Showing posts with label car-news. Show all posts
Showing posts with label car-news. Show all posts

မိုးရာသီ လိုင်းကားများ မိုးလုံအောင်ပြင်ဆင်ပေးပါ (အယ်ဒီတာထံပေးစာ)


အယ်ဒီတာရှင့်

ကျွန်မက ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ကျွန်မအလုပ်က နေ့စဉ် အပြင်ထွက်ပြီး သွားလာနေရတဲ့အ လုပ်ပါ။ ဒီလိုမိုးရာသီဆိုရင် အပြင်ထွက် သွား လာနေရ တဲ့သူတွေအတွက် အရမ်း ဒုက္ခရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မိုးမမိအောင် ဂရုစိုက်ရတာက တစ်မျိုး ပါလာတဲ့အလုပ်ကိစ္စ စာရွက်စာတမ်း တွေနဲ့ ဖုန်းကို ရေမစိုအောင် ဂရုစိုက်ရတာက တစ်မျိုး၊ အမျိုးမျိုးသတိထားရ ပါတယ်။ ဒီကြားထဲ ထီးမမေ့အောင် လည်း အမြဲဆောင်သွားရပါတယ်။ အရင် ရာသီတွေတုန်းကလို ကား လည်း ရွေး မစီး နိုင်တော့ပါဘူး။ မိုးရိပ်တွေမည်းလာပြီ လေအေးအေးတွေ တိုက်လာပြီ ဆိုတာနဲ့ လာတဲ့ဘတ်စ်ကားပေါ်ပြေးတက်ရပါတယ်။

ပြဿနာက အဲဒီမှာစ တာပါ။ မိုးလုံချင် လို့ ကားပေါ်ပြေး တက်ကာမှ ကားမှန်ပြတင်းမှာ မှန်က ပါတဲ့နေရာပါပြီး မပါတဲ့နေရာမပါပါ ဘူး။ ဒီကြားထဲ လူကကျပ်၊ ကားလမ်း ကပိတ်နဲ့ ပိုပြီး စိတ်ညစ်ရပါတယ်။ များ သောအားဖြင့် မထသယာဉ် လိုင်းတွေ မှာဆိုရင် တချို့ဘတ်စ်တွေ၊ မီနီဘတ်စ် တွေမှာ မှန်ကွဲနေတာတွေကိုလည်း ပြန် ပြောင်း မတပ်ကြပါဘူး။ မိုးမလုံ တဲ့အ ပြင် ပြတင်း ပေါက်နားမှာလည်း ထိုင်ရမှာခပ်လန့်လန့်ပါ။ မထသ က ယာဉ် တွေရဲ့ ကြံ့ခိုင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ပြည့် စုံမှုကို အမြဲစစ်ဆေးတယ်လို့ သိရပါ တယ်။ ဒါဆိုရင် တာဝန်ရှိသူတွေက မမြင်တာပဲလား။

မမြင်ချင်ယောင် ဆောင်တာပဲလား မသိတော့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ စပါယ်ယာ အအော် အငေါက်ခံပြီး စီးရတဲ့ ဘတ်စ်ကားမှာ တော့ မိုးရေလုံလုံနဲ့ စီးချင်ပါတယ်။ အဲဒါကို မထသတာဝန်ရှိသူတွေအနေ နဲ့ ဆောင် ရွက်ပေး စေချင်ပါတယ်။

မသီရိရတနာ (သာကေတမြို့နယ်)
Popular Myanmar News Journal
အပြည့်အစုံသို့ »

ကားဟောင်းစလစ်ဈေး ကျပ် ၁၀ သိန်းခန့် ပြန်မြင့်လာပြီး ဇုန်ကားဈေး ၇ သိန်းခန့် ပြန်ကျဆင်း



ဖြိုးဝေလင်း| သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်

ပြည်တွင်းထုတ်စက်မှုဇုန်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပုံစံအတိုင်း ၂၀၁၄ ခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဟု ပြည်သူ့လွှတ်တော်တွင် ကတိပြု ကြေညာခဲ့ပြီး နှစ်ရက်အတွင်းကျပ် ၁၇ သိန်းကျော် ကျဆင်းသွားသည့် စလစ်ဈေးမှာ ဇွန်လတတိယပတ်အတွင်း ကျပ် ၁၀ သိန်းခန့် ပြန်လည်မြင့်တက်လာသည်ဟု စလစ် အရောင်းအ၀ယ်ပြုလုပ်နေသည့် အသိုင်းအ၀ိုင်းထံမှသိရသည်။

“လွှတ်တော်မှာကြေညာခဲ့တာက ၂၀၁၄ အတွင်းမှာ ဇုန်ကားတွေကိုအပ်နှံခွင့်ပြုမယ်လို့ပြောသွားတာ။ ရက်အတိ အကျပြောသွားတာမဟုတ်တော့ ကြေညာတဲ့ရက်ပိုင်းကတော့ စလစ်ဈေးက ထိုးကျသွားတယ်။ ဒါပေမဲ့ စလစ်လိုအပ်ချက်က မြင့်နေတော့ တရိပ်ရိပ်ပြန်တက်လာတယ်” ဟု စလစ်ပွဲစားလုပ်ကိုင်နေသူ တစ်ဦးက မဇ်္ဈိမကို ပြောသည်။

ပြည်တွင်းစလစ်ဈေးနှုန်းမှာ ပြည်သူ့လွှတ်တော်အတွင်း ကြေညာခဲ့သည့် ဇွန်လ ၁၀ ရက် ညနေပိုင်းမှစတင်၍ ပြန်လည်ကျဆင်းလာခဲ့ရာမှ ဇွန်လ ၁၂ ရက် စလစ်ပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ ၀န်း ကျင်သာရှိခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် စလစ် တစ်စောင်ကို ကျပ်သိန်း ၁၁၀ အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ ဒီနေ့ စလစ်က ၁၁၀ ကိုဝယ်လို့မ ရဘူး။ ဇုန်ကားတွေကို ကြေညာခဲ့တဲ့နောက်ပိုင်းတော့ စလစ်က အ၀ယ်အေးသွားပြီး ဈေးလည်းကျလာတယ်။ အခုအ၀ယ်ပြန် လိုက်လာတယ် ” ဟု မော်တော်ယာဉ် ရောင်းဝယ်သူ ဦးသိန်းထွန်းက ပြောသည်။

ယခုရက်ပိုင်း စက်မှုဇုန်ထုတ်ကားဈေးနှုန်းများမှာလည်း ပြန်လည်ကျဆင်းလာခဲ့ပြီး ကျပ် ၅၂ သိန်းအထိ မြင့်တက်နေသည့် စက်မှုဇုန်ထုတ် ဂျစ်ကားဈေးမှာ ယခု ၄၅ သိန်းသို့ကျဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု အစီအစဉ်အရ ထုတ်ပေးသည့် စလစ်ဈေးနှုန်းများသာ မြင့်တက်လာသည် မဟုတ်ဘဲ ယခုနောက်ပိုင်းပြည်ပမှ တင်သွင်းသည့်ကား အများစုမှာ အငှားယာဉ်အဖြစ်အသုံးပြုမည့် ယာဉ်အများစုဖြစ်နေသဖြင့် တက္ကစီစလစ် ဈေးလည်းမြင့်တက်လာသည်ဟု ဦးသိန်းထွန်း ကပြောသည်။

“ တက္ကစီစလစ်တစ်စောင်ကို အရင်က ၅၇ သိန်း၊ ၅၈ သိန်းလောက်ပဲရှိတာ။ အခု ၆၅ သိန်းလောက်ကို ပေါက်နေတယ်။ အခု အငှားယာဉ်သွင်းတဲ့ သူတွေများနေတော့ အနည်းဆုံးလေး၊ ငါးသိန်းလောက်တက်လာတယ် ” ဟု ၎င်းက ဆိုသည်။

Mizzima Burmese
အပြည့်အစုံသို့ »

ယာဉ်စီးခပိုကောက်၍ တိုင်ကြားခံရသည့်ကားကို တစ်ရက်သုံးသောင်းဖြတ်မည်


ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများ အားလုံး ခရီးစဉ်အလိုက် သတ်မှတ်နှုန်း ထားဖြင့် ကောက်ခံခြင်းမပြုလျှင် တိုင်ကြားမှု ရှိပါက အရေးယူသွားမည်ဟု ရန်ကုန်တိုင်း (မ.ထ.သ ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဇွန် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“တက်တာနဲ့ နှစ်ရာတောင်းတဲ့ကား နံပါတ်သာမှတ်ပြီး ကျွန်တော်တို့ကို ဖုန်းဆက်တိုင်ပါ။ နေ့တိုင်းတိုင်ရင် နေ့တိုင်း အဲ့ဒီကားဆီက တစ်ရက်ကို သုံးသောင်းဖြတ်ပေးမယ်။ ဒါဆိုသူတို့ ပိုမတောင်းရဲတော့ဘူး။ တိုင်တဲ့နံပါတ်ထပ်တဲ့ ကားပိုင်ရှင်တွေကို ခေါ်ပြီး ဆွေးနွေးရမယ်။ နောက်မတောင်းအောင်" ဟု ဦးလှအောင်က ဆိုသည်။

ဒဏ်ရိုက်မည့် ကားများတွင် ပုံသေ ၂ဝဝ တောင်းသည့် အထူးကားများ မပါဘဲ ငါးဆယ်ကျပ်မှ နှစ်ရာကျပ် အတွင်း သတ်မှတ်ခရီးစဉ်အလိုက် မ.ထ.သက သတ်မှတ်ထားသည့် ကားများသာ အကျုံးဝင်မည်ဖြစ်သည်။

ထို့ပြင် မီနီဘတ်များတွင် ခေါင်းခန်းအဖြစ်ထားကာ ငါးရာကျပ်တောင်းခံမှုများ ရှိနေပြီး မ.ထ.သ အနေဖြင့် သီးခြားခေါင်းခန်း သတ်မှတ်ပြေးဆွဲခွင့် မပြုဟုဆိုသည်။

“နေ့တိုင်းစီးနေတာ ကားကို အဲ့ဒီလိုသတ်မှတ် ကောက်ခံတယ်ဆိုတာမသိဘူး။ နှစ်ရာတောင်းလို့ ပေးစီးရတာ။ ကားခကပေးရတာ များတယ်” ဟု ၁ဝ၇ မီနီဘတ်စကား နေ့စဉ်စီးခရီးသွားတစ်ဦးက ပြောသည်။

အသစ်ပြေးဆွဲသည့် မီနီဘတ်စကားများ၏ ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများကို အတုယူကာ အခြားသော ယာဉ်လိုင်းများမှလည်း ယာဉ်စီးခ ပိုမိုတောင်းခံနေခြင်းများ ရှိနေသည်။

မ.ထ.သ(ဗဟို)အောက်တွင် ပြေးဆွဲနေသည့် ယာဉ်ပေါင်း ၁၈ဝဝ ကျော်ရှိပြီး တိုင်ကြားမည့် ကားနံပါတ်ကို ဖုန်း ၈၅ဝဝ၆၅၁၊ ၈၅ဝဝ၆၅ဝ လိုင်းခွဲ ၂ဝဝ/၂ဝ၇ သို့ ဆက်သွယ်တိုင်ကြား နိုင်မည်ဖြစ်သည်။

တိုင်ကြားမှုများကို ပွင့်လင်းမြင်သာမှုရှိစေရန် အရေးယူဆောင်ရွက်ချက်များကို တိုင်ကြားသည့် ဖုန်းနံပါတ်သို့ ပြန်လည်ဆက်သွယ်ကာ ပြောကြားပေးမည်ဖြစ်သည်။

ကျော်စွာဝင်း
Mizzima - News in Burmese
အပြည့်အစုံသို့ »

မော်တော်ယာဉ် မောင်းသူ များ၏ လိုင်စင်အား အတု အစစ် ခွဲခြားနိုင်သော စက်ဖြင့် မကြာမီ စစ်ဆေး အရေးယူ သွားမည်


 ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင်နေကြသည့် ယာဉ်များတွင် တရားဝင် လိုင်စင် ကိုင်ဆောင်ကာ မောင်းနှင်မှုရှိ၊ မရှိ လိုင်စင်အတု၊ အစစ်ခွဲခြားသည့် စက်များဖြင့် မကြာမီ စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့မှ သိရသည်။ယာဉ်လိုင်စင်အတု ကိုင်ဆောင်ကာ မောင်းနှင်နေသော ယာဉ်မောင်းများကို လိုင်စင်အတု၊ အစစ်ခွဲခြားနိုင်သည့် စက်ဖြင့် စစ်ဆေးကာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ရန် အတွက် ယင်းစက်များကို ဝယ်ယူကာ တပ်ဖွဲ့ဝင်များ အားလုံးကို တပ်ဆင်ပေးကာ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ထိုကဲ့သို့ အရေးယူ လုပ်ဆောင်ရာတွင် လိုင်စင်အတု ကိုင်ဆောင် အသုံးပြုနေခြင်းကို တွေ့ရှိပါက ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်လုံးဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးနိုင်ရန် အတွက်လည်း အဖွဲ့ကိုးဖွဲ့ဖွဲ့ကာ မြို့နယ် ၃၁ မြို့နယ်၌ (Mobile) လှည့်ကင်း စနစ်ဖြင့် စည်ပင်ရဲ၊ နယ်မြေခံရဲ၊ က.ည.န၊ ပို့/ဆက်၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင် အရာရှိ ဦးစီး ၁၂ ဦးတို့ဖြင့် စစ်ဆေးသွားမည် ဖြစ်သည်။

လိုင်စင်အတု ကိုင်ဆောင်ပါက ပြစ်မှုပုဒ်မ (၄၂ဝ) (လိမ်လည်မှု) အပြင် (၄၆၈) (စာရွက်စာတမ်း အတုပြုလုပ်မှု) ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အမှတ်(၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇွန် ၁ ရက်မှစတင်ကာ စည်းကမ်း ချိုးဖောက်မှု များပြားသော နေရာများ၌ အဖွဲ့တစ်ဖွဲ့လျှင် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ အရာရှိဦးစီး တပ်ဖွဲ့ဝင် ၁၂ ဦး၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ ရဲတပ်ဖွဲ့၊ က.ည.နနှင့် မ-ထ-သ(မြို့တွင်း) အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းပါဝင်သော အဖွဲ့များနှင့် ပူးပေါင်း အဖွဲ့ဖွဲ့ပြီး လှည့်လည်ကာ (Mobile) ဖြင့် အဖွဲ့ကိုးဖွဲ့၍ အရေးယူ ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ၃၂ဝ၇ မှု အထိဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုများထဲတွင် မီးနီဖြတ်မှု ၄၂ မှု၊ လမ်းပိတ်ရပ်မှု ၁၆၉ မှုနှင့် လမ်းပြောင်းပြန် ၁၆၈ မှုတို့ ပါဝင်ကြောင်း သိရသည်။

ကံထူး
မြ၀တီ
အပြည့်အစုံသို့ »

နယ်သာလန်တွင် ငါးနှစ်အတွင်း မောင်းသူမဲ့ ထရပ်ကားများ အသုံးပြုရန် စီစဉ်နေ


Volvo မှ ပထမဦးဆုံး မောင်းသူမဲ့ကားများအား ဆွီဒင်နိုင်ငံရှိ လမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်နေစဉ်

ဒတ်ခ်ျအာဏာပိုင်များသည် လာမည့်နှစ်အနည်းငယ်အတွင်း ရော့တာဒမ်မြို့နှင့် အခြားမြို့များတွင် မောင်းသူမဲ့ ထရပ်ကားများကို အသုံးပြုရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မောင်းသူမဲ့ ထရပ်ကားများကို ကွန်ပျူတာဖြင့် စမ်းသပ်မောင်းနှင်စေခြင်းအပြင် သီးသန့်လမ်းများပေါ်တွင်လည်း စမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

နယ်သာလန်မှ တာဝန်ရှိသူများသည် အများပြည်သူလမ်းမပေါ်တွင် မောင်းသူမဲ့ကားများ စမ်းသပ်ပြေးဆွဲရန် မော်တော်ယာဉ်ဥပဒေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မီလန်နီရှူဇ့်က ပြောကြားခဲ့သည်။

အခြေခံအဆောက်အုံဆိုင်ရာ ဝန်ကြီးသည် လာမည့်နှစ်တွင် မောင်းသူမဲ့ထရပ်ကားများ စမ်းသပ်မှုပြုလုပ်ရန် ဥပဒေတစ်ရပ် တင်သွင်းသွားမည် ဖြစ်သည်။

ထိုသို့ မောင်းသူမဲ့ထရပ်ကားများ စမ်းသပ်ရာတွင် အထောက်အပံ့ဖြစ်စေရန် အတွက် တိကျသည့် လမ်းများနှင့် အခြေအနေများ အနှစ်ချုပ်ကို ဖော်ပြရန် စီစဉ်နေကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ငါးနှစ်စီမံကိန်းကို သုတေသီများနှင့် ကုမ္ပဏီများအပြင် နယ်သာလန် ပို့ဆောင်ဆက်သွယ်ရေး အာဏာပိုင်များ၊ DAF Trucks ကုမ္ပဏီ၊ ရော့တာဒမ်ဆိပ်ကမ်းနှင့် အသုံးချသိပ္ပံဆိုင်ရာ သုတေသနအဖွဲ့အစည်း(TNO) တို့ ပူးပေါင်း၍ လွှတ်တော်အတွင်းသို့ တင်သွင်းထားကြောင်း သိရသည်။

TNO အဖွဲ့အစည်းအနေဖြင့် လာမည့်နှစ်တွင် မောင်းသူမဲ့ ထရပ်ကားများကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်မှု ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း TNO ၏ ပြောရေးဆိုခွင့်ရှိသူ ဘတ်ရှန်စ်ခရော့စ်က ပြောကြားခဲ့သည်။

Ref: AutoWorldNews
Internet Journal
အပြည့်အစုံသို့ »

ကိုယ့်ကား ဘယ်အချိန်သံရည်ကျိုစက်က လက်ခံမလဲ မျှော်လင့်စောင့်စားနေရတဲ့ ဘဝ



စည်သူအောင်မြင့်

အရင်စစ်အာဏာရှင်ခေတ်ကနေ ဒီနေ့အချိန်ထိ စက်မှုဇုန်တွေက ထုတ်ပြီး အစိုးရက တရားဝင်မှတ်ပုံတင်ခွင့်ပေးထားတဲ့ စက်မှုဇုန်ဂျစ်တွေ၊ လိုက်ထရပ်စ်တွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သတ်မှတ်ပြီး သံရေကြိုစက် ပို့နိုင်တော့မယ်တဲ့။ ဒီအတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်လို့ ရထားဒု-၀န်ကြီး ဦးချန်မောင်က လွှတ်တော်တွင်း ပြောဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကားကို သံရည်ကြိုစက်ရုံက လက်ခံတော့မယ်လို့ ကြေညာချက် ကြားလိုက်တဲ့အခါ အဲဒီယာဉ်အိုယာဉ်ဟောင်း၊ ယာဉ်အစုတ် ယာဉ်အပြတ်ရှိသူတွေ အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။ ဒီကိစ္စ ဘာဆက်ဖြစ်လာနိုင်သလဲ၊ လက်ရှိ မြန်မာပြည်ရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ဘာတွေ မှားနေသလဲဆိုတာနဲ့ မြန်မာပြည်မှာပဲ ဖြစ်တတ်တဲ့ ခုလိုထူးဆန်းထွေလာ ကိစ္စ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒု-၀န်ကြီး ဦးချန်မောင်ရဲ့ ထုတ်ဖော်ပြောဆိုချက်ကြောင့် လက်ရှိဈေးကွက်ထဲက “စလစ်” ဈေးနှုန်းတွေ ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ကျဆင်းသွားပါတယ်။ မောင်းမရ၊ ပြုမရ၊ တစ်စစီဖြုတ် ရောင်းရင်တောင် ၀ယ်မယ့်သူမရှိတဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားဈေးတွေကတော့ နဂို ကျပ်သိန်း ၂၀ ၀န်းကျင်လောက်ကနေ ကျပ် သိန်း ၃၀-၄၀ လောက်အထိ ခုန်တက်သွားပါတယ်။ စက်မှုဇုန်ထုတ်ကားတွေဆိုပြီး နည်းနည်းပါးပါးလောက်ပဲ ရှိမယ် မထင်ပါနဲ့။ ဒု-၀န်ကြီး ဖတ်ပြသွားတဲ့ စာရင်းတွေအရ အစီးရေ တစ်သိန်းနီးပါး ရှိပါတယ်။ အဲဒီအထဲမှာ လူတွေ ထင်သာမြင်သာရှိတဲ့ ကလေးကစားစရာပုံစံ လက်ဖြစ် ဂျစ်ကားတွေ၊ တစ်ခါတစ်ရံ နှစ်ပိုင်းကျိုးတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ လိုက်ထရပ်စ်လို ကားမျိုးတွေ၊ ထိုင်းနယ်စပ်ကနေ ခိုးသွင်းလာတဲ့ ကားတွေကို အမြီးဖြတ် ခေါင်းထု၊ ဘော်ဒီဆေးမှုတ် လုပ်ထားတဲ့ကားတွေ၊ ကွန်တိန်နာနဲ့ ခပ်တည်တည် ခိုးသွင်းလာပြီး ဘာတစ်ခုမှ မလုပ်ဘဲ စက်မှုဇုန်နာမည်တပ် လိုင်စင်ရယူထားတဲ့ စူပါကာစတန်လို ကားမျိုးတွေအထိ အားလုံးပါဝင်ပါတယ်။ ဒု-၀န်ကြီးက အဲဒီစာရင်းကို ထုတ်ပြောတော့မှပဲ လက်ရှိ မှတ်ပုံတင်ထားတဲ့ အိမ်စီးကားအစီး လေးသိန်းကျော်မှာ လေးပုံတစ်ပုံလောက်ဟာ စက်မှုဇုန်ထုတ်ဖြစ်တယ်ဆိုတာ သိရတာပါ။

စက်မှုဇုန်ထုတ်ကားဆိုတာဟာ အရင် စစ်အာဏာရှင်တွေရဲ့ ရူးသွပ်တဲ့ အတွေးအခေါ်ကနေ ပေါ်ပေါက်လာတဲ့ ကားတွေဖြစ်ပြီး နောက်ပိုင်း အာဏာပိုင်တွေနဲ့ စီးပွားရေးသမားလုပ်ငန်းရှင်တွေ အပြန်အလှန် လာဘ်ပေးလာဘ်ယူလုပ်၊ အပြန်အလှန် တိုင်းပြည်ကို လိမ်ညာ၊ ကိုယ်ကျိုးရှာခဲ့ကြတဲ့ ဖြစ်စဉ်ကြီးက ပေါက်ဖွားလာတာတွေ ဖြစ်ပါတယ်။ ဒီကိစ္စ အများသိပြီးမို့ ဒီနေ့ အကျယ်တ၀င့် မပြောလိုတော့ပါဘူး။ အဓိကဆွေးနွေးလိုတာကတော့ ကားသွင်းခွင့် စလစ်နဲ့ ကားတင်သွင်းခွင့် ပေါ်လစီပါ။

၂၀၁၁ နိုင်ငံမှာ အစိုးရအဖွဲ့သစ် တက်လာတဲ့အချိန် ကမ္ဘာစံချိန်ချိုးထားတဲ့ ဈေးနှုန်းနဲ့ ကားအစုတ်အပြတ်တွေ၊ စက်မှုဇုန်ကားတွေပဲ ရှိခဲ့တာပါ။ အရင်အာဏာရှင်တွေရဲ့ အမွေကို ဆက်ခံတဲ့ အစိုးရအဖွဲ့သစ်ဟာလည်း အာဏာရှင်အသိုင်းအ၀ိုင်းကို ကောင်းကောင်းကြီး အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ ကားတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဖွင့်လိုက်ဖို့ ဘယ်သူမှ စိတ်မကူးရဲကြပါဘူး။ အဲလို လုပ်လိုက်ရင် နိုင်ငံတော်ပုန်ကန်မှုထက် ဆိုးတဲ့ ပြစ်မှုကျူးလွန်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဒီအတိုင်းပိတ်ပင်ထားလို့လည်း မဖြစ်ပြန်ပါဘူး။ ဒီပြဿနာကို နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းလိုက်သူက ရထားဝန်ကြီး ဦးအောင်မင်းပါ။

အလွန့်အလွန် အိုမင်းဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ကားတွေကို သံရည်ကြိုစက်ရုံပို့မယ်၊ ဖျက်သိမ်းပစ်မယ်၊ ဒီအတွက် ဖျက်သိမ်းခံရတဲ့ ကားပိုင်ရှင်တွေကို ပြည်ပကနေ တစ်ပတ်ရစ်ကားတစ်စီး တင်သွင်း ခွင့်ပေးမယ်ဆိုပြီး ကြေညာ အကောင်အထည်ဖော်ပါတယ်။ ဒီအခါ ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်တွေကလည်း အလွန်ပျော်ရွှင်ကြပါတယ်။ သူတို့ရဲ့ ကားစုတ် တစ်စီး သွားအပ်လိုက်လို့ရလာတဲ့ တစ်ပတ်ရစ် ကားတင်သွင်းခွင့် “စလစ်”တစ်စောင် တန်ဖိုးဟာ နောက်ထပ်ကားတစ်စီး ၀ယ်လို့ ရနိုင်လောက်အောင် မြင့်မားနေလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ် အလုပ်ဖြစ်ခဲ့ပါတယ်။Win- Win- Win လို့ ပြောနိုင်လောက်အောင် ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်တွေလည်း အဆင်ပြေ၊ ကားတင်သွင်းလာတော့ တိုင်းပြည်အတွက်လည်း အခွန်အခတွေရ၊ ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း ကားဈေးတွေ မတရား ခေါင်ခိုက်နေတဲ့ ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် တကယ့်အဖြေတော့ မဟုတ်ပါဘူး။

ရေရှည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် တိုင်းပြည်ထဲမှာ ကားပိုင်ဆိုင်မှု အချိုးအစား မြှင့်တင်ဖို့လိုပါတယ်။ တစ်နည်း ကားအစီးရေများများ သွင်းခွင့်ပေးဖို့ လိုပါတယ်။ သွင်းလာတဲ့ ကားတွေဟာလည်း မြို့ရော တောပါ အချိုးကျ သုံးနိုင်ကြဖို့ လိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စီမံကိန်းဌာနက ၂၀၁၁ ခုနှစ် ဇွန်လ ၀န်းကျင်မှာ စီမံကိန်း တစ်ခု ရေးဆွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မှတ်ပုံတင်ကား အစီးရေ သုံးသိန်းခွဲကျော် (ဘတ်စ်နဲ့ ထရပ်ကား အပါအ၀င်) ရှိပြီး လူ ၁,၀၀၀ မှာ ကားခြောက်စီးလောက်ပဲ ပိုင်တာပါ။ ဒါကို အဲဒီအချိန် ဗီယက်နမ် စံချိန် ၂၀၁၅ ရောက်ရင် လူ ၁,၀၀၀ ကား ၁၂ စီးလောက် ပိုင်အောင် လုပ်မယ်ဆိုပြီး စီမံကိန်းချခဲ့ပါတယ်။

ဒါပေမဲ့ ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ အဲဒီစီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်တဲ့ မှန်ကန်တဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ချမှတ်ခဲ့တာ မရှိခဲ့လေတော့ ပြည်သူတွေရဲ့ ကားပိုင်ဆိုင်မှုအချိုးအစား မှန်းသလောက် မြင့်တက် မလာပါဘူး။ ၀င်လာတဲ့ ကားအမျိုးအစားမှာလည်း အခွန်နည်းတဲ့ ၁၃၀၀ စီစီအောက် ကားငယ်လေးတွေက အလွန့်အလွန်များနေပြီး ရန်ကုန်မှာ ကားကျပ်၊ နယ်မှာ သုံးစရာ ကားမရှိ အခြေအနေမျိုးကို ဆိုက်စေခဲ့ပါတယ်။ တကယ်တော့ လက်ရှိ သမ္မတရုံးဝန်ကြီးဖြစ်နေတဲ့ ဦးအောင်မင်းကိုယ်တိုင် ဒီ “စလစ်” စနစ် ရပ်ဆိုင်းချင်နေပါပြီ။ ဒါပေမဲ့ ဒါကို ကိုင်တွယ်နေရတဲ့ ရထားဝန်ကြီးနဲ့ ဗျူရိုကရက်တွေက ဈေးကွက်ကို လိုသလိုကစားနိုင်တဲ့ အရသာတွေ့နေတော့ ပယ်ဖျက်ဖို့ ခက်ခဲဆဲပါ။

ဒီအတွက် ရထားဝန်ကြီးဌာနနဲ့ စီးပွား-ကူးသန်း ၀န်ကြီးဌာနဟာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး ကိစ္စကို ရေရှည်အစီအစဉ်တစ်ရပ် မှန်မှန်ကန်ကန် ချမှတ်ပြီး နိဂုံးချုပ်လိုက်ဖို့ လိုပါတယ်။ အဲဒီ အစီအစဉ် ပြည်သူတွေကို ရှင်းရင်းလင်းလင်း ထုတ်ပြန် အသိပေးဖို့လိုပါတယ်။ တစ်ဆက်တည်း မြန်မာပြည် စီးပွားရေးအခြေအနေနဲ့ ကိုက်ညီမယ့် ကားတင်သွင်းခွင့် ပေါ်လစီ တစ်ရပ်ချမှတ် ကျင့်သုံးဖို့လိုပါတယ်။ ဒါမှသာ အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကားဈေးတွေ ပုံမှန်ဖြစ်၊ ကျေးလက် တောင်ပေါ်ဒေသက ပြည်သူတွေလည်း သူတို့ ဒေသနဲ့ ကိုက်တဲ့ ကားအမျိုးအစား ၀ယ်ယူအသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ကိုယ့်ကား ဘယ်အချိန် သံရည်ကြိုစက်ပို့ခွင့်ပေးမလဲ ရင်ခုန်မျှော်လင့်နေရတဲ့ ဘယ်နိုင်ငံမှာမှ မရှိတဲ့၊ အဓိပ္ပာယ်လည်းမဲ့တဲ့ အခြေအနေမျိုးကနေ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Mizzima Burmese
အပြည့်အစုံသို့ »

ပရိုဘောက်စ်များ စက်ဖုံးဖွင့်မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို

ပရိုဘောက်စ်အမျိုးအစားအငှားယာဉ်နှစ်စီးကို ရန်ကုန်မြို့လယ်တစ်နေရာတွင် တွေ့ရစဉ် ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)



ပရိုဘောက်စ်ယာဉ် အများစု အင်ဂျင်အဖုံးဖွင့်မောင်းနှင်နေခြင်းကိုအရေးယူမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘စက်ဖုံးဖွင့်မောင်းတယ်ဆို တာ လေဝင်အောင်လို့ လေဟာ နယ်တစ်ခုအဖြစ်လုပ်ထားတဲ့ သဘောပါ။ အရေးယူဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ စစ်ဆေးတွေ့ရှိ ထားတာတွေတော့ရှိပါတယ်’’ဟု ရဲအုပ်မျိုးအောင်က ရှင်းပြသည်။

ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ကားများအဖြစ်  မြန်မာနိုင်ငံသို့ အများဆုံးတင်သွင်းထားသည့် ပရိုဘောက်စ်ယာဉ်အများစု အပူ လွန်ပြီး မီးလောင်မှုများ မကြာခဏဖြစ်ပေါ်နေသောကြောင့် ယာဉ်မောင်းအများစုက အင်ဂျင်စက်ဖုံးဖွင့်၍ မောင်းနှင်သည့်အလေ့အထရန်ကုန်တွင်များပြားလာကြောင်းအဆိုပါရဲအုပ်က ဆိုသည်။

ယင်းကဲ့သို့ အင်ဂျင်စက်ဖုံး ဖွင့်မောင်းနှင်ခြင်းမှာ ယာဉ်ကို အန္တရာယ်ရှိနိုင်၊ မရှိနိုင် မသိရှိရသေးသောကြောင့် လတ်တလော အရေးမယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပရိုဘောက်စ်ယာဉ်တစ်စီး ၏ ခံနိုင်ရည်မှာ ၆၀ ကီလိုဂရမ်ရှိပြီး မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကားအများစုမှာ ဝန်နှင့်အား မမျှဖြစ်ပြီး ယာဉ်၏ရုန်းကန်အားမှာအပူချိန်များပြားလာကာ   မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်းစမ်းချောင်းမြို့နယ် အငယ်လေးကားဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကအကြံပြုပြောကြားသည်။

‘‘စက်ဖုံးဖွင့်မောင်းစရာမလိုပါဘူး။ ဝန်နဲ့အားမျှရင် မီးမလောင်နိုင်ဘူး’’ဟု အဆိုပါစက် ပြင်ဆရာက ဆိုသည်။

ယင်းကဲ့သို့ ပရိုဘောက်စ် ယာဉ်များ မီးလောင်နေခြင်းမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင် သာဖြစ်ပြီး အခြားနိုင်ငံများတွင် ဖြစ်ပွားခြင်းမရှိသောကြောင့် ပရို ဘောက်စ်ယာဉ်ထုတ်လုပ်သည့် ဂျပန်နိုင်ငံ တိုယိုတာကားထုတ် လုပ်ရေးကုမ္ပဏီက ပြင်ဆင်ပေး သွားမည်မဟုတ်ကြောင်း ပြောဆို ထားသည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ တင်သွင်းမှုအများဆုံး တစ်ပတ် ရစ်ယာဉ်အမျိုးအစားငါးမျိုးတွင် ပရိုဘောက်စ်ယာဉ်မှာ တင်သွင်း မှုအများဆုံးဖြစ်ကြောင်း ဂျပန် တစ်ပတ်ရစ်တင်ပို့မှုစိစစ်ရေး အဖွဲ့က ဧပြီ ၁၆ ရက်၌  ထုတ် ပြန်ထားသည်။

7day

အပြည့်အစုံသို့ »

ကားဟောင်း တင်သွင်းခွင့် စလစ်ဈေးကျ


ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ထုတ် ဂျစ်ကားတွေနဲ့ လိုက်ထရပ်ကားတွေကို ယာဉ်အိုနဲ့ ယာဉ်ဟောင်း ဖျက်သိမ်းရေးအစီအစဉ်အရ သံရည်ကြိုစက် ပို့တာ လက်ခံတော့မယ်လို့
ကြေညာပြီးနောက် စလစ်ဈေး ၁၅ သိန်းကျော် ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကားဟောင်းအပ်ပြီး တပတ်ရစ် ကားတစီး ပြန်သွင်းနိုင်တဲ့ ကားစလစ် ၁ စောင် ကျပ် ၁၁၅ သိန်း ရှိပြီး ခုအခါ ကျပ် သိန်း ၁၀၀ လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးပြောတဲ့ သံရည်ကြိုစက် ပို့ရမယ့် ဂျစ်ကားဈေးနှုန်းတွေကတော့ နဂို ကျပ် သိန်း ၂၀နဲ့ ၂၅ သိန်းရှိရာကနေ အခု ကျပ် သိန်း ၄၀ ကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာပြည်က ကားဈေးနှုန်း ဈေးကွက်ဟာ အစိုးရက ဘယ်ကားတွေကို သံရည်ကြိုစက် ပို့ဖို့ ညွှန်ကြားမယ်၊ ပြည်ပက သွင်းလာတဲ့ ကားတွေကို အခွန်ဘယ်လောက် ကောက်မယ်ဆိုတဲ့
အပေါ် မူတည်ပြီး အတက်အကျ ဖြစ်နေကြောင်း ကားပွဲစားတွေက ပြောပြကြပါတယ်။


DVB Burmese
အပြည့်အစုံသို့ »

Mitsubishi မော်တော်ကား ကိုးသိန်းကျော် ပြန်လည်သိမ်းဆည်း ပြင်ဆင်ရမည်



ဂျပန်နိုင်ငံ အခြေစိုက် Mitsubishi Mortor Corp သည် ၎င်းတို့ထုတ်လုပ်ထားသော မော်တော်ကား ၉၂၀,၀၀၀ ဝန်းကျင်ကို ပြန်လည် သိမ်းဆည်းပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းတို့၏ မော်တော်ကားများတွင် မီးခလုတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ရှိနေသဖြင့် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း Mitsubishi က ပြောကြားသည်။ သို့သော် အဆိုပါ ချွတ်ယွင်းချက်နှင့် ဆက်စပ်၍ မတော်တဆဖြစ်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း Mitsubishi ကဆိုသည်။ Mitsubishi သည် ဂျပန်နိုင်ငံအတွင်း ကားအစီးရေ ၇၀၃,၉၀၀ ကို ပြန်လည်သိမ်းဆည်းကာ ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် သြစတြေးလျနှင့် အခြား နိုင်ငံများသို့ တင်ပို့ရောင်းချထားသည့် ကားအစီးရေ ၈၅,၀၀၀ ကိုလည်း အလားတူ ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်သည်။ Mitsubishi က ပြန်လည်သိမ်းဆည်း ပြင်ဆင်သွားမည့် ကားများမှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ထားသော Lancer နှင့် eK Minicar အမျိုးအစားများဖြစ်ကြောင်း သိရှိရသည်။ ယခုဖြစ်ပေါ်နေသည့် မီးခလုတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို ပြင်ဆင်ရန်အတွက် ကားတစ်စီးလျှင် မိနစ် ၃၀ ခန့် ကြာမြင့်နိုင်မည်ဟုလည်း Mitsubishi က ပြောကြားသည်။

Planet Myanmar Network
အပြည့်အစုံသို့ »

ဂျာဂွာ၊ လင်ရိုဗာ၊ ရိန့်ခ်ျရိုဗာ ကားအရောင်းပြခန်း ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်မည်



နာမည်ကျော် မော်တော်ကားအမှတ်တံဆိပ် စာရင်းဝင်ဖြစ်သော Jaguar ၊ Land Rover ၊ Range Rover ကားအရောင်းပြခန်းကို ဇွန်လ ၁၂ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်ဟု Capital Automotive Ltd (CAL) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် Jaguar Land Rover Motor Company (JLRC) ၏ တရားဝင်အသိအမှတ်ပြု First Authorized Dealership အစီအစဉ်ကို စတင်မည်ဖြစ်ပြီး Jaguar land Rover ASEAN မှ အကြီးတန်း အမှုဆောင်အဖွဲ့ဝင်များလည်း ရန်ကုန်မြို့၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ လာရောက်မည်ဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်လမ်းပေါ်တွင် ဖွင့်လှစ်မည့် Jaguar Land Rover စင်တာတွင် Jaguar ၊ Land Rover ၊ Range Rover ကားအမျိုးအစားများကို ရောင်းချသွားမည်ဖြစ်ပြီး ကားအပိုပစ္စည်းရောင်းချမှုနှင့် ကားပြင် ဆင်မှုအပိုင်းများလည်း ပါဝင်မည် ဖြစ်သည်။

CAL အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက “ ရောင်းချမယ့် ကားတွေကို စီးနိုင်မယ့်သူတွေ အများကြီး ရှိတယ်။ ဒီမှာ သူဌေးတွေ အများကြီးပါ။ ဈေးကတော့ ဒီမှာအခွန်တို့ မူဝါဒတို့အပြောင်းအလဲရှိတော့ ကြို မပြောချင် ဘူး။ နိုင်ငံတကာအဆင့် ၀န်ဆောင်မှု ပေးသွားမှာပါ ” ဟု ပြောသည်။

Jaguar ၊ Land Rover ကားများ မြန်မာနိုင်ငံအတွင်း ရောင်းချနိုင်ရန်အတွက် JLRC နှင့် ပြည်တွင်းအခြေ စိုက် Capital Automotive Ltd တို့ မတ်လဆန်းက သဘောတူညီမှုရရှိခဲ့ပြီး မေလအတွင်း စတင်ဖွင့်လှစ် ရန် မျှော်မှန်းခဲ့သော်လည်း ဇွန်လ ၁၂ရက်မှသာ ဖွင့်လှစ်မည် ဖြစ်သည်။

ဖွင့်လှစ်မည့် ကားအရောင်းပြခန်းသည် စတုရန်းမီတာ ၉၀၀ ကျယ်ဝန်းပြီး ကားစီးရေ ဆယ်ဂဏန်းခန့် ပြ သရောင်းချသွားမည်ဖြစ်ကာ မော်ဒယ်မြင့် ကားအသစ်များကိုသာ ရောင်းချမည် ဖြစ်သည်။ Jaguar Land Rover Motor Company ထုတ်ကားများ ဖြန့်ချိရောင်းချခွင့်ရရှိထားသော CAL သည် Ford ကုမ္ပဏီထုတ် မော်တော်ကားများကိုလည်း ဖြန့်ချိရောင်းချလျက် ရှိသည်။

ယခုဖွင့်လှစ်မည့် ကားအရောင်းပြခန်းတွင် Jaguar XJ ၊ Jaguar XK ၊ Land Rover Defender ၊ Land Rover Discovery ၊ Land Rover Freelander ၊ Range RoverEvoque ၊ Range Rover Sport စသည့် ကားအမျိုးအစားကို ရောင်းချသွားမည် ဖြစ်သည်။

Jaguar Land Rover သည် ဗြိတိန်အခြေစိုက်ကားကုမ္ပဏီဖြစ်ပြီး အိန္ဒိယအခြေစိုက် Tata Motor အုပ်စု က ၂၀၀၈ခုနှစ်တွင် Ford မော်တော်ကားကုမ္ပဏီထံမှ လွှဲပြောင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese
အပြည့်အစုံသို့ »

ဇုန်ကားများ ယခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်

ဇုန်ထုတ်ကားအချို့အား တွေ့ရစဉ် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]


နေပြည်တော်- စက်မှုဇုန်များမှ ထုတ်လုပ်သော ဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုအစီအစဉ်ဖြင့် ယခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဖြစ် ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးချန်မောင်ကပြောသည်။

စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သည့်အရည်အသွေးနိမ့်ဇုန်ကားများအတွက် ပိုင်ရှင်ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးတွင် ထည့်သွင်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်ဟု ဒုဝန်ကြီး ဦးချန်မောင်က ဇွန်လ ၁၀ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်မှ စ၍ စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအား မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ စံနှုန်းသတ်မှတ်ချက်ခွင့်ပြု ချက်ဖြင့် သက်ဆိုင်ရာစက်မှုဇုန်များအလိုက် ကော်မတီများဖွဲ့စည်းပြီး ကြီးကြပ်မှုဖြင့် ထုတ်လုပ်ခဲ့သည်။ ပြည်တွင်းစက်မှုဇုန်များမှ ထုတ် လုပ်သော မော်တော်ယာဉ်များအား စက်မှုဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော One Stop Service အဖွဲ့ဖြင့် ယာဉ်စစ်ဆေးပြီး မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်၊ မေလအထိ စက်မှုဇုန်ထုတ်ကား ၉၈၃၃၄ စီးကို မှတ်ပုံတင်ပေးပြီးဖြစ်သည်။ စက်မှုဇုန်ထုတ်ယာဉ်များမှာ ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့်အတွက် မှတ်ပုံတင်သက်တမ်း၁၀  နှစ်ကျော်သာရှိသေးသည်။

7day daily
အပြည့်အစုံသို့ »

စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သောကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွား


အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ဒဂုံမြောက်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။

ယင်းသို့ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“ခုတ်သွားတဲ့ အမျိုးသားက ၃၂ တိုးချဲ့ ရပ်ကွက်မှာနေတယ်လို့ သိရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဆောင်ရွက်နေတဲ့ဝန်ထမ်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အခြေအနေကို လက်ခံစရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်းပဲ ထိရောက်စွာ ဆောင်ရွက်သွားမယ်။ အခုလည်း နယ်မြေရဲနဲ့ပေါင်းပြီးတော့ အမြန်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်။ ယာဉ်ထိန်းက သူ့ရဲ့ဆိုင်ကယ်ကို စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ဒီလိုလုပ်ခဲ့တယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲတွေကလည်း ဆိုင်ကယ်ဖမ်းတဲ့လူကို မမှတ်ထားလိုက်တော့ အဲဒီလူက ဖမ်းခဲ့တဲ့ ယာဉ်ထိန်းရဲ အနားထိလာပြီးတော့မှ ဓားထုတ်ပြီး ခုတ်တာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။

“သူက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်လို့ကြားတယ်။ အခင်းမဖြစ်မီမှာ သူခုတ်တဲ့ ယာဉ်ထိန်းရဲနှစ်ဦးက သူ့ဆိုင်ကယ်ကို ဖမ်းလိုက်တယ်လို့ သိရတယ်။ အဲဒါကို သူက ဒေါသထွက်ပြီးတော့ ဆိုက်ကားနဲ့ အိမ်ကဓားသွားယူပြီး လိုက်ခုတ်တဲ့ပုံစံပဲ။ အဲဒီယာဉ်ထိန်းရဲ အရာရှိကို ခုတ်ပြီးတော့ သူ့ဆိုင်ကယ်သူစီးပြီး အခြားယာဉ်ထိန်း ရဲတွေကိုခုတ်ဖို့ လိုက်ရှာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေက သတင်းကြားလို့ ထင်ပါတယ်။ မရှိကြတော့ဘူး” ဟု အခင်းဖြစ်ပွားရာ အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခြင်း၊ ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းနှင့် ရန်ရှာခြင်း စသည့် ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ခုနစ်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် လေးမှုရှိသွားပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား မြောက်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းက “မိုးရွာတော့ ကားတွေပိတ်နေလို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲပြီး လမ်းရှင်းနေတာပါ။ ကျွန်တော်နဲ့ ရဲဘော်နှစ်ယောက်နဲ့က အဖွဲ့ခွဲပြီးတော့ လမ်းရှင်းပြီးလို့ အဖွဲ့ဆီသွားတဲ့ အချိန်မှာပဲ အလစ်တိုက်ခိုက် ခံလိုက်ရတာပါပဲ။ ယာဉ်ထိန်းတစ်ဦးကို သူကသွားပြီး ပြောနေတဲ့အချိန်မှာ ကျွန်တော်က ဘာဖြစ်လို့လဲလို့ လှမ်းမေးလိုက်တယ်။ အဲဒီအချိန်မှာ သူကကျွန်တော့်နားကို လာပြီးတော့ အရိုးပါပြီး နှစ်တောင်လောက်ရှည်တဲ့ဓားနဲ့ ထုတ်ပြီးတော့ ခုတ်တဲ့အချိန်မှာ ကျွန်တော်လည်း ပြေးခဲ့တယ်။ ဖိနပ်ကလည်း မိုးရေတွေ စိုနေတော့ ချော်လဲတဲ့အချိန်မှာ အပေါ်ကနေ ကျွန်တော့်ကို ခုတ်တယ်။ လက်နဲ့ကာလိုက်တော့ ချိုင်းအောက်ကို ထိသွားပါတယ်။ ဒီလိုအလွတ်ကြီး ရိုင်းစိုင်းခဲ့တဲ့သူကို မိအောင်ဖမ်းပြီးတော့ ထိရောက်တဲ့ အပြစ်ပေးဖို့ပဲ တောင်းဆိုပါတယ်” ဟု ဇွန် ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

Eleven Media
အပြည့်အစုံသို့ »

စွန့်ပစ်သတ္တုများဖြင့် တည်ဆောက်ထားသည့် Batmobile မော်တော်ကား





တရုတ်နိုင်ငံမှ Batman ရုပ်ရှင် ပရိသတ် တစ်ဦးသည် Batman စီးနင်းလေ့ရှိသည့် နာမည်ကျော် Batmobile မော်တော်ကား ပုံစံတူကို အောင်မြင်စွာ ဆောက်လုပ်ပြခဲ့ကြောင်း သိရသည်။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် လီဝေလိုင်သည် ၎င်း၏ အဖွဲ့နှင့်အတူ အပတ်တကုတ် ကြိုးစားခဲ့ပြီး ရလဒ်အဖြစ် Batmobile စီးတော်ယာဉ်နှင့် မော်ကြွားခွင့် ရနေပြီ ဖြစ်သည်။ ၎င်းသည် ယင်းမော်တော်ကားကို စတာလင်ပေါင် (၇၀၀၀)ကျော်မျှသာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီသည် စွန့်ပစ် အမှိုက်သရိုက် ပစ္စည်းများအနက်မှ သတ္တု(၁၀)တန်ခန့်ကို ထုတ်နုတ်ယူပြီး Batmobileကို ဖန်တီးခဲ့ခြင်းဟု ဆိုသည်။ လီတို့အဖွဲ့သည် သတ္တုကြမ်းများကို စိတ်ရှည်လက်ရှည် အချောသတ် ညှိနှိုင်းပြီး ကားကိုယ်ထည်ကို ပုံစံချခဲ့ခြင်း ဖြစ်သည်။

Batman ဇာတ်ကားများတွင် ဘီလျံနာသူဌေး ဘရုစ်ဝိန်း အနေဖြင့် ၎င်း၏ လူသိမခံသော သိပ္ပံလူစွမ်းကောင်း ဘဝတွင် Batmobileကို စီးနင်းမောင်းနှင်ပြခဲ့ပြီး လီက ယင်းမော်တော်ကားကို အသည်းစွဲ နှစ်ခြိုက်နေခဲ့သည်။ ထို့ကြောင့်လည်း ကိုယ်ပိုင် Batmobileကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီအနေဖြင့် ယွမ်ငွေ (၇၀၀၀၀)၊ တစ်နည်းအားဖြင့် စတာလင်ပေါင် (၇၁၀၀)နီးပါးမျှ အသုံးပြုရန်မူ လိုအပ်ခဲ့သည်။ အသက်(၂၆)နှစ်ရှိ လီသည် ငွေကြေးခြွေတာသည့် အနေဖြင့် ကားကိုယ်ထည်ကို ပေါလစ်ရှ်တိုက်ရာတွင် ကိုယ်တိုင်ပင် အပင်ပန်းခံ လုပ်ဆောင်ခဲ့သည်။ (၂)လကြာ ကြိုးစားတည်ဆောက်ပြီးနောက် Batmobileသည် အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်တို့ Batmanကား တော်တော်များများ ဆောက်ခဲ့ပြီးပါပြီ။ နှစ်စင်းက ရှန်ဟိုင်းမှာ ပြထားတယ်။ တချို့ကားတွေက တစ်နိုင်ငံလုံးအနှံ့ ရောက်နေပြီ”ဟု လီက ဆိုသည်။ ယခုBatmobileမှာမူ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားများမှ ပုံစံကို အခြေပြုပြီး စွန့်ပစ်သတ္တု အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရှန်ဟိုင်းမြို့၏ အစွန်အဖျားရှိ မင်ဟမ်ဒေသမှ မော်တော်ကားကို ကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့သည့် ရဲအရာရှိ ဖန်ဒိုဟန်က “ကျွန်တော်တို့ စပ်စပ်စုစုနဲ့ လိုက်စုံစမ်းကြည့်ပြီးပြီ။ Batman ပရိသတ်တွေ စိတ်ပျက်သွားမလားတော့ မပြောတတ်ဘူး။ ဒီကားက Batmobileနဲ့ အရွယ်အစားတူ တစ်ပုံစံတည်းပဲဗျ”ဟု ရယ်ရယ်မောမော ပြောကြားခဲ့သည်။

ခပ်နိမ့်နိမ့် တည်ဆောက်ထားသော မော်တော်ကားသည် (၁၀)ပေမျှ ရှည်လျားပြီး နောက်ဘီးများမှာ အရွယ်ရောက်ပြီး လူတစ်ဦး၏ ခါးစောင်းမျှထိ အမြင့်ရှိသည်။ Batman ဇာတ်ကားတွင် အမှန်တကယ် အသုံးပြုခဲ့သည့် မော်တော်ကားကို လေလံတင် ရောင်းချရန် စီစဉ်နေပြီး ယခုသံတိုသံစ ပုံစံတူကားကမူ ယင်းထက် အဆ(၁၀၀)မျှ ဈေးနှုန်းသက်သာဖွယ် ရှိသည်။ လီသည် မူပိုင်ခွင့် အခြေအနေကြောင့် ၎င်း၏ မော်တော်ကားကို Batmobileဟု တရားဝင် သုံးနှုန်းခေါ်ဆိုဖွယ် မရှိကြောင်းလည်း ဖွင့်ဟသွားသည်

planet myanmar network
အပြည့်အစုံသို့ »

ကညနက အမျိုးသမီးစပယ်ယာ လိုင်စင်များ စတင်ထုတ်ပေး


အမျိုးသမီးယာဉ်နောက်လိုက်တစ်ဦး လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 အမျိုးသမီးယာဉ် နောက်လိုက်များအား တစ်လအ တွင်း စပယ်ယာလိုင်စင် ၁၉ ခု ထုတ်ပေးပြီးဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီး မှူးရုံးမှ ဦးစီးအရာရှိဦးမြင့်အောင် ကပြောကြားသည်။

‘‘စပယ်ယာလိုင်စင်အတွက် စပယ်ယာစည်းကမ်းချက်ဆောင် ရန်၊ရှောင်ရန်တွေကို ရေးဖြေရပါ တယ်။ အခုလိုင်စင်ရသွားတဲ့ ၁၉ ဦးက ၄၈ အထူးအဲကွန်းကပါပဲ’’ ဟု ၎င်းကဆိုသည်။

မေလ ၁၅ ရက်မှ ဇွန်လ ၅ ရက်အထိ တစ်လအတွင်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ဧပြီလကုန်ပိုင်းမှစတင်၍ အစမ်းခန့်အပ်ထားသော ၄၈ အထူး အဲကွန်း(ကွန်ပျူတာ တက္ကသိုလ်)မှ အမျိုးသမီးယာဉ်နောက်လိုက် ငါးဦးအပါအ၀င် စုစုပေါင်း ၁၉ ဦးမှာ ကညနလိုင်စင်နှင့် ယာဉ်လုပ်သားလိုက်ခွင့်ကတ် ပါ ရရှိပြီးဖြစ်သည့်အပြင် ၁၂၄ အထူးမြောက်ပိုင်းခရိုင်ယာဉ်လိုင်းတွင် လည်း အမျိုးသမီးယာဉ်နောက် လိုက် ခြောက်ဦးထပ်မံခန့်ထား ပြီဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဦး တရုတ်လေးကပြောသည်။

လက်ရှိ ၁၂၄ အထူးမြောက် ပိုင်းခရိုင်ယာဉ်လိုင်းရှိ ယာဉ်နှစ် စီးတွင်သာ သုံးဦးစီခန့်ထားပြီး ဖြစ်သော်လည်း တစ်ဦးစီးမှာ အလုပ်သင်အဖြစ်သာ ခန့်ထား ကြောင်း သတင်းရရှိသည်။

၁၂၄ ယာဉ်လိုင်းရှိ မြို့တွင်း ခရီးသည်အများဆုံးစီးနင်းလိုက် ပါလေ့ရှိသောကြောင့် အမျိုးသမီး ယာဉ်နောက်လိုက်နှစ်ဦး ထားရှိ ခြင်းဖြစ်ပြီး ကားပေါ်တွင် သုံး ယောက်တန်းထိုင်ခုံရှေ့နောက် နှစ်ခုံဖြုတ်ကာ ခြံဝန်းပုံစံတံခါး ကန့်ထားပြီး နေရာသတ်မှတ်ပေး ထားကြောင်း သိရသည်။

အမျိုးသမီး ယာဉ်နောက် လိုက်အလုပ်ကို အမျိုးသမီးအများ စုလာရောက်လျှောက်ထားသော် လည်း ညဘက်အိမ်ပြန်ချိန်တွင် အမျိုးသမီးများလုံခြုံရေးအတွက် ယာဉ်သိမ်းသည့်နေရာဖြစ်သော အင်းစိန်မြို့နယ်အနီးတစ်ဝိုက်ကိုသာ ဦးစားပေး ခန့်အပ်ထားပြီး မိသားစုအချင်းချင်း တွဲဖက်လုပ် ကိုင်မည်ဆိုပါက လက်ခံပေးမည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဦးတရုတ်လေးက ပြောသည်။

၁၂၄ ယာဉ်လိုင်းတွင် ယာဉ် အစီးရေ တစ်ရာဝန်းကျင်ရှိသော် လည်း ၎င်းပိုင်ဆိုင်သော ယာဉ် ၂၉ စီးလုံးတွင် အမျိုးသမီးယာဉ် နောက်လိုက်များ ခန့်အပ်သွား မည်ဖြစ်ပြီး လက်ရှိတွင် ၁၀ စီး တိုးချဲ့နိုင်ရန် ဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။

 ၁၂၄ အထူး မြောက်ပိုင်း ခရိုင်ယာဉ်များကို ကွန်ပျူတာ တက္ကသိုလ်မှ ဗိုလ်တထောင်စေတီအထိ တစ်နေ့လေးခေါက်ခန့်ပြေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၇၀ ၀န်း ကျင်က ကုန်းလမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်းလိုင်းတွင် အမျိုး သမီးယာဉ်နောက်လိုက်များ တရားဝင်လိုင်စင်ဖြင့် အလုပ်လုပ်ကိုင်ဖူးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

Author: အိမွန်ကျော်
7DAY DAILY

အပြည့်အစုံသို့ »

လုပ်အားခ၊ လမ်းပိတ်ဆို့မှု နဲ့ နေ့စဉ်ဘဝ


ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွားသော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း လက်ပတ်နာရီကိုကြည့်ရင်း မေဇော်ဦးတစ်ယောက် သိ လိုက်သည်။ အ များကြီးမဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လအတွင်းပင် နှစ်ကြိမ်နောက်ကျပြီးဖြစ်ရာ ထိုနေ့နှင့်ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်းလုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်းလာရသူတစ်ဦးအဖို့ နံနက် ၅ နာရီဆိုပါက အိပ်ရာက ထနေရပြီ။
”တကယ်ဆို ဒဂုံကနေ မြို့ထဲကို လမ်းမပိတ်ဘူးဆိုရင် တစ်နာရီ စွန်းစွန်း လေးပဲ ကြာတယ်”
သို့သော် ထိုတွက်ချက်မှုမှာ အလုပ် မဖြစ်တော့ကြောင်း မနက်အိပ်ရာထ သည်နှင့် ရုံးချိန်အမီရောက်ရန် လမ်းတွင်ပုံမှန်ကြာချိန်အပြင် လမ်းပိတ်မည့် အချိန်များ၊ ဘတ်စ်ကား မှတ်တိုင်မှာ ကျောက်ချရပ်နေမည့်အချိန်များကို ထည့်တွက်လာရသည်ဟု သူက မဲ့ပြုံးပြုံးရင်း ပြောသည်။ ယခုတော့ မြို့ထဲသို့ ရုံးချိန်မီ ရောက်ရန် နှစ်နာရီကျော်နီးပါးကို ကား ပေါ်တွင် စတေးခဲ့ရသည်။ လမ်းမှာ ကားပိတ်တာက ကိုယ်ထင်တာထက် ပိုကြာတဲ့နေ့ဆိုသေပြီဟု ဆိုသည်။  သူမကဲ့သို့ပင် နံနက်ရုံးချိန်နောက် ကျ၍ လစာဖြတ် ခံရ သည့် ဝန်ထမ်းများစွာ ဒုနဲ့ဒေး ရှိနေခြင်းက ခေတ်ကာလ၏ သင်္ကေတတစ်ခု ဖြစ်လာသည်။
ကြီးထွားနှုန်းမြန်ယာဉ်ကြောပိတ် ပြဿနာ
ရန်ကုန်မြို့လမ်းမများသည် လက်ရှိကားအစီးအရေအတွက်ဆိုလျှင် ပြည့်ကျပ်နေပြီဟု မဆိုနိုင်သေးကြောင်း ဂျပန်နိုင်ငံ JICA အဖွဲ့မှ အကြံပြုချက်အရ သိရသည်။ ထိုအချက် သည် လက်တွေ့နှင့် နှိုင်းယှဉ်ပါက အဘယ်ကြောင့်ကွာခြားနေရပါသနည်း။ ရန်ကုန်မြို့ကြီး၌ လူကျပ်၊ ကားကျပ်ဖြစ်နေသည်မှာ အစိုးရသစ် သက်တမ်း တစ်ခုလုံး နီးပါး ရှိတော့မည် ဖြစ်သည်ဟုလည်း ဆိုကြသည်။ မြို့ကြီးတစ်မြို့ ဖြစ်လာပါက ယာဉ်ကြောပိတ်မည့် ပြဿနာကြီးထွားလာမြဲ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင်သာမက ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ခါစတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘန်ကောက်မြို့ တွင် ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ရှိနေဆဲပင် ဖြစ်သည်။ ထိုင်းနိုင်ငံက ထိုပြဿနာကိုဖြေရှင်း ရန် မိုးပျံလမ်းများ တည်ဆောက်သည်။ မြို့ပတ်အမြန်လမ်းများ တည်ဆောက်ခဲ့သည်။ မိုးပျံရထား၊ မြေအောက်ရထားလမ်းများ တည်ဆောက်ပြီး အများပြည်သူ ခရီးသွားလာမှုကို အတိုင်းအတာတစ်ခုထိ အဆင်ပြေချောမွေ့စေခဲ့သည်။
စင်ကာပူနိုင်ငံတွင်လည်း မြို့လယ်ကောင်ကိုဖြတ်သော လမ်းမများကို ဦးစားမပေးဘဲ မြို့ပတ်လမ်းများကို ဦးစားပေး ဖောက်လုပ်ခဲ့ကြသည်။ သို့သော် မိုးရွာချိန်နှင့် ရုံးဆင်း၊ ရုံးတက်ချိန်ဆိုလျှင် ကားများတရွေ့ရွေ့သွားနေရဆဲကို စင်ကာပူ၏ နာမည်ကြီး အော့ချာ့(ဒ်)လမ်း (Orchard Road ) တွင် တွေ့နိုင်သည်။ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိမ်းတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှု အဓိကနေရာ ၇၉ နေရာရှိသည်ဟု မေလ၂၄ရက် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။
၎င်းတို့အနက် အဓိက ယာဉ်ကြောပိတ်နေရာများမှာ အနော်ရထာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမှ စက်မှု(၁) လမ်းဆုံ၊ တာမွေ ၅ ခွဆုံ၊ တာမွေ ဗလီထိပ်၊ ရန် ကင်း စင်တာရှေ့၊ သမိုင်းလမ်းဆုံ၊ ဆရာစံလမ်း၊ ချော်တွင်းကုန်း လမ်းဆုံတို့လည်း ပါဝင်လာကြသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး က လည်း အောင်မင်္ဂလာအဝေးပြေးအနီး သုဓမ္မာ၊ ဝေဘာဂီနှင့် ရန်ကုန်မြို့၏ အချို့ လမ်းဆုံ၊ လမ်းခွနေရာများပါ ယာဉ်ကြောပိတ်အဓိကနေရာများဟု သတ်မှတ်ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာမှု မတိုင်မီကတည်းကပင် ထိုနေရာ များ၌ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခအစုစုကို ဘတ်စ်ကားစီး ခရီးသည်များ အ ငှားကားများနှင့် ကိုယ်ပိုင်ကားများ စီးနင်း လိုက်ပါသူတို့ကတွေ့ကြုံခဲ့ရသည်။ တွေ့ ကြုံနေရဆဲလည်း ဖြစ်သည်။ ”ဒါဟာ ရေရှည်မဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူတွေကို အဓိ ကလာထိခိုက်တာလဲဆိုတော့ လူထုကိုပါပဲ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်းပိုင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အတွက် ဖြေရှင်းနို င် မည့် လမ်းများကို အစဉ်တစိုက် လေ့လာနေသူ အင်ဂျင်နီယာ ဦးအောင်မြင့်က ပြောဆိုသည်။
မြို့တွင်းသို့ ဦးတည်သည့် မြားများ
ကုန်စုံဆိုင်မှအစ အစိုးရရုံးများအလယ် ဘဏ်များအဆုံး အားလုံးနီးပါးမြို့လယ်တွင် အခြေချထားခြင်းကလည်း မြို့လယ်ကောင်သို့ ကားများ၊ လူများစုပြုံ ဝင်လာသည့် အ ချက်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြို့လယ်ကောင်သို့ မော်တော်ယာဉ်လိုင်းများ တစ်နေရာတည်း ဦးတည်နေခြင်းကလည်း ယာဉ်ကြောပိတ်မှု ပြဿနာများထဲမှ အဓိ ကအချက်တစ်ချက်ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးအောင်မြင့်က ထောက်ပြသည်။ လမ်းကြောင်းတူယာဉ်လိုင်းများ တစ်လိုင်းထက် ပိုကာရှိနေခြင်းကလည်း ယာဉ်ကြော ပိတ် မှု ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။
သို့သော် လိုင်းကားများအနေနှင့် လမ်းကြောတစ်ခုတွင် တစ်စီးနှုန်းသာရှိပါကမှတ်တိုင်တွင်ကြာမြင့်စွာရပ်ခြင်း၊ လူစောင့်တင်ပြီးမှသာ ထွက်ခွာခြင်း စ သည့်ပြဿများလည်း ရှိနိုင်သည်ဟု ခရီးသည်များက ဆိုကြသည်။ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူတင်ခြင်းဆိုသည်မှာ တစ်ရက်လျှင် ခရီးစဉ်အစ အဆုံး လေးခေါက် ပြေး ဆွဲနေနိုင် သည့် အခြေအနေမှာ ဖြစ်နိုင်သော်လည်း ယခုအခါ ခေါက်ရေနှင့်အတည်အကျပြေးဆွဲရန် မဖြစ်နိုင်တော့ ကြောင်း ၄၈ အထူးယာဉ်မောင်း ဦးဝင်း မောင်က တုံ့ပြန်ပြော ဆို သည်။
”ခေါက်ပြန်များများ ဆွဲနိုင်ရန် မစဉ်းစားနိုင်တော့ဘဲ ပထမဦးဆုံးခေါက်မှာ လမ်းမပိတ်ဖို့သာ ဆုတောင်းနေရတယ်။ ယခင်ကလိုလည်း ဝင်ငွေမကောင်းတော့ ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။ မြို့တွင်း ပြေးဆွဲပေးနေသည့်ခရီးသည် တင်ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိပြီး ဘတ်စ်ကားစီးရေမှာလည်း ၅ဝဝဝ ကျော် ရှိသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်ပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိလာပြီဟု ၂ဝ၁၄ ဧပြီလ စာရင်းဇယားများအရ သိရသည်။
”မြန်မာနိုင်ငံက အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ချွေးနံ့တွေနဲ့ မွှန်ထူပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်နေရတာပါပဲ။ မသက်သာပါဘူး။ ဒါကိုပဲလူ အများ စုက အားကိုး နေရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ဆင်းရဲချမ်းသာ၊ တတ်နိုင်၊ မတတ် နိုင် အခြေအနေတွေပေါ်မှာ မူမတည် ဘဲ ဝန်ကြီးချုပ်ကအစ သာမန်လူတန်းစားအထိ (Public Transportation) ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကိုသာ အသုံးပြုကြပါတယ်”ဟု Thura Swiss ကုမ္ပဏီ ဒေါက် တာ အောင်သူရက ပြောသည်။
လူတွေ ပြွတ်သိပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားများ၊ အနော်ရထာလမ်းမပေါ်တွင် ပိတ်မိနေသည်မှာ နာရီဝက်ကျော်ရှိသည်။ သာကေတမှ ဘုရင့်နောင် သို့ နှစ်ဆင့် စီး သွားရမည့် အသက် ၅ဝ အရွယ် အင်ဂျင်နီယာဒေါ်ဆွေဆွေမြင့် တစ်ယောက်သက်ပြင်းရှည်များချလျက် ရှိသည်။ ရုံးရောက်လျှင် နေ့လယ်စာတန်းစားရသည့် အနေအ ထားဖြစ်နေပြီ ကားပေါ်တွင် လူငွေ့များတထောင်းထောင်း ထကာ ပူလောင်နေသည်ဟုလည်း သူမ က ညည်းတွားပြောသည်။တကယ်တမ်း သူမအနေဖြင့် လမ်းပိတ်၍ အချိန်မှန် မရောက်ခြင်းကြောင့် ရုံးလစာ ဖြတ်ခံရပေါင်း မနည်းဟုလည်း သူမက ဆိုသည်။ ထိုအသံများသည် ရန် ကုန်မြို့နေ ပြည်သူများ၏ ရင်တွင်းဖြစ် သံစဉ်များဖြစ်ကာ ဘယ်အချိန်အထိ ထိုကဲ့သို့ ညည်းတွားနေရဦးမည်နည်း။ ၂ဝ၃ဝ ရောက်လျှင် ရန်ကုန်လူဦးရေမှာ ၁ဝ သန်းခန့် ထိ တိုးပွားလာနိုင်ပြီး လူများလာသည်နှင့်အမျှ ကား လည်းများလာမှာ ဖြစ်သည်။

စမ်းသပ်ခံ ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်
စီးပွားရေး တောင့်တင်းသော်လည်း လူတစ်ဦးလျှင် ကားတစ်စီးနှုန်း ဝယ်စီးရန်မှာ ဖြစ်သင့်သည့်အနေအထား မဟုတ်ကြောင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ တိုင်းပြည် များတွင် လည်း ထိုအခြေအနေ မရှိကြောင်း ၎င်းတို့အတွက် မောင်းနှင်ရန် လုံလောက် သည့်လမ်းများရှိရန်လိုကြောင်းကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ ရန်ကုန် လူ ဦးရေ၏ လိုင်းကားစီးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် ၃၂ သန်းဖြစ်သည်ဟု ယခုနှစ်ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာအညွှန်းကိန်း (Eco- nomic Indicators) ထု တ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့နေ ချမ်းသာကြွယ်ဝသည့် မိသားစုအချို့၌ အိမ်ရှိလူဦးရေ ထက်ကားပိုင်ဆိုင်မှုမှာ နှစ်ဆရှိသည်ဟု လသာမြို့နယ်သားတစ်ဦးက ဆို သည်။ ထိုအခြေအနေကို ပြည်သူ့သယ်ယူ ပို့ဆောင်ရေး (Public  Transportation) စနစ်ဖြင့်သာ ဖြေရှင်းနိုင်သည်။ တိုးတက်လာသော လူဦးရေနှင့်အပြိုင် အများသုံး လိုင်းကားများကို တိုးမြှင့်ပေးရမည်ဟု နိုင်ငံတော်သမ္မတအကြံပေးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကို အိမ်စောင့်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မြို့ တွင်းမှ ဆင်ခြေဖုံးရပ်ကွက်များသို့ သွား လာရေး လွယ် ကူစေရန်ရည်ရွယ်ဆောက် လုပ်ထားသည်။ တစ်နေ့လျှင် ခေါက်ရေ ၂ဝဝ ကျော်ပြေးဆွဲနေသည့် အဆိုပါ မြို့ပတ်ရထားမှာ စီးနင်းသူ တစ်နေ့လျှင် တစ်သိန်းကျော်ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ခရီးသွားပြည်သူများ စဥ့် အိုးတန်း-လှိုင်သာယာ ရေယာဉ်လမ်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖွင့် လှစ်ပြေးဆွဲပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလတွင် FMI နှင့်ပြည်တွင်းရေကြောင်းတို့ ပူးပေါင်းကာ လှိုင်သာယာကားမှတ်တိုင်နှင့် သင်္ဘောဆိပ်အကြား အကြို အပို့ ပြု လုပ်ပေး ခဲ့သည်။
ထိုအစီအစဉ် မှာလည်း သင်္ဘောအစား ဘတ်စ်ကား စီးကြသူများသာများလေရာ ပြန်လည် ပိတ်သိမ်းခဲ့ရသည်။ နိုင်ငံတကာ၏ ယာဉ်ကြောပိတ် ပြဿနာ ဖြေ ရှင်း သည့်နည်း လမ်းမှာ ရေယာဉ်ခရီးစဉ်နှင့် ဖြေရှင်း၍မရ ကြောင်း ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာ ဦးသန့်ဇင်ဦး က ၎င်းအမြင်ကို ပြောပြသည်။ ”ကားမှတ် တိုင်အ ထိတော့ ဆိပ်ကမ်းလုပ်ပေးတော့မရဘူး”
သင့်ကြောင့် ကားလမ်းမပိတ်ပါစေနှင့်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ (က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် သုံးသောင်းနီးပါးကိုလည်းကောင်း၊ (ဃ)အငှား ယာဉ်မောင်း လိုင်စင် တစ်သိန်းခြောက်သောင်းကိုလည်းကောင်း ထုတ်ပေးခဲ့သည်ဟု သိရသည်။ လမ်းပေါ်တွင် ပူပူနွေးနွေး လိုင်စင်အသစ်များကိုင်ကာ စိတ်ထင်တိုင်း မောင်းနေကြ သူ များ တိုးပွားလာကြောင်း အငှားယာဉ်မောင်းသက်တမ်း နှစ် ၂ဝ ကျော်ရှိသူ ဦးငွေစိုးက သူ့အတွေ့အကြုံ ကို ပြောပြသည်။တစ်သိန်းကျော် အရေအတွက် ရှိလာသည့် ယာဉ်ေ မာင်းများအနေဖြင့်ယာဉ်နှင့် လမ်းအပေါ်တွင် ပိုမိုကျွမ်းကျင် ပိုင်နိုင်မှုရှိရန်လိုအပ်ပြီးလမ်းစည်း ကမ်းနှင့်အညီမောင်းနှင်တတ်ရန်လည်း လိုအပ်လာကြောင်း အထူးသဖြင့် ယာဉ်ကြောပိတ်ချိန်တွင် အနည်းငယ်ချောင်မည့် လမ်းကြောကိုရွေးချယ်သွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ် လမ်းမကြီးများပေါ်တွင်သာ စုပြုံတိုးနေခြင်းက လည်း ပြဿ နာတစ်ခုဖြစ်သည်ဟု သက်တမ်းရင့် ယာဉ်မောင်းများက ထောက်ပြ သည်။
ယာဉ်ကြောပိတ်ဆို့မှုများသည် မီး ပွိုင့်စနစ် များပြားနေခြင်းကြောင့်လည်း ဖြစ်ပြီး နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း သမ္မတ အကြံပေး ဦးကို ကို လှိုင်က ပြောသည်။ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်ကမူ ”လူဖြင့် ထိန်းချုပ်ခြင်းထက် နည်းပညာအသုံးပြု၍သာ ဖြေရှင်းသင့်သည်”ဟု သုံးသပ်ပြော ဆို သည်။ ရန်ကုန်မြို့လယ်ကောင် နေရာများတွင် ယာဉ်ရပ်နားရန် နေရာများ တိတိကျကျပေါ်ပေါက်လာရန်လိုပြီ။ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကလည်း ယာဉ် ကြော ပိတ် ပြဿနာ ကို ဖြစ်ပွားစေသည် ဟု ခရီးသွားများက ထောက်ပြပြောဆို လာကြသည်။
ကျောင်းဖွင့်ရာသီ၌ နာမည်ကြီး ကျောင်းများတွင် ကိုယ်ပိုင်ကျောင်းကြို ယာဉ်ငယ်များ၊ ယာဉ်ကြောပေါ်တွင် ထပ်ဆင့်ရပ်နားခြင်းကလည်း ယာဉ် ကြောပိတ် ဆို့မှုများ ကို ဖြစ်ေ စသည်ဟု နိုင်ငံတကာ ပညာရေး လမ်းကြောင်းအ တွက် အကြံပေးနေသည့်Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ နိုင်ငံတကာမှာလို အဝါရောင်ေ ကျာင်းကား အကြီးကြီးတွေလုပ်ပြီး ကျောင်းသူကျောင်းသားများများကို တစ်ခါတည်းနဲ့ သယ်ပို့ပေးနိုင်တာမျိုး လုပ်ရမည်။သို့သော် ရန်ကုန်မြို့တွင် ယခု ဇွန် လမှစကာ နံနက် ၈ နာရီမှ ၉ နာရီ ကြား နေ့လယ် ၁၂ နာရီ ၂ နာရီကြား၊ ညနေ ၅ နာရီအချိန်များတွင် နာမည်ကျော် ကျောင်းကြီးများရှေ့၌ ယာဉ်များ ပိတ် နေ သည် ကို ပြန် လည်တွေ့မြင် ရဦး မည် ဖြစ်သည်။
ဆေးမြီးတိုနှင့် ယာဉ်ကြောပိတ်ဆို့မှု
ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင် ခုံးကျော်တံတား သုံးစင်းကို ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက် ခဲ့ကြသည်။ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေ ရှင်း ရန် ဖြစ် သည်။ မြေနီကုန်း ခုံးကျော်တံတားအသစ် တစ်စင်းကိုလည်း ကျပ်ငွေ ၁၆ ဘီလျံ ကျော်သုံးစွဲပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာ နှစ်၌ တည်ဆောက် သွားဦးမည်ဟု ရန် ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။
”လမ်းပိတ်တဲ့ ပြဿနာကို ဖားခုံသလိုမျိုး တံတားထိုး ဖြေရှင်းလို့မရဘူး” ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ဝေဖန်ထောက်ပြထားသည်။ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ခုံးကျော်တံတားများ တည်ဆောက်ဖြေရှင်းသော်လည်း တစ်ဆက်တစ်ဆက်တည်း တံတားများဖြစ်၍ အမြန်လမ်းများသဖွယ် သွား လာနိုင်ကြ ခြင်းဖြစ် သည်။ ရန်ကုန်မှ ခုံးကျော်တံ တားများမှာ မီးပွိုင့်တစ်ပွိုင့်စာ ကျော် ဖြတ်သည့်အခြေအနေသာရှိသည်ဟု ယင်းက ပြောသည်။
နိုင်ငံတကာတွင်မူ ခုံးကျော်တံတား သာမက မြေအောက်ရထား၊ မြေအောက် လမ်းများနှင့် နှစ်ထပ်၊ သုံးထပ်ကားလမ်းများ၊ မြို့ပတ်အမြန်လမ်းများ ထားရှိပြီး ယာဉ်ကို အနှောင့်အယှက် မရှိစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်များမှာ ငွေကြေးအရင်းအနှီးများ စွာ ကုန်ကျမည့်အရာများဖြစ်ကာ မြန်မာ နိုင်ငံအတွက် ခက် ခဲဦးမည်ဟု ပညာရှင်အများစုက တစ်ညီတစ်ညာတည်းပြောဆို ကြသည်။ မြန်မာနိုင်ငံတွင်မူ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို အဝေး ပြေးဝင်းများပြုလုပ်ကာ မြို့ အစွန်တွင် ထားရှိပေးထားသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်း ခြင်းကြောင့် ခရီးသွားမည့်နှုန်းထားထက် မြို့တွင်းမှ အဝေးပြေးဝင်းသို့ သွားမည့် ကုန်ကျစရိတ် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ”နေပြည်တော် ကားခ ၆ဝဝဝ။ မြို့ထဲကနေ အောင်မင်္ဂလာကို ၅ဝဝဝ။ အဲဒီလို ဖြစ်နေတယ်”ဟု သမ္မတ အကြံ ပေး ဦးကိုကိုလှိုင်က ပြောသည်။
လမ်းလျှောက်ဖို့ နေရာပေးပါ
”ရန်ကုန်ရဲ့ နေရာအတော်များများဟာ ကားတွေအတွက် ဖြစ်နေပြီး လမ်းလျှောက်မယ့် လူတွေအတွက် မဟုတ် တော့ဘူးဆိုတာ စိတ်မကောင်းကြီးစွာ တွေ့ရပါတယ်” Yangon Heritage Trust  မှ မြို့ ပြစီမံကိန်းအပိုင်းကို ကိုင်တွယ်ဆောင်ရွက်သူ Megan Quirk အား အယ်ဂျာဇီးယား မီဒီယာက မေးမြန်းရာ ဖြေကြား ခြင်းဖြစ်သည်။ ရန် ကုန်မြို့တွင် တက္ကစီအစီးရေ သုံးသောင်းကျော်ရှိနေပြီ။ အမေရိကန် နယူးယောက်မြို့၏ နှစ်ဆဖြစ်သည်ဟုလည်း ထောက်ပြထားသည်။လူများ လမ်းလျှောက်ရန် စင်္ကြံပ လက်ဖောင်းများမရှိခြင်း၊ စက်ဘီးစီးနင်းရန် ခွင့်မပြုခြင်းတို့ကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်း လမ်းများအား ပိုမိုခက်ခဲစေ သည် ဟု ရေး သား ပါရှိ သည်။
ရန်ကုန်မြို့နေ ပြည်သူများကို လမ်းလျှောက်နိုင်ရန် ပံ့ပိုးပေးပါက ယာဉ်စီးမှုနှုန်း လျော့ကျသွားမည်ဖြစ် သည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လည်း အဆင်ပြေသွားနိုင်သည်။ ထို့ ကြောင့် လမ်းလျှောက်သမားများအတွက် ပလက်ဖောင်းကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးသင့်ကြောင်း Yangon Heritage Trust  မှ ပညာရှင် တစ်ဦး ဖြစ် သည့် ဒေါက်တာ သန့်မြင့်ဦးက လူမှု ကွန်ရက် စာမျက်နှာနှင့် ဟောပြောပွဲများ တွင် အကြံဥာဏ်ပေးခဲ့သည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လက်ရှိ လူ သွားပလက်ဖောင်းများကို ယာဉ်သွားလမ်းမများအဖြစ် ပြောင်းလဲ ချဲ့ထွင်နေသည်ကို ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွေ့ရသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည် သူများ နစ်နာဆုံးရှုံးရသည့် လုပ်အား ခများကို စီးပွားရေး ပညာရှင် ကိုသန်း စိုးက တွက်ချက်ပြထားသည်။ တစ်နေ့လျှင် ဘတ်စ်ကားစီးသူ သုံးသိန်းဆိုပါစို့၊ သူတို့၏တစ်နေ့ပျမ်းမျှ လုပ်ခကျပ်ငွေ ခုနစ်ထောင်ဖြင့် တွက်ချက်လျှင် တစ်နာရီလုပ်အားခမှာ ၈၇၅ ကျပ် ဖြစ်သည်။ ယာဉ်ကြောတစ်နာရီ ပိတ်ဆို့လျှင် လူ သုံးသိန်းအတွက် လုပ်အားခ သန်းနှစ်ရာကျော် ဆုံးရှုံးမည်ဟု ယင်းက တွက်ချက်ပြထားသည်။ ထိုကဲ့သို့ ဆုံးရှုံးနစ်နာနေသည်သာမက မိသားစု တွေ့ဆုံချိန်များ နည်းပါး လာခြင်း၊ ကိုယ်ပိုင်အချိန် လျော့နည်း လာခြင်းများလည်း ဖြစ်လာနေပြီဟု ကိုသန်းစိုးက ဆက်လက်ပြောသည်။
ခရီးသွားပြည်သူများ၏ စွမ်းအား၊ လုပ်အားခနှင့် အချိန်များဆုံးရှုံးနေခြင်းကို မည်သည့်အချိန်တွင် ဖြေရှင်းပေးနိုင်မည်နည်း။ ”နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ အချိန်ရောက်နေ ပါပြီ။ မဟုတ်ရင်တော့ မကြာခင်တိုးပွားလာဦးမယ့် ကားတွေနဲ့ ရင်လေးစရာအနေအထားပါပဲ”ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌက ဦးအောင်မြင့်က သုံးသပ်ပြသည်။
သုတလင်း၊ မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ

Popular Journal
အပြည့်အစုံသို့ »

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက်အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံးခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

eleven media group
အပြည့်အစုံသို့ »

ပြည်နယ်က တိုင်းရင်းသားတွေ ကားစီးနိုင်အောင် လုပ်ပေးလို့ မရဘူးလား။

ဆီဖြည့်ဖို့ စောင့်ဆိုင်းနေတဲ့ ရန်ကုန် ဓာတ်ဆီဆိုင်မြင်ကွင်း။

ဦးစည်သူအောင်မြင့်။     ။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ်(၂) အမျိုးသားလွှတ်တော်အမတ် ဦးဇုံလှယ်ထန်းက နယ်စပ်တွေကနေ ကားတင်သွင်းတဲ့အခါ ကောက်ခံတဲ့ အခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု မေးပါတယ်။ သူ့မေးခွန်းဆိုလိုရင်းက ကားတင်သွင်းလာရင် အကောက်ခွန်၊ ကညန အခွန်လို့ ခေါ်တဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေး စတာတွေ ကောက်လို့ ကားဈေးနှုန်းတွေ အလွန်ကြီးမြင့်နေတဲ့အကြောင်း၊ ဒါကြောင့် ချင်းပြည်နယ်လို ဆင်းရဲတဲ့ပြည်နယ်က တိုင်းရင်းသားတွေ ကားမစီးနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် မော်တော်ယာဉ် အခွန်ကို တစ်တိုင်းပြည်လုံး တစ်ပြေးညီ မကောက်ခံဘဲ ပြည်နယ်တွေကို လျှော့ချကောက်ခံပေးဖို့ မဖြစ်နိုင်ဘူးလား လို့ မေးလိုက်တာပါ။ သူမေးလိုက်တာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘာတွေ ပြန်ဖြေသွားသလဲ၊ အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီဟာ ဘယ်လိုမျိုးလဲ၊ အဲဒီကနေ ဘာအကျိုးဆက်တွေ ဖြစ်ပေါ်နေသလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။                  ။ ဦးဇုံလှယ်ထန်းရဲ့မေးခွန်းကို ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း ဖြေပါတယ်။ သူက ဒီမေးခွန်းဟာ ဝန်ကြီးဌာန (၃) ခုနဲ့ ဆိုင်တာဖြစ်တဲ့အတွက် အားလုံးကို မေးပြီးတော့မှ ဖြေတာပါလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ကားတစ်စီးတင်သွင်းလာရင် စီးပွား-ကူးသန်း ဝန်ကြီးဌာနက သွင်းကုန် လိုင်စင်အဖြစ် ကားမော်ဒယ်အလိုက် ဒေါ်လာ ၂၅ဝ ကနေ ဒေါ်လာ ငါးသောင်း အထိ ကောက်ခံတယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ဆလွန်းနဲ့ ဆီဒင်ကားတွေကို ဆိပ်ကမ်းအရောက် တန်ဘိုးရဲ့ ၂၅ %၊ လေးပုံတစ်ပုံတန်နဲ့ အထက် လုပ်ငန်းသုံးကားတွေကို ကားတန်ဘိုးရဲ့ ၅ % ကောက်ခံတယ်လို့ ပြောပါတယ်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ လုပ်ငန်းသုံးယာဉ်၊ ကုန်တင်ယာဉ် နဲ့ ခရီးသည်တင်ယာဉ်တွေကို ကားတန်ဘိုးရဲ့ ၅ %၊ လူနဲ့ ကုန်တင်တဲ့ ပစ်ကပ်လို ကားတွေကို ၄၀ %၊ လူစီးကားဆိုရင် စက်စွမ်းအားကိုလိုက်ပြီး ၃၀ %ကနေ ၂၂၀ % အထိ ကောက်ခံတယ်လို့ ရှင်းပြပါတယ်။

ဦးစည်သူအောင်မြင့်။     ။ ဒုဝန်ကြီး ရှင်းပြသလောက်ဆို မြန်မာနိုင်ငံထဲ ကားတစ်စီးသွင်းလာရင် ဘယ်လောက် အခွန်အကောက် များမလဲ ခန့်မှန်းနိုင်ပါပြီ။ အစိုးရ စာရင်းဇယားတွေကလည်း ဒီအချက်မှန်ကြောင်း သက်သေပြနေပါတယ်။ ၂၀၁၁ အောက်တိုဘာ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းပြီးနောက်ပိုင်း ပြည်တွင်းကို တင်သွင်းလာတဲ့ ကားအစီး ၂ သိန်း ၈ သောင်းကျော်ကနေ အခွန် ဘီလျံ ၈ဝဝ ကျော်ရခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။ ကားတစ်စီးကို ပျမ်းမျှ အခွန် ကျပ် သိန်း ၃၀ လောက် ကောက်ထားတယ် ဆိုတဲ့ သဘောပါ။ ဒါဟာ ရထားဝန်ကြီးဌာနက ကောက်တဲ့ မော်တော်ယာဉ် မှတ်ပုံတင်ခ မပါသေးပါဘူး။ အဲဒါပါ တွက်ရင် ကားတစ်စီး ပျမ်းမျှ အခွန် ကျပ် သိန်း ၅၀-၆၀ ကောက်ခဲ့တဲ့ သဘောပါ။ ဒါကြောင့်လည်း မြန်မာပြည်ထဲက ကားဈေးနှုန်းတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲက ကားဈေးနှုန်းထက် ၃ ဆ ကနေ ၅ ဆ အထက် ဈေးနှုန်းမြင့်နေတာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ပြည်တွင်းမှာ အသုံးပြုနေတဲ့ ကားအချိုးအစား မမျှတတာ၊ ကားပျံ့နှံ့မှု အချိုးမညီတာ၊ ပြည်သူတွေ ကားပိုင်ဆိုင်မှု အလွန် နည်းနေသေးတာ စတဲ့ ပြသနာတွေ ဖြစ်ပေါ်လာစေပါတယ်။

လက်ရှိအစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီအရ ပြည်သူတွေကို ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ်အကြား မော်ဒယ် ကားတွေကို တင်သွင်းခွင့်ပေးပါတယ်။ အိုဟောင်းစာရင်းဝင်ပြီး ဖျက်သိမ်းခံရမယ့် ကားပိုင်ရှင်တွေကိုတော့ ကားသွားအပ်ရင် ၁၉၉၈ ကနေ ၂၀၀၈ အကြားမော်ဒယ် တစ်ပတ်ရစ်ကားတွေ တင်သွင်းခွင့်ပေးပါတယ်။ ပြောရရင် အဲလို တစ်ပတ်ရစ် ကားတင်သွင်းနိုင်ဖို့ ကားဟောင်းအပ် စလစ် တစ်ခု လိုပြီး လက်ရှိ ကျပ် သိန်း ၁၁၀ ကျော် ဈေးပေါက်နေပါတယ်။ ဒါကြောင့် တစ်ပတ်ရစ်ကားတစ်စီးရဲ့ ရန်ကုန် ပေါက်ဈေးဟာ ကားတန်ဘိုး၊ ဘာ အခွန်အခမှ မပါဘဲ ကျပ် သိန်း ၁၁၀ ကျော် ကုန်ကျနေပြီဆိုတဲ့ သဘောပါ။ အလွန်ဈေးမြင့်နေပါတယ်။

ဒေါ်အင်ကြင်းနိုင်။                  ။ ဒါကြောင့်လည်း ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် တင်သွင်းလို့ရတဲ့ ၂၀၀၉ နောက်ပိုင်းထုတ် ကားသစ်၊ အဲဒီ အထဲကမှ အခွန်အခ သက်သာတဲ့ ၁၃၀၀ စီစီအောက် အိမ်စီးကားငယ်တွေကိုပဲ သွင်းကြပါတော့တယ်။ ၂ နှစ်ခွဲအတွင်း မြန်မာနိုင်ငံထဲကို ဂျပန်ကနေ ကားအစီး ၂ သိန်း ၈ သောင်းလောက် သွင်းလာတာမှာ အင်ဂျင်ပါဝါငယ်တဲ့ တိုယိုတာ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်နဲ့ တိုယိုတာ ဘယ်လ်တာ ကားတွေဟာ အရည်အတွက် အများဆုံး ထိပ်ဆုံး ငါးမျိုးထဲမှာ ပါ ပါတယ်။ ပရိုဘောက်စ် ဆိုရင် အစီးရေ လေးသောင်းကျော်တောင် ရှိပါတယ်။ အကျိုးဆက်အဖြစ် အဲဒီ ကားငယ်လေးတွေဟာ ရန်ကုန်မှာပဲ စုပုံနေပြီး နယ်က လမ်းတွေမှာ သုံးလို့ မရတဲ့ ကားတွေ ဖြစ်နေတာပါပဲ။


ကားပျံ့နှံ့မှုကို ကြည့်လိုက်ရင်လည်း ရန်ကုန်မှာ ကားတွေများလာပြီး ယာဉ်ကြောပိတ်ဆို့နေသလောက် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ကားတွေကို မတွေ့ရသလောက်တောင် ရှားပါတယ်။ အဓိကကတော့ ပြည်သူတွေ ကားဝယ်မစီးနိုင်တာပါ။ ခြွင်းချက်အနေနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နေရာတစ်ချို့မှာတော့ ထိုင်းနယ်စပ်ဘက်က ခိုးသွင်းလာတဲ့ ဈေးပေါပေါနဲ့ ဝယ်လို့ရနိုင်တဲ့ ကားတွေကို သုံးကြပါတယ်။ ရန်ကုန်မှာ တစ်စီး သိန်းတစ်ရာ ကျော်တဲ့ ဂျပန် တစ်ပါတ်ရစ်ကားတွေ ကရင်ပြည်နယ် နယ်စပ်တွေမှာ ကျပ်ငွေ ၁၅ သိန်း၊ သိန်း ၂၀ ကျော်လောက်နဲ့ ရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလို ရန်ကုန်မှာ ကားတွေကြပ်နေသလောက် နယ်တွေမှာ ကားမရှိ ဖြစ်နေသလို ကားပိုင်ဆိုင်မှုမှာဆိုရင်လည်း အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး အဆင့်ကနေ မတက်နိုင်သေးပါဘူး။ လူဦးရေ သန်း ၆ဝ နဲ့တွက်ရင် လက်ရှိအခြေအနေ ကားအရည်အတွက် ၄ သိန်းခွဲလောက်ပဲ ရှိဦးမှာ ဖြစ်တဲ့အတွက် လူ ၁,၀၀၀ မှာ ကား ၈ စီးတောင် မပိုင်နိုင်သေးပါဘူး။ အာစီယံမှာ ကားပိုင်ဆိုင်မှု၊ ဒုတိယ အနည်းဆုံး ဗီယက်နမ်ဟာ ၂၀၁၁ ကတည်းက လူ ၁,၀၀၀ ကား ၁၂ စီး၊ ကမ္ဘောဒီးယားက အစီး ၂၀ ပိုင်နေပါပြီ။

ဦးစည်သူအောင်မြင့်။     ။ တကယ်တော့ ဦးဇုံလှယ်ထန်း မေးတာ ရိုးရိုးလေးပါပဲ။ ရန်ကုန်မှာ ကားတွေ များနေတယ်၊ ဒါပေမယ့် အခွန်အကောက်တွေ အလွန် မတန်တဆ များလို့ ပြည်နယ်က တိုင်းရင်းသားတွေ ကားဝယ်မစီးနိုင်ဖြစ်နေတာကို ဖြေရှင်းပေးဖိုြ့ဖစ်ပါတယ်။ တကယ်ဆို လိုင်စင်ကို ရန်ကုန်လိုင်စင်၊ နယ်လိုင်စင် နှစ်မျိုး၊ အခွန်နှုန်းထား နှစ်မျိုးနှစ်စား လုပ်ရင်၊ နယ်အတွက် ကားတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာလောက်ပဲ အခွန်ကောက်ရင်ကို အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဟာ ဌာန တစ်ခုနဲ့တစ်ခု ညှိနှိုင်းမှု မရှိ၊ အစိုးရအဖွဲ့ကိုယ်တိုင် တိုင်းပြည်စီးပွားရေး၊ ပြည်သူတွေ လိုအပ်နဲ့ လျော်ညီတဲ့ ကားတင်သွင်းခွင့်ပေါ်လစီ မချမှတ်နိုင်သေးတဲ့ အခြေအနေအောက်မှာ ခုလိုပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံတွေ့ရဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

voa burmese
အပြည့်အစုံသို့ »

စည်းကမ်းမဲ့ ယာဉ်များကို ယာဉ်ထိန်း Facebook စာမျက်နှာတွင် တရားဝင် တိုင်ကြားနိုင်


ရန်ကုန်၊ မေ ၃၀

စည်းကမ်းမဲ့ ယာဉ်များကို လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Facebook စာမျက်တွင် တရားဝင် တိုင်ကြားနိုင်မည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။

တိုင်ကြားနိုင်သည့် အဆိုပါ Facebook စာမျက်ကို “ယာဉ်စည်းကမ်း ထိန်းသိမ်းရေး” ဟု အမည်ပေးထားပြီး လာမည့် ရက်ပိုင်းအတွင်း တိုင်ကြားနိုင်စေရန် စီစဉ်လျက် ရှိကြောင်း၊ Email လိပ်စာမှာ [email protected] ဖြစ်ကြောင်း၊ အဆိုပါ စာမျက်နှာတွင် ယာဉ်ထိန်းရဲနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ လုပ်ဆောင်ချက်များကို ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်တိုက်မှုဖြစ်တဲ့ နေရာတိုင်း ယာဉ်ထိန်းရဲ မရှိနိုင်တော့ ပြည်သူလူထုကို ပူးပေါင်း ပါဝင်စေချင်တာပါ။ Facebook စာမျက်နှာပေါ်က “စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ” စာမျက်နှာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ ကားတွေကြောင့် ပြည်သူတွေ နစ်နာမှု ရှိနေလို့ တရားဝင် တိုင်ကြားနိုင်အောင် လုပ်လိုက်တာ” ဟု ၎င်းကဆိုသည်။

ပြည်သူများက တိုင်ကြားသည့်အခါ ယာဉ်အမှတ်နှင့် စည်းကမ်း ချိုးဖောက်ပုံကို ပေါ်လွင်စေသည့် မှတ်တမ်း ဓာတ်ပုံ အထောက်အထားများ ပါရှိရန် လိုကြောင်း အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“ဓာတ်ပုံတွေကို သိမ်းထားပြီး မှတ်သားဖမ်းဆီး လုပ်သွားမှာပါ။ ဒဏ်ငွေကတော့ ၁၅၀၀ ပါ။ လတ်တလော ယာဉ်တိုက်မှု ပုံတွေကို နီးစပ်ရာ ယာဉ်ထိန်းစခန်းတွေက စစ်ဆေးနိုင်ဖို့ အကြောင်းကြားသွားမယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တရားဝင် တိုင်ကြားနိုင်သည့် Facebook စာမျက်နှာ ပြုလုပ်ခြင်းမှာ ပြည်သူများအတွက် အထူးကောင်းမွန်ကြောင်း “စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ” စာမျက်နှာကို Like ပြုလုပ်ထားသူ Distinct Trading ကားတင်သွင်း ရောင်းချသည့် ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွဋ်ထိပ်က ဆိုသည်။

“တစ်ဖက်က ပွင့်လင်းလာတဲ့အပေါ် အကျိုးရှိရှိ အသုံးချနိုင်ရင် ပြည်သူအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ဌာနဆိုင်ရာက တရားဝင် ပေ့ဆိုတော့ အရင် ရင်ဖွင့်သလို ဆဲဆို တိုင်ကြားမဲ့အစား အချက်အလက် စုံစုံလင်လင် တိုင်ကြားနိုင်ရင် ပိုအကျိုးရှိနိုင်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly
အပြည့်အစုံသို့ »

မော်တော်ကား စလစ်ဈေး နှစ်ရက်အတွင်း ငါးသိန်း မြင့်တက်




ဆိပ်ကမ်းရောက် ကားတွေထဲမှာ စလစ် ကပ်ရမယ့် ကား များနေတဲ့ အတွက် စလစ်ဈေး ကျပ် ငါးသိန်းခန့် ဈေးမြင့်တက် သွားပါတယ်။

ဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ကားအစီးရေ ၅ဝ နီးပါးမှာ စလစ် ကပ်ရမယ့် ကားက အစီးရေ အများဆုံး ဖြစ်ပါတယ်။

ဆိပ်ကမ်းမှာ စလစ်ကပ် ကားတွေ များတော့ ဈေးကွက်ထဲမှာ စလစ်တွေ လိုက်ဝယ်ကြတာ၊ အဝယ်လိုက်ရင် ငါးသိန်း ဆယ်သိန်းလောက် ဈေးမြင့်သွားတာ ထုံးစံပဲ လို့ သီရိမင်္ဂလာ ကားပွဲစားတန်းမှ ဝယ်ရောင်းပွဲစား ကိုဝင်း က ပြောပါတယ်။

အဲဒါကြောင့် အရင်ရက်တွေ ကျပ် သိန်း ၁ဝဝနဲ့ ၁၁ဝ ပေါက်ဈေး ရှိနေတဲ့ စလစ် ကားဟောင်းတွေဟာ အခု ကျပ် ၁၁၅ သိန်းအထိ ဈေးမြင့် သွားပါတယ်။ အမည်ပေါက် ဆိုရင် ကျပ်သိန်း ၁၂ဝ လောက် အထိ ဈေးခေါ် ရောင်းချတာတွေ ရှိတယ် လို့ သိရပါတယ်။

အဲသည် အတွက် ကားဟောင်း ကြိုတင် ဝယ်ယူထားတဲ့ သူတွေကလည်း ကားအပ်ပြီး စလစ် ထုတ်ယူမှု များလာပါတယ်။

Modern
အပြည့်အစုံသို့ »

ယခုနှစ် လိုင်စင်မဲ့ ကားအစီး ၇၀ ကျော်ဖမ်းမိ


အခုနှစ် ၅ လနီးပါးကာလအတွင်း ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကား အစီး ၇၀ ကျော် စံချိန်တင် ဖမ်းဆီးရမိခဲ့ပြီး အများစုဟာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေရဲ့ မော်တော်ယာဉ် မှတ်ပုံတင်ခွင့် ခွင့်ပြုချက် အတုကိုင်ဆောင်ထားတဲ့ ကားတွေ ဖြစ်တယ်လို့ ရန်ကုန်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ တနှစ်လုံးမှာ လိုင်စင်မဲ့ကား အစီး ၆၀ ကျော် ဖမ်းမိခဲ့ပြီး အများစုဟာလည်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့ တံဆိပ်ကပ်ထားတဲ့ ကားတွေဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ကို အဖွဲ့အကြီးအသေးအလိုက် လိုင်စင်မဲ့ကားတွေ အတွက် ကားမှတ်ပုံတင်ခွင့်လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် တချို့အဖွဲ့တွေဟာ အဲဒီယာဉ်မှတ်ပုံတင်ခွင့် လက်မှတ်တွေကို ရောင်းစားတာအပြင်၊ ရန်ကုန်ကို လိုင်စင်မဲ့ကား ခိုးသွင်းတာတွေလည်း လုပ်ကြတယ်လို့ ကားပွဲစား ဦးဌေးက ဒီဗွီဘီကို ပြောပါတယ်။

DVB Burmese
အပြည့်အစုံသို့ »