Showing posts with label thai-news. Show all posts
Showing posts with label thai-news. Show all posts

မြန်မာလုပ်သား ၂၀ ကျော် ထိုင်းတွင်လစာမရ၍ သစ်ရွက်ပြုတ်စားနေရသည်ဆိုသော သတင်းကို အေဂျင်စီနှင့် လုပ်သားများ ပြန်ရှင်း


ထိုင်းနိုင်ငံရောက် မြန် မာအလုပ်သမား ၂၀ ကျော် လုပ် ခလစာမရ၍ သစ်ရွက်များ ပြုတ် စားနေသည်ဟု အင်တာနက် ၀က်ဘ်ဆိုက်များတွင် ပျံ့နှံ့ခဲ့သည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါ အလုပ်သမားများနှင့် ပို့ဆောင်ခဲ့သည့် အေဂျင်စီတို့မှ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်ခန့်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆောက် လုပ်ရေးကုမ္ပဏီသို့ တရားဝင်စေ လွှတ်ခဲ့သော အလုပ်သမား ၂၆ ဦးသည် အလုပ်ရှင်က လစာမပေး သောကြောင့် စားစရာမရှိ၍ ဟင်း သီးဟင်းရွက်များ ပြုတ်စားနေရ ပြီး အစိုးရ ပိတ်ပင်ထားသည့် မွတ်စလင်သောင်းကျန်းသူများရှိသော နေရာများတွင် အလုပ်လုပ်ကိုင်နေရကာ အေးဂျင့်များက ၀န်ဆောင်ခနှုန်းထားကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပြီး ပတ်စ်ပို့စာအုပ်များ ကိုင်ဆောင်ခွင့်မရကြောင်း စသည်ဖြင့် အင်တာနက် ၀က်ဘ်ဆိုက်များတွင် မမှန်မကန်ဖော်ပြခဲ့ပြီး ဇူလိုင် ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကလည်း ဖော်ပြခဲ့သည်။

အဆိုပါ သတင်းများမှာ မှန် ကန်မှုမရှိဘဲ သတင်းအမှားသာ ဖြစ်ကြောင်း ပို့ဆောင်ခဲ့သည့် ရေရွှည်ဖြိုးအောင်အေဂျင်စီနှင့် ယင်းအလုပ်သမား ၂၀ ခန့်က သြ ဂုတ်လ ၁ ရက်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘ငြင်းတာမဟုတ်ပါဘူး။ သ တင်းအမှန်ကို ချပြတာပါ။ နောက် ကျွန်တော်တို့သာ ဆက်သွယ် ရင် ချက်ချင်းဖြေရှင်းပေးမှာပါ’’ ဟု ရွှေရည်ဖြိုးအောင် ကုမ္ပဏီ ဒါ ရိုက်တာ ဦးမိုးကျော်က ပြောကြားသည်။

ဖြစ်စဉ်မှာ အဆိုပါ ထိုင်း တောင်ပိုင်းစတုံမြို့သည် အစိုးရ လုပ်သားစေလွှတ်ခွင့်ပြုထား ပြီး လုပ်ခလစာ မရရှိခြင်းမှာ နိုင်ငံ ရေးအခြေအနေကြောင့် လစာ ပေးရန် နောက်ကျခဲ့ခြင်းသာ ဖြစ် ပြီး သစ်ရွက်များ ပြုတ်စားနေရ သည်မှာ အလုပ်သမားများ အနေဖြင့် ခြိုးခြံချွေတာခြင်းသာဖြစ် ကြောင်း ၎င်းတို့က ပြန်လည်ချေပခဲ့သည်။

‘‘ကျွန်တော်တို့က ဟိုမှာဆို လက်ထဲမှာ ပိုက်ဆံသိပ်မထား ဘူး။ စုမိတာနဲ့ အိမ်ကိုပို့တယ်။ ဒါပေမဲ့ ဒီလမှာ ကျွန်တော့်အလုပ် ရှင်က လစာပေးဖို့ နောက်ကျ တော့ ကျွန်တော်တို့ ပိုက်ဆံမရှိ လို့ ဟင်းရွက်တွေ သုပ်စားတာပါ။ ကျွန်တော်တို့ လစာမရသေးတာ။ ကိုယ်စားလှယ်ကို ပြောတယ်။ သူ က အေးဂျင့်ကိုပြောတော့ မသိခဲ့ တာ’’ ဟု မကွေးတိုင်းတွင်နေထိုင် သော အလုပ်သမား ကိုဟန်အေး  ကပြောသည်။

ထို့အပြင် အဆိုပါ လုပ်သား များ ကြုံတွေ့နေသည့်ဖြစ်စဉ်ကို ထိုင်းရှိ မြန်မာအဖွဲ့အစည်းတစ်ခု က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ ပြီးနောက် အရွက်များ သုပ်နေ သည်ကို ပြုတ်စားနေရသည်ဟု ဆို၍ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းဖေ့စ်ဘွတ်ခ်စာ မျက်နှာ အမည်မှာ ရွှေလုပ်သား၊ သစ်ထူးလွင်နှင့် ရွှေမြန်မာဝက်ဘ် ဆိုက်တို့တွင် ဖော်ပြခဲ့ခြင်းဖြစ် သည်။

‘‘အဲဒီအဖွဲ့အစည်းက တစ် ဖက်နိုင်ငံမှာ ဖြစ်နေတဲ့အတွက် သွားအရေးယူလို့  မရပါဘူး။ ကျွန်တော်တို့က ထိုင်းက အဖွဲ့အ စည်းတွေ အားလုံးကို ဖိတ်ခေါ် တယ်။ မတူတာဖယ်ပြီး တူရာ ပူး ပေါင်းဆောင်ရွက်မယ်။ ဦးတည် ချက်ချင်းတူပါတယ်။ အလုပ်သ မား ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ သူတို့ကို အရေးယူဖို့ဆိုတာ သက်ဆိုင်ရာ နိုင်ငံအစိုးရကိုပဲ အရေးယူလို့ရတာပါ’’ ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။

လက်ရှိ အဆိုပါ လုပ်သား များသည် လုပ်ခလစာ ၁၅ ရက် စာ ရရှိထားပြီး ကျန် ၁၅ ရက် လုပ်ခလစာကို သြဂုတ်လ ၂ ရက် တွင် အပြီးရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအလုပ်သမား များသည် တစ်ရက်လျှင် ဘတ် ၃၀၀ ဖြင့် လုပ်ခလစာ ရရှိကြ ကြောင်း သတင်းရရှိသည်။

7day daily
အပြည့်အစုံသို့ »

Myanmar in love in Bangkok (မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်း) ရုပ်သံ


မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ မကြာမီ ရုံတင်သွားမှာပါ။ ဇာတ်ကားရဲ့ ထိုင်းနာမည်ကတော့ “รักภาษาอะไร” ဖြစ်ပြီး – “အချစ်ဟာ ဘယ်ဘာသာ စကားလဲ” လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ “အချစ်ရဲ့ ဘာသာစကား” ပေါ့။

ထိုင်းလူမျိုး ခပ်မိုက်မိုက် တက်တူး ဆရာမလေး Kay အဖြစ် Kaew ၊ ရိုးသားတဲ့ မြန်မာအလုပ်သမားလေး Dan အဖြစ် အောင်နိုင်စိုး ၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဘယ်လိုအချစ်မျိုးလဲ

“ဒိုင်း” ဘန်ကောက်မြို့မှာအလုပ်လုပ်ဖို့လာရောက်ခဲ့တဲ့မြန်မာကောင်လေးတစ်ယောက်ူ
သူဟာ *ခေ*ဆိုတဲ့တက်တူထိုးတဲ့ကောင်မလေးကိုလာစောင့်ပြီးနီးကပ်တဲ့အခွင့်အရေးရပေမဲ့လဲ ဒိုင်း ဟာသူမရဲ့ဘေးမှာရပ်ဖို့မဝင့်မရဲဖြစ်နေတဲ့လူပေါ့ အချစ်ဆိုတဲ့အရာဟာသူတို့နှစ်ဦး ဒိုင်းနဲ့ခေ ကိုလူစိန်းကနေချစ်သူအဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်

ရုပ်သံ အမြည်းကိုတော့ အောက်က ဗွီဒီယို မှာ ကြည့်နိုင်ပါတယ်။


ဇာတ်ကား ထဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထုတ်လုပ်သူများရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပန်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေကြတဲ့ ရိုးရိုးသားသား မြန်မာ အလုပ်သမားတွေ အကြောင်း ထိုင်းလူမျိုးတွေကို သိစေချင်လို့ ဖြစ်ပါတယ်တဲ့။ အာဆီယံနိုင်ငံတွေ အားလုံး AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်းလေးက တဖက်တလမ်းကနေ အထောက်အကူ ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ ဘ၀အကြောင်း တစေ့တစောင်း မေးမြန်းထားသမျှကိုလည်း ထူးအိမ်သင်ရဲ့ နောက်ခံသီချင်းနဲ့ တွဲဖက်တင်ဆက်ထားတာကိုလည်း အောက်က ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

Credit: Myanmar Picture รักภาษาอะไร / Facebook
World-Myanmar
အပြည့်အစုံသို့ »

ထိုင်းစစ်တပ်အာဏာသိမ်းမှု မြန်မာ့တပ်မတော်အကြီးအကဲ ထောက်ခံ


 ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာသိမ်း လိုက်တာကို ထောက်ခံ ကြိုဆိုကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြား လိုက်ပါ တယ်။

ထိုင်းစစ်တပ်ဟာ နိုင်ငံလုံခြုံရေးနဲ့ ပြည်သူလူထုကို အကာကွယ် ပေးရေး အတွက် အာဏာသိမ်း ခဲ့တာဖြစ်တဲ့ အတွက် ချီးကျူးအားပေးရတာဖြစ်ကြောင်း မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိလာတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် အကြီးအကဲနဲ့ ထိုင်းအာဏာသိမ်း စစ်အစိုးရ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး တာနာဆတ်ခ် Tanasak နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားလိုက်ဖြစ်ပါတယ်။

ထိုင်းတပ်မတော်ဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ တာဝန်သိတပ်မတော်ဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချကြောင်း၊ ထိုင်းတပ်မတော်အစိုးရ NCPO ရဲ့ နိုင်ငံရေးလမ်းပြမြေပုံဟာလည်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ ဒီကနေ့ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီး တာနာဆတ်က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အားလုံးရဲ့အရေးကို ထိုင်းအစိုးရအနေနဲ့ ဂရုတစိုက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဖို့၊ နယ်စပ်ဆက်ဆံရေးတိုးမြင့်ဖို့ ကိစ္စတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် တာနာဆတ်နဲ့ တွေ့ဆုံအပြီးမှာ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဝင်အကြီးအကဲ ပရင် တီဆူလာနောင်ဒါ Prem Tisulanonda နဲ့တွေ့ဆုံခဲ့သလို နေ့ခင်းမှာ ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ထိုင်းတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်အိုချားနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

RFA Burmese (Facebook)
အပြည့်အစုံသို့ »

ထိုင်းအာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထားသည့် လက်နက်ခဲယမ်းတွေကို ထုတ်ပြ


ထိုင်းအာဏာသိမ်းစစ်ကောင်စီက ဖမ်းမိထားတဲ့ လက်နက်ခဲယမ်းတွေကို ထုတ်ပြပါတယ်။ ဒီလက်နက်တွေကို မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၅ ရက်နေ့အတွင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ဖမ်းမိတာလို့ ပြောပါတယ်။

ဒီလက်နက်တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့လူတွေထဲမှာ ပြည်ပမှာ အသစ်ဖွဲ့ထားတဲ့ အတိုက်အခံအဖွဲ့ အတွင်းရေးမှူးချုပ် ဂျာခရာပေါ့ပ်လည်း တယောက်ပါဝင်တယ်လို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုရဲမင်းကြီးက ပြောပါတယ်။

စုံစမ်းမှုတွေကို အရ မြေအောက်လှုပ်ရှားမှုတွေလုပ်နေတဲ့ ဂျာခရာပေါ့ပ်ကို ထိုင်းစစ်ခုံရုံးက ဖမ်းဝမ်းထုတ်ထားရတယ်လို့ ပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းရတဲ့ အဓိက အကြောင်းကလည်း တရားမ၀င်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းနေတာနဲ့ ပြိုင်ဖက်အုပ်စုတွေ လက်နက်နဲ့ တိုက်ခိုက်ကြဖို့ ပြင်ဆင်နေကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်တွေကိုသုံးပြီး ပြည်သူတွေကို တိုက်ခိုက်တာမျိုးကို ဘယ်နိုင်ငံမှာ မဆို သည်းခံမှာ မဟုတ်ဘူလို့ စစ်တပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ ၀င့်ထိုင်း ဆူဗာရီကလည်း ပြောပါတယ်။

အခုအထိ ဖမ်းမိတဲ့ လက်နက်တွေထဲမှာ သေနတ် ၁၉၉၆ လက်၊ ကျည်ဆံအတွဲပေါင်း သုံးသောင်းနှစ်ထောင်ပါး၊ ဖောက်ခွဲရေးပစ္စည်း ၂၅၆ မျိုး ပါဝင်ပါတယ်။ သေနတ်တွေထဲမှာ ရိုင်ဖယ်၊ စက်သေနတ်၊ ပစ္စတိုနဲ့ လောင်ချာတွေ ပါဝင်ပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ထိုင်းတွင် ၂၀၁၅ အောက်တိုဘာ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်ပြော



ဘီဘီစီ

ထိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။

ကြားဖြတ်ကာလ အခြေခံဥပဒေ တစ်ရပ်ကို နောက်လထဲတွင် ပြဋ္ဌာန်းမည် ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်တွင် နောက်နှစ်ရွေးကောက်ပွဲကာလအထိ တိုင်အောင် ယာယီကက်ဘိနက် ဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံကို အုပ်ချုပ် သွားလိမ့်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်က မေလ ၂၂ ရက်က အာဏာ သိမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဆူပူအုံကြွမှုများ လပေါင်းများစွာ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံအား ပြန်လည် တည်ငြိမ်လာစေလိုသောကြောင့် အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က အကြောင်းပြခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံအား ‘ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)’ ဟု ခေါ်သော ထိုင်းစစ်အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။

ခန့်အပ် တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့က ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲမည် ဖြစ်ပြီး၊ လာမည့် ထိုင်းရွေးကောက်ပွဲကို ထိုအခြေခံဥပဒေသစ် အောက်တွင် ကျင်းပမည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။

ဓာတ်ပုံ- ရိုက်တာ


Mizzima Burmese 
အပြည့်အစုံသို့ »

ထိုင်းမှာ ယာယီနေထိုင် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်

မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးမယ်

 ထိုင်းနိုင်ငံ မဟာချိုင် ဒေသမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ဇူလိုင် ၃ဝ ရက်နေ့က စပြီး ရက်ပေါင်း ၃ဝ အတွင်း ထိုင်း စစ်အစိုးရက ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

ဆေးစစ်ခနဲ့ အခမဲ့ ဆေးကုသခွင့် အလုပ်လုပ်ခွင့် အပါအဝင် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဆောင်ရွက်ပေးမယ့် အစီအစဉ်အရ တစ်ယောက်ကို ဘတ်ငွေ ၂၅ဝဝ နီးပါး အလုပ်သမားတွေ ဘက်က ကုန်ကျခံရ မှာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှူရေးနဲ့ လုပ်အားခ တရားမျှတမှု ရှိရေးတို့ အတွက် လုပ်ဆောင်တာ ဖြစ်တယ် လို့လည်း ထိုင်း အစိုးရက ပြောပါတယ်။

အခု မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆက်လက် လုပ်ဆောင် သွားဖို့ ရှိပါတယ်။

BBC Burmese
အပြည့်အစုံသို့ »

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားကို သတ်ပြီး တက္ကစီကားထဲ ထည့်ထား


ထိုင်းနိုင်ငံအလယ်ပိုင်း မဟာာချိုင်လို့ လူသိများတဲ့ စမွတ်စခွန်မြို့နယ်မှာ မြန်မာအလုပ်သမားလို့ ယူဆရသူတဦး အသတ်ခံရပြီး တက္ကစီကားထဲ လာထည့်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဇွန် ၂၄ ရက် မနက် ၁ နာရီလောက်က တက္ကစီကားတစီးပေါ်မှာ လူသေအလောင်း တွေ့ကြောင်း သတင်းပေးချက်အရ တာဝန်ကျရဲနဲ့ ကုသိုလ်လူမှုကူညီရေးအဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ဘန့်နမ့်ကျစ်ရပ်ကွက် ကျတ်ဆန်ဖနန်လမ်းကြား သံထည်စက်ရုံအနီးမှာ ရပ်ထားတဲ့ တက္ကစီကားတစီး နောက်ဖုံးခန်းထဲကနေ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်ရွယ် အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ ဘန့်နမ့်ကျစ်ရဲစခန်းက စခန်းမှူး ဗိုလ်မှူကြီး ဆနွန် ဆွန်မတ်က သတင်းထောက်တွေကို ပြောပါတယ်။

တက္ကစီကားမောင်းသမားရဲ့ ဖွင့်ဟပြောဆိုချက်အရ သူဟာ ဧကချိုင်းလမ်းမကြီးပေါ်မှာ တက္ကစီမောင်းနေတုန်း ဆိုင်ကယ်နဲ့ လူတဦးက ပစ္စည်းတင်ဖို့ ခေါ်သွားကြောင်း၊ သံထည်စက်ရုံနား ရောက်တော့ လူ ၂ ယောက်က ကားနောက်ဖုံးထဲကို ပစ္စည်းတင်ပြီး ထွက်သွားကြောင်း၊ ဆိုင်ကယ်နဲ့ လာခေါ်တဲ့သူကတော့ တက္ကစီပေါ် ပြန်လိုက်ခဲ့ပြီး တနေရာအရောက် ကိစ္စရှိလို့ ခဏဆင်းမယ်ပြောကာ သူ့ကို တက္ကစီခ ဘတ် ၂၀၀ ပေးပြီး ထွက်သွားကြောင်း၊ ခရီးသည် ဆင်းသွားတာ ကြာလို့ လိုက်ကြည့်တော့ မတွေ့တော့တာနဲ့ ကားနောက်ဖုံးခန်းကို ဖွင့်ကြည့်တာမှာ ပလတ်စတစ်ပုံး အနက်ရောက်ထဲ ထည့်ထားတဲ့ လူသေအလောင်းကို တွေ့လို့ နဂိုနေရာကို ပြန်မောင်းလာခဲ့ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီအနီးတ၀ိုက်မှာ မြန်မာလူမျိုး အများအပြား စုနေထိုင်တဲ့ အလုပ်သမား တန်းလျားတွေ ရှိပြီး အခန်းတွေကို လိုက်လံစစ်ဆေးရာမှာ အခန်းတခုမှာ သွေးစ၊ ဘီယာ ပုလင်းတွေနဲ့ အလောင်းထည့်တဲ့ ရေပုံးနဲ့ ဆင်တူတဲ့ တခြားရေပုံးတလုံးပါတွေ့လို့ အခန်းငှား နေသူနဲ့ အခန်းပိုင်ရှင်တွေကိုပါ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ စခန်းမှူးရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းနဲ့ ပတ်သက်ပြီး သည်နေရှင်းသတင်းမှာတော့ ဒီအမှုမှာ ပါဝင်ပတ်သက်နေသူ အသက် ၃၆ နှစ်ရှိ မြန်မာအလုပ်သမား ဦးချစ်ဆန်းမြိုင်နဲ့ အသက် ၂၇ နှစ် ရှိ ကိုသားကြီး တို့ ၂ ဦးကို ဇွန် ၂၄ ရက် ည ၁၀ နာရီကျော်မှာ ဖမ်းမိခဲ့ပြီး ကိုဖုဂျီ ဆိုသူတဦးက ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ မြန်မာ အလုပ်သမား နိုင်တွန့်နိုင်ပု ဖြစ်ကြောင်း၊ အလုပ်သမားကတ်ကိစ္စနဲ့ သူတို့ဆီက ငွေ ဘတ် ၁ သောင်း ၇ ထောင် ယူထားတာ ပြန်မပေးလို့ စကားများပြီး သံချောင်းနဲ့ ရိုက်သတ်ကြောင်း ၀န်ခံခဲ့တယ်လို့ စမွတ်စခွန်ခရိုင်ရဲမှူးကြီး ဆုမ်ပွန်းဟွပ်ပန်းယန်း က ဇွန် ၂၅ ရက် သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ဖော်ပြသွားပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ရွှေ့ပြောင်း အလုပ်သမား ဖမ်းဆီးမှု ထိုင်းစစ်တပ် ရှင်းလင်း


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။

  ထိုင်းစစ်တပ်က အာဏာသိမ်းအပြီး ထိုင်းမြန်မာနယ်စပ်မှာ ရာနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကို ဖမ်းဆီးတာဟာ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမူကို ကာကွယ်ဖို့ တရားဝင် အလုပ်ခန့်ထားတဲ့ စနစ် ထဲကို ရောက်ဖို့ ဖြစ်တယ်လို့ ထိုင်းဖက်ကပြောလိုက်ပါတယ်။ ခရိုင် ၅ခုကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် အမှတ် ၄ တပ်ရင်းက မဲဆောက်မြို့မှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို  ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းစစ်တပ်က အာဏာသိမ်း အပြီးမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းဆီးတွေ ရှိနေတဲ့အတွက် အိမ်နီးနားချင်းနိုင်ငံသားတွေအပေါ်မှာ  လူအခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ရက်ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ အသက်သေ တဲ့ အထိ ပြုလုပ်တာတွေနဲ့ အလုပ်သမားအားလုံးကို ဖမ်းဆီးခြင်းတွေလုပ်တယ် ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းနိုင်ငံအနေနဲ့  အထွေထွေစီးပွားရေး ကျဆင်းစေခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများရဲ့ နိုင်ငံတွေက ထိုင်းနိုင်ငံအပေါ်မှာ နားလည်မှုလွဲစေ တာတွေဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ ။

ဒီလိုကြေညာအပြီး တာ့ခရိုင် ၅ မြို့နယ်တွင်းမှာ တာဝန်ယူထားတဲ့ ထိုင်းစစ်တပ်အမှတ် ၄ တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး လူထုအခြေပြု အဖွဲအစည်းတွေကို သူတိုရဲ့သဘောထားတွေကိုရှင်းပြခဲ့ကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူတဦးက ပြောပြပါတယ်။

"သူက အဲ့ဒီ့အစည်းအဝေးမှာ ပေါ့နော် သူ့အနေနဲ့ အန်ဂျီအိုတွေ ပီဘီအိုတွေ ၂၀ နဲ့ အဖွဲ့ဌာနဆိုင်ရာတွေကို ခေါ်ပြီးတော့ပေါ့နော် တပ်ရင်းမှုးပေါ့ အမှတ် ၄ ခြေလျှင်တပ်ရင်းက တပ်ရင်းမှုး က ခေါပြီးတော့ ဒီမှာ မဲဆောက်မှာ ဖမ်းဆီးတာတို့ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ ပါတ်သက်ပြီးတော့ သူက သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့ ပုံစံမျိုး သူက ခေါ်ပြီး ဆွေးနွေးပြတာပဲ။

ရှင်းလင်းတာပဲ။ သူပြောချင်တာကတော့ ဒီမှာရှိနေတဲ့ ကရင်တွေ မြန်မာအလုပ်သမားတွေက ကမ္ဘောဒီးယားက အလုပ်သမားတွေလိုမျိုးပေါ့နော် အထောက်အထား အပြည့်အစုံနဲ့ နေရပ်ကို ပြန်သွားတဲ့ ပုံစံမျိုး မရှိဘူးပေါ့နော်။

သူတို့ဖမ်းဆီးရတာလည်း အထောက်အထား မရှိတဲ့လူတွေကိုပဲ ဖမ်းတာပါပေါ့။ အဲ့ဒီ ကမ္ဘောဒီးယား ထိုင်းနယ်စပ်မှာ ကမ္ဘောဒီးယားတွေ ပြန်သွားတာက အဲဒီ ကောလာဟလ သတင်းကြောင့်ပြန်သွားရတာ၊ တကယ်တော့။ ဒီမှာကျတော့ အဲဒီပုံစံမျိုး မဟုတ်ဘူးပေါ့နော် တကယ်ပဲ လက်မှတ်မရှိဘဲနဲ့ အထောက်အထား မရှိဘဲနဲ့ နေနေတာအတွက်ကို သူတို့က ဖမ်းဆီးရတာတဲ့။

ဘာကြောင့်လည်း ဆိုတော့ လက်ရှိမှာ အလုပ်ရှင်တွေက အလုပ်သမားတွေကို မှတ်ပုံမတင်ပေးတာတွေ တရားဝင် လူငှါးရနိုင်ခြေမရှိတဲ့အတွက်ကြောင့် ဒီပြသနာတွေကို သူတို့အနေနဲ့ပေါ့ အဲဒီ အလုပ်ရှင်တွေကို ဖိအားပေးတဲ့အနေနဲ့ ဒီကိစ္စကို လုပ်ဆောင်ရခြင်းဖြစ်တယ် ဆိုတဲ့အကြောင်း သူတို့က ရှင်းပြတာ။ အလုပ်သမားတွေကို တရားဝင် အလုပ်ငှားရမ်းတဲ့ စနစ်ထဲ ကိုပေါ့နော်။ ရောက်ရှိဖို့ သူတို့ကလည်း မျှော်လင့်တယ်ပေါ့။ ဒီလူကုန်ကူးမှုတွေပေါ့ မူးယစ်ဆေးဝါးတွေနဲ့ ပါတ်သက်ပြီးတော့လည်းပေါ့ ဒီအထဲမှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာလည်း အပါအဝင်ဖြစ်တယ်ဆိုတဲ့ အကြောင်း သူရှင်းပြသွားတာပဲ"

ထိုင်းနိုင်ငံ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ က ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်ချက် ထဲမှာတော့ ထိုင်းနိုင်ငံကို  ကမ္ဘာတဝှမ်းမှာ လူအခွင့်အရေး ချိုးဖောက်ခြင်း၊ လူကုန်ကူးခြင်း၊ တရားမဝင် အလုပ်သမားခိုင်းစေခြင်း၊ အဓမ္မ ခိုင်းစေခြင်းများ ရှိတယ်ဆိုပြီး မမှန်မကန် သတင်းတွေ ထုတ်လွှင့်နေကြကြောင်း  ဒီလို မမှန်မကန် သတင်းတွေ ထုတ်လွှင့်နေခြင်းတွေကြောင့် ထိုင်းနိုင်ငံပေါ် ယုံကြည်မှုတွေ နည်းလာစေတာတွေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုလုပ်ဆောင်ရာမှာလည်း  အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပြီး ဖော်ပြထားပြီး သူတို့ရဲ့ လက်ရှိ စစ်ဆေးရေးဟာ အလုပ်သမားတွေအပေါ်မှာ ယာယီသာဖြစ်ကြောင်း အလုပ်ရှင်တွေက ပူးပေါင်း လုပ်ဆောင်စေကြောင်းတွေကိုဖော်ပြထားပါတယ်။

အလုပ်သမားတွေကို နေရပ်ရင်းကိုပြန်ပို့နေခြင်းမလုပ်သလို အလျင်စလို ဖမ်းဆီးဖို့လည်း ရည်ရွယ်ချက် မရှိကြောင်း တွေကိုလည်း ကြေညာချက် ထုတ်ပြီးပြောဆိုထားပါတယ်။

voa burmese

အပြည့်အစုံသို့ »

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး


 မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင် ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

‘‘အခုအဖမ်းခံရတဲ့သူတွေ က ထိုင်းဘက်ကိုကူးလာဖို့ အတွက် မြန်မာဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်လို့ပြောတယ်။ သူ တို့ကိုမေးကြည့်တော့လည်း ဒီကို လာဖို့ တစ်ယောက်ကို ထိုင်းဘတ် ငွေတစ်သောင်းခွဲလောက်ကုန် တယ်တဲ့။ ထိုင်းအာဏာပိုင်တွေ ကလည်း သူတို့ကို အရေးယူသွား မယ်လို့ ပြောသွားပါတယ်’’ဟု KNU ပြည်ထဲရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရာတွင် မဲဆောက် အခြေစိုက် အမှတ် (၄)ဒေသဆိုင် ရာကွပ်ကဲရေးတပ်မှူးကြီးအပါ အဝင် ထိုင်းလဝက၊ ထိုင်းနယ် ခြားစောင့်တပ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါဝင်သော   ပူး ပေါင်းအဖွဲ့များက ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံစစ်တပ် အာဏာသိမ်းပြီးနောက်     တရားမဝင် နိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ မြန်မာနိုင် ငံသား ၄၀၀ ကျော် ဖမ်း ဆီးခံခဲ့ရ ကြောင်း  ထိုင်းနိုင်ငံရောက်  မြန်မာများက ပြောသည်။

သို့သော် အဖမ်းခံရသူအများ စုကို ပြန်လွှတ်ပေးသည်။ ထိုသို့ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ   မြန်မာသံရုံးရှိ    သံ အမတ်ကြီး ဦးဝင်းမောင်ထံ ဆက် သွယ်မေးမြန်းရာ မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံစစ်တပ်က ဖမ်း ဆီးထားခြင်းမရှိကြောင်း၊ မြန်မာ နိုင်ငံသားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောဆိုထား သည်။

နယ်စပ်ဂိတ်များမှ ခိုးဝင် လာသော မြန်မာများကို ဖမ်းဆီး မည်မဟုတ်ဘဲ မဝင်နိုင်ရန် စစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီးဦးဝင်းမောင်က   ပြော ကြားသည်။

7Day News Daily
အပြည့်အစုံသို့ »

ဘန်ကောက်သွားမည့် တရားမ၀င် မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး


ဘန်ကောက်ကို သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းစစ်သားတွေက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်အနီးက မက်ရာမတ်မှာ ဒီနေ့မနက် ၁ နာရီ ဝန်းကျင်လောက်က တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား တဦး မောင်းတဲ့ကားကို ထိုင်းစစ်သားတွေ ဖမ်းဆီးလိုက်တာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁၂ ဦးတို့ဟာ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ ဖြစ်ပါတယ်။

သူတို့အဖွဲ့က ဘန်ကောက်အရောက် ၁ ယောက်ကို ဘတ် ၁ သောင်း ၅ ထောင်ပေးပြီး ကားတစီးကို အပြတ် ငှားထားကြတာပါ။

စစ်တပ်က သူတို့တွေကို ရဲတွေလက်ထဲကို အပ်လိုက်ပြီး ရဲတွေက တရားမဝင် အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား တဦးကိုတော့ အမှုဖွင့် တရားစွဲဆိုထားတယ်လို ပြောပါတယ်။ မြန်မာအလုပ်သမားတွေကိုလည်း မဲဆောက်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရားဝင်နဲ့ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီး စစ်ဆေးနေတာတွေကြောင့် အိမ်ပြန်နေကြသူတွေ ရှိသလို အခုလို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသူတွေလည်း ရှိနေပါတယ်။


DVB Burmese
အပြည့်အစုံသို့ »

တရားဝင် ကမ္ဘောဒီးယား အလုပ်သမားတွေ ထိုင်းကပြန်လက်ခံ


ထိုင်းနိုင်ငံထဲကို ကမ္ဘောဒီယား အလုပ်သမားတွေ တရားဝင်ပြန်လာရင် လက်ခံမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တရားဝင် စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားတွေကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေကြတဲ့ ကမ္ဘောဒီးယား အလုပ်သမား အလုံးအရင်းနဲ့ ကမ္ဘောဒီးယားဘက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြန်ခဲ့ကြပါတယ်။

ဒီလိုအခြေအနေမှာပဲ ထိုင်းဘက်က တရားဝင် ပြန်လာရင် လက်ခံမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ လူကုန်ကူးမှုနဲ့ လုပ်အား အမြတ်ထုတ်ခံရမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် တရားဝင်နည်းလမ်းနဲ့ ထိုင်းဘက်ကို ပြန်သွားရင် အလုပ်သမားတွေကို ပြန်လက်ခံမှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ပြောခွင့်ရသူက ဗွီအိုအေ ခမာဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်းအာဏာသိမ်းအစိုးရက နယ်စပ်ဂိတ်တွေကို တင်းကျပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားအလုပ်သမား ၂ သိန်းနီးပါး ထိုင်းနိုင်ငံကနေ ထွက်ခွာခဲ့ကြပါတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံကြား တရားမဝင် သွားလာနိုင်တဲ့ နယ်စပ်လမ်းတွေကိုလည်း ထိုင်းလုံခြုံရေးတွေက ပိတ်ထားတဲ့အတွက် မြန်မာနိုင်ငံဘက်ကိုလည်း မပြန်နိုင်၊ ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းတွေ မရှိကြတဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
အပြည့်အစုံသို့ »

အထောက်အထားမဲ့ မြန်မာလုပ်သား နှစ်သိန်းခန့် အဖမ်းခံရနိုင်



ဟင်္သာနီ (မွန်မြေ)| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

ထိုင်းအာဏာသိမ်း စစ်တပ်အဖွဲ့၏ အထောက်အထားမဲ့ အပါအ၀င် အလုပ်လုပ်ကိုင်နေသည့် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးမှုစီမံချက်၌ အထောက်အထားမဲ့ မြန်မာလုပ်သားပေါင်း နှစ်သိန်းဝန်းကျင် အဖမ်းအဆီး ခံရနိုင်ဖွယ်ရှိနေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က မဇ္ဈိမကို ဇွန် ၁၆ ရက်တွင် ပြောသည်။

“ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်သိန်းနီးပါးလောက် ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်လေ။ အခု စစ်တပ်နဲ့ ရဲတွေက ပြောတာက အထောက်အထားမဲ့ အလုပ်သမားတွေ အားလုံးကို ဖမ်းမယ်လို့ ကြေငြာထားတယ်” အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားပေါင်း နှစ်သန်းခန့်လာရောက် အလုပ်လုပ်ကိုင်နေပြီး အထောက် အထားမဲ့ မြန်မာအလုပ်သမားပေါင်း နှစ်သိန်းခန့် ရှိမည်ဟုလည်း ဦးသိန်းနိုင်က ပြောသည်။

ပြီးခဲ့သည့်ကာလများ၌ ထိုင်းလုပ်ငန်း ရှင်အချို့က မြန်မာအလုပ်သမားများအား ငှားရမ်းရာ၌ အထောက်အထားမဲ့ အ လုပ်သမားများအား ငှားရမ်းရန် ပိုမိုစိတ်ဝင်စားကြခြင်းက ထိုင်းနိုင်ငံ၌ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား မြင့်မားလာစေမှုအား ဖန်တီးခဲ့သည့်အကြောင်းရင်း တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“အလုပ်ရှင်တွေက အထောက်အထား အပြည့်အစုံနဲ့ အလုပ်သမားကို ငှားရမ်းမယ် ဆိုရင် သူတို့ တာဝန်ယူရတာတွေ၊ အာမခံ ပေးရတာတွေ များတယ်။ ဒါကြောင့် အထောက်အထားမဲ့ အလုပ်သမားကို ပိုငှားချင်ကြတယ်။ အဲတော့မှ ကြိုက် သလိုခိုင်းလို့ ရတယ်။ ခေါင်းပုံဖြတ်လို့ ရတယ်” ဟု ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။

အထောက်အထားမဲ့ခြင်းဆိုရာ၌ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး နေသူများ၊ ဗီဇာကုန်ဆုံးနေသူများ၊ အ လုပ်လုပ်ခွင့် လက်မှတ် (Work Permit) မရှိသူ များ၊ နိုင်ငံကူးလက်မှတ်သာ ကိုင်ဆောင်၍ အလုပ်လုပ်ခွင့်လက်မှတ် မကိုင်ဆောင်ထားသူများ၊ လုပ်ငန်းရှင်ကလုပ်သားငှားရမ်း ထားကြောင်း အထောက်အထား မပြည့်စုံသည့် အလုပ်သ မားများ၊ အလုပ်လုပ်ခွင့် မှတ်ပုံတင်ပါ အလုပ်လုပ်နေရာနှင့် လွဲ၍ အလုပ်လုပ်နေသူများ စသည့်များ အားလုံး ပါဝင်မည် ဖြစ်သည်။

ဇွန်လ ၁၅ ရက်က ဘန်ကောက်မြို့တွင်း စီလုံရပ်ကွက်နှင့် ရန်းဇစ်တလာဒ်ထိုင်း ရပ်ကွက်၌ နိုင်ငံကူးလက်မှတ်သာရှိ၍ အလုပ်လုပ်ခွင့်လက်မှတ် မရှိသည့် မြန်မာ အလုပ်သမားနှစ်ဦးအား ထိုင်းအာဏာပိုင် များမှ ပတ်စ်ပို့ဆုတ်ဖြဲကာဖမ်း ဆီး သွားခဲ့၍ မိမိဆီ အကူအညီတောင်းလာကြောင်း ဘန်ကောက်မြို့ စီလုံ၌နေထိုင်သည့် မြန်မာ အလုပ်သမားတစ်ဦးဖြစ်သူ ကိုအောင်မျိုး လွင်က ပြောသည်။

“နိုင်ငံခြားသားတွေအတွက် အမှတ်တရပစ္စည်း အရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးပေါ့။ အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် စစ်တယ်။ အလုပ်လုပ်ခွင့် လက်မှတ်စစ်တယ်။ ပတ်စ်ပို့စ်စစ်လို့၊ ပတ်စ်ပို့စ်မှာ အလုပ်လုပ် ခွင့် လက်မှတ်မရှိဘူးဆိုပြီး စာအုပ် ဆုတ်ဖြဲ ပြီး ဖမ်းလိုက်တယ်၊ အကယ်၍ အလုပ်လုပ် ခွင့်လက်မှတ် ရှိတယ်ဆိုရင်လည်း မှတ်ပုံတင်ထားတဲ့ အလုပ်နဲ့မကိုက်ညီဘူး ဆိုရင်လည်းဖမ်းတယ်”ဟု ကိုအောင်မျိုးလွင်က ၎င်း၏ မျက်မြင်တွေ့ရှိချက်ကို ပြောသည်။

ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား အများစုနေထိုင် လုပ်ကိုင်နေကြသည့် စမွတ်ဆာခွန်ခရိုင် မဟာချိုင်၌မူ ထိုင်းအာဏာ ပိုင်များမှ အဖမ်းအဆီးများနှင့်ပတ်သက်၍ မြန်မာအလုပ်သမားများအကြား အလွန် စိုးရိမ် ထိတ်လန့်မှုဖြစ်နေသည်ဟု မဟာချိုင်မြို့နေ မြန်မာ့ရွှေ့ပြောင်း အလုပ် သမားတစ်ဦးဖြစ်သူ ဦးတိုးက ပြောသည်။

“အလုပ်သမားတွေကို ဖမ်းနေတယ် ဆိုတဲ့သတင်းက အရမ်းဖောင်းပွနေတယ်။ ဒါပေမဲ့ တိတိကျကျဖမ်းဆီးတာမရှိသေး ဘူး။ ပစ်သတ်တာတို့ ဘာတို့ဆိုတာ ကောလာဟလ သတင်းတွေ။ အလုပ်သမားတွေ အတွက်ကတော့ တအားစိုး ရိမ် နေကြတာပေါ့။ အခု အလုပ်သမား အများစုက ဗီဇာ သက်တမ်းလေးနှစ် ကုန်နေကြတဲ့အချိန်၊ သက်တမ်းတိုးဖို့အတွက် ပွဲစားတွေ ကုမ္ပဏီ တွေကို စာအုပ်ပေးထားတဲ့အချိန်၊ ကြားကာလမှာတော့ ၀င်ဖမ်းတော့မလားဆိုပြီး စိုးရိမ်နေကြတယ်။ တချို့ဆိုရင် ကိုယ့်အခန်းမှာတောင်မနေဘဲ ရှောင်တိမ်းနေကြ တာလည်းရှိတယ်” ဦးတိုးက ပြောသည်။

ယခုကဲ့သို့ အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအား ထိုင်းအာဏာပိုင် များမှ ပိုက်စိပ်တိုက် ဖမ်းနေသည့်ကာ လ၌ မြန်မာသံရုံးက အလုပ်သမားများ ၂၄ နာရီ ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ်နှင့် နေ့ည ၂၄ နာရီ တာဝန်ယူ စောင့်ကြည့်မည့် သူများအား သတ်မှတ်ထားပြီး ဖြစ်သည် ဟုဆိုသော်လည်း တကယ့်လက်တွေ့ ၌ ထိရောက်အောင် လုပ်ဆောင်ပေးခြင်း မရှိကြောင်း မြန်မာ့အလုပ်သမား အရေး လုပ်ဆောင်ပေးနေသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)၏ ဒါရိုက် တာ ဦးကျော်သောင်းက ပြောသည်။


Mizzima Burmese
အပြည့်အစုံသို့ »

ကမ္ဘာ့ဖလားပွဲ အခမဲ့ကြည့်နိုင်မည့် ထိုင်းစလောင်းများ ရောင်းအားကောင်း


ကျော်စွာဝင်း| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်

ကမ္ဘာ့ဖလားဘောလုံးပွဲများ အခမဲ့ကြည့်ရှုနိုင်သည့် ထိုင်းနိုင်ငံအခြေစိုက် IPM ဂြိုဟ်တုစလောင်းများ ယခင်ထက် ၀ယ်ယူသူအနည်းငယ်ပိုများလာသည်ဟု မြင့်မိုရ် အီလက်ထရောနစ်ဆိုင်မှ ဦးဆန်းဝင်းက ဇွန် ၁၅ ရက်တွင် မဇ္ဈိမကိုပြောသည်။

“ပုံမှန်ထက် နည်းနည်းလေးသာတယ်။ ၀ယ်အားတော့မနည်းဘူးဟု ၎င်းက ဆိုသည်။

အရှေ့တိုင်းပုလဲအမည်ဖြင့် အိမ်တိုင်ရာရောက် စလောင်းတပ်ဆင်ရောင်းဝယ်ရေးအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက- “ကမ္ဘာ့ဖလားရာသီကာလမို့ IPM စလောင်းကတော့ တပ်တဲ့လူ ပြီးခဲ့တဲ့လထက်စာရင် တော်တော်လေးများပါတယ်” ဟု ဆိုသည်။

၎င်းတို့က သက်ဆိုင်ရာမြို့နယ် အီလက်ထရောနစ် အရောင်းဆိုင်များ၌ပင် ၀ယ်ယူသူရှိသည်ဟု ပြောသည်။

Mizzima Burmese
အပြည့်အစုံသို့ »

အထောက်အထားရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပတ်စပို့စာအုပ်နဲ့ work permit စတဲ့ အထောက်အထားတွေ ပြည့်စုံစွာ ရှိပါလျက် ဖမ်းဆီးခံရပါက အကြောင်းကြားနိုင်ကြောင်း အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရ ရဲ့ နိုင်ငံရေး အရ ဖြစ်ပေါ် ပြောင်း လဲနေတဲ့ အကြောင်း အမျိုး မျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးနေတဲ့အပေါ် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

“ကျနော်တို့က မြန်မာသံအမတ်ကြီးက ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့တဲ့အခါမှာ အထောက်အထား ပြည့်စုံတာတွေကို ဖမ်းဆီးခြင်းမပြုလုပ်ဖို့ ကန့်ကွက်တဲ့အနေအထားမျိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း အထောက်အထားပြည့်စုံရင် မဖမ်းဘူးဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့က အခုလို ထုတ်ပြန်တာ။ တကယ်လို့ ရှိခဲ့ရင်၊ ကျနော်တို့နဲ့လည်း နီးစပ်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဆင်းလာပြီး ဆောင်ရွက်ပေးပါ့မယ်။”

ရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ ဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၀၈၆ ၇၇၇ ၆၈၂၅

၀၈၃ ၉ ၈၁ ၂၁၇၅

၀၉ ၁ ၅၃၇ ၀၀၁၈

၀၈၃ ၅၄၄ ၆၄၄၂

DVB Burmese
အပြည့်အစုံသို့ »

ထိုင်းစစ်တပ်က နိုင်ငံသားများအား ရုပ်ရှင်လက်မှတ် အခမဲ့ဝေ


ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခု၌ ဇွန်လ ၁၄ ရက်က ကျင်းပသော ပျော်ရွှင်မှုပြန်ပေးပွဲအခမ်းအနားတွင် ထိုင်းစစ်ဘက်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြစဉ် (NARONG SANGNAK/EPA)

လပေါင်းများစွာ မငြိမ်သက်မှုကို အဆုံးသတ်စေ ရန် နိုင်ငံတော်အာဏာသိမ်းယူ လိုက်ပြီးနောက် ထိုင်းနိုင်ငံသား များကို မျိုးချစ်စိတ်ရှိစေလိုသည့် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များ က အလယ်ခေတ်ဘုရင်တစ်ပါး အ ကြောင်း ရိုက်ကူးထားသော ရုပ် ရှင်ဇာတ်ကားလက်မှတ်များ အခ မဲ့ပေးဝေခဲ့သဖြင့် ဇွန်လ ၁၅ ရက် က ထိုင်းနိုင်ငံသား ထောင်ပေါင်း များစွာ ရုပ်ရှင်လက်မှတ်များ အခ မဲ့ ရရှိခဲ့သည်။

နိုင်ငံရေးပြိုင်ဘက်အုပ်စု များ၏ အကြမ်းဖက်ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာခြင်းကို ရပ် တန့်ရန် ထိုင်းစစ်တပ်က မေလ ၂၂ ရက်တွင် အာဏာသိမ်းလိုက် ပြီးနောက် သဘောထား ကွဲလွဲမှု များ စေ့စပ်ကြစေရန် ထိုင်းနိုင်ငံ သားများအား စစ်ဘက်ဆိုင်ရာက တိုက်တွန်းထားသည်။

နိုဝင်ဘာလမှစ၍ အကြမ်း ဖက်မှုများအတွင်း လူအနည်းဆုံး ၂၈ ဦး သေဆုံးကာ ရာပေါင်း များစွာ ဒဏ်ရာရရှိခဲ့သည်။ စစ် တပ်က အာဏာသိမ်းလိုက်ပြီး နောက် ရာထူးမှ ဖြုတ်ချခံထား ရသော ၀န်ကြီးချုပ် ယင်လပ်နှင့် ရင်းနှီးသူအများစု ပါဝင်သော လူ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရ သည်။

ထိုင်းနိုင်ငံ ပြန်လည်ပျော် ရွှင်ရေး စစ်တပ်၏ အစီအစဉ်တွင် အခမဲ့ ဖျော်ဖြေပွဲများ ကျင်းပပေး ခြင်း၊ ကမ္ဘာ့ဖလားဘောလုံးပွဲ ပွဲ စဉ်တိုင်းကို ရုပ်သံလိုင်းများမှ အ ခမဲ့ထုတ်လွှင့်ပေးရန် အာဏာပိုင် များကို အမိန့်ပေးခြင်းတို့ ပါဝင် သည်။

The Legend of King Naresuan Part V ရုပ်ရှင်ဇာတ် ကား နံနက်ပိုင်းပွဲချိန်များအတွက် ဘန်ကောက်မြို့တစ်ဝန်းရှိ ရုပ်ရှင် ရုံပေါင်း ၄၀ ခန့်က အခမဲ့ ပြသ ပေးမည်ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားမှာ ၁၅၉၀ မှ ၁၆၀၅ ခုနှစ်အတွင်း အိမ်နီးချင်း မြန်မာနိုင်ငံ၏ ကျူး ကျော်ဝင်ရောက်မှုများ အဆုံး သတ်စေရန် ဘုရင်နာရီဆူအန် သည်ဂရိတ်၏ တိုက်ထုတ်မှုများ အကြောင်း ရိုက်ကူးထားခြင်း ဖြစ် သည်။ ယင်းရုပ်ရှင်ဇာတ်ကားမှာ ကိုယ်ကျိုးစွန့်မှု၊ မျိုးချစ်စိတ်နှင့် ချစ်ခြင်းမေတ္တာအကြောင်း အ သားပေး ရိုက်ကူးထားခြင်းဖြစ် ကြောင်း သိရသည်။

—Ref: Reuters

7day
အပြည့်အစုံသို့ »

ထင်ရှားတဲ့ ရှပ်နီခေါင်းဆောင် ဆွန်ဘတ်ကို ဖမ်းဆီး စွဲချက်တင်


ထိုင်းနိုင်ငံမှာ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ ရှပ်နီတဦးကို ဇွန် ၁၂ ရက်နေ့က တရားရုံးထုတ်ခဲ့ပြီး နိုင်ငံ ဆူပူအောင် သွေးထိုးလှုံဆော်မှုစွဲချက်တွေနဲ့ စွဲချက်တင် ခံထားရပါတယ်။

စစ်အုပ်ချုပ်ရေးဥပဒေ ချိုးဖောက်မှုတွေအတွက် ထောင်ဒဏ် ၁၄ နှစ်အထိ ချခံရနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုကြပါတယ်။

ရုံးတင်ခံခဲ့ရတဲ့ ဆွန်ဘတ်ဟာ ၀န်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်နဲ့ မစ္စစ် ယင်းလပ် ရှင်နာဝတ်ကို ထောက်ခံသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက ဆင့်ခေါ်ခံခဲ့ရပေမယ့် သွားရောက်ခဲ့ခြင်း မရှိပဲ “ဖမ်းနိုင်ရင် လိုက်ဖမ်း” ဆိုတဲ့ စာတမ်းကို သူ့ရဲ့ ဖေဘွတ်စ် လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

ဆွန်ဘတ်ကို ဘန်ကောက်မြို့အရှေ့ပိုင်းက ချွန်ဘူရီခရိုင်မှာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ဆင့်ခေါ်တာကို တိမ်းရှောင်ခဲ့မှုအတွက်လည်း စွဲချက်တင်ခံရတာ ဖြစ်တယ်လို့ ရာဇ၀တ်မှုနှိမ်နင်းရေးဌာန ဒုတိယအကြီးအကဲ ရဲမှူးကြီး ပရာ့ဆွတ်ချောကီ (Prasobchoke)က ပြောဆိုခဲ့ပါတယ်။

ထိုင်းထောက်လှမ်းရေးတွေက ဆွန်ဘတ် တင်ခဲ့တဲ့ အင်တာနက်စာမျက်နှာတွေကနေ ခြေရာခံလိုက်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်ခုံရုံးတင်ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းတရားရုံးက ဆွန်ဘတ်ကို နောက်ထပ် မေးမြန်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ဇွန် ၁၂ ရက်နေ့က ထိုင်းရဲဌာနကို နောက်ထပ် ၁၂ ရက် ခွင့်ပေးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ဆန္ဒပြသူ ၉၀ ကျော် သေဆုံးခဲ့တဲ့ ရှပ်နီနဲ့ ရှပ်ဝါ ဆန္ဒပြပွဲမျိုးတွေကို ပြန်လည် ဖော်ဆောင်ဖို့ ဆွန်ဘတ်က ပုံမှန် စည်းရုံးလှုံဆော်မှုတွေ လုပ်ခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ထိုင်းနိုင်ငံ မြေတူး ရာမှ ကြိမ်စာ သင့်နေသော ရွှေများ မည်သူမျှ မယူရဲအောင် မမြင်ရသော သူများ လာနှောက်ယှက် သဖြင့် အစိုးရဆီကို အလုံးအရင်း ပြန်အပ်



တလောကထိုင်းနိုင်ငံမှာ အဆောက်အဦးဆောက်ဖို့အတွက် မြေတူးရာမှထွက်ပေါ်လာတဲ့ရွှေတွေ၊ရွှေပြားတွေသတင်းကို သားငယ် စာဖတ်သူများဖတ်လိုက်ရမယ် လို့ထင်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလုံခရိုင်မှဆီအုန်းခြံတခုမှ  အဆောက် အဦးဆောက်ဖို့ အတွက်မြေကြီး တူးရာမှရွှေတွေတွေ့ ရလို့တရွာလုံးအုံ့အုံ့ ကျွပ်ကျွပ်မြေလန်ပြီးတူး ကြတာရွှေတွေအတော် ရလိုက် တယ်ဆိုတဲ့ သတင်းတွေဓါတ်ပုံနဲ့ တကွတခန်းတနားဖေါ်ပြကြတယ်။

ဒါပေမဲ့ရွှေရရှိထားတဲ့ရွာ သားအားလုံးနီးပါးဟာ ဆီအုန်းခြံပိုင်ရှင်မှ တဆင့်သက်ဆိုင်ရာ ကိုပြန်အပ်လိုက်ကြတယ် လို့သိရပါတယ်။

အားလုံးပြန်လာအပ်တဲ့ရွှေအလေးချိန်စုစုပေါင်း (2)ကီလိုဂရမ်ပြန်ရတယ်
လို့သက်ဆိုင်ရာက ဆိုပါတယ်။

အခုလိုရွှေတွေကိုသက်ဆိုင်ရာကိုဘာလို့ပြန်လာအပ်ကြတာလည်းလို့ရွာသား
တွေကိုမေးတဲ့အခါမှာတော့.. သူတို့ဟာမြေကြီးထဲကရတဲ့ရွှေတွေကိုကိုယ့်ဟာ
မဟုတ်ဘူးလို့အမြင်မှန်ရလို့လာအပ်တာလည်းမဟုတ်၊

ဒီရွှေတွေရတဲ့သူတွေကိုအစိုးရကအရေးယူဖမ်းဆီးတာကိုကြောက်ရွံ့လို့လည်းမဟုတ်
ဆိုပါတယ်။

တခုထူးခြားတာကဒီရွှေတွေကိုရပြီးနောက်ပိုင်းမှာရတဲ့သူတွေဟာနေထိုင်မကောင်းဖြစ်လာကြ တယ်၊ဆိုးကျိုးတွေနဲ့ကြုံတွေ့လာရတယ်။

တချို့ရွှေရတဲ့လူတွေကိုဆိုညဘက်အိပ်ပျော်နေစဉ်အတွင်းမှာသရဲသဘက်လိုလို၊
ဘီလူးလိုလိုအကောင်ကြီးတွေကငါရွှေတွေပြန်ပေးလို့ညစဉ်ညတိုင်း
အိပ်မက်မြင်မက်ကြပြီးအိပ်မနိုင်အောင်ကြောက်လန့်ခံစားရတယ်လို့ဆိုပါတယ်

အခုရရှိတဲ့ရွှေ တွေဟာကြိမ်စာသင့်နေတဲ့ရွှေတွေဖြစ်တယ်
ဒါကြောင့်၊ရွှေကိုရရှိထားတဲ့ထိုင်းရွာသားတွေဟာ
ထိုရွှေတွေကိုအိမ်မှာမထားရဲကြတော့ပဲအခုလိုသက်ဆိုင်ရာကိုလာအပ်နှံခြင်းသာဖြစ်တယ်လို့ သိရပါတယ်လို့သတင်းမှာရေးသားထားပါတယ်။

သတင်း boonmyomyo

Posted From သား ငယ်
အပြည့်အစုံသို့ »

ချင်းမိုင်တွင် တရားမ၀င်အလုပ်သမားများ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ထဲမှာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တရား
မ၀င် အလုပ်သမားတွေ ၀င်ရောက်ရှာဖွေကာ ကျူးကျော်ရပ်ကွက်က နေအိမ် ၉ လုံး
ကိုလည်း ဖျက်ဆီးသွားပါတယ်။



ချင်းမိုင်မြို့ ၀ပ်ပါပေါဝ့် ရှမ်းဘုန်းကြီးကျောင်းနဲ့တကွ ကျောင်းတိုက်အနောက်က လူနေအိမ်ခြေနဲ့ အလုပ်သမားတန်းလျားတွေကို ထိုင်းနဲ့ စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေက  ဒီကနေ့ ၀င်ရောက် စစ်ဆေးသွားတာ ဖြစ်ပါတယ်။

အင်အား ရာနဲချီရှိတဲ့ စစ်တပ်နဲ့ ရဲတွေဟာ ဒီကနေ့မနက် ၆ နာရီကျော်ကလောက်ကတည်းက  ရပ်ကွက်တွင်း နေရာအနှံ့မှာ နေရာယူထားပြီး တချို့အာဏာပိုင်တွေက တအိမ်တက်ဆင်း လက်မှတ်လိုက်စစ်တယ်လို့ ကျောင်းတိုက် အနောက်မှာ  အိမ်ဆိုင်ဖွင့်ထားသူ ရှမ်းတိုင်းရင်းသား  စိုင်းမိုင်းက ပြောပါတယ်။

အာဏာပိုင်တွေက စစ်ဆေးရေးမလုပ်ခင်၊ ရပ်ရွာလုံခြုံရေးနဲ့ ဒုစရိုက်မှုတွေ နှိမ်နင်း ဆောင်ရွက်နေတဲ့ သူတွေကို ကူညီဖို့နဲ့  မှတ်ပုံတင်တွေ ကိုင်ဆောင်ပြီး မိမိအိမ်ရှေ့မှာ စောင့်နေဖို့ အသံချဲ့စက်နဲ့ အရင်ကြေညာခဲ့တဲ့အကြောင်း၊ မနက် ၁၁ နာရီကျော်ထိ  ရှာဖွေစစ်ဆေးမှုတွေ လုပ်ပြီး တရားမ၀င် အလုပ်သမားတွေကို  ကားနဲ့ အပြည့်တင်ဆောင်သွားတယ်လို့ ပြောပါတယ်။

ဖမ်းသွားတဲ့ အလုပ်သမားစုစုပေါင်း ဘယ်လောက်ရှိလဲဆိုတာမသိရပေမယ့် သူ့အိမ်ဘေးက အစားအစာရောင်းတဲ့ဆိုင်မှာတော့ မြန်မာပြည်ကလာတဲ့ အစားအစာ၊ မုန့်ထုတ်တွေ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ခံ အစာနဲ့ဆေးဝါးဌာနက ဘေးကင်းကြောင်း ထောက်ခံချက် မရှိလို့ ဆိုပြီး ဆိုင်ရှင်ကိုပါ ခေါ်သွားတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက ကျောင်းဝင်းထဲမှာပဲ လိုက်ကြည့်ပြီး ကျောင်းပေါ်တော့ မတက်သလို သံဃာတော်တွေကိုလည်း မဖမ်းဆီးဘူးလို့ ၀ပ်ပါပေါဝ့် ဘုန်းကြီးကျောင်းက ဦးဇင်းတပါးက မိန့်ပါတယ်။

ဝပ်ပါပေါဝ့် ဘုန်းကြီးကျောင်းဟာ ရှမ်းလူမျိုးနဲ့တကွ မြန်မာပြည်က အလုပ်သမားတွေ သာရေးနာရေးကိစ္စနဲ့ အမြဲလာရောက်ဆုံဆည်းတဲ့ ကျောင်းတိုက်တခု ဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရပိုင် တီဗွီသတင်းမှာတော့  ထိုင်းနိုင်ငံ စစ်အုပ်ချုပ်ရေးကာလတွင်း စည်းစနစ်ရှိပြီး နေချင်ဘွယ်ကောင်းသော လူမှုအသိုင်းအ၀ိုင်း တည်ဆောက်ဖို့ ဒီကနေ့ ချင်းမိုင် ဒုခရိုင်ဝန် နိုင်းချန ဖိုင်းဖိပွန်း ဦးဆောင်ပြီး  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်၊ တာဝန်သိပြည်သူ  ၅၀၀ ကျော်နဲ့  ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ်တခု ပြုလုပ်ခဲ့တယ်လို့ ကြေညာသွားပါတယ်။

ဒီအစီအစဉ်အရ  ချင်းမိုင်မြို့ ပါဖိုင့်ရပ်ကွက်မှာ ကျူးကျော်နေထိုင်သူ တရားမ၀င် အလုပ်သမား တဲအိမ် ၉ လုံးကို ၀ိုင်းဝန်းဖြိုဖျက်တာ၊ ၀ပ်ပါပေါဝ့် ရှမ်းဘုန်းကြီးကျောင်း အနောက်က ရပ်ကွက်ထဲကို ၀င်ရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူနဲ့  တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား၊ အလုပ်သမား ဥပဒေနဲ့ မညီတဲ့ အလုပ်သမားတွေ စုစုပေါင်း ၃၀ ကျော် ဖမ်းဆီးခဲ့တယ်လို့လည်း ထိုင်းသတင်းမှာ ထုတ်လွှင့်သွားပါတယ်။

DVB ( မြန်မာပိုင်း)
အပြည့်အစုံသို့ »

ထိုင်းတွင် ဆောက်လက်စ တိုက်နံရံပြိုကျ ၊ မြန်မာအလုပ်သမား ၃ ဦး သေဆုံး


ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကျွန်းစု ဖူးကက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဇွန်လ ၁၀ ရက် ညနေ ၄ နာရီက ဆောက်လက်စ ကွန်ကရစ်နံရံပြိုကျပြီး မြန်မာအလုပ်သမားအမျိုးသမီး ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

ဖူးကက်မြို့ ၀ိချစ်ရပ်ကွက် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်း ခွင်မှာ မတော်တဆထိခိုက်မှု ရှိကြောင်း သတင်းပေးပို့ချက်အရ တာဝန်ကျရဲဝန်ထမ်းတွေ သွားရောက်စစ်ဆေးရာမှာ ကွန်ကရစ်အုတ်ပုံ နဲ့ မြေတွေပြိုကျနေ တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့မြန်မာအလုပ်သမားတွေက ကွန်ကရစ်အောက်မှာ ပိနေတဲ့ အလုပ်သမားတွေကို ၀ိုင်းဆွဲထုတ်တာကြောင်း၊ ဆွဲထုတ်လို့ရလာတဲ့ သူတွေဟာ အမျိုးသမီး ၃ ဦးဖြစ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ၀ိချစ်ရပ်ကွက် ရဲစခန်း ဒုရဲအုပ် ဂျာလစ် လဲမ်ပန်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ လွန်ခဲ့တဲ့ ၂ ရက်လောက်က မိုးဆက်တိုက်ရွာထားတဲ့အတွက် ဆောက်ပြီးသား ကွန်ကရစ်တချို့ ပြန်ကွာကျလာတာကို အလုပ်သမားခေါင်းဆောင်က သူတို့ကို ဘိလပ်မြေပြန်ဖာခိုင်းခဲ့ကြောင်း၊ သူတို့ နံရံပေါ်တက်ပြီး မကြာခင် ကွန်ကရစ်ပြိုကျပြီး မြေကြီးအောက် ကို ရောက်သွားကြောင်း၊ သေဆုံးသူတွေဟာ မြေပုံပိပြီး ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာတွေ တွေ့တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

သေဆုံးသူ ၃ ဦးလုံး မြန်မာအလုပ်သမားတွေဖြစ်ပြီး မနု  (၂၅) နှစ်၊ မမိုး (၁၉) နှစ်နဲ့ မမေ (၁၈) နှစ်တို့ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ့လျော့မှုလို့ ကနဦး သုံးသပ်ထားပြီး တိုက်ဆောင်လုပ်ရေး ကန်ထရိုက်တာကို ဆက်လက် စစ်ဆေးသွားမယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ရေးသားဖော်ပြထားပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

မယ်စကြ၀ဠာပြိုင်ပွဲအတွက် ထိုင်းအလှမယ် Facebook ၌ ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသူများအား ကွပ်မျက်သင့်ဟု မှတ်ချက်ရေးမိသောကြောင့် သရဖူ စွန့်လွှတ်လိုက်ရ

ထိုင်းအလှမယ် ၀ီလုရီဒိသာယာဘတ် သတင်းစာရှင်းလင်းပွဲ၌ ငိုကြွေးနေစဉ် (Photo:AFP)




မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် ထိုင်းအလှမယ်အဖြစ် ရွေးချယ်ခံထားရသည့် ၀ီလုရီဒိသာယာဘတ် (၂၂ နှစ်) သည် ဖြုတ်ချခံလိုက်ရသော ယင်လက်အစိုးရအဖွဲ့အား ထောက်ခံသူများကို ကွပ်မျက်သင့်ကြောင်း တောင်းဆိုခဲ့သည်ဟု လူမှုရေး မီဒီယာတစ်ခုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် ထိုင်းအလှမယ်သရဖူကို စွန့်လွှတ်လိုက်ကြောင်း သိရသည်။

မယ်စကြ၀ဠာပြိုင်ပွဲ၌ ထိုင်းနိုင်ငံကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အွန်လိုင်းပေါ်မှ ဝေဖန်မှုများစွာတို့က သူ၏မိသားစုကို စိတ်ထိခိုက်စေသောကြောင့်ဖြစ်ကြောင်း ထိုင်းအလှမယ်က ပြောကြားခဲ့သည်။

သူသည် လွန်ခဲ့သည့် လအနည်းငယ်က ဖေ့စ်ဘွတ်တွင် ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသည့် ရှပ်နီများကို ရည်ညွန်းလျက် “အဲဒီ မကောင်းဆိုးရွား တက်ကြွလှုပ်ရှားသူတွေကို ကျွန်မအရမ်းဒေါပွတယ်။ သူတို့ကို ကွပ်မျက်ပစ်သင့်တယ်။ ဘုရင်ကို ဖြုတ်ချချင်တဲ့ ရှင်တို့လိုလူတွေကြောင့် ထိုင်းနိုင်ငံမှာ အမည်းစက် စွန်းထင်းရတယ်။ လူယုတ်မာတွေ၊ ရှင်တို့အိပ်ရာထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း သေသွားလိမ့်မယ်” ဟု ရေးသားခဲ့သည်။
ထိုင်းအလှမယ်ဆု ရရှိခဲ့ပြီးနောက် ဘန်ကောက်၌ မေ ၁၇ ရက်က ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် တွေ့ရသည့် ၀ီလုရီဒိသာယာဘတ် (Photo:AFP)

သူ့အား လူမှုရေးမီဒီယာ အသုံးပြုသူများက အလျင်အမြန် ဒေါသတကြီး ပြန်လည်ပြစ်တင် ဝေဖန်ခဲ့သည်။ ယင်းနောက် သူက သူ၏ရေးသားချက်များကို ပြန်လည်ဖြုတ်ချခဲ့သည်။ နိုင်ငံရေး သဘောထားကွဲလွဲမှု ပြင်းထန်နေသော ထိုင်းနိုင်ငံတွင် တစ်ဖက်မှရေးသားသည့် မည်သည့်နိုင်ငံရေး မှတ်ချက်မျိုးမဆို အခြားတစ်ဖက်ကို အကြီးအကျယ် ဒေါသထွက်စေလိမ့်မည်ဟု ဆိုသည်။

ထိုင်းအလှမယ်၏ ရေးသားချက်ကို တုံ့ပြန်သောအားဖြင့် ဖေ့စ်ဘွတ်နှင့်တွစ်တာ အသုံးပြုသူများက သူ၏ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။




သူအား ဆန့်ကျင်သည့် မှတ်ချက်တစ်ခု၌ “သူဟာ လမ်းလျှောက်နေတဲ့ ဘီယာစည်ပိုင်းပဲ” ဟု ရေးသားထားသည်။ အခြားမှတ်ချက်တစ်ခု၌ “သူ့ခန္ဓာကိုယ်၊ သူ့မျက်နှာနဲ့ သူ့အမူအရာက သရဖူနဲ့ မသင့်တော်ပါဘူး” ဟု ရေးသားထားသည်။

ထင်ရှားသည့် ရုပ်ရှင်မင်းသမီး တစ်ဦးလည်းဖြစ်သော ၀ီလုရီက ဇွန် ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ၌ “ကျွန်မကို ရေးသားခဲ့တဲ့ မှတ်ချက်တွေက အရမ်းကို ပြင်းထန်လွန်းပါတယ်။ စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်။ ကျွန်မက လူသိများ ထင်ရှားတဲ့ သူတစ်ယောက်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မအမေ စိတ်ညစ်နေတာ မြင်ရတော့ သမီးတစ်ယောက်အနေနဲ့ ကျွန်မလည်း မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် ဒီကနေ့မှာ ထိုင်းအလှမယ်အဖြစ်နဲ့ မယ်စကြ၀ဠာပြိုင်ပွဲ ၀င်ဖို့ကနေ နုတ်ထွက်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုနှစ် အနှောင်းပိုင်းတွင် ပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲအတွက် သူ၏နေရာ၌ မည်သူ့ကို အစားထိုး ရွေးချယ်မည်ကို ချက်ချင်းကြေညာခြင်း မပြုသော်လည်း ထိုင်းမယ်စကြ၀ဠာ ရွေးချယ်ရေးအဖွဲ့က “နောင်ဆိုရင် ပြိုင်ပွဲဝင်တွေရဲ့ အမူအကျင့်ကို သေသေချာချာ စိစစ်ရမယ့်အပြင် သူတို့ရဲ့ လူမှုရေး မီဒီယာတွေကိုပါ စစ်ဆေးရတော့မယ်” ဟု ပြောကြားခဲ့သည်။

Ref:AFP

NEWS ELEVEN
အပြည့်အစုံသို့ »