Showing posts sorted by relevance for query လှည်းကူး. Sort by date Show all posts
Showing posts sorted by relevance for query လှည်းကူး. Sort by date Show all posts

အွန်လိုင်းပေါ်က သွေးထိုး လှုံ့ဆော်မှုများကြောင့် လှည်းကူးတွင် လုံခြုံရေး တိုးမြှင့်ထား


အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာ များတွင် လှုံ့ဆော်မှုများကြောင့် လှည်းကူးမြို့နယ် အတွက် စိုးရိမ် ပူပန်မှု မရှိစေရန် လုံခြုံရေး တိုးမြှင့် ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မန္တလေးမြို့ ပဋိပက္ခတွင် ပါဝင် ပြဿနာရှာခဲ့ပြီး ရှောင်တိမ်းလာသည်ဟုယူဆရသော ဘာသာခြား အချို့လှည်းကူးမြို့သို့ ရောက်ရှိနေကြောင်း သွေးထိုး လှုံ့ဆော်မှုများ ပါဝင်သော ဖြန့်ဝေမှုများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ကျွန်တော်တို့လည်း ဒီကိစ္စကို သတင်းရယူ စုံစမ်းနေ တာတော့ မထူးခြားသေးဘူး။ လုံခြုံရေး ကတော့ ပိုပြီး တိုးမြှင့်ထားတာပေါ့ ဟု ရန်ကုန်အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီးဝင်းကြည် က The Messenger Media သို့ပြောသည်။ လက်ရှိ အချိန်တွင် လှည်းကူး မြို့နယ်မှူး၊ စခန်းမှူးများ နှင့်ပါ တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး လုံခြုံရေး အနေအထားအရ ဒေသခံများ အနေဖြင့် စိတ်ပူရန် မရှိကြောင်း ၎င်း ကပြောသည်။

ယခင်က လှည်းကူး မြို့နယ်တွင် ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် အတွက် တာဝန် ရှိသူများ ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်မလာ စေရန် လုံခြုံရေး ပြည့်စုံစွာ စီစဉ် ထားပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။ အခု Facebook တွေပေါ်မှာ အခုလို ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ ဒီအခြေအနေတွေကို ထိန်းညှိဆောင်ရွက်ဖို့ အဓိကအုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိ နေပါတယ်။ ဒီတာဝန်ကိုတော့ကျေပွန်အောင် ထမ်းဆောင် ဖို့လိုနေပါတယ် ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က The Messenger Media သို့ ပြောသည်။

ထို့အပြင် မန္တလေးမြို့၌ ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော အချိန်မှ စ၍ လှည်းကူး မြို့နယ် အုပ်ချုပ်ရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် များအား ထူးခြား အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအနေဖြင့် သတိပေးထားခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ယခင်ကလည်း လှည်းကူး မြို့နယ်တွင် ပဋိပက္ခဖြစ်ပွားခဲ့သော အခြေအနေများရှိခဲ့ သောကြောင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့အစည်းများအနေဖြင့် အစည်းအဝေးခေါ် ယူကာ ပါဝင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ၎င်းကဆိုသည်။

The Messenger

အပြည့်အစုံသို့ »

လှည်းကူးမြို့နယ်တွင် ပုဒ်မ ၁၈၈ ပြန်လည်ရုပ်သိမ်း


ရန်ကုန်၊ မေ ၆

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြို့မဈေးတွင် လွန်ခဲ့သော တစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခကြောင့် မြို့နယ် လုံခြုံရေးအတွက် ပုဒ်မ ၁၈၈ (ညမထွက်ရအမိန့်) ကို ထုတ်ပြန်ခဲ့ရာ မြို့နယ်တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် မေလ ၄ ရက်နေ့ ညပိုင်းက ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက်နေ့က ဈေးရောင်းချသူ ဘာသာခြားနှစ်ဦး ခိုက်ရန် ဖြစ်ပွားရာမှ လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခပုံစံမျိုး ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက မြို့နယ်အတွင်း ည ၆ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ပြီး တစ်လအကြာတွင် လုံခြုံရေး အခြေအနေ စိတ်ချရသောကြောင့် ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း လှည်းကူး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သင်္ကြန်မတိုင်ခင်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ အပြင်မထွက်ဖို့ အချိန်ပြောင်း သတ်မှတ် ပေးခဲ့ပါတယ်။ အခု မြို့ထဲမှာ အရင်လို ပြန်လည် အေးချမ်းသွားလို့ ပုဒ်မ ၁၈၈ ကို ရုပ်သိမ်းပေးလိုက်တာ။ ပဋိပက္ခ ဖြစ်တဲ့နေ့က လူအုပ်လိုက် ခဲနဲ့ထုပြီး ဖြိုခဲ့တဲ့ ဆိုင်ကိုလည်း ပြန်ပြုပြင်ပြီး မကြာခင် ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်” ဟု လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လှည်းကူး မြို့မဈေးတွင် ဈေးသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွားစဉ် အစ္စလာမ် ဘာသာဝင် အမျိုးသားသုံးဦးက မြို့မဈေးရှေ့ရှိ ရေခဲမုန့်ဆိုင်သို့ ဝင်ပြေးပုန်းရှောင် ခဲ့ကြောင်း၊ ၎င်းတို့ ရှောင်တိမ်းခဲ့သော ဆိုင်ကို လူတစ်စုက ခဲများဖြင့် ပစ်ပေါက် ဖြိုဖျက်ခဲ့ပြီး မြို့အတွင်း၌ လူအုပ်စုလိုက် တုတ်၊ ခဲ၊ လေးခွများ ကိုင်ဆောင်၍ သွားလာနေသောကြောင့် ရဲအင်အား ထောင်ကျော်ဖြင့် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းနေ့ညတွင် ပုဒ်မ ၁၈၈ ကို ချက်ချင်း ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက် မလိုက်နာသူ အမျိုးသားခြောက်ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း လှည်းကူး မြို့မရဲစခန်းမှ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

“မြို့မဈေးထဲက ရန်စဖြစ်ခဲ့တဲ့ ဈေးဆိုင်နှစ်ဆိုင်ကို စည်ပင်က ပြန်ဖွင့်ခွင့် မပေးသေးဘူး။ ကတ်ကြေးနဲ့ ထိုးခဲ့သူ အပါအဝင် သုံးယောက်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး လှည်းကူး မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေပါတယ်” ဟု လှည်းကူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်က ရှင်းပြသည်။

The Voice Weekly

အပြည့်အစုံသို့ »

လှည်းကူးတွင် ညမထွက်ရအမိန့် အဆင့်လိုက် ရုပ်သိမ်းမည်


ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့မဈေးတွင် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခ ကြောင့် ထုတ်ပြန်ခဲ့ရသော ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ကို ကန့်သတ်ချိန့် လျှော့ချ၍ အဆင့်လိုက် ရုပ်သိမ်းမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီမှ စတင်ကာ ည ၆ နာရီမှ နံနက် ၆ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ကြောင်း၊ မြို့တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ နံနက် ၄ နာရီထိ အပြင်မထွက်ရန် သတ်မှတ် လျော့ချပေးခဲ့ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လုံခြုံရေး အခြေအနေအားလုံး စိတ်ချရပြီဆိုရင် ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လှည်းကူးမြို့နယ်တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရဲအင်အား ထောင်ကျော်ဖြင့် နေ့စဉ် လုံခြုံရေးများ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၁၈၈ ဖြင့် ငြိစွန်းသူ ခြောက်ဦးခန့်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“မနက် ၆၊ ည ၆ မထွက်ရ အမိန့်ထုတ်တုန်းက အလုပ်သွား အလုပ်ပြန် အချိန်မမီတော့ တော်တော်ဒုက္ခရောက်ရတယ်။ အခုလို ည ၁၀ နာရီထိ ခွင့်ပြုပေးလိုက်တော့ အလုပ်သွားရလာရ အဆင်ပြေသွားတာပေါ့” ဟု ဈေးကြီးရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

ဧပြီ ၄ ရက် ညနေ ၄ နာရီခန့်က လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဈေးဆိုင်နှစ်ဆိုင်မှ ဈေးရောင်းချသူနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့စဉ် အစ္စလာမ် ဘာသာဝင် အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသား၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာက မြို့နယ်အတွင်း ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ပြီး ကတ်ကြေးဖြင့်ထိုးသူ အမျိုးသား အပါအဝင် သုံးဦးကို အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

အပြည့်အစုံသို့ »

အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးပန်ကြား


ရန်ကုန်-မတ်၁
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှကင်းဝေးစေရန်၊ဓာတ်အားပြတ်တောက်မှုများလျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ ၁-၃-၂၀၁၄ ရက်နေ့တွင် မြောက်ဥက္ကလာပ၊ ဒဂုံ(တောင်)၊ ဒဂုံ(ဆိပ်ကမ်း)၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊လသာ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် ၉း၀၀ နာရီမှ ၁၆း၀၀ နာရီအတွင်း အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။

၃။ ၂-၃-၂၀၁၄ ရက်နေ့တွင် ရွှေပေါက်ကံ၊ မြောက်ဥက္ကလာပ၊ ဒဂုံ (တောင်)၊ ကမာရွတ်၊ သန်လျင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ အင်းစိန်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ၈ နာရီမှ ၁၆ နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါသည်။

၎။ ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်းရှိ ဓာတ်အား ခွဲရုံများနှင့်ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန်အတွက်ပုံမှန်မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်း ဖြစ်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့်လူမှုရေးအခက်အခဲများ ပေါ်ပေါက် နိုင်မှုအပေါ် အနူးအညွတ် တောင်းပန်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အများ ပြည်သူသို့ အသိပေးပန်ကြား အပ်ပါသည်။
မှ-MOI Webportal Myanmar



အပြည့်အစုံသို့ »

သမီးလေး မြေနေရာ ပြန်ရမယ်



ပဲခူးတိုင်း ဒေသကြီး အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်း မှာ ခိုလှုံနေတဲ့ သမီး ကလေး ကျေးရွာက အိမ်ထောင်စု (၁၅၇)စု အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က မြေကွက်တွေ ပြန်လည် ချပေးမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက BBC ကို ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့နယ်မှာ ရှိတဲ့ သမီး ကလေး ကျေးရွာဟာ တပ်ပိုင်မြေ ပေါ်မှာ ရှိ နေတယ် ဆိုပြီး အခုလ အစောပိုင်း တုန်းက အာဏာပိုင် တွေဟာ တရွာ လုံးမှာ ရှိတဲ့ အိမ်ခြေ(၄၀၀)လောက်ကို ဖြိုဖျက် ခဲ့တာ ကြောင့် နေစရာ မရှိတဲ့ ရွာသား တွေဟာ အနီး တဝိုက်မှာ ရှိတဲ့ ပဲခူးတိုင်း ဒေသကြီး အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်းမှာ သွားရောက် ခိုလှုံ နေကြတာ ဖြစ်ပါတယ်။

ဒါပမယ့် အခု မြေနေရာ ပြန်ပေးမယ် ဆိုတာဟာ သမီးကလေး ကျေးရွာက အဖျက် ခံရတဲ့ အိမ်ခြေ (၄၀၀)ကျော် စလုံးကို ပြန် စီစဉ် ပေးမှာ မဟုတ်ဘဲ အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်းမှာ ခိုလှုံ နေတဲ့ သမီးကလေး ကျေးရွာသူ ရွာသားတွေ အတွက် အိမ်ထောင် တစ်စုကို ပေ (၄၀) (၆၀) အကျယ် ရှိမယ့် မြေကွက် တွေကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့နယ် မင်းကုန်း ကျေးရွာ အုပ်စု ဝါးယားကုန်း ကျေးရွာ အနီးမှာ ပြန်လည် နေရာ ချပေးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အစတုန်း ကတော့ ဒီ အိမ်ယာမဲ့ ဒုက္ခသည် တွေကို ပဲခူးတိုင်း ထဲကနေ မတ်လ(၁၇)ရက်နေ့မှာ အပြီး ပြောင်းဖို့ အာဏာပိုင် တွေက အကြောင်း ကြားစာ ထုတ်ပြန် ထား ခဲ့တာပါ။

ဒါပေမယ့် ဒီ(၁၇)ရက်နေ့ မတိုင်ခင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က စီစဉ်ပေးမယ့် မြေကွက် တွေက အသင့် မဖြစ် သေးဘူး ဆိုရင်တော့ ဘုန်းကြီး ကျောင်းမှာ ဆက်နေလို့ ရအောင် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ အချင်းချင်း ညှိနှိုင်း ဆောင်ရွက် မယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

အခုလို မြေ အစားပေး တာ အပြင် (၁)သိန်း ကနေ (၂)သိန်း ငွေကြေး ပမာဏကို အိမ်ဆောက်ဖို့ ကုန်ကျ စရိတ် အတွက် စိုက်ထုတ် ပေးဖို့ အစိုးရကို တင်ပြ ထားတယ်လို့ ဦးလှသန်းက ပြောပါတယ်။

ရွာသားတွေ ကတော့ တခြား နေရပ်မှာ လုပ်ကိုင် မစားသောက် တတ်တာကြောင့် ဒီရွာ ကနေ ပြောင်းနေဖို့ ဆန္ဒ မရှိကြ ဘူးလို့ အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်း မှာ ခိုလှုံနေတဲ့ သမီး ကလေး ကျေးရွာသူ မချောစု က ပြောပါတယ်။

အခုရက်တွေ အတွင်း ရန်ကုန်တိုင်း ထဲမှာ ရှိတဲ့ လှိုင်သာယာ၊ တွံတေး၊ စတဲ့ ကျူးကျော် အိမ်တွေ အဖျက်ခံ ခဲ့ရ ပေမယ့် သမီး ကလေး ကျေးရွာမှာ နေထိုင် သူတွေ ကို မြေကွက် နေရာ အစား ပြန်ပေးတာ ကတော့ ပထမဆုံး ကြားရတာ ဖြစ်ပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

သမီးလေး ကျေးရွာသားများကို ပြန်လည် နေရာချထားပေ့းရန် DKBA ခေါ်ဆောင်

လှည်းကူးမြို့နယ် သမီးလေးကျေးရွာ လူနေအိမ်များ ရှင်းလင်းနေသည့် မြင်ကွင်း (ဓာတ်ပုံ – လှည်းကူး မှတ်စု ၀က်ဘ်ဆိုက်)

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ အာဏာပိုင်များ ဖယ်ရှား ရှင်းလင်းနေသည့် သမီးလေး ကျေးရွာ အပါအ၀င် ကျေးရွာ ၅ ရွာမှ ရွာသားများကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) က ပြန်လည် နေရာချ ထားပေးရန် စီစဉ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက်က စတင်ဖယ်ရှားခံရသည့် ထိုကျေးရွာသားများကို DKBA က ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ကျောက်ခက်ဒေသ ၀န်းကျင်တွင် နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း ကျေးရွာသား တဦးမှ လိုက်ပါသွားခြင်း မရှိသေးကြောင်း အကူအညီပေးနေသူများက ပြောသည်။

“DKBA က ဆယ်ဘီးကား၂ စီး လာစောင့် ပေးပါတယ်၊ ရွာသားတွေက ဒီနေ့အထိ မလိုက်သေးဘူး၊ ဘုန်းကြီးကျောင်းမှာ အခု အိုးအိမ်မဲ့ ဖြစ်တာ အယောက် ၅၄၀ လောက် ရှိပါတယ်”ဟု အဆိုပါ ကျေးရွာများကို လိုက်လံ ကူညီပေးနေသည့် လှည်းကူး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ ကိုသက်ခိုင်က ဧရာဝတီသို့ ပြောသည်။

ဖျက်ဆီးခံရသည့် ကျေးရွာမှ ရွာသားများကို စာနာမှုကြောင့် သွားရောက် ခေါ်ယူခြင်း ဖြစ်ကြောင်း၊ DKBA တပ်သား အဖြစ် စုဆောင်းသွားမည် မဟုတ်ကြောင်း၊ နေစရာများနှင့် အလုပ်အကိုင်များပါ ပေးသွားမည်ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူး စန်းအောင် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အနေနဲ့ အတင်း မခေါ်ပါဘူး၊ သူများတွေ ပြောနေသလို ကရင်တပ်ထဲ ထည့်လိုက်မှာ ဆိုတာလည်း မဟုတ်ဘူး၊ ငြိမ်းချမ်းရေး အတွက် လက်ရှိမှာ တပ်သား အရေအတွက်တောင် လျှော့ချဖို့ လုပ်ရမယ့် ကိစ္စပါ”ဟု ဗိုလ်မှူး စန်းအောင်က ဆို သည်။

လူသားချင် စာနာသည့် အနေဖြင့် လာရောက် ခေါ်ယူခြင်း ဖြစ်ပြီး ဒုက္ခ ရောက်နေသည့် ကျေးရွာသားများ အတွက် တတ်နိုင် သမျှ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း၊ ရွာသားများ အတွက် စိုက်ပျိုးရေး ခြံများ၊ ရော်ဘာ ခြံများတွင် အလုပ်ဝင်ရန် အတွက် စီစဉ် ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တပ်ပိုင်မြေဟု သိမ်းဆည်း ဖယ်ရှားသည့် ကိစ္စကို နားမလည်သော်လည်း ယင်းမြေသည် နိုင်ငံပိုင်သည့် အတွက် နိုင်ငံမှာ နေ ထိုင်သော ပြည်သူများလည်း ပိုင်ဆိုင်ပါကြောင်း ဗိုလ်မှူး စန်းအောင်က ဆက်ပြောသည်။

သမီးလေးကျေးရွာ ဒေသခံ တဦး ဖြစ်သည့် ကိုကျော်စိန်က “ကျနော်တို့ ရွာသားတွေ အနေနဲ့ ဒီနေရာကို ပြန်ရဖို့ ကြိုးစား တောင်းဆို သွားမယ်၊ DKBA ဘက်ကိုလည်း လိုက်မသွားပါဘူး၊ အခုတော့ ဘုန်းကြီးကျောင်းမှာ နေသူက နေကြတယ်၊ တချို့က ကွင်းထဲမှာ ရွက်ဖျင်တဲထိုးပြီး နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရွာသားများ ကိုယ်ထူကိုယ်ထ ထူထောင်လာပြီး အတည်တကျ နေထိုင်သည့် အချိန်မှ ဖယ်ရှားခြင်းသည် မြို့ရွာဖွံ့ဖြိုးမှုကို စနစ်တကျ မတည်ဆောက်ဘဲ အကြမ်းဖက်မှုကို ဦးတည်ကြောင်း၊ ဒီမိုကရေစီနှင့် မညီညွတ်သော လူ့အခွင့်အရေး ချိုးဖောက် မှုပင် ဖြစ်ကြောင်း ရွာသားများကို အကူအညီ ပေးနေသည့် ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထင်ကျော်က ပြောဆိုသည်။

“တကယ်တော့ ဒီကိစ္စက အစိုးရ အနေနဲ့ လုပ်ရမှာပါ။ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကို အယုံ အကြည် မရှိကြလို့ လူထု ထောက်ခံပွဲတွေ ဆန္ဒပြပွဲတွေကို ဆက်လက် ဆောင်ရွက် သွားမယ်”ဟု ၎င်းက ပြောသည်။

ဖျက်ဆီး ခံရသည့် ရွာများမှာ သမီးလေး ကျေးရွာ၊ အင်းမတီ ကျေးရွာ၊ မကျွဲတဲ ကျေးရွာ၊ ဝှီးဆဲ ကျေးရွာ၊ လက်ဆိုက် ကျေးရွာများ အပါအ၀င် ကျေးရွာ စုစုပေါင်း ၁၁ ရွာကို ဖျက်သိမ်း ဖယ်ရှားကြောင်း သိရသည်။

ယင်းကျေးရွာများသည် ယခင်က ဘိုးဘွားပိုင် မြေအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယခုအခါ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာပြီး စီးပွားရေး အဆင်ပြေလာ၍ အိမ်ခြံများ ဆောက်လုပ် နေထိုင်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ သိမ်း ယူ ဖယ်ရှားမှုကြောင့် အိမ်ခြေ ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

Irrawaddy

အပြည့်အစုံသို့ »

လှည်းကူးမြို့ ရှိ ဗိုလ်ချုပ် ခင်ညွန့် ပိုင်ဆိုင်ခဲ့သော မြေနေရာ တွင် ကျူးကျော်တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှု ရှိလာ


လှည်းကူး မြို့နယ် ကျောက် ကုတင် ကျေးရွာ အုပ်စု အတွင်း ရှိ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် ပိုင် ဆိုင် ခဲ့ သော မြေနေရာ တွင် ကျူး ကျော် တဲ တစ်ရာ နီးပါး တိုးချဲ့ နေထိုင် မှုများ ရှိလာ ကြောင်း ဒေသခံ များ၏ ပြော ကြားချက် အရ သိရသည်။

အစတုန်းက တစ်နေရာ ကျပ်နှစ်သောင်း သုံးထောင်ပဲရှိတယ်။ အခု ဆယ့်လေးငါးသိန်း အထိ ပေါက် တယ်။ အဲဒီအနားမှာ ခြံခတ်ဖို့ ၀ါးဓနိရောင်းနေတာရှိတယ်။ ကျွန်တော်တို့က ဈေးကြီး တော့ မ၀ယ်နိုင်တော့ဘူး ဟုလှည်း ကူးမြို့မှ ဒေသခံဆိုင်ကယ်ကယ်ရီသမားတစ် ဦးက The Messenger သတင်းစာသို့ပြော သည်။

အ ဆိုပါ မြေနေရာသည်ယခင်ဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ညွန့် ပိုင်ဆိုင်ခဲ့ကာ အစိုးရမှ လေလံတင်ရောင်းချခဲ့သဖြင့် ကုမ္ပဏီတစ်ခုမှ လေလံအောင်ခဲ့ပြီး၊ နှစ်သုံးဆယ်ဂရန် ရရှိခဲ့ ကြောင်း၊ အဆိုပါ မြေ နေရာ တွင် နေထိုင်နိုင် ရန် NLD ပါတီ လှည်းကူးမြို့ ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးဖြိုးမင်းသိန်းမှစီစဉ် ပေး သည် ဟု သတင်း များ ထွက်နေသောကြောင့်၊ ယခုအခါ NLD မှ စုံစမ်းနေပြီဖြစ်ကြောင်း၊ လှည်းကူး NLD ပါတီဝင်များက ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများ သည် လှည်းကူးမြို့မှ ဒေသခံများ ဖြစ်ပြီး၊ ယခင်က ဆယ် ပေပတ် လည် တစ်ကွက်လျှင် ကျပ် သောင်းဂဏန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ် သော်လည်းယခုအခါသိန်းဆယ်ဂဏန်းအထိ ရောင်းဝယ်မှု ပြုလုပ်နေကြကြောင်း၊

ဝယ်ယူ သူများထဲတွင် နာမည်ကြီးသူဋ္ဌေးတချို့လည်း ပါဝင်ပြီး ကျူး ကျော် များ အား လက်ညှိုးထိုး ခြံခတ်ရောင်းစားသော လူတန်းစားတစ်ရပ် ရှိနေကြောင်းလည်း ဒေသခံစီးပွားရေးသမား အချို့က ဆိုသည်။ အဲဒီကိစ္စ တရားရုံးမှာ တရားစွဲဆို ထားပါတယ်။

အဲဒါ ပုဂ်္ဂလိက ပိုင်ဆိုင်မှု ဖြစ်နေ တယ်။ အ စိုး ရက စီမံတဲ့ မြေပေါ်မှာ ကျွန်တော် တို့က ဆောင်ရွက်လို့ ရပါတယ်”” ဟု လှည်း ကူး မြို့နယ်ဦးစီးမှူး ဦး အောင်ကိုက The Messenger သတင်းစာသို့ ပြောသည်။

လှည်းကူးမြို့၊ ကျောက်ကုတင်ကျေးရွာ အုပ်စုထဲတွင် ယခင် ဗိုလ်ချုပ်ကြီးဟောင်းများ ပိုင်ဆိုင်သော ခြံ များ ရှိနေကာ၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏ သမီး ခြံ၊ ဗိုလ်ချုပ်တင်ဦး၏ ခြံများလည်း ပါဝင်ကြ ကြောင်း ဒေသခံ များ က ဆိုသည်။

ယခုအခါတွင် လှည်းကူးမြို့နယ်အ တွင်းရှိ သမီးလေးရွာ အပါအ၀င် ကျေးရွာ လေးရွာမှ နေ ထိုင်သူများအား စစ်တပ်မြေတွင် နေထိုင် သူများဟု ပြောဆိုကာ သက်ဆိုင်ရာမှ နေအိမ်များ ဖျက်ဆီးမှုကြောင့် နေထိုင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

Messenger News Journal

အပြည့်အစုံသို့ »

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာတော့မည့် အကျဉ်းသားနှစ်ဦး ထွက်ပြေးခဲ့ရာတွင် ကားကြိတ်ပြီး တစ်ဦးသေဆုံး



Published on: January 5, 2014
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်မည့် စာရင်းထဲတွင်ပါရှိသည့် အကျဉ်းသားနှစ်ဦးသည် လှည်းကူးမြို့နယ် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးခဲ့ရာ တစ်ဦးမှာ ကားကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃ ရက် နံနက် ၅ နာရီခန့်က လှည်းကူးမြို့နယ် လှည်းကူး- ဖောင်ကြီးလမ်းအတိုင်း လှည်းကူးမှ ဖောင်ကြီးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ငပိတဲရွာအရောက်တွင် လမ်းဘေး၌ အိပ်နေသော အဆိုပါထွက်ပြေးလာသူ အမျိုးသားနှစ်ဦးမှ တစ်ဦးအား ကြိတ်မိခဲ့၍ ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသည်ဟုသိရ၍ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လှည်းကူး- ဖောင်ကြီးလမ်းအတိုင်း လှည်းကူးမှ ဖောင်ကြီးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ငပိတဲရွာအရောက်တွင် လမ်းဘေး၌ အိပ်နေသော အဆိုပါထွက်ပြေးလာသူ အမျိုးသားနှစ်ဦးမှ တစ်ဦးအား ကြိတ်မိခဲ့၍ ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသည်ဟု
ယင်းသို့စစ်ဆေးစဉ် တာဝန်ရှိသူများမှ အနီးရှိ ချုံထဲတွင်အိပ်နေသော မှော်ဘီမြို့နယ် ၄ ရပ်ကွက်နေ ရန်နောင်စိုး ၃၄ နှစ်အား စစ်ဆေးမေးမြန်းရာ သေဆုံးသူမှာ ဒဂုံတောင်မြို့နယ်နေ သန်းဆွေ(ခ)သန်းဝင်း ၄၃ နှစ်ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်တန်းစခန်း(အကျဉ်းဦးစီး)မှ ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုးမှာ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် ထောင်ဒဏ်ငါးနှစ်ကျခံနေရသူဖြစ်ပြီး သန်းဆွေ(ခ)သန်းဝင်းမှာ လောင်းကစား ဥပဒေပုဒ်မ ၁၅-က ဖြင့် ထောင်ဒဏ်တစ်နှစ်နှင့်ခြောက်လ ကျခံနေရသူဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီ ၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဇန်န၀ါရီ ၂ ရက်တွင် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာပြီး လှည်းကူးမြို့နယ်၊ ငပိတဲကျေးရွာအနီး ကားလမ်းစပ်တွင် သန်းဆွေမှာအိပ်ခဲ့ပြီး ရန်နောင်စိုးမှာ အနီးရှိခြုံထဲတွင် အိပ်နေစဉ် သန်းဆွေ(ခ)သန်းဝင်းမှာ ကားကြိတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား လှည်းကူးမြို့မရဲ စခန်းက ယာဉ်(ပ)၁/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ -က/၂၀၂ ဖြင့်အမှုဖွင့်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းအား ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိပြီး လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးသူ ရန်နောင်စိုးနှင့် သေဆုံးသူ သန်းဆွေ(ခ)သန်းဝင်းအား လှည်းကူးမြို့နယ်၊ ငါးဆူးတောင်ရဲစခန်းတွင် အကျဉ်းဦးစီးဌာနမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၂၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

eleven media group

အပြည့်အစုံသို့ »

လှည်းကူးမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား


လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်၌ အစ်ကိုဖြစ်သူ အား ထွက်ရှာသည့် အမျိုးသမီးငယ်တစ်ဦးအား အမည်မသိ အမျိုးသားတစ်ဦးက အသုတ်ဆိုင်ပေါ်သို့ဆွဲခေါ်၍ သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရ သည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁၆ ရက် ည ၁၀ နာရီခွဲက လှည်းကူးမြို့နယ် နန္တိကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာနေ မ..... (၉)နှစ်သည် အစ်ကိုဖြစ်သူအိမ်ပြန်ရောက် မလာသေးသဖြင့် အစ်ကိုဖြစ်သူအား ထွက်ရှာစဉ် လှည်းကူး- ဖောင်ကြီး ကားလမ်းမပေါ်၌ လူသုံးဦးတွေ့ရှိပြီး နှစ်ဦးမှာ ဆက်လက်၍လမ်းလျှောက်သွားရာ ကျန်တစ်ဦးဖြစ်သည့် အသားမည်းမည်း၊ နှာခေါင်းပွပွ၊ အရပ်ငါးပေခန့်၊ အသက် (၃၀)နှစ်ခန့် (လူမြင်လျှင်မှတ်မိ) အမျိုးသားမှ ညောင် ကုန်း ကျေးရွာအနီးလမ်းဘေးရှိ အသုတ်ဆိုင်ပေါ်သို့ မ.....အားဆွဲခေါ်၍ သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရသ ဖြင့် အဆိုပါဖြစ်စဉ်အား နေအိမ်သို့ပြန်လာ၍အဒေါ်ဖြစ်သူနှင့် မိဘများအားပြောပြခဲ့ရာ ဖခင်ဖြစ်သူမှ ငါးဆူတောင် နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ငါးဆူတောင်နယ်မြေ ရဲစခန်းက (ပ)၄၁/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆ ဖြင့် အမှု ဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

အပြည့်အစုံသို့ »

ယနေ့မှစ၍ ရန်ကုန်ရှိ မြို့နယ်အချို့ မီးပြတ်မည်



ယနေ့(မေလ ၃၁) ရက်မှ စတင်ကာ ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားအချိန် ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ မေလ ၃၁ ရက်တွင် ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လှိုင်၊ စမ်းချောင်း၊ လသာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ ကမာရွတ်၊ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊မှော်ဘီမြို့နယ်များရှိ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအတွင်းအချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၄ ခုနှစ် ဇွန် လ ၁ ရက်တွင် ဒဂုံအရှေ့၊ တောင်၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ ရပ်ကွက်အချို့ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်လည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားလိုင်းပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သောသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်ရခြင်းကြောင့် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မှုဖြစ်ပေါ်ရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားအချိန်ပိုင်းပြတ်တောက်မှုများကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးအခက်အခဲများအတွက်လည်း မိဘပြည်သူများကို အနူးအညွတ်တောင်းပန်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


ရန်မျိုးနိုင်
7day daily

အပြည့်အစုံသို့ »

အဆိပ်များနဲ့ဝေးရာ


တွင်းတကာ့တွင်းတွေထဲ အနက်ဆုံးနဲ့ ပြန်တက်ရအခက်ဆုံးတွင်းကတော့ ဆင်းရဲတွင်းပဲထင်ပါရဲ့။ အဲဒီတွင်းကြီးထဲကနေ အပေါ်ပြန်ရောက်ဖို့ မြန်မာပြည်သူတွေ ဘယ်လောက်များ ကြိုးစားရုန်းကန်ရဦးမလဲ။ ဘာတွေများထပ်ပြီး ပေးဆပ်ကြရဦးမလဲ။ ဆက်ပြီး ရင်ဆိုင်ဖို့ အင်အားမရှိသူတွေကတော့ အဆုံးစီရင်ပြီး အရှုံးပေး လိုက်ကြတယ်။ အရှုံးမပေးနိုင်သူ တွေကတော့ ပြည်တွင်းမှာတစ် မျိုး၊ ပြည်ပမှာတစ်ဖုံ ဒုက္ခရောင်စုံ တွေနဲ့ နပန်းလုံးလို့ကောင်းတုန်း။

အဓိက ပြဿနာက ဆင်းရဲ လို့။ ဆင်းရဲခြင်းနောက်မှာ ကပ်ပါ နေတဲ့ ပြဿနာတွေကလည်းများ မှများ။ အခုပဲကြည့်လေ။ မထိတ် သာမလန့်သာသတင်း။ လှည်းကူး မြို့နယ်ထဲက စက်ရုံတစ်ရုံမှာ  အ လုပ်သမားတွေကို ကျွေးတဲ့ နံနက် စာပဲပြုတ်ထမင်းကြော်ထဲ ဆားနဲ့ ယမ်းစိမ်းမှားထည့်သတဲ့။ ကံ ကောင်းလို့မသေတယ်။ လူ သုံး ဆယ်ကျော်အရေးပေါ်ရောက် ကုန်ရော။ ဆေးဦးသွားလို့ပေါ့။

အရင်လတွေကလည်း အ လှူတချို့မှာ အစာအဆိပ်သင့်တဲ့ သတင်း မကြာခဏတွေ့မိပါ တယ်။ ပူပြင်းတဲ့ရာသီမှာအစား အစာတွေကို တစ်ရက်စောပြီး ချက်ထားတော့ ရာသီကြောင့် ဓာတ်ပြောင်းသွားပြီး အစာအ ဆိပ်သင့်တာ။ နဂိုချက်ထားတုန်း က အကောင်း။ အခုဟာကတော့ ယမ်းစိမ်းကိုစားမိလို့ဖြစ်တဲ့ နိုက် ထရိုက်ပွိုင်စင်။ ဆားပုလင်းနဲ့ ယမ်းစိမ်းရောထားမိလို့ မှားထည့် မိတာဖြစ်မှာ။

အမှတ်တမဲ့ကြည့်ရင်တော့ ဆားနဲ့ ယမ်းစိမ်းအရောင်ချင်း၊ အ ရသာချင်းတခြားစီ။မှားစရာလား။ ဒီလောက်တောင် ပေါ့ဆရသလားလို့ အပြစ်တင်စရာပေါ့။ဒါပေမဲ့ အဲဒီလိုမှားရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေမှ အများကြီးရယ်။ ကျွန်မတို့ မြန်မာအခေါ် ‘မီးဖိုချောင်’ဆိုတဲ့ အစားအသောက်တွေ ခုတ်ထစ် ကြော်လှော် ချက်ပြုတ်တဲ့နေရာတွေကို ၀င်ကြည့်ဖူးပါသလား။ အိမ်တွေရဲ့ မီးဖိုချောင်တွေကတော့ ကိုယ့်မိသား စုအတွက် သီးသန့်မို့ ပထမတန်း စားသန့်ပြန့်မနေတောင် မညစ် ပတ်အောင်တော့ ဂရုစိုက်ကြပါ တယ်။ ကျန်းမာရေးဗဟုသုတရှိ တဲ့အပေါ် မူတည်လို့ပေါ့။

ဒါပေမဲ့ လူအများစာပြင်ဆင် ချက်ပြုတ်ကြတဲ့ ထမင်းဆိုင်၊စား သောက်ဆိုင်၊ အဆောင်၊ဘုန်းကြီး ကျောင်းစသဖြင့် မီးဖိုချောင်ကြီး တွေကတော့ နေရာတိုင်းမဟုတ် တောင် အများအားဖြင့်သန့်ရှင်းမှု အားနည်းတတ်ကြတယ်။ အထူး သဖြင့် ရန်ကုန်မြို့လိုနေရာအ ကျယ်အ၀န်းအခက်အခဲ၊ အမှိုက် စွန့်စရာခက်ခဲတဲ့အရပ်တွေက လူ အများစားဖို့ ချက်ပြုတ်စရာနေရာ တွေဟာ ပိုပြီးညစ်ပတ်လာကြ တယ်။ အရှေ့မျက်နှာစာမှာသာ စားချင်စဖွယ်သပ်သပ်ရပ်ရပ်ပြင် ဆင်ထားပေမယ့် ချက်တဲ့ပြုတ်တဲ့ နေရာတွေဝင်ကြည့်မိလို့ကတော့ စားချင်စိတ်ကုန်သွားလိမ့်မယ်။ အဲဒီ လိုတန်ရာတန်ကြေးပေးစားရတဲ့နေရာမျိုးတွေမှာတောင်သန့်ရှင်းမှုအားနည်းနေရင် အလကား ကျွေးတဲ့နေရာတွေမှာဖြစ်သလို စီ မံကျွေးနေတာရင်လေးစရာပါ။

အခု ဆားနဲ့ ယမ်းစိမ်းမှားစား တဲ့ နေရာက စက်ရုံတစ်ရုံရဲ့ အ လုပ်သမားတွေကို မနက်စာကျွေး တဲ့ အဆောင်။ တကယ်တော့ အ ဆောင်ထမင်းဟင်းဆိုတာ အလုပ် သမားကို အလုပ်သမားက ပြန်ချက်ကျွေးနေကြရတာ။ အစားအစာကို စနစ်တကျစီမံချက်ပြုတ်တဲ့စားဖိုမှူးတွေကို ငှားထားတာမဟုတ်ဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ အဲဒီလိုနေစရာပေး။ ထမင်းကျွေးတဲ့ အဆောင်မျိုးရှိတယ်။ တကယ့်ကို မှ ဖြစ်သလို။ အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်က သူလက်ခံထားတဲ့ အော်ဒါအချိန်မီပြီးရေးအတွက် လိုအပ်တဲ့ အလုပ်သ

မားကိုလိုချင် တဲ့အချိန်ခေါ်ခိုင်းနိုင်ဖို့အဓိက။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံအနှံ့က လူငယ်တွေကိုယ့်ရပ် ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ကြပေမယ့် အ လုပ်ကမရှိ။ ရှိတဲ့အလုပ်က မစား လောက်။ အဲဒီတော့ အလုပ်လုပ် ချင်စိတ်သာရှိ လုပ်စရာပေါတဲ့ ရန်ကုန်မြို့ကို အနယ်နယ်အရပ် ရပ်က အလုပ်လက်မဲ့တွေတက် လာကြတယ်။ အလုပ်ရှာကြ တယ်။ ဒါပေမဲ့ ရရာအလုပ်ကို ငွေ ရရင်ပြီးရော ၀င်မလုပ်ရဲဘူး။ နေ ရေးထိုင်ရေးကရှိသေးတာ။ ကိုယ် နေရမယ့်နေရာနဲ့အဆင်ပြေမယ့် အလုပ်ကိုရွေးကြရတယ်။

အဲဒီလို အလုပ်သမားတွေရဲ့ အဓိကပြဿနာကိုသိထားတဲ့ အ လုပ်ရှင်တွေက ကိုယ့်စက်ရုံမှာအ လုပ်သမားမလုံလောက်တဲ့ကိစ္စမ ဖြစ်ရအောင် အလုပ်ခေါ်ကတည်း က နေစရာပေးမယ်။ ထမင်းကျွေး  မယ်ဆိုတဲ့ မက်လုံးတွေပေးပြီးခေါ် ကြတယ်။ စက်မှုဇုန်နဲ့ နီးတဲ့ရပ် ကွက်ထဲက မြေနေရာကျယ်ကျယ် မှာ ပျဉ်ထောင်သွပ်မိုးထရံကာအ ဆောင်ကြီးတွေဆောက်ပြီး အ ဆောင်နေချင်တဲ့ နယ်ကအလုပ် သမားတွေကို ပေးနေခိုင်းတယ်။

ထမင်းကျွေးတယ်ဆိုတာက လည်း တကယ့်ကိုထမင်းဝရုံလေး ပါ။ ဖြစ်ဖြစ်မြောက်မြောက်အာ ဟာရမပါ။ အလုပ်သမားတစ် ယောက်ကို ဆန်နဲ့ထမင်းဖိုးမပါ ဟင်းအတွက် တစ်နေ့ငါးရာနှုန်း လောက်ပဲ အကုန်ခံတာ။ စာဖတ် သူတွက်ကြည့်ပေါ့။ လူတစ် ယောက်စာ တစ်နပ်ကိုငွေလေးနှစ် ရာကျော်နဲ့ ဘာဟင်းစားရမှာလဲ။ အသီးအရွက်ပဲစားရတော့မပေါ့။ အလုပ်သမားတွေဘာများ စောဒကတက်ရဲမလဲ။ နေစရာပေး၊ စားစရာကျွေးတာတောင်ကျေးဇူးတင်ရဦးမှာ။ ရွေးချယ်ခွင့်မရှိ။ ဆင်းရဲခြင်းအကြောင်းတရားက ပေးတဲ့ ဒုက္ခတွေ။

အလုပ်သမားတစ်ယောက် ဟာ လုံလောက်တဲ့လုပ်ခလစာ သာရကြည့်။ ဒီလိုဘယ်သူမှမနေ ချင်ဘူး။ ဘယ်သူမဆို အလုပ်က ပြန် ကိုယ့်အိမ်လေးမှာ အေးအေး ချမ်းချမ်းအနားယူ။ အိမ်က ချက် ပေးလိုက်တဲ့ ထမင်းချိုင့်လေးနဲ့ အလုပ်ထဲမှာစား။ အဲဒီလိုသာနေ ချင်ကြတော့မပေါ့။ အခုတော့ အ လုပ်သမားတစ်ယောက်ရဲ့ ၀င်ငွေ နဲ့အဆပေါင်းများစွာမြင့်တက်နေ တဲ့ နေထိုင်စားသောက်စရိတ်တွေ ကြောင့် အလုပ်ရှင်ထားရာနေ၊ စေရာသွား၊ ပြုသမျှနုနေကြရ တာ။

စားဖိုဆောင်ဝန်ထမ်းဆိုတာ လည်း ဘာထူးလဲ။ကျွမ်းကျင် အဆင့်စားဖိုမှူးတွေမှမဟုတ်ဘဲ။ ထမင်းဟင်းချက်တတ်တယ်။ လူအများစာချက်နိုင်တယ်ဆို ခန့်လိုက်တာပဲ။ စားဖိုဆောင်နဲ့ပတ်သက်လို့ ကျန်းမာရေးဗဟုသုတ ဘာမှမရှိ၊မသိ။ တစ်နေ့တစ်နေ့ရာနဲ့ချီတဲ့ အလုပ်သမားတွေ အချိန်မီစားနိုင်ဖို့ မနက်မီး၊ ညမီး ဆက်ပြီး ချက်ပြုတ်နေကြရတာ။ မီးဖိုဆောင်သန့်ရှင်းရေးလုပ်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့တောင်အနိုင်နိုင်။စက်ရုံတာဝန်ရှိသူကလည်း ထိုနည်းလည်းကောင်း။ အဆင်ပြေနေရင်ပြီးရော။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ အခုလိုလည်းဖြစ်ရော ပြဿနာတက် ရော။

တော်သေးတာပေါ့။ ဆားနဲ့ ယမ်းစိမ်းမှားလို့။ ဆေးရုံလည်းအ ချိန်မီရောက်လို့။ မဆလာနဲ့ကြွက် သတ်ဆေးမှားထည့်ရင်တော့ ပြီး ပါလေရော။ တကယ်တော့ ဒီကိစ္စဟာ လေးလေးနက်နက်ထားစဉ်း စားရမယ့်ကိစ္စပါ။ အခုနိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူတွေက မြန် မာ့နိုင်ငံရေးအရွေ့ကို သိမ်မယုံ သေးလို့ အုံနဲ့ကျင်းနဲ့ဝင်မလာသေး တာ။ ၂၀၁၅နောက်ပိုင်းစက်မှုဇုန် တွေအပြည့် စက်ရုံတွေလည်ပတ် တော့မယ်ဆိုရင် လုပ်ငန်းလိုအပ် ချက်ပြည့်အောင် ကိုယ့်စက်ရုံမှာ အလုပ်သမားမြဲအောင် မက်လုံး တွေမျိုးစုံသုံးပြီး ခေါ်ကြမှာပဲ။

သက်ဆိုင်ရာမြို့နယ်အလုပ် သမားရုံးက တာဝန်ရှိသူတွေအနေနဲ့ စက်ရုံတွေကိုစစ်ဆေးတဲ့အခါ အလုပ်ရှင်တွေ မျက်နှာချိုသွေး၊ လာဘ်လာဘပေးတာတွေကို သာ ယာပြီး ပြန်မသွားကြပါနဲ့။ စက်ရုံ ကြီးရဲ့ ဘွိုင်လာတွေ၊ မီးသွယ် တန်းတာတွေ၊ လူမှုဖူလုံရေး၊ အ ချိန်ပိုခိုင်းတဲ့ ကိစ္စတွေသာမကအ လုပ်သမားတွေကို စက်ရုံကစီစဉ် ပေးထားတဲ့နေရာတွေ၊ အစားအ သောက်ကျွေးမွေးတဲ့ ကိစ္စတွေကို ပါ  တကယ့်ကျန်းမာရေးနဲ့ ညီညွတ် ရဲ့လားဆိုတာ တိကျစွာစစ်ဆေး သင့်ပါတယ်။ မညီညွတ်ရင် ချက် ချင်းပြင်ခိုင်းသင့်ပါတယ်။ မလိုက် နာရင် ထိရောက်စွာအရေးယူသင့် ပါတယ်။

အလုပ်ရှင်ဆိုတာကတော့ ကုန်ကျစရိတ်နည်းလေ သူ့အ တွက် အမြတ်ကြမ်းလေးမို့ ငွေပို ကုန်မယ့် ကိစ္စမျိုးတွေလုပ်ချင်မှာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲ အ ဆင်ပြေနေသေးသရွေ့ မှိန်းပြီး လုပ်နေမှာပါ။တကယ်ဖြစ်တော့ အသက်ပေးရမှာ ကိုယ့်လူမျိုးအ လုပ်သမားတွေ။ ကိုယ့်နိုင်ငံသား ကို ကိုယ်ကစပြီးတန်ဖိုးထားပြမှ တိုင်းတစ်ပါးက ရင်းနှီးမြှုပ်နှံသူ တွေကလည်း တန်ဖိုးထားဆက် ဆံမှာပေါ့။

ဆင်းရဲတွင်းက အလွတ်ရုန်း ဖို့ ပြိုင်တူတွန်းကြရမယ့်အချိန်မှာ အသက်အန္တရာယ်အတွက်လည်း သတိရှိကြရပါမယ်။ အခုအဖြစ် အပျက်ကို နမူနာယူလို့ ၀ိုင်းဝန်း ဂရုစိုက်စောင့်ကြည့်ကြမယ်ဆို ရင်တော့ လစာနည်း၊ ဆင်းရဲသား အလုပ်သမားလေးတွေအဆိပ်အ တောက်ကင်းတဲ့ အစားအစာတွေ ကို စိတ်ချလက်ချစားနိုင်လိမ့်မယ် ဆိုတာ ယုံကြည်မိပါတယ်။

ဂျေလှသင်
7day daily

အပြည့်အစုံသို့ »

ပဲပြုတ်ထမင်းကြော်တွင် ဆားနှင့်ယမ်းစိမ်း မှားထည့်ရာမှ လူ ၃၀ ကျော်ဆေးရုံရောက်

အစာအဆိပ်သင့်လူနာများ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လှည်းကူးမြို့နယ် သားရေစက်ရုံမှ အလုပ်သမားများ စားသုံးမည့် ထမင်းကြော်နှင့် ပဲပြုတ်ထဲတွင် ဆားနှင့်ယမ်းစိမ်း မှားထည့်မိရာမှလူ ၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ ကြောင်းသတင်း ရရှိသည်။

မေလ ၂ ရက်တွင် လှည်းကူး မြို့နယ် ညောင်နှစ်ပင်ကျေးရွာရှိ သားရေစက်ရုံမှ အလုပ်သမား တစ်ဦးသည် စက်ရုံရှိ အလုပ် သမားများ နံနက်စာစားမည့် ထမင်းကြော်နှင့် ပဲပြုတ်ထဲတွင် ဆားနှင့် ယမ်းစိမ်း မှားထည့်မိ၍ ထိုနံနက်စာ စားသုံးသော အလုပ် သမား ၃၃ ဦးသည် အစာအဆိပ် သင့်မှုဖြစ်ပွားကာ မြောက်ဥက္က လာပဆေးရုံကြီးတွင် ကုသမှုခံ ယူနေရခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသောကြောင့် အစာအဆိပ်သင့် လူနာများ အတွက် မြောက်ဥက္ကလာပဆေးရုံ မှဆရာဝန် ၃၀ ကျော်ဖြင့် အရေး ပေါ်ကုသပေးခဲ့ကြောင်း မြောက် ဥက္ကလာဆေးရုံအုပ်

ဒေါက်တာသန်းလှက ပြောသည်။

‘‘အလုပ်သမားတွေစုနေကြ တာ။ မနက်စာကိုနေ့တိုင်းကျွေးတယ်လို့ပြောတယ်။ ဒီနေ့မှာ လည်း မနက်စာကို ပဲပြုတ်နဲ့ ထမင်းကြော်စားကြတယ်။ စားပြီး ခဏနေကျတော့ မူးလာတယ်။ အော့အန်တယ်လို့ ပြောတယ်။ ဘာဖြစ်တာလဲမသိဘူး။ စားဖို ချောင်က ပဲပြုတ်ထဲကိုထည့်တဲ့ ဆားကိုပြန်ကြည့်တဲ့အခါမှာ ဆား ဘူးနဲ့ယမ်းစိမ်းဘူးနဲ့ မှားနေတာ တွေ့ရတယ်လို့ပြောပါတယ်’’ဟု ဒေါက်တာသန်းလှကပြောသည်။

အစာအဆိပ်သင့်သောလူ နာများကို အနီ၊ အဝါ၊ အစိမ်းသုံး မျိုးခွဲခြား၍ အနီအဖြစ်သတ်မှတ် ထားသောလူနာရှစ်ဦးရှိပြီး ထိုလူ နာများကို အထူကြပ်မတ်ဆောင် တွင်ထားရှိကာ ကျန်လူနာများကို အရေးပေါ်အဆောင်နှင့် ကလေး ကုသဆောင်များတွင် ထား၍ ကုသနေသည်ကိုတွေ့ခဲ့ရသည်။

‘‘ဒီကို  ရောက်လာတော့ သွေးပေါင်တွေကျနေပြီ။ တက် နေတဲ့သူတွေလည်းရှိတယ်။ အဓိ ကကတော့ ပြာတာပဲ။ ဒီလူတွေ ပြာနေတော့ ဘယ်ကဖြစ်တယ်ဆို တာမသိဘူး။ အောက်ဆီဂျင် လယ်ဗယ်တွေတိုင်းကြည့်တော့ နိုက်ထရိုက်ပွိုင်စင်တွေဖြစ်တယ် လို့ ယူဆတယ်ပေါ့။ မြို့ထဲကနေ အဆိပ်ဌာနက ဒေါက်တာစော အောင်တို့လည်း ရောက်လာပါ တယ်။ ဆေးရုံမှာရှိသမျှအောက်ဆီဂျင်ဘူးတွေနဲ့ကုသပေးနေပါ တယ်’’ဟု အစာအဆိပ်သင့်လူနာ များအား ကြီးကြပ်ကုသပေးနေ သောပါမောက္ခဒေါက်တာကိုကို ကပြောသည်။

 အစာ အဆိပ်သင့်သော လူနာများကို အနည်းဆုံးလေးရက် စောင့်ကြည့်ရမည်ဖြစ်ပြီး စိုးရိမ် စရာမရှိတော့ကြောင်း ပါမောက္ခ ဒေါက်တာကိုကိုက ပြောကြားသည်။

လူနာများအတွက် အောက် ဆီဂျင်ဘူးများ လိုအပ်သော ကြောင့် ရန်ကုန် နာရေးကူညီမှု အသင်းနှင့် အခြားလူမှုကူညီရေး အသင်းများက မြောက်ဥက္ကလာ ဆေးရုံကြီးသို့ အောက်ဆီဂျင်ဘူး များလာရောက်ပေးပို့ခဲ့ကြသည်။ အစာအဆိပ်သင့်လူနာများနှင့်ပါ လာသောသားရေစက်ရုံမှအလုပ် သမားများနှင့် လူနာစောင့်များ အား ၎င်းတို့၏အလုပ်အကိုင်၊ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိပေ။

Author: ငြိမ်းချမ်း
7DAY DAILY

အပြည့်အစုံသို့ »

ဦးဝင်းတင် ရက်လည် ဆွမ်းကပ် ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်



ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်အတွက် ၇-ရက်ပြည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့နယ် နေအိမ်နဲ့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။

ရန်ကင်းမြို့နယ်က ဆရာကြီး ဦးဝင်းတင် နေအိမ် မှာ ပြုလုပ်တဲ့ ဆွမ်းကျွေးအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဆရာကြီးရဲ့မိသားစုဝင်တွေ၊ ဦးဝင်းတင်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တာတွေနဲ့ပတ်သက်ပြီး ဆရာကြီး မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးပေါက်က အခုလိုပြောပါတယ်။

“ဘဘရဲ့အခုအိမ်နဲ့ပတ်သက်လို့ ပြောတာကတော့ လောလောဆယ်ဒီမိသားစုက ဆက်လက်ထိန်းသိမ်း ထားပါ သူအရင်တခေါက်ပြောခဲ့သလိုပဲ အခွင့်အခါသင့်တဲ့အချိန်မှာ ဒီအိမ်အလုံးလိုက်ရွေ့ ပြီးတော့ ပြတိုက်သဘောမျိုးလုပ်ပါမယ်၊အခုဖွဲ့ထားတဲ့ ကော်မတီကဘဘနဲ့ ပတ်သက်တဲ့ကော်မတီ ဆိုတဲ့ဟာက ဘဘရဲ့လက္ခံရရှိထားတဲ့ အချို့သောဆုတံဆိပ်တွေ နိုင်ငံရပ်ခြားမှာပြန့်နှံ့နေတဲ့ တံဆိပ်တွေ ကို ပြန်လည်ယူပြီးတော့ ထိန်းသိမ်းဖို့ သူတို့ကိုတာဝန်ပေးမယ်လို့ပြောတယ် “

ဆရာကြီး ဦးဝင်းတင် အသက်ရှိစဉ်က နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ်က အခန်းကို သတင်းသမားတွေ မှတ်တမ်း ယူနိုင်ဖို့အတွက် ဒီနေ့ နေ့လည်ပိုင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပျဉ်းမနား၊ ဘိုကလေး၊ ပုသိမ်၊ လှည်းကူး စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာလည်း ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးဝင်းတင်အတွက် ရည်စူးပြီး ဆွမ်းကျွေးတရားနာ အခမ်းအနားတွေကို ဒီနေ့ ကျင်းပကြတယ်လို့ သိရပါတယ်။

အလားတူပဲ  အမေရိကန်ပြည်ထောင်စု  ဝါရှင်တန် ဒီစီမြို့တော် နဲ့ ဆက်စပ်နေတဲ့ Maryland ပြည်နယ် က မြန်မာ မိသားစုတွေကလဲ   Gaithersburg  မြို့အ နီးက အောင်ရတနာ ဘုန်းကြီးကျောင်းမှာ ဆရာ ဦးဝင်းတင်အတွက် ရက်လည်ဆွမ်း ဆက်ကပ်ပွဲ ကျင်းပခဲ့ကြပါတယ်။

 RFA

အပြည့်အစုံသို့ »

သင်္ကြန်တွင် ပဋိပက္ခမဖြစ်ရန် ရဲတပ်ရင်းအားလုံး ထုတ်သုံးကာ လုံခြုံရေးတာဝန်ယူမည်

၂၀၁၃ ခုနှစ် မြန်မာအတာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ ပြည်လမ်းတစ်နေရာတွင် လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ရန်ကုန်ရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးပြီး လုံခြုံရေးတာဝန်ယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ (ဓါတ်ပုံ - မဇ္ဈိမ)

သင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်တိုင်းအတွင်း ဘာသာရေးလူမျိုးရေးပဋိပက္ခများမဖြစ်စေရန် တိုင်း အတွင်းရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးကာ မြို့နယ်စခန်းများကိုလည်း အရန်အဖြစ် စုဆောင်းဖွဲ့စည်း ထားပြီး လုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“အင်အားအနေနဲ့တော့ ရှိတဲ့အင်အားကို ထုတ်နုတ်ပြီးတော့ ဒီမှာအင်ပြည့်အားပြည့် သုံးရမှာဖြစ်ပါတယ်။ အရန်ကောဘာကော အကုန်သုံးမှာပါ။ ဒီသင်္ကြန်ကာလမှာ ရဲတပ်ရင်းတွေကို အကုန်ထုတ်သုံးသွားမှာပါ” ဟု ၀န်ကြီးက ပြောသည်။

မှော်ဘီရဲတပ်ရင်း နှစ်ခု၊ ရွှေပြည်သာ ရဲတပ်ရင်း၊ လှိုင်သာယာရဲတပ်ရင်း၊ ရွှေမြရာ ရဲတပ်ရင်း၊ ပဲခူးရဲတပ် ရင်း၊ မင်္ဂလာဒုံ ရဲတပ်ရင်းများရှိ ရဲတပ်ရင်းခုနစ်ခုစလုံးရှိ ရဲအင်အားအကုန်ထုတ် အသုံးပြုသွားမည် အပြင် မြို့နယ်ရဲစခန်းများရှိ ရဲများဖြင့်လည်း လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

“ဒီကြားထဲဖြစ်တဲ့အပေါ် မူတည်ပြီးတော့ အင်အားတိုးချမှာပါ။ ထူးခြားလာရင် ထူးခြားသလို ကျွန်တော်တို့ အရန်အဖွဲ့တွေ ထိုးထည့်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်”ဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် (၁၁)ကြိမ်မြောက် ရခိုင်သင်္ကြန်ပွဲတော်ကို ကျင်းပမည်ဖြစ်ရာ ပွဲတော်အတွက် လုံခြုံရေးယူ ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းထားသည်ဟု ရိုးရာ သင်္ကြန်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောသည်။

“လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းထားတယ်။ ပွဲကျင်းပရေး ကော်မတီအောက်မှာ လည်း လုံခြုံရေးကော်မတီ ဖွဲ့ထားတယ်။ နောက်ပြီး စီစီတီဗီကင်မရာ ရှစ်လုံးတပ်ဆင်မယ်၊ အ၀င်ပေါက် တွေမှာ စစ်ဆေးမယ်”ဟု ဒေါက်တာစံလှကျော်က မဇ္ဈိမကိုပြောသည်။

ရခိုင်ရိုးရာသင်္ကြန်ကို နံ့သာသွေး ပွဲတော်၊ ဘုရားရေသပ္ပာယ်ပွဲတော်တို့ကို ရွှေတိဂုံဘုရားအလယ်ပစ္စယံရှိ ရခိုင်ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်ပြီး သင်္ကြန်ရေလောင်းပွဲတော်ကို ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ ကွင်းတွင် ကျင်းပမည်ဖြစ်သည်။

လှည်းကူး
ဧပြီ ၄ ရက်က ပဋိပက္ခဖြစ်ပေါ်ခဲ့သည့် လှည်းကူးမြို့နယ်တွင် လက်ရှိပုံမှန်အနေအထားရောက်ရှိသော် လည်း သင်္ကြန်ကာလတွင် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်သည်။ လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှု များ ထပ်မံကြုံတွေ့လာပါက သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ရန် လုံခြုံရေးအဆင်သင့် စီမံထားသည်ဟု ဦးတင်ဝင်းက ဆိုသည်။


မိတ္ထီလာ
၂၀၁၃ ခုနှစ်၊ မတ်အတွင်းက ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည့် မိတ္ထီလာတွင် မူ ယခုနှစ်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပြီး နေရာအလိုက် ရဲတပ်ဖွဲ့ ၃၅ ဖွဲ့ကို အလှည့်ကျ တာဝန်ပေးကာ လုံခြုံရေးယူသွားမည်ဟု မိတ္ထီလာခရိုင်ဦးစီးအရာရှိ ဦးမြင့်အေးက မဇ္ဈိမသို့ ပြောသည်။

“အင်အားခွဲတမ်းတွေ ဘယ်လိုချထားတယ်ဆိုတာကတော့ လုံခြုံရေးအရ သိခွင့်မပေးထားဘူး။ ဘယ်လိုနေ ရာတွေမှာချမယ်ဆိုတာလည်း ပြောခွင့်မပေးထားဘူး။ ဒါပေမဲ့ လုံခြုံရေးနေရာတွေကတော့ အတိအကျ ထွက်ရှိပြီးပြီ။ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတွေလည်း နေခင်းပိုင်းတွင် ပုံမှန်အချိန်အတိုင်း ထွက်ခွင့်ရရှိ မယ်”ဟု ဦးမြင့်အေးက ပြောသည်။



လားရှိုး
၂၀၁၃ ခုနှစ်၊ မေလအတွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် လားရှိုးမြို့တွင်မူ မဏ္ဍပ်ရှစ်ခု တည်ဆောက်ခွင့် ပြုထားပြီး လုံခြုံရေးအပြည့်အ၀ တာဝန်ယူဆောက်ရွက်သွားမည်ဟု ခရိုင်ရဲတပ်ဖွဲ့ဝင်တို့က ဆိုသည်။ “ပဋိ ပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ နောက်ထပ်မဖြစ်ပွားအောင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေတယ်။ နောက်ပြီး ၀ိုင်းပတ်ပိတ်ဆို့စနစ်နဲ့ ဆောင်ရွက်နေတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့နေရာတွေမှာ လုံခြုံရေး ယူထား တယ်။ ဘယ်နေရာတွေမှာ နေရာယူထားတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတဲ့ ရဲအင်အားနဲ့ လုံခြုံရေးတာဝန် ယူဆောင်ရွက်နိုင်တယ်”ဟု လားရှိုးမြို့နယ် ဒု-ရဲအုပ် ထွန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့ကြီးများ
ရခိုင်ပြည်နယ်ရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြို့အများစုတွင် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နိုင်ခြင်း မရှိသေးဟု ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသီးမှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဧပြီ ၈ ရက် တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ခရီးသွားမြို့ဖြစ်သော မြောက်ဦး၊ မောင်တော၊ စစ်တွေမြို့ အပါအ၀င် သံတွဲမြို့များတွင် သင်္ကြန်မဏ္ဍပ်များ ဧပြီ ၈ ရက်အထိ စီစဉ်ဆောက်လုပ်ခြင်းမရှိသေးဟု ဒေသခံများက ဆိုသည်။

“ပုဒ်မ ၁၄၄ လည်းထုတ်ပြန်ထားတော့ သင်္ကြန်မဏ္ဍပ်တွေ ယိမ်းအကတွေ ဒီနှစ်မလုပ်ဖြစ်တော့ဘူး”ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမ ကို ပြောသည်။ ငပလီမြို့နယ်ခွဲတွင်မူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ဟိုတယ်များ၏ အစီအစဉ်ဖြင့် မဏ္ဍပ်များ ဆောက်လုပ်မည် ဖြစ်ပြီး ငပလီကမ်းခြေ လုံခြုံရေးကိုမူ တင်းကျပ်စွာချထားပေးမည် ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် သင်္ကြန်မဏ္ဍပ်များတွင် ညအချိန်များတွင်မူ ရိုးရာယိမ်းအကများဖြင့် မဏ္ဍပ်များတွင် ဖျော်ဖြေ လေ့ရှိကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ထိုပျော်ပွဲရွှင်ပွဲများကို သံတွဲမြို့အပါအ၀င် မြို့နယ်အချို့တွင် ကျင်းပနိုင်မည်မဟုတ်ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ပြောသည်။

“ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် ပြည်သူတွေ သင်္ကြန်ပွဲတော်ကိုတောင် စည်စည်ကားကား မကျင်းပနိုင်တာ သုံးနှစ်လောက်ရှိပြီ”ဟု ဦးအောင်ကျော်ညွှန့်က ပြောသည်။

သံတွဲမြို့တွင်းမှ လူငယ်တစ်ဦးဖြစ်သည့် “ကိုမင်းမင်းစိုးက မြို့တစ်မြို့လုံးမှာ မဏ္ဍပ်တစ်ခုတောင် မဆောက် ဘူးဆိုတော့ သင်္ကြန်မရှိတာနဲ့အတူတူပဲ။ သင်္ကြန်မှာပျော်ဖို့ အားခဲထားတဲ့ လူငယ်တွေက ဘာလုပ်ရမှာ လဲ”ဟု ပြောသည်။

“အရင်နှစ်တွေကဆို မြောက်ဦးမှာ မဏ္ဍပ်ပေါင်း ၂၀ က ၃၀ ကြား ဆောက်တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀ ခုလောက်ပဲ ဆောက်တယ်၊ ဒီနှစ်တော့ မဆောက်သေးဘူး”ဟု ကိုထွန်းထွန်းက မဇ္ဈိမကိုပြောသည်။

ပြည်
ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင်မူ လုံခြုံရေးအင်အား ၇၀၀ ကျော် ချထားမည်ဟု ခရိုင်ရဲမှူး ခင် မောင်သန်းက ပြောသည်။ “ပြည်ခရိုင်တစ်ခုလုံးမှာ အဓိကတော့ ပြည်မြို့မှာဖြစ်တယ်။ မဏ္ဍပ်တိုင်း ရပ် ကွက်တိုင်းမှာ လုံခြုံရေး အပြည့်အ၀ယူ ပေးမယ်”ဟု ပြောသည်။

မဇ်ၥိမ

အပြည့်အစုံသို့ »

လှည်းကူးပဋိပက္ခတွင် ပါဝင်သူ၊ လှုံ့ဆော်သူ ဆယ်ဦးကျော် ဖမ်းဆီး

လှည်းကူးပဋိပက္ခတွင်ပါဝင်သူများကို ရဲတပ်ဖွဲ့ဝင်များက ဧပြီ ၄ ရက်ညက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

လှည်းကူးမြို့ပဋိပက္ခတွင် ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲတပ်ဖွဲ့က ဧပြီ ၄ ရက် တစ်ညလုံး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ဧပြီ ၅ ရက်တွင် မြို့အခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့မှာ ဘာမှပြဿနာမ ဖြစ်တော့ပါဘူး။ အားလုံးတည်ငြိမ်နေပါပြီ။ ဈေးလည်းပုံမှန်အတိုင်းပြန်ဖွင့်နေပါတယ်’’ ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးခင်မြင့်က ပြောသည်။

ဧပြီ ၄ ရက် ညနေ ၃ နာရီ ခန့်တွင် လှည်းကူးမြို့နယ် မြို့မ ဈေးအတွင်း အမိုးအကာကူရှင်ပြု လုပ်သည့် အရောင်းဆိုင်နှစ်ဆိုင် ဈေးအပြိုင်အဆိုင် ရောင်းချရာမှ စကားများပြီး ဘာသာခြားဆိုင်မှ လူငယ်သုံးဦးက အခြားဆိုင်ရှိ လူငယ်တစ်ဦးအား ကတ်ကြေးဖြင့် ထိုးခဲ့ရာ အမျိုးသားတစ်ဦး မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းကို မကျေနပ်သော မြို့ခံအချို့က လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု စတင်ဖြစ်ပေါ်ခြင်း ဖြစ်သည်။

လှည်းကူးပဋိပက္ခ ပြဿနာ စတင်ဖြစ်ပွားရာတွင် ပါဝင်သူ ဘာသာခြားသုံးဦးအား ရဲတပ်ဖွဲ့ က ချက်ချင်းဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့သော်လည်း မြို့ခံလူ အချို့က ကျေနပ်မှုမရှိသောကြောင့် လူစုလူဝေးများဖြစ်ပေါ်ကာ မြို့လူထုက အကြမ်းဖက်မှု အသွင်ဆောင်လာခဲ့သည်။ ထို့နောက် ဗန်ဒါပင်လမ်းရှိ ကတ်ကြေးဖြင့်ထိုးသော လူငယ်၏ ဦးလေးပိုင် ဟူစင်အအေးနှင့် မုန့်မျိုးစုံဆိုင်ကို ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။

ထိုနေ့ညဦးပိုင်းအချိန်တွင် ဆူပူအကြမ်းဖက်ရန် ကြိုးစားနေ သော လူအုပ်ကြီးက ရဲတပ်ဖွဲ့များ ကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ လေးခွ တွင် သံလုံးများထည့်၍ ပစ်ပေါက် ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။ ထို့ နောက်ပိုင်းတွင် အဆိုပါ လူအုပ် ကြီးသည် ရဲကားများ၊ လမ်းဘေး ရှိ အိမ်များကို ဖျက်ဆီးခြင်း၊ ခဲ များဖြင့် ပစ်ပေါက်ခြင်းများ ပြု လုပ်လာသောကြောင့် ရဲတပ်ဖွဲ့  က ထိုလူအုပ်ကြီးကို လိုက်လံဖြိုခွင်းကာ ဖမ်းဆီးခဲ့သည်။ ထို သို့ဖြိုခွင်းဖမ်းဆီးမှု နှစ်ကြိမ်ပြု လုပ်ရာ ဆူပူအကြမ်းဖက်သူများ ဒဏ်ရာရရှိ၍ ဖမ်းဆီးခံခဲ့ရသူ အ နည်းဆုံးငါးဦးထက်မနည်း ရှိခဲ့ သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ည ၁၀ နာရီခွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် အရေး ပေါ် ဒေသန္တရအမိန့်အဖြစ် ည ၆ နာရီမှ နံနက် ၆ နာရီထိ လူငါးဦးထက်စုဝေး၍ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်လိုက်သောကြောင့် ည ၁၁ နာရီအချိန်တွင် တည်ငြိမ်သွားခဲ့သည်။

သို့သော် ည ၁၂ နာရီတွင် လုံခြုံရေးယူထားသော ရဲအချို့ ပြန်သွားသောကြောင့် ဆူပူရန်လှုံ့ ဆော်သူ အမျိုးသား ၃၀ ခန့်သည် လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ပစ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်လံဖမ်းဆီးရာ လေးဦး ဖမ်းဆီးနိုင်ခဲ့သည်။ လှည်းကူး ပဋိပက္ခဖြစ်စဉ်တွင် စုစုပေါင်း ဖမ်းဆီးရမိသူ ၁၃ ဦးထက်မနည်း ဖမ်းဆီးရမိသည်။

‘‘လူဦးရေ ဘယ်နှယောက် ဖမ်းမိတယ်ဆိုတာတော့ သေချာ မသိသေးပါဘူး။ ဖမ်းဆီးထားသူတော့ ရှိပါတယ်’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရုံးမှဒုရဲမှူးကြီးမင်း အောင်က ပြောသည်။

ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ပြဿနာစတင်ဖြစ်ပွားသော လှည်းကူးမြို့ ဈေးကြီးပုံမှန်အတိုင်း အရောင်းအ၀ယ်ပြုလုပ်နေသည်ကို တွေ့ရသည်။

‘‘ဒီနေ့တော့ ဘာဖြစ်သံမှမကြားပါဘူး။ ရဲတပ်ဖွဲ့တွေက တော့ ဈေးကြီးနားတွေမှာ လုံခြုံ ရေးယူထားပါတယ်။ မြို့ထဲမှာ လည်း ပုံမှန်အတိုင်းဖြစ်နေပါတယ်’’ ဟု လှည်းကူးမြို့မှ ကိုကျော်သီဟက ပြောသည်။

ညပိုင်းတွင်လည်း ပုဒ်မ ၁၈၈ ကို ဆက်လက်ထုတ်ပြန်ထားပြီး အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

Author: ငြိမ်းချမ်း
7Day Daily

အပြည့်အစုံသို့ »

လှည်းကူး၌ ပုဒ်မ-၁၈၈ မရုပ်သိမ်းသေး လုံခြုံရေးအင်အား အပြည့်ချထားဆဲ


နန္ဒ၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဧပြီ-၅

လှည်းကူးမြို့မဈေးတွင် ဧပြီ ၄ ရက်ညနေခင်း၌စတင်သော ခိုက်ရန်ဖြစ်ပွား မှုမှ ညပိုင်းအထိ ဆူပူမှုအချို့ဖြစ်ပွားခဲ့ရာ ပုဒ်မ-၁၈၈ထုတ်ပြန်ထိန်းသိမ်းခဲ့ ရပြီး ဧပြီ ၅ ရက်အထိ ပုဒ်မ-၁၈၈ ကို မရုပ်သိမ်းသေးဘဲ လုံခြုံရေးအင်အား အပြည့် သုံးစွဲထားကြောင်း သိရသည်။

" တည်ငြိမ်အေးချမ်းမှု အခြေအနေကိုကြည့်ပြီး ပုဒ်မ-၁၈၈ ဆက်ထား၊ မထားစဉ်းစားမယ် " ဟု လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်သို့ ပြောကြားခဲ့သည်။

ရဲအင်အားအပြည့်သုံးထားသောကြောင့် တည်ငြိမ်အေးချမ်းမှုရရှိခဲ့ပြီဟု ဆိုသော်လည်း လှည်းကူးမြို့မဈေးမှဆိုင်ခန်းများမှာ ဧပြီ ၅ ရက် နံနက်ပိုင်း ၌သာ ခေတ္တဖွင့်လှစ်ခဲ့ကြပြီး တစ်နေကုန် ပြန်လည်ပိတ်သိမ်းခဲ့ကြသည်။
" ကျွန်တော်တို့ကတော့ ဈေးပိတ်ဖို့ အမိန့်မထုတ်ထားပါဘူး။ ဆိုင်ရှင်တွေက စိုးရိမ်နေကြလို့ မဖွင့်ကြသေးတာဘဲ ဖြစ်မှာပါ " ဟု အထက်ပါပုဂ္ဂိုလ်က
ပြောဆိုသည်။

အခင်းဖြစ်ပွားရာ မြို့မဈေးပတ်ပတ်လည်၌ ၂၄ နာရီပတ်လုံး ရဲအင်အား ထူထပ်စွာလုံခြုံရေးတာဝန်ချထားသည်ကိုလည်း တွေ့ရှိရသည်။
" ရန်ဖြစ်တဲ့သုံးယောက်အပြင် လူစုလူဝေးနဲ့ဆူပူတဲ့လူတွေထဲက ငါးဦးထက် မနည်းထိန်းသိမ်းထားပါတယ် " ဟု လှည်းကူးမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ အဆိုပါဆူပူမှုကြောင့် ဧပြီ ၅ ရက်တွင် လှည်းကူးမြို့ နယ်သို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးကိုယ်တိုင် လာရောက်ခဲ့ပြီး လုံခြုံရေးအတွက် စီမံမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဧပြီ ၄ ရက် ညနေပိုင်းက ဆိုင်နီးချင်းလူငယ်များ အကြားဖြစ်ပွားသော ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ အုပ်စုဖွဲ့ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများအား ခဲဖြင့်ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များပါ ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့သည်။ အဆိုပါ ဆူပူမှုမှာ သန်းခေါင်စာရင်းကောက်ယူစဉ်ကာလ အတွင်း ပထမဆုံးဖြစ်ပေါ်ခဲ့သည့် ဆူပူမှုလည်း ဖြစ်သည်။ နေ့ဘက်၌ တည်ငြိမ်အေးချမ်းလျက်ရှိသော်လည်း ညဘက်တွင် အုပ်စုဖွဲ့ဆူပူသောင်း ကျန်းမှုများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

လှည်းကူးမြို့ တည်ငြိမ်ပေမဲ့ ပုဒ်မ ၁၈၈ ရှိဆဲ


မြန်မာ ရဲတပ်ဖွဲ့
ဧပြီလ ညနေပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့ မှာ ဗုဒ္ဓဘာသာဝင် တဦး နဲ့ အစ္စလမ် ဘာသာဝင် တဦး တို့ ဆိုင်နီးချင်း အချင်းများ ရာမှ လူအုပ် ပါ၊ ပါ လာပြီး ခိုက်ရန် ဖြစ်ပွား ကြတဲ့ အတွက် ရဲတပ်ဖွဲ့ ဝင်တွေ က အခြေအနေ ကို ထိန်းလိုက် ပြီး၊ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်ပါတယ်။

ကနေ့ မနက် မှာ တော့ အခြေအနေ တည်ငြိမ်နေပြီး၊ ပုံမှန် အနေအထား ရောက်လာပေမဲ့၊ ဈေးဆိုင်တွေ ပိတ်ထားတဲ့ အကြောင်း ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ သတင်းထောက် တဦး က ဘီဘီစီ ကို ပြောပါတယ်။

လှည်းကူး လုံခြုံရေး အခြေအနေ ကို တာဝန်ယူတဲ့ ရဲတပ်ရင်း တပ်ရင်းမှူး ဒုတိယ ရဲမှူးကြီး ကျော်သီဟ က မနေ့ည ၁၂ နာရီ နောက်ပိုင်း က စလို့ ကနေ့ မနက် အထိ အခြေအနေ တည်တည် ငြိမ်ငြိမ်ရှိကြောင်း၊ မနေ့ က ဖမ်းထားသူတွေ အနက် တချို့ကို ခံဝန် ကတိ နဲ့ လွှတ်ပေးဖို့ ရှိသလို၊ ခိုက်ရန် ဖြစ်ပွားသူ၊ ထိခိုက်ဒဏ်ရာ ရအောင် ပြုလုပ်သူတွေ ကိုတော့ ဥပဒေ ကြောင်းအရ အမှုဖွင့်၊ အရေးယူဖို့ ဆောင်ရွက် နေသလို၊ ပုဒ်မ ၁၈၈ ကို ထုတ်ထားဆဲ ဖြစ်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ပုဒ်မ ၁၈၈ ထုတ်ရခြင်း ကလည်း ဆူပူလှုံ့ဆော် အောင် အဖျက် အမှောင့် လုပ်ငန်းတွေ မလုပ်နိုင်အောင်၊ ကြိုတင် ကာကွယ် တဲ့ အနေ နဲ့ ဖြစ်ကြောင်း၊ မနေ့ က ဆိုရင် အစ္စလမ် ဘာသာဝင် ရဲ့ အိမ် ကို လူစုလူဝေး နဲ့ ဝိုင်းပြီး၊ ခဲလုံး နဲ့ ပေါက်၊ ပါတဲ့ ပစ္စည်း နဲ့ ပစ်ပေါက် ကြတဲ့ အတွက်၊ အခြေအနေ ပိုဆိုးခဲ့ ရင် မြို့နေ လူထု ပါ ထိခိုက် မှာ စိုးလို့ ဖြစ်ကြောင်း၊ ရဲတပ်ရင်း တပ်ရင်းမှူး ဒုတိယ ရဲမှူးကြီး ကျော်သီဟ က ပြောပါတယ်။

BBC

အပြည့်အစုံသို့ »

လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ



ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့ မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာ ကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင် လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက် နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။

အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့ က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက်ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေနဲ့ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ် ကိုဆေးကုဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း ကိုထွန်းကြည်က RFA ကိုပြောပါတယ်။

"လှည်းကူးကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၈ ယောက်သယ်လာတယ်လေ၊ မ က ၆ ယောက်၊ကျား က ၂ ယောက် မင်္ဂလာတောင်ညွန့်မှာ ၉၂ လမ်းနဲ့ ဒေါ်သိန်းတင်လမ်းမှာ ၄ ယောက်၊၁၁၈ လမ်းမှာ ၄ ယောက် သူတို့ကဒဏ်ရာတွေနဲ့ဗျ၊ဒါပေမဲ့ စိတ်မကောင်းစရာက ဒဏ်ရာရနေတဲ့ လူနာတွေကို ရန်ကုန်တိုင်းရဲက အထက်က ပရက်ရှာနဲ့ဆေးရုံကနေပြီးတော့ ဆေးလေးထည့်ပေးတယ်၊ပတ်တီးလေးစည်းပေးပြီး ချက်ချင်း ဆင်းခိုင်းတယ် "

ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လူငယ်ကို  ရဲကအခုဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြေအနေတွေထိမ်းသိမ်းနိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီချထားလိုက်သလို ပုဒ်မ ၁၈၈ ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့လည်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ကျအရာရှိရော၊ လှည်းကူးရဲစခန်းကပါ တာဝန်ကျဝန်ထမ်းတဦးကပါ အတည်ပြု ပြောဆို ပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ကြားဖြတ် ရွေးကောက်ပွဲ ဒုတိယ အကြိမ် ပြုလုပ်မည်


လစ်လပ် နေသော မဲဆန္ဒ နယ်ပေါင်း (၃၀) ရှိနေ သောကြောင့် ဒုတိယ အကြိမ် မြောက် ကြားဖြတ် ရွေး ကောက်ပွဲ ကို ၂၀၁၄ ခုနှစ် အတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြော ကြားသည်။ မတ်လ (၂၀) ရက်နေ့ က ပြုလုပ် သော ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် လှည်းကူး မြို့နယ် မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ရန် အစီ အစဉ် ရှိ၊ မရှိနှင့် ကျင်းပ မည့် နေ့ရက် ကို မည်သို့ ကြိုတင် ကြေညာ ပေးမည် ကို မေးမြန်းခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ က လာ ရောက် ဖြေကြား ခဲ့ ခြင်း ဖြစ် သည်။ လစ်လပ်မဲ ဆန္ဒနယ် (၂၈) နယ် မှာ ဒုတိယ အ ကြိမ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် အစီ အစဉ် ရှိပါတယ်။ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပမည့် နေ့ကို အနည်းဆုံး သုံးလ ကြိုတင် ကြေညာ ပေးမှာ ဖြစ် ပါတယ် ဟု ကော်မရှင် ဥက္ကဋ္ဌ က ဆိုသည်။ လွှတ်တော် သက်တမ်း သုံးနှစ် ကျော် အတွင်း အကြောင်း အမျိုးမျိုး ကြောင့် လစ်လပ် သွားသော မဲ ဆန္ဒ နယ်မြေ များမှာ ပြည်နယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် များ အတွက် ကိုယ် စားလှယ် (၁၁) ဦး၊ ပြည်သူ့ လွှတ် တော် တွင် ကိုယ်စားလှယ် (၁၃) ဦး၊ အမျိုး သား လွှတ်တော် တွင် ကိုယ်စား လှယ် လေးဦး၊ စုစု ပေါင်း လစ်လပ်မဲ ဆန္ဒနယ် ပေါင်း (၂၈) ခုရှိ နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိ ရသည်။ ထို့နောက် ယခု နှစ် မတ်လ (၂၀) ရက်နေ့ တွင် ချင်း ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် လစ်လပ်မဲ ဆန္ဒနယ် နှစ်ခု ထပ်မံ ဖြစ်ပေါ် လာသော ကြောင့် လစ်လပ်မဲ ဆန္ဒ နယ်ပေါင်း (၃၀) အထိ ဖြစ်နေ ကြောင်း သိရသည်။

Messenger News Journal 

အပြည့်အစုံသို့ »

ပဲခူးမြို့ ဥဿာ နှစ်ထပ်ဈေး မီးလောင်မှု နောက်ဆက်တွဲ သတင်း



ပဲခူး ဖေဖော်ဝါရီ ၂၇

(၂၇-၂-၂၀၁၄) ရက်နေ့ နံနက် (၀၁း၁၅) နာရီအချိန်တွင် ပဲခူးမြို့နယ် မီးသတ်စခန်းနှင့် (၁)ဖာလုံခန့် ကွာဝေးသော ပဲခူးမြို့နယ်၊ “သီရိဥဿာဈေး” ၏ အောက်ထပ်တွင် မီးလောင်နေကြောင်း (၀၁း၃၅) အချိန်ခန့်တွင် သတင်းရရှိသဖြင့် ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၁) စီး၊ အထောက်အကူပြုယာဉ် (၁) စီး၊ သနပ်ပင်၊ ဝေါ၊ ဘုရားကြီး၊ လှည်းကူး၊ ထောက်ကြန့် မင်္ဂလာဒုံ မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် (၆) စီး၊ စုစုပေါင်း (၁၃) စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၆၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့အား ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းထွန်း၊ အောက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ တိုင်းမီးသတ်ဦးစီးဌာနမှူး ရဲသူရိန်လှမြင့်တို့၏ ဦးဆောင်မှုဖြင့် ဈေးမှ မီးသတ်ဆေးဗူး (၂၀) ဗူးဖြင့် လည်းကောင်း၊ ရေဂါလံ (၁၃၂၀၀) တို့ကို အသုံးပြု ငြှိမ်းသတ်ရာ ၀၂း၃၅ နာရီချိန်တွင် မီးထိန်းပြီး ရေဂါလံ (၁၀၀၀၀) အသုံးပြု၍ ငြှိမ်းသတ်ရာ (၀၃း၄၅) နာရီအချိန်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်ရသည့် အကြောင်းအရင်းမှာ ဈေးမိန်းခုံမှ သွယ်တန်းထားသော လုံခြုံရေး မီးလိုင်းမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၉၄ ခန်းနှင့် အပေါ်ထပ်ရှိ “MICKEY MOUSE” ကစားခန်းမမှ မျက်နှာကျက်များ မီးလောင်သဖြင့် ငွေကျပ် သိန်းလေးရာ့ငါးဆယ်ခန့် ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဈေးတာဝန်ခံ စိုးမင်းထွန်း၊ ဈေးလုံခြုံရေး ဝန်ထမ်း ဦးမောင်ဝင်းနှင့် ဦးချစ်ကို တို့အား ပဲခူးမြို့နယ် အမှတ် (၁) မြို့မ ရဲစခန်းမှ (ပ)၁၅၄/၂၀၁၄ ပြစ်မှု ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »