Showing posts sorted by relevance for query သွေးစစ်. Sort by date Show all posts
Showing posts sorted by relevance for query သွေးစစ်. Sort by date Show all posts

HIV ကူးစက် ခံနေရပြီလား (၆) (အမေးအဖြေ)


ပညာပေး, လမင်းကို
မေး။    ။ ကျွန်​​တော် ​၃ လ​ပြည့်​ဖို့ ၄ ရက်​​လောက်​ အလိုမှာ သွေးစစ်​တာ Negative ပဲ။ ကျွန်​​တော်​ ခု​နောက်​ပိုင်း ကိုယ်​​တွေ ယားလားတယ်​။ အနီဖု​တွေ​ ပေါက်​လာတယ်​။ ပါးစပ်​ နည်းနည်းခါး​နေတယ်။ အပူဖုလို အနီဖု လျှာမှာ​ပေါက်​​​နေတယ်။ နည်းနည်း​မောသလို ခံစားရတယ်​။ Join pain ကလည်း နည်းနည်း နာလိုက်​​ပျောက်​လိုက်​၊ ညအိပ်​ရင်​လည်း ချွေး​တွေ ဆိုရွဲနေတာပဲ။
ကျွန်​​တော်​​ မေးချင်​တာ ၃ လကြာပြီး​ သွေးစစ်​တယ်​။ negativ ပြတယ်။ အခု ကျွန်​​တော်​​ပြောပြတဲ့ လက္ခဏာတွေက​ သွေးမစစ်​ခင်​ကတည်းက ဖြစ်​​နေတာပါ။ HIV negative ဆို​တော့ HIV ပိုးက ခန္ဓာကိုယ်​ထဲကို ၀င်​​ရောက်​ မဖျက်​ဆီး​သေးဘူးဆိုတဲ့ သ​ဘောလား။ အဲ့တာဆို ကျွန်​​တော်​ အခုဖြစ်​​နေတာ​တွေက HIV နဲ့ မဆိုင်​ဘူးဆိုတဲ့ သ​ဘောလား။ ကျွန်​​တော်​က Beer​ တို့၊ Whisky​ တိုတော့​ သောက်​တယ်​။ ကျွန်​​တော့ အ​ခြေအ​နေ​လေး သုံးသပ်​​ပေးစေချင်ပါတယ်။
ဖြေ။    ။ သွေးစစ်တာကတော့ အန္တရာယ် အပြုအမူပြုပြီး ၃ လ သို့မဟုတ် ၆ လအကြာမှာ စစ်ရင် စိတ်ချရပါတယ်။ ၃ လအကြာမှာ စစ်ပြီးလို့ မတွေ့ အခု ပြောပြတဲ့ အဖုလေးတွေပေါက်တာ၊ မောတာ၊ အဆစ်နာတာတွေက HIV ပိုး ကူးစက်ခါစ ပုံစံနဲ့ မတူပါဘူး။ အရက်၊ ဘီယာလည်း သောက်တတ်တယ် ဆိုတော့ ဒီလိုဖြစ်နေတဲ့ မောတာ၊ အဆစ်နာတာတွေကို သမားတော် တွေနဲ့ ပြသသင့် ပါတယ်။ အရက်၊ ဘီယာသောက်တာတော့ လျော့သင့်ပါတယ်။
မေး။    ။ ကျွန်တော် နယ်ခရီးသွားရင်း အခန်း ၆ ခန်းအတွက် ရေချိုးခန်း၂ ခန်းသာပါတဲ့ တည်းခိုခန်းမှာ တည်းခဲ့ပါတယ်။ ကျွန်တော်မနက် ရေချိုးပြီးတော့ ကျွန်တော့ သွားတိုက်တံနှင့် ရေချိုးခန်းတွင် ရှိနေသော သွားတိုက်တံ မှားယူလာမှန်း ညပိုင်း သွားတိုက်ပြီးမှ သိခဲ့ပါသည်။ ကျွန်တော့ သွားမှ သွေးထွက်သွား၍ သွားတိုက်တံတွင် HIV ပိုးရှိနေရင် ကူးစက်နိုင်မလား သိပါရစေ။ ကျွန်တော် ကြောက်နေလို့ပါ။
ဖြေ။    ။ သွားတိုက်တံကနေ HIV ပိုး ကူးစက်တာ အလွန်ရှားပါတယ်။ စိတ်မညစ်ပါနဲ့။ HIV ပိုးဟာ သူတစ်ပါးရဲ့ သွားတိုက်တံထဲမှာ အသက်ကြာကြာ မရှင်နိုင်ပါဘူး။ HIV ပိုးကူးစက်နိုင်ခြေက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်းတွေက အဖြစ်များတာပါ။
မေး။    ။ တခုလောက် သိချင်လို့ပါ။ ကျွန်မကောင်လေးက ၂၀၁၃ ဇွန်လက ရန်ကုန်ကို ပြန်ရောက်ပါတယ်။ ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ သွားရင်း ကောင်မလေးတွေနဲ့ ၂ ခါလောက် အိပ်ဖူးတယ်ပြောပါတယ်။ ကွန်ဒုံး သုံးတယ်တော့ ပြောပါတယ်။ လွန်ခဲ့တဲ့ ( ၁၀) ရက်လောက်ကစပြီး သူ အင်္ဂါက (မရိုးသေ့စကား) ဆီးသွားရင် ကျင်တယ်ပြောပါတယ်။ နောက်ပြီး လိင်တံကနေ ပြည်တွေလည်း နည်းနည်း ထွက်တယ်ပြောတယ်။ ဘယ်လိုဆေး သောက်သင့်ပါသလဲ။ ဘယ်ဆရာဝန်နဲ့ ပြသင့်ပါသလဲ။ ကာကွယ်မှုကရော ဘယ်လို လုပ်သင့်ပါသလဲ။ ကျွန်မတို့ ၂ ယောက် တူတူနေလို့ရော ရနိုင်ပါသလား။ သူက တူတူနေချင်တယ်ပြောပါတယ်။ ကျွန်မက ကြောက်လို့ မနေရဲပါဘူး။ ဖြေနိုင်ရင် ဖြေပေးပါ။
ဖြေ။    ။ အခုပြောပြပုံအရ ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ဆရာဝန်နဲ့ သေသေချာချာပြပြီး သွေးစစ်စေချင်ပါတယ်။ ကာလသားရောဂါ အများစုက သေသေချာချာ ကုသရင်ပျောက်ကင်းပါတယ်။ ရောဂါကို အတည်ပြု၊ သေသေချာချာ စနစ်တကျ ဆေးကုသပြီးမှ နှစ်ဦး အတူတူနေသင့် ပါတယ်။
လမင်းကို

hivinfo4mm
အပြည့်အစုံသို့ »

မင်းဂွတ်သီးနှင့် ကင်ဆာရာဂါအကြောင်း ကိုယ်တွေ့ဖြစ်ရပ်များ


Saturday, February 22, 2014

ကျွန်တော့်ကျန်းမာရေးအတွက် Kaiser Insurance ရှိပါသည်။ ၂၀ဝ၈ ဒီဇင်ဘာလတွင် ပုံမှန်နှစ်စဉ် ကျန်းမာရေးဆေးစစ်ရာတွင် လက်ညှိုး ဖြင့် စမ်းသပ်ခြင်းပြုစဉ် (Rectal Examination) ဆရာဝန်က ဆီးကျိတ် ရောဂါ သံသယရှိသဖြင့် ဆီးပါရဂူသို့ လွှဲပြောင်းစမ်းသပ်စေခဲ့ပါသည်။

ဆီးပါရဂူက ထပ်မံစမ်းသပ်ပြီး ဆီးကျိတ်ကိုအသားစယူစစ်ဆေးခြင်း (Biopsy) လုပ်ရန် တိုက်တွန်းသည့်အတိုင်း လုပ်ဖြစ်၏။ အသားစ ၁၃ ချက်ယူရာတွင် တစ်ချက်တွင် (Adenocarcinoma) ကင်ဆာဆဲလ်တွေ့ ရှိရပြီး တခြား ၃ ချက်တွင် မကြာခဏ ဆိုးရွားစွာ ယောင်ရမ်းသည့် လက္ခဏာ (Mild Acute Chronic Inflammation)ဟု တွေ့ရှိရပါသည်။

ဆီးပါရဂူက ခွဲစိတ်ကုသရန်နှင့် ဓာတ်ကင်ရန်တစ်ခုခုလုပ်သင့် ကြောင်း အခိုင်အမာ တိုက်တွန်းပါသည်။ ထိုအချိန်က ကျွန်တော့် အသက် ၆၂ နှစ် အငြိမ်းစားယူထားသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။
ကျွန်တော့် မိသားစုအသိုင်းအဝန်းတွင် ကျွန်တော့်ဘက်ကသားချင်း ဆရာဝန် ၃ ဦး ကျွန်တော့်မိန်းမဘက်က ဆရာဝန် ၃ ဦး နှစ်ဖက် တူ၊ တူမ ဆရာဝန် ခုနစ်ဦးရှိပါသည်။ ခင်မင်ရင်းနှီးသည့် ဆရာဝန် မိတ်ဆွေလည်း အလွန်များပါသည်။

ကျွန်တော် သိကျွမ်းသမျှ ဆရာဝန်တွေနှင့် ပွင့်လင်းစွာ ပြောပြ တိုင်ပင်၍ အကြံတောင်းခံခဲ့ပါသည်။ တိုင်ပင်သမျှသော ဆရာဝန်တိုင်း ကလည်း ဆီးပါရဂူညွှန်ကြားချက်ကို လိုက်နာရန် တိုက်တွန်းအားပေးကြ ပါသည်။
သူတို့၏ စေတနာနှင့်ပေးလာသည့် အကြံဥာဏ်နှင့် တိုက်တွန်းသမျှကိုလည်း အထူးကျေးဇူးတင် လေးစားလျက်ပါ။

ကျွန်တော်ကိုယ်တိုင်က သတ္တိနည်းသူလို့ပဲ ဝန်ခံရပါမည်။ ကျွန်တော့်အနေနှင့် ဆီးပါရဂူဆရာဝန်ကြီးရှင်းပြသော ခွဲစိတ်နှင့်ဓာတ်ကင်ကုသမှု နှစ်မျိုးလုံး၏ ကောင်းကျိုးဆိုးပြစ်တွေကို ကြောက်သဖြင့် တခြားသော နည်းလမ်းများမရှိတော့ဘူးလားဟု ဆင်ခြင်မိပါသည်။

ထို့ကြောင့် ကင်ဆာဖြစ်မှန်းသိသည့်နေ့မှစပြီး နေ့စဉ်စားသည့် အလေ့ကိုပြင်ပြီး ဟင်းသီးဟင်းရွက်စိမ်းများကိုသာ နေ့စဉ်များစွာ စားပေတော့သည်။

နောက်သုံးလအကြာမှာ ကျွန်တော်အကြံဥာဏ်တောင်းဖူးသည့် ညီမလေးလို ခင်မင်သူ LA က ဒေါက်တာမြမြအေး ဖုန်းဆက်မေးလာသည်။ ကျွန်တော်ဘာလုပ်ဖြစ်သလဲတဲ့။

ကျွန်တော်ဘာမှ မလုပ်ဖြစ်သေး၊ လောလောဆယ်တော့ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ နင်းကန်စားပြီး စောင့်ကြည့်ဦးမယ် ဆုံးဖြတ်ကြောင်း ပြောပြလိုက်သည်။

ဆီးပါရဂူကလည်း ဘာမှမလုပ်ဘူးဆိုရင် လေးလတစ်ကြိမ် သွေးစစ် ရမယ်၊ သွေးစစ်လို့ PSA 0.8 ထက်ပိုတက်ရင်တော့ တစ်ခုခုလုပ်မှ ကောင်းမယ်ဟု ပြောကြောင်း ပြောပြပါသည်။

ဒေါက်တာမြမြအေးက ဒီနေ့သူ ကျွန်တော့်အတွက် အကြံဥာဏ်တောင်းခဲ့ဖူးသည့် သူ့ဆေးရုံက ဆီးပါရဂူက ကျွန်တော် ဘာလုပ်ဖြစ်သလဲ မေးရင် သူ့ကိုပြောပြသည်။ သူ့လူနာတစ်ယောက်က မကုဘဲထားပြီး တစ်နှစ်ခွဲလောက်ကြာတော့ သူ့ကို Biopsy ထပ်လုပ်ပေးဖို့ ပြောလာသည်။

Biopsy ထပ်လုပ်တော့ ကင်ဆာဆဲလ် မတွေးဘူးတဲ့။ သူ့လူနာကို သူဘာလုပ်သလဲမေးတော့ သူအိန္ဒိယပြန်သွားတော့ မင်းဂွတ်သီးကို အရည်ကြိတ်ပြီး မနက်တစ်ခွက်၊ ညတစ်ခွက်သောက်သတဲ့။

ကျွန်တော့်ကိုလဲ ဘာမှ မလုပ်ဘဲထားရင် အဲဒါရှာဝယ်သောက်ကြည့် ဖို့ တိုက်တွန်းသည့်နှင့် ကျွန်တော်လဲ ချက်ချင်းဆိုသလို စိတ်ကူးရှိရာ ဃသျအခသ က မင်းဂွတ်သီး အရည်သွားဝယ်သောက်ကြည့်မိသည်။
ခွက်မှာထည့်သောက်ရင်း စူးစမ်းကြည့်မိသည်။

အဲဒီ ဖျော်ရည်ထဲ မှာ မင်းဂွတ်သီးအခွံရဲ့ အဖတ်တွေလိုဟာ တွေ့ရသလို မင်းဂွတ်သီး အခွံ၏ အရသာလို ဖန်တန်တန် အရသာလဲ ရပါသည်။ အလွန့်အလွန် လဲချိုအောင် သကြားများစွာထည့်ဖျော်စပ်ထားပုံရပါတယ်။

ဒါကို မနက်တစ်ခွက် ညတစ်ခွက်သောက်ရရင် ကင်ဆာ ပျောက်၊ မပျောက်တော့ မသေချာဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ ဆီးချိုရောဂါ ဖြစ်လာဖို့တော့သေချာတယ်ဟု ဆင်ခြင်မိပါသည်။

မြတ်ဗုဒ္ဓနှင့် ဘုရားသားတော် သံဃာတော်များ၏ အဆုံးအမကို ဦးထိပ်ပန်ဆင်သူပီပီ သူများပါးစပ်ထဲ လမ်းမဆုံးစေဘဲ ဧဟိပတ္တိကော ကိုယ်ကိုယ်တိုင် လက်တွေ့ စူးစမ်းလေ့လာ လက်တွေ့ဖြေရှာချင်စိတ် ဖြစ်လာပါသည်။

ခုခေတ်ကွန်ပျူတာ Website က ကိုယ်သာ တကယ်သိချင်တတ် ချင်စိတ်ရှိခဲ့လို့ကတော့ ငွေကြေးကုန်စရာမလိုဘဲ သိချင်တတ်ချင်သမျှကို Internet ကနေ ရှာဖွေလေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ မင်းဂွတ်သီး အကြောင်းသိချင်လျှင်Google မှာ Mangosteen လို့ ရိုက်လိုက်လျှင် မင်းဂွတ်သီးအကြောင်း မသိချင်မှ အဆုံးထွက်ပေါ်လာပါသည်။

မင်းဂွတ်သီးမှာရှိသည့် အာနိသင်ထက်မြက်သည့် Xanthone ဆိုတဲ့ဓာတ်က အားအင်ကိုဖြစ်စေသည်။ ခုခံအားကို နိုးထစေသည်။ ကင်ဆာဆဲလ်ကို ကျုံ့စေသေစေသည်။ အဆီကျစေသည်၊ အယောင်ကျ စေသည်စသဖြင့် များစွာတွေ့ရပါသည်။

မင်းဂွတ်သီး၏ ကောင်းကျိုးအာနိသင်တွေသည် မယုံနိုင်လောက် အောင်များပါသည်။ မယုံနိုင်လောက်အောင် များပါသည်။ အဓိက ဒီ Xanthone ဓာတ်က မင်းဂွတ်သီး၏ အပြင်ခွံနှင့် အစေ့မှာ အများဆုံး ပါရှိပြီး အညှာနဲ့ ရွက်ဖတ်ကလွဲလို့ တစ်လုံးလုံး ပြစ်စရာမရှိလောက် အောင် အသုံးဝင်ပါသည်။ သုတေသန အထောက်အထားများစွာ တွေ့ ရှိထားပါသည်။

သုတေသီပညာရှင်တွေ၏ မင်းဂွတ်သီး၏ အာနိသင်ကောင်းကျိုး တွေ့ရှိချက်ကြောင့် စီးပွားရေးသမားများက မင်းဂွတ်သီးရည် (Mangosteen Juice) နှင့် မင်းဂွတ်သီးဆေးတောင့် (Mangosteen Capsule)တွေကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြသလို Website တွေ မှာလည်း သူတို့၏ ကြော်ငြာတွေပဲ နေရာယူထားသလို ဖြစ်နေပါသည်။

သတိထားဖတ်ရှုရင်တော့ မင်းဂွတ်သီးရည် (Mangosteen Juice)၏ မပုပ်မသိုးစေဘဲ အထားခံအောင် ထည့်ရသည့် ဆေးနှင့်ချိုလွန် သည့် စီမံထုတ်လုပ်မှုကြောင့် မသုံးသင့်ကြောင်း မင်းဂွတ်သီးဆေးတောင့် (Mangosteen Capsule)ကလည်း Freeze Dry နည်းနှင့်ထုတ်လုပ်မှ မင်းဂွတ်သီး၏ ကိုယ်အာနိသင်မပျက်လျော့နိုင်အောင် သတိပေးထားသည် ကို တွေ့နိုင်ပါသည်။

Freeze Dry အကြောင်း သိလိုပါကလည်း Googgle မှာ Freeze Dry လို့ ရိုက်ကြည့်လျှင် တွေ့ပါလိမ့်မည်။
ဈေးထဲမှာ ယိုးဒယားကလာသည့် မင်းဂွတ်သီးကိုတွေ့တော့ ကိုယ်ဖတ်ရှုထားသမျှနဲ့ သုံးသပ်ချက်တွေနဲ့ ဥာဏ်ကူပေါင်းစပ်လုပ်ဖို့ အကြံရလာပါသည်။

ဈေးထဲက မင်းဂွတ်သီးကို ဝယ်ပါ။ ရေစင်စင်ဆေး အညှာနှင့် ရွက်ဖက်ချက်တို့ကိုဖယ်ပြီး ကြိတ်လို့လွယ်အောင် အခွံနှင့်အစေ့ကို အတုံး ငယ်ဖြစ်အောင်လှီး အသားပါအားလုံး သစ်သီးဖျော်ရည်စက်ထဲထည့်ပြီး ရေထက်ဝက်အချိုးခန့်သာထည့်ပြီး စိတ်ရှည်ရှည်နဲ့ ကြိတ်လိုက်ရပ်လိုက် မွှေလိုက်လုပ်တော့ အပြီးသပ်မှာ စိမ်းစားငါးပိလို အနေအထားမျိုး ပျစ်ပျစ် အနှစ်ကိုရပါလိမ့်မည်။
အဲဒါကို ဖန်ပုလင်းမှာ လေမခိုအောင်သိပ်ပြီး Freezer ခဲခန်းထဲမှာ သိမ်းပြီး တစ်နှစ်ပတ်လုံး စားလောက်အောင် April to September မင်းဂွတ် သီးပေါ်ချိန်ပေါချိန်မှာ ဝယ်လုပ်သိမ်းထားပါသည်။
ရေခဲသေတ္တာရဲ့သာမန် အအေးခန်းမှာထားရင် ကြာကြာ အထားမခံပါ။ တစ်ပတ်ကျော်လောက်ဆိုလျှင် ပျက်တတ်ပါသည်။
စားရန် နှိုက်လို့လွယ်အောင် ပုလင်းသေးသေးနှင့်သာ သာမန် အအေးခန်းမှာ ခန့်မှန်းခြေ တစ်ပတ်စာလောက်ထားပြီး နေ့စဉ် တစ်ရက်နှစ်ကြိမ် ထမင်းစားဇွန်းတစ်ဇွန်းစာခန့်ကို ထမင်းစားပြီး တိုင်းဆေးအဖြစ် ရေနဲ့မျှောမျိုချပါသည်။

Freeze Dry လုပ်နည်း

အစိုမသိမ်းချင်လျှင် Freeze Dry လုပ်နည်း အောက်ဖော်ပြပုံအတိုင်း ကြိတ်ပြီးသား မျှင်ငါးပိလိုအနှစ်ကို ကတော့ငယ်တစ်ခုမှာထည့်ပြီး တရုတ် ထမင်းစားတူတစ်ချောင်းနဲ့အသာထိုးထုတ်လိုက်လျှင် လျက်ဆားခဲလို အတောင့်လိုက်လေးတွေ ထွက်လာသည်ကို ပန်းကန်ပြားမှာဖြန့်ကျက်ထား ပြီး ရေခဲခန်းမှာထည့်ထားရင် ရေခဲခန်း Freezer မှာ ထည့်ထားရင် တစ်ပတ် ဆယ်ရက်လောက်ဆို ခြောက်သွားပါသည်။ ဒါကို ဆေးလုံးမျိုသလို မျို နိုင်သလို သိမ်းလို့လည်း လွယ်ကူပါသည်။

နေလှန်းခြင်း အပူပေးအခြောက်ခံခြင်းလိုမျိုး အာနိသင်ကို မယုတ် လျော့စေပါ။

ဆရာဝန်ညွှန်ကြားချက်အတိုင်း မခွဲချင်၍ ၄ လတစ်ကြိမ် သွေးစစ် ပါသည်။ PSA ကလည်း အများကြီး မတက်သလို တစ်နှစ်ပြည့်တော့ အသားစယူစစ်ဆေးခြင်း Biopsy ပြန်လုပ်တော့ အသားစ (၁၂) ချက်စလုံး မှာ ကင်ဆာဆဲလ် မတွေ့ရပါ။ ပုံမှန်ဆဲလ်ပဲ ဖြစ်ကြောင်း ဓာတ်ခွဲခန်း အဖြေရပါသည်။

ထိုအချိန်ကတည်း ဒီဆောင်းပါးကို ရေးချင်နေသော်လည်း ရှေ့ဆက် ဘယ်လိုလာမည်ဆိုသည်ကို မသိဘဲ လူတွေကို မှားယွင်းညွှန်ပြဦးဆောင် မှု မဖြစ်စေလို၍ျ မရေးဘဲ နေခဲ့ရာကနေ ယနေ့တိုင် ဆက်စားခဲ့ပြီး တစ်နှစ်ကျော်တိုင်း (Biopsy) ပြန်လုပ်လာခဲ့သည်မှာ ၄ နှစ်ခွဲအချိန်ထိ သုံးကြိမ်တိုင် Negative၊ ကင်ဆာဆဲလ်မတွေ့ရပါ။ ခုဆို ၅ နှစ်ပြည့်သွား ပါပြီ။

ကင်ဆာဆဲလ်မတွေ့ရရုံသာမက ပထမအကြိမ်လုပ်စဉ်ကလို (Chronic Inflammation ၃ နေရာမဆိုထားနှင့် တစ်နေရာမှကို မတွေ့ရ တာက ပိုဝမ်းသာစိတ်အေးစရာဖြစ်ပါသည်။

ဤဆောင်းပါးက စာရေးသူလုပ်ထုံးလိုက်ကြရန် တိုက်တွန်းခြင်း တော့ မဟတ်ုပါ။ ကိုယ်ဖြစ်ရင် ကိုယ်ခံဆိုပြီး မိုက်မိုက်ကန်းကန်း စွန့်လုပ် ခဲ့သည့် ရလဒ်တစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါသည်။ တချို့သောသူတွေက ခွဲရမှာလဲ ကြောက်သည်။ မခွဲလည်း မခွဲဘူး၊ ဘာမှလဲ မလုပ်ရင်တော့ ဒုက္ခပေးမှာ သေချာသည်။
လူတိုင်းက မွေးကတည်းက သေဒဏ်အပြစ် ပေးခံထားရသူတွေသာဖြစ်ပေမယ့်အသက်ကို ဥာဏ်စောင့်ဖြစ်ပါစေ။

စာရေးသူအနေနှင့် ကင်ဆာရောဂါလုံးလုံး ပျောက်ကင်းသွားပြီဟု မမှတ်ယူစေလိုပါ၊ ကိုယ့်ကိုယ်ကိုလည်း မပြတ်မလပ် သတိချပ်၍ မပေါ့ မလျော့ပုံမှန်ဆေးစစ်သွေးစစ်ဆောင်ရွက်လျက်ပါ။
စာရေးသူအနေနှင့် ဒီလုပ်နည်းက အဓိကအကျဆုံးဖြစ်သလို အခြား နည်းလမ်းမြောက်များစွာကိုလည်း ဥာဏ်မီကြားသိသမျှ လက်လှမ်းမီသရွေ့ ထည့်သွင်းကျင့်သုံးလုပ်ဆောင် အသုံးပြုနေပါသည်။

စာရေးသူလုပ်ဆောင်သမျှ နည်းလမ်းများကို သိရှိဆွေးနွေးလိုသူ များ ဖုန်း 4156652279/Skype:Harry.lin 7/Email:[email protected] သို့ ဆက်သွယ်ဆွေးနွေးမေးမြန်းနိုင်ပါသည်။ ကုသိုလ်ပြု လို၍ အသင့်စောင့်ကြိုလျက်ပါ။

တခြားကင်ဆာ မဖြစ်စေနိုင်ရန် နေ့စဉ်နေထိုင်စားသောက်ပုံကို လေ့လာမိသရွေ့ အနည်းငယ်တင်ပြပါရစေ။

ကင်ဆာမဖြစ်စေရန် ဟင်းသီးဟင်းရွက်များများစားပေးရသည်ဆို သည့် ယေဘုယျဗဟုသုတကတော့ လူတိုင်းကြားဖူးနားဝဖြစ်နေပါပြီ။
သို့သော် ပိုမိုအကျိုးဖြစ်စေသည့် စားနည်းကိုတင်ပြပါ့မည်။ ကင်ဆာ ဆဲလ်ဖြစ်ပေါ်ကြီးထွားစေသော အရာဓာတ်များမှာ အချဉ်အက်စစ်ဓာတ် သကြားနို့နှစ်အဆီ ဆားအငံဓာတ်နှင့် ဆဲလ်များ အောက်စီဂျင်ရရှိမှုနည်း ခြင်းစသည်တို့ ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်ကို ထမင်းနှင့်ရော စားတော့ချဉ်ဖတ်တည်သလို အချဉ်ပေါက်သွားသဖြင့် ကင်ဆာဆဲလ်အကြိုက်ဖြစ်စေပါသည်။

ကင်ဆာ မနှစ်သက်သည်က အခါး၊ အဖန် (Alkaline) ဓာတ်ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက် အရည်မှန်သမျှ အဖန်ဓာတ် ဖြစ်ပြီး သူ့ချည်းသပ်သပ်စားလျှင် ဟင်းရွက်အရည်သည် မိနစ် ၂၀ ဆို ဆဲလ်ဆီထဲကို ရောက်သွားပါသည်။ (Alkaline PH)မြင့်လျှင် ကင်ဆာ ဆဲလ်ကိုတောင် သေစေနိုင်သည်ဟု သုတေသီများ၏ အဆိုရှိပါသည်။
Email ပလူပျံအောင် ဟိုအသီးအရွက် ဒီအသီးကင်ဆာအတွက် ကောင်းသည်ရယ်လို့ နေ့စဉ်နှင့်အမျှ ဖတ်ရှုနေရပါသည်။

အမှန်တော့ အသီးအရွက်တိုင်းကင်ဆာမဖြစ်စေသည့်အတွက် ကောင်းပါသည်။ အကျိုးသက်ရောက်မှုကောင်းအောင် စားတတ်လျှင် ပိုကောင်းပါသည်။
အသီးအရွက်မှာလည်း အနီရောင်ရှိသည့် အသီးအရွက်တွေ ခရမ်း ချဉ်သီး Beet မုန်လာဥအနီး သလဲသီးစသည်တို့က ကင်ဆာအတွက် ပိုကောင်းပါသည်။

ဖတ်ရှုရသမျှကို ဆင်ခြင်ပြီး ရာသီပေါ် အသီးအရွက်များကို သစ်သီး ဖျော်ရည်စက်ထဲထည့်၍ ရေအနည်းငယ်မျှထည့်ပြီး ရေခဲမုန့်လို ပျစ်ပျစ် ကလေး Smoothy လိုဖြစ်အောင် ကြိတ်ပြီးထမင်းမထားခင်တစ်နာရီ ခန့်ကြိုစားပြီးမှ ထမင်းစားပါသည်။
ရည်ရွယ်ချက်ကတော့ ဟင်းရွက်ဟင်းသီးအရည်သည် မိနစ် ၂၀ ဆို ဆဲလ်ဆီရောက်သွားပြီး ကင်ဆာဆဲလ်ကို တိုက်ခိုက်စေသည့် သဘောပါပဲ။

မြတ်ဆွေ(ဆန်ဖရန်စစ္စကို)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

ယုံကြည်ကာ ပုံအပ်မိလို့ AIDS ဖြစ်သွားရတဲ့ မိန်းကလေးတစ်ဦး၏ ဘ၀ဇာတ်ကြောင်း (စုံတွဲများ သတိ ထားဖွယ်)



ဒီနေ့ဟာ မိုးနေ့ပါပဲ။ ကျွန်မ ပြတင်းအပြင်ကို ထိုင်ငေးနေတာပေါ့။ ကျွန်မတစ်ကိုယ်တည်း အထီးကျန်လေ။ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။

ခုလိုပဲ အထီးကျန်နေရင် ကျွန်မတွေးတော ချောက်ချားရမြဲပါ။ လူလူသူသူတွေနဲ့ တွေ့တဲ့အခါမှာ ကျွန်မ ခံစားနေရတာတွေကို ဖွင့်ဟဖို့ မတွေးပါဘူး။ ကျွန်မ လူတွေကို ကြောက်နေပါတယ်။

ကျွန်မဟာ ရောဂါသည် တစ်ယောက်။

ကျန်းမာရေး မကောင်းတဲ့သူ တစ်ယောက်ဆိုတာ ဘယ်သူမှ မသိစေချင်ပါဘူး။ ကျွန်မတို့ရဲ့ခြေ၊ လက်၊ ခန္ဓာကိုယ်တို့ဟာ ရောင်ကိုင်းကိုင်း ဖြစ်နေတာမို့ အင်္ကျီ အဝတ်အစားဖားဖားလျားလျား ကြီးတွေကို အမြဲဝတ်ရပါတယ်။ လူမသိအောင် ဆိုပါတော့။ ဒါပေမဲ့ ခဏခဏနေမကောင်း ဖြစ်နေတော့ ဆရာဝန်ဆီ လည်း မကြာမကြာ ရောက်ရတာပေါ့။

အဲဒီအခါ ရပ်ကွက်ထဲကလည်း သံသယ ရှိလာမိကြတာပေါ့လေ။ အရင်တုန်းက ကျွန်မဟာ ကျန်းကျန်း မာမာ ဖွံ့ဖွံ့ ဖြိုးဖြိုး မဟုတ်လား။ နေမကောင်း ဖြစ်ကတည်းက ကျွန်မ ပိန်သွားတာ သိပ်သိသာပါတယ်။ တချို့က တော့ စပ်စုတာပေါ့လေ။ ဒါပေမဲ့ ကျွန်မ “ကျောက်ကပ် မကောင်းရတဲ့ အထဲ ယားဖုတွေ လည်း ပေါက်နေ တယ်” လို့ပဲ ဖုံးဖိ ပြောနေရတာပေါ့။ တချို့ကတော့ ကျွန်မကို ဘာမှမမေးကြ ပါဘူး။ ဒါပေမဲ့ သူတို့ မျက်လုံး တွေက စကားပြော ပါတယ်။ ကျွန်မကို မယုံသင်္ကာ ကြည့်ပါတယ်။ ပြီးတော့ ကျွန်မ အကြောင်း တီးတိုး တီးတိုး သဖန်းပိုး လုပ်နေပုံပါပဲ။ ကျွန်မသိသလိုပဲ။ သူတို့ ကျွန်မအကြောင်း သိနေပြီလို့။ သူတို့ အဲသလို ကျွန်မကို ကြည့်ကြ။ အကဲခတ်ကြတာဟာ ကျွန်မအကြောင်း သူတို့ စဉ်းစာ နေကြလို့ပဲ ဖြစ်မှာပေါ့။

ကျွန်မအဖြစ်ကို ဘယ်သူ့မှ ဖွင့်မပြောနိုင်ပါဘူးရှင်။ ကျွန်မ ဖွင့်ပြောရင်လည်း သူတို့ ကျွန်မကို သတီကြတော့ မှာ မဟုတ်ဘူး။ ကျွန်မဟာ လူ့ အသိုင်းအဝိုင်းရဲ့ ဆူးငြောင့် ခလုတ်ပါပဲလေ။ အထူးသဖြင့် ကျွန်မ မိသားစုအတွက်လည်း ကျွန်မ မချိပါဘူး။ ကျွန်မကြောင့် မိသားစုပါ ပတ်ဝန်းကျင်ရဲ့ ဆူးငြောင့် ခလုတ်ဖြစ်မှာ ကျွန်မ မလိုလားဘူး။ ခုတော့ ကျွန်မဟာ ပတ်ဝန်းကျင်နဲ့ အဆက်အဆံ မရှိအောင် နေနေ ရပါပြီရှင်။

ဒီလိုနဲ့ ကျွန်မရဲ့ လျှို့ဝှက်ချက်တွေ မိသားစုကို ဖွင့်ပြော ရပါတော့တယ်။ ကြာရှည်ဖုံးထားလို့ မရတော့ ဘူးလေ။ ကျွန်မရဲ့ ညီမနဲ့ မောင်ငယ်လေးဆိုတာ ဝမ်းနည်း လိုက်ကြတာ။ မပြောပါ နဲ့တော့။ ကျွန်မရဲ့ မိဘတွေကတော့ စိုးရိမ်ပူပန် ကြတာပေါ့။ ကျွန်မကတော့ အဖေတို့၊ အမေတို့ကို ပြောပါတယ်။

“သေခြင်းတရားဆိုတာ လူ့ဘဝမှာ ဖြစ်မြဲပါပဲ။ သေမင်းက ကိုယ့်ဆီ မြန်မြန်လာမှာနဲ့ ဖြည်းဖြည်း လာမှာပဲ ကွာပါတယ်” လို့။ ဒီတော့လည်း အဖေတို့၊ အမေတို့ ခမျာ စိတ်နည်းနည်း သက်သာရာရ သွားရှာကြပါ ရဲ့လေ။

ဒီနောက်ပိုင်း ကျွန်မ မိသားစုနဲ့ ကျွန်မကြားမှာ နားလည်မှု ပိုများလာပါတယ်။ မျှော်လင့်ချက် ကိုယ်စီ ထားနိုင် လာကြပါတယ်။ ကျွန်မကတော့ သိပ္ပံပညာရှင်တွေ၊ ဆေးဝါး ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေကို အကြီးအကျယ် မျှော်လင့် နေခဲ့ပါတယ်။

သူတို့ဟာ မကြာမတင်မှာပဲ AIDS ရောဂါကြီးကို လုံးဝ ကာကွယ် တားဆီးနိုင်တဲ့ ဆေးကို ရှာဖွေ တွေ့ရှိကြ တော့မယ်ရယ်လို့ပါပဲ။ အဲဒီနေ့ကို ကျွန်မ စောင့်မျှော် နေပါတယ်ရှင်.....။

ကျွန်မ ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားပါသေးတယ်။ ဒါပေမဲ့ အဖေတို့၊ အမေတို့၊ ညီမလေး၊ မောင်လေး တို့ကို သနားတယ်။ ပြီးတော့ ကျွန်မလို ဝေဒနာ ခံစားနေရတဲ့ အပေါင်းအသင်း တချို့ကလည်း “ကိုယ့်ကိုယ် ကို သေကြောင်း ကြံတယ်ဆိုတာ သူများကို သတ်တာထက်တောင် အပြစ်ကြီးတယ်။ ဒါကြောင့် တို့တော့ သေကြောင်း ကြံစည်ဖို့ ဘယ်တော့မှ မစဉ်းစားဘူး” လို့ ပြောကြပါတယ်။ ဒါကြောင့် ကျွန်မလည်း ကိုယ့် ကိုယ်ကို သေကြောင်း ကြံစည်ဖို့ မစဉ်းစားတော့ဘဲ အသက်ပိုပြီး ရှည်ရှည် နေရဖို့ကိုသာ မျှော်လင့် နေပါ တော့တယ်။

ကျွန်မဟာ Phuen Keaw ဆိုတဲ့ AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး အသင်းကိုလည်း သွားပါ တယ်။ အဲဒီမှာ တာဝန်ရှိသူတွေ၊ ဆရာဝန်၊ ဆရာမတွေ၊ သူနာပြုတွေဟာ အရမ်း သဘောကောင်းကြတာပဲ။ လှုပ်ရှားမှု အမျိုးမျိုးကိုလည်း လုပ်ပေးကြတယ်။ သူတို့ဟာ သိပ်ကြင်နာတယ်။ နားလည်မှု ရှိတယ်။

ကျွန်မအကြောင်း ပြောပြရဦးမယ်။ ၁၉၈၉ ခုနှစ်လောက်မှာ ကျွန်မဟာ ဗန်ကောက်မှာ အလုပ်လုပ် ခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ နေပါတယ်။ သူငယ်ချင်းတွေ ရလာတယ်။ သူတို့ဟာ “မောင်မစ္စက”တွေပါ။ အနေကြာလာတော့လည်း ရောရောဝင်ဝင် နေမိရာကနေ ကျွန်မ သူတို့နဲ့ ပရောပရီဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ အစိုးရကလည်း AIDS ရောဂါဆိုးကြီးကို ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လှုံဆော်ရေးတွေ အရမ်း လုပ်နေပါပြီ။ ဒါကြောင့် ကျွန်မ “ကွန်ဒုံး” အမြဲသုံးတယ်။ သုံးလတကြိမ် ဆေးစစ်တယ်။ သွေးစစ် တယ်။ ကျွန်မအမြဲပဲ ဆေးအောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဆိုးနဲ့ ပတ်သက်ပြီး ကျွန်မကိုယ် ကျွန်မ ယုံကြည်တယ်။ ဒီတော့လည်း ဂရုမစိုက်ချင်သလို ဖြစ်လာတယ်ပေါ့လေ။ အဲဒီမှာတင် ကျွန်မ လူတစ် ယောက်နဲ့ တကယ်ပဲ ချစ်ခဲ့ မိပါတော့တယ်။

အဲဒီ တစ်ယောက်သော သူနဲ့ပဲ အတူနေသွားကြဖို့ ကျွန်မ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် ကျွန်မတို့ သွေး သွားစစ်ခဲ့ပါတယ်။နှစ်ယောက်စလုံး ဆေးအောင် ကြပါတယ်။ ကျွန်မ ဘယ်လောက် ပျော်ခဲ့ ရပါသလဲရှင်။ ကျွန်မသိပါတယ်။သူဟာ သိပ်သစ္စာရှိတယ်။ သူကလည်း ကျွန်မကို ချစ်ကတိတွေ အမျိုးမျိုး ပေးခဲ့ပါတယ်။

သူ့ဘဝမှာ ကျွန်မဟာ တစ်ဦးတည်းသော ချစ်သူပါတဲ့။ ကျွန်မတို့ ကွန်ဒုံး မသုံးကြတော့ ဘူးပေါ့။

၁၉၉၃ ခုနှစ်ကျတော့ သူရော၊ ကျွန်မပါ ခဏခဏ ဖျားနာကြပါတယ်။ ကိုယ်အလေးချိန် တွေလည်း ကျလာ ပါရော။ ခဏခဏ ဝမ်းလျှော ပါတယ်။ ဒါနဲ့ ကျွန်မတို့ ဆရာဝန် သွားပြကြတော့ သူက သွေးစစ်ပါတယ်။ အလို ကျွန်မတို့ နှစ်ယောက် ဆေးမအောင် ကြတော့ပါလား။ ကျွန်မ အကြီးအကျယ် ချောက်ချား သွားရ ပါပြီ။ ဘယ့်နှယ့် လုပ်ပြီး ဒီရောဂါ ကျွန်မကို ကူးစက်ခဲ့သလဲ။ ကျွန်မဟာ ချစ်သူ တစ်ယောက်နဲ့သာ အချိန်အကြာကြီး တွဲနေခဲ့ပါပြီ။ သူဟာ ကျွန်မအပေါ် အလွန်သစ္စာရှိသူ မဟုတ်လား။

နောက်ဆုံးတော့ ကျွန်မ ချစ်သူက ဝန်ချတောင်းပန် တော့တာပါပဲ။ သူ မျက်ရည်တွေ ကျရှာပါတယ်။ သူကပြောတယ်။ သူဟာ ကျွန်မနဲ့အတူနေစဉ် ကာလမှာပဲ တခြားမိန်းမတွေနဲ့ ပရောပရီ နေခဲ့ပါ သတဲ့ရှင်။ အကာအကွယ်တွေ ဘာတွေမလုပ်ဘူးလားဆိုတော့လည်း အဲဒီအချိန်တွေတုန်းက သူဟာ အရက် မူး နေလို့ပါတဲ့။

အဲဒီကတည်းက ကျွန်မ သူနဲ့အတူ မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ချစ်တာကတော့ ချစ်တုန်း ပါပဲလေ။ ဒါပေမဲ့ ကျွန်မ သူ့ကိုစိတ်ဆိုးတယ်။ ဒေါသဖြစ်တယ်။ ကျွန်မ အမျိုးမျိုး စဉ်းစားပါတယ်။ သူလည်း လေ ကျွန်မလိုပဲ နေမှာပေါ့။

သူကျွန်မကို ချစ်နေတုန်းပဲနေမှာပါ။ သူလည်း ဝမ်းနည်းပူဆွေး နေရမှာပါ။ ဒါပေမဲ့ ကျွန်မ သူနဲ့ ဆက်ဆံရေး ကိုရပ်ရပါတယ်။ အဲဒီကတည်းက ကျွန်မ ဘယ်သူနဲ့မှ ပရောပရီ မလုပ်တော့ပါဘူး။ ကျွန်မကိုယ် ကျွန်မလည်း သေသေချာချာ သုံးသပ် လေ့လာနိုင်ပါပြီ။ စဉ်းစား ဆုံးဖြတ် နိုင်ခဲ့ပါပြီ။

ချူလာဆေးရုံမှာ ကျွန်မ အမြဲတမ်းပြသပါတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ ပိုမို ကြုံလှီ လာပါတယ်။ ဖျားနာ တာ၊ ခေါင်းကိုက်တာ၊ မောပန်း နွမ်းနယ်တာလည်း အရမ်းပါပဲ။ ဆေးရုံ ကတော့ AIDS ရောဂါကို ဟန့်တားတဲ့ ဆေးတွေ အခမဲ့ ပေးပါတယ်။

ဗန်ကောက်မှာ နေတုန်းမှာပဲ ၁၉၉၇ ခုနှစ်၊ စီးပွားရေး ကပ်ကြီးနဲ့ ကြုံရ ပါတော့တယ်။ ကျွန်မဝင်ငွေ ကျဆင်းသွားပါတယ်။ ကျွန်မ ဆံပင်ညှပ်ဆိုင် ဖွင့်ရပါတယ်။ အခန်းငှားခက တက်လာတယ်။ အစိုးရမှာ လည်းစီးပွားရေးကပ်ကြီးနဲ့ ကြုံနေတော့ အရင်လို AIDS ဆေးတွေ အခမဲ့ မပေးနိုင်တော့ပါဘူး။

ဒါပေမဲ့ ကျွန်မ ရသမျှ ဝင်ငွေနဲ့ ကာကွယ်ဆေးတွေ ဝယ်သောက် ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ကျွန်မ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ခဲ့ ပါတော့တယ်။ ဒါပေမဲ့ ပထမတော့ ကျွန်မရဲ့ အခြေအနေကို ဖွင့်မပြောခဲ့ပါဘူး။ စုဆောင်းထားတဲ့ ငွေကလေးနဲ့ပဲ ချင်းမိုင် ဆေးရုံမှာ ကျိတ်ပြီး ကုသခဲ့ပါတယ်။ ရပ်ရွာနဲ့ လည်း ကိုယ်ယောင် ဖျောက်နေခဲ့ပါတယ်။ ကျွန်မမှာ ရှိတဲ့ငွေဟာ ကျွန်မ ဆေးကုဖို့ပဲ ပေါ့လေ။

အခုတော့ ကျွန်မဟာ ကျန်းမာရေး အာမခံကတ်ပြားလည်း လုပ်လိုက်ပါပြီ။ လန်းပန်းဆေးရုံရဲ့ ကူညီမှုကို လည်း ၁၉၉၉ ခုနှစ်ကတည်းက ရရှိနေခဲ့ပါပြီ။

ကျွန်မဟာ လူကောင်း တစ်ယောက်လို သာမန်လူ တစ်ယောက်လို နေနိုင်ဖို့ ကြိုးစား ခဲ့ပါပြီ။ ဖြစ်ရာ ဘဝမှာ ကျေနပ် ပျော်ရွှင်အောင်လည်း နေတတ် နိုင်လာပါပြီ။ နေမကောင်း ထိုင်မသာ ဖြစ်လာတဲ့ အခါတွေတင် မကပါဘူး။ ကျွန်မဟာ အမြဲလိုလို ပုံမှန် ဆေးကုသ ခံနေပါပြီ။ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက် တွေကိုလည်း လိုက်နာနေပါပြီ။ ရွာမှာ ဆံပင်ညှပ် ဆိုင်လေး ဖွင့်ထားလို့လည်း ဝင်ငွေကလေး ရှိနေပါပြီ။ ပြီးတော့ လန်းပန်း ဆေးရုံက ဖွင့်လှစ်တဲ့ Pnuan Keaw ကလပ်မှာလည်း လူမှုရေး ကိစ္စတွေ ဆောင်ရွက်နေ ပါပြီ။ရောဂါ သည် မိတ်ဆွေတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး အကျိုးပြု လုပ်ငန်းတွေလည်း လုပ်နေပါပြီ။ “သက္ကရာဇ် ၂၀၀၀ မှာ လူတိုင်းကျန်းမာ” ဆိုတဲ့ မျှော်လင့်ချက် ကလေးနဲ့ပေါ့။

အင်္ဂလိပ် စကားတွင် “I, You" (ကျွန်ုပ်နှင့်သင်) ဆိုပြီးတော့ သုံးစွဲရိုး ရှိသော်လည်း ကျွန်တော်က ဘာသာပြန်သောအခါ ပထမနာမ်စားကို “ကျွန်မ” ဟုပင်သုံး ပါသည်။ ရေး သူ ကမောင်မစ္စက ဖြစ်နေ သောကြောင့် ဖြစ်ပါသည်။ သူသည်လည်း စာရေးကောင်းသူ တစ်ယောက် သာဖြစ်ပါ သည်။ သူ့ဘဝ သူ ဖော်ကျူးရာ၌ အဖွဲ့အနွဲ့ ကလေးများ ပါဝင်နေတာ တွေ့ရပါသည်။ သူသည်စိတ်ကူးယဉ်လည်း ဆန်ပါ သည်။ သူ၏ အထက်ပါ ကိုယ်ရေးမှတ်တမ်း လေးကို ကဗျာတစ်ပုဒ်ဖြင့် ခံစားကြည့်ကြပါတော့ ....။

- အတိတ်ကို ပြန်သွားမယ်ဆိုရင်တော့

- ကိုယ့် အပြစ်တွေကို ပြန်လည် ဆေးကြောမယ် ဆိုရင်ပေါ့

- အကောင်းဆုံးကတော့ HIV ပိုး ကင်းသူ ဖြစ်သင့်တာပေါ့....

- ချစ်သူကို လုံးလုံးကြီး မယုံကြည် လိုက်ပါနဲ့ .....

- ပုံပြီးချစ်လိုက်မယ်ဆိုလည်း AIDS သူငယ်ချင်းကို သတိထားကွယ်။

- တနေ့ကလေးမှားတာနဲ့ သေမင်းက မြန်မြန်လာမှာကွယ့်။

သုမောင် - ကျေးဇူးပဲ AIDS

အပြည့်အစုံသို့ »

အသည်းကင်ဆာနှင့် စားသောက်မှုပုံစံ


အသည်းကင်ဆာဆိုတာက
အရက်သောက်တာ တစ်ခုတည်းကြောင့်ဆိုတာထက်
လူတိုင်းနေ့စဉ်စားသုံးနေတဲ့
အစားအသောက်တွေနဲ့လည်း ပတ်သတ်နေပါတယ်…

အသည်းခြောက်ရောဂါရှိတဲ့ လူတွေဟာ
တစ်ချိန်ချိန်မှာ အသည်း ကင်ဆာဖြစ်ဘက်ကို
ပြောင်းလဲ ဖြစ်ပေါ်လာတတ်ပါတယ်...

ရောဂါဖြစ်စဉ်ကို အဓိကပြောရရင်တော့
အသည်းရောင်အသားဝါရောဂါ ဘီပိုး စီပိုးနဲ့ အရက်နဲ့ အသည်းအဆီဖုံးတာတွေကြောင့် ဖြစ်ပါတယ်..

ဘီပိုး စီပိုးရှိမှန်းသိပြီး ဘာမျှလည်း မစစ်ဆေး မကုသ
မဆင်ခြင် လုပ်ချင်သလို လုပ် နေချင်သလိုနေတဲ့
လူနည်းစုမှာသာ အသည်းခြောက်ပြီးမှ
အသည်းကင်ဆာ ဖြစ်တတ်တာပါ....

အသည်းဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့
အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပြီး
ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား
ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်…..

ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက်
အစိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်….
ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့
အလုပ်ကလည်း အင်မတန် များပါတယ်…..

အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော
သွေးကိုလက်ခံပြီး ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန်
နှလုံးသို့ ပြန်လည်ပို့ပေးပါတယ်….
အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက်
လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်….

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်းကို
အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ….
သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ
အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်....
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့်
ရောဂါဖြစ်နေသည့် လူနာ...
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ...
(၃) မှန်ကန်သော နေထိုင်စားသောက်မှု မရှိသူ...

Primary Liver Cancer နဲ့
Secondary Liver Cancer ဆိုပြီး ၂ မျိုးရှိပါတယ်…

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
ကတော့ အသည်းခြောက်ရောဂါ
(Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့
အမျိုးအစား ဖြစ်ပါတယ်....
အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တစ်ခုခု
ရှိနေသောသူများတွင် Pramary Liver Cancer ကို
အများဆုံး တွေ့ရပါတယ်....

Primary Liver Cancer က
Secondary Liver Cancer ထက်
အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်....

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
ဆိုတာက တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့
ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့
တစ်ဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်....

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင်
ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်...

Secondary Cancer ကတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက်
ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း
အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို
အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့်
နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန်
ကုသမှုကို ခံယူနိုင်ပါတယ်....

အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့
ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့်
တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက
အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး
အသည်းကင်ဆာရသူ အများစုမှာ
Secondary Liver Cancer ရသည့် ဦးရေက
မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်....

ထို့အတူ Secondary Liver Cancer ကိုလည်း
မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်...
ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင်
Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်....

အန္တရာယ်ဖြစ်စေသည့်အရာများကတော့....

အသည်းရောင်အသားဝါဘီပိုး စီပိုး...
အသည်းခြောက်ခြင်း....
အရက်...

ငရုတ်သီး မြေပဲ မြေပဲထောပတ်
ပြောင်း ဆန် တို့ရဲ့ မှိုတက်နေသော အစားအသောက်....
အာဆင်းနစ်များသော ရေ ....
သံဓာတ် များသော အစားအစာ ....

မကျက်သော အကင်အသားများ ....
သန္ဒေတားဆေးလုံး ...
ဆေးလိပ် ဆေးရွက်ကြီး ...
မသန့် သောဆီ ( အကြိမ်များ စွာကြော်လှော်နေသော ဆီ )
တို့ ဖြစ်ကြပါတယ် ...

မိန်းကလေးများသည့်အများအားဖြင့် စားသောက်သည့်
အခါတွင် စပ်သော အရသာ ပိုမိုကြိုက်ခြင်းသည်
အသည်းရောဂါဖြစ်ဖို့ အားပေးပါတယ်....

အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရတတ်ပါ...
နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့
အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…

အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း...
ဗိုက်နာ ခြင်း...
သွေးအားနည်းခြင်း...
အသည်းအရွယ်အစားကြီးလာခြင်း ...
ညာဘက်နံရိုး အောက်ဘက်တွင် နာ လာ တက်ခြင်း ...

ကိုယ်အလေးချိန် ကျဆင်းခြင်း...
အကြောင်းမဲ့ပိန်လာခြင်း....
အစားအသောက်ပျက်ခြင်း...

နေမထိထိုင်မသာတဖြေးဖြေးဖြစ်ပေါ်လာခြင်း....
မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း...

ပျို့ချင်အန်ချင်ခြင်း...
လေချုပ်ဝမ်းကယ်ဖြစ်ကာ ၀မ်းဗိုက်ဖေါင်းပွလာခြင်း...
အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်...

ဖြစ်ပြီဆိုတာနဲ့ ၀မ်းဗိုက်ညာဘက်တစ်ခြမ်း
အောင့်လာတတ်ပါတယ်…
ဒါမှမဟုတ် အဲဒီနေရာမှာ အလုံးပေါ်လာတတ်ပါတယ်...

ကျန်းမားရေးအတွက် သွေးစစ် ကြည့်လိုက်ပါက
သွေးများထဲ့တွင် အယ်လဖာဖီတိုပရိုတင်း (
Alphafeto Protein-AFP) 500ng/ml ထက်များနေပြီးဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ တော်တော်များနေပါတယ်....

ဗိုက်ကို အက်ထရာဆောင်း ရိုက်ကြည့်ရင်
အသည်းကင်ဆာအလုံးကို တွေ့မှာပါ....
ပိုသေချာအောင် သေချာတိကျမှု့ ဖြစ်ချင်တယ်ဆိုရင်တော့
(CT Scan) ရိုက်ကြည့်လိုက်ပါက
အသည်းဖြစ်နေတာကို ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါတယ်...

အသည်းအရောဂါ စလာတတ်တာရယ် ဒီလိုဖြစ်ပေါ်နေခြင်း ကာလာကြာရှည်လာမယ်ဆိုရင်
ပိုဆိုးလာတော့မယ်လို့  ပြောချင်ပါတယ်...

အရက်သောက်သုံးသည့်သူများဟာ အ၀င်ကောင်းအောင်ဆိုပြီး အချိုရည်ရောနှောသောက်သုံးခြင်း ….
ရေမနှောဘဲ အလွန်အကျွံသောက်သုံးခြင်း နှင့် အရက်ကို ရေလို့ သဘောထားပြီး သောက်သုံးနေပြီဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ ရာခိုင်နှုန်း
ပိုမိုများပြားလာပြီဆိုတာကို ကြိုတင်အသိဝင်သင့်ပါတယ်...

အသည်းကင်ဆာ ဖြစ်စေတတ်တဲ့
အရာတွေဟာ ကာကွယ်လို့ရပါတယ်....

အသည်းရောင် ဘီပိုးမ၀င်အောင် ကာကွယ် ဆေးထိုးထားပါ... စီပိုးမ၀င်အောင် သွေးနဲ့မထိနဲ့....
အရေပြားဖောက်မယ့် လုပ်ဆောင်မှု
မှန်သမျှကိုတော့ ပိုးသန့် စစ်ပါစေ ...

အရက်ကို အလွန်အကျွံ စည်းမရှိကမ်းမရှိ သောက်လွန်းတဲ့
သူတွေမှာလည်း အသည်း ကင်ဆာဖြစ်တတ်ပါတယ်....

ကာကွယ်ကုသ ဖြေရှင်းနည်းကတော့ ရောဂါဖြစ်လာရင်
စောစောသိဖို့ အရေးကြီးပြီး အသည်းရောင်အသားဝါအတွက်
ပုံမှန်စောင့်ကြည့် စစ်ဆေးဖို့လိုပါတယ်...
စောစောသိခဲ့ရင် ခွဲစိပ်ပြီး ပျောက်အောင်ကုသပေးနိုင်လို့ပါ...

အသည်းရောဂါ မဖြစ်အောင် သတိထားသင့်တာတွေကိုလည်း ဆက်လက်ဖေါ်ပြလိုက်ပါတယ်…

မှန်ကန်သော နေထိုင်စားသောက်မှု
မရှိခြင်းဟာ ရောဂါဖြစ်စေတဲ့ အဓိကအချက်တွေပါဘဲ....

မှန်ကန်တဲ့ ညအိပ်ချိန် ၁၀ နာရီ နဲ့ မနက်ထချိန် ၅ နာရီ ကို မလိုက်နာဘဲ နောက်ကျအိပ်ပြီး နောက်ကျထခြင်း…..
မနက်စာကို မစားဘဲ နေခြင်း….

မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို
မသွားဘဲ ချုပ်ထိန်းထားခြင်း….
ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ
မိမိဝမ်းဗိုက်ထက် မဆံ့အောင် ) အလွန်အကျွံ စားခြင်း….

မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အချိန် မဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့်
ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း...

သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ
အတုလုပ်ထားသော အစားအစာများ
Date ကျော်နေသော အစားအစာများစားသုံးနေခြင်း….

ပိုးသတ်ဆေးများ အသုံးပြုထားသော အဖြန်းခံထားရသော
အစားအစာများ ကို ရေနွေးဆူဆူဖြင့် အရင်စိမ်ပြီး မစားသုံးခြင်း….
အရက်များ အလွန်အကျွံသောက်ခြင်း...

အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ….
အစားအသောက်များကို ကျန်းမာရေးနှင့်ညီညွတ်အောင်
ချက်ပြုတ်စားသောက်မှု မပြု ခြင်း….

နေ့စဉ်နေ့တိုင်း အထိုင်များသူ ဖြစ်ပါလျက်
ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း တို့ပါဘဲ...

အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့
ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ
ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို
ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး
ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်…..

အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို
ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ
အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင်
ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ
ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တစ်လနှစ်လ
ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်…..

ယခုခေတ်မှာ အသည်းကင်ဆာကို ပျောက်အောင်
ကုသနိုင်ပါတယ်...
စောစောစီးစီး ကင်ဆာအလုံးလေး သံပုရာသီးလောက်
အဆင့်မှာသာတွေ့ရင် အသည်း
အစားထိုးကုလိုက်ရင် ပျောက်ပါတယ် ….
အလုံးက သေးလို့ရှိရင် ခွဲထုတ်ပစ်လိုက်ရင်လည်း ရပါတယ်….

ဒါမှမဟုတ် ဆေးရည်ထိုးသွင်းကုသခြင်းဖြစ်တဲ့ ကင်ဆာအလုံးသေးလေးတွေကို ပျော်သွားပြီး
ပျောက်သွားအောင် ဓာတုဗေဒ အရက်ပြင်း
(Absolute Alcohol) ကို ကင်ဆာအလုံးထဲထိုးကုတဲ့
(Percutaneous Ethanol Injection) နည်းလည်းရှိပါတယ်…..

(Rediofrequency Ablation Theraphy )ခေါ်တဲ့ ဓာတ်ရောင်ခြည်လှိုင်းအပူနဲ့ ခြေပစ်ရင်လည်းရနိုင်ပါတယ် …..

အခုခေတ်ကာလ ခေတ်စား ကုသနည်းကတော့ ……….
ပေါင်မှ သွေးကြောကနေ အသည်းကင်ဆာလုံးထဲကို
တိုက်ရိုက် ဆေးသွင်းပြီး ကုတဲ့
(Trans Arterial Chemo Embolization – TACE)
နည်းဘဲဖြစ်ပါတယ် …..

အလုံးအရွယ်စားကြီးနေတာကိုတော့
ပျောက်အောင်မကုသနိုင်ပေမဲ့
သေးငယ်နေတဲ့ အလုံးကိုတော့
သက်သာ ပျောက်ကင်းအောင်
ကုသနိုင်တဲ့ အခုခေတ် ကုထုံးတစ်မျိုးလည်း ဖြစ်ပါတယ်....

ဝေဒနာရှင်အနေနဲ့ ဆရာဝန်ကို မေးမြန်းသင့်သည့်
မေးခွန်းတွေကတော့...
.
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက
ဘာအမျိုးအစား အသည်းကင်ဆာလဲ…..
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား...
အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ…..

(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ……
(၄) ကုသနိုင်တဲ့ အခွင့်အလမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ….

(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ….
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ….

(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့
ဆက်ပွားပြသနာတွေက ဘာတွေလဲ…..
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ…..
အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ…..

(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy)
တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ…..
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ….
.
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ…..
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ….
ဆိုးကျိုးတွေက ဘာရှိလဲ….

(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ….
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့်
မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား…..

(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တစ်ခါ
(How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ…..
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တစ်ကြိမ်
ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ
စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့
အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း
တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်…

ကျနော် ပညာရှင်အဟုတ်ပါ…
ပညာကို အရှင်ဖြစ်အောင်မျှဝေသာသာမို့
အမှားပါရင် ခွင့်လွှတ်ပေးကြပါ….

လူသားအားလုံး အသဲကင်ဆာဝေဒနာဆိုးမှ ကင်းဝေးကြပါစေ….။ ။

အစဉ်လေးစားလျှက်ပါ....

မိုးမင်း
MWD
အပြည့်အစုံသို့ »

HIV ပိုး ရှိမရှိ သေချာစေလို နှင့် HIV ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဟာ သက်တမ်းစေ့ မနေရဘူးလား (အမေးအဖြေ)


မေး။    ။ ကျွန်​​တော် လိင်​အကာအကွယ်​မဲ့ ​၆ ပတ်​​နေပြီး သွေးစစ်​တာ ​negative ပဲ။ စစ်​ပြီး ၄ ရက်​​လောက်​ကြာ​တော့ တကိုယ်​လုံးယား​နေတယ်​။ တချို့​နေရာက တစ်​ခါတစ်​ခါ ဆူးသလိုဖြစ်​​နေတယ်​။ ကိုယ်​ယားတာ တပတ်​​လောက်​ရှိပြီ မ​ပျောက်​ဘူး။ အနီဖု​လေး​တွေလည်း ထွက်​တယ်။ လည်း​ချောင်းက တခါတခါနာတယ်​။ တခါတခါ မနာဘူး။ အသား​တွေလည်းနီတယ်။ ကုတ်​လိုက်​ရင် အနီဆင်းဖြစ်​​နေတယ်​။ ညဆို​ချွေးပြန်​တယ်​။ ကျွန်​​တော်​က အရက်​လည်း တအား​သောက်​တယ်​။ အဲ့ဒါ HIV လား၊ အရက်​​ကြောင့်လား။

ဖြေ။    ။ လိင်အကာအကွယ်မဲ့ ဆက်ဆံပြီး ၆ ပတ်နေလို့ စစ်ရင် အဖြေမှန် မရတတ်ပါဘူး။ တကယ်တော့ ၃ လ - မှ ၆ လ ကြာမှ စစ်သင့်တာပါ။ အခု စစ်ထားတဲ့ Negative ဆိုတာကို အတည်ယူလို့ မရသေးပါဘူး ခင်ဗျာ။

အခု ပြောပြတဲ့ အရေပြားယားယံတာ၊ အနီဖုတွေထတာ၊ လည်ချောင်းနာတာတွေက အရက်သောက်တာ များရင် ဖြစ်တတ်ပါတယ်။ ရာသီဥတုကြောင့်လည်း allergic reaction ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ HIV ရဲ့ ကူးစက်တဲ့ လက္ခဏာ မဟုတ်ပါဘူး ခင်ဗျာ။

အကြံပြုချင်တာကတော့ နောက် ၃ လ သို့မဟုတ် ၆ လနေရင် သွေးပြန်စစ်စေချင်ပါတယ်။ ကွန်ဒုံးနဲ့ အကာအကွယ်သုံးပြီး လိင်ဆက်ဆံတာ HIV သာမက အခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ၊ လိင်အင်္ဂါ ကြွက်နို့၊ ရေယုံ၊ ဂနို၊ ဆစ်ဖလစ် စတဲ့ ပိုးတွေကိုပါ အကာအကွယ်ဖြစ်စေပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ ခင်ဗျာ။

မေး။    ။ HIV ရှိတဲ့ ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားလာတဲ့ ကလေးတယောက်ရဲ့ အသက်ရှင်ရာခိုင်နူန်း ဘယ်လောက်ရှိပါသလဲ။ ကလေးဆီသို့ ရောဂါမကူးအောင် ကာကွယ်လို့ရတယ်ဆိုပြီး ကလေးမွေးပြီး ၂ နှစ်လောက်ဆို ကလေးသေဆုံးတာ တွေ့ဖူးပါတယ်။ ဒါဆို ကလေးကမွေးလာလည်း လူ့သက်တမ်းစေ့ မနေရဘူးလား။

ဖြေ။    ။ HIV ပိုးရှိတဲ့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်နိုင်ခြေက ၂၅-၃၀% ရှိပါတယ်။ ဘယ်အချိန်တွေမှာ ကူးနိုင်လဲဆိုတော့ -
၁) ကိုယ်ဝန်ဆောင်ချိန်- အချင်းမှ တဆင့်ကူး
၂) မွေးဖွားချိန်- သွေး၊ မွေးလမ်းကြောင်းမှ တဆင့်ကူး
၃) နို့တိုက်ချိန်- နို့ရည်မှ တဆင့်ကူး

ဒီအချိန် ၃ ခုလုံးမှာ ကလေးကို မကူးသွားအောင် စနစ်တကျ ကာကွယ်ရင် ကလေးဆီ လုံးဝ မကူးစက်အောင် တားဆီးနိုင်ပါတယ်။

စနစ်တကျဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကျန်းမာအောင် ဂရုစိုက်တာ မွေးဖွားရင် သာမန်မမွေးဘဲ ဗိုက်ခွဲမွေးတာ၊ မမွေးမီ ART ဆေးသောက်တာ မိခင်နို့ စနစ်တကျတိုက်တာ တတ်ကျွမ်းတဲ့ ဆရာဝန်/ဆရာမတွေနဲ့ ပြသတာ.. အားလုံး ပါဝင်ပါတယ်။

စနစ်တကျ မကာကွယ်နိုင်ရင်တော့ ကလေးဆီ HIV ပိုး ကူးစက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ ကာကွယ်နိုင်တာ မြို့နေရာတွေမှာပဲ ရှိပါတယ်။ နယ်တွေ ကျေးရွာတွေမှာ စနစ်တကျ မကာကွယ်နိုင်သေးပါဘူး။

မွေးလာတဲ့ ကလေးမှာ HIV ပိုးကူးစက်ခံရရင် အသက်ရှင်သန်မှုက ကလေးကို ပြုစုတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ HIV ပိုးရှိပြီး အသက် ၁၄ နှစ်အထိ အသက်ရှင်တဲ့ ကလေးမျိုးကို တွေ့ဖူးသလို၊ မွေးပြီး ၆ လလောက်နဲ့ ဆုံးပါးသွားတဲ့ ကလေးမျိုးကိုလည်း တွေ့ဖူးပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်ဆိုတာက မိဘတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေ အားလုံး ပါဝင်ပါတယ်။

ဒီလောက်နဲ့ကျေနပ်မယ်ထင်ပါတယ်

လမင်းကို
HIV Information for Myanmar
အပြည့်အစုံသို့ »

ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်ခြင်း နဲ့ သွေးစစ်ခြင်းအကြောင်း သိကောင်းစရာ



သီဟနိုင် on 2014-01-03 17:40

ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးဖို့ရာ ဆီးစစ်ခြင်းနဲ့ သွေးစစ်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ စစ်ဆေးမှု နှစ်မျိုးစလုံးက human chorionic gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတည်ရှိမှုကို ရှာဖွေစစ်ဆေးမှုပါပဲ။ သားအိမ်လွှာမှာ သားလောင်းက သွားကပ်တာနဲ့ များမကြာမီမှာပဲ အချင်းကနေ အဲ့ဒီ့ဟော်မုန်းကို ထုတ်ပါတယ်။ ပြီးတော့ hCG ဟော်မုန်းတွေဟာ သန္ဓေစတည် စတည်တဲ့ရက်အနည်းငယ်အတွင်းမှာပဲ အလျှင်အမြန်ဖြစ်တည်လာပါတော့တယ်။ ဟော်မုန်းတွေ အလျှင်အမြန်ပြောင်းလဲ လာတာကြောင့် သန္ဓေတည်ခြင်းလက္ခဏာအများစု ဖြစ်လာတာပါ။

ဆီးစစ်ခြင်း။

ဆီးစစ်တာကို မတူညီတဲ့ နည်းလမ်းနှစ်မျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။ ပြီးတော့ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးရုံသွားပြပြီး ဖြစ်ဖြစ် စစ်ဆေးနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ ဆီးကို ခွက်တစ်ခုနဲ့ခံ၊ ဆီးစစ်တံကို နှစ်ထားပါ (ဆီးစစ်တံမှာပါတဲ့ စစ်ခွက်ထဲကို အစက်ချပြွန်နဲ့စုပ်ပြီး ထည့်ပါ)။ နောက်တစ်မျိုးကတော့ ဆီးသွားပြီး ဆီးစီးကြောင်း အလယ်အရောက်မှာ ဆီးစစ်တံနဲ့ ခံထားလိုက်တာပါပဲ။

အဖြေထွက်လာဖို့အတွက် အချိန်ဘယ်လောက်စောင့်တယ်ဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့လည်း စစ်ချက်တွေက ပြောင်းပါတယ်။ ဆီးစစ်တံရဲ့ အရောင်ပြောင်းမယ်၊ လိုင်း(အရစ်)ပေါ်မယ်၊ သင်္ကေတ (အနုတ် ဒါမှမဟုတ် အပေါင်း) ပေါ်ဖို့ စောင့်ဆိုင်းရပါမယ်။

စစ်ဆေးမှုတိုင်းအတွက် ဆီးစစ်တံအိတ်ခွံမှာ ညွှန်ကြားချက်တွေ ပါရှိပါတယ်။ တိကျတဲ့အဖြေရဖို့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဖို့လိုအပ်ပါတယ်။ ဆီးစစ်ဖို့ ဆီးယူတဲ့အခါမှာ စထွက်တဲ့ဆီးကို မယူပဲ အလယ်ဆီးကိုယူဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

ဘယ်အချိန်မှာ ဆီးစစ်ရမလဲ။

ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်မစစ်ခင် ဓမ္မတာ စပျောက်တဲ့နေ့ထိ စောင့်ဖို့ ဆရာဝန်အများစုက အကြံပေးထားပါတယ်။ ကိုယ်ဝန် စတည်ပြီး ၂ပတ်ခန့်အကြာမှာ စသိရလေ့ရှိပါတယ်။

ဆီးစစ်တာ ဘယ်လောက်ထိ တိကျပါသလဲ။

ဆီးစစ်တာကို ညွှန်ကြားချက်တွေအတိုင်း မှန်မှန်ကန်ကန် စစ်နိုင်မယ်ဆိုရင် ၉၇ ရာခိုင်နှုန်း တိကျမှုရှိပါတယ်။

ဆီးစစ်တံ အသုံးပြုပြီး ကိုယ်ဝန်စစ်ဆေးတာ ကောင်းပါတယ်။ အိမ်မှာတင် စစ်လို့ရပြီး ကုန်ကျစရိတ်လည်း သက်သာလို့ပါ။ အဖြေ မြန်မြန်ထွက်တယ်၊ အသုံးပြုရတာလည်းလွယ်ကူတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ညွှန်ကြားချက်အတိုင်း မတိကျဘူး၊ စစ်ဆေးချိန်ဟာ အရမ်းစောနေမယ်ဆိုရင်တော့ ရလာတဲ့ အဖြေက တိကျမှာ မဟုတ်ပါဘူး။

ဆီးစစ်ပြီးလို့ ကိုယ်ဝန်မရှိဘူးလို့ အဖြေထွက်နေတဲ့ မိန်းကလေးတစ်ယောက်မှာ သန္ဓေတည်ခြင်းလက္ခဏာ (ဓမ္မတာ ပျောက်တာ၊ ပျို့အန်တာ၊ ရင်သား ပျော့ပြီး ဒဏ်ဖြစ်တာ) တွေရှိနေသေးတယ်ဆိုရင်တော့ နောက်တစ်ပတ် စောင့်ပြီး နောက်တစ်ကြိမ်ထပ်စစ်ပါ။ ဒါမှမဟုတ် ဆရာဝန်ပြပြီး ကိုယ်ဝန်ရှိမရှိ သွေးစစ်ဆေးမှုလုပ်ပါ။

သွေးစစ်ခြင်း။

သွေးစစ်နည်း နှစ်မျိုးရှိပါတယ်။ အရေအတွက်အရ (quantitative) သွေးစစ် တိုင်းတာမှုနဲ့ သွေးထဲက hCG ပမာဏကို တိုင်းတာနိုင်ပြီး အရည်အသွေးအရ (qualitative) သွေးစစ်တိုင်းတာမှုနဲ့ ဆိုရင်တော့ ကိုယ်ဝန် (ရှိ/မရှိ) ဆိုတဲ့ ရိုးရှင်းတဲ့အဖြေတစ်ခုကို ရမှာပါ။

ကိုယ်ဝန် ရှိ/မရှိ သွေးစစ်ခြင်းရဲ့ အားသာချက်။

-ဆီးစစ်တာ ထက်ပိုပြီး ကိုယ်ဝန်ဖြစ်နိုင်ခြေကို ၇ရက်မှ ၁၂ရက်ထိ စောသိနိုင်ပါတယ်။ (ဒါပေမဲ့ ကိုယ်ဝန် မရှိဘူးလို့အဖြေထွက်ပြီး သန္ဓေတည်မှု လက္ခဏာတွေ ပြနေသေးတယ်ဆိုရင်တော့ ဓမ္မတာစပျောက်တဲ့ ရက်ကို စောင့်ပြီး ထပ်စစ်ရဦးမှာပါ။)

-သွေးထဲမှာရှိတဲ့ hCG ဟော်မုန်းပါဝင်မှု အတိုင်းအတာကို သိနိုင်ပါတယ်။ (ဆရာဝန်တွေက အဲ့ဒီ့အတိုင်းအတာကို ကြည့်ပြီး သန္ဓေတည်မှုမှာ ဖြစ်တတ်တဲ့ ပြဿနာတွေရဲ့ အတိအကျကို ခြေရာခံနိုင်ပါတယ်။)

သွေးစစ်ခြင်းရဲ့ အားနည်းချက်။

-ဆီးစစ်တာထက် ငွေကုန်ကြေးကျများတယ်။ (ဆရာဝန် စစ်ဆေးခနဲ့ ဓာတ်ခွဲခန်း ကုန်ကျစရိတ်)

-အဖြေထွက်ဖို့ အချိန်ယူရတယ်။

-ဆေးရုံ၊ ဆေးခန်းမှာသာ စစ်ဆေးနိုင်တယ်။

မြ၀တီ
အပြည့်အစုံသို့ »

Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ


ဆရာခင်ဗျာ ကျနော်လွန်ခဲ့တဲ့ ခြောက်လခန့်က အတော်ကိုနာမကျန်း ဖြစ်ပါတယ်။ ဒါနဲ့ ဆေးကုသစစ်ဆေးတဲ့အခါ အသည်းရောင်တယ် (Mild Hepatitis)လို့ သိရပါတယ်။ အရက်သောက်လွန်လို့ ဖြစ်တာလို့ပြောပါတယ်။ ဒီအပြင် အသည်းအင်ဇိုင်း LFT စစ်တော့ အာလုံးက ပုံမှန်ပါပဲ။ ခုအရက်လုံးဝ မသောက်တာ ၆ လ လောက်ရှိပါပြီ။ ဒီနေ့ Ultrasound ပြန်ရိုက်ကြည့်တော့ Chronic Hepatitis ပြတယ်။ အသည်းရောင်တာ အရက်မသောက်ဘဲ နေလို့ ပြန်မကောင်းနိုင်ဘူးလားဆရာ။ အသည်းအတွက် ဆေးဝါးများ ကူစရာလိုသေးလား သိချင်ပါတယ်ဆရာ။ ပြန်ကောင်းအောင် အချိန်ဘယ်လောက်ကြာ စောင့်ရမလဲဆိုတာသိချင်ပါတယ်။ အသက် ၂၇ နှစ်ပါ။

အသဲရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၆ မျိုးရှိသည်။ A, B, C, D, E, G တို့ဖြစ်ကြသည်။ (ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြား ရောဂါများမှာ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့သော ကင်ဆာရောဂါများ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ဝက်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက် တို့ဖြစ်ကြသည်။

အသဲ၏အလုပ်များ
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
5. ကိုလက်စထရော၊ သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။

စမ်းသပ်ခြင်း
1. အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါခြင်း၊
2. အသဲကြီးခြင်း၊
3. အသဲနေရာက နာခြင်း၊
4. LFT အသဲလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေသည်။

Hepatitis A အသဲရောင် အေ = Viral Hepatitis/Infectious Hepatitis
• ကူးစက်ရောဂါဖြစ်သည်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးသည်။
• အသေအပျောက်ရှိသည်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ
• အားနည်းခြင်း ခံစားရသည်၊
• မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊
• ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာသည်။ Jaundice ဟုခေါ်သည်။
• ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။
• အသဲရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။

ကာကွယ်ပုံ
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။
• Hepatitis A အသဲရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

အခြားနည်းများ
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။

ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊

Hepatitis B Hepatitis B virus (HBV)
• ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်သည်။
• အသဲကင်ဆာ၊ အသည်းခြောက် ရောဂါနှင့်၊ အသဲအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်သည်။
• HIV ကဲ့သို့ သွေး-ဆေးထိုးအပ် မှတဆင့်၎င်း၊ ကိုယ်ကထွက်သော အရည်များက၄င်း၊ မိခင်က ကလေးသို့၎င်း၊ လိင်ဆက်ဆံခြင်းမှ၎င်း ကူးစက်နိုင်သည်။
• သို့သော် HIV ထက် အဆ ၁ဝဝ ပို၍ ကူးစေသည်။
• အချို့မှာ လက္ခဏာများ ဆိုးစေကာမူ ပျောက်ကင်း သွားသည်။
• ကလေးများဖြစ်လျှင် ပိုဆိုးနိုင်သည်။ ၆ လ အောက် ရက်တိုနှင့် ၆ လအထက် နာတာရှည် ၂ မျိုးဖြစ်နိုင်သည်။
• Signs and symptoms ရောဂါလက္ခဏာများ လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်သည်။
• ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။
• အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊
• Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်သည်။
• ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။
• Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများပေးနိုင်သည်။
• Liver transplantation အသဲအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis C
• (စီ) ပိုးသည် လက္ခဏာမပေါ်ဘဲ ပိုးရှိနေတတ်သည်။
• Hepatitis C virus (HCV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက် ရောဂါ အပြင်းစား ဖြစ်သည်။
• ဥပမာ အသဲကင်ဆာ၊ အသည်းခြောက်ရောဂါနှင့် အသဲအလုပ် မလုပ်တော့ခြင်း တို့ကို ဆက်ဖြစ် စေနိုင်သည်။
• လိင်မှတဆင့် မကူးစက်၊ ဆေးထိုးအပ်ကတဆင့် ကူးစက်သည်။
• မိခင်မှ ကလေး ကူးသည်။
• ကာကွယ်ဆေး မရှိသေး။
• အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အနည်းငယ် အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊
• သွေးစစ်၍ သိနိုင်သည်။
• အချို့က ပျောက်သွားနိုင်သည်။ အချို့က နာတာရှည်ဖြစ်မည်။
• Weekly injections of a drug called pegylated Interferon alfa combined with Ribavirin (Rebetol) BD ဆေးများ ပေးနိုင်သည်။
• အသဲ အစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis D
• (HDV) သည် လိင်-သွေးမှတဆင့် ကူးသည်။
• (B) ပိုးရှိနေမှ (D) ပိုးကူးသည်။
• အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာ နာခြင်း၊
• ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊
• (B) ပိုး ကာကွယ်ဆေး ထိုးသင့်သည်။
• Interferon-alfa ဆေးပေးခြင်း၊
• အသဲအစားထိုးခြင်း လုပ်ပေးနိုင်သည်။

Hepatitis E
• နာတာရှည်မဖြစ်၊
• (A) ကဲ့သို့ အစား-ရေကတဆင့် ကူးစက်သည်။
• ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။

အသဲရောင်ရောဂါများ၏ ကူးစက်ပုံများ၊
• (A) နှင့် (E) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ဝင်သည့် လမ်းကြောင်းက ကူးစက်သည်။
• (B) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ သွေး၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးသည်။
• (C) သည် ဆေးထိုးအပ်မှ ကူးသည်ကများသည်။
• (D) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးသည်။ (B) ရှိနေလျှင် ဖြစ်တတ်သည်။
• (စအို) မှထွက်၍ (ပါးစပ်) သို့ဝင်သည့် လမ်းကြောင်းက ကူးစက်သည့် အခြားရောဂါများမှာ ဝမ်းပျက်ခြင်း၊
ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားခေါ် တိုက်ဖွိုက် (Typhoid) ရောဂါ တို့ဖြစ်ကြသည်။

B ပိုးအတွက် သွေးစစ်လျှင် အောက်ပါတို့ကိုစစ်သည်။
• HBsAg = ရောဂါပိုးဝင်နေပြီ။ အစပိုင်းမှာသာတွေ့ရသည်။ ၆ လကျော်အထိတွေ့နေရလျှင် အသဲမှာ နာတာရှည်ဖြစ်နေပြီ။
• Anti-HBs = ကာကွယ်ဆေးထိုးပြီးသူ၊ HBsAg မရှိတော့ဘဲ၊ Anti-HBs ရှိနေသူသည် နလံထလာသူ။ သူများကိုမကူး။ ခံနိုင်ရည်ရှိသွားပြီ။
• Anti-HBc = HBsAg တွေ့ပြီးနောက် ရှိလာသည်။ သူ့ချည်းမတွေ့။ Acute hepatitis B ဘီပိုးဝင်နေတာ မကြာသေး။ ၃-၆ လ ကြာအထိ ရှိနိုင်။ ပိုလည်းကြာနိုင်။ နာတာရှည်ဖြစ်နေရာက ပြန်ထလာလျှင်လည်း တွေ့နိုင်။
• HBeAg = HBsAg တွေ့ပြီးနောက်တွေ့ရ။ ၃ လမကတွေ့ရလျှင် chronic hepatitis B နာတာရှည်ဟုထင်နိုင်။

ကုသခြင်း
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊
• (B) ပိုးနှင့် ထိတွေ့ရပါက Hepatitis B immune globulin injection ကို ၁၄ ရက်အတွင်း ထိုးပါ။ Hepatitis B ကာကွယ်ဆေး ၃ ခါ ထိုးပါ။
• (C ) ဖြစ်လျှင် (A) ၂ ခါ၊ (B) ၃ ခါ ကာကွယ်ဆေးများ ထိုးပါ။
• (C) အတွက် Pegylated Interferon and Ribavirin ဆေးပေးရသည်။

ဒေါက်တာတင့်ဆွေ
၃-၅-၂ဝ၁၄
အပြည့်အစုံသို့ »

Mothers with Hepatitis C (စီ) ပိုးရှိ မိခင်


ဆရာ ကျတော်တို့က့၊့တိုင်းမှာ နေတာပါဆရာ။ ကျနော့မိန်းမ အသက်က(၃၅) နှစ်ပါဆရာ။ အခု ဒုတိယ ကိုယ်ဝန် ရလာတဲ့အချိန်မှာ သွေးစစ်ရာကနေ (စီ) ပိုးတွေ့ရတယ်ဆရာ။ ရန်ကုန့့် ကဆရာကြီ့း့ နှင့်ပြတော့ သွေးစစ်၊ အာလ်ထရာဆောင်း ၏ရိုက်၊ ပိုးကောင်ရေစစ်ရတယ်ဆရာ။ ဆရာကြီးနဲ့ပြတဲ့အချိန်မှာ ကိုယ်ဝန်က(၄)လလောက်ရှိနေပြီ။ အဲဒါနဲ့ ကလေးမွေးပြီးမှ ကုမယ်လို့ပြောလိုက်တယ်ဆရာ။ ကလေးကို ကာကွယ်ဆေးထိုးရမယ်လို့ မှာလိုက်ပါတယ်ခင်ဗျာ။ ကလေးကို ဘယ်နှစ်လအထိ နို့တိုက်လို့ရပါသလဲဆရာ။ ဘယ်အချိန် ကုသင့်ပါသလဲ (ကလေးမွေးပြီး) သိချင်ပါတယ်ခင်ဗျာ။

• အသဲရောင် (စီ) ပိုးဟာ သွေးကနေတဆင့်ကူးစက်တဲ့ အဖြစ်အများဆုံး နာတာရှည်ရောဂါဖြစ်တယ်။ အမေရိကန်လူမျိုး ၃့၂ သန်းမှာပိုးရှိတယ်။ မိခင်ကနေ ကလေးကိုကူးစက်တာ တနှစ်မှာ ၄ဝဝဝ ရှိတယ်။
• မူးယစ်ဆေးထိုးသူတွေမှာ ကူးစက်ဘို့ အများဆုံးအလားအလာ ရှိတယ်။ ဆေးထိုးအပ် ကိုင်ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေလဲ စာရင်းထဲပါတယ်။ လိင်ဆက်ဆံမှုကနေလဲ ကူးစက်တယ်။ တက်တူးထိုးသူ၊ အလှအပအတွက် ကွင်း (ဂွင်း) တပ်ဆင်သူတွေလဲ ကူးနိုင်တယ်။
• ကိုယ်ဝန်ဆောင်တိုင်းကို (စီ) ပိုး ပုံမှန်စစ်တာတော့မလုပ်ပါ။ ကူးစက်ခံရနိုင်ခြေရှိတဲ့ စာရင်းထဲပါသူတွေကတော့ စစ်သင့်တယ်။
• ကလေးကို ရိုးရိုးမွေးတာနဲ့ ဗိုက်ခွဲမွေးတာမှာ ကွာခြားမှု မရှိပါ။
• မိခင်က (စီ) ပိုးရှိနေလို့ ကလေးကိုနို့တိုက်သင့်သလား။ Centers for Disease Control and Prevention (CDC) နဲ့ American Academy of Pediatrics (AAP) တွေအဆိုအရ နို့တိုက်နိုင်ပါတယ်။
• တကယ်လို့ HIV နဲ့ hepatitis C တွဲရှိနေရင် ဆရာဝန်ကနေ သီးသန့်ညွှန်ကြာပါမယ်။
• Nipple Cracks နို့မှာ နိုကွဲနာဖြစ်နေလို့ ကလေးကိုကူးမလားဆိုတာလဲ အတိအကျ မပြောနိုင်သေးပါ။ မတားလိုပါ။ အနာကနေ သွေးထွက်နေချိန်မှာတော့ ရှောင်သင့်ပါတယ်။
• ကလေး (၁၈) လရလာရင် သူ့မှာ Antibodies for hepatitis C ခုခံအားတွေရလာပါပြီ။ ၃-၁၈ လအတွင်းမှာ ကလေးကို Viral test လုပ်နိုင်ပါတယ်။ ကလေး ၂ နှစ်ပြည့်ပြီးနောက်မှာ လူကြီးတွေကိုစမ်းသလိုနည်းနဲ့ (စီ) ပိုးကူးနေ-မနေ စမ်းနိုင်ပါပြီ။
• သတင်းကောင်းကတော့ ကလေး အသက် ၂ နှစ်ပြည့်တဲ့နောက် (စီ) ပိုးကင်းသွားဘို့ အလားအလာ ၄ဝ% ရှိကြတယ်။ တချို့က အသက် ၇ နှစ်မှာ ပိုးကင်းသွားတာလဲရှိတယ်။

ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄
အပြည့်အစုံသို့ »