မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန်လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးနောက် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။
“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန်လည် ပြောကြားသည်။
အဆိုပါ အမျိုးသမီးကို လူသွားလူလာ မရှိသည့် နေရာတစ်ခုတွင် ပစ်ချခဲ့ပြီး မလေးရှား အမျိုးသမီးတစ်ဦး၏ ကူညီမှုဖြင့် နေအိမ်ကို ပြန်လည် ရောက်ရှိ လာကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီနိုင်း ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး မြန်မာသံရုံးကို အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။
ပြစ်မှု ကျူးလွန်ခံခဲ့ရသည့် အဆိုပါ အမျိုးသမီးကို ဆေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦးက ထပ်မံပြောဆိုသည်။
အဆိုပါ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့်အတူ နေထိုင်ပြီး ကလေးတစ်ဦး ရှိကြောင်း ၎င်းကဆိုသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင်လည်း ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို ည ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။
၂၀၁၂ ခုနှစ်ကလည်း ယင်းပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
Kayan Times
အပြည့်အစုံသို့ »
နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်းသား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ ရောနှောထည့်ထားသည့် ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။ ရဲတပ်ဖွဲ့မှ နေအိမ်များအတွင်း ၀င်ရောက်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁ ရက်က အဆိုပါ ကမန်လင်မယားနှစ်ဦး နေထိုင်သည့် နေအိမ်အတွင်း၌ ယင်းပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရွှေလှေကျေးရွာဘက်မှာ လက်ပစ်ဗုံး မိတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီမှာလည်း လက်ပစ်ဗုံး မရှိပါဘူး။ ဓာတ်ဆီရယ်၊ အခြားပစ္စည်းတွေနဲ့ ရောထည့်ထားတဲ့ မီးလောင်တဲ့ ပစ္စည်းမျိုးတွေ စစ်ဆေးတွေ့ရှိ ခဲ့တာပါ။ ဒီပစ္စည်းတွေ ထားရှိတာနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်" ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေလှေရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း "ဆူပူမှုတွေ ဖြစ်နေချိန်မှာ လုံခြုံရေး အဖွဲ့တွေက နယ်မြေရှင်းလင်း စုံစမ်းရင်းနဲ့ ဖမ်းမိတာပါ။ အဲဒီမှာ တွေ့ခဲ့တဲ့ ပုလင်းကိုးလုံးထဲမှာ သံမှိုစ၊ ဆန်ကွဲစေ့၊ ဖန်ပုလင်းစ အကွဲစတာတွေ ရောနှောထည့်ထားပြီး ဓာတ်ဆီလည်း ထည့်ထားပါတယ်။ ဖမ်းဆီးထားတဲ့သူ နှစ်ဦးကို ရမန်ယူထားပြီ" ဟု ပြောကြားခဲ့သည်။
ရွှေလှေ ရဲစခန်းမှ (ပ) ၃၁/၂၀၁၃၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္တု ပစ္စည်းများ ပုဒ်မ (၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းနှင့် ဖမ်းဆီးခံရသူ နှစ်ဦးမှာ တင်နောင်ထွန်းနှင့် ဒေါ်ခင်မေသန်းတို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group
အပြည့်အစုံသို့ »
ကမ္ဘာပေါ်မှာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများကို ဘယ်လောက် လူကြိုက်များသလဲ သိပါသလား။ မေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပါလိမ့်မယ်။ ဘယ်ကိုပြေးကြည့် ရမလဲဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံပါ။
မပူပါနဲ့။ ကိုယ်တိုင် သွားကြည့်စရာ မလိုအောင် ဒီသတင်းကို ဖော်ပြပေးထားတာပေါ့။ ကဲ ဒီ Apple အရောင်းဆိုင် အတုအကြောင်း လေ့လာကြည့်ရအောင်။
Apple Store Afghanistan ကို မြို့တော် ကဘူးလ်ရှိ နိုင်ငံရဲ့ အကြီးဆုံး ရှော့ပင်းစင်တာကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ခေတဲ့နေရာတော့မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အသေခံဗုံးခွဲ တိုက်ခိုက်ခြင်း ခံရတာ ၂ ကြိမ် ရှိပါပြီတဲ့။ အဲဒီ ရှော့ပင်းစင်တာကြီးမှာ ဈေးဝယ်သူများကလည်း သူဌေးတွေနဲ့ နိုင်ငံခြားသားတွေသာ ဖြစ်ပါတယ်တဲ့။
အာဖဂန်မှရရှိတဲ့ သတင်းများအရတော့ အဆိုပါ အရောင်းဆိုင်ရဲ့ ရောင်းအားကတော့ မကောင်းလှပဲ ပြီးခဲ့သည့်အပတ် စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ iPhone ၆ လုံးနှင့် MacBook အချို့သာ ရောင်းချရသေးကြောင်း သိရှိရသည်။
အရောင်းဆိုင်မှာ တရားဝင်မဟုတ်သော်လည်း ရောင်းချသည့် ပစ္စည်းများမှာမူ Apple ပစ္စည်း အစစ်များဖြစ်သည်။ သို့သော်လည်း ဈေးနှုန်းအား မူရင်းထက် ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ အထိတင်ထားကာ အမြတ်ရယူနေသည်ဟု သိရှိရသည်။ ကုန်ပစ္စည်းများကို ဒူဘိုင်းမှာ မှာယူတင်သွင်းပြီး 16GB iPhone 5 ၏ ဈေးနှုန်းမှာ ဒေါ်လာ ၇၀၀ ခန့် ကျသင့်သည်ဟု သိရှိရသည်။
ယခုကဲ့သို့ တရားမဝင် Apple အရောင်းဆိုင်များ ပေါ်ပေါက်လာခြင်းမှာ ယခုမှတင် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံ၌ တရားမဝင် Apple အရောင်းဆိုင် အတု စုစုပေါင်း ၂၂ ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်သိမ်းခဲ့သည်။
Myanmar Consumer Guide
အပြည့်အစုံသို့ »
မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။
အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအား အသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာ ကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။
နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ် ပါတယ်။ ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off အကြိမ်များကြောင့် Data အချို့  ပျောက် ကွယ် နိုင်တာ ကြောင့် flight mode ကိုပဲ ပိုပြီးတော့ Recommend ပေး ပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင် ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရ မှာ ဖြစ်ပါ တယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
.
Ref: techgek
အောင်ခမ်း ( TSJ Team )
TechSpace Journal
အပြည့်အစုံသို့ »
ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။
ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။
ကိုယ်ဝန်ကာလ ၃၄ ပတ်ရှိ မိခင်သည် ယင်း ယာဉ်မတော်တဆမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှု မရှိကြောင်း ကျိုင်းတုံမြို့နယ် တပ်မတော်ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာလင်းဝင်းကျော်က The Voice သို့ ပြောကြားသည်။
“အပြင်ပွန်းပဲ့ ဒဏ်ရာတော့ အနည်းငယ် ရထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟုလည်း ၎င်းကဆိုသည်။
မတော်တဆမှု ဖြစ်ပွားခဲ့သော ယာဉ်မှာ မိုင်းဖြတ်မြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံမှ ကျိုင်းတုံမြို့ အမှတ် (၃) တပ်မတော် စစ်ဆေးရုံသို့ မွေးဖွားလူနာ လာပို့သော အမှတ် (၉၁၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ISUZU အမျိုးအစား အစိမ်းရောင် ယာဉ်အမျိုးအစား ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။
“မိုင်းဖြတ် စစ်ဆေးရုံမှာ မီးမဖွားနိုင်လို့ ကျိုင်းတုံစစ်ဆေးရုံကို လွှဲပေးတဲ့ လူနာကို လာပို့ရင်း အရှိန်လွန်ပြီး ချောင်းထဲ ထိုးကျတာ။ မွေးလူနာက ဘာမှမဖြစ်လို့ တော်သေးတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျိုင်းတုံ စစ်ဆေးရုံမှာ တင်ထားတယ်” ဟု ဒုရဲမှူးအောင်လွင်က ဆိုသည်။
ယာဉ်မောင်း တပ်သားမှာ အခင်းဖြစ်နေရာမှ တိမ်းရှောင် သွားသော်လည်း ၎င်းကို ယာဉ် (ပ) ၃၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄ -က အရ အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
The Voice Weekly
အပြည့်အစုံသို့ »
ကမ္ဘာကျော် အမေရိကန် ဖို့ဒ် မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ ပထမဆုံးအရောင်းဌာနကို သောကြာနေ့ မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ဖို့ဒ်ကားကုမ္ပဏီက လက်ရှိရောင်းချတဲ့ဈေးနှုန်းတွေကို မြန်မာပြည်သူအများစုအနေနဲ့ လက်လှမ်းမှီမှာ မဟုတ်ပေမယ့် အရောင်းပြခန်းကို လာရောက်ကြည့်ရှုသူ များပြားကြောင်းနဲ့ အနာဂတ်အလားအလာကောင်းကြောင်း ကုမ္ပဏီက ပြောပါတယ်။
မြန်မာအစိုးရဟာ လက်ရှိမှာ နိုင်ငံခြားကနေ တင်ပို့တဲ့ကားတွေကို အခွန်ငွေများပြားစွာ ကောက်ယူနေတဲ့အတွက် ကားဈေးတွေ အလွန်အမင်းကြီးမားနေပြီး ဖို့ဒ်ကုမ္ပဏီက အခုရောင်းချနေတဲ့ Ford Explorer ကားတစင်းကို အမေရိကန်ဒေါ်လာ တသိန်းကျော်ပေးရမယ်လို့ သိရပါတယ်။ အဲဒီကားဟာ အမေရိကန်မှာ ဒေါ်လာ ၂ သောင်း ၆ ထောင်ပဲပေးရတဲ့ကားဖြစ်ပြီး တစ်လကို ဒေါ်လာ ၅ဝဝ ခန့်ပေးရင် အလွယ်တကူ အရစ်ကျဝယ်ယူနိုင်တဲ့ကားဖြစ်ပါတယ်။
RFA Burmese
အပြည့်အစုံသို့ »
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံးအကြိမ် ကချင်ပြည်နယ် ခရီးစဉ်အား ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သမ္မတ၏ ခရီးစဉ်အား နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှု့အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ထောင်ချီပြီး မိုးရေထဲတွင် ၃ နာရီကျော်ကြာ ကြိုဆိုနေစဉ် ခရီးစဉ် ဖျက်သိမ်းကြောင်း သိခဲ့ရခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန် လာရောက်မည်ဖြစ်သဖြင့် အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှစ၍ မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျောင်းသားကျောင်းသူများ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၀၀၀ ၀န်းကျင်ခန့် စောင့်ဆိုင်းလျက်ရှိပြီး မြစ်ကြီးနားမြို့တော် ခန်းမတွင်လည်း လူဦးရေ ၁၀၀၀ နီးပါး စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။ သမ္မတ၏ ခရီးစဉ်ဖျက်သိမ်းကြောင်းကိုမူ နံနက် ၁၁ နာရီကျော် အချိန်ခန့်တွင်မှ သိခဲ့ရကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
သမ္မတခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က "ရာသီဥတုက လေယာဉ်ဆင်းလို့ မရလို့ပါ။ တခြား ဘာအကြောင်းမှ မရှိပါဘူး။ နောက်ပြန်လာမယ့်ရက်လည်း အတိအကျ မသိသေးပါဘူး" ဟု ဆိုသည်။
နိုင်ငံတော် သမ္မတကြီးသည် မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) နှင့် တွေ့ဆုံရန်ရှိပြီး ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းအောင်က "ကျွန်တော်တို့ အဖွဲ့က မေလဆွေးနွေးပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းဖို့ ရှိတယ်။ သမ္မတကြီးကိုယ်တိုင် ကချင်ပြည်နယ်ရဲ့ အခြေအနေကို မြင်သိစေချင်တယ်။ ပြည်သူတွေ အားလုံးကတော့ မိုးထဲရေထဲတောင် စောင့်ကြိုနေကြတာ" ဟု ဆိုသည်။
နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေး လှုပ်ရှားသူများက သမ္မတ ခရီးစဉ်သည် လာမည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် များစွာအထောက်အပံ့ ဖြစ်နိုင်ပြီး တိုင်ရင်းသားများနှင့် အစိုးရကြား မယုံကြည်မှုများကို လျှော့ချနိုင်လိမ့်မည်ဟု ခန့်မှန်းပြောဆို နေကြသည်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက "သမ္မတကြီး ရောက်မလာတာကတော့ ကချင်ပြည်နယ်အတွက် ဆုံးရှုံးမှု တစ်ရပ်ပါ။ ဒီခရီးစဉ်က ငြိမ်းချမ်းရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ထားတာ။ သမ္မတကြီးကို ကချင်ပြည်နယ် လာစေချင်တယ်။ သမ္မတကြီးက ပြောချင်တာလည်း ရှိမယ်။ ပြည်သူတွေ အနေနဲ့လည်း တင်ပြချင်တာတွေ ရှိမှာပေါ့" ဟု ဆိုသည်။
မြစ်ကြီးနား မြို့တော်ခန်းမတွင် လူတစ်ထောင်ခန့်နှင် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်တွင် ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူများ ထောင်နှင့်ချီ ကြိုဆိုနေကြသော်လည်း နံနက် ၁၁ နာရီခန့်တွင် ရာသီဥတု ဆိုးဝါးမှုကြောင့် သမ္မတကြီး၏ ခရီးစဉ် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။
(နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်))
Eleven Media Group
အပြည့်အစုံသို့ »