Showing posts with label political-news. Show all posts
Showing posts with label political-news. Show all posts

ကိစ္စတခုကို လူ ၅ သန်း လက်မှတ်ရေးထိုးတောင်းဆိုတာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ဟု ဒေါ်စု ပြော



ကိစ္စတခုကို လူငါးသန်းလက်မှတ်ရေးထိုးတောင်းဆိုတာဟာ မြန်မာ့သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ထံမှ ဆန္ဒပြုလက်မှတ် ၅ သန်းလောက် ရရှိခဲ့ပြီး အခုလိုမျိုးကိစ္စတခုကို လူ ၅ သန်းလောက်က ပွင့်ပွင့်လင်းလင်း လက်မှတ်ရေးထိုးတောင်းဆိုဟာ မြန်မာနိုင်ငံရဲ့ သမိုင်တစ်လျှေက်မှာပ ပထမဆုံးးအကြိမ်ဖြစ်တယ်လို့ သြဂုတ်လ ၁ ရက်နေ့လွှတ်တော်အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောကြားလိုက်တာပါ။

“ကျမ ရဲရဲဝံ့ဝံ့ပြောနိုင်တာက ဒီနိုင်ငံရဲ့ သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်က ကိစ္စတခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ဆန္ဒအရ လျှို့ဝှက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်း လက်မှတ်ထိုးပြီး ထောက်ခံခဲ့တယ်ဆိုတာ တခေါက်မှ မရှိခဲ့ဖူးဘူး။ ဒါဟာ ဒီနိုင်ငံမှာ ပထမဦးဆုံးပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေစိ စိတ်ဝင်စားနေတဲ့ ပုဒ်မ ၄၃၆ ကမ်ပိန်းကိစ္စနဲ့ ပီအာရ်ကိစ္စတွေနဲ့ပတ်သတ်ပြီး အဖွဲ့ချုပ်အတွင်း CEC အစည်းအဝေးများ ပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲ တွေပြု လုပ်သွား မယ်လို့လည်း သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောကြားသွားပါတယ်။
“၄၃၆ ကမ်ပိန်းလက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ အဲဒီကိစ္စ အကြောင်းကိုပဲ ပြောရမှာရှိသေးတယ်။ နောက်တခါမှာ ပီအာကိစ္စ ပြည်သူတွေက စိတ်ဝင်စားနေတာရှိတယ်။ အဲဒါကို တဆင့်တဆင့် ပြီးမှ သွားပါ့မယ်။ အန်တီလည်း ပြန်ပြီး စီအီးစီနဲ့ ထိုင်ရဦးမယ်။”

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးတောင်းဆိုသူ အရေအတွက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုတုန်းက ရရှိခဲ့တဲ့ထောက်ခံမဲရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် အဲ့လိုမျိုးနှိုင်းယှဉ်ချင်ရင်အဲ့တုန်းကလုပ်ခဲ့တဲ့ဆန္ဒခံယူပွဲပုံစံမျိုးလုပ်ပေးဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါသေးတယ်။

DVB Burmese
အပြည့်အစုံသို့ »

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မှာ ကံဇာတာကောင်းမည်ဟု နိုင်ငံကျော် ဗေဒင်ဆရာပြော



ဒေါ်အောင်ဆန်းစုကြည် လာမည့် ၂၀၁၅ မှ သမ္မတ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ ပြည်သူတွေ
စိတ်ဝင်တစား စောင့်ကြည့်နေကြသလို ဗေဒင်၊ နက္ခတ် ၊ နိုင်ငံရေး ပညာရှင်တွေကလည်း သူတို့ တတ်ကျွမ်းရာ ပညာရပ်တွေနဲ့ သမ္မတ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို တွက်ချက်လျက်ရှိကြပါတယ်။
ပညာရှင်တွေထဲမှာ နာမည်ကျော်ပညာရှင်များရဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မဖြစ် ဘယ်လို ဟောကိန်းထုတ်ထားသလဲဆိုတာ ကို မျှဝေလိုက်ပါတယ်။ ပညာရှင်တွေကိုယ်တိုင် တွက်ချက် ဟောကိန်းထုတ်ထားတာမို့ မှန်မမှန်ဆိုတာကိုတော့ လာမဲ့ ၂၀၁၅ ကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းကိုရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိပါတယ်။" လို့
နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားခဲ့ပါတယ်။

ဦးဇေယျာကို နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မလေးရှားလေယာဉ် MH 370 ပျောက်ဆုံးခဲ့တုန်းက လေယာဉ်ပေါ်က လူတွေ အသက်ရှင်ပါသေးတယ်။ တွင်းနက်ထဲ ရောက်နေတာပါလို့ ဟောကိန်းတစ်ခုလည်း
လူမှုကွန်ယက်အပေါ် ပျံ့နှံ့ခဲ့ဖူးပြီး ၎င်းကမူ ထိုသို့ မပြောခဲ့ကြောင်း ငြင်းဆိုခဲ့သလို သတင်းမှာလည်း
အတုဖြစ်ကြောင်း ဖြေရှင်းမှုတွေ ထွက်လာခဲ့ဖူးပါတယ်။

ဦးဇေယျာကို ဟောထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတနေရာကတော့ လက်ရှိ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ မရနိုင်ပေမဲ့ ကျန်တဲ့နေရာတွေ ဆက်ခံရနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နောက်ပြောဆိုမှု တစ်ခုက

"အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း " ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုပါတယ်။

ဘဲလားလေဘာတီ ပြောသလို မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ ပါမပါဆိုတာ လူတိုင်းမသိနိုင်ပေမဲ့ မီဒီယာနဲ့ နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခုလို အခြေအနေအထိ ရောက်လာတယ်ဆိုတာ မှန်ပါတယ်။
နောက်တစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ဟာလည်းပဲ လူသိများထင်ရှားစေခြင်းအတွက် အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ဘူးလို့ ဘဲလားလေဘာတီ ပြောခဲ့တာကလည်း
ဖြစ်နိုင်ချေရှိတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကော်မရှင်ဥက္ကဋ္ဌလုပ်ပြီး စုံစမ်းရာမှာ ဒေသခံတွေနဲ့ အကြီးအကျယ်
ပြဿနာတက်ခဲ့ပြီး ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒေသတစ်ခုလေးရဲ့ အရေးကိစ္စအပေါ် ဖြေရှင်းနိုင်မှုဟာ
မပြေမလည် ဖြစ်နေရင် တစ်တိုင်းပြည်လုံးအတွက် ဆို နိုင်နင်းပါ့မလားဆိုတာဟာလည်းပဲ တွေးစရာ တစ်ခုဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူဟောကိန်းက မှန်သလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ လာမဲ့ ၂၀၁၅ မှာ
စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အောင်ခင်ငြိမ်း

New Myanmar Pyi
အပြည့်အစုံသို့ »

လေးပွင့်ဆိုင်တွေ့ဆုံရေး အဓိက ကျကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော



အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဟာ အဓိကကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီလေးပွင့်ဆိုင် ဆိုတာ လေးယောက်ထိုင်ပြီးတော့ စကားပြောတာ ပြီးတော့ ထမင်းစားချင်လို့ ဘာလို့ မဟုတ်ဘူး၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာတွေကို နောက်ဆုံး ကျတော့ ဘယ်လိုဘက်ကနေ လှည့်ပတ်ကွေ့ကောက် ပြီး ပြောပြော၊ မညှိနှိုင်းပဲနဲ့ ဘယ်တော့မှ သဘော တူညီချက်မရဘူး၊ အဲဒီလို ဆွေးနွေးညှိနှိုင်းတိုင်ပင် ပြီးတော့ရတဲ့ သဘောတူညီချက်အရသာ နိုင်ငံတစ်နိုင်ငံမှာ တကယ့် ပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့် ပဋိပက္ခများ ပြေငြိမ်းရေးကို လုပ်နိုင်မယ်၊ ဒါဟာ အတွေ့အကြုံအရ ပြောနေတာ၊ စိတ်ကူးယဉ်ပြီးပြောနေတာ မဟုတ်ဘူး"

ဒါ့အပြင် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA
အပြည့်အစုံသို့ »

AGD ဘဏ်မှာ၆၀%အစုရှယ်ယာဝင်ထားတဲ့ ကိုကျော်နေ၀င်းနှင့်အင်တာဗျုး



ကျနော်တို့ ပြန်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုမျိုး တိုင်းပြည်ကို အကျိုးပြုလို့ 
ရမလဲ စဉ်းစားတယ်။ ဘာတွေ့ လဲဆိုတော့ ကျနော်တို့ မိသားစုကို စုစုစည်းစည်း
ဖြစ်အောင်၊ မိသားစုအချင်းချင်း ပြန်တွေ့ အောင် လုပ်ပေးတာ ယခင်ဗိုလ်ချုပ်ကြီး
သိန်းစိန်။ သူက ကျနော်တို့ ကို အခုလိုမျိုး နေနိုင်အောင် လုပ်ပေးတယ်။
ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း မဟုတ်ဘူး။ သူလုပ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာ
နည်းလမ်းအရ သူ့ ကျေးဇူး ကျနော့်မှာ ရှိသွားပြီ။ ဒီတော့ ကျနော်သူ့ ကို ကျေးဇူးဆပ်
ချင်တယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး ညတိုင်းထိုင်ကန်တော့နေမယ့်အစား လက်တွေ့ 
အကောင်အထည်ဖော်ချင်တယ်။ လက်တွေ့  အကောင်အထည်ဖော်ချင်တယ်ဆိုတော့
သူဘာလုပ်ချင်လဲ၊ တိုင်းပြည်မှာ လုပ်ပေးဖို့  သူ့ စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ
သိဖို့  ပထမကြိုးစားရတယ်။ သူလုပ်ပေးချင်တာတွေ အများကြီးဘဲ။

ကျနော်တို့ လို မိသားစုမျိုးနဲ့  ကိုတေဇလို လူတွေ လုပ်တယ်ဆိုတာ အံ့သြစရာလည်း
ဖြစ်သလို စိတ်ဝင်စားစရာလည်း ဖြစ်တယ်။ ဘာလို့ လုပ်နိုင်လဲဆိုတော့ ကျနော်တို့ မှာ
တပ်မိသားစုတွေ၊ ကျနော့်အဖိုးက သနက (၄)ဆိုတဲ့ တပ်ရင်းမှာ တပ်ရင်းမှူး လုပ်ခဲ့
တယ်။ အဲဒီအချိန်မှာဘဲ ကိုတေဇရဲ့ အဖေ အဲဒီတုန်းက ဗိုလ်မှူးကြီးမြင့်ဆွေက
အဲဒီတပ်မှာ တပ်စုမှူးလေ။ အဲဒီတော့ ကျနော်တို့ က ရင်းနှီးမှု ရှိခဲ့တယ်။ နောက်ပိုင်း
မှာလည်း တပ်မတော် ထောက်လှန်းရေးကို ကျနော့်အဖိုး တည်ထောင်တဲ့အချိန်မှာ
ကိုတေဇ အဖေရဲ့  Input တွေ ပါခဲ့တယ်။ တပ်မတော် ထောက်လှန်းရေးတင်မကဘူး၊
တပ်မတော်ရဲ့ တည်ထောင်မှုမှာလည်း ကူညီမှုတွေ အများကြီး ပေးခဲ့တယ်။
ကိုတေဇအဖေ တပ်က အနားယူပြီး နောက်ပိုင်းမှာလည်း ကျနော့်အဖိုးက သူ့ ကို
BPI ဆေးဝါးထုတ်လုပ်ရေးအတွက် နိုင်ငံတော်က လိုအပ်တဲ့နေရာမှာ ပြန်ပြီးအသုံးပြု
ခဲ့တယ်။ ကိုတေဇအဖေက တိုင်းပြည်အတွက် တတပ်တအား လုပ်ပေးခဲ့တယ်။
ဒါမျိုးတွေက ကျနော်တို့ မှာ ရှိတယ်။ ကိုတေဇကို အမြင်တွေက လက်ရှိ ဒီမိုကရေစီ
ဖြစ်နေချိန်မှာ သူ့ ကို မကောင်းဘူးလို့  မြင်ခွင့်လည်းရှိတယ်။ ကောင်းတယ်လို့ လည်း
မြင်ခွင့်ရှိတယ်။ သူအရင်က လုပ်ခဲ့တဲ့ ကောင်းမှုဆိုးမှုက ကျနော်နဲ့ မဆိုင်ဘူး။
သူ့ သမိုင်းဘဲ။ အရင်က သူနဲ့ ကျနော်ကြားမှာ ဘာမှ မရှိဘူး။ တပ်မိသားစု ဆိုတာဘဲ
ရှိတယ်။ ထောင်ထဲမရောက်ခင် လွန်ခဲ့တဲ့ (၁၂) နှစ်လောက်က သူနဲ့ ကျနော်
အလုပ်လုပ်ခဲ့တာ ဘာမှ မရှိဘူး။ ဘာမှလည်း မပက်သက်ဘူး။ ဒီဘက်နောက်ပိုင်းမှာ
ပြီးခဲ့တာတွေ အားလုံး ပြီးခဲ့ပြီ။ ဒီဘဏ်ကို လုပ်မယ်ဆိုတဲ့အချိန်မှာ ကိုတေဇနဲ့ 
စကားပြောကြည့်တော့ ရည်ရွယ်ချက်တူတယ်။ လက်တွဲလုပ်လို့ ရတယ်။ အိုကေ၊
ဒါ ပုဂ္ဂိုလ်ရေးအရပါ။

ကျနော်က စီးပွားရေးသမားဖြစ်တဲ့အတွက် အကုန်လုံးနဲ့  အဆင်ပြေပြေ နေသွား
မယ်။ စီးပွားရေးနဲ့  နိုင်ငံရေးမှာ တခုကွာတာက နိုင်ငံရေးမှာက ခုံတစ်လုံးဘဲ
ရှိတာ။ အဲဒီခုံကို ၀ိုင်းလုရတာ။ စီးပွားရေးကကျတော့ ဒီလုပ်ငန်းတခုကို တွဲလုပ်မယ်
ဆိုလို့ ရှိရင် သိန်းတစ်ရာရရင် ကိုယ်ထည့်သလောက် ကိုယ်ရတယ်။ အခုဆို
ကျနော့်ဘဏ် ကျနော် (၆၀)ရာခိုင်နှုန်းထည့်ရင် ကျနော် (၆၀)ရာခိုင်နှုန်း အမြတ်ရ
မယ်။ အကို (၁၀)ရာခိုင်နှုန်းထည့်ရင် (၁၀)ရာခိုင်နှုန်းရမှာဘဲ။ နိုင်ငံရေးနဲ့  ကွာတယ်။
နိုင်ငံရေးကျတော့ ခုံက တစ်လုံးဘဲ ရှိတာ။ အားလုံးက ၀ိုင်းလုနေရတာ။ စီးပွားရေးက
ကျတော့ ပေါင်းလုပ်ရတာ။

နောက်ကြောင်းက ဖြစ်ခဲ့တာ အရမ်းများတဲ့အတွက် အခုအချိန်အထိ သို့ လော
သို့ လော ဖြစ်နေတာပေါ့ဗျာ။ နိုင်ငံရေးပလက်ဖောင်း ယူနေပြီလားလို့ ၊ ဒါမှမဟုတ်ရင်
ဂိုဏ်းတခုဖွဲ့ နေပြီလားတို့ ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် စကော်ပီယံဂိုဏ်းကိုရော
ဘာလုပ်နေလဲ၊ ညာလုပ်နေပြီလဲဆိုတာ သိချင်ကြမှာပေါ့။ ကျနော် အသေးဆုံး
စပြောမယ်။ စကော်ပီယံကို ကျနော်မပါဘူး။ ဘာလို့ မပါလဲ၊ ကျနော် အဲဒီလောက်
အဆင့် မဟုတ်ဘူးဗျ။ ရိုးရိုးပြောရရင် ဂိုဏ်းထောင်ပြီးမှ နာမည်ကြီးအောင်လုပ်ရမယ့်
အဆင့် မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် စကော်ပီယံဆိုတာ ဘာမှမဟုတ်ဘူးဗျ။
အပွင့်လင်းဆုံးပြောရရင် စကော်ပီယံဆိုပြီး လူတွေက စွတ်ပြီး အထင်ကြီးနေကြတာ။

အဲဒီမှာပါတဲ့လူတွေ ထောင်ထဲမှာ တွေ့ ခဲ့တာဘဲ။ သူတို့  ဘာမှ ဒီလောက်ကြီး
ဂျိုပါနေတာ မဟုတ်ဘူး။ စူပါမင်းလို အတောင်ပါနေတာလည်း မဟုတ်ပါဘူး။
အဲဒီလောက်ကြီး လူဝင်ဆံ့လောက်တာ မဟုတ်ပါဘူး။ သူတို့ ပြောသလောက်လည်း
မလုပ်ခဲ့ပါဘူး။ လုပ်လို့ လည်း မရဘူးဗျ။ လူတယောက်ကို သတ်တယ်ဆိုတာ
လွယ်တာမှ မဟုတ်တာ။ ဖုံးထားလို့ ရတာလည်း မဟုတ်ပါဘူး။ တခုတော့ရှိတာပေါ့
ဗျာ၊ ငါးလောင်းပြိုင် လူသတ်မှုမျိုး မပေါ်တာတော့ ကျနော်လည်း မသိဘူး။ ဒါကတော့
ဘာကြောင့်လဲဆိုတော့ လုပ်တဲ့သူဘဲ သိမှာဘဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင်
ငါတော်တော် ကံကောင်းတာဘဲ၊ ထောင်ထဲရောက်နေတာ။ ငါထောင်ထဲမရှိရင်
ငါသတ်တာလို့  ပြောဦးမှာလို့ ၊ အဲဒီလိုပေါ့ဗျာ။ ကျနော့်အနေနဲ့  ဒါဆွေးနွေးစရာ
မဟုတ်ဘူး။ ဒါပေမယ့် မေးတဲ့လူ အရမ်းများတယ်။ အခုအချိန်အထိ စကော်ပီယံလို
ဘာလိုလို ပြောနေလို့  ပြောတာ။ စိတ်ပူစရာ စကားထဲ ထည့်ပြောလောက်ရမယ့်
အဖွဲ့ လည်း မဟုတ်ဘူး။

နောက်တခုက နိုင်ငံရေး ပလက်ဖောင်းပေါ့။ လက်ရှိ ရှိနေတဲ့ နိုင်ငံရေး၊ လက်ရှိ
ဖွဲ့ စည်းပုံနဲ့  နိုင်ငံရေးကို လုံးဝ စိတ်မ၀င်စားဘူး။ ဒါ ကျနော် အမှန်အတိုင်း ပြောတာ၊
ပါလည်း မပါချင်ဘူး။ ကျနော် စီးပွားရေးသမားတယောက်အပြင် ကျနော်တို့ က
ယုံကြည်ချက်နဲ့ လုပ်တာ။ ကျနော်တို့ တိုင်းပြည်မှာ ယုံကြည်ချက်မရှိရင် ဘာမှ
လုပ်လို့ မရဘူး။ ကျနော် ဒီအခြေခံဥပဒေကိုရော၊ ဒီနိုင်ငံရေးကိုပါ ယုံကြည်ချက်
မရှိဘူးဗျ။ ဒါ အပွင့်လင်းဆုံး အမှန်အတိုင်းပြောတာ။ ဘယ်လိုအနေအထားနဲ့ 
ဒီအခြေအနေကို ရောက်လာတာလဲဆိုတာ ကျနော်တို့  ထောင်ထဲကကောင်ပါ။
ကျနော်သိတာ နည်းနည်းလေးပါ။ ဘယ်လိုဖြစ်လာလဲဆိုတာ အပြင်ကလူတွေ
အသိဆုံးပါ။ ဘယ်လိုပြောရမလဲဗျာ၊ ကျနော် နောက်ဆုံးတခုပြောရရင် စီးပွားရေး
တခုလုပ်လို့  ရှုံးမယ်ဆိုရင် ကျနော် ပိုက်ဆံ မထည့်ဘူးလေ။ ဒါဘဲ။ ဒါကြီးက
တချိန်မှာ တဖက်နဲ့ တဖက်လို့ ဘဲ ပြောမယ်ဗျာ။ တဖက်ကလည်း ဒီလှေကြီးကို
ဒီကမ်းကို မရောက်ရောက်အောင် သွားမယ်ဆိုပြီး သွားနေတယ်။ နောက်တဖက်က
လည်း မရရတဲ့နည်းနဲ့  လှေဝမ်းကို ဖောက်နေတယ်။ ပေါက်လည်း တော်တော်
ပေါက်နေပါပြီ။ ဟိုကလည်း စွတ်လှော်နေတယ်။ အဲဒီအပေါ်ကိုတက်ရင် ဖြုတ်ရင်
ကိုယ်ပါ ပါသွားမှာ။ အဲဒီလောက်အထိ ကျနော် မရူးဘူးဗျ။ နိုင်ငံရေး မလုပ်ဘူးဆိုတာ
အဲဒါလည်းပါတယ်။

နောက် စိတ်လည်းမ၀င်စားဘူး။ တခုတော့ ရှိတာပေါ့နော်။ လက်ရှိ ဦးဆောင်နေတဲ့
ဦးသိန်းစိန်တို့ ၊ ဦးရွှေမန်းတို့  တပ်မတော်မှာ အဆင့်ဆင့် ဖြတ်ကျော်လာတာ။
ဒီနေရာကို ဗြုန်းခနဲဆိုပြီး ရောက်လာတာ တယောက်မှ မပါဘူး။ သူတို့ တွေသည်
တိုင်းပြည်ကို သူတို့ အိမ်လည်းမဟုတ်၊ သူတို့ ရွာလည်းမဟုတ်တဲ့ တောင်ကုန်းလေး
တခုမှာ လူလေး လေးငါးယောက်နဲ့  လေးငါးဆယ်လ တာဝန်ယူပြီး ကင်းစောင့်နေခဲ့
ဖူးတဲ့နေ့ တွေလည်း အများကြီးဘဲ။ သူတို့ တွေသည် တိုင်းပြည်ကို တကယ်ချစ်လို့ 
တကယ်လုပ်နေတာ။၊ ဒီနေရာကို ရောက်နေတာလို့  ယူဆတယ်။ ဒါကြောင့် သူတို့ 
ဦးဆောင်နေတာဘဲ။ ကိုယ့်အနေနဲ့  လုပ်စရာမလိုဘူးလို့  ယူဆတယ်။ နောက်တခု
ကြီးကြီးစုလို လူမျိုးသည် ဘ၀မှာ သူဘယ်လောက်ပေးဆပ်ခဲ့ရသလဲ။ ဒီလိုပေးဆပ်ဖို့ 
ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ သူတို့ လို လူတွေကလည်း တိုင်းပြည်ကို
ဦးဆောင်မယ်ဆိုပြီး တာဆူနေကြတာ၊ လုပ်ပြနေကြတာ၊ ကျနော်တို့  မလိုပါဘူး။
တဖက်တလမ်းက ဘဏ်တွေနဲ့ ကူညီတာလည်း ရပါတယ်။ ကျနော် အခုလို
ရှင်းပြနေတာ ကြီးကြီးကျယ်ကျယ် ရှင်းပြနေတာ မဟုတ်ဘူး။ ကျနော်တို့  နိုင်ငံရေး
မလုပ်ဘူးလို့ ပြောရင် ဘယ်သူမှ မယုံဘူး။ ဒါ အပွင့်လင်းဆုံးပြောတာ၊ ဘာကြောင့်
မလုပ်တာလဲဆိုတာကို ရှင်းပြတာ။ အခု လုပ်နေတာ အားလုံးက ပုန်းလျှိုးကွယ်လျှိုး
လုပ်စရာ ဘာမှမရှိဘူး။

ကျနော်တို့ ထောင်ကလွတ်လာပြီး နှစ်ပတ်လောက်အကြာမှာ ဗိုလ်ချုပ်အောင်မင်းတို့ 
ငြိမ်းချမ်းရေးစင်တာမှာ ခေါ်တွေ့ တယ်။ ဦးအောင်မင်းက နိုင်ငံရေးလုပ်ရင် လုပ်ပါ၊
ကျောင်းတက်ရင်လည်း တက်ပါ၊ ပတ်စ်ပို့ ထုတ်ပေးမယ်လို့  ပြောတယ်။ ကျနော်တို့ 
ကလည်း အခါအားလျော်စွာ လုပ်နေတာတွေ တင်ပြတယ်။ ဦးလှမောင်ရွှေကတဆင့်၊
ဦးအောင်မင်းကတဆင့် တင်ပြတယ်။ နောက်တခါ ၀န်ကြီး ဦးစိုးသိန်းကိုလည်း
စီးပွားရေးလုပ်နေတာတွေ ပြောတယ်။ ကျနော် အခုပြောနေတာတွေအားလုံး သူတို့ 
အကုန်သိပါတယ်။ သတင်းပို့ ပြီးမှ လုပ်တာပါ။ နောက်တခုကလည်း သွားတာလာတာ
ကအစ SB က ဗိုလ်မှူးကြီးကျော်ကျော်ဟန်ကို သတင်းပို့ တယ်။ နောက်တခါ
စစ်/လုံက ဗိုလ်မှူးကိုကိုမောင်ကို ကျနော် သတင်းပို့ တယ်။ သွားတယ်။ ကျနော်
ညာစရာ မရှိဘူး။ အားလုံး အဆင်ပြေတယ်။

ဦးတေဇနဲ့ မတွေ့ ခင်၊ ကျနော် ထောင်ထဲမရောက်ခင် အလုပ် စလုပ်ခါစ၊
နှစ်နှစ်သုံးနှစ်နဲ့  ကျနော် ထောင်ထဲ ရောက်သွားတာကိုး။ အဲဒီတုန်းက Key Player
တွေက ဦးခင်ရွှေတို့ လို လူမျိုးတွေ ခင်ပါတယ်။ အဲဒီတုန်းက Pepsi ကိုဖိုးနီလို
လူမျိုးတွေ၊ အဲဒီတုန်းက ကျောက်မျက်မှာ တော်တော်နာမည်ကြီးတဲ့ ကျနော်တို့ 
ခေါ်တာတော့ ဦးချောင်လို့ ခေါ်တယ်။ သူက ယိုးဒယားလူမျိုး။ သူဆိုရင် ကျနော်နဲ့ 
အလုပ်တွေ အများကြီးလုပ်ဖူးတယ်။ နောက် ကျနော့်အမှုကိစ္စဖြစ်တော့ ရှေ့ နေ
ငှားတာကအစ အကုန်လုံး သူဘဲတာဝန်ယူထားတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ။
နောက် မောင်ဝိတ်တို့ လို လူမျိုးတွေ။ ကျနော် အရမ်းခင်တဲ့၊ အရမ်းတွဲဖြစ်တဲ့
ဗိုလ်ချုပ်ညွန့် တင်ရဲ့ သား မျိုးညွန့် ဆိုတာ အဲဒီတုန်းက Key Player တွေပေါ့ဗျာ။

ဒီဘက်ခေတ်ရောက်လာတော့လည်း ကျနော်လွတ်လာတော့ ဆရာကျောင်း
ဦးအောင်ကိုဝင်းပေါ့။ သူနဲ့ တွေ့ တယ်။ ကျနော်တို့ ထောင်ထဲမှာရှိနေတုန်းကလည်း
ဆရာကျောင်းက ကျနော့်ညီလေးကို သေချာစောင့်ရှောက်ပေးထားတယ်။၊
အလုပ်တွေလည်း အတူတူလုပ်ကြတယ်။ ဒါရှက်စရာ မဟုတ်ပါဘူး။ ကျနော့်
ကျေးဇူးရှင်တွေပါ။ ကျနော်မရှိတုန်း ကျနော့်ညီကို စောင့်ရှောက်ထားတယ်ဆိုတာ
ကျနော်ဦးလေးလိုပါဘဲ။ ဦးအောင်ကိုဝင်း (ဆရာကျောင်း)နဲ့ တော့ ရံဖန်ရံခါ
တွေ့ ပါတယ်။ နောက် ကိုဇော်ဇော်ဆိုလည်း ကျနော်ထောင်ထဲမရောက်ခင်ကတည်း
က ရင်းနှီးတာပါ။ သူနဲ့ တော့ စီးပွားရေးလုပ်ငန်းလုပ်ထားတာ ဘာမှမရှိပါဘူး။
နောက် ကိုအောင်သက်မန်း (သူရဦးရွှေမန်း၏ သား)တို့ နဲ့ လည်း ခင်ပါတယ်။
ကိုယ့်တပ်မိသားစုတွေဘဲလေ။ ဗိုလ်ချုပ်ကြီး သူရတင်အောင်မြင့်ဦးသားနဲ့ လည်း
ရင်းနှီးပါတယ်။ ရင်းနှီးတာက သူက ကျနော့်အကိုရဲ့ ကျောင်းနေဖက် သူငယ်ချင်း။
အကုန်လုံးနဲ့ လည်း အဆင်ပြေပါတယ်၊ ဘယ်သူနဲ့ မှလည်း ကျနော်ပြဿနာဖြစ်ထား
တာ မရှိပါဘူး။ ဦးခင်ရွှေဆိုလည်း အခုထိ ခင်ပါတယ်။ သူ့ ကိုတော့ ဂျာနယ်တွေမှာ
တွေ့ လိုက်တယ်။ ဒါပေမယ့် ဒါဟာ ဘာမှ မဆိုင်ဘူးလေ။ ကျနော် ဦးလေးလို
ခင်တာပါ။ ဒီထဲမှာမပါလို့  ကျန်တဲ့လူတွေနဲ့  ကျနော်ပြဿနာတက်ထားတယ်လို့ 
ဆိုလိုတာ မဟုတ်ပါဘူးနော်။

ကျနော်တို့  ဗုဒ္ဓဘာသာအရ ဦးသိန်းစိန်ကတော့ ကျနော့်ကျေးဇူးရှင်ပါ။ ကျေးဇူးရှင်
ဖြစ်တဲ့အတွက် ဦးသိန်းစိန်ကို ကျနော်မကြိုက်ရင်တောင် မကြိုက်ဘူးလို့  မပြောဘူး၊
မပြောတော့ဘူး။ ဒါ ကိုယ့်ကျေးဇူးရှင် ဖြစ်သွားပြီလေ။ အဲဒီတော့ သူကောင်းကောင်း
မကောင်းကောင်း ကျနော်ကတော့ ကိုယ့်ကျေးဇူးရှင် ကျေးဇူးရှင်လို့ ဘဲ ပြောရတော့
မယ်။ ဦးသိန်းစိန်ကိုတော့ ဖယ်ထားလိုက်ပါ။ နောက် သူရဦးရွှေမန်းတို့ ၊ ကိုယ်ကျေးဇူး
တင်ထိုက်တဲ့လူတွေ ကျနော်ဖယ်လိုက်ပြီနော်။ သူတို့ တွေ အတိုက်အခံ အများကြီး
လုပ်ပြီး ကျနော်တို့ ကို လွှတ်ရတာ။ အဲဒီတော့ သူတို့ ကို ဖယ်ထားပါ။

အစိုးရအဖွဲ့ က အရှိန်အဟုန်မြှင့်နေတယ်ဆိုတာ အမှန်ဘဲ။ ဒါပေမယ့် လိုအပ်တဲ့နေရာ
တွေ ပြောပါဆိုရင် အားလုံးက လိုအပ်တယ်။ ဘာကြောင့် အားလုံး လိုအပ်နေသေးလဲ
ဆိုတော့၊ ဒါ ကျနော့်ရဲ့  ခံစားချက်ပါ။ အားလုံးတော့ ကျနော် မသိဘူးပေါ့။ ကျနော်တို့ 
က ထောင်သေးသေးလေးကနေပြီးတော့ မြန်မာနိုင်ငံဆိုတဲ့ ထောင်ကြီးထဲ ရောက်သွား
တာ။ အကုန်လုံး ဘာမှ လုပ်ခွင့် မရှိသေးတာ။ သေချာပြန်စဉ်းစားကြည့်ပါ။ ရထားတဲ့
Freedom ဆိုတာက ဒါ ကျနော့်ရင်ထဲက ခံစားချက်ပါ၊ ထောင်သေးသေးလေးကနေ
လွတ်ပြီး ထောင်ကြီးကြီးထဲ ရောက်တာ၊ ဒါပါဘဲ။ အဲဒီလိုပြောကြေးဆို အကိုတို့ ရော
လွတ်လပ်ပြီလား၊ လုပ်ခွင့်ရှိပြီလား။ ဘယ်သူမှ လုပ်ခွင့်မရှိတဲ့ ထောင်သေးသေးလေး
ကနေ ထောင်ကြီးကြီးထဲ ရောက်နေကြတာ။

မေး။ ။ Messenger

ဖြေ။ ။ ကျော်နေ၀င်း

(Messenger ဂျာနယ် အတွဲ ၅၊ အမှတ် ၈ တွင် ပါရှိသော “ကျော်နေ၀င်းနှင့်
အင်တာဗျူး” မှ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဗိုလ်နေ၀င်းမြေး
ကျော်နေ၀င်းတို့ မှ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ မြှုပ်နှံရန် လုပ်ဆောင်နေခြင်း၊
စစ်ခရိုနီ တေဇပိုင် AGD ဘဏ်၏ ပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ
ဝယ်ယူရန် ပြင်ဆင်ခြင်း စသည့် စီးပွားရေးဆိုင်ရာ ဖြေဆိုမှုများကို ချန်လှပ်ထားပြီး
နိုင်ငံရေးနှင့် သက်ဆိုင်သည့် အပိုင်းများကိုသာ ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်)

Messenger
အပြည့်အစုံသို့ »

အစိုးရဌာနတွေ တာဝန်ကျေပွန်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့
ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး
 ဆောင်ရွက်ဖို့လိုနေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။ အများပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ အစဉ်အမြဲ စစ်ဆေးပြီး လိုအပ်သလို မွန်းမံပြင်ဆင်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒါဖြစ်မှ အရေးယူတယ်ဆိုတဲ့ ကိစ္စဟာ ဒါမဟုတ်သေးဘူးထင်တယ်၊ မဖြစ်အောင်လို့ကာကွယ်ရမှာပေါ့ ဒီ ဓါတ်ကြိုးတွေ ဓါတ်ကြိုးဟောင်းတွေ အခြေအနေတွေနဲ့ ပတ်သက်လို့ ဓါတ်တိုင်ဟောင်းတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ကျမတို့ လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်ကနေပြီးတော့ မကြာခင်တုန်းက ဓါတ်လိုက်တာတွေ အန္တရာယ်ရှိတယ် ဒီဟာတွေကို လဲသင့်တယ် ကောင်းအောင်လည်း ပြုပြင်သင့်တယ်ဆိုတာကို ပြောသွားတာ ရှိပါတယ်၊ ဓါတ်ကြိုးတွေ ဓါတ်တိုင်တွေ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေပဲ လယ်လိုလုပ် ဒါတွေကို လှစ်လျူရှု့ထားနိုင်လဲတော့ နားလည်ရတောင်မှ ခက်နေတယ်"

RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေအပေါ် လတ်တလော အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ အစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲမှု လမ်းကြောင်းလျောက်လှမ်းပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရမယ့်အချက် ဖြစ်တယ်လို့ ပြောပါတယ်။

"မီဒီယာတွေကနေပြီးတော့ တာဝန်သိမှု ရှိရမယ်ဆိုတာ ဒါမှန်ပါတယ် ဒါဟာလည်း လူတိုင်းက တာဝန်သိမှုရှိရမှာပဲ သို့သော်ငြားလည်း မတန်တဆပေါ့နော် မီဒီယာတွေကို အရေးယူတာဆိုတာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့် လွတ်လပ်စွာ သတင်းဖြန့်ချိပိုင်ခွင့်တွေကို ချုပ်ချယ်ချင်လို့လား ဆိုတဲ့မေးခွန်းတွေကတော့ မမေးလို့ မဖြစ်တော့ဘူး"

တဆက်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ စည်ကမ်းတွေအပေါ် သဘောထားနဲ့ အာဇာနည်နေ့မှာ ပြုလုပ်မယ့် အစီအစဉ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA (မြန်မာပိုင်း)
အပြည့်အစုံသို့ »

ယုံကြည်ချက်ရှိလျှင် အခြေခံဥပဒေ ဆန္ဒခံယူပွဲ နောက်တစ်ကြိမ် လုပ်ပါဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



ပခုက္ကူမြို့တွင် ဇူလိုင် ၁၂ ရက်နံနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြော နေစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ)
၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပြည်သူများက အမှန်တကယ် ထောက်ခံခဲ့သည် ဟု ယုံကြည်ပါက ဒုတိယအကြိမ် ဆန္ဒခံယူပွဲ ပြန်လည်ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

‘‘ကျွန်မက ပြောရဲတယ်။ ၂၀၀၈ ဆန္ဒခံယူပွဲက တကယ်ပဲ ပြည်သူထောက်ခံတဲ့ ဆန္ဒခံယူပွဲ မဟုတ်ဘူး။ ပြည်သူရဲ့ ဆန္ဒကို တကယ်ပဲ ရောင်ပြန်ဟပ်တယ်လို့ ယုံကြည်ရင် နောက်ဆန္ဒခံယူပွဲ တစ်ခုကို ရဲရဲရင့်ရင့်နဲ့ လုပ်ပေး လိုက်ပါ။ အဲဒီလို ရဲရဲရင့်ရင့်နဲ့ လုပ်ပေးတဲ့ ဆန္ဒခံယူပွဲက တကယ် ပဲ တရားမျှတရမယ်။ တကယ်ပဲ လွတ်လပ်ရမယ်။ အဲဒီလိုလုပ်ပေး လိုက်တဲ့ ဆန္ဒခံယူပွဲမှာ ပြည်သူ တွေက လက်ခံပါတယ်ဆိုရင် တော့ ဒါပြည်သူရဲ့ ဆန္ဒအရ ရေး ဆွဲထားတဲ့ ဥပဒေဆိုတာ ကျွန်မ တို့ကလည်း လက်ခံရမှာပေါ့’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၂ ရက်တွင် ပခုက္ကူမြို့၌ကျင်းပ သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ တက် ရောက်လာသော ပြည်သူနှစ်သိန်း ခန့်အား ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ခြင်းဖြစ်သည်ဟု ယ ခင်အစိုးရ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

အချို့ ပြည်သူများသည် ဆန္ဒခံယူပွဲသို့ သွားရောက်ခြင်း မရှိသော်လည်း အခြားသူများကကိုယ်စား ထည့်ပေးသွားခြင်းများရှိကြောင်း သိရှိခဲ့ရသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပြီး အဆိုပါ ဆန္ဒခံယူပွဲမှာ အ မှန်တကယ် စစ်မှန်သော ဆန္ဒခံ ယူပွဲမဟုတ်ကြောင်း ပြောရဲသည် ဟု မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားခဲ့သည်။

လက်ရှိနိုင်ငံရေး အခြေအ နေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ခံယူခြင်းထက် ယခင် အခြေခံ ဥပဒေကို အတည်ပြုခဲ့သည့် ဆန္ဒ ခံယူပွဲကို ပြန်လည်ကျင်းပရန် တိုက်တွန်းနိုင်လျှင် ပို၍ အဆင် ပြေသော လမ်းကြောင်းဖြစ်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဒေါက်တာရန် မျိုးသိမ်းက ပြောကြားထားသည်။

မေလ ၁၇ ရက်ကပင် စတင် ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု လက်မှတ်စုဆောင်း ရာတွင် လက်မှတ်အရေအတွက် သုံးသန်းကျော်သာ ရရှိနေသေး၍ အခြေခံဥပဒေကို ထောက်ခံခဲ့ သော အရေအတွက်နှင့် ယှဉ်ပါ က ၁၀ ဆခန့် ကွာခြားနေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုသူများသည်  အ ကြောင်းရင်း  သုံးခုကြောင့်သာ မပြင်ဆင်လိုခြင်းဖြစ်ပြီး စိတ်စေတနာမရှိခြင်း၊ နိုင်ငံအတွက် အကျိုးမရှိနိုင်သော ဥပဒေဆိုသည်ကို သိနိုင်သည့် ပညာမရှိခြင်းနှင့် စေတနာနှင့် ပညာပါရှိသော်လည်း ပြင်ဆင်ရဲသည့် သတ္တိမရှိသောကြောင့်သာ ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်လိုသူများကို ရည်ညွှန်း၍ ပြည်သူများအား ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေး ကောက်ပွဲအတွက် ရည်ရွယ်၍ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လုပ်ဆောင်ခြင်း မဟုတ်ဘဲ ရေ ရှည်အတွက် ရည်ရွယ်၍ လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပခုက္ကူမြို့ ၌ ပြောကြားခဲ့သည်။

7day daily
အပြည့်အစုံသို့ »

ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်လူငယ်များကိုပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်- ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိရန်လွယ်သော်လည်း ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရန်မှာ ခက်ခဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက် နံနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံတွင် ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပါတီစတင်တည်ထောင်စဉ်ကပင် အမိန့် အာဏာရာထူးများရှိသည့် ပါတီမဟုတ်ဘဲ ပြည်သူလူထုက ဒီမိုကရေစီကိုရရှိအောင်ယူပေးနိုင်မည့် ပါတီဖြစ်သည်ဆိုသော ယုံကြည်ချက်ကိုသာ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပနေသော ပါတီ၏ပထမအကြိမ် လူငယ်ညီလာခံတွင် ပြည်နယ်နှင့်တိုင်းများမှ လူငယ်ကိုယ်စားလှယ်များကို ပြောကြားခဲ့ သည်။


‘‘ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စပါ။ ဒီလိုရရှိထားတဲ့ဟာကို ထိန်းသိမ်းရမယ့်ဟာက ပိုပြီးတော့လည်း အရေးကြီးပါတယ်။ ပိုပြီးတော့လည်း ခက်ခဲပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် ယခုပစ္စုပ္ပန်တွင် မည်သည့်အရာများလိုအပ်နေသည်၊ မည်သို့လုပ်ရမည်ဆိုသည်ကို လူငယ် များအနေဖြင့် သေချာစွာသိရှိရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံသို့ တက်ရောက်လာသူ လူငယ် ၁၅၀ ကို ပြောကြားလိုက်ခြင်းဖြစ်သည်။



 7day daily
အပြည့်အစုံသို့ »

မန္တလေးဖြစ်ရပ်အပေါ် ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု ဒေါ်စုပြော



စိုးသန်းလင်း

နေပြည်တော်၊ မဇ္ဈိမ။ ။ ပြီးခဲ့သည့်နှစ်ရက်အတွင်း လူသေဆုံးမှုရှိခဲ့ပြီး ဇူလိုင် ၃ရက်ကစ၍ ‘ညမထွက်ရ’ အမိန့် ထုတ်ထားသည့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု မဇ္ဈိမကို ဇူလိုင်လ ၄ရက် နံနက်တွင် ပြောခဲ့သည်။

“အဲဒီဖြစ်ရပ်အပေါ် အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာချက်ထုတ်တယ်၊ ထုတ်ထုတ်ချင်းမှာ အတု ထွက်လာတယ်၊ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေသလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီး စဉ်းစားရမယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်ဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်နေတာကတော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး NLD က ထုတ်ပြန်သည့် ကြေညာချက်တွင် ‘လူမျိုးစုများ တွေ့ဆုံဖြေရှင်းကြစေလိုကြောင်းနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း’ ဖော်ပြပါရှိသော်လည်း ကြေညာချက် အတုတွင်မူ ‘ ယခုဖြစ်ရပ်၌ တာဝန်ပေါ့လျော့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတို့အား ပြင်းထန်စွာအရေး ယူသင့်ကြောင်း အပြင် မွတ်ဆလင် ဘာသာဝင်တို့အား ကာကွယ်ပေးသင့်သည် ဟူသည့် အဓိပ္ပါယ်မျိုး ဖော်ပြပါရှိသည်ဆို၏။

NLD က ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်ပြီး “အစတုန်းက သူများတွေပြောရင် အဖွဲ့ချုပ်က ဝင်မပါဘူး၊ တတ်နိုင်သမျှ ဒါတွေမဖြစ်အောင်လို့ အားလုံးအဆင်ပြေဖို့အတွက် ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင် ကြေညာချက်ထုတ်တာပါ” ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့အပြင် ယခုကဲ့သို့ ညမထွက်ရ ကာဖျူးထုတ်ခြင်းသည် အမှန်တကယ် လိုအပ်မှသာ ထုတ်သင့်ကြောင်း၊ အမှန်တကယ်လိုအပ်မှု ရှိ မရှိ သေချာဖို့လိုအပ်ကြောင်းနှင့် နောက်ထပ် ပဋိပက္ခမဖြစ်စေရန် ကာကွယ် ခြင်းမျိုး ဖြစ်စေလိုကြောင်း၊ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ မတူခြားနားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက်၊ ၂ရက်နှင့် ၃ရက်နေ့များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဒဏ်ရာရရှိခဲ့ပြီးနောက် မန္တလေးမြို့အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဇူလိုင်လ ၃ရက်မှ စ၍ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်အမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

Mizzima Burmese
အပြည့်အစုံသို့ »

ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနှင့်မေးမြန်းချက်


ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေနဲ့   မြို့ခံကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ သရက်ထောင်ကနေ ဒီနေ့ မွန်းတည့် ပြန်လည်လွတ်မြောက်ပါတယ်။


ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်း တခုက ပေးအပ်တဲ့ ပညာသင်ဆုရွေး ချယ်ပုံနဲ့ ပတ်သက်လို့ မကွေးတိုင်းပညာရေး မှူးရုံးမှာ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဇော်ဖေနဲ့ သူ့ကို ကူညီပေးတဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ သရက်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ချမှတ်ထားရကနေ မနေ့က ၃ လ ပြင်ဆင်သတ်မှတ်လိုက်ပြီးနောက် ဒီနေ့ ပြန်လွတ်လာတာပါ။

ပြန်လွတ်လာတဲ့ ကိုဇော်ဖေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese b
အပြည့်အစုံသို့ »

ဦးမင်းကိုနိုင် အဖွင့်စကားပြောမည့် အစီအစဉ် ပါနေ၍ စီးပွားရေးတက္ကသိုလ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ပွဲပျက်



ရန်ကုန်စီးပွားရေးတက္ကသိုလ်ထဲတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်၌ အဖွင့် အမှာစကား ပြောကြားမည့် ဦးမင်းကိုနိုင်ကို ကျောင်းတာဝန်ရှိသူများဘက်က ကန့်ကွက်ခဲ့သောကြောင့် အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘ရုပ်ရှင်ပွဲတော်ကျင်းပဖို့ကို ခွင့်ပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောင်တော်မျိုးဆက်ဖြစ်တဲ့ ကိုမင်းကိုနိုင်က အဖွင့်အမှာစကားပြောမှာကို ခွင့်မပြုပေးဘူးဆိုတော့ ရုပ်ရှင်ပွဲတော်ရဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ရော၊ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေအနေနဲ့ရော ဒီပွဲဆက်ကျင်းပဖို့ အခက်အခဲရှိတယ်။ ခန်းမပြည့် လာကြတဲ့ကျောင်းသားထုတွေ၊ သတင်း မီဒီယာတွေရဲ့ရှေ့မှာပဲ ဖျက်သိမ်းလိုက်ရမယ့် အကြောင်းကို ကြေညာပြီး ဒီပွဲကိုဖျက်သိမ်းလိုက်တာ ပါ’’ ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုစည်သူမောင်က ပြောသည်။

တက္ကသိုလ်များတွင် ရုပ်ရှင်ပွဲတော် ကျင်းပခွင့် ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဖွင့်ပွဲတွင် ယခုကဲ့သို့ ကြုံတွေ့ရသောကြောင့် အခြားတက္ကသိုလ်များတွင် ကျင်းပခွင့်ရရှိရန် ခက်ခဲမှုများ ရှိနိုင်သော်လည်း ကျင်းပခွင့်ရရန် ကြိုးစားသွားမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

‘‘တက္ကသိုလ်ထဲမှာ ပြင်ပက ပညာရှင်တွေကို စကားပြောခွင့် တွေပြုနေတာပဲလေ။ ဒါပေမဲ့ ကိုမင်းကိုနိုင်ကျမှ အဖွင့်စကား လေးပြောဖို့ ခွင့်မပြုဘူးဆိုတော့ တစ်မျိုးဖြစ်သွားတယ်။ ကိုမင်းကို နိုင်ရဲ့ ဂုဏ်သိက္ခာရှိသလို ကိုယ် တို့ရုပ်ရှင်ပွဲတော်ရဲ့ ဂုဏ်သိက္ခာ လည်းရှိတယ်ဆိုတော့ ရုပ်ရှင်ပွဲ တော် ကျင်းပလို့မရတော့ဘူးဆို ပြီး စိတ်မကောင်းစွာနဲ့ဖျက်သိမ်း လိုက်ရတာပါ’’ ဟု ၎င်းက ပြော ကြားသည်။

ဦးမင်းကိုနိုင်သည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သူတစ်ဦး ဖြစ်သကဲ့သို့ ရုပ်ရှင်ပွဲတော်တွင်လည်း ၎င်း၏အမည်ဖြင့် ဆုသတ်မှတ်ပေးအပ်ထားသောကြောင့် ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး လှုပ်ရှားသူများက အဖွင့်အမှာစကားပြောကြားရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်ကို ကြည့်ရှုရန် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ကိုးရာခန့် လာရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘ဒီပွဲမဖြစ်ပေမယ့် ကိုယ်တို့ကို ကမ်းလှမ်းထားတဲ့ အင်းစိန်က Myanmar Institute of Theology(MIT)မှာတော့ ရုပ်ရှင်ပွဲတော် လုပ်ဖြစ်မယ်ထင်တယ်’’ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

7day daily

အပြည့်အစုံသို့ »

မန္တလေးဖြစ်ရပ်NLD ပါတီရဲ့ ကြေညာချက်စာတမ်းကိုအတုပြုလုပ်ရေးသားပြီး အောက်တန်းကျကျတိုက်ခိုက်


မနက်ကတင်ပဲ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက် ကြေညာချက် အမှတ်၅/၀၇ရ၁၄ကို ဦးကြည်တိုးထံမှ ရရှိတဲ့အတွက် တင်ပေးခဲ့ပါတယ် ။

အဲဒီကြေညာချက်ကို
မန္တလေးဖြစ်ရပ်ကြေညာချက်ကို စာသားများပြောင်းပြီး အွန်လိုင်းမှာတင်ထားတာတွေ့ရပါတယ်။
အလွန်အောက်တန်းကျကျ တိုက်ခိုက်ချင်တဲ့ စိတ် နဲ့ ပြုလုပ်တယ်ဆိုတာ ထင်ရှားလှပါတယ် ။

မန္တလေးဖြစ်ရပ်ကို ဘယ်သူတွေက မီးမွှေးတယ် ၊ ဘယ်သူတွေက ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ကြီးမားလာစေချင်ပြီး တိုင်းပြည်ကို ဘယ်လို ချောက်ထဲဆွဲချချင်တယ် ။ ဘယ်သူက ကယ်တင်ရှင်လုပ်ချင်တယ် ဆိုတာ စဉ်းစားဆင်ခြင်တတ်သူ နိုင်ငံသားတိုင်း အသိဖြစ်ပါတယ်

အဲဒီသူတွေဟာ သူတို့ရည်ရွယ်ထားသလို ပဋိပက္ခတွေ အကြီးအကျယ် မဖြစ်အောင် မန္တလေးက မြို့သူမြို့သားစစ်စစ်တွေ တက်ညီလက်ညီ ၀ိုင်းဝန်းဟန့်တားခဲ့တာ
ဒေသအသီးသီးက အသိညဏ်ရှိသူတွေက ၀ိုင်းဝန်း အသိပေးခဲ့ ဟန့်တားခဲ့ကြတာတွေကြောင့်
အကျယ်အကျယ်မဖြစ်ခဲ့ရတာကို ကြိတ်မနိုင်ခဲမရဖြစ်သွားပုံရပါတယ်

NLD ကို အောက်လမ်းနည်းနဲ့ ပေါ်ပေါ်ထင်ထင် အောက်တန်းကျကျ တိုက်ခိုက်တာကတော့ အရှင်းသားကြီးပါ

ပြည်သူများကို သတိပေးချင်တာကတော့ ခင်ဗျား တို့ ကျနော်တို့အတွက် ဒါတွေက အဆုံးမဟုတ်သေးပါဘူး ၊အာဏာကို လက်မလွှတ်ချင်တဲ့သူတွေက အမျိုးမျိုး ကောက်ကျစ်ဦးမှာပါ ၊ အာဏာရှင်တွေရဲ့ ပေးစာကမ်းစာကို စားနေတဲ့ သူတွေကလည်း အဖုံဖုံယုတ်မာဦးမှာပါ

အဲဒီအချက်ကို အမြဲသတိရှိကြလို့ တိုက်တွန်းလိုက်ပါတယ် ။ ကြေညာချက် အတုနဲ့ အစစ်ကိုလည်း ပူးတွဲတင်ပေးလိုက်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပတ်သက်၍ အရေးကြီးအကြောင်းအချက်များကို ပာရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား

၁။ ဦးဥာဏ်ဝင်း ၀၉-၅၁၇၉ ၂၄၇
၂။ ဦးဝင်းမြင့် ၀၉-၄၃၁၄ ၀၉၈၀

ထင် လင်း ဦး

Dawnmanhon
အပြည့်အစုံသို့ »

ပြောပြရင် ဒေါပွမှာလား


အရိုင်းနှင့် နေဇော်နိုင်တင်ဆက်သည့် ဒီဗီဘီ အစီစဉ်သစ် ( ၁ ဇူလိုင် ၂၀၁၄)

DVB TV New

 
အပြည့်အစုံသို့ »

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု



(ဓာတ်ပုံ- အောင်သူရ)
ရန်ကုန်- ဇွန်လ ၃၀ ရက်ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်အဆို ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့လွှတ်တော်က အတည်ပြုလိုက်ပြီ သမ္မတဆီကို သဝဏ်လွှာပြန်ပို့ထားတယ်’’ဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြကျော်က ပြောသည်။

ဇွန်လ ၂၅ ရက် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းက တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌက ၎င်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြုထားသော နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ ကန့်ကွက်လို သူများအနေဖြင့် ဇွန်လ ၂၇ ရက် နောက်ဆုံးထား၍ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာကို လွှတ်တော်သို့ပေးပို့ရမည်ဖြစ်သည်။

သို့ရာတွင် ကန့်ကွက်သူလုံးဝမရှိသည့်အတွက် ဇွန်လ ၃၀ အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြု လိုက်ပြီဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။

နိုင်ငံတော်သမ္မတက အမိန့်ပြန်တမ်းစာထုတ်ပြန်ပေးပို့ပြီးပါက ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။

7daydaily
အပြည့်အစုံသို့ »

မန္တလေးတွင်ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ယူရာ၌ ဥပဒေများနှင့်ငြိစွန်းသည်ဆိုပြီး သတိပေးခံရ


မန္တလေးတိုင်းဒေသကြီး တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်များကောက်ယူရာ၌ သတ် မှတ်ဥပဒေများနှင့်ငြိစွန်းနေသည် ဟုဆိုကာတိုင်းဒေသကြီးအမျိုး သားဒီမိုကရေစီအဖွဲ့
ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းများအားအစိုးရအဖွဲ့တာဝန်ရှိသူများက သတိပေးစကား   ပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။

ပါတီရုံးခန်း  ဖွင့်ပြီးမှသာ လက်မှတ်ထိုးကောက်ခံရန်၊ မိမိ ဆန္ဒဖြင့်သာ လက်မှတ်ရေးထိုးစေ ရန်၊ နေအိမ်များအထိ လိုက်လံ ကောက်ယူမှုများမပြုလုပ်ရန်အစ ရှိသည့်အချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အင်န်အယ်လ်ဒီ(ဗဟို)က ထုတ်ပြန်ထားသည်။ သို့သော်မန္တလေးတိုင်းဒေသကြီးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန်လက် မှတ်ကောက်ခံရာ၌   ယင်းညွှန် ကြားချက်များကို လိုက်နာမှုမရှိသည့်အပြင် စည်ပင်သာယာဥပဒေ၊ လမ်းမကြီးများနှင့်ဆိုင် သောအက်ဥပဒေ၊ ကျေးရွာအုပ် ချုပ်ရေးမှူးအက်၊ အသံချဲ့စက်အက်   အစရှိသည့်  ဥပဒေများနှင့်ငြိစွန်းနေသည့်အတွက် နောင် တွင် ယင်းကဲ့သို့မဖြစ်စေရန် ဇွန်လ ၂၈ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌   ခေါ်ယူသတိ ပေးခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မန္တလေးတိုင်းဒေသကြီး အင်န် အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌဒေါ်ဝင်းမြမြကပြောသည်။

‘‘ဥပဒေကို တန်းစီပြီးရွတ်ပြ ခဲ့တာပဲ။ အဲဒီဥပဒေတွေကိုချိုး ဖောက်နေတယ်ဆိုတာ  ကိုယ့် ကိုယ်ကိုယ်မသိရင်လည်း အခုသိ သွားနိုင်ဖို့၊ ပြီးရင်ဆင်ခြင်ဖို့၊ ထပ် လုပ်ရင်အရေးယူမယ်ပြောတယ်။ သတိပေးစကားပြောတယ်ဆိုပြီး ခေါ်ပြောတာပါပဲ’’ဟု ဒေါ်ဝင်းမြမြ ကပြောသည်။

မန္တလေးတိုင်း  ဒေသကြီး အတွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင် ရေးနှင့်ပတ်သက်ပြီး ပြည်သူလက်မှတ်ရေးထိုးသည့်အစီအစဉ် မှာ အောင်မြင်နေသည့်အတွက် အစိုးရတာဝန်ရှိသူများဘက်မှ စိုး ရိမ်ကာ ယခုကဲ့သို့လိုက်လံဟန့် တားနေခြင်းဖြစ်သည်ဟု ယူဆ ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှ မြို့နယ်တစ်မြို့နယ်စီတွင်ရှိနေ သည့် ဆန္ဒမဲပေးနိုင်သူစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အကြား လက်မှတ်ရေးထိုးထား ကြကြောင်း  တိုင်းဒေသကြီး အင်န်အယ်လ်ဒီပါတီ အတွင်း ရေးမှူးဦးတင်ကိုကိုကပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့တက် ရောက်ခဲ့သည့် တိုင်းဒေသကြီး အင်န်အယ်လ်ဒီပါတီနှင့် ၈၈ ပွင့် လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိ သူငါးဦးစီကို အစိုးရအဖွဲ့မှ  လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက နံနက် ၉ နာရီမှ ၁၀ နာရီခန့်အထိ တွေ့ဆုံခဲ့ပြီး သတိပေးခဲ့ခြင်းဖြစ် သည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့ သူအချို့ထံမှ သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ၈၈ ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ပူးပေါင်းကာ ယခု နှစ်မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ မြန်မာတစ်နိုင်ငံလုံး တွင် လက်မှတ်ထိုးအခမ်းအနား များပြုလုပ်နေကြခြင်းဖြစ်သည်။

7Day News Daily
အပြည့်အစုံသို့ »

တာဝန်လစ်ဟင်းရင် နှုတ်ထွက်ပေး တဲ့ စနစ် ရှိသင့်



ဒီမိုကရေစီစနစ်မှာ အစိုးရတာဝန်ရှိသူတွေဟာ တာဝန် မကျေပြွန်တဲ့အခါ နှုတ်ထွက်ပေးကြတဲ့ ယဉ်ကျေးမှု ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း အဲဒီလို ယဉ်ကျေးမှု မျိုးဖြစ်လာအောင် ပြည်သူတွေ အားလုံးက ကြိုးစားရ မှာဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဒီနေ့ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောပွဲမှာ ဒီမိုကရေစီစနစ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်တဲ့အကြောင်း ပြောစဉ်အခုလို ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာဖြစ်ကြောင်း နဲ့ ကာကွယ်ရေးဝန်ကြီးဆိုတာလည်း အရပ်သား သာ ဖြစ်ရမှာဖြစ်ကြောင်းလည်း လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။

ဒီ ဟောပြောပွဲကို ဒေသခံတွေ တစ်ထောင် နီးပါး တက်ရောက်နားထောင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ရှေ့နေ ဦးဌေးဦးတို့ကလည်း ဘာကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရေးကြီးကြောင်းကို ရှင်းပြခဲ့ကြပါတယ်။

RFA
အပြည့်အစုံသို့ »

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရပ်တွေ မှာ တရုတ်ဖက် မြန်မာရပ်မည်ဟု ဦးသိန်းစိန်ပြော


သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်မြန်မာအိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်း အမှတ်ပွဲတွေကို တက်ရောက်မယ်လို့ သိရပါတယ်။

ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအကြား ဆက်ဆံရေး တိုးမြင့်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ တရုတ်အစိုးရထုတ် တရုတ်ပြည်သူ့နေ့စဉ်သတင်း မှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် စဉ်ဆက် မပြတ် ထောက်ခံအားပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားကိစ္စရပ်တွေမှာ တရုတ်ဖက်က ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတွေ ဆက်ပြီးထားရှိမယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိတွေ အပြန်အလှန် ချစ်ကြည်ရေးခရီးတွေ တိုးမြင့်စေလွှတ်ဖို့၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက အာဏာရ ကြံ့ခိုင်ရေးပါတီတို့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေ့အကြုံဖလှယ်တာတွေ လုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုနဲ့ နယ်စပ်မှုခင်းတွေ အတူတကွ တိုက်ဖျက်ဖို့ စတာတွေကို တရုတ်သမ္မတက အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

၁၉၅၄ ခုနှစ်က မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း ၃ နိုင်ငံအကြားနယ်မြေနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အပြန်အလှန်လေးစားရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ပူးတွဲ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

RFA Burmese
အပြည့်အစုံသို့ »

တန့်ဆည်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့ တန့်ဆည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းက ဆန္ဒပြရတဲ့ အကြောင်း RFA ကို အခုလို ပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပုဒ်မ ၄၃၆ မပြင်ရင် မရဘူးလို့ ကျနော်တို့ ခံယူထားပါတယ်၊ ပုဒ်မ ၄၃၆ ပြင်မှသာလျှင် တခြားဥပဒေပုဒ်မတွေကို ပြင်လို့ရမှာဖြစ်တဲ့အတွက် အဓိကသော့ချက်ဖြစ်တဲ့ ဒီ ၄၃၆ ကိုပြင်ဖို့ လုပ်ရခြင်းဖြစ်ပါတယ်၊ ၂ဝဝ၈ အခြေခံဥပဒေသည် ဒီမိုကရေစီနဲ့ မညီတဲ့အတွက် တန့်ဆည်မြို့နယ် လူထုကလည်း ပြင်ချင်ပါတယ်ဆိုတာကို သက်ဆိုင်ရာတွေသိစေချင်လို့ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ အာဏာပိုင် ကလည်း လူတွေရဲ့ဆန္ဒတွေကို လေးစားအသိအမှတ်ပြုလာရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုထုတ်ဖော်ခြင်းဖြစ် ပါတယ်"

ဆန္ဒပြပွဲကို တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တာဖြစ်ပြီး တန့်ဆည်မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ ရေဦး၊ ကလေးဝ လမ်းမတစ်လျှောက်ကနေ တန့်ဆည် မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့မှာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ ရေဦး၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေမှာလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

RFA Burmese
အပြည့်အစုံသို့ »

ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးဆန္ဒပြုသူပေါင်း ၂၆ သိန်း ကောက်ယူရရှိထား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု စတင်ခဲ့တဲ့ တလအတွင်း တိုင်း ၃ တိုင်းမှာ လက်မှတ်ပေါင်း ၂၆ သိန်းလောက် ကောက်ယူရရှိခဲ့တယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ပြောပါတယ်။

DASSK Hlai Bweပြီးခဲ့တဲ့ မေလ ၂၇ ရက်ကစပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုလက်မှတ်ကောက်ယူခဲ့ရာမှာ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ အခုလို ကောက်ယူရရှိထားတာဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်နယ်တိုင်းတွေက လက်မှတ်စာရင်းတွေ ရောက်မလာသေးဘူးလို့လည်း သူက ပြောပါတယ်။

“အားလုံးပေါင်းလိုက်မယ်ဆိုရင် ၂၅ သိန်း ၂၆ သိန်းလောက် စာရင်းဝင်နေပြီ။ ဒါက အကုန်မဟုတ်သေးဘူး။ စစ်ကိုင်းတိုင်း အထက်ပိုင်း တွေဆိုရင် သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ခက်ခဲတဲ့အတွက် ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ နောက်ကချင်ပြည်နယ်။ ပြည်နယ်တွေကနေ ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ ကျနော်တို့နဲ့ ဆက်သွယ်ရေးလွယ်ကူတဲ့ ဒေသတွေ ဆိုရင် အခု သိန်း ၂၀ ကျော်နေပြီ ခင်ဗျ။”

ဒါ့အပြင် အခုရက်ပိုင်း လက်မှတ်ထိုးကောက်ခံမှုတွေမှာ လူတစုတဖွဲ့က မသမာမှုတွေ ပြုလုပ်လာနေတာတွေ့ရပြီး ဘယ်အုပ်စုဘယ်အဖွဲ့အစည်းက လုပ်နေသလဲဆိုတာကို စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

“လက်မှတ်ရေးထိုး ကောက်ယူမှုကိစ္စတွေမှာ တန်ပြန် သဘောသက်ရောက်တဲ့ဟာလေးတွေ လုပ်လာတွေ့တယ်ဗျ။ လက်မှတ်ရေးထိုးကောက်ယူတဲ့နေရာမှာ ကျနော်တို့လူတွေ မဟုတ်တဲ့ သူတွေဝင်လာပြီး လူတွေကို မချေမငံ ဆက်ဆံပြောဆိုတာလေးတွေရှိတယ်။ ၄၃၆ ကို လက်မှတ်ထိုး၊ မထိုးဘူး။ ဘာလို့ထိုးရမှာ ၄၃၆ က ဘာလဲဘာညာဆိုရင်၊ ဒါလေးတောင် မသိဘူးလား၊ တိုင်းပြည်အတွက် ဒါလေးတောင် တာဝန်မကျေနိုင်ဘူးလား ဘာညာဆိုပြီး လုပ်တဲ့ ပုံစံလေးတွေပေါ့။”

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာလို့လည်း ဦးထင်လင်းဦးက ပြောပါတယ်။

အန်အယ်ဒီနဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေ ပြုလုပ်နေရာမှာလည်း ကချင်၊ ချင်းစတဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲကျင်းပခွင့် မပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို လာမယ့်ဇူလိုင်လ ၁၉ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ဦးဆန်းဆင့်ကို ထိန်းသိမ်းခဲ့၍ ဧရာဝတီတိုင်းမှ လယ်သမားများ ဆန္ဒထုတ်ဖော်မည်

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့် (ဓာတ်ပုံ - နေလင်းထွန်း)

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အားထိန်းသိမ်းခဲ့သည့်အတွက် ဧရာဝတီ တိုင်းအတွင်းမှ လယ်သမားများ နှင့် ဒေသခံများက ဇူလိုင် ၁ ရက် တွင် ပန်းတနော်မြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒ ပြပွဲစီစဉ်သူများက ပြောသည်။


 အဆိုပါဆန္ဒပြပွဲကို နံနက် ၁၀ နာရီတွင်  စတင်မည်ဖြစ်ပြီး ပုသိမ်၊ ပန်းတနော်၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် ဒေးဒရဲ၊ မြောင်းမြ စသည့်ဒေသ တွင်း မြို့နယ်များမှ လယ်သမား များ၊ ဒေသခံများပါဝင်မည်ဖြစ် ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၏ ဧရာ ဝတီတိုင်းတာဝန်ခံဦးကြည်လွင် က ပြောသည်။

‘‘ဦးဆန်းဆင့်ဟာ တိုင်း လွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ပါတီမျက်နှာမကြည့်ဘဲ ပြည်သူ့မျက်နှာကြည့်ပြီး လုပ်တဲ့သူဖြစ်တယ်’’ဟု ဦးကြည်လွင်ကပြောသည်။

ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဆန်းဆင့်သည်  အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခံခဲ့ရပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က လယ်သိမ်းခံရမှုများ၊ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်အပါအ၀င်သူ၏အစိုးရ အဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည်သူဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

ဦးဆန်းဆင့်အား တိုင်းလွှတ် တော်ဥက္ကဋ္ဌရာထူးမှဖယ်ရှားပြီး သာသနာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်စဉ်ကလည်း ဒေသခံများ က ပန်းတနော်မြို့တွင် ဆန္ဒပြခဲ့ ကြသေးသည်။

‘‘အခုအစိုးရလုပ်နေတဲ့ပုံစံ က သူလုပ်ချင်တာလုပ်တယ်။ တစ်ပါတီအာဏာရှင်၊ စစ်အာ ဏာရှင်ပုံစံဖြစ်နေတယ်။ ဘာ ကြောင့် အရေးယူတယ်ဆိုတာ ပြည်သူကိုချပြဖို့တော့ လိုအပ် တယ်’’ဟု ဦးကြည်လွင်က ပြော သည်။

သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် နိုင်ငံပိုင်ငွေများ အလွဲသုံးစားလုပ် သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇွန်လ၁၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

7day daily
အပြည့်အစုံသို့ »

သမ္မတဦးသိန်းစိန် ခရီးစဉ်အတွင်း တရုတ်မှ အကူအညီပေးမည့် သဘောတူစာချုပ်လေးခု လက်မှတ်ရေးထိုး


ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများ သဘောတူညီမှု နှစ်(၆၀)ပြည့်အခမ်းအနားတွင် တရုတ်သမ္မတ စီကျင်းပင်၊ ဝန်ကြီးချုပ် လီကီကျန်း၊ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဒုတိယသမ္မတ ဟာမစ်အန်ဆာရီတို့ကို ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)
သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံသို့ လေးကြိမ်မြောက် ခရီးစဉ်တွင် တရုတ်နိုင်ငံမှ အကူအညီပေးရေး သဘောတူစာချုပ် လေးခု လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံ တရုတ်ဆက်ဆံရေး မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်လုံခြုံရေးတို့ကို တရုတ်သမ္မတ စီကျင်းပင်နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်က မြန်မာသို့ အကူအညီပေးရေး လက်မှတ်ရေးထိုးမှုတွင် မြန်မာ-တရုတ် ယဉ်ကျေးမှုစင်တာ အပြန်အလှန်ထူထောင်မှုဆိုင်ရာ နားလည်မှုသဘောတူညီချက်၊ ယဉ်ကျေးမှုအမွေ အနှစ် အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေဖော်ထုတ်ရေး ကဏ္ဍများတွင် သဘောတူညီချက်၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာ တက္ကသိုလ် ရတနာပုံဆိုက်ဘာ စီးတီးအတွက် ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ပစ္စည်းများ အ ကူအညီပေးရေးစသည့် အချက် လေးချက်တို့ကို သဘောတူ လက် မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။

ထို့ပြင် တရုတ်သမ္မတ စီကျင်းပင်နှင့် သမ္မတဦးသိန်းစိန်တို့ ၏ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍ၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော် ရေး၊ မြန်မာစိုက်ပျိုးရေးတွင် တရုတ်က နည်းပညာအကူအညီပေးရေး၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတိုးမြှင့်ရေး နှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သမ္မတ၊ ခရီးစဉ်တွင် အတူလိုက်ပါသွားသည့် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ကမ္ဘာ့နိုင်ငံများ အနက် တရုတ်နိုင်ငံသို့ လေးကြိမ်မြောက်အဖြစ် အကြိမ်အများဆုံး သွားရောက်ထားပြီး ယခုခရီးစဉ်မှာ တရုတ်-မြန်မာ-အိန္ဒိယသုံးနိုင်ငံက သဘောတူချမှတ်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူဝါဒငါးရပ် နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဘေဂျင်းမြို့သို့သွားရောက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေး မူဝါဒငါးချက်ကို ၁၉၅၄ ခုနှစ်က အိန္ဒိယ၀န်ကြီးချုပ် နေရူး၊ မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့က တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး၊ လေးစားရေး၊ နိုင်ငံများတန်းတူညီရေး၊ ကျူးကျော်ခြင်း မပြုရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဖြင့် စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၇ ရက်မှ စတင်ခဲ့သည့် လေးရက်ကြာ တရုတ်နိုင်ငံ သို့ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော ဦးကျော်ဆန်း၊ ဦးဇေယျာအောင်၊ ဦးဝင်းရှိန်နှင့် ဒုဝန်ကြီး ဦးရဲထွဋ်၊ ဒေါ်စန္ဒာခင်တို့ လိုက်ပါသွားသည်။

7day daily
အပြည့်အစုံသို့ »