ခြောက်လမ်းသွား လမ်းမများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူမှု ယခုလအတွင်း စတင်မည်


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များအား ယခုလအတွင်း ကရိန်းယာဉ်ဖြင့် ဆွဲပြီးဖယ်ရှား အရေးယူမည့် အစီစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ဒုတိယ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ထားသည့် လမ်းပေါင်း ၂၆ လမ်းရှိပြီး အဆိုပါ လမ်းမများပေါ်တွင် ယာဉ်မရပ်ရန် အတွက်လည်း အများပြည်သူကို လွန်ခဲ့သော တစ်လခန့်၌ အသိပေး ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူတွေ အနေနဲ့ ကားတွေမရပ်ရတဲ့ လမ်းမပေါင်း ၂၆ လမ်းကို ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခုလည်း မရပ်ရဘူးလို့ ပြောတဲ့နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး အရေးယူဖို့အတွက် မကြာမီ ရက်ပိုင်းအတွင်းမှာ ထပ်ပြီးတော့ ထုတ်ပြန်သွားမယ် . . . . .
ယာဉ်မရပ်ရသည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးဒေါင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/   အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးတို့တွင် ယာဉ်များခေတ္တရပ်နားခြင်းမှအပ ရပ်နားခွင့် မပြုကြောင်း သိရသည်။
"တာဝန်ရှိသူတွေ အနေနဲ့ ကားတွေမရပ်ရတဲ့ လမ်းမပေါင်း ၂၆ လမ်းကို ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခုလည်း မရပ်ရဘူးလို့ ပြောတဲ့နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး အရေးယူဖို့အတွက် မကြာမီ ရက်ပိုင်းအတွင်းမှာ ထပ်ပြီးတော့ ထုတ်ပြန်သွားမယ်။ အခုဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေတယ်။ ဒီလအတွင်းမှာ စီမံချက် စတင်သွားမယ်။ အဓိကကတော့ စည်းကမ်းမဲ့ယာဉ်ကို ကရိန်းနဲ့ဆွဲတဲ့ အခါမှာ မော်တော်ယာဉ်က ထိခိုက်မှု မရှိဖို့ကလည်း အရေးကြီးပါတယ်" ဟု အမှတ် (၂)ယာဉ်ထိန်း ဒုတိယ တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။
ကရိန်းဖြင့် ဆွဲခဲ့သည့် မော်တော်ယာဉ်များကို  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အနီးရှိ အလုံသစ်တောဝင်းအတွင်း ကားရပ်နားဝင်း အတွင်းတို့တွင် ထိန်းသိမ်းထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

အပြည့်အစုံသို့ »

တာလီဘန် ခေါင်းဆောင်သေလို့ ဆွေးနွေးပွဲ ပျက်စီး


အမေရိကန်တို့ရဲ့ မောင်းသူ မလိုတဲ့ လေယာဉ်နဲ့ တိုက်ခိုက် ခဲ့တာလို့ ယူဆ ရတဲ့ တိုက်ခိုက်မှု တခု အတွင်း ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ တာကြောင့် ပြန်ပြီး ကလဲ့ စားချေ တိုက်ခိုက် မှုတွေ လုပ်လာ နိုင်တဲ့ အတွက် ပါကစ္စတန် အစိုးရ ကနေ နိုင်ငံ တဝန်း လုံခြုံရေး ကို အဆင့်မြင့် တပ်လှန့် ထားပါ တယ်။

ပါကစ္စတန်က တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ ရတဲ့ အခုလို ဒရုံးနဲ့ တိုက်ခိုက်မှု အပေါ် ပါကစ္စတန် အစိုးရက ဒေါသတကြီး တုံ့ပြန် ပြောဆို လိုက်ပါ တယ်။

တာလီဘန် ခေါင်းဆောင် ဟာကီမူလာ မက်ဆု သေဆုံး သွားတဲ့ အတွက် စစ်သွေး ကြွတွေနဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ အစိုးရရဲ့ ကြိုးပမ်းချက် တွေကို ဖျက်ဆီး ပစ်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

တခြား အရာရှိတွေ ကလည်း သူတို့ အနေနဲ့ စေ့စပ် ဆွေးနွေး မှုတွေ လုပ်ဖို့ သံန္နိဌာန် ချထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ပိုင်း ဝါဇီ ရစ္စတန်မှာ တာလီဘန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အချိန် မတိုင်ခင် တရက် အလိုမှာ အလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အခုတော့ စစ်သွေးကြွတွေဟာ နောက်ထပ် ခေါင်းဆောင် တဦးကို ရွေးချယ် နေကြတယ်လို့ သတင်းတွေ ထွက်နေပြီး ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်လာ မလဲ ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရ သေးပါ။

bbc burmese

အပြည့်အစုံသို့ »

လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး


အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိုပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ၄ ရက်မြောက်၊ နောက်ဆုံးနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူညီချက် တရပ်ကို ချမှတ်ခဲ့ပါတယ်။ မကြာခင်မိနစ်ပိုင်းတုန်းကပဲ ပြီးဆုံးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သွားရောက်ပြီး ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ ညီလာခံကတော့ အခုလေးတင်ပဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒီညီလာခံမှာ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဘုံမူဝါဒကို ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု ပြောစရာရှိတာက အရင့် အရင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရှိခဲ့တာကြောင့် အခုတကြိမ်မှာတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်က ဘာကြောင့် ထူးခြားမှုရှိနိုင်သလဲဆိုတာကိုတော့ ဒီညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ KIO က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

“Cease fire aggrement အရင်တုန်းက ကျနော်တို့ လက်မှတ်ထိုးခဲ့ကြတာက အဖွဲ့တိုင်းပါပဲ။ ဒါကြောင့် ကျနော်တို့ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတဲ့အချိန်မှာ အခုတကြိမ် လက်မှတ်ရေးထိုးမယ့် အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ်ဟာ စာချုပ်နဲ့ အပစ်ရပ်ထားတဲ့အချိန်အတောအတွင်း နောက်ဖြစ်မယ့် တိုက်ပွဲတွေ အတွက် ပြင်ဆင်တဲ့အနေအထားမျိုး မဖြစ်ချင်ဘူး-လို့ ပြောထားပါတယ်။ ဒါကြောင့်မို့လို့ စည်းနှောင်အား ဘယ်လောက်ကောင်းသလဲဆိုတာကတော့ ဒီအယူအဆပေါ်မှာ သွားပါမယ်။

“နောက်တစ်ခုကတော့ အပစ်အခတ်ရပ်ဆိုင်းရေးလို့ ပြောတာက ဘက်နှစ်ဘက် လက်နက်ကိုင်ထားတဲ့ အဖွဲ့အတွက်ပဲ ဖြစ်နေပါတယ်။ အခု ကျနော်တို့နိုင်ငံမှာ Peace ပဲ ပြောနေတယ်။ Peace process ပြောတာနဲ့ ကျနော်တို့ ရည်ညွှန်းနေတယ်။ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုးရင် ငြိမ်းချမ်းပြီ။ လက်မှတ်မထိုးသေးရင် မငြိမ်းချမ်းဘူးဆိုတဲ့ အယူအဆကို  ကျနော်တို့ ကျော်လွှားဖို့လိုပါတယ်။ Peace Process ဆိုရင် လူတိုင်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတကြိမ် ရေးထိုးတဲ့လက်မှတ်ဟာ တိုက်ပွဲအတွက် ပြင်ဆင်တဲ့ကာလမျိုး မဖြစ်အောင်၊ အားလုံးပါဝင်နိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင်၊ ရှေ့လုပ်ငန်းများကို လူတိုင်းမြင်နိုင်တဲ့ လမ်းပြမြေပုံကို ဖော်ပြပေးနိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင် ရည်မှန်းထားတယ်လို့ ပြောချင်ပါတယ်။”

မေး။ ။ ကျနော် ပထမမေးချင်တဲ့ မေးခွန်းကတော့ ပထမရက်တွေမှာ --- ပြောသွားတာက အဖွဲ့တစ်ဖွဲ့က သဘောမတူဘူးဆိုလို့ရှိရင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ဆွေးနွေးတဲ့ သဘောတူညီချက်ကို ဒီတိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ လက်မှတ်မထိုးဘူးလို့ ကျနော်တို့ကြားပါတယ်။ အခုအနေအထားဆိုလို့ရှိရင်တော့ မူအားဖြင့် သဘောတူတယ်ပြောပေမဲ့လည်း လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့က ၃ ဖွဲ့လောက်ရှိနေတော့ အဲဒီနည်းအတိုင်းပဲ ဆက်သွားမလား၊ အဲဒါကို ဘယ်လို သဘောထားပါသလဲ။ ဆရာ နိုင်ဟံသာ ဖြေပေးပါခင်ဗျာ။

ဖြေ။ ။ အားလုံးမင်္ဂလာပါ။ တဖွဲ့က သဘောမတူရင် အားလုံး လက်မှတ်ထိုးမဘူး ဆိုတဲ့ကိစ္စကလေ အခု ဒီနေ့ ကျနော်တို့သဘောတူပြီး လက်မှတ်ထိုးတဲ့ အချက်အလက်တွေအပေါ်မှာ မဟုတ်ပါဘူး။ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ အစိုးရက တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို ဖိတ်ခေါ်ထားတယ်၊ အဲဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အားလုံးက ဒီနေရာမှာ စုစည်းတဲ့နေရာမှာ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါကျရင် အဖွဲ့တချို့ကပဲထိုးပြီး အဖွဲ့တချို့ကျန်နေရင် အဲဒီ ကျန်နေတဲ့အဖွဲ့ကို အစိုးရက ဖိတိုက်လာလိမ့်မယ်။ ကျနော်တို့က ဒါကို စိုးရိမ်တယ်။ အဲဒီတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့ တခုခုကနေပြီးတော့ ဖိတိုက်ခံရတဲ့ပုံစံမျိုးကို ကျနော်တို့က ခွင့်မပြုသင့်ဘူး၊ ကျနော်တို့ကလည်း လက်မခံနိုင်ဘူး။ အဲဒီတော့ ကျနော်တို့ ညှိနှိုင်း သဘောတူညီမှုက - အစိုးရနဲ့ တကယ်လို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရင် ကျနော်တို့အားလုံး သဘောတူညီပြီးတော့မှ တစ်ကြိမ်တည်းမှာ အားလုံး ထိုးကြမယ်ဆိုတဲ့ သဘောထားဖြစ်တယ်။ အဲဒီသဘောထားကတော့ ကျနော်တို့လက်မှတ်ထိုးထားတာ မရှိပါဘူး။ အားလုံးရဲ့ စိတ်သဘောထားဆန္ဒနဲ့ အားလုံးရဲ့ ဒီလို သဘောတူညီမှုရှိပါတယ်။ အဲဒီဥစ္စာကိုတော့ ထိခိုက်စရာ ဘာမှ မရှိပါဘူး။”

ဒါကတော့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ဖြေကြားပေးသွားတာ ဖြစ်ပါတယ်။ အခုကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၁၀၂ ဦးတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေပြီးတော့မှ သူတို့အနေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို အရင်ပြုလုပ်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရတော့မှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်သွားကြမှာ ဖြစ်ပါတယ်။

ဒီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပထမဆုံးဆွေးနွေးပွဲလို့ ခေါ်လို့ရနိုင်တဲ့ ဆွေးနွေးပွဲကိုတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ (၄) ရက်နဲ့ (၅) ရက်နေ့တွေမှာ ကျင်းပသွားနိုင်ဖို့ အစိုးရနဲ့ သဘောတူထားတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရနဲ့ ရရှိနိုင်လိမ့်မယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်
voa

အပြည့်အစုံသို့ »

အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီး တစ်ဦးပွဲချင်းပီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။

အခြား ဒဏ်ရာ ရရှိသွားသူု အမျိုးသမီးမှာ မမေသန်းခင် (၁၇) နှစ်ဖြစ်ပြီး လက်မောင်းတစ်ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သူက ဆိုသည်။

၎င်းအဖြစ်အပျက်မှာ ယနေ့ နိုဝင်္ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဆင်အိုင်ကျေးရွာအနီးရှိ မြစ်တွင် ငါးရှာနေစဉ် ဖြစ်ပွားခဲ့သည်ဟု ဦးထွန်းအေးသိန်းက ပြောသည်။

“ ငါးရှာ ဂုံးကောက်သွားတဲ့ အမျိုးသမီးက တစ်ဆယ်ကျော် ဖြစ်ပါတယ်။ ပထမ ငါးယောက် ခြောက်ယောက်က ငါးရှာပြီး မြစ်ကမ်းကနေ အိမ်ကို ပြန်တက်လာကြတယ်။ နောက် ငါးယောက်က ကျန်နေခဲ့ပါတယ်။ အဲဒီကျန်နေခဲ့တဲ့ အုပ်စုကို ဆင်တက်မော် စခန်းက ဘင်္ဂလီ အုပ်စု တစ်ခုက နှင်တို့ ရခိုင်တွေ မဟုတ်ဘူးလားဆိုပြီး လှံတွေနဲ့ထိုး၊ ဓါးတွေနဲ့ ခုတ်ကြပါတယ်။ မလှခင်က လှံနဲ့ အထိုးခံရတဲ့ အတွက် ပွဲချင်းပီး ဆုံးပါတယ်။ မမေသန်းခင်က လက်မောင်း ပြတ်ထွက်သွားပါတယ်” ဟု ဆိုသည်။

မမေသန်းခင်ကို ဒဏ်ရာ ပြင်းထန်သဖြင့် ချက်ချင်း စစ်တွေ ဆေးရုံကို ပို့လိုက်ရပြီး ညနေ (၆) နာရီကျော်တွင် စစ်တွေ ဆေးရုံကြီးသို့ ရောက်ရှိပြီး အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ရခိုင်အမျိုးသမီးများအနေဖြင့် သူတို့နှင့် တစ်စုံတစ်ရာ စကားများ ရန်ဖြစ်ခြင်း မရှိဘဲ အလိုလို လာရောက်ပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဓိက ဆင်တက်မော် စခန်းသို့ ပြောင်းရွှေ့နေထိုင်သူ ငှက်ချောင်း ဒုက္ခသည် စခန်းမှ ဘင်္ဂလီ သုံးဦးမှ ဦးဆောင်တိုက်ခြင်းဖြစ်ကြောင်း ဦးထွန်းအေးသိန်းက ပြောသည်။

ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ရခိုင်အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး တပ်အင်အားနည်းနေသဖြင့် ဒေသခံများက လုံခြုံရေး အကူအညီတောင်း၍ ပေါက်တောမြို့ရှိ ဗျူဟာမှူးကို အကြောင်းကြားခဲ့သည်ဟု ပြောဆိုသည်။

ပေါက်တောရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီ ဖြစ်ပါသဖြင့် လုံခြုံရေး စိုးရိမ်စရာမရှိပါဟု ပြောသည်။

ယခုအခါ ဆင်အိုင် ကျေးရွာသို့ ခမရ ၅၃၁ မှ တပ်ဖွဲ့တစ်ခုနှင့် ရဲတပ်ဖွဲ့ တစ်ခုတို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခု သတင်းရေးချိန်  ညနေ ၁၀ နာရီ အထိ အာဏာပိုင်များမှ ပြစ်မူ ကျူးလွန်သူများကို  တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမူများ မရှိသေးဟု သိရသည်။

(နိရဉ္စရာ- ၂ နိုဝင်္ဘာ ၂၀၁၃)

အပြည့်အစုံသို့ »

တာမွေ လမ်း ၁၄၀ ရှိ ဆိုင်အချို့  ညအချိန်မတော် ဖျက်ဆီးခံရ


ရန်ကုန်၊ နိုဝင်ဘာ ၁။

တာမွေမြို့ နယ် လမ်း ၁၄၀ တွင် အောက်တိုဘာ ၁ ရက်နေ့ ည၁၁ နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးက လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ဆိုင်အချို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း People Power သတင်းထောက်က သတင်းပေးပို့သည်။

လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ ဖျက်ဆီးခံခဲ့ရပြီး ရုန်းရင်း ဆန်ခတ်ဖြင့် ပဋိပက္ခအသွင်ဆောင်လာသည့်အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင့် လုံထိန်းတပ်ဖွဲ့ဝင်အချို့  လာရောက်ထိန်းသိမ်းရသည့်အခြေအနေကို တွေ့ရှိရပြီး နာရီပိုင်းအတွင်း အခြေအနေမှာ ပြန်လည်ငြိမ်သက်သွား ခဲ့သည်။

အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ၁၃၃ လမ်းနှင့် ၁၄၀ ကြားတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခြင်းကို အစပြု၍ လူအုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ခုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းလာသူနှင့် အဖော်တစ်ဦးမှာ ဒဏ်ရာ
အပြင်းအထန် ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေရ ကြောင်း စုံစမ်းသိရှိရသည်။

စနေနေ့ည ၆း၃၀ ခန့်တွင် ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား လမ်းဆုံတွင် ကျော်စိုးဝင်း အသက် ၂၇ နှစ်၊
(၁၄၁) လမ်းနေထိုင်သူ မောင်းနှင်၍ စိုးမင်းဦး အသက် ၂၇ နှစ် ၁၃၃ လမ်း နေသူတို့ လိုက်ပါလာသော ချယ်ရီဝက်ဂွန်အမျိုးအစား အငှားကားယာဉ်သည် ၁၃၃ လမ်းပေါ်မှ လမ်း၁၄၀ သို့ ချိုးကွေ့ဝင်ရန် နောက်သို့ဆုတ်စဉ် နောက်တွင်ရ
ပ်ထားသောကားအား ထိခိုက်ခဲ့ပြီး ထိုယာဉ်တိုက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်ထဲ အယောက် ၃၀ ခန့်ရှိသော လူအုပ်စုတစ်စု စုရုံးဖြစ်ပေါ်လာခဲ့ရာမှ အမည်
မသိသူလေးဦးက ကျော်စိုးဝင်းနှင့် အဖော်တစ်ဦးကို ၀င်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

People power

အပြည့်အစုံသို့ »

လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို တရားဝင် ကန့်ကွက်မည်


ရန်ကုန်၊ နိုဝင်ဘာ ၁။

လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ကြီးများတွင် တရားဝင်
ကန့်ကွက်မှုအမျိုးမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့မှ အထက်မြန်မာ ပြည် တာဝန်ခံဦးသိန်းအောင်မြင့်က ပြောကြားသည်။

ကန့်ကွက်မှုများကို မည်သည့်ပုံစံဖြင့် ပြုလုပ်သွားမည်ကို မဆုံးဖြတ်ရသေးသော်လည်း နိုဝင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီတာထိန်းသိမ်းခကို ၁၀၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ လျော့ချပြီးနောက် မကြာမီပင် မီတာခများကို ရုတ်တရက် မြှင့်တင်လိုက်သည့်အပြင် အသစ် သတ်မှတ်လိုက်သည့် မီတာခဈေးနှုန်းများမှာ အလွန်အကျွံမြင့်မားနေခြင်း ကြောင့် ပြည်သူများ အကြားဝေဖန်မှုများလည်းဖြစ်ပွားနေသည်။

“ဘာတစ်ခုမှ အာမခံချက်မရတဲ့ ဈေးတက်ခြင်းပဲ” ဟု မန္တလေးမြို့ခံ နိုင်ငံရေးလှုပ်ရှားသူ ဦးညီကျော်က ဆိုသည်။

ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေးမတိုင်မီက ဖွဲ့စည်းခဲ့သည့် ကုန်ဈေးနှုန်းကျ ဆင်းရေးကော်မတီလည်း ဖြစ်သည်။

ဥာဏ်လင်းထက်

အပြည့်အစုံသို့ »

ချစ်သူနောက် လိုက်သွားသည့် ၁၃ နှစ်အရွယ် အမျိုးသမီး ပြည့်တန်ဆာအိမ် အပို့ခံရ


ရန်ကုန်၊ နိုဝင်ဘာ ၁

ရည်းစားခေါ်ဆောင်ရာ တည်းခိုခန်းသို့ လိုက်ပါခဲ့သူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ရည်းစားက တည်းခိုခန်းတွင် တစ်ပတ်ကြာ အတူပေါင်းသင်း နေထိုင်ခဲ့ပြီး ပြည့်တန်ဆာအိမ်ပို့ကာ ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်စေမှုအတွက် အဆိုပါ အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက မြို့နယ် ရဲစခန်းတွင် တိုင်တန်းထားကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက The Voice သို့ ပြောကြားသည်။

လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေါ် …. က အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်က သီရိမင်္ဂလာဈေးတွင်း ကွမ်းယာရောင်းနေစဉ် အမှတ် (၄) အထက်တန်းကျောင်းတွင် သတ္တမတန်း ပညာသင်ကြားနေသူ အသက် ၁၃ နှစ် ၈ လအရွယ် သမီးဖြစ်သူ မ….ကို နေအိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း၊ နောက်တစ်ရက်နံနက်တွင် နေအိမ်၌ သမီးဖြစ်သူကို ရှာမတွေ့သဖြင့် လိုက်လံစုံစမ်းရာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမှတ် (၆) ရပ်ကွက်ရှိ သမီးဖြစ်သူ၏ သူငယ်ချင်းနေအိမ်တွင် ပြန်တွေ့ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ်သည် စက်တင်ဘာလ ဒုတိယပတ်အတွင်းက ချစ်ရေးဆိုခဲ့သည့် အမည်မသိ၊ နေရပ်လိပ်စာ မသိသူ အသက် ၃၀ နှစ် ဝန်းကျင်ခန့် အမျိုးသားတစ်ဦး၏ ခေါ်ဆောင်မှုကြောင့် နဝဒေးအိမ်ရာအနီး တည်းခိုခန်း၊ လှိုင်မြို့နယ် ချောင်းဝ ကားမှတ်တိုင်အနီး မဟာတည်းခိုခန်းတို့တွင် တစ်ပတ်ကြာ အတူနေထိုင်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အမျိုးသားက လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ်ကယ်ရီ မောင်းသူထံ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ ကယ်ရီမောင်းသူက အမှတ် (၆) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် အသက် ၂၁ နှစ် အရွယ် ထိပ်ပေါက် (ခ) ရန်နိုင်ထွန်းနှင့် တွေ့ဆုံကာ ပြည့်တန်ဆာခေါင်းလုပ်သူ မအေးအေးအောင် နေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ မိန်းကလေးငယ်သည် မိခင်နှင့် ဆက်ဆံရေး အဆင်မပြေကြောင်း၊ ပြည့်တန်ဆာအိမ်တွင် အလုပ်လုပ်နေသည်ကို လိုက်ရှာသည့် မိခင်ကတွေ့ရှိပြီး သမီးဖြစ်သူကို ပြန်ခေါ်ခဲ့ရာ ၎င်း၏ မိခင်မဟုတ်ဟု မိန်းကလေးငယ်က ငြင်းခဲ့ကြောင်း အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိန်းကလေးငယ်သည် မိမိ၏ သဘောဆန္ဒနှင့် ပြည့်တန်ဆာအိမ်တွင် အလုပ်လုပ်သည်ဟု ဆိုသော်လည်း အသက် ၁၄ နှစ်အောက် ဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေအရ မုဒိမ်းမှု မြောက်သည့်အတွက် အမှုမှန် ပေါ်ပေါက်အောင် စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ မအေးအေးအောင် အပါအဝင် လေးဦးကို လှိုင်သာယာမြို့နယ် မြို့မရဲစခန်းက (ပ)၁၂၆၁/၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၃၇၂/၃၇၃/၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

အပြည့်အစုံသို့ »