Showing posts with label real-estate-news. Show all posts
Showing posts with label real-estate-news. Show all posts

တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချမှုများရှိနေ


တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – အောင်ဌေးလှိုင်

အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ကာ ဆောက်
လုပ်လာခဲ့သော တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှာ ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှုများ
ရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကပြောသည်။

“တန်ဖိုးမျှတတိုက်ခန်းတွေကို ဈေးကွက်ထဲမှာ ပြန်ရောင်းချလာတာ တွေ့လာရပါ တယ်။ ဥပမာ
- မုဒိတာတန်ဖိုးနည်းအိမ်ရာတွေဆောက်တုန်းက တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၂၀၀ နဲ့ ဈေး
စဖွင့်လိုက်တယ်။ တစ်နှစ်အတွင်းမှာ ၃၀၀ ကနေ ၃၅၀၊ နောက်ပိုင်း ၅၀၀ အထိ ဈေးတွေဖြစ်ကုန်
တယ်”ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

“တင်းတင်းကျပ်ကျပ် မထိန်းချုပ်ရင် မဆလခေတ်က ဆန်တို့၊ နို့ဆီတို့ ဝေသလိုပုံစံ မျိုး ပြန်ဖြစ်
သွားမှာပါပဲ။ တကယ်လိုအပ်နေတဲ့လူတွေ အများကြီးရှိတဲ့အတွက် လိုအပ်နေတဲ့ လူတွေ လက်
ထဲရောက်အောင် လက်ရောက် ပေးပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ် မှ အဆင်ပြေမှာပါ”
ဟု ၎င်းကပြောသည်။

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ထပ်ဆင့်ပြန်လည်ရောင်းချမှုများသည် အဆို ပါ အိမ်ရာများ၏
မူလရည်ရွယ်ချက် ကို ပျက်ပြားစေသကဲ့သို့ မလိုလားအပ် သည့် ဈေးနှုန်းမတည်ငြိမ်မှုများလည်း
ဖြစ်ပွားစေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မြောက်ဒဂုံမြို့နယ်အခြေစိုက် ဂလက်ဆီ အိမ်ခြံမြေအကျိုးဆောင် တာဝန်ရှိသူတစ်ဦး က အဆိုပါ
မြို့နယ်အတွင်းရှိ တန်ဖိုးမျှတ အိမ်ရာများဖြစ်ကြသော ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူးအိမ်ရာများရှိ
တိုက်ခန်းများကို ၀ယ်လိုသူ အများအပြားရှိနေသော်လည်း ရောင်းသူနည်းပါးနေကြောင်း ပြော
သည်။

“တန်ဖိုးမျှတအိမ်ရာက ၀ယ်ချင်သူက များနေပေမယ့် ရောင်းသူက ရာခိုင်နှုန်းနည်း တယ်။
အရောင်းအ၀ယ် မရှိတာတော့ မဟုတ် ဘူး။ ရှိနေပါတယ်။ ဗိုလ်မင်းရောင်အိမ်ရာ ကိုတော့
လူကြိုက်ပိုများတယ်”ဟု ၎င်းက ပြောသည်။ ဗိုလ်မင်းရောင်အိမ်ရာသည် စင်ကာပူရှိအိမ်ရာများ
ပုံစံအတိုင်း ဆောက်လုပ်မည် ဖြစ်သဖြင့် အခြေခံအဆောက်အအုံ နည်း စနစ်များ ကောင်းမွန်နိုင်
သောကြောင့် လူကြိုက်များခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မဲပေါက်ထားတဲ့လူတွေ ပြန်ရောင်းကြတယ်ဆိုတာက အကြောင်းရင်း အမျိုးမျိုးနဲ့ ပါ။ မဲပေါက်ပြီး
မှ မလိုချင်တော့တာ၊ ငွေကြေး မတတ်နိုင်တော့တာ၊ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့်
ပါ။ လက်ရှိအချိန် အထိ စီးပွားဖြစ်ရောင်းနေတာမျိုးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့
ခင်မင်သူ အချင်းချင်း ပြန်ရောင်းချနေကြတဲ့ အနေ အထားမျိုးပဲ ရှိပါသေးတယ်” ဟု ၎င်းက
ပြောသည်။

“လောလောဆယ် အပြင်မှာကတော့ မူလ ပေါက်ဈေးထက် အနည်းဆုံး သိန်း ၅၀ အလိုက် ပေးပြီး
ဝယ်နေကြတယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်ခန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော
ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အခြား အိမ်ခန်း၊ မြေနှင့် အရစ်ကျ ၀ယ်ယူ
မှုများကို လျှောက်လွှာမတင်မီ လ ၃၀ အတွင်းသော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူ
ခွင့်ရရှိပြီးချိန်နှင့် အခန်းတန်ဖိုး အကျေအလည် ပေးဆောင်ပြီးချိန်တွင် သော်လည်းကောင်း ၀ယ်
ယူခြင်း၊ ပိုင်ဆိုင်ခြင်း မပြုလုပ် ရန် တားမြစ်ထားသည်။ ၎င်းပြင် အိမ်ခန်းကို ငါးနှစ်အတွင်း လွှဲပြောင်း
ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန် ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန် မြို့တော်စည်
ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်
ရှိကြောင်း သတ်မှတ်ထားပြီးဖြစ်သည်။

ထိုသို့ သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်း
မှ ကာကွယ်ရန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ခန်းလျှောက်ထားမည့်သူနှင့်
မိသားစုတွင် အဓိကပါဝင်သူများသာ အမှန်တကယ်နေထိုင်ရမည်ဖြစ်ပြီး အငှားချထား ခြင်းမပြု
လုပ်ရဟုလည်း စည်းကမ်း သတ် မှတ်ချက်တွင် ဖော်ပြပါရှိပြီးဖြစ်သည်။

သို့သော် စည်းကမ်းချက်နှင့် သွေဖည်ကာ ရောင်းချနေမှုများအတွက် ထိရောက်သည့် အရေးယူ
မှုမျိုးကို မတွေ့ရှိရပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာန
တာဝန်ရှိသူတစ်ဦးက အဆိုပါ လွှဲပြောင်းရောင်းဝယ် မှုများကို အရေးယူသွားမည်မဟုတ်သော်
လည်း မိမိတို့သဘောအလျောက် လွှဲပြောင်းရောင်းချမှုများတွင် ပိုင်ရှင်အမည်ပေါက်လွှဲပြောင်း
ပေးမည်မဟုတ်ကြောင်း ပြောသည်။

“အဲဒီလိုမျိုးတွေ ဖြစ်မှာစိုးလို့ အစ ကတည်းက စည်းကမ်းချက်မှာ ငါးနှစ်အတွင်း လွှဲပြောင်းရောင်း
ချခြင်း မပြုရဘူးလို့ ထည့် ထားတာ။ ရောင်းတာ မရောင်းတာက သူတို့ သဘောပါပဲ။ ဒါကို စည်
ပင်က ကြားဝင် ကြပ်မတ်စရာမလိုပါဘူး။ စည်းကမ်းချက်မှာ တော့ အကုန်ပြောထားပြီးသားဖြစ်
တဲ့ အတွက် ကျွန်တော်တို့ကတော့ နာမည် ပြောင်းပေးမှာမဟုတ်ပါဘူး”ဟု အဆိုပါ တာဝန်ရှိသူ
က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကမူ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခန်း
မဲပေါက်ထားသော်လည်း မိသားစုအခြေအနေအရ အရစ်ကျ ပေးသွင်း နိုင်ခြေမရှိသောကြောင့်
ပြန်လည်ရောင်းလိုခြင်းဖြစ်ကြောင်း ပြောသည်။ “ပထမအရစ်တင် သိန်း ၇၀ ကျော်လောက် သွင်း
ရမယ်။ အစကတော့ ကိုယ်ပိုင်တိုက်ခန်း လေး တစ်ခန်းပိုင်ချင်တဲ့ရည်မှန်းချက်နဲ့ လျှောက်လိုက်တာ။

တကယ်လည်း ရပြီး အရစ် ကျနဲ့သွင်းရတော့မယ်ဆိုတော့ ကိုယ့်ဝင်ငွေနဲ့ တစ်လကို သိန်း ၇၀
ရေရှည်မသွင်းနိုင် လောက်ဘူးဆိုတာ သဘောပေါက်လာတယ်။ အဲဒါကြောင့် ပြန်ရောင်းဖို့စဉ်းစား
ရတာ” ဟု ၎င်းကပြောသည်။ လက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာများ၏ အခန်းဈေးနှုန်းများ
မှာ အနည်းဆုံး ၅၆၅ စတုရန်းပေ တစ်ခန်းအတွက် ကျပ်သိန်း ၂၃၀ ၀န်းကျင်ဖြစ်ပြီး အများဆုံး
၉၂၇ စတုရန်းပေတစ်ခန်းအတွက် ကျပ် ၃၄၇ သိန်းဝန်းကျင် ရှိသည်။ အခန်းများကို အရစ်ကျ
ဝယ်ယူမှု နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှု နည်းလမ်း နှစ်မျိုးမှ တစ်မျိုးမျိုးဖြင့် ၀ယ်ယူခွင့်ရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသော တန်ဖိုးမျှတအိမ်
ရာစီမံကိန်းလေးခုရှိပြီး ဗိုလ်ဗထူးအိမ်ရာမှာ အရင်ပြီးစီးမည်ဖြစ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
က ဗိုလ်မင်းရောင်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ဧရာဝဏ်အိမ်ရာနှင့် ဒဂုံမြို့သစ်
(အရှေ့ပိုင်း) က မင်းရဲကျော်စွာအိမ်ရာတို့မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

mmtimes
အပြည့်အစုံသို့ »

အိမ်၊ခြံ၊မြေ ငှားရမ်းခွန် ပေးဆောင်ခြင်းရှိမရှိ ဩဂုတ်လအတွင်းစစ်ဆေးမည်


ရန်ကုန်၊ ဇွန် ၂၂- သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ထံသို့ ဆက်သွယ်ကာ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း ဆိုင်ရာ အခွန်ပေးဆောင်ခြင်း ရှိမရှိနှင့်ပတ် သက်၍ ဩဂုတ်လမှ စတင်ကာပြည် တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း အဆိုပါဦး စီးဌာနမှ သိရှိရသည်။

အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက် ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်းဖြင့် ဝင်ငွေရရှိမှု ကို စိစစ်နိုင်ရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ စာရင်းကောက်ခံ သွားမည်ဖြစ်သော ကြောင့် အခွန်ရုံးသို့ ဆက်သွယ်ခြင်း မရှိသူများအနေဖြင့် အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ ၊ အဆောက်အအုံငှားရမ်းခြင်း ဖြင့် ရရှိလာသည့် ဝင်ငွေများမှာ အခွန်ဥပဒေအရ အခွန်စည်းကြပ် မည့် ဝင်ငွေအမျိုးအစားဖြစ်သည့် အတွက် အဆိုပါလုပ်ငန်းများဖြင့် ဝင်ငွေရရှိသူများသည် ငှားရမ်းသည့် အဆောက်အအုံ ၊ မြေတည်ရှိရာ လိပ်စာ ၊ ပိုင်ရှင်၊ တယ်လီဖုန်း၊ ငှားရမ်း သူအမည်၊ ကာလစသည့် အချက် အလက်များကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနများသို့ ပေးပို့ထား ရန် ထုတ်ပြန် ကြေညာထားခြင်းဖြစ် သည်။

''ကိုယ့်ဝင်ငွေက သိန်း၂ဝမကျော် လဲ အခွန်ရုံးကို ဆက်သွယ်ရမယ်။ မကျော်ဘူးဆိုပြီး မဆက်သွယ်လို့ တော့ မရဘူး။ အဓိက အခွန်ရုံးကို ဆက်သွယ်သတင်း ပို့ရမှာပါ။ သိန်း ၂၀ မကျော်ရင် သုညရာခိုင်နှုန်းသက် သာခွင့် ပေးထားတာပဲ၊ စာရင်းမပေး တဲ့သူတွေကို ကွင်းဆင်းစစ်ဆေးသွား မှာပါ'' ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင် ငံ၌ ပထမဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စုအခွန် အကောက် ဆိုင်ရာ ဥပဒေတွင် ဝင်ငွေခွန်ကို သတ်မှတ်ထားသော ခံစားခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် တွင် တစ်ကျပ်မှ သိန်း၂ဝအထိကို သုည ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ မှ သိန်း ၅ဝအထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅ဝမှ သိန်း ၁၀ဝအထိကို ၁ဝရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀ဝမှ သိန်း ၂၀ဝအထိကို ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ဝမှ သိန်း ၃၀ဝအထိ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း၃၀၀ အထက်ကို ၂၅ရာခိုင်နှုန်း ပေး ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ဈေးကွက်သည် အငှားဘက်တွင် အလုပ်ဖြစ်လျက်ရှိပြီး အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှု နည်းပါးလျက်ရှိ ကြောင်း၊ အခွန်စည်းကြပ်ရန် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် အခွန် ရုံးတို့က ပူးပေါင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုလို လုပ်လိုက်ရင်ကောင်း တာကတော့ လက်ရှိ မြင့်နေတဲ့ အငှားဈေးနှုန်းတွေ ကို အများကြီး မဟုတ်ရင်တောင် အနည်း ငယ်တော့ ထိန်းချုပ်နိုင်သွား တာပေါ့၊ ဘာကြောင့် လဲဆို အိမ်ငှားခ ဈေးတက် တိုင်း ဆောင်ရ တဲ့ အခွန်အခက တက်လာ မှာလေ၊ အထူး သဖြင့် ရွှေတောင် ကြား လမ်း လိုမျိုး၊ အင်းလျားလမ်းမှာမျိုး ကုမ္ပဏီတွေ အတွက် ငှားတဲ့ အိမ်တွေ ပေါ့ ၊ အောက်ခြေမှာတော့ သိပ် သိသာဦးမှာ မဟုတ်သေး ဘူး''ဟု ရွှေမင်္ဂလာ အိမ်ခြံမြေ အကျိုးဆောင် မှ ဦးထွန်းမြိုင်က ပြောသည်။

လက်ရှိ အခွန်ကောက်ခံမှု သည် ရန်ကုန်မြို့၏ နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံများကို လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းဖြင့်တွက်ချက်၍ အခွန်ကောက် ယူသွားမည် ဖြစ်သည်။

[--Democracy today Daily Newspaper--]

Yangon Media Group
အပြည့်အစုံသို့ »

ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် ရုံးခန်း၊ အိမ်ခန်း၊ ဆိုင်ခန်း၊ ဟိုတယ်များပါဝင်မည့် Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်းကြီး တည်ဆောက်မည်


Dagon City 1 တည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့၏ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် အဆင့်မြင့်ရုံးခန်းများ၊ လူနေအိမ်ခန်းများ၊ နာမည်ရှိအမှတ်တံဆိပ်များ၏ ဆိုင်ခန်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်မည့် Dagon City 1 ဘက်စုံသုံးလူနေရပ်ဝန်းကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ Dagon City 1 စီမံကိန်းကို ဟောင်ကောင်၊ ကိုရီးယား၊ အင်္ဂလန်တို့မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော Marga Group နှင့် မြန်မာနိုင်ငံမှ သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

စီမံကိန်းတည်ရှိရာနေရာမှာ ယခင်မော်တော်ယာဉ်တပ်မှ လူနေလိုင်းခန်းများတည်ရှိရာ ဦးထောင်ဘိုအ၀ိုင်းတွင်ရှိပြီး ရွှေတိဂုံစေတီ၊ ရန်ကုန်တိရစ္ဆာန်ရုံတို့နှင့် မနီးမဝေးတွင်တည်ရှိသဖြင့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနေရာတွင် ပါဝင်လျက်ရှိသည်။

Dagon City 1 စီမံကိန်းတွင် စတုရန်း ပေ ၆၀၀ ကျော်မှ ၂၀၀၀ ကျော်ရှိ ပုံစံမျိုးစုံ  ရှစ်ထပ်လူနေအဆောက်အအုံများ၊ Pent-houses များ ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် အပန်းဖြေရေးတို့အတွက် အားကစားစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင်နှင့် Indoor Golf တို့ပါဝင်မည်ဟု သိရသည်။

“Dagon City 1 ဆောက်လုပ်ရေးကြောင့် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၅၀၀၀ ကျော်ဖန်တီးပေးပြီး ကမ္ဘာလှည့်ခရီးသွားမြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေ ၀င်ငွေတိုးပွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးပွားလာခြင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူပေးခြင်း စတဲ့ရလဒ်တွေရရှိဖို့ မျှော်လင့်ထားပါတယ်” ဟု Marga ၏ ဒါရိုက်တာ မစ္စတာဂျွန်ဘားနက်စ်ကဆိုသည်။

အဆိုပါစီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံအမြင့် သတ်မှတ်ချက်စည်းမျဉ်းအရ ရှစ်ထပ်အဆောက်အအုံများကိုသာ ဆောက်လုပ်သွားမည်ဟုဆိုသည်။

အဆောက်အအုံစီမံကိန်းကို BOT စနစ်ဖြင့်သာ ဆောက်လုပ်မည်ဖြစ်သော်လည်း အာမခံချက်ရှိမည်ဟု Marga မှ တာဝန်ရှိသူများက ပြောကြားသည်။

Dagon City 1 စီမံကိန်းအတွက် တင်ပြထားသော ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပြီး Marga Group မှ ရာခိုင်နှုန်း ၇၀ နှင့် ပါတနာကုမ္ပဏီဖြစ်သည့် သုခရတနာမှ ရာခိုင်နှုန်း ၃၀ ပိုင်ဆိုင်သွားမည်ဖြစ်သည်။

စီမံကိန်းတွင်ပါဝင်မည့် လူနေတိုက်ခန်းပေါင်းနှင့် ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Dagon City 1 ၏ ပထမဆင့်အနေဖြင့် Residential Towers 1 မှ 4 ကို ၂၀၁၄ ခုနှစ် အကုန်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွဲ့ယဉ်အေး၊ သန်းထိုက်အောင်
News Eleven
အပြည့်အစုံသို့ »

ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံး၊ အထပ် ၃၀ နှင့်အထက် ၃ လုံး ဆောက်လုပ်ခွင့်ပြု


ရန်ကုန်မြို့တွင် အထပ် ၂၀ နှင့်အထက်အဆောက်အအုံ ၂၄ လုံး နှင့် အထပ် ၃၀
 နှင့်အထက် အဆောက်အအုံ ၃ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ သိရသည်။

ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံးမှာ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် အထပ် ၂၀ တစ်လုံး၊ အင်းစိန်လမ်း လှိုင်မြို့နယ်တွင် ၂၁ ထပ်သုံးလုံး၊ သစ်တောရပ်ကွက် ကမ်းနားလမ်းတွင် ၂၂ ထပ်တစ်လုံး၊ ကမ်းနားလမ်းပေါ် အလုံမြို့နယ်တွင် ၂၇ ထပ်တစ်လုံး၊ ယခင်စက်မှု (၁) ၀င်းအတွင်း ၂၈ ထပ်နှင့် ၂၃ ထပ် တစ်လုံးစီ၊ ပေါ်ဆန်းမွှေးလမ်း သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံး၊ တပ်မတော်ပိုင် ဆင်ဖြူရှင်ရိပ်သာ ပြည်လမ်းပေါ်တွင် ၂၉ ထပ်တစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ၂၇ ထပ်တစ်လုံး၊

ကမ်းနားလမ်း အလုံမြို့နယ်၌ပင် ၂၁ ထပ်တစ်လုံး၊ ရန်ကုန်-အင်းစိန် လမ်းပေါ်တွင် ၂၇ ထပ်နှင့် ၂၁ ထပ် တစ်လုံးစီ၊ ဆရာစံရပ်ကွက် ဆရာစံလမ်းတွင် အထပ် ၂၀ တစ်လုံး၊ မင်းရဲကျော်စွာလမ်း အလုံမြို့နယ်တွင် ၂၄ ထပ်ခွဲ တစ်လုံး၊ လှိုင်မြို့နယ် ပြည်လမ်းတွင် ၂၆ ထပ်ခွဲ တစ်လုံး၊ ဆရာစံလမ်း၌ပင် ၂၅ ထပ် တစ်လုံး၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် ၂၅ ထပ် နှစ်လုံး၊ ဗဟိုလမ်း အလုံမြို့နယ်တွင် ၂၁ ထပ်နှင့် ၂၂ ထပ် တစ်လုံးစီ၊ ရန်ကုန်-အင်စိန်လမ်း၌ပင် ၂၁ ထပ် တစ်လုံးနှင့် ပြည်လမ်း မရမ်းကုန်းမြို့နယ်တွင် ၂၈ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

အထပ် ၃၀ နှင့်အထက် အဆောက်အအုံ သုံးလုံးမှာ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် အထပ် ၃၀ တစ်လုံး၊ ဖိုးစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးနှင့် ရန်ကုန်-အင်းစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများအား ကားပါကင် အလုံအလောက် ထည့်သွင်းရမည်ဖြစ်ပြီး ထည့်သွင်းခြင်း ရှိမရှိ အဆောက်အအုံ တည်ဆောက်ပြီးသည့်အခါ မူလရေးဆွဲထားသည့် ကားပါကင် အကျယ်အ၀န်းနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးအတည်ပြုပြီးမှ လူနေထိုင်ခွင့်ပါမစ် ထုတ်ပေးမည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၏ အနာဂတ်အဆိုပြု မြေအသုံးချမှုတွင် တစ်မြို့လုံး ဧရိယာ၏ ရာခိုင်နှုန်း ၇၀ တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုရန် လျာထားသည်။

Eleven media Group
အပြည့်အစုံသို့ »

အိမ်မြေ၊ ဂိုဒေါင်၊ ဆိုင်ခန်းငှားရမ်းမှု အခွန်နှစ် ထပ်မဖြစ်စေရန် သက်သာခွင့်ပေးထားဟုဆို



ရန်ကုန်မြို့ တစ်နေရာ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ယူနီဆက်က ရန်ကုန် ရုံးချုပ်အတွက် တစ်လကျပ်သိန်းရှစ်ရာဝန်းကျင်တန် ခြံမြေငှားရမ်း မှု ပြုလုပ်ခဲ့ပြီးနောက် အဆောက် အအုံ ငှားရမ်းမှုအပေါ်  ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်စနစ်တကျ ကောက်ခံရန် စီစဉ်လာခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားလာသည်။

အိမ်မြေ၊ ဂိုဒေါင်၊ ဆိုင်ခန်းများ အပါအ၀င် အဆောက်အအုံများ ငှားရမ်းမှုအခွန် ကောက်ခံရာတွင် အများပြည်သူများစိုရိမ်နေသော အခွန်နှစ်ထပ်မဖြစ်စေရန်သက်သာခွင့်များစွာ ပေးထားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဒီအခွန်က ၁၉၇၄ခုနှစ်က ပြဋ္ဌာန်းထားတယ်။ ဥပဒေမှာက တည်းက ပါပြီိးသားပါ။ အခုဥပဒေ သစ်ကြမှ ကောက်တာမဟုတ်ပါ ဘူး’’ဟုအဆိုပါဌာနမှဒုတိယညွှန် ကြားရေးမှူး ဦးကျော်ကျော်က ပြောသည်။

အဆောက်အအုံများ ငှား ရမ်းမှုအခွန်ကောက်ခံရာတွင်ဖြေ လျှော့မှုများအနေဖြင့် စည်ပင်ခွန်၊ ပွဲစားခ၊ရေခွန်၊ မီးခွန်၊ အိမ်မွမ်းမံ စရိတ်စသည်တို့ကို သက်သာခွင့် ပြုမည်ဖြစ်သည်။ ထို့အပြင်အခြေ ခံသက်သာခွင့် ၂၀ရာခိုင်နှုန်း လည်း အိမ်ငှားခမှရသောဝင်ငွေ တွင်အကျုံးဝင်သည်။

ထို့အပြင် တစ်ဦးချင်းထမ်း ဆောင်ရသည့် ၀င်ငွေခွန်မှာကဲ့သို့ ပင် အိမ်ထောင်ဖက်မှီခိုဖြစ်ပါက တစ်နှစ်လျှင် ကျပ်ငါးသိန်း၊ သားသမီးတစ်ဦးလျှင် ကျပ်သုံးသိန်းသက်သာခွင့်များပါဝင်သည်။

သို့သော် ကုမ္ပဏီများ လုပ် ငန်းအတွက်ငှားရမ်းမှုမျိုးမှာသက် သာခွင့်များမရှိဘဲ ၂၅ရာခိုင်နှုန်း ထမ်းဆောင်ရမည်ဖြစ်သည်။

အဆောက်အအုံ ငှားရမ်းခ  အခွန်မှာ ၀င်ငွေခွန်အမျိုးအစား တွင်ပါဝင်ပြီး တစ်နှစ်လျှင်ကျပ် သိန်း ၂၀အထက် ၀င်ငွေရှိလျှင် အခွန် ၅ရာခိုင်နှုန်းထမ်းဆောင်ရ မည်ဖြစ်သည်။ သို့သော်သက်သာ ခွင့်များစွာကိုလည်း ငှားရမ်းသူက ခံစားခွင့်ပေးထားကြောင်း ပြည် တွင်းအခွန်ဦးစီးဌာနမှ စုံစမ်းသိရ သည်။

အဆောက်အအုံ ငှားရမ်းမှု အခွန်များမှာ ၀င်ငွေခွန်၏ ခေါင်းစဉ်အောက်တွင် ပါဝင်သဖြင့် သက်သာခွင့်များ ဖယ်ရှားပြီး တစ်နှစ်အဆောက်အအုံ ငှားရမ်းမှုမှ  ၀င်ငွေ ကျပ်သိန်းနှစ်ဆယ် အထက်မှ သိန်းငါးဆယ်ကြားကို အခွန် ၅ရာခိုင်နှုန်း၊ သိန်းငါးဆယ်မှ သိန်းတစ်ရာကြားကို အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ရာမှ နှစ်ရာကြားကို အခွန် ၁၅ ရာခိုင်နှုန်း၊ကျပ်သိန်းနှစ်ရာမှ သုံးရာကြား ကို အခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးရာနှင့် အထက်ကို အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

‘‘အိမ်လခဈေးကြီး၊ အထွေ ထွေကုန်ဈေးနှုန်းက မကျနဲ့ ပြည် သူတွေ ၀န်ထုပ်ဝန်ပိုးဖြစ်မှာစိုးရ တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းရှင်အသင်းဒုတိယဥက္ကဋ္ဌဦးသန်းဦးက ပြော သည်။

အဆောက်အအုံများ ငှား ရမ်းမှုနှင့် ပတ်သက်၍ အခွန်စနစ် မှာ ၁၉၇၄ခုနှစ်မှစတင်ခဲ့သော် လည်း အိမ်မြေအဆောက်အအုံ များ ငှားရမ်းမှုတွင် စည်ပင်သာ ယာမှကောက်ခံသော အခွန်ကို သာ ပြည်သူများက ပေးဆောင်နေ ခဲ့ကြသည်။

စည်ပင်သာယာ အခွန်မှာ ပုံသေ သတ်မှတ်ထားမှု မရှိဘဲ ကျပ်သုံးသိန်းတန် တိုက်ခန်းတစ် ခန်းကို ငှားရမ်းပါက တစ်နှစ်စာအ တွက် ကျပ်ငါးသောင်းမှ တစ်သိန်း ခွဲကြားပေးဆောင်ရကြောင်းအိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီလုပ် ကိုင်နေသူ အချို့ကပြောသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက် ရုံအဆောက်အအုံများ ငှားရမ်း ခြင်းဖြင့် ရရှိသော ၀င်ငွေများကို တည်ဆဲအခွန် ဥပဒေအရ အခွန် စည်းကြပ်ရန် ထည့်သွင်း သောဝင်ငွေ အမျိုးအစားတွင် ပါဝင်သဖြင့် ၀င်ငွေရရှိသူများမှာ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သတင်းအချက်အလက်များမပြတ်ပေးပို့ရန် ကြေညာစာများထုတ်ပြန်ခဲ့သည်။

7day daily
အပြည့်အစုံသို့ »

ရန်ကုန်မြို့ရှိ အိမ်ငှားဈေးနှုန်းများကို အောက်ခြေအထိဆင်း၍ အခွန်ဌာနမှ ညှိနှိုင်းပေးမည်



ရန်ကုန်

ဇင်သူထွန်း
ရန်ကုန်မြို့ရှိ အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ဈေးနှုန်းများကို အောက်ခြေအထိ ဆင်း၍ သင့်တော်သော နှုန်းထားဖြင့် အခွန်ဌာနမှ ညှိနှိုင်းပေး သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။ ဘေးပတ်ဝန်းကျင်ရဲ့ ပြော စကားကို နားထောင်မယ်။ ပြီးရင် အောက်ခြေအထိ ဆင်းပြီး လျှို့ဝှက် စုံစမ်းမယ်။ နောက်ပိုင်း ပိုင်ရှင်တွေ အခွန်လာဆောင်တဲ့ အခါမှာ နှစ်ဖက် အဆင်ပြေ စေဖို့ သင့်တော်တဲ့  နှုန်းထားကို မြို့နယ်အလိုက်သတ်မှတ်ပေးသွားမယ်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုးက The Messenger သတင်းစာ သို့ပြောသည်။ ယင်း ကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် အလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ အခွန်ဘုတ်အဖွဲ့မှ ၀န်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပူးပေါင်းကာ လာမည့်လ မှစတင်၍   ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ၀န်ထမ်း များ၊ အခြေခံလူတန်းစားများအတွက် အိမ်ရာ ပိုင်ဆိုင်မှု များပြားလာစေရန် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ပေးနေ သော်လည်း အခြေခံ လူတန်းစားများ အိမ်ပိုင် ၀ယ်ယူနိုင်ရန် အလှမ်းဝေးနေသေးသည်။ အစိုးရက ကြားဝင်ပြီး သတ်မှတ် ပေးမယ် ဆိုရင်တော့ အားလုံး အတွက် အဆင်ပြေတယ်။ အခုဟာက အရပ်ပွဲစားတွေရဲ့ စကားနဲ့ တင်ဈေးတွေ အဆမတန်တက် နေတော့ ငှားမယ့် သူလည်း မငှားနိုင်ဘူး။ အိမ်ရှင်တွေ အတွက်လည်း အလုပ်မဖြစ်ဘူး။ အခုလို သတ်မှတ်မယ်ဆိုရင်တော့ အဆင်ပြေသွားတာပေါ့ ဟု ရှမ်းနဂါးအိမ်ခြံမြေ အကျိုးဆောင်မှ ကိုအောင်က The Messenger သတင်းစာသို့ ပြောသည်။

လ.၀.က၏ မြေပြင် သန်းခေါင်စာရင်း ကောက်ယူမှု အရ အဆိုပါ အိမ်ငှား နေထိုင်သူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်း ခရိုင်တို့တွင် အများဆုံး တွေ့ရကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ (၇ ဒသမ ၉) သန်းတွင် ငှားရမ်းနေထိုင်သူ လူဦးရေ တစ်သန် ကျော်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။ ထို့အပြင် အိမ်ငှား၊ မြေငှား ဈေးနှုန်း များအပေါ် အခွန်ကောက်ခံရာ တွင်လည်း တစ်နှစ်တာ ၀င်ငွေ နှင့် ကုန်ကျစရိတ်ကို တွက်ချက်ပြီး၊ ကျန်ရှိသော ၀င်ငွေမှ ရာခိုင်နှုန်း တွက်ချက်ကာ အခွန်ပေးဆောင် စေရန် ယခုလမှ  စတင် စီစဉ် သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

messenger

အပြည့်အစုံသို့ »

သုံးထပ်နှင့်အထက် အဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရန် စစ်ဆေးခ အဆ ၃၀ ကျော် တိုးမြှင့်




ရန်ကုန်၊ ဇွန် ၁၉

မြန်မာတစ်နိုင်ငံလုံးတွင် တည်ဆောက်လျက်ရှိသော သုံးထပ် အပါအဝင် သုံးထပ်နှင့်အထက် အဆောက်အအုံနှင့် အလုပ်ရုံများ၌ မီးဘေးလုံခြုံရေးနှင့် နေထိုင်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အကြံပြု စစ်ဆေးခြင်း ဝန်ဆောင်ခကို ဇွန်လမှ စတင်ကာ အဆ ၃၀ တိုးမြှင့် ကောက်ခံလျက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ စုံးစမ်းသိရှိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် တိုင်းရင်းသား ရင်းနှီးမြှုပ်နှံသူများ၏ ဝန်ဆောင်ခ နှုန်းထားများအတိုင်း တစ်ပြေးညီ ဖြစ်စေရန်၊ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု ရှိစေရန် တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မီးဘေးလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး စစ်ဆေး ဆောင်ရွက်ခြင်း အတွက် ဝန်ဆောင်ခများကို ကြမ်းခင်းဧရိယာပေါ် မူတည်၍ လည်းကောင်း၊ တစ်စတုရန်း မီတာလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် ပြည်နယ်၊ တိုင်းဒေသကြီးရှိ မြို့တွင်းမြို့ပြင်ပေါ် မူတည်၍ လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

ယင်းဝန်ဆောင်ခများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ပေါ်တွင် ၁ စတုရန်းမီတာလျှင် ၁၀၀၀ ကျပ် ကောက်ခံပြီး မြို့ပြင်နယ်မြေတွင် ၅၀၀ ကျပ်၊ ကျန်တိုင်းဒေသကြီးများတွင် မြို့ပေါ်၌ ၁ စတုရန်း မီတာလျှင် ၅၀၀ ကျပ်၊ မြို့ပြင်တွင် ၂၀၀ ကျပ်၊ ပြည်နယ်များ၌ မြို့ပေါ်၂၀၀ ကျပ်နှင့် မြို့ပြင်တွင် ၁၀၀ ကျပ် ကောက်ခံကြောင်း အဆိုပါဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် အဆောက်အအုံ အမျိုးအစားကို လိုက်၍ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သော အဆောက်အအုံများကို တစ်စတုရန်းမီတာ ဝန်ဆောင်ခ သတ်မှတ်နှုန်း၏ ၁၀၀ ရာခိုင်နှုန်း၊ အများအသုံးပြုသည့် အဆောက်အအုံများကို ၅၀ ရာခိုင်နှုန်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံကြောင်း အဆိုပါဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းဝန်ဆောင်ခကို မြန်မာနိုင်ငံတွင် တိုးမြှင့်ကောက်ခံရန် အရှေ့တောင်အာရှ နိုင်ငံများ၏ ဝန်ဆောင်ခ ကောက်ခံမှုများကို လေ့လာ၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝန်ဆောင်ခများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှတစ်ဆင့် နိုင်ငံတော်သို့ ပေးသွင်းရကြောင်း ယင်းဌာနချုပ်ထံမှ သိရသည်။

“မီးဘေးလုံခြုံရေး အကြံပြု စစ်ဆေးတဲ့ ဆောင်ခတွေ မြင့်တက်သွားတာ အရမ်းများလွန်းတယ်။ အရင်က ကန်ထရိုက် တိုက်တစ်လုံးကို စစ်ဆေးတဲ့ ဝန်ဆောင်ခက ပျမ်းမျှ ၁၅,၀၀၀ ဝန်းကျင်ပဲ အခုတက်သွားတဲ့ နှုန်းအတိုင်း ပေးရမယ် ဆိုရင် ဝန်ဆောင်ခတင် နှစ်သိန်းကျော်၊ သုံးသိန်း ဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်၊ ပေးလိုက်ရတဲ့ ဝန်ဆောင်ခကို မီးသတ်လုံခြုံရေး စနစ်တွေ တပ်ဆင်ပြီး၊ မီးသတ်ပစ္စည်းတွေ တပ်ဆင်တာကမှ လူတွေအတွက် ပိုအကျိုးရှိဦးမယ်” ဟု ဝေယံထွန်းလင်း ကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းလင်းက The Voice သို့ ပြောကြားသည်။

မီးဘေးလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အကြံပြု စစ်ဆေးခြင်း ဝန်ဆောင်ခများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ၁၉၉၇ ဇန်နဝါရီတွင် ပြဌာန်းခဲ့သော မီးသတ်တပ်ဖွဲ့ ဥပဒေအရ သုံးထပ်နှင့်အထက် အဆောက်အဦးများကို တစ်စတုရန်း မီတာလျှင် ၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းရှိ အဆောက်အအုံ ဆောက်လုပ်သူများထံမှ ကောက်ခံပြီး နိုင်ငံခြားသား အဆောက်အအုံ ဆောက်လုပ်သူများကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် ကောက်ခံခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

(ဇင်လင်းထက်)
The Voice Weekly


အပြည့်အစုံသို့ »

ပြည်သူပိုင် သိမ်းထားသည့် အဆောက်အအုံများ လေလံကြေးမြင့်၍ မူလပိုင်ရှင်များ ပြန်မရ


ပြည်သူပိုင်သိမ်းဆည်း ထားသော အိမ်ရာတိုက်ခန်းများ ကို နိုင်ငံတော်က ထုခွဲရောင်းချရာ တွင် မူလပိုင်ရှင်ကိုဦးစားပေးဝယ် ယူခွင့်ပြုသည်ဟုအစိုးရအဖွဲ့က ဆိုသော်လည်း ငွေပိုပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ သာရလေ့ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။

‘‘ဈေးတူပေးနိုင်ရင်တော့ ရ ပါတယ်။ ဒါပေမဲ့အစိုးရနဲ့နီးစပ်သူ တွေက မေးခွန်းကြိုပေါက်တော့မူ လပိုင်ရှင်က ဘယ်လိုမှ မယှဉ်နိုင် ဘူး’’ဟု အစိုးရလေလံပွဲများကိုဝင် ရောက်ယှဉ်ပြိုင်နေသောဆောက် လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ပြည်သူပိုင်သိမ်းအခန်းများ မူလသက်ဆိုင်သူများ တောင်းခံမှုကို နိုင်ငံတော်သမ္မတက ဥပဒေအရ လွှဲပြောင်းပေးရန် မရှိကြောင်း သမ၀ါယမ ၀န်ကြီး ဌာနဒုတိယ၀န်ကြီးဦးသန်းထွန်း ကပြည်သူ့လွှတ်တော်တွင် ပြော ကြားခဲ့သည်။ အိမ်ရာစီမံကိန်း များ၊ အဆောက်အအုံများကို စီမံ ခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ် နည်းဥပဒေနှင့်အညီရောင်းချရာ တွင် မူလသက်ဆိုင်သူ၊ပိုင်ဆိုင်သူ ကိုသာဦးစားပေး ၀ယ်ယူခွင့်ပြု မည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အဆောက် အအုံများ ပြည်သူပိုင်သိမ်းပြီး နောက် ပြည်လည်ရယူလိုမှုဖြင့်အ စိုးရထံလျှောက်ထားပါက မဆလ ခေတ်တွင်ပြန်ရရှိမှုများရှိခဲ့သည်။ သို့သော် န၀တ၊ နအဖလက်ထက် တွင် ပြန်ပေးခြင်းမရှိဘဲ ၂၀၁၀ မှစတင်၍ အစိုးရသိမ်းထားသော အဆောက်အအုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်မှုအနေဖြင့် ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်ကြီးများ၊ အစိုးရနှင့် နီးစပ်သူများကို လေလံစနစ်ဖြင့် ချပေးခဲ့ သည်။ ‘‘လေလံပစ်ရင် မူလပိုင်ရှင်  ရသွားတာက ခပ်ရှားရှားပဲ။ လက် ရှိပေါက်ဈေးဆိုတော့ မူလပိုင်ရှင် တွေက မလိုက်နိုင်တာလည်းပါ တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအ သင်း ဒုတိယဥက္ကဋ္ဌဦးသိန်းဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကြေးခ ၀ါချမှုများ ပြုလုပ်နိုင်ရန် ၂၀၀၇ နှစ်လယ်ပိုင်းမှစတင်၍ အိမ်ခြံ မြေအခွန်သက်သာသည့်စနစ်ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကိုပြ ဋ္ဌာန်းပြီးငါးနှစ်ကြာကာလအတွင်း အိမ်ခြံမြေဈေးများမှာအဆပေါင်း များစွာ မြင့်တက်ခဲ့သည်။ ထို့ ကြောင့် ပုဂ္ဂလိကပိုင် ပြောင်းလဲ ရေးကိုစတင်ချိန်တွင် ပြည်သူပိုင် အသိမ်းခံထားရသူများသည် မိမိ ပိုင်ဆိုင်သော အိမ်မြေတိုက်ခန်း များကို ၀ယ်ယူနိုင်ခြင်းမရှိတော့ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

7Day Daily
အပြည့်အစုံသို့ »

အိမ်ငှား၊ မြေငှား လုပ်ကိုင်သူ ပိုင်ရှင်များအား အခွန်ဆောင်ခိုင်းမည်



အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ပိုင်ရှင်များအား လာမည့်လမှ စတင်ကာ စာရင်းကောက်ခံ၍ အခွန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။

စာရင်းကောက်ပြီး ထွက်လာရင် အိမ်ရှင်၊ ပိုင်ရှင်တွေကို အချိန် အတိုင်းအတာ တစ်ခုစောင့်ပြီး ဆက်သွယ် အခွန်ဆောင်ခိုင်းမယ်။ အရင် က (၁၀၀) မှာ (၂၀) ရာခိုင်နှုန်းပဲ အခွန်ဆောင်ကြတယ်။ ကျန်ရှိတဲ့ (၈၀) ရာခိုင်နှုန်းကို ဖော်ထုတ်ပြီး လုပ်ဆောင်သွားမယ် ဟု ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုး က The Messenger သတင်းစာသို့ ပြောသည်။

အိမ်ငှား၊ မြေငှားများ အပြင် တိုက်ခန်း၊ ကွန်ဒို၊ ရုံးခန်းများ ငှားရမ်းခွင့်ပြုပေးထားသော ပိုင်ရှင်များကို ရရှိသော တစ်နှစ်တာ ၀င်ငွေ၊ ကုန်ကျ စရိတ်ကို တွက်ချက်ပြီး၊ ကျန်ရှိသော ၀င်ငွေမှ ရာခိုင်နှုန်း တွက်ချက်ကာ အခွန်ပေးဆောင် စေရန် စီစဉ် သွားမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။ ရန်ကုန်မြို့ တွင် နေထိုင်သူ လူဦးရေ (၇ ဒသမ ၉) သန်းတွင် ငှားရမ်း နေထိုင်သူ လူဦးရေ တစ်သန်းကျော်ရှိပြီး၊ ၎င်း တို့အနက် အများစုသည် တိုင်းရင်းသား လူမျိုးများ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရသည်။

ဒီလို ကောက်ရင်တော့ ကိုယ်တွေ မထိခိုက်ဘူး။ အဆောင်လခ တိုးလာရုံပဲ ရှိတယ်။ ထိခိုက်မှာက အဆောင်နေသူတွေနဲ့ ငှားရမ်းနေတဲ့ လူတွေ၊ ကုမ္ပဏီမှာ လုပ်တဲ့လူတွေ အတွက်က မထူးခြားပေမယ့် ကိုယ်တို့ဘက်မှာက စက်ရုံ လုပ်သားများတော့ သူတို့ ထိခိုက်မယ်။ အဲဒီလို ဆိုရင်ရတဲ့ ၀င်ငွေနဲ့ အဆောင်လခ မကိုက်ဘဲ နယ်ပြန်တဲ့လူတွေ များလာမယ် ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် အဆောင် ဖွင့်လှစ်ထားသူ ကိုဇော်မင်းက The Messenger သတင်းစာသို့ ပြောသည်။

လ.၀.က ၏ မြေပြင် သန်းခေါင်စာရင်း ကောက်ယူမှု အရ အဆိုပါ အိမ်ငှား နေထိုင်သူများသည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ အရှေ့ပိုင်းခရိုင် တို့တွင် အများဆုံး တွေ့ရပြီး၊ ၎င်း တို့ အထဲတွင် အဆောင်တွင် ငှားရမ်း နေထိုင်သူ၊ တိုက်ခန်းများတွင် စုငှား နေထိုင်သူ (၁) ရာခိုင်နှုန်းခန့် ပါဝင် ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မှ သိရသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံ မှတ်တမ်းသည် ယခင်က ဆယ့်လေးသိန်းရှစ်သောင်း ရှိရာမှ ယခုမြေပြင် သန်းခေါင် စာရင်းကောက် ယူသော အခါတွင် သုံးသိန်းကျော် တိုးလာပြီး၊ (၁၇) သိန်းကျော်ရှိ လာကြောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သော (လ.၀.က) က ၀န်ထမ်းများက ဧပြီလက The Messenger သတင်းစာသို့ ပြောကြား ထားသည်။
Messenger News Journal
အပြည့်အစုံသို့ »

ရန်ကုန်မြို့၏ တစ်ပေပတ်လည်မြေဈေးနှုန်းကို အောက်တိုဘာလတွင် ပြင်ဆင်ထုတ်ပြန်မည်


ရန်ကုန်တိုင်းအတွင်း ပြင်ဆင်သတ်မှတ်ထားသည့် တစ်ပေပတ်လည် မြေဈေးနှုန်း ပြန်လည်သတ်မှတ်ချက်ကို အောက်တိုဘာလခန့်တွင် ထုတ်ပြန်ပေးသွားမည်ဟု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇိ္ဈမကို ပြောသည်။

အိမ်ခြံမြေအခွန် ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်း များကို သတ်မှတ်ပေးထားခြင်းဖြစ်ပြီး တစ်ပေပတ်လည် မြေဈေးနှုန်းများကို ပုံသေသတ်မှတ်ပေးထား ခြင်းမဟုတ်ဘဲ လက်ရှိအိမ်ခြံမြေကာလပေါက်ဈေးနှင့် လျော်ညီမှုရှိစေရန်အတွက် ပြန်လည်ပြင်ဆင် သတ်မှတ်ပေး ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ တစ်ပေပတ်လည်မြေဈေးနှုန်း သတ် မှတ်ချက်ကို ပြန်လည် ပြင်ဆင်သတ်မှတ်သွားမှာဖြစ်တဲ့ အတွက် စပြီးတော့ ပြင်ဆင်သတ်မှတ်ဖို့ ဆောင် ရွက်နေပါပြီ။ ခဏခဏအပြောင်း အလဲလုပ်နေရင် ပြည်သူတွေနားလည်မှု ရှုပ်ထွေးသွားမှာဖြစ်တဲ့အတွက် တစ်နှစ်ပတ်လည်အချိန်လောက်ဖြစ်တဲ့ အောက်တိုဘာလောက်မှာ ထုတ်ပြန်ပေးဖို့ရှိတယ် ” ဟု ပြောသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ရက် တွင် ရန်ကုန်တိုင်းတွင် တစ်ပေပတ်လည် မြေဈေးနှုန်း စတင်သတ် မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်များကို ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးနှုန်းပေါက်ဈေးထက် သုံးပုံတစ်ပုံခန့် လျော့နည်းသတ်မှတ်ပေးထားသည်။ အိမ်ခြံမြေကဏ္ဍမှ အခွန်ကောက် ခံရရှိမှုဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်သတ်မှတ်ပေးခြင်းဖြစ်သည်ဟု ဘဏ္ဍာရေးဝန် ကြီးဌာန၏ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “ တစ်ပေပတ်လည် မြေဈေးနှုန်းထား အသစ်ကို လက်ရှိအိမ်ခြံမြေဈေးတွေနဲ့ချိန်ဆပြီး ဈေးနှုန်းအတိုးအလျှော့တွေ ရှိမှာပါ။ ကာလပေါက်ဈေး တွေထက်ကိုများတယ်၊ နည်းတယ်မဖြစ်အောင် သတ်မှတ်ဆောင်ရွက်နေတယ် ” ဟု ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၀င်ငွေ ခွန်ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးနောက်တွင် အိမ်ခြံမြေ အခွန်ထမ်းဆောင်သူ ယခင်နှစ်များထက် နှစ်ဆခန့်အထိမြင့် တက်လာပြီးကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့မှ နှစ်ပတ်တစ်ကြိမ် စိစစ်သတ်မှတ်ရာမှ ယခုအချိန်တွင် တစ်ပတ်တစ်ကြိမ် စိစစ်ပေးနေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ လုပ်ငန်းကဏ္ဍမှ အခွန်စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံရရှိခဲ့ပြီး အခွန်ကောက်ခံရရှိမှု ကဏ္ဍအရပ်ရပ်၏ သုံးရာခိုင်နှုန်း ရှိခဲ့သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Mizzima
အပြည့်အစုံသို့ »

အိမ်ခြံမြေအရောင်းအဝယ်အေး ဈေးမြင့်တက်နှုန်းလည်း နည်းလာ


ရန်ကုန်မြို့ တစ်နေရာကိုတွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)


အိမ်ခြံမြေဈေးကွက်တွင် ပြီးခဲ့သည့်နှစ်များနှင့်နှိုင်းယှဉ်ပါ က ယခုနှစ်သည် အရောင်းအဝယ် နည်းပါးသွားပြီး ဈေးမြင့်တက်မှုနှုန်းလည်း နည်းလာကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ  ဦးစိုင်းခွန်နောင်က  ပြော ကြားသည်။

‘‘ဒီနှစ်ထဲမှာဆို အိမ်ခြံမြေ ဈေးတွေတက်တဲ့နှုန်းအရှိန်လျော့ သွားတယ်လို့ ပြောရမှာပဲ။ သတင်းအမျိုးမျိုးတွေကလည်း ထွက်နေတယ်လေ’’ဟု ဦးစိုင်းခွန်နောင်က ဆိုသည်။

အထူးသဖြင့် ပြီးခဲ့သည့်နှစ် က တန်ဖိုးကြီးအိမ်ခြံမြေဈေးနှုန်း ဆက်တိုက်မြင့်တက်လာခဲ့သော် လည်း ယခုနှစ်တွင် ဈေးနှုန်းမှာ ထင်သလောက် မမြင့်တက်လာ ဘဲ အရောင်းအဝယ်မှာ မဖြစ်သလောက်ရှားပါးပြီး အငှားအများစုသာ အလုပ်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

လူနေတိုက်ခန်းနှင့် မြေ ကွက်အချို့သာဈေးတက်ပြီး အရောင်းအဝယ်အများစု ဖြစ်သော်လည်း တန်ဖိုးကြီးအိမ်ခြံမြေအပိုင်း၌ ဈေးနှုန်းမြင့်တက်မှုမှာ နည်းပါးပြီး အရောင်းအဝယ်လည်း နည်းပါးကြောင်း မြမြင့်မိုရ် အိမ်ခြံမြေအကျိုးဆောင် မန်နေဂျာက သုံးသပ်သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင်ကျင့်သုံးခဲ့သည့် ဒေသအလိုက် တစ်ပေပတ်လည် အပေါ် စံနှုန်းသတ်မှတ်ပြီးနောက် အိမ်ခြံမြေ အရောင်းအဝယ်မှာ ဆက်တိုက်အေးစက်လာပြီး အစိုး ရက အိမ်ခြံမြေအပေါ်မည်ကဲ့သို့ ထိန်းချုပ်မည်ဆိုသည့် မူဝါဒကို လည်း အရောင်းအဝယ်လုပ်သူ များက စိတ်ဝင်စားနေကြသည်။

မြို့စွန်များတွင် တရားမဝင် ပိုင်ဆိုင်မှုမဲ့  မြေအထောက်အထား မပြသနိုင်သည့် ကျူးမြေ ကွက်များ အရောင်းအဝယ်ဖြစ် သည်မှလွဲပြီး မြို့စွန်များတွင် ဈေးနှုန်းမြင့်တက်ပြီး  အရောင်းအဝယ်နည်းပါးကြောင်း  ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

ယခုနှစ်တွင် စီမံကိန်း အကြောင်းပြမြေဈေးမြင့်တက်သည့်နေရာမှာနည်းပါးပြီး အချက်အချာအကွက် အကွင်းကောင်းသည့်နေရာများကို အရောင်းအဝယ်ပြုလုပ်သူတို့က ခန့်မှန်းတွက်ဆ၍ ဝယ်ယူလာကြသည်ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြည်ထောင်စု လွှတ်တော်တွင် အိမ်ခြံမြေဈေးကွက်အပေါ် ပိုင်ဆိုင်မှု အခွန်ကောက်ခံမည်ဟုဆိုပြီး အစိုးရက ပြောကြားလိုက်ပြီဖြစ်သောကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များက အထူးစိတ်ဝင်စားလျက်ရှိပြီး အရောင်းအဝယ်အချို့ ပင်ရပ်ထားကြောင်း အကျိုးဆောင်များထံမှ  သတင်းရရှိသည်။

7day
အပြည့်အစုံသို့ »

ဝါမ၀င်မီ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် ငှားရမ်းခ အကျမရှိဘဲ အမြင့်ဈေးနှင့် ဆက်လက်လှုပ်ခတ်နေ

ရွှေဂုံတိုင်ရှိ ငှားရမ်းမှုများသော တိုက်ခန်းအိမ်ရာအချို့ကို တွေ့ရစဉ်

ဝါမ၀င်မီ လတ်တလောကာလအတွင်း ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ အိမ်ငှားရမ်းခများ အမြင့်ဈေးဖြင့် ဆက်လက်လှုပ်ခတ်နေကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်အတွင်းမှ သိရသည်။

“အငှားက သွက်နေတယ်။ ဈေးကတော့ အမြင့်ဈေးပဲ။ အကျမရှိဘူး။ အရောင်းကတော့ တိုက်ခန်းအ၀ယ်ရှိတယ်။ မြေကွက်တွေကတော့ အေးတယ်။ မေးမြန်းစုံစမ်းတာပဲ ရှိတယ်။ ဒီနှစ်က နိုင်ငံခြားသားတွေ အ၀င်များတော့ လုံးခြင်း၊ ကွန်ဒို၊ တိုက်ခန်း အငှားသွက်နေပါတယ်” ဟု မြန်မာ့အောင်မြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မရည်မာဆွေက ဆိုသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးနှုန်းများမှာ အမျိုးအစားအလိုက် ကွာခြားမှုရှိပြီး တိုက်ခန်းတွင် နှစ်သိန်း၊ သုံးသိန်းမှစ၍ ကွန်ဒိုအခန်းဆိုလျင် ကျပ် ၂၅ သိန်း၊ သိန်း ၃၀ ၀န်းကျင်၊ လုံးချင်းအိမ်များတွင် သိန်း ၄၀ မှ သိန်း ၅၀ ၀န်းကျင်အထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အငှားသွက်တာကတော့ လမ်းမတန်း၊ ရှစ်မိုင်၊ ကိုးမိုင်၊ ရန်ကင်းဘက်တွေ သွက်ပါတယ်။ အဓိကတော့ ရုံးခန်းအပြောင်းအရွှေ့လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ အငှားများပါတယ်” ဟု မြန်မာ့အောင်မြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မရည်မာဆွေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ ၀င်ရောက်မှု မြင့်တက်လာချိန်မှစ၍ ဈေးကွက်လိုအပ်ချက်အရ ၎င်းတို့အတွက် အိမ်အငှားဈေးကွက်မှာလည်း လိုအပ်ချက် မြင့်တက်လာကြောင်း သိရသည်။

“အရင်က နိုင်ငံခြားသားတွေနေဖို့ မပြောနဲ့ တွေ့တောင်မတွေ့ရတဲ့ နေရာတွေဖြစ်တဲ့ ဂွတ္တလစ်နားတစ်ဝိုက်၊ ချော်တွင်းကုန်းနားတစ်ဝိုက် နေရာတွေမှာပါ နိုင်ငံခြားသားတွေ ငှားရမ်းနေထိုင်တာ ရှိလာပါတယ်။ မြန်မာအိမ်ရှင်တွေ အနေနဲ့ကလည်း နိုင်ငံခြားသားကို ငှားရမ်းတာက ပိုက်ဆံပိုရတဲ့အတွက် ပိုပြီးစိတ်ဝင်စားကြပါတယ်” ဟု နိုင်ငံခြားသားများအတွက် အိမ်ရှာပေးသူတစ်ဦးက ဆိုသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် အငှားကသာ အလုပ်ဖြစ်မှု များနေသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက်က ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းပြီး တိုက်ခန်းများ အရောင်းအ၀ယ် ပြုလုပ်ရာတွင် အခွန်ဆောင်ရမည်ဟု သတ်မှတ်လိုက်သော်လည်း တိုက်ခန်းဝယ်ရောင်းဈေးကွက် အခြေအနေမှာ အပြောင်းအလဲမရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်ဈေးကွက်မှ သိရသည်။

eleven media group
အပြည့်အစုံသို့ »

အိမ်ခြေရာခြေမဲ့များအတွက် ပြည်သူ့အိမ်ရာစီမံကိန်း ဖော်ဆောင်မည် (အသံဖိုင်)


ကျုးကျော်တွေနဲ့ မြေရာမဲ့သူတွေနေထိုင်ဖို့ ၂၀၁၅ ခုနှစ်မကုန်ခင် တနိုင်ငံလုံးရှိ မြို့ကြီး ၅၆ မြို့မှာ ပြည်သူ့အိမ်ရာစီမံကိန်းရေးဆွဲပြီး လုပ်ဆောင်ပေးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးစိုးတင့်က ပြောပါတယ်။

ဇွန်လ ၁၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကန်ပက်လက် မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအောင်ကိုက ကျူးကျော်ပြဿ နာ ဖြေရှင်းခြင်းအပါအဝင် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ဖို့ မြို့သစ်အိမ်ရာ မြေကွက်ဖော်ထုတ်မှု စီမံကိန်းကို ၂၀၁၅ ခုနှစ်ကုန် မတိုင်မီ စတင်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ ဒုဝန်ကြီးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း ပြည်သူ့လွှတ်တော်တက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “တနိုင်ငံလုံး မြို့ကြီး ၅၆ မြို့မှာ အိမ်ရာစီမံကိန်းတွေ ဆွဲပြီးတော့ မြေယာမဲ့၊ အိမ်မဲ့ ပြဿ နာ တွေကို ဖြေရှင်းသွားမယ်လို့ ပြောတယ်။ လောလောဆယ်တော့ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပြီးတော့ မြို့ကြီးတွေမှာ အိမ်ခန်းဘယ်လောက်စီ၊ တနှစ်ဘယ်လောက် အဲဒီလို စီမံချက်နဲ့ ဖြေရှင်းတယ်ပေါ့။ ၂၀၁၅ မကုန်ခင်မှာ အိမ်ရာစီမံကိန်းတွေကို မြို့ကြီး ၅၆ မြို့မှာ ဆွဲပြီးပါပြီလို့ ပြောပါတယ်”လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အိမ်ရာတွေ ဖော်ထုတ်ပေးသလို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ရန်ကုန်မြို့က ဘောဂဗေဒပညာရှင် ဦးလှမောင်က ကျုးကျော်တွေနေဖို့ အိမ်ရာစီမံကိန်းတွေဟာ သူတို့ အလုပ်အကိုင်တွေ ရှိတဲ့နေရာနား ရှိဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“မြို့ပေါ်မှာများ စက်ရုံတွေ ဘာတွေမှာများ အလုပ်ရမလား ဆိုပြီးတော့ လာတယ်။ ပြောင်းရွှေ့ရင်းနဲ့ နောက်ဆုံး လွတ်တဲ့ နေရာလေးမှာ လျှောက်လိုက်ပြီး တဲထိုးပြီး နေကြတယ်။ အဲဒါကို ကျူးကျော်လို့ ခေါ်တယ်ပေါ့။ သူတို့ရဲ့ စားဝတ်နေရေးနဲ့ တနေရာကို ပြောင်းရွှေ့မယ်ဆိုရင် သူတို့အလုပ်နဲ့ အဝေးကြီးရောက်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဟာတွေပါ ဖြေရှင်းပေးနိုင်မှ ကျူးကျော်ကို ဖယ်ထုတ်တယ်လို့ ဆိုနိုင်မှာပေါ့။”

လတ်တလောမှာ အစိုးရက ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ တန်ဖိုးနည်းအိမ်ရာတွေ ဖော်ထုတ်လုပ်ဆောင်နေပေမယ့် တိုက်ခန်းတခန်း ကျပ်သိန်း ၂၀၀ လောက် ရှိတာမို့ ၀င်ငွေနည်း ဆင်းရဲသားမိသားစုတွေ ၀ယ်ယူနိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။




DVB Burmese
အပြည့်အစုံသို့ »

သိမ်ဖြူအားကစားကွင်းကိစ္စ ၊မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နဲ့ ကုမ္မဏီတို့ကို ပြည်သူတွေက တရားစွဲဆို သွားမယ်


သိမ်ဖြူအားကစားကွင်းအား ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို အဆောက်အဦး ဆောက်ခွင့်ပြုခဲ့တဲ့ အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နဲ့ ကုမ္မဏီတို့ကို ပြည်သူတွေက တရားစွဲဆို သွားမှာပဲဖြစ်ပါတယ်။ ဒီသတင်းကို ဒေါ်လှလှဝင်းပေးဖို့ထားပါတယ်။

DVB TV News

အပြည့်အစုံသို့ »

ရန်ကုန်မြို့၏ အဆမတန် များပြားလာသည့်လူဦးရေနှင့် ကျောချစရာ တစ်နေရာ


ရန်ကုန်မြို့၌ နေထိုင်သော လူဦးရေမှာ တစ်နိုင်ငံလုံးနှင့် စာလျှင် အဆမတန် များပြားမြင့်တက် လာသည့်အတွက် လူဦးရေ ၁ဝ သန်း ဝန်းကျင် နေထိုင်ရန် အိမ်ခြံမြေ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။

လူဦးရေ မြင့်တက်လာရခြင်း၏ ပင်မအဓိက ကျသော အကြောင်းအရင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး လမ်းကြောင်း ပြောင်းလဲခြင်းနှင့် အတူ ဖွံ့ဖြိုး တိုးတက်လာသော စီးပွားရေး လုပ်ငန်းများကြောင့် ဖြစ်လေသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ စနစ် စတင် ကျင့်သုံးလာသော အခါ နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချ လာခဲ့ခြင်းနှင့် အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များလည်း အများအပြား ဝင်ရောက်လာခဲ့သည်။ ထိုအခါ စက်ရုံ၊အလုပ်ရုံ၊ ကုမ္ပဏီ စသည့် လုပ်ငန်းကြီး များ ပေါ်ပေါက်လာပြီး ထိုစက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတို့၌ လိုအပ်လျက် ရှိသော အလုပ်အကိုင် နေရာများသို့ အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ဒေသ အသီးသီးမှ လူငယ်၊ လူရွယ် စသည့် လူပေါင်း မြောက်မြားစွာတို့က ရန်ကုန် မြို့ဆီသို့ ဦးတည် ရောက်ရှိ လာခဲ့ကြပါတော့ သည်။

သူတို့သည် စက်မှုဇုန်ကြီးများ ရှိရာ၌ စက်ရုံလုပ်သားများ အဖြစ် ပြောင်းလဲသွားကြကာ ရန်ကုန်မြို့၌ နေထိုင်သူများ ဖြစ်လာခဲ့ကြ သည်။

''ကျွန်တော်က စစ်ကိုင်းတိုင်း ဒေသကြီးက ရွာကလေး တစ်ရွာကပါ။ သာကေတ စက်မှုဇုန်က အထည်ချုပ် စက်ရုံမှာ QC လုပ်ပါတယ်။ခုခေတ်လို ကုမ္ပဏီတို့၊ စက်ရုံတို့ ဖြစ်ပေါ်လာတော့ အညာက လူအများစုဟာ တစ်နှစ်မှာ တစ်ခါလောက်သာ ငွေမြင်ရတဲ့ လယ်ထဲ၊ ယာထဲ မဆင်းကြတော့ဘဲ စက်ရုံမှာ အလုပ်လုပ်ဖို့ ရန်ကုန်ကို ဆင်းလာကြတယ်'' ဟု လူငယ်တစ်ဦးက ပြောပြသည်။

မြန်မာပြည် အနှံ့အပြားမှ လူအများစုသည် ရန်ကုန်သို့ ဆင်းလာကာ အလုပ်အကိုင် လာရောက် လုပ်ကိုင်ကြသောကြောင့် အိမ်ငှား နေထိုင်ကြရသဖြင့် ရန်ကုန်မြို့ ဝန်းကျင်၌ အိမ်ငှားစရာ အလွတ်အလပ်ပင် မရှိဖြစ်ကာ စက်ရုံအနီး၌ တဲတန်းလျားများ ဆောက်လုပ်လျက် ကျူးကျော် နေထိုင်မှုများ ရှိလာခဲ့သည်။

''ဘော်ဒါဆောင်လို အိမ်မျိုးမှာ ငှားနေရင်းက အိမ်လခ မြင့်လာတယ်။ နောက်ထပ် တောင်းတဲ့ အိမ်လခ များများကို မပေးနိုင်တော့ လို့ အိမ်ခန်းအသစ် ရှာတော့လည်း အိမ်တွေ အားလုံး လူတွေနဲ့ ပြည့်နေတယ်'' ဟု သူတို့က ဆိုသည်။

အိမ်ငှားလိုအား တိုးမြင့်လာသောကြောင့် အိမ်ရှင်များမှာ လောဘများ ကျောကပ်လာကြပြီး အိမ်ခန်းငှားခ၊ လုံးချင်း အိမ်ငှားခများ၊ အိမ်စပေါ် ငွေများကို မတန်တဆ တိုးမြှင့် တောင်းယူလေ့ ရှိကြသည်။ သာကေတ မြို့နယ်၌ နေထိုင်သူ တစ်ဦးက အခန်းငှားရာ၌ လုံးချင်းအိမ် ပေ ၂ဝ တစ်လုံးလျှင် စပေါ် ငွေသိန်း နှစ်ဆယ်နှင့် အိမ်လခ တစ်သိန်းပေး ရသည်ဟု ဆိုသည်။ တိုက်ခန်းငှားရမ်း နေထိုင်ပါက တစ်လလျှင် တစ်သိန်းနှစ်သောင်း ပေါက်သည် ဟုလည်း ဆိုသည်။

''ကျွန်မကျောက်မြောင်း------လမ်းက ခြောက်ထပ်တိုက် အပေါ်ဆုံးထပ်မှာ ငှားနေတာပါ။ စပေါ်ငွေက သိန်းကိုးဆယ်၊ အိမ်လခက သုံးသောင်း ပေးရပါတယ်'' ဟု အိမ်လခ နည်းနည်း စပေါ်များများ တင်ရသည့် အိမ်ကို ငှားရမ်းနေထိုင်သော ကျောက်မြောင်းမှ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယခင်က ရန်ကုန်မြို့ကြီးသို့ ရောက်လာ ကြသူများမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ အစရှိသည့် နိုင်ငံများသို့ ဆက်လက် ထွက်ခွာ သွားကြသည်။ ယခု အကုန်အကျ များ သော နိုင်ငံရပ်ခြား အလုပ်များထက် ဒေသ ရပ်ရွာသို့ အချိန်မရွေး၊ လေယာဉ်ပျံ လက်မှတ်မလို ဗီဇာ၊ ပတ်စ်ပို့မလို ပြန်နိုင်သော ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် လုပ်ကိုင် ကျင်လည်ကြသဖြင့် အိမ်ငှားနေထိုင်ကြသော ကြောင့် ရန်ကုန်မြို့လူဦးရေမှာ အဆမတန် များပြားလာလျက် ရှိသည်။

ယခုအခါ နိုင်ငံခြား ကုမ္ပဏီများကြောင့် မြို့လယ်၊ မြို့ပတ်စသည့် ရပ်ကွက်များရှိ အိမ်ခန်း၊ တိုက်ခန်း၊ တိုက်လုံးချင်းငှားခ များမှာ မကြုံဘူး၊ မကြားဘူးသော ဈေးသို့တိုင် မြင့်တက်သွားခဲ့သည်။ ထိုအခါ မြို့နယ်၊ ရပ်ကွက်ထဲရှိ အိမ်ခန်းငှားစားသူ အိမ်ပိုင်ရှင်များ အနေဖြင့်လည်း မြို့လယ်ကောင် သို့မဟုတ် ဆိတ်ငြိမ်ရပ်ကွက်များရှိ အဆင့်မြင့် လုံးချင်းတိုက်များကို ဒေါ်လာ သောင်းဂဏန်းဖြင့် လည်းကောင်း၊ တိုက်ခန်းများကို တစ်လ သိန်းသုံးလေးဆယ်ဖြင့် လည်းကောင်း အငှားအရမ်း ဖြစ်ကြသည်ကို အားကျကာ မိမိတို့၏ အိမ်ခန်း ငှားခများကို ဈေးမြှင့်တင် လာကြသည်။ အိမ်ခန်း ငှားစားရန် အိမ်ကြီး၊ အိမ်ကောင်း သို့တည်းမဟုတ် အိမ်ဆိုရုံ အိမ်နှင့် မြေကို ပိုင်ဆိုင်သူများမှာ ပွဲစားများ၏ အလှော်ကောင်းမှုကြောင့် မိမိမြေကို ကန်ထရိုက်ပေးကာ တိုက်ခန်း ထဆောက်ကြ သည်။ ပေ၂ဝ x ၆ဝ မြေတစ်ကွက်လျှင် ပြောင်းရွှေ့စရိတ် ဆယ်သိန်းမှ သိန်းနှစ်ဆယ် အထိပေးကာ RC ငါးထပ်ဆောက်သည့် မြေညီထပ်နှင့် အပေါ်ဆုံး နှစ်ထပ်ကို ကန်ထရိုက်မှ ယူကာ ကျန်နှစ်ထပ်ကို မြေပိုင်ရှင်အား ပေးသည်။ အချို့ လမ်းမတန်း စီးပွားရေး ဈေးကွက်ရှိသော မြေများဆိုလျှင် ပြောင်းရွှေ့စရိတ် သိန်းရာနှင့် ထောင်နှင့်ချီ၍ ပင်ပေးသည်။

ယခင်က အိမ်မိုး၊ အိမ်ပြင်ရန် ပိုက်ဆံ မရှိရှာသော အိမ်ပိုင်ရှင်လေးများမှာ ငွေဆယ်သိန်း၊ သိန်းနှစ်ဆယ်ကို မက်ကြသည်။အိမ်မပြင်ရဘဲ တိုက်ခန်းနှစ်ခန်း ပြန်ရသဖြင့် တိုက်နှင့်နေသည့် အရသာကို ခံစား ကြည့်ချင်ကြသည်။ မနေချင်၍ တိုက်ခန်း ပြန်ရောင်းစားလျှင် မိမိ၏မြေကို ရောင်း သည့် တန်ဖိုးထက် ပိုရပြီး ရောင်းရတာလည်း လွယ်သည်။ ထို့ကြောင့် ရပ်ကွက်အတွင်း၌ ပွဲစားများနှင့် ဆက်သွယ်ကာ ကန်ထရိုက်တိုက် ဆောက်လုပ်လာသူများ အလျှိုအလျှို ပေါ်လာကြသည်။

အချို့ကလည်း ''ကန်ထရိုက်တိုက် ဆောက်ရတာ အရှုပ်အရှင်းများလို့ မဆောက်ချင်ဘူး။ကန်ထရိုက်တွေက တရားဝင် လိုင်စင် ရှိ၊မရှိ ဆိုတာလည်း ယုံလို့မရဘူး။ ပြောင်းရွှေ့စရိတ် ပေးပြီဆိုကတည်းက ကိုယ်ရဲ့မူရင်း ဂရန်ကို စာချုပ်နဲ့ လွှဲပေးလိုက်ရတာ။ အချို့ကန်ထရိုက် တွေက သူတို့ရဲ့ ကုမ္ပဏီ ဆိုင်းဘုတ်ကို ကိုယ့်အိမ်မှာ လာတပ် ကြိုပွိုင့်ခေါ်ရောင်းပြီး တိုက်ကိုမဆောက်ဘဲ ဒီအတိုင်းထားတယ်။ နောက်ထပ် တစ်နေရာမှာ သွားပြီး ပြောင်းရွှေ့စရိတ်ပေး ကြိုပွိုင့်ခေါ် ငွေယူနဲ့ ကိုယ့်ဆီ ပြန်မလာတော့ဘူး။ နင့်နင့်ပိုးပိုး အမြတ်ရရင် ကိုယ့် ဂရန်နဲ့ စာချုပ်ကို နောက်ကန်ထရိုက်ကို လက်လွှဲကြတယ်လို့လည်း ကြားရတယ်။ အချို့ဆို ရုံးတွေတောင် ရောက်ရှိကြတယ်''ဟု ဆို သည်။

ယနေ့ မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပြုရန် မျက်စိ အကျဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ပြုလာကြသော အခါ လုပ်သားအင်အား အများအပြား လိုလာမည် ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ စုဝေး တည်ရှိရာ ရန်ကုန်မြို့ကြီးသို့ အနယ်နယ် အရပ်ရပ်မှ လူများ အလုပ်လုပ်ရန် တဖွဲဖွဲ ရွှေ့ပြောင်း ရောက်ရှိလာကြမည် ဖြစ်သည်။ထို့ကြောင့် ရန်ကုန်မြို့နေ လူအများစုနှင့် ပြောင်းရွှေ့ လုပ်သားများ အတွက် ကျောချစရာ တစ်နေရာသည် အလွန်ပင် အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်လာပေမည်။ နိုင်ငံရပ်ခြား ရှိ ဟောင်ကောင်ကဲ့သို့ စက်မှုဖွံ့ဖြိုးသော မြို့ ကြီးများ၌ လူဦးရေသည် သန်းပေါင်းရာနှင့် ချီကာ နေထိုင်၍ လူတစ်ယောက် ကျောချစရာ တစ်နေရာအတွက် ခန်းမကြီးများထဲ၌ စီတန်း အိပ်စက်ရခြင်းမျိုး၊ စီးကရက် ဘူးခွံများထပ် ဆင့်ထားသော ပုံစံလို အထပ်ထပ် ပါသော ခုတင်ပေါ်၌ လူတစ်ယောက် အထပ်တစ်ထပ် နှုန်းဖြင့် အိပ်စက် ရသလိုမျိုး၊ နောင်အနာဂတ် ရန်ကုန်မြို့၌ လူတစ်ယောက် ကျောချစရာ နေရာတစ်နေရာမှာ ခက်ခဲမှုများ ရှိလာ နိုင်လေသည်။

ထိုပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ပဲခူး၊ ကော့မှူး၊ သံလျင် အစရှိသည့် မြို့နှင့် အနည်းဆုံး မိုင် ၅ဝ မှ ၁ဝဝ အတွင်း ဝေးသောနေရာ များ၌ မြို့သစ်တည်ခြင်း၊ ကန်ထရိုက် အိမ်ရာများ ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်၍ တစ်နာရီမိုင် ၅ဝ မှ ၁ဝဝ နှုန်း မြန်သော မြန်နှုန်းဖြင့် ရထားလမ်းနှင့် ရထားတို့ကို နိုင်ငံခြား ကုမ္ပဏီများမှ တင်ဒါခေါ်၍ ပြေးဆွဲစေခြင်းဖြင့် မြို့တွင်း ယာဉ်ကျပ်တည်း မှု ပြဿနာ၊ ကျောတစ်နေရာ ချစရာပြဿနာများ အထိုက်အလျောက် ပြေလည် သွားနိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မြ၀တီ
အပြည့်အစုံသို့ »

ရန်ကုန်က အဆောက်အဦ ၄၀ ရာခိုင်နှုန်း တရားမ၀င်


ရန်ကုန်မှာ စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့် ပေးထားတဲ့ အဆောက်အဦရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အဆောက်အဦ ၁ ထောင်ကျော်ဟာ ခွင့်ပြုချက် မရပဲ တရားမ၀င် တည်ဆောက်ထားတာ ဖြစ်ပြီး တရားစွဲဆိုထားတယ်လို့ စည်ပင်အင်ဂျင်နီယာ ဌာန တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင် အင်ဂျင်နီယာဌာနဟာ အထပ်မြင့် ၆၀၀ ကျော်နဲ့ လုံးချင်း ၂ ထောင်ကျော် ဆောက် လုပ်ခွင့်ပေးခဲ့ပါတယ်။

အဆောက်အဦ ၁ ထောင်ကျော်ကတော့ တနေ့ ဒဏ်ကြေး ကျပ် ၁ သောင်း ပေးပြီး ခွင့်ပြုချက် မရပဲ တရားမ၀င် တည်ဆောက်နေတဲ့အတွက် အုတ်မြစ်ချစ အဆောက်အဦတွေကိုတော့ ပြန်လည် ဖြိုချမယ်လို့ သူက ပြောပါတယ်။

ခုလို ခွင့်ပြုချက် မယူဘဲ ဆောက်လုပ်မှုတွေ များလာတဲ့အတွက် နောက်ပိုင်း ကန်ထရိုက်တွေနဲ့ လက်သမားတွေကိုပါ အရေးယူသွားမယ့် ဥပဒေကြမ်းတရပ် တင်ပြထားတယ်လို့ သူက ရှင်းပြပါတယ်။

 ဒီဗွီဘီ
အပြည့်အစုံသို့ »

ပြင်ဦးလွင်မြို့ရှိ တောင်ပေါ် မြေကွက်များ တစ်ဧကသိန်း ၆၀၀ ပေါက်ဈေး ရှိနေဟုဆို


မျိုးသန့်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်

ပြင်ဦးလွင်မြို့ရှိ တောင်ပေါ်မြေကွက်များကို ငွေကြေးချမ်းသာသူများနှင့် ရာထူးကြီးသူများက ၀ယ်ယူလာသောကြောင့် တစ်ဧက ငွေကျပ်သိန်း ၆၀၀ အထိ ဈေးနှုန်းရှိလာကြောင်း အိမ်ခြံမြေပွဲစားဖြစ်သူ ဦးသိန်းထိုက်က မဇ္ဈိမကို ပြောသည်။

“ရန်ကုန်က ရာထူးကြီးပိုင်းတွေကလာရောက်ပြီး ၀ယ်ယူတာများတယ်။ ဘန်ဂလိုဆောက်ပြီး ရှုခင်းတွေ ကြည့်ဖို့အတွက် ၀ယ်တာဖြစ်တယ်လို့ပြောပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း တစ်ဧကကို သိန်း ၃၀၀ ကနေ သိန်းခြောက်ရာဝန်းကျင်အထိရှိတယ်”ဟု ၎င်းက ပြောသည်။

နောင်လုံးထုံးဘို၊ ရေသရောက်ကုန်း၊ ကုန်းဘောဝန်းကျင်တွင်အများဆုံး ၀ယ်ယူရန်မေးမြန်းမှုများရှိပြီး သစ် တောပိုင် မြေများကိုဦးစီးဌာနက ရောင်းချလျက်ရှိသည်။

“သစ်တောပိုင်မြေတွေကို သစ်တောကနေပြန်လည်ရောင်းချတာဖြစ်ပါတယ်။ ၀ယ်တဲ့သူကလည်း ရာထူး ကြီးတဲ့သူတွေ ၀ယ်ပါတယ်။ အနည်းဆုံးညွှန်ချုပ်အဆင့်ရှိသူတွေ ဖြစ်ပါတယ်” ဟု ဦးသိန်းထိုက်က ပြော သည်။

နောင်လုံးထုံးဘိုဝန်းကျင်ရှိ တောင်ကုန်းများပေါ်တွင် တစ်ဧကလျှင် ကျပ်သိန်း ၃၀၀ ခန့်၊ ကုန်းပေါ်တွင် သိန်း ၃၀၀ ကျော်နှင့် ရေသရောက်ကုန်းဘက်တွင် ပေ ၆၀ ထ ၈၀ တစ်ကွက်လျှင် ကျပ်သိန်း ၆၀၀ နှင့်အထက် ဈေးနှုန်းရှိပြီး ၀ယ်ယူမေးမြန်းသည့်အရေအတွက်များပြားသည်ဟု ဆိုသည်။

တောင်ပေါ်ရှိမြေကွက်များအပြင် ပြင်ဦးလွင်မြို့တွင်း လမ်းမကြီးဘေးရှိနေရာများမှာ ပေ ၄၀ ထ ၆၀ တစ် ကွက်လျှင် ကျပ်သိန်းသောင်းဂဏန်းအထိ မြင့်တက်နေပြီး၊ မန္တလေး-လာရှိုးလမ်းဘေးရှိ မြေကွက်များမှာ ကျပ်သိန်းပေါင်းနှစ်သောင်းမှ သုံးသောင်းအထိ ဈေးနှုန်းရှိနေသည်။

ယခုကဲ့သို့ မြေဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေပြဿနာများလည်း ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ထို့ပြင် ပဋိပက္ခများ၊ အုပ်စုဖွဲ့ပြဿနာများပါ နောက်ဆက်တွဲဖြစ်ပေါ်လာပြီး မြေဈေးနှုန်းထိန်းညှိပေးရန်နှင့် မြေယာကိစ္စကို ဖြေရှင်းပေးသည့်အဖွဲ့အစည်း ကောင်းတစ်ခုလိုအပ် လျက် ရှိကြောင်း ပြင်ဦးလွင်မြို့နယ် ဒေသခံများက ပြောသည်။

“မြေယာဈေးနှုန်းတွေက မြင့်မားလာပါတယ်။ ယခင်ပိုင်ဆိုင်ခဲ့တဲ့သူနဲ့ စီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရပြီး လက်ရှိစီမံကိန်းမလုပ်တော့တဲ့နေရာတွေမှာ အကွက်ရိုက်ရောင်းချတာတွေကို ယခင်ပိုင်ဆိုင်တဲ့သူနဲ့ ရောင်း စားနေသူကြား ပြဿနာတွေ ဖြစ်ပွားလာပါတယ်” ဟု ပြင်ဦးလွင်မြို့နယ်ရှိ အိမ်ခြံမြေ၀ါရင့်ပွဲစားတစ်ဦးဖြစ်သူ ကိုမျိုးသူက ပြောသည်။ သစ်တောမြေများကို ရောင်းချခြင်းတွင် သစ်တောဦးစီးဌာနက အဆိုပါမြေများကို ပလပ်မြေဟုသတ်မှတ်ထားကာ မြေကိုဝယ်ယူလိုသည့်သူများက ပြည်ထဲရေးဝန်ကြီးဌာနထံသို့ လျှောက် ထားလျှင် တခြားသုံးစွဲခွင့်များအားလုံးကိုရရှိ မည်ဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အတွင်း ရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။

Mizzima Burmese
အပြည့်အစုံသို့ »

မြေယာဈေးနှုန်းတွေ အဆမတန် တက်နေတာကြောင့် မြေယာဈေးနှုန်းကို ငါးဦးကော်မတီနဲ့ သတ်မှတ်နေ (ရုပ်သံ)

မြေယာဈေးနှုန်းတွေ အဆမတန် တက်နေတာကြောင့် မြေယာဈေးနှုန်းကို ငါးဦးကော်မတီနဲ့ သတ်မှတ်နေတယ်လို့ သမ္မတရုံးဝန်ကြီးဦးစိုးမောင်က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ဦးအောင်ကြီး သတင်း ပေးပို့ထားပါတယ်။
DVB TV News




အပြည့်အစုံသို့ »

မန္တလေးတွင်ကိုယ်ပိုင်အိမ်မရှိသူများအတွက် အိမ်ရာအကောင်အထည်ဖော်မည်



မန္တလေးမြို့တွင် အခြေ ချအလုပ်လုပ်ကိုင်နေသော်လည်း ကိုယ်ပိုင်အိမ်   မရှိသေးသူများ အတွက် အခန်းပေါင်းလေးရာ ကျော်ပါဝင်သည့် အိမ်ရာတည် ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် မြ ရည်နန္ဒာမြို့သစ်တွင် လေးခန်း တွဲ၊လေးထပ်အဆောက်အအုံ၂၇ လုံးကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်းပေါင်းခြောက် သိန်းကျော် အကုန်ကျခံကာ ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ရန်  တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံမှ ခွင့်ပြုမိန့်ကျလာပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူးဦးကျော်ကျော်လင်း ကပြောသည်။

‘‘စည်ပင်ကလုပ်တဲ့ တန်ဖိုး နည်းအိမ်ရာနဲ့ကပ်လျက်က ခုနစ်ဧကရှိတဲ့မြေပေါ်မှာဆောက်မှာ’’ဟု ၎င်းကပြောသည်။

မန္တလေးမြို့တွင် အခြေချနေထိုင်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်နေသူများကို အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းမခွဲခြားဘဲ ကိုယ်ပိုင်အိမ်ရာမရှိ သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊   ရောင်းချမည့်ပုံစံနှင့်ဈေး နှုန်းကိုမူတည်ဆောက်မှုများပြီးစီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်မည့်အိမ်ရာ များမှာ မန္တလေးစည်ပင်က တည် ဆောက်နေသည့် တန်ဖိုးနည်းအိမ် ရာများထက် ပိုမိုကျယ်ဝန်းပြီး ကားပါကင်၊ ပန်းခြံ၊ လျှောက်လမ်းများပါဝင်မည်ဖြစ်၍ တန်ဖိုးနည်းအိမ်ရာများထက်   ဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်း   ဦးစီးမှူးဦးကျော်ကျော်လင်းက     ပြော သည်။

အေးမွန်ရာပြည့်
7day daily
အပြည့်အစုံသို့ »

ရွှေပေါက်ကံတွင် အိမ်ခြေ ၈၀ ကျော်ကို ပြောင်းရွှေ့ရန် စည်ပင် အကြောင်းကြား




ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အမှတ် (၂၂) ရပ်ကွက် ကွန်ကရစ်လမ်းပေါ်တွင် နေထိုင်လျက်ရှိသော အိမ်ခြေ ၈၀၊ လူဦးရေ ၃၈၀ ကျော်ကို စည်ပင်နယ်နိမိတ်တွင် ကျူးကျော်နေထိုင်သူဟု ဆိုကာ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာ ပေးပို့ထားကြောင်း ယင်းနေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နေထိုင်သူများမှာ ကျပန်းလုပ်ကိုင်သူများ ဖြစ်ပြီး ရန်ကုန်မြို့တွင် အိမ်ငှားရမ်းရန် မတတ်နိုင်သောကြောင့် ယခုနှစ် ဧပြီလတွင်းက ဝင်ရောက် နေထိုင်သူများ ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်က ပြောင်းရွှေ့ရန် စာထုတ် အကြောင်းကြားထားသော်လည်း နေစရာ မရှိခြင်း၊ အခြေခံပညာ သင်နေသော ကျောင်းသားများ ရှိခြင်းတို့ကြောင့် ဖယ်ရှားပေးမည် မဟုတ်ကြောင်း ယင်းနေရာတွင် နေထိုင်သူ ဦးစိုးဝင်းက ပြောကြားသည်။

“ဦးတို့မှာ နေစရာလည်း အထိုင်ကျနေပြီ။ ကလေးတွေလည်း ကျောင်းတက်နေပြီ ဆိုတော့ မဖယ်ပေးနိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။

ကျူးကျော်နေထိုင်သူများမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တိုက်ကြီး၊ လှိုင်သာယာ၊ ဘိုကလေးနှင့် အခြားသော မြို့နယ်များမှ ပြောင်းရွှေ့လာသူများ ဖြစ်ကြောင်း၊ ကျူးကျော်နေထိုင်များကို စည်ပင်က ဖယ်ရှား ရှင်းလင်းရာတွင် အင်အားသုံးကာ အတင်းအကျပ် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့ နေထိုင်ရာနေရာ ယာဉ်အဝင်အထွက်ကို သတိထားနေရပြီး ညပိုင်းတွင် ကင်းစောင့်ကာ စောင့်ကြည့်နေရကြောင်း ကျူးကျော်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ ကျူးကျော်များကို ဖယ်ရှားမှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ကျန်းမာရေး မကောင်း၍ ဆေးရုံသို့ ရောက်ရှိနေသဖြင့် ယင်းအကြောင်းအရာကို မသိရသေးကြောင်း ပြန်လည်ပြောကြားသည်။
The Voice Weekly
အပြည့်အစုံသို့ »