Showing posts sorted by relevance for query နေပြည်တော်. Sort by date Show all posts
Showing posts sorted by relevance for query နေပြည်တော်. Sort by date Show all posts

ကမ္ဘာ့မြို့တော်များ ပြောင်းရွှေ့ခြင်းနှင့် နေပြည်တော်တည်ရခြင်းအကြောင်းရင်း – လင်းထိုက် (Y.I.T)


    (နိုင်ငံခြားကြောက်ရောဂါ)နှင့် (အယူသီးမှု)တို့အပေါ်တွင် အခြေပြုစဉ်းစားခဲ့. . . ရွှေတိဂုံစေတီတော်ရန်ကုန်တွင် တည်ရှိနေခြင်းကလည်း အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံဖြစ်စေ . . .အာရပ်နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည်မပေါ်သော ဗုံးပေါက်ကွဲမှု များမှာလည်း အကြောင်းရင်းခံများ . . .

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်အစိုးရသည် အစိုးရ ၀န်ထမ်းများအား မြို့တော်သစ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက် ထုတ်ပြီး နောက်ပိုင်းတွင် နေပြည်တော် မြို့တော်သစ် ဇာတ်လမ်းအစပြု ခဲ့သည်ဟု ဆိုရပါမည်။ ထိုစဉ်အခါ ကမ္ဘာ့ သတင်းစာမျက်နှာ များတွင်တော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ မနက် ၆ နာရီခွဲ တိတိတွင် ပျဉ်းမနား နေပြည်တော် မြို့သစ်သို့ အစိုးရ ရုံးများ ရုတ်တရက် ပြောင်းရွှေ့ သွားကြောင်း ကမ္ဘာ့သတင်း ဌာနများမှ ပလူပျံအောင် ရေးသား ဖော်ပြခဲ့ကြသည်။

တောင်၊ မြောက် ၁၁ မိုင်ကျော်၊ အရှေ့၊ အနောက် ၈ မိုင်နီးပါး၊ စတုရန်း မိုင်အားဖြင့် ၂၇၀၀ စတုရန်းမိုင် ကျယ်ဝန်းသော နေပြည်တော် မြို့တော်သစ်ကြီးသည် ရန်ကုန်မြို့ မြောက်ဘက်မှ ၂၄၄ မိုင် ကွာဝေးပြီး ပဲခူးရိုးမနှင့် ရှမ်းရိုးမ ကြားတွင် တည်ရှိပေသည်။ ပျဉ်းမနားမြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာ ပျဉ်းမနား – တောင်တွင်းကြီး၊ လယ်ဝေး လမ်းဆုံအနီးတွင် တည်ထားခြင်း ဖြစ်သည်။ ပျဉ်းမနားမြို့ ဟူသည် ဂျပန်ခေတ် ကာလက ဗိုလ်နေ၀င်း၏ တပ်ရင်း(၁) ဌာနချုပ် တည်ရှိခဲ့ဖူးရာ မြို့လည်း …  ဖြစ်သည်။ နေပြည်တော် မြို့တော်သစ်အား ၂၀၀၁ ခုနှစ် ကတည်းမှ လျှို့ဝှက် တည်ဆောက်ခဲ့သည်ဟု တချို့သော ကမ္ဘာ့ သတင်းဌာန များက ဖော်ပြခဲ့သည်။ မြို့တော်သစ်အား ယခင် စစ်အစိုးရနှင့် နီးစပ်သော ခရိုနီများ၏ ကုမ္ပဏီ အများစုမှ တည် ဆောက်ပေးခဲ့ပြီး တရုတ်ကုမ္ပဏီ များလည်း ပါဝင် တည်ဆောက် ပေးခဲ့သည်ဟု အစီရင်ခံစာ တချို့က ဆိုပါသည်။ ၀န်ကြီးရုံး ၃၀ ခန့်အား တောင်-မြောက် ၅မိုင်ခွဲ၊ အရှေ့- အနောက် ၃မိုင် နီးပါးကျယ်ဝန်းသော မြေ ဧရိယာပေါ်တွင် တည်ဆောက်ခဲ့ပြီး၊ တောင်ဘက် ချောင်းမကြီး ရေကာတာ အနီးတွင်မူ အစိုးရ ဧည့်ရိပ်သာ များကို တည်ဆောက် ထားသည်။ ၀န်ကြီးရုံးများ၏ တောင်ဘက်တွင် ၀န်ထမ်း အိမ်ရာများနှင့် ဈေးများကို တွေ့ရမည် ဖြစ်ပြီး မြို့တော်တောင်ဘက် ၈ မိုင်အကွာ ဧလာမြို့ အနီးတွင် ကြီးမားသော လေဆိပ်ကြီး တစ်ခုကို တည်ဆောက် ခဲ့သည်။ စစ်ရုံးချုပ် အပါအ၀င် အရေးကြီး စစ်ဘက် အဆောက်အအုံ များမှာမူ ပျဉ်းမနား အရှေ့မြောက်ဘက် တောတောင်များအား နောက်ခံ အကာအကွယ်ယူ၍ သီးခြား တည်ဆောက်ထားသည်ဟုဆိုသည်။

မြို့တော်သစ်ကြီးအား ၂၄ နာရီ လျှပ်စစ်မီး အပြည့်ရအောင် ဖြည့်ဆည်းထားပြီး ရှုမျှော်ခင်း လှပသော ပန်းခြံများ၊ ဂေါက်ကွင်းကြီးများ၊ အိမ်ကြီးရခိုင် ခံ့ညားထည် ၀ါသော အဆောက်အအုံကြီးများ၊ ရှားပါး ပင်ဂွင်းငှက် များပါ ပြသထားသော တိရစ္ဆာန် ရုံတစ်ရုံ စသည်ဖြင့် အစိုးရရုံး စိုက်ရာ မြို့တော်ကြီးသည် ခံ့ထည်ကြီးကျယ် ခမ်းနားမှု အပေါင်းနှင့် ပြည့်စုံပါပေသည်။

နေပြည်တော် မြို့တော်သစ်ကြီး၏ ကုန်ကျစရိတ်အား တိတိကျကျ တွက်ချက်ရန် ခက်ခဲ လှသော်လည်း ပညာရှင်များ သုံးသပ်ကြသည်ကတော့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ နီးပါး ကုန်ကျခဲ့လိမ့်မည်ဟု ဆိုကြ သည်။ မြို့တော်သစ်ကြီးအား တရားဝင် ပြောင်းရွှေ့ခဲ့သည့် အချိန်တွင် နိုင်ငံတွင်းရှိ နိုင်ငံသားတစ်ယောက်၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈၀ (မြန်မာငွေ ၂ သိန်း ၈သောင်းခန့်) သာရှိခဲ့ပြီး တိုင်းပြည်တွင်းရှိ တချို့သော ကလေးငယ်လေးများသည် အမှိုက်ကြို အမှိုက်ကြားမှ ကောင်းပေ့ ဆိုသည့် အစုတ်အချာလေးများ လိုက်လံ ကောက်ယူပြီး အသက်မွေးမှု ပြုနေရသည်ဟု ပညာရှင်များ လေ့လာထားသော အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

မြို့တော်သစ်ကြီး တည်နေရာ၏ ထူးခြားချက် တစ်ခုမှာ ပျဉ်းမနားမြို့၏ အရှေ့တွင် (ပင်လောင်းမြို့)၊ တောင်ဘက်တွင် (တောင်ငူမြို့)၊ မြောက်ဘက်တွင် (တပ်ကုန်းမြို့)တို့ တည်ရှိပြီး ထိုဝန်းရံထားသော မြို့အားလုံးမှာ ၉ ဂဏန်းဖြစ်ကြောင်း ဂမီ်္ဘရ ဗေဒင်ပညာရှင်များက ဆိုပါသည်။ အခြား ထူးခြားချက် တစ်ခုမှာ ထိုမြို့တော်သစ် ပြောင်းရွှေ့မည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ၂၀၀၅ နိုဝင်ဘာ ၇ ရက်ညနေ ၃ နာရီမှ ၃ နာရီ ၅ မိနစ် အထိ ၅ မိနစ်သာကြာ မြင့်ပြီး မြန်မာပြည်တွင် အတိုဆုံး သတင်းစာ ရှင်းလင်းပွဲအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း (ယခု သမ ၀ါယမ၀န်ကြီး)က လမ်းပန်း ဆက်သွယ်ရေး အရ ဗဟိုကျသော မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြောင်းရွှေ့ ရခြင်း ဖြစ်ကြောင်း တိုတို တုတ်တုတ် ပြောဆိုသွားခဲ့သည်။

နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုသည် ခေတ်သစ်ကမ္ဘာ တွင်တော့ မြန်မာ တစ်နိုင်ငံတည်း မဟုတ်ခဲ့ချေ။ ပထမ ကမ္ဘာစစ်မှ စတင်ရေတွက်လျှင် နေပြည်တော်ကဲ့သို့ ရွှေ့ပြောင်းခဲ့သည့် မြို့တော် သစ်ပေါင်း ၁၇ မြို့ရှိခဲ့သည်။ တောင်အာဖရိက နိုင်ငံဆိုလျှင် မြို့တော် သုံးခုရှိသည်ဟုပင် ဆိုရမည်။ အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံခြား သံရုံးများသည် ပရီတိုးရီးယားတွင်ရှိ၍ ဥပဒေပြုရေး အပိုင်းမှာ မူကိတ်တောင်း မြို့တွင် တည်ရှိကာ တရားစီရင်ရေး အပိုင်းကား ဗလိုရမ်ဖွန်းတိမ်း (BloemFontein) တွင် တည်ရှိပေသည်။

နေပြည်တော်ကဲ့သို့ မြို့တော်သစ် ပြောင်းရွှေ့မှုမျိုး ကမ္ဘာတွင် ရှိသည် ဆိုသော်လည်း နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုကား ပိုမို ထူးခြားနေပြီး မြို့တော်သစ် ပြောင်းရွှေ့မှုများ ထဲတွင် နားလည်ရ အခက် ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။

တခြား ကမ္ဘာ့နိုင်ငံများ၏ မြို့တော်သစ် ပြောင်းရွှေ့မှုများမှာ အေးချမ်းသော ပထ၀ီ အနေအထား၊ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား အုပ်စုများနှင့် တင်းမာမှု လျော့ပါးရေး စသည့် ရည်မှန်းချက် များအား အကောင်အထည် ဖော်ရေးအတွက်ဖြစ်သည်။

မြို့တော်သစ် ပြောင်းရွှေ့ ခဲ့ကြသော ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံမှ မြို့တော်သစ် ၁၇ မြို့အနက် ၂ မြို့သာ မူလ မြို့တော်ထက် ပိုမိုကြီးမားသည်ကို လေ့လာတွေ့ ရှိရသည်။  မြန်မာပြည် မြို့တော်သစ်ကြီးမှာမူ မြို့တော် ဟောင်းထက် ပိုမိုကြီးမားအောင် တည်ဆောက် ထားသော်လည်း ထူးခြားချက်မှာ မြို့တော်ဟောင်း ရန်ကုန် တွင် မြန်မာပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်း (၆ သန်းခန့်) ရှိပြီး မြို့တော်သစ် နေပြည်တော်မှာမူ နိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်း အောက် လူဦးရေ ၉ သိန်းခန့်သာ ရှိသော နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ပျံ့နှံ့မှုနှင့် အုပ်ချုပ်မှု ရေးရာကြား ဆက်သွယ်ချက် များအား သုတေသနပြု လေ့လာချက် ပြုလုပ်နေသော ဟားဗတ် ကနေဒီကျောင်း၏ ပါမောက္ခက ကျောင်းဆရာ Filipe Compante  မှ သုံးသပ်ပြသည် မှာ ““မြို့တော်တစ်ခုသည် နိုင်ငံလူဦးရေ များပြားရာ အရပ်နှင့် ဝေးရာသီးခြားတွင် တည်ရှိလေ၊ အစိုးရပိုင်း၏ အုပ်ချုပ်မှု စွမ်းရည်မှာ ပိုမိုညံ့ဖျင်း ဆိုးရွားလေ ဖြစ်သည်”” ဟု ဆိုခဲ့သည်။

လိပ်ပြာ မလုံသော အာဏာရှင်များသည် သူတို့ကိုယ်သူတို့ အကာအကွယ် ယူရန် မြို့တော်၏ ထီးတည်းဖြစ် အထီး ကျန်ဆန်မှုကိုတော့ ပေးဆပ်ခဲ့ရ လိမ့်မည်သာ ဖြစ်သည်။

မြို့တော်သစ် ပြောင်းရွှေ့မှုတွင် ငြီးငွေ့ ဖွယ်ရာ ကောင်းပြီး ယုတိ္တ မတန်သော ရှင်းလင်းချက်များဖြင့် မြို့တော်သစ်များဆီ ပြောင်းရွှေ့ဖို့ သင့်တော်သည် ဟူသော ရှင်းလင်းချက် များဖြင့်သာ အလွယ်ဖြေရှင်း ချက်ပေး နေသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အဖြေအား စဉ်းစား ကြည့်လျှင် ၎င်းအစိုးရများ၏ လွတ်မြောက်မှု အတွက်သာ သူတို့ ထည့်သွင်း တွက်ချက်ခဲ့ ကြခြင်းဖြစ်သည်။ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု အထွတ် အမြတ်ထားရာ ရွှေတိဂုံ စေတီတော် ရန်ကုန်တွင် တည်ရှိနေခြင်း ကလည်း အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံ ဖြစ်စေခဲ့သည်။ အစိုးရအား တော်လှန်သော ဆန္ဒပြပွဲများသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် ရွှေတိဂုံ ကုန်းမြေ၌ အခြေတည် ခြေကုပ်မှုများ ရှိခဲ့သည်။ ၁၉၄၀ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုလိုနီ ဆန့်ကျင်ရေး တရားများကို ရွှေတိဂုံကုန်း မြေပေါ်မှ ရဲရဲတောက် မိန့်ကြားခဲ့ဖူးသလို ၁၉၈၈ အစိုးရ ဆန့်ကျင် ရေး လူထုအရေး တော်ပုံကြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပရိသတ် ငါးသိန်းကျော်ရှေ့တွင် ရွှေတိဂုံ ဘုရား ခြေရင်း၌ပင် အစိုးရဆန့်ကျင်ရေး တရားဟောခဲ့ဖူးသည်။ တစ်ဖန် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင်လည်း သံဃာ၊ မယ်သီလရှင်နှင့် လူပုဂိ္ဂုလ်များ သည် ဆန္ဒပြရာတွင် ရွှေတိဂုံဘုရားဆီသာ ဦးတည် ချီတက်ခဲ့ကြသည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ခြုံငုံသုံးသပ် ကြသည်မှာတော့ ယခင်အာဏာပိုင် အစိုးရ၏ Xenophobia (နိုင်ငံခြား ကြောက်ရောဂါ)နှင့် Superstition (အယူသီးမှု)တို့အပေါ်တွင် အခြေပြု စဉ်းစားခဲ့သည်ဟု ဆိုသည်။ Xenophobia  ရှုထောင့်မှ စဉ်းစားလျှင် ရန်ကုန်သည် ပင်လယ်နှင့် နီး၍ နိုင်ငံခြား ရေတပ်များ အလွယ်တကူ ၀င်ရောက်လာနိုင်မှုသည် အာဏာရှင် အစိုးရ ဖိနှိပ်ခဲ့မှုများ၏ အကျိုးဆက်အတွက် စိတ် မလုံခြုံမှု ဖြစ်ခဲ့ ရသည်ဟု ဆိုသည်။ အယူသီးမှု ဟူသည်မှာတော့ ဗေဒင်လက္ခဏာ၊ ဂမီ်္ဘရပညာရပ်များ အပေါ် အားကိုးလွန်းခြင်း ကို ဆိုလိုခြင်း ဖြစ်သည်။ ဤတွင် အာရပ် နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည် မပေါ်သော ဗုံးပေါက်ကွဲမှုများ (အထူးသဖြင့် ပြောင်းရွှေ့သည့် နှစ် လူ ၆၀ သေဆုံးသော ၂၀၀၅၊ မေ ၇ ရက် နေရာစုံ ဗုံးပေါက်ကွဲမှု) မှာလည်း အကြောင်းရင်းခံများ အဖြစ် နေပြည်တော် မြို့တော်သစ်ဆီ ပြောင်းရွှေ့ရန် အလျင်စလို စီစဉ်ရခြင်းများ ထဲတွင် ပါဝင်ခဲ့သည်။ ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကမူ “Hear Land theory”  အရ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၆ ခုနှစ် အတွင်း စစ်ဆင်ရေး ညှိနှိုင်းအစည်း အဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု နိုင်ငံခြား သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့သည်။

၁၉၉၅ တွင် မလေးရှား နိုင်ငံ၌ အစိုးရ ရုံးများကို မြို့တော်သစ် တစ်ခုသို့ ပြောင်းရွှေ့ခဲ့ဖူး သော်လည်း မလေးရှား အစိုးရမှ မြို့တော် ပြောင်းရွှေ့မည့် ဆုံးဖြတ်ချက်နှင့် မြို့တော်သစ် တည်ဆောက်နေမှု တို့အား ပြည်သူအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာ ပေးခဲ့သောကြောင့် အထူးအဆန်း သတင်းတစ်ပုဒ် မဖြစ် ခဲ့သော်လည်း နေပြည်တော် မြို့သစ် တည်ဆောက်မှုမှာမူ လျှို့ဝှက်မှုများဖြင့် ပြည့်နှက်နေ၍ ပြည် တွင်း တင်မက တစ်ကမ္ဘာလုံးမှ သတင်း ဌာနများကပါ အထူးစိတ်ဝင်စား ရေးသား ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ အရပ်သား အစိုးရမှာမူ နေပြည်တော် မြို့သစ်ကြီး၏ ထီးတည်းနိုင်မှု ကြားမှာပင် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ လုံခြုံမှု အပြည့်ဖြင့် စိတ်အား တက်ကြွနေပြီး နိုင်ငံရေး ဖြေလျှော့မှုများ ဖြင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ပေါ်တွင် ခြေချ မိနေပြီဖြစ်ပါသည်။

အခြား အာရပ် ကမ္ဘာမှ အာဏာရှင်များ ကျဆုံးခဲ့ချိန်တွင် နေပြည်တော် အစိုးရအနေ ဖြင့်မူ အကျိုးစီးပွား ကာကွယ်မှု အကျိုးများ ရရှိနေပြီး၊ ပထ၀ီ အနေအထား အရလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှုများ ရှိနေသော ကြောင့် မြို့တော် ရန်ကုန်တွင် ရုံးစိုက်စဉ် ကကဲ့သို့ အာဏာ မတည်မြဲပြိုလဲမည်ကို စိုးရွံ့စရာများစွာ မလိုအပ်တော့ဘဲ လက်ရှိ ပေါ်လစီအပြောင်းတွင် နေပြည်တော် မြို့တော်သစ်ကြီး၏ လုံခြုံမှုအောက်တွင် ယုံ ကြည်မှုများ ပိုမိုတိုး၍ ခံစားနေကြရပါသည်။

လင်းထိုက် (Y.I.T)

မြန်မာသံတော်ဆင့်

Ref: 1. Why did Myanmar’s generals build a new capital in the middle of nowhere? by David logan Source: globalist 28/ Sep/2013

2. Wikipedia

3. Maps. google.com
အပြည့်အစုံသို့ »

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေးတိုးမြှင့် - Eleven Media Group




ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးလန့်မှု၊ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံရေး တိုးမြှင့်ရခြင်းမှာ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည့်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ခရီးသွား ဧည့်သည်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ လာရောက်သည့် အတွက် ယခင်ပြုလုပ်နေသည့် ပုံမှန်လုံခြုံရေးထက် တိုးမြှင့်ကာ ၀ပ်ကင်း၊ ရပ်ကင်း၊ ယာဉ်တင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခန့်က ယာဉ်တင်လှည့်ကင်း အဖွဲ့မှ နေပြည်တော် ရဲတပ်ဖွဲ့ ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စိုးမြင့်ဦးက The Daily Eleven သို့ ပြောကြားသည်။

''ဒီရက်ပိုင်းမှာ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတွေနဲ့ သီတင်းကျွတ်တော့မယ့် အနေအထားမျိုးမှာ ဆိုတော့ ပိုပြီးတော့ လုံခြုံရေး တိုးမြှင့်ဆောင်ရွက် နေတာပါ။ အခုလို ယာဉ်တင်လှည့်ကင်း၊ ဆိုယ်ကယ် လှည့်ကင်းတွေကော သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေတာက ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်မှု လျော့ပါးစေပြီးတော့မှ လုံခြုံရေး အမြဲမပြတ် ရှိနေတယ်။ ဖြစ်လို့ရှိရင်လည်း အချိန်မီ အကောင်းဆုံး ဖြေရှင်းဆောင်ရွက် နိုင်မယ်ဆိုတဲ့ အသိမျိုး ပြည်သူတွေ သိရှိနားလည်စေတဲ့ သဘောပါ'' ဟု ဒုရဲမှူးကြီး စိုးမြင့်ဦးက ပြောကြားသည်။

နေပြည်တော် ကောင်စီနယ်မြေ တစ်ဝိုက်တွင် အောက်တိုဘာ ၁၀ ရက်မှစ၍ လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ပုံမှန်ထက် ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းကာ ယခုကဲ့သို့ ယာဉ်တင်လှည့်ကင်းများ ဆောင်ရွက်ခြင်းအပြင် နေပြည်တော် အ၀င်အထွက် ဂိတ် ၆ ခု၌ တပ်မတော်စစ်အင်ဂျင်နီယာတပ်မှ မိုင်းရှာဖွေခြင်းများ နေ့ညမပြတ် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း နေပြည်တော် ပျဉ်းမနားမြို့ မီးရထားလိုင်းခန်း အနီးတွင် ဗုံးထည့်ထားသောအိတ်ဟု ယူဆရသည့် ခရီးဆောင်အိတ် တစ်လုံးအား တွေ့ရှိ၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ ရှင်းလင်းရာ ဗုံးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ မတွေ့ရှိဘဲ ဗုံးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေသည် ကောင်စီဥက္ကဋ္ဌအဖြစ် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးသိန်းညွန့်က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ် ကွပ်ကဲလျက်ရှိသော နယ်မြေဖြစ်သည်။

(အာက်တိုဘာ ၁၆ ရက်ညက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် နေပြည်တော် ရဲတပ်ဖွဲ့မှ လှည့်ကင်း ဆောင်ရွက်နေစဉ်)
အပြည့်အစုံသို့ »

SEA Games ပြိုင်ပွဲကျင်းပမည့် ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ တိုက်ရိုက်ပျံသန်းရန် စင်ကာပူနှင့် မလေးရှား လေကြောင်းလိုင်းများက အဆိုပြုလွှာ တင်သွင်းထား


(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပချိန် ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ တိုက်ရိုက်ပြေးဆွဲရန် စင်ကာပူ လေကြောင်းလိုင်းနှင့် မလေးရှား လေကြောင်းလိုင်းတို့က အဆိုပြု တင်သွင်းထားကြောင်း သိရသည်။

''စင်ကာပူ လေကြောင်းလိုင်းနဲ့ မလေးရှား လေကြောင်းလိုင်းတို့ဟာ ဒီဇင်ဘာလ အတွင်းမှာ နေပြည်တော်သို့ ပျံသန်းဆင်းသက် လိုကြောင်း အဆိုပြုလွှာများ ရရှိပြီးဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က အောက်တိုဘာ ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ထို့အပြင် Thai Air Asia လေကြောင်းလိုင်းမှ နေပြည်တော်-ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား တစ်ပတ်လျှင် ခုနစ်ကြိမ်ဖြင့် နိုဝင်ဘာ ၂၈ ရက်မှစတင် ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၃၀ ရက်မှစ၍ လက်ရှိ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် နေပြည်တော်-ဘန်ကောက် ခရီးစဉ်ကို ပျံသန်းလျက် ရှိသော Bangkok Airways မှလည်း အောက်တိုဘာ ၂၈ ရက်မှစ၍ တစ်ပတ်လျှင် ခုနစ်ကြိမ် တိုးမြှင့်ပျံသန်း သွားမည်ဖြစ်ကြောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်ရေးအတွက် နိုင်ငံတကာ လေကြောင်းလိုင်းများ ကိုလည်း ဆက်လက်ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော် အခြေပြု၍ ပြည်တွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် အဆိုပြုတင်ထားသည့် FMI လေကြောင်းလိုင်းနှင့် APEX လေကြောင်းလိုင်း များကိုလည်း စိစစ်ခွင့်ပြု သွားမည်ဟုလည်း ဒုဝန်ကြီးက ပြောကြားသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၀၉ ခုနှစ် ဧပြီ ၇ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၁ နှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့၍ နိုင်ငံတကာ ခရီးစဉ်ပျံသန်းမှုကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့ရာ ခြောက်လတာ ကာလအတွင်း လေဆိပ်ဖွံ့ဖြိုး တိုးတက်ရေး ၀န်ဆောင်မှု မြှင့်တင်ရေး ကာလအဖြစ် ပျံသန်းဆင်းသက်ခနှင့် လေယာဉ်ရပ်နားခများကို ရာခိုင်နှုန်း ၅၀ လျှော့ချပေးခြင်းနှင့် ခရီးသည် ၀န်ဆောင်ခများကို အခမဲ့ ဖြေလျော့ပေးခြင်းများ ပြုလုပ်ထားရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြေးဆွဲလျက်ရှိသော နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်းရှိ လေကြောင်းလိုင်းများ အပါအ၀င် ၁၄ လိုင်းကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးဆွဲပေးရန်အတွက် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ်တို့တွင် နေပြည်တော်၌ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ASEAN Summit တို့ကို ကျင်းပမည်ဖြစ်သည်။

(ဆီးဂိမ်းစ်ပြိုင်ပွဲများ လက်ခံကျင်းပမည့် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း (ဓာတ်ပုံ- ကျော်ထက်ထွန်း))
Eleven Media Group
အပြည့်အစုံသို့ »

ဆင်ဖြူတော် SUMMIT

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနကို မေဒုတိယပတ် ညပိုင်းအချိန်က တွေ့ရစဉ်

Written by - ချစ်ဝင်းမောင်

နိုင်ငံသားတစ်ဦးအနေနှင့် ပြောရလျှင် ကိုယ့်မိခင်နိုင်ငံနှင့် ပတ်သက်လာလျှင် ကောင်းတာပဲ ပြောချင်သည်။ ကမ္ဘာ့နိုင်ငံ မိသားစုနိုင်ငံများ အကြားမှာ ထည်ထည်ဝါ၀ါ ခမ်းခမ်းနားနား ရှိနေတာကိုပဲ မြင်လိုသည်။ မျက်နှာမငယ်လိုပါ။ ဂုဏ်ယူလိုပါသည်။

“မြန်မာဟေ့” လို့ ဆိုလိုက်လျှင် အထင်အမြင်သေး ကြည့်ရှုအကဲခတ် ခံရတာမျိုး မလိုချင်ပါ။ ဒါက အမိနိုင်ငံကိုချစ်သော နိုင်ငံသားတိုင်း၏ရင်မှာ ကိန်းအောင်းနေကြသည့် တူညီသော ဆန္ဒတွေပဲဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကြီး မကြာမီက ပြီးဆုံးသွားသည်။ မေလ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့သော ဤထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်ရှိ MICC 1 ခန်းမဆောင်သစ်ကြီးမှာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်ဖြစ်ပြီး ၁၇ နှစ်ကြာမှ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပရခြင်းဖြစ်သည်။ စင်စစ်အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၀၅ ခုနှစ်ကတည်းက ထမ်းဆောင်ခွင့်ရခဲ့ပြီး အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရန် ရှိခဲ့သော်လည်း ထိုစဉ်က ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေက ထိပ်သီးအစည်းအဝေး ကျင်းပရန် အခွင့်မသာခဲ့ပါ။

အာဏာရှင်စနစ်အောက် ပွင့်လင်းမြင်သာမှု ဆိတ်သုဉ်းခဲ့သော ထိုခေတ်အခါကာလက သံတမန် အသိုင်းအ၀ိုင်းတွင် Toilet Diplomacy ဆိုသော ဝေါဟာရတစ်ခုပင် တွင်ကျယ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည်လား။ မယူမည်လား ဆိုသည်ကိုပင် ပြတ်ပြတ်သားသား အဖွဲ့ဝင်နိုင်ငံတွေကို မတင်ပြရဲခဲ့သည့် အခြေအနေ။ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ ဖြစ်လာပြီး နိုင်ငံတကာအမြင်မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပြီဟု ဆိုရမည့် ယခုချိန်ကျမှပဲ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရဲရဲကြီး ထမ်းဆောင်နိုင်ခဲ့သည်။

အလှည့်ကျဥက္ကဋ္ဌတို့၏ တာဝန်အရ ထိပ်သီးဆွေးနွေးပွဲများ အပါအ၀င် အဆင့်မြင့် အရာရှိကြီးများ၏ ပုံမှန်အစည်းအဝေးတို့ကို လက်ခံကျင်းပရမည်ဖြစ်ရာ ဒီလိုလက်ခံ ကျင်းပနိုင်ဖို့ သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်း အဆောက်အအုံတို့ လိုလာသည်။ သမ္မတဦးသိန်းစိန် တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအကြား အရေးကြီးဆုံး တာဝန်နှစ်ခုကို ကတိပြုခဲ့သည်။ တစ်ခုမှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် တစ်ခုမှာ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အပါအ၀င် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခြင်းဖြစ်သည်။

နေပြည်တော်မှာ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ရုံးစိုက်ရာမြို့တော် ဖြစ်ခဲ့သည်။ ဤမြို့တော် စီမံကိန်းများကို ၂၀၀၀ ပြည့်လွန် နှစ်များကစ၍ တိတ်တစိတ် လျှို့ဝှက်အကောင်အထည် ဖော်နေခဲ့ရာ နိုင်ငံသူ၊ နိုင်ငံသား မည်သူတစ်ဦး တစ်ယောက်မျှ ကြိုတင်သိခွင့် မရခဲ့ကြ။ တစ်ချက်လွှတ်အမိန့်ဖြင့် မြို့တော်ဟောင်း ရန်ကုန်ရှိ ၀န်ကြီးဌာန ၁၁ ခုသည် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ အချိန်တွင် တပ်ရင်း ၁၁ ရင်းမှ စစ်မော်တော်ယာဉ် ၁၁၁၀ စင်းဖြင့် နေပြည်တော်သို့ စတင် ပြောင်းရွှေ့ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် “နေပြည်တော်” မြို့ကို တရားဝင် ထုတ်ပြန်ကြေညာသည်။ ဤနေပြည်တော် တည်ဆောက်ရေးကို ၂၀၀၂ ခုနှစ်မှစ၍ Asia World၊ ထူးကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၂၅ ခုထက်မနည်းက လျှို့ဝှက်တာဝန်ယူ တည်ဆောက်ခဲ့ကြရသည်။

အရပ်သားအစိုးရ မပေါ်ပေါက်မီ သတင်းစာရှင်းလင်းပွဲများကို နေပြည်တော်မှာ ပြုလုပ်လေ့ရှိသည်။ ရန်ကုန်သတင်းသမား များအားလုံး ထိုနေရာသို့ စုဝေးချီတက်ကြရသည်။ နေပြည်တော် ဟိုတယ်တွေက နိုင်ငံတကာအဆင့်မီ လုံးချင်းဘန်ဂလိုတွေ ဖြစ်သည်။ ယခုနောက်ပိုင်းကျမှ ထပ်မြင့်ဟိုတယ်တွေ ပေါ်ပေါက်လာသော်လည်း စတင်တည်ခါစက လွယ်လွယ်နှင့် မြန်မြန် ဘန်ဂလိုဟိုတယ် တွေပဲရှိသည်။ ဟိုတယ်ခန်းက ခေတ်မီအသုံးအဆောင်၊ လေအေးစက်၊ ရုပ်မြင်သံကြားစက်အပြား၊ နောက်ဆုံးပေါ် ပစ္စည်းတွေနှင့် ဖွဲ့စည်းထားသည်။ မိတ်ဆွေတစ်ဦးက သူ့အတွေ့အကြုံတွေကို ဤသို့ပြောပြသည်။

“ဟိုတယ်အခန်းကတော့ အပျံစားပဲ။ ပြတင်းပေါက် ဖွင့်ကြည့်လိုက်တော့ ဘေးမှာ နွားတွေ မြက်စားနေတာ တွေ့ရတယ်” ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတော်၏ မြို့တော်ကား “နေပြည်တော်” ဖြစ်သည်ဟု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ နေပြည်တော်မှာ ကြီးကျယ်ခမ်းနားသော လွှတ်တော် အဆောက်အအုံကြီးလည်း ရှိနေပြီ။ သမ္မတအိမ်တော်လည်း ရှိနေပြီ။ ၁၀ စုနှစ်မပြည့်မီ ကာလအတွင်း နေပြည်တော်က မြို့တော်တစ်ခု၏ ရှိအပ်သော အရာများနှင့် ပြည့်ပြည့်စုံစုံ ဖြစ်လာသည်။ ဤနေပြည်တော်ကြီးသို့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ၀င်ထွက်သွားလာ နေကြပြီ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နေပြည်တော်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို တခမ်းတနား ကျင်းပသွားခဲ့သည်။ နေပြည်တော်ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် လူဦးရေ ၃၀၀၀၀ ဆံ့ အားကစားကွင်းကြီး နှစ်ကွင်း၊ အားကစားရုံကြီးနှစ်ရုံ (ရေကူးကန်အပါ) တည်ဆောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်က အဆိုပါ အားကစားကွင်းကြီးများ တည်ဆောက်နေသည့် နေရာကိုရောက်ခဲ့သည်။ တောရိုင်း မြေကိုရှင်းလင်း၍ ကွင်းသစ်ကြီးကို ယန္တရားကြီးများ၊ လုပ်သားအင်အား များစွာဖြင့် တည်ဆောက်နေတာ တွေ့ရသည်။ လူသူကင်းမဲ့သော တောရိုင်းမြေထဲမှာ အားကစားကွင်းသစ်ကြီးတွေ ပေါ်ထွက်လာသည်။ အသစ်စက်စက် ကွန်ကရစ်လမ်းတွေ အလျှိုလျှို ပေါ်လာသည်။ နေပြည်တော် စီမံကိန်းများကိုကြည့်လျှင် ကျွန်တော်တို့နိုင်ငံသည် အလွန်ကြွယ်ဝ ချမ်းသာလွန်းသည့် သရုပ်ကို ဆောင်နေသည်။ မော်တော်ယာဉ် အသွားအလာ လုံးဝနီးပါး သွေ့ခြောက်နေသော်လည်း ၁၀ လမ်းသွား ကွန်ကရစ် လမ်းမကြီးများ၊ ထိုလမ်းမကြီးများကို အလင်းရောင်ပေးနေသည့် လျှပ်စစ်မီးတိုင်များ စီရီနေပုံမှာ (ဗဟုသုတ သိပ်မရှိဘူးဆိုလျှင်) ဒီနိုင်ငံ အတော်ကြီးကျယ်ခမ်းနား ကြွယ်ဝချမ်းသာ လွန်းလှပါတကားဟု ထင်ချင်စရာ။

ပြီးခဲ့သည့် ရက်များအတွင်း နေပြည်တော်သို့ ရောက်ဖြစ်ခဲ့သည်။ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပပုံများကို သတင်းရယူရန်ဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဤထိပ်သီး အစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များအားလုံး တက်ရောက်ကြမည်ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ရာထူးမှ ဖယ်ရှားခံလိုက်ရသော ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကလွဲလျှင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်း၊ အင်ဒိုနီးရှားသမ္မတ ဘမ်ဘန်း၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်စသည့် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြသည်။

နိုင်ငံတကာ ခေါင်းဆောင်များ လာရောက်မည့် ထိပ်သီးအစည်းအဝေး ဖြစ်သည်မို့ ကျွန်တော်တို့ အိမ်ရှင်ဘက်ကလည်း အစစ အရာရာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်။ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးကြီးများ ကျင်းပပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC တစ်ခုရှိပြီး ဖြစ်သော်လည်း အာဆီယံထိပ်သီး အစည်းအဝေး များအတွက် ရည်ရွယ်၍ နောက်ထပ်ကွန်ဗင်းရှင်းစင်တာ အသစ်တစ်ခု ထပ်ဆောက်ထားသည်။ ဤစင်တာကိုတော့ MICC 1 ဟုအမည်ပေးထားပြီး ယခင်ကွန်ဗင်းရှင်း စင်တာကိုတော့ MICC II အဖြစ် သတ်မှတ်လိုက်သည်။

ကုန်းမြင့်လွင်ပြင်ထဲတွင် ဆီးဂိမ်းပြီးကတည်းက ဖွင့်လှစ်ထားသော ဟိုတယ်အဆောက်အအုံ အချို့ကို ထိုးထိုးထောင်ထောင် မြင်ရသည်။ ယခင်တုန်းက ဘန်ဂလိုဟိုတယ်တွေသာ ရှိခဲ့သော နေပြည်တော်မှာ ထပ်မြင့်ဟိုတယ်တချို့ ပေါ်လာသည်။ ကွင်းပြင်ကျယ် နေရောင်အောက်တွင် အချို့ဟိုတယ်မှာ အရိုးပြိုင်းပြိုင်း ဆောက်လက်စ။ ကွန်ကရစ် လမ်းမကျယ်များ၊ ရာသီပန်းအ၀ိုင်းများနှင့် နေပြည်တော်သည် ကြီးကျယ်မှုကို ထုတ်ပြထားသည်။ အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပမည့် MICC II အဆောက်အအုံကြီးကား ဧရာမ ကြီးကျယ်လွန်းလှသည်။ ဘယ်အချိန်တုန်းက ဆောက်လိုက်သည်မသိ။ ကွန်ကရစ်လမ်းတွေက အသစ်။ မြက်ခင်းတွေက အသစ်၊ သစ်ပင်တွေကလည်း (တစ်နေရာမှ အပင်လိုက်ရွှေ့ပြီး စိုက်ထားသဖြင့်) အသစ်။ အဆောက်အအုံ ဆေးသားတွေက အသစ်ရနံ့ရနေသည်။ နိုင်ငံတကာ အစည်းအဝေး ခန်းမအဆောက်အအုံတစ်ခု ရှိထားပြီး ဖြစ်သော်လည်း အာဆီယံထိပ်သီး အစည်းအဝေးအတွက် ရည်ရွယ်လျက် ကြီးကျယ်ခမ်းနား သော အဆောက်အအုံသစ်တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ အကုန်အကျများလိုက်မည့် ဘတ်ဂျက်။ အကုန်အကျများလိုက်မည့် ပြည်သူ့ဘဏ္ဍာ။

အဆောက်အအုံကြီးက ကြီးကျယ်ခမ်းနားသလောက် လူတွေကတော့ စမတ်သိပ်မကျ။ လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ ၀င်ခွင့်ကတ် ဆင်ဆာမဖတ်တာလည်း ရှိသည်။ သတင်းထုတ်ပြန်မှုက မြန်မာ့နည်း မြန်မာ့ဟန်အတိုင်း နှေးနေသည်။ သတင်းစာရှင်းလင်းပွဲကလည်း ထိပ်သီးဆွေးနွေးပွဲတစ်ခု၏ အဖြေကို တိတိကျကျ ရှင်းပြတာမျိုးမရှိခဲ့။ ပြန်ကြားရေးက ထုတ်လုပ်သော MEDIA HAND BOOK မှာ အစည်းအဝေး အစီအစဉ်နှင့် လမ်းညွှန်တွေ ဖော်ပြထားသော်လည်း စာအုပ်ဖွဲ့စည်းပုံနှင့် အရေးအသားက ညီလာခံအဆောက်အအုံကြီး ခမ်းနားသလိုမျိုး မခမ်းနား။ အဆောက်အအုံကြီးတွေကသာ ခမ်းနားနေပြီး လူတွေက ခေတ်ဟောင်းစနစ်ဟောင်း မျက်နှာပေးတွေနှင့် ဖြစ်သည်။ ဒီလောက်ငွေကုန်ကြေးကျ အများကြီးသုံးစွဲ တည်ဆောက်ထားသဖြင့် နိုင်ငံတကာ ခေါင်းဆောင်များ အလယ်မှာ မျက်နှာငယ်စရာ မရှိတော့ပါ။ ညဘက်မှာ လျှပ်စစ်မီးရောင် တထိန်ထိန်၊ ရေပန်းအလှများဖြင့် ဝေေ၀ဆာဆာရှိနေသော MICC 1 အဆောက်အအုံသစ်က နေပြည်တော်တောင်ကုန်း ချိုင့်ဝှမ်းထဲမှာ ခမ်းခမ်းနားနား တည်ရှိနေသည်။ အပြင်လူတွေ ၀င်ရောက်ဖို့ ခက်ခဲသလို မြင်တွေ့ဖို့မလွယ်သည့် နေရာမှာရှိသည်။ ဒီနေရာမှ နည်းနည်းဆက်သွားလိုက်လျှင် အာဆီယံထိပ်သီး ခေါင်းဆောင်များ တည်းခိုဖို့ သီးသန့်ဆောက်လုပ်ထားသည့် ခေတ်မီအဆောက်အအုံတွေ ရှိသေးသည်။ အဆောက်အအုံတွေထဲမှာ မည်မျှခမ်းနားသည်ကိုတော့ မသိပါ။ အပြင်မှ ကြည့်ရုံနှင့် နန်းတော်တမျှ ခမ်းနားသည်ကို မြင်ရသည်။ အာဆီယံခေါင်းဆောင်တွေက ဒီမှာ အလွန်ဆုံး တစ်ည၊ နှစ်ညပဲ နားလိမ့်မည်။ ကျန် ၁၂ ရာသီမှာ ဒီအဆောက်အအုံတွေကို ဘယ်လိုအသုံးပြုကြ မည်မသိ။ ဒါတွေအားလုံး ပြည်သူ့ဘဏ္ဍာတွေထဲကပဲ ထုတ်သုံးတာဖြစ်သည်။

နေပြည်တော်သည် ဧရာမကြီးကျယ်ခမ်းနားမှုတို့ဖြင့် နိုင်ငံတကာ အထင်ကြီးလေးစားမှုကို ရယူရန်ကြိုးစားထားသည်။ နေပြည်တော် တစ်ခုလုံးမှာ ပြည်သူတို့၏ ဘဏ္ဍာငွေများဖြင့် ခင်းကျင်းထားသည်။ ဧရာမအဆောက်အအုံကြီးများ၊ ဧရာမလမ်းကြီးများ၊ မေလ ၁၁ ရက်တွင် အာဆီယံခေါင်းဆောင်ကြီးများ နေပြည်တော်သို့ တဖွဲဖွဲရောက်ရှိ လာကြသည်။ ၀တ်စုံပြည့် မော်တော်ဆိုင်ကယ်စီး အခြံအရံများ လိုက်ပါလျက် ယာဉ်တန်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ၀င်လာကြသည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ နေပြည်တော် ရောက်ရောက်ချင်း ပျဉ်းမနားမြို့ကိုသွားသည်။ နန်းစိန်ကဖီးမှာ လက်ဖက်ရည်သောက်သည်။ လီရှန်လွန်းသည် နေပြည်တော် မြို့တော်သစ်ကြီးကို စိတ်မ၀င်စား။ ပျဉ်းမနားမြို့ပေါ်က အဆောက်အအုံများနှင့် ရှုခင်းတွေကိုကြည့်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀/၆၀ လောက်က စင်ကာပူမြို့နှင့် ပီနန်မြို့ကို သတိရသည်ဟု မှတ်ချက်ပေးသည်။

လူတချို့အတွက်တော့ နေပြည်တော်သည် “ဆင်ဖြူတော်” (White Elephant) ဖြစ်သည်။

(White Elephant): a possession entailing great expense out of proportion to its usefullness or value to the owner.

Eleven Media Group 
အပြည့်အစုံသို့ »

ရာဇာမင်းကား မှောက်ပြီးနောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း တိုးချဲ့ရန် အစိုးရ ဆုံးဖြတ်


မေစစ်ပိုင်

မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း

ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရ၀န်ကြီးဌာနများ စုံညီစွာ တက်ရောက်သော အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးကို မေလ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်လိုက်မည် ဆိုပါက လက်ရှိဖြစ်ပွားနေသည့် မတော်တဆ ထိခိုက်မှုများ နည်းပါးသွားနိုင်သဖြင့် ယခု ၂၀၁၄ ခုနှစ်မှ စ၍ အဆင့်မြှင့်ရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“တခြားဦးစားပေး ကိစ္စတွေလည်း ရှိခဲ့တော့ အမြန်လမ်းမကြီး အဆင့်မြှင့်ဖို့ကို စောင့်နေခဲ့ရတယ်။ မတော်တဆမှုတွေလည်း ဖြစ်လာတော့ ဒီနှစ်ထဲမှာတင် ခြောက်လမ်း၊ ရှစ်လမ်းသွား လမ်းအဖြစ် ဖောက်ဖို့လူကြီးတွေက သဘောတူလိုက်ကြပြီ။ အဆင့်မြှင့်လိုက်ရင်တော့ မတော်တဆမှုတွေ နည်းသွားမယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။

ရန်ကုန်-နေပြည်တော် လမ်းမကြီးဧရိယာ တိုးချဲ့ရန်အတွက် မြန်မာကျပ်ငွေ ဘီလီယံ ထောင်ချီ ကုန်ကျခံ သုံးစွဲမည်ဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမ ပြဿနာ ဖြေရှင်းနိုင်ရေး ဝန်ကြီးဌာန ပေါင်းစုံမှ တာဝန်ရှိသူများစုပေါင်း အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက “အရင်တုန်းကတော့ ယာဉ်မောင်းတွေနဲ့ ယာဉ်တွေအပေါ် စစ်ဆေးမှု၊ အရေးယူမှုတွေ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရေးယူမှုတွေ ရှိလာတော့မယ်။ ရာဇာမင်းကား တိမ်းမှောက်မှုဖြစ်စဉ်က ယာဉ်မောင်းကိုတော့ အချုပ်နဲ့ ဆေးရုံမှာထားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမြန်လမ်းတွင် မတော်တဆမှုများ တားဆီးနိုင်ရန် ဒုတိယ သမ္မတ ၂ ဦးဥာဏ်ထွန်း ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်၊ အမြန်လမ်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် အဝေးပြေးမော်တော်ယာဉ် ထိန်းသိမ်းရေးလုပ်ငန်းတို့ ပါဝင်သော အမြန်လမ်း မတော်တဆမှု လျော့နည်းရေးစီမံချက် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရှိရသည်။

“အဝေးပြေးလမ်းတွေမှာလည်း ထိခိုက်မှုတွေ ဖြစ်တာတွေက အမြန်လမ်းထက် များနေပေမယ့် ကြီးကြီးမားမား ဆိုရင် အမြန်လမ်းမှာ လာဖြစ်နေတာ တွေ့နေရတယ်” ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က သုံးသပ်သည်။

မေလ ၁၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ရာဇာမင်းကားသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ည ၆ နာရီ ၄၅ မိနစ် မိုးရွာသွန်းနေချိန် မိုင်တိုင် ၁၉၇ အနီး လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန် စလစ်ဖြစ်ကာ တပတ်လည်၍ မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေ အနေရှိသည်။

မေ ၁၄ ရက်နေ့ နေပြည်တော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသော ခရီးသည် ၁၄ ဦး အတွက် အလုံးစုံ အာမခံ ကျပ် ၁၀သိန်း၊ အထူးခရီးသွား အာမခံ ကျပ် သိန်း ၃၀၊ သူတပါးထိခိုက်မှု အာမခံ ကျပ် ၅ သိန်း စုစုပေါင်း ၄၅ သိန်းပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဒဏ်ရာရသည့် အခြေအနေပေါ်မူတည်၍ ငွေကျပ် ၁ သောင်းမှ ၂၄ သိန်း အထိ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရာဇာမင်းယာဉ်လိုင်းကလည်း သေဆုံးထိခိုက်သော ခရီးသည်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ ထိခိုက်မှုပေါင်း ၇၆ မှု၊ ဒဏ်ရာရသူ ၁၆၉ ဦးနှင့် သေဆုံးခဲ့သူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှု စံချိန်တင်ခဲ့သည့် လများ ဖြစ်ခဲ့ပြီး အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ဧပြီ ၂၂ ရက်အထိသေဆုံးသူ ၃၅၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၈၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

Irrawaddy Burmese
အပြည့်အစုံသို့ »

တစ်မိုင် ကျပ်သန်း ၂၅၀၀ အကုန်အကျ ခံခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်း စံချိန်စံညွှန်း မမီဟု အစိုးရအဖွဲ့ ဝန်ခံ


နေပြည်တော်၊ မတ် ၁၅

၃၆၇ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးတို့က ဝန်ခံ ပြောကြားလိုက်သည်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူ ၃၆၇ ဦး သေဆုံးခဲ့သော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် မေလ ၁၂ ရက်နေ့က ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမြန်လမ်း မဟုတ်တော့ဘူး။ ကွန်ကရစ်လမ်းပါ။ ဒီလမ်းကို စံချိန်မီ ဖြစ်စေချင်ပါတယ်။ အစိုးရအဖွဲ့မှာ အမှားတွေ အားနည်းချက်တွေ ရှိနေဆဲပါ။ ပြုပြင်သွားရမှာပါ” ဟု ဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

အဆိုပါလမ်းသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီညွှတ်မှု မရှိသည့်အပြင် လက်ရှိ စံချိန်စံညွှန်း၏ အတိုင်းအတာကိုလည်း ပြောကြား၍ မရနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ထပ်လောင်း ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတကာ စံချိန်စံညွန်းများ မှီစေနိုင်ရန် အမေရိကန်အစိုးရ၏ အကူအညီဖြင့် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း မည်သည့်အချိန်တွင် ပြီးစီးအောင် လုပ်နိုင်မည်ကို ခန့်မှန်းမရသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် နိုင်ငံတကာ စံချိန်စံညွန်း မမီသော်လည်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့ ည ၇ နာရီ ၂၀ ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ် ၁၉၇ တွင် ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင် အမြန်ယာဉ် တိမ်းမှောက်မှုကြောင့် ၁၄ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ရာ ယင်းယာဉ်လိုင်းကို မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် နေပြည်တော် ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့က ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့သည်။

“ကားသမားတွေက ခေါက်ပြန် မောင်းနေရတာ။ ရန်ကုန်က မနက်ထွက် နေပြည်တော်က နေလယ် ပြန်ထွက်။ တနင်္ဂနွေဆို တချို့ သုံးခေါက် မောင်းရတယ်” ဟု အဝေးပြေး ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

၃၆၆ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးမှာ ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ဦးကျော်အထိ ရှိခဲ့သဖြင့် အမြန်သေလမ်းမကြီးဟု ပြောဆို ဝေဖန်ခဲ့သည်ကို ထောက်ရှုရလျှင် အမြန်လမ်းကို တာဝန်ယူ တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် ရှက်မည်ဆိုလျှင် ရှက်သင့်ပြီ ဖြစ်ပါကြောင်း တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ် ပြောကြားသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တစ်ကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေ သာဓကကို မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ် ပြောဆိုသည်။

“ကွန်ကရစ် လမ်းခင်းမယ် ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသား သေလောက်တဲ့ အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီပြီး နှစ်တိုတိုအတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly
အပြည့်အစုံသို့ »

ဆင်ဖြူတော် SUMMIT





နိုင်ငံသားတစ်ဦးအနေနှင့် ပြောရလျှင် ကိုယ့်မိခင်နိုင်ငံနှင့် ပတ်သက်လာလျှင် ကောင်းတာပဲ ပြောချင်သည်။ ကမ္ဘာ့နိုင်ငံ မိသားစုနိုင်ငံများ အကြားမှာ ထည်ထည်ဝါ၀ါ ခမ်းခမ်းနားနား ရှိနေတာကိုပဲ မြင်လိုသည်။ မျက်နှာမငယ်လိုပါ။ ဂုဏ်ယူလိုပါသည်။

“မြန်မာဟေ့” လို့ ဆိုလိုက်လျှင် အထင်အမြင်သေး ကြည့်ရှုအကဲခတ် ခံရတာမျိုး မလိုချင်ပါ။ ဒါက အမိနိုင်ငံကိုချစ်သော နိုင်ငံသားတိုင်း၏ရင်မှာ ကိန်းအောင်းနေကြသည့် တူညီသော ဆန္ဒတွေပဲဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကြီး မကြာမီက ပြီးဆုံးသွားသည်။ မေလ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့သော ဤထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်ရှိ MICC 1 ခန်းမဆောင်သစ်ကြီးမှာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်ဖြစ်ပြီး ၁၇ နှစ်ကြာမှ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပရခြင်းဖြစ်သည်။ စင်စစ်အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၀၅ ခုနှစ်ကတည်းက ထမ်းဆောင်ခွင့်ရခဲ့ပြီး အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရန် ရှိခဲ့သော်လည်း ထိုစဉ်က ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေက ထိပ်သီးအစည်းအဝေး ကျင်းပရန် အခွင့်မသာခဲ့ပါ။

အာဏာရှင်စနစ်အောက် ပွင့်လင်းမြင်သာမှု ဆိတ်သုဉ်းခဲ့သော ထိုခေတ်အခါကာလက သံတမန် အသိုင်းအ၀ိုင်းတွင် Toilet Diplomacy ဆိုသော ဝေါဟာရတစ်ခုပင် တွင်ကျယ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည်လား။ မယူမည်လား ဆိုသည်ကိုပင် ပြတ်ပြတ်သားသား အဖွဲ့ဝင်နိုင်ငံတွေကို မတင်ပြရဲခဲ့သည့် အခြေအနေ။ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ ဖြစ်လာပြီး နိုင်ငံတကာအမြင်မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပြီဟု ဆိုရမည့် ယခုချိန်ကျမှပဲ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရဲရဲကြီး ထမ်းဆောင်နိုင်ခဲ့သည်။

အလှည့်ကျဥက္ကဋ္ဌတို့၏ တာဝန်အရ ထိပ်သီးဆွေးနွေးပွဲများ အပါအ၀င် အဆင့်မြင့် အရာရှိကြီးများ၏ ပုံမှန်အစည်းအဝေးတို့ကို လက်ခံကျင်းပရမည်ဖြစ်ရာ ဒီလိုလက်ခံ ကျင်းပနိုင်ဖို့ သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်း အဆောက်အအုံတို့ လိုလာသည်။ သမ္မတဦးသိန်းစိန် တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအကြား အရေးကြီးဆုံး တာဝန်နှစ်ခုကို ကတိပြုခဲ့သည်။ တစ်ခုမှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် တစ်ခုမှာ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အပါအ၀င် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခြင်းဖြစ်သည်။

နေပြည်တော်မှာ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ရုံးစိုက်ရာမြို့တော် ဖြစ်ခဲ့သည်။ ဤမြို့တော် စီမံကိန်းများကို ၂၀၀၀ ပြည့်လွန် နှစ်များကစ၍ တိတ်တစိတ် လျှို့ဝှက်အကောင်အထည် ဖော်နေခဲ့ရာ နိုင်ငံသူ၊ နိုင်ငံသား မည်သူတစ်ဦး တစ်ယောက်မျှ ကြိုတင်သိခွင့် မရခဲ့ကြ။ တစ်ချက်လွှတ်အမိန့်ဖြင့် မြို့တော်ဟောင်း ရန်ကုန်ရှိ ၀န်ကြီးဌာန ၁၁ ခုသည် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ အချိန်တွင် တပ်ရင်း ၁၁ ရင်းမှ စစ်မော်တော်ယာဉ် ၁၁၁၀ စင်းဖြင့် နေပြည်တော်သို့ စတင် ပြောင်းရွှေ့ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် “နေပြည်တော်” မြို့ကို တရားဝင် ထုတ်ပြန်ကြေညာသည်။ ဤနေပြည်တော် တည်ဆောက်ရေးကို ၂၀၀၂ ခုနှစ်မှစ၍ Asia World၊ ထူးကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၂၅ ခုထက်မနည်းက လျှို့ဝှက်တာဝန်ယူ တည်ဆောက်ခဲ့ကြရသည်။

အရပ်သားအစိုးရ မပေါ်ပေါက်မီ သတင်းစာရှင်းလင်းပွဲများကို နေပြည်တော်မှာ ပြုလုပ်လေ့ရှိသည်။ ရန်ကုန်သတင်းသမား များအားလုံး ထိုနေရာသို့ စုဝေးချီတက်ကြရသည်။ နေပြည်တော် ဟိုတယ်တွေက နိုင်ငံတကာအဆင့်မီ လုံးချင်းဘန်ဂလိုတွေ ဖြစ်သည်။ ယခုနောက်ပိုင်းကျမှ ထပ်မြင့်ဟိုတယ်တွေ ပေါ်ပေါက်လာသော်လည်း စတင်တည်ခါစက လွယ်လွယ်နှင့် မြန်မြန် ဘန်ဂလိုဟိုတယ် တွေပဲရှိသည်။ ဟိုတယ်ခန်းက ခေတ်မီအသုံးအဆောင်၊ လေအေးစက်၊ ရုပ်မြင်သံကြားစက်အပြား၊ နောက်ဆုံးပေါ် ပစ္စည်းတွေနှင့် ဖွဲ့စည်းထားသည်။ မိတ်ဆွေတစ်ဦးက သူ့အတွေ့အကြုံတွေကို ဤသို့ပြောပြသည်။

“ဟိုတယ်အခန်းကတော့ အပျံစားပဲ။ ပြတင်းပေါက် ဖွင့်ကြည့်လိုက်တော့ ဘေးမှာ နွားတွေ မြက်စားနေတာ တွေ့ရတယ်” ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတော်၏ မြို့တော်ကား “နေပြည်တော်” ဖြစ်သည်ဟု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ နေပြည်တော်မှာ ကြီးကျယ်ခမ်းနားသော လွှတ်တော် အဆောက်အအုံကြီးလည်း ရှိနေပြီ။ သမ္မတအိမ်တော်လည်း ရှိနေပြီ။ ၁၀ စုနှစ်မပြည့်မီ ကာလအတွင်း နေပြည်တော်က မြို့တော်တစ်ခု၏ ရှိအပ်သော အရာများနှင့် ပြည့်ပြည့်စုံစုံ ဖြစ်လာသည်။ ဤနေပြည်တော်ကြီးသို့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ၀င်ထွက်သွားလာ နေကြပြီ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နေပြည်တော်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို တခမ်းတနား ကျင်းပသွားခဲ့သည်။ နေပြည်တော်ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် လူဦးရေ ၃၀၀၀၀ ဆံ့ အားကစားကွင်းကြီး နှစ်ကွင်း၊ အားကစားရုံကြီးနှစ်ရုံ (ရေကူးကန်အပါ) တည်ဆောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်က အဆိုပါ အားကစားကွင်းကြီးများ တည်ဆောက်နေသည့် နေရာကိုရောက်ခဲ့သည်။ တောရိုင်း မြေကိုရှင်းလင်း၍ ကွင်းသစ်ကြီးကို ယန္တရားကြီးများ၊ လုပ်သားအင်အား များစွာဖြင့် တည်ဆောက်နေတာ တွေ့ရသည်။ လူသူကင်းမဲ့သော တောရိုင်းမြေထဲမှာ အားကစားကွင်းသစ်ကြီးတွေ ပေါ်ထွက်လာသည်။ အသစ်စက်စက် ကွန်ကရစ်လမ်းတွေ အလျှိုလျှို ပေါ်လာသည်။ နေပြည်တော် စီမံကိန်းများကိုကြည့်လျှင် ကျွန်တော်တို့နိုင်ငံသည် အလွန်ကြွယ်ဝ ချမ်းသာလွန်းသည့် သရုပ်ကို ဆောင်နေသည်။ မော်တော်ယာဉ် အသွားအလာ လုံးဝနီးပါး သွေ့ခြောက်နေသော်လည်း ၁၀ လမ်းသွား ကွန်ကရစ် လမ်းမကြီးများ၊ ထိုလမ်းမကြီးများကို အလင်းရောင်ပေးနေသည့် လျှပ်စစ်မီးတိုင်များ စီရီနေပုံမှာ (ဗဟုသုတ သိပ်မရှိဘူးဆိုလျှင်) ဒီနိုင်ငံ အတော်ကြီးကျယ်ခမ်းနား ကြွယ်ဝချမ်းသာ လွန်းလှပါတကားဟု ထင်ချင်စရာ။

ပြီးခဲ့သည့် ရက်များအတွင်း နေပြည်တော်သို့ ရောက်ဖြစ်ခဲ့သည်။ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပပုံများကို သတင်းရယူရန်ဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဤထိပ်သီး အစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များအားလုံး တက်ရောက်ကြမည်ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ရာထူးမှ ဖယ်ရှားခံလိုက်ရသော ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကလွဲလျှင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်း၊ အင်ဒိုနီးရှားသမ္မတ ဘမ်ဘန်း၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်စသည့် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြသည်။

နိုင်ငံတကာ ခေါင်းဆောင်များ လာရောက်မည့် ထိပ်သီးအစည်းအဝေး ဖြစ်သည်မို့ ကျွန်တော်တို့ အိမ်ရှင်ဘက်ကလည်း အစစ အရာရာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်။ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးကြီးများ ကျင်းပပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC တစ်ခုရှိပြီး ဖြစ်သော်လည်း အာဆီယံထိပ်သီး အစည်းအဝေး များအတွက် ရည်ရွယ်၍ နောက်ထပ်ကွန်ဗင်းရှင်းစင်တာ အသစ်တစ်ခု ထပ်ဆောက်ထားသည်။ ဤစင်တာကိုတော့ MICC 1 ဟုအမည်ပေးထားပြီး ယခင်ကွန်ဗင်းရှင်း စင်တာကိုတော့ MICC II အဖြစ် သတ်မှတ်လိုက်သည်။

ကုန်းမြင့်လွင်ပြင်ထဲတွင် ဆီးဂိမ်းပြီးကတည်းက ဖွင့်လှစ်ထားသော ဟိုတယ်အဆောက်အအုံ အချို့ကို ထိုးထိုးထောင်ထောင် မြင်ရသည်။ ယခင်တုန်းက ဘန်ဂလိုဟိုတယ်တွေသာ ရှိခဲ့သော နေပြည်တော်မှာ ထပ်မြင့်ဟိုတယ်တချို့ ပေါ်လာသည်။ ကွင်းပြင်ကျယ် နေရောင်အောက်တွင် အချို့ဟိုတယ်မှာ အရိုးပြိုင်းပြိုင်း ဆောက်လက်စ။ ကွန်ကရစ် လမ်းမကျယ်များ၊ ရာသီပန်းအ၀ိုင်းများနှင့် နေပြည်တော်သည် ကြီးကျယ်မှုကို ထုတ်ပြထားသည်။ အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပမည့် MICC II အဆောက်အအုံကြီးကား ဧရာမ ကြီးကျယ်လွန်းလှသည်။ ဘယ်အချိန်တုန်းက ဆောက်လိုက်သည်မသိ။ ကွန်ကရစ်လမ်းတွေက အသစ်။ မြက်ခင်းတွေက အသစ်၊ သစ်ပင်တွေကလည်း (တစ်နေရာမှ အပင်လိုက်ရွှေ့ပြီး စိုက်ထားသဖြင့်) အသစ်။ အဆောက်အအုံ ဆေးသားတွေက အသစ်ရနံ့ရနေသည်။ နိုင်ငံတကာ အစည်းအဝေး ခန်းမအဆောက်အအုံတစ်ခု ရှိထားပြီး ဖြစ်သော်လည်း အာဆီယံထိပ်သီး အစည်းအဝေးအတွက် ရည်ရွယ်လျက် ကြီးကျယ်ခမ်းနား သော အဆောက်အအုံသစ်တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ အကုန်အကျများလိုက်မည့် ဘတ်ဂျက်။ အကုန်အကျများလိုက်မည့် ပြည်သူ့ဘဏ္ဍာ။

အဆောက်အအုံကြီးက ကြီးကျယ်ခမ်းနားသလောက် လူတွေကတော့ စမတ်သိပ်မကျ။ လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ ၀င်ခွင့်ကတ် ဆင်ဆာမဖတ်တာလည်း ရှိသည်။ သတင်းထုတ်ပြန်မှုက မြန်မာ့နည်း မြန်မာ့ဟန်အတိုင်း နှေးနေသည်။ သတင်းစာရှင်းလင်းပွဲကလည်း ထိပ်သီးဆွေးနွေးပွဲတစ်ခု၏ အဖြေကို တိတိကျကျ ရှင်းပြတာမျိုးမရှိခဲ့။ ပြန်ကြားရေးက ထုတ်လုပ်သော MEDIA HAND BOOK မှာ အစည်းအဝေး အစီအစဉ်နှင့် လမ်းညွှန်တွေ ဖော်ပြထားသော်လည်း စာအုပ်ဖွဲ့စည်းပုံနှင့် အရေးအသားက ညီလာခံအဆောက်အအုံကြီး ခမ်းနားသလိုမျိုး မခမ်းနား။ အဆောက်အအုံကြီးတွေကသာ ခမ်းနားနေပြီး လူတွေက ခေတ်ဟောင်းစနစ်ဟောင်း မျက်နှာပေးတွေနှင့် ဖြစ်သည်။ ဒီလောက်ငွေကုန်ကြေးကျ အများကြီးသုံးစွဲ တည်ဆောက်ထားသဖြင့် နိုင်ငံတကာ ခေါင်းဆောင်များ အလယ်မှာ မျက်နှာငယ်စရာ မရှိတော့ပါ။ ညဘက်မှာ လျှပ်စစ်မီးရောင် တထိန်ထိန်၊ ရေပန်းအလှများဖြင့် ဝေေ၀ဆာဆာရှိနေသော MICC 1 အဆောက်အအုံသစ်က နေပြည်တော်တောင်ကုန်း ချိုင့်ဝှမ်းထဲမှာ ခမ်းခမ်းနားနား တည်ရှိနေသည်။ အပြင်လူတွေ ၀င်ရောက်ဖို့ ခက်ခဲသလို မြင်တွေ့ဖို့မလွယ်သည့် နေရာမှာရှိသည်။ ဒီနေရာမှ နည်းနည်းဆက်သွားလိုက်လျှင် အာဆီယံထိပ်သီး ခေါင်းဆောင်များ တည်းခိုဖို့ သီးသန့်ဆောက်လုပ်ထားသည့် ခေတ်မီအဆောက်အအုံတွေ ရှိသေးသည်။ အဆောက်အအုံတွေထဲမှာ မည်မျှခမ်းနားသည်ကိုတော့ မသိပါ။ အပြင်မှ ကြည့်ရုံနှင့် နန်းတော်တမျှ ခမ်းနားသည်ကို မြင်ရသည်။ အာဆီယံခေါင်းဆောင်တွေက ဒီမှာ အလွန်ဆုံး တစ်ည၊ နှစ်ညပဲ နားလိမ့်မည်။ ကျန် ၁၂ ရာသီမှာ ဒီအဆောက်အအုံတွေကို ဘယ်လိုအသုံးပြုကြ မည်မသိ။ ဒါတွေအားလုံး ပြည်သူ့ဘဏ္ဍာတွေထဲကပဲ ထုတ်သုံးတာဖြစ်သည်။

နေပြည်တော်သည် ဧရာမကြီးကျယ်ခမ်းနားမှုတို့ဖြင့် နိုင်ငံတကာ အထင်ကြီးလေးစားမှုကို ရယူရန်ကြိုးစားထားသည်။ နေပြည်တော် တစ်ခုလုံးမှာ ပြည်သူတို့၏ ဘဏ္ဍာငွေများဖြင့် ခင်းကျင်းထားသည်။ ဧရာမအဆောက်အအုံကြီးများ၊ ဧရာမလမ်းကြီးများ၊ မေလ ၁၁ ရက်တွင် အာဆီယံခေါင်းဆောင်ကြီးများ နေပြည်တော်သို့ တဖွဲဖွဲရောက်ရှိ လာကြသည်။ ၀တ်စုံပြည့် မော်တော်ဆိုင်ကယ်စီး အခြံအရံများ လိုက်ပါလျက် ယာဉ်တန်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ၀င်လာကြသည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ နေပြည်တော် ရောက်ရောက်ချင်း ပျဉ်းမနားမြို့ကိုသွားသည်။ နန်းစိန်ကဖီးမှာ လက်ဖက်ရည်သောက်သည်။ လီရှန်လွန်းသည် နေပြည်တော် မြို့တော်သစ်ကြီးကို စိတ်မ၀င်စား။ ပျဉ်းမနားမြို့ပေါ်က အဆောက်အအုံများနှင့် ရှုခင်းတွေကိုကြည့်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀/၆၀ လောက်က စင်ကာပူမြို့နှင့် ပီနန်မြို့ကို သတိရသည်ဟု မှတ်ချက်ပေးသည်။

လူတချို့အတွက်တော့ နေပြည်တော်သည် “ဆင်ဖြူတော်” (White Elephant) ဖြစ်သည်။

(White Elephant): a possession entailing great expense out of proportion to its usefullness or value to the owner.

Eleven Media
အပြည့်အစုံသို့ »

ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်အမှုများ (၂)



Written by ဦးအောင်ဝင်း (တရားရေး/ငြိမ်း)

နောက်ဆုံး ကျွန်တော်ကြုံဆုံ၍ ပါဝင် ဆောင်ရွက်ခဲ့ရသော အမှုများမှာ တရားမမှုများ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က နိုင်ငံတော် အပေါ် စွဲဆိုမှုများ ဖြစ်ကြပါသည်။ ထိုစဉ်က ကျွန်တော်သည် တရားရုံးချုပ် (ရန်ကုန်) ၌ တရားမ တရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်နေစဉ် ဖြစ်ပါသည်။ တရားရုံးချုပ် (မန္တလေး) ဆိုသည်နှင့် တရားရုံးချုပ် (နေပြည်တော်) ဆိုသည်လည်း ရှိခဲ့၍ ထိုသို့ဖော်ပြရခြင်း ဖြစ်ပါသည်။

ပထမအကြိမ် စွဲဆိုမှု အနေနှင့် ၂၃-၃-၂၀၁၀ ရက်နေ့တွင် လျှောက်ထားသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လျှောက်ထား ခံရသူ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ - ၅ (က)၊ (ဇ)နှင့် (ည)နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ-၄၅ နှင့် ၅၄ တို့ဖြင့် လျှောက်ထားသော တရားမ အထွေထွေ လျှောက်ထားမှု (တရားမ ထွေထွေမှု) ဖြစ်ပါသည်။ ထိုအမှုနှင့်အတူ ၁၉၉၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက် ခံထားကြရသော NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ရွှေပါ ၂၆ ဦး (ယင်းတို့အထဲမှ ၂၆ ဦးမြောက် တရားလိုမှာ တရားလွှတ်တော် ရှေ့နေဖြစ်ပြီး ယခုအခါ၌လည်း NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ၊ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက တရားလို အားလုံးကိုယ်စား အခွင့်ရ ကိုယ်စားလှယ် အဖြစ်ဖြင့် စွဲဆိုပါသည်) တို့က ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ-၅ (က) နှင့် ၁၈၈၇ ခုနှစ်၊ သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ-၄၂ အရ မြွက်ဟ ကြေညာပေးစေရန်နှင့် ပြည်သူ့လွှတ်တော် ခေါ်ယူ ကျင်းပပေးစေရန် တရားမကြီးမှုကိုလည်း စွဲဆို တင်သွင်းလာပါသည်။

ယင်းအမှုများအနက် တရားမ အထွေထွေ လျှောက်ထားမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တည်ထောင်ခဲ့ပြီး လက်မှတ်ရေးထိုး လျှောက်ထားရရှိခဲ့သော NLD ပါတီသည် ၂၇-၅-၁၉၉၀ ရက်နေ့ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၈၅ နေရာတွင် ၃၉၂ နေရာ ရွေးကောက်တင် မြှောက်ခံထားရသည့်ပါတီ ဖြစ်ကြောင်း၊ ထိုစဉ်က ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းပေးရန် ပြဋ္ဌာန်းထားသည့်အပြင် နဝတ အစိုးရကလည်း ထိုသို့ ဖွဲ့စည်းပေးရန် ကတိပေးထားခဲ့ကြောင်း၊ သို့သော်လည်း လိုက်နာ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၂ (ဋ) ၌ ထောင်ဒဏ် ကျခံနေရသူကို အဓိပ္ပာယ် ဖွင့်ဆိုထားရာတွင် အယူခံ/ပြင်ဆင်မှု လျှောက်ထားဆဲ ထောင်ဒဏ် ကျခံနေရသူလည်း ပါဝင်နေကြောင်း၊ ယင်းပြဋ္ဌာန်းချက်သည် မြန်မာနိုင်ငံ၏ ယခင်ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ထိခိုက် နစ်နာစေသော ပြဋ္ဌာန်းချက် ဖြစ်နေကြောင်း၊ ထိုအကြောင်းကြောင့် မူလကတည်းက ပျက်ပြယ်နေသော ပြဋ္ဌာန်းချက် ဖြစ်ကြောင်း၊ NLD ပါတီ၏ နိုင်ငံရေး လုပ်ပိုင်ခွင့်ကိုလည်း ယိုယွင်း ပျက်စီးစေကြောင်း၊ သို့ဖြစ်၍ ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရနှင့် နဝတ အစိုးရ၏ ကတိကဝတ်အတိုင်း ပြည်သူ့လွှတ်တော် ခေါ်ယူ ဖွဲ့စည်းပေးရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိကြောင်း၊ ယင်းဥပဒေတွင် ယခင် ထုတ်ပြန်ထားသော နိုင်ငံရေး ပါတီများသည် အလိုအလျောက် ပျက်ပြယ်သည်ဆိုသော ပြဋ္ဌာန်းချက်မှာ နိုင်ငံတကာ ဥပဒေနှင့် မညီညွတ်သည့်အပြင် ဥပဒေ ဂုဏ်သိက္ခာနှင့် မညီညွတ်ကြောင်း၊ သို့ဖြစ်၍ ယင်းဥပဒေမှာ NLD ပါတီနှင့် စပ်လျဉ်းသမျှ အကျိုး မသက်ရောက်ကြောင်းကို တားမြစ်မိန့် ထုတ်ပေးစေလိုကြောင်း စသည်ဖြင့် ဖော်ပြလျှောက်ထားခြင်း ဖြစ်သည်။

တရားမကြီးမှုမှာ တရားလို ဦးအောင်ရွှေပါ ၂၆ ဦးသည် စွဲဆိုလွှာတွင် အမည်နှင့် ယှဉ်တွဲ ဖော်ပြထားသော မဲဆန္ဒနယ်များမှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ်ဖြင့် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသူများ ဖြစ်ကြောင်း၊ ယင်းရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု နဝတအစိုးရက နိုင်ငံတကာသိ ကြေညာခဲ့သည့်အပြင် နိုင်ငံတော် ပြန်တမ်းတွင်လည်း ကြေညာခဲ့ကြောင်း၊ ယင်းပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းရန် ၁၉၉၀ ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အပြင် နဝတ အစိုးရကလည်း ကြေညာချက်အမှတ် ၁/၉၀ တွင် အတိအလင်း ကြေညာခဲ့ကြောင်း၊ သို့သော် ယင်းတို့ကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင်မူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် များသည် အလိုအလျောက် ပျက်ပြယ်သည်ဟု ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းပြဋ္ဌာန်းချက်မှာ တရားလိုတို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် တရားဝင် အနေအထားကို ထိခိုက်စေပြီး မဲဆန္ဒရှင် ပြည်သူတို့၏ ဆန္ဒနှင့်လည်း ဆန့်ကျင်နေကြောင်း၊ ထိုအကြောင်းကြောင့် တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ကြောင်း၊ သို့ဖြစ်၍ တရားလိုတို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့် တရားဝင် အနေအထားကို မြွက်ဟ ကြေညာပေးစေ လိုကြောင်းနှင့် ယင်းကဲ့သို့သော ရွေးကောက် တင်မြှောက်ခံထားရ သူများနှင့် ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပစေသည့် ဒီကရီ ချမှတ်ပေးစေ လိုကြောင်းဖြင့် တရားစွဲဆိုခြင်း ဖြစ်ပါသည်။

ယင်းလျှောက်ထားမှုနှင့် စွဲဆိုမှုများကို အထက်သို့ တင်ပြခဲ့ရာ ဆောင်ရွက်နေကျ ရုံးအရာရှိဖြင့် ပြန်ပေးရန် ညွှန်ကြားခဲ့သဖြင့် နှစ်မှုလုံးကို တရားရုံးချုပ် (ရန်ကုန်) တရားမ တရားစီရင်ရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးအား ပြန်ပေးစေခဲ့ပါသည်။

ထို့နောက် ၂၉-၄-၂၀၁၀ ရက်နေ့တွင် အထွေထွေ လျှောက်ထားမှုကို NLD အနေနှင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အနေနှင့် လည်းကောင်း၊ တရားမကြီးမှုကို မူလပုဂ္ဂိုလ်များဖြင့် လည်းကောင်း ယခင်အဆိုပြု စွပ်စွဲချက်များနှင့် တောင်းဆိုချက်များအတိုင်း ဖော်ပြ၍ လျှောက်ထားခြင်းနှင့် စွဲဆိုခြင်း ထပ်မံဆောင်ရွက် လာခဲ့ကြပါသည်။ ထိုအခါ အထက်မှ တရားမတရား စီရင်ရေးဌာန၏ ညွှန်ကြားရေးမှူး ကိုယ်တိုင် ပြန်ပေး၍ ဖြစ် မဖြစ်နှင့် ထိုသို့ ပြန်ပေးပါက လုပ်ထုံးလုပ်နည်းနှင့် ညီ မညီ မေးမြန်းခဲ့ပါသည်။

ကျွန်တော်က ယခုအခါ တရားရုံးချုပ်သည် တရားလွှတ်တော် (High Court) နှင့် တရားလွှတ်တော်ချုပ် (Surpreme Court) အာဏာများကို ရယူကျင့်သုံး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းသို့ စွဲဆိုလွှာ၊ လျှောက်ထားလွှာများကို တရားရုံးချုပ်က ပြန်ပေးခြင်း (Return) နှင့် ပယ်ခြင်း Rejection) (ယင်းမြန်မာအသုံးအနှုန်း များနှင့်အတူ ပလပ်ခြင်း 'Dismiss' ၏ မြန်မာ အသုံးအနှုန်းတို့မှာ ပုံသေ ဖြစ်သင့်နေပြီ ဖြစ်သည်။ အမြင့်ဆုံးရုံး သည်ပင် မည်သည့် အမှုမဆို ကြားနာပြီးနောက် 'ပလပ်ခြင်း’ ကို ‘ပယ်သည်’ ဟု သုံးနှုန်းနေခြင်း မဖြစ်သင့်တော့ပါ။ တရားမကျင့်ထုံး အမိန့် ၇၊ နည်းဥပဒေ ၁၁ ကိစ္စဖြင့် ပယ်မှသာ ပယ်သည်ဟု အမြဲသုံးနှုန်းသင့်ပြီ ဖြစ်သည်) ကိစ္စများမှာ တရားမကျင့်ထုံး ဥပဒေအမိန့် ၄၉၊ နည်းဥပဒေ ၃(၁) အရ အမိန့် ၇၊ နည်းဥပဒေ ၁၀ နှင့် ၁၁ ၏ (ခ) နှင့် (ဂ) ပြဋ္ဌာန်းချက်တို့နှင့် မသက်ဆိုင်ကြောင်း၊ တရားလွှတ်တော်ရုံး လက်စွဲ (High Court Office Manual) အပိုဒ် ၅၁ (၂) နှင့်သာ သက်ဆိုင်ကြောင်း၊ ယင်းလက်စွဲအရ လျှောက်ထားလွှာနှင့် စွဲဆိုလွှာများ ပြန်ပေးခြင်းကို တရားရုံးချုပ် တရားသူကြီးများ ကိုယ်တိုင် ဆောင်ရွက်ရန် မလိုဘဲ ဒုတိယ မော်ကွန်းထိန်းများ (Deputy Registrars) နှင့် လက်ထောက် မော်ကွန်းထိန်း (Assistant Registrar) တို့က ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်၍ ညွှန်ကြားရေးမှူး ကိုယ်တိုင် ပြန်ပေးစေလိုပါက ပြန်ပေး၍ ရကြောင်း၊ ယင်းလက်စွဲအရ ထိုသို့ ပြန်ပေးလျှင် ယင်းလျှောက်လွှာနှင့် စွဲဆိုလွှာများ ပေါ်တွင် ဖြစ်စေ၊ သီးခြား စာရွက်ဖြင့် (with a slip) ဖြစ်စေ ယင်းလျှောက်ထားလွှာနှင့် စွဲဆိုလွှာတို့၏ မှားယွင်းချက်၊ ချွတ်ယွင်းချက်များ ဖော်ပြ၍ ပြန်ပေးနိုင်ကြောင်း၊ ယင်းလျှောက်ထားလွှာနှင့် စွဲဆိုလွှာတို့တွင် လျှောက်ထားခံရသူ/တရားပြိုင်တို့ကို တရားမ ကျင့်ထုံး ဥပဒေပုဒ်မ ၇၉ အရ ပြည်ထောင်စု မြန်မာနိုင်ငံဟုသာ ဖော်ပြရမည် ဖြစ်ပါလျက် ထိုသို့ ဖော်ပြမထားကြောင်း၊ ပုဒ်မ-၈၀ အရ အကြောင်းကြားစာ (Notice) ကို နှစ်လထက်ပို၍ ကြိုတင် ပေးပို့ထားရမည် ဖြစ်လျက် မလိုက်နာ ချွတ်ယွင်း နေကြောင်း ပြန်လည် တင်ပြခဲ့ပါသည်။

(ဤထုံးနည်းကို ယခု ပေါ်ပေါက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များက လိုက်နာကြရန် သတိချပ်သင့်ပါသည်။ တော်လှန်ရေးကောင်စီ ခေတ်တွင် ယခင်ရှိနေခဲ့သော မော်ကွန်းထိန်း (Registrar) ကို ညွှန်ကြားရေးမှူးချုပ် အဖြစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သဖြင့် ယင်းကိစ္စအတွက် ဆောင်ရွက်နိုင်သည့် အဆင့်ကို ညွှန်ကြားချက် မထွက်မီ ခန့်မှန်း ဆောင်ရွက် ကြရန်သာ ဖြစ်ပါသည်။)

ထိုအခါ အထက်မှ ထိုလျှောက်ထားလွှာနှင့် စွဲဆိုလွှာပါ ချွတ်ယွင်းချက်များကို ပြဋ္ဌာန်းချက်များဖြင့် တိတိကျကျ ဖော်ပြခြင်း မပြုဘဲ အမြွက်မျှ ဖော်ပြပြန်ပေးရန် ညွှန်ကြားခဲ့ပါသည်။

ထို့ကြောင့် လျှောက်ထားလွှာ/စွဲဆိုလွှာ တင်သွင်းသည့် ရက်များ၊ ပြန်ပေးသည့် ရက်များ၊ တင်သွင်းသူ အမည်များနှင့်အတူ ‘လျှောက်ထားလွှာ/စွဲဆိုလွှာပါ ရေးသား ဖော်ပြချက်များသည်၊ သတ်မှတ်ချက်များ၊ ကျင့်ထုံးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် ဤလျှောက်ထားလွှာ/စွဲဆိုလွှာကို ပြန်လည် ပေးအပ်လိုက်သည်’ ဖော်ပြချက်များကို အထက်အတည်ပြုချက်ဖြင့် ကျွန်တော် ကိုယ်တိုင် လက်ရေးနှင့် လျှောက်ထား လွှာ/စွဲဆို လွှာပေါ်တွင် သီးခြားစီရေးသား လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်ကာ ပြန်ပေးခဲ့ပါသည်။

ထိုသို့ ပြန်ပေးစဉ်က တရားရုံးချုပ်ရှေ့နေ ဦးကြည်ဝင်းနှင့် တရားလို ဦးဉာဏ်ဝင်းတို့ ကိုယ်တိုင် လာရောက် ရယူခြင်း ဖြစ်ပါသည်။ ထိုစဉ်က ဆရာကြီး ဦးကြည်ဝင်းက တရားရုံးချုပ် တရားသူကြီးက ပြန်မပေးဘဲ၊ ညွှန်ကြားရေးမှူးက ပြန်ပေး၍ ရသလားဟု မေးခဲ့ရာ ကျွန်တော်က C.P.C. (တရားမ ကျင့်ထုံးဥပဒေ၏ အတိုကောက်) Order-49, Rule-3(1) ‘အမိန့်-၄၉၊ နည်းဥပဒေ ၃(၁)’ နှင့် High Court Office Manual စာပိုဒ် ၅၁ (၂) တို့အရ ပြန်ပေး၍ရကြောင်း ဖြေဆိုခဲ့ပါသည်။ ဆက်လက်၍ ဆရာကြီး ဦးကြည်ဝင်းက ယင်း High Court Office Manual မှာ Standing (တည်ဆဲ) ဖြစ်သေးသလားဟု မေးခဲ့ရာ ကျွန်တော်က repeal (ပယ်ဖျက်ထားခြင်း) လုပ်ထားမှု မရှိသေး၍ှ Standing ဖြစ်နေသေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

ထိုကာလများအတွင်း ကျွန်တော်က ကျွန်တော့် လက်အောက် ရုံးအရာရှိများ အများရှေ့တွင် ထိုကဲ့သို့ သမိုင်းတွင် အထင်ကရ ဖြစ်ကျန်ခဲ့မည့် အမှုမျိုးကို ပေါ့ပေါ့လွယ်လွယ်နှင့် ချွတ်ယွင်းချက်၊ မှားယွင်းချက် များဖြင့် မတင်သွင်းသင့်ကြောင်း၊ နိုင်ငံတော်ပိုင်းက မည်သို့ပင်ဖြစ်စေ ပြန်ပေးမည်၊ ပယ်မည်၊ ပလပ်မည် ဖြစ်သော်လည်း ထိုဆရာကြီးများက ၎င်းတို့ အမှုများကို ခိုင်မာ တောင့်တင်းအောင် တည်ဆောက် တင်သွင်း ခဲ့သင့်ကြောင်း၊ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၇၉ နှင့် ၈၀ ကိုလည်း လိုက်နာခဲ့သင့်ကြောင်း ပြောကြားခဲ့ပါသည်။ တာဝန်မှ လွတ်၍ စေတနာနှင့် ပြန်လည် ကြားသိ ပြုပြင်စေလို၍ ပြောလိုက်ခြင်းများ ဖြစ်ပါသည်။

ကျွန်တော်က ထိုသို့ ပြောလိုက်ခြင်းကို ပြန်ကြားသည်၊ မကြားသည်တော့ မသိပါ။ နောက်ပိုင်းတွင် ထိုပြဋ္ဌာန်းချက်များ လိုက်နာ၍ ယခင် လျှောက်ထားလွှာပါအတိုင်း ဖော်ပြပြီး လျှောက်ထားလွှာ တစ်ခုကိုသာ ထပ်မံတင်သွင်းခဲ့ပါသည်။ တရားမကြီးမှုတော့ ထပ်မစွဲတော့ပါ။ ထိုအခါမှသာ ကျွန်တော် တို့အထက်မှအမှုကို လက်ခံ၍ တရားရုံးချုပ် တရားသူကြီး တစ်ဦးဖြင့် တရားရုံးချုပ် (နေပြည်တော်) တွင် အမှုကြားနာနိုင်ရေး ဆောင်ရွက်ထားရန် ညွှန်ကြားခဲ့ပါသည်။ ကျွန်တော် ပြောသည်ကို ပြန်ကြားသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အမှုကိုလက်ခံ၍ အမှုလက်ခံသင့် မသင့် တရားရုံးချုပ် (နေပြည်တော်) ၌ တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်း ကြားနာခဲ့စဉ်က ထိုကဲ့သို့ တင်သွင်းခဲ့မှုများကို ဥပဒေရေးရာနှင့် တရားစီရင်ရေးရာ တာဝန်ရှိ ပညာရှင်တစ်ဦးက ပေါ့ပေါ့လွယ်လွယ်နှင့် အမှုများ တင်သွင်းသည်ဟု ပြောဆိုခြင်းမှာ မမှန်ကြောင်း ထည့်သွင်း လျှောက်လဲခဲ့၍ ဖြစ်ပါသည်။ ကျွန်တော်သည်ပင် တရားခွင်၌ အကြံပေးနေရာတွင် ထိုင်ရင်း မျက်နှာ ပူခဲ့ရပါသည်။

အထက်ပါအတိုင်း အမှုကိုလက်ခံပြီး ကြားနာရန် စီစဉ်နေစဉ် တရားရုံးချုပ် (နေပြည်တော်) ၌ ထိုသို့ကြားနာ၍ အမှုပယ် (အမှန်မှာပလပ်) ခဲ့ပြီးပါက လျှောက်ထားသူများဘက်မှ မည်သို့ ဆက်လက် တက်ရောက်နိုင်ခြင်း ပြဿနာ အငြင်းပွားမှု ဖြစ်ခဲ့သည်ဟု ကြားသိခဲ့ရပါသည်။ အချို့က အယူခံမှုဖြင့်သာ တက်ရောက်ရမည်ဟု ပြောဆိုနေကြသကဲ့သို့ ညွှန်ကြားရေးမှူးချုပ် (ယခုဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ) နှင့် တရားရုံးချုပ် (နေပြည်တော်) တရားမဌာန တွဲဖက်ညွှန်မှူး (ယခုစစ်ကိုင်း တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်) တို့ ပါဝင်သော အများစုက ပြင်ဆင်မှုဖြင့်သာ တက်ရောက်ရမည် စသည်ဖြင့် ပြောဆို အငြင်းပွားနေသည်ဟု ဆိုပါသည်။ တရားရုံးချုပ် (နေပြည်တော်) ဒုတိယ တရားသူကြီးချုပ် (ယခုပြည်ထောင်စု တရားသူကြီးချုပ်) က ဖုန်းဖြင့်မေးလာ၍ သိရခြင်း ဖြစ်ပါသည်။ ကျွန်တော်က ထိုအမှုကို ပယ်သည်ဟု သုံးမည် ဖြစ်သော်လည်း ပလပ်ခြင်းဖြစ်၍ အယူခံသာ တက်ရမည် ဖြစ်ပြီး တရားမ အထွေထွေ လျှောက်လွှာ (အထူး) ဖြင့်သာ တင်သွင်းရမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ယင်းကိစ္စကို ၎င်းထံ စာတမ်းဖြင့် တင်ပြရန် ညွှန်ကြားခဲ့၍ ကျွန်တော် တင်ပြခဲ့ရပါသည်။ ယင်းမှာ တပ်မတော်တွင် ကျင့်သုံးသော အလေ့အထ ဟုထင်ပါသည်။ အရပ်ဘက်တွင် ကျင့်သုံးကြသည်ကို မကြုံရဖူးပါ။ ထိုအလေ့အထကို ယခုပြည်ထောင်စု တရားသူကြီးချုပ်က မကြာမကြာ ကျင့်သုံးသည်ကို ကြုံရဖူးပါသည်။

အမှုကို လက်ခံသင့် မသင့်ကြားနာရန် ရက်နီးလာသောအခါ အထက်မှ ကျွန်တော့်ကို တရားခွင်တွင် အကြံပေးအဖြစ် တက်ရောက်ရန် နေပြည်တော်သို့ ခေါ်သဖြင့် သောကြာနေ့တစ်နေ့တွင် သွားရောက်ခဲ့ရပါသည်။ ထိုနေ့တွင် တရားသူကြီးချုပ်က တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်းရှေ့တွင် ညွှန်ချုပ်၊ ကျွန်တော်နှင့် တရားရုံးချုပ် (နေပြည်တော်)၊ တရားမဌာန တွဲဖက်ညွှန်မှူးတို့ကို ထိုအမှုတွင် ချမှတ်မည့် အမိန့်မူကြမ်းကို စုပေါင်းရေးသား တင်ပြကြရန် ညွှန်ကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ချုပ်က ကျွန်တော်တို့ နှစ်ဦးကို နောက်နေ့ ၁၀ နာရီတွင်စတင်၍ ယင်းအမိန့် မူကြမ်းကို ၎င်း၏ ရုံးခန်းတွင် စုပေါင်း ရေးသားကြမည် ဖြစ်ကြောင်း ပြောပါသည်။

နောက်နေ့တွင် ကျွန်တော်က ချိန်းသည့်အချိန် သွားစောင့်နေသော်လည်း မည်သူမျှ ပေါ်မလာပါ။ နေ့လယ် ၂ နာရီခန့်တွင် တွဲဖက်ညွှန်မှူးသည် ကွန်ပျူတာစာစီ စာရေးမများနှင့်အတူ ရောက်ရှိလာပြီး အမိန့်မူကြမ်းကို ၎င်းက ရေးသားပြီးဖြစ်၍ မလိုအပ်တော့ကြောင်း ပြောပါသည်။

ကျွန်တော် ဖတ်ကြည့်ခွင့် တောင်း၍ ဖတ်ကြည့်ရာ မကြိုက်ပါ။ ကျွန်တော်က တရားခွင်တွင် အကြံပေးအဖြစ် တက်ရမည်ဖြစ်၍ အရေးအသားပိုင်း အနည်းငယ် ပြင်လိုကြောင်း၊ တည်းခိုသည့် အခန်း၌ ပြန်၍ ပြင်ရေးလိုကြောင်း၊ နောက်နေ့ နံနက်တွင် ၎င်းကို ၎င်း၏ ရုံးခန်းသို့ ကွန်ပျူတာစာစီ စာရေးမများကို လာပို့ပေးစေ လိုကြောင်း ပြောခဲ့ပါသည်။ တရားရုံးချုပ် (နေပြည်တော်) ရှိ ရုံးခန်း တစ်ခုတွင် စောင့်ဆိုင်းနေသော တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်းကိုလည်း အခြေအနေကို ပြန်လည် တင်ပြခဲ့ပါသည်။

ညဘက်တွင် ကျွန်တော်သည် ထိုအမိန့်စာကြမ်းကို သီးခြား ပြန်လည် ရေးသားပြီး ကွန်ပျူတာ စီစာကြမ်းရိုက်ရန် နောက်နေ့နံနက် ၉ နာရီခွဲတွင် သွားစောင့်နေပါသည်။ ၁၁ နာရီခွဲခန့်တွင် ကွန်ပျူတာစာစီ စာရေးမများ ပို့လာသဖြင့် အမိန့်စာကြမ်းကို ရိုက်နှိပ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ပြီးစီးပါသည်။ တွဲဖက် ညွှန်မှူးရေးသော အမိန့်စာကြမ်းနှင့် ကျွန်တော် ရေးသားသော အမိန့်စာကြမ်းနှစ်ခုကို တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်းထံ သွားရောက် တင်ပြပါသည်။ ကျွန်တော် ရေးသားသည့် အမိန့်စာကြမ်းကို အသုံးပြုမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

ထို့နောက် ကျွန်တော်က ညွှန်ချုပ်ထံ ဖုန်းဆက်ရာ ယခုပင် တရားသူကြီးချုပ်ထံ အမိန့်စာကြမ်းကို သွားရောက် တင်ပြကြမည်ဟု ပြောသဖြင့် ညွှန်ချုပ်၊ ကျွန်တော်နှင့် တွဲဖက်ညွှန်မှူးတို့ သီးခြားစီ သွားရောက် ခဲ့ကြပါသည်။ တရားသူကြီးချုပ်အိမ်၌ ထောက်ပံ့ရေးရာညွှန်မှူး (ယခုစီမံ/ထောက်ပံ့ဒု-ညွှန်ချုပ်) နှင့် လေ့ကျင့်/သုတေသန ညွှန်မှူးတို့လည်း အမိန့်စာချော ရိုက်ပေးရန် ရောက်ရှိနေကြပါသည်။ တရားသူကြီးချုပ်က ကျွန်တော် ရေးသားသော အမိန့်စာကြမ်းကို ပြင်ဆင်ပေးခဲ့၍ လေ့ကျင့်/သုတေသန ညွှန်မှူးက အမိန့်စာချောကို ရိုက်ပါသည်။ (နေ့စဉ်မှတ်တမ်း အမိန့်ဖြင့် ရေးသည့် အမိန့်မျိုးသည် အမိန့်တိုသာ ဖြစ်သင့်လျက် ရှည်ရှည်ဝေးဝေးများ ဖြစ်နေခဲ့သည့်ကာလ နှစ် ၂၀ ကျော်ခဲ့ရာ ပြန်လည် ပြုပြင်သင့်နေပြီ ဖြစ်ပါသည်။)

ထိုသို့ အမိန့်စာချော ရိုက်နေစဉ် တရားသူကြီးချုပ်က ညွှန်ချုပ်၊ တွဲဖက်ညွှန်မှူးနှင့် ကျွန်တော်တို့ကို ခေါ်ယူ၍ ယင်းလျှောက်ထားမှုကို ပယ်ပြီးပါက လျှောက်ထားသူ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ပြင်ဆင်မှု တက်ရမည်လား၊ အယူခံမှု တက်ရမည်လား၊ ထိုကိစ္စမည်သို့ ရှိသလဲဟု မေးပါသည်။ ညွှန်ချုပ်နှင့် တွဲဖက်ညွှန်မှူးတို့က ပြင်ဆင်မှုသာ တက်ရမည် ဖြစ်ကြောင်း အကိုးအကား များဖြင့် တင်ပြကြသကဲ့သို့ ကျွန်တော်ကလည်း အယူခံမှု အဖြစ်ဖြင့် တရားမ အထွေထွေ လျှောက်လွှာ (အထူး) ဖြင့်သာ တင်သွင်းရမည် ဖြစ်ကြောင်း တင်ပြပါသည်။ နိုင်ငံ့ထိပ်ပိုင်းအထိ တင်ပြပြီး ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သဖြင့် အမှားအယွင်း မဖြစ်စေလို၍ ကျွန်တော်က ထိုသို့ တင်ပြငြင်းခုံရခြင်း ဖြစ်ပါသည်။

အတန်ကြာ ၎င်းတို့ဘက်က တင်ပြလိုက်၊ ကျွန်တော့်ဘက်က တင်ပြလိုက်ဖြစ် နေရာမှ ကျွန်တော်၌ နောက်ဆုံး ကျည်ဆန်အဖြစ် နှစ်ချက်ပစ်လွှတ်ရန် ကျန်တော့သည်ဟု သဘောပိုက်ပြီး တရားရုံးချုပ်၊ တရားသူကြီးတစ်ဦး ဆုံးဖြတ်ထားသည်ကို ဘယ်တရားရုံးချုပ် တရားသူကြီး တစ်ဦးက ပြင်ဆင်မှုနဲ့ ကြားနာနိုင်မှာလဲဟု မေးမြန်းလိုက်ပါသည်။ ထိုအဆင့်ဖြင့် မရပါက တရားမ ပြင်ဆင်မှု ပြဋ္ဌာန်းချက် ဖြစ်သည့် တရားမကျင့်ထုံး ဥပဒေပုဒ်မ-၁၁၅ အရ တရားလွှတ်တော်က အောက်ရုံးများ၏ စီရင်ပိုင်ခွင့်နဲ့ ပတ်သက်၍ မှားယွင်း ဆုံးဖြတ်မှု များတွင်သာ ပြင်ဆင်မှု ဖွင့်နိုင်၍ မိမိကိုယ်တိုင် မှားယွင်းမှုကို မိမိကိုယ်တိုင် ပြင်ဆင်မှု မဖွင့်နိုင်ဆိုခြင်းကို တင်ပြရန် ဖြစ်ပါသည်။

ထိုပထမအဆင့် တင်ပြသည်ကိုပင် ညွှန်ချုပ်က မှန်သည်ဟုပြောကာ တရားမ အထွေထွေ လျှောက်လွှာ (အထူး) ဖြင့်သာ တင်သွင်းရမည် ဖြစ်ကြောင်း ကျွန်တော့်ကို ထောက်ခံ ပေးခဲ့ပါသည်။ ဤသို့ဖြင့်အမြင် ကွဲလွဲမှုတစ်ခု အဆုံးသတ်ခဲ့ပါသည်။ နောက်နေ့တွင် ဒုတိယ တရားသူကြီးချုပ် (နေပြည်တော်) က ယင်းပြဿနာမည်သို့ ဖြစ်သလဲဟု ကျွန်တော်ကို မေးခဲ့ရာ ကျွန်တော် တင်ပြသည့်အတိုင်း ညွှန်ချုပ်က သဘောတူ လက်ခံခဲ့၍ ပြီးပြတ်ခဲ့ကြောင်း ပြန်လည် တင်ပြခဲ့ပါသည်။

နောင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ထိုလျှောက်ထားမှုကို ကြားနာပြီးနောက် တရားရုံးချုပ်က ပယ် (အမှန်မှာပလပ်) ခဲ့ရာ တရားမအထွေထွေ လျှောက်လွှာ (အထူး) ဖြင့် တင်သွင်း လာခဲ့ပါသည်။

ဤတင်ပြချက်များသည် တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါ။ ကာလတစ်ခု၏ တရားစီရင်ရေး သမိုင်းတွင် (ကျွန်တော့် ထင်မြင်ချက်အရ) အထင်ကရ ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်မှုခင်း များကို ကျွန်တော် ကြုံဆုံဖြတ်သန်း ခဲ့ရသည်တို့နှင့် ယှဉ်၍ (လိုအပ်လျှင်) သမိုင်း အထောက်အထား တစ်ရပ် ဖြစ်စေစိမ့်သောငှာ တင်ပြလိုခြင်း ဖြစ်ပါသည်။

ထို့ပြင် ထိုမှုခင်းများ ပါဝင် ဆောင်ရွက်ခဲ့ရာတွင် အမှန်တရားဘက်က ရပ်တည်လိုမှုနှင့် (ကျွန်တော့် သဘောအရ) မတရား တားဆီးချုပ်နှောင် ခံရသည်များအတွက် ကရုဏာသက်မှုတို့ ကျွန်တော့်တွင် ရှိနေခဲ့သော်လည်း၊ မိမိကျရာ တာဝန်ဝတ္တရား ကျေပွန်စွာဖြင့် ဆောင်ရွက်ခဲ့ရမှု အခြေအနေများကို တင်ပြလိုခြင်းလည်း ဖြစ်ပါတော့သည်။

The VOICE
အပြည့်အစုံသို့ »

ဘယ်လို၊ ဘယ်စခန်း နေပြည်တော် အမြန်လမ်း



နေပြည်တော် အမြန်လမ်းကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ လမ်းဖွင့်ပြီးသည့်အချိန်ကာလမှ စတင်၍ မကြာခဏ ကြားရတတ် သည်မှာ မော်တော်ယာဉ် မတော် တဆဖြစ်သည့် ယာဉ်တိုက်မှုများ ဖြစ်သည်။ ယခုနှစ် ၂၀၁၄ နှစ် ဆန်းမှစ၍ ဧပြီလကုန်အထိ လေး လအတွင်းမှာပင် ထိုအမြန်လမ်း ပေါ်မှာ ယာဉ်တိုက်မှုပေါင်း ၁၄၇ မှုဖြစ်ခဲ့ပြီး လူပေါင်း ၅၇ ဦး သေ ဆုံးခဲ့ရပြီဟု သတင်းများကဆို သည်။ လမ်းစတင်ဖွင့်လှစ်ပြီးချိန် မှ စတင်ရေတွက်လျှင် ငါးနှစ်ရာ သီအတွင်း လူပေါင်း ၃၆၇ ဦး သေဆုံးခဲ့ပြီဟုလည်း သိရသည်။

ဤသို့ နေပြည်တော်အမြန် လမ်းမကြီးမှာ အခြားလမ်းများ ထက် ယာဉ်တိမ်းမှောက်မှုများ ပိုမိုဖြစ်ပွားနေသည့် အကြောင်း ရင်းကို တိတိကျကျ မည်သူကမျှ မပြောနိုင်။ ပြည်သူလူထုအကြား မှာတော့ ထင်မြင်ယူဆချက်အ မျိုးမျိုး ရှိနေသည်ကို သတိပြုမိခဲ့ သည်။ လမ်းမှာ ကွန်ကရစ်လမ်း ဖြစ်၍ မတော်တဆဖြစ်မှုတွေများ ရသည်။ မော်တော်ကားတာယာ တွေ ပူပြီးလည်း ပွင့်ထွက်တတ် သည်ဟု ဆိုသူလည်း ရှိသည်။ ဒါလည်း ဖြစ်နိုင်ပါသည်။ ယာဉ် မောင်းသူတွေ ယာဉ်စည်းကမ်း မလိုက်နာ၍ဟုလည်း ဆိုကြ သည်။ နေပြည်တော်အမြန်လမ်း မှာ နာနာဘာဝ၊ ၀ိနာဘာဝတွေ စီး နေသည်ဟု ပြောဆိုသူများပင် ရှိ လာနေသည်။ ထိုကြောင့်ဟု ထင် ၏။ မကြာမီရက်ပိုင်းက အာဏာ ရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးက ဦးစီးဦးရွက်ပြုကာ အမြန်လမ်းမ တစ်လျှောက်မှာ မြန်မာဗုဒ္ဓဘာ သာဓလေ့ထုံးတမ်းနှင့်အညီ ပရိတ်ရွတ်ဖတ်သရဇ္ဇာယ်ခြင်းများ ပြုလုပ်ခဲ့ပါသေးသည်။ သို့သော် ထိုသို့ပြုလုပ်ပြီး နောက်နှစ်ရက် အကြာမှာပင် ရာဇာမင်း ဘတ်စ်ကားလိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက်၍ လူ ၁၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြန်သည်။

ကျွန်မအဖို့ ထိုအမြန်လမ်း ကို မော်တော်ကားဖြင့် နှစ်ကြိမ် တိတိ ဖြတ်သန်းခဲ့ဖူးသည်။ ဖြတ် သန်းစဉ် အချိန်မှာ လမ်း၏အနေအထားကိုလည်း သတိထား ကြည့်မိခဲ့ပါသည်။ လမ်းမှာအ ကွေ့အကောက် နည်းပါးသည်။ လမ်းတစ်လျှောက် မြင်ကွင်းမှာ လည်း ကမူကုန်းတန်းများ ဖြစ် သည်။ နေပြည်တော်ရှိ လူကြီး မင်းများ ရန်ကုန်နှင့် နေပြည်တော် ကို ကူးသန်းရာမှာ ချုံခိုတိုက်ခိုက် မည် စိုးရိမ်ကြ၍ ထင်သည်။ မိုင် နှစ်ရာကျော် ခရီးတစ်လျှောက် လုံးရှိ ကမူကုန်းတန်းအားလုံးမှာ သစ်ပင်ကြီးကြီး မားမားမရှိ။ ပြောင်တလင်းခါနေသည်။ ယခင် ကတော့ ထိုနေရာများသည်တော တောင်ထူထပ်သော ရိုးမတော။ သစ်တော၊ သစ်ပင်ထူထဲလျှင် လက်နက်ကိုင်တို့က ချုံခို တိုက်ခိုက်မည်ကို စိုးရွံ့ဟန်တူသည်။ လမ်းဘေးဝဲယာသာမက အတော်ဝေးဝေးအထိ သစ်တော၊ သစ်ပင်တွေကို ရှင်းထားသည်။ ပြည်တွင်းစစ်နှင့် နှစ်ရှည်လများ နှစ်ပါးသွားနေသူတွေဆိုတော့လည်း စိုးရိမ်သောက ရှိကြသည်မှာ မဆန်း။ စစ်ရေးအမြင်ရှိရမည်။ ထိုကြောင့်ပင်။ နေပြည်တော်အမြန်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မြင်ကွင်းများမှာ အပြောင်းအလဲ မရှိ။ ဘယ်ကို ကြည့်ကြည့် မြင်ကွင်းမှာတူနေ၏။ လမ်းတစ်လျှောက်မှာ ဖြတ်သန်းရသော မြို့၊ ရွာဟူ၍လည်း မှတ်သားစရာ မရှိ။ တုံးတိတိ။ ငုံးစိစိ။ နေပြည်တော်အမြန်လမ်းကိုမှတ်ချက်ပေးရလျှင် စိတ်ဝင်စားစရာမြင်ကွင်းဟူ၍ အပြောင်းအလဲ ဘာမျှမရှိသော အလွန်ငြီးငွေ့ဖွယ်လမ်းတစ်လမ်းဟုသာ မှတ်ချက်ပေးချင်သည်။

အထက်ပါ အချက်နှင့်ဆက် စပ်၍ ထောက်ပြချင်မိသည်။ လူ တို့၏ မှတ်ဉာဏ်မှာ သဘာဝတွေ ရှိသည်။ တူညီသောအကြောင်း အရာ၊ တူညီသောအသံ၊ တူညီ သော အမြင်အာရုံများကို အချိန် အတန်ကြာအောင် တစ်ဆက် တစ်စပ်တည်း ကြားရ၊ မြင်ရ၊ တွေ့ရလျှင် ငြီးငွေ့ထိုင်းမှိုင်းလာ တတ်သည်။ ဦးနှောက်၏ မှတ် သားလိုစိတ်၊ မှတ်နိုင်စွမ်းအား လျော့ကျကာ လေးလံထိုင်းမှိုင်း သွားတတ်သည်။ ထိုအခါ အိပ်ချင်ငိုက်မျဉ်းလာသည်။ ထိုကြောင့် စာသင်ကျောင်းများမှာ ကျောင်းသင်ခန်းစာများကို သင်ပေးကြသည့်အခါ ဘာသာရပ်တစ်ခုကို စာသင်ကြားချိန် တစ်ချိန်အ တွက် မိနစ်ငါးဆယ်ခန့်သာ သင်ယူစေပြီး ခေတ္တခဏ အနားပေး စေရခြင်း ဖြစ်သည်။ စာသင်ချိန် တစ်ချိန်တွင် မိနစ်ငါးဆယ်သော် မှ စာချည်းသင်ပေး၍ မရ။ ဟာသ လေးတွေ ရောနှောပြောရသည်။ စိတ်ဝင်စားစရာ အခြားခေါင်းစဉ် တွေ ကြားညှပ်သင်ကြားကြရ သည်။ ရုပ်ရှင်များ၊ တီဗီစီးရီး ဇာတ်လမ်းများမှာ ကြော်ငြာထိုး လျက် ပြသရခြင်းမှာ စီးပွားရေးအ တွက် သာမက ရုပ်ရှင်ကြည့် ပရိသတ်၏ စိတ်အာရုံကို အလှည့်အပြောင်းဖြစ်စေပြီး အနားပေးခြင်းလည်း ဖြစ်သည်။ သို့မှသာ အိပ်ချင် ငိုက်မျဉ်းခြင်းကင်းဝေးပြီး ဇာတ်လမ်း၊ ဇာတ်ကွက်ကို စိတ်ဝင်တစားမှတ်သားနိုင်မည်။

မော်တော်ကားဖြင့် ခရီးသွား ရာမှာလည်း သဘောတရား အတူတူပင် ဖြစ်သည်။ နမူနာအားဖြင့် ကျွန်မတို့ ရန်ကုန်မှ ပြည်ကို ခရီးထွက်ကြည့်ကြမည်။ အဝေးပြေးကားဂိတ်။ ထိုမှ မင်္ဂလာဒုံ။ ဒါကထောက်ကြန့်၊ ဒီမြို့က မှော်ဘီ။မှော်ဘီပြီးလျှင် တိုက်ကြီးကို ရောက်တော့မည်။  သုံးဆယ်မြို့ကို ၀င်တော့မည်။ မင်းလှ၊ လက်ပံတန်း၊ ရွှေတောင်၊ ပြည်မြို့စသည်ဖြင့် ဦးနှောက်၏ အသိမှတ်ဉာဏ်မှာ မှတ်သားစရာ အတွေးတွေ ဆန်းသစ်နေသည်။ လမ်းခရီးမှာ စိတ်ဝင်စားစရာ မြို့ငယ်၊ ရွာငယ်လေးတွေ ရှိသေးသည်။ လမ်းဘေးဝဲယာမှ စိတ်ဝင်စားစရာစေတီ၊ တန်ဆောင်း၊ ကျောင်း၊ လူ၊ ကျွဲ၊ နွား၊ ဆိတ် စသော တိရစ္ဆာန်တို့ နေမှု၊ ထိုင်မှုစိတ်အပြောင်းအလဲ ခေါင်းစဉ်များစွာကို စိတ်မှာအလိုအလျောက် သတိပြုမှတ်သားရင်း ဦးနှောက်သည် လေးလံထိုင်းမှိုင်းခွင့်မရ။ နေပြည်တော် အမြန်လမ်းကား ထိုသို့ မဟုတ်ပါခဲ့။ လူတို့၏ စိတ်ပိုင်းဆိုင်ရာ ဆိုက်ကိုသဘော တရားကို ထည့်သွင်းစဉ်းစားခြင်း မရှိသော စစ်ရေးအမြင်လမ်းဟု သာ သတ်မှတ်ရတော့မည်။

ကျွန်မသွားရောက်ခဲ့သော နေပြည်တော် ခရီးစဉ်အတွက် မော်တော်ကားကို အော်ဒါငှားရမ်း စီးနင်းခဲ့ရာ ပထမတွင် ကျွန်မက ကား၏နောက်ခန်းမှာ စီးသည်။ တူတော်မောင် တစ်ယောက်က မော်တော်ကား ဒရိုင်ဘာနှင့်အတူ ရှေ့ခန်းမှာထိုင်လျက် ဒရိုင်ဘာ အိပ်ငိုက်မည်စိုး၍ စကားထိုင် ပြောပေးနေသည်။ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းအလွန်တွင် တူတော်မောင်နှင့် ကျွန်မတို့ ရှေ့ခန်း၊ နောက်ခန်းနေရာချင်း လဲလှယ်၍ ဒရိုင်ဘာ၏ ဘေးခုံမှာ ထိုင်ခဲ့ပြီး စကားပြောလာသည်။ အတန်ကြာသောအခါ ပြောစရာစကားလည်း များများစားစားမရှိတော့သဖြင့် မော်တော်ကား ပြတင်းပေါက်မှနေ လမ်းနံဘေးမြင်ကွင်းကို ဆယ်မိနစ်ခန့်ကြည့်မိသည်။ ထို့နောက် မော်တော်ကားဒရိုင်ဘာဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ ဒရိုင်ဘာမှာ မျက်လုံးစင်းပြီး အိပ်ငိုက်နေသည်ကို တွေ့ရသည်။ ကျွန်မအတော်ပင် ထိတ်လန့်သွားခဲ့သည်။ ဒရိုင်ဘာအိပ်ငိုက်နေသော်လည်း မော်တော်ကားမှာမူ သွားမြဲ သွားလျက်ရှိနေသည်။ မည်မျှကြောက်စရာကောင်းသော အဖြစ်ပါနည်း။

ကျွန်မက ‘‘ကားဆရာ၊ ကား ဆရာ၊ အိပ်ငိုက်နေတာလား’’ ဟု မတိုးမကျယ်အသံပြုလိုက်မှ ဖျတ်ခနဲ နိုးလာသည်။ ကားဒရိုင် ဘာမှာ အမှန်တကယ်ပင် အိပ် ငိုက်နေခြင်း ဖြစ်သည်။ အိပ်ပျော် နေသည်ဟု မဆိုသာသော်လည်း အိပ်ငိုက်သွားခဲ့သည်မှာ သေချာ လှပါသည်။ ကျွန်မ၏ အသံကို ကြားမှ ဆတ်ခနဲ နိုးလာခဲ့ခြင်း ဖြစ်သည်။

ခက်သည်က မော်တော် ကားဆရာသည် သူအိပ်ငိုက်နေ သည့် အချက်ကို ၀န်မခံ ‘‘ကျွန်တော် မငိုက်ပါဘူး’’ ဟုသာ ငြင်းသည်။  ထားလိုက်ပါသည်။ အငြင်းမပွား တော့။ သို့သော် လမ်းတစ်လျှောက် လုံး အသွားရော၊ အပြန်မှာပါ တူအရီးနှစ်ယောက် ဒရိုင်ဘာအနား မှာ တစ်လှည့်စီထိုင်လျက် ကော်ဖီချိုချဉ်လေးငုံ ခိုင်းလိုက်၊ လိမ္မော်သီးလေး ကျွေးလိုက်။ မော်တော်ကားကို ရပ်ခိုင်းကာ မျက်နှာသစ်လိုက်ပါလားစသဖြင့် အိပ်ချင်ပြေအောင် အထူးဂရုစိုက်လာခဲ့ရသည်။ အလားတူ အဖြစ်မျိုးကို ကျွန်မ၏မိတ်ဆွေတစ်ဦး၏ မိသားစုလည်း နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးထွက်စဉ်အချိန်က ဖြစ်ပျက်ဖူးသည်ဟု သိရသည်။

 ဤလမ်းကို စတင်ဖွင့်စဉ်က တာဝန်ရှိသူတို့သည် ရန်ကုန်မှ နေပြည်တော်၊ နေပြည်တော်မှ ရန်ကုန်ခရီးကို အချိန်လေးနာရီ နှင့် ရောက်သည်ဟု ဆိုလိုက်သည့် စံချိန်သတ်မှတ်ပြောဆိုလိုက်ခြင်း သည်ကလည်း အမှားတွေထဲက အမှားတစ်ခုဟု ထင်မိသည်။ ထို ကြောင့်ပင် ထင်၏။ မော်တော် ယာဉ်ကိုယ်ပိုင်မောင်းသူဖြစ်စေ၊အငှားမောင်းသူဖြစ်စေ၊ ခရီးသည်ယာဉ် ဘတ်စ်ကားကို မောင်းနှင်သူဖြစ်စေ ထိုယာဉ်မောင်းတို့သည် အလုပ်မာနဖြင့် ရန်ကုန်- နေပြည်တော်ခရီးကို သူ့ထက်ငါ လေးနာရီစံချိန်ကို မီအောင် အားသွန်ခွန်စိုက်သာ မောင်းကြလေတော့ သည်။ ထိုသို့ ကျုပ်တို့ အစိုးရဖောက်သည့် လမ်းကသိပ်ကိုကောင်း၊ သိပ်ကိုမြန်ပါသည်ဟု ကြွားလုံးထုတ်ကာ လေးနာရီခရီး ဟု အာမခံသတ်မှတ်ထားခဲ့ခြင်း သည်ပင် ယာဉ်မောင်းများကို မြန်မြန်မောင်း၊ စံချိန်မီအောင် မောင်း။ မမောင်းပါက မင်းညံ့ရာ ကျသည်ဟု ဆိုနေသယောင်။ ကားဆရာတို့ကား မြန်နှုန်းစစ် ဆေးသည့် ဂိတ်များရှိနေသည့် တိုင်တိုင် စံချိန်အကျမခံ။ ကီလို မီတာ ၈၀-၁၀၀ မက။ ချောင် လျှင် ချောင်သလို မောင်းကြလေ တော့သည်။

လမ်းက မညီမညာ။ နိုင်လွန်ကတ္တရာလမ်းနှင့်တော့ အတော်ကွာလှသည့် လှိုင်းထနေသော ကွန်ကရစ်လမ်း။ ထိုလမ်း၏ ဘေးဘေးဘီဘီမြင်ကွင်း တို့ကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်း လှသည်။ ကားမောင်းသူတစ်ရာရှိ လျှင် တစ်ယောက်တော့ လေးတွဲ့ ထိုင်းမှိုင်းသွားနိုင်သည်။ အိပ် ပျော်ကောင်းပျော်သွားနိုင်သည်။ ကျွန်မသည် နေပြည်တော်လမ်း တစ်လျှောက်လုံးမှာ လုံးဝမအိပ် ဘဲ စောင့်ကြည့်နေသူဖြစ်ရာ မိမိ တို့၏ ကားကိုကျော်ကာ၊ ဖြတ် ကာ၊ ရှောင်ကာသွားနေကြသည့် ယိမ်းခါနေသော မော်တော်ကား များကို ကြည့်ရင်း အသည်းတုန်၊ အူတုန်ဖြစ်ရသည့် အကြိမ်လည်း မနည်းခဲ့။ အကယ်၍ ငြီးငွေ့ဖွယ် ရာ ဤလမ်းမှာ မော်တော်ကား တစ်စီးကို မောင်းနှင်နေသူသည် အရက်သေစာသောက်သုံးထား သူဖြစ်ပါက ပို၍ အန္တရာယ်ရင် ဆိုင်ရဖွယ် ရှိသည်။

ဤနေရာတွင် သတိပေးလို သည်မှာ မော်တော်ယာဉ်မောင်း သူတိုင်း အရက်သောက်ခြင်းကို တားမြစ်စေရန် ဖြစ်သည်။ တိတိ ကျကျ မလိုက်နာလျှင် အရေးယူ ရန်လည်း လိုအပ်သည်။ အထူး သတိပေးလိုသည်မှာ အဝေးပြေး ခရီးသည်တင်ယာဉ်ကို မောင်းနှင် ကြသည့် ဒရိုင်ဘာများ၊ ယာဉ် နောက်လိုက်များကို အဝေးပြေး လမ်းတစ်လျှောက်တွင်ရှိသော စားသောက်ဆိုင်များက ထမင်း၊ လက်ဖက်ရည်၊ မုန့်ပဲသရေစာကို အဝေကျွေးရုံမျှမက၊ ဘီယာ၊ အရက်ကို ကြိုက်လျှင်လည်း အ၀ တိုက်ကာ ဧည့်ခံတတ်ခြင်း ဖြစ် သည်။ အစားအစာဖြင့် ကျွေးမွေး ဧည့်ခံသည်က ထားတော့။ အ သောက်ကိစ္စ ပါရှိနေသည်ကိုတော့ နှစ်ဦးနှစ်ဖက် ဆင်ခြင်သင့် သည်။

နေပြည်တော်အမြန်လမ်း၊ ယာဉ်တိုက်မှုတွေ စဉ်ဆက်မပြတ် ဖြစ်နေ၍ ကြောက်လှပါသည်။ ကျွန်မကဲ့သို့ပင် ပြည်သူအများ စိုးရိမ်ထိတ်လန့် တုန်လှုပ်နေကြ သည်မှာ သေချာလှပါသည်။ လူ အချို့ကတော့ သေမင်းတမန်လမ်း ဟုပင် ခေါ်ဆိုနေကြပြီ။ ဖြစ်စဉ် တွေ များလာတော့လည်း နာနာ ဘာဝ၊ ၀ိနာဘာဝများကြောင့်ဟုပင် ထင်မြင်သူတွေ ရှိလာနေပြီး ဤလမ်းပေါ်မှာ ခရီးသွားကြရမည်ကိုလည်း အတော်ပင် ထိတ်လန့်နေ ကြသည်။ ကျွန်မကတော့ နာနာ ဘာဝ၊ ၀ိနာဘာဝကိစ္စတွေကိုမစဉ်းစားချင်။ မည်သို့ပင်ဆိုစေ။တိုင်းပြည်၏ ဘဏ္ဍာငွေကြေးတွေ အမြောက်အမြားသုံးစွဲထားသည့် လမ်းဖြစ်၍ ဤလမ်းကို အချည်း နှီးတော့ မဖြစ်စေချင်မိ။

ဤလမ်းနှင့် ပတ်သက်၍ လမ်းကြောင့်၊ ယာဉ်မောင်းသူ ကြောင့်ဟု ထောက်ပြစရာ နှစ်ခု ရှိနေသည်။ ယာဉ်မောင်းသူ ကြောင့်ဟုဆိုလျှင် အခြားလမ်း များမှာလည်း ယာဉ်တိုက်မှုတွေ၊ တိမ်းမှောက်မှုတွေ ဘာကြောင့် ဒီမျှလောက်မဖြစ်သနည်း။ ကျွန်မ ကတော့ လမ်း၏အထီးကျန်မှုက ယာဉ်မောင်းသူ၏ စိတ်ခံစားမှုနှင့် အလုပ်လုပ်နိုင်စွမ်းအားကို ပြောင်းလဲစေသည်ဟုသာ ယူဆ သည်။ ငြီးငွေ့ဖွယ်ရာလမ်းနှင့် ယာဉ်မောင်းသူတို့အကြားက အညမည၊ သဟဇာတဖြစ်တည်မှု ကို ဆိုလိုသည်။ ကျွန်မထောက်ပြ သည်မှာ ပြည့်စုံမည်မဟုတ်။ ကိုယ်တွေ့အဖြစ်ကိုသာ မျှဝေ ခြင်းဖြစ်သည်။

ဤအထီးကျန်ဆန်လှသော နေပြည်တော် အမြန်လမ်းကို လက်တွေ့ကျကျ အန္တရာယ်ကင်း ရှင်းစေရန်မူ လမ်းဖောက်လုပ်ခြင်း နည်းပညာကို အမှန်တကယ် ကျွမ်းကျင်သော လမ်းတံတား ဆောက်လုပ်ရေး ပညာရှင်အ ဟောင်း၊ အသစ်များကိုလည်း ကောင်း၊ ခရီးသည်များကိုလည်း ကောင်း၊ ဤလမ်းပေါ်မှာ မောင်း နှင်ဖူးသော ယာဉ်မောင်းများ၏ တစ်ဦးချင်း အခက်အခဲ၊ အတွေ့ အကြုံ၊ စိတ်ခံစားမှုများကိုပါ လေ့ လာဆန်းစစ်ပြီး ချို့ယွင်းချက်များ ကို ရှာဖွေပြင်ဆင်သင့်ဟုသာ အ ကြံပြုလိုက်ပါရစေ။   ။

7day daily
အပြည့်အစုံသို့ »

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို



နေပြည်တော်၊ ဖေဖော်ဝါရီ ၆

တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု စွပ်စွဲခံနေရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဒီလမ်းက ကားမောင်းနိုင်၊ သုံးနိုင်တဲ့ သူတွေအတွက်ပဲ အကျိုးရှိတယ်။ လမ်းဘေးဝဲယာက ဒေသခံတွေအတွက် အများကြီး ဒုက္ခရောက်ကြရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမြန်လမ်း တစ်လျှောက်တွင် နေထိုင်သော ကျေးရွာ များရှိ ဒေသခံများသည် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ကိစ္စများအတွက် အမြန်လမ်းကို အသုံးပြုပါက တရားစွဲဆိုခံရခြင်း၊ ဒဏ်ရိုက်ခံရခြင်းများ ရှိနေသောကြောင့် ယင်းစီမံကိန်းသည် ဒေသခံများအတွက် အကျိုးမရှိသည့်အပြင် ဒုက္ခပါ ခံစားနေရကြောင်း သူရဦးရွှေမန်းက ဆိုသည်။

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းကြောင့် ဒေသခံများ ဒုက္ခရောက်နေသည့်အတွက် လွှတ်တော်က သုံးစွဲခွင့်ပြုထားသော အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို အဆိုပါ ဒေသများတွင် လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ စီမံကိန်းသည် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်းကို ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ငွေကျပ် သိန်းတစ်ထောင် သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော် စီမံကိန်းကို တည်ဆောက်ခဲ့သော တပ်မတော်အစိုးရ လက်ထက်တွင် တပ်မတော်တွင် တတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ နေပြည်တော် စီမံကိန်းကို ၂၀၀၂-၂၀၁၃ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်ကြောင်း တပ်မတော်အစိုးရက ကြေညာခဲ့သည်။

The Voice Weekly

အပြည့်အစုံသို့ »

ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို လေကြောင်းဖြင့်သွားလာမှု ပိုမိုများပြား



ရန်ကုန်၊ မေ ၂၆- ယခုနှစ် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို လေကြောင်းဖြင့် ခရီးသွားသူပိုမို များ ပြား လာကြောင်း ပြည် တွင်းလေကြောင်း လိုင်းများမှ သတင်းရရှိသည်။

အဆိုပါ ရန်ကုန်-နေပြည်တော် (အသွား-အပြန်)ခရီးစဉ်များကို အစိုး ရဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့်သံရုံးများမှဝန်ထမ်းများမှ ပိုမိုအသုံးပြု လျက်ရှိကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှမန်နေဂျာ (စီးပွားရေး) ဦးဝင်းထွန်းက ''ဒီနှစ် က နေပြည်တော်-ရန်ကုန်ခရီးသွား တွေ အရင်နှစ်ထက် များလာပါတယ်။ အာဆီယံအတွက်ရော ကျွန်းဆွယ် အတွက်ရော စင်းလုံးငှားနဲ့သွားကြ တာရှိသလို ပုံမှန်လေကြောင်းလိုင်းက သွားတာတွေလဲ များပါတယ်။ နေ ပြည်တော်ကိုသွားတာက အဖွဲ့အ စည်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ နိုင် ငံခြားသံရုံးက သွားကြတာများတယ်။ များသောအားဖြင့် ခရီးသည်တွေက ဝန်ထမ်းများတာဆိုတော့ တနင်္လာ နေ့ဆို နေပြည်တော်ကို သွားတာများ ပြီး သောကြာနေ့ဆို နေပြည်တော်က နေ ရန်ကုန်ကို ပြန်လာတာများတယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ ခရီးသည်များပြား ခြင်းကြောင့် လေယာဉ်ထပ်တိုးချဲ့ပြေး ဆွဲပေးရန် စီစဉ်လျက်ရှိကြောင်း မြန် မာ့လေကြောင်းမှ သိရသည်။

ယင်းက ''နေပြည်တော်ကိုခရီး သည် သွားတာများတာကြောင့် တနင်္လာနေ့မျိုးဆို လေယာဉ်ကြီးတစ် စင်းနဲ့မလောက် လို့ နောက်တစ်စီး ထပ်တိုးဆွဲပေးရတာရှိတယ်။ နောက် တစ်စင်းဆိုရင် ရန်ကုန်-နေပြည်တော် အပြင် နေပြည်တော်-လွိုင်ကော်ခရီး စဉ်ပါ ထပ်တိုးပြေးဆွဲပေးရတာရှိ တယ်။ ဒီနှစ်မှာခရီးသည်များလာတာ ကြောင့် Embraer ဂျက်လေယာဉ် နဲ့တနင်္လာ၊ သောကြာကိုထပ်တိုးပြီး ပြေးဆွဲပေးနေတယ်''ဟု ပြောသည်။

နေပြည်တော်သို့ခရီးသွားသူများ သည် ကားလိုင်းထက်လေကြောင်းလိုင်းဖြင့် ပိုမိုသွားလာပြီး ယခင်နှစ် ထက်ခရီးသွားသူ ပိုမိုများပြားလာ ကြောင်း သိရသည်။

Ruby Land ခရီးသွားလုပ်ငန်း မှ ဦးအေးကျော်က''ခရီးသည်တွေ က နေပြည်တော်ကို လေကြောင်းလိုင်း နဲ့ပဲသွားတာများတယ်။ ဒီနှစ်နေပြည် တော်ကိုသွားတဲ့ခရီးသည်တွေလဲ များလာတယ်။ သွားတဲ့သူတွေက စီး ပွားရေးနဲ့ပတ်သက်ပြီးသွားကြ တာ။ အလည်အပတ်သွားတဲ့လူက နည်း တယ်။ နေပြည်တော်ကိုအစည်းအဝေး တို့ လူကြီးတွေနဲ့တွေ့တဲ့အခါမှသွား ကြတာ။ အများစုကတော့လေကြောင်း လိုင်းနဲ့သွားကြတာ။ ကားနဲ့သွားတာ က မရှိသလောက်ပဲ။ ကားနဲ့သွားရင် တောင်မှ နထစမနျ ကားနဲ့မသွားဘဲ ကိုယ်ပိုင်ကား၊ စီးလုံးငှားသွားကြတာ ရှိတယ်''ဟု ပြောသည်။

TEEP

[--Democracy today Daily Newspaper--]

Yangon Media Group
အပြည့်အစုံသို့ »

နေပြည်တော် ဗဟိုဘဏ်ရုံးအနီး ဘုရားဖူးယာဉ်တစ်စီး တောင်စောင်းနှင့် တိုက်မိ


နေပြည်တော် ဧပြီ ၇

နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်း အဝိုင်းဘက် (မြောက်အရပ်)မှ ကြာပန်းအဝိုင်းဘက် (တောင်ဘက်)သို့ ရာဇသင်္ဂဟ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် DD/----HYUNDAI STAREX MINIBUS (မီးခိုးရောင်) ဘုရားဖူးယာဉ်သည် ယနေ့နံနက် ၅ နာရီခန့်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရုံးအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက် ပလက်ဖောင်းအား ကျော်တက်ကာ ပေ ၁ဝဝ ခန့်အကွာအဝေးရှိ တောင်စောင်းနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ ဦးခေါင်းပိုင်း ပျက်စီးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၂၁ ဦးအနက် ဖျာပုံမြို့ အပြောင်ရွာနေ မဆုပြည့် (၇)နှစ်မှာ သေဆုံးခဲ့ကြောင်း၊ ကျန်ခရီးသည် ၂ဝ မှာ ဒဏ်ရာ ရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ) ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ယာဉ်မောင်း ဦးပိုင်ပိုင်မှာ အခင်းဖြစ်သည့် အချိန်တွင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ (သတင်းစဉ်)

The Mirror Daily
အပြည့်အစုံသို့ »

နေပြည်တော် တစ္ဆေမြို့ထက် နည်းနည်း သာလာပြီ


နေ့ရောညပါ အချိန်ပြည့်စောင့်ကြည့်ခံနေရသည်။ ပိုးမွေးသလို မွေးထားခြင်းခံရသည်။ ပြီးတော့ တစ်နေ့လျှင် ရေနှစ်ကြိမ်လည်း ချိုးပေးခံရသေး သည်။ မြန်မာနိုင်ငံ၏ကျယ်ပြန့်သော အစွန်အဖျားကျ သော ပြီးတော့ အိပ်မက်ဆန်လှသော မြို့တော် နေပြည် တော်တွင် ဆင်ဖြူတော်ငါးစီးမှာ ရွေးပေးထားသည့် အသီး အနှံများကို ကြိတ်ဝါးနေသည်။ ထိုနေရာအပေါ်တွင် လင်း လက်တောက်ပနေသော ရွှေစေတီကြီးက မိုးသို့ထိုးနေသည်။

ရှေးခေတ်အခါတုန်းက မြန်မာဘုရင်တွေသည် ရှား ပါးလှသော ထိုဆင်ဖြူတော်များကို ဘုရင့်နိုင်ငံတော်အ တွက် အထွတ်အမြတ်အဆောင်အယောင် တန်ခိုးအာ ဏာနှင့် ဂုဏ်သိက္ခာ၏အမှတ်သင်္ကေတအဖြစ် မှတ်ယူခဲ့ ကြသည်။ သို့သော် ယခင် စစ်အာဏာရှင် အစိုးရက တည် ခဲ့သော ဟိတ်ဟန်များလှသည့် မြို့တော်နေပြည်တော်သည် လျှို့လျှို့ဝှက်ဝှက်နှင့်စခဲ့သည်။ ကုန်ကျစရိတ်တွေနင့်နေသည်။ မသင့်တော်လှသော နေရာဒေသလည်းဖြစ်သည်။ ထိုနေရာမျိုးတွင် ဆင်ဖြူ တော် များ ကို ထားရှိထိန်းသိမ်းရသည်မှာ သိပ်ဈေးကြီးလွန်း သည်ဟု အချို့ကမြင်သည်။

ရှစ်နှစ်ကျော် လွန်ပြီးသည့်နောက် နေပြည်တော် (ဘုရင့်ဗိမာန်)တွင် အစိုးရသစ်ရုံးစိုက်လေရာ တစ်ကြိမ် တစ်ခါက တောတွေခုတ်ထွင်ရှင်းလင်းပြီး ပေါ်ထွက်လာ သည့် တစ္ဆေမြို့တော်ကြီးဟု ပြောစမှတ်ပြုခံရသည့်အခြေ အနေထက်တော့ တစ်စုံတစ်ရာ သာလွန်လာပြီ။ ပုဂ္ဂလိကလုပ်ငန်းတွေက အချို့နေရာတွေမှာ ဝင်ယူ နေကြပြီ။ ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပိုဖွင့်လာသည်။ ဟိုတယ် ၇၉လုံးမှာ လုပ်ငန်းလည်ပတ်နေသော သို့မဟုတ် တည်ဆောက်နေသောအခြေအနေတွင် ရှိနေကြ သည်။ အချို့သော နိုင်ငံခြားကုမ္ပဏီများ မှတ်မှတ်သားသားပြော ရလျှင် ဂျပန်ကုမ္ပဏီတစ်ခုအပါအဝင်တို့က ရုံးခွဲငယ်ကလေး များ ဖွင့်လာကြသည်။

အရှေ့တောင်အာရှအားကစားပွဲ အတွက် ရည်ရွယ် ကာ အထင်ကြီးစရာကောင်းလှသော အားကစားရုံဒါဇင် ခန့်၊ အစည်းအဝေးခန်းမကြီးနှင့် အရေးတကြီးပုဂ္ဂိုလ်များ အတွက် တည်းခိုစရာ အိမ်ဂေဟာပေါင်း ၁ဝဝကျော်တို့ တည်ဆောက် ပြီးစီးခဲ့ သည်။ လာမည့်နှစ်တွင် အာဆီယံ ဥက္ကဋ္ဌတာဝန် မြန်မာယူသည့်အခါ နေပြည်တော်သည် မီး မောင်းအောက်သို့ တစ်ကျော့ထပ်ရောက်ပေဦးမည်။

သို့သော် မြို့တော်သည် ကြီးကျယ်လှသောမျှော်လင့် ချက်တွေပြည့်စုံဖို့ အလှမ်းဝေနေတုန်းဖြစ်သည်။ ဝါရှင်တန် ဒီစီထက် အဆ ၄ဝပိုကျယ်သော နေပြည်တော်တွင် အများ ပြည်သူသုံး ဧရာမအဆောက်အအုံကြီးများ မှိုလိုပေါက် နေရာ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံများထဲက တစ်နိုင်ငံအဖြစ် နှင့် ဘယ်လိုမှ အပ်စပ်မှုမရှိ။ အမေရိကန်နိုင်ငံမြို့တော် သည် နေပြည်တော်နှင့်ယှဉ်လိုက်ပါက ပိစိကွေးကလေး ဖြစ်သွားသည်။ ယင်း၏ ပင်မကွန်ဖရင့်အဆောက်အအုံ ကြီးက နယူးယောက်ရှိ ကုလသမဂ္ဂ အဆောက်အအုံကြီး အား သေးနုပ်သွားစေသည်။ နိုင်ငံတကာလေကြောင်းလိုင်း နှစ်လိုင်းသာဆင်းသက်နေသော လေဆိပ်ကြီးကို တစ်နှစ် လျှင် ခရီးသည် ၁ဝဒသမ၅သန်း  အထိ လက်ခံနိုင်အောင်  ဒီဇိုင်းပြု တည်ဆောက် ခဲ့သည်။ ကျယ်ပြန့်လှသည့် နေရာလွတ်ကြီးတွေစိုးမိုးနေသော မြို့တော်တွင် အစိုးရဝန်ထမ်းတော်တော်များများမှာ မိ သားစုက ထိုနေရာသို့လိုက်မနေချင်ကြသဖြင့် တစ်ကိုယ် တည်း နေထိုင်နေကြရသည်။

ဒီမိုကရေစီ ကောင်းစွာအမြစ်တွယ်ပြီး စစ်တပ်အာ ဏာ မှေးမှိန်လာသည့်အခါ တစ်နေ့နေ့ တစ်ချိန်ချိန်၌ မြို့ တော်ကို နိုင်ငံ၏နှလုံးသည်းပွတ်ဖြစ်သော ရန်ကုန်သို့ ပြန် လည် ရွှေ့ပြောင်းလိမ့်မည်ဟု ယုံကြည်ထားကြသူများထဲ တွင် နိုင်ငံရေး အတိုက် အခံများနှင့် သံတမန်များလည်း ပါဝင်နေသည်။ မြန်မာနိုင်ငံတွင် ကိုးရာစုမှစကာ မြို့တော် များကို အကြိမ်ပေါင်း ၃ဝထက်မနည်း ရွှေ့ပြောင်းခဲ့သည့် သမိုင်းတွေ ကောင်းစွာရှိခဲ့သည်။ တစ်နှစ်အတွင်းပြောင်း ရွှေ့တာမျိုးပင် ပါသည်။

လက်ရှိခေါင်းဆောင်တွေက နေပြည်တော်သည် အခြေခိုင်သွားပြီဟုပြောကြသည်။ မြို့တွင် နိုင်ငံတကာ ဟိုတယ်ကြီးနှစ်ခု ပြီးလုပြီးခင်အပါအဝင် အခြားသော အဟုန်မြှင့်တင်စရာတွေ ရှိနေသည်။

''အာရှရဲ့ အလျင်အမြန်ဆုံးထွန်း သစ်စစီးပွားရေး နိုင်ငံ တွေထဲက တစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့အတွက် နေပြည် တော်မှာ အလားအလာတွေအကြီးအမားရှိနေပါတယ်''ဟု အမေရိကန်အခြေစိုက် ဝက်စတန်း အင်တာနေရှင်နယ် ဟိုတယ် တွဲ များ ၏ ဒေသဆိုင်ရာဒုတိယဥက္ကဋ္ဌ ဂလင်း ဒီဆိုး ဇားက ပြောသည်။

ပြင်သစ်ပိုင် အက်ကာအုပ်စု၏ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ ပက်ထရစ်ဘက်ဇက်က နေပြည်တော်သည် မြန်မာ နိုင်ငံတွင် အလည်အပတ်အများဆုံးမြို့ ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်လိုက်သည်။ အချို့သောဒေသခံများက လေကောင်း လေသန့် ရသော နေပြည်တော်သည် ကန်ထရိုက်တိုက်များ မွစိထ နေပြီး ယာဉ်ကြောပိတ်ဆို့နေသည့်လမ်းများ၊ ပြီးတော့ လူဦးရေငါးသန်းနေထိုင်သည့် ရန်ကုန်ထက် နေလို့ထိုင် လို့ ပိုကောင်းသည်ဟု ဆိုကြသည်။ နေပြည်တော် တွင် ရေဖြန့် ဝေမှု ပိုကောင်း ပြီး နေ့စဉ်မီးပျက်နေသော ရန်ကုန် နှင့်ယှဉ်လျှင် မီးပြတ်သက်သာသည်ဟုလည်း ပြောသည်။

''ကျယ်ကျယ်ဝန်းဝန်းနဲ့ စိမ်းလန်းတဲ့မြို့ပါ။ ကျွန်တော် အိမ်ပြန်ရောက်သွားရင် အသက်ရှုကျပ်သလို ခံစားရတယ်'' ဟု ရန်ကုန်ဇာတိဖြစ်သူ ချယ်ရီဦးနာရီဆိုင်မှ မန်နေဂျာ ကိုပြုံးက ပြောပြသည်။ နိုင်ငံခြားသံရုံးများက နေပြည်တော် တောင် ဘက် ကီလိုမီတာ ၃ဝဝအကွာတွင်ရှိပြီး ငါးနာရီကြာကားမောင်း ရသည့် ရန်ကုန်တွင်သာ ဆက်နေဖို့ ခိုင်မာစွာရပ်တည်နေ တုန်းဖြစ်သည်။ သံတမန်တွေက စစ်တပ်ကျောထောက် နောက်ခံပြုပါတီတွေက ဒီမိုကရေစီ ခေါင်းဆောင် (ဒေါ်) အောင်ဆန်း စုကြည် ဦးဆောင်သော အတိုက်အခံအား အံတုယှဉ်ပြိုင်ကြမည့် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့် နေကြသည်။

''တစ်ချိန်ချိန်မှာတော့ ရန်ကုန်ကို မြို့တော်ပြန်ရွှေ့ ဖြစ်လိမ့်မယ်လို့ ကျွန်တော် အလေးအနက်ယုံကြည်တယ်'' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရသူ ဦးဉာဏ်ဝင်းကပြောသည်။ ပြည်သူတို့၏ သဘောဆန် ဒကောက်ခံမှု မ ရှိသော် လည်း ရန်ကုန်အား မြို့တော်အဖြစ် ပြန်လည်သတ်မှတ်ပေးမည် ဟုကတိပေးသော နိုင်ငံရေးသမားသည် မုချရွေးကောက် ပွဲနိုင်လိမ့်မည်ဟူသော ဟာသတစ်ခုက ပျံ့နှံနေသည်။ နေပြည်တော်မှာ ခေတ်မီဆန်းပြားသော ရုပ်ရှင်ရုံ တစ်ရုံ၊ ဆာဖာရီ ဥယျာဉ်နှင့် ဈေးဝယ်စင်တာကြီး စသည် တို့အပါအဝင် အဆင်ပြေမှုအချို့ရှိသည်။ သို့သော် ပျားပန်း ခပ်လှုပ်ရှားမှုမရှိသော ဈေးကွက်ကလွဲလို့ပေါ့။ မြန်မာနိုင်ငံ က အခြားသောမြို့ကြီးပြကြီးများလို အရောင်အသွေးစုံစုံ၊ လူအုပ် များ များ၊ ဝရုန်းသုန်း ကားတွေ မဲ့နေသည်။ ဖြစ်သလို ပြန့်ကျဲနေသောမြို့တွင် အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးအားနည်းနေရာ လူတွေက ဈေးကြီးသောအငှားယာဉ် များ၊ ကိုယ်ပိုင်ကားများနှင့် ဆိုင်ကယ်များကိုသုံးမှ ဖြစ်နေ သည်။

''ညဘဝတွေ ဒီမှာမရှိဘူးဗျာ ။ ညကိုးနာရီကျော်ရင် ဘယ်သူမှ လမ်းပေါ်မထွက်ကြတော့ဘူး။ အိမ်မှာနေပြီး တီဗီသာကြည့်နေရတော့တယ်'' ဟု မီနီမတ်ပိုင်ရှင်တစ်ဦး ဖြစ်သူ ကိုဇေယျာဦးကပြောသည်။ ရန်ကုန်သို့ မြို့တော် ပြန်ရွှေ့စရာ လမ်း မရှိကြောင်း အရာရှိတော်တော်များများက ပြောကြသည်။ သံလက်သီး ဆုပ် စစ်တပ်အုပ်ချုပ်ရေးအောက်တွင် ရာစုနှစ်ဝက်မျှနေ ခဲ့ကြရသဖြင့် လူတွေမှာ အရာရာ လျှို့ဝှက်ချင်စိတ်တွေက အရိုးစွဲနေတုန်းဖြစ်သည်။ မြို့မှာ လူဦးရေ ဘယ် လောက် ရှိသည်ဆိုသော အခြေခံသတင်းအချက်အလက်မျိုးကိုပင် အရာရှိတွေက ပေးဖို့ ငြင်းဆန်နေကြသည်။ များစွာသော သတင်းအရင်းအမြစ်များက အစိုးရကိန်းဂဏန်းများကို ကိုးကားကာ ၂၀၀၉ခုနှစ်တုန်းက မြို့လူဦးရေသည် ၉၂၅၀၀၀ ရှိသည်ဟု ဆိုကြသည်။ သို့သော် ဧည့်သည်တော်တော် များများက ထိုအချက်အလက်များမှာ လက်ခံရန် ခက်ခဲ လှသည်ဟု ပြောသည်။ မြို့တော်ကို ဒီကို ဘာကြောင့်ပြောင်းရွှေ့လာရသည် ပင် အရာရှိများက ဘယ်သောအခါကမျှ ရှင်းရှင်း လင်းလင်း ပြောမပြကြ။

သီအိုရီများတွင် နေပြည်တော်သည် ပိုပြီးဗဟိုကျသည်။ နိုင်ငံကို ပိုမိုပြီးထိန်းချုပ်နိုင်သည်။ မဟာဗျူဟာကျသည်။ စစ်အစိုးရကို မကြာခဏဆိုသလို သွေးထွက်သံယို ဆန္ဒပြ လေ့ရှိသော ရန်ကုန်လူထုနှင့်လည်း အဆက်ဖြတ်နိုင်သည် ဆိုသော အချက်များ ပါဝင်နေသည်။ နေပြည်တော်၏ ဗိသုကာချုပ်ဖြစ်သော ယခင်စစ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး(ဗိုလ်ချုပ်မှူးကြီး)သန်းရွှေ သည် မြို့တော်များရွှေ့ပြောင်းခြင်းက အတိတ်ကောင်း နိမိတ်ကောင်းဖြစ်သည်ဟု ယုံကြည် ကြပြီး အမိန့်မပေးမီ နက္ခတ္တဗေဒဆရာသမားတို့နှင့် တိုင်ပင်လေ့ရှိသည့် ရှေး ဘုရင်များ၏ ခြေရာနောက်လိုက်ခဲ့သည်ဟု တော်တော် များများက ယုံကြည်ထားကြသည်။

အာဏာ အတန်အသင့်ကို ယခုတိုင် နောက်ကွယ်က ကိုင်ထားဆဲဟု ယုံထားကြသည့် ဦးသန်းရွှေသည် အခြား သော စစ်ခေါင်းဆောင်များနှင့်အတူ လူသူဝေးရာဝင်းကြီး ထဲတွင် နေထိုင်နေသည်။ ကန့်သတ်ထားသောစစ်နယ်မြေ တွင် ကတုတ် ကျင်း များ နှင့် လိုဏ်ခေါင်းများရှိသည်ဟုလည်း ဆိုကြသည်။

၂ဝဝဝပြည့်လွန်နှစ်များတွင် ညစ်ပေဆင်းရဲလှသော လယ်သမားများစွာ၏နေရာတွင် မြို့တည်ဆောက်မှုစတင် ခဲ့သည်။ မြို့၏နေရာတော်တော်များများတွင် ချုံတော၊ သစ်တောနှင့် ကျွဲစားကြက်မြေများ ဘေးတစ်ဘက်တစ်ချက် တွင်ရှိနေသည့် လမ်းကြောစုံ အဝေးပြေးလမ်းမကျယ်ကြီး တွေ ဖောက်ထားသည်။ စိမ်းလန်းဇုန်တွင် အစိုးရဝန်ထမ်း များအတွက် ရာထူးအလိုက် တည်ဆောက်ပေးထားသည့် တိုက်ခန်းတွဲ ရာပေါင်းများစွာကို အစီအစဉ်တကျ တွေ့ရ သည်။ တိုက်အမိုးတွေက အရောင်သင်္ကေတနှင့်ဖြစ်သည်။ ဥပမာ- လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဆိုလျှင် အစိမ်း ရောင်အမိုးနှင့် ဖြစ်သည်။ ပြည်သူများကို ဆွဲဆောင်နိုင်ရန်အတွက် အစိုးရက အကယ်ဒမီဆုပေးပွဲအစ တိရစ္ဆာန်ရုံအလယ် ကျောက်မျက် ပြပွဲအဆုံး အရာအားလုံးကို နေပြည်တော်သို့ အတင်း အကျပ်ပြောင်းရွှေ့ခဲ့သည်။

သံတမန်တွေကိုတော့ အတော်ဆွဲဆောင်သိမ်းသွင်း ရခက်လှသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့က သာလျှင် သံရုံးများတည်ဆောက်ရန် မြေတစ်ကွက်လျှင် ဒေါ်လာတစ်သန်းခွဲဖြင့် ဝယ်ထားကြသည်။ သို့သော် နှစ် နိုင်ငံလုံး ဆောက် လုပ်ရေး လုပ်ငန်းများ မစတင်ခဲ့ကြသေး ဘဲ ရှိသည်။ သို့သော် သမိုင်းပညာရှင်နှင့် အစိုးရအကြံပေးဖြစ်သူ ဦးသန့်မြင့်ဦးက ရန်ကုန်သို့ မြို့တော်ပြန်ရွှေ့ဖို့ဆိုသည်မှာ အတော်ငွေကုန်ကြေးကျများမည်ဖြစ်ပြီး အစိုးရအနေဖြင့် အခြားသော ဦးစားပေး လုပ်ငန်းများ လုပ်ရန်ရှိနေသည်ဟု ပြောသည်။

''ဘာတစ်ခုမျှ နောက်ကြောင်းပြန်မလှည့်ဘူး။ နှစ် တွေ ကြာလာတာနဲ့အမျှ ပိုပိုခက်လာလိမ့်မယ်။ နိုင်ငံရေး ဆန္ဒရှိတာတောင် မလွယ်လှဘူး။ အကြီးဆုံးမြို့နဲ့ ကွာခြား နေတဲ့ အုပ်ချုပ်ရေးဗဟိုတစ်ခုရှိနေတာ ဆိုးရွားတဲ့ကိစ္စမှ မဟုတ်တာ'' ဟု သူကပြော သည်။

မြို့တော်အသစ်တွင် ရန်ကုန်မြို့က တုမနှိုင်းသာသည့် ရွှေတိဂုံပုံတူ စေတီတော်တစ်ဆူကို တည်လိုက်ခြင်းဖြင့် ဦးသန်းရွှေသည် နေပြည်တော်အား အစဉ်အလာတံဆိပ် ရိုက်နှိပ်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် အထွတ်အမြတ်စေတီ တော်ကြီးကို လေးစားသောအားဖြင့် ပုံတူစေတီတော်အမြင့် သူက စင်တီမီတာ၃၀ လျှော့ချပေးခဲ့သည်။ ပြီးတော့ ဆင်ဖြူတော်များကိုလည်း ခမ်းနားထည် ဝါသော နေရာထိုင်ခင်းများပေးခဲ့သည်။

နေပြည်တော်တွင်နေထိုင်ရသောဘဝသည် အထီး ကျန်ပြီး ပျင်းရိငြီးငွေ့စရာကောင်းလှသည်ဟု သစ်တော ဌာနမှ တိရစ္ဆာန်ဆေးကုဆရာဝန် ဦးတင်ကိုလတ်ကပြော သည်။ သူ့ဇနီးနှင့်ကလေးနှစ်ယောက်က သူနှင့်အဝေးကြီး မှာ ရှိနေသည်။
သို့သော် သူက သူ့အလုပ်ကိုတော့ ချစ်မြတ်နိုးသည်။  ''အစိုးရက ဆင်ဖြူတော်တွေထားရှိပေးရင် ချမ်းသာ ကြွယ်ဝလာလိမ့်မယ်လို့ ယုံကြည်ထားကြတယ်''  ဟု သူက ပြောလေသည်။

[-- ဂျပန်တိုင်းမ်သတင်းစာတွင် သတင်းစာဆရာ  Denis D Gray   ရေးသားသော Myanmar's capital less of a ghost town  ကို မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆို ပါသည်။ --]

ညီလတ်
Yangon Media Group
အပြည့်အစုံသို့ »

ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်- နေပြည်တော်- ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့် ပိတ်သိမ်း


နေပြည်တော် မေ ၁၄

နေပြည်တော်မှ ရန်ကုန်သို့ မေ ၁၂ ရက် ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော် ယာဉ်သည် ညနေ ၆ နာရီ ၄၅ မိနစ်တွင် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထားခုံးကျော် တံတားထိပ်ကို ထပ်မံတိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၆ ဦးပါရှိသည့်အနက် အမျိုးသား ၁၀ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၂ ဦး၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပေါင်း အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူ ပို့ဆောင်ရေး၌ စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့် အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ ၂၀၁၄ ခုနှစ် မေ ၁၅ ရက်မှ စတင်၍ ပိတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

MOI web portal
အပြည့်အစုံသို့ »

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ကျားဖြူ နှစ်ကောင်အောင်မြင်စွာမွေးဖွား


နေပြည်တော် မေ ၁၂

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ကျားဖြူ အထီး(ဝမ့်ဝမ့်)နှင့် ကျားဖြူအမ(ကြယ်ကျိ)တို့က ကျားဖြူအမငယ် နှစ်ကောင် ကို မေ ၁ ရက်က အောင်မြင်စွာမွေးဖွားခဲ့ပြီး ကျားဖြူများသည် ကျန်းမာစွာကြီးပြင်းနေကြောင်း သိရ သည်။

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သို့ တရုတ်နိုင်ငံမှ ၂၀၀၈ ခုနှစ်တွင် ကျားဖြူမောင်နှံတစ်စုံ စတင်ထား ရှိခဲ့ပြီး၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ ကျားဖြူမောင်နှံ ထပ်မံမွေးမြူပြသထားခဲ့သည်။

တရုတ်နိုင်ငံမှ ကျားဖြူ စုံတွဲသည် သားဖွားမှုသုံးကြိမ်အောင်မြင်ခဲ့ပြီး ပထမအကြိမ်အဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မွေးမြူပြ သထားသည့် ကျားဖြူအမ စနိုးကိုလည်းကောင်း၊ ဆာဖာရီဥယျာဉ်တွင် ကျားဝါအထီး ရိမ်းကိုလည်းကောင်း အောင်မြင်စွာ မွေးဖွားပြသထားပြီးဖြစ်ပြီး
ယခု တတိယအကြိမ်တွင်ကျားဖြူအမနှစ်ကောင်ကိုမွေးဖွားခဲ့ပြီး ခန္ဓာကိုယ်အလေးချိန် ၁ ဒသမ ၉ကီလိုဂရမ် အသီးသီး ရှိကာကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေး ထံမှ သိရသည်။

MOI Webportal Myanmar 
အပြည့်အစုံသို့ »

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး


ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်တစ်ထောင် ဆေးရုံတွင် အမျိုးသမီးငယ်တစ်ဦး ရောက်ရှိနေ သည်ဟု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(နေပြည်တော်)က သွားရောက်တွေ့ဆုံခဲ့ရာမှတစ်ဆင့် အတင်းအဓမ္မစေခိုင်းသူကိုသိရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုရိုက်နှက်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်မတိုင်ခင်က ပဲခူးတိုင်းရှိနေအိမ်မှ နေပြည် တော်သို့ ကုန်တင်ကားဖြင့်လိုက်ပါထွက်ပြေးခဲ့ရာ နေခြည်အေးဆိုသူအမျိုးသမီးတစ်ဦးနှင့် တွေ့ရှိပြီး လိုက်ပါသွားခဲ့သည်။

ထို့နောက် တစ်လခန့်အကြာတွင် ပြည့်တန်ဆာလုပ်ရန်အတွက် ကားတစ်စီးပေါ်သို့ ထည့်ပေးလိုက်ပြီး နောက်ပိုင်းနေပြည်တော် သပြေကုန်း၊ ညဈေးတန်းတွင်နေထိုင်ရကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ရာနေရာ များသို့ နေခြည်အေးက ထည့်ပေးတတ်သည်ဟု အမျိုးသမီးငယ်က လူကုန်ကူးအဖွဲ့ကို ပြောပြသည်။

ပဲခူးတိုင်းဒေသကြီးမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေ အနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေသူအား ၂၀၁၄ခုနှစ် ဇန်န ၀ါရီလ ၁၈ ရက်တွင် နေပြည်တော် ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှု ဖြင့် အရေးယူထားကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းပေး ပို့ချက်ရ သိရသည်။

အမျိုးသမီးငယ်သည် ပြည့်တန်ဆာ မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုသော်လည်း နေခြည်အေးက အတင်းအဓမ္မလုပ်ခိုင်းစေခဲ့ပြီး နောက်ဆုံးတွင် ပရုတ်လုံးကြီး နှစ်လုံးကို ကြိတ်ကာ ရေဖြင့်သောက်ခဲ့ကာ သန္ဓေတားဆေးကိုပါ သောက်ခဲ့သည့်အတွက် လေးရက်ခန့်မေ့မြောနေရာမှ ဇန်န၀ါရီ ၁၇ ရက်တွင်မှ ဆေးရုံပေါ်တွင်ပြန်လည်သတိရလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းသူ မနေခြည်အေး၊ (၂၇)နှစ်၊ ပန်းလှိုင်(၂)လမ်း၊ သာယာကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်တွင် အမှတ်(၁)မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက ၎င်း၏မိဘများထံ တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်သည်။

ရဲလင်းထွဋ်
Mizzima Burmese
အပြည့်အစုံသို့ »

အမိန့်မချနိုင်သေးသည့် နေပြည်တော်အသင်းပြစ်ဒဏ်ကို အယူခံကော်မတီက ထပ်မံဆုံးဖြတ်မည်


 မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် တွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ အပေါ် ဩဂုတ် ၁၃ရက်က အမိန့် ချမှတ်ခဲ့ပြီး ယင်းနောက်တွင် နေ ပြည်တော်အသင်းက အယူခံဝင် ခဲ့ပြီး ယခုအခါ ယင်းအယူခံကို အယူခံကော်မတီက ဆုံးဖြတ်သွား မည်ဟု သိရသည်။  နေပြည်တော်အသင်း အ ယူခံကို မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် အယူခံကော်မတီမှ ဆုံး ဖြတ်မည်ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦး ခင်မောင်ထွေးက အတည်ပြုသည်။

  မြန်မာနေရှင်နယ်လိဂ် ရာ သီပိတ်ပွဲစဉ်တွင် နေပြည်တော် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နေပြည်တော် ဝဏ္ဏ သိဒ္ဓိကွင်းအတွင်း ခိုက်ရန်ဖြစ် ပွားမှုနှင့် ထိုင်ခုံများပျက်စီးခဲ့သည့် အပေါ် မြန်မာနေရှင်နယ်လိဂ်စည်း ကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ယင်း ပြစ်ဒဏ်များကို နေပြည်တော် အသင်းမှ ကျေနပ်မှုမရှိသဖြင့် စည်းကမ်းထိန်းသိမ်းရေးကော် မတီသို့ အယူခံဝင်ခဲ့ရာ ယင်းကိစ္စ ရပ်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ (သို့) အယူခံကော်မတီက ထပ်မံ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။  ယင်းနှင့်ပတ်သက်၍ စည်း ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ''အဲဒီ ကိစ္စရပ်နဲ့ပတ်သက်ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြင် ဆင်ဖို့မရှိဘူး။ ပြင်ဆင်နိုင်တာက နှစ်ချက်ရှိတယ်။ အယူခံကော်မ တီနဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပါ''ဟု ၎င်းက ပြောသည်။

 အဆိုပါခိုက်ရန်ဖြစ်ပွားမှု နှင့် ကွင်းအတွင်း ထိုင်ခုံများပျက် စီးခဲ့သည့်အပေါ် မြန်မာနေရှင် နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဩဂုတ် ၁၃ရက်တွင် နေပြည်တော် ဘောလုံးအသင်း နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံး အသင်းတို့ကို ပြစ်ဒဏ်များချမှတ် ခဲ့ခြင်းဖြစ်သည်။  နေပြည်တော် ဘောလုံးအ သင်း စီမံမန်နေဂျာဦးဇော်ဝင်းက ''အသင်းက အယူခံတင်ထားတာ ကို စက်တင်ဘာ၂၈ရက်က ပြန် ပြီးအကြောင်းကြားပါတယ်။ အယူ ခံကော်မတီ (သို့) ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌဆီကို ပြန်တင်ရမယ် ဆိုလို့ အောက်တိုဘာ ရရက်က ထပ်ပြီးတင်ထားပါတယ်''ဟု ၎င်း က ပြောသည်။ ယင်းကိစ္စရပ်နှင့်ပတ်သက် ပြီး ဘောလုံးအဖွဲ့ချုပ်မီဒီယာဌာန သို့ ဆက်သွယ်မေးမြန်းသော်လည်း သိရှိခြင်းမရှိဟုဖြေကြားသည်။

Yangon Media Group
အပြည့်အစုံသို့ »

နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ အစိုးရလျှပ်စစ်မီး မသုံးဘဲ မီးစက်သာ သုံးမည်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ကစားသမား များကို ကြိုဆိုသည့် ဆိုင်းဘုတ်ကို လူစည်းကားရာ နေရာအများစုကို စိုက်ထူထားသည့် မြင်ကွင်း။ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (SEA GAME) ဖွင့်ပွဲ အခမ်းအနား ကို    ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြုဖွင့်လှစ်မည်ဖြစ်သည်။

နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက်ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင်တယ်လေ။ မီးစက်ပဲ သုံးမယ်။  ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်းအနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။

အလားတူ ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားတွင်လည်း အစိုးရဓာတ်အားစနစ်ကို အသုံးမပြုဘဲ မီးစက်များကိုသာ အသုံးပြုပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းကျင်းပရေးကော်မတီနာယက  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆီးဂိမ်းပြိုင်ပွဲ အဆင်ပြေ ချောမွေ့ရေး သက်ဆိုင်သော ၀န်ကြီးဌာန အားလုံး တာဝန်ကျေအောင် ဆောင်ရွက်ရန်နှင့် အမှားအယွင်း တခုခုဖြစ်ပေါ်၍ တိုင်းပြည် ဂုဏ်သိက္ခာကျ အရှက်ရစေပါက ၀န်ကြီးဌာနမှ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် အပါအ၀င် အရာရှိများကို အလုပ် ထုတ်သည် အထိ အရေးယူမည်ဖြစ်ဟု ညွှန်ကြားချက်ပေးထားကြောင်း သိရှိရသည်။

“ဆီးဂိမ်းမှာ တိုင်းပြည် ဂုဏ်သိက္ခာ မကျဆင်းအောင် လုပ်ဖို့ ဒုသမ္မတကိုယ်တိုင် ညွှန်ကြားထားတယ်။ အမှားအယွင်း ဖြစ်ခဲ့ရင် တာဝန်ယူ ထားတဲ့ ၀န်ကြီးဌာနတွေက   ၀န်ကြီးတွေ တန်းစီပြီး ပြုတ်မှာ။ သူတို့က ပိုပြီးတော့ ဘ၀နဲ့ ရင်းရမှာ´´ ဟု အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရန် ရက်ပိုင်းအလို တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွား လျက်ရှိကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲကာလ ယင်းသို့ မီးပြတ်တောက်မှု များဖြစ်ပေါ်ခဲ့လျှင် နိုင်ငံဂုဏ်သိက္ခာ ကျနိုင်သည် ဆိုသော သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။

အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အပါအ၀င် မြန်မာတနိုင်ငံလုံးတွင် တနာရီကျော်ကြာ ဓာတ်အား ပြတ်တောက်မှု တခု ဖြစ်ပွားခဲ့ပြီး  အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုသည် ပြည်မြို့အနီးရှိ ရွှေတောင်နှင့်မြောင်းတကာသို့ သွယ်တန်း ထားသော  မဟာဓာတ်အားလိုင်းကြိုး ချို့ယွင်းပြတ်တောက်မှု ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ဆိုသည်။

အစိုးရက အားနည်းချက်များစွာရှိနေသည့် လျှပ်စစ်အားပေးစနစ်ကို ယုံကြည် စိတ်ချမှုမရှိသဖြင့်  ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးနှင့် ငွေဆောင်ဒေသ တို့တွင် မီးစက်များစွာ အရန်သင့် ပြင်ဆင်ထားကြောင်း သိရှိရသည်။

နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဖွင့်ပွဲမှာက မီးအရမ်းသုံးရမှာ။ Animation တွေရော၊ မီးစလိုက်တွေရော သုံးမှာ ဆိုတော့ ၀န်အား မနိုင်တာတွေ ဖြစ်သွား လိမ့် မယ်။ အများကြီး သုံးမှာဆိုတော့ မီးဆိုင်း ၅ ခု ကို မီးစက် တလုံး ပေးထားမယ် ဆိုတာမျိုးတွေ ပါတယ်။ အကုန်လုံး ချောချော မွေ့မွေ့ပြီးသွားအောင် ဘာအနှောင့် အယှက် မှ မရှိအောင် လို့  မီးစက်တွေ သုံးမှာ။ နေပြည်တော် တမြို့လုံးလည်း ထိန်နေမှာပဲ။ အကုန်လုံးကို မီးစက်တွေနဲ့ လုပ်မယ်လို့ သိထားတယ်´´ဟု ဧရာဝတီသို့ ရှင်းပြသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဍကွင်း ၊ သိမ်ဖြူကွင်း၊ ဒဂုံမြောက်ပိုင်း ရှိ သေနတ်ပစ်ကွင်း နေရာများတွင် မီးမှန်စေရန် ဦးစားပေးဆောင်ရွက်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လျှင် အလို အလျှောက် မောင်းနှင်ပေးမည့် မီးစက်များဖြင့် အသင့်ပြင်ထားကြောင်း၊ ဆီးဂိမ်းကာလ ဓာတ်အားမပြတ်တောက်ရန် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။

“ဆီးဂိမ်းကာလ ရန်ကုန်မှာ မီးပျက်သွားခဲ့ရင် Generator တွေက အလိုအလျောက် ၀င်မောင်းမှာ။ မီးစက် တွေလည်း အဆင်သင့် ပြင်ထားတယ်။ ဆီးဂိမ်းကာလ မှာ သစ်ပင်ခုတ်ဖို့ မီးဖြတ်တာမျိုး၊ မီးလိုင်း ချိန်းတာမျိုးတွေ လုံးဝ မလုပ်ဘူး´´ ဟု အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။

မြန်မာနိုင်ငံ ဟော်ကီအားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်းက “ ပြီးခဲ့တဲ့ရက်က ဟော်ကီပြိုင်ပွဲလုပ်တာ မီးပျက် သွားတယ်။ မီးစက်မောင်းပေမယ့် ၅ မိနစ်လောက်ကြာမှ မီးပြန်လာတော့ ဟော်ကီကို Score Board မပေါ်ဘဲ ကစားလိုက် ရတယ်။ တတ်နိုင်ရင် မီးပျက်ပြီး  ၂ မိနစ်လောက်အတွင်း မီးစက်နှိုး မီးလာအောင် စီစဉ်ထားရမယ်´´ ဟု  ဆိုသည်။

မြန်မာနိုင်ငံတွင်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

irrawaddy
အပြည့်အစုံသို့ »

တစ်မိုင် တစ်ဦး အမြန်လမ်း




“ကို...ရောဟင်...” ဟု ခုတင်ပေါ်မှ တောင့်တောင့်ကြီး ဆန့်နေရသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးက မပွင့်တပွင့် လေသံဖြင့် ခပ်တိုးတိုးလေး မေးရှာသည်။

သူမ၏ မျက်နှာအနှံ့တွင် ပွန်းရှထားသည့် ဒဏ်ရာဒဏ်ချက်တို့က ပြည့်လုနီးပါး။ မေးစေ့တစ်ခုလုံးမှာ မိုးကျ သပြေသီးပမာ ညိုပြောင်ပြောင် အရောင်တောက်နေသည်။ ပြင်းထန်သော အတွင်းပိုင်း ဒဏ်ရာတို့ကို သူမက ခေတ္တမေ့ထားဟန် တူသော်လည်း ဦးခေါင်း အနည်းငယ် စောင်းရုံဖြင့် သူမထံမှ အော်ညည်းသံ ထွက်လာသည်။

အော်ညည်းသံကြားမှပင် မေလ ၁၂ ညနေပိုင်းက နေပြည်တော်-ရန်ကုန်သွား ရာဇာမင်း အဝေးပြေးကားပေါ်မှ သူမနှင့် ပူးတွဲထိုင်လိုက်လာသော ခင်ပွန်းကို သူမက မေးခြင်းဖြစ်သည်။
Add caption
အထိတ်တလန့်ဖြစ်ဖွယ် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့်အကြာ မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိ ခရီးသည် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ ၁၄ ဦးတွင် သူမ၏ ခင်ပွန်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ယခုနှစ်အတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သော ဒုတိယမြောက် အမြန်လမ်း ယာဉ်တိမ်းမှောက်မှုလည်း ဖြစ်သည်။

အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက် ည ၂ နာရီခွဲအချိန် ဖြစ်ပွားခဲ့သော အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိအပြီး ၁၃ ဦး သေဆုံးပြီးနောက် တစ်လခန့်အကြာ ရာဇာမင်း ယာဉ်တိုက်မှု ထပ်ဖြစ်ပွားခြင်း ဖြစ်သည်။
“ဟိုဘက်အဆောင်မှာပါ။ ညီမလေး စိတ်မပူနဲ့နော်” ဟု ရာဇာမင်းယာဉ်ပေါ်ပါ ခင်ပွန်းသည်အကြောင်း မေးနေသူကို လူနာစောင့် အမျိုးသမီးက ပြန်အဖြေ ပေးလိုက်သည်။

သို့သော် ဘေးမှ လူနာသတင်းမေးများကို မြင်သာရန် လူနာစောင့်က မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ ထိုလူနာစောင့်၏ မျက်နှာက တစ်ချက်တစ်ချက် ငိုမဲ့မဲ့။ ဆုံးပါးသွားသူ ခင်ပွန်း ရှိနေသေးကြောင်း လိမ်နေရသည့်အပြင် မချိတင်ကဲ ပြုံးရသည့် အလုပ်ကိုပါ လူနာစောင့်က ပူးတွဲလုပ်နေရသည်။
“ဘာမှမဖြစ်ဘူးနော်။ ကောင်းသွားကြမှာပါ” ဟူသော အားပေး စကားလုံးတို့က သွေးညီနံ့၊ သွေးပုပ်နံ့တို့က ပျံ့နှံ့နေသော ခွဲစိတ်ဆောင်အမှတ် (၁) နှင့်(၂) တို့တွင် ရောပြွမ်းနေ၏။

တိမ်းမှောက်သွားသော ရာဇာမင်း ယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ် အတက်တွင် လမ်းချော်၍ ချောက်အတွင်း ပြုတ်ကျခြင်း ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီ ကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမှ ပြန်လာသူ ဦးစိုးမင်းလွင်က ပြောကြားသည်။

ဦးစိုးမင်းလွင်မှာ ထိုးကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များကို ပထမဆုံး ကူညီခဲ့သူ။

အခြား ယာဉ်တိမ်းမှောက်၊ တိုက်မှုများကဲ့သို့ပင် အမြန်လမ်း သမိုင်းတစ်လျှောက် လူအများဆုံး သေဆုံးခဲ့သော ယခုယာဉ်တိုက်မှုကိုလည်း လူ့အပြစ်လော၊ လမ်းအပြစ်လော အငြင်းပွားကြဦးမည်။ လမ်းအပြစ် ဖြစ်ကြောင်း ပြောသူတို့တွင်လည်း သက်သေများရှိသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေသာဓက မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကွန်ကရစ်လမ်း ခင်းမယ်ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသားသေလောက်တဲ့  အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီးပြီး နှစ်တိုတို အတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခုနှစ် သင်္ကြန်လေးရက်တာ ကာလအတွင်းမှာပင် အဆိုပါ အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်မဆ ဖြစ်ပွားမှုပေါင်း ၂၂ ခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၁၆ ဦး အထိရှိခဲ့ကာ လူပေါင်း ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ပြောဆိုချက်ကို ထောက်ရှုပါက အမြန်လမ်း၏ အနေအထားမှာ စိုးရွံ့စရာပင်။

ထိုနည်းတူ ယာဉ်မောင်းအပြစ် (လူ့အပြစ်) ဟုဆိုရန်လည်း အကြောင်းခြင်းရာများ ရှိနေသည်။

မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေးကားဂိတ်မှ ထွက်ခဲ့သော ရာဇာမင်းကားသည် နေပြည်တော် စစ်ဆေးရေးဂိတ်အထွက် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းပေါ် စရောက်ကတည်းကပင် ဘယ်ညာယိမ်းနေပြီဟု ခရီးသည်အဖြစ် လိုက်ပါသွားသည့် အစိုးရဝန်ထမ်း အမျိုးသမီးက ဆိုသည်။
“မြန်တာကလည်း မြန်တယ်။ ထိန်းမရဖြစ်တာ သိသာတယ်” ဟု ၎င်းက ခုတင်ပေါ်မှ ပက်လက် အနေအထားဖြင့် ပြောသည်။

ကားပေါ်လိုက်ပါခဲ့သည့် မန္တလေးမြို့နေ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ ကားမောင်းသူမှာ မူမမှန်ဟု ပြောသည်။
“ကားမောင်းတဲ့သူက မူးနေတာလေကွာ” ဟု ဘယ်လက်မောင်းရိုးနှင့် နံရိုးနှစ်ချောင်း ကျိုးသွားသောသူက မကျေနပ်သော လေသံဖြင့် ဆိုသည်။

ကားမှောက်ရခြင်းမှာ လမ်းချောနေသဖြင့်ဟု ပြောဆိုနေသော်လည်း အခင်းဖြစ်ပွားပြီး မကြာမီ အဆိုပါ နေရာသို့ ရောက်သွားချိန်တွင် လမ်းမှာ ခြောက်နေပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကွန်ပျုတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဦးဘဆွေက ပြောကြားခဲ့သည်။
“ဒီတော့ လူအမှားတွေလည်း မကင်းဘူးလို့ ပြောရမှာပါ” ဟု ၎င်းကဆိုသည်။

လူအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ လမ်းအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နှစ်ခုစလုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယင်းကြောင့်ပင် အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဝင်းက ယာဉ်မတော်တဆမှုများသည်  ကားကြံ့ခိုင်ရေး ကောင်းမွန်ခြင်း မရှိသည့် အမှားများ ရှိသကဲ့သို လူသားအမှားကြောင့် အများဆုံး  ဖြစ်ပွားရခြင်းကြောင့် အမြန်လမ်းမကြီး တစ်လျှောက်ရှိ အချို့လမ်းပိုင်း နေရာများသည် တစ်ဖြောင့်တည်းရှိပြီး အကွေ့အကောက် နည်းပါးသောကြောင့် ယာဉ်မောင်းများအနေဖြင့် ဂရုစိုက် မောင်းနှင်ရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

ယာဉ်တိုက်၊ တိမ်းမှောက်မှုများ များပြားလာကတည်းက အမြန်လမ်းမကြီး ပုံမှန်ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်းသိမ်းကွပ်ကဲမှုရုံးမှ အထက်မြန်မာပြည် အင်ဂျင်နီယာမှူး ဦးပြည်ဖြိုးဆယ်က ပြောကြားသည်။

“ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ ယာဉ်မောင်းအနေနဲ့ ပေါ့ဆမှုလေးတွေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရာဇာမင်း ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၄၄ ဦးအနက် ၁၄ ဦး ဆုံးပါးသွားခဲ့ပြီး ကျန်ရှိသူများမှာ အနည်းနှင့်အများ ဒဏ်ရာရကြသည်။ အားလုံး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင်။

နံရိုးကျိုးခြင်း၊ အရိုးအက်ခြင်း၊ ခေါင်းကွဲခြင်း၊ ခါးမလှုပ်နိုင်ခြင်း၊ မျက်နှာဖူးရောင်ခြင်းနှင့် မမြင်နိုင်သည့် ကိုယ်တွင်းပိုင်း ဝေဒနာတို့က အသက်ရှင် ကျန်ခဲ့သူတိုင်းတွင် ဖြစ်နေဆဲ။ ထူးခြားသည်မှာ ခေါင်းကွဲ၊ ခြေပေါက်ဒဏ်ရာတို့က သုံးမြှောင့်ပါ စကေဘာခေါ် အချွန်လက်နက်ဖြင့်  ထိုးခံရသကဲ့သို့ ဖြစ်နေသည်။ (ဥပမာ-မာစီဒီးကားတံဆိပ်နှင့် ခပ်ဆင်ဆင်တူသည်)။ ထို့အပြင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာကြောင့် ကွက်၍ရိပ်ထားရသော ကတုံးကွက်တို့က လူနာအများစုတွင် ရှိပြန်သည်။

“ကားရှေ့ပိုင်းနဲ့ အရင်ကျတာ။ ရှေ့မှန်ကွဲသွားတော့ ကျော်ခွပြီး အပြင်ထွက်လိုက်တယ်။ ဘေးမှာက သွေးတွေနဲ့ အကုန်သေနေပြီလို့တောင် ထင်ထားတာ” ဟု နေပြည်တော်မှ ပြန်လာသော အစိုးရဝန်ထမ်းက သူမ၏ လုပ်ဆောင်ချက်နှင့် အတွေ့အကြုံကို ပြန်ပြောပြသည်။

အဆိုပါကား ပြုတ်မကျမီကပင် ခရီးသည်တို့က အော်ဟစ်ခြင်း မရှိသလို၊ အခင်းဖြစ်ပြီး ချိန်တွင်လည်း ကျယ်လောင်သော အော်ဟစ်သံမထွက်ဟု သူမက ထပ်လောင်းဆိုသည်။

ခရီးသည်များ၏ အော်ဟစ် ညည်းတွားသံက လူနာဆောင်တစ်ခုလုံး ခပ်သဲ့သဲ့ ထွက်နေသည်။ ယမန်နေ့ ညပိုင်းကတည်းက တာဝန်ကျနေသော ဆရာဝန်နှင့် သူနာပြုများက လူနာ၏ ဒဏ်ရာများကို ချုပ်ပေးရသည့် အလုပ်က မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်အထိ မပြီးသေး။ မစိုးရိမ်ရသည့် အသေးစား ပေါက်ပြဲဒဏ်ရာတို့ကို ချုပ်ပေးနေရသည့် အလုပ်က တစ်ခုတင်ဝင် တစ်ခုတင်ထွက် ။

“ညတည်းက မအိပ်ရသေးဘူး။ စိတ်ချရလောက်မှ ပြန်ရမှာ” ဟု  အသက် ၃၀ ဝန်းကျင်ခန့်ရှိ သူနာပြု ဆရာမလေးတစ်ဦးက ဆိုသည်။ သူမ စွပ်ထားသော လက်အိတ်နှင့် ဆေးတွန်းလှည်းပေါ်တွင် သွေးစတို့က မြင်မကောင်း။

ခေါင်းတွင် ဆယ်ပြားစေ့ခန့် ဟောင်းလောင်း ပေါက်နေသည့် လူနာ၊ အပြင်းအထန် ညည်းတွားနေပြီး နာလွန်းသဖြင့် အောက်ပိုင်းအဝတ်ပင် မကပ်နိုင်အောင် ရုန်းနေသော လူနာ စသည်ဖြင့် . . . ။

ထိုလူနာများတွင် အစာစားနိုင်သည့် လူနာဟူ၍ အနည်းအကျဉ်းသာ ရှိသည်။ ရာဇာမင်းကားကို မောင်းနှင်သည့် ဒရိုင်ဘာက အတွင်းလူနာအဖြစ် ကုသနေရသည်။ ယာဉ်အကူကား အခြားခရီးသည် ၁၃ ဦးနှင့်အတူ လူ့လောကကို စွန့်ခွာသွားပြီ ဖြစ်သည်။

လူနာတချို့သူတို့မှာ စိုးရိမ်ရသေးသည်ဟု နေပြည်တော်ကောင်စီမှ သတင်းထွက်သည်။ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ ရောက်လာသည်။ လူနာ တစ်ဦးစီအတွက် ထောက့်ပံ့ငွေများ ပေးသည်။ သတိရသူကို အားပေးစကား ပြောသည်ကို တွေ့ရသည်။ ထောက်ပံ့ငွေ အရေအတွက် မသိရ။
“စာအိတ်လေးနဲ့ ထည့်ပေးသွားတယ်။ ဘယ်လောက်မှန်း မသိပါဘူး” ဟု လူနာစောင့် အမျိုးသမီးတစ်ဦးက ပြောသည်။

သူမစောင့်နေသော လူနာအမျိုးသမီးမှာ အသက် ၅၀ ခန့်အရွယ် ရှိသည်။ လူနာ သတိမရသေး၍ ဆရာဝန်နှစ်ဦး နံဘေးတွင် ရပ်စောင့်နေသည်။ ကျန်လူနာစောင့် တစ်ယောက်က သတိမေ့နေသူ၏ နှာခေါင်းပေါ်တွင် သံပုရာသီး တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ အငိုတစ်ဝက် မျက်ဝန်းတို့က ပူလောင်နေသည့်ဟန်ပြ၏။

ဝန်ကြီးတို့က လူနာများကို ကြည့်၍ စိတ်မကောင်း ဖြစ်သည့်ဟန်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် နေ့စဉ် ဖြတ်သန်း သွားလာနေသော ကားအစီးရေမှာ ၃၀၀ နီးပါး ရှိနေပြီး ယာဉ်လိုင်းပေါင်း ၅၀ ကျော်အနက် ယာဉ်မတော်တဆမှု မဖြစ်ပွားသေးသော ကားလိုင်းမှာ မရှိသလောက်ပင် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်ယာဉ်လိုင်းတစ်လိုင်းမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ မှောက်သည့် ယာဉ်များမှောက် နေသည်။ လမ်းပြင်သူများကလည်း ဆက်ပြင်နေသည်။

၂၀၁၄ ခုနှစ် မကုန်မီ လမ်းတိုးချဲ့ မှုများအပြင် ၂၅ မိုင် အရှည်ထိ ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ စတီးလက်ရမ်းများ တပ်ဆင်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကားသမား ပေါ့ဆမှုကြောင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားခဲ့ရင်တောင်မှ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေနိုင်တဲ့အထိ ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်တိမ်းမှောက်မှု များလာသဖြင့် သေမင်းတမန်လမ်းဟုပင် သမုတ်ခံလာရသော ရန်ကုန်-မန္တလေး အမြန်လမ်း၏ အရှည်ကား ၃၆၆ မိုင် ၃ ဖာလုံ ရှိသည်။

လမ်းစဖွင့်သည့် ၂၀၀၉ မှ ယနေ့အထိ ယာဉ်တိမ်းမှောက်မူကြောင့် ၃၆၇ ဦး သေဆုံးခဲ့သည်။
သေဆုံးမှုသည် တစ်မိုင်တစ်ဦးနှုန်း ရှိခဲ့ပြီဖြစ်သော အမြန်လမ်း ဖြစ်နေပြီ။

အောင်ထက်၊ ဇေယျာကို (တောင်ငူ)
ွှThe Voice
အပြည့်အစုံသို့ »