Showing posts with label business-news. Show all posts
Showing posts with label business-news. Show all posts

မြန်မာ့စီးပွားရေးကို ခရိုနီများက ဆက်လက် ချုပ်ကိုင်ဦးမည်

လာမယ့်  ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်း လုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်း တစ်ရပ်က မနေ့က ဖော်ပြလိုက်ပါတယ်။

မြန်မာ့စီးပွားရေးဟာ ကမ္ဘာမှာ စတုတ္ထမြောက် အမြန် တိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ် အဖွဲ့က ပြောနေပေမဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ကျေနပ်လက်ခံနိုင် တဲ့ အနေအထားမှာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ မြန်မာစီးပွားရေးသုတေသီ ဦးစိန်ဌေးကတော့ စည်းမျဉ်းစည်းကမ်း လိုအပ်ချက်လို့  ပြောပါတယ်။

"ဒီတိုင်းပဲ ဒီစနစ်နဲ့သွားရင်တော့ သူတို့ကအသာရနေမှာပဲ၊ တကယ်လို့ အဲ့လိုမဟုတ်ဘူး၊ တကယ့်ဒီမိုကရေစီတွေမှာ ကျင့်သုံးတဲ့ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားရင်တော့ ကျနော်တို့မှာ စည်းမျဉ်း၊ စည်းကမ်းတွေရှိတယ်၊ ဒီတိုင်းသွားရမယ်၊ သူတို့ကို နှိပ်ကွပ်ပြီး မတရားမလုပ်ဖို့မဟုတ်ဘူး၊ စည်းမျဉ်းစည်းကမ်းဘောင်ထဲ ကသွားရင်တော့ တစ်ဘက်က တိုင်းပြည်အကျိုးရှိမယ်၊ တစ်ဘက်ကလည်းသူတို့က စည်းနဲ့ကမ်းနဲ့ သွားတဲ့ဟာမျိုးကိုမြင်တယ်"

ဒါပေမဲ့ ခရိုနီတွေကို အစိုးရက အထူးအခွင့်အရေးပေးထားတယ်လို့ AFP က ဖော်ပြပါတယ်။ သူတို့ဟာ လုပ်ငန်းကြီးတွေကို ချုပ်ကိုင်ထားနိုင်တဲ့အပြင် စီးပွားရေးယှဉ်ပြိုင်မှုတွေမှာ အစိုးရက အကာအကွယ်ပေးထားတာမို့ အသာစီးရမြဲရနေတယ်လို့ မြန်မာ့စီးပွားရေးဆိုင်ရာ ပညာရှင် Sean Turnell ကပြောပါတယ်။

အာဏာသိမ်းဖို့ကြံရွယ်မှုနဲ့ အကျဉ်းကျခံရပြီး ပြန်လွှတ်လာတဲ့အခါ ဦးနေ၀င်းရဲ့ မြေး ဦးအေးနေ၀င်းဟာ ဆောက်လုပ်ရေး၊ ဟိုတယ်နဲ့ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပြီး တော့ ၊ ဘိန်းဘုရင်လော်စစ်ဟန်ရဲ့သား Steven Law ဟာ Asia World ကုမ္ပဏီ ထူထောင်ထားပြီး ခရီးသွားလုပ်ငန်း၊ သင်္ဘောလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြင် ရန်ကုန်နိုင်ငံတကာ လေဆိပ်အဆင့်မြှင့်ရေး စီမံကိန်းအတွက် အစိုးရဆီက ကန်ထရိုက်ရထားတယ်လို့ ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲရှိမယ့် အရိပ်လက္ခဏာ ပြလာတာနဲ့ နိုဝင်ဘာ ၈ ရက် ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် အနိုင်ရ မယ့် အလားအလာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တချို့ လုပ်ငန်းရှင်ကြီးတွေ က ချဉ်းကပ်လာတာရှိတယ်လို့ ပြောပါတယ်။

Max Myanmar ဦးဇော်ဇော်၊ ထူးကုမ္ပဏီ ဦးတေဇ၊ Skynet မီဒီယာ ဦးကျော်ဝင်းတို့ဟာ NLD ကို ငွေကြေး အများအပြား လှူဒါန်းထားတာတွေရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံ စီးပွားရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ်နေထိုင်နေတဲ့ စီးပွားရေး သုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။






Credit-->http://www.rfa.org/burmese/news/crones-control-myanmar-economy-11022015214807.html
အပြည့်အစုံသို့ »

AGD ဘဏ် အစုရှယ်ယာများကို ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ထုတ်ရောင်းမည်ဟု ဦးတေဇပြော


အာရှစိန်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ် လီမိတက် AGD ဘဏ် က ဘဏ်ရှယ်ယာများကို ၆၀
ရာခိုင်နှုန်းထိ ထုတ်ရောင်းချသွား မည်ဟုAGD ဘဏ်ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။



လက်ရှိတွင် AGD ဘဏ်က ၎င်းတို့၏ ရှယ်ယာများထဲမှ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချပြီးဖြစ်ကြောင်း၎င်းက ပြောသည်။

‘‘ဥပဒေအရ ရှယ်ယာရောင်း ခွင့်ရတဲ့ ဘဏ်ဖြစ်ပါတယ်။ ရောင်း မယ်ဆိုလည်း ဗဟိုဘဏ်ကို တင် ပြီး တရားဝင်လုပ်မှာပါ။ ၆၀ ရာ ခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမဲ့ အခြေအနေ၊ အချိန်အခါကိုကြည့် ပြီးတော့ ပြုလုပ်သွားမှာပါ’’ဟု ဦးတေဇက ဆက်လက်ပြောသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာခိုင် နှုန်းကို ဦးနေ၀င်း၏မြေး၊ ဦးကျော် နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်း ရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်း ရှင်လေးဦးကို ရောင်းချခြင်းဖြစ် ကြောင်း ဘဏ်ဘက်က ပြောဆို နေသော်လည်း ကာယကံရှင်ဦး ကျော်နေ၀င်းဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ၀ယ်ယူထားပြီးဖြစ် ကြောင်းပြောဆိုနေသည်။

‘‘Commitment က Com-mitment ပဲ။ မကျေနပ်ရင် သူတို့ ဘက်ကလဲ သက်သေနဲ့ တရားရုံး တင်လည်း အဆင်သင့်ပဲ။ သက် သေနဲ့ ပြောလိုက်တာ မကောင်း ဘူးလား။ ငွေလည်း Scanning လုပ်ပြီးသား ဖြစ်သွားတာပေါ့။ အခုလည်း ကိုယ့်ဆီပိုက်ဆံမှ မရောက်သေးတာ’’ ဦးတေဇက UMFCCI နှစ်ပတ်လည်ပွဲတွင် မီဒီယာများအား ပြောကြားသွားသည်။

AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာ ကိုးသောင်း ကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်းဘဏ်က ထုတ်ဖော်ပြောကြားထားသည်။

7Day News Daily
အပြည့်အစုံသို့ »

ဆန်းစစ်မှုများအောက်က မြန်မာသူဌေးကြီး ဦးတေဇ


ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ်တွင်တွေ့ရသည့် ဦးတေဇ(ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်)



‘‘သူတို့က ကမ္ဘာ့ပုလိပ်ကြီး လုပ်နေ တာလေ’’

မြန်မာသူဌေးကြီး ဦးတေဇ က ဆိုဖာနောက်ကို မှီချလိုက်ရင်း အမေရိကန်အစိုးရကို ပြစ်တင်ဝေ ဖန်လိုက်သည်။ သူထိုင်နေသည့် မိကျောင်းသားရေဆိုဖာပေါ်ကို သူမွေးထားသည့် ဝက်ဝံပေါက် လေးက ကုပ်တက်ဖို့ကြိုးစားနေ သည်။အမေရိကန်နိုင်ငံက သူ့စီး ပွားရေးလုပ်ငန်းများကို တင်းကျပ်နေသည့်အပေါ်နှင့် အရာရှိများက သူ၏ ငွေလွှဲပြောင်းမှုမှန်သမျှကိုစောင့်ကြည့်နေသည့် အပေါ် သူကပြောဆိုလိုက်သည်။ ဦးတေဇစကားပြောချိန်တွင် အနားတွင် မျက်ခြည်မပြတ်စောင့်ကြည့်နေသည့်ဝန်ထမ်းက ဝက်ဝံပေါက်စ နှစ်ကောင်ကြောင့် ကော်ဇောမ ပျက်စီးရန် အခါအားလျော်စွာ ဝင်ထိန်းနေသည်။ မြန်မာနိုင်ငံ မြောက်ဖျားတွင် ဝက်ဝံအမေကြီးကိုဒေသခံတစ်ဦးက သတ်ဖြတ် လိုက်ပြီးသည့်နောက် ထို ဝက်ဝံသားပေါက်နှစ်ကောင်ကို ဦးတေဇက ယူမွေးခဲ့သည်။ ထူးဆန်းရှား ပါးသော တိရစ္ဆာန်များနှင့် ရန်ကုန်မြို့က သူ၏ခမ်းနားထည်ဝါသည့် အိမ်တော်ကြီး၏ နောက်ကွယ်တွင်တော့ သူ၏စီးပွားရေးအင် ပါယာကြီးသည် စီးပွားရေးကျူး ကျော်မှုများခံနေရသည်ဟု ဦး တေဇက ဆိုသည်။ အမေရိကန် အရာရှိများက သူ့ကို နှောင့်ယှက် ပေးနေသည်ဟု သူကစွပ်စွဲလိုက်သည်။ ယင်းအထဲတွင် မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် ကုမ္ပဏီများနှင့် ငွေလွှဲပြောင်းခဲ့သည်ဟု သံသယရှိသည့် စင်ကာပူက သူ၏ရင်းနှီးမြှုပ်နှံမှုဘဏ်စာရင်းကိုလည်း အပိတ်ခံခဲ့ရသည်။

အသက်(၅၀)အရွယ် ဦးတေ ဇသည် ဝါရှင်တန်အတွက် ပြဿနာတစ်ရပ်ဖြစ်သည်။ ရင်းနှီးမြှုပ် နှံသူများနှင့် လေ့လာသူများ အဆိုအရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး စီးပွားရေးသမားများကို စီးပွားရေးဆက်လက်ပိတ်ဆို့အ ရေးယူခြင်းက နှစ် ၅၀ နီးပါး အထီးကျန်အစိုးရအုပ်ချုပ်မှုမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပစ်မှတ်ကို ပြည့်မီရန် နှောင့်နှေးစေမည်ဟု ဆို သည်။

အရပ်သားတစ်ပိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးတစ်ပိုင်း အစိုးရက အာဏာရနေသော်လည်း အမေရိကန်အရာရှိများက လူ့အခွင့်အရေးချိုးဖောက်မှုကြီးမားစွာ ကျူးလွန်ခဲ့သည့် ယခင်စစ်အစိုးရကို ထောက်ခံပံ့ပိုးပေးခဲ့သည့် စီး ပွားရေးသမားများကို လုပ်ခွင့်ပေး လိုသည့်ပုံ မတွေ့ရပါ။

‘‘ခရိုနီတွေက သူတို့အိတ် ကပ်အတွက်ပဲ ကြည့်နေတာပါ။ သူတို့က လူထုအကျိုးစီးပွားအ တွက် ဘာမှလုပ်ပေးမှာမဟုတ် ဘူး’’ဟု ရီပက်ဘလေကန်အမတ် စတိဗ်ရှာဘော့က ပြောဆိုလိုက် သည်။ သူက မြန်မာအရာရှိများ နှင့် ကန့်သတ်ဆက်ဆံမှုပြုရေး မူကြမ်းကို တင်သွင်းသူဖြစ်သည်။

ဦးတေဇကမူ အမေရိကန် စီးပွားရေးပိတ်ဆို့အရေးယူမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုက သူ့ ကိုယ်ပိုင်မိသားစုနှင့် ဆက်နွှယ် ပတ်သက်နေသူများကိုသာမက သူပိုင်ဆိုင်သည့် ထူးကုမ္ပဏီမှ ဝန် ထမ်းသုံးသောင်းကိုပါ ထိခိုက်စေ သည်ဟု ဆိုသည်။ ယင်းသည် စီးပွားရေး၏ ကဏ္ဍတိုင်းလိုလိုအ ပေါ် သက်ရောက်သည်ဟု ဆို သည်။

ဥပမာအားဖြင့်ဆိုလျှင် အ မေရိကန်လုပ် စက်ပိုင်းအပိုပစ္စည်း များကို ဈေးကွက်တွင်ပေါက်သည့်ဈေးဖြင့် သူဝယ်ယူခွင့်မရခဲ့သည့် အတွက်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒေါ်လာသန်း ၉၀ ကျော် အရှုံးပေါ်ခဲ့သည့် အဲပုဂံလေကြောင်းလိုင်းကို ပိတ်ပစ်ဖို့ ဖြစ်လာနိုင်သည်ဟု သူက ပြောဆိုသည်။

ဧပြီ ၁၇ ရက်စွဲဖြင့် စင်ကာ ပူရှိ United Oversea Bank က ပေးပို့လာသည့်စာကို သူက ထုတ် ပြသည်။ သူ၏ ဘဏ်စာရင်းကိုးခု ကို ပိတ်လိုက်ကြောင်း အကြောင်း ကြားစာဖြစ်သည်။ စာတွင် အ ကြောင်းပြချက်ကို ပေးမထားပါ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းချက်ကိုလည်း ဘဏ်က တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပါ။ ဦးတေဇကတော့ တရုတ်နိုင်ငံရှိ ကုမ္ပဏီများသို့ သူငွေလွှဲပြောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများက မေးခွန်းထုတ်လာ သည့်အပေါ် စင်ကာပူဘဏ်က စိုးရိမ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းတရုတ်ကုမ္ပဏီများက မြောက်ကိုရီးယားနှင့် ဆက်နွှယ်နေသည် ဟု ယူဆရသည်။

စင်ကာပူအခြေစိုက် သူ၏ ကုမ္ပဏီ 4G Investment နှင့် ပတ်သက်ပြီး သူ့အားဆက်သွယ် မေးမြန်းလာသည့် အမေရိကန် အရာရှိများက ယင်းငွေကြေးလွှဲ ပြောင်းမှုအချို့ကို တွေ့ရှိသွားခဲ့ သည်။ ဦးတေဇ၏ညီဖြစ်သူ ဦး သီဟက ၂၀၁၃ ခုနှစ် ဇွန်လထဲတွင် အမေရိကန်သံရုံးကိုယ်စားလှယ်နှစ်ဦးနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

‘‘သူတို့က မြောက်ကိုရီးယား အကြောင်းမေးတယ်။ မြောက်ကို ရီးယားနဲ့ တစ်နည်းနည်းပတ်သက် မှုရှိသလားဆိုတာ ကျွန်တော်တို့ က တကယ်ပဲမသိတာပါ’’

ရန်ကုန်ရှိ အမေရိကန်သံရုံး ကို ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုလိုက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနသို့ စုံစမ်းမေးမြန်းရန် လွှဲပေးလိုက်သည်။ ‘‘တချို့ကိစ္စရပ်များအပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမပြုရန် ဟူ သောမူဝါဒ’’အရဟု ဆိုသည်။

ဦးတေဇက သူ၏ 4G နှင့် အခြားကုမ္ပဏီများဖြစ်သည့် Asia Pioneer Impex၊ တရုတ်ကုမ္ပဏီ များဖြစ်သည့် Fanwell, Goldtec Trading Group, Win Trade World Wide, Ocean Wide Trading (Hong Kong), Fortune Sun International Trading များသို့ ငွေလွှဲပြောင်းမှု မှတ်တမ်းများကို Forbes Asia ကို ထုတ်ပြသည်။

အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ယင်းကုမ္ပဏီများထဲ မှ အနည်းဆုံး တစ်ခုဖြစ်သည့် Fortune Sun သည် မြောက်ကိုရီး ယား Tunchon စီးပွားရေးဘဏ်မှ တည်ထောင်ထားသည့် ရုပ်ပြ ကုမ္ပဏီဖြစ်ကြောင်း ဝိကီလိခ်က ၂၀၀၉ ခုနှစ် ဇူလိုင် သံတမန်ကြေး နန်းသတင်း ထုတ်ဖော်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂက Tunchon ကို ၂၀၀၉ ခုနှစ်တွင် စီးပွားရေးအရ အရေးယူပိတ်ဆို့ ထားပြီးယင်းသည် ‘‘လက်နက် များ၊ ဒုံးကျည်များနှင့် ယင်းတို့ကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်းများရောင်းချမှုတွင် ငွေကြေးအရ အဓိကတာဝန်ရှိ သည်’’ ဟု ဆိုသည်။

ဦးတေဇကတော့ သူသည် မြန်မာအစိုးရကိုယ်စား ငွေပေးချေခြင်းဖြစ်သည်ဟု ဆိုသည်။ အစိုးရအတွက် လောင်စာများတင် သွင်းခြင်းလုပ်ငန်းတွင် သူက ဦး ဆောင်နေပြီး ကမ္ဘာ့ဈေးကွက်မှ ဝယ်ယူခွင့်ပိတ်ပင်ခံထားရသည့် မြန်မာအစိုးရအတွက် ဒေါ်လာ ငွေသန်း ၃၀၀ လွှဲပြောင်းပေးခဲ့ ကြောင်း ပြောဆိုသည်။ ငွေလွှဲ ပြောင်းမှုမှတ်တမ်းများအရ For-tune Sun သို့ ငွေပေးချေမှု အများစုသည် ယခင်စစ်အစိုးရလက် အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ် သော်လည်း ပေးချေမှုတစ်ခုကမူ အစိုးရသစ်တက်လာသည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ခဲ့ သည်။

အတိတ်က သတင်းအချက် အလက်များ (သို့မဟုတ်) လက်ရှိ အချက်အလက်များနှင့်ပတ်သက် ပြီး မြန်မာ၏ မြောက်ကိုရီးယား နှင့် ဆက်နွှယ်ပတ်သက်မှုက ဖုံးဖိ မရဖြစ်နေသည်။ မည်သို့ပင်ဖြစ် စေ သူ့မှာရွေးစရာလမ်းမရှိခဲ့ဘဲ အရာရှိများခိုင်းသလို လုပ်နေရ ကြောင်း ဦးတေဇက တစ်စိုက် မတ်မတ်ဆိုနေသည်။ ‘‘အစိုးရက ဘာပဲခိုင်းခိုင်း ကျွန်တော်က လုပ် ရတာပဲ’’

မြန်မာနိုင်ငံ ယခင်စစ်အစိုးရ အာဏာပိုင်များက ဦးတေဇတို့လို လုပ်ငန်းရှင်သူဌေးမျိုးအပေါ် မှီခို ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ကြသည်။ လူအများက ခရိုနီဟုသိထားကြ ပြီး သူတို့သည် စီးပွားရေးပိတ်ဆို့ မှုကို တစ်ပတ်ရိုက်ပြီး လှည့်ပတ် လုပ်ကိုင်သည့် ကျွမ်းကျင်သူများ ဖြစ်လာသည်။ စစ်အစိုးရ၏ သူ ကောင်းပြုမှုများစွာရရှိခဲ့ပြီး သစ် တောထုတ်ကုန်မှ ကားတင်သွင်း မှုအထိ လုပ်ပိုင်ခွင့်များ လှိုင်လှိုင် ရခဲ့သူများဖြစ်သည်။

ဩစတြေးလျနိုင်ငံ မက်ကွာ ဟာတက္ကသိုလ်မှ မြန်မာ့စီးပွား ရေးဆိုင်ရာ ကျွမ်းကျင်သူရှောင် တားနားက ဦးတေဇ နဝတဟု လူသိများသည့် မြန်မာစစ်အစိုးရ ကိုယ်စား ယခုလို မြောက်ကိုရီး ယားနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီကို ငွေပေးချေခြင်းသည် အံ့ဩစရာလုံးဝမရှိပါကြောင်း ပြောဆိုလိုက်သည်။

‘‘အစိုးရကိုယ်စား ဒီလိုငွေ လွှဲပြောင်းမှုမျိုးလုပ်တယ်ဆိုတာ က နဝတခေတ်တစ်လျှောက်လုံး မှာ ခရိုနီကုမ္ပဏီတွေအတွက် ပုံမှန်လုပ်ငန်းတစ်ခုဖြစ်နေပါတယ်’’ဟု ရှောင်တားနားက ပြောသည်။ သေချာမသိသေးသည်မှာ ထိုကဲ့သို့ ပြုံးယန်းနှင့်မြန်မာ အဆက်အဆံ ဆက်လက်ရှိ၊ မရှိဆိုတာပဲ ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ဦးတေဇကို အရေးယူ ပိတ်ဆို့မှုအတွက် အထူးသတ် မှတ်ထားသည့်ပုဂ္ဂိုလ်များစာရင်း တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်း ထားသည်။ စစ်အစိုးရအတွက် စစ်တပ်အတွက် စစ်သုံးပစ္စည်း များနှင့် လေယာဉ်များဝယ်ယူခြင်း အပါအဝင် ပံ့ပိုးပေးမှုများကြောင့် ဖြစ်ကြောင်း ထိုစဉ်က ထုတ်ပြန်ခဲ့ သည့် စာများအရ သိရသည်။

နောက်ထပ် စီးပွားရေးပိတ်ဆို့အရေးယူမှုစာရင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်း ရှင်ဦးဝင်းအောင်က အမေရိကန် သည် ကောလာဟလများအပေါ် အခြေခံပြီး လူများကို စာရင်းပြု စုနေသည်ဟု ပြောဆိုလိုက်သည်။ ‘‘မေးစရာကတော့ အတော်များ တာပဲ။ ဘယ်ကသတင်းတွေကိုရသလဲ။ အဲဒီရတဲ့သတင်းတွေ ဘယ်လောက်အထိမှန်ကန်စိတ် ချရသလဲ’’ဟု သူက မေးခွန်းထုတ် သည်။

ဦးတေဇက ရုရှားလုပ် MI-17 ရဟတ်ယာဉ်များကို ရောင်းချ ကြောင်း ဝန်ခံပြောဆိုသည်။ မြန်မာစစ်တပ်အတွက် အပိုပစ္စည်းကို ဆက်လက်ပံ့ပိုးပေးနေပြီး စက်ပိုင်းဆိုင်ရာဝန်ဆောင်မှုစာချုပ်ကို ဆက်လက်ချုပ်ဆိုထားကြောင်းလည်း ပြောဆိုလိုက်သည်။ သို့ရာတွင် အခြားလက်နက်ရောင်းချမှုများ မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။ ရုရှားများကို မြန်မာစစ်ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးခဲ့ပြီးသည့်နောက် ညှိနှိုင်းမှုများကို သူတို့ဘာသာဆက်လက်လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘သူတို့က အစိုးရတစ်ခုနဲ့ တစ်ခုအကြား တိုက်ရိုက်လုပ်ခဲ့ ကြတာပါ။ ကျွန်တော်တို့က အစည်းအဝေးခန်းထဲကိုတောင် မဝင်ရဘူး’’

ဝိကီလိခ်က ထုတ်ပြန်လိုက် သည့် ၂၀၀၇ ခုနှစ် သံတမန်ကြေး နန်းသတင်းတွင် ဦးတေဇကို ယခင်စစ်အစိုးရ၏ အတွင်းလူအဖြစ် ဖော်ပြထားသည်။ သူ့ကို ‘‘နံပါတ်၁ ခရိုနီစီးပွားရေးသမား’’ဟု ဖော်ပြထားသည်။ သူသည် စစ်အစိုးရခေါင်းဆောင်များကို ဖောဖောသီသီဧည့်ခံပြီး အမြတ်အစွန်းများသော စီးပွားရေးသဘောတူညီချက်အများစုကို ရယူခဲ့သည်ဟု ဆိုသည်။

ပါမောက္ခရှောင်တားနားက တော့ ဦးတေဇ၏ ခရိုနီသူဌေးပုံ ရိပ်မှာ ဆင်းရဲနွမ်းပါးလှသည့် စီးပွားရေးရှိသည့်နိုင်ငံတစ်ခုတွင် သူ၏ဟိတ်ဟန်ကြီးလှသည့် နေထိုင်ပုံကြောင့် ပိုကြီးသယောင်ချဲ့ကားခံထားရခြင်းဖြစ်ကြောင်းဆိုသည်။ ‘‘သူ့ရဲ့ပြိုးပြိုးပြက်ပြက်နေပုံတွေကြောင့် သူ့ကို လူဆိုးအခန်းမှာထည့်ပြလို့ သိပ်ကောင်းသွားတာပေါ့’’

အမေရိကန်အစိုးရက အရပ်ဘက်နိုင်ငံရေးသမားများအဖြစ် ပြောင်းလဲသွားသည့် ယခင်စစ်အရာရှိများစွာကို သူတို့၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူ သည့် လူပုဂ္ဂိုလ်များစာရင်းမှ ဖယ် ရှားပေးခဲ့သည်။ ယင်းအထဲတွင် သမ္မတဦးသိန်းစိန်နှင့် ၂၀၀၈ ခုနှစ် တွင် ပြုံးယန်းသို့ သွားရောက်ခဲ့ သည့် ဗိုလ်ချုပ်ဟောင်းလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့လည်း ပါဝင် သည်။ သို့ရာတွင် ဦးတေဇနှင့် တခြားလုပ်ငန်းရှင်ကြီးများ စာရင်းတွင် ကျန်ရစ်နေသည်။ သူတို့ကို ဖက်စပ်လုပ်ကိုင်မည့်သူများအဖြစ် မြင်ထားကြသည့် ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသူ အမေရိကန် စီးပွားရေးသမားအများအပြားအတွက် အတော် ပင်စိတ်ပျက်စရာဖြစ်နေသည်။

‘‘အမေရိကန်ကုမ္ပဏီအများ စုက အဲဒီစာရင်းကို ပြန်ပြီးပြင် ဆင်စေချင်တယ်။ အဲဒီလူပုဂ္ဂိုလ် တွေနဲ့ ကုမ္ပဏီတွေကို စာရင်းက ဖယ်ပေးလို့ရရင် ပယ်ဖျက်ပေးစေ ချင်ကြတယ်’’ဟု DFDL ဥပဒေ အကျိုးဆောင်အဖွဲ့မှ ရှေ့နေစီလီ ယမ်ဂရင်းလီက ပြောဆိုလိုက် သည်။ သူက မြန်မာနိုင်ငံရှိ အမေ ရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဇန်နဝါရီလလယ်တွင် ကုန် သည်ကြီးများအသင်းဝင်များက ရန်ကုန်မြို့ရှိ ပြန်လည်မွမ်းမံပြင် ဆင်ထားသော ဗြိတိသျှခေတ် အဆောက်အအုံတစ်ခု၏ စား သောက်ဆိုင်၌ စုဝေးခဲ့ကြသည်။ ထိုနေရာတွင် အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က သူ တို့ကို သတင်းကောင်းတချို့ပါး လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး ဌာနက ပစ်မှတ်ထားပိတ်ဆို့အရေးယူထားသူစာရင်းမှ တချို့ကို မကြာမီဖယ်ရှားပေးတော့မည်။ ‘‘နောက်ဆုံးအကြိမ် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကျွန်တော်စကားပြောတော့ သူတို့က လပိုင်းလောက်ပဲလိုတော့တယ်လို့ ပြောတယ်’’

ခြောက်လကြာပြီးချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စာရင်းမှဖယ်ရှားခြင်းမရှိခဲ့။ ဝါရှင် တန်အတွင်း သတင်းများအရ ယင်းသို့ရွှေ့ဆိုင်းခြင်းသည် ဝါရှင် တန်နှင့် နေပြည်တော် နှစ်ရပ် စလုံးတွင် နိုင်ငံရေးအပြောင်းအလဲများရှိနေ၍ဟု ဆိုသည်။ မြန်မာအစိုးရ ကတိပြုထားသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနောက်ပြန်လှည့်နေသည့် အပေါ်အမေရိကန်နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး အဖွဲ့များက အပြစ်တင်နေကြသည်။

‘‘ပြီးခဲ့တဲ့ ၁၈ လအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှု နည်းနည်းလေးပဲရှိခဲ့တာကြောင့် စာရင်းထဲကနေ ဘယ်သူကိုမှပယ် ဖျက်မပေးဖို့ ပြည်တွင်းမှာ ဖိအား တွေများနေတယ်’’ဟု ဝါရှင်တန် အခြေစိုက် Project 2049 In-stitute အကြံပေးအဖွဲ့မှ ကယ် လီကူရီးက ဆိုသည်။ ယင်းအဖွဲ့ သည်အာရှ၏ လုံခြုံရေးကိစ္စရပ် များအပေါ် အဓိကလေ့လာနေ သည့်အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကို ဆန့် ကျင်ပြီး စည်းရုံးနေသူများထဲတွင် လွှတ်တော်အမတ်ချာဘော့ လည်းပါဝင်သည်။ သူက လူနည်းစုမွတ်စလင်များကို ဖိနှိပ်နေမှုကို ရပ်တန့်ရေးမြန်မာအစိုးရအား ဖိအားများပေးရန်တောင်းဆိုသည့် မူကြမ်းကို တင်သွင်းခဲ့သူဖြစ်သည်။

ပစ်မှတ်ထားအရေးယူသူ လူပုဂ္ဂိုလ်များကို စာရင်းမှပယ် ဖျက်ခြင်းက မှားယွင်းသော အဓိပ္ပာယ် သက်ရောက်စေနိုင် သည်ဟု ချာဘော့က ဆိုသည်။ ‘‘အမေရိကန်ကုမ္ပဏီတွေက ဒီခရို နီတွေနဲ့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စီးပွားရေး ပူးပေါင်းလုပ်မှာကို ကျွန်တော်မထောက်ခံပါဘူး’’ဟု သူက ပြောဆိုလိုက်သည်။

သို့သော်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ပိတ်ဆို့အရေး ယူခံထားရသော လူပုဂ္ဂိုလ်များကို အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အရာရှိများ က ရန်ကုန်မြို့တွင်ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်ခံရရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည်ကို ရှင်းလင်းပြခဲ့သည်။ လိုအပ်ချက် များမှာ စစ်တပ်နှင့် ဆက်နွှယ်ပတ် သက်ခြင်းမပြုရန်၊ လုပ်ငန်းတွင် ထင်သာမြင်သာရှိစွာ ဆောင်ရွက် ရန်တို့ဖြစ်သည်။ ယင်းအချက်က ဦးတေဇတို့လိုလုပ်ငန်းရှင်သူဌေး များအတွက် ဝါရှင်တန်က အတိုက်အခံများထက်ပင်လျှင် စိန်ခေါ်မှု ကြီးမားနိုင်ပါသည်။

(Forbes magazine ပါ ဆောင်းပါးရှင် Jared Ferrie ၏ Burmese Tycoon Tay Za Under Scrutiny ဆောင်းပါးကို မူရင်းအတိုင်း ခင်မေဇော် (ဝါရှင်တန်ဒီစီ) ဘာသာပြန်ဆိုသည်။)
7Day Daily
အပြည့်အစုံသို့ »

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတေဇ အသင်းမှနုတ်ထွက်မည်


အခမ်းအနားတစ်ခုတွင်ဦးတေဇရှင်းလင်းပြောကြားစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဦးတေဇသည် အသင်း၏ လာမည့်ရွေးကောက်ပွဲများ တွင် ထပ်မံရွေးချယ်ခံတော့မည် မဟုတ်ဘဲ နုတ်ထွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းစီး ပွားရေးလုပ်ငန်းရှင်ဖြစ်သော ဦးတေဇမှာ မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဥက္ကဋ္ဌ ရာထူးကိုသုံးကြိမ်ဆက် ရယူထား သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ဇန်န၀ါရီလကတည်းက အသင်း ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရန် စီစဉ် ခဲ့သော ဦးတေဇသည် အခြားအ သင်းတာဝန်ရှိသူများ၏ တိုက် တွန်းမှုကြောင့် မူလတာဝန်ကို ဆက်လက်ရယူခဲ့သော်လည်း ယခုအကြိမ်တွင် ထပ်မံရွေးချယ် ခံတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအတွင်း ရေးမှူး (၃)ဦးထွန်းလှအောင်က ပြောသည်။

‘‘သူက မလုပ်တော့ဘူး။ အရင်ကတည်းက ပြောထားပြီး သား။ ဦးတေဇနုတ်ထွက်သွား တော့ အသင်းအပေါ် အားကိုးလျော့သွားတာပေါ့။ အသင်းသားအများစုက သူ့ကို ကြိုက်ကြတယ်။ သူလိုလုပ်ငန်းရှင်တစ် ယောက်က ကျွန်တော်တို့အသင်း မှာ ရှိသင့်တယ်’’ ဟု ဦးထွန်းလှ အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်မျက် ရတနာများကို အမေရိကန်နိုင်ငံ မှ တင်ပို့ခွင့် ပိတ်ပင်ထားဆဲ ဖြစ် ရာ ၎င်းအသင်းဥက္ကဋ္ဌအဖြစ် တာ ၀န်ယူထားခြင်းကြောင့် မြန်မာ ကျောက်မျက်ရတနာလုပ်ငန်းအ ပေါ် ထိခိုက်မှု မရှိစေရန်နှင့် အ များကောင်းကျိုးအတွက် အသင်း ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံ၏ တားမြစ်ပိတ်ဆို့ခံထားရဆဲဖြစ်သူ အသက်(၅၀)အရွယ် ဦးတေဇက ပြောဆိုကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို လာမည့် သြဂုတ် ၁၅ ရက်တွင် ကျင်းပမည်ဖြစ် သည်။ ရွေးချယ်ခံရသည့် အမှု ဆောင်သစ်များသည် စက်တင် ဘာတွင် စတင်တာဝန်ယူမည် ဖြစ်သည်။ အမှုဆောင်သစ်ရွေး ချယ်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း လက်အောက်တွင် မန္တလေး၊ မြစ် ကြီးနား၊ မိုးကုတ်၊ ဖားကန့်စသည့် မြို့အလိုက် ဖွဲ့စည်းထားသည့် အသင်းခွဲများရှိသည်။ အသင်း တွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌ ခြောက်ဦး၊ အတွင်းရေးမှူးသုံးဦးနှင့် တွဲဖက်အတွင်းရေးမှူးသုံးဦးရှိ သည်။

7 Day Daily
အပြည့်အစုံသို့ »

AGD ဘဏ် အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေဝင်းမြေးတို့ကြား ပြောဆိုချက်များ ကွဲလွဲနေ


ဦးတေဇပိုင်ဆိုင်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၏ အစုရှယ်ယာ ရောင်းချ ခြင်းကိစ္စနှင့်ပတ်သက်၍ အစုရှယ် ယာ ဝယ်ယူသူ ဦးကျော်နေဝင်း နှင့် ဘဏ်တာဝန်ရှိသူများကြား ပြောဆိုမှုများတွင် ကွဲလွဲမှုများ ရှိနေသည်။

အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာ ခိုင်နှုန်းကို ဦးနေ၀င်း၏ မြေး ဦးကျော်နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်းရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်းရှင် လေးဦးကို ရောင်းချ ခြင်းဖြစ်ကြောင်း  ဘဏ်ဘက်က ပြောဆိုနေသော်လည်း ကာယကံ ရှင် ဦးကျော်နေဝင်း ဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ဝယ်ယူထား ပြီးဖြစ်ကြောင်း ပြောဆိုသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာကိုးသောင်းကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝေလင်းဦးကပြောသည်။

သို့သော် ဦးကျော်နေ၀င်းတို့ဘက်ကမူ အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။

‘‘၆၀ ရာခိုင်နှုန်း ဝယ်ထားပြီး ပါပြီ။ နောက် ၆ လအတွင်း ၈၅ ရာခိုင်နှုန်းအထိ ဝယ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ပြောတဲ့အကြောင်း ကို ဦးဝေလင်းဦးက ရှင်းပြပါလိမ့် မယ်’’ဟု ဦးကျော်နေဝင်း၏ ညီ ဖြစ်သူ ဦးအေးနေဝင်းက 7Day Daily သို့ အတည်ပြု ပြောကြားသည်။

ထို့အပြင် အခမဲ့ထုတ်ဝေ နေသော Messenger သတင်းစာ တွင်မူ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ် ကြောင်း ဦးကျော်နေ၀င်းက ပြောကြားထားသည်။

‘‘မီကိုကွေကာက ဦးယဉ် ထွေးကို ခြောက်သောင်းသုံး ထောင်(ရှယ်ယာစု)၊ ကိုကျော်နေ ၀င်းကို ကိုးထောင်(ရှယ်ယာစု) နဲ့ ကျန်တာကို လုပ်ငန်းရှင် နှစ်ဦးကို ရောင်းလိုက်တာ။ သူတို့က ၆၀ ရာ ခိုင်နှုန်းထိဝယ်ချင်တယ်လို့ပြော ထားပေမယ့် အဲဒီကိစ္စက မပြတ်သေးပါဘူး’’ဟု ဦးဝေလင်းဦးက ဆိုသည်။

‘‘ဗဟိုဘဏ်က ၁၅ ရာခိုင်နှုန်း ပဲခွင့်ပြုထားတဲ့အတွက် ၁၅ ရာ ခိုင်နှုန်းပဲ ရောင်းလိုက်တာပါ’’ဟု  AGD ဘဏ်ဒုဥက္ကဋ္ဌ ဦးသီဟကပြောသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ဦးနေ၀င်း၏ သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် သားအဖ သုံးဦးကို ၂၀၀၂ တွင် ဖမ်းဆီးခံပြီးသေဒဏ်ချမှတ်ခဲ့သည်။ ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သားအဖလေးဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၂ နှင့် ၂၀၁၃ခုနှစ်အတွင်း နှစ်ကြိမ်ခွဲ၍ လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။

7day daily
အပြည့်အစုံသို့ »

နေပြည်တော်ကျောက်မျက်ပွဲ သုံးရက်အတွင်း ယူရိုလေးသန်းကျော် ရောင်းရ

ကျောက်များကို ရွေးချယ်ဝယ်ယူယူနေကြစဉ် (ဓာတ်ပုံ − မိုးညို)

မြန်မာ့ကျောက် မျက်ပြပွဲတွင် သုံးရက်အတွင်း ယူရိုလေးသန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း ကျောက်မျက်ပြပွဲသတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းရရှိသည်။

ဇွန်လ ၂၄ ရက်မှ ကျောက် မျက်များကို ခင်းကျင်းပြသရောင်း ချရာတွင် ကျောက်မျက်အတွဲ ပေါင်း ၃၀၀ ကျော် ရောင်းချခဲ့ရ ခြင်းဖြစ်သည်။

‘‘အခုရတဲ့အတိုင်းအတာမှာ ဒီအတိုင်းသတ်မှတ်လို့ မရပါဘူး။ တချို့က လေလံငွေကို ကြိုပေး ထားပြီးမှ ငွေအဆုံးခံပြီး မ၀ယ် တာတွေရှိပါတယ်။ ဒီလိုမ၀ယ် တာတွေက ကျောက်စိမ်းမှာ အဖြစ်များပါတယ်။ လောလော ဆယ်ငွေကြေးသတ်မှတ်တဲ့ နေရာမှာတော့ အလျှော့အတင်းလေး တွေရှိပါတယ်’’ဟု ကျောက်မျက် ပြပွဲ သတင်းထုတ်ပြန်ရေးဥက္ကဋ္ဌ ဦးရဲဌေးကပြောသည်။

ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများကို ၀ယ်ယူမည့် ပြည်ပကုန်သည်တစ်ဦးလျှင် အာမခံစပေါ်ငွေ ယူရိုငါးသောင်း ပေးဆောင်ရပြီး ပြည်တွင်းကုန် သည်တစ်ဦးလျှင် အာမခံ စပေါ် ငွေ ယူရိုနှစ်သောင်းနှုန်း ပေး ဆောင်ရခြင်းဖြစ်သည်။ ကျောက် မျက်အတွဲများ ၀ယ်ယူမည့်ပြည် တွင်း၊ ပြည်ပကုန်သည်များအနေ ဖြင့် အာမခံစပေါ်ငွေ ယူရိုတစ် သောင်းနှုန်းပေးဆောင်ရခြင်းဖြစ် သည်။

ကျောက်ကုန်သည် အချို့ သည် အာမခံစပေါ်ငွေပေးဆောင် ပြီး ကျောက်မျက်ပွဲများ၌ ၀ယ်ယူ ခြင်းမရှိရာ အဆုံးခံမှုများရှိနေပြီး အများစုမှာ တရုတ်ကုန်သည်များ ဖြစ်ကြောင်း ကျောက်စိမ်းဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးထံမှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့နှစ်က ရွှေရတုပွဲဖြစ် လို့ အတွဲတွေ တော်တော်များ များရောင်းထားတယ်။ အတွဲအ များစုကို တရုတ်ကုန်သည်တွေက ဈေးကောင်းပေးဝယ်တဲ့အတွက် မြန်မာကုန်သည်တွေ လိုချင်သ လောက်မရကြပါဘူး။ ဒီနှစ်က တော့ မြန်မာကုန်သည်တွေပိုပြီး ၀ယ်ယူနိုင်မယ်လို့မျှော်လင့်ထား ပါတယ်။ အရင်နှစ်က ပွဲတွေထက်စာရင် ဒီနှစ်က ကျောက်ကောင်း တွေပါလာတာတွေ့ရတယ်။ မြန် မာကုန်သည်တွေ ဈေးကောင်း ပေးဝယ်ရင်တော့ အမြတ်ပဲ’’ ဟု မြစ်ကြီးနားကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးလာခရီကပြောသည်။

7day daily
အပြည့်အစုံသို့ »

ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်မြင့်တက်


ယခုနှစ် မတ်လမှ ဇွန်လလဆန်းပိုင်းထိ တဖြည်းဖြည်း ကျဆင်းလာခဲ့သော ရွှေဈေးနှုန်းသည် ဇွန်လ လလယ်မှ ပြန်လည်မြင့်တက်ခဲ့ပြီး ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၃၃,၀၀၀ ကျပ် ဈေးပေါက်ခဲ့သည်။

ပြည်တွင်း အခေါက်ရွှေဈေးမှာ မေလ လကုန်ပိုင်း အတွင်း ၁၅ ပဲရည်လျှင် ကျပ် ၆၂၀,၀၀၀၊ ၁၆ ပဲရည်လျှင် ၆၆၅,၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခဲ့ပြီး ဇွန်လ ၁ရက်တွင် နိုင်ငံတကာရွှေဈေးနှုန်းများ ဒေါ်လာ ၁,၃၀၀မှ ၁,၂၆၄ ဒေါ်လာ ထိကျဆင်းမူကြောင့် ရွှေဈေးများ ကျဆင်းခဲ့ကြောင်း ပြည်တွင်းရွှေဆိုင်များထံမှ သိရသည်။

“ ဒီရက်ပိုင်းအတွင်း ဈေးတွေပြန်တက်လာတယ်။ ဘာလို့ပြန်တက်တာလဲဆိုတော့ အီရတ်မှာ ပြည်တွင်း စစ်ဖြစ်တော့ ရေနံစက်ရုံတွေ အသိမ်းခံရတဲ့အတွက် ရေနံဈေး တွေ အရမ်းတက်သွားတယ်။ ရေနံဈေး တက်တာနဲ့အပြိုင် ရွှေဈေးပါလိုက်တက်တာပါ။ ရွေဈေးပြန်တက်တော့ ၀ယ်လိုအားကျသွားတယ် ”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ဦးအုန်းမြိုင်က မဇ်္ဈိမကိုပြောသည်။

နိုင်ငံတကာ ရွှေဈေးအတက်အကျ ပေါ်တွင် မူတည်သည့် ပြည်တွင်းရွှေဈေးမှာ နိုင်ငံတကာ ရွှေဈေးတက် ချိန်တွင် လိုက်ပါဈေးတက်တက်သည်။ ဈေးကွက်အတွင်း ရောင်းလိုအားဝယ်လိုအား အနည်းအများ အခြေ အနေပေါ်တွင်လည်း ဈေးနှုန်းအတက်အကျဖြစ်ပေါ်လေ့ရှိကြောင်း တိတ်စိန်ရွေဆိုင်မှဆိုင်ရှင် ကိုဇော် အောင်က မဇ်္ဈိမကိုပြောသည်။

“ အခု ရွေဈေးတွေ ပြန်တက်လာတော့ ၀ယ်လိုအားနည်းတယ်။ ဒီလထဲမှာတော့ ရွှေဈေးထပ်တက်ဦးမယ် မထင်ဘူး ” ဟု ကိုဇော်အောင်က ဆက်လက်ပြောကြားသည်။

ပြည်တွင်းရှိ အခေါက်ရွှေများ မိုးရာသီအတွင်း အရောင်းအ၀ယ်ပါးနေကြောင်း ရွှေဆိုင်များထံမှ သိရသည်။ ပြည်တွင်း ရွှေဈေးနှုန်းများမှာ မေလအတွင်း ဈေးနှုန်းပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဇွန်လလယ် တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ်လာ ၁,၃၁၄ ထိ တိုးမြင့်သွားကြောင်း ရွှေဆိုင်များထံမှ သိရသည်။

လက်ရှိပြည်တွင်း ရွှေဈေးနှုန်းမှာ ၁၅ ပဲရည်ကို ကျပ် ၆၃၃,၀၀၀ နှင့် ၁၆ ပဲရည်ကို ကျပ် ၆၇၂,၅၀၀ ဖြင့် အရောင်းအ၀ယ်လုပ်လျက်ရှိကြောင်း တိတ်စိန်ရွှေဆိုင်က မဇ်္ဈိမကို ပြောသည်။

ပြည်တွင်းရွှေဈေး အနည်းငယ်ပြန်တက်လာသည့်နည်းတူ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်းလည်း ယခင်တစ်ပတ်ထက် ၁၀ကျပ်ခန့်မြင့်တက်လာပြီး ပြင်ပဈေးကွက်တွင် ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၇၈ ကျပ် ရောင်းဈေး ၉၈၀ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိသည်။

Mizzima Burmese
အပြည့်အစုံသို့ »

ရွှေအကြွေး ဘီလီယံ ၂၀ ကျော်ဖိုး လျော်ပေးရန် တောင်းဆို


သတ္တုတွင်း ၀န်ကြီးဌာနကို အခွန်အခအဖြစ် ရွှေပေးသွင်းဖို့ ကျန်နေသေးတဲ့ ကုမ္ပဏီတွေရဲ့ အကြွေးတွေကို လျော်ပေးဖို့ မြန်မာနိုင်ငံ သတ္တုတူးဖော်ရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်ကိုက တောင်းဆိုလိုက်ပြီး ၀န်ကြီးဌာနကို စာရေးသား တောင်းဆိုမယ်လို့ သိရပါတယ်။
ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ အသင်း နှစ်ပတ်လည်အစည်းအဝေးမှာ သူက ခုလို တောင်းဆိုလိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

ကုမ္ပဏီပေါင်း ၂၂၃ ခုဟာ သတ္တုတွင်းဝန်ကြီးဌာနကို ရွှေကြွေးကျန် ၃၀၇ ပိဿာ ပေးစရာ ရှိနေပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကျော် တန်ဖိုး ရှိပါတယ်။

လက်ရှိ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေက မြန်မာအစိုးရကို အကြွေးတွေ လျော်ပေးနေပေမယ့် အစိုးရကတော့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ကြွေးလျော်မပေးတဲ့အပြင် ကုမ္ပဏီတွေကိုပါ ဖျက်ပစ်လိုက်တာမို့ ဒါဟာ မလုပ်သင့်ဘူးလို့ သူက ဆိုပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စိတ်ဝင်စားမှု မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် အမေရိကန်၊ ဂျပန် အပါအ၀င် ၁၁ နိုင်ငံမှ စက်ရုံပေါင်း ၄၅ ရုံ နေရာချထားပေးရန် လျာထား

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှု စတင်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်



ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် အမေရိကန်၊ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စက်ရုံပေါင်း ၄၅ ရုံအား နေရာချထားပေးရန် ကနဦး သတ်မှတ်ထားကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၁၄ ရက်က သတင်းရရှိသည်။

ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုများ မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အစုရှယ်ယာများ ရောင်းချစဉ်က ရောင်းချရန် လျာထားသည့် ရှယ်ယာအရေအတွက်ဖြစ်သည့် အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းအတွက် ၀ယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်းမှာ အစုပေါင်း လေးသန်းကျော်ရှိနေပြီး ၀ယ်ယူရန် အဆိုပြုသည့် ပမာဏမှာ နှစ်ဆကျော် ရှိနေသဖြင့် လျာထားချက်ထက် ပိုနေသည့် အစုရှယ်ယာများအတွက် ငွေပြန်အမ်းမှုများပင် ပြုလုပ်ခဲ့ရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စတင်မြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံမှ ပုလင်းခွံ၊ သံဘူးခွံ မျိုးစုံထုတ်လုပ်သည့် Ball ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကားအပိုပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတို့သည် မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက် (MJTD) နှင့် မြေယာဝယ်ယူခြင်းဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို ဇွန် ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်မည့် ဧရိယာအဖြစ် မြေဧက ၆၀၀၀ နီးပါးအား ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၄၉ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ဂျပန်နိုင်ငံဘက်မှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ ဆူမီတိုမို ကော်ပိုရေးရှင်းနှင့် မာရူဘီနီ ကော်ပိုရေးရှင်းတို့ ပါဝင်အကောင်အထည်ဖော်နေပြီး မြန်မာနိုင်ငံဘက်မှ အများပိုင်ကုမ္ပဏီ ကိုးခုရှိကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား တည်ဆောက်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်လောက်မှ စတင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အကောင်အထည် ပေါ်လာနိုင်သည့်အတွက် တစ်နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီ အများအပြား ရှိနေသော်လည်း မြေဈေးနှုန်း ကြီးမြင့်လွန်းသည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြေဈေးနှုန်း သတ်မှတ်မှုအား လက်ရှိရန်ကုန်မြို့၏ စက်မှုဇုန်ဈေးနှုန်းများထက် နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

Eleven Media
အပြည့်အစုံသို့ »

ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ဖွင့်လှစ်ခွင့်က အစိုးရနဲ့နီးစပ်တဲ့ ခရိုနီဘဏ်တွေ အတွက်လား၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးဖို့လား


မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ရုံးခွဲကို တွေ့ရစဉ်

၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြားဘဏ်များ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုမည်ဟု အစိုးရသစ်သက်တမ်း သုံးနှစ်မပြည့်မီ ၂ဝ၁၃ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူများက ပြည်တွင်းပြည်ပ မီဒီယာများသို့ ထုတ်ပြန်ပြောကြားခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများအရ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အကြားတွင် ပြည်တွင်းရှိဘဏ်များက ထောက်ပံ့မှု မပေးနိုင်ခဲ့သည့် ကာလရှည်ချေးငွေနှင့် အများအပြား ပေးနိုင်စွမ်းမရှိသည့် ချေးငွေများ၊ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက သိသိသာသာ များပြားနေသည့် ချေးငွေအတိုးနှုန်းများကြောင့် တခြားနိုင်ငံများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မနှိုင်းယှဉ်နိုင်သည့် အနေအထားများမှ ရုန်းထွက်နိုင်မည့် အဖြေတစ်ခုအဖြစ် ပြည်တွင်း၌ နိုင်ငံခြားဘဏ်များ ဖွင့်လှစ်မည့်အချိန်ကို မျှော်လင့်ခဲ့ကြသည်။

ထိုသို့ မျှော်လင့်ခဲ့သည့် မျှော်လင့်ချက်များသည် ပြည်တွင်းဘဏ်ဈေးကွက်အား အုပ်စီးထားသည့် အစိုးရနှင့် နီးစပ်သည့် ဘဏ်ကြီးများ၏ တစ်ခဲနက် ကန့်ကွက်မှုကြောင့် ပြည်တွင်း၌ နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်သည် နိုင်ငံအဆင့် စီးပွားရေးများအား ချုပ်ကိုင်နိုင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးကဏ္ဍ အသီးသီးအား ကိုယ်စားမပြုဘဲ တိုင်းပြည်တိုးတက်ရန် အရေးအပါဆုံး ငွေကြေးကဏ္ဍအား အမှန်တကယ် လုပ်ကိုင်နိုင်မှု မရှိဘဲ ချုပ်ကိုင်ထားသည့် ခရိုနီဘဏ်များ အတွက်သာ လုပ်ပိုင်ခွင့်ပြုရမည့် အနေအထားတစ်ခု ဖြစ်လာခဲ့သည်။

မြန်မာ့ငွေကြေးသမိုင်း

အာရှတွင် ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာအကောင်းဆုံး မြန်မာနိုင်ငံအား နှစ်ငါးဆယ်ကျော်အတွင်း အမှောင်ချောက်သို့ တွန်းချပြီးနောက် လွတ်မြောက်ရေးရောင်ခြည် သန်းချိန်ဖြစ်သည့် ၂ဝ၁၁ ခုနှစ် ဧပြီလမှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအနက် ထင်ရှားသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များစွာရှိခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများအနက် ငွေကြေးကဏ္ဍနှင့် သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲမှုများအဖြစ် ဗဟိုဘဏ်အား လွတ်လပ်စွာ ရပ်တည်ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းကို တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း၊ FEC ငွေလက်မှတ်များ ဖျက်သိမ်းခဲ့ခြင်း၊ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ အတည်ပြုနိုင်ခဲ့ခြင်း စသည့်လုပ်ရပ်များစွာ လုပ်ဆောင်နိုင်ခဲ့သည်။ အောင်မြင်မှု အနေအထားများအရ ရာနှုန်းပြည့်ဟု မဆိုနိုင်သော်လည်း ပြည်တွင်းငွေကြေးကဏ္ဍ လုပ်ကိုင်သူ ဘဏ်များအတွက် လှုပ်သာလှည့်သာရှိသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံရှိ ဘဏ်များ၏ အခြေအနေ

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ၂၂ ခုအနက် ယခင်အစိုးရနှင့် နီးစပ်သည့် ဆက်ဆံရေးကောင်းများ ရှိခဲ့သည့် ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံရှိ ဘဏ်ဈေးကွက်အား အကြီးဆုံး ချုပ်ကိုင်ထားပြီး နိုင်ငံတွင်းရှိ ဘဏ်ခွဲပေါင်း ၇ဝဝ ခန့်အနက် ဘဏ်ခွဲပေါင်း ၁၆ဝ ခန့်အား ပိုင်ဆိုင်ဖွင့်လှစ်ထားသည်။ လက်ရှိ အစိုးရလက်ထက်တွင် အဖွံ့ဖြိုးဆုံး အနေအထားသို့ ရောက်လာခဲ့သည့် သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးခင်မောင်အေး ပိုင်ဆိုင်ထားသည့် သမဝါယမဘဏ်မှာလည်း ဘဏ်ခွဲပေါင်း ၈ဝ ခန့်ဖြင့် အကြီးဆုံး အနေအထားတွင်ပင် ရှိနေသည်။ ထို့အပြင် သမဝါယမ ဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် Myanma Microfinance Bank ဘဏ်ကိုလည်း ဘဏ်ခွဲများ အများအပြား ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေသည်။ ပြည်တွင်းဘဏ်ခွဲအများဆုံး စာရင်းတွင် ရှိနေသည့် ဘဏ်များတွင် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးကုမ္ပဏီမှ ပိုင်ဆိုင်ထားသည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲပေါင်း ၄ဝ ကျော်၊ ဧဒင်ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ်က ဘဏ်ခွဲပေါင်း ၃၄ ဘဏ်ခန့်၊ မက်စ်မြန်မာ ဦးဇော်ဇော်၏ ဧရာဝတီဘဏ်က ဘဏ်ခွဲပေါင်း ၆ဝ ခန့် နိုင်ငံခြားဘဏ်များ ပြည်တွင်း၌ ဖွင့်လှစ်ခွင့် မပြုသေးရန်နှင့် လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှု မရှိကြောင်း စဉ်ဆက်မပြတ် ဝေဖန်နေသည့် ပြည်သူ့လွှတ်တော်၊ မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်၏ ယူနိုက်တတ်အမရဘဏ်က ဘဏ်ခွဲပေါင်း ၃ဝ ခန့်၊ အင်းဝနှင့် မြဝတီဘဏ်တို့က ဘဏ်တစ်ခုလျှင် ဘဏ်ခွဲပေါင်း ၃ဝ ကျော်၊ ကမ္ဘာ့ရတနာဘဏ်က ဘဏ်ခွဲပေါင်း ၈ဝ ခန့်နှင့် အစိုးရသစ်လက်ထက်တွင် နေရာနှင့် လုပ်ပိုင်ခွင့် ပြည်လည်ရလာသည့် FMI ဦးသိန်းဝေ၏ ရိုးမဘဏ်သည်လည်း ဘဏ်ခွဲအများအပြား ဖွင့်လှစ်ထားနိုင်သည်။ ရတနာပုံဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်၊ အာရှရန်ကုန်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ စသည့်ဘဏ်များမှာ ဘဏ်ခွဲအနည်းငယ်သာ ဖွင့်လှစ်ထားနိုင်သည့် ဘဏ်များစာရင်းတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံရှိ ဘဏ်များအနက် နိုင်ငံပိုင် ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့်ဘဏ်များမှာမူ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် ရင်ဆိုင်နေရသည်။ နိုင်ငံခြားဘဏ်များကိုမူ ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန်သာ ခွင့်ပြုထားပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန် အစရှိသည့် နိုင်ငံများမှ နိုင်ငံခြားဘဏ်ခွဲပေါင်း ၄၂ ဘဏ်အား ပြည်တွင်း၌ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် မရှိသည့် ဘဏ်ခွဲများအဖြစ် ဖွင့်လှစ်ခွင့်ပြုထားသည်။ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသည့် ဘဏ်များကို လေ့လာကြည့်မည်ဆိုပါက အာရှနိုင်ငံများမှ ဘဏ်များသာ ဖြစ်နေပြီး ဥရောပနိုင်ငံများမှ ဘဏ်ဆို၍ ဗြိတိန်နိုင်ငံအခြေစိုက် Standard Chartered Bank ဘဏ်သာ လာရောက်ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ယခင်က ပုဂ္ဂလိကဘဏ်များ အများအပြားအား ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသည် ခိုင်မာမှု အားနည်းခြင်း၊ ခိုင်မာသည့်ဘဏ်များ နည်းပါးခြင်း စသည့်ဖြစ်ရပ်များကြောင့် ဘဏ်များအများအပြား ဖွင့်လှစ်ခွင့်ပြုခြင်းထက် ခိုင်မာတောင့်တင်းသည့် ဘဏ်များ ပိုမိုပေါ်ထွက်ရန်သာ ရည်ရွယ်လုပ်ဆောင်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုရာတွင် ပြည်တွင်းရှိဘဏ်များ ထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း ဒေသတွင်း နိုင်ငံများအကြား လုပ်ဆောင်နေသည့် အကန့်အသတ်များဖြင့်သာ နိုင်ငံခြားဘဏ်များအား ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် အကြီးအကျယ်ထိခိုက်မှု လုံးဝမရှိနိုင်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။ ထို့ပြင် နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပြုရန်မှာ တည်ဆဲဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ သီးခြားရပ်တည်ခဲ့ပြီးဖြစ်သည့် ဗဟိုဘဏ်၏ တာဝန်သာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း လုပ်ဆောင်သူများ အနေဖြင့် ထိုကဲ့သို့ စိုးရိမ်မှုများ ရှိနေသော်လည်း နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုလိုက်ပါက ဒေသတွင်း နိုင်ငံများကဲ့သို့ပင် မများပြားသော ချေးငွေအတိုးနှုန်းများ ရရှိခံစားခွင့်၊ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ချေးငွေများ ရယူရာတွင် ပြည်တွင်းဘဏ်များကဲ့သို့ မဟုတ်ဘဲ အလုံအလောက် ရယူနိုင်ခွင့် စသည့်တိုးတက်မှုများ ရှိလာနိုင်ကြောင်းနှင့် ပြည်ပဘဏ်များအား လုပ်ကိုင်ခွင့်ပြုလိုက်ပါက မြန်မာနိုင်ငံ၏ Financial Sector တိုးတက်မှုသည် ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်နိုင်ကြောင်း ပြည်တွင်းရှိ လုပ်ငန်းရှင်များ အပါအဝင် ဦးဆက်အောင်က ဆိုသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ယခင်က ပုဂ္ဂလိကဘဏ်များ အများအပြားအား ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသည် ခိုင်မာမှု အားနည်းခြင်း၊ ခိုင်မာသည့်ဘဏ်များ နည်းပါးခြင်း စသည့်ဖြစ်ရပ်များကြောင့် ဘဏ်များအများအပြား ဖွင့်လှစ်ခွင့်ပြုခြင်းထက် ခိုင်မာတောင့်တင်းသည့် ဘဏ်များ ပိုမိုပေါ်ထွက်ရန်သာ ရည်ရွယ်လုပ်ဆောင်လာကြောင်း . . . . .

မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ၏ ဘဏ်ခွဲများအားလုံး ပေါင်းလျှင်ပင် ပြည်ပဘဏ်တစ်ဘဏ်၏ ငွေကြေးမြှုပ်နှံမှု ပမာဏကို လိုက်မီနိုင်မှု မရှိသေးသော အခြေအနေ ဖြစ်နေသဖြင့် လတ်တလောတွင် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုပါက ပြည်တွင်းရှိဘဏ်များ အခက်အခဲ ကြုံတွေ့မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာက ခရိုနီလို့ဆိုနိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေပိုင်တဲ့ ဘဏ်တွေရှိတယ်။ မြဝတီလို ဦးပိုင်က ပိုင်ဆိုင်ထားတဲ့ဘဏ်တွေ ရှိတယ်။ အစုအဖွဲ့ပိုင်တဲ့ ဘဏ်တွေ ရှိသလို နိုင်ငံပိုင်ဘဏ်တွေလည်း ရှိတယ်။ ဘဏ်အမျိုးအစားချင်း မတူပါဘူး။ ဘဏ်လုပ်ငန်းဆိုတာက တိုင်းပြည်ရဲ့ စီးပွားရေးကို အများဆုံး တိုက်ရိုက်ပတ်သက်နေပါတယ်။ နိုင်ငံတကာမှာတော့ ဘဏ်လုပ်ငန်းလုပ်ရင် အခြားလုပ်ငန်း မလုပ်ကြဘူး။ ဒီလိုတွဲလုပ်ရင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်။ ဘဏ်လုပ်ငန်းတစ်ခု ထိခိုက်ရင် တိုင်းပြည်စီးပွားရေးပါ ထိခိုက်နိုင်တယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

မြန်မာ့စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ရင်ဆိုင်ရမည့် အနာဂတ်စိန်ခေါ်မှု

၂ဝ၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် ဖွံ့ဖြိုးမှုနည်းပါးသည့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများက ကျန်အာဆီယံ ခြောက်နိုင်ငံကဲ့သို့ မဟုတ်ဘဲ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးအချို့နှင့် ကုန်သွယ်မှုမဟုတ်သည့် အတားအဆီးအချို့အား ၂ဝ၁၈ ခုနှစ်တွင်မှ ဖြေလျှော့ပေးရန် လုပ်ဆောင်နိုင်သည့် အခွင့်အရေး အနည်းငယ်အား ရရှိထားသည်။ မြန်မာနိုင်ငံရှိ စက်မှုလက်မှု လုပ်ငန်းများအနက် အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ စက်မှုလက်မှု လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်အထိ ရှိနေသည်။ ဘဏ်များမှ ချေးငွေရယူရာတွင် ကာလရှည် မပေးနိုင်သည့်အပြင် အာမခံပစ္စည်းအဖြစ် အိမ်ခြံမြေကိုသာ ဘဏ်များက အဓိက လက်ခံကြသည်။ ထိုသို့ အာမခံ တင်ပြရာတွင်လည်း အိမ်ခြံမြေဈေးကွက်တန်ဖိုး၏ အများဆုံး ၃ဝ ရာခိုင်နှုန်းခန့်သာ ချေးငွေရရှိလေ့ရှိသည်။ အတိုးနှုန်းသည်လည်း အသေးစားအလတ်စား လုပ်ငန်းများအတွက် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားသည် ဆိုသော်လည်း ဘဏ်တိုင်းတွင် ချေးငွေလျှော့ချနိုင်သည် မဟုတ်ချေ။ ထို့ပြင် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအတွက် ချေးငွေ ၁၃ ရာခိုင်နှုန်းထက် ဘဏ်များက ဝန်ဆောင်ခအား ပိုမိုကောက်ခံသည့် အနေအထားတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ စက်မှုကုန်ချော ပို့ကုန်များကို လေ့လာမည်ဆိုပါက ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် စက်မှုပို့ကုန်များသည် ထိပ်တန်းပို့ကုန်အဖြစ် ရပ်တည်နေပြီး ဒေါ်လာ ၄ ဒသမ ၅ဝ၅ ဘီလျံအထိ တင်ပို့ခဲ့နိုင်ခဲ့သည်။ ထိုသို့ စက်မှု့ကုန်ချော ပို့ကုန်စာရင်းတွင် မြန်မာ့သဘာဝ သယံဇာတဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ရငွေသည် ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်ဖိုးအထိ တင်ပို့ခဲ့သည်။ ထို့ပြင် အစိုးရသစ်လက်ထက် ပြန်လည်ရရှိလာသည့် GSP အခွင့်အရေးများအရ တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများက အလုံးအရင်းဖြင့် မြှုပ်နှံလာပြီး မြန်မာနိုင်ငံပိုင် အထည်ချုပ်လုပ်ငန်းရှင်များက CMP လက်ခစားစနစ်ဖြင့်သာ အဓိကလုပ်ကိုင်သည့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ ၈၉၃ သန်းကျော်နှင့် သကြားမှ ဒေါ်လာ ၄၈ သန်းကျော်သာ တင်ပို့ခဲ့ကာ အခြားသော စက်မှုကုန်ချော ပို့ကုန်ဆိုသည်မှာ မေးခွန်းထုတ်စရာ အနေအထားအဖြစ် ဒေါ်လာ ၃၅၅ သန်းကျော်ဖိုးသာ တင်ပို့နိုင်သည့်အထိ ဆိုးရွားခဲ့သည်။

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရန် လက်ရှိလုပ်ဆောင်နေသည့် အခြေအနေ

နိုင်ငံခြား ဘဏ်လုပ်ငန်းများကို ပြည်တွင်း၌ တရားဝင် ဖွင့်လှစ်ခွင့်ပြုနိုင်ရေး လုပ်ဆောင်ပေးမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များသို့ ဘဏ်ရုံးခွဲတစ်ခု ဖွင့်လှစ်ပေးမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများအား ငွေကြေးထောက်ပံ့ပေးရန်၊ ပြည်တွင်းဘဏ်များ၏ ငွေကြေးဆောင်ရွက်မှုများကို ပံ့ပိုးပေး၍ ပြည်တွင်းဘဏ်လုပ်ငန်းများ တိုးတက်လာစေရန်၊ ပြည်တွင်းကုမ္ပဏီများကို ငွေချေးပေးရန်မူ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းရန်၊ လိုင်စင်ထုတ်ပေးရန် ဇူလိုင် ၆ ရက်တွင် လျှောက်လွှာများကို သုံးသပ်မည်ဖြစ်ပြီး စက်တင်ဘာလကုန်တွင် ဘဏ်လုပ်ငန်းလိုင်စင် ၁ဝ ခုခန့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းများတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ပြည်တွင်းဘဏ်များ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုထက် များပြားသော ပမာဏဖြစ်သည့် ဒေါ်လာ ၇၅ သန်းကိုလည်း မ,တည် မြှုပ်နှံငွေအဖြစ် တင်ပြရမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

“နိုင်ငံခြားဘဏ်တွေကို ဖွင့်ခွင့်ပြုလိုက်တာ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ Financial Sector တိုးတက်မှုက ထင်ထားတာထက် အများကြီး ပိုမြန်သွားပါမယ်။ ပြည်တွင်းဘဏ်တွေကလည်း နိုင်ငံခြားဘဏ်တွေ ဝင်လာပြီး ဒုက္ခရောက်မသွားအောင် အကန့်အသတ်နဲ့ ဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို အကန့်အသတ်တွေကလည်း ဒေသတွင်းနိုင်ငံတွေ လက်ခံထားတဲ့ နည်းလမ်းပါ။ အင်္ဂလိပ်လိုဆို Regional Acceptable Condition သတ်မှတ်တဲ့အတွက် နိုင်ငံခြားဘဏ်တွေလည်း ကျေနပ်တယ်။ ပြီးတော့ ပြည်တွင်းဘဏ်တွေကိုလည်း အကြီးအကျယ် ထိခိုက်မှု မရှိဘူး။ မြန်မာနိုင်ငံရဲ့ Financial Sector လည်း အများကြီး တိုးတက်လာနိုင်တဲ့အတွက် ကျွန်တော်တို့ ခေါ်တာကတော့ win-win-win situation ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အကန့်အသတ်က ဘာတွေလည်းဆိုရင် Retail Banking ပေးမလုပ်ဘူးဆိုတဲ့ အကန့်အသတ်။ နောက်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ Domestic Branch တစ်ခုပဲ ရှိရမယ်ဆိုတဲ့ အကန့်အသတ်မျိုးပေါ့။ ဥပမာ ထိုင်းနိုင်ငံမှာဆို နိုင်ငံခြားဘဏ်တွေကို Domestic Branch တစ်နိုင်ငံလုံးမှာမှ ငါးခုပဲ ပေးဖွင့်တယ် ဆိုတာတို့ ၁ဝ ခုပဲ ပေးဖွင့်တယ်ဆိုတာတို့ ရှိပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

လက်ရှိ နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပြုရန် လုပ်ဆောင်နေမှုများအား အထူးသတိပြုရန် လိုအပ်ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား နိုင်ငံခြားဘဏ်များက ငွေပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်မည်ဆိုခြင်း၊ နိုင်ငံတွင်းဘဏ်များကိုသာ ငွေကြေးပံ့ပိုးပေးနိုင်ရန် ပြည်ပဘဏ်များ ဖွင့်လှစ်ခွင့်ပြုမည်ဆိုခြင်းနှင့် ငွေကြေးအင်အား တောင့်တင်းသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား ပံ့ပိုးပေးရန် လုပ်ဆောင်မည်ဆိုသည့် ပြဿနာများအား လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်နှင့် တရုတ်၊ ဗီယက်နမ် အစရှိသည့် ဘဏ္ဍာရေးစနစ်အား အဓိက ပြုပြင်ပြောင်းလဲသည့် နိုင်ငံများအား လေ့လာရန်နှင့် သတိကြီးစွာထား၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

“လုပ်ငန်းတိုင်းက ငွေကြေးအရင်းအနှီး လိုအပ်နေကြတာ များပါတယ်။ လိုအပ်နေတာ များတဲ့အတွက် တောင်သူလယ်သမားပဲဖြစ်ဖြစ် ပြည်သူတွေပါ ချေးလို့ရရင်တော့ အဆင်ပြေတာပေါ့။ ကြားကနေ ပုဂ္ဂလိကဘဏ်တွေ ခံနေပြီး သူတို့ကမှတစ်ဆင့် နိုင်ငံခြားဘဏ်တွေဆီက ချေးငွေယူရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အတိုးနှုန်း ပိုလာမှာပေါ့။ ပုဂ္ဂလိကဘဏ်တွေ အတွက်တော့ အကျိုးပိုရှိနိုင်တယ်။ သူတို့အတွက် ကာကွယ်ပေးသလို ဖြစ်နေတယ်။ အဲဒီလိုဆိုတော့ ခုနက ကျွန်တော်ပြောတဲ့ ဆိုက်ကားသမားတို့၊ ခေါင်းရွက်ဗျပ်ထိုးတို့ အသေးစားအလတ်စား လုပ်ငန်းတွေအတွက် အတိုးနှုန်းက သက်သာမလာဘူး။ အဲဒီလို မဟုတ်ဘဲ နိုင်ငံခြားဘဏ်တွေမှာ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တိုက်ရိုက်ငွေချေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေအတွက် ကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာစိုးထွန်းက အကြံပြုသည်။

Eleven Media
အပြည့်အစုံသို့ »

အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်းဦးရေ ၉၉ ရာခိုင်နှုန်းခန့်ထားမည်


ရန်ကုန်၊ ဇွန် ၁၀

နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့် ၅ နှစ်အတွင်း ၀န်ထမ်းဦးရေ၏ ၉၉ ရာခိုင်နှုန်းအား မြန်မာနိုင်ငံသား ၀န်ထမ်းများ ခန့်အပ် သွားမည်ဖြစ်ကြောင်း အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ အော်ရီဒူးကုမ္ပဏီတွင် မြန်မာဝန်ထမ်းဦးရေ အယောက် ၇၀၀ ကျော်ရှိပြီး ၀န်ထမ်းအားလုံး၏ ၇၆ ရာခိုင်နှုန်း ဖြစ်ကာ ကျန် ၂၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ၀န်ထမ်းများ ဖြစ်သည်။

““၀န်ထမ်းခန့်ထားရေးနဲ့ သင်ကြားရေးမှာ အကြီးအကျယ် ရင်းနှီး မြှုပ်နှံထားပါတယ်။ သုံးစွဲသူ ပရိသတ်တွေကို ကမ္ဘာ့အဆင့် ၀န်ဆောင်မှုတွေ ပေးနိုင်အောင် အင်မတန် အရည်အချင်း ပြည့်ဝပြီး ကျွမ်းကျင်တဲ့ ၀န်ထမ်း အများကြီး ရှိနေပါပြီ။ ငါးနှစ်အတွင်းမှာ မြန်မာဝန်ထမ်း ဦးရေ ၉၉ ရာခိုင်နှုန်းခန့် ထားသွားပါမယ်””ဟု ဒေါ်သီရိကြာညိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ကာတာနိုင်ငံ အခြေစိုက်ဖြစ်ပြီး ပိုင်ရှင်မှာ ဘာသာခြားဖြစ် သောကြောင့်ဟု ဆိုကာ အော်ရီဒူးမှ ထွက်သော ကုန်ပစ္စည်းများ ၀ယ်ယူ မသုံးရန်နှင့် အော်ရီဒူးကုမ္ပဏီ၌ အလုပ်မလုပ်ရန် အသိပညာပေး ဟောပြောပွဲအား ဇွန်လ ၇ ရက်နေ့က မကွေးပရိယတ္တိ စာသင်တိုက်၌ ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ ပြုလုပ်ခဲ့သေးသည်။

““ကာတာနိုင်ငံက OIC ပါတဲ့ ၅၇ နိုင်ငံထဲမှာ ပါနေတယ်။ OIC ကို ၀င်လို့မရလို့ အော်ရီဒူး (Ooredoo) ကနေ မြန်မာပြည်ကို ၀င်ရောက်လာတာ။ ဆက်သွယ်ရေး လမ်းကြောင်းဆိုတာ တိုင်းပြည်ရဲ့ ပဓာနကျတဲ့ နေရာကို ၀င်ယူလိုက်တယ်””ဟုဆရာတော် ဦးပါမောက္ခက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ၁၉၆၉ ခုနှစ်၌ အစ္စလာမ်မစ် ခေါင်းဆောင်များက ထိပ်သီး ကွန်ဖရင့် ပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံရှိကာ ၅၆ နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ OIC ရုံးခန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ရန် စီစဉ်ခဲ့မှုများရှိပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၍ ရုပ်သိမ်းခဲ့ရသည်။

ယင်းကဲ့သို့ အော်ရီဒူး ထုတ်ကုန်များ မသုံးစွဲရန် ပြောဆိုနေမှုများနှင့် ပတ်သက်၍ ““တကယ်တော့ ကျွန်မတို့က နိုင်ငံတကာ တယ်လီကွန် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ကိုယ့်သုံးစွဲသူ ပရိသတ်ကို အကောင်းတကာ့ အကောင်းဆုံး မိုဘိုင်းပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ပေးဖို့ပဲ အာရုံစိုက်နေပါတယ်။ ဒီတော့ ကျွန်မတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မိဘပြည်သူတွေဆီ ပျံ့နှံ့ပြီး ပြည်သူလူထုအတွက် ကောင်းကျိုး ဆောင်ရွက် တာတွေ တွေ့တဲ့ အခါမှာရှိနေတဲ့ သံသယတွေ အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်””ဟု ဒေါ်သီရိ ကြာညိုက ထွက်ပေါ်နေသော အော်ရီဒူးအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။

အဆိုပါကဲ့သို့ ဘာသာရေးအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် ရောယှက်ခြင်းအား နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် စီးပွားရေး အသိုင်းအ၀ိုင်းမှ လည်း ဝေဖန် လျက်ရှိသည်။

““အန်တီက မြင်တာကတော့ စီးပွားရေး ကိစ္စတွေမှာ၊ နိုင်ငံရေး ကိစ္စတွေမှာ ဘာသာရေးတွေ ပါလာတာကို ဒီလို အချိန်မျိုးမှာ မဖြစ်စေချင်ဘူး””ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က သုံးသပ်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးအပေါ်၌ ဘာသာရေး လွှမ်းမိုးမှုများပါက တိုင်းပြည်အတွက် အန္တရာယ်ရှိပြီး တိုးတက်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကလည်း ““Business က Business ပဲလေ။ ဘာသာရေးဆိုတာ Power ရယ် အာဏာရယ်ပဲ မူတည်တယ်။ Business ကို Business လို့ပဲမြင်စမ်းပါ။ တိုင်းပြည်မှာ မရှုပ်စမ်းပါနဲ့။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး လွှမ်းမိုးတာ သိပ်များရင် အဲဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူးဗျ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးရီးယား နိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည်တို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ရှိခဲ့ကာ၂၀၁၂ ဒီဇင်ဘာအထိ သုံးစွဲသူ ၉၂ ဒသမ ၉ သန်းရှိသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်
အပြည့်အစုံသို့ »

စီးပွားရေးသတင်းတိုများ


စက်မှုဇုန် ဥပဒေသီးသန့် ပြဋ္ဌာန်းရန် လိုအပ်ဟုဆို

စက်မှုဇုန်များတွင်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရန်အတွက် စက်မှုဇုန်ဥပဒေကို သီးသန့် ဥပဒေကိုပြဋ္ဌာန်းရန် လိုအပ်နေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက မဇ်္ဈိမကိုပြောသည်။

“စက်မှုဇုန် ဥပဒေကိုထွက်စေချင်ပြီ။ အခုလက်ရှိမှာ အိုးအိမ်က ထုတ်ထားတဲ့ ၁/၉၇ ဥပဒေနဲ့ပဲ လုပ်ငန်း ဆောင်ရွက်နေရတယ်။ စက်မှုဇုန်တွေမှာ စည်းကမ်းမလိုက်နာတဲ့သူတွေရှိရင် အပြစ်ပေးဖို့က အရမ်းခက်ခဲ တယ်။ ဒါကြောင့်စက်မှုဇုန်ဥပဒေကို သီးသန့်ပြဋ္ဌာန်းပေးစေချင်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
----------------------------------------------------------------------------------
SME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် SMIDB ညီမည်

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အကူအညီပေးရန် ကမ်းလှမ်းထားသည်ဟု အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန်လ ၆ ရက်တွင် မဇ္ဈိမကိုပြော သည်။

“အေဒီဘီက မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းတွေကို ချေးငွေပိုပြီးထုတ်ချေးနိုင်အောင် ကျွန်တော်တို့ရဲ့ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB ကို ချေးငွေ ထုတ်ချေးမယ်ဆိုပြီး ကမ်း လှမ်းလာတာပါ။ အေဒီဘီ ကချေးငွေရယူနိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်” ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
----------------------------------------------------------------------------------
ကျောက်ဖြူအထူးစီးပွားရေးဇုန် ဈေးကွက်မြှင့်တင်ရေးပွဲ ကျင်းပမည်

ကျောက်ဖြူအထူးစီးပွားရေးဇုန် ဈေးကွက်မြှင့်တင်ရေးပွဲ Road Show များကို ရန်ကုန်မြို့ IBC ခန်းမမှာ ဇူလိုင်လ ၃ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကော်မတီကသတင်း ထုတ်ပြန်သည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဈေးကွက်မြင့်တင်ရေးပွဲ Road Show ကိုစင်ကာပူနိုင်ငံတွင်လည်း ဇူလိုင်လ ၇ ရက် တွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည် ဟုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူနှင့် မြန်မာနိုင်ငံတို့တွင် ကျင်းပမည့် အဆိုပါRoad Show ပွဲများသို့ စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ တက်ရောက်နိုင်သည်ဟုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ကော်မတီကသတင်း ထုတ်ပြန်သည်။
----------------------------------------------------------------------------------
လေယာဉ်ငယ် မှာယူမှုမြင့်တက်

ပြီးခဲ့သည့် မေလအတွင်းနာမည်ကြီးလေယာဉ်ထုတ်လုပ် ရောင်းချသောကုမ္ပဏီများဖြစ်ကြသည့် အဲဘတ်စ် Air Bus နှင့် ဘိုရင်း (Boeing) ကုမ္ပဏီတို့ထံမှ ကိုယ်ထည်ကျဉ်း လေယာဉ်အမျိုးအစားဖြစ်သော လျှောက် လမ်းတစ်ခုပါ လေယာဉ်များမှာ ယူမှုမြင့်တက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများက ယခုနှစ်ပထမ ငါးလတာ ကာလတွင် အဲယားဘတ်စ်ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုယ်ထည်ကျဉ်း လေယာဉ်၂၀၃ စင်းကိုမှာယူခဲ့ကြပြီး၊ ဘိုရင်း ကုမ္ပဏီထံမှလည်း ကိုထည်ကျဉ်းလေယာဉ် ၃၉၄စင်းမှာယူထားမှုများရှိခဲ့သည်ဟု AIN online သတင်းတွင် ဇွန်လ ၉ ရက်က ရေးသားဖော်ပြသည်။
----------------------------------------------------------------------------------
ဖိလစ်ပိုင်က လျှပ်စစ်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်

ဖိလစ်ပိုင်နိုင်ငံသည် လျှပ်စစ်ထုတ်ကုန်ကဏ္ဍအတွက် အင်္ဂလိပ်စကားတတ်ကျွမ်း သည့်နည်းပညာရှင်များ၊ အလုပ်သမား အင်အားနှင့် လုပ်အားခ စသည့်ကဏ္ဍများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိနေ ပြီဖြစ်ရာ ၂၀၁၅ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဖြစ်ပေါ်လာချိန်တွင် လျှပ်စစ်ထုတ်ကုန်ကဏ္ဍ၌ အကျိုး အမြတ်ပိုမိုရရှိနိုင်မည် ဖြစ်သည်ဟု ဘင်းစနစ်မိုင်ရာသတင်းဌာနတွင် ဇွန် ၆ ရက်က ရေးသားဖော်ပြသည်။

၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ကုန်ထုတ်ကဏ္ဍမှ လျှပ်စစ်ပစ်္စည်းများတိုက်ရိုက် ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ပစ္စည်း တစ်ဆင့်ခံ ထုတ်လုပ်ခြင်းများအတွက် အလုပ်အကိုင်ပေါင်း လေးသန်းခန့် ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟု လည်း အထက်ပါသတင်းက ဆိုသည်။

Mizzima Burmese
အပြည့်အစုံသို့ »

သိမ်ဖြူငွေလဲကောင်တာတွင် ဇွန်လဒုတိယပတ် ဒေါ်လာလဲနှုန်း ၉၇၂ ကျပ်ခန့် ရှိနေပြီး ဗဟိုဘဏ်၏ နိုင်ငံခြားရည်ညွှန်း ငွေလဲနှုန်း ၉၆၇ ကျပ်သို့ မြင့်တက်လာ


သိမ်ဖြူငွေလဲကောင်တာတွင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်နေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

ဇွန်လဒုတိယပတ် သိမ်ဖြူငွေလဲကောင်တာတွင် ဒေါ်လာလဲနှုန်း ၉၇၂ ကျပ် ၀န်းကျင်တွင် တည်ရှိနေပြီး ဗဟိုဘဏ်၏ နိုင်ငံခြားရည်ညွှန်း ငွေလဲနှုန်းတွင် တစ်ဒေါ်လာ ၉၆၇ ကျပ်သို့ မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဇွန်လဆန်းပိုင်းတွင် သိမ်ဖြူငွေလဲ ကောင်တာ၌ တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၂ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၄ ကျပ် ၀န်းကျင်တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၆၉ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၇ ကျပ် ၀န်းကျင်တွင် ရှိခဲ့သည်။

မေ ၂၈ ရက်မှ ၃၀ ရက်အထိ သိမ်ဖြူငွေလဲကောင်တာ၌ တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၂ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၂ ကျပ် ၀န်းကျင်တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၆၇ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၅ ကျပ် ၀န်းကျင်တွင်ရှိသို့ မြင့်တက်လာခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ မေ ၃၀ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၉၆၆ ကျပ်သို့ ပြောင်းလဲသတ်မှတ်ထားသည်။

မေ ၂၆ ရက်မှ စတင်၍ သိမ်ဖြူငွေလဲ ကောင်တာ၌ တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၇၀ ကျပ် ၀န်းကျင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၆၅ ကျပ် ၀န်းကျင်တွင်ရှိခဲ့ကာ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၉၆၄ ကျပ် သတ်မှတ်ထားသည်။

ဧပြီမှစ၍ သီတင်းခုနစ်ပတ်ကျော်ကြာ တည်ငြိမ်နေသော ဒေါ်လာလဲနှုန်းသည် မေလနောက်ဆုံးပတ်တွင် အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ပြီး မေလ၏ နောက်ဆုံးရက်တွင် ၉၇၂ ကျပ်သို့ ဆက်လက်မြင့်တက် လာကြောင်း သိရသည်။

တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် – ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် – ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

Eleven Media
အပြည့်အစုံသို့ »

ဥရောပ နိုင်ငံများသို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲခွင့် ရသော်လည်း ခရီးသည် မရှိ၍ မပြေးဆွဲနိုင်


ဥရောပနိုင်ငံ များသို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲခွင့်ရရှိ ထားသော်လည်း ခရီးသည် စီးနင်းမှု မရှိ၍ လေကြောင်းလိုင်းများ မပြေးဆွဲ နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဥရောပ နိုင်ငံများနှင့် လေကြောင်း သဘောတူ စာချုပ်ချုပ် ဆိုထား သော်လည်း ခရီးသည် စီးနင်းမှု နည်းပါး၍ အာရှနိုင်ငံ များကိုသာ ပြေးဆွဲ နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

အရင်တုန်း ကတော့ ဥရောပနိုင်ငံတွေကို တိုက်ရိုက် ပျံသန်းဖူးတယ်။ အဓိက ခရီးသည် မရှိလို့ ရပ်ဆိုင်းခဲ့တာ၊ အခု ခရီးသည်တွေ များလာ တော့ ပြေးဆွဲချင်တဲ့ လေကြောင်းလိုင်းတွေ ကို ခွင့်ပြုပေး သွားမယ် ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၄၆) နိုင်ငံနှင့် လေကြောင်း ပျံသန်းခွင့် သဘောတူ စာချုပ်ချုပ်ဆို ထားပြီး အဆိုပါ စာချုပ် များမှာ ခေတ်စနစ် နှင့် သင့်လျော်မှု မရှိတော့ သဖြင့် အသစ် ပြန်လည်ချုပ်ဆိုရန် စီစဉ် ထားကြောင်း သိရသည်။ ခရီးသည် နည်းနည်းလေး ဆိုတော့ ဘယ် လေကြောင်းလိုင်းမှ ပြေးဆွဲမှာမဟုတ်ဘူး။ခရီးကလည်း ဝေးတော့အရှုံးပေါ်မှာ။ဒါပေမဲ့ ခရီးသည် များလာရင်တော့တစ်မျိုးပေါ့ဟု MAI လေကြောင်းလိုင်းမှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာ က ပြောသည်။

ယခုလက်ရှိ ပြည်တွင်းမှ နိုင်ငံတကာသို့ ပျံသန်းနေသည့် လေကြောင်းလိုင်းများသည် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ တရုတ်၊ ကမ္ဘော ဒီးယားနှင့် အိန်္ဒိယစသည့် ခရီးစဉ်များကို အများဆုံး ပျံသန်း ပြေးဆွဲနေပြီး ဥရောပနိုင်ငံ များသို့ သွားရောက်လိုပါက စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ တစ်ဆင့် သွားရောက်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းမှ ပြည်ပခရီးသည် ၀င်ရောက်မှုမှာ နှစ်စဉ် တိုးတက်နေပြီး ၂၀၁၁ ခုနှစ်တွင် ခရီးသည် သုံးသိန်းကျော် ၀င်ရောက်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ခရီးသည် ငါးသိန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပ ခရီးသည် ကိုးသိန်းကျော် အထိ ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

Messenger News Journal
အပြည့်အစုံသို့ »

ရွှေဈေးကျနေ၍ ဝယ်ယူစုဆောင်းခြင်း မပြုသင့်ဟု ရွှေလုပ်ငန်းရှင်များပြော

ရွှေအရောင်းအ၀ယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)



လတ်တလောကမ္ဘာ့ရွှေဈေးကွက်တွင် ဈေးကျနေသဖြင့် ရွှေဝယ်စုသူများ ယခုနှစ်အတွင်း ဝယ်ယူစုဆောင်းခြင်းမပြုသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် မတ်လလယ်မှ စကာ ကမ္ဘာ့ရွှေဈေးကျနေသည့်အတွက် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်တွင်ဖြစ်ခဲ့သော တစ်အောင်စလျှင် ၁,၁၈၄ ဒေါ်လာအထိ ရောက်ရှိသွားနိုင်ကြောင်း စီးပွားရေးခန့်မှန်းချက်များတွင်လည်း ရေးသားဖော်ပြထားသည်။

‘‘လောလောဆယ်မှာ ကမ္ဘာ့ဈေးက အကျပိုင်းထဲမှာပဲဖြစ်နေတော့ မြန်မာ့ ရွှေဈေးကလည်း အကျဘက်ဖြစ်နေတာပေါ့။ ဈေးတွေကတော့ အကျဘက်မှာပဲ ဦးတည်နေလို့ ဆက်ကျနိုင်သေးတယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဦးဝင်းမြင့်က ပြောသည်။

ထို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ကတည်းက ဈေးအကျရောက် ရှိ၍ ဝယ်ယူစုဆောင်းထားသူများ အရှုံးဖြင့်သာ ရင်ဆိုင်နေကြရသည်။

ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေချိန်တွင် ဝယ်ယူသူများမရှိဘဲ ပြန်ထုတ်သူများသော ဈေးကွက်တစ်ခုအဖြစ်ရှိနေကြောင်း အပိုင်းဈေးကွက်မှ ကုန်သည်များ က ဆိုသည်။

ကမ္ဘာ့ ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၂၅၀ ဒေါ်လာ အောက်ကျဆင်းပါက ဝယ်ယူရန် မသင့်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုထားချိန်တွင် တစ်အောင်စလျှင် ၁,၂၄၄ ဒေါ်လာထိ ဈေးနှုန်းများကျဆင်းသွားပြီဖြစ်သည်။

ကမ္ဘာ့ဈေးပေါ်တွင် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုဖြစ်နေသော ပြည်တွင်းရွှေဈေးနှုန်းများမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၄၇,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သည်။

ရွှေဆိုင်များတွင်လည်း အပိုင်းနှင့် ဖျက်စဈေးကွက်တို့တွင် ဝယ်လိုအားများ ကျဆင်းနေပြီး အထည်ဈေးကွက်များတွင်သာ ဝယ်လိုအားကောင်းနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ဆို သည်။

သိမ့်သိမ့်စိုး
7day daily
အပြည့်အစုံသို့ »

မိုက်ခရိုဆော့ဖ်၏ အာရှဒေသဆိုင်ရာဥက္ကဋ္ဌ မြန်မာနိုင်ငံလာမည်



Microsoft Corporation ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Cesar Cernuda နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ဇွန် ၁၂ ရက်တွင် လာရောက်ရန် ရှိသည်ဟု Microsoft Knowledge Centricity (My anmar) pte Ltd မန်နေဂျာ ဦးလှိုင်ဖြိုးက ပြောသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အစိုးရ၀န်ကြီးဌာနအချို့နှင့် တွေ့ဆုံပြီး နည်းပညာကဏ္ဍတွင် အကူအညီပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ဦးလှိုင်ဖြိုးက “အစိုးရ၀န်ကြီးဌာန တချို့ကို ပညာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေလည်း ဆွေးနွေးသွားဖို့ ရှိနေတယ်။ ပညာရေးနဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေအပြင် ဘယ်လိုနေရာတွေမှာ အထောက်အပံ့ ပေးသွားမယ်ဆိုတာ သူတို့ တွေ့ဆုံဆွေးနွေးကြလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် တွေ့ဆုံသွားရန်ရှိနေသည်ဟုလည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ တာဝန်ရှိသူများက ပြောသည်။

“မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က တာဝန်ရှိသူတွေနဲ့ ဇွန် ၁၃ ရက်မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေတယ်။ ပြည်တွင်း နည်းပညာ ဖွံ့ဖြိုးရေးကိစ္စရပ်တွေ၊ နည်း ပညာလုံခြုံရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်” ဟု ပြောသည်။

Microsoft ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌနှင့်အတူ အာရှပစိဖိတ်ဒေသဆိုင်ရာ Legal & Corporate Affairs ၏ ဒါရိုက်တာ Jeffrey G.Bullwinkel၊ အရှေ့ တောင်အာရှဆိုင်ရာ အထွေထွေ မန်နေဂျာ Jamie Harper၊ အာရှပစိဖိတ်အထွေထွေ မန်နေဂျာ Carlos Lopes တို့လည်း အဆိုပါ ခရီးစဉ်တွင် ပါဝင်လာမည် ဖြစ်သည်။

စ, ချိုကို| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်
Mizzima Burmese
အပြည့်အစုံသို့ »

Sky Net ထံမှ အကျိုးအမြတ်ဝေစု တိုးတောင်းမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနဆို


နေပြည်တော်၊ မေ ၃၀

သုံးဆယ်သုံးနှစ်ကြာ ရုပ်သံထုတ်လွှင့်ခွင့် သဘောတူစာချုပ်တွင် အစိုးရ၏ အကျိုးအမြတ်ဝေစု နည်းလွန်းသည်ဟု ဝေဖန်ခံနေရသော ပြန်ကြားရေး ဝန်ကြီးဌာနက Sky Net (ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်) နှင့် ချုပ်ဆိုထားသော စာချုပ်ကို ပြန်ပြင်၍ အကျိုးအမြတ် ဝေစုကို ထပ်တိုး တောင်းခံမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အဆောက်အအုံ၌ မေလ ၃၀ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“ဆတိုးနဲ့ တောင်းသွားမှာပါ။ အဲ့ဒီအတွက် ပြင်ချုပ်မယ့် စာချုပ်မူကြမ်းကို ဇွန်လမှာ ရှေ့နေချုပ်ရုံးကို ပို့ပြီး အစိုးရအဖွဲ့အထိ အဆင့်ဆင့် တင်ပြအတည်ပြုဖို့ လုပ်နေပါတယ်” ဟု ဦးတင့်ဆွေက ဆိုသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရွှေသံလွင် ကုမ္ပဏီတို့ ရုပ်သံ ထုတ်လွှင့်ခွင့်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ရာတွင် လုပ်ငန်း လုပ်ကိုင်ခွင့် ၃၃ နှစ်အထိ ခွင့်ပြုထားခြင်း၊ ပထမသုံးနှစ်တွင် အကျိုးအမြတ် ခွဲဝေပေးရန် မလိုကြောင်း ခွင့်ပြုထားခြင်း၊ အကျိုးအမြတ် ခွဲဝေရာတွင်လည်း ၄ ရာခိုင်နှုန်းမှ စတင် ကောက်ခံ၍ ငါးနှစ်တစ်ကြိမ် ၄ ရာခိုင်နှုန်းသာ ထပ်မံတိုးမြှင့် တောင်းခံရန် သဘောတူထားခြင်းတို့ကြောင့် အဆိုပါစာချုပ်ကို ဝေဖန်နေကြခြင်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ မူလ သဘောတူစာချုပ်ကို ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြန်လည်ပြင်ဆင် ချုပ်ဆိုမည် ဖြစ်ပြီး ကုမ္ပဏီကလည်း သဘောတူထားကြောင်း၊ ပြင်ဆင်မည့် စာချုပ်တွင် နိုင်ငံတော်အတွက် အကျိုးအမြတ် ဝေစုကို သေချာပေါက် တိုးမြှင့် တောင်းခံမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောဆိုသည်။

ရွှေသံလွင် ကုမ္ပဏီကမူ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ချုပ်ဆိုသော သဘောတူစာချုပ်တွင် အကျိုးအမြတ် ခွဲဝေမှု ကိစ္စရပ်မှာ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် သက်ဆိုင်ကြောင်း၊ ရုပ်သံကြော်ငြာခမှာလည်း မီဒီယာအချို့တွင် ရေးသား ဖော်ပြနေသကဲ့သို့ အများအပြား မရရှိကြောင်း ထုတ်ပြန် ရှင်းလင်းသည်။

ပုဂ္ဂလိက ရုပ်သံထုတ်လွှင့်ခွင့်ကို ရွှေသံလွှင်နှင့် Forever ကုမ္ပဏီ နှစ်ခုကသာ ရရှိထားသဖြင့် ရုပ်သံကြည့်ရှုသူ အများပြည်သူတွင် ရွေးချယ်ပိုင်ခွင့် မရှိကြောင်း၊ ဈေးနှုန်း သတ်မှတ်ချက် ကြီးမြင့်မှုကြောင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲ တက်ရောက်သူများက ထောက်ပြသော်လည်း ရုပ်သံထုတ်လွှင့်ခွင့်ကို ထပ်မံခွင့်ပြုရန် မရှိကြောင်းသာ ဦးတင့်ဆွေက ပြောဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြောဆိုချက်အရ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်များ ထပ်မံခွင့်ပြုရန် ရုပ်သံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လိုအပ်ပြီး အဆိုပါ ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိပြီး ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly
အပြည့်အစုံသို့ »

စကိုင်းနက်ရုပ်သံနှင့်ပတ်သက်၍ နိုင်ငံတော်ဘက်မှ နစ်နာမှုမရှိ ဟု ပြန်ကြားရေး ဝန်ကြီး ဌာနမှ ရှင်းလင်း


နေပြည်တော်၊ မေ ၃၀- စကိုင်းနက် ရုပ်သံနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ နစ်နာ မှုမရှိပါကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံ ကြားညွှန် ကြားရေး မှူးချုပ် ဦးတင့် ဆွေက ပြောကြားလိုက်သည်။

ရွှေသံလွင်မီဒီယာနှင့် နိုင်ငံတော် အကြား ရုပ်သံထုတ်လွှင့်မှုအပေါ် အ ကျိုး အမြတ် ခွဲဝေမှုနှင့်ပတ်သက် ၍ ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း စာရှင်း လင်းပွဲ ကို မေ ၃ဝရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန် ကြီးဌာနရုံးတွင် ကျင်းပရာ ညွှန်ချုပ် ဦးတင့်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးတင့်ဆွေကရှင်းလင်းပြော ကြားရာတွင် ရွှေသံလွင်အား စကိုင်း နက်ရုပ်သံ လွှင့်ခွင့်ပေးရာ၌ စာချုပ် စာတမ်းများ အခိုင်အမာ ချုပ်ပြီး ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ၊ ရွှေသံလွင်မီဒီ ယာ ကုမ္ပဏီသည် MITV ကို တစ် ကမ္ဘာလုံး ကြည့်ရှုနိုင်ရေး အတွက် ကျပ်သန်းပေါင်း ရှစ်ထောင်အထိ ရင်း နှီးမြှုပ်နှံခဲ့ရပြီး နိုင်ငံတော်မှ သတ် မှတ်ထားသည့် အခွန်အကောက်များ ကိုပေးရသည့် အပြင် ပြန်ကြားရေးဝန် ကြီးဌာနသို့ လစဉ်လေးရာခိုင်နှုန်း အကျိုးအမြတ်ပေးသွင်းရန် သဘော တူညီ ခဲ့ကြောင်း၊ ပထမသုံးနှစ်တွင် အ ကျိုးအမြတ်ခွဲဝေပေးရန်မလိုသေး ဘဲ ဒုတိယ ငါးနှစ်မှ စပေးရန်ဖြစ် ကြောင်း၊ ယခုနှစ်အတွက် ရှစ်လနှင့် လေးရက်စာ ကျပ်သိန်းပေါင်း ၂၄၀၈ သိန်းပေးသွင်းပြီးဖြစ်ကြောင်း၊ ထို့ အပြင် အမ်အန်တီဗီ အား နိုင်ငံတကာ သို့ထုတ်လွှင့်ရန် ဆောင် ရွက်ပေးခဲ့ရာ ယခုအခါတွင် နိုင်ငံပေါင်း ၁၂၆နိုင်ငံ အထိ ဖမ်းယူကြည့်ရှုနိုင်ပြီဖြစ်ကြောင်း၊ ထိုငွေမှာလည်း ငါးနှစ်ပြည့်ပါက လေး ရာခိုင်နှုန်းစီ တိုးမြှင့်ပေးသွင်းသွားမည် ဖြစ်ကြောင်း၊ ထိုငွေများကိုလည်းပြန် ကြားရေးဝန်ကြီးဌာန ငွေစာရင်းမှ တစ်ဆင့် နိုင်ငံတော် သို့ ပေးသွင်းသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ရုပ်သံဥပဒေထွက်လာပါက ဥပဒေအတိုင်း ပြင်ဆင်သွားမည်လား ဟုမေးမြန်းခဲ့ ရာ ဥပဒေမထွက်မီ ယခု ပင်စာချုပ်အသစ်ရေး ဆွဲထားပြီး နှစ် ဦးနှစ်ဖက် ညှိနှိုင်း လျက် ရှိရာ ဇွန်လ တွင် ပြီးစီးမည်ထင်ကြောင်း ဖြေကြား ခဲ့သည်။

နိုင်ငံတော်သို့လည်း ၂၀၁၃- ၂၀၁၄ဘဏ္ဍာရေးနှစ်အတွက် အ ခွန်ကြိုတင်ငွေ ကျပ်သိန်း ၃၀၀၀ ကိုပေး သွင်း ပြီးဖြစ်ကြောင်း ပြော ကြား ခဲ့သည်။ အထက်ပါ ကိစ္စနှင့်ပတ် သက် ၍ ရွှေသံလွင်မီဒီယာကုမ္ပဏီမှလည်း သတင်းထုတ်ပြန် ချက်တစ်ရပ်ကို ထုတ် ပြန်ကြေညာခဲ့ကြောင်း သိရသည်။

KMG
[--Democracy today Daily Newspaper--]
#Democracytoday
Yangon Media Group
အပြည့်အစုံသို့ »

ပြည်တွင်းငါး ပြည်ပပို့ဈေးထက် ပိုပေးကာ စားသုံးနေရ


ပြည်တွင်းရှိ ငါးစားသုံးသူများသည် ပြည်ပပို့ ဈေးထက် ပိုပေးကာ ဝယ်ယူ စားသုံးနေရကြောင်းမြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ ကုန်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ပြည်တွင်း၌ ငါးမြစ်ချင်းတစ် ပိဿာလျှင် ကျပ်၂၇ဝဝ ရှိပြီး ပြည်ပသို့ ၂၅ဝဝ၊ ၂၅၅ဝ ကျပ်ဖြင့်တင်ပို့နေရ ခြင်းဖြစ်ကြာင်း၊ ယခုနှစ်အတွင်း ထိုသို့ ဈေးမြင့်လာခြင်းဖြစ်ပြီး ပြည်ပဝယ်လို အားရှိသော် လည်း ပြည်တွင်း၌ ဈေးပိုရ ခြင်းကြောင့်ပြည်ပတင်ပို့မှု လျော့နည်းလျက် ရှိကြောင်း၊၎င်းဈေးနှုန်းဖြင့် ပြည်ပပို့မည်ဆိုပါက ပို့ကုန်လုပ်ငန်းရှင်များ အရှုံးဖြင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ” Export သမားဟာ ဒီဈေးနှုန်း ထက် ကျော်ပြီး မပေးနိုင်ဘူး၊ ကျွန်မတို့ ဝယ်စားနေရတဲ့ ဈေးက Export ဈေးထက် မြင့် တယ်။ ပြည်တွင်းဈေးနှုန်းအတိုင်း ဝယ်ရင်ပို့ကုန်သမားအရှုံးပေါ် မှာပဲ”ဟု ပြောသည်။

ယင်းကဲ့သို့ ပြည်တွင်း၌ ငါးဈေး ကောင်းနေရခြင်းမှာ မွေးမြူရေး ငါး ထုတ်လုပ်မှု ကျဆင်းခြင်း၊ ပင်လယ်ပြင်မှဖမ်းဆီးရရှိမှု လျော့နည်းလာခြင်း တို့ ကြောင့်ဖြစ် သည်။ ပင်လယ်ပြင်မှ ရေ ပေါ်ရေလွှာ ငါးသယံဇာတသည် ၉ဝ ရာခိုင်နှုန်းအထိ ကျဆင်း လာပြီး ရေ အောက်သ ယံဇာတ မှာ မူ ၆၂ ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွားကြောင်း ငါး အဖွဲ့ချုပ်မှ သိရသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာနှစ် စ တစ်လကျော် ကာလအတွင်းပြည်ပ သို့ ရေထွက် ပစ္စည်းတင်ပို့ရရှိမှု ဝင်ငွေထက် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာနှစ် အလား တူ ကာလတွင် တင်ပို့ရရှိမှု ဝင်ငွေ သည် အမေရိကန်ဒေါ်လာ ၁၉ သန်း ကျော် လျော့နည်းသွားကြောင်း သိရသည်။

ထက်ထက်မိုးမြင့်
Popular Myanmar News Journal
အပြည့်အစုံသို့ »

အမျိုးသမီးတဦးဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၅၀ ပိုထုတ်သွားမှု စတင်အမှုဖွင့်


ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လွန်ခဲ့သော နှစ်လခန့်က အမျိုးသမီးတစ်ဦးက ငွေကျပ် သိန်း ၅၀ ကို ပိုထုတ်ယူသွားပြီး ဘဏ်ကို ပြန်ပေးသွင်းခြင်း မရှိသောကြောင့် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်း အပေါ်ဘလောက် ရှိ ဧရာဝတီဘဏ်ခွဲတွင် မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ ငွေစာရင်း ဖွင့်ကာ ငွေကျပ် သိန်း ၅၀ ပေးသွင်းစဉ် ဘဏ်၏ လက်ခံကောင်တာ၌ အသုံးပြုနေသော စက်မှားယွင်းမှု (Software Error) ကြောင့် ယင်းအမျိုးသမီး၏ ငွေစုစာအုပ်ထဲသို့ ငွေကျပ် သိန်း ၅၀ ကို နှစ်ကြိမ် စာရင်း ဝင်ရောက်ခဲ့ကြောင်း ယင်းဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

“သူ့ငွေစာရင်းကို စက်မှာ Enter လုပ်နေချိန် Connection ကျချိန်နဲ့ တစ်ပြိုင်တည်း ဖြစ်သွားတာ။ ပြီးတော့ ခြောက်စက္ကန့်ပဲ ကြာတယ်၊ Connection ပြန်တက်လာတော့ ဝန်ထမ်းက စာရင်း မဝင်သေးဘူး ထင်ပြီး စက်မှာ သူ့ငွေစာရင်းကို Enter ထပ်ခေါက်လိုက်တော့ ငွေစာရင်း နှစ်ကြိမ် ဝင်သွားခဲ့တာ။ ခြောက်စက္ကန့် အတွင်းမှာ ငွေစာရင်းသွင်းတာ နှစ်ခုကို စက်က မလုပ်ပေးနိုင်ဘူး။ ဒါကို ဘဏ်ဝန်ထမ်းတွေက သေချာ Check ပြန်မလုပ်ခဲ့တာကြောင့် ခုလို ငွေစာရင်း မှားပါသွားခဲ့ရတာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ငွေစာရင်းသွင်း မှားယွင်းမှုကြောင့် ဘဏ်ငွေစု စာအုပ်တွင် ငွေကျပ် သိန်း ၁၀၀ စာရင်း ဝင်ရောက်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ၌ အဆိုပါ အမျိုးသမီးက ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲသို့ သွားရောက်ကာ ငွေကျပ် သိန်း ၁၀၀ ကို ထုတ်ယူသွားခဲ့သည်ကို ဘဏ်ငွေစာရင်း စစ်ချိန် ညနေ ၄ နာရီတွင် သိရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“Software Error ဆိုပေမယ့် အဓိက ဖြစ်ခဲ့ရတာက Connection ကြောင့်ပါ။ ဘဏ်ရဲ့ Software က Save ဖြစ်ကြောင်း အာမခံရဲတယ်။ ဘဏ်က အင်တာနက်နဲ့ ချိတ်ဆက် လုပ်နေရတာကြောင့် အင်တာနက်လိုင်း မကောင်းချိန် ဖြစ်ခဲ့တာ။ ဝန်ထမ်းတွေ ပြန် Check မလုပ်လို့ ဖြစ်ခဲ့တာကြောင့် ပေါ့လျော့မှု ထပ်မဖြစ်အောင် သွန်သင် ဆုံးမထားပါတယ်” ဟု ပန်းဆိုးတန်းလမ်းရှိ ဧရာဝတီဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ရှင်းပြသည်။

အဆိုပါ ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူသွားသူ အမျိုးသမီးကို ဘဏ်တာဝန်ရှိသူများက ငွေများ ပြန်လည်ပေးသွင်းရန် ပြောဆိုခဲ့သောကြောင့် ယင်းအမျိုးသမီးက ၎င်းပိုထုတ်ယူခဲ့သည့် ငွေကျပ် သိန်း ၅၀ ကို ဘဏ်အား အရစ်ကျ ပြန်လည် ပေးသွင်းမည်ဟု သဘောတူခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ပေးသွင်းခြင်း မရှိကြောင်း၊ ယင်းကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

အဆိုပါ ကျပ်သိန်း ၅၀ ပိုထုတ်ယူမှုကြောင့် အမှုဖွင့် တိုင်ကြားခံရသူ အမျိုးသမီး၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ နေအိမ် သော့ပိတ်ထားသဖြင့် မေးမြန်းစုံစမ်းခွင့် မရရှိခဲ့ပေ။

ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသမီးကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၂၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧရာဝတီဘဏ်မှ ဘဏ်ခွဲများနှင့် မီနီဘဏ်များ အပါအဝင် စုစုပေါင်း ဘဏ် ၂၁ ခုဖြင့် ဘဏ်လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက် ရှိရာ Software Error ကြောင့် ငွေစုစာအုပ်တွင် မှားယွင်းကာ ငွေစာရင်း ပိုသွင်းမိသည့် ဖြစ်ရပ်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရှိရသည်။



The voice weekly
အပြည့်အစုံသို့ »