Showing posts sorted by relevance for query Downmanhon. Sort by date Show all posts
Showing posts sorted by relevance for query Downmanhon. Sort by date Show all posts

တီဟိလ်ကာ၊ သူရိယနေ၀န်းနဲ့ အင်ဗက်စ်တီဂိတ် သတင်းသမား..


မကြာသေးခင်က ရန်ကုန်သွားလည်ပြီး နော်ဝေးပြန်ရောက်လာတဲ့ သူငယ်ချင်းများဖြစ်တဲ့ ကိုထက်အောင်ကျော် နဲ့ ကိုသူရိန်တို့ ကျေးဇူးကြောင့် ရန်ကုန်ထုတ် သတင်းစာနဲ့ ဂျာနယ် တချို့ ဖတ်ရပါတယ်..။ ခုတလော အ၀ါရောင်ဂျာနယ်လို့ နာမည်ကြီးပြီး ရောင်းအားကောင်းတဲ့ သူရိယနေ၀န်းလည်းပါတယ်။ သူကတော့ တခြားဂျာနယ်တွေထက် မျက်နှာဖုံးကိုယ်က အ၀ါရောင်၊ အနီရောင် စာလုံးကြီးတွေနဲ့ ပြူးပြူးပြဲပြဲဖော်ပြပြီး မျက်နှာဖုံးမှာရော အတွင်းစာမျက်နှာတွေရော ဓာတ်ပုံနဲ့ ဒီဇိုင်းခေါင်းစဉ်ကိုယ်က စာမျက်နှာပြည့်လုနီးပါး ဖော်ပြထားတော့ နာမည်တွေ အကြီးကြီး ဖြစ်နေတာကတော့ သေချာပါတယ်။ အတွင်းစာမျက်နှာမှာလည်း ထိုနည်းလည်းကောင်းပေါ့လေ။ ဒါပေမယ့် တခြား ဂျာနယ်တွေ သတင်းစာတွေထက် စကားလုံးပြောင်ပြောင်နဲ့ ရေးရဲ ဖော်ပြရဲတာတွေမြင်ရသလို ခရိုနီတွေ၊ အစိုးရ၀န်ကြီးတချို့၊ ခေါင်းဆောင်တချို့ရဲ့ မတရားစီးပွားခြစားမှုတွေ ဖွင့်ချထားတာလည်း တွေ့ရတယ်။ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို ဖော်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သမိုင်းအဖြစ်အပျက်တွေလည်း တွေ့ရတယ်။

ခေတ်အပြောင်းမှာ မြန်မာ့စာနယ်ဇင်းလောကရဲ့ ဖြေလျှော့မှုတချို့ တွေ့လာရတယ်။ တချိန်က စာပေကင်ပေတိုင်လို့ စာနယ်ဇင်းသမားတွေ မြည်တွန်ကင်ပွန်းတပ်ခဲ့တဲ့ မလိုလားအပ်တဲ့ အဖွဲ့လည်း ရုတ်သိမ်းသွားတယ်။ ဒါပေမဲ့ Self Sensorship မိမိဖာသာ ထိမ်းချုပ်တည်းဖြတ်ရတဲ့ တာဝန်ယူရဲမှုကိုတော့ ကြုံလာရပါတယ်။ ဒါကလည်း ကျင့်ဝတ်တစ်ပါးမို့ ယူသင့်လိုက်နာသင့်တဲ့ တာဝန်ပါ။ ဒီကနေ့ စာနယ်ဇင်းလောကဆိုတာက ငါးပွက်ရာ ငါးစာချသူ အများအပြားမို့ အရည်အသွေး၊ စံချိန်မမှီတာတွေလည်း ရှိနေတာ မဆန်းသလိုပါပဲ။ အဆိုးဆုံးက ငွေရှိ၊ လုပ်ပိုင်ခွင့်အာဏာ ရှိနေသူတွေတချို့ရဲ့ မီဒီယာလောကအပေါ် လက်ဝါးကြီးအုပ်ထားလိုမှုပါ။ မြန်မာပြည်သူတွေအတွက် အတွေးအခေါ်နဲ့ အသိပညာတွေ သတင်းမှန်တွေ ပေးရမယ့်အစား မိမိတို့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ စေတနာကွက်ကြားတွေပဲ မြင်တွေ့ရပါတယ်။ မီဒီယာအကျိုးမျော်ကိုးလို့ဖြစ်စေ၊ မီဒီယာအပေါ် စေတနာပါပါနဲ့ မြှင့်တင် အားပေးလိုတဲ့ စိတ်တွေ တော့ ထင်ထင်းရှားရှားမမြင်ရပါဘူး။ တက်သာဆုတ်တာ သိုင်းကွက်နင်းနေတာပဲမြင်ရပါတယ်။ တစ်ချိန်က အာဏာရှင်တွေနဲ့ ပုလင်းတူဗူးဆို့ မြိန်ရေရှက်ရေ ရှိခဲ့သူတွေက သူတို့ရဲ့ ရာဇ၀တ်မှုတွေ၊ မတရားခြစားမှုတွေ၊ ခိုးဝှက်သိုလှောင်ထားမှုတွေကို မပေါ်လာအောင် ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ မီဒီယာတွေကို လက်ဦးမှုယူ မောင်ပိုင်စီးထားကြတယ်။ ခရိုနီတွေ ချယ်လှယ်နေတဲ့ ဒီကနေ့မီဒီယာလောကကို နတ်ဆိုးတွေ ကခုန်နေတဲ့ မီဒီယာလို့ပဲ အမည်ပေးရမလိုဖြစ်နေတယ်။ ဒါကလည်း ကိုယ်ကတိုက်ယူလို့ရတဲ့ လမ်းကြောင်းမဟုတ်ဖဲ သူတို့က ဖွင့်ပေး၊ ခင်းပေးတဲ့ နေရာလေးတခုပေါ်မှာ ရပ်တည်နေရတာမို့ ဒီလောက်တော့ ရှိမှာပဲလေ..ဆိုပြီးတော့ ရသေ့စိတ်ဖြေလိုက်ပါတယ်။ ဒါပေမယ့် ဘ၀င်မကျ။
မနှစ်က နိုဝင်ဘာလကုန်ခါနီး ပြည်တွင်းစာနယ်ဇင်းသမားတချို့ နဲ့ အော်စလိုမှာ တွေ့ဆုံခွင့်ရတယ်။

စာနယ်ဇင်းကောင်စီက ကိုဇော်သက်ထွေးက “ကျနော်တို့ရနေတာ Freedom (လွတ်လပ်မှု) မဟုတ်သေးပါဘူး၊ Liberalization (တင်းကျပ်မှုများဖြေလျှော့ ပျော့ပြောင်းလာသည့် အခြေအနေမျိုး) ပဲဖြစ်ပါတယ်။ မီဒီယာမှာလည်း ကျနော်တို့ရနေတာက ဆင်ဆာအဖွဲ့ဖျက်သိမ်းသွားပြီး လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ပြောဆိုခွင့်တချို့ ရနေပေမဲ့ Freedom of expression (လွတ်လပ်စွာပြောဆိုခွင့်) ကို Law (ဥပဒေ) အရ ရထားတာမဟုတ်ပဲနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရ Give and Take (အပေးအယူအရ) ရထားတာဖြစ်တယ်။ ဥပဒေအရ တရားဝင်ရရှိဖို့ လွှတ်တော်ကိုတင်ထားပါတယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပြီ၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့လုပ်ထားတယ်၊ ဒါကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတဲ့ အခါကျမှ ဥပဒေအရ အတည်ပြုပြီးတဲ့ Freedom of expression ကို ရမှာပါ။ ကျနော်တို့အားလုံး ကြမ်းတမ်းတဲ့ တော်လှန်ရေးကာလကို ဖြတ်သန်းပြီးတဲ့အခါ အခုသွားနေတာက Evolution (အဆင့်ဆင့် တဖြေးဖြေးချင်း ပြောင်းလဲမှု) နဲ့ ရွေ့နေတာ။ အခြေအနေက အခြေအတင်တွေ ပြောနေကြရတယ်။ ပြည်တွင်းမှာလည်း တကယ့်ကို ကသောင်းကနင်းပဲ” လို့ ပြောသွားပါတယ်။ သမ္မတ ဦးသိန်းစိန် သက်တမ်း၃နှစ်ဟာ ကို့ယို့ကားယား၊ ကသောင်းကနင်းနှစ်များလို့ ဆိုရမှာပါ။

အဲဒီလို ဘယ်ဥပဒေကမှ စာနယ်ဇင်းလောကအပေါ် တိတိကျကျနဲ့ ပြဌာန်းပြီး အကာအကွယ်မပေးနိုင်သေးတဲ့ အကွက်ရှာ အချိန်ဆွဲ စပ်ကူးမတ်ကူး ကာလမျိုးမှာ သူရိယနေ၀န်းရဲ့ မျက်ကန်းတစ္ဆေမကြောက် ရင်ဘတ်ဖွင့်ပြီးတိုက်နေတဲ့ လုပ်ရပ်ကိုတော့ အရမ်းကာရော လက်ခုတ်လက်ဝါးမတီးချင်တောင် သတိထားပြီး မျော်လင့်ချက်ထားနေမိတာတော့ အမှန်ပါ။ တချိန်က စစ်အာဏာရှင်တွေ သောင်းကျန်းနေတဲ့အချိန် ပြည်သူပိုင်မြန်မာ့အလင်း၊ ကြေးမုန်သတင်းစာတွေကိုတောင် စစ်ဝါဒဖြန့်လက်နက်လိုသုံးပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖေတော့ မောင်တော့ သဘောမျိုး ဆဲရေး တိုင်းထွာတဲ့အထိ လုပ်ရက်တာပဲလေ၊ မြက်ခင်းသစ်လို မဂ္ဂဇင်း (ဒီမိုတွေက နွားစားကျက်လို့ နာမည်ပေးတယ်) တွေရော၊ ရုပ်ရှင် ဗွီဒီယိုတွေကရော ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင် ၀ါဒဖြန့်ပြီး စာနယ်ဇင်းလောကကြီးကို လိုသလိုပုံဖျက်ခဲ့ကြတာပဲ ဆိုတော့ ဒီကနေ့ သူရိယနေ၀န်း ပြောတာလောက်က အကင်းလေးပါ။ သူရဲဘောကြောင်သူ၊ အခွင့်အရေးရှာသူတွေထူပြောတဲ့ ခေတ်ပျက်ကြီးမှာ သူရိကနေ၀န်းကို ဒီကနေ့အချိန် လူကြိုက်များတာ သဘာဝကျပါတယ်။ ခရိုနီတွေကို ဗြောင်ဖွင့်ချတိုက်ခဲ့တဲ့ မနှစ်က အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာပဲ ကိုမိုးဟိန်းတို့ ရဲ့ အယူအဆမတူတဲ့ ရှယ်ရာအကွဲအပြဲ သတင်းတွေထွက်လာပါတယ်။ သိပ်မကြာဘူး ၈၈နိုင်ငံရေးမျိုးဆက် တောခို၊ ထောင်ထွက်၊ နိုင်ငံခြားပြန် နိုင်ငံရေးအုပ်စုတွေနဲ့ ၀ိုင်းဖွဲ့ပြီး သူရိယနေ၀န်းနာမည်နဲ့ ဂျာနယ်သစ်ဟာ မြန်မာ့စာနယ်ဇင်းလောကမှာ ချွန်ပြီးထွက်လာပါတယ်။ သိပ်ပြီး နာမည်ကောင်း ကျင့်ဝတ်ကောင်းတွေနဲ့ချည်းတော့ မဟုတ်ပါဘူး။ လဘက်ရည်ဆိုင်မှာ ပေါက်ကရထိုင်ပြောတဲ့ အတင်းအဖျင်း သတင်းဆန်ဆန်တွေပဲလို့ ကြိုဆိုဝေဖန်သံတွေနဲ့ပါ။ တကယ်လည်း ဒီဂျာနယ်က အဲလို အတင်းအဖျင်းဆန်ဆန် အရေးအသားတွေမြင်ရပါတယ်။ ဦးတေဇကတောင် ဒီဂျာနယ်ကို တရားစွဲမယ် ဘာညာပြောခဲ့သေးတယ်၊ သူကိုယ်တိုင်ကရော တချိန်က တရားဥပဒေအတိုင်း နည်းလမ်းမှန်မှန် စီးပွားရှာခဲ့သူမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။

အဆိုးတိုင်းမှာ အကောင်းပါ၊ အကောင်းတိုင်းမှာ အဆိုးရှိ ဆိုသလို သူရိယနေ၀န်းမှာ အရာရာတိုင်း ဆိုးရွားနေတာတော့မဟုတ်ပါဘူး။ သေချာတိကျတဲ့ သတင်းအရင်းအမြစ်နဲ့ အချက်အလက်ကျကျဖော်ပြမှု အားနည်းနေတာပါ။ ပြီးတော့ သေသေချာချာ Investigation (စုံစမ်းလေ့လာစစ်ဆေးမှု) လုပ်ထားတာမျိုးမဟုတ်ဖဲ အပေါ်ယံ ဖော်ထုတ်မှုတွေသာဖြစ်တယ်။ သူရိယထက် ပိုမို သိထားတဲ့ သတင်းသမားတွေက မပြောရဲ၊ မဖော်ပြရဲတော့ မျက်ကန်းတွေကြား တဖက်ကန်းသူက ဗိုလ်ဖြစ်လာသလိုပေါ့။ အယ်ဒီတာကိုမိုးဟိန်းတို့ရဲ့ ကိုယ်သိသလောက် ပြန်ပြောရဲတဲ့ သတ္တိကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီထက်ကောင်းမွန်တဲ့ လမ်းကြောင်းကို လျှောက်စေချင်လို့ပါ..။ အဲဒါကတော့ ဒီကနေ့သူရိယနေ၀န်း ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ Investigative ကျကျနနနဲ့ စနစ်တကျ တည်ဆောက်ဖို့ပါ။ ပြောရတာလွယ်ပေမယ့် လက်တွေ့လုပ်ရတာခက်မှန်း၊ အန္တရာယ်နီးမှန်းလည်း သဘောပေါက်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ၊ သုသေသနတွေ၊ သတင်းအရင်းအမြစ်နဲ့ Investigator လို့ခေါ်တဲ့အလွတ်စုံထောက်၊ အတွင်းလူတွေ လိုမှာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းတွေလို လူအရင်းအမြစ်နဲ့ ငွေအရင်းအမြစ်လည်းလိုအပ်မှာသေချာပါတယ်။ ပိုဆိုးတာက အသက်အန္တရာယ်နဲ့ အာဏာပိုင်အစိုးရတွေ၊ ခရိုနီတွေရဲ့ ငြိုငြင်မှုနဲ့ တုန့်ပြန်ချက်တွေဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ အိန္ဒိယမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဥပမာပေးပြီး ခွန်အားပါပေးလိုပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၁၄ရက် ၂၀၀၁ခုနှစ်မှာ အိန္ဒိယအခြေစိုက် သတင်းစာတွေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ မီဒီယာတွေကနေ အစိုးရ၀န်ကြီးတွေ အရာရှိတွေရဲ့ ခြစား လဂ်စားမှုတွေကို တခုပြီးတခု၊ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် အထောက်အထားတွေနဲ့တကွ ဖွင့်ချလိုက်တဲ့ သတင်းတွေကြောင့် အိန္ဒိယ တနိုင်ငံလုံး သာမက တကမ္ဘာလုံး အုပ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ သတင်းတွေထဲမှာ အာဏာရပါတီ ဥက္ကဌ နဲ့ ၀န်ကြီးဌာနတွေရဲ့ ခြစားမှုတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှောင်ခိုဈေးကွက်ကနေ လက်နက်ဝယ်ယူ ရောင်းချမှု၊ ခရစ်ကက်အားကစားလောကရဲ့ လဂ်ပေးလဂ်ယူမှုနဲ့ ပညာရေး၊ ကျန်းမာရေးနယ်ပယ်က လဂ်ပေးလဂ်ယူမှုတွေကို တိတ်တဆိတ်ခိုးရိုက်ထားတဲ့ ကင်မရာနဲ့ ရုပ်သံတွေအသုံးပြုပြီး သက်သေပြဖော်ထုတ်ခဲ့တာပါ။ ဥပမာ Bharatiya Janta Party (BJP) ကဥက္ကဌ Bangaru Laxman ကို နှစ်သစ်ကူး အသေးသုံးလက်ဆောင် အဖြစ် ရူပီး တစ်သိန်းခွဲ (ဒေါ်လာ၂၄၀၀) ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတချို့ဆီ အတွက် ဒေါ်လာ ၁၆၀ နဲ့ ဒေါ်လာ ၉၆၀၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဂျော့ဖာနန်ဒေ့ခ်ျ ရဲ့ ပါတီဖြစ်တဲ့ Samata ပါတီ ဥက္ကဌ Jaya Jaitley ဆီတွေ့ပြီး ရူပီး ၃သိန်း (အမေရိကန်ဒေါ်လာ ၄၈၀၀) စသဖြင့်..စသဖြင့်ပေးခဲ့တယ်။

သူတို့ရဲ့ စစ်ဆင်ရေးကို Operation West End လို့နာမည်ပေးခဲ့တဲ့ တဟီလ်ကာ သတင်းဌာနက အထူးသတင်းထောက် (၂) ယောက်ကတော့ မက်သရူးစံမြူးလ် (Mathew Samuel) နဲ့ အနုရုဓ္ဒဘဟာလ် (Aniruddha Bahal) တို့ဖြစ်ပါတယ်။ သူတို့ရဲ့ စီမံကိန်းကို ၂၀၀၀ခုနှစ်ကတည်းကစခဲ့တယ်။ တည်ကြက်အဖြစ် အသုံးပြုဖို့ လဂ်ငွေအတွက် အိန္ဒိယ ရူပီးငွေ ၁၅သိန်း (အမေရိကန်ဒေါ်လာ ၂၄၀၀၀) ရင်းနှီးခဲ့တယ်။ ဒါတောင် ဒီထက်ငွေများများ ရင်းနှီးနိုင်ရင် ဒီထက်ပိုပြီး အမှုမှန်တွေ ဖော်ထုတ်နိုင်မယ်လို့သက္ကရာဇ် ၂၀၀၀ပြည့်မှာ Tehelka အွန်လိုင်း သတင်းဌာန ၀က်ပ်ဆိုဒ်ကို စတင်ထူထောင်ခဲ့တဲ့ Tarun Tejpal က ပြောပါတယ်။ သူတို့အဖွဲ့ဟာ NDA (အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ - အိန္ဒိယအစိုးရ) ထဲက ထိတ်တန်း နိုင်ငံရေးသမားတွေကို တွေ့ခဲ့သလို ၂၀၀၁ကစလို့ Operation West End ဆိုပြီး အိန္ဒိယ နိုင်ငံရေးပါတီ၊ စစ်တပ်၊ အားကစား၊ ပညာရေး၊ စီးပွားရေး နယ်ပယ်အသီးသီးထဲ ၀င်ရောက် စုံစမ်းဖော်ထုတ်မှုတွေလုပ်ခဲ့တယ်။ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ စစ်ဘက် အရပ်ဘက်၊ ခေါင်းဆောင်တွေကို လှို့ဝှက် တွေ့ဆုံဆွေးနွေးပြီး လဂ်ပေးမှုတွေပြုလုပ် မှတ်တမ်းတင်ခဲ့တယ်။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တိတ်တဆိတ်တွေ့ပြီး လက်နက်ပွဲစား (အတု) လုပ်ခဲ့တယ်။ သူတို့ကိုယ်သူတို့ လန်ဒန် က West End လို့ လူသိများတဲ့ Regent Street ကကုမ္မဏီပိုင်ရှင်တွေလို ပိပိရိရိဟန်ဆောင်ခဲ့တယ်။

ဒီလိုလေ့လာစုံစမ်း ဖော်ထုတ်မှုတွေကြောင့် အစိုးရဟာ အထူးတရားစီရင်ရေးရေးနဲ့ စုံစမ်းစစ်ဆေးဘို့ တရားရေးဝန်ထမ်းတွေပါတဲ့ အထူးအဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ ပါဝင်ပတ်သက်သူတွေ၊ နီးစပ်သူတွေကို ဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ရတယ်။ အကျိုးဆက်တွေကတော့ အာဏာရ အစိုးရရဲ့ BJP ပါတီဥက္ကဌ Laxman အပါအ၀င်ဝါရင့်နိုင်ငံရေးသမားကြီး (၅) ဦး နောက်တနေ့မှာပဲ ရာထူးကနှုတ်ထွက်သွားကြတယ်။ အာဏာရပါတီ အင်အားချိနဲ့သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးခံရတယ်။ ကိုယ့်ဘက်ကလည်း တုန့်ပြန်ခံရတာတွေရှိပါတယ်။ အစိုးရဘက်က ပြန်လှန် တရားစွဲတာ၊ အစိုးရသြဇာခံမီဒီယာတွေက ရှုံချပြစ်တင်တာ၊ ဝေဖန်တာတွေလည်းခံရပါတယ်။ ဘယ်လိုပဲဖြစ်စေ သူတို့သတင်းဌာန အောင်မြင်ကျော်ကြားမှုတွေ ရခဲ့ပြီး တဟီလ်ကာ အွန်လိုင်းသတင်းဌာနကလည်း ၂၀၀၄မှာ သတင်းစာနဲ့ ၂၀၀၇မှာ ဂျာနယ်ထုတ်ဝေတဲ့အထိ အရှိန်သြဇာကြီးသွားတယ်။ ဆုလဒ်တွေလည်းရခဲ့တယ်။ ဥပမာ ၂၀၀၇ ခုနှစ်မှာကမ္ဘာကျော် ဂါးဒီးယန်း သတင်းစာတိုက်က တီဟီလ်ကာ သတင်းအဖွဲ့ကို အိန္ဒိယ ထိတ်တန်းသတင်းဆုတွေ ပေးခဲ့သလို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ တွေမှာလည်း အိန္ဒိယရဲ့ သတင်းမီဒီယာဆိုင်ရာ ထိတ်တန်းအဖွဲ့အစည်းတွေရဲ့ ဆုချီးမြှင့်မှုတွေခံခဲ့ရတယ်။ ဒီကနေ့အထိလည်း၊ ခြစားမှု၊ အုပ်စုဖွဲ့မုဒိန်းကျင့်မှု၊ လူသတ်မှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားနယ်ပယ်က အာဏာပိုင် အဖွဲ့အစည်းတွေရဲ့အကျင့်ပျက် ခြစားမှု၊ လဂ်ပေးလဂ်ယူမှု တွေကို အစဉ်တစိုက် ဖော်ထုတ်ပေးနေပါတယ်။ (စိတ်ဝင်စားသူတွေ www.tehelka.com ကို သွားရောက် လေ့လာနိုင်ပါတယ်)

ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ အင်ဗက်စ်တီဂိတ် လုပ်ပြီး စနစ်တကျ အထောက်အထားခိုင်ခိုင်နဲ့ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ၊ သတင်းစာတွေ များများပေါ်လာဖို့လိုတယ်။ ဒါမျိုးတွေဟာ အသွင်ကူးပြောင်းစနိုင်ငံတိုင်း အာရှနဲ့ အာဖရိက၊ အရှေ့ဥရောပ နိုင်ငံတွေမှာပါ ဖြစ်ပေါ်နေကျပါ။ မြန်မာပြည်ကျမှ သတင်းသမားတွေ အကြောက်ကြီးပြီး ရွာလွန်ရွက်တိုက်နေလို့မဖြစ်ပါ။ တချိန်က ကျနော်တို့တတွေ ပြည်ပ ရေဒီယိုတွေကနေ အထဲက သတင်းစာဆရာကြီးတွေ၊ ဂျာနယ်၊ မဂဇင်းသမားတွေ၊ စာရေးဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်ပြီး မြန်မာ့မီဒီယာလောက ပိုမိုပွင့်လင်းလာစေဘို့ နဲ့ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ပြီးတော့ စစ်အစိုးရရဲ့ ခြစားမှုတွေ၊ လဂ်ပေးလဂ်ယူမှုနဲ့ စစ်ဆင်ရေးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခက်အခဲတွေ အမျိုးမျိုးကြားက ဖော်ထုတ် သတင်းလွှင့်ခဲ့တယ်။ တခါတလေ လေလှိုင်းမှာ ၃ မိနစ်လောက်သာ ကြာမဲ့ သတင်းတပုဒ်ကို ခိုင်ခိုင်လုံလုံ ရေးသားအသံလွှင်နိုင်ဖို့ လနဲ့ချီ စုံစမ်းဖော်ထုတ်ခဲ့ရတယ်။ မှတ်မိသလောက် စာနယ်ဇင်းလောကဖိနှိပ်မှုများနဲ့ ဆင်ဆာဘုတ်ရဲ့ ခြစားမှု၊ မူဆယ်နယ်ခြားဂိတ်ခြစားမှု၊ တပ်မတော်သားများရဲ့ လက်နက်နဲ့ကျီဆံ တဖက်နိုင်ငံသူပုန်တွေဆီ မှောင်ခိုရောင်းဝယ်မှု၊ နေပြည်တော်မြို့တော်သစ်စီမံကန်း၊ ဘ၀သစ်စီမံကိန်းခေါ် ကဘော်ဒေသ ရဲဘက် အကျဉ်းစခန်းအခြေအနေမှန်၊ ဒီပဲယင်းလုပ်ကြံမှု၊ စတဲ့..စတဲ့ သတင်းတွေဟာ ကျနော့အဖို့ သီတင်းပတ်ပေါင်းများစွာ အချိန်ကုန်ခံ ငွေကုန်ခံပြီး ဆက်သွယ်စုံစမ်းပြီး မျက်မြင်တွေ၊ အတွင်းလူတွေ ပြောဆိုချက်များနဲ့အတူ ဖော်ထုတ် အသံလွှင့်ခဲ့ရတာပါ။

ဒါပေမဲ့ ဒီကနေ့ ပြည်တွင်းထဲ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားပြီး သတင်းယူနေတဲ့ ရေဒီယိုသတင်းဌာနတွေဟာ ဟိုတချိန်ကလို စုံစမ်းလေ့လာ အချိန်ယူပြီး ဖော်ထုတ်ရတဲ့ သတင်းမျိုးတွေ အသံလွှင့်တာသိပ်မတွေ့ရပါ။ အစိုးရအာဏာပိုင်တွေ လုပ်ပိုင်ခွင့်မပေးမှာကို ကြောက်ရွံ့နေပါတယ်။ တချိန်က ပြည်ပကနေ တယ်လီဖုံးနဲ့ ဆက်သွယ်သတင်းယူတာကမှ အလုပ်ဖြစ်နေပြီး အထဲရောက်တော့ ချာတူးလန်ကုန်တယ်လို့ လုပ်ဖော်ကိုင်ဖက် ရေဒီယို သတင်း အယ်ဒီတာတယောက်က ပြန်ငြီးပြတယ်။ ပြည်ပအခြေစိုက်တဲ့ သတင်းဌာနတောင် အဲ့ဒီလောက် ပူပန်စိုးရိမ်နေမှတော့ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေကြောက်လန့်တာကို အပြစ်တင်ရမှာတောင် အားနာရတော့မလိုလိုပါ။ ဟိုတုန်းက ပြည်တွင်းကို သတင်းထောက်တွေမွေးပြီး တိတ်တဆိတ် စပိုင် ကင်မရာအသေးစားလေးတွေ (ဦးထုတ်၊ ကြယ်သီး၊ နာရီ ပုံစံ ကင်မရာများ) နဲ့ သတင်းတွေ သက်စွန့်ဆံဖျား ခဲရာခဲဆစ် ဖော်ထုတ်ကြပေမယ့် ဒီကနေ့မှာ အသုံးမပြုတော့လို့စပိုင် ကင်မရာတွေ ဖုံတက်နေပါပြီလို့ ပြောတဲ့ သတင်းထောက်လည်းရှိပါတယ်။ အနေချောင်မယ့်သတင်းတွေနဲ့ တင်းတိမ်နေကြတယ်။ အင်းယားမြိုင် ၅ လောင်းပြိုင်သတ်ဖြတ်မှု၊ နေပြည်တော် အတွင်းရေး၊ လက်ပံတောင်း ပရောဂျက်၊ မြစ်ဆုံပရောဂျက်၊ ရခိုင်ဓာတ်ငွေ့၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြည်တွင်း ပြည်ပအရင်းအနှီး စတဲ့ ထင်သာမြင်သာရှိနေတဲ့ သတင်းတွေတောင် သေသေချာချာ မလိုက်တော့ပါဘူး။ ပိုဆိုးတာက သတင်းဌာနတွေဘက်ကလည်း တိတ်တဆိတ် သတင်းနှိုက်ယူတာ၊ စပိုင် ကင်မရာသုံး သတင်းဖော်ထုတ်တာက (အန္တရာယ်ရှိတာ၊ မရှိတာအသာထား) ဒီလုပ်ရပ်ဟာ သတင်းကျင့်ဝတ် နဲ့ မလျှော်ညီပါဘူးလို့ ကိုယ်ကျိုးကွယ်ကာ ဆင်ခြင်မျိုးတွေပေးလာတာမျိုးပါ။ ပြည်သူပိုင်ပစ္စည်း ခိုးဝှက်စားသုံးပြီး ဘိုကျမိုက်မဲနေသူတွေအတွက် အကာအကွယ် ဆင်ခြေတစ်ခုပေါ့။ သူခိုးဓားရိုးကမ်း အတွေးအခေါ်ပါ။ ဥပဒေကို လိုသလို အသုံးချပြီးတရားမျှတမှုမရှိတဲ့ နိုင်ငံမှာ မြန်မာ့ သတင်းလောကကြီးဟာ ရှေ့တန်းရောက်သင့်သလောက် မရောက်လာနိုင်ဘူး။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ မေးခွန်းပြန်ထုတ်ခံရမယ့် အခြေအနေ။ သတင်းဌာန အများစုမှာ အယ်ဒီတာတွေက လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိပဲ CEO တွေ၊ ညွှန်ကြားရေးမှုးတွေရဲ့ သြဇာအာဏာနဲ့ သတင်းရေးသားပုံနှိပ် ထုတ်လွှင့်နေတာပါ။ သတင်းအရည်အသွေးထက် သတင်းဖောင်ပြည့်ဘို့၊ အကျိုးစီးပွားမထိပါးဘို့၊ ပြဿနာမတက်ဖို့ကို ဦးစားပေးနေရတယ်။ အာဏာရှင်၊ အာဏာကိုင်တွေ မျက်နှာကို မော့ကြည့်နေရရှာတယ်။ ဒီကြားထဲ အခုရက်ပိုင်းလေးတင် ရခိုင်ပြည်နယ် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အေပီသတင်းဌာနက သတင်းမှားပေးတယ်ဆိုပြီး အစိုးရ ပြန်ကြားရေးဌာန သတင်းစာရှင်းပွဲမှာ အေပီသတင်းဌာနကို တက်ရောက် သတင်းယူခွင့် မပြုပါဘူး။ ဒါဟာ သေးနှုတ်တဲ့ အစိုးရမူဝါဒကို ထင်ထင်ရှားရှားပြသလိုက်သလို ကျန်သတင်းဌာနတွေကိုလည်း ငါတို့အကြောင်း မကောင်းရေးရင် အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်တာ လဲဖြစ်ပါတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ သူတော်စဉ်လို ရိုးသားဖြောင့်မတ်ရမှာ ဖြစ်သလို စုံထောက်တယောက်လိုလည်း ပရိယာယ်သုံး လှို့ဝှက်ထောက်လှမ်းရတာမျိုးပါ။

သူရိယနေ၀န်းအကြောင်း ပြန်ဆက်ချင်ပါတယ်။ အများပြည်သူ အဖတ်များတယ်၊ စောင်ရေတိုးတယ်၊ နာမည်ကြီးတယ်ဆိုပြီး သာယာစိတ်နဲ့ ဒီအတိုင်းကျေနပ် မျောပါမသွားစေချင်ပါ။ ခရိုနီဦးတေဇနဲ့ ခရိုနီတချို့ကို တိတိကျကျ၊ သက်သေအထောက်အထားနဲ့တကွ ပြနိုင်အောင် ၀ီရိယစိုက်စေချင်ပါတယ်။ ပြီးတော့ ဦးတေဇ တယောက်ထဲမဟုတ်ပါ။ ဒီကနေ့ တိုင်းပြည်ခေါင်းဆောင်လုပ်နေတဲ့ သမတကြီး ဦးသိန်းစိန်အပါအ၀င်၊ လွှတ်တော်အာဏာကိုင် ဦးရွှေမန်းနဲ့ စစ်ဗိုလ်ချုပ်အဟောင်း အသစ်တွေရဲ့ သတင်းတွေပါ ကျိုးစား ဖော်ထုတ်သင့်ပါတယ်။ သူရိယနေ၀န်း အပါအ၀င် သတင်းဂျာနယ်တိုင်းဟာ တစ်ပတ်ပြီးတစ်ပတ် အကြောင်းအရာတွေထပ်နေပြီး အစောပိုင်းက ကျနော် တင်ပြခဲ့တဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အစိုးရနဲ့ ဦးပိုင်ကုမဏ္ဍီအပါအ၀င် အဖွဲ့အစည်းတွေရဲ့ ပရောဂျက်တွေ၊ ဘာသာရေးလှို့ဆော်မှု နောက်ကွယ်က အခြေအနေတွေ စသဖြင့် စုံစမ်း ဖော်ထုတ်နိုင်ဘို့ လိုပါတယ်။ ချက်ချင်းလက်ငင်းဖြစ်လာဘို့ လွယ်ကူတာမျိုးမဟုတ်တာကို သဘောပေါက်ပါတယ်။ အိန္ဒိယက တီဟီလ်ကာ သတင်းဌာနကတောင် လပေါင်းအတန်ကြာ အချက်အလက်တွေစုဆောင်း၊ သုသေသနလုပ်၊ စုံစမ်း စစ်ဆေး အတည်ပြုပြီးမှ တခုချင်းစီ ထုတ်ဖော်ကြတာပါ။ နောက်တစ်ခုက မိမိတို့ဂျာနယ်ကို လူပြိန်းကြိုက် အဆင့်ကနေ တဖြေးဖြေးချင်း မြှင့်တင်သွားဖို့လိုပါတယ်။ သြဇာရှိတဲ့ စာကောင်းတွေ၊ သတင်းစာဆရာကြီးတွေရဲ့ စာတွေ အသုံးပြုနိုင်ဖို့လိုပါတယ်။ အ၀ါရောင် ဂျာနယ်ကနေ ဂုဏ်သိက္ခာရှိတဲ့ တန်ဘိုးကြီးတဲ့ စာတွေဖော်ပြနိုင်တဲ့ ဂျာနယ်ဘ၀ရောက်အောင် အဆင့်မြှင့်ရပါ့မယ်။ အခုလည်း ဆရာကြီးဦးဝင်းတင်စာတွေကို တွေ့ရပါတယ်။ တခြား အပြုသဘောနဲ့ ရေးသားတဲ့ ဆောင်းပါးတွေ လည်း ဖိတ်ခေါ်သင့်ပါတယ်။ စက္ကူတွေ အလဟဿ မဖြုန်းသင့်ပါဘူး။ ဒီအတိုင်းဆက်သွားရင်မကြာခင်မှာပဲ အ၀ါရောင်ကနေ မဲပြာပုဆိုးရောင် ဖြစ်သွားပါလိမ့်မယ်။ အရေမရ အဖတ်မရစာတွေနဲ့ ရိုးအီသွားလိမ့်မယ်။ သတင်းတန်ဘိုးကင်းမဲ့တဲ့၊ သိမ်းထားချင်စရာ မကောင်းတဲ့ အိမ်သာစက္ကူလောက်တောင် သုံးမရတဲ့ ဂျာနယ်ဘ၀ ရောက်ပြီး ဇီဝိန်ချုပ်သွားမှာပါ။

ဒီတော့ သူရိယနေ၀န်း မှ မဟုတ်ဘူး၊ ဂျာနယ်သမားတိုင်း သတင်းစာသမားတိုင်း တိုင်းပြည်ရဲ့ လိုအပ်နေတာကို ဖြည့်ပေးသင့်ပါတယ်။ ပြည်သူတွေဘက်က သစ္စာရှိရှိ ရပ်တည်သင့်ပါတယ်။ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုတွေကို စုံစမ်းဖော်ထုတ်ရမှာ သတင်းသမားတွေ မဖြစ်မနေ လုပ်ရမယ့် အလုပ်ဖြစ်တယ်။ လက်နက်ကိုင် အာဏာရှင်တွေရဲ့ Mind-set ပုံသေ အတွေးအခေါ်က အကြောက်တရားနဲ့ အကာအကွယ်ယူတတ်ကြတယ်။ ကိုယ့်အင်အားကြီးအောင် လုပ်တတ်တယ်၊ မိမိစိတ်လုံခြုံမှုကို ဖန်တီးတတ်တယ်။ ကိုယ့်ထက်အင်အားကြီးရင် စိုးရိမ်ကြောက်ရွံ့တတ်တယ်။ မဟာမိတ်ဖွဲ့တတ်တယ်။ ကိုယ့်အပေါ်အာခံရင်လည်း စိုးရိမ်ကြောက်ရွံ့တယ်။ မိမိအားနည်းချက်ကို သိသွားပြီးဆို တုန်လှုတ်တတ်တယ်။ ဒါဆို သူ့ဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်ချင်ရင် တုန့်ပြန်မယ်၊ မတုန့်ပြန်ရဲရင် ညှိနှိုင်းလာလိမ့်မယ်၊ အပေးအယူလုပ်လိမ့်မယ်။ ဒီနှစ်လမ်းပဲ လုပ်တတ်ပါတယ်။ သူတို့မှာ အုပ်ချုပ်ခံ ပြည်သူ့မျက်နှာဆိုတာမရှိဘူး၊ ကိုယ့်တန်ခိုးထွားအောင်လုပ်မယ်၊ ဆန့်ကျင်သူနဲ့ယှဉ်ပြိုင်မယ်။ ဒါမှမဟုတ် အပေးအယူလုပ်မယ်။ ဒီကနေ့ အချိန်ကာလဟာ အာဏာရှင်တွေဘက်က ဟိုအရင်ကလို လက်လွတ်စပယ် မထိမတို့ရဲတဲ့ အချိန်ပါ။ နိုင်ငံတကာ မျက်စေ့အောက်ကို ရောက်နေပါတယ်။ အာပတ်လွတ်ပဲ လုပ်ရဲမှာပါ။ ဒါဟာ ရန်သူရဲ့ အားနည်းချက် မိမိရဲ့ အခွင့်အရေးလို့ ခံယူထားသင့်တယ်။ ကိုယ့်ဘက်က တရားမျှတတဲ့ အခွင့်အရေးကို ကိုင်ပြီး မိမိလုပ်ပိုင်ခွင့်နယ်ပယ်ချဲ့ထွင်ယူရမှာဖြစ်ပါတယ်။ ဒါဟာ စတုတ္ထမဏ္ဍိုင်တည့်မတ်ဖို့ လမ်းစလည်းဖြစ်တယ်။ အာဏာရှင်တွေက အကျင့်ဟောင်းနဲ့ အရိုးစွဲနေသလို ကိုယ့်ဘက်ကလည်း နဂိုအတိုင်း အပိုးကျိုးမနေဘို့လည်း လိုပါတယ်။ အောင်ပွဲဆိုတာ စိုးရိမ်ထိတ်လန့်နေသူတွေ၊ ခေါင်းငုံ့ခံနေသူတွေအတွက် မဟုတ်ပါ။ ကျနော်တို့ရှေ့က ဂျာနယ်လစ်စ် ဆရာကြီးတွေ လည်း ကိုယ့်နယ်ပယ်ကို ကိုယ်ကချဲ့ထွင် ပြီး ခိုင်အောင် အုတ်မြစ်ချခဲ့တာပါပဲ။ ကျနော်တို့ခေတ်ကျမှ အညံ့ခံအရှုံးပေးလို့ မဖြစ်နိုင်တော့ပါ..။

(သတင်းထောက် ကိုညို)
Downmanhon

အပြည့်အစုံသို့ »

သမ္မတကြီးအလိမ်ခံရတဲ့ ပွဲ


(၁၆.၁.၂ဝ၁၄ - ကြာသပတေးနေ့ထုတ် “စံတော်ချိန် နေ့စဉ်သတင်း စာ” တွင် ဘို(ဆင်တလည်)မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် “သမ္မတကြီးအလိမ်ခံရတဲ့ ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။ သန်း ၆ဝ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ကြပါ။” ဟူသော ဆောင်းပါးအား တင်ပြခြင်းဖြစ်ပါသည်။)
နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ၂ဝဝ၁ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှာ စာရေးဆရာ၊ ဒါရိုက်တာ ဘဘ ဦးသုခ စတင်တည်ထောင် သည်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ကျော်သူက အနုပညာသက် တမ်း (၁၆) နှစ်နီးပါး ဖြတ်သန်းခဲ့သော အချိန်အထိ မိဘပြည်သူ ပရိသတ်များ ချီးမြှင့်သော အနုပညာငွေများဖြင့် မိသားစုစားဝတ်နေရေး အပြင် သားသမီးတွေကိုလည်း ပညာတတ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေးနိုင်ခဲ့သည့်အတွက် ပရိသတ်များကို ကျေးဇူးဆပ် သည့်အနေဖြင့် သူ၏ကျေးဇူးရှင်ဆရာဖြစ်သော ဘဘ ဦးသုခထံ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ရာမှ စတင်ကာအသင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၂ဝဝ၈ မှ စတင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဥက္ကဋ္ဌ ဦး ဆောင်နေသော ဦးကျော်သူနှင့် လတ်တလော မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပရဟိတဆိုင်ရာများနှင့် ပတ်သက်၍ စံတော်ချိန်က မေးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး- ပရဟိတလုပ်ငန်များ အများအပြား ပေါ်ထွက်လာမှုအပေါ်မှာ မှတ်ချက်စကားပြောပြပေးပါဦး။

ဖြေ- ဒီလိုအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်အတွက်
ကောင်းတယ်။ မင်္ဂလာလည်းရှိပါတယ်။ တိုင်းသူပြည်သားတွေ အတွက်လည်း အများကြီး အကူအညီရတာပေါ့။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအတွက် လည်း အင်မတန်မြင့်မြတ်တဲ့ အလုပ်တွေမို့ မင်္ဂလာ ရှိပါတယ်။ ဒါပေမဲ့ တချို့အသင်းအဖွဲ့တွေက ပရဟိတ ဆိုတာကို အကြောင်းပြပြီး မိမိနာမည်ကြီးချင်လို့၊ အကြည်ညိုခံချင်လို့။ ဒီထက်ဆိုး တာက အများအလှူငွေကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ပစ်ကြတယ်။ ဒါဟာ အတ္တကြီးချင်းပဲ။ အဲဒီလို အတ္တတွေနဲ့ဆို ပရဟိတ လုပ်ငန်းတွေကို မလုပ်ကြပါနဲ့။ အတ္တကြီးတဲ့ ရည်ရွယ်ချက် အဆိုးတွေနဲ့ ပရဟိတလုပ်ငန်းတွေကို မလုပ်ကြတာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။ ရပ်ရွာပြည်သူလူထု အများအကျိုးသယ်ပိုးချင်လို့ လုပ်တယ်ဆိုရင်တော့ ဒါဟာအင်မတန် ကောင်းပါတယ်။ အဲဒီလို အများကောင်းကျိုးအတွက်မဟုတ်ဘဲ လူတစ်ယောက်၊ အသင်းအဖွဲ့ ကောင်းစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတဆိုတာကိုအသုံးချပြီး ထူထောင်ကြမယ်ဆိုရင် အမှားကြီးမှားကြ လိမ့်မယ်လို့ သတိပေးပြော ချင်ပါတယ်။

မေး- ပရဟိတအများအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေကို ဘယ်လိုစိတ်ဓာတ်မျိုး ထားရှိသင့်သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့်သုံး ရမယ်။ ကိုယ့်မှာရှိနေတဲ့ အတ္တတွေကို လုံးဝမရှိတော့အောင် ကြိုးစားရမယ်။ အများအကျိုး လုပ်ဆောင်တဲ့အခါ ကိုယ့်အတ္တမပါဘဲ လုပ်ဆောင်နိုင်ရမယ်။ အများအကျိုးအတွက်ဆို ကိုယ်ဘယ် လောက်အထိ ပေးဆပ်နိုင်လဲ။ အနစ်နာခံနိုင်လဲ။ ဒီလိုပရဟိတအများအကျိုး လုပ်ကြတဲ့အခါမှာ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့ရတတ်ပါ တယ်။ ကျွန်တော်တို့ဆို ဘဝပျက်လောက်အောင်အထိ အတိုက်အခံတွေရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို သစ္စာတရားနဲ့ကျော်လွှားနိုင်ရမယ်။ ကိုယ့်လုပ်ရပ် အပေါ်လည်း သစ္စာရှိရမယ်။ ပရိဟတအများအကျိုးကိုသယ် ပိုးတယ်။ မှန်မှန်ကန်ကန်လုပ်ရမယ်။ သစ္စာတရားဆိုရဲရမယ်။ ကူညီတဲ့နေရာမှာ လည်း စေတနာကအရေးကြီးတယ်။ ကိုယ်ချင်းစာစိတ် စာနာစိတ်ရှိရ မယ်။ လူမျိုးဘာသာကွဲပြားနေလို့ ငါတို့လူမျိုးပဲကူညီမယ်ဆိုတဲ့ စိတ်ထား မျိုးမရှိရဘူး။ လူမျိုးဘာသာ ဘယ်လိုပဲကွဲပြားပါစေ။ ဆင်းရဲချမ်းသာမရွေး။ မိတ်ဆွေရန်သူ မခွဲခြားဘဲ လူသား အချင်းချင်း ကူညီရမယ်။ ဒုက္ခရောက်နေကြတဲ့ လူသားတိုင်းကို ကူညီရမယ်ဆိုတဲ့ စိတ်ထားမျိုးထားရှိဖို့က အရေးကြီးတယ်။

မေး- မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့မှာရှိနေကြတဲ့ ပရဟိတအသင်း အဖွဲ့တွေက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။

ဖြေ- လုံလောက်မှုကတော့မရှိပါဘူး။ အနယ်နယ်အရပ်ရပ်က ပရဟိတ အသင်းအဖွဲ့တွေဆိုရင် အသင်းအဖွဲ့ ထူ ထောင်ကြဖို့အတွက် အခက် အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရတယ်။ အလှူငွေကြေး အခက်အခဲက အစ သွားလာရေး လွယ်ကူနိုင်အောင် မော်တော်ကားတွေလိုအပ်မယ်။ နိဗ္ဗာန်ယာဉ် လူနာတင်ကား တွေပြည့်စုံမှ အများပြည်သူလူထုကို ထိထိရောက်ရောက်ကူညီနိုင်ကြမှာ။ ဒီလို ပြည့်စုံဖို့ကလည်း အဓိကလိုအပ်ချက်က အစိုးရဘက်က ပံ့ပိုးကူညီမှုတွေလိုအပ်ပါတယ်။ မပံ့ပိုးပေးတဲ့အပြင် အစိုးရဘက်က တားမြစ်တာတို့ နှောင့်နှေး ကြန့်ကြာအောင်လုပ်တာတွေ၊ ပိတ်ဆို့တာတွေလုပ်နေရင် ပရဟိတ အသင်းအဖွဲ့တွေ ဘယ်လောက်ပဲများများ ပြည်သူတွေအတွက် ထိရောက်အောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ပရဟိတ အသင်းအဖွဲ့တွေ ပေါ်မှာ နားလည်မှုရှိရမယ်။ ပရဟိတအဖွဲ့ဆိုတာက နိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်း၊ ပါတီထောင်တာမဟုတ်ဘူး။ အများ အကျိုးအတွက် ကိုယ့်ကျိုးစွန့်ပြီး လုပ်နေကြတဲ့သူတွေပါ။ ပရဟိတ လူမှုကူညီရေး သက်သက်လုပ် နေကြတဲ့အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ လျော့သင့်တာ လျော့ ပေးသင့်ပါတယ်။ ပရဟိတအဖွဲ့အစည်းဆိုတာလည်း နှစ်မျိုးရှိပါ တယ်။ ပြည်တွင်းက အလှူငွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးအဖွဲ့ တွေရှိကြသလို၊ ပြည်ပက နိုင်ငံခြားရေးထောက်ပံ့ငွေနဲ့ ရပ်တည်နေကြ တဲ့ INGO နှင့် NGO အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။ ပြည်ပနိုင်ငံခြား ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေ ကိုတော့ အစိုးရကစည်း မျဉ်းစည်းကမ်းအတိုင်း လုပ်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့လို မြန်မာပြည်ကလှူတဲ့ အလှူငွေတွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေကို ငွေကြေးရှင်း တမ်း အတိအကျအမှန်ရှိနေရင် အစိုးရအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ တားမြစ်တာတွေ ဘာမှလုပ်စရာ မလို တော့ဘူး။ မမှန်မကန်လုပ်ပြီး လူမှုရေးဖောက်ပြန်ခဲ့ရင်လည်း တရားဥပဒေရှိတယ်။ ဥပဒေအတိုင်း စီရင်သွား လိမ့်မယ်။ ဒီလိုပြည်ပကထောက်ပံ့နေတဲ့ ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ဥပမာပြောရရင် ပြည်သူက ဒေါ်လာ ငွေတစ်သိန်း ထောက်ပံ့ အလှူငွေ ရတယ်ဆိုပါတော့။ ပြည်သူလူထုအကျိုး အတွက်ကို ဒေါ်လာငွေ ဘယ်နှစ်သောင်း၊ ဘယ်နှစ်ထောင်လောက် များ အသုံးချပြီးပြီလဲလို့ မေးချင်ပါတယ်။ ကိုယ့်အိတ်ထဲတာ ဒေါ်လာ ဘယ်လောက်ရှိနေပြီလဲဆိုတာ ပြန်ပြီး သုံးသပ်ဖို့တော့လိုနေပြီ။ ကျွန်တော်တို့အသင်းကိုလည်း ဟိုတလောက ပြည်ပက အထူးကု ဆရာဝန်ကြီးတွေ လာတယ်။ သူတို့က ဧရာဝတီတိုင်းဘက်က ပြည်သူလူထုတွေကို အခမဲ့ ဆေးလာရောက်ကုသပေးတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့ပြန်ခါနီး ကျွန်တော်တို့ အသင်းကိုလာပြီး သူတို့ အသုံးပြုခဲ့ပြီး ပိုလျှံနေတဲ့ ဆေးဝါးတွေကို ကျွန်တော်တို့အသင်း ကိုလာလှူတယ်။ အဲဒီအလှူနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လူကြီး တစ်ယောက်က ကျွန်တော်တို့အသင်းကို ဒီလိုဆေးဝါးတွေ သွားလှူ တယ်ဆိုရင် နောက်တစ်ကြိမ် ခင်ဗျားတို့ မြန်မာပြည်ကို လာဖို့ အခက်တွေ့သွားမယ်ဆိုပြီး ခြိမ်းခြောက်သလိုပြောတယ်လို့ ကျွန်တော် သိခဲ့ရတယ်။ ဒါတွေဟာ လူသားချင်း စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေ ပဲ။ အဲဒီတော့ အစိုးရက တရားဝင်ဆိုင်းဘုတ် တပ်ပြီး ကြေငြာထားတဲ့ “နိုင်ငံခြားခရီးသွား ဧည့်သည်များကိုကူညီပါ။” ဆိုတဲ့ စာသားကို ဘယ်မှာသွားထားတော့မှာလဲ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကယ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်နေကြတဲ့ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းတွေ ပေါင်းစုံအစည်း အဝေးလုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်တွေမှာ တန်ဖိုးကြီးဟိုတယ် တွေငှားပြီး အစည်းအဝေးလုပ်နိုင်ကြတဲ့ အဆင့်မရှိဘူး။ မလုပ်ဘူး ဆိုတာကလည်း ပြည်သူလူထုက အများ အကျိုးအသုံးပြုဖို့ လှူဒါန်း ထားကြတဲ့ငွေတွေကို အလဟသဟိုတယ်တွေကို ပေးသုံးပြီးလုပ်ရတဲ့ အနေအထား မျိုးကို ကျွန်တော်တို့က ဘယ်တော့မှမလုပ်ပါဘူး။ ကိုယ့်အသင်းမှာ လုပ်ချင်လုပ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ လုပ်ချင် လုပ်မယ်။

မေး- အစိုးရဖွဲ့စည်းတဲ့ လူမှုရေးအသင်းတွေနဲ့ ပုဂ္ဂလိက အရပ်ဖက် လူမှုရေးအသင်းတွေကြားမှာ ကွာခြားချက်တွေ ရှိပါသလား။

ဖြေ- ကွာခြားချက်ရှိပါတယ်။ အစိုးရဘက်အဖွဲ့အစည်းဆိုရင် ကြံ့ခိုင်ရေးက ထူထောင်ထားတဲ့ အဖွဲ့တွေရှိ တယ်။ သူတို့ဘာတွေ ဘယ်လိုလုပ်တယ်ဆိုတာ ဘယ်အဖွဲ့က ပြည်သူလူထုအပေါ်မှာ ထိထိရောက်ရောက်ကူညီနေ သလဲဆိုတာ ပြည်သူလူထုကသာ အသိဆုံးပါ။ ဘယ်အဖွဲ့အစည်းကတော့ ဟန်ဆောင် လုပ်နေတယ် ဆိုတာက အစ ဒါဟာကိုယ့်အတွက်လုပ်နေတာလား။ အများကောင်း ကျိုးအတွက် လုပ်နေတာလားဆိုတာကို ပြည်သူ လူထုကပဲ ဆုံးဖြတ် ပေးလိမ့်မယ်။ ကျွန်တော်ကတော့မပြောချင်ပါဘူး။ ဒါကြောင့် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုတယ်ဆိုတာ အဲဒါကိုပြောတာ။ လူမှုရေးသစ္စာဆိုရဲဖို့ အရေးကြီးတယ်။

မေး- အစိုးရအဖွဲ့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုကူညီ မှုတွေ ပေးသင့်သလဲ။

ဖြေ- လူမှုရေးအဖွဲ့အစည်းတွေကို ကျွန်တော်တို့လို မြန်မာပြည်သူ လူထုကလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ ရပ်တည် နေကြတဲ့ အဖွဲ့အစည်းကိုတစ်မျိုး၊ ပြည်ပက နိုင်ငံခြားဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်း တွေကိုတစ်မျိုး၊ နှစ်မျိုးခွဲခြားမြင်သင့်တယ်။ အမှန်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေက အစိုးရမဟုတ်သော အရပ်ဖက်လူမှု အဖွဲ့အစည်းတွေပါ။ အစိုးရချုပ်ကိုင်မှု မရှိသင့်တော့ပါဘူး။ ကျွန်တော် တို့ကို ချုပ်ကိုင်ချင်တယ်ဆိုရင် ဒီပြည်ပ နိုင်ငံခြားဒေါ်လာ ထောက်ပံ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ပြည်ထဲရေး လက်အောက်မှာ ထားသင့်တယ်။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အ စည်းတွေဘက်ကို ထားဖို့မလိုအပ်ဘူး။ ကျွန်တော် တို့အဖွဲ့တွေက မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့် သုံးနေကြတဲ့အဖွဲ့တွေပါ။ မြတ်စွာရဲ့ တရားကိုကျင့်သုံးနေကြတဲ့ ဒီအဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေ ဘောင်တွေနဲ့လာ ပြီးချုပ် ကိုင်နေမယ်ဆိုရင် ပုဂံပြည်က မနူဟာဘုရားလို မြတ်စွာဘုရား အကျဉ်းချထားသလိုဖြစ်လိမ့်မယ်။ ကျွန်တော်တို့လူမှုရေး လုပ်တယ်ဆို တာ အလှူငွေတွေကို စနစ်တကျသုံးပြီးတော့ စာရင်းစစ်နဲ့လုပ်ကြပြီး အတွင်းစာရင်းစစ်၊ အပြင် စာရင်းစစ်တွေနဲ့ လုပ်ထားတဲ့ ငွေစာရင်း ရှင်းတမ်းတွေကို လစဉ်တိုင်းတိုင်း၊ မြို့နယ်၊ ရပ်ကွက် အကုန်လုံး အာဏာပိုင်အဖွဲ့အစည်းတွေဆီ ပို့ပေးနေရတယ်။ ဒီလိုပို့ပေးနေ ရတာကကျွန်တော် တို့ကို အမြင်ရှင်းဖို့လိုတယ်။ ကျွန်တော်တို့အဖွဲ့က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို တစ်ဖက်တစ်လမ်းက ကူညီနေတာ။ အမြင် မရှင်းဘဲနဲ့ ကျွန်တော့်နောက်ကို S.B ထောက် လှမ်းရေးတွေလိုက်တယ်။ လိုက်ပြီးတော့ ဘာတွေလုပ်လဲဆိုတော့ အမြဲတမ်း ဘယ်သွားသွားလိုက်နေတယ်။ လိုက်နေတယ်ဆိုက တည်းက ဒါအမြင်မရှင်းလို့ဘဲ။ ကျော်သူ လုပ်တဲ့ အလုပ်က မသာချတဲ့ အလုပ်ပဲလုပ်တာ။ ကျော်သူနောက်လိုက်တယ်ဆိုရင်တော့ သင်္ချိုင်း ကုန်းနဲ့ ဘုန်းကြီးကျောင်းပဲရောက်မယ်။ ဒီဟာတွေကို အမြင်ရှင်းဖို့လိုပြီ။ ဘယ်အစိုးရတက်တက် ကျော်သူက မသာချနေမှာပဲ။ ဒါကို အတန် တန်ပြောထားပြီးပြီ။ ပြောထားရက်နဲ့ ဒီလိုမျိုး နောက်ကလိုက်တယ်။ စည်းကမ်း တွေတင်းကြပ်တယ်။ ချုပ်ကိုင်တယ်။ ကယ်ဆယ်ရေး လုပ်တယ်ဆိုရင်ဗျာ။ ဥပမာ အရေးပေါ်ကယ်ဆယ်ရေး ပခုက္ကူရေဘေး ဒုက္ခသည် ကယ်ဆယ်ရေးတုန်းကဆိုရင် သွားကယ်ဖို့ လှေတွေငှား ထားပြီးပြီ။ ကျွန်တော်တို့အဖွဲ့ တွေ ပစ္စည်းဝယ်ပြန်လာလို့ လှေပေါ်တက် မယ်ဆိုပြီး ကမ်းစပ်ရောက်တော့ လှေတွေကတစ်စင်းမှ မရှိကြတော့ ဘူး။ ကျော်သူတို့အဖွဲ့ကငှားရင် လှေမငှားရဘူးဆိုတဲ့ မြို့နယ်က အမိန့်ထုတ်ထားလို့ဆိုပြီး လှေပိုင်ရှင်တွေက ကြောက်ပြီး ထွက်ပြေးကြ တယ်။ အဲဒီတော့ကယ်ဆယ်ရေး ဘယ်လိုထိရောက်တော့မလဲ။ ဒီလိုအချိန်တွေ၊ ကွာဟမှုတွေကြားထဲမှာ လူတွေ၊ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးကြရမလဲ။ ဒါကို ထည့်တွက်ရမယ်။ ကျွန်တော်တို့က အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးလုပ်ရတယ်။ ကျွန်တော်တို့လို အဖွဲ့အစည်းမရှိဘူးဆိုရင် အစိုးရကရော လုပ်နိုင် သလား။ ဒါကို မေးချင်တယ်။ အစိုးရပိုင်းက ထိထိရောက်ရောက် လုပ်နိုင်ရင် ကျွန်တော်တို့လို လူမှုရေးအဖွဲ့တွေ ရှိနေစရာမလိုဘူး။ ပြည်သူလူထုက ဒီလူမှုရေးပရဟိတအဖွဲ့တွေကိုပဲ အားကိုးနေရတာ ပါ။ ဒါကို ချုပ်ကိုင်ဟန့်တားနေကြမယ်ဆိုရင် ပြည်သူလူထုကလည်း အစိုးရကို ငြိုငြင်လာလိမ့်မယ်။ ပြည်သူ လူထုငြိုငြင်လာရင် သူတို့ အတွက် အစိုးရအနေနဲ့ အလားအလာမကောင်းတော့ဘူး။ ဒါကို သိထားသင့်တယ်။

မေး- သမ္မတဦးသိန်းစိန်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါ သလဲ။

ဖြေ- ပထမအကြိမ်နေပြည်တော်မှာ အရပ်ဖက်လူမှုရေး အဖွဲ့ အစည်းတွေ့ဆုံမှုမှာ လူမှုရေးအသင်းအဖွဲ့တွေ သိပ်မပါဘူး။ ကျွန်တော်တို့အဖွဲ့ပဲပါတယ်။ နောက်ဆုံးတွေ့ဆုံတာကတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ဖိတ်စာမရဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံး လူမှုအဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နာရေး ကူညီမှုအသင်းကို ဖိတ်စာမပေးဘူး။ လုပ်တဲ့သူတွေကလည်း စောစော က ကျွန်တော်ပြောခဲ့တယ်။ နိုင်ငံခြားထောက်ပံ့ လှူဒါန်းမှု ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ ဒေါ်လာစားအဖွဲ့တွေ၊ သူတို့ ဖိတ်သင့်တဲ့သူတွေကိုတော့ ဖိတ်တယ်။ အဲဒီမှာ စကားပြောခွင့် (၁၁) ဖွဲ့ကို တစ်ဖွဲ့ချင်းစီအမည် ကြေညာတော့ နာရေးကူညီမှုအသင်းမပါဘူး။ အဲဒီအဖွဲ့တွေထဲမှာ ဟန်ဆောင်လုပ်နေကြတဲ့အဖွဲ့တွေ အများ ကြီးပါ တယ်။ ပစ္စည်းကြေညာတာတွေ လုပ်ကြတယ်။ ကျွန်တော်၊ ကျွန်မတို့ အဖွဲ့က ဘယ်လိုရန်ပုံငွေရအောင် ဘာကိုရောင်းပါတယ်ဆိုပြီး ပစ္စည်းကြေညာပွဲကြီး ဖြစ်သွားတယ်။ ဒီဟာတွေက သမ္မတကြီးအနေနဲ့ တိတိ ကျကျမသိဘူး။ အဲဒါကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ ရင်” ဆိုတဲ့စာအုပ်ကိုထုတ်တာ။ အားအား ယားယားထုတ်တာ မဟုတ်ပါဘူး။ ဒီစာအုပ်ထုတ်တာ သမ္မတကြီးအနေနဲ့ ပြည်သူလူထု အတွက် ဘာလုပ်သင့် တယ်။ အောက်ခြေက လူထုဒုက္ခတွေ ဘယ်လိုဖြစ်နေလဲဆိုတာသိအောင် ဒီလူမှုရေးအဖွဲ့အစည်းတွေကို (၅) မိနစ်၊ (၁ဝ) မိနစ်စာလောက်လာတွေ့ကြည့်ပါ။ ဒါမှ အားလုံးသိသွား မယ်။ အဲဒီအတွက် ကျွန်တော်ဒီစာအုပ်ကို ရေးတာ။ အခုဟာက သမ္မတကြီးကို လိမ်နေကြတယ်။ ဝိုင်းပြီးလိမ်နေကြတာလို့ မြင်မိတယ်။ လူမှုရေးအဖွဲ့ အစည်းတွေ တွေ့ဆုံပွဲဆိုတာ သမ္မတကြီး ဦးသိန်းစိန်ကို ဝိုင်းလိမ်တဲ့ပွဲကြီး၊ သမ္မတကြီးအလိမ်ခံရတဲ့ပွဲကြီးလို့ပဲ ကျွန်တော်မြင် ပါတယ်။

မေး- ဒီနေ့ခေတ်လူငယ်တွေ ပရဟိတအပေါ်မှာ စိတ်ဝင်စားမှုမြှင့် တက်လာခြင်းအပေါ် မှတ်ချက်စကားလေး ပြောပေးပါဦး။

ဖြေ- အခုလိုပရဟိတစိတ်ဓာတ်တွေ မွေးဖွားလာကြတာဟာ တိုင်းပြည်အတွက်ကောင်းပါတယ်။ လူငယ်တွေ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်တွေ ပေါ်ပေါက်လာကြတာ အင်မတန်ကောင်းပါတယ်။ ဒီလိုပေါ် ပေါက်လာကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ စိတ်ပျက်သွားစေမယ့်ကိစ္စမျိုး ဥပမာ မှတ်ပုံမတင်ဘူးဆိုရင် ထောင်ဒဏ် ဘယ်လောက်တို့ဆိုတာ အစိုးရအနေနဲ့ မလုပ်သင့်ပါဘူး။ မှတ်ပုံ တင်ကြေးဆိုတာလည်း မရှိသင့်တော့ပါဘူး။ မြို့နယ်အာဏာပိုင်က ခွင့်ပြုရင် မှတ်ပုံတင်စရာမလိုဘူးဆိုတဲ့ ဥပဒေမူကြမ်းမှာပါလာတယ်။ ဥပမာ မြောက်ဥက္က လာပမြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို သွားချင် တယ်ဆိုပါတော့။ ဒီမြို့နယ်ဖြတ်ကျော်ခွင့် မြို့နယ်အာဏာ ပိုင်ခွင့်ပြု ချက်ရမှ သွားခွင့်ရမယ်ဆိုရင် အရေးပေါ်လူနာတွေဆို အဲဒီခွင့်ပြုမိန့်ကို စောင့်နေရင်းနဲ့သေသွား လိမ့်မယ်။ သန်း (၆ဝ) ပြည်သူလူထုတွေရဲ့ အသက်တွေကို ကယ်တင်ကြပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တွေကို ကယ်တင်နိုင်တဲ့ ဥပဒေမျိုးကိုသာလုပ်ကြပါ။ INGO အဖွဲ့ပြည်ပထောက် ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ကလုပ်တဲ့ ဥပဒေကြမ်းကျတော့ လွှတ်တော်မှာသွားဆွေးနွေးမယ့် အဆင့်ရောက်နေကြပြီ။ ကျွန်တော်တို့ အရပ် ဖက်လူ့အဖွဲ့အစည်းတွေ၊ မြန်မာပြည်မှာရှိနေကြတဲ့ ပရဟိတ လူမှုရေးအသင်း အဖွဲ့အစည်းပေါင်း (၅ဝဝ) ကျော်စုပေါင်း ပြီးတော့ အစည်းအဝေးလုပ်ကာ ဘုံသဘောထားကိုကြေညာပြီး လွှတ်တော်ကို တင်ထားတယ်။ ဒါကျတော့ လွှတ်တော်မှာ မဆွေးနွေးကြဘူး။ ပြီးတော့ ဝန်ကြီးအမတ်တစ်ယောက်ကလည်း ပြောလိုက်သေးတယ်။ ဒါနိုင်ငံ တကာစံနှုန်းနဲ့ ညီပါတယ်တဲ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ညီစရာ မလိုပါဘူး။ ပြည်တွင်းမှာ လူမှုရေးလုပ်တယ်ဆိုတာ ပြည်တွင်းမှာပဲ ပြည်သူလူထုတွေ အဆင်ပြေဖို့ အရေးကြီးပါတယ်။

မေး- ဒီနေ့ခေတ် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်းတွေပေါ်မှာ အမှတ်တရ စကားလေြးေ ပြောပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းဥပဒေဆိုတာကို အစိုးရအနေနဲ့ လွှတ်တော်မှာဆွေးနွေးကြမယ့် အပိုင်းကို အတတ်နိုင် ဆုံး ကန့်ကွက်နေပါတယ်။ ဒီလိုကန့်ကွက်မှုတွေလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ရန်ကုန်နာရေးကူညီမှုအသင်းအဖွဲ့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ မှတ်ပုံတင်ကြေး ငါးသိန်း၊ ဆယ်သိန်း၊ သိန်းငါးဆယ် ဆိုလည်းရတယ်။ ဒါပေမဲ့ တကယ့်ကို ကိုယ်ထူ ကိုယ်ထ စနစ်နဲ့အားကိုးပြီး ရပ်တည်နေကြရတဲ့ ပရဟိတလူမှုရေး အဖွဲ့ အစည်းတွေ၊ နယ်မှာရှိနေတဲ့ အသင်းအဖွဲ့ပေါင်းများစွာအတွက် မှတ်ပုံ တင်ကြေးတို့၊ ပိတ်ဆို့တာတို့ ဒီလိုချုပ်ကိုင်မှုတွေ ဒဏ်တွေကို ခံနိုင်ရည် မရှိကြတော့ဘူး။ မရှိတော့ ကျွန်တော်တို့က မြန်မာပြည်မှာ ရှိနေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်းတွေ အားလုံးကိုယ်စား ထပ်တူခံစား ပြီးတော့ ရှေ့ဆုံးက ရပ်တည်ပေးပြီး လုပ်ပေးနေပါတယ်။ အားလုံးဒီ အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပရဟိတစိတ်ဓာတ်တွေနဲ့ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ကြပါ။ လူသား ချင်း စာနာထောက်ထားစိတ်တွေ မွေးဖွားကြပါ။ ဘယ်လိုအခက်အခဲ တွေကြုံခဲ့ပါစေ သစ္စာရှိကြပါ။ တကယ့်ကို လူမှုရေးသစ္စာဆိုရဲ လောက်အောင် လုပ်ကြပါ။ တစ်ချိန်တုန်းက နာရေးကူညီမှုအသင်း (ရန်ကုန်) စလုပ်တုန်းက အခက် အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ အများကောင်းကျိုးလုပ်တာပဲ။ လုပ်စရာရှိတာ ဆက်လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
(စံတော်ချိန် နေ့စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းသူ ဘို (ဆင်တ လည်) အား အထူးကျေးဇူးတင်ရှိပါသည်။)

ကျော်သူ
Downmanhon

အပြည့်အစုံသို့ »

အဝေရာ မီးပုံးပျံကွင်းကို တပ်ပိုင်အဖြစ်သတ်မှတ်ခြင်းအား လုံးဝလက်မခံပါ


မြန်မာပြည်မှာ တပ်ပိုင် ၊ တပ်မြေ ၊ တပ်နယ် ဆိုပြီး လုပ်ထားတဲ့ ပြဿနာတွေကတော့ အတော်ကို ကြီးမားနေပြီဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတော့တဲ့ ကိစ္စတစ်ရပ်ဖြစ်လာပါပြီ ။ လူနေထူထပ်သိပ်သည်းလှတဲ့ ရန်ကုန်မြို့ကြီးရဲ့ အလည်ခေါင်မှာ စိုက်ထူထားတဲ့ တပ်နယ် မကျူးကျော်ရ ဆိုတဲ့ အနီရောင် ဆိုင်းဘုတ် တွေဟာ ပြည်သူလူထုတွေရဲ့ ရင်ထဲကို စို့နှက်ထားသလိုခံစားနေခဲ့ရပါတယ် ။ အရပ်ထဲရွာထဲ နာကျည်း ခံပြင်းလှစွာနဲ့ တပ်ပိုင်နေသမျှတော့ တိုင်ပတ်နေမှာပဲ ဆိုတဲ့ စကားလုံးတွေကလည်း နားနဲ့ မဆံ့ အောင်ကြားနေရပါတယ် ။ အခု လတ်တလောမှာပဲ ̏ တပ်ပိုင်လို့ တိုင်ပတ် ̋ရတဲ့ တောင်ကြီးမြို့က ဖြစ်ရပ်တစ်ခု အကြောင်းတရားတစ်ခုကို တင်ပြလိုက်ချင်ပါတယ် ။

တောင်ကြီးမြို့က ရွှေဘုန်းပွင့် နဲ့ ရွှေမုဌော ဘုရားစေတီများ တည်ထားကိုးကွယ်ရာ တောင်ခြေနားမှာ အဝေရာဆိုတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိပါတယ် ။ အဲဒီကွင်းဟာ တောင်ကြီးမြို့ရဲ့ အမှတ်အသား လက္ခဏာ လို့ ဆိုရမဲ့ မီးပုံးပျံများ လွှတ်တင်တဲ့ ကွင်းဖြစ်တဲ့အတွက် မီးပုံးကွင်းလို့ခေါ်ဝေါ်ကြပါတယ် ။ ယခင်မီးပုံးပျံ လွှတ်တင်တဲ့ ကွင်းဟောင်းက ဆရာ့ဆရာကြီးတွေ ကြက်ဆူပင်တွေစိုက်ပစ်လိုက်တာကြောင့် ဒီနေရာကို ရွှေ့ပြောင်းပြီး မီးပုံးပျံလွှတ်တင်ရတာဖြစ်ကြောင်းလဲ မြို့ခံလူများဆီက မေးမြန်းသိရှိခဲ့ရပါတယ် ။ ဒီကွင်းဟာ နှစ်စဉ်နှစ်တိုင်း မြို့ခံလူများရဲ့ ပျော်ပွဲရွှင်ပွဲကျင်းပရာပွဲဖြစ်တာကြောင့် မြို့ခံများအနေနဲ့လည်း အများပြည်သူပိုင် ကွင်း လို့ ဆိုင်းဘုတ်စိုက်ထူထားဖို့ သတိမမူမိခဲ့ကြဟန်တူပါရဲ့ ။
အခုတော့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ အဲဒီ အဝေရာ မီးပုံးပျံကွင်းဟာ တောင်ကြီးမြို့သူမြို့သားတွေ ပိုင်ဆိုင်တဲ့ကွင်းတစ်ခုအဖြစ်ကနေ ပိုင်ရှင်ပြောင်းသွားခဲ့ပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် အစမှာပဲ တောင်ကြီး အဝေရာကွင်း မှာ ဟောပြောခွင့်မပြုဖူး ၊ အကြောင်းကတော့ အဲဒီကွင်းဟာ တပ်ပိုင်ဖြစ်လို့ ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ရွာငံနဲ့ ညောင်ရွှေက သူငယ်ချင်းတွေက ဖုန်းဆက်အကြောင်းကြားကြပါတယ် ။ အကို လိုက်လာခဲ့ပါ ၊ ဒီကိစ္စကို ကျနော်တို့ ရေဆုံးရေဖြားဖြေရှင်းရမယ် ဆိုတဲ့ အကြောင်းကြားချက်ကြောင့် ၂၄ ရက်နေ့ မနက် ၃း၀၀ နာ၇ီမှာ ရန်ကုန်ကနေ ဟဲဟိုးကို ခရီးပြင်းနှင်ခဲ့ရပါတယ် ။ ဟဲဟိုးအရောက်မှာ သူငယ်ချင်းတွေက လာရောက်တွေ့ဆုံပြီး ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း ၊ ဒီကိစ္စကို ဒေသခံလူငယ်တွေအနေနဲ့ အရေးယူဆန္ဒဖော်ထုတ်သွားမှာဖြစ်ကြောင်း ၊ အခုလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို မဖြစ်မနေဆောင်ရွက်မှာဖြစ်ကြောင်း မခံနိုင်မရပ်နိုင်လာရောက်ပြောဆိုကြပါတယ် ။
စာရေးသူအနေနဲ့ကတော့ အခြေအနေကိုစောင့်ကြည့်မယ် ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘာပြောမလဲဆိုတာ နားထောင်မယ် ၊ ဒီရက်ထဲမှာ အခြေအနေ တစ်ခုခုပြောင်းလဲနိုင်သလားဆိုတာ စောင့်ကြည့်ကြမယ် ။ အကယ်၍ ဒီအတိုင်းပဲဆိုရင်တော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်ကြရ တာ ပေါ့ လို့ ပြောဆိုပြီး တောင်ကြီးကိုဆက်တက်ခဲ့ပါတယ် ။

တောင်ကြီးရောက်တော့လည်း မိတ်ဆွေ သူငယ် ချင်းတွေက နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံလိုက်ရသလိုမျိုး ဖြစ်ရတာကို မခံမရပ်နိုင်ပြောကြ ဆိုကြပြန် ပါတယ် ။ ဒီမှာလည်း အခြေအနေကို စောင့်ကြည့်ကြတာပေါ့ ၊ ဒီအခြေအနေအတိုင်းပဲ ဆိုရင်တော့ ကိုယ့် ဒေသ မှာ ကိုယ့်ပြဿနာကိုရှင်းကြရမှာပေါ့ လို့ ပြောပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတိုင်း နမ်ဆန်၊ မိုးနဲ နဲ့ လင်းခေးကို လိုက်သွားခဲ့ပါတယ် ။ အခြေအနေကို အမြဲဖုန်းနဲ့ဆက်သွယ်ပြောဖို့လည်း သတိပေးခဲ့ပါတယ် ။

နောက်နေ့ ဒေါ်အောင်ဆန်းစုကြည် မိုးနဲမှာ မိန့်ခွန်းပြောနေစဉ်မှာပဲ ဖုန်းသတင်းဝင်လာပါတယ် ။ အခြေအနေက မပြောင်းလဲပါဖူး ၊ တောင်ကြီးမြို့က ပြည်သူတွေရဲ့ အများပိုင်ကွင်းဖြစ်တဲ့ အပြင် လွတ်လပ် ရေးနေ့ ၊ ပြည်ထောင်စုနေ့စတဲ့ အခမ်းအနားများကို ကျင်းပမြဲဖြစ်တဲ့ ပြည်နယ်ပိုင်ကွင်းတစ်ခုဟာ ဘယ်သော ဘယ်အချိန်ကများ အရှင်ရယ်တဲ့မှ လတ်လတ် တပ်ပိုင်ကွင်းဖြစ်မှန်းမသိဖြစ် သွားတာသေချာသွား ပါပြီ ။ အဲဒီ အတွက် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ရှင်းလင်း ဟောပြောပွဲကို ခွင့်မပြုဖူး ဆိုတာက သေချာသွားပါပြီ ။ အဲဒီတော့ ဘာလုပ်ကြမလဲ လို့ မေးကြည့်မိတော့ လူငယ်တွေက ကျနော်တို့က တော့ လက်မခံဖူး အကို ၊ နမ်းဆန်တို့ ၊ မိုးနဲတို့ ၊ လင်းခေးတို့မှာတောင် အမေစု ဟောပြောပွဲကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီးတော့ ၊ ကျနော်တို့ ပြည်နေယ်မြို့တော် ကျကာမှ ခွင့်ပြုချက်မရလို့ မလုပ်ရဖူး ဆိုရင် တောင်ကြီးသားတွေ ရာဇ၀င်ရိုင်းလိမ့်မယ် ။ တောင်ကြီးသမိုင်း မရိုင်းစေရဖူးဗျ လို့ ပြောကြပါတယ် ။ အေးအဲဒီတော့ ဘယ်လိုလုပ်မလဲဆိုတော့ ကျနော်တို့ အဲဒီကွင်းဘေးက နေရာမှာ မဖြစ်ဖြစ်အောင်လုပ်မယ် ။ တက္ကသိုလ် နောက်ဘက်ကပ်လျက်မှာ လုပ်မယ် ။ လူတွေကို စုစည်းထားပြီး အမေ့ကိုစောင့်မယ် အမေခဏလေးဖြစ်ဖြစ် စကားလေးတစ်ခွန်းနှစ်ခွန်းဖြစ်ဖြစ် ပြောသွားရင် ၊ ပြောသွားရတယ်ဆိုရင် ကျနော်တို့ကျေနပ်တယ် ။ အကယ်၍ အမေစုက ရအောင်ဟောပြောမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် လုပ်ထားဦးမှပေါ့ လို့ ဖုန်းနဲ့ပဲ စကားပြောရင်းဆွေးနွေးတိုင်ပင်ကြရပါတယ် ။ ၁၀ ဘီးကားကို ငှားပြီး ရွေ့လျား စကားပြောစင်မြင့် mobile stage လုပ်ကြတော့မယ် ။ အဲဒီကွင်းရှေ့မှာ ဒေါ်အောင်ဆန်း စုကြည် ရောက်လာမဲ့အချိန်မှာ စင်မြင့်ကို မောင်းယူလာမယ် ။ ပြည်သူတွေက ကွင်းရှေ့လမ်းမှာထိုင်စောင့်ကြမယ် ၊ အဲဒီလို လုပ်ကြမယ်လို့ သတင်းပေးပါတယ် ။ အဲဒါနဲ့စာရေးသူလည်း အားလုံးညှိနိုင်းတိုင်ပင်ပြီး ဆက်လုပ်ဖို့ အကြံပေးလိုက်ပါတယ် ။

၂၆ ရက်နေ့မနက် ၇ နာရီ ၁၅ မိနစ်မှာတော့ တောင်ကြီးကဖုန်းမြည်လာပါတော့တယ် ။ မနက်ပိုင်း ကတည်းက ကွင်းထဲမှာ လူတွေစတင်ရောက်ရှိလာပြီး စောင့်ဆိုင်းနေကြပါတယ် တဲ့ ။ မြို့ခံပုဂ္ဂိုလ်တစ်ဦးက သူပိုင်ဆိုင်တဲ့မြေကွက်လပ်ကို အသုံးပြုခွင့်ပေးသော်လည်း ၊ အဲဒီနေရာက အလွန်ကျဉ်းမြောင်းလို့ မူလအတိုင်း ပဲ ကျောက်တစ်လုံးလမ်း ပေါ်မှာပဲ လူတွေစုဝေးနေပါပြီတဲ့ ။ အခု ဆယ်ဘီးကားကြီးတစ်စီးကို ငှားရမ်းပြီး ကား ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစင်အဖြစ် ( Mobile stage ) ကိုလည်း အဆင်သင့်ပြု လုပ် ထားပြီးပါပြီတဲ့ ။ ပွဲကတော့လှပြီပဲ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနက် ၇း ၀၀ နာရီကတည်းက လင်းခေးက ထွက်ခွာပါတယ် ။ လမ်းမှာ ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်ကန်တော့တာကလွဲလို့ တစ်လမ်းလုံးဘယ်နေရာမှာမှ မရပ်တော့ပါဖူး ။ တောင်ကြီးကို ၃း ၀၀ နာရီအရောက်သွားမယ်လို့ လုံခြုံရေးတာဝန်ရှိသူများဆီက သတင်းရပါတယ် ။ အဲဒီအချိန်မှာပဲ တောင်ကြီးက သူငယ်ချင်းများဆီကလည်း ဖုန်းက အဆက်မပြတ်ဝင်လာနေပါတယ် ။ စင်မြင့် ပြင်ဆင်ပြီးသွားပြီ ၊ လူ နှစ်ထောင် ကျော် လောက် ရောက်နေပြီ ။ အာဏာပိုင်တွေလည်းရောက်လာတယ် ။ အနှောက်အယှက်တော့ မပေးဖူး ၊ လာပြီး စောင့်ကြည့် နေတဲ့ သဘောပါပဲ ဆိုတဲ့ သတင်းတွေက အချိန်မဲ့ အမျှရောက်နေပါတယ် ။ တောင်ဆင်းတောင်တက်တွေမှာ အရှိန်ကိုထိန်းမောင်းနေရတဲ့ ကားကို စိတ်မရှည်နိုင်တော့ပဲ ဆင်းပြေးလိုက်ချင် စိတ်တောင်ပေါက်လာပါတယ် ။ ဘေးကနေ ဘာထူးသေးလဲ ကိုထင်လင်းလို့ ခဏခဏမေးတဲ့ အဘ ဦးကျော်ခင်နဲ့ အကျိုး အကြောင်း ပြောလိုက် ၊ တောင်ကြီးမြို့ဖက်ကို လှမ်းမျှော်ကြည့်ရင်း ကားမောင်းသမားကို ဘယ်လောက် လိုသေးလဲ ၊ ဘယ်လောက်ဝေးသေးလဲ နဲ့ပဲ မကြာခဏမေးနေမိပါတော့တယ် ။
ဟိုပုန်းမြို့က အထွက်မှာတော့ အကြိုထောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်တွေ့ရပါပြီ ။ ၁၁၇ မိုင် အရောက်မှာတော့ တစ်သီတစ်တန်းကြီးလာရောက်ကြိုဆိုနေကြတဲ့ ကားတန်းက မျက်စေ့တစ်ဆုံးပါပဲ ။ တက္ကသိုလ်အနောက်ဖက် အဝေရာကွင်းဘေးက ကျောက်တစ်လုံး ကားလမ်းမပေါ်မှာ လူတွေ ၊ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ကျပ်ပိတ်သွားပါပြီ လို့သတင်းပေးကြပါတယ် ။ တောင်ကြီးမြို့ခံပြည်သူတွေသာမက အနီး အပါးမြို့နယ်များကပါ တက်ရောက်လာကြတယ်လို့ဆိုပါတယ် ။ အစကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုမြင်တွေ့ပြီး ဟောပြောတာကိုနားထောင်ချင်လို့ လာကြတာဖြစ်ပေမဲ့ အခုတော့ ကိုယ့်မြို့သူမြို့သားတွေပိုင် တဲ့ကွင်းကို တပ်ပိုင်ကွင်းလို့ အပိုင်စီးခံရတာရယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ဒီကွင်းမှာ လုပ်ခွင့် မပြုတာရယ်ကြောင့် ခံပြင်းဒေါသဖြစ်နေကြပြီး မရောက်အရောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ် ။
ကွင်းစပ်ကိုအရောက်မှာတော့ မဲခဲနေတဲ့ လူအုပ်ကြီးက ရဲရဲနီနေတဲ့ ခွပ်ဒေါင်းအလံတွေကို ဝေ့ယမ်းလို့ ကြိုဆိုနေကြပါပြီ အမေစုကျန်းမာပါစေဆိုတဲ့ အသံက တောင်နံရံကိုပဲ့တင်ထပ်သွားစေပါတော့တယ် ။ လမ်းမကြီးပေါ်မှာ လမ်းနဘေး တောင်ကမ္ဘားယံ ပေါ်မှာ ၊ ကျောက်တံတိုင်းပေါ်မှာ လူတွေက မျက်စေ့တစ်ဆုံး ၊ နောက်ဆုံးကို လှမ်းလို့တောင်မမြင်ရလောက်အောင် များပြားလှပါတယ် ။အဲဒီလူအုပ်ကြီးဆီက တစ်ခဲနက် အော်ဟစ်ကြွေးကြော်နေတဲ့ အသံတွေက ကျနော်တို့ အနိုင်ကျင့်ခံရပါတယ် အမေလို့ ရင်နာနာနဲ့ အော်ဟစ်တိုင်တန်း နေကြသလိုပါပဲ ။ မခံမရပ်နိုင်စွာ အော်ဟစ် ကြွေးကြော်နေတဲ့ အသံများဟာ ကျနော်တို့မှာ အမေက လွဲလို့ အားကိုးစရာ မရှိတော့ပါဖူး လို့ တိုင်တည်နေကြ သလိုပါပဲ ။ ကိုင်ထားတဲ့ လက်ကိုင်ဆိုင်းဘုတ် စာတမ်း တစ်ခုမှာဆိုရင် အဝေရာကွင်းကို တပ်ပိုင်ကွင်းအဖြစ် .. လုံးဝ လက်မခံဖူး ဆိုတဲ့ စာတမ်းကို ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကတော့ တောင်ကြီးမြို့သူမြို့သားများရဲ့ အဖိမခံ ၊ အထိမခံ စိတ်တို့နဲ့ တစ်ခဲနက်တက်ရောက်အားပေးမှုမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ် ။ တပ်မတော်နဲ့ ပြည်သူအကြား ထိပ်တိုက်တွေ့အောင် ကျမတို့က လိုက်လုပ်နေတာမဟုတ်ဖူး ၊ တပ်မတော်နဲ့ ပြည်သူကြားမှာ ထိပ်တိုက်တွေ့အောင်လုပ်ထားတာက အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အားလုံးသိအောင် ကျမတို့က နေရာအနှံ့လိုက်ပြောနေရတာ ဆိုတဲ့ စကားလုံးဟာ ပြည်သူတွေရင်ထဲ စွဲညိသွားခဲ့သလို ၊ ̏ဒီဥပဒေကို အခု ရောက်လာတဲ့ ပြည်သူတွေထဲက ဘယ်နှစ်ယောက်များ အစအဆုံးဖတ်ဖူးလဲ ၊ ဖတ်ဖူးရင်လက်ထောင်ပြစမ်းပါ ̋̋ လို့ ဒေါ်အောင်ဆန်းစုကြည် က မေးမြန်းတဲ့အခါ မဖတ်ဖူးပါဖူး အမေ ဆိုတဲ့ အသံကြီး က ဟိန်းထွက်လာခဲ့ပါတယ် ။ အဲဒီအခါမှာ ̏ ပြည်သူတွေက ဖတ်တောင်မဖတ်ဖူးပါဖူး ဆိုတဲ့ ဥပဒေကို ဘယ်လိုလုပ်ပြီး ရာခိုင်နှုန်း ၉၀ ကျော်နဲ့ အောင်မြင်စွာ အတည်ပြုခဲ့တာလဲ ̋̋ လို့ မေးမြန်းလိုက်တဲ့ အခါမှာတော့ ဘယ်အရာက အလိမ် ဘယ်အရာက အမှန်တရားဆိုတာ ရှင်းလင်းသွားခဲ့တော့တာပါပဲ ။

တောင်ကြီးမြို့ လူထုဟောပြောပွဲကတော့ မတရားမှုကို တရားမှုက အောင်နိုင်ခဲ့ပါပြီ ။လူထု ခေါင်းဆောင် အမျိုးသမီးကြီး ကို ပစ်မှတ်ထားပြီး ပိတ်လား ဆို့လား ၊ တားမြစ်လား လုပ်လာလိုက်တာ တောင်ကြီးလူထုနဲ့ အတွေ့မှာတော့ တိုင်ပတ်သွားပါတော့တယ် ။ ပြည်သူ တွေက လက်မခံဖူးလို့ တညီတညွတ်ထဲဆိုလာကြရင် အမိန့်အာဏာဆိုတာ အငွေ့ပျံသွားရမယ် ဆိုတာကို တောင်ကြီးမြို့ နယ် လူထုက မြန်မာတစ်နိုင်ငံလုံးကို လှုပ်နှိုးသတိပေး တပ်လှန့်လိုက်ပါပြီ ။ ဒီပွဲအပြီးမှာတော့ အများပြည်သူပိုင်ကွင်း ( ပြည်နယ်လူထုပိုင်ကွင်း)ကို တပ်ပိုင်မြေ လုပ်တဲ့ကိစ္စကတော့ အတော်ကိုရှင်းကြ လင်းကြရတော့မှာ ၊ အရပ်စကားနဲ့ပြောရရင် တိုင်ပတ်တော့မှာပါ ။ တစ်မိုးလုံးဖျောက်ဆိပ်ဆိုတဲ စကားတောင် မှေးမှိန် သိမ်ငယ်သွား အောင် လက်ညှိုးညွှန်သမျှ မလွဲတော့တဲ့ပြည်နိုင်ငံတစ်ဝှန်းလုံး တပ်ပိုင်မြေတွေကြောင့် တိုင်ပတ် နေရတဲ့ ကိစ္စ တွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ကြသင့်ပါပြီလို့ တိုက်တွန်း နှိုးဆော် လိုက်ပါ တယ်ဗျာ ။

၂၆ ရက်နေ့ တောင်ကြီးကို ပြန်ရောက်ရောက်ခြင်း မှာချက်ခြင်းရေး ချက်ခြင်းပို့ခဲ့တဲ့ ဆောင်းပါး ပါ
ဒီနေ့ ၂၉ . ၁ . ၂၀၁၄ ထုတ် The Chancellor ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ် ။

ထင်လင်းဦး
Downmanhon

အပြည့်အစုံသို့ »

ရ၅%ဒီမိုကရေစီဖြစ်သယောင်လုပ်ထားသော်လည်းအမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။


ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။

လွှတ်တော်မှာ ဆွေးနွေးတင်ပြသမျှတွေကို လွှတ်တော်အမတ်တွေထဲက ၂၅% သော စစ်သားတွေအား ထောက်ခံပါ ငြင်းပယ်ပါလို့ ဗိုလ်ချုပ် မင်းအောင်လှိုင်က အမိန့်ပေးနိုင်ပါ တယ်။ စစ်သားလွှတ်တော်အမတ်တွေဟာဘာကိုမှ စဉ်းစားစရာမလိုပါ။ ဗိုလ်ချုပ် မင်းအောင် လှိုင်က ထောက်ခံလိုက်ပါလို့ အမိန်ပေးရင် ထောက်ခံမယ်။ ငြင်းပယ်ပါ ဆိုရင် ငြင်းပယ် မှာပါ။ ဘာမှစဉ်းစားစရာမလိုတဲ့အတွက်လည်း စစ်သားတွေ လွှတ်တော်ထဲမှာ အိပ်နေတာပါ။ လူဦးရေ သန် ၆၀ ရဲ့ ၂၅% ဟာ ၁၅,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ယောက်တည်းက လူ ၁၅ သန်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုင်ထားနေ ပါတယ်။

သာမန်ကြည့်လျှင် ၇၅% ဒီမိုကရေစီဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ မဟုတ်ပါ။ ဒီမိုကရေစီ မဖြစ်နိုင် အောင် တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်ကိုလည်း လွှတ်တော်မှာ ၇၅% ကျော်ထောက် ခံမဲရမှ အောင်မြင်ရမယ်လို့ သတ်မှတ်ထားလိုက်ပြန် ပါတယ်။ ၇၅%မှ ကျော်သောသူတို့သည် စစ်သားများပါ။ ထို့ကြောင့် စစ်သားများမထောက်ခံလျှင် မည်သည့် အရာမျှမအောင်မြင်အောင် လုပ်ထားတာပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့ လွှတ်တော်ထဲကစစ်သားအမတ်တွေ မထောက်ခံ ရင် ဘာမျှမအောင်မြင်နိုင်အောင်လုပ်ထားတာပါ။

ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။ တိုင်းပြည်ကြီး ထာဝရစစ်အာဏာရှင်အောက်မှာ ရောက်နေပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်တဲ့မတရားမှုကြီးပါ။

Prodemo Aung Khin
Downmanhon

အပြည့်အစုံသို့ »

နိုင်ငံရေးအကျဉ်းသားများကို အစိုးရက နိုင်ငံရေးကစားကွက်တစ်ခုအဖြစ်အသုံးပြုဟု လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများပြော


နိုင်ငံရေး အကျဉ်းသားများကို အစိုးရက နိုင်ငံရေး ကစားကွက် တစ်ခုအဖြစ် အသုံးပြုလျက်ရှိဟု ဒီဇင်ဘာ (၁၁)ရက် အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများက မီဒီယာများသို့ ပြောကြား ခဲ့သည်။

အင်းစိန် အကျဉ်းထောင်တွင် ပုဒ်မ ၁၈၊ ၅၀၅(ခ)ဖြင့် ပြန် လည်လွတ်မြောက်လာသော ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ““ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေစိုးမိုးမှုပုံစံ ဘယ်လို ရှိတယ်ဆိုတာကို နိုင်ငံရေးအကျဉ်းသား အားလုံးသိပါတယ်။ သူတို့က နိုင်ငံရေးလုပ်တဲ့ သူတွေဆိုရင် ပုဒ်မ အမျိုးမျိုးတွေ အထပ်ထပ်တပ်ပြီး အရေးယူခဲ့ကြတာ။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရက နိုင်ငံရေး ကစားကွက်တစ်ခု အဖြစ် နိုင်ငံတကာမှာ မျက်နှာပန်းလှ အောင်လုပ်ပြနေတယ်။ သူတို့ကို ဆန့်ကျင်တဲ့ သူတွေဆိုရင် ထောင်ထဲ ထည့်လိုက် ထုတ်လိုက် အမြဲလုပ် ဆောင်နေတာ ပြည်သူတွေအသိ ပါ””ဟုပြောသည်။ …

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ (၁၁) ရက်နေ့တွင် အကျဉ်းထောင် အသီးသီး၌ အကျဉ်းသား (၄၁) ယောက် ပြန်လည်လွတ်မြောက် လာခဲ့သည်။

မတရားသင်းဆက်သွယ် မှုဖြင့် အင်းစိန်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမျိုးမြင့်အောင်က ““ABSDF အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး (၆)လပိုင်း ၂၀၁၂ ခုနှစ်က ထောင် ခုနစ်နှစ်ကျခဲ့တာ။ ပြန်လည် လွတ် မြောက်လာတာ ၀မ်းသာရပေမယ့် ထောင်ထဲမှာကျန်ခဲ့တဲ့ ညီအစ်ကို တွေအတွက် စိတ်မကောင်းဘူး။ အခုလို ပြန်လည် လွတ်မြောက်လာ တဲ့အတွက် အစိုးရအဖွဲ့ကို ကျေးဇူးတင်စရာတော့ မရှိပါဘူး။ သူတို့ကို ပြည်သူ တွေက အသိအမှတ်ပြုခြင်း ခံချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါ တယ်”” ဟု ၎င်း၏ ခံစားချက်ကို မြန်မာသံတော်ဆင့်သို့ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို (၁၄)ကြိမ်မြောက်လွှတ် ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၃၀၀ကျော်ခန့် ပြန်လည်လွတ် မြောက်ပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP) ကိုဘိုကြည်က ““အစိုးရက အကျဉ်း သားတွေ လွှတ်တိုင်း နိုင်ငံတော် အခမ်းအနားပွဲတွေ၊ နိုင်ငံတော် လူကြီးတွေ နိုင်ငံခြားခရီးစဉ်တွေ တိုင်းမှာ အကျဉ်းသား တွေကို လွှတ်ပေးနေတာ ဝေဖန်စရာပါ။ သမ္မတကြီးရဲ့ စကားကလည်း မေးခွန်း ထုတ်စရာကောင်းနေပြီ။ ဒီဇင်ဘာ လကုန်မှာ အကျဉ်းသားတွေအကုန် လွှတ်ပေးမယ်ဆိုတာ လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အကျဉ်းသား (၄၄)ယောက်ရဲ့ ပုဒ်မတွေကလည်း အငြင်းပွားနေဆဲပဲ။ ပြီး တော့ ပုဒ်မ (၁၈)၊ ၅၀၅(ခ)နဲ့ ဖမ်းထားတဲ့သူတွေက (၂၀၀)ကျော်လောက်ရှိတယ်””ဟု ပြော သည်။

ကျော်စိုးဦး
မြန်မာသံတော်ဆင့်
Downmanhon

အပြည့်အစုံသို့ »

ဒီမိုကရေစီနိုင်ငံတွေမှာစစ်ပညာလုံးဝမသင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကိုတောင် ကာကွယ်ရေးဝန်ကြီးခန့်






မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အသက်သွင်းနေတဲ့ 2008 နာဂစ် အခြေခံဥပဒေကို ဆန္ဒခံယူနေချိန်မှာ၊ စပိန်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး အသစ်စက်စက်ကလေး ကာမဲန် ချာကွန် က ကလေးမီးဖွားခဲ့ပါတယ်၊

ကာမန်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့ အချိန်မှာ ကိုယ်ဝန် ခုနစ်လ နဲ့ ပါ၊ သူကျွမ်းကျင် တာ က စစ်ပညာ မဟုတ်ပါဘူး၊ ဥပဒေ ပိုင်းပါ၊ အခြေခံဥပဒေ ဆိုင်ရာ အထူးပြုပြီး ယူထားပါတယ်၊ သူက နိုင်ငံရေး သမား ပါ၊ သူ့ပါတီက အစိုးရအဖွဲ့ ဖွဲ့ချိန်မှာ ကိုယ်ဝန်အရင့်အမာ နဲ့ သူ့ကို ဝန်ကြီးချုပ်က ကာကွယ်ရေး ဝန်ကြီးတာဝန်ပေး ခဲ့ပါတယ်။ အမျိုးသမီး တွေကို တန်းတူအခွင့်အရေး ပေးမှုကို ပါ အထင်အရှား တွေ့မြင်နိုင်ခဲ့ပါတယ်။

၂၀၁၂ မှာ သူ့ ဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဝင်တော့လို့ ကာကွယ်ရေးဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်၊ ၂၀၁၂ သူတို့ ပါတီညီလာခံမှာ အရေးကြီးဆုံးရာထူး အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၂၂မဲထဲ ကပ်ရှုံးခဲ့ပါတယ်၊ အခုထိပါတီမှာ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ဘာစီလိုနာ မှာ တာဝန်ယူထားပါတယ်၊ သူက ကတ်တလန် ဒေသကို လွတ်လပ်စွာ ခွဲထွက်မှုကို ဆန့်ကျင်သူလို့ နာမည်ကျော်ပါတယ်။

သူ့အကြောင်း ပြောချင်တာက အဓိက မဟုတ်ပါဘူး၊

ဒီမိုကရေစီ နိုင်ငံတွေမှာ စစ်ပညာ လုံးဝမသင်ဖူးတဲ့ အမျိုးသမီး တစ်ယောက်ကို တောင် ကာကွယ်ရေးဝန်ကြီးခန့်တယ် ဆိုတာပါပဲ။ ဒီ မှာက တော့ ကာကွယ်ရေးဝန်ကြီးကို ကာချုပ်က သာ ခန့်ပိုင်ခွင့် ရှိပါတယ်။
2008 မှာ ဖြစ်ပျက်ခဲ့ တဲ့ မတူညီတဲ့ အခြေအနေလေးတွေပါ။

မေပုပ္ပား
၂၀၁၃ ဒီဇင်ဘာ ၁၅
Downmanhon

အပြည့်အစုံသို့ »

အမှောင်ရိပ်မှအလင်းပျိုးသူကိုမျိုးညွန့်- ညိုခက်ကျော်


NLDလူငယ်တာဝန်ခံ အစ်ကိုကြီးမျိုးညွန့်ဆုံးဘီတဲ့။

တသက်လုံး နိုင်ငံရေးဆိုတာကို ကိုယ့်မိသားစုထက် ပိုပီးချစ်ခဲ့တဲ့အစ်ကိုကြီး။
ကျမတို့ကလေးဘ၀ထဲက ရပ်ကွက်ထဲမှာဆို လူမှုရေးတာဝန်တွေ သိပ်ကျေတဲ့အစ်ကိုကြီး။
သက်ကြီးရွယ်အိုတွေဆို သိသိမသိသိ အမြဲတစေ လေးလေးစားစားနဲ့ တွေ့တဲ့နေရာကပြေးပြေးလာပြီး ၀ိုင်းကူတတ်တဲ့အစ်ကိုကြီး။
NLDအတွက် မဲပေးတဲ့စနစ်တွေ တအိမ်ဝင်တအိမ်ထွက်ဝင်ပြောတော့ ပင်နီတိုက်ပုံ၊ယောပုဆိုးဝတ်ပြီး ကျမတို့ကအဲဒီ့တုန်းက၆တန်း။
" ညည်းတို့၁၈နှစ်ပြည့်ရင် မဲပေးရမှာနော်။ ခုတော့ ခဏစောင့်ဦးနော်"ဆိုပြီး မြန်မာ့သမိုင်းကြောင်းတွေကို သူ့နားဝိုင်းနေတဲ့ကလေးတွေကြား ကွမ်းတ၀ါးဝါးနဲ့စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ အစ်ကိုကြီး။

(ဖရုဿဿ ၀ါစာ။ ။ " သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

သူ့အိမ်က busကားတွေထောင်တယ်။
ခဏနေတော့ လုပ်ငန်းက ရပ်လိုက်ရပြန်ရော။
သူနေတာ နှစ်ထပ်တိုက်။ လုံးချင်းအိမ်။
သူ့ကိုဖမ်းတယ်။ ပြန်လာတော့ သူ့မှာနေစရာအိမ်က မရှိတော့ဘူး။ သူ့ဦးလေးအိမ်မှာနေတယ်
သူပြန်အဖမ်းခံရပြန်တယ်။ သူ့ညီမ (အစ်မလွင်လွင်မြင့်)က မလေးရှားကို အလုပ်လုပ်ဖို့ထွက်သွားပြန်သတဲ့။
သူ့အဖေဦးလှသိန်းဆုံးတယ်။ သူ့အမေမှာ သောကဗျာပါဒတွေ တပွေ့တပိုက်နဲ့ ဒဂုံမြို့သစ်ကို ရွေ့သွားလို့။
သူဒီတခါ ပြန်လာတဲ့အခါ သူ့မှာ သွားတွေမရှိတော့ဘူး။
လူတွေက တယောက်နဲ့တယောက်ကြားနိုင်ရုံ လေသံမျိုးနဲ့ "ရက်စက်လိုက်တာကွာ။ လူငယ်ဘ၀အညွန့်ကျိုးရှာတယ်" အရပ်၁၆မျက်နှာကျီးလန့်စာစားအကြည့်မျိုးတချက်ကြည့်ပြီး အိမ်ထဲမှာ ခေါင်းချင်းဆိုင်တီးတိုးဆိုကြတယ်။ သူအိမ်ရှေ့က ဖြတ်လျှောက်သွားရင် မျက်လုံးချင်မဆိုင်ဝံ့ကြဘူး။ တခါတလေ မိုးရွာထဲ လမ်းမပေါ်ဘောလုံးကန်တဲ့လူငယ်တွေထဲ သူခဏတဖြုတ်ဘောလုံးဝင်ကန်တယ်။ ၂ဂိုးလောက်သွင်းပြီး ၁၅မိနစ်လောက်ဆော့ပြီး သူဟာ အလိုက်တသိလမ်းထိပ်ကို ပြန်ထွက်သွားတယ်။
ညဘက်မှောင်ရီပျိုးချိန် သူ့ကိုအိမ်ရှေ့ဖြတ်သွားတာမြင်ရင်တော့ တချိုူ့က ဘေးဘီကြည့်ပြီး " ဟေ့မျိုးညွန့်။ အခြေအနေတွေဘာထူးသေးလဲကွ" ဆိုပြီး လေထဲလွင့်လွင့်လာတဲ့VOA, BBC အသံလွှင့်သံတွေနဲ့ ပဲ့တင်အထပ်ခံပြီးမေးကြတယ်။ အဲဒီလိုဆို အစ်ကိုကြီးမျိုးညွန့်ဟာ ဘ၀ကို အညွန့်တလူလူနဲ့စိုက်ပျိုးအောင်မြင်ပြီးသူတယောက်ရဲ့အပြုံးမျိုးကို အားပါးတရပြုံးပြီး တဘက်လူသိချင်တာတွေရော၊ မသိချင်တာတွေရော ဖြေရှာတယ်။

(ဖရုဿဿ ၀ါစာ။ ။ " သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

ကိုယ်ပိုင်busကားတွေတည်ထောင်တဲ့မိသားစုကမွေးဖွားလာသူအစ်ကိုမျိုးညွန့်ဟာ အစိုးရရွှေ့တဲ့ ခေတ်ကာလအပြောင်းအလဲအရိုက်အခတ်ကိုခံရတာနှစ်ပေါင်းသိပ်မကြာခင်လေးမှာတင် မြို့ထဲနဲ့လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ဒီအရပ်မှာဆက်နေပြီး NLDအလုပ်ကိုဆက်လုပ်နိုင်ဖို့အတွက် အငှားကားမောင်းတယ်။
သူသိပ်နေကောင်းပုံမရဘူး။ ဘားလမ်းမွတ်စလင်ဆေးရုံမှာ သွားသွားဆေးကုရတယ်။
သူက သူနဲ့သူ့မိသားစုအခက်အခဲတွေ၊ မပြေလည်တာတွေကို မေးလည်း သိပ်ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်သူမဟုတ်ဘူး။
တခါတလေ အန်တီ့ခြံထဲမှာ သွားကူလိုက်ဦးမယ်ဆို ပျောက်သွားပြန်ရော။ သွားတွေပြန်မစိုက်ရသေးခင်မှာ ထောင်ထဲပြန်ဝင်ပြန်ရော။
အစ်ကိုကြီးမျိုးညွန့် မြန်မာပြည်မြောက်ပိုင်းထောင်ကိုရောက်သွားတော့ သူ့မိခင်အန်တီမြင့်ဟာ လောကဓံအရသာကို တော်တော်ထုံနေပုံရတယ်။ ကျမတို့လမ်းထဲကို ဒဂုံမြို့သစ်ကနေပြန်လာလည်ချိန်များမှာ တော်တော်ကို ပိန်ကျသွာတာကလွဲပြီး တည်တည်ငြိမ်ငြိမ်ပါပဲ။ "မျိုးညွန့်အတွက်ထောင်ဝင်စာကို နောက်လ IRCက ထောက်ပံ့တာရမှ သွားတွေ့ရမယ်။ ခရီးစရိတ်ကလည်းမသေးဘူးအေ့" တဲ့။

(ဖရုဿဿ ၀ါစာ။ ။ "သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)


၂၀၁၀မှာ အစ်ကိုမျိုးညွန့်ပုံတွေ အွန်လိုင်းမှာ တခါနှစ်ခါတွေ့တွေ့နေရတယ်။
ဝမ်းသာလိုက်တာ။ အစ်ကို ပြန်လွတ်လာပြီပေါ့။
တခါ စစ်ကိုင်းကိုNLDလူငယ်အဖွဲ့ခေါင်းဆောင်အနေနဲ့သွားတာတွေ့လိုက်ရပြန်တယ်။ အစ်ကိုကြီးပိန်သွားတယ်။
ဒီနေ့တော့ ကိုမြတ်သူ (လူငယ်NLD)က အစ်ကိုကြီးမျိုးညွန့်ဆုံးပြီပြောတယ်။
sea gameဓာတ်ပုံ၊စာလုံးတွေ တဖွဲဖွဲတဖြုတ်ဖြုတ်ကြားမှာ အဲဒီ့သတင်းကို ဆို့ဆို့နင့်နင့်ဖတ်လိုက်ရတယ်။

(ဖရုဿဿ ၀ါစာ။ ။ " သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

ခုချိန်ကာလမှာတော့ တချိန်တခါက ပင်နီအကျီဝတ်လို့ဆို အိမ်ရှေ့ကဖြတ်မလျှောက်ပါနဲ့တို့။ သူ့ဟာသူ ခမောက်ဆောင်းပြီးဆန်ခံကြွတဲ့သီလရှင်ကို ဒီအိမ်ရှေ့နောက်တခါဆန်လာခံလို့ကတော့ ဘယ်တော့မှမလှူဘူးကြိမ်းခဲ့ကြတဲ့အဖြစ်အပျက်တို့ဟာ ၂၀၁၀နောက်ပိုင်းမှာ ဇောက်ထိုးဂျွမ်းပြန်ပြီး ပွဲလမ်းသဘင်နဲ့အပ်သော်ရှိမအပ်သော်ရှိ ဇွတ်ကိုဆင်ယင်ကြပါသော ပင်နီနဲ့ယောလုံချည်တွေ on lineမှာမြင်ရတိုင်း ကျမပထမဆုံးပြေးသတိရမိသူက သွားမရှိတော့လို့ကွမ်းမ၀ါးနိုင်တော့ပေမယ့်လည်း အစဉ်ပြုံးရယ်နေတတ်တဲ့ အစ်ကိုကြီးမျိုးညွန့်။ နောက်တစစီ ပဲ့ပဲ့ကြွေထွက်သွားတဲ့သူ့မိသားစုအပိုင်းအစတွေ။
အဲဒီ့လိုအပိုင်းပိုင်းအစစတွေဟာ ကမ္ဘာမှာယဉ်ကျေးဖော်ရွေတဲ့လူမျိုးတွေနေပြီး ဗြဟ္မစိုရ်တရားလေးပါးလက်တိုင်ထားပြီး သိပ်ကိုဂုဏ်ယူစရာကောင်းပါတယ်ဆိုတဲ့ ကျမတို့တိုင်းပြည်ရဲ့ နေရာအနှံ့မှာ လူသိသူသိတမျိုး၊ လူမသိသူမသိတသွယ် တဖွဲဖွဲကြွေလွင့််ခဲ့ကြ။ ကြွေလွင့်နေကြတာတွေကို နေသားထိုင်သားကျသွားကြပြီး "အဲဒါလုပ်ရင်အဲဒါဖြစ်ကိုဖြစ်မယ်" ဓလေ့ထုံးတမ်းစဉ်လာတစ်ခုလို။ ပရမတ္တသီအိုရီတခုလိုများ ခေတ်အဆက်ဆက် ပြဌာန်းခံခဲ့ရပြီလား။
ခေတ်ကြီးက " တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ။တို့ပြည်၊ တို့မြေ"ဆိုတဲ့စာသားကို သွေးရူးသွေးတန်းအချိန်တွေမှာသာ အိပ်မက်ကနေထလမ်းလျှောက်မိသလို ၊ ထထဆိုပြီး ပြန်ပြန်အိပ်ပျော်သွားတတ်တဲ့ တေးသံတွေနဲ့ သာယာပျော်မွေ့တတ်ဖို့ ညင်ညင်သာသာon lineလက်ချာတွေနဲ့ ၊ သံတူကြောင်းကွဲဝါကျတွေ ထပ်ကာထပ်ကာ နားသွင်းပြီး အသင်ကြားခံနေရတုန်း။

(ဖရုဿဿ ၀ါစာ။ ။ သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့၊ လူငယ်ဘ၀တခုလုံး (မူးယစ်ဆေးသုံး၊ သူခိုး၊ဓားပြ၊မုဒိန်းကောင်၊လူသတ်ကောင် မဟုတ်ပါဘဲနဲ့)
အညွန့်ကို တဆစ်ချင်းတဆစ်ချင်းအချိုးခံပြီး ကိုယ်ယုံကြည်ချက်ပေါ်ကိုယ်မယိုင်မလဲရပ်တည်ခဲ့တဲ့ အစ်ကိုကြီးမျိုးညွန့်
ကောင်းရာဘုံဘ၀မှာအစဉ်ငြိမ်းချမ်းပါစေ။ ဘ၀အဆက်ဆက် ဘယ်သွားသွားနောက်ကတကောက်ကောက်လိုက်တတ်တဲ့ရာဘာဖိနပ်ရှပ်တိုက်သံတွေ ညကြီးသန်းခေါင်တံခါးလာခေါက်သံတွေ၊ စစ်ဖိနပ်သံတွေ၊ စစ်ကြောရေးစခန်းတွေ၊ သံတိုင်တွေ၊ ဒါတွေအားလုံးနဲ့ အဝေးဆုံးဝေးပါစေ။

ညိုခက်ကျော်
၂၀၁၃၊ ဒီဇင်ဘာ၁၂။
မနင်၁၀နာရီ၁၀မိနစ်
Downmanhon( ဒေါင်းမာန်ဟုန်)

အပြည့်အစုံသို့ »