး ဥပဒေရုံးက ပုဒ်မ ၃၉၂ နဲ့ ဖွင့်လိုက်တယ်။ သူက သာမန်လုယက်တာမဟုတ် ဘဲ နာကျင်အောင်လုပ်ခဲ့တဲ့ အတွက်  ပြန်ပြီးပြင်ဆင်သတ်မှတ် ပေးခဲ့တယ်။  ပြစ်ဒဏ်ကတော့ ပိုကြီးသွားတာပေါ့။ အရင်ပုဒ်မနဲ့ ဆို ထောင် ၇၊ ၈ နှစ်လောက်ပဲ ကျမှာ။ အခုထောင် ၁၀ နှစ် လောက်အထိ ကျသွားနိုင်တယ်’’ ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၂ (ခိုး မှု) သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထိုသူအား အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်ပြီးငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၉၂ (လုယက်မှု)သည်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့်အပြင် နေဝင်၊ နေထွက်ကြား ပြည်သူများသွားလာရာလမ်းတွင် ကျူးလွန်ပါက ထောင်ဒဏ်ဆယ့်လေးနှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

7day

အပြည့်အစုံသို့ »