မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ


ရန်ကုန် – မလေးရှားနိုင်ငံရှိ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသော လုပ်ငန်းလုပ်ကိုင်နေသောကိုတိုနီသည် ဇူလိုင်၇ရက်က ပီနန်မြို့နယ်၊ဘတ်တာဝပ်မြို့တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသက် ၄၀ ကျော်အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်နေထိုင်ပြီး တရားမဝင်လာရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသောလုပ်ငန်းလုပ်ကိုင်ရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ဇူလိုင်၇ရက်ညက မလေးရှားရင်းဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူထံမှအကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ်ကာငွေအားလုံးကိုလည်း ယူဆောင်သွားကြသည်။

ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7day daily

အပြည့်အစုံသို့ »

အင်တာနက်မှ လှုံ့ဆော်မှုများ စုံစမ်းဖော်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်နိုင်စွမ်းမရှိ


ဟိန်းကိုစိုး| အင်္ဂါနေ့၊ ဇူလိုင်လ ၈ ရက်၊ ၂၀၁၄ ခုနှစ်

အင်တာနက်ကို အသုံးပြု၍ ပဋိပက္ခဖြစ်စေရေး လှုံ့ဆော်နေသည်များကို စုံစမ်းဖော်ထုတ်ရန် လုပ်ပိုင်ခွင့်မရှိ သကဲ့သို့ အဖွဲ့များ၊ အထောက်အကူပစ္စည်းများလည်း မရှိဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးချုပ် ၀င်းခေါင် က ဇူလိုင် ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ ပစ္စည်းနဲ့လုပ်ပိုင်ခွင့်တွေ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှမရှိပါဘူး။ အဓိကကတော့ တရားဥပဒေ စိုးမိုးရေးအတွက်ပဲ ဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သေချာသက်ဆိုင်တာတော့ ဆက်သွယ်ရေးပါပဲ။ ကျွန်တော်တို့က ဆိုက်ဘာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်မှာ မဟုတ်ပါဘူး။ အဖွဲ့လည်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လအစောပိုင်းက သတင်းစာနှင့် သတင်းဝက်ဘ်ဆိုက်အချို့ကို သတင်းအမှားများ၊ တစ်ပါးသူ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ရေးသားသူ အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာတို့ကို အင်တာနက်မှတစ်ဆင့်ခြေရာခံ ဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ လေ့ကျင့်ခြင်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု ဖော်ပြထားသော်လည်း ရဲမှူးချုပ် ၀င်းခေါင်ကမူ ထိုသို့ဆောင်ရွက်နေခြင်း မရှိဟု ငြင်းဆိုသည်။

မန္တလေးပဋိပက္ခများ မဖြစ်ပွားမီ၌ အင်တာနက်လူမှုကွန်ရက်တွင် လှုံ့ဆော်သည့် ရေးသားမှုများ တွေ့ခဲ့ရသေးသည်။ ယင်းရေးသားမှုများအပေါ် အခြေခံ၍ သွားရောက်ကြည့်ရှုခြင်း၊ တုံ့ပြန်မှုပြုခြင်းများကြောင့် မန္တလေးမြို့တွင် လေးရက်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး အပျက်အစီးများလည်းရှိခဲ့ကာ ပုဒ်မ ၁၄၄ ပင် ထုတ်ပြန်ထားရသည်။

စစ်အစိုးရလက်ထက် နာမည်ကျော်ခဲ့သည့် အီလက်ထရွန်းနစ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄၊ ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ပြစ်ဒဏ်များလျှော့ပေါ့၍ ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီးသော်လည်း ပဋိပက္ခစေရန် အင်တာနက်၌ ရေးသားလှုံ့ဆော်မှုများကို မည်သည့် ဌာနကမျှ အရေးယူခြင်း မရှိသေးပေ။ စစ်အစိုးရလက်ထက် အဆိပါဥပဒေဖြင့် ထောင် ၁၅ နှစ် ချခံခဲ့ရသူ ဘလော့ဂါ နေဘုန်းလတ်က “ထောက်လှမ်းရေးတွေ တော်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လုံးဝမလုပ်ဘူး၊ မျက်ကွယ်ပြုထားတယ်”ဟု ဆိုသည်။

သတင်းထောက်များပင် မရနိုင်သည့် ဓာတ်ပုံများကို အင်တာနက်တင်ခြင်းကိုလည်း မေးခွန်းထုတ်လိုသည်ဟု ၎င်းက ပြောသည်။ ပဋိပက္ခများစတင်ခဲ့သည့် ၂၀၁၂ခုနှစ် မေလအတွင်း ရခိုင်ပြည်နယ်၊ ကျောက်နီမော် ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် ပြစ်မှုတစ်ခု၏ ဓာတ်ပုံ အင်တာနက်ပေါ်ရောက်ခဲ့သည့်အပေါ် ဝေဖန်သူ အများအပြား ရှိခဲ့သည်။ မြို့တော်စစ်တွေမြို့၌ပင် တယ်လီဖုန်းလိုင်းမိရန် ခက်ခဲသည့်အခြေအနေတွင် ပြည်နယ်၏ အစွန်အဖျားတွင်ရှိသည့် အရပ်ဒေသမှ ဓာတ်ပုံတစ်ခု အင်တာနက်တွင် အလျင်အမြန်တက်လာခြင်းကို အံ့သြခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်၂ ရက် မန္တလေးဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုတွင် ပဋိပက္ခစတင်မည့် နေရာ၊ ဖြစ်စဉ်များ၊ ထိခိုက်ဒဏ်ရာရသည့် ဓာတ်ပုံများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တင်ထားသူ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက လူမျိုးနှင့် ဘာသာစောင့်ရှောက်ရေး ဆောင်ရွက်နေခြင်းသာဟု ဇူလိုင် ၅ ရက်တွင် မဇ္ဈိမကို မိန့်သည်။

“Wira Thu (၀ီရသူ) ဆိုတဲ့ ဖေ့စ်ဘွတ်က ဦးဇင်းတရားဝင်သုံးတဲ့ဟာပါ။ ဟိုတလောက မသုံးတော့ဘူးလို့ ကြေညာတယ်ဆိုတာက တခြားအဖွဲ့အစည်းတွေက တမင်သက်သက် မဟုတ်တာကို ပြောတာပါ။ အဲဒီတုန်းက အကောင့်ကလော့ခ်ကျသွားလို့ ပြန်လုပ်နေတဲ့အချိန် နှစ်ရက်လောက်အတွင်းမှာ ဒီလိုဖြစ်သွားတာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ အဖြစ်အပျက်တွေကို နာမည်နဲ့ အတိအလင်းတွေ တင်တာကတော့ လူမျိုးနဲ့ အမျိုးဘာသာကို စောင့်ရှောက်ချင်တဲ့အတွက် အဲဒီလိုတွေ လုပ်နေတာပါ”ဟု မိန့်သည်။

ထို့အတူ အစ္စလာမ်ဘာသာဝင်အမည်များ ဖော်ပြထားသည့် အင်တာနက်လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာများကလည်း ဂျီဟတ် (ဘာသာရေးစစ်ပွဲဆင်နွှဲရန်) လှုံ့ဆော်ရေးသားမှုများ၊ ဓာတ်ပုံများ ဦးဝီရသူနှင့် ဗုဒ္ဓဘာသာ တက်ကြွသူတို့၏ ဖေ့စ်ဘွတ် စာမျက်နှာများတွင် မဖွယ်မရာဓာတ်ပုံများ၊ စာသားများ၊ စိန်ခေါ်ရေးသားမှုများလည်း ရှိနေသည်။

မန္တလေးတိုင်း၏ တာဝန်အရှိဆုံးပုဂိ္ဂုလ် ၀န်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်ကပင် လှုံ့ဆော်သည့် ရေးသားမှုများကို အချိန်မီ ဖြေရှင်းခဲ့ရသည်ဟု မီဒီယာတို့ကို ပြောခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မန္တလေးဖြစ်စဉ် အချိန်အတွင်း တာဝန်သိ လူမှုကွန်ရက် အသုံးပြုသူများဖြစ်စေရေး ကူညီပံ့ပိုးပေးခဲ့သည့် အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ်နှင့် ဆီလီကွန်ဗဲလီမှ သက်ဆိုင်သူများကို အသိအမှတ်ပြုသည်ဟု ၎င်း၏ ဖေ့စ်ဘွတ်စာ မျက်နှာတွင် ရေးသားထားသည်။ သမ္မတ ဦးသိန်းစိန်က လှုံ့ဆော်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု ဇူလိုင် ၇ ရက်က ထပ်မံ သတိပေးခဲ့သည်။

Mizzima Burmese

အပြည့်အစုံသို့ »

တွစ်တာ သိပ်သုံးလွန်းလေ အိမ်ထောင်ရေး ပြဿနာ ပိုများလေဟုဆို


ဝါရှင်တန်၊ ဇူလိုင် ၎

မြတ်ဆုကို

တွစ်တာ သိပ်သုံးသူများသည် အိမ်ထောင်ရေး၊ အချစ်ရေးမှာ ပြဿနာ ပိုကြုံရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

ယခင် စစ်တမ်းတစ်ရပ်ကလည်း ဖေ့စ်ဘွတ်ခ် များများသုံးလေ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ပိုတက်လေဟ ဖော်ပြခဲ့ပြန်ရာ ဆိုရှယ်မီဒီယာ အသုံးများလွန်းခြင်းသည် ဆက်ဆံရေးများကို ပျက်ယွင်းစေသလား မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။ တွစ်တာ စစ်တမ်းကို ““ဆိုင်ဘာ စိတ်ပညာနှင့် အပြုအမူများ ဆိုင်ရာဂျာနယ်””တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ မစ်ဇူရီတက္ကသိုလ်မှ ပါရဂူ ဘွဲ့သင်တန်းသား ရပ်ဆဲကလေတန်က သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ သုတေသနအတွက် တွစ်တာသုံးသူ (၅၈၁) ဦးကို မေးမြန်းခဲ့သည်။ ထိုသူများ တွစ်တာသုံးနှုန်း၊ အိမ်ထောင်ရေး အချစ်ရေး ပြဿနာ ကြုံတွေ့ရနှုန်းများကို စစ်တမ်းကောက်သည်။ ထိုအခါ တွစ်တာကို အချိန်ကြာကြာ သုံးသူဖြစ်လေ လင်မယား အဆင်မပြေ၊ အိမ်ထောင်ပျက်၊ အိမ်ထောင်ကွဲ စသည့် အိမ်ထောင်ရေး အချစ်ရေးပိုင်း အဆင်မပြေမှုများ ပိုဖြစ်ပွားလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဆိုရှယ် မီဒီယာများကို အသုံးလွန်ခြင်းကြောင့် လူမှုဘ၀ ထိခိုက်နိုင်ပုံကို ယခုစစ်တမ်းက စတင်မီးမောင်း ထိုးပြလိုက်ပြီ ဖြစ်ရာ ဆက်လက်ပြီး ကျယ်ကျယ် ပြန့်ပြန့် လေ့လာနိုင်အောင် အားထုတ်ကြရမည်ဖြစ်ကြောင်း ဂျာနယ် အယ်ဒီတာချုပ် ဘရန်ဒါဝိုက်ဒါဟိုးက မှတ်ချက် ပေးထားသည်။

Source: AFP

The messenger

အပြည့်အစုံသို့ »

လေဆင်နှာမောင်း တိုက်ခတ်နေစဉ် ရိုက်ကူးနိုင်ခဲ့သည့် ရှားရှားပါးပါး မင်္ဂလာ အလှဓာတ်ပုံများ

လက်ထပ်ပြီးစ စုံတွဲများအတွက် အမှတ်တရ မင်္ဂလာ အလှဓာတ်ပုံများကို ရှုခင်းကောင်းကောင်းဖြင့် ရွေးချယ်ရိုက်ကူးကြသည်မှာ အဆန်းမဟုတ်ချေ။ သို့သော်လည်း ကနေဒါနိုင်ငံမှ စုံတွဲတစ်တွဲ၏ ကျေးလက်ရှုခင်းနောက်ခံ မင်္ဂလာစုံတွဲ အလှဓာတ်ပုံများမှာမူ လေဆင်နှာမောင်း တစ်ခုကြောင့် သမားရိုးကျ အခြေအနေနှင့် များစွာ ခြားနားကွဲထွက်သွားခဲ့သည်။


ကနေဒါနိုင်ငံမှ စုံတွဲသည် ဓာတ်ပုံဆရာမ ကောလင်းနစ္စကာ၏ အကူအညီဖြင့် ဆက်စ်ကက်ချီဝန်ရှိ လယ်ကွင်းများအနီးမှ ဖြတ်သန်းသွားသည့် ကျောက်ခင်းလမ်းပေါ်တွင် သဘာဝကျကျ ရှုခင်းနောက်ခံ အလှဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ထိုအချိန်တွင်ပင် လေဆင်နှာမောင်းတစ်ခု စတင်စုဖွဲ့ ဖြစ်ပေါ်လာသည်ကို နစ္စကာက တွေ့ရှိခဲ့သည်။ အစပိုင်းက ရိုက်ကွင်းနေရာ ပြောင်းသင့် မပြောင်းသင့် ပြန်လည်စဉ်းစားခဲ့သော်လည်း ဓာတ်ပုံဆရာမ၏ တိုက်တွန်းမှုကြောင့် ယင်းစုံတွဲကလည်း လေဆင်နှာမောင်း တိုက်ခတ်နေသည့် နောက်ခံပုံရိပ်ဖြင့် မင်္ဂလာ အလှဓာတ်ပုံများ ရိုက်ကူးဖြစ်ခဲ့သည်။

ထို့နောက်တွင်မူ နစ္စကာက အဆိုပါ ဓာတ်ပုံများကို သူမ၏ Facebook ပေါ်တွင် လွှင့်တင်ခဲ့ပြီး “ဒီလိုနေ့မျိုး ကြုံဖို့ကို ကျွန်မ အိပ်မက်နေခဲ့တာပါ။ ဒီဓာတ်ပုံတွေကို ပြသဖို့ မစောင့်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ကျွန်မဘဝမှာတော့ ဒါမျိုး တစ်ကြိမ်လောက်ပဲ ကြုံနိုင်မယ်ဆိုတာ သိပ်ကိုသေချာပါတယ်”ဟု ရေးသားခဲ့သည်။



ပြာလွင်သော ကောင်းကင်ယံ နောက်ခံတွင် ဖြူဖျော့ဖျော့ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်နေသော ပုံရိပ်မှာ မင်္ဂလာစုံတွဲ အလှဓာတ်ပုံတွင် လိုက်ဖက်ညီစွာ ပေါင်းစပ် လှပနေခြင်း ဖြစ်သည်။ ဇူလိုင်(၅)ရက်က ယင်းဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဆက်စ်ကက်ချီဝန်တွင် ထိုနေ့က လေဆင်နှာမောင်း နှစ်ခု ဖြစ်ပေါ်တိုက်ခတ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။

_Ref: Dailymail

7day daily

အပြည့်အစုံသို့ »

အွန်လိုင်းအသုံးပြုသူများကြောင့် ပဋိပက္ခများ ပိုမို မဖြစ်ပွားစေရန် မြန်မာအစိုးရနှင့် ဖေ့စ်ဘွတ် ပူးပေါင်း ဆောင်ရွက်မည်


တင်ဇာအောင်

ရန်ကုန်၊ မဇ္ဈိမ။ ။ အွန်လိုင်း အသုံးပြုသူများကြောင့် ပြည်တွင်းတွင် ပဋိပက္ခများ ပိုမို မပြင်းထန်စေရန် မြန်မာအစိုးရနှင့် နာမည်ကျော် လူမှုကွန်ရက် ဖေ့စ်ဘွတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က စတင်ပြီး မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ဖေ့စ်ဘွတ်က တာဝန်ရှိသူများ ဖုန်းဖြင့် (Conference Call) ပြုလုပ်ဆွေးနွေးကြပြီး ပြည်တွင်း ဖေ့စ်ဘွတ် အသုံးပြုသူများကို စောင့်ကြည့်သွားမည်ဖြစ်ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ဆွေးနွေးရာတွင် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ မည်ကဲ့သို့ ကူညီနိုင်မည်ကို ဆွေးနွေးခဲ့သည်။

အဆိုပါ တာဝန်ရှိသူက “ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ ဘက်က စိုးရိမ်နေတဲ့ အခုဖြစ်နေတဲ့ Challenge (စိန်ခေါ်မှု) တွေကို ရှင်းပြတယ်။ သူတို့ကလည်း သူတို့ ကူညီနိုင်တာ ပြောတယ်။ သူတို့ရဲ့ ပေါ်လစီတွေ ရှင်းပြတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရတယ်" ဟု ဆိုသည်။

Conference Call ဖြင့် ဆွေးနွေးရာတွင် ၀ါရှင်တန် ဒီစီ၊ အိုင်ယာလန် နှင့် စင်ကာပူ ရုံးများမှ ဖေ့စ်ဘွတ် တာဝန်ရှိသူ တစ်ယောက်စီ၊ Sillicon Valley မှ တာဝန်ရှိသူ နှစ်ဦး ပါဝင်ပြီး သမ္မတရုံးက တာဝန်ရှိသူများ ပါဝင် ဆွေးနွေးကြသည်။


Mizzima Burmese

အပြည့်အစုံသို့ »

ဟောလီးဝုဒ်မှာ သူ့ရဲ့ အကျီင်္ဖက်ရှင်တွေကို ရောင်းချဖို့ အကြံပေး ခံခဲ့ရတဲ့ ဖြူဖြူကျော်သိန်း



အမေရိက တစ်ခွင်ကို နှစ်လနီးပါး ဖျော်ဖြေရေး ခရီးသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းက ဇူလိုင်လ ၂ ရက် နေ့ မှာတော့ မြန်မာပြည်ကို ပြန်လည်ရောက် ရှိခဲ့ပါတယ် ။ဂျေမောင်မောင်၊ ထွန်းအိန္ဒြာဗို တို့ နဲ့အတူ ဖျော်ဖြေရေးသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းက မေလ ၁၃ ရက်နေ့ က သွား ရောက်ခဲ့ပြီး ဇွန်လအကုန် မှာမြန်မာပြည် ကိုခေတ္တ ပြန် လာကာ ဇွန်လ ၁၁ ရက်နေ့မှာ တစ်ခါပြန် လည် သွားရောက်ခဲ့ ပြီး သုံးပတ်နှစ်ခါစီ သွား ရောက်ခဲ့ပါတယ်။ နှစ်လ နီးပါးဖျော်ဖြေရေး ခရီး  စဉ်မှာ မြို့ခြောက်မြို့၊ ဖျော် ဖြေ ပွဲ ၆ ပွဲ သီဆိုခဲ့တဲ့ ဖြူဖြူ ကျော်သိန်းက ဒီတစ် ခေါက်မှာတော့ တစ်ပတ် ကို တစ်ပွဲပဲ သီဆိုရ တာကြောင့် လည် ပတ်ဖို့ အချိန်တွေ ပိုမိုရရှိခဲ့ပြီး အော်ပရာ ပြဇာတ် တွေနဲ့ သူ ကြိုက်နှစ်သက် တဲ့ တေးသံရှင် စလင်းဒီယွန် ရဲ့ တစ်ကိုယ်တော်ဖျော် ဖြေပွဲကိုလည်း သွားရောက် ကြည့် ရှုဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

“ဒုတိယ တစ်ခေါက်သွားတဲ့ သုံး ပတ်မှာ Teaxa ပွဲအပြီး LA ပွဲနေ့ မတိုင်ခင်ကြားမှာ အားနေတော့ လာစ်ဗီးဂတ်က အဒေါ်ဆီမှာ ခဏ နေလိုက်တယ်။ ဇွန်လ ၁၈ ရက်နေ့ ညမှာ စလင်းဒီယွန်ရှိုး ရှိတော့ကြည့် ဖြစ်တယ်။ ကိုယ်အကြိုက်ဆုံး ကမ္ဘာ ကျော် အဆိုတော်ကိုအရှင် လတ် လတ် ပထမဆုံး ကြည့်ဖူးတာပဲ။ ဘရစ်တနီတို့၊ တခြား သူတွေလည်း ကြည့်ဖူးပေမယ့် စလင်းဒီယွန်က တော့၊ ကိုယ်လည်း တအား နှစ်သက် တဲ့ သူဆိုတော့ ကြည့်နေရင်း နဲ့တောင် မျက်ရည် ဝဲတယ်။ တအားကြိုက်လွန်း လို့” လို့ဆိုတဲ့ ဖြူဖြူကျော် သိန်းက သူ့ရဲ့ Favourite ဖြစ်တဲ့ စီလင်း ဒီယွန်ရဲ့ ဖျော်ဖြေပွဲ အပေါ် အမြင်နဲ့ ခံစားချက်က ဘယ်လို ရှိလဲ ဆိုတော့

“ရေမြင့်တော့ ကြာတင့် တာပေါ့ နော်။ ဘေးက အပံ့အပိုးတွေ က လည်း ကောင်းသလို သူကိုယ်တိုင် လည်း အဆို ပိုင်နိုင်မှုမှာ တအား ကောင်းတဲ့ အခါကျ တော့ ပြောစရာ မလိုတော့ဘူးပေါ့။ အဓိကက Lighting နဲ့ Sound System တွေ တအားကောင်းတယ်။ စတိတ် အပြင် အဆင်တွေ တအားလှတယ်။ အဓိက နည်းပညာတွေ လည်း ပါ တာပေါ့။ စင်ကလည်း အကျယ်ကြီးပေါ် မှာဆိုတော့ Lighting တွေ၊ စတိတ် ဒီဇိုင်း တွေနဲ့ သူ့ရဲ့ ဂီတကို ပံ့ပိုး ထားတော့ ကြည့်ရတာ ဟာခနဲ၊ ဟင်ခနဲ ဖြစ်တာ ပေါ့။ သူ ကတော့ ပါဖောမန့်စ်တွေ ဘာတွေ မလုပ်ပါဘူး။ သီချင်းပဲ ဆိုတာ ပေါ့။ ဗီးဂတ်စ်မှာ သူက တစ်ပတ်ကို နှစ်ရက်နဲ့ သုံးနှစ် စာချုပ်နဲ့ လုပ်ထား တယ်။ အခု ၂ဝ၁၄ မှာ သုံးနှစ်ပြည့် ပြီပေါ့။ ဇာတ်ရုံက လည်း သူ့အတွက် သီးသန့် ဆောက်ပေးထားတယ်” လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဖြူဖြူ ကျော်သိန်း က သူဖျော်ဖြေခဲ့တဲ့ ပွဲ ခြောက်ပွဲ မှာ ပရိသတ်တွေရဲ့ အားပေးမှု အများအပြား ရရှိခဲ့ပြီး သူ့ရဲ့ ဖက်ရှင်တွေ အပေါ်မှာ လည်း ချီးမွမ်းမှု အပြင် ဟောလီးဝုဒ် မှာ ရောင်းချဖို့ အထိ အကြံပေးခံ ခဲ့ရတယ် လို့လည်း သိရပါတယ်။

“ဟိုမှာရှိတဲ့ မြန်မာလူမျိုး ပရိသတ်တွေ အပြင် သူတို့နဲ့ ပါလာတဲ့ နိုင်ငံခြားသားတွေရော၊ အဲဒီက အသံဖမ်း အဖွဲ့ ပြည်ပ နိုင်ငံသားတွေ ကလည်း ပြောကြတယ်။ ဖြူဖြူတဲ့ နင့် အင်္ကျီတွေကို ဟောလီးဝုဒ်မှာ တင်ရောင်းလို့ ရတယ်လို့ပြောကြ တယ်။ အဲဒီမှာနေတဲ့ သူတွေက နိုင်ငံခြားသား တွေဖြစ်ဖြစ်၊ မြန်မာပဲဖြစ် ဖြစ် ကမ္ဘာကျော်တွေ အများကြီး ကို မြင်ဖူး၊ တွေ့ဖူးကြတော့ ဘယ်အရာ မှ သိပ်ထူးဆန်းတာ မရှိဘူး။ သူတို့က  ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပါဖောမန့်စ်တွေ ကို တွေ့တဲ့အခါ ချီးကျူးတယ် ဆိုတော့ ဝမ်းသာ ပြီးတော့ ကျေနပ်မိတယ်” လို့ ပြောတဲ့ ဖြူဖြူကျော်သိန်း က သူ့ရဲ့ သီချင်းတွေ အပေါ်မှာလည်း ပရိ သတ်တွေက သီချင်းအပုဒ် စီတိုင်း အပေါ်မှာ အသေးစိတ် မှတ်ချက်ပြု ပေးကြတဲ့ အတွက် သူ့အနေနဲ့ ခွန်အားတွေ လည်း ရခဲ့တယ်လို့ ပြောပြီး ပြည်ပနိုင်ငံသားတွေ ကအစ အသိအမှတ်ပြုကြတဲ့ အတွက် လည်း ရှေ့ ဆက် လှမ်းမယ့် ခြေလှမ်းတွေ အတွက်ကို ပိုမို အားတက်စေခဲ့ရတယ် လို့လည်း ပြောပြခဲ့ပါတယ်။

အမေရိကက ပြန်လာ ပြီးနောက်မှာ တော့ ဖြူဖြူကျော်သိန်းက “နာမည် တွင် ကျန်ရစ်နေမယ်” ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ် စီးရီးသစ်ကို စက်တင် ဘာမှာ ထွက်ရှိဖို့ အားယူနေပြီလို့ လည်း ဆိုပါတယ်။

ရဲရဲ

Pupular Journal

အပြည့်အစုံသို့ »

ကလေးတစ်ဦးအား အပေါင်ပစ္စည်းအဖြစ် သံကြိုးဖြင့် ၂နှစ်ကျော် ချည်ထား


ကမ္ဘောဒီးယားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူချေးထားတဲ့ ပိုက်ဆံများအတွက် ကလေးမလေးတစ်ယောက်ကို အပေါင်ပစ္စည်း အဖြစ် ယူထားခဲ့ပါတယ်။ဆက်လက်ပြီး အပေါင်ပစ္စည်းဖြစ်တဲ့ ဒီ ၄ နှစ်အရွယ် ကလေးမလေးကို ၂ နှစ်ဆက်တိုက် အိမ်တိုင်မှာ သံကြိုးနဲ့ ချည်ထားခဲ့တယ်လို့ဆိုပါတယ်။

Kemarak Pumin မြို့အနီးက ရွာတစ်ရွာကို ရဲများနဲ့ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့များရောက်လာတဲ့အခါ အိမ်ရဲ့ကြမ်းပြင်မှာထိုင်နေတဲ့ ဒီကလေးမလေးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူရဲ့ခြေကျင်းဝတ်ကိုလည်း သံကြိုးများ ခတ်ထားတယ် လို့ဆိုပါတယ်။

Phnom Penh Post ရဲ့ဖော်ပြချက်အရ တစ်ခါတစ်ခါမှာ ရေအလွန်ဆာတာကြောင့် ကိုယ့်ကျင်ငယ်ရည်ကို ကိုယ်သောက်ခဲ့ရတယ်လို့ ဒီကလေးမလေးက ရဲများကို ပြောကြားခဲ့ပါတယ်။
ကလေးမလေးအမေ က ပိုက်ဆံချေးယူခဲ့တာကြောင့် ကလေးမလေးကို အပေါင်ပစ္စည်းအဖြစ်သိမ်းယူထားတာဖြစ်ပါတယ်။ အပေါင်ခံသူ အမျိုးသမီးကလည်း ကလေးမလေးကို စောင့်ရှောက်ဖို့မဖြစ်နိုင်တာကြောင့် အလုပ်သွားစဉ်မှာ သံကြိုးနဲ့ခတ်ထားခဲ့တာ ဖြစ်ပါတယ်။

သူမရှိတဲ့အချိန်မှာအိမ်ကထွက်သွားပြီး ရေနစ်တာတွေ၊ ပျောက်တာတွေဖြစ်မှာ
ကြောက်တယ်လို့ဆိုပါတယ်။မူလမိခင်ကလည်း အရမ်းဆင်းရဲနေတာကြောင့် ပြန်ရွေးဖို့
မဖြစ်နိုင်သေးဘူလို့ ဆိုပါတယ်။

“ကျွန်မသူ့ကိုချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ အလုပ်သွားတဲ့အခါ သူ့ကိုစောင့်ရှောက်ပေးမယ့်လူလည်း မရှိဘူးလို့” အပေါင်ခံအမျိုးသမီးပြောတဲ့အတိုင်း မိခင်ဖြစ်သူကလည်း ပြောခဲ့ပါတယ်။
ကလေးသူငယ်များကို မမျှမတ ဆက်ဆံအနိုင်ကျင့်မှုဟာ အလွန်အမင်းဆင်းရဲတဲ့ ကမ္ဘောဒီးယားကျေးလက်နေ မိသားစုတွေကြားမှာ သာမန်တစ်ခုလိုဖြစ်နေပါတယ်။

“ကမ္ဘောဒီးယားမှာတော့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းလောက်က ပညာမတတ်ကြပါဘူး။ သူတို့ကလေးတွေကို ဂရုစိုက်ရမယ်ဆိုတာလည်း မသိကြဘူး။ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေက တိုင်ကြားတယ်ဆိုတဲ့ အမှုက တော်တော်ရှားပါတယ်”လို့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင်ရှောက်ရေးအဖွဲ့ Adhoc ရဲ့ဥက္ကဥ Chhan Sokunthea က ပြောကြားခဲ့ပါတယ်။


Credit: phothutaw

အပြည့်အစုံသို့ »