ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသားအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။
ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။
ထို့ကြောင့် သြဂုတ် ၂ ရက် တွင် ၎င်းနှင့်ဇနီးတို့ အင်းလေးသို့ ရောက်ရှိစဉ် ရှမ်းပြည်နယ် တောင်ပိုင်း MTGA မှ တာဝန်ရှိ သူများ၊ နယ်မြေခံ ခရီးသွားရဲနှင့် ပြည်နယ် လ၀ကတို့က ၎င်းတည်း ခိုသော ဟိုတယ်တွင်သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်း/တောင် MTGA ဒုဥက္ကဋ္ဌ ဦးစိုင်း ၀င်းကပြောသည်။
‘‘ဒီမှာက နောက်ပိုင်းမှာ ဘာ သာရေး ပဋိပက္ခတွေ ဖြစ်နေတာ ကြောင့် သူကအခုလို တက်တူး ထိုးထားရင်လည်း လုံချည်တို့၊ ဘောင်းဘီရှည်တို့ ၀တ်ပြီး ဖုံး ထားတာလည်း မဟုတ်ဘူး။ ဘောင်းဘီတိုနဲ့ လျှောက်သွားနေ တယ်။ ဘာသာရေးအစွန်းရောက် တွေနဲ့တွေ့လို့ ကြာရင် သူ့အသက်အန္တရာယ်လုံခြုံရေး စိုးရိမ် ရတာကြောင့် ချက်ချင်းပဲ ပြည်နှင်ဒဏ်ပေးဖို့ လ၀က ပြည်နယ်ဦးစီး မှူးက ဆုံးဖြတ်လိုက်တယ်’’ ဟု ဦးစိုင်းဝင်းက ပြောသည်။
အဆိုပါ ကနေဒါနိုင်ငံသား သည် မြန်မာနိုင်ငံသို့ ရန်ကုန်၊ အင်းလေး၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုးသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဟောင်ကောင် သို့ သွားရောက်ရန် ၎င်း၏ ဇနီးဖြစ် သူ ဟောင်ကောင်နိုင်ငံသူနှင့် လာရောက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အဆိုပါ ဧည့်သည်သည် တစ်ဦးချင်းလွတ်လပ်စွာလည်ပတ်သော ကမ္ဘာလှည့်ခရီးသည် (F.I.T) ဖြစ်ပြီး အဖွဲ့လိုက်လည်ပတ်သော (Pa−ckage Tour) တွင်မူ ဖြစ်ပေါ်လေ့မရှိကြောင်း အီတလီဘာသာ ကျွမ်းကျင်ဧည့် လမ်းညွှန် ဦးအောင်ထွန်း လင်းကပြောသည်။
‘‘ဒီလို လုပ်တာကိုမြင်ရင် တော့ တာဝန်ရှိသူဟုတ်ဟုတ်၊ မဟုတ်ဟုတ် သာမန်ပြည်သူတွေ ကလည်း သိသိချင်း အကြောင်း ကြားပေးစေချင်တယ်’’ ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် ပုံများကို လက်မောင်းတွင်ဆေးမင်ကြောင်ထိုးသော နိုင်ငံခြားသားဧည့်သည်များကို သီရိလင်္ကာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင်တစ်ကြိမ် တွေ့ရှိခဲ့သောကြောင့် လေဆိပ်၌ပင် တားဆီးပြီး နိုင်ငံအတွင်းသို့ ၀င် ရောက်ခွင့်မပေးသောဖြစ်စဉ်များ ရှိခဲ့သည်။
Credit : 7Day
အပြည့်အစုံသို့ »
ရန်ကုန်- သြဂုတ် ၂
ဆင်းကဒ်များအားအလုံအလောက်ချပေးထားသည့်အတွက်ကျပ်(၁၅၀၀)ထက်ပိုမိုပေး၍မ၀ယ်ကြရန်အဆိုပါကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် Ross Cormack
က ယနေ့ ပြုလုပ်သည့် ooredoo ဆင်းကဒ်များစတင်မိတ်ဆက်သည့်အခမ်းအနားတွင်ပြောသည်။
"ဒီဆိုင်မှာဈေးကြီးနေလို့ ရှိရင်နောက်တစ်ဆိုင်ပြောင်းဝယ်ကြပါ၊ဆိုင်တွေလည်းခြေလှမ်းအနည်းငယ်လှမ်းယုံနှင့်တွေ့ မှာပါ၊ဒါကြောင့်ဘယ်သူမှပိုမ၀ယ်ကြပါနဲ့ "ဟု၎င်းက
ဆက်ပြောသည်။
လက်ရှိတွင် ooredoo ဆင်းကဒ်များကိုရန်ကုန်မြို့ ၊မန္တလေးမြို့ နှင့်နေပြည်တော်တို့ တွင်စတင်ရောင်းချပေးလျှက်ရှိရာ
အချို့ သောဆိုင်များမှာသတ်မှတ်ထားသည့်ကျပ်(၁၅၀၀)
တန်နှုန်းထက်ပို၍ဈေးတင်ကာရောင်းချလျှက်ရှိနေကြောင်းဈေးကွက်အ
တွင်းမှသိရသည်။AZ
Popular Myanmar News Journal
အပြည့်အစုံသို့ »
လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနအတွက် ဒုတိယ၀န်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန အတွက် ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင် တို့ကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ နာယက သူရဦးရွှေမန်းက အခုလိုကြေညာခဲ့ပါတယ်။
"လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ရာထူးနေရာတွင် ယင်းဌာန၏ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ရာထူးနေရာတွင် ယင်းဌာန၏ ဒုတိယ ဝန်ကြီး ဒေါက်တာ သန်းအောင်တို့ကို ခန့်အပ် တာဝန်ပေးခြင်းကိစ္စနဲ့ စပ်လျဉ်းပြီး နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့်ကွက်ချက် တစုံတရာမရှိတဲ့ အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရဲထွဋ် အား၎င်း၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ သန်းအောင် တို့အား၎င်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပြီးခဲ့တဲ့ ၃ ရက်က နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာခဲ့ပြီး ဒုတိယ၀န်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဒေါက်တာ သန်းအောင်တို့ကို အစားထိုးခန့်အပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ထံ အဆိုပြုတင်ပြခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
အပြည့်အစုံသို့ »
မြန်မာနိုင်ငံက ဥရောပ သမဂ္ဂနိုင်ငံများ အပါအ၀င် အတိုး နှုန်းသက်သာသော နိုင်ငံများမှ ချေးငွေများကို မကြာမီ ချေးယူ နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ၏ စီးပွားရေး အကြံ ပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦးက ပြောကြားသည်။
‘‘နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က စောင့်ကြည့်တာ တစ်နှစ်ပြည့်သွားပြီ။ မကြာခင်မှာ အတိုးနှုန်း သက်သာတဲ့ ချေးငွေ တွေ ချေးနိုင်တော့မှာပါ’’ ဟု အ ထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံကို ချေးငွေပေး ရန် ပါရီကလပ်က အကြွေးငွေ လျော်ပြီးသည့်အချိန်မှစ၍ ဆွေးနွေးခဲ့ပြီးနောက် ချေးငွေများပေးရန် ထပ်မံစောင့်ကြည့်လေ့လာခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်သည်ရေရှည်ခိုင်မာမှု ရှိနိုင်မည်ဟု သုံးသပ်ချက်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံကို ငွေချေးနိုင်သော နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံများ အပါအ၀င် နိုင်ငံတကာမှ ချေးငွေ များကို မကြာမီ ချေးယူနိုင်မည်ဖြစ်သည်။ သို့သော် အစိုးရသည် တရုတ်နိုင်ငံမှ ချေးငွေများကိုသာ အတိုးနှုန်းပိုများသော်လည်း ချေးယူနေသည်။
တရုတ်နိုင်ငံမှ ချေးငွေများရယူနေမှုသည် ၀န်ကြီးဌာန တစ်ခုချင်းစီမှ ချေးယူသည့် ပုံစံဖြစ်သည်။ ပါရီကလပ်မှ လက်ကျန်အကြွေးများ ရှင်းပြီးသော်လည်း မြန်မာနိုင်ငံမှ ပေးဆပ်ရန် အကြွေးမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံခန့်ရှိကြောင်း သိရသည်။
အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံမှ ချေးငွေရယူသုံးစွဲ နေသော ၀န်ကြီးဌာနများ၌ သမ၀ါယမ၀န်ကြီးဌာနမှာ အများဆုံးဖြစ်ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် (Ex−am Bank) မှ ချေးငွေ အမေရိကန်ဒေါ်လာသန်းတစ်ရာ ရယူထားသည်။ ထို့အပြင် သမ၀ါယမ ၀န်ကြီးဌာနက ယင်းတရုတ်ဘဏ်မှပင် အမေရိကန်ဒေါ်လာ သန်းခုနစ်ရာ ချေးယူရန် ကြိုးပမ်းနေသည်။
အစိုးရ၀န်ကြီးဌာနများ အ နေဖြင့် ပြည်ပ ချေးငွေများကို ရယူသုံးစွဲရာတွင် လွှတ်တော်၏ သဘောတူညီမှုကို ရယူပြီးမှသာ ချေးယူနိုင်သည်။ လက်ရှိအချိန် တွင် တရုတ်နိုင်ငံမှ ချေးငွေရယူ သုံးစွဲမှုကို ၀န်ကြီးဌာနများအနေ ဖြင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိသဖြင့် ပမာဏ မည်မျှရယူထားသည်ကို အတိအကျမသိရကြောင်း လူမှုအခြေပြုအဖွဲ့အစည်းအချို့က ဝေဖန်နေကြသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေး ဘဏ်တို့မှ အကြွေးများ၊ဂျပန်နိုင်ငံမှ ချေးငွေများ၊ ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှ အကြွေးများကို ပြန်ဆပ်ခြင်း၊ စာရင်းရှင်းလင်းခြင်းများ ပြုလုပ်ကာထုတ်ပြန်သော်လည်း တရုတ်နိုင်ငံမှ အကြွေးများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လေ့မရှိပေ။
7day daily
အပြည့်အစုံသို့ »
ရန်ကုန်၊ မဇ္ဈိမ။ ။ အူရီးဒူး မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်ရှိ မိုဘိုင်းဖုန်းဆိုင်အများစုတွင် ရောင်းချနေသော်လည်း ဆင်းမ်ကတ် အချို့သာ ခေါ်ဆိုမှု ပြုလုပ်နိုင်ပြီး အချို့ဆင်းမ်ကတ်များမှာ ဖုန်းခေါ်ဆို မရသေးဟု မိုဘိုင်းဖုန်းဆိုင်များနှင့် သုံးစွဲသူအချို့က မဇ္ဈိမကို ပြောသည်။
အူရီးဒူး မိုဘိုင်းဆင်းမ်ကတ်များကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ကြီးများရှိ ဆိုင်အချို့တွင် စတင်ရောင်းချနေပြီ ဖြစ်သည်။
သို့သော် ဇူလိုင် ၃၁ ရက်တွင် ဝယ်ယူခဲ့သော အူရီးဒူး အမှတ်တံဆိပ် ဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆို၍ မရသေးဟု ဆင်းမ်ကတ်ဝယ်ယူခဲ့သူ ကိုမိုင်းစောလွင်က ပြောသည်။
ကိုမိုင်းစောလွင်က “ဒီနေ့ (ဇူလိုင် ၃၁ ရက်) နေ့ခင်းမှာ အူရီးဒူးဆင်းမ်ကတ်တွေ ရောင်းနေတာတွေ့လို့ ဝယ်လိုက်တယ်။ ဖုန်းလိုင်းကို သုံးကြည့်လိုက်တော့ သုံးလို့မရသေးဘူး။ ဆိုင်ကို သွားပြန်မေးကြည့်တော့ သူတို့ တရားဝင် စရောင်းမယ့် ၂ ရက်နေ့မှ ဖုန်းလိုင်းတွေ အကုန်ဖွင့်ပေး မယ်လို့ ပြောတယ်” ဟု ပြောသည်။
အူရီးဒူး မိုဘိုင်းဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်က မန္တလေးနှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းဆိုင် အချို့က စတင်ရောင်းချခဲ့ပြီး ဖုန်းခေါ်ဆိုမှုများကို အခမဲ့ပြုလုပ်နိုင်သည် ဟုလည်း အသုံးပြုသူများက ဆိုသည်။
သို့သော် ဖုန်းခေါ်ဆိုမှုအချို့မှာ အဆင်မပြေပဲ လိုင်းကြပ်တည်းမှု ဖြစ်စေနိုင်ပြီး ဇူလိုင် ၁၅ ရက် နောက်ပိုင်းမှသာ ဖုန်းခေါ်ဆိုအသုံးပြုမှု ပိုမို အဆင်ပြေလာမည်ဟုလည်း ဖုန်းဆိုင် အချို့က ပြောသည်။
ပန်းဆိုးတန်းရှိ မိုဘိုင်းဖုန်းဆိုင် ဝန်ထမ်းတစ်ဦးက “လက်ရှိမှာ တချို့ဆင်းမ်ကတ်တွေက ဖုန်းခေါ်လို့ ရပေမယ့် လိုင်းကြပ်မှုတွေ ဖြစ်ပေါ်နိုင်တယ်၊ ဇူလိုင် ၁၅ နောက်ပိုင်းမှ ဖုန်းခေါ်ဆိုမှု အဆင်ပြေမယ်လို့ ပြောပါတယ်။ ဖုန်းဆင်းမ်ကတ်တွေကိုလည်း အကုန်လာချ ပေးတာမဟုတ်ဘဲ အချိန်နဲ့ ခွဲခြားပြီး လာချပေးတယ်။ ဒီညနေ (ဇူလိုင် ၃၁ ရက်)မှ နောက်ထပ် ဆင်းမ်ကတ်တွေ လာချပေးမယ်ပြောတယ်” ပြောသည်။
ဇူလိုင် ၃၁ ရက်က အူရီးဒူးဆင်းမ်ကတ် ဝယ်ယူ အသုံးပြုသူ မမိုးသူက “ အူးရီးဒူး ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ရတာ တော့ အဆင်ပြေတယ်။ MPT ဖုန်းကတ်ကို ခေါ်ကြည့်တော့ ခေါ်လို့မရတာတို့ ဖုန်းခေါ်ဆိုမှုလိုင်း ကျကျသွားတာတို့ဖြစ်နေတယ် ” ဟုပြောသည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုများနှင့် ပတ်သက်ပြီး အူရီးဒူးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သြဂုတ် ၂ ရက် စာနယ်ဇင်း ရှင်းလင်းပွဲမှသာ တရားဝင် ပြောကြားပေးမည်ဟု လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာက ဆိုသည်။
ယင်းဆင်းမ်ကတ်ဖြင့် ဖုန်းခေါ်ဆိုပါက အူရီးဒူး ဆင်းမ်ကတ် အချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုမှု မိနစ် ၉ဝဝ နှင့် အူရီးဒူး ဆင်းမ်ကတ်မှ အခြားအော်ပရေတာ (MPT ၊ MEC ) သို့ ခေါ်ဆိုပါက အခမဲ့ မိနစ် ၉ဝ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့ပြင် အင်တာက် အသုံးပြုသူများအနေဖြင့် တစ်ရက်လျှင် 2GB အထိ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
ဖုန်းခေါ်ဆိုခများသတ်မှတ်ထားရာတွင်လည်း အူရီးဒူး ဆင်းမ်ကတ်အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ် ၊ အခြား အော်ပရေတာသို့ ခေါ်ဆိုပါက ၃၅ ကျပ်နှင့် အင်တာနက် အသုံးပြုမှုအတွက် 1MB ကို ၂၅ ကျပ် ၊နှင့် SMS တစ်စောင်လျှင် ၂၅ ကျပ် ကောက်ခံမည်ဖြစ်သည်။ အူရီးဒူး၏ ဝန်ဆောင်မှုများ အတွက် Call Center ၂၃၄ သို့ ဖုန်ခေါ်ဆို မေးမြန်းနိုင်မည်ဖြစ်သည်။
mizzima
အပြည့်အစုံသို့ »
သာကေတမြို့နယ်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်ရှေ့တွင် အော်ရီဒူးဆင်းမ်ကတ် ၀ယ်ယူနေသူများအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။
အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဆိုင်မှာက ဆင်းမ်ကတ်တွေရပါတယ်။ ဒါပေမဲ့ မနက်ကတည်းက ကုန်သွားတယ်။ လာဝယ်တဲ့သူတွေက အများကြီးပဲ။ တချို့ဆိုရင် အော်ဒါမှာထားတဲ့သူတောင် ရှိတယ်။ မှတ်ပုံတင်နဲ့ ဓာတ်ပုံတစ်ပုံပါ ရင်ရတယ်။ စစရောင်းချင်းဆိုတော့ လူတွေက တစ်ယောက်တည်းနဲ့ အများကြီးလာဝယ်ကြတယ်။ ဒါကြောင့်လည်း လိုသလောက်မရတာပါ။ ကျွန်တော်တို့ကိုလည်း အများကြီးမချပေးထားတော့ ရောင်းရတာ အဆင်မပြေဘူး။ နောက်ပိုင်းဆိုရင် လိုသလောက်ကို ရောင်းပေးသွားမှာပါ”ဟုToday Mobile အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အော်ရီဒူးမှ ထုတ်လုပ်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်းအရောင်းဆိုင်တိုင်းတွင် ရောင်းချခြင်းမဟုတ်ဘဲ မိုဘိုင်းဆိုင်အနည်းငယ်တွင်သာ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဒါကြောင့် အချို့မိုဘိုင်းအရောင်းဆိုင်များအနေဖြင့် ဈေးပိုမိုတင်ရောင်းချကြောင်း သိရသည်။
“ကျွန်တော်က တာမွေမှာ နေတာပါ။ အော်ရီဒူးဆင်းမ်ကတ်တွေ ရောင်းပေးတယ်ဆိုလို့သွားဝယ်တာ တစ်ကတ်ကို ၅ဝဝဝ ဆိုတော့ မဝယ်တော့ဘူး။ ဒါက မဖြစ်သင့်ဘူး။ ကုမ္ပဏီကလည်း သူတို့ကို အမြတ်တွေပေးတာပဲ။ ဝယ်တဲ့သူတွေကိုတော့ အဲဒီလို မလုပ်သင့်ဘူး။ ဒါ့ကြောင့် တစ်ပတ်လောက် စောင့်လိုက်ဦးမယ်။ ပြီးရင် အရမ်းကို ပေါသွားမှာ ပါ။ အခုက လူတိုင်းက သုံးချင်လို့ လိုက်ပြီး အသည်းအသန်ဝယ်နေတော့ ဈေးက ပိုမြင့်လာတာပေါ့”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမောင်မောင်က ဆိုသည်။
အော်ရီဒူးမှ ရောင်းချသည့် ဆင်းမ်ကတ်များသည် ဖုန်းနံပါတ် ဝ၉-၉၉ ဖြင့်စပြီး ဖုန်းကတ်များတွင် မိနစ် ၉ဝဝ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ ငွေဖြည့်ကတ်များကိုလည်း ငွေကျပ် တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်မှ ငါးထောင်ထိ ထည့်သွင်းနိုင်အောင် ပြုလုပ်ထားကြောင်းသိရသည်။
news-eleven
အပြည့်အစုံသို့ »
မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။ သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။ယခုလက်ရှိ ဦးစိုးမြင့်သည် ဂျာမနီနိုင်ငံတွင် အင်္ဂလိပ်စာ သင်ယူပြီး ပြည်ပနိုင်ငံများသို့ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း၌ စာအုပ်ထုတ်လျှင် ရရှိသည့်ငွေမှာ ပြည်တွင်းမှငွေများ ဖြစ်သည့် အတွက် ပြည်တွင်းမှ သူများကို ပြန်လှူလျှင် ကိုယ့်နိုင်ငံက ငွေနဲ့ ပြန်လည်ပတ်သလိုမျိုး ဖြစ်မှာ စိုးသောကြောင့် ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ပါက ပြည်ပမှ ၀င်ငွေများ ရရှိလာသည့်အပြင် အကယ်၍ စာအုပ်တစ်အုပ်ပေါက် သွားပါကလည်း ဒေါ်လာ သန်းချီ ရနိုင်သောကြောင့် ပြည်တွင်း၌ မထုတ်ပဲ ပြည်ပမှ ၀င်ငွေများဖြင့်သာ မိမိ၏ စားဝတ်နေရေးကို ဖြေရှင်းသလို ပရဟိတ လုပ်ငန်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဟု သိရသည်။
ဦးစိုးမြင့်သည် ယခင်က တရားဟောရာတွင်လည်း ပြည်ပနိုင်ငံများတွင် အများဆုံး ဟောကြားခဲ့ပြီး ပြည်ပမှ ရရှိသည့် ဓမ္မပူဇာ ငွေများဖြင့် ပြည်တွင်းမှ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့ပေးခဲ့သလို အချိန်တန်ပါက ရဟန်းဘ၀သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းနှင့် ရောက်ရှိပါကလည်း တရားဟောခြင်း၊ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုတော့ပဲ တရားအားထုတ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည် ဖြစ်သလို ယခုလည်း နောက်ဆုံးအနေနဲ့ စွန့်စားခြင်း ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ဦးစိုးမြင့်၏ ညီ ဦးစိုးတင့်မှ ထပ်မံပြောကြားခဲ့သည်။
Tomorrow
အပြည့်အစုံသို့ »
ဓာတ်ပုံ- နိုင်လင်းအောင်
ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာပင် ဈေးကွက်အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။
‘‘မနေ့က သူငယ်ချင်းတစ်ယောက် ၇၈ လမ်းပေါ်ကဆိုင်မှာသွားဝယ်တာ တစ်ကတ်ကို တစ်သောင်းခွဲအထိရောင်းနေလို့ မဝယ်ခဲ့လိုက်ဘူး’’ဟု မန္တလေးမြို့တွင် နေထိုင်သူကို အောင်ပိုင်ဟိန်းကပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ခုအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဟန်းဆက်တစ်လုံး ဝယ်ပါက ဆင်းမ်ကတ်တစ်ကတ် အခမဲ့ပေးပြီး ဆင်းမ်ကတ်သီးသန့် ဝယ်လိုပါက နံပါတ်အလှပေါ်မူတည်၍ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊၈,၀၀၀ နှင့် ကျပ်တစ်သောင်းကျော်အထိ ရောင်းချနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဆင်းမ်ကတ်များကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် စတင်ရောင်းချနေသော်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အူရီးဒူးကုမ္ပဏီက ကြိုတင်ကြေညာခဲ့ခြင်းမရှိပေ။
အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘‘Distributor (ဖြန့်ချိသူ)တွေက တကယ်စရောင်းမယ့်နေ့အတွက် သူတို့လုပ်စရာရှိတာတွေလုပ်နေတာပါ။ အူရီးဒူးအနေနဲ့ကတော့ တကယ်ရောင်းချမယ့် Date ကို အခုထိမကြေညာသေးပါဘူး’’ဟု လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။
ယင်းသို့ဆင်းမ်ကတ်များ အဆမတန်ဈေးကြီးနေမှုနှင့်ပတ်သက်ပြီး အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ သြဂုတ် ၂ ရက်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင်သာ အကြောင်းစုံကိုဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့်နေပြည်တော်တို့၌ စတင်ရောင်းချပေးခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်း အရောင်းဆိုင်အချို့တွင် စတင်ရောင်းချကာ ငွေကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိရောင်းချလျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ထံမှသတင်းရရှိသည်။
‘‘တစ်ကတ်ကိုငါးထောင်နဲ့ တစ်ယောက်ကို ငါးကတ်လောက်ထိ ရောင်းပေးပါတယ်။ လိုသလောက်တော့ မရနိုင်သေးဘူး’’ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ပြန်လည်ဖြေကြားခဲ့သည်။ အူရီးဒူးဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များကို ဇူလိုင် ၃၁ ရက်မှသာ စတင်ဖြန့်ချိမည်ဖြစ်သော်လည်း လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့ရှိ ဖုန်းဆိုင်များမှ ရယူ၍ ရန်ကုန်တွင် မူလပေါက် ဈေးကျပ် ၁၅၀၀ ထက်ပို၍ရောင်းချနေကြောင်း မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှသတင်းရရှိသည်။
အူရီးဒူးအနေဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ချုပ်ဆိုထားသော စာချုပ်အရ ဆင်းမ်ကတ်များကို ခွဲတမ်းဖြင့်ချထားပေးခြင်းဖြစ်ပြီး ရွှေအဆင့်တွင် ဆင်းမ်ကတ် ၈၀၀၊ ငွေအဆင့်တွင်ဆင်းမ်ကတ် ၄၀၀ နှင့် ကြေးအဆင့်တွင် ဆင်းမ်ကတ် ၂၀၀ အထိသာချထားပေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသတင်းရရှိသည်။
အူရီးဒူးကုမ္ပဏီမှ လတ်တလောသတ်မှတ်ထားသည့်နှုန်းထားများမှာ ၎င်းတို့၏ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမည်ဖြစ်ပြီး အခြားအော်ပရေတာ (MPT, Telenor, Mectel)သို့ ဖုန်း ခေါ်မည်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ပေးရမည်ဖြစ်ကာ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်အချို့မှသတင်းရရှိသည်။
အူရီးဒူးအနေဖြင့် အင်တာ နက်အသုံးပြုခများ Rate တစ်ခု သတ်မှတ်၍ ကောက်ယူသွားမည် ဟုမူလကကြေညာခဲ့သော်လည်း လက်ရှိတွင် တစ် 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ယူမည်မှာ အနည်းငယ်များနေကြောင်း အသုံးပြုသူများကသုံးသပ်သည်။
‘‘1MB ၂၅ ကျပ်ကများပါ တယ်။ တစ်လ 2GB သုံးရင် ၅၀,၀၀၀တောင်ကျမယ်။ 4GB Speed ဆိုရင်တော့ နည်းနည်း လေးခံသာမယ်။ ဒါတောင် စင်ကာပူထက်သုံးဆလောက်များ တုန်း။ 4G Speed 6GB ကို တစ်လ ၅၀,၀၀၀ လောက်က voice call မိနစ် ၃၀၀ ပါသေး တယ်’’ဟု အူရီးဒူး၏ အင်တာနက် အသုံးပြုခနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မှတ်ချက်ရေးသားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိတစ်မိနစ်လျှင် အင် တာနက်အသုံးပြုခမှာ GSM ဖုန်းများတွင် နှစ်ကျပ်နှင့် WCDMA ဖုန်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းသာကျသင့်မည်ဖြစ်သော်လည်း ယခုကောက်ယူမှုမှာ မိမိအသုံးပြုမှုပေါ်တွင်မူတည်၍ ကုန်ကျမည်ဖြစ်သောကြောင့် မသုံးလျှင် မကုန်နိုင်သော်လည်း တစ်မိနစ်အတွင်း ကျပ်နှစ်ထောင် ခန့်လည်းကျသွားနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ခံတစ်ဦးကရှင်းပြသည်။
7day daily
အပြည့်အစုံသို့ »
မဆုမွန်
ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်း လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စု က ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။
“ လွှတ်တော်က သဝဏ်လွှာ ပို့ထားတယ်လို့ပဲ ကျနော် သိပါတယ်။ လွှတ်တော်က ဘယ်နေ့မှာ စဉ်းစားမယ်။ ဘာဆက်လုပ်မယ်ဆိုတာတော့ ကျနော်လည်း မသိသေးပါဘူး။
VOA။ ။ ဟုတ်ကဲ့။ အန်ကယ်လ်ပြန်ရောက်လာတဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲဖြစ်တဲ့ကိစ္စ ဘယ်လိုများ ရှိပါသလဲ။
“တကယ်ကတော့ဗျာ။ ကျနော်တို့က သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တတိယအဆင့်ကို ဝင်လာတဲ့အခါမှာ လက်ကျန်သက်တမ်း ကာလအတွင်းမှာ ကျနော်တို့ သိသာထင်ရှားတဲ့ ရလာဒ်တွေလုပ်ဖို့ ပိုပြီးတော့မှ အားသွန်ခွန်စိုက် လုပ်ဖို့ လိုပါတယ်။ ရလာဒ်ကောင်းတွေ ဖော်ထုတ်နိုင်ဖို့လည်း ကျနော်တို့ လိုပါတယ်။ အဲ့သလိုအခြေအမျိုးမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါက်တာဖေသက်ခင်တို့က သူတို့အနေနဲ့ အဲ့လိုတာဝန်တွေ၊ ရလာဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ကန့်သတ်ချက်တွေရှိနိုင်တယ်လို့ သူတို့ယူဆတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဆန္ဒအရ တင်ပြလာတဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးက သူတို့ကို အနားယူခွင့်ပြုလိုက်တာပါ။ အဲ့တော့ သမ္မတကြီး အနေနဲ့က သူတို့နှစ်ယောက်က ကျန်ခဲ့တဲ့ ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ နိုင်ငံနဲ့လူမျိုးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့တယ် ဆိုတာ အသိအမှတ်ပြုပါတယ်။”
တဖက်ကလည်း တတိယအဆင့်ကာလအတွင်းမှာ ရလာဒ်ကောင်းတွေ ရလာနိုင်ဖို့အတွက် လိုအပ်တဲ့ပြောင်းလဲမှုလုပ်ရမယ်ဆိုတာကိုလည်း သူလက်ခံပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ချက်ကြောင့် သူတို့နှစ်ယောက်ရဲ့ တာဝန်က အနားယူခွင့် တင်ပြခွင့်ကို လက်ခံပြီး သမ္မတကြီးက အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်။”
VOA။ ဟုတ်ကဲ့။ အခုပြန်ကြားရေးဝန်ကြီးကို အန်ကယ်လ် ဦးရဲထွဋ်၊ နောက် ဒေါက်တာ သန်းအောင်ကိုလည်း သမ္မတကြီးကနေပြီးတော့ ဝန်ကြီးတွေအဖြစ် အဆိုတင်သွင်းတာရှိပါတယ်။ အဲ့ဒီ့အပေါ်မှာရော အန်ကယ်လ်ဦးရဲထွဋ်က ကိုယ်တိုင် နာမည်တင်သွင်းခြင်း ခံရတဲ့အခါကျတော့ အဲ့ဒီ့အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။
“ကျနော်ကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်ဖို့အတွက် အဆိုတင်သွင်းခြင်း ခံရတဲ့အတွက်ကြောင့်မို့လို့ ကျနော် ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်စောင့်ဆိုင်းနေပါတယ်လို့ပဲ ပြောချင်ပါတယ်။”
VOA။ ။ ပြန်ကြားရေးဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရတဲ့အခါဆိုရင် အခုလက်ရှိမီဒီယာနဲ့ပတ်သက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ ဘာတွေဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ စီစဉ်နေတာရှိပါသလဲ။
“အော် ဒါတော့ အခုအချိန်မှာတော့ ကျနော်မပြောချင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ခန့်အပ်ခြင်း ခံရတာ မဟုတ်သေးတဲ့အတွက် ကြောင့်မို့လို့ ကျနော် ဘာမှ ထုတ်ဖော်မပြောနိုင်သေးပါဘူး။
VOA။ ။ ဟုတ်ကဲ့။ အခု ဒုတိယဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ သမ္မတရဲ့ပြောခွင့်ရအနေနဲ့ရော အန်ကယ်လ်အခု တာဝန်ထမ်းဆောင်နေတာဆိုတော့ ပြန်ကြားရေးဝန်ကြီးဖြစ်သွားရင်ရော သမ္မတပြောခွင့်ရ ရဲ့တာဝန် အန်ကယ်လ်ဆက်ပြီးတော့ ထမ်းဆောင်ဖို့ရှိပါသလားရှင့်။
“ဒါကတော့ သမ္မတကြီးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပါတယ်။”
ကျေးဇူးအများကြီးတင်ပါတယ်။ အန်ကယ်လ်ဦးရဲထွဋ်။
ဒါကတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် နေရာ မှာ လက်ရှိပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နေရာမှာ လက်ရှိ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပို့ပြီး အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။
မြန်မာအစိုးရအဖွဲ့မှာ ၀န်ကြီးတွေကို အပြောင်းအလဲလုပ်တဲ့ အကြိမ်အများစုမှာ ရာထူးကနှုတ်ထွက်ခွင့်ပြုတယ်၊ ရာထူးက အနား ယူခွင့်ပြုတယ် စသည်အားဖြင့် သုံးစွဲလေ့ရှိပါတယ်။
VOA Burmese
အပြည့်အစုံသို့ »
မြန်မာသတင်းမီဒီယာတွေ ဖိအားပေးခြိမ်းခြောက်ခံနေရတာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရင်ဆိုင်နေရချိန် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို သူ့ရဲ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတက ဇူလိုင် ၂၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စတဲ့တာဝန်တွေယူခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ကအနားပေးလိုက်ပြီး လစ်လပ်သွားတဲ့ ပြန်ကြားရေးဝန်ကြီးနေရာမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ရော ဒုတိယဝန်ကြီးပါ တာဝန်ယူနေတဲ့ ဦးရဲထွဋ်ကို ခန့်အပ်နိုင်ခြေရှိပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးပါဘူး။
ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ အတူ ရာထူးကနေ အနားပေးလိုက်သလို နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် ကကကြည်းက ဗိုလ်ချုပ်တင်အောင်ချစ်ကို ခန့်အပ်ကြောင်းကိုလည်း တစ်ရက်တည်းမှာ ကြေညာခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေ အများဆုံးအပြောင်းအလဲလုပ်ခဲ့ပြီး သာသာနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုတော့ အမိန့်မနာခံမှုနဲ့ အရေးယူခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ ကျန်တဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကိုတော့ ဌာနအပြောင်းအရွှေ့တွေ အများဆုံးလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးတွေဟာ ဝန်ကြီးအဖြစ် အများဆုံး ရာထူးတိုးခံခဲ့ရတာများပါတယ်။
ဦးရဲထွဋ်ဟာ မြန်မာသတင်းမီဒီယာသမားတွေကြားမှာ Facebook ဝန်ကြီးလို့ ခေါ်ဝေါ်သမုတ်ခံရသူဖြစ်ပြီး ၂ဝဝ၅ခုနှစ်က စစ်တပ်ကနေ ပြန်ကြားရေးဝန်ကြီးဌာနမှာ အရာရှိအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပြန်ကြားရေးရဲ့ အဓိက မူဝါဒတွေကို ချုပ်ကိုင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။
အခုနောက်ပိုင်း ပြန်ကြားရေးပိုင် သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာ PSM အဖြစ် အသွင်ကူးပြောင်းဖို့ အဓိကဆောင်ရွက်နေသူဖြစ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
Kamayut Media
အပြည့်အစုံသို့ »
နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။
ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။
ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။
“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။
အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။
Tomorrow News
အပြည့်အစုံသို့ »
၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင်မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။
ADSLဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။
မက်ဆေ့ပေးပို့ပြီးတာနဲ့ ၁ လအတွင်း အဲဒီနံပါတ် ၃ ခုဆီ ၁ မိနစ် ၂၅ ကျပ်နှုန်းနဲ့ ကြိုက်သလောက် ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ၀န်ဆောင်ခ ကျပ် ၂၅၀၀ သတ်မှတ်ထားတာကြောင့် ကိုယ်ပေးထားတဲ့ နံပါတ်တွေဆီ ၁ လအတွင်း မိနစ် ၁၀၀ အထက် ခေါ်ဆိုသူတွေမှသာလျင် ဈေးနှုန်းသက်သာတဲ့ အကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကို ဂျီအက်စ်အမ် အမျိုးအစား ဖုန်းသုံးသူတွေကပဲ ရယူနိုင်ပြီး စီဒီအမ်အေ ၈၀၀ နဲ့ ၄၅၀ ဖုန်းကိုင်ဆောင်သူတွေအတွက် အကျုံးမ၀င်ဘူးလို့ ဖော်ပြထားပါတယ်။
DVB Burmese
အပြည့်အစုံသို့ »
ရန်ကုန်− မိုဘိုင်းဖုန်းများသို့ ဖုန်း ခေါ်ဆိုမှုများတွင် +959 ဖြင့် ဝင်ရောက်နေမှုများရှိပြီး ယင်းနံပါတ်အား ပြန်လည်ခေါ်ဆိုပါက နိုင်ငံခြားသို့ ခေါ်ဆိုခနှုန်းထားကဲ့သို့ တစ်မိနစ်လျှင်ကျပ် ၁,၀၀၀ ဝန်းကျင်ကောက်ခံခြင်းမှာ မဟုတ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နိုင်ငံတကာကဲ့သို့ ဖုန်းခေါ်ဆိုသည့်စနစ်ဆောင်ရွက်ရန် စမ်းသပ်ရန်အတွက် ပြောင်းလဲမှုများ ပြုလုပ်နေခြင်းများကြောင့် ဖုန်းခေါ်ဆိုမှုများနှင့် SMS များဝင်ရာတွင် +959 နံပါတ်များဖြင့် ဝင်ရောက်မှုများရှိနေခြင်းဖြစ်သည်။
လက်ရှိတွင်မူ အွန်လိုင်းပေါ်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ခေါ်ဆိုသူအချို့က ငွေကျပ်တစ်ထောင်ဖြတ်တောက်ခံရသည်ဟု ရေးသားမှုများ ပျံ့နှံ့နေပြီး သတိပေးမှုများပြုလုပ်ကြသည်။
‘‘Internation ပုံစံလုပ်မလို့ စမ်းသပ်နေတာပါ။ +959 နဲ့ ပြန်ခေါ်ခေါ် အရင်ဖုန်းနံပါတ် 09 ဆိုပြီးပဲပြန်ခေါ်ခေါ် အရင်နှုန်း တစ်မိနစ် ၅၀ ပဲဖြစ်တာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်းအဝင်ခေါ်ဆိုမှုများနှင့် SMS အဝင်များတွင် +959 နံပါတ်ဖြင့် မိုဘိုင်းဖုန်းအားလုံးတွင် ဝင်ရောက်ခြင်းမဟုတ်ဘဲ ပြန်လည်ခေါ်ဆိုခြင်းနှင့် SMS ပြန်လည်ပေးပို့ခြင်းများကို ယခင် မြန်မာ့ဆက်သွယ်ရေး၏ နှုန်းထားဖြင့်သာ အသုံးပြုနိုင်ခြင်းဖြစ် ကြောင်းသိရသည်။
လက်ရှိတွင် ဖုန်းနံပါတ် အချို့အား 09 အစား +959 ဖြင့် စမ်းသပ်ခေါ်ခေါ်ဆိုကြည့်နိုင်ပြီး လက်ရှိခေါ်ဆိုထားသူအချို့ ယင်း သို့ဖြတ်တောက်ခံရမှုမရှိကြောင်း စုံစမ်းသိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းများမှ နိုင်ငံတကာသို့ ယူဆောင်သွားသည့် မိုဘိုင်းဖုန်းများတွင် SMS စနစ်အသုံးမပြုနိုင် သေးကြောင်း လက်ရှိ +959 များဖြင့် စမ်းသပ်နေခြင်းသာဖြစ်ပြီး လက်ရှိပြည်တွင်းရှိ ပြည်ပအော် ပရေတာများမှလည်း စမ်းသပ်မှု များဆောင်ရွက်နေခြင်းကြောင့် SMS အများစုတွင် +959 ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
7daydaily
အပြည့်အစုံသို့ »
မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံးဝယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဦးအေးနေ၀င်းနှင့် ဧရာဝတီသတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။
ဦးအေးနေ၀င်းတို့အား စီးပွားရေးလုပ်ကိုင်ရန် အရင်းအနှီးထုတ် ပေးဖို့ ကမ်းလှမ်းခဲ့သော တရုတ် ကုမ္ပဏီတစ်ခုဟုဆိုသည့် စီစီအို အီးစီ(CCOEC) ဆိုသည်မှာ မည်ကဲ့သို့ကုမ္ပဏီမျိုးပါလဲ။ ၎င်းတို့ကဘာကြောင့် ဦးအေးနေ၀င်းတို့အား ငွေထုတ်ပေးရန် ကမ်းလှမ်းရတာလဲဆိုသည့် မေးခွန်းများထွက်ပေါ် လာပါသည်။
အမှန်တော့စီစီအိုအီးစီကို တရုတ်ကုမ္ပဏီတစ်ခုဆိုသည် ထက် တရုတ်အစိုးရပိုင်ကုမ္ပဏီ တစ်ခုဟုပြောသည်က ပိုမှန်ကန် ပါမည်။ စီစီအိုအီးစီဖြစ်လာမည့် ထိုကုမ္ပဏီကို ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထောက်ခံမှုအရ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် (China National Corporation For Building Materials Expor- tation) အဖြစ်စတင်တည်ထောင် ခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်း နိုင်ငံ ၁၀၀ ခန့်တွင် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်သည်။ တ ရုတ်အစိုးရ သွင်းကုန်ထုတ်ကုန် ဘဏ်က ထောက်ပံ့ထားသည့် အတွက် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည်။ ၁၉၉၃ခုနှစ်တွင် နိုင်ငံရပ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အမျိုးသား ကော်ပိုရေးရှင်း (စီစီအိုအီးစီ)အဖြစ် အမည်ပြောင်းလဲခဲ့သည်။
စီစီအိုအီးစီ၏ မူလလမ်း ကြောင်းမှာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဖြစ်သော်လည်းနောက်ပိုင်းတွင် စွမ်းအင်ကြီးစွာ လိုအပ်နေသော တရုတ်အစိုးရ၏ ရည်မှန်းချက်ကို ဖြည့်တင်းရန် စွမ်းအင်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေးလုပ်ငန်းများကိုပါ စီစီအိုအီးစီက တိုးချဲ့ဆောင်ရွက်လာ သည်။
ထိုသို့ဆောင်ရွက်လာရာ တွင် စီစီအိုအီးစီ၏ ဈေးကွက်နေ ရာရွေးချယ်မှုမှာ အထူးစိတ်ဝင် စားစရာကောင်းသည်။ များသော အားဖြင့် နိုင်ငံတကာအနောက် တိုင်းကုမ္ပဏီများ၊ အမေရိကန် ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများ သည် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် လူ့အခွင့်အရေးပြဿ နာများ၊ အကြမ်းဖက်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များစသော နေရာများမှ လွတ် ကင်းသော နိုင်ငံများကို ရွေးချယ် ကြသည်။ စီစီအိုအီးစီကမူ အများ နှင့် ပြောင်းပြန်ဖြစ်၏။
အကြမ်းဖက်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့အလယ်မှာ ကြဉ်ထားသည့် နိုင်ငံ များတွင်သာ စီစီအိုအီးစီက ပြိုင် ဘက်မရှိအခွင့်အရေးရယူပြီး စီး ပွားရေးလုပ်ကိုင်လေ့ရှိသည်။
ဥပမာဆိုရလျှင် အကြမ်း ဖက်မှုများဖြင့် ကျော်ကြားနေ သည့် ယီမင်နိုင်ငံတွင် စီစီအိုအီးစီ က ၂၀၁၂ ခုနှစ်၌ သဘာဝဓာတ် ငွေ့စက်ရုံသုံးရုံတည်ထောင်ရန်သဘောတူခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကာတာတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးပညာ ရှင် မိုဟာမက်ဆာဖတ်ရာမတ်က ယီမင်နိုင်ငံ၏ အကြမ်းဖက်မှု သတင်းဆိုးများကြောင့် အနောက်နိုင်ငံများက ယီမင်နှင့် ဆက်ဆံရန် လက်တွန့်နေချိန်တွင် တရုတ် နိုင်ငံက ထိုဒေသတွင် ၎င်း၏အနေ အထားအားကောင်းလာရန် အခွင့်အရေးယူကြိုးပမ်းနေသည်။ စီစီ အိုအီးစီက တရုတ်အစိုးရ၏ ထို ရည်မှန်းချက်ကို ဖြည့်ဆည်းပေး သည်ဟုဆိုသည်။
ယီမင်နိုင်ငံမှ သူပုန်များ သည် အယ်လ်ကိုင်ဒါအကြမ်း ဖက်သမားများနှင့် ဆက်သွယ်မှု ရှိနေသည်ဟူသော သတင်း ကြောင့် အနောက်နိုင်ငံများက ရှောင်ရှားနေချိန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကတော့ အား ကောင်းလာသည်။ စီစီအိုးအီးစီကလည်း ထိုဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်းပံ့ပိုးကူညီအားဖြည့်ပေး ၏။ ယီမင်တွင် ရေနံအနည်းငယ် သာထွက်သော်လည်း လောင်စာ စွမ်းအင်အမြဲလိုအပ်နေသည့် တရုတ်နိုင်ငံအတွက် နည်းနည်းရလည်း နည်းနည်းအလျောက် အကျိုးရှိသည်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည့် ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အရှေ့ဥရောပနိုင်ငံ ဘီလာရုစ် နိုင်ငံတွင်လည်း စီစီအိုအီးစီ၏ လုပ်ငန်းများရှိပါသည်။ အထူးသ ဖြင့် စွမ်းအင်စက်ရုံများကို စီစီအို အီးစီက တရုတ်သွင်းကုန်ထုတ် ကုန်ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်နေသည်။
ထိုစက်ရုံများသည် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဘီလာရု(စ်) နိုင်ငံသတင်းမီဒီယာများက ဝေဖန်ပြစ်တင်ထားပါသည်။ စီစီအိုအီးစီ အပါအ၀င် တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြစားနေသော ဘီ လာရုစ် အစိုးရအာဏာပိုင်များ နှင့် ပေါင်းပြီး အခွင့်အရေးယူ သည်ဟုလည်း ရေးသားကြပါ သည်။
ထိုကဲ့သို့သောစီစီအိုအီးစီက မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး သြဇာတိက္ကမကြီးသူစီးပွားရေးသမားများနှင့် စစ်အာဏာရှင်ဦးနေ၀င်း၏ မိသားစုများအတွက် ငွေအရင်းအနှီးထုတ်ရန် ကမ်း လှမ်းလာသည်ဟုဆိုသည်။
လတ်တလောတွင် အဆိုပါသတင်းက လူအများစုကို အံ့အားသင့်သွားခဲ့စေသည်။ ဦးတေဇ၊ ဦးနေ၀င်းမိသားစု၊ တရုတ်အစိုးရ၏ စီစီအိုအီးစီ ဘာတွေဖြစ် လာမလဲဆက်လက်စောင့်ကြည့်ရန်အထူးစိတ်ဝင်စရာကောင်းသည် ကတော့ အသေအချာပင်ဖြစ်ပါ သည်။
7daydaily
အပြည့်အစုံသို့ »
အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင် အမျိုးသမီးတစ်ဦးအသတ်ခံရသည့် အနေအထားဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၇ ရက် နံနက်ကအောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ဆိုင်ခန်းလွတ်တစ်ခုတွင် လည်ပင်းညှစ်ခံထားရသည့် လက္ခဏာဖြင့် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
အဆိုပါ အမျိုးသမီးသည် ပဲခူးတိုင်း၊ အုတ်ဖိုမြို့ဇာတိဖြစ်ပြီး အသက် (၂၀) ခန့်ရှိကာ ခင်ပွန်း သည်နှင့်အတူ ကားဂိတ်များအ တွက် ခရီးသည်ခေါ်သည့်အလုပ် အတူတူလုပ်နေသူဖြစ်သည်။
‘‘တိုကျိုလက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တဲ့နေရာပဲ။ ဆိုင်ပိတ်ထား တာ အခန်းမလုံတော့ အနောက် ဘက်က တံခါးကို ဖျက်ဝင်ကြပြီး ကြုံရာကျပန်းတွေ ၀င်အိပ်နေ တတ်တာ။ သေတဲ့သူနဲ့ သူ့ခင်ပွန်းက ကားဂိတ်တွေကို ခရီးသည်ခေါ်ပေးတဲ့ အလုပ်လုပ်ကြတာ’’ဟု အောင်မင်္ဂလာအဝေးပြေးဝင်းရှိ အမျိုးသားတစ်ဦးက ပြောသည်။
အမျိုးသမီးသေဆုံးနေ ကြောင်း လူငယ်တစ်ဦးက တွေ့ရှိ ရာမှ ကားဝင်းအတွင်းရှိ တာဝန် ရှိသူများသို့ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။ ထို့နောက်ရဲတပ်ဖွဲ့ က လာရောက်စစ်ဆေးပြီး သေ ဆုံးသူ၏ ခင်ပွန်းကို လိုက်လံဖမ်း ဆီးရာ နေ့လယ်တွင် ဖမ်းမိခဲ့ ကြောင်း စုံစမ်းသိရှိရသည်။
‘‘သေတာတော့ဟုတ်တယ်။ ရဲလုပ်ငန်းတွေ လုပ်နေသေးတာ မပြီးသေးလို့ ကျွန်တော်တို့တွေ မပြောနိုင်သေးဘူး။ လုပ်နေတဲ့ ကာလအတွင်းမှာ အခက်အခဲတွေရှိနေလို့ လူသတ်တာလား၊ လူသေတာလားဆိုတာ မပြောနိုင်သေးဘူး။ အလောင်းကိုတော့ ဆေးရုံကို သယ်သွားပါပြီ။ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပါ’’ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7daydaily
အပြည့်အစုံသို့ »
နိုင်ငံခြားတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်လိုသူတွေအတွက် နိုင်ငံတော်သမ္မတရဲ့ ပညာသင်ဆုပေးမယ်လို့ ဇူလိုင် ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါ တယ်။
ဘွဲ့ကြိုတန်းနဲ့ ဘွဲ့လွန်တန်းတွေအတွက် ပညာသင်ဆုပေးမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်ကြတယ်လို့ ကြော်ငြာထည့်သွင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
prသတ်မှတ်ချက်တွေ စည်းကမ်းချက်တွေ အပြည့်အစုံဖော်ပြထားပေမယ့် ကျောင်းသား ဘယ်နှယ်ယောက်ကို တနှစ် ဘယ်လောက်ငွေကြေး ထောက်ပံ့သွားမယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။
စာရေးဆရာ ဘိုးလှိုင် ခေါ် ဒေါက်တာတင်လှိုင်ကတော့ အခုလို သမ္မတရဲ့ ပညာသင်ဆုပေးမှာကို ကြိုဆိုလိုက်ပြီး ဒါဟာ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အစိုးရပညာတော်သင်ဆု ပြန်ပေးဖို့ လုပ်တာလို့ ဆိုပါတယ်။
ပညာတော်သင်ဆုပေးတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဆက်လုပ်ဖို့သင့်တာတွေကိုလည်း ဒေါက်တာတင်လှိုင်က ခုလို ပြောပါတယ်။
“ဘာလုပ်စေချင်တုန်းဆိုတော့ဗျာ အစိုးရ အေဂျင်စီဖွဲ့ပြီးတော့ ပြည်ပကို ကိုယ့်အစီအစဉ်နဲ့ သွားချင်တဲ့ ကလေးတွေကို ကူညီပေးရမယ်။ ကူညီပေးတယ်ဆိုတာ ဒီမှာ အခြေခံပညာ လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးမလဲ။ နောက်ပြီးတော့ ဟိုသွားတဲ့အခါ ဘယ်ကိုသွားရင် ကောင်းမလဲ။ ဘာလုပ်ရင် ကောင်းမလဲ။ မိဘက ဘယ်လောက်ပဲ ထောက်ပံ့နိုင် မင်းဘာသာမင်း အလုပ်လုပ်ပြီးတော့ ဘယ်လိုရှာရလိမ့်မယ်။ အဲဒါတွေကို အခုတောင် ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်နေတယ်။ အဲဒါ ငွေကြေးအမြတ်စွန်းနဲ့ လုပ်ကြတာတွေက များတယ်။ ကုသိုလ်ဖြစ် လုပ်တာ နည်းတယ်။ အဲဒါကို အစိုးရက အဖွဲ့အစည်းကြီး ဖွဲ့ပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်စေချင်တယ်။”
သမ္မတရဲ့ နိုင်ငံခြားပညာသင်ဆု ရလိုသူတွေဟာ ဘွဲ့ကြိုအတွက် ဆယ်တန်းအောင်မှတ် ၅၀၀ အထက် ရှိထားသူတွေဖြစ်ရမယ်။ ဘွဲ့လွန်အတွက် မဟာတန်းတက်ဖို့ အဆင့်မီသူဖြစ်ရမယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ Tofel တို့လို ဖြေဆိုအောင်မြင်ထားရင် ပူးတွဲတင်ပြရမယ် စသဖြင့် ဖော်ပြထားပြီး နောက်လကုန် နောက်ဆုံးထား လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။
ပညာသင်ဆုနဲ့ ဘွဲ့ရပြီးရင် နိုင်ငံတော်ကပေးအပ်တဲ့ အလုပ်တာဝန်ကို ပညာတော်သင်ကာလရဲ့ ၂ဆ ပြန်လုပ်ပေးရမှာဖြစ်ပြီး လုပ်မပေးရင် ပညာသင်ကုန်ကျစရိတ်ရဲ့ ၃ ဆ ပြန်လျော်ရမယ်ဆိုတဲ့ စည်းကမ်းချက်လည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
ပညာသင်ဆုကို ပြင်ပပညာရှင်တွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတရပ်က အပြီးသတ် စိစစ်ရွေးချယ်ချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။
မြန်မာပြည်မှာ အင်္ဂလိပ်အစိုးရခေတ်ကစလို့ အစိုးရပညာတော်သင်ဆုတွေ ပေးအပ်ခဲ့ပြီး ၁၉၆၃ ခုနှစ်ကစလို့ အစိုးရပညာတော်သင်ဆုပေးတာကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
DVb Burmese
အပြည့်အစုံသို့ »
ရန်ကုန်၊ ဇူလိုင် ၂၅- ကမ္ဘာ့အကြီး ဆုံးဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်၉ရက်တွင် စတင်တူးဖော်မည် ဖြစ်ကြောင်း ဦးဆောင်တူးဖော်မည့် ဦးစံလင်း(ဓမ္မစေတီစံလင်း)က ပြော သည်။
ခေါင်းလောင်းတော်ကို ၁၉၉၈ ခုနှစ်သြဂုတ် ၁၁ရက်ကရေအောက် ၂၇ပေ၊ မြေအောက်၂၅ ပေစုစုပေါင်း၅၂ပေတွင်တွေ့ရှိခဲ့ပြီး ခေါင်းလောင်း တော်ပေါ်တွင် ဂျပန်ခေတ်က နစ်မြုပ် ခဲ့သော သံသင်္ဘောကိုဖယ်ရှားပြီးမှ သာ ခေါင်းလောင်းတော်ကိုဆယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။
''ဓမ္မစေတီခေါင်းလောင်းကို တွေ့ထားပြီးပြီ။ ဘယ်နေရာမှာဆို တာကတော့ ဝစီပိတ်ထားလို့ပြောပြလို့မရဘူး။ဝါခေါင်လဆန်း၁၃ရက်မှာဘုရားအနေကဇာတင်မယ်။ ၁၄ ရက်မှာစပြီးတူးဖော်မယ်။ အောင်မြင် မယ်၊ မအောင်မြင်ဘူး ဆိုတာတော့ ပြောလို့မရဘူး။ နဂါးအကူအညီ ယူပြီး ဆယ်ယူရမယ်'' ဟု ဦးစံလင်း က ဆက်လက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို မြန်မာ့နည်း၊ မြန်မာ့ဟန်မြန်မာ့အဆင့် နည်းပညာများဖြင့် ပြန်လည်ဆယ်ယူ မည်ဖြစ်ကာ နိုင်ငံတော်အကူအညီ နှင့် ခုနှစ်ရက်သားသမီးတို့၏လှူဒါန်း ငွေများဖြင့် ဆယ်ယူခြင်းလုပ်ငန်းများ ကိုလုပ်ဆောင်ရမည်ဟု အဘအောင် မင်းခေါင်မှ ပြောကြားထားကြောင်း ဦးစံလင်းက ဆက်လက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် ကော့သောင်းမှ ရေငုပ်သမား ဆယ်ယောက်နှင့်အတူ သောင်တူးစက်ဖြင့် ဆယ်ယူမည်ဖြစ် ပြီး ငွေကျပ် သိန်း(၁၈ဝဝ)ခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း ခေါင်း လောင်းတူးဖော်ရာတွင်ပါဝင်မည့် ဦးဝင်းမြင့်(ရွှေအုန်းပင်စားသောက် ဆိုင်ပိုင်ရှင်)က ပြောသည်။
''ကျွန်တော်ခေါင်းလောင်းဆယ် တဲ့အဖွဲ့နဲ့ပါဖူးတယ်။ ခေါင်းလောင်း ကိုမရရအောင် ဖော်ထုတ်မယ်။ ပြည် သူတစ်ယောက်အနေနဲ့ တာဝန်သိ၊ တာဝန်ရှိတယ်လို့ ယူဆတယ်။ အောင် မြင်မအောင်မြင်ကတော့ ပြောလို့မရ ဘူး။ ခေါင်းလောင်းတော်ကြီးရဲ့ အလေးချိန်ကွဲပြားနေမှုကိုလဲ ကျွန် တော်တို့အတည်မပြုနိုင်ဘူး။ ဆယ်ယူ ပြီးမှပဲသိနိုင်မယ်။ ဓမ္မစေတီခေါင်း လောင်းကြီးပေါ်ရင် ဘုရားအဆူ တစ်ထောင် တည်တာနဲ့ညီမျှတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်းမှာ ရွှေ၊ ငွေ၊ ကြေး၊ ဘော်သတ္တုလေးမျိုး ထည့် သွင်းကာသွန်းလောင်းထားပြီး၎င်းတို့ဓာတ်ပြုမှုကြောင့် ခေါင်းလောင်း တော်ကြီး၏ကွင်း(ပုစွန်တုပ်ကွေး)မရှိသည့်အတွက်ကြိုးချည်ရန်မရှိဘဲ ခေါင်းလောင်း တော်ကြီးကွင်းမှာ အောက်သို့ ၄၅ဒီဂရီစောင်းကာ အဝမှာ အပေါ်သို့ရောက်ရှိနေပြီး Buffer စနစ်ဖြင့် Buoyancy လုပ်ပြီး ကုန်းပေါ်သို့ အရောက် တင်မည်ဖြစ် ကြောင်း ဦးစံလင်းက ပြောသည်။
ခေါင်းလောင်းဆယ်ယူပြီးပါက ခေါင်းလောင်းတွင် ကပ်ငြိလျက်ရှိ သောချေးများကို အသေးစိတ်ရှင်း လင်းနိုင်ရန်အတွက် ဧရာဝတီရေ တပ်စခန်းဌာနချုပ် အမြောက်ကြီး နေရာမှ စတင်ကာစစ်ရေးပြအဆောင် တွင်သုံးလခန့်အချိန်ယူ၍ ရှင်းလင်း ရမည်ဖြစ်ပြီး ဦးစံလင်းကိုယ်တိုင် ရေငုပ်ဆယ်ယူ၍ နှစ်ပတ်အတွင်းကုန်း ပေါ်သို့ ရောက်ရှိရန်လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းတော် ကို ဟံသာဝတီဘုရင်ဓမ္မစေတီမင်း ကြီးက ၁၄၈၄ခုနှစ်တွင်စတင်သွန်း လုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ လှူ ဒါန်းခဲ့ကာ စပိန်နိုင်ငံသားငဇင်ကာမှစပိန်နိုင်ငံတွင် ပြယုဂ်တစ်ခုအဖြစ် ပြသနိုင်ရန် ရွှေတိဂုံစေတီပေါ်မှယူ ဆောင်သွားခြင်းဖြစ်ပြီး ဒေါပုံမြစ် ထဲတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေထဲတွင် နစ်မြုပ်နေသည်မှာနှစ် ပေါင်း ၄ဝဝ ကျော်ခန့်ရှိပြီဖြစ်ကြောင်း ဦးစံလင်း၏ပြောကြားချက်အရ သိရ သည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို တူးဖော်ကာ ရွှေတိဂုံကုန်းတော်ပေါ် သို့ပြန်လည်တင်လှူမည်ဖြစ်ပြီး လော ကီအရ တူးဖော်ပါက မပေါ်လာနိုင် ကြောင်း၊ လောကုတ္တရာအမြင်နှင့်သာ ရရှိနိုင်ကြောင်း၊ မည်သည့်နည်းလမ်း များဖြင့် တူးဖော်မည်ဆိုသည်ပြော ပြ၍မရကြောင်း ဦးစံလင်းကဆိုသည်။
ဦးစံလင်းမှ ခေါင်းလောင်းကြီး ကိုဆယ်ယူနိုင်ရန် (၁၉၉၇)မှစတင် ခဲ့ပြီးသက်ဆိုင်ရာသို့(၁၁)ကြိမ်မြောက် စာတင်ပြီးမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်သလို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ယခု နှစ်ဇူလိုင်(၁၄)ရက်တွင် ခွင့်ပြုမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်းဆယ်ယူခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ဇူလိုင် ၂၅ရက်က Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
MTZ
#Democracytoday
Yangon Media Group
အပြည့်အစုံသို့ »
ယူနတီသတင်းသမားတွေကို ထောင် ၁၀ နှစ်ချတာဟာ တရားရုံးရဲ့ တရားစီရင်ခွင့်ဖြစ်လို့ အစိုးရနဲ့ မဆိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို အကြောင်းပြန်ကြားလိုက်ပါတယ်။
လတ်တလောရင်ဆိုင်နေရတဲ့ မီဒီယာအရေး ဖြေလျှော့စဉ်းစားပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့တာကို သမ္မတက လွှတ်တော်နာယကဆီ သ၀ဏ်လွှာပြန်လည်ပေးပို့ ခဲ့တာပါ။
ဒီသ၀ဏ်လွှာမှာ မီဒီယာသမားတွေကို အပြစ်ပေး ထောင်ချမှု အစိုးရနဲ့ မဆိုင်ကြောင်း ဖော်ပြခဲ့ တာလို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကခုလို ပြောပါတယ်။
“အဓိကကတော့ ထောင်ဒဏ် ၁၀ နှစ်ချတာ များတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒါက တရားရုံးရဲ့ တရားစီရင်မှု ဖြစ်နေတယ်။ အဲဒါက အစိုးရနဲ့ မဆိုင်ဘူး။ တရားစွဲဆိုတာလည်း သက်ဆိုင်ရာ တပ်ကနေပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုလုပ်ပြီး စွဲထားတာ။ နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါတယ်။”
ဇူလိုင် ၂၂ ရက် ရက်စွဲပါ သမ္မတရဲ့ ပြန်ကြားစာမှာ လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်တာကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းက တရားစွဲဆိုပြီး တရားရေးမဏ္ဍိုင်က ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ်တရားစီရင်တာဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိဘူးလို့ ဥပဒေတွေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။
ပြည်တွင်းပြည်ပ မီဒီယာတချို့ရဲ့ မသင့်လျော်တဲ့ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ ရေးသားလှုံ့ဆော်မှုတွေကြောင့် နိုင်ငံတွင်း လူအုပ်စုချင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တာကို ကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။ ပြည်သူတွေအနေနဲ့ မီဒီယာကို လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ မီဒီယာဖြစ်စေလိုတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ဒီကိစ္စတွေကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကောင်စီယာယီက တာဝန်ရှိသူတွေကိုလည်း ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ ခေါ်ယူတွေဆုံ ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်။ အစိုးရအနေနဲ့ လွတ်လပ်မှုနဲ့ ပြည်သူတွေကို အန္တရာယ်မဖြစ်စေဖို့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်ရတာကို နားလည်ပေးဖို့နဲ့ တရားဥပဒေနဲ့ အညီ နေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းကို မဆို အစိုးရအနေနဲ့ အကာအကွယ်ပေးသွားမယ်လို့ စာပြန်ကြားခဲ့ပါတယ်။
တရားလွှတ်တော်ရှေနေ ဦးရောဘတ်ဆန်းအောင်ကတော့ သမ္မတရဲ့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လုပ်ဆောင်ချက် အစိုးရနဲ့ မဆိုင်ဘူးဆိုတဲ့ တုံ့ပြန်ချက်အပေါ်ရှေနောက်စကား မညီဘူးလို့ သုံးသပ်ပြောပါတယ်။
“ပြောမယ်ဆိုရင် သမ္မတရုံးနဲ့ မသက်ဆိုင်ဘူးဆိုရင် ယူနတီဂျာနယ်ကိစ္စမှာ သမ္မတရုံးက ထွက်ခဲ့တဲ့ အမှုတွဲပါ သက်သေခံ (ခ) စာအရ ကျနော်တို့က ပြန်ကောက်ရင် အခုပြောဆိုချက်က မကိုက်ညီဘူးလို့ ပြောချင်တယ်။”
လတ်တလောမှာ ယူနတီသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမျတ်ထားပြီး ဘိုင်မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေလည်း ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။
ဒါ့အပြင် ရဲသတင်းတပ်ဖွဲ့က သတင်းဂျာနယ်တိုက်တချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူမေးမြန်း စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံရဲ့စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့် ဝေဖန်နေကြချိန်လည်း ဖြစ်ပါတယ်။
DVB
အပြည့်အစုံသို့ »
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ကွန်ပျူတာဖြင့် ဇာတာဖွဲ့လိုက်သောအခါ ထိုနေ့တွင် နေမင်းခေါ် တနင်္ဂနွေဂြို ဟ်သည် မိဿရာသီ၌ ဥစ်မူလျက်ရှိပြီး လမင်းခေါ်တနလာင်္ ဂြိုဟ်လည်း မိမိပိုင်အိမ် ကရကဋ်ရာသီတွင် ကသစ်စံလျက် ရှိပေသည်။ ခြင်္သေ့မင်းခေါ် အင်္ဂါဂြိုဟ်က ကုမ် ရာသီတွင် ရန်အသွင်ဆောင်ကာ မင်းမူလျက်ရှိပြီး ကြာသပတေးဂြိုဟ်က သိဟ်ရာသီတွင် Retro အပြန်သွားနေပါသည်။ ဗုဒ္ဓဟူး သောကြာနှစ်လုံးလုံး Retro အပြန် သွားနေပြီး မိန်ရာသီတွင် နိစ်၊ ဥစ်တွဲလျက် ရှိပါသည်။ စနေ၊ ရာဟုတို့ မေထုန်ရာသီတွင် ပူးယှဉ်နေပြီး ကိတ်ဂြိုဟ်ကတော့ ဓနုရာသီတွင် ရပ်တည်နေပါသည်။
ထို့ကြောင့် သမ္မတကြီးသည် ကိုယ် နေဟန် တည်တံ့သလောက် စိတ်မြန်လွန်း၏။ မြန်သော်လည်း မှန်မှန်ဣနြေ္ဒ မပျက်သွားလာတတ်ပါသည်။ ကိုယ် တိုင်စီမံရမှ ကျေနပ် တဲ့သဘော ရှိပါ သည်။ တာဝန်နှင့်ဝတ္တရားအရ လုပ်ငန်းများဆောင်ရွက်ရာတွင် စေ့စပ်သေချာ တတ်ပေသည်။ လက်ထဲရောက်လာ သော အခွင့်အလမ်းများကို မလွတ် တမ်း ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပါသည်။ ထူးခြားသော အတွေးသစ် အမြင်သစ် များရှိပြီး ယင်းအတွေးများကို ဖော်ထုတ်နိုင်စွမ်းလည်း ရှိပါသည်။ စိတ်တန်ခိုး ပါဝါ ထက်မြ က်ပြီး ရဲစွမ်းသတ္တိရှိပါသည်။
အေးဆေးတည်ငြိမ်စွာ နေထိုင် ရင်း အကြံအစည်၊ အလုပ်အကိုင်များ ကို ဇွဲနပဲသန်သန်ဖြင့် ဖြည်းဖြည်းနှင့်မှန် မှန် အကောင်အထည်ဖော်လုပ်ဆောင် တတ်ပါသည်။ စိတ် ရှည်ပြီး သည်းခံ တတ်သော်လည်း အတိုင်းအတာကျော် လွန်လာ၍ သည်းခံနိုင်စွမ်းကုန်သွားပါ က ပြဿနာဟူသမျှကို ခြင်္သေ့ကဲ့သို့ မကြောက်မရွံ့ နောက်မတွန့်ဘဲ အပြတ် အ သတ်ချေမှုန်းတိုက်ခိုက်ကာ အနိုင်ယူ ဖြေရှင်းတတ်ပါသည်။ ဘာသာဓလေ့၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာကို ယုံ ကြည်မြတ်နိုးတတ်ခြင်း ဖြစ်ပါသည်။
စန်းခေါ် တနင်္လာဂြိုဟ်မှ ရှစ်တန့် ကုမ်ရာသီ၌ အင်္ဂါဂြိုဟ် ရပ်တည်နေ သောကြောင့် ‘ဆသတ်အဌ် စန်းအကွာ မှာ၊ ကေသရာပျော်မွေ့က၊ ခေါ်ဓလေ့ မတ်စစ်သူ၊ မင်းဖြစ် မယ့် လူ’ ဆိုသည့် အတိုင်း စစ်သူကြီး၊ အမတ်ကြီး၊ မင်းဖြစ် ရခြင်းကံဇာတာပါ၏။ ယုဂ်အားဖြင့်ကြည့် ပါက တနင်္ဂနွေဂြိုဟ်မှ ထောက်လျှင် ဆယ့်နှစ်တန့်မြောက်၌ ဗုဒ္ဓဟူး၊ သော ကြာတို့ ရပ်တည်၍ သုဘဝါသီယုဂ်ရ ၏။ ထို့ကြောင့် စကားတတ်၏။ ကြွယ်ဝ ချမ်းသာ၏။ သူရသတ္တိရှိ၏။ ရန်သူကို အောင်မြင်နိုင်စွမ်းရှိ၏။ ရက်ရောစွာပေး ကမ်း တတ် ပါ သည်။ ထို့အပြင် ယင်းဂြိုဟ် နှစ်လုံးပူး၍ ဗုဒ္ဓ သုက္ကရယုဂ်လည်း ရပါ သည်။ ထို့ကြောင့် နိုင်ငံရေးတွင်ခေါင်း ဆောင် ဖြစ်လာရပေသည်။
ဂြိုဟ်ရပ်တည်မှုအရ မိဿရာသီ တွင် တနင်္ဂနွေဂြိုဟ်ရပ်တည်၍ ဒေါသ တကြီးနှင့် ပြင်းထန်စွာ ပေါက်ကွဲတတ်၏။ သို့သော် ပြေလွယ်ပါသည်။ မေထုန် ရာသီတွင် စနေဂြိုဟ်ရပ် တည်၍ စိတ် ထားအပြောင်းအလဲ မြန်တတ်ပါသည်။ ရာဟုဂြိုဟ် ထိုရာသီ၌ ဥစ်မူရပ်တည်နေ ၍ လုပ်ရဲသတ္တိရှိသည်။ တနင်္လာဂြိုဟ် စန်းသည် ကရကဋ်ရာသီတွင် ကသစ် ခံနေ၍ စိတ်စေတနာကောင်း ရှိတတ်ပါသည်။ သို့သော် စိတ်မြန်လက်မြန်ဆုံး ဖြတ်ချက်မြန်တတ်၏။ သိဟ်ရာသီတွင် ကြာသပတေးရပ်တည်၍ စည်းကမ်းကြီးပြီး တိ ကျမည်။
ဓနုရာသီတွင် ကိတ်ဂြိုဟ်ရပ်တည် ၍ ဘဝတွင် ပညာရေးနှင့်ပတ်သက်ပါက ပြတ်တောင်းပြတ်တောင်း ဖြစ်ရတတ်ပါသည်။ ကုမ်ရာသီတွင် အင်္ဂါရပ် တည်၍ ကြောက် စိတ်နည်းမည်။ မိန်ရာ သီတွင် ဗုဒ္ဓဟူး သောကြာ ရပ်တည်၍ ဆက်ဆံရေးကောင်းမွန်၏။
၁၉-၆-၂ဝ၁၄ နေ့မှစ၍ တစ်နှစ် အတွင်း စိတ်ကူးစိတ်သန်းကောင်းများ ပေါ်ထွက်လာပြီး လက်တွေ့အကောင် အထည်ဖော်ပေးခြင်းဖြင့် အများပြည်သူ ချစ်ကြည်ဖြူခြင်းခံ ရပေမည်။ ကိုယ်ပိုင် စည်းကမ်း၊ ကိုယ်ကျင့်တရားများ ယခင်ထက် ပိုကောင်းမွန်နေပြီး ရသင့်ရထိုက်သည်များကို ရလာပေလိမ့်မည်။ ၁၅-၇-၂ဝ၁၄ မှစ၍ ၁၈ လအတွင်း မှတ်ဥာဏ်များ အားနည်းနေတတ်ပြီး ညာဘက်မျက်စိကို တစ်နည်းမဟုတ် ဒုက္ခပေးလာတတ်ပါသည်။ ခါးကို လေဝင်ခြင်း၊ ခါးကြောညပ်ခြင်းစတဲ့ ဝေဒနာများလည်း အ နည်းနှင့်အများ ခံစားရတတ်ပါသည်။ ၂-၁၁-၂ဝ၁၄ နောက်ပိုင်းတွင် နေအိမ် တိုက်တာ အဆောက်အအုံ၊ သို့မဟုတ် နိုင်ငံနှင့် ပတ်သက်တဲ့ ဘ ဝနောင်ရေး တွေးေ တာ ပူ ပန်မှုများ ကြီးစိုးလာမည်။ ၂ဝ၁၅ ဇူလိုင်၊ သြဂုတ်လောက်ကစပြီး ဘဝရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်မည်။ လောကီ,လောကုတ္တရာ ဘုန်း ကံနှစ်ဖြာနှင့် ပြည့် စုံ မည်။ ယခု လောလောဆယ်တွင် မိမိလုပ်ဆောင်လိုသည့် လုပ်ငန်းနှင့် ဇွဲလုံ့လဝီရိယ ယုတ်လျော့အောင် သွေးထိုးလှုံ့ဆော်၊ နှောင့် ယှက်ဟန့်တားခြင်း ခံနေရမည်။
ပါပဂြိုဟ်တို့တွင် အဓိကကျပြီးအင်အားသာလွန်တဲ့စနေ၊ ရာဟုဂြိုဟ်တို့သည်လည်းကောင်း၊ သောမဂြိုဟ်တို့တွင် အဓိကကျပြီး အင်အားသာလွန်သော ကြာသပတေး ဂြိုဟ် သည်လည်း ကောင်း အန်တီစုနှင့် ရာသီအထိုင်တူ၍ အကယ်၍များ သမ္မတကြီးဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့နှစ်ဦး နည်းလမ်း ဥပါယ် တစ်ခုခု ဖြင့် ပေါင်းစည်းညီညာမှု ပြုနိုင်ကြပါမူ ကားတိုင်းပြည်နှင့်လူမျိုး၏ ဘဝကံ ကြမ္မာအနေအထား အကောင်းဆုံးသို့ လုံးလုံးလျားလျား တိုးတက်ပြောင်းလဲ သွားနိုင်ပါ သဖြင့် ဗေဒင်ဥာဏ်တွင် ဓမ္မကထိက လေသံရောစွက်ကာ ‘အဟောဝတ အော်ကောင်းလေစွတကား’ လို့ ဆိုချင်ပါသည်။ ထိုအခြေအနေကို ဖန်တီးနိုင်စွမ်း လည်း နှစ်ဦး စလုံးတွင် ပြည့်စုံပါ၍ ဖြစ်လာနိုင်ခြေများစွာရှိပါသည်။ သမ္မတကြီးက မီးပြင်းပြင်းဖြင့် အိုးခွက်တို့ကို ကျက်အောင်ဖုတ်လျှင် အန်တီစုက မီးနည်းနည်းဖြင့် အစာ ကို နူးနပ်ပျော့ အိသွားအောင် ဖြည်းဖြည်း ချင်းချက်ပြုတ်သင့်ပါသည်။ ကျက်လာသော အိုးခွက်များအသုံးပြုလို့ ရသလို နူးနပ်သွားသော အစာ အာဟာရလည်း စားသုံး လို့ ရသည်ပင်မို့ အ ကျိုးရှိသည်ကား ဧကန်ပါ။
အကြံပြုရလျှင် သမ္မတကြီးက ဦးဆောင်၍ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးပါက လဆန်းရက်များတွင် တွေ့ဆုံသင့်ပါသည်။ အကောင်းဆုံးကတော့လဆန်း ၈ ရက်မှ လပြ ည့်နေ့အတွင်း ဖြစ်ပါသည်။ ဤစကားကို ပါးနပ်စွာ နားဆင်ပြီး အားရပါးရ နားလည်လက် ခံနိုင်စေရန် သဗ္ဗညုတဥာဏ်တော်ဖြင့် မှန်ကန်စွာရွေး ချယ်လေ့ရှိတဲ့ မြတ် ဘု ရား ရဲ့လုပ်ငန်းစဉ်ကို စံနမူနာတင်ပြရလျှင် ဘုရားရှင်သည် ခက်ခဲနက်နဲပြီး အဓိကကျတဲ့ တရားဟူသမျှကို လပြည့်နေ့အခါ သမယ၌ ချည်း ဟောပြတော်မူပေသည်။ ထို့ကြောင့် ဟုဆိုရုံနှင့် သမ္မတကြီး သဘော ပေါက်နိုင်စွမ်းရှိပါသည်။ ထပ်မံ၍ဗေဒင် ဥာဏ်ဖြင့်အကြံပြုရလျှင် ထိုကာလမျိုးတွင် အဖြူရောင်၊ ပန်းရောင် အဝတ်အဆင်များ ဝတ်ဆင်ပြီး ပု လဲရတနာကို ဆောင်ထားစေချင်ပါသည်။ မိမိအကြံအစည်များအောင်မြင်တိုးတက်ပြီး ကျန်းမာခြင်း၊ လာဘ်လာဘ ပေါများခြင်း၊ ရန်အောင်ခြင်း အကျိုးထူးများ ခံစား ရ ပေလိမ့်မည်။ သမ္မတကြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။
ဆရာကံထူး (ဝေဒသုတေသီ)
Popualr Journal
အပြည့်အစုံသို့ »
မန္တလေး၊ ဇူလိုင် ၂၃။ မန္တလေးတိုင်းဝန်ကြီးချုပ်နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အရေးယူရန် မသင့်ဟုဆိုသည့် စာထုတ်ပြန်မှုကြောင့်အမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးအကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။
“ပြည်ထောင်စု ရှေ့နေချုပ်ရုံးက မီးပေါ့သူကိုသာ အရေးယူ သင့်တယ်လို့ အကြံပြုတဲ့ အတွက် အရေးယူဖို့ မလုပ်ဆောင် တော့ဘဲအမှုကို ပိတ်သိမ်း လိုက်တာဖြစ်တယ်”” ဟု၎င်းင်းကပြောသည်။ ထိုဖြစ်စဉ် အတွက် အမှတ်(၁) ရဲစခန်းတွင် ၀န်ကြီးချုပ်ဖြစ်သူကို ပ၅၈/ ၂၀၁၄ပြစ်မှုပုဒ်မ ၂၈၅ဖြင့် မီးလောင်မှု ဖြစ်ပွားပြီး၊ သုံးရက်အကြာ ဧပြီလ၂၂ရက် နေ့လယ် ၁၂နာရီ ခန့်တွင် အမှု ဖွင့်ထားကြောင်းနှင့် လက်ရှိ အချိန်တွင် အမှုကို ပိတ်သိမ်းပြီး ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက အတည်ပြု ဖြေကြားခဲ့သည်။““ဥပဒေအတိုင်း လုပ်မယ် ဆိုရင်တော့ မန္တလေးတိုင်း ၀န်ကြီးချုပ် အမှုကို ပိတ်သိမ်းတာ မှန်ပါတယ်။ အိမ်ထောင်ဦးစီးကို အရေးယူရ မယ်လို့ ဥပဒေမှာ မပါဝင် ပါဘူး။ညွှန်ကြားချက်သာ ဖြစ်ပါတယ်။ နောက်ထပ် မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ ရင်တော့ ညွှန်ကြားချက်ကို သုံးမလား၊ ဥပဒေကို သုံးမလား ဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်”ဟုဦးကိုနီက ပြောသည်။
မီးလောင်မှု ဖြစ်စဉ်များတွင် ပေါ့ဆသူကို အရေးယူရမည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၈၅တွင် ပြဋ္ဌာန်းထား သော်လည်း ဥပဒေ မဟုတ်သော ညွှန်ကြားချက် များဖြင့် စစ်အစိုးရက အိမ်ထောင်ဦးစီး ကိုသာ အစဉ်အဆက် အရေးယူ ခဲ့ခြင်း ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။ အဆိုပါ အမှု ပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က “မြေပြင်မှာ လက်တွေ့ ဖြစ်တဲ့ အရေးယူမှု တရားစီရင်မှု မှာတော့ အိမ်ရှင်တွေကို ပြစ်ဒဏ် ပေးတယ်။ သာမန် ပြည်သူတွေကို အရေးယူမှု နဲ့တော့ ကွာဟ နေပါတယ်”ဟု သုံးသပ်သည်။
လွန်ခဲ့သည့် ဧပြီလ ၁၉ ရက် ည ၈နာရီခွဲ အချိန်ခန့်က ၀န်ကြီးချုပ် ဦးရဲမြင့်၏ နေအိမ် အပေါ်ထပ် မီးလောင်ကျွမ်း ခဲ့ရာတွင် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်း ၁၁သိန်းဖိုး ရှိကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ ထိုနေ့က ၀န်ကြီးချုပ်မှာ နေအိမ်တွင် ရှိနေ ခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေရာကို ညတွင်းချင်း ပြင်ဆင် စေခဲ့ပြီး၊ အကောင်း ပကတိအတိုင်း ပြန်ဖြစ်အောင် ချက်ချင်း ဆောင်ရွက် ခဲ့သည် ဟုလည်း အမည်မဖော်လိုသူ မျက်မြင် တစ်ဦးက ပြောခဲ့သည်။
Mizzima
အပြည့်အစုံသို့ »