လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ဟု စားသောက်ကုန် အသင်းဥက္ကဋ္ဌ ပြောကြား

စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အစည်းအဝေးပွဲကို တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ကြောင်း မြန်မာနိုင်ငံ  စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသော နှစ်ပတ်လည် စုံညီအစည်းအဝေးပွဲတွင် ပြောကြားသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဓာတ်အားခများကို (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်အထိ တိုးမြှင့်သတ်မှတ် လိုက်ခြင်းအပေါ် ၎င်းကသုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကုန်ထုတ်စီးပွားရေး လုပ်ငန်းရှင်တွေအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၁၅၀ တိုးမြှင့် သတ်မှတ်လိုက်တာက ဈေးကွက်အတွင်း ပြန်လည်ရောင်းချမယ့် ကုန်ချောဈေးကို တစ်ဆင့်မြင့်တက် သွားစေနိုင်ပါတယ်။ မီတာခက တက်လိုက်ပြီး တစ်လ၊ နှစ်လလောက်ပဲ မီးရမယ်။ နောက်တော့ မီးပြန်မမှန်တော့ဘူးဆိုရင် စားသောက်ကုန်ထုတ် လုပ်ငန်းတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဦးဇော်မင်းဝင်းက ဆိုသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ် မီတာခနှင့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်ခြင်းကြောင့် ၂၀၁၅ တွင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်အရ ၀င်ရောက်လာမည့် အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် စားသောက်ကုန်များနှင့် ယှဉ်လျှင် မြန်မာအသေးစား၊ အလတ်စား စားသောက်ကုန်ထုတ် လုပ်ငန်းများ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုပိုင်းတွင် အားနည်းလျက်ရှိခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
Eleven Media Group

အပြည့်အစုံသို့ »

ရန်ကုန်မြို့ရှိ ဆင်ဖြူတော်က အစွယ်ဖြင့်ထိုးပြီး တက်နင်းသဖြင့် ဆင်ဦးစီး ဦးသိန်းစိန် သေဆုံး

ဆင်ဦးစီးအား အစွယ်ဖြင့်ထိုး တက်နင်းခဲ့သည့် ဆင်ဖြူတော်ကို ချုပ်ထားစဉ်(ဓာတ်ပုံ-ကြည်နိုင်)

နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့ရပ်ကွက် ရတနာဆင်ဖြူတော် ဥယျာဉ်တွင် ထားရှိသည့် ဆင်ဖြူတော် (အထီး)က ဆင်ဦးစီးအား အစွယ်ဖြင့် ထိုးပြီး တက်နင်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၆ နာရီခွဲခန့် မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည် ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာ (စွယ်စုံဆင်ထီး) အား ကြံကျွေးပြီး လမ်းလျှောက် သင်ကြားပေးနေစဉ် ၇ နာရီခွဲခန့်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးပြီး နင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အစွယ်ဖြင့် ထိုးပြီး နင်းသတ်ခဲ့သည့် ဒဏ်ရာများကြောင့် ဆင်ဦးစီး ဦးသိန်းစိန်မှာ အင်းစိန်ဆေးရုံသို့ တင်ပို့စဉ် လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ဆင်ဦးစီး၏ ဇနီးဖြစ်သူ ဒေါ်ညိုမရှိန်က "ဒီလိုဖြစ်တယ်ဆိုတာ မနက် ၇ နာရီခွဲလောက်မှ သိရတာ။ ဆေးရုံကို လိုက်သွားတော့ အသက် မမီလိုက်ပါဘူး" ဟု ဆိုသည်။
နံနက် ၆ နာရီခွဲခန့်မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည် ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာ (စွယ်စုံဆင်ထီး) အား ကြံကျွေးပြီး လမ်းလျှောက် သင်ကြားပေးနေစဉ် ၇ နာရီခွဲခန့်တွင် ဆင်ဖြူတော် စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးပြီး နင်းခဲ့ကြောင်း . .  .
ဆင်ဖြူတော်ဝင်းအနီး နေထိုင်သူတစ်ဦးက "ဆင်ဦးစီးက ဒီနေ့မနက်မှာ ဆင်ဖြူတော်နဲ့ အတွင်းဝင်းထဲမှာ လမ်းလျှောက်နေတုန်း ဖြစ်သွားတာလို့ သိရတယ်။ အပြင်ဝင်းကိုကျတော့ ဆင်ဖြူတော် လာကြည့်တဲ့ သူတွေအတွက် နေရာသတ်မှတ်ထားတာ။ အစောကြီး ဖြစ်သွားတာဆိုတော့ ဘယ်ကဘယ်လို စဖြစ်မှန်း မပြောတတ်ဘူး။ သေသွားတဲ့ ဆင်ဦးစီးက ဒီဆင်တွေကို စဖမ်းလာကတည်းက တာဝန် ထမ်းဆောင်နေတာလို့လည်း သိရတယ်။ တစ်ခါမှတော့ စွယ်စုံဆင်ကြီးက လူကိုပြန်ပြီး ရန်ရှာ ပြဿနာလုပ်တယ်လို့လည်း မကြားမိဘူး" ဟု  ဆိုသည်။
ဆင်ဖြူတော် ၀င်းအတွင်း တာဝန် ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦးက "ဆင်နဲ့ ပတ်သက်ပြီးတော့ ဖြေကြားဖို့ ညွှန်ကြားထားတာ မရှိပါဘူး။ ဆင်စွယ်ကျိုးနေတာက  နဂိုကတည်းက ချိုးထားတာလို့ သိရတယ်။ မုန်ယိုနေတယ်လို့လည်း မကြားမိဘူး" ဟု ဖြေကြားခဲ့သည်။
သေဆုံးခဲ့သည့် ဆင်ဦးစီးမှာ အဆိုပါ ဆင်ဖြူတော်၏ ဆင်ဦးစီးမဟုတ်ကြောင်း၊ ဆင်ဦးစီး တာဝန်အဖြစ် ၁၂ နှစ်ခန့်  လုပ်ဆောင်ခဲ့ကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။ ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ် အထက်နန်းရာ အုပ်စုတွင် ပေါ်ထွန်းခဲ့ကာ ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းဆင်ဖြူတော်သည် အမြင့်ပေ ၉ ပေ၊ ကိုယ်လုံးပတ် ၁၄ ပေ ရှိပြီး စွယ်စုံဆင် အမျိုးအစားဖြစ်ကာ မျက်လုံးပုလဲရောင်၊ နားရွက်အမျိုးအစား နားကြီး၊ အမြီးမှာ တံခါးပိတ် အမျိုးအစားဖြစ်သည်။ ကျောမှာ ငှက်ပျောကိုင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇၄/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven Media Group

အပြည့်အစုံသို့ »

အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား


ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်သည့်အပေါ် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ တစ်နိုင်ငံ အချုပ်အခြာအာဏာကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။
"နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုလည်း လေးစားဖို့လိုပါတယ်။ အဲဒီလိုပဲ သူ့နိုင်ငံရဲ့ ပြည်သူများရော၊ အခြားနိုင်ငံက ပြည်သူများရောရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုလည်း လေးစားဖို့ လိုပါတယ်" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတော် လုံခြုံရေးအတွက် သာမက ပြည်သူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များ လုံခြုံရေးအတွက် လိုအပ်သည့် လေ့လာသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများနဲ့ အခြားနိုင်ငံများရဲ့ ဆောင်ရွက်ချက်များကိုလည်း စောင့်ကြည့်လေ့လာနေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Daily Eleven သို့ ဖြေဆိုခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှ အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ သံရုံးများနှင့် ကောင်စစ်ဝန် ရုံးများမှတစ်ဆင့် လျှို့ဝှက်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သြစတြေးလျ သတင်းစာ Sydney Morning Herald ၏ ရေးသားချက်အရ သိရသည်။
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီမှ ၀န်ထမ်းဟောင်း အက်ဒ်ဝပ်ဒ်စနိုးဒင်၏ နောက်ဆုံးဖွင့်ဟ ပြောကြားချက်တွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့တစ်ဝန်းတွင် လျှို့ဝှက်ထောက်လှမ်းရေး ဌာနပေါင်း ၉၀ ရှိပြီး ဂျကာတာ၊ ကွာလာလမ်ပူ၊ ဗန်ကောက်၊ ဖနွမ်းပင်နှင့် ရန်ကုန်မြို့တို့ရှိ သံရုံးများတွင် အဆိုပါ လျှို့ဝှက်ထောက်လှမ်းရေး ဌာနများ ရှိနေကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန် အစိုးရမှ မြန်မာနိုင်ငံအပေါ် လျှို့ဝှက်စုံစမ်း ထောက်လှမ်းမှု ရှိ၊ မရှိ မြန်မာနိုင်ငံတော် အစိုးရမှ သိရှိပါသလားဟု မေးမြန်းရာတွင် ဦးရဲထွဋ်က "မြန်မာနိုင်ငံအပေါ် လျှို့ဝှက်ထောက်လှမ်းမှုများနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ သီးခြားသတင်း အချက်အလက် ရှိရင်လည်း ဘယ်လိုသိတယ်ဆိုတာ ထုတ်ပြောလို့ မရပါဘူး" ဟု ပြန်လည်ဖြေဆိုခဲ့သည်။
ဂျာမနီ အခြေစိုက် Der Spiegal မဂ္ဂဇင်းမှ အသုံးပြု ဖော်ပြခဲ့သည့် ထိပ်တန်းလျှို့ဝှက် မြေပုံအရ တောင်အာရှတွင် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး စခန်းပေါင်း ရှစ်ခုရှိသည်။ အဆိုပါ လျှို့ဝှက်ထောက်လှမ်းမှုများအား သြစတြေးလျနိုင်ငံမှ သိရှိထားပြီး ၎င်းကိုယ်တိုင်လည်း ပါဝင်မှုရှိကြောင်း Sydney Morning Herald က ရေးသားထားသည်။
ထိုကဲ့သို့ အချက်အလက်များ ရယူခြင်းအပေါ် ဦးရဲထွဋ်က "ကျွန်တော့်အနေနဲ့ အမေရိကန် အစိုးရရဲ့ အကြမ်းဖက်မှု အန္တရာယ်အပေါ် စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမဲ့ခင်ဗျာ သူများအိမ်ထဲကို ချောင်းကြည့်မယ်ဆိုရင်တော့ လုံလောက်တဲ့ အကြောင်းပြချက် ရှိရပါမယ်။ မရှိဘူးဆိုရင်တော့ မသမာမှု လုပ်တယ်ဆိုပြီး စွပ်စွဲခံရမှာပါပဲ" ဟု ပြောကြားခဲ့သည်။
လက်ရှိလျှို့ဝှက် ထောက်လှမ်းမှုများအတွက် သံရုံးများတွင် သီးသန့်အခန်း ထားရှိပြီး ဖုန်းခေါ်ဆိုမှုများကိုပါ ကြားဖြတ်နားထောင်နိုင်သည့် အနေအထားတွင် ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေး လှုပ်ရှားသူများနှင့် မီဒီယာ သမားများအပေါ် SB မှ စောင့်ကြည့်မှုများ ရှိသည်ဟု ဝေဖန်သုံးသပ်မှုများ ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မီဒီယာ သမားများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခြင်း မရှိတော့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြောကြားသည်။
Eleven Media Group

အပြည့်အစုံသို့ »

မြန်မာသံတော်ဆင့်ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်ကျပ်တစ်ပြားမှ စိုက်ထုတ်ထောက်ပံ့ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဆို

သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေစဉ်
မြန်မာသံတော်ဆင့် ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ စိုက်ထုတ်ထောက်ပံ့ထားခြင်းလည်း မရှိကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းမှုတွင် ပြောကြားသည်။
မြန်မာသံတော်ဆင့် ဂျာနယ်သည် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ငွေကြေးစိုက်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သည်ဟု ဒီမိုဝေယံ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာသံတော်ဆင့် ဂျာနယ်သည် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အမွှမ်းတင်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရနှင့် သမ္မတရုံး ၀န်ကြီးများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဒီမိုဝေယံဝက်ဘ်ဆိုက်တွင် ရေးသားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။
ငွေကြေးစိုက်ထုတ်ခြင်း ရှိမရှိ စုံစမ်းနိုင်ကြောင်း၊ အကယ်၍ စိုက်ထုတ်ထားခြင်း ရှိသည်ဆိုပါက မိမိအား အရေးယူ ဆောင်ရွက်နိုင်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတော် သမ္မတထံသို့ တင်ပြသည့်စာတွင် ဖော်ပြထားကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။
"ငွေကြေးစိုက်ထုတ်တယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာငွေနဲ့ စိုက်ထုတ်တယ် ထင်မှာပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တို့မှာသာမက ယခုအစိုးရ လက်ထက်အထိပင် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခဲ့ခြင်း မရှိပါဘူး။ သံသယဖြစ်ရင် အစစ်ဆေး ခံနိုင်ပါတယ်" ဟု ဦးဆန်းဆင့်က ပြောကြားသည်။
အဆိုပါ ရေးသားချက်များနှင့် ပတ်သက်၍ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းဖြစ်၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါအကြောင်း အရာကို ဖော်ပြသူမှာ မည်သူဖြစ်ကြောင်း မသိရသေးကြောင်း၊ ယင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားသူကို ဖော်ထုတ်ခိုင်းမည်ဖြစ်ကြောင်း၊ ဥပဒေ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောကြားသည်။
Eleven Media Group

အပြည့်အစုံသို့ »

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီ တိုးမြှင့်ပေးမည်


မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းကာ စစ်ရေးအကူအညီ တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း The Times of India သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အိန္ဒိယကြည်းတပ် ဦးစီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။
"မြန်မာဟာ စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ခြင်း၊ စစ်ရေး လေ့ကျင့်ပေးခြင်းနဲ့ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစရှိတဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာ အိန္ဒိယနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကို တိုးမြှင့်ဖို့ စိတ်အားထက်သန် နေပါတယ်။ အိန္ဒိယ တပ်မတော် လေ့ကျင့်ရေးအဖွဲ့တစ်ခုကို သိပ်မကြာခင်အချိန်မှာ မြန်မာ့မြေပေါ်မှာ ထားရှိဖို့ကိုလည်း သဘောတူခဲ့ပါတယ်"ဟု အိန္ဒိယ တပ်မတော်မှ အရာရှိတစ်ဦးက ဆိုသည်။
အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်၏ ခရီးစဉ်တွင် မြန်မာ့တပ်မတော် လေ့ကျင့်ရေးတွင် အသုံးပြုရန်အတွက် စစ်ရေး လေ့ကျင့်မှု ဆော့ဖ်ဝဲနှစ်ခုဖြစ်သည့် စစ်မြေပြင် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ခြေလျင်တပ်မှူး လေ့ကျင့်ရေး ဆော့ဖ်ဝဲများလည်း ပေးအပ်ခဲ့သည်။ "အခုလက်ရှိမှာကိုပဲ မြန်မာ့တပ်မတော်က နှစ်စဉ် စစ်အရာရှိဦးရေ ၁၀၀ ခန့်ဟာ အိန္ဒိယမှာရှိတဲ့ စစ်သင်တန်းကျောင်းတွေမှာ တက်ရောက် လေ့ကျင့် သင်ကြားနေပါတယ်"ဟု အဆိုပါ စစ်အရာရှိကပင် ဆက်လက်ပြောကြားသည်။
"သူတို့က တခြား နယ်ပယ်တွေထက် သံချပ်ကာတပ်တွေဖြစ်တဲ့ တင့်ကားနဲ့ ခြေလျင်တိုက်ပွဲဝင် ယာဉ်သင်တန်းတွေ၊ နည်းပညာ သင်တန်းတွေ၊ အင်္ဂလိပ်စာနဲ့ ထောက်လှမ်းရေး သင်တန်းတွေကို သင်ယူဖို့ပိုပြီး စိတ်ဝင်စားကြပါတယ်။ မြန်မာဘက်က ကာကွယ်ရေး ဦးစီးချုပ်က အိန္ဒိယကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်ထိ လာရောက် လည်ပတ်ပါလိမ့်မယ်"ဟု ၎င်းက ပြောကြားသည်။
Eleven Media Group

အပြည့်အစုံသို့ »

တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော် ပြန်လည်ရရှိဟူသော The Voice သတင်းစာ၏ ဖော်ပြမှုကို သာသနာရေး ၀န်ကြီးဌာနမှ ပြန်လည်ရှင်းလင်း


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော် ပြန်လည်ရရှိဟူသော The Voice သတင်းစာ၏ ဖော်ပြမှုနှင့် ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ဦစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေတို့က နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးရုံး၌ ရှင်းလင်းခဲ့သည်။
အောက်တိုဘာ ၂၅ ရက်ထုတ် The Voice သတင်းစာတွင် "မဟာသန္တိသုခ ကျောင်းတိုက်ကို ပီနန်ဆရာတော် ပြန်လည်ရရှိ" ဟူ၍ ဖော်ပြခဲ့သော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
ဗုဒ္ဓတရားတော်များကို နိုင်ငံခြား ဘာသာစကားများဖြင့် ကျွမ်းကျင်စွာ ဟောပြောပြသနိုင်သည့် ပြည်ပသာသနာပြု ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြားပေးရန်အတွက် နိုင်ငံတော် အစိုးရက တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာက ပြည်ပသာသနာပြု အဖွဲ့ဥက္ကဋ္ဌအား စင်ကာပူ ပီနန်ကျောင်း အမည်ဖြင့် သာသနာ့မြေဂရန် ချပေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တည်ဆောက်စရိတ် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း၊  ကုန်ကျစရိတ်များအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၀၀၀၊ မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ကျပ်သိန်း ၁၀၀၀၊ အေးရှားဝေါလ် ကုမ္ပဏီက ကျပ်သိန်း ၁၄၀၀၊ ပီနန်ဆရာတော်ကြီး နိုင်ငံခြား ဒါယကာများက ကျပ်သိန်း ၁၀၀၀၊ ပြည်တွင်းစေတနာရှင်များက ကျပ်သိန်း ၂၁၀၀ ကျော် လှူဒါန်းခဲ့ကြပြီး လိုအပ်ငွေကျပ်သိန်း ၂၀၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ချေးယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ချေးငွေကျပ်သိန်း ၂၀၀၀ ကို လစဉ်ကျပ် ၁၀ သိန်းဖြင့် ပြန်လည်ပေးဆပ်ခဲ့ရာ ၂၀၁၂ ခုနှစ် မတ် ၁၆ ရက်တွင် အကျေပြန်လည်ပေးဆပ် နိုင်ခဲ့ကြောင်း သိရသည်။
ပီနန်ဆရာတော် ဦးပညာဝံသ၏ ပြန်လည်တောင်းခံမှုကို ၂၀၁၃ ခုနှစ် မတ် ၁၇ ရက်တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူန၀ီသတိမ အစည်းအဝေးက "နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ရေစက်ချလှူဒါန်းခဲ့ပြီးဖြစ်၍ ပီနန်ဆရာတော် ဦးပညာဝံသအား ပေးခွင့်မရှိကြောင်း" ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ကျောင်းတိုက်အား ပြန်လည်ပေးအပ်ရန် တောင်းခံလာသည့် ပီနန်ဆရာတော် ဦးပညာဝံသမှ ကျောင်းတိုက်ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့သာ ပြန်လည်လျှောက်ထားရန် လမ်းညွှန်ခဲ့သည်ဟု သာသနာရေး ၀န်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ပြောကြားခဲ့သည်။  
"The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျောင်းတိုက်ကြီးကို ပီနန်ဆရာတော်ကို လွှဲပေးလိုက်တယ်ဆိုတဲ့ သတင်းက သာသနာရေး ၀န်ကြီးဌာနကို အတည်ပြု မေးမြန်းတာ မရှိခဲ့ဘူး။ ဒီသတင်းကြောင့် နိုင်ငံတော် သံဃနာယက အဖွဲ့ဝင်တွေလည်း အင်မတန်မှ ၀မ်းနည်းခဲ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး The Voice သတင်းစာကို ဆက်သွယ်မေးကြည့်တော့ ဘာမှတိတိကျကျ ပြန်ဖြေတာ မရှိပါဘူး" ဟု သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ The Voice သတင်းစာအား ဆက်သွယ်မေးမြန်းခဲ့ရာ "ကျွန်တော်တို့ရေးတဲ့ သတင်းက ပီနန်ဆရာတော်ကြီး မိန့်ကြားထားတာပါ။ အောက်တိုဘာ ၂၅ ရက်မှာ ဆရာတော်ကြီးက ကျောင်းတိုက်ကို ရပြီဆိုလို့ ကျွန်တော်တို့ ရေးသားခဲ့တာပါ။ ဆရာတော်ကြီး မိန့်ကြားထားတာနဲ့ သာသနာရေး ၀န်ကြီးပြောတာနဲ့ ကွဲလွဲချက်တွေ ဖြစ်နေပါတယ်။ အဲဒီလို ကွဲလွဲနေတာကို ကျွန်တော်တို့ဆီက သတင်းထောက်က ဆရာတော်ကြီးကို သွားပြန်လျှောက်နေပါတယ်။ ဆရာတော်ကြီး ဘာများထပ်ပြောဦးမလဲ ဆိုတာပါ။ အခုထိတော့ အဲဒီသတင်းထောက် ပြန်မလာ သေးပါဘူး" ဟု အယ်ဒီတာကိုအောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။
Eleven Media Group

အပြည့်အစုံသို့ »

နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က အိမ်အတွင်း ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှု ခုံရုံးဖွဲ့စစ်ဆေး


နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ အိမ်အတွင်း ၀င်ရောက်စစ်ဆေး မေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှုအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ခုံးရုံး၏ စစ်ဆေးချက်အပေါ် မူတည်ပြီး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲ မှူးကြီးဝင်းကြည်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၀ ရက်  မွန်းလွဲပိုင်းက ဘုရင့်နောင် နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဝတ်ကာ မရမ်းကုန်းမြို့နယ် ဦးအောင်မင်း လမ်းသွယ်ရှိ အိမ်ရှင် ဒေါ်ခင်အုန်းမြင့် နေထိုင်သော အိမ်အမှတ်(၂၇) သို့ နှစ်လုံးထီ ရောင်းချသည်ဟုဆိုကာ ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် ဒေါ်ခင်အုန်းမြင့်(ခ)ဒေါ်ပိုသည် သတိလစ် မေ့မြောသေဆုံးသွားခဲ့သည်။
"သေဆုံးသူက နဂိုကတည်းက နှလုံးရောဂါ၊ သွေးတိုး ရောဂါတွေရှိတယ်လို့ သူ့ခင်ပွန်းကလည်း ပြောခဲ့တယ်။ နှစ်လုံးထီနဲ့ ပတ်သက်ပြီး သူ့ရဲ့ချွေးမကို ၀င်ဖမ်းရင်းနဲ့ ဒီအမျိုးသမီးကြီးက သေဆုံးသွားတာပါ။ သူက နှစ်လုံးထီနဲ့ ပတ်သက်မှုမရှိဘူး" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၀င်းကြည်က နိုဝင်ဘာ ၂ ရက်က Daily Eleven သို့ ဖြေကြားခဲ့သည်။
သေဆုံးသူ ဒေါ်ခင်အုန်းမြင့်၏ ခင်ပွန်း ဦးခင်မောင်ရွှေက ရဲများ ၀င်ရောက်လာချိန်တွင် အရပ်ဝတ်များဖြင့် ၀င်ရောက်လာပြီး ၀ရမ်းပါသည်ဟု ဆိုကာ စစ်ဆေးမေးမြန်းနေစဉ် ဇနီးဖြစ်သူက ဆေးသောက်ရန် ထိုင်ရာမှ ထလိုက်စဉ် တစ်ပွင့်ရာထူးရှိသော သူက တွန်းလိုက်ကြောင်း၊ လဲကျသွားပြီးနောက် ရင်ဘတ်ကို ဖိပေးပါဟုသာပြောပြီး စကားပြောဆိုခြင်း မရှိတော့ဘဲ သတိလစ် မေ့မြောသွားကြောင်း သိရသည်။ သတိလစ် မေ့မြောသွား၍ ဆေးရုံသို့ ပို့ဆောင်နေစဉ် ဒေါ်ခင်အုန်းမြင့်သည် လမ်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ ခင်ပွန်းက ပြောကြားသည်။ ဘုရင့်နောင် ရဲစခန်းမှ ယင်းအမှုကို သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Eleven Media Group

အပြည့်အစုံသို့ »