Showing posts with label thingyan. Show all posts
Showing posts with label thingyan. Show all posts

သင်္ကြန်သရုပ်ပျက် ၀တ်စားဆင်ယင်မှု ထိန်းသိမ်းရေး သတိပေး



ရန်ကုန်မြို့က သင်္ကြန်မဏ္ဍပ်တွေမှာ သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ မရှိကြဖို့ ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက အထူး သတိပေးထားကြောင်း သိရပါတယ်။

ကန်တော်ကြီး ပတ်လမ်းမှာရှိတဲ့ Signature ရေကစား မဏ္ဍပ်မှာ မနေ့က သရုပ်ပျက်ဝတ် စားဆင်ယင်ပြီး စင်ပေါ်မှာဖျော်ဖြေ ကပြတာတွေရှိခဲ့တဲ့အတွက် သတိပေးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောပါတယ်။

"အထူးသဖြင့်တော့ ကန်တော်ကြီးပတ်လမ်းကို ဦးစားပေးပြီးတော့ တာဝန်ချထားပါတယ်၊ ကျန်တဲ့နေရာတွေကတော့ မြို့နယ်မိုင်းရှင်း အဖွဲ့လေးတွေနဲ့ မြို့နယ်လုံခြုံရေးအဖွဲ့တွေနဲ့ လွှတ်ထားပေးပါတယ်၊ မနက်ပိုင်း ၅ နာရီကနေ ၇ နာရီပေါ့ မိုင်းရှင်းအဖွဲ့ရှင်းပေးတယ်၊ ညနေမှာ ၆ ခွဲနဲ့ ၇ ခွဲပေါ့၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု ကတော့ ဘောင်းဘီအတို ဝတ်တာကတော့ ဒီခေတ်ကြီးမှာရိုးနေပြီဗျ၊ ကျန်တာက ကိုးရိုးကားရားသွားတဲ့လူ မရှိသလောက်ပါပဲ၊ Signature မှာဖြစ်သွားတာက ထိုင်းအကအဖွဲ့ သူတို့ကိုသွားပြီး သတိပေးပြီးသွားပါပြီ၊ အဲလိုဟာမျိုးနဲ့ စင်ပေါ်တက်မကပါနဲ့ဆိုတော့ သူတို့နားထောင်ပါတယ်၊ နောက်နေ့ကျရင် ဘောင်းဘီ အတိုပြန်ဖြစ်လာတယ်"

ရေကစားမဏ္ဍပ်ကြီးတွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး မနက်နဲ့ ညနေပိုင်းတွေမှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေကစားမဏ္ဍပ် အနီးတစ်ဝိုက်တွေမှာ ဘီယာ၊ အရက်ရောင်းချနေတာတွေကိုလည်း ပိတ်ပင်ထားပြီး ဒီနေ့သင်္ကြန်အကြတ်နေ့အထိ မူးယစ်အမှုပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။



RFA Burmese

အပြည့်အစုံသို့ »

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ သင်္ကြန် ၄ နှစ်မြောက် စတုဒီသာကျွေး



ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ဒီနေ့ မနက်က စတုဒီသာအလှူ ဒုတိယနေ့အဖြစ် နို့စိမ်းခေါက် ဆွဲ ကျွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွှတ်မြောက်လာကတည်းက နှစ်စဉ်သင်္ကြန်အခါတိုင်း စတုဒီသာကျွေးခဲ့တာ အခုဆို ၄ နှစ်မြောက်ရှိသွားပြီလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်စိုးနိုင် က ပြောပါတယ်။

"ကျနော်တို့ အမေစု အကျယ်ချုပ် စလွှတ်ပြီးကတည်းက သင်္ကြန်တိုင်းကို စတုဒီသာကျွေးတယ်၊ ဒီနှစ်နဲ့ဆိုရင် ၄ နှစ်ရှိပါပြီ၊ ဒီနှစ်သင်္ကြန်မှာ ပထမနေ့ကတော့ မုန့်ဟင်းခါး အချိန် ၁၅ဝ ပေါ့နော်၊ ညနေပိုင်းကျတော့ အအေးတိုက်ပါတယ်၊ အခုဒုတိယနေ့မှာတော့ နို့စိမ်းခေါက်ဆွဲ အချိန် ၂ဝဝ ကျွေးမယ်၊ ညနေကျရင် မုန့်လက်ဆောင်းတိုက်ပါမယ်၊ နောက်ဆုံးရက်မှာ ကြာဇံကျော်၊ ခေါက်ဆွဲကျော်နဲ့ ရွှေရင်အေးပေါ့ ကျနော်တို့ စီစဉ်ထားပါတယ်"

ဒေါ်အောင်ဆန်းစုကြည်အိမ်က စတုဒီသာပွဲကို သင်္ကြန်အကျနေ့ကတည်းက ကျွေးခဲ့တာဖြစ်ပြီး သင်္ကြန်အတက်နေ့အထိ ကျွေးသွားမှာဖြစ်ကြောင်းနဲ့  အဲဒီ စတုဒီသာပွဲကို သင်္ကြန်ရေကစားထွက်ရင်း ၀င်ရောက်စားသောက်သူဦးရေ ၆၀၀ နီးပါးလောက်ရှိကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံ မှာ ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်နဲ့ လှိုင်မြို့နယ်က စတုဒီသာမဏ္ဍပ်တွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

မဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်လုယက်သူကို ဖမ်းဆီးရမိ


ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၄၄၅ အချိန်တွင် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊
ပြည်လမ်းရှိ Alpine ရေကစားမဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသမီး
ထံမှ ဆွဲကြိုးဖြတ်လုယက်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ်နေ မနွယ်နွယ်ဟန်သည် အဆိုပါရေကစား
မဏ္ဍပ်ရှေ့၌ရေကစားနေစဉ် အနီးရှိအမျိုးသားတစ်ဦးမှ ၎င်း၏လည်ပင်းတွင်
ဆွဲထားသော အလေးချိန်(၈)ပဲ(၂)ရွေးခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုး
(၃၅၀၀၀၀)ကျပ်ခန့်အား ဆောင့်ဆွဲကာဖြတ်ယူထွက်ပြေးသဖြင့် အော်ဟစ်
အကူအညီတောင်ခံခဲ့ရာ မဏ္ဍပ်ရှိလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်လှိုင်မြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ဆွဲကြိုး လုယက်သူအမျိုးသားကို လိုက်လံဖမ်းဆီး
ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရှာဖွေရာ ကိုကိုလွင်၊ (၂၄)နှစ်၊ (ဘ)ဦးသိန်းမြင့်၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ် နေသူဖြစ်ပြီး ၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီနောက် ယာဘက်အိတ်ကပ်အတွင်းမှ ၎င်းဖြတ်ယူ ထွက်ပြေး
သည့် ရွှေဆွဲကြိုးအပြတ်အား ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ ကိုကိုလွင်အား လှိုင်မြို့မရဲစခန်း(ပ)၁၉၇/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ဧရာဝတီဘဏ်လီမိတက်က တောင်းပန်ပါပြီ



Social Media များပေါ်တွင် ပျံ့နှံ့လျှက်ရှိသော မိမိတို့ဝန်ထမ်းလေးများ၏ သရုပ်ပြကွက်မှာ ဗုဒ္ဓဘာသာဝင်များအားစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံမှာ ပြီးခဲ့သည့်
၂၀၁၄ခုနှစ် ဧပြီလ ၁၁ရက်ကပြုလုပ်ခဲ့သည့် ရုံးတွင်း Staff Party တွင် ဝန်ထမ်းလေးများက သင်္ကြန်ကာလအတွင်း ဖြစ်ပျက်တတ်သည်များကို သံချပ်ထိုးကပြခဲ့စဉ်က ဓာတ်ပုံဖြစ်ပြီး မထင်မှတ်ထားဘဲ ယခုကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေခဲ့ခြင်းဖြစ်ပါသည်။ ထိုကိစ္စနှင့်
ပတ်သက်၍ မိမိတို့ဘဏ်အုပ်ချုပ်မှုအဖွဲ့တွင် အဓိက တာဝန်ရှိပါကြောင်းနှင့် စိတ်အနှောင့်
အယှက်ဖြစ်ခဲ့ရသူ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များအားလုံးအား လက်အုပ်ချီမိုး
ရှိခိုးတောင်းပန်အပ်ပါသည်။

မိမိတို့ဘဏ်အနေဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အားလျှော်စွာ သာသနာတော်ပြန့်ပွားရေး
နှင့် အဓွန့်ရှည်စေရန်အလိုငှါ ဘုရားကျောင်းကန်၊ စေတီပုထိုးများ ဆောက်လုပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဘာသာဝင်များ ရှင်ပြုရဟန်းခံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ နှစ်စဉ် ဝါဆိုသင်္ဃန်း
ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ တရားပွဲများ ဖြစ်မြောက်ရန်စီစဉ်ပေးခြင်း အစရှိသည့်
လှူဒါန်းမှုအစုစုတို့အား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဘဏ်အုပ်ချုပ်မှုအဖွဲ့ဝင်များအနေဖြင့် ရဟန်းသံဃာတော်များ
နှင့် ဗုဒ္ဓဘာသာဝင်သူတော်စင်အားလုံးအား ရိုသေလေးစားစွာ လက်အုပ်ချီမိုး ရှိခိုးတောင်းပန်အပ်ပါသည်။

အုပ်ချုပ်မှုအဖွဲ့
ဧရာဝတီဘဏ်လီမိတက်
Kyaw Swar Myint



အပြည့်အစုံသို့ »

အတူရေကစားစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးအားရေလောင်း သည်ကို စိတ်ဆိုးပြီး ပိုးသတ်ဆေး သောက်၍သေဆုံး



ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီး
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်
၍ လှိုင်သာယာဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မသဲစုလှိုင်၊ (၂၀)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ အတွင်းပဒံကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူ
ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေသည်ကိုတွေ့ရှိရ
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၀၃၀ အချိန်ခန့်က အတွင်းပဒံကျေးရွာ၊ ကျန်းလေးဘုန်းကြီးကျောင်း လမ်းအတွင်း ခင်ပွန်းဖြစ်သူနှင့်အတူ သင်္ကြန်
ရေကစားနေစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးတစ်ဦးအား ရေလောင်း
သည်ကိုစိတ်ဆိုပြီး နေအိမ်သို့တစ်ဦးတည်းပြန်သွားကာ ခင်ပွန်းဖြစ်သူ ငှက်ဖမ်းရာတွင် အသုံးပြုသော ပိုတက်ဆေးမှုန့်များအားသောက်ခဲ့ကြောင်း၊ ၁၁၀၀ အချိန်တွင် ခင်ပွန်းဖြစ်သူမှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်
အော့အန်နေသည်ကိုတွေ့ရှိခဲ့၍ လှိုင်သာယာဆေးရုံသို့ပို့အပ် ကုသခဲ့ရာမှ ၁၁၃၀ အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit To : Yangon Police

အပြည့်အစုံသို့ »

ခင်ဝင့်ဝါနဲ့ စိုင်းစိုင်းခမ်းလှိုင် ဘာဖြစ်နေကြပြီလဲ


 -
အွန်လိုင်းထဲ ရောက်လာတဲ့  သင်္ကြန်ပုံများထဲမှာ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က အလှမယ် ခင်ဝင့်ဝါကို ဖက်ထားတဲ့ပုံက  ဒီကနေ့ လူပြောအများဆုံးထဲ ပါဝင်နေပါပြီ။

ဒီတော့ သူတို့နှစ်ယောက် ဘာဖြစ်နေကြပြီလဲ လို့ မေးစရာ ရှိလာပါတယ်။
မင်းသားချောက လူမြင်ကွင်း သင်္ကြန်မဏ္ဍပ်ပေါ်မှာ ဖက်ထားတယ် ဆိုတော့ အင်း… သူတို့က ဒီလိုဖြစ်သွားကြပြီလား ဆိုပြီး ထင်မိကြပါလိမ့်မယ်။

အဲသလိုတော့ အထင် မမှားစေလိုဘူးလို့ ခင်ဝင့်ဝါက သူ့ဖေ့စ်ဘုတ်မှာ ရှင်းချက်ထုတ်ပါတယ် –
အဲဒါ ရုပ်ရှင်ရိုက်နေကြတာပါ တဲ့။

သူရေးထားတာကို အတိအကျ ပြန်ကူးပြရမယ် ဆိုရင်…

သင်္ကြန်အကျနေ့က Alpine Mandat မှာ သင်္ကြန်ပြတိုက်ရုပ်ရှင်ကားကြီး ရိုက်တုန်းက ဓာတ်ပုံတွေပါရှင့် :)
အကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းမှ ဓာတ်ပုံများကို ချစ်ပရိတ်သတ်ကြီး အထင်မလွဲစေချင်ပါဘူးရှင့်
ရုပ်ရှင်ရိုက်ကူးမှူကိုနားလည်ပေးမယ်လို့ မျော်လင့်ပါတယ်ရှင့် :):):):)့

ဝင့်ဝါ သင်္ကြန်ပြတိုက် ဆိုတဲ့သင်္ကြန်ရုပ်ရှင်ကားကိုရိုက်ကူးနေချိန် အတွင်းဇာတ်ဝင်ခန်းမှဓာတ်ပုံတွေ တတ်လာသည့်အတွက် ချစ်ပရိတ်သတ်ကြီးအားလုံးအထင်မလွဲစေချင်ကြောင်းအထူးမေတ္တာရပ်ခံပါတယ်ရှင့်
သင်္ကြန်ပြတိုက် ကားကြီးထွက်ရှိလာရင်လည်းအားပေးဝေဖန်ပေးပါဦးနော် ချစ်ပရိတ်သတ်ကြီဂ :):):):)

…. ဆိုပြီး ဖြေရှင်းချက်ကို ဒီမနက် ၊ ၁၅ ရက်နေ့ မနက်မှာ ၂ခါ ဆက်တိုက် ပေးလာပါတယ်။

ဧရာဝတီ

အပြည့်အစုံသို့ »

သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍာပ်တွင်ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်ကို ဂျွန်လွင်(Star & Model ) မှ ပြန်လည်ပြောကြား


ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal ၏ Foam party မဏ္ဍာပ်တွင် ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်များနှင့်ပက်သက်ပြီး ဂျွန်လွင်(Star & Model) မှ မဇ္စျိမသို့ ပြန်လည်ပြောကြားခဲ့သည်။
"ပထမရက်က ဖျော်ဖြေမှုနဲ့ပက်သက်ပြီးတော့ ဝေဖန်သံတွေကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး။ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခတ်နဲပက်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့်ကျွန်တော်က ဘန်ကောက်က အကသမားတွေကိုခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောမျိုးပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူတွေလည်း ရှိပါတယ်။ ပြောချင်တဲ့သူတွေကလည်း ပြောနေမှာပါပဲ။ ယိုးဒယား အကသမားတွေရဲ့ ၀တ်စားဆင်ယင်မှု အနည်းငယ်ပေါ်သွားတာကိုပဲ ရိုက်ပြီးတင်ကြတာပါ။ တစ်ပွဲလုံးလည်းကြည့်စေချင်ပါတယ်။ အခုကလည်း ဒီမိုကရေစီခေတ်ဆိုတော့ ဝေဖန်ချင်သလို ဝေဖန်ခွင့်ရှိပါတယ်။ ကျွန်တော်က မကောင်းတာလုပ်တာ မဟုတ်ပါဘူး။ မြန်မာသင်္ကြန်ကို အရုပ်ဆိုးအောင်လုပ်တာ မဟုတ်ပါဘူး။ အခုလိုပြောကြတာက ကျွန်တော့်အတွက် သတိပေးသလိုဖြစ်ပါတယ်။"ဟု ၄င်းက ပြောသည်။
ဖျော်ဖြေပွဲများကို ထူခြားစွာတင်ဆက်တတ်သည့် ဂျွန်လွင်သည် သင်္ကြန်တွင် လာရောက်ဖျော်ဖြေကြသည့် ထိုင်းနိုင်ငံက အကအဖွဲ့များ၏ ၀တ်စားဆင်ယင်မှုများကို နောက်ထပ် ဖော်လှော်သည့် အ၀တ်အစားများ မ၀တ်ကြစေရန်အတွက် တားမြစ်ခဲ့သည်ဟု ဆိုသည်။ ဧပြီ ၁၄ရက်သင်္ကြန်အကျနေ့တွင် ထိုင်းအက အဖွဲ့များ၏ ကပြဖျော်ဖြေမှုတွင် ၀တ်စားဆင်ယင်မှုများသည် လုံခြုံမှုရှိသည်ဟု ဆိုခဲ့သည့်အပြင် လာရောက် မကြည့်ရှုနိုင်ကြသည့် ပရိသတ်များကိုလည်း Myanmar Event Face Book တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု ထပ်မံပြောသည်။
ထိုင်းနိုင်ငံမှ နာမည်ကြီး အမျိုးသမီးအကအဖွဲ့၊ ပြည်ပမှ နာမည်ကြီး DJ နှင့် ဂျွန်လွင်(Star & Model) ကို တွေ့ရစဉ်။

ဓာတ်ပုံ - ဟိန်းထက်
Mizzima - News in Burmese

အပြည့်အစုံသို့ »

ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်း တို့တွင်စည်ကား

သင်္ကြန်အကျနေ့ ညနေပိုင်းက ပြည်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ်


၂၀၁၄ ခုနှစ် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ရက်) တွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ တည်ရှိသည့် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်းတို့တွင် ရေကစားသူများဖြင့်စည်ကား ခဲ့သည်ကိုတွေ့ရသည်။

သင်္ကြန်အကျနေ့တွင် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ မဏ္ဍပ်အများစုတွင် ရေကစားသူများ များပြားသော်လည်း ယခင်နှစ်လောက် ကားလမ်းပိတ်ဆို့မှု မဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင်ယခင်နှစ်များကဲ့သို့ ယာဉ်ထိန်းရဲ အများအပြားဖြင့် လမ်းရှင်းမှုများ မပြုလုပ်ခဲ့ဘဲ ကားပေါ်မှ လူငယ်အချို့ကမူ လမ်းလယ်ဘလောက်စ်တုံးများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

“မနှစ်ကဆိုရင် ဒီနေရာမှာ လမ်းတွေ ပိတ်ဆို့နေပြီ။ အခုက တော်တော် ရှင်းတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု  စက်မှု (၁) လမ်းမပေါ်ရှိ အငှားယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ မဏ္ဍပ်အများစုတွင်မူ ညနေပိုင်းတွင် အလွန်စည်ကားမှုများ ရှိခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Iron Cross အဖွဲ့ ဖျော်ဖြေသည့် Air Bagan မဏ္ဍပ်တွင် သင်္ကြန်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့ပြီး ကြက်ဖ၊ ဂျောက်ဂျက်၊ ယုန်လေးစသည့် Hip Hop အဆိုတော် အများစု ဖျော်ဖြေသည့် Huawei မဏ္ဍပ်တွင်လည်း လည်ပတ်သူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ သို့သော် မဏ္ဍပ်အများစုမှာ ကမ္ဘာအေး ဘုရားလမ်းဘက်သို့ ရောက်ရှိသွားသည့်အတွက် ယခင်နှစ်များကထက် သင်္ကြန်ရေကစားသူ ပရိသတ် ပိုမိုများပြားမှု မရှိခဲ့ကြောင်း အနီးအနားတွင် ဈေးရောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ မဏ္ဍပ်အများစုတည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း တစ်လျှောက်တွင်လည်း ရေပက်ခံကားများ၊ လမ်းလျှောက်ရေပက်ခံ ထွက်သူများနှင့် သင်္ကြန်အကျနေ့တွင် စည်ကားခဲ့သည်ကို တွေ့ရှိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဈေးရောင်းချနေသူ တစ်ဦးက “ကျွန်မကနှစ်တိုင်း ဒီကန်ပတ်လမ်းမှာပဲ ဈေးရောင်းပါတယ်။ ဒီနှစ်သင်္ကြန်လည်း မနှစ်ကလိုပဲ စည်ပါတယ်။ အရောင်းအ၀ယ်ကတော့ အကြိုနေ့က နည်းနည်းပါးတယ်။ ဒီနေ့ကတော့ ရောင်းကောင်းပါတယ်” ဟု ဆိုသည်။

ထို့ပြင်သင်္ကြန် အကျနေ့တွင် ရန်ကုန်မြို့တွင်း အနော်ရထာလမ်းမပေါ်တွင်လည်း ရေပက်ခံကားများဖြင့် စည်ကားနေသည်ကိုလည်း တွေ့ရှိရသည်။

သင်္ကြန်အကြိုနေ့က ကရ၀ိတ်ဥယျာဉ်ကမ္ဘာရှိ Grand Royal ရေကစားမဏ္ဍပ်တွင် နိုင်ငံခြားသူ အမျိုးသမီးများမှ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့် မသင့်တော်သည့် ၀တ်စားဆင်ယင်မှုများဖြင့် ကပြမှုများမှာ အင်တာနက်လူမှုကွန်ရက်များတွင်ပျံ့နှံ့ခဲ့ပြီး ပရိတ်သတ်များအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

News Eleven

အပြည့်အစုံသို့ »

ရေကစားမဏ္ဍပ် ၁၀၀ နီးပါး ရန်ကုန်မြို့မှာ ခွင့်ပြုထား


ဒီနှစ် ရန်ကုန်မြို့သင်္ကြန်မှာ ရေကစားမဏ္ဍပ် ၁၀၀ နီးပါးလောက် ဆောက်လုပ်ခွင့်ပြုထားပြီး ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ်ကြီး ၁၈ ခု၊ ကမ္ဘာအေးဘုရားလမ်းမှာ ၁၂ခု နဲ့  ပြည်လမ်းမှာ မဏ္ဍပ်ကြီး ၄ ခု ဆောက်လုပ်ခွင့်ပြုထားကြောင်း သိရပါတယ်။

ရေကစားသူတွေနဲ့ မဏ္ဍပ်ကြီးတိုင်းရဲ့ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ CCTV တွေ တပ်ဆင်ခိုင်းထားပြီး  ရဲတပ်ဖွဲ့ဝင်တွေကိုလည်း မဏ္ဍပ်ကြီးတွေတိုင်းမှာ ချထားတယ်လို့ ရန်ကုန်မြို့တော် သင်္ကြန်ကာလအတွက် ပူးပေါင်းစီစဉ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက RFA ကို ပြောပါတယ်။

"မဏ္ဍပ်တွေမှာ CCTV တွေ တပ်ဆင်ထားတယ်၊ ရန်ဖြစ်မယ်ဆိုလို့ရှိရင် ပထမဆုံး မဏ္ဍပ်လုံခြုံရေးကရှင်း ရှင်းလို့မရရင် ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နဲ့ ရှင်းပေးမှာပေါ့နော်၊ မှုခင်းရဲ့ အတိမ်အနက်ပေါ်မူတည်ပြီးတော့ တရားဥပဒေအရလုပ်မှာပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်အနောက်ပိုင်းခရိုင် မဏ္ဍပ်ကိုတော့ ပြည်လမ်းနဲ့ မင်းရဲကျော်စွာ လမ်းထောင့်မှာ ဆောက်လုပ်ထားပြီး ဒီကနေ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေစုပေါင်းဖွဲ့စည်းထားတဲ့ ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။


RFA Burmese

အပြည့်အစုံသို့ »

မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်



လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှား ယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေး တလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။

ရန်ကုန် သင်္ကြန် မဏ္ဍပ်တခုမှာ မြူးတူး ပျော်ပါးနေသူများ (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ် နဲ့ အပြင်ကို ထွက်သွားတယ်။

နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။ လူငယ် ၂ ဦးကို အဲဒီ စက္ကူထုပ် လှမ်းပေး လိုက်တယ်။

“အားလုံးပေါင်း ဆေးပြား ၁၀ဝ၊ ကျပ် ၅ သိန်းဖိုး ပဲ၊ လိုသေးရင်တော့ သိပ်မကြာနဲ့နော်၊ ပစ္စည်းက ပြတ်
တော့ မှာ၊ အခု သင်္ကြန်အချိန် နီးလာတော့ ဆေးပြား ဝယ်တဲ့သူက တအားကို များနေတာ၊ ညီလေးတို့လိုပဲ ကြိုတင် စုထားတဲ့ သူတွေပေါ့”လို့ ပြောရင်း ငွေကို ရေတွက်လိုက်တယ်။

အဲဒီ မြင်ကွင်းလေး ကတော့ သင်္ကြန်ကာလမှာ မဏ္ဍပ်ထိုင်ကြမယ့် လူငယ်တစုက WY လို့ ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေကို ရာစီး အလိုက် ဝယ်ယူနေတဲ့ မြင်ကွင်းလေးပါ။

သင်္ကြန်ကာလမှာ ဒီနေ့ခေတ် လူငယ်ထု အကြား စိတ်လွတ်ကိုယ်လွတ် မြူးကြွဖို့ အတွက် ဒီလို စိတ်ကြွ
ဆေးပြားတွေ အသုံးပြုတာက ခေတ်စားလို့ နေပါပြီ။ သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

သင်္ကြန်တွင်းမှာ ဆိုရင် ဝယ်ရလည်းခက်၊ လုံခြုံရေး ကလည်း တင်းကြပ်၊ ရောင်းတဲ့သူတွေ ကလည်း ပုံမှန် မရောင်းတော့တာကြောင့် အခက်တွေ့မှာ စိုးလို့ အခုကတည်းက ကြိုတင်စုဆောင်း ထားကြတာ ဖြစ်ပြီး အခုလို စိတ်ကြွဆေးပြား ရာနဲ့ချီပြီးတော့ ဝယ်တဲ့အခါမှာ တော်ရုံ အဆက်အသွယ်နဲ့တော့ ဝယ်လို့ မရဟု သိရတယ်။

လူငယ်တွေက ဘာကြောင့် ဒီလို ကြိုတင်ဝယ်ယူ ရတာလဲ ဆိုတော့ မဏ္ဍပ်မှာ စိတ်လွတ်ကိုယ် လွတ် ပျော်နိုင်အောင် စိတ်ကြွဆေးပြား တွေသုံးဖို့၊ တချို့ကတော့ အုပ်စုလိုက် ရေကစားထွက်ရာမှာ သုံးဖို့နဲ့ စသဖြင့် အမျိုးမျိုးပါပဲ။

ဝယ်တဲ့ လူငယ်တွေ အများစု ကလည်း လက်လုပ်လက်စား လူတန်းစားတွေထက် ငွေကို အတိုင်းအတာ တခုအထိ သုံးစွဲနိုင်တဲ့ မိသားစုက လူငယ်တွေ ဖြစ်နေ တာ တွေ့ရတယ်။

“အခု ကျနော်တို့ ဆေးပြားကို ရာစည်းလိုက် ဝယ်စုထားတာ၊ ဒီလို အချိန်က နှစ်စဉ်စုနေကျပါ၊ ဒါကြောင့် လည်း ဆေးပြားဈေးက တက်သွားတယ်၊ အရင်က တပြားကို ၄ ထောင်ကျော် လောက်ပဲ ပေးရပေမယ့် ဒီအချိန်ကျရင် တထောင်ကျော် နီးပါး ဈေးတက် တယ်၊ ဒါပေမယ့် သင်္ကြန်တွင်းက ဝယ်ရပိုခက်တာကြောင့် အခုအချိန် ကတည်းက စုနေကြရတာ”လို့ အင်းစိန်မြို့နယ်ထဲကို စိတ်ကြွဆေးပြား သွားဝယ်တဲ့ လူငယ်တဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ရဖို့ စီစဉ်ကြတဲ့သူတွေက လူငယ်တွေဖြစ်တဲ့ အပြင် ကိုယ့်မဏ္ဍပ် အတွက် တာဝန်ခံရတာကြောင့် ဒီနောက်ပိုင်း နှစ်တွေမှာ မဏ္ဍပ်မှာ လာကစားတဲ့ သူတွေကို ဒီလို စိတ်ကြွဆေးပြားတွေ ဝေကြတဲ့အသံ သိပ်မကြားရတော့ ဘူး လို့ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ် တည်ထောင်ခွင့် ရထားတဲ့ 14 Club မဏ္ဍပ်မှ တာဝန်ရှိသူ မမြနှင်းရီလွင်က ပြောပြတယ်။

ရေလာကစားတဲ့ သူတွေက သုံးစွဲထားသလား၊ မသုံးဘူးလား ဆိုတာကိုတော့ မဏ္ဍပ်တာဝန်ခံတွေ အနေနဲ့ အတိအကျ မသိနိုင်ပေ မယ့် လာကစားကြတဲ့ သူတွေထဲမှာ ဒီလိုဆေးပြားတွေ သုံးစွဲလာကြသူတွေ များ လာတာ တွေ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြ တယ်။

“ကိုယ့်မဏ္ဍပ်ထဲမှာ အဲဒီလို စိတ်ကြွဆေးတွေ ရောင်းဝယ်နေတာ၊ ဖြန့်ဖြူးနေတာ၊ သုံးစွဲနေတာ မဖြစ် ရအောင်လို့ CCTV လို လုံခြုံရေး ကင်မရာတွေနဲ့ သတိထားစောင့်ကြည့် သွားရမှာပေါ့၊ တကယ်လို့ ဖြစ် လာခဲ့မယ်ဆိုရင် အဲဒီလူကို မဏ္ဍပ်ပေါ်ကနေ အောက်ကို ဆင်း ဖို့ ပြောရမှာပဲ”လို့ မမြနှင်းရီလွင်က ဆက်ပြောတယ်။

အဲဒါကြောင့် မဏ္ဍပ်မှာ ရေလာကစားတဲ့ ဈေးနှုန်းကို မြှင့်ထားလိုက်တာက လူတန်းစား ခွဲခြားတာမျိုး မဟုတ်ပေ မယ့် လာကစားကြ မယ့် သူတွေကို စိစစ်ရာ ရောက်ကြောင်း၊ လူငယ်တွေမှာ သင်္ကြန် ဆိုရင် တရားဝင် အရက်သောက်လို့ ရတဲ့၊ တရားဝင် ရန်ဖြစ်လို့ ရတဲ့ ကာလလိုမျိုး ဖြစ်လာကြောင်း၊ သူတို့ ဆေး သုံးထား သလား၊ မသုံးထားသလား ဆိုတာကို မသိနိုင်ကြောင်း၊ မဏ္ဍပ်က ဒီလို ဆေးပြားတွေ
ဝေတယ်ဆိုတာ နောက်ပိုင်းမှာ မကြားတော့ကြောင်း၊ လာကစားသူ အချင်းချင်း ဝေတာမျိုးလောက်တော့ ရှိမယ် ထင်ကြောင်းလည်း မမြနှင်းရီလွင်က ရှင်းပြပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်၊ စည်းကမ်းတွေ သတ်မှတ်၊ ပြီးတော့ မူးယစ် ဆေးဝါးတွေ ရောင်းချမှု မရှိအောင်၊ အရက်သေစာတွေ ရောင်းချမှု မရှိအောင် လို့ စည်းကမ်းတွေထုတ်မှာ ဖြစ်သလို လူစည်ကားမယ့် နေရာအနီးတဝိုက်မှာ လုံခြုံရေးကွပ်ကဲမှု ရုံးတွေ ဖွင့်သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုထားပါတယ်။

“သင်္ကြန်မှာ လူငယ်တွေ အကြား ဒီလို မူးယစ်ဆေးဝါးတွေ သုံးစွဲမှု မြင့်တက်လာတာကြောင့်ပဲ သရုပ်ပျက် ဝတ်စားပျော်ပါးမှုတွေ ဖြစ် လာရတာ၊ ဒါကို အစိုးရအနေနဲ့ သီးသန့် စီမံဆောင်ရွက်ဖို့ လိုအပ်လာပြီ”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောပါတယ်။

အခုလို လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲကြတာက လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက်သ လို နိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေနဲ့လည်း များစွာသက်ဆိုင်တယ်၊ မိဘ၊ လူငယ်တွေကျင်လည်ကြတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတော် အားလုံးရဲ့တာဝန် မကင်းဘူး လို့လည်း သူက ဆိုပါတယ်။

အဲဒီ အပြင် ဒီနေ့ခေတ် လူငယ်တွေမှာ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေ ရှိသလို၊ သုံးစွဲမှု ပိုများလာတဲ့ လူငယ် တွေလည်း ရှိတယ်၊ တချို့ လူငယ်အစည်းအဝေးတွေမှာ ဒီကိစ္စက အထူး
ဆွေးနွေး စရာ ကိစ္စအဖြစ် ရှိလာတာကို တွေ့မြင်ရ တယ်လို့လည်း ဒေါ်ခင်ဝိုင်းကြည်က ပြောပါသေးတယ်။

“လူငယ် အစည်းအဝေးပွဲတွေ တက်တဲ့အခါမှာ ဒီဆေးဝါးပြဿနာကို အမြဲပြောကြတယ်၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်စေချင်ရင် ဒါတွေက တကယ့် အဆိပ်အတောက်တွေပဲ၊ နိုင်ငံတော်ကို ဒီအရေးနဲ့ ပတ်သက်ပြီး အထူးတလည် သီးသန့်ဆောင်ရွက် စေချင်တယ်၊ ဒီလိုဖြစ်နေလို့ လူငယ်တွေကို အပြစ် မပြောချင် ဘူး၊ နိုင်ငံရေး ယဉ်ကျေးမှု အခြေအနေနဲ့ ဒီအခြေအနေတွေက တိုက်ရိုက် သက်ဆိုင် တယ်”လို့ သူက ဆိုပါတယ်။

တကယ်တော့ ဒီစိတ်ကြွဆေးပြားတွေ ထုတ်လုပ်ကြတဲ့သူတွေဟာ ငွေကြေးရလိုမှု တခုတည်းကို ကြည့်ပြီးတော့ မတော်လောဘကြီး နေတဲ့ အတွက် ထုတ်လုပ်သူတွေ ကိုယ်တိုင်က အသိစိတ်ရှိဖို့ လိုအပ်တယ်၊ လူငယ်အရေး တက်ကြွလှုပ်ရှားနေကြတဲ့ သူတွေကလည်း ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို ဒီမူးယစ်ဆေးဝါးတွေရဲ့ အကြောင်း မကြာခဏ ပြောဆို ဆွေးနွေးနေဖို့ လိုအပ်တယ် လို့လည်း ဒေါ်ခင်ဝိုင်းကြည်က အကြံပြုလိုက်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တဲ့ သူတွေက လူငယ်တွေ မဟုတ်ပါဘူး၊ လူကြီးတွေပါ၊ လူကြီးတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့်ပဲ လူငယ်တွေမှာ ခါးစည်းခံနေရတာလို့ စာရေးဆရာ ချစ်ဦးညိုကလည်း သုံးသပ်တယ်။

လူငယ်တွေ လက်လှမ်းမီရာမှာ အဆင်သင့်ဖြန့်ကျက်ထား၊ ဆိုးကျိုးတွေ ဖြစ်လာမှ လူငယ်တွေကို အရေးယူမယ်၊ အပြစ်တင်မယ် ဆိုရင်တော့ မတရားတဲ့ လုပ်ရပ်ပဲလို့ သူက ဆက်လက် ပြောဆိုပါတယ်။

“ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မှာပဲ၊ အရင်းစစ်တော့ အမြစ် မြင်တာပေါ့ဗျာ၊ ထုတ်လုပ်သူတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ တာတွေ လုပ်နေကြတာ၊ ဒီကိစ္စတွေက နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေး မှုကြောင့်ပဲ၊ နှစ်ဖက်စလုံးက ဒီကိစ္စတွေရဲ့ စီးပွားရေးတွေကို လက်မလွှတ်ချင် ဖြစ်နေတာ ပါတယ်၊ နိုင်ငံရေး အကျပ်အတည်းနဲ့ တိုက်ရိုက်ကို ဆိုင်တယ်”လို့လည်း ဆရာချစ်ဦးညိုက ဆိုပါတယ်။

သင်္ကြန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက် တာမျိုး နည်းပါးပြီး အရက် သေစာ မူးယစ်မှုကြောင့် ဖြစ်ပျက်တာ များတယ်၊ စိတ်ကြွဆေးပြား
ကြောင့် ဖြစ်ပျက်တာကတော့ မိန်းကလေး၊ ယောက်ျားလေး အား လုံးမှာ သရုပ်ပျက် ဝတ်စား ကခုန် တာ၊ မြူးတူးပျော်ပါးတာနဲ့ ပတ်သက်တယ်လို့ သူနာပြု တက္ကသိုလ် နည်းပြဆရာဝန် ဒေါက်တာ နန္ဒထွန်း က ပြောပြတယ်။

ရပ်ကွက်အတွင်းမှာလည်း ဒီလို စိတ်ကြွဆေးပြားတွေ အလွယ်တကူ ဝယ်လို့ ရနေသလို ဒီနေ့ခေတ် လူငယ်တွေမှာ အရင်အချိန်က ခေတ်စားခဲ့တဲ့ စိတ်ငြိမ်ဆေး (ဒိုင်ယာစီပင်၊ ဖန်စီဒိုင်း) တို့တွေထက် ပိုမို အသုံးပြုလာတာ တွေ့ရတယ်လို့ သူက ဆက်ပြောတယ်။

“တကယ်ရောင်းတယ် ဆိုတဲ့ဆိုင်ကို ကျနော်တို့ သွားဝယ်လို့ မရောင်းဘူး၊ လူငယ်တယောက်လောက်ကို သွားဝယ် ခိုင်းကြည့် လိုက်၊ လွယ်လွယ် လေးပဲ၊ ဆေးဆိုင်တွေမှာက စိတ်ငြိမ်ဆေးတွေ၊ ဖန်စီဒိုင်းတွေက ဥပဒေနဲ့ အရေးယူခံရမှာ ကြောက်လို့ လွယ်လွယ်နဲ့ မရောင်းတော့ ဒီလိုလွယ်လွယ်ရတဲ့ စိတ်ကြွဆေးတွေကို ပိုသုံးလာကြတာပေါ့၊ သင်္ကြန်ဆိုတော့ ဆေးခြောက်တို့၊ စိတ်ငြိမ်ဆေး တို့ထက် ဒီဆေးတွေက ပို အဆင်ပြေတော့ အခုလို ဝယ်စုလာကြတယ် ဆိုတာ မဆန်းပါဘူး”လို့ ဒေါက်တာ နန္ဒထွန်းက ဆိုတယ်။

ဒါပေမယ့် သင်္ကြန်ကာလမှာ စိတ်ကြွဆေးပြားတွေကြောင့် လူငယ်ထုအကြား မလိုလားအပ်တဲ့ လူမှုရေး အဖြစ်အပျက်တွေ၊ ရောဂါ ကူးစက်ခံရတွေ ကိုတော့ အထူး သတိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။

“လူငယ်တွေ စိတ်တွေက ကြွနေတော့ ဘာမှတွေးမနေတော့ဘူး၊ ကိုယ်လက် နှီးနှောကြတာမျိုးတွေ လည်း ဖြစ်လာနိုင်တာကို သတိပြု ရမယ်၊ အဲဒီရဲ့ နောက်ဆက်တွဲ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါရှိတဲ့ သူနဲ့သွားပြီး ကျူးလွန်မိလို့ ကိုယ်လည်း ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်တာကိုတော့ ကြိုတင်ကာကွယ် ထားသင့်တယ်”လို့လည်း သူက ပြောဆိုပါတယ်။ ။

စနေလင်း ~

 Irrawaddy

အပြည့်အစုံသို့ »

ရေပက်ကစားစဉ် ပါးနမ်းမိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နှစ်ဘက်မိသားစု စကားများရန်ဖြစ်ခဲ့ကြရာမှ ခဲတံချွန်ဓါးနှင့်ဆွဲခြစ်ခဲ့သဖြင့် သေဆုံး



ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ
ဒေါ်လွင်လွင်မာမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တူဖြစ်သူ ဇော်လင်းထွန်း
မှ တစ်လမ်းတည်းနေ မလမင်းတွယ်တာအား ရေပက်စဉ် ပါးနမ်းသကဲ့သို့
ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏အစ်မဖြစ်သူ မဇင်မီမီထွန်း(ခ)ဇင်မီလေး၊ (၂၉)နှစ်၊ (ဘ)ဦးစိုးဝင်းမှတူဖြစ်သူအားပါးရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်ခဲ့သည့်
ကိစ္စနှင့်ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင်
ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့
စကားများကြစဉ် မဇင်မီမီထွန်း(ခ)ဇင်မီလေးမှ အရိုးအသွား(၄)လက်မခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်ကောက်ဝတ်နှင့်လည်ပင်းတို့၌ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်တင်တင်မော်အား ဆိပ်ကြီးခနောင်တိုမြို့နယ်
ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း
(ခ)ဇင်မီလေးအား အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ ဒေါ်တင်တင်မော်မှာ ၁၉၄၀ အချိန်တွင် သေဆုံးသွားသဖြင့်
ပြစ်မှုပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲစစ်ဆေးကာ ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း(ခ) ဇင်မီလေးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးမှလည်း ညီမဖြစ်သူ မလမင်းတွယ်တာအား ဇော်လင်းထွန်းမှ ရေပက်ကစားစဉ်နောက်မှဖက်ပြီး
ပါးနမ်းခဲ့ခြင်းနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်မှ ဆဲဆိုခဲ့ခြင်း
တို့အတွက် အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့မ
ရဲစခန်း(ပ)၈၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၅၄/၂၉၄ ဖြင့် အမှုဖွင့်လှစ်ကာ
ဇော်လင်းထွန်းနှင့် ဒေါ်တင်တင်မော်(သေဆုံး)တို့အား အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

သင်္ကြန်တွင်း ခိုက်ရန်ဖြစ်ပွားမှု နည်းပါး

၂၀၂၄ အတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြစဉ်။ (ဧပြီ ၁၄၊ ၂၀၁၄)

နားဆင်ရန်

မြန်မာ့ရိုးရာ အတာသင်္ကြန် ရေသဘင်ပွဲတော်ကာလအတွင်း ဒီကနေ့ သင်္ကြန်အကျနေ့အထိတော့  ခိုက်ရန်ဖြစ်ပွားတာ၊ မတော်တဆ ထိခိုက်မှုဖြစ်ပွားတာတွေက အရင်နှစ်တွေကထက်ယှဉ်ရင် အတော်လေးလျော့ပါးတယ်လို့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံတွေက ပြောပါတယ်။ မြန်မာပြည်သူတွေနဲ့ ရိုးရာသင်္ကြန်ပွဲတော် ဆင်နွှဲလာကြသူတွေ လုံခြုံရေးအတွက် လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းကွပ်ကဲရေး အဖွဲ့တွေဖွဲ့ပေးထားပြီး မြို့နယ်အနှံ့ လုံခြုံရေးတပ်ဖွဲ့တွေ နေရာချထား ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ပွဲတော်တွင်း မြန်မာ့ရိုးရာသံချပ် ဖျော်ဖြေရေးအဖွဲ့တွေရဲ့ ထူးထူးခြားခြား ဖျော်ဖြေမှုတွေကို ပရိတ်သတ်က စိတ်ဝင်စားသလို ရေကစားသူအချင်းချင်း ခိုက်ရန်မဖြစ်ပွားရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ မဟာသင်္ကြန်ပွဲတော် နောက်ဆုံးရ သတင်းတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ကတော့ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၁၅ ရက်၊ မဟာသင်္ကြန်အကျနေ့ဖြစ်ပါတယ်။ တနိုင်ငံလုံးအနှံ့ မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြချိန်မှာ ရေကစားသူတွေရဲ့  အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ရေသဘင်ပွဲတော် ကာလအတွက် အထူးလုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးနေကြသလို ရေကစားသူပြည်သူတွေဘက်ကလည်း လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ နှိုးဆော် သတိပေးထားတယ်လို့ လုံခြုံရေးတာဝန်ခံတွေက ဆိုပါတယ်။ သင်္ကြန်ပွဲတော်တွင်း ဆောင်ရွက်ထားတဲ့ လုံခြုံရေးအစီအစဉ်တွေကို ဆပ်ကော်မတီ ကွပ်ကဲမှု တာဝန်ခံတစ်ဦးဖြစ်တဲ့ တာမွေမြို့နယ်မြို့မရဲစခန်းမှူးဦးဝင်းအောင်နီက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“မဏ္ဍပ်တွေနဲ့ပတ်သက်လို့ရှိရင်လည်း မနက်တစ်ခါ၊ ညနေတစ်ခါ မဏ္ဍပ်မစခင် မနက် ၆ နာရီ၊ ညနေ ၆ နာရီပြီးတဲ့အခါမှာ မိုင်းရှာတဲ့အဖွဲ့၊ မဏ္ဍပ်တိုင်းမှာ လုံခြုံရေးအဖွဲ့၊ လိုအပ်လို့ရှိရင် ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းမယ့်အဖွဲ့၊ အဖွဲ့ပေါင်းစုံပေါ့- တိုင်းနဲ့ ခရိုင်ထိုင် မြို့နယ်တွေအကုန်လုံးမှာ သူ့အဖွဲ့နဲ့သူတွေကို လုံခြုံရေးအဖွဲ့ သီးခြားဖွဲ့ထားတဲ့အဖွဲ့တွေကလည်း သူ့နေရာနဲ့သူ စောင့်ပါတယ်။ ပြီးတော့ မြို့နယ်တိုင်းမှာ ပုံမှန်ထက်ကို ပိုပြီး လှည့်ကင်းတွေ ဆောင်ရွက်ပေးတယ်လေ။”

မဏ္ဍပ်အတွင်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေသလို မြို့နယ်အနှံ့ လုံခြုံရေးတွေ တိုးမြှင့်နေရာချထားတဲ့အတွက် သင်္ကြန်အကျနေ့အထိတော့ ရေသဘင်ပွဲတော်အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ မတော်တဆထိခိုက်မှုတွေ နည်းပါးနေတယ်လို့လည်း စခန်းမှူးကပြောပါတယ်။

“ကျနော်တို့ရန်ကုန်တိုင်းမှာတော့ တိုင်းတပ်ဖွဲ့မှူးအစီအစဉ်နဲ့ မြို့နယ်တွေတိုင်းမှာ နယ်ထိန်းတွေတောင်မှ ကိုယ့်ရပ်ကွက်ထဲမှာကိုယ် visiting card ပုံစံမျိုးပေါ့နော်၊ အားလုံးကို ဖုန်းနံပါတ်တွေ ဘာတွေနဲ့ တခါတည်း လိုအပ်တဲ့သတင်းပေးချင်ရင် အချိန်မရွေးပေးပါဆိုပြီး ဟောပြောပွဲတွေလုပ်ပြီး အကုန်လုံး မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ ကျနော်တို့က အနှံ့ဖြန့်ထားပါတယ်။ ကျနော်တို့ရဲ့ကဒ်ပြားတွေမှာရှိတဲ့ ဖုန်းနံပါတ်တွေဟာ အကုန်လုံး တော်တော်များများလက်ထဲမှာရောက်ပြီးတော့ အကူအညီတောင်းနိုင်တဲ့အတွက် အခုတော့ မြို့နယ်တိုင်းမှာလည်း မဏ္ဍပ်တိုင်းမှာဆိုလို့ရှိရင်လည်း လိုအပ်တဲ့ မှုခင်းကျဆင်းရေး၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုမရှိရေး ဗွီဒီယိုမှတ်တမ်းတွေရိုက်တယ်၊ ဓာတ်ပုံတွေရိုက်တယ်။ ကျနော်တို့ လုံခြုံရေးတာဝန်ထမ်းတဲ့ ဝန်ထမ်းတွေကအစ အရပ်ဝတ်နဲ့လှည့်ပတ်ပြီး ကြည့်တဲ့အခါမှာ တကယ်လည်းလုပ်နေပါလား၊ တကယ်လည်းရှိပါလားဆိုတဲ့အခါမှာ ထိန်းသိမ်းတာလည်းပါတယ်။ ပြည်သူတွေကိုယ်တိုင်က အသိတရားနဲ့ ပူးပေါင်းဆောင်ရွက်လို့လည်း ပါတာပေါ့။ ကျနော့်နယ်မြေမှာတော့ ဒီနေ့အထိကို ဘာတစ်မှုမှ မရှိသေးဘူး။”

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင်းမှာလည်း သင်္ကြန်တွင်း ရေကစားသူအချင်းချင်း အမုန်းပွား၊ ရန်မများစေဘဲနဲ့ ငြိမ်းချမ်းစေဖို့အရေး သင်္ကြန်ပန်းအထိမ်းအမှတ် ပိတောက်ပန်းခက်အဝါလေးတွေနဲ့ ပန်းစကား အထိမ်းအမှတ်သင်္ကေတတွေကို သင်္ကြန်မဏ္ဍပ်တွေနဲ့ လူစည်ကားရာ နေရာတွေမှာ လိုက်လံဝေဌတဲ့ ပန်းစကားငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို နှစ်ဆန်းတစ်ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပန်းစကားဦးဆောင်လှုပ်ရှားသူ ကိုနေဘုန်းလတ်က  ပြောပါတယ်။

“အမုန်းစကားတွေပေါ့နော်၊ ပြီးတော့ အန္တရာယ်ဖြစ်စေတဲ့စကားတွေ၊ အဲဒီဟာတွေကို မဖြစ်အောင် အဓိကရည်ရွယ်ပြီး ပန်းစကားလှုပ်ရှားမှုကို လုပ်တာပေါ့။ ဒီနေ့ သင်္ကြန်တွင်းမှာတော့ စတေကာတွေလည်း လိုက်ကပ်တယ်၊ ဘနိုင်းတွေ၊ ၃ ပေ၊ ၄ ပေ လုပ်ထားတယ်။ အဲဒါတွေကို ကားလေးတွေပေါ် ချိတ်တယ်။ ပြီးတဲ့အခါကျတော့ လက်ပတ်လေးတွေ လုပ်ထားတာပေါ့နော်။ လက်ပတ်လေးတွေကျတော့ ဘနိုင်းချိတ်ပေးတဲ့ ကားတွေကို လိုက်ဝေတယ်။ လူသားအချင်းချင်း အမုန်းမပွားဖို့၊ ငါတို့နှုတ်ကို စောင့်စည်းစို့- ဆိုတဲ့ အဲဒီဆောင်ပုဒ်ကိုပဲ ဘေးကနေပြီးတော့ ဘနိုင်းတွေကို လိုက်ကပ်တာ။ နှစ်ဆန်း ၁ ရက်နေ့ကျရင်တော့ ဘုရားတွေပေါ်မှာ စတေကာတွေ လိုက်ဝေအုံးမယ်။”

သင်္ကြန်ပွဲတော်အတွင်း ဒီနှစ်မှာတော့ မြန်မာ့ရိုးရာသံချပ်အဖွဲ့တွေ ထူးထူးခြားခြား ပေါ်ထွက်လာပြီး အများပြည်သူ ရေပက်ကစားကြတဲ့ ရေကစားမဏ္ဍပ်တွေကို လိုက်လံဖျော်ဖြေကြတာ ရှိသလို ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ရုံးတွေ၊ နေအိမ်တွေမှာလည်း လိုက်လံဖျော်ဖြေမှုတွေရှိပါတယ်။ မြန်မာ့ရိုးရာသံချပ်တွေမှာ လက်ရှိမြန်မာပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ လူမှုအဖွဲ့အစည်းအတွင်းက အမြီးအမောက်မတည့်တဲ့ လွဲချော်မှုတွေကိုစပ်ထားတဲ့ သံချပ်တွေကို ပြည်သူလူထုစိတ်ဝင်စားတယ်လို့လည်း  ရိုးရာသံချပ်ဖျော်ဖြေရေးအဖွဲ့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက ကိုညွန့်မင်းထွန်းက ပြောပါတယ်။

 “ဟုတ်ကဲ့၊ ကျနော်တို့ မနက်က မင်္ဂလာတောင်ညွန့်မြို့နယ်က ဒေါ်ဖြူဖြူသင်းတို့အိမ်ရှေ့မှာ သွားထိုးပါတယ်။ ပရိသတ်စိတ်ဝင်စားမှု ရှိပါတယ်ခင်ဗျ။ လူစည်ကားရာအရပ်ကလေးတွေမှာပေါ့နော်။ အများကလည်း ဒီအပေါ်မှာ အလှူတော်ငွေတွေလည်း ချကြပါတယ်။ ဒီအပေါ်မှာလည်း စိတ်ဝင်စားမှု ရှိကြပါတယ်။ မနှစ်ကနဲ့စာလို့ရှိရင် ဒီနှစ်ရန်ကုန်မြို့အတွင်းမှာ ဒီနှစ် တော်တော်ကို စည်စည်ကားကားလေးတွေ တွေ့မြင်နေရပါတယ်ခင်ဗျ။ ဒီနှစ်ကတော့ သံချပ်စိစစ်ရေးအဖွဲ့ကနေပြီးတော့ ကင်းလွတ်ခွင့်ပုံစံ ပေးထားတော့ သံချပ်တွေက လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့်တွေ ရပါတယ်ခင်ဗျ။ ဖျော်ဖြေခွင့်ရတော့ သံချပ်အဖွဲ့လေးတွေလည်း တော်တော် စုံစုံလင်လင် တွေ့မြင်ရပါတယ်ခင်ဗျ။”

မဟာသင်္ကြန်အကြိုနေ့ကစလို့ ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ ရေကစားမဏ္ဍပ်တွေနဲ့ ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီး မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကို လာရောက်ဆင်နွှဲတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ လည်ပတ်မှုလည်း ပိုများလာတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက ဆိုပါတယ်။

VOA Burmese News

အပြည့်အစုံသို့ »

ဝိုင်းစုခိုင်သိန်း ၊ ဖြူဖြူကျော်သိန်း ၊ အိုင်းရင်းဇင်မာမြင့် ၊ လိမ္မော်သီး နှင့် ဘိုဘို တို့၏ သင်္ကြန်အကျနေ့ ဖက်ရှင်စတိုင်

ဧပြီ ၁၄ရက်တွင် ကျရောက်သည့်အင်္ကြန်အကျနေ့တွင် အနုပညာရှင်များဝတ်စား ဆင်ယင်ထားသည့် ဖက်ရှင်များသည် တစ်ဆင်သစ်လွင်ပြီး အမြင်ဆန်းစေသည့် ဖက်ရှင်များဖြစ်ကြသည်။

ယင်း ဖက်ရှင်များကို မြင်တွေ့ရသည့် မဏ္ဍာပ်သည် ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းရှိ ပျော်ပျော်ရွှင်ရွှင်သင်္ကြန်ပွဲ Grand Royal မဏ္ဍာပ်တွင် လာရောက်ဖျော်ဖြေကြခြင်းဖြစ်သည်။











credit: mizzima

အပြည့်အစုံသို့ »

၂၀၁၄ သင်္ကြန် Grand Royal မဏ္ဍပ်မှ ထိုင်းအကမယ်များ အားပေးနေသော ပရိတ်သက်များကို စီစဉ်သူဂျွန်လွင်ကိုယ်တိုင် ထွက်ပြီးပွဲထိန်းခဲ့ရ (ရုပ်၊သံ)


Grand Royal က ထိုင်းအကမယ်ကလေးတွေက ဆွဲဆောင်မှုအားကောင်းလွန်းလို့ စင်အောက်မှာ ကနေတဲ့သူတွေ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး အလုအယက် စင်နားကပ်ကြတော့ စီစဉ်သူ ဂျွန်လွင်ကိုယ်တိုင် ထွက်ပြီး ပွဲထိန်းခဲ့ရ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

ထိုင်းသင်္ကြန်လည်း လန်းပါတယ် (ဓာတ်ပုံများ)


အပြည့်အစုံသို့ »

ရွှေဂုံတိုင်ဂုံ တံတား အနီးတွင် သင်္ကြန်လည်သည့် ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက် တိုက်မိ


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း တောင်မှ မြောက်သို့ သင်္ကြန် လည်ပတ်ရန် အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၈ခ/---- ရှမ်းစတား ဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင် ဂုံးတံတား အနီးအရောက် လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် လမ်းလယ် ကွန်ကရစ်တုံးနှင့် ယာဉ်တို့ ပျက်စီးသွားခဲ့ သဖြင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ ချမ်းမြေ့ဦးကို ဗဟန်း မြို့မရဲစခန်း (ပ)၃၇/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar 

အပြည့်အစုံသို့ »

ဂျပန်နိုင်ငံတိုကျိုက မြန်မာသင်္ကြန်ပွဲတော်ကျင်းပ (ရုပ်/သံ)


ဂျပန်နိုင်ငံတိုကျိုက မြန်မာသင်္ကြန်ပွဲတော်ကျင်းပခဲ့တာကိုတော့ ဦးဇော်ဇော်လှိုင်က သတင်းပေးပို့ခဲ့ပါတယ်။



DVB TV News

အပြည့်အစုံသို့ »

သင်္ကြန်ကာလတွင်း မလုံမခြုံဝတ်စားဖျော်ဖြေမှု မလုပ်ဖို့ ထပ်မံသတိပေး (ရုပ်/သံ)


အပြည့်အစုံသို့ »

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ အရက်ဘီယာ ရောင်းချသူတွေကို သက်ဆိုင်ရာက ဖမ်းဆီး


ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ အရက်ဘီယာ ရောင်းချသူတွေကို သက်ဆိုင်ရာက ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ဦးအောင်ကြီးက သတင်းပေးပို့ထားပါတယ်။



DVB TV News 

အပြည့်အစုံသို့ »

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နှင့် ဒို့မြန်မာလူမှုကွန်ယက် မိသားစုတို့ ကဦးစီးကျင်းပတဲ့ မြန်မာ နိုင်ငံမှာ ပထမဦးဆုံး မသန်စွမ်း သင်္ကြန်မဏ္ဍပ်


အပြည့်အစုံသို့ »