Showing posts sorted by relevance for query Messenger News Journal. Sort by date Show all posts
Showing posts sorted by relevance for query Messenger News Journal. Sort by date Show all posts

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ


မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၂)၊ အမှတ် (၃၆) မျက်နှာဖုံးတွင် "ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းဖို့" ဟူ၍ ဖော်ပြထားမှုကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန်ခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့သည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းရာထူးကို ရယူထားသူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၉) (DSA-9) မှ ဆင်းသက်ခဲ့ကြသူများလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် ဂျာနယ်က "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းရှင်းဖို့" ဟူသော သတင်းဆောင်းပါး၌ "၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်ရောက်လာရုံ မျှမက ကြံ့ခိုင်ရေး ပါတီအစိုးရ သမ္မတဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည် မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏ အာဏာရ အစိုးရနှင့် နိုင်ငံရေး ပါတီတို့အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြား နေပေတော့သည်" ဟု ရေးသားဖော်ပြခဲ့သည်။
မြန်မာသံတော်ဆင့်က "ကမ္ဘာ့နိုင်ငံ အများစုတွင် ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်များသည် သီးခြားရပ်တည်ပြီး ပြည်သူများ အထင်အမြင် လွဲစေသည့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ဆက်ဆံ၍ ပူးပေါင်းသွားလာ လှည့်လည်မှု လုပ်ဖို့ပင် ဝေးစွပင်။ အာဏာမရှိသော်လည်း ဘက်လိုက်မှုကင်းသည့် ခုံသမာဓိ ပီသသော သြဇာကြီးသည့် ရွေးကောက်ပွဲ ကော်မရှင်အဖြစ် မြန်မာနိုင်ငံတော်ကြီး၌ တည်ရှိစေချင် လှပါသည်။ ယခုမူကား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးများဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့်အတူ အာဏာရ ကြံ့ခိုင်ရေးပါတီ ညီလာခံသို့ လာရောက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အတိုက်အခံ NLD ပါတီနှင့်တော့ ခပ်စိမ်းစိမ်းဖြစ်၍ နေသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်" ဟု ဝေဖန်ထောက်ပြ ခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း)အား သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းစိုး၏ နေရာတွင် အစားထိုးခဲ့သူ ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတွင် စီးပွားရေး လုပ်ငန်းရှင် သားနှစ်ဦးရှိပြီး The Messenger News Journal နှင့် Messenger Daily သတင်းစာတို့ကို ထုတ်ဝေနေသည့် မိုးဆမ်းပန်း မီဒီယာမှာ ၎င်း၏သားဖြစ်သူ ဦးဇော်မင်းအေး ပိုင်ဆိုင်သည့် မီဒီယာဖြစ်သည်။ ဦးတင်အေး၏ သားတစ်ဦးဖြစ်သည့် (ဗိုလ်မှူးဟောင်း) ဦးဥက္ကာအေးမှာလည်း အိမ်ခြံမြေ Developer တစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော မြေကွက်များ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။
The Messenger News Journal သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ထောက်ခံခဲ့သော မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် အင်တာဗျူးအား ဖော်ပြခဲ့ဖူးသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ထိုးနှက်သည့် ဆောင်းပါးများကိုလည်း ဖော်ပြခဲ့သည်။
မြန်မာသံတော်ဆင့်က "တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈(က)၊ ၃၉၈(ခ)(၇)၊ ရည်ညွှန်းပုဒ်မ ၂၃၂ (ဋ) တို့အရ နားလည်ထားသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ ကင်းရှင်း၍ ပြည်သူများနှင့် နိုင်ငံရေး ပါတီများအပေါ် မျှတစွာ ဆက်ဆံလုပ်ကိုင်သူများအဖြစ် ရှိစေချင်ပါသည်" ဟု ရေးသားဖော်ပြ ခဲ့သည်။
ထို့အပြင် "ကြံ့ခိုင်ရေးပါတီ ဗဟိုမှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းနည်းတူ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက မြို့နယ်ကော်မရှင် ဥက္ကဋ္ဌအချို့သည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ လက်ရှိမြန်မာ့ နိုင်ငံရေး၏ သရုပ်သကန်ကို လှစ်ဟပြသနေခြင်းပင်" ဟု ဖော်ပြခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လစ်လပ်မဲဆန္ဒနယ် မြေ ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ရာ မဲဆန္ဒနယ်မြေ အများစုတွင် မဲစာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံ ပါတီဖြစ်သည့် NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက မဲပြားများတွင် ဖယောင်းများ သုတ်ထားကြောင်း ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းအား တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ကျပ်တစ်ထောင် ပေးဆောင်ရန် နေပြည်တော် ပုဗ္ဗသီရိ တရားရုံးမှ အမိန့်ချမှတ် ခဲ့သည်။
၂၀၁၃ စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုထားသည်။
Eleven Media Group
အပြည့်အစုံသို့ »

မထွက်ပေါ်သေးသော မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ ငြင်းခုံနေခြင်းသည် အကျိုးမရှိဟု ဦးရဲထွဋ် ဝေဖန်




မျိုးစောင့်ဥပဒေ မပေါ်ထွက်သေးဘဲ တစ် ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေမည် ဆိုပါက အကျိုးမရှိ နိုင်ကြောင်း သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က The Messenger သတင်းစာသို့ ပြောသည်။
““အခုဟာက ဥပဒေကြမ်းက ဘယ်လို ပေါ်မယ်ဆိုတာ မသိသေးဘူးလေ။ ကန့်ကွက်တယ် ဆိုတဲ့ လူတွေကလည်း နာမည်ကိုကြည့်ပြီး ကန့်ကွက်တာကို။ တကယ်တော့ ကျွန်တော်တို့ ရေးဆွဲမယ် ဆိုတာ လေ့လာ သုံးသပ်နေတုန်း ပဲရှိသေးတယ်။ နဂိုကတည်းက ဗုဒ္ဓဘာသာ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ ဆိုတာရှိခဲ့ပြီးသားပဲ၊ အဲဒီ ဥပဒေကို ပြင်မှာလား၊ အဲဒီ ဥပဒေမှာ အချက်အလက် ထပ်တိုးမှာလား၊ အဲဒီ ဥပဒေနဲ့ လုံလောက်ပြီလား ဆိုတာ အဖွဲ့အစည်းတွေက စဉ်းစားနေတုန်း ပဲရှိသေးတယ်”” ဟု ဦးရဲထွဋ် က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်သူနှင့် ထောက်ခံသူ များကြား အငြင်းပွားလျက်ရှိပြီး၊ အမျိုးဘာသာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ. သ) မှ မျိုးစောင့် ဥပဒေကို ကန့်ကွက်သူ တချို့အား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန် ထားသည်။ အခြား တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေသည် အမျိုးသမီးများ ကိုချုပ်ချယ်ရာ ရောက်ကြောင်းလည်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။
ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေမည် အစား ဥပဒေကြမ်း တစ်ခုလုပ်မည် ဆိုပါက မည်သည့် အချက်အလက်များ ပါဝင် သင့်သည်ကို အကြံပေးခြင်း၊ ဆွေးနွေးခြင်း များလုပ်သင့်ကြောင်း ဦးရဲထွဋ်က ဆိုသည်။ အချို့ ဥပဒေများသည် ဘာသာ တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တခြားဘာသာများ ကိုကာကွယ်၍ ရသကဲ့သို့ အမျိုးသမီးများ အခွင့်အရေး ကာကွယ်ခြင်းများ ပါဝင်ကြောင်း၊ ဥပဒေအား စောင့်ကြည့်ပြီးမှ ပြောဆိုခြင်းသည် ပို၍ ကောင်းကြောင်းလည်း ဦးရဲထွဋ်ကဆို သည်။
““မျိုးစောင့် ဥပဒေကို ဘယ်လိုရေးဆွဲပြီးမှ တင်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဥပဒေဆိုတာ ပြည်သူ့ အတွက် အကျိုးရှိတဲ့ ဥပဒေဆိုရင် တကယ် ကောင်းပါတယ်။ ထိရောက်တဲ့ ဥပဒေဖြစ်ဖို့ အားလုံး လက်ခံပြီးသုံး နိုင်တဲ့ ဥပဒေ ဖြစ်မဖြစ်ဆိုတာ ဥပဒေကြမ်းတင်း ပြီးမှသိမှာ၊ ဟိုပြောဒီပြော အကျိုးမရှိ ဘူး””ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က The Messenger သတင်းစာသို့ ပြောသည်။
မျိုးစောင့် ဥပဒေ ရေးဆွဲနိုင်ရန် အတွက် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သမ္မတထံ တင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များကို ပြန်လည် ပေးပို့ထားသည်။
““ဒီအချက်ကို မကြိုက်ဘူးဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်အချက်ကို မကြိုက်ဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်ဥပဒေမှာမှ လုံးဝမှန်တာ လုံးဝမှားတာ မရှိဘူး။ အဲဒီထဲမှာ အားနည်းချက် ရှိတယ်၊ အားသာချက် ရှိတယ်။ အပြည်အစုံ မသိသေးဘဲနဲ့ ကန့်ကွက်တယ် ဆိုတာ ရည်ရွယ်ချက် ရှိလိမ့်မယ် ထင်တယ်”” ဟု အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဒေါ် ခင်ဝိုင်းကြည်က The Messenger သတင်းစာသို့ပြောသည်။
အဆိုပါ မျိုးစောင့် ဥပဒေသည် နိုင်ငံရေး အမြတ်ထုတ်ရန် အတွက် လုပ်နေခြင်းဖြစ်ပြီး သံဃာတော် များက အသုံးချ ခံနေခြင်းဖြစ် ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သို့မိန့်ကြား ထားသည်။ အဆိုပါ ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှုအဖွဲ့အစည်း (၉၀) ကျော်ကန့်ကွက် ထားသည်။




messenger news journal


အပြည့်အစုံသို့ »

ကချင်နှင့် ရခိုင် ပြည်နယ်တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ ဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်


ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် နိုင်မည် မဟုတ်ကြောင်း ယင်းပါတီ၏ CEC အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က The Messenger သတင်းစာသို့ ပြောသည်။

ကျွန်တော်တို့ ပါတီကို တိုင်းရင်းသားတွေ လူမျိုးရေး အရ ထောက်ခံမှု အားနည်းတယ် ဆိုတာ ကျွန်တော်တို့က ဒါကို မပြောလိုပါဘူး။ လူမျိုးရေးအရ ရှိပါတယ်။ တချို့ဆိုရင် လူမျိုးရေး အရ ကျွန်တော်တို့ ပါတီကို အင်တိုက်အား တိုက်ဝင်လာတာမျိုး ရှိပါတယ် ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ၈၈ မျိုးဆက်နှင့် NLD ပါတီတို့ ပူးပေါင်း ဟောပြောပွဲများကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန်(၁၄) ရက်နေ့၊ ဗန်းမော်မြို့တွင်(၁၆)ရက်နေ့၌ကျင်းပ မည်ဖြစ်ကာ ၈၈ မျိုးဆက်ကျောင်းသားများ ထဲမှ နာမည်ကြီးခေါင်းဆောင်များနှင့် NLD ၀ါရင့် နိုင်ငံရေး သမားများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကို မကြာမီ လပိုင်းအတွင်း ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။

၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အားလုံး တစ်သဘောတည်းလို့ ထင်ပါတယ်။ တိုင်းရင်းသား အားလုံးက လက်ခံကြမှာပါ ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက The Messenger သတင်းစာသို့ ပြောသည်။ ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီများ ကိစ္စ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအချို့ ကြောင့် ရခိုင် တိုင်းရင်းသားတချို့ က မကျေ နပ်မှုများ ရှိကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားထားသည်။ KIA နှင့် မြန်မာ့တပ်မတော် အပစ်အခတ် ရပ်စဲရေး ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် တောင်းဆိုမှုများ ရှိနေသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပူးပေါင်း၍ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပြည်သူလူထု ဆန္ဒပြု လက်မှတ်များကို မေလ (၂၇) ရက်မှ စတင်ကာ ဇူလိုင်လ (၁၉) ရက်နေ့ အထိ ကောက်ခံနေသည့် အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လည်း နိုင်ငံ အနှံ့ဟောပြောပွဲ များ ဆက်တိုက် ပြုလုပ် လျက်ရှိသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ အတွက် အဟန့်အတားဖြစ်သည်ကို တပ်မတော်သားများ နားလည်ရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြော



၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ အတွက် အဟန့်အတား ဖြစ်သည်ကို တပ်မတော်သားများက နားလည်ရမည် ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက The Messenger သတင်းစာသို့ ပြောကြားသည်။၄၃၆ဆိုတာသူတို့ဟာသူတို့ ကာကွယ်နေ တာ၊ တပ်မတော်သားတွေ နားလည်ရမှာက ဒီဟာ ပြည်သူလူထု တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အဟန့်အတားကြီး ဖြစ်နေတာ၊သူတို့ကို ပြန်ထိ မလားဆိုပြီး၊ သူတို့ကို သူတို့ပြန်ကာကွယ်နေတာ၊ ပြင်ဆင်ဖို့ တပ်မတော်သားတွေ အများကြီးပါချင်ပါတယ်။ သို့သော် အမိန့်ပေး စနစ်အပေါ်က ရှိနေတော့ အပေါ်က လူကို အဓိကပြောတာ၊ ကာကွယ်ရေးဦးစီးချုပ် တို့လည်း နားလည်စေချင်ပါတယ် ဟု သူရဦးတင်ဦး က ပြောသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ မဟုတ်ဘဲ ပြည်သူသည်သာ အမိ ပြည်သူသည်သာ အဖ ဖြစ်သောကြောင့် တပ်မတော်သည် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အတွက် ပါဝင်ရမည် ဖြစ်ကြောင်း၊ပုဒ်မ ၄၃၆ သည် အဟန့်အတားကြီး တစ်ခုဟူ၍ တပ်မတော်သားများက နားလည်ရမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။ တပ်မတော် အနေဖြင့် ဒီမိုကရေစီကို လိုလားပါက အားလုံး ရင်ကြားစေ့နိုင်ရမည် ဖြစ်ကာ၊ အဂတိတရားကင်းရမည်ဖြစ် ကြောင်း၊ အကြမ်းဖက်မည် ဆိုပါက နောက်ထပ် နှစ်ပေါင်း (၆၀) ထပ်ကြာမည်ကို မလိုလားကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်ထဲမှ ထွက်၍ ရွေးကောက်ပွဲ ၀င်ရောက်လိုပါက ၀င်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရ ဦးတင်ဦးက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဖို့ လွှတ်တော်အမတ် နှစ်ဆယ် ရာခိုင်နှုန်းရှိရင် တင်လို့ရတယ်။ ဒါပေမဲ့ မထောက်ခံရင် အထမမြောက်ဘူးပေါ့။ (၇၅) ရာခိုင်နှုန်းဆိုတော့ အားလုံးလိုလို ထောက်ခံမှဖြစ်မှာ၊ တပ်မတော်သားတွေ မထောက်ခံရင် မဖြစ်ဘူး ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက The Messenger သတင်းစာသို့ ပြောသည်။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လွှတ်တော်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ က ဆုံးဖြတ်လိုက် သော်လည်း ပြင်ဆင်ရန် အတည်ပြု ဆုံးဖြတ်နိုင်ရေးသည် တပ်မတော် အပေါ်တွင်သာ မူတည်ကြောင်း သိရသည်။ ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ရန်မဲခွဲ ဆုံးဖြတ်သည့်အချိန်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်၏ ထောက်ခံ သဘော တူညီချက် ရရှိပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည် ဖြစ်သဖြင့် အမှန်တကယ် ပြင်ဆင်နိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်းလည်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal


အပြည့်အစုံသို့ »

အိမ်ငှား၊ မြေငှား လုပ်ကိုင်သူ ပိုင်ရှင်များအား အခွန်ဆောင်ခိုင်းမည်



အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ပိုင်ရှင်များအား လာမည့်လမှ စတင်ကာ စာရင်းကောက်ခံ၍ အခွန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။

စာရင်းကောက်ပြီး ထွက်လာရင် အိမ်ရှင်၊ ပိုင်ရှင်တွေကို အချိန် အတိုင်းအတာ တစ်ခုစောင့်ပြီး ဆက်သွယ် အခွန်ဆောင်ခိုင်းမယ်။ အရင် က (၁၀၀) မှာ (၂၀) ရာခိုင်နှုန်းပဲ အခွန်ဆောင်ကြတယ်။ ကျန်ရှိတဲ့ (၈၀) ရာခိုင်နှုန်းကို ဖော်ထုတ်ပြီး လုပ်ဆောင်သွားမယ် ဟု ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုး က The Messenger သတင်းစာသို့ ပြောသည်။

အိမ်ငှား၊ မြေငှားများ အပြင် တိုက်ခန်း၊ ကွန်ဒို၊ ရုံးခန်းများ ငှားရမ်းခွင့်ပြုပေးထားသော ပိုင်ရှင်များကို ရရှိသော တစ်နှစ်တာ ၀င်ငွေ၊ ကုန်ကျ စရိတ်ကို တွက်ချက်ပြီး၊ ကျန်ရှိသော ၀င်ငွေမှ ရာခိုင်နှုန်း တွက်ချက်ကာ အခွန်ပေးဆောင် စေရန် စီစဉ် သွားမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။ ရန်ကုန်မြို့ တွင် နေထိုင်သူ လူဦးရေ (၇ ဒသမ ၉) သန်းတွင် ငှားရမ်း နေထိုင်သူ လူဦးရေ တစ်သန်းကျော်ရှိပြီး၊ ၎င်း တို့အနက် အများစုသည် တိုင်းရင်းသား လူမျိုးများ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ သိရသည်။

ဒီလို ကောက်ရင်တော့ ကိုယ်တွေ မထိခိုက်ဘူး။ အဆောင်လခ တိုးလာရုံပဲ ရှိတယ်။ ထိခိုက်မှာက အဆောင်နေသူတွေနဲ့ ငှားရမ်းနေတဲ့ လူတွေ၊ ကုမ္ပဏီမှာ လုပ်တဲ့လူတွေ အတွက်က မထူးခြားပေမယ့် ကိုယ်တို့ဘက်မှာက စက်ရုံ လုပ်သားများတော့ သူတို့ ထိခိုက်မယ်။ အဲဒီလို ဆိုရင်ရတဲ့ ၀င်ငွေနဲ့ အဆောင်လခ မကိုက်ဘဲ နယ်ပြန်တဲ့လူတွေ များလာမယ် ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် အဆောင် ဖွင့်လှစ်ထားသူ ကိုဇော်မင်းက The Messenger သတင်းစာသို့ ပြောသည်။

လ.၀.က ၏ မြေပြင် သန်းခေါင်စာရင်း ကောက်ယူမှု အရ အဆိုပါ အိမ်ငှား နေထိုင်သူများသည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ အရှေ့ပိုင်းခရိုင် တို့တွင် အများဆုံး တွေ့ရပြီး၊ ၎င်း တို့ အထဲတွင် အဆောင်တွင် ငှားရမ်း နေထိုင်သူ၊ တိုက်ခန်းများတွင် စုငှား နေထိုင်သူ (၁) ရာခိုင်နှုန်းခန့် ပါဝင် ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မှ သိရသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံ မှတ်တမ်းသည် ယခင်က ဆယ့်လေးသိန်းရှစ်သောင်း ရှိရာမှ ယခုမြေပြင် သန်းခေါင် စာရင်းကောက် ယူသော အခါတွင် သုံးသိန်းကျော် တိုးလာပြီး၊ (၁၇) သိန်းကျော်ရှိ လာကြောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သော (လ.၀.က) က ၀န်ထမ်းများက ဧပြီလက The Messenger သတင်းစာသို့ ပြောကြား ထားသည်။
Messenger News Journal
အပြည့်အစုံသို့ »

သံဃာတော်ငါးပါးအား လူဝတ်လဲ ရုံးထုတ်မည့် ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်ချိန် မတိုင်မီ တုံ့ပြန်သွားမည်ဟု ဆို


မဟာ သန္တိသုခ ကျောင်းတော်ကြီးမှ လန်ဒန် ဆရာတော် ဥူးဥတ္တရ အပါအ၀င် သံဃာတော် ငါးပါးအား လူဝတ်လဲ ရုံးထုတ်မည့် ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်ချိန် မတိုင်မီ တစ်စုံတစ်ရာ တုံ့ပြန် သွားမည် ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်သူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က The Messenger သတင်းစာ သို့ မိန့်ကြားသည်။ ယင်းသို့ တုံ့ပြန်သွားနိုင်ရန် အတွက် ရွှေည၀ါ ဆရာတော် ဥူးပညာဝံသ၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ နှင့် ရွှေဝါရောင် တော်လှန်ရေး ဆရာတော်များ နှင့် တိုင်ပင် ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း သိရသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေည၀ါ ဆရာတော်၊ ဦးဝီရသူ နဲ့ ဘုန်းဘုန်းတို့က သဘောထား အတူတူပဲ။ အခုချိန်မှာက ပြောရမှာ စောသေးတယ်။ အကြံပြု တင်ပြထားတယ်။ အဖြေမရ သေးလို့ စောင့်နေတာ ဟု ဆရာတော် ဦးပါမောက္ခ က ဆက်လက် မိန့်ကြားသည်။

ယမန်နေ့ က ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ်၍ တိုင်းသံဃာ့ မဟာနာယက အဖွဲ့နှင့် နိုင်ငံတော် သမ္မတ သာသနာရေး အကြံပေး ဦးအံ့မောင် အား ဖြုတ်ချပေးရန် တောင်းဆို သွားမည်ဆို သော်လည်း သတင်းစာ ရှင်းလင်းပွဲပြု လုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

လန်ဒန် ဆရာတော် တပည့် သာဝကတွေက အထက်ပိုင်း နည်းလမ်းနဲ့ သွားချင်တယ်။ သူတို့ကလည်း သူတို့ နည်းလမ်းနဲ့ လုပ်ချင်တော့ ဘုန်းဘုန်းတို့ က နောက်ဆုတ်ပေးလိုက်တဲ့ သဘောရှိတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒကာ၊ ဒကာမတွေက ကြောက်နေတဲ့ သဘောလည်းရှိတယ် ဟု ဆရာတော် က ထပ်လောင်း မိန့်ကြားသည်။

ယခုလ (၁၀) ရက်နေ့၊ နံနက် (၁) နာရီ အချိန်တွင် ပီနန်ဆရာတော် ဥူးပညာဝံသ၏ မဟာသန္တိသုခ ကျောင်းတော်ကြီးအား နိုင်ငံတော် သံဃာ့ နာယက အဖွဲ့၏ ညွှန်ကြားချက်ဖြင့် တိုင်းသံဃာ့ နာယက အဖွဲ့မှ တာဝန်ရှိသူများ၊ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ၊ ရဲတပ်ဖွဲ့ အင်အားများဖြင့် အင်အားသုံး ဖယ်ရှားခဲ့ပြီး ယင်းကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်သော သံဃာ (၇) ပါးအား ခေါ်ဆောင်သွား ခဲ့သည်။

အခုချိန်ထိတော့ ဆက်သွယ်ထားတာ မရှိသေးဘူ။ ဒီကိစ္စမှာ ပူးပေါင်းသွားမယ်။ ဒါမတရားခံရတဲ့ ကိစ္စ၊ ရှေ့ကနေ မားမားရပ်တည်ပေးသွားမယ် ဟု ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သတင်းစာသို့ မိန့်ကြားသည်။ မဟာ သန္တိသုခ ကျောင်းတော်ကြီးမှ အင်အားသုံး ခေါ်ဆောင် သွားသော သံဃာ ခုနစ်ပါးမှ လန်ဒန် ဆရာတော် ဦးဥတ္တရ အပါ ငါးပါးအား ယခု လ(၁၃) ရက်နေ့တွင် လူဝတ်လဲ၍ တာမွေမြို့မ ရဲစခန်းမှ တစ်ဆင့် တာမွေမြို့နယ် တရားရုံးတွင် တိုင်းသံဃာ့ နာယက အဖွဲ့မှ ဦးတိုက် လျှောက်ထားပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၎င်း တို့အား ယခုလ (၂၀) ရက် နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ဖြစ်ကြောင်း ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆရာတော် ဦးဝီရသူ အနေဖြင့်လည်း လူဝတ်လဲ ဖမ်းဆီးခံထားရသော သံဃာတော်များ၏ အခြေအနေအား စောင့်ကြည့် နေကြောင်း နှင့် ပြန်လည် မလွှတ်ပေးပါက ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း The Messenger ဂျာနယ် အင်တာဗျူးတွင် မိန့်ကြားထားသည်။

Messenger News Journal
အပြည့်အစုံသို့ »

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် (၂)ရက် အတွင်း (၃) သိန်း နီးပါးရရှိ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်းတို့ ပူးပေါင်း ကောက်ယူသော ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် အရေ အတွက်မှာ နှစ်ရက် အတွင်း သုံးသိန်း နီးပါး ရရှိ ခဲ့ကြောင်း NLD မှ သတင်းရရှိသည်။ လက်ရှိ အချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် တို့တွင် ကောက် ခံရရှိခဲ့ပြီး ဖြစ်ပြီး၊ လက်မှတ်ပေါင်း နှစ်သိန်း ရှစ်သောင်းကျော် ရရှိ ခဲ့ကြောင်း သိရသည်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့ ကျေးရွာတွေ ကတော့ လက် မှတ်ရေးထိုးတာ တစ်ရက် နောက်ကျတော့ ချက်ချင်း လက်မှတ်တွေ စာရင်းစစ်ဖို့တော့ ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ မှာရှိတဲ့ ကျေးရွာတွေ တော်တော် များများကိုတော့ စာအုပ်တွေ ပေးပို့ထားတယ် ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ဗဟို ပြန်ကြားရေး အဖွဲ့ ဝင် ဦးထင်လင်းဦးက The Messenger သတင်းစာသို့ ပြောသည်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှု ပထမနေ့တွင်ပင် လက်မှတ်ပေါင်း တစ်သိန်းကျော်ရှိခဲ့ပြီး၊ ဒုတိယ မြောက် နေ့တွင် အစိုးရ ၀န်ထမ်း များလည်း ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း NLD မှ သိရသည်။ အစိုးရ ၀န်ထမ်းများတွင် ကျောင်း ဆရာ၊ ဆရာမများ အများစု ပါဝင်ကြောင်း သိရသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် လက်မှတ် ကောက်ခံရန် အတွက် လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း နှင့် တိုင်းရင်းသား အဖွဲ့ အစည်း များက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် များအား ကောက်ခံရာတွင် လက်မှတ်အရေ အတွက်ကို မည်မျှရရှိရမည်ဟု သတ်မှတ်ထားခြင်း မရှိဘဲ ရရှိလာသော လက်မှတ်စာရင်းများ အား နေ့စဉ် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းနှင့် NLDတို့ ပူးပေါင်း ကောက်ခံမှုကို မေလ (၂၇) နေ့မှ ဇူလိုင်လ (၁၉) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၄၃၆ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အနုပညာရှင်များ ကိုယ် တိုင် လက်မှတ်ရေးထိုးခဲ့ကြသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

တပ်မတော်၏ ဒို့တာဝန် အရေးသုံးပါး အဓိပ္ပာယ် ဖွင့်ဆိုချက် ကျေနပ်လောက်ဖွယ် မရှိဟု NCCT ပြော



တပ်မတော်၏ ဒို့တာဝန် အရေးသုံးပါး အဓိပ္ပာယ်ဖွင့်ဆိုချက်သည် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) အနေဖြင့် ကျေနပ် လောက်ဖွယ် မရှိကြောင်း NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Messenger သတင်းစာသို့ ပြောသည်။

တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် တပ်မတော်မှ ဒို့တာဝန် အရေးသုံးပါးထည့်သွင်းမှုအား NCCT က ဖြေရှင်းချက် တောင်းခံခဲ့ခြင်းကြောင့် တပ်မတော် ကစာရွက်စာတမ်းနှင့်တကွ ယမန်နေ့က အစည်းအဝေးတွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။ အဓိပ္ပာယ် ရှင်းလင်းချက် ကို ကျွန်တော်တို့ကိုပေးတာ ဒို့တာဝန်အရေးသုံးပါး မကဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၆) မှာ ပါတဲ့ အခြေခံမူ ခြောက်ချက်စလုံးရဲ့ ရှင်းလင်းချက်ကို ကျွန်တော်တို့ ဖတ်ရတယ်။ ဒို့တာဝန် အရေးသုံးပါး ဖွင့်ဆိုချက် နေရာကတော့ ကျွန တော်တို့ လိုချင်တဲ့ ပုံစံနဲ့ အံဝင်ဂွင်ကျ မဟုတ်ဘူး ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောသည်။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၆)တွင် ပါဝင်သော အချက်ခြောက်ချက်တွင် နောက်ဆုံး အချက်ဖြစ်သော နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး ဆိုသည့် အချက် ကိုသာ အကျယ်တ၀င့် ရှင်းလင်းထားပြီး ကျန်အချက်များကို အကျယ်တ၀င့်ဖွင့်ဆိုခြင်းမရှိဘဲ လိုတိုရှင်းသာ ဖွင့်ဆိုထားကြောင်း NCCT ထံမှ သိရသည်။ ဒို့တာဝန် အရေးသုံးပါး ဖွင့်ဆိုချက် ကို ကျွန်တော်တို့ဘက် ကလည်း သပ်သပ်ဖွင့်ဆို ထားတာလည်းရှိတယ်။ အဲဒါကိုပေးလိုက်ပြီ ဟု ၎င်း က ဆက်လက် ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ယမန်နေ့ ကကျင်းပပြုလုပ်သော အစိုးရနှင့် NCCT တို့၏ တွေ့ဆုံပွဲတွင် တပ်မတော် ကိုယ်စားလှယ် များက၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မ (၆)(က) ပြည်ထောင်စု မပြိုကွဲရေး (ခ) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ) အချုပ် အခြာအာဏာ တည် တံ့ခိုင်မြဲရေး၊ (ဃ) စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ (င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်ကပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် စသည့် အချက်များကို စာရွက်စာတမ်းနှင့် တကွ တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal


အပြည့်အစုံသို့ »

ဖိလစ်ပိုင်တွင် အင်တာနက်ပြစ်မှု ဥပဒေအရ အမျိုးသမီး တစ်ဦးအား တရားစွဲဆို ဖိလစ်ပိုင်တွင် ပြဋ္ဌာန်းထားသော အငြင်းပွားဖွယ်ရာ အင်တာနက်ပြစ်မှု ဥပဒေအရ အမျိုးသမီး တစ်ဦးမှာ ပထမဆုံး တရားစွဲ ဆိုခံရသူ ဖြစ်လာကြောင်း သိရသည်။



ကာလာမာတီနက်ဇ် အစ်ဂနာစီယိုဟု ခေါ်သည့် ထိုအမျိုးသမီးသည် ကွန်ပျူတာ ဒေတာများကို ခိုးယူပြီး ၎င်း၏ ဘဏ်စာရင်းထဲသို့ ဒေါ်လာငွေထောင်နှင့် ချီ၍ လွှဲပြောင်း ထည့်သွင်းခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ခဲ့ရကာ ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံရဖွယ် ရှိနေသည်ဟု ဖိလစ်ပိုင် တရားရေးဌာနက ထုတ်ပြန်သည်။

၎င်းကို မနီလာမြို့ပြင်ရှိ လတ်စ်ပီနာမြို့တွင် အစိုးရ ရှေ့နေတစ်ဦ်းက တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး ဖီလစ်ပိုင် အင်တာနက်ပြစ်မှု တားဆီးရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထား သည်။ ဖိလစ်ပိုင်၏ အငြင်းပွားဖွယ်ရာ ထိုဥပဒေတွင် အင်တာနက်မှ စာရင်းအင်း နှင့် ဘဏ်ကတ်များကို ခိုးယူမှု၊ ကလေးသူငယ် ညစ်ညမ်း ရုပ်ပုံများဖြင့် လွှင့်တင်မှု အပါအ၀င် ပြစ်မှုများကို သတ်မှတ် ဖော်ပြထားသည်။ သို့သော် ဝေဖန်သူများက ထိုဥပဒေမှာ အစိုးရနှင့် သဘောထား ကွဲလွဲသည့် အတိုက်အခံများကို လည်း ဥပဒေ အကြောင်းပြ၍ နှိပ်ကွပ်နိုင်သည့် အတွက် ဝေဖန်နေကြသည်။

ထိုဥပဒေကို ၂၀၁၂ တွင် ပြဋ္ဌာန်းခဲ့သော် လည်း အတိုက်အခံများ၏ ကန့်ကွက်မှုများ ပြင်းထန်ခဲ့ပြီး ကြန့်ကြာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက ထိုဥပဒေမှာ အခြေခံဥပဒေနှင့် ညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့ရာ အတည် ဖြစ်ခဲ့သည်။ သို့သော် တရားရုံးသည် အာဏာပိုင်များအား ၀က်ဘ်ဆိုက်များကို ပိတ်ပင်ခွင့်နှင့် အင်တာနက် အသုံးပြုနှုန်း များကို ထိန်းချုပ်ခွင့် တို့ကိုမူ ပယ်ဖျက်ခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

ရန်ကုန်မြို့ ရေကြီးရေလျှံမှု လျော့ကျစေရန် ပြည်ပနိုင်ငံများသို့ အကူအညီ တောင်းမည်


ရန်ကုန်မြို့တွင် မိုးရွာသွန်းလျှင် ဖြစ်ပွားလေ့ ရှိသော ရေကြီး ရေလျှံမှုများ လျော့နည်းလာစေရေး အတွက် ပြည်ပနိုင်ငံများသို့ အကူအညီ တောင်းခံရန် စီစဉ်နေပြီ ဖြစ်ကြောင်း YCDC မှ သတင်း ရရှိသည်။ ရေကြီး ရေလျှံမှုများ ပပျောက်စေဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက် နေပေမယ့် နည်းပညာ မရှိ လို့ ထိရောက်မှု သိပ်မရှိဘဲ ဖြစ်နေတယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာဌာန) လမ်းနှင့် တံတားမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ဇွန်လ(၁၁) ရက်နေ့ မနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်၊ သမိုင်းလမ်းဆုံ၊ ဘူတာရုံလမ်း၊တောင် ဥက္ကလာပ မြို့နယ် များတွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ သွားလာရေး ခက်ခဲခဲ့သည်။ ထို့အပြင် ယခုနှစ် မိုးဦးရာသီတွင် မိုးသည်း ထန်စွာ ရွာသွန်းလျှင် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ ပပျောက်စေရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် သုံးစွဲခဲ့သည်။ ယခုအခါ ရေကြီးရေလျှံ မှုများ လျှော့ချနိုင်ရန် မြစ်ထွက်ပေါက်အသစ်များ၊ ရေထိန်းတံခါးများ၊ ရေမြောင်းများကိုလိုအပ်သော စက်ကိရိယာများဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အိမ်တွေကလည်း မြောင်းတွေကို ပတ်ပြီး ဆောက်လုပ် ထားတာရှိနေ သလို ပြည်သူတွေ ကလည်း စည်းကမ်းမရှိတာ တွေပါတယ်။ ဒါကို စစ်တမ်း ကောက်ပြီး အဓိက ဘယ်မှာ ရေအကြီးဆုံး ဖြစ်နေလဲ၊ အဲဒီဖြစ်တဲ့ နေရာကို ဦးစားပေးပြီး တစ်ဆင့်ချင်း ဆောင်ရွက်ရင်တော့ ဒါတွေကို လျော့ကျ လာနိုင်ပါတယ် ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသာအေး က ပြောသည်။ ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုများ လျှော့ချ နိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း တစ်သောင်းကျော် သုံးစွဲခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ငါးထောင်ကျော် တိုးမြှင့် သုံးစွဲခဲ့ကြောင်း YCDC မှ သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

ဖွဲ့စည်းပုံပြင်လျှင် NLD အနိုင်ရမည်ဟု ပြောဆိုမှုများ ရှိကြောင်း ဒေါ်ဆောင်ဆန်းစုကြည်ပြော



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကျိန်းသေ အနိုင်ရရှိလိမ့်မည် ဟုပြောဆိုမှုများ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်သည်။ ယမန်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို ကော်မတီ အစည်း အဝေး၌ ဒေါ်အောင်ဆန်းစုကြည် က ၎င်း ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုနေမှုများ ကိုလည်း အဘယ်ကြောင့် ပြောဆိုနေခြင်း ဖြစ်ခြင်းကို ၎င်း အနေဖြင့် စိတ်ဝင်စားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ဒီဟာ ပြည်သူလူထုအနေနဲ့ လွတ်လွတ် လပ်လပ် ကြိုက်ရာကို ရွေးချယ် နိုင်အောင်လို့ ကျွန်မတို့က ပြုပြင်ပြောင်းလဲချင်တာ။ တစ်ကယ့်ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေချင်လို့။ ပြည်သူလူထု သြဇာလွှမ်းမိုးသွားလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ မှာ နိုင်မယ်လို့များဒီလိုမြင်ကြသလား။ တကယ် တော့ ဘယ်သူပဲနိုင်နိုင်၊ ပြည်သူလူထုသြဇာ လွှမ်းမိုးဖို့ပဲ။ ပြည်သူလူထု သြဇာ လွှမ်းမိုးဖို့ လုပ်နေတဲ့ ကိစ္စကို အဖွဲ့ချုပ်နိုင်ဖို့လုပ်နေတယ် ဆိုလို့ရှိရင် အဖွဲ့ချုပ်ကိုဘာဖြစ်လို့ နိုင်မယ်လို့ တွက်တာလဲဆိုတာ အဲဒါကို ကျွန်မက မေးချင်တယ် ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အုတ်မြစ်ချပေးသော ဥပဒေဖြစ်မှ သာလျှင် မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖြစ်နိုင်မည် ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြင်သင့် ပြင်ထိုက်သော အချက်များ ကိုပြင်ဖို့ ကြိုးစားနေခြင်းဖြစ်ပြီး အချို့ကလည်း ယင်းသို့ပြုလုပ်နေခြင်းသည် NLD ပါတီတစ်ခုတည်း၏ အကျိုးကိုသာကြည့်၍ လုပ်ဆောင်နေသည် ဟု စွပ်စွဲ ပြောဆိုနေကြကြောင်း၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး အတွက် လူထုသဘောထားလက်မှတ် ကောက်ခံနေသည်။ ထိုသို့ကောက်ခံမှုကို မေ လ (၂၇) ရက်နေ့မှ ဇူလိုင် လ(၁၉)ရက်နေ့ အထိ ပြုလုပ် သွားမည်ဖြစ်သည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

နိုင်ငံတကာရှိ ဒုက္ခ ရောက်နေသော မြန်မာများ နေရပ်ပြန်လို ပါက MAI အခမဲ့ ပို့ဆောင်ပေးမည်


ပြည်တွင်း ပြည်ပနိုင်ငံ အသီးသီးတွင် ဒုက္ခ ရောက်နေသော မြန်မာလူမျိုးများ နေရပ်ပြန်လို ပါက MAI လေကြောင်းလိုင်းမှ အခမဲ့ ပို့ဆောင်ပေး သွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ၀န်ဆောင်မှု ပေးရာတွင် အမှန်တကယ် အခက်အခဲ ရှိသူများ၊ အကျဉ်းထောင် များမှ လွတ်မြောက်လာ သူများကိုသာ အခမဲ့ ခေါ် ဆောင်ပေးသွားမည်ဖြစ်ပြီး၊ တရားဝင် အလုပ်လုပ်ကိုင်နေသည့် သူများကိုမူ ၀န် ဆောင်မှုပေးမည် မဟုတ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။

ဒီလိုဝန်ဆောင်မှုပေးတာ လူမျိုးရေး စိတ်ဓာတ်ကြောင့် MAI က တတ်နိုင်တဲ့ဘက် က ၀င်ရောက် ကူညီတာပါ၊ ဒီအစီအစဉ် အချိန် ကန့်သတ် ထားတာတွေ မရှိပါဘူး ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာဒေါ်အေးမရသာ ကပြောသည်။

MAI မှယမန်နှစ်အတွင်းက အိန်္ဒိယ၊ မလေးရှားနိုင်ငံတို့တွင် ဒုက်္ခရောက်နေသည့် မြန်မာ လူမျိုးများအား အခမဲ့ ပြန်လည် ခေါ်ဆောင်ရာတွင် (၁၀) ကြိမ်မြောက် ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင်မူ ယင်းနှစ် နိုင်ငံသာမက အခြားသော နိုင်ငံများတွင် ဒုက္ခရောက် နေသူ များကိုလည်း အဆိုပါ ၀န် ဆောင်မှုများ ထပ်မံ ကူညီပေးသွားမည်ဖြစ်သည်။

ပြည်ပ နိုင်ငံများမှ ပြန်လည် ခေါ်ဆောင်ရာတွင် ဒုက္ခရောက် နေသည့် မြန်မာလူမျိုး တစ်ထောင်ကျော်အား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ် ဆောင်ခဲ့ပြီး၊ ယင်းထဲတွင် အကျဉ်းထောင်မှ လွှတ်မြောက်လာသူ အများဆုံး ပါဝင်ကြောင်းသိရသည်။

ကိုယ့်လူမျိုး ပြည်ပမှာဒုက်္ခရောက်နေ တာတွေ အများကြီးရှိသေးတယ်။ တချို့ဆို ရင် လမ်းပေါ်အိပ်ရတဲ့သူတွေတောင် ရှိနေသေးတယ် အဲဒီ လိုလူတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဒီကို ပြန်ခေါ်လာ ပေးသင့်တယ် ဟု MAI လေကြောင်းလိုင်းမှ ပြန်လည် ခေါ်ဆို လာသည့် မလေး အကျဉ်းထောင် မှ လွတ်မြောက်လာသူ ဦးကိုကိုကပြောသည်။ ယခုအခါ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာလူမျိုး ခြောက်သန်းကျော် ရှိပြီး၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် အများဆုံး လုပ်ကိုင်လျက် ရှိကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

မိဘဆွေမျိုးများ ဆန္ဒကို ဆန့်ကျင်သည့် အမျိုးသမီးအား ကျောက်ခဲဖြင့် ပစ်ပေါက် သတ်ဖြတ်ခြင်းသည် စက်ဆုပ်ဖွယ်ဟု ပါကစ္စတန် ၀န်ကြီးချုပ်ပြော


ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မိဘများ ပေးစားသူကို မယူဘဲ အခြားသူ တစ်ဦးကို လက်ထပ် ထိမ်းမြားခဲ့သည့် အမျိုးသမီး တစ်ဦးကို မိဘဆွေမျိုးများက အပြစ်ပေးသည့် အနေဖြင့် အုတ်ခဲ ကျောက်ခဲများဖြင့် ပစ်ခတ် ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရာ ယင်းလုပ်ရပ်မှာ လုံးဝကို လက်ခံပေးနိုင်စရာ မရှိကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ်က ဝေဖန် ပြောဆိုခဲ့သည်။ မီးအား ကျောက်ခဲဖြင့် ပစ်ပေါက် သတ်ဖြတ်ခြင်းသည် စက်ဆုပ်ဖွယ်ဟု ပါကစ္စတန် ၀န်ကြီးချုပ် ပြောဆိုခဲ့သည်။ ကိုယ်ဝန် သုံးလရှိနေပြီ ဖြစ်သော ဖာဇာ နာပါဗင်းအား မိဘဆွေမျိုးများ လာဟိုးမြို့ရှိ တရားရုံး တစ်ခုရှေ့တွင် အုတ်ခဲ ကျောက်ခဲများဖြင့် ပစ်ခတ် ခဲ့ကြခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် တားဆီးခြင်းမရှိဘဲ လက်ပိုက်ကြည့် နေခဲ့ကြောင်း ၎င်း၏ ခင်ပွန်းက ပြောဆိုခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် မစ္စပါဗင်းသည် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း လာဟိုးမြို့ ရဲတပ်ဖွဲ့၏ စခန်းမှူးက ပြောဆိုခဲ့သည်။
သတ်ဖြတ်မှု ဖြစ်ပွားချိန်သည် နေ့ခင်း ကြောင်တောင် အချိန်ကြီးဖြစ်ပြီး၊ အခင်းဖြစ်ပွားရာ နေရာတွင် ရဲတပ်ဖွဲ့ဝင်များ နှင့် အများပြည်သူများ ရှိနေကာ တစ်စုံတစ်ဦးက မှ ၀င်ရောက် တားဆီးခြင်း မရှိသောကြောင့် နိုင်ငံတစ်ဝန်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိခဲ့သည်။ ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်သည် ပန်ဂျတ်ခရိုင် ၀န်ကြီးချုပ်အား အဆိုပါ အမှုကိစ္စကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ချက်ချင်း တင်ပြရန် စေခိုင်းခဲ့သည်။လာဟိုးမြို့ရှိ ယခု သတ်ဖြတ်မှုကြောင့် ပါကစ္စတန်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းဝင် များတုန်လှုပ် ခဲ့ရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများသည် တွစ်တာနှင့် ဖေ့စ်ဘွတ်ခ် ကဲ့သို့ လူမှုမီဒီယာများတွင် အံ့သြ တုန်လှုပ်မိကြောင်း ရေးသားခဲ့သည်။ အင်္ဂလိပ် ဘာသာ စကားဖြင့် ထုတ်ဝေသည့် သတင်းစာများက လည်း ယခု ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ဝေဖန ရှုတ်ချသည့် ခေါင်းကြီးပိုင်းများကို ဖော်ပြခဲ့သည်။ သို့သော် ပါကစ္စတန်တွင် လူပြော အများဆုံးဖြစ်သည့် အူရဒူဘာသာ စကားဖြင့် ထုတ်ဝေသည့် သတင်း မီဒီယာများတွင် ယခုသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ဖော်ပြခြင်း မရှိခဲ့ဘဲ နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာ သတင်းများ ကိုသာဖော်ပြခဲ့သည်။ မစ္စပါဗင်း၏ ဖခင်ဖြစ်သူသည် နောက်ပိုင်းတွင် ရဲစခန်းသို့ သွားရောက်ပြီး အဖမ်းခံ ခဲ့သော်လည်း အခြား ဆွေမျိုးများမှာမူ ဖမ်းဆီးခံရခြင်း မရှိသေးချေ။ ဆွေမျိုးတချို့ဖား ဖမ်းဆီးထားပြီး ဖြစ်ကာ ၎င်းတို့အား စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာရဲ အရာရှိ မူဂျာဟစ် ဟူစိန်က ပြောဆိုခဲ့သည်။ကုလ လူ့အခွင့်အရေး ဆိုင်ရာ အရာရှိချုပ် နာဗီပီလေက ယခုကိစ္စကြောင့် အင်မတန် တုန်လှုပ်ခဲ့ရပြီး အရေးယူမှုများ လုပ်ဆောင်ရန် ပါကစ္စတန် အစိုးရကို တိုက်တွန်း ပြောဆိုခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

ရုရှား လိုလားသော ခွဲထွက်ရေး သမားများ ကျောက်မီးသွေးတွင်းများ ကို သိမ်းပိုက်ပြီး ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ် ပေးရန် တောင်းဆို



ရုရှား လိုလားသော ခွဲထွက်ရေး သမားများ သည် ယူကရိန်း အရှေ့ပိုင်းရှိ ကျောက်မီးသွေး တွင်းများအား ကြာသပတေးနေ့ က သိမ်းပိုက်ခဲ့ပြီး သတ္တုတွင်း အလုပ်သမားများ အား ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ပေး ရန် တောင်းဆို ခဲ့ကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာန က ပြောဆိုခဲ့သည်။
တနင်္ဂနွေနေ့ တွင် ယူကရိန်းတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ခွဲထွက်ရေး သမားများ သည် ရွေးကောက်ပွဲ အား နှောင့်ယှက်ရန် အတွက် ယူကရိန်း စီးပွားရေး၏ အဓိက ရင်းမြစ် တစ်ခုဖြစ်သည့် ကျောက်မီး သွေးတွင်းများ ကို တိုက်ခိုက် သိမ်းပိုက် ထားခြင်းဖြစ်သည်။
ရုရှား နယ်စပ်နားရှိ လူဂန်စကီ ဒေသတွင် ဖြစ်ပွားခဲ့သည့် အထက်ပါ ဖြစ်ရပ်အား ယူကရိန်း စွမ်းအင် ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားသော်လည်း ခွဲထွက်ရေး သမား မည်မျှ ပါဝင်သည်၊ ကျောက်မီးသွေးတွင်း အလုပ်သမားများ ၏ ကံကြမ္မာ မည်သို့ ရှိသည် တို့ကိုမူ ယခု အချိန်အထိ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးချေ။
ယူကရိန်း စွမ်းအင် ၀န်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် ““အကြမ်းဖက် သမားတွေဟာ လက်နက်တွေ နဲ့ သတ္တုတွင်း အလုပ်သမားတွေ ကို ခြိမ်းခြောက် နေကြပြီး ဖောက်ခွဲရေး ပစ္စည်းများအား တောင်းဆို ထားကြပါ တယ်””ဟု ဆိုထားသည်။ ထို့ပြင် ယူကရိန်း စွမ်းအင်ဝန်ကြီးသည် ထိုကိစ္စအား လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ အား ချက်ချင်း ဆောင်ရွက်ရန် ယူကရိန်း လုံခြုံရေးဌာနကို တောင်းဆို ထားသည် ဟုလည်း ဆိုထား သေးသည်။ ကရိုင်းမီးယား ဒေသအား ရုရှားက ၎င်းတို့ပိုင် အဖြစ် သတ်မှတ်ပြီး နောက် ယူကရိန်း နှင့် ရုရှားတို့ကြားရှိ ဆက်ဆံရေး တင်းမာလာခဲ့ပြီး တစ်ချိန်တည်းမှာတွင် ယူကရိန်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေး သမားများသည် အကြမ်းဖက် တိုက်ခိုက်မှုများ အား ပြုလုပ် လာခဲ့သည်။ ကရိုင်းမီးယားအား သိမ်းပိုက် ထားသည့် ရုရှားအား အမေရိကန် အပါအ၀င် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့သည်။


The Messenger's International News
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

လီဗာပူးလ်နှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း ဘယ်လာမီ ကစားသမားဘ၀မှ အနားယူ


လီဗာပူးလ်နှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း ဘယ်ဘာမီ က ၎င်း အနေဖြင့် ကစားသမားဘ၀မှ အနားယူပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာမှု ပြုလုပ်သွားခဲ့သည်။ အသက် (၃၄) နှစ် အရွယ်ရှိ ဘယ်လ်လာမီ သည် ကာဒစ်ဖ်အသင်းနှင့် အတူ ကစားသမားဘ၀ ဖြတ်သန်းရင်း အနားယူ သွားခဲ့ခြင်းဖြစ်ပြီး ၎င်းအား အင်္ဂလန် အပါအ၀င် အခြားပြည်ပအခြေစိုက် လိဂ်အချို့မှ လာရောက် ကစားရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ခန္ဓာကိုယ် က အနားယူရန်တွန်းအားပေးခဲ့ခြင်းကြောင့်ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ဘယ်လာမီသည်၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ ကို (၁၉၉၇) ခုနှစ် က နောဝှစ်ခ်ျ အသင်းနှင့် အတူ စတင်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ကိုဗင်ထရီ၊ ဆဲလ်တစ်၊ ဘလက်ဘန်း၊ ၀က်စ်ဟမ်းနှင့် ကာဒစ်ဖ် အသင်း တို့တွင်လည်း ကစားခဲ့သူဖြစ်သည်။

ဘယ်လာမီက ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက ကစားသမားဘ၀က အနားယူဖို့ ဆုံးဖြတ် ထားခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ် က အမိန့်ပေးနေမှုကို မလွန်ဆန်နိုင်တော့တဲ့ အဆုံးအခုလို လုပ်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ နောက်ဆုံး နှစ်တွေ အတွင်းမှာ ကျွန်တော်ဒဏ်ရာ ပြဿနာမျိုးစုံနဲ့ ရုန်းကန်ခဲ့ရတယ်။ ဘယ်လိုမှ အနားမယူလို့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်လာတဲ့ အထိပါပဲ။ ဒီနေရာကနေ ကစားသမားဘ၀ တစ်လျှောက် ကျွန်တော့်ကိုအားပေး လာကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်ကြောင်း ပြောချင်ပါတယ် ဟု ဖွင့်ဟသွားခဲ့သည်။



The Messenger's Sport News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

စစ်ကိုင်းတိုင်းဒေသကြီးတွင် လမ်းလုပ်ငန်းများ လုပ်ကိုင်ရန် စင်ကာပူ ကုမ္ပဏီတစ်ခု ကမ်းလှမ်း



စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းလုပ်ငန်းများကို အဆင့်မြင့် နည်းပညာများဖြင့် လုပ်ကိုင် ဆောင်ရွက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကုမ္ပဏီ တစ်ခုမှက တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံသို့ လာရောက် ကမ်းလှမ်းထားကြောင်း တိုင်းဒေသကြီး စီမံကိန်းဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ စင်ကာပူ ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လမ်းများကို အဆင့်မြင့် နည်းပညာများဖြင့် ဆောင်ရွက်မည့် စီမံကိန်း ရေးဆွဲထားပြီး၊ လာမည့် ဇွန်လအတွင်း စစ်တမ်း ကောက်ယူခြင်း၊ တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် ယခုလ (၂၀) ရက်နေ့ က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပ လမ်းပိုင်းကို အဓိကထား လုပ်ဆောင်သွားမယ်။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုကို မဆို ပြည်သူ့အတွက် အကျိုးရှိမယ်ထင်ရင် လက်ခံပေးပါ့မယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိန်မောင်း က ပြောသည်။

အဆိုပါ စင်ကာပူ ကုမ္ပဏီသည် မုံရွာမြို့တွင်လည်း ရေသန့် စက်ရုံ တည်ဆောက်၍ အကြီးစားရေပေးဝေမှု လုပ်ငန်းများကို လုပ်ကိုင်ရန် ကမ်းလှမ်းထားသည့် အပြင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရန် အတွက်လည်း စိတ်ဝင်စားကြောင်း တိုင်းဒေသကြီးဝန်ကြီး က ဆက်ပြောသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

ရန်ကုန်လေဆိပ်အား ခရီးသည် (၆) သန်းအထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင်မည်



ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည် ခြောက်သန်းထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင် သွားမည် ဖြစ်သည်။ လက်ရှိ ရန်ကုန် လေဆိပ်သည် ခရီးသည် သုံးသန်း ၀န်းကျင်သာ အများဆုံး လက်ခံနိုင် သဖြင့် ခရီးသည် ပိုမို ၀င်ရောက် လာစေရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ လေဆိပ် တည်ဆောက်ရေးပိုင်းကိုတော့ ကုမ္ပဏီက ဆောင်ရွက်သွားမှာပါ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ရန် အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ Pionner Aerodr- ome Services ကုမ္ပဏီ ကို ရွေးချယ်ထားကြောင်း လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ရာတွင် လက်ရှိ အသုံးပြုနေသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်အား ဖြိုဖျက်၍ ပြန်လည် အသစ် တည်ဆောက်သွားမည် ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်ကိုမူ ဖြိုဖျက်ခြင်း မပြုဘဲ ထပ်မံ တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

အခုလည်း ရန်ကုန်လေဆိပ်က ခရီးသည် ၀င်ထွက်တာ အများဆုံး လုပ်နေတဲ့ လေဆိပ်တစ်ခုဖြစ်တဲ့ အတွက် နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့တော့ လိုအပ်တယ်”” ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာ ဒေါ်အေးမရသာ ကပြောသည်။

ထို့ပြင် ခရီးသည် (၁၀) သန်းခန့် အထိ ၀င်ရောက်နိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ကုမ္ပဏီ တစ်ခုကို လည်း မကြာမီ ရွေးချယ်မည် ဖြစ်ပြီး၊ ယင်းလေဆိပ်အား ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အရှေ့တောင် အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်ချက် ရှိနေပြီး၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးပါက နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal



အပြည့်အစုံသို့ »

တိုင်းဒေသကြီး သံဃာ့ နာယက နှင့် သမ္မတ အကြံပေး တို့အား ဖြုတ်ချရန် တောင်းဆိုမည်


ရန်ကုန်တိုင်းဒေသကြီး၊ သံဃာ့နာယကအဖွဲ့နှင့် နိုင်ငံတော် သာသနာရေး အကြံပေးတို့အား ဖြုတ်ချရန် ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုသွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဥူးပါမောက္ခ က The Messenger သတင်းစာ သို့ မိန့်ကြားသည်။ ယမန်နေ့က မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော ဆရာတော် ဥူးဥတ္တရ အပါအ၀င် သံဃာတော် ငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ ပို့ဆောင်မှုကြောင့် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးဝီရသူကတော့ မလာနိုင်ဘူးတဲ့။ ရွှေည၀ါ ဆရာတော် ပါဝင်ဖို့ လျှောက်မယ်၊ သူတို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ Campaign တွေလုပ် သွားမယ် ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။ ထို့ပြင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဆရာတော် သံဃာတော်များ၊ အမျိုး ဘာသာ သာသနာကို ချစ်သော လူမှုအဖွဲ့အစည်းများကို ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း နှင့် လိုအပ်ပါက ဆရာတော်၊ သံဃာတော်များ နှင့် လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ဆန္ဒပြ လှုပ်ရှားမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။

ဦးအံ့မောင်ကို ဖြုတ်ချဖို့ အကြွင်းမဲ့ ထောက်ခံတယ်။ သူ မရှိသင့်ဘူး။ သာသနာကို ဒီလူ ဖျက်နေတာ၊ သံဃာတွေကို အသုံးချနေတာ၊ သံဃာကို သင်းခွဲ နေတာ၊ လူချွတ်တာတို့ အကျဉ်းထောင်ကို ပို့တာတို့ ဆိုတာ ပြစ်မှု ထင်ရှားမှ လုပ်လို့ရတယ်။ ဘာဖြစ်လို့ အခြေအနေ တင်းမာအောင် လုပ်သလဲ၊ ဦးပဉင်း ကတော့ ပါဝင် သင့်ရင် ထိပ်ဆုံးက ရပ်တည်မယ်။ ရပ်တည်သင့်ရင် ပြတ်ပြတ်သားသား ရပ်တည်မယ် ဟု ရွှေည၀ါ ဆရာတော် ဥူးပညာသီဟ က The Messenger သတင်းစာသို့ မိန့်ကြားသည်။

ယခုလ (၁၁) ရက်နေ့၊ နံနက် (၁) နာရီ အချိန်ခန့်တွင် ပီနန်ဆရာတော် ဘုရားကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား တိုင်းသံဃာ့ နာယက အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့ စီတန်း လှည့်လည်ရေး ဆရာတော် (၂၈၁) ပါး တို့က ကျောင်းတိုက်တွင် သံဃာတော်များအား အင်အားသုံး ဖယ်ရှားခဲ့ပြီး၊ ယင်းဘုန်းကြီးကျောင်း ကိုလည်း ချိတ်ပိတ်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ရှုတ်ချကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ သီတဂူ ဆရာတော် ဦးဉဏိသာရ ကလည်း ယင်းလုပ်ရပ်သည် မလုပ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်း RFA သို့ မိန့်ကြားထားသည်။

Messenger News Journal
အပြည့်အစုံသို့ »

ကံကောင်းခြင်းရတနာ အလုပ်သမားများ၊ လျော်ကြေးငွေ လက်ခံကာ တောင်းဆိုမှု ရပ်ဆိုင်း



စဥ့်ကိုင်မြို့နယ်၊ ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံရှိ အလုပ်သမား များသည် ယမန်နေ့က လျော်ကြေးငွေ လက်ခံကာ တောင်းဆိုမှု ရပ်ဆိုင်း ခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးနော်အောင်က The Messenger သတင်းစာသို့ ပြောသည်။
အလုပ်သမား များအား သက်ဆိုင်ရာမှ အတင်းအကျပ် ဖိအား ပေးကာ တရားစွဲဆို ထောင်ချမည်ဟု ပြောဆို သောကြောင့် ၎င်း အလုပ်သမားများ၏ မိဘများက ဒုက္ခသည် စခန်းအတွင်း လာရောက် ခေါ်ယူ ပြောဆို၍ လျော်ကြေးငွေ များအား လက်ခံ ရယူခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
““အလုပ်သမား များက အလုပ်ပဲလိုချင်တယ်။ လျော်ကြေး မလိုချင်ဘူး။ သူတို့ ထောင်ကျမယ် ဆိုတာကြောင့် လျော်ကြေး လက်ခံရတာ။ နောက်ပြီး ဒီလိုမှ မဟုတ်ရင်လည်း သူတို့ ဒုက္ခရောက်ရုံပဲရှိတယ်””ဟု ၎င်းကပြောသည်။
အလုပ်ရှင်ဘက်မှ အလုပ်သမားဥပဒေ အတိုင်း လျော်ကြေးငွေအား အလုပ်သမား (၄၀၀) ဦးခန့်က လက်ခံ ရယူခဲ့သည်။ လျော်ကြေးငွေမှာ အနိမ့်ဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်(၁၂)သိန်း အထိရှိကြောင်း သိရသည်။ အဆိုပါ လျော်ကြေးငွေကို စဥ့်ကိုင်မြို့နယ်မှ မန္တလေးမြို့သို့ အလုပ်သမားများ သွားရောက် တောင်းဆိုစဉ် လမ်းရှိ ရတနာ လင်္ကာရာ ဘုန်းတော်ကြီးကျောင်းတွင် လက်ခံ ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
““ဒါဟာ ကလေးတွေ အတွက် အတော် နစ်တာတယ်။ ဒီလိုကိစ္စ ဖြစ်များရင် အလုပ်သမား အဖွဲ့အစည်း ဂုဏ်သိက္ခာလည်း ညှိုးနွမ်းတယ်။ ဒီလိုမျိုးတွေ အမြဲတမ်း ဖြစ်နေရင် ဖိနှိပ်ခံအလုပ် သမားတွေဟာ ပုန်ကန်ပြီး ၁၉၈၉ အလုပ်သမား ဒီမိုကရက်သစ် တပ်ဦးဖြစ်လာလိမ့်မယ်”” ဟု မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်မှ အကြံပေး ကိုရန်နိုင်ထွေးက ပြောသည်။
အလုပ်ရှင်များသည် အလုပ်သမားများ၏ ရပိုင်ခွင့်၊ ခံစားခွင့်များအား မလိုက်လျောဘဲ ငွေများဖြင့်သာ ဖြေရှင်းခြင်း၊ အလုပ်သမား များအား ညှိနှိုင်းခွင့် မပေးဘဲ အာဏာကို သုံးကာ ဖိနှိပ်ခြင်း၊ ဥပဒေဘောင် အတွင်း မဆောင်ရွက်ဘဲ ၎င်းတို့၏ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက် နေခြင်းကြောင့် ရေရှည်တွင် အလုပ်သမားများ၏ အရေးကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်မျိုးမျိုးအေးက The Messenger သတင်းစာသို့ ပြောသည်။
အဆိုပါ ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံသည် အလုပ်ရှင်နှင့် အလုပ်သမား မပြေလည်မှု များကြောင့် ၂၀၁၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့မှ စတင်ကာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ စက်ရုံတွင် အလုပ်သမား အင်အားမှာ (၈၀၀) ကျော်ခန့်ရှိပြီး အလုပ်ရှင် အလုပ်သမား ပြဿနာသည် ၂၀၁၃ ခုနှစ်က နှစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင်လည်း တစ်ကြိမ် ဖြစ်ပွားခဲ့သည်။


Messenger News Journal 
အပြည့်အစုံသို့ »

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် မှတ်ပုံတင်ကြေး ကျပ် (၃) သိန်းသို့ လျှော့ချ သတ်မှတ်


ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပေးအပ်ရမည့် မှတ်ပုံတင်ကြေးကို ကျပ်သုံးသိန်းသို့ လျှော့ချသတ်မှတ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သတင်း ရရှိသည်။ ယခင်က ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းပေးဆောင် ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပါတီတွေ တွေ့ဆုံပွဲမှာ သတ်မှတ်လိုက်တာပါ။ ကော်မရှင် ဥက္ကဋ္ဌကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါတီတွေကို တရားဝင် ပြောထားပါတယ်။ နည်းဥပဒေ မှာ ပြင်တာဆိုတော့ ဒီကိစ္စကို ထုတ်ပြန် သွားမှာပါ ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က The Messenger သတင်းစာသို့ ပြောသည်။

ယခုလ(၁၅) ရက်နေ့က ရန်ကုန်မြို့ ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ပြီး အချို့သော နိုင်ငံရေးပါတီ များက လွှတ်တော် ကိုယ်စာ လှယ် မှတ်ပုံတင်ကြေးအား ကျပ်ငါးသိန်းမှ တစ်သိန်း အထိ လျှော့ချပေးရန် တောင်းဆိုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The Messenger သတင်းစာသို့ ပြောသည်။

တစ်သိန်းဆို ပိုကောင်းတာပေါ့ဗျာ။ ရွေးကောက်ပွဲဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့က ရွေးကောက်ပွဲ ၀င်ကြေး သုံးသိန်းက မများပါဘူး။ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးလို့ ကုန်ကျမယ့် ငွေကြေးက ပိုများတယ်။ ဒီလို လျှော့ချပေးတဲ့ အတွက် ပါတီတွေအတွက် ကောင်းတာပေါ့။ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်တွေ အတွက် ပိုကောင်းတာပေါ့ ဟု ဦးခင်မောင်ဆွေ က ဆက်ပြောသည်။ လစ်လပ်နေသော မဲဆန္ဒနယ် (၃၀) အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ဒီဇင်ဘာလ ပထမပတ်ခန့်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

Messenger News Journal
အပြည့်အစုံသို့ »