အရပ်ရှည်စေမည့် အစားအစာများ


အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အ ရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။

ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ

ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။

ပရိုတင်း

ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ် လိုအပ်ချက် ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်

အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ

လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေ သည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြု ရပါတယ်။သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သား ကျုံ့ခြင်းနဲ့ စွမ်းအင် ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ် တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့ အတွက် အထူးအရေးကြီးပါတယ်။ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီ စိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ် ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိက အစာပါ။ ဟင်းသီးဟင်းရွက် နဲ့ကောက်နှံ တွေမှာ သံဓာတ် ပါဝင်ပေမယ့် ပမာဏ နည်းပါး ပါတယ်။ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျ သဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။

မြ၀တီ ကျန်းမာရေး

အပြည့်အစုံသို့ »

ခင်ပွန်းနှင့် စိတ်ဆိုးပြီး အစ်မအိမ်သွားနေသည့် အမျိုးသမီး ခဲအို၏ အဓမ္မကျင့်ခံရသည်ဟုဆို


ခင်ပွန်းသည်နှင့် စကားများရန်ဖြစ်ပြီး အစ်မ၏ အိမ်သို့ သွာရောက်နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး ခဲအို၏ အဓမ္မပြု ကျင့်ခံရဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား တွံတေးရဲစခန်းက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲဌာနမှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဓမ္မပြုကျင့်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရဲဌာနက ဆိုသည်။ သူမသည် တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က ခင်ပွန်းသည်နှင့် စကားများ ရန်ဖြစ်ခဲ့သဖြင့် နှစ်နှစ်အရွယ်သမီးကိုခေါ်ကာ အခြားရွာတစ်ခုရှိ အစ်မဖြစ်သူ၏ နေအိမ်တွင် နေထိုင်နေ ခဲ့သည်ဟု ကာယကံရှင်က ထွက်ဆိုထားသည်။

၎င်းသည် စက်တင်ဘာ ၆ ရက်နေ့လည်က အစ်မဖြစ်သူ၏ အိပ်ခန်းထဲတွင် သူ့သမီးအပါအ၀င် တူမငယ် တို့နှင့်အတူ အိပ်ပျော်နေစဉ် အရက်မူးပြီး အပြင်မှ ပြန်လာသော အသက် ၅၁ နှစ်အရွယ် ခဲအိုက အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲအား ထွက်ဆိုချက်ပေးထားသည်။

သူမသည် ရုန်းကန်အော်ဟစ်သော်လည်း ခဲအိုဖြစ်သူက ပါးစပ်အားပိတ်ထားပြီး သိုင်းဖက်ထားခဲ့သဖြင့် သားမယား ပြုကျင့်ခံရခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ ထို့နောက် ထွက်ပြေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယခုအမှုကို တွံတေးမြို့နယ်ရဲစခန်းက အမှုအမှတ် (ပ)၃၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့ သွားမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အပြည့်အစုံသို့ »

တရုတ်စာသင်ကျောင်းပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ


တရုတ်နိုင်ငံတောင်ပိုင်း ​Guangxi ​Zhuang ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသရှိ ​Guilin ​မြို့ ​မူလတန်းကျောင်းပြင်ပမှာ ​ပေါက်ကွဲမှု ​ဖြစ်ခဲ့တဲ့အတွက် ​လူနှစ်ဦး ​သေဆုံးပြီး ​၄၄ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ကလေးတွေ ​ကျောင်းတက်ဖို့ ​ကျောင်းဝင်းနား ​ရောက်ရှိလာချိန်မှာ ​ဆိုင်ကယ်သမားတစ်ဦး ​စီးလာတဲ့ ​ဆိုင်ကယ် ​မီးလောင်ပြီး ​ပေါက်ကွဲသံ ​ထွက်ပေါ်လာပြီးတော့ ​သေဆုံး ​ဒဏ်ရာရမှုတွေ ​ဖြစ်ပေါ်တာလို့ ​မျက်မြင်သက်သေတွေက ​ပြောပါတယ်။

 ဆိုင်ကယ် ​ဘာကြောင့် ​မီးလောင်သွားသလဲဆိုတာတော့ ​မသိရသေးပါဘူး။
 ပေါက်ကွဲမှုကြောင့် ​အမျိုးသားတစ်ဦးနဲ့ ​အမျိုးသမီးတစ်ဦး ​ပွဲချင်းပြီး ​သေဆုံးပြီး ​၄၄ ​ဦးဒဏ်ရာရတဲ့အထဲက ​၁၁ ​ဦးကတော့ ​အသည်းအသန်အခြေအနေ ​ရှိနေတယ်လို့ ​သိရပါတယ်။
 ရှင်ဟွာသတင်းမှာ ​အစောပိုင်းတုန်းကတော့ ​ကျောင်းသူ ​ကျောင်းသား ​၂၆ ​ယောက် ​ဒဏ်ရာရရှိခဲ့တယ်လို့ ​ဖော်ပြထားပြီး ​စစ်ဆေးရုံကို ​ခေါ်ဆောင်သွားပြီလို့ ​ဆိုပါတယ်။
 တခြား ​ဒေသခံသတင်းတွေမှာတော့ ​ဆိုင်ကယ်မောင်းသမား ​သေဆုံးသွားတယ်လို့ ​ဆိုပါတယ်။
 သေဆုံးသူ ​နှစ်ဦးရှိကြောင်း ​ဒေသခံအာဏာပိုင်တစ်ဦးက ​အေအက်ဖ်ပီသတင်းကို ​အတည်ပြုပြောဆိုခဲ့ပေမယ့် ​နောက်ထပ် ​ပြောဆိုဖို့ ​ငြင်းဆန်ခဲ့ပါတယ်။
 ဒီလိုအခြေအနေကြောင့် ​Guilin ​မြို့မှာ ​လုံခြုံရေးတွေ ​တိုးချထားပြီး ​ပေါက်ကွဲရေးပစ္စည်းတွေ ​ရှိမရှိ ​စစ်ဆေးမှုတွေ ​လုပ်နေပါတယ်။

 အင်တာနက်အွန်လိုင်းပေါ်က ​လူမှုကွန်ယက်တွေမှာတော့ ​ဒေါသဖြစ်နေကြပြီး ​ဘာကြောင့် ​ကလေးငယ်တွေရှိရာကိုပဲ ​ပစ်မှတ်ထားနေရသလဲဆိုပြီး ​မေးခွန်းထုတ်နေကြပါတယ်။
 တရုတ်နိုင်ငံမှာ ​မကြာသေးခင်ကပဲ ​စာသင်ကျောင်းမှာ ​ကလေးငယ်တွေ ​တိုက်ခိုက်ခံရမှုတွေ ​ကြုံတွေ့နေရပြီး ​၂၀၁၀ ​ပြည့်နှစ်တုန်းကလည်း ​စာသင်ကျောင်းမှာ ​ဝင်ရောက်တိုက်ခိုက်မှုတွေ ​ရှိခဲ့တဲ့အတွက် ​လူကြီး ​၂ ​ဦးနဲ့အတူ ​ကလေးငယ် ​၁၅ ​ယောက် ​သေဆုံးပြီး ​အယောက် ​၈၀ ​ဒဏ်ရာရရှိခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ​ဒီဇင်ဘာလတုန်းကလည်း ​ဓားကိုင်ဆောင်ထားသူ ​တစ်ဦးရဲ့ ​တိုက်ခိုက်မှုကြောင့် ​မူလတန်းကျောင်းသူ၊ ​ကျောင်းသား ​၂၂ ​ယောက် ​ဓားထိုးခံခဲ့ရပါတယ်။


ABC Radio Australia


အပြည့်အစုံသို့ »

မန္တလေးတွင် ညပိုင်းယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာဖြင့် စတင်အရေးယူ


မန္တလေးတွင် ညပိုင်းအချိန်တွင် ယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာ Alcohol Tester ဖြင့် အရေးယူမှု စတင်နေပြီ ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ညပိုင်းအချိန်တွင် ကားနှင့် ဆိုင်ကယ်များကို မူးယစ်သောက်စားပြီး အဆင်ခြင်မဲ့ မောင်းနှင်မှုများအား အရေးယူနိုင်ရန် သြဂုတ်လ အတွင်းက စတင်၍ ကားများသာမက ဆိုင်ကယ်များပါ အဆက်မပြတ် စစ်ဆေး
ခဲ့ကြောင်း သိရသည်။ 

သို့သော် စစ်ဆေးနေမှု အဆင့်သာရှိပြီး အရေးယူရသည့် ဖြစ်စဉ်မရှိခဲ့သဖြင့် စစ်ဆေးသည့်အချိန် ပြောင်းလဲခဲ့ကြောင်း ညစဉ် Alcohol Tester ဖြင့် စစ်ဆေးရာတွင် ဦးဆောင်ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဒုရဲမှူး
တစ်ဦးက ပြောကြားသည်။

''ည ၇ နာရီလောက် စစ်တော့ မတွေ့ရဘူး။ ဒါနဲ့ ည ၉ နာရီ နောက်ပိုင်း
ပြောင်းစစ်လိုက်တော့မှ အရက်အလွန်အကျွံမူးပြီး ယာဉ်မောင်းတဲ့ သူတွေကို အရေးယူ နိုင်တာပါ။ အဲဒီအချိန်လောက်မှပဲ ဘီယာဆိုင်၊ အရက်ဆိုင် တွက ပြန်လာချိန်တွေ ဆိုတော့ ပိုပြီးထိရောက်ပါတယ်။ ကိရိယာရဲ့ ဒသမ ၇ သတ်မှတ်နှုန်း တိုင်းထက် ကျော်လွန်ရုံ သာမကဘဲ ဒသမ ၁၀၀ ကျော်အောင်ထိ မူးနေတဲ့သူ နှစ်ဦးကိုတော့ ခေါင်းကို မထောင်နိုင်အောင် ဖြစ်နေလို့ မဖြစ်မနေ အရေးယူပါတယ်။ တချို့ ကိရိယာမှာ အရက်သောက်ထားကြောင်း ပြပေမယ့်လည်း အလွန်အကျွံ မဟုတ်ရင် အရေးမယူပါဘူး'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ဒုရဲမှူး မိုးညွန့်ထွန်းက ဆိုသည်။

Alcohol Tester ဖြင့် ညပိုင်းအချိန် စစ်ဆေးမှုများတွင် ဆိုင်ကယ်မောင်းသူ အချို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှောင်တခင် စစ်ဆေးသည် ထင်သဖြင့် ထွက်ပြေးမှုများ ရှိကြောင်း၊ ထိုသို့ မဖြစ်စေရန်အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အပါအ၀င် လုံခြုံရေးများပါ ပူးပေါင်းဆောင်ရွက်
ရကြောင်း ပြောကြားခဲ့သည်။

''ညပိုင်း ဆိုင်ကယ်ဦးထုပ် မဆောင်းတာကျတော့ ယာဉ်ထိန်းရဲကတားရင် လန့်ပြီး မောင်းပြေးကြတယ်။ ဒါကြောင့် အင်အား အပြည့်ဝိုင်းပြီး တားရသလို Alcohol Test စစ်တာပါ။ အရေးမယူပါဘူးဆိုပြီး ပါးစပ်ကနေ အော်ပြောပေး
မှ ရပ်ကြတယ်။ ဒါမှမဟုတ်ရင် မောင်းပြီးအက်စီးဒင့် ဖြစ်တာမျိုးတွေ
ဖြစ်တတ်လို့ပါ'' ဟု ဒုရဲမှူး မိုးညွန့်ထွန်းက ဆက်လက် ပြောကြားခဲ့သည်။

eleven media group

အပြည့်အစုံသို့ »

မာဒေးကားဖလားဒုတိယပွဲစဉ်တွင် မြန်မာအသင်းစတင်ဂိုးသွင်း

မလေးရှား-စက်တင်ဘာ၉
မာဒေးကားဖလား ဒုတိယပွဲစဉ်အဖြစ် မလေးရှား ယူ၂၃ အသင်းနှင့်
မြန်မာ ယူ ၂၃ အသင်း တို့ ယနေ့ညနေက ယှဉ်ပြိုင်ကစားလျက်ရှိရာ ၃၇မိနစ်တွင်
နေလင်းထွန်း၁ဂိုးစတင်သွင်းယူလိုက်ပြီဖြစ်သည်။
မြန်မာ ယူ ၂၃ အသင်းတွင်ဂိုး - ပြည့်ဖြိုးအောင်
နောက်တန်း- သက်နိုင်၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း
အလယ်တန်း- ဖြိုးကိုကိုသိန်း၊ ရဲလင်းအောင်၊ နေလင်းထွန်း၊ ကြည်လင်း
ရှေ့တန်း- ကျော်ဇေယျာဝင်း၊ ကျော်ကိုကိုတို့ပါဝင်ကြောင်းMyanmar Football Federation မှသိရသည်။


ဓါတ်ပုံ- ထိုင်းအသင်းနှင့်မြန်မာ ယှဉ်ပြိုင်ကစားခဲ့စဉ်က

Popular Myanmar News Journal

အပြည့်အစုံသို့ »

ရေချိုးစဉ် သီချင်းဆိုခြင်းကောင်းကျိုး


Monday, September 9, 2013

ရေချိုးခန်းတည်း ရေချိုးနေတုန်း သီချင်းဆိုတာဟာ ကျန်းမာရေး ကောင်း ကျိုး များစွာ ပေးစွမ်းတယ်လို့ ဆိုပါတယ်။ 

ဥပမာ - ဖိတ်ဖိစီးမှု ကျဆင်းစေခြင်း၊ အာရုံစူးစိုက်မှု ကောင်းစေခြင်း၊ သွေး ပေါင်ချိန် ကျဆင်းစေခြင်း နဲ့ ကိုယ်ခံစား ကောင်းစေခြင်းတို့ကို ဖြစ်ပေါ် စေပါတယ်။ 

ရေချိုးစဉ် သီချင်းဆိုခြင်းက ယင်း ကျန်းမာရေး ကောင်းကျိုးအပြင် အသံ ကောင်းစေတဲ့ ကောင်းကျိုးလည်း ပေးပါသေးတယ်။ သီချင်း ဆိုဖို့တင် မကပဲ သွက်လက်ချက်ချာစေပြီး လုပ်ငန်းဆောင်တာတိုင်းအတွက် Active ဖြစ်စေ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေချိုးစဉ် သီချင်းဆိုခြင်းက ကျန်းမာရေး ကောင်းကျိုး ပြုတယ်လို့ လေ့လာသူများက သက်သေ ပြု ထားပါတယ်။ 
.
Ref: dyknow
Aung Kham (International news for myammar)

အပြည့်အစုံသို့ »

ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်


Monday, September 9, 2013

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု၊ ကြံတောကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

အသက် ၂၁ နှစ်ရှိ ယာဉ်မောင်း ကိုဝဏ္ဏထွန်းနှင့် အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက် မောင်နေလင်းဦးတို့ လိုက်ပါလာသော ကြက်သွန်တင် ဆယ်ဘီး ကုန်တင်ယာဉ်နှင့် အသက် ၄၁ နှစ်ရှိ ယာဉ်မောင်း ဦးမင်းဇော်ဦး မောင်းနှင်ကာ ကိုအေးမင်းစိုး လိုက်ပါလာသော ဆန်တင် ကန်တာ ခြောက်ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

“တောင်ဘက်ကလာတဲ့ ကန်တာယာဉ်က မြောက်ဘက်ကလာတဲ့ ဆယ်ဘီးယာဉ်ကို ဝင်တိုက်တာ။ ကန်တာပေါ်က လူတစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့ ဒရိုင်ဘာနှစ်ယောက်နဲ့ ယာဉ်အကူ တစ်ယောက်ကို ဆေးရုံကို ပို့ထားပြီးပါပြီ” ဟု အဆိုပါ ယာဉ်တိုက်မှုကို စစ်ဆေးသည့် မြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မျိုးထွေးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကန်တာယာဉ်ပေါ် လိုက်ပါလာသူ အေးမင်းစိုး (စိစစ်ဆဲ) သည် ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်ကျိုး၊ နှာခေါင်းနှင့် ပါးစပ်သွေးထွက်ကာ နေရာတွင် သေဆုံးခဲ့ပြီး ဆယ်ဘီးကုန်တင်ယာဉ်မောင်း ဝဏ္ဏထွန်း၊ အဆိုပါ ယာဉ်မှယာဉ်နောက်လိုက် နေလင်းဦးနှင့် ခြောက်ဘီးယာဉ် ယာဉ်မောင်း မင်းဇော်ဦးတို့ကို တောင်ငူပြည်သူ့ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး ဦးဝဏ္ဏထွန်းမှအပ ကျန်လူနာနှစ်ဦးမှာ စိုးရိမ်ရကြောင်း မြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

“ကန်တာကားပေါ်က ကောင်လေးက ကားခေါင်းနဲ့ ကူရှင်ခုံကြားမှာညပ်ပြီး သေနေပြီ။ ကရိန်းကားတွေလာမှ ဒဏ်ရာရတဲ့ လူသုံးယောက်ကို မနည်းဆွဲထုတ်ရတယ်။ သွေးတွေက မြင်လို့မကောင်းဘူး” ဟု ဒဏ်ရာရရှိသူများကို ကူညီပေးခဲ့သူ ဦးသက်ဇော်နိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆန်အိတ်တင်လာသည့် ကုန်တင်ယာဉ်မောင်း ဦးမင်းဇော်ဦးနှင့် ဆယ်ဘီးကုန်တင် ယာဉ်မောင်း ဦးဝဏ္ဏထွန်းတို့ကို ယာဉ် (ပ) ၃၉/၂၀၁၃၊ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၀၄ (က) အရ အမှုဖွင့်ထားကြောင်း တောင်ငူမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

အပြည့်အစုံသို့ »